← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အပိုင်း (၄၅)

အိမ်ကြီးအတွင်းမှ ထွက်ခွာလာသည့် ဖြစ်စဉ်မှာ ထူးဆန်းစွာ ချောမွေ့နေခဲ့သည်။ မှော်အစီအရင် ပျက်ပြယ်သွားပြီးနောက် အက်ရှာအိမ်တော်သည် သာမန်စံအိမ်ကြီးတစ်ခုအဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့သည်။ အပြန်လမ်းတွင် ဖုန်းပုကြွယ်သည် သိသာထင်ရှားသော အပြောင်းအလဲတစ်ခုကို သတိပြုမိလိုက်သည်။ နံရံပေါ်ရှိ ပန်းချီကားများသည် ရှုပ်ပွနေသော နံရံဆေးပန်းချီများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဆေးရောင်စုံများ လျှောက်ပက်ထားသကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။ ပုံရိပ်ယောင်များနှင့် ဟင်းလင်းပြင်လိမ်ဖည်မှုများသည်လည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူတို့ ငါးယောက်မှာ မကြာမီ ပထမထပ်ရှိ ဧည့်ခန်းသို့ ပြန်ရောက်လာကြတော့သည်။

ယခုတစ်ကြိမ်တွင်မူ တံခါးကို လုံအောင်းမင်က ကန်ဖွင့်လိုက်ခြင်း ဖြစ်သည်။ အေးစိမ့်သော လေပြင်းတစ်ချက် အထဲသို့ တိုးဝင်လာခဲ့သည်။ အပြင်ဘက်တွင် နှင်းများကျနေသော်လည်း သူတို့ ငါးယောက်လုံး ထိုအိမ်ထဲတွင် တစ်စက္ကန့်မျှပင် ဆက်မနေလိုကြတော့ပေ။

သူတို့အဖွဲ့ အရှေ့တံခါးမှ ထွက်လာသည်နှင့် စနစ်၏ ကြေညာချက် ထွက်ပေါ်လာလေသည်။

“လက်ရှိတာဝန် ပြီးဆုံးပါပြီ၊ ပင်မတာဝန်များအားလုံး ပြီးဆုံးပါပြီ”

မက်ဒလင်း၏ အလောင်းကို ထမ်းလာသော ဖုန်းပုကြွယ်သည်လည်း ထိုကြေညာချက်ကို ကြားလိုက်ရသည်။

“လျှို့ဝှက်မစ်ရှင် ပြီးဆုံးပါပြီ”

“ဆိုတော့ ငါတို့က သူ့ကို ဒီအိမ်ထဲကနေ အပြင်ထုတ်ပေးရုံပဲပေါ့...”

ဖုန်းပုကြွယ်ကပြောရင်း မက်ဒလင်း၏ အလောင်းကို မြေပြင်ပေါ်သို့ ချထားလိုက်သည်။

အလောင်းကိုချလိုက်ပြီး မကြာမီမှာပင် ၎င်းမှာ သာမန်မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် စတင် ပုပ်ပွလာတော့သည်။ မကြာမီ ၎င်းသည် အရိုးဖြူပုံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး စက္ကန့်အနည်းငယ်အတွင်း သဲမှုန့်များအဖြစ်မှတစ်ဆင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အခိုးအငွေ့အချို့မှာ အဝေးသို့ လွင့်မျောသွားပြီး နီရဲသော ကောင်းကင်ယံထဲတွင် ပျော်ဝင်သွားခဲ့သည်။

“သင်သည် ဇာတ်လမ်းကို ပြီးဆုံးအောင် ဆောင်ရွက်ပြီးပါပြီ၊ စက္ကန့် ၁၈၀ အတွင်း အလိုအလျောက် တယ်လီပို့ ပြုလုပ်ပါမည်”

“ရှင်တို့နဲ့ အတူတူ အလုပ်လုပ်ရတာ ဝမ်းသာပါတယ်”

ရီရူယွီက ပြုံးလျက် ပြောလိုက်သည်။

“ဟုတ်ကဲ့၊ မင်းတို့နဲ့ အတူတူ အလုပ်လုပ်ရတာ ဝမ်းသာပါတယ်”

ဖုန်းပုကြွယ်ကလည်း ပြန်ပြောလိုက်သည်။

လုံအောင်းမင်မှာ ပျင်းရိစွာအကြောဆန့်ရင်း သက်ပြင်းချလိုက်သည်။

“ဟူး... ဒီဇာတ်လမ်းက တကယ်ကို စိတ်ဓာတ်ကျစရာပဲ၊ လူတွေကို ခြောက်လှန့်ဖို့ချည်းပဲ၊ ဒီတစ်ခါ ငါ့ရဲ့ ကြောက်ရွံ့မှု အဆင့်သတ်မှတ်ချက်ကတော့ အတော်လေး ဆိုးလိမ့်မယ်ထင်တယ်”

“အစ်ကိုလုံ၊ မင်းက အဆင့်သတ်မှတ်ချက်ကို စဉ်းစားနေသေးတာလား၊ ငါကတော့ ခဏခဏကို သေမတတ် ကြောက်နေခဲ့ရတာ၊ ငါ အတော်လေးကြောက်နေခဲ့ပေမဲ့ တစ်ခါပဲ ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တာ”

(TL note - အစ်ကိုလုံနဲ့ ရင်းနှီးလာကြပြီဆိုတော့ အခေါ်အဝေါ်တွေကို မင်း၊ငါလို့ပဲ ရေးလိုက်တော့မယ်နော်၊ ခင်ဗျား ၊ကျွန်တော်နဲ့ဆို ထောက်နေသလို ခံစားရလို့ပါ)

ရှောင်တန်က ညည်းတွားလိုက်သည်။

“ဂွတ်ဘိုင်”

ရီရူလီက ခပ်အေးအေး ပြောလိုက်သည်။ သူမသည် ရီရူယွီ၏ ပခုံးကိုပုတ်ကာ ဇာတ်လမ်းမှ ထွက်ခွာရန် အချက်ပြလိုက်ပြီး လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။ ရီရူယွီကလည်း သူတို့ သုံးယောက်ကို လက်ဝေ့ယမ်းကာ “တာ့တာ” ဟု နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမသည် ရှောင်တန်ဘက်သို့ လှည့်ကာ စနောက်သည့် လေသံဖြင့် ပြောလိုက်သည်။

“ဟေး၊ လက်နှိပ်ဓာတ်မီးအတွက် ကျေးဇူးပဲနော်”

ရှောင်တန် မတုံ့ပြန်နိုင်မီ သူမသည် အဖြူရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ တယ်လီပို့ဖြင့် ထွက်ခွာသွားတော့သည်။

ထိုအချိန်တွင် ဖုန်းပုကြွယ်က ပြောလိုက်သည်။

“ငါတို့လည်း တယ်လီပို့ လုပ်ကြရအောင်၊ ဆုလာဘ်တွေကို တွက်ချက်ပြီး နောက်တစ်ပွဲအတွက် တန်းစီကြတာပေါ့”

လုံအောင်းမင်က ပြောလာသည်။

“ညီလေးဖုန်း၊ ငါတော့ ဒီညအတွက် ဒီမှာပဲ နားရတော့မယ် ထင်တယ်၊ ငါ ဂိမ်းစကတည်းက ၁၀ နာရီကျော်လောက် ရှိနေပြီ၊ ဒီဇာတ်လမ်းနဲ့တင် ၃ နာရီကျော် ကြာသွားတာလေ၊ ဒါကို ဆက်လုပ်နေရင် မနက်ဖြန် ငါခေါင်းကိုက်နေလိမ့်မယ်”

“ကောင်းပါပြီ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“အစ်ကိုလုံ အရင်သွားနှင့်ပါ၊ ကျွန်တော်တို့ကတော့ ဆက်လုပ်လိုက်ဦးမယ်”

ဖုန်းပုကြွယ်နှင့် ဝမ်တန်ကျိတို့သည် အစ်ကိုလုံကို နှုတ်ဆက်လိုက်ကြပြီးနောက် သူတို့ သုံးယောက်စလုံး ဇာတ်လမ်းမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့သည်။

တောင်ပေါ်ရေကန်ဘေးရှိ အိမ်ကြီးပေါ်သို့ ဆောင်းဦးလေညင်းများ တိုက်ခတ်နေဆဲ ဖြစ်သည်။ ဤကမ္ဘာကြီးကား မှောင်မိုက်ကာ တိတ်ဆိတ်ခြောက်ကပ်နေဆဲ ဖြစ်သည်။ ကောင်းကင်ယံရှိ သွေးနီရောင်လမင်းမှာလည်း ငုပ်လျှိုးသွားခဲ့ပြီ ဖြစ်သည်။ အရုဏ်မတက်မီ အမှောင်ဆုံး အချိန်ကာလတွင် အက်ရှာအိမ်တော်၏ တံခါးကြီးမှာ မမြင်ရသော အင်အားတစ်ခုကြောင့် ထပ်မံ၍ ဝုန်းခနဲ ပိတ်သွားတော့သည်...။

...

လုံအောင်းမင်သည် ဆုလာဘ်များကို တစ်ချက်ကြည့်ကာ ဂိမ်းထဲမှ ထွက်ခွာသွားခဲ့သည်။ အဆုံးသတ်တွင် ဆုလာဘ်များကို နောက်တစ်ပွဲမစမီ အချိန်မရွေးယူဆောင်နိုင်သဖြင့် လောလောဆယ်တွင် လော့ဂ်အင်ခန်းမထဲ၌ပင် ထားရှိခဲ့ခြင်းဖြစ်သည်။ သူ အဖွဲ့မှ ထွက်ခွာသွားပြီးနောက် သူငယ်ချင်းစာရင်းရှိ သူ့အမည်မှာလည်း မီးခိုးရောင်သို့ ပြောင်းလဲသွားသည်ကို တွေ့ရသည်။

ဖုန်းပုကြွယ် ဆုလာဘ်များကို မကြည့်ရသေးမီ သူငယ်ချင်းတောင်းဆိုချက်နှစ်ခုကို တွေ့လိုက်ရသည်။ သူ ဖွင့်ကြည့်လိုက်သောအခါ မျှော်လင့်ထားသည့်အတိုင်း ရီရူလီနှင့် ရီရူယွီတို့ဆီမှ ဖြစ်နေလေသည်။ တစ်ချိန်တည်းမှာပင် ဝမ်တန်ကျိ၏ စိတ်လှုပ်ရှားနေသော အသံမှာ အဖွဲ့ချန်နယ်တွင် ပြန်ပေါ်ထွက်လာပြန်သည်။

“အစ်ကိုကြွယ်”

“ငါ သိပါတယ်၊ သူတို့ မင်းကို သူငယ်ချင်းအဖြစ် အပ်လိုက်ကြတယ်မလား”

ဖုန်းပုကြွယ်က တိုက်ရိုက်ပင် ပြောလိုက်သည်။

“မင်းဘယ်လို သိတာလဲ”

ရှောင်တန်က မေးလိုက်သည်။

“အိုး... ဟုတ်သားပဲ... သူတို့ မင်းကိုလည်း အပ်မှာပေါ့”

“မင်းရဲ့ တုံ့ပြန်မှုကိုကြည့်ပြီး ငါ ခန့်မှန်းလိုက်တာပါ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“အဲ့ဒါက ဘာစိတ်လှုပ်ရှားစရာ ရှိလို့လဲ”

“လှပတဲ့မိန်းကလေးတစ်ယောက်က ကိုယ့်ကို သူငယ်ချင်းအဖြစ် အရင်အပ်တာကို မင်းက မရင်ခုန်ဘူးလား”

ဝမ်တန်ကျိက သဘာဝကျသည့်လေသံဖြင့် မေးလိုက်သည်။

“မင်းက မာစတာပါဖက်(လူချော)တစ်ယောက်ပဲလေ... ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အပေါ်ယံဆန်နေရတာလဲကွာ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“ဒါ့အပြင် သူတို့က တကယ့်အပြင်လောကမှာ ရုပ်ဆိုးရင် ဆိုးနေမှာ၊ ဂိမ်းထဲမှာပဲ လှနေတာလည်း ဖြစ်နိုင်တာပဲ”

“အစ်ကိုကြွယ်၊ မင်းက တခြားလူတွေအပေါ် ဒီလိုမျိုးပဲ ဆက်တွေးနေမယ်ဆိုရင်တော့ တစ်သက်လုံး တစ်ယောက်တည်း ဖြစ်နေလိမ့်မယ်...”

“ငါ့ဘဝမှာ ဘယ်လောက်တောင် အချိန်ကျန်သေးလို့လဲ၊ ဘာလို့ တစ်ယောက်တည်း ဖြစ်မှာကို စိတ်ပူနေရမှာလဲ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“ဒါ့အပြင် ငါ အသက် ၁၀ နှစ်သားကတည်းက အဆိုးဆုံးကို ကြိုတွေးထားမှသာ ဘယ်ပြဿနာကိုမဆို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်မယ်ဆိုတာကို သိခဲ့ပြီးသား”

သူ ထိုသို့ ပြောလိုက်သောအခါ သူသည် အမှန်တကယ်ပင် တည်ငြိမ်နေခဲ့သည်။

“ငါ့မိဘတွေ ဆုံးပါးသွားတုန်းကရော၊ ငါ့မှာ နာမည်မရှိတဲ့ ရောဂါတစ်ခု ရှိနေတာကို သိလိုက်ရတုန်းကရော ငါဘယ်လောက် တည်ငြိမ်ခဲ့သလဲဆိုတာ မင်းပဲ ကြည့်လေ”

“ဟား... ဟားဟား... ကောင်းပါပြီ...”

ရှောင်တန်မှာ နှုတ်ခမ်းများ တုန်ယင်သွားပြီး စကားမပြောနိုင်တော့ပေ။

“ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်ရင်တော့ အဲ့ဒီမိန်းကလေးက တကယ်ကို အစွမ်းထက်တာပဲ။ တိုက်ခိုက်နိုင်စွမ်းကို ကြည့်မယ်ဆိုရင် သူပြသခဲ့တဲ့ အကွက်တချို့အရ... သူက အစ်ကိုလုံထက်တောင် ပိုသန်မာတယ်လို့ ပြောလို့ရတယ်”

ဖုန်းပုကြွယ်က ပြောရင်း သူငယ်ချင်း တောင်းဆိုချက်နှစ်ခုကို လက်ခံလိုက်သည်။

“လက်ရှိ ငါတို့ဆုံတွေ့ခဲ့ရတဲ့ ကစားသမားအရေအတွက်က တော်တော်လေး နည်းပါသေးတယ်၊ အခုအထိတော့ သူက ငါတွေ့ဖူးသမျှထဲမှာ အသန်မာဆုံး ကစားသမားပဲ”

“ဒါဆို နောက်တစ်ပွဲကျရင် သူတို့ကို ငါတို့နဲ့အတူတူ ကစားဖို့ ခေါ်ကြမလား”

ဝမ်တန်ကျိက မေးလိုက်သည်။

“မဖြစ်နိုင်တာ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“အစောပိုင်းက မင်းပဲ ပြောခဲ့တယ်မလား ငါတို့ တွေ့ရတဲ့ ကစားသမား အရေအတွက်က နည်းပါတယ်ဆိုမှ၊ အခု မင်းက ကစားသမားသစ်တွေနဲ့ ဆုံဖို့ ပိုခက်အောင် လုပ်ဦးမလို့လား”

“အိုး... ဟုတ်သားပဲ...”

ဝမ်တန်ကျိက ပြောလိုက်သည်။

“လေးယောက်အဖွဲ့နဲ့ဆိုရင် ငါတို့က အများဆုံး ကစားသမားသစ် နှစ်ယောက်နဲ့ပဲ ဆုံရမှာ၊ တစ်ခါတလေ တစ်ယောက်နဲ့မှ မဆုံတာမျိုးတောင် ဖြစ်နိုင်တယ်”

“ဘာပဲဖြစ်ဖြစ်... ငါ အဆင့်သတ်မှတ်ချက်ကို အရင်ကြည့်လိုက်ဦးမယ်၊ ပြီးရင် မင်းကို ပြန်ခေါ်လိုက်မယ်၊ အခုတော့ နားလိုက်ဦး”

“နားလည်ပါပြီ”

ဝမ်တန်ကျိက ပြောသည်။

“ငါလည်း အဆင့်သတ်မှတ်ချက်ကို သွားကြည့်လိုက်ဦးမယ်”

...

တစ်ချိန်တည်းမှာပင် ရီရူလီ၏ လော့ဂ်အင်ခန်းမထဲ၌...

သူမသည် ရီရူယွီနှင့် ဖုန်းပြောနေခဲ့သည်။

ရီရူယွီက ပြောသည်။

“ဝမ်းကွဲ သူတို့အားလုံး သူငယ်ချင်းတောင်းဆိုချက်ကို လက်ခံလိုက်ကြတာ ငါ မြင်လိုက်ရတယ်၊ အင်း... အစ်ကိုလုံကတော့ လက်ခံပြီးတာနဲ့ ဂိမ်းထဲက ထွက်သွားပုံရတယ်”

“ငါလည်း အတူတူပဲ”

ရီရူလီက ပြောလိုက်သည်။

“အင်း... ဝမ်းကွဲ၊ နင် သိပြီးသားမလား”

ရီရူယွီက မေး၏။

“နင်က ဟိုဖုန်းပုကြွယ်ကို ပြောတာလား”

“ဟုတ်တယ်၊ သူက အွန်လိုင်းဝတ္ထုရေးဆရာ တစ်ယောက်ဖြစ်ပြီး သူ့နာမည်မှာ ‘ပုကြွယ်’ ဆိုတာ ပါနေတယ်၊ သူက သိပ်မကျော်ကြားဘူးလို့ပြောပေမဲ့ အရာအားလုံးက အဲ့ဒီ ပုကြွယ်နဲ့ ကိုက်ညီနေတယ်”

“ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ သူ ဂိမ်းထဲမှာ သုံးတဲ့နာမည်တစ်ခုတည်းနဲ့တော့ သက်သေပြလို့ မရသေးဘူး”

ရီရူလီက ပြန်ဖြေလိုက်သည်။

“သူ့ကိုယ်သူ ‘စာရေးဆရာကြီး’ လို့ ခေါ်တာကတော့ ပုကြွယ်ရဲ့ ပုံစံနဲ့ ဆင်တာပဲ၊ နောက်ပြီး သူ ဝတ္ထုရေးဆရာလားလို့ ငါမေးတုန်းကလည်း သူ့ရဲ့ အပြစ်ကင်းစင်တဲ့ သူငယ်ချင်းက အရင်ဖြေလိုက်တာဆိုတော့... ငါလည်း သေချာတော့ မပြောတတ်သေးဘူး”

“ဟီးဟီး... တကယ်လို့ သူဖြစ်နေရင်ရော”

ရီရူယွီက မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်သည်။

“ဖြစ်နေရင်လည်း ဖြစ်နေတာပေါ့၊ နင်က ဘာလို့ ရယ်နေတာလဲ”

ရီရူလီက မေးလိုက်သည်။

“ဝမ်းကွဲ၊ နင်က သူ့ဖန်တစ်ယောက် မဟုတ်ဘူးလား၊ ကိုယ့်ရဲ့ အိုင်ဒေါနဲ့ ဆုံရတာ ဖန်တိုင်းရဲ့ အိမ်မက်ပဲလေ မဟုတ်ဘူးလား”

“ငါက သူ့ဝတ္ထုတွေကို ဖတ်ရတာပဲ ကြိုက်တာပါ”

ရီရူလီက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။ သူမ၏ လေသံမှာ မိမိကိုယ်ကိုယ် ခုခံကာကွယ်နေသည့် ပုံစံမျိုး မဟုတ်ပေ။

“ငါ သူ့အကြောင်း ဘာမှမသိဘူး၊ ဒါကြောင့် ‘အိုင်ဒေါ’ ဆိုတာမျိုး မရှိပါဘူး”

သူမ ခဏရပ်လိုက်ပြီး ထပ်ပြောသည်။

“ဒါ့အပြင် နင်ပြောသလိုသာ တကယ်ဆိုရင်... ငါ သူ့ကိုသိအောင် ဒါမှမဟုတ် နားလည်အောင် ကြိုးစားနေစရာ မလိုတော့ဘူးပေါ့”

ရီရူယွီသည် သူမ၏ ကိုယ်ပိုင်နေရာထဲတွင် ခေါင်းကိုခါယမ်းလိုက်ပြီး စဉ်းစားတွေးတောကာ ပြောလိုက်သည်။

“အင်း... ဒါဆို... လေးစားအားကျမှုဆိုတာက နားလည်မှုနဲ့ အဝေးကွာဆုံး ခံစားချက်တစ်ခုလား”

“နင် ဒီလောက် အလေးအနက် ပြောနေတာနဲ့တင် အိုင်ဇန်ရဲ့ စကားကို ကိုးကားနေတာဆိုတာ ငါမသိဘူးလို့ ထင်နေလား”

ရီရူလီက အေးစက်သော လေသံဖြင့် ရီရူယွီကို ရက်ရက်စက်စက် ဖော်ထုတ်လိုက်သည်။

“ဟွန့်... ဘာပဲဖြစ်ဖြစ် သူက နင့်ရဲ့ အိုင်ဒေါပဲ၊ ငါ့အိုင်ဒေါ မဟုတ်ဘူး၊ နင် နင့်ရဲ့ မျက်နှာကို ပြောင်းလိုက်ရင် သူနင့်ကို လျစ်လျူရှုသွားမှာလည်း ဖြစ်နိုင်တာပဲ၊ ဟူး...”

ရီရူယွီသည် တစ်ဖက်လူမမြင်နိုင်သော်လည်း စခရင်ကို ကြည့်ကာ လျှာထုတ်ပြလိုက်သည်။

“ငါက သိပ်ပြီး သိသာမနေစေချင်တာပါ၊ ဒါပေမဲ့ ကြည့်ရတာတော့ မအောင်မြင်ဘူး ထင်တယ်”

ရီရူလီက ပြောလိုက်သည်။

“တကယ်လို့ ငါက ငါ့အစွမ်းတွေကို အရမ်းပြလိုက်မယ်ဆိုရင် သူငယ်ချင်း တောင်းဆိုချက်တွေ အများကြီး ရလာဦးမှာပဲ၊ ကံမကောင်းစွာနဲ့ပဲ ပထမဆုံး ဇာတ်လမ်းပြီးရင် ရုပ်ကို ထပ်ပြောင်းလို့မရတော့ဘူး၊ မဟုတ်ရင် ငါ့ရုပ်ကို အတတ်နိုင်ဆုံး ရုပ်ဆိုးအောင် ပြောင်းပစ်လိုက်မိမှာ၊ အဲ့ဒီလိုဆိုရင်တော့ နှောင့်ယှက်တာတွေကို ရှောင်ရှားနိုင်လိမ့်မယ်”

...

စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ဝန်ထမ်းနားနေခန်းအတွင်း၌...

မရှုံးနိမ့်သော ချန်ပီယံသည် ကော်ဖီတစ်ခွက်ကို မပျော်မရွှင်ဖြင့် သောက်နေလေသည်။ သူ၏ အိပ်စက်ခြင်းမုဒ်ဖြင့် တာဝန်ထမ်းဆောင်မှုမှာ ပြီးဆုံးသွားပြီ ဖြစ်သည်။ တစ်နာရီခန့် နားပြီးနောက် သူသည် နိုးကြားခြင်းမုဒ်ဖြင့် ဂိမ်းထဲသို့ ပြန်ဝင်ရမည် ဖြစ်သည်။

“ဘာဖြစ်လို့လဲ၊ အစ်ကို မရှုံးနိမ့် ဇာတ်လမ်းထဲမှာ သေခဲ့လို့လား”

အသက် ၁၆ နှစ်ခန့်ရှိသော လူငယ်လေးတစ်ယောက်က ဘေးနားရှိ ဆိုဖာတွင် ထိုင်လိုက်ရင်း မေးလိုက်သည်။ သူသည် စတူဒီယိုမှ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ၏ ဂိမ်းအိုင်ဒီမှာ ဖန်တွမ်ဒေါင်း (Phantom Dawn) ဖြစ်သည်။

စတူဒီယိုအတွင်း၌ ဝန်ထမ်းများသည် အချင်းချင်း ဂိမ်းအိုင်ဒီများဖြင့်သာ ခေါ်ဝေါ်လေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဂိမ်းအိုင်ဒီများသည် ကုမ္ပဏီမှ သတ်မှတ်ထားသော ဝန်ထမ်းနံပါတ်များကဲ့သို့ပင် ပုံသေဖြစ်နေသောကြောင့် ဖြစ်သည်။ ‘အော်ဒါ’ကဲ့သို့ ထိပ်တန်းစတူဒီယိုတစ်ခုအတွက်မူ ဆာဗာစတင်ဖွင့်ချိန်ကတည်းက ဂိမ်းထဲသို့ ဦးစွာဝင်ရောက်လေ့ရှိသဖြင့် အိုင်ဒီများ အသုံးပြုခံရမည်ကို စိုးရိမ်စရာ မလိုပေ။ တစ်ခါတရံတွင် ထိုအိုင်ဒီများကို သူတို့အတွက် ကြိုတင်ဖယ်ထားပေးရန် ဂိမ်းကုမ္ပဏီကို တိုက်ရိုက် ငွေပေးချေထားလေ့ရှိသည်။

“အာ... သေသွားတာကတော့ ကိစ္စမရှိပါဘူး၊ အဲ့ဒါက ငါ့ရဲ့ အမှားပါ၊ ငါက ချက်ချင်း နောက်ထပ် ဇာတ်လမ်းတစ်ခုကို တန်းစီလိုက်တယ်၊ ဒါပေမဲ့ အဲ့ဒီဇာတ်လမ်းပြီးလို့ ထွက်လာတော့ အစောပိုင်းက ငါသေခဲ့တဲ့ ဇာတ်လမ်းကို လူသစ်သုံးယောက်နဲ့ အမျိုးသမီး ကစားသမားနှစ်ယောက်က ပြီးအောင် ဆော့သွားတာကို တွေ့လိုက်ရတယ်၊ ငါကတော့ အတွေ့အကြုံမှတ် ဘာမှ မရသလောက်ပဲ၊ ဆိုလိုတာက ငါ့ရဲ့ ပါဝင်ပတ်သက်မှုက ဘာမှ မရှိသလောက်ပဲပေါ့...”

“ဒါဆို ဘာတွေ ဖြစ်နေတာလဲ”

ဖန်တွမ်ဒေါင်းက မေးလိုက်သည်။

“ငါ အစောပိုင်းက စဉ်းစားနေတာပါ”

မရှုံးနိမ့်သော ချန်ပီယံက ပြန်ဖြေလိုက်သည်။

“ငါက အားနည်းချင်ယောင်ဆောင်နေတဲ့ လူတစ်ယောက်ရဲ့ လှည့်စားတာကို ခံလိုက်ရတာလားလို့ပေါ့... ဖုန်းပုကြွယ်ဆိုတဲ့ အဆင့် ၁၁ လူသစ်က ငါ့ကို သူက ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ ထင်အောင် အရူးလုပ်ပြနေပြီးမှ သူကိုယ်တိုင်ပဲ အားလုံးလုပ်သွားတာ ဖြစ်နိုင်တယ်...”

“အိုး... အခုမှ နားလည်တော့တယ်၊ အစပိုင်းမှာ အစ်ကိုက တခြားလူတွေက အနှောင့်အယှက်လို့ ထင်နေခဲ့ပေမဲ့ အဆုံးသတ်မှာတော့ အစ်ကိုကသာ ပိုနေတဲ့လူ ဖြစ်သွားတာပေါ့ ဟုတ်လား”

ဖန်တွမ်ဒေါင်းက ပြောလိုက်သည်။

“ကလေး၊ မင်းက ဘယ်သူ့ဘက်ကလဲ”

အနိုင်မခံ ချန်ပီယံက အော်ဟစ်လိုက်သည်။

“ဟားဟား... ကောင်းပါပြီ၊ ကျွန်တော် ဘာမှ ဆက်မပြောတော့ဘူး”

ဖန်တွမ်ဒေါင်းက ပြုံးလျက် ထရပ်လိုက်သည်။

“ကျွန်တော် အိမ်ပြန်ပြီး အိပ်တော့မယ်”

“ဘာဖြစ်လို့လဲ၊ မင်းအလှည့် ပြီးသွားပြီလား”

မရှုံးနိမ့်သော ချန်ပီယံက မေးလိုက်သည်။

“မဟုတ်ပါဘူး၊ အဖွဲ့ခေါင်းဆောင်က ကျွန်တော့်ကို လေ့ကျင့်တာတွေ ရပ်ခိုင်းပြီး တစ်ရက် နားခိုင်းလိုက်တာ”

ဖန်တွမ်ဒေါင်းက ပြန်ဖြေသည်။

“ဘာလား၊ စမ်းသပ်ကာလအတောအတွင်းမှာ မင်းကို နားခိုင်းတယ်ဟုတ်လား”

မရှုံးနိမ့်သော ချန်ပီယံက မျက်လုံးပြူးကာ မေးလိုက်သည်။

“မင်း အခု အဆင့် ၂၀ ရောက်သွားပြီလား”

“အဆင့် ၁၅ ပဲ ရှိပါသေးတယ်ဗျာ”

ဖန်တွမ်ဒေါင်းက ပခုံးတွန့်ပြလိုက်သည်။

“ဒီလိုပါ... ကျွန်တော်က သတ်ဖြတ်ခြင်းဂိမ်းထဲမှာ အစ်ကိုအကြောက်တရားမဲ့နဲ့ သူ့ရဲ့ နောက်လိုက် နှစ်ယောက်ကို သတ်ပစ်လိုက်မိလို့လေ၊ အဲ့ဒါကို သူတို့က အဖွဲ့ခေါင်းဆောင်ဆီ သွားတိုင်ကြတာ ကျွန်တော်က သူတို့ အဆင့်တက်အောင်မကူညီဘဲ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုပြီးပေါ့”

သူက ပြုံးလိုက်သည်။

“ဟူး... ဒီဘက်ခေတ် လူကြီးတွေကတော့... ရှုံးတာကို မခံနိုင်ကြဘူးပဲ”

အခန်း (၄၆)

ကြောက်ရွံ့မှုတန်ဖိုး မြင့်တက်မှု အကြိမ်ရေ - ၀၊ အမြင့်ဆုံး ကြောက်ရွံ့မှုတန်ဖိုး - ၀%၊ ပျမ်းမျှ ကြောက်ရွံ့မှုတန်ဖိုး - ၀%။

“သင်၏ ကြောက်ရွံ့မှုအဆင့်သတ်မှတ်ချက်မှာ - သတ္တိ၏ ပြယုဂ် ၊ အပိုဆုလာဘ် ရရှိပါသည်။ ကျေးဇူးပြု၍ နောက်မှ ရွေးချယ်ပါ။”

“ရရှိသော ကျွမ်းကျင်မှုအမှတ် - ၉၀”

“ကျွမ်းကျင်မှုအမှတ်မှ ရရှိသော အပိုဆုလာဘ် - အတွေ့အကြုံ (EXP) ၉၀၀၊ ဂိမ်းဒင်္ဂါး - ၉,၀၀၀။”

“ဇာတ်လမ်းအောင်မြင်မှု ဆုလာဘ် - ကျွမ်းကျင်မှုကတ် x၁”

“ဘေးထွက်တာဝန် ဆုလာဘ် - အပို အတွေ့အကြုံ ၁,၀၀၀”

[လျှို့ဝှက်တာဝန် ဆုလာဘ် - ထူးကဲအဆင့် ကိရိယာတစ်ခုကို ကျပန်းရရှိမည်]

“တွက်ချက်မှု ပြီးဆုံးပါပြီ၊ ကျေးဇူးပြု၍ ဆက်လက် ဆောင်ရွက်ပါ”

ဖုန်းပုကြွယ်သည် တွက်ချက်မှုစာရင်းကို ဖတ်ရှုပြီးနောက် သူ့အဆင့်က တိုးမလာဘဲ အဆင့် ၁၁ တွင်သာ ရှိနေသေးသော်လည်း သူ့အတွေ့အကြုံမှာ ၄၉၀၀/၁၁၀၀၀ သို့ ရောက်ရှိသွားပြီး ဂိမ်းဒင်္ဂါးမှာ ၇၇,၀၀၀ ရှိလာခဲ့သည်။ အစောပိုင်းက အဆင့်တက်တာ မြန်လွန်းမည်ကို စိုးရိမ်ခဲ့ခြင်းမှာ မလိုအပ်ကြောင်း တွေ့ရသည်။ လက်တွေ့တွင် သူသည် အဆင့်တက်နှုန်း မမြန်လှပေ။ ယခုတစ်ကြိမ် ရရှိသော အတွေ့အကြုံက ပျမ်းမျှအဆင့်တွင်သာ ရှိသည်ဟု ယူဆနိုင်သည်။ အဖွဲ့လိုက်ရှင်သန်ရေးမုဒ်တွင် ကျွမ်းကျင်မှုအမှတ်မှ ရရှိသော အတွေ့အကြုံနှင့် ဂိမ်းဒင်္ဂါးများကို အမှတ်၏ ၁၀ ဆနှင့် အဆ ၁၀၀ ဖြင့် တွက်ချက်ခြင်း ဖြစ်သည်။ တစ်ကိုယ်တော်ရှင်သန်ရေးမုဒ်တွင်မူ ၁ ဆနှင့် အဆ ၁၀၀ ဖြင့်သာ တွက်ချက်သဖြင့် ကွာခြားချက်မှာ အလွန်ကြီးမားလှသည်။ ၎င်းအပြင် ဂိမ်းကစားသည့် ကြာမြင့်ချိန်ကလည်း အတွေ့အကြုံ ရရှိမှုကို ဆုံးဖြတ်ပေးသည်။ ဥပမာအားဖြင့် ဤဇာတ်လမ်းသည် ဖုန်းပုကြွယ် ယခင်ကစားခဲ့သည့် ဇာတ်လမ်းထက် တစ်နာရီခန့် ပိုကြာခဲ့သည်။ တိုက်ခိုက်ရေး လိုအပ်ချက်နည်းပါးသော ဇာတ်လမ်းသည် ဖုန်းပုကြွယ်အတွက် သိပ်မခက်ခဲသော်လည်း ရရှိသည့်အတွေ့အကြုံမှာ ယခင်ဇာတ်လမ်းထက် အနည်းငယ် ပိုများပေသည်။

သို့သော်လည်း ရရှိသော အတွေ့အကြုံမှာ ဖုန်းပုကြွယ်အဆင့်တက်ရန်အတွက် လုံလောက်မှု မရှိသေးပေ။ ကမ္ဘာ့အမြင်ကို မဖြေရှင်းနိုင်ပါက အဆင့်တက်ရန်အတွက် ယခုကဲ့သို့ ခက်ခဲသော အဖွဲ့လိုက်ဇာတ်လမ်း ၄ ခု သို့မဟုတ် ၅ ခုခန့်ကို ဖြတ်ကျော်ရဦးမည် ဖြစ်သည်။

ယင်းက ဂိမ်းစတူဒီယိုအဖွဲ့ဝင်များအတွက် မည်မျှခက်ခဲမည်ကို ဖော်ပြနေသည်။ ဂိမ်းစမ်းသပ်ကာလ စတင်သည့် ဧပြီလ ၄ ရက်နေ့ နံနက် ၈ နာရီမှ ဧပြီလ ၆ ရက်နေ့ သန်းခေါင်ယံအချိန်အထိ တကယ့်လက်တွေ့လောကတွင် နာရီပေါင်း ၄၀ ခန့် ရှိခဲ့သည်။ ၎င်းကို ဂိမ်းတွင်းအချိန်များအဖြစ် ပြောင်းလဲကာ အော့ဖ်လိုင်းဖြစ်နေသည့် အချိန်များကို နုတ်လိုက်မည်ဆိုလျှင်... သူတို့သည် အဆင့် ၂၀ သို့ ရောက်ရှိရန်အတွက် ပုံရိပ်ယောင်ကမ္ဘာထဲတွင် ၅ ရက်ခန့် တိုက်ခိုက်ခဲ့ရသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ဖုန်းပုကြွယ်သည် ပုံရိပ်ယောင်ကမ္ဘာထဲတွင် ကုန်ဆုံးခဲ့သော စုစုပေါင်းအချိန်မှာ ၁၀ နာရီပင် မပြည့်သေးပေ။ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်နှင့် နှိုင်းယှဉ်လျှင် သူသည် အစပျိုးအဆင့်တွင်သာ ရှိသေးသည်။

“အင်း... ဒီတစ်ခါတော့ အတွေ့အကြုံကို ယူတာ ပိုကောင်းမယ်”

ဖုန်းပုကြွယ်က ရေရွတ်လိုက်သည်။

“ရှောင်တန်ရဲ့ အဆင့်က ငါ့နောက်တစ်ဆင့် ဒါမှမဟုတ် နှစ်ဆင့်လောက် အမြဲတမ်း နောက်ကျနေမှာပဲ... ဒါပေမဲ့ ဂိမ်းကို လူတိုင်းကစားနိုင်တဲ့အချိန်ကျရင် သူက အတွေ့အကြုံ အပိုဆုကတ်တွေ ဝယ်ပြီး ငါ့ကို အမီလိုက်နိုင်မှာပါ”

“ဒါနဲ့ ... အဆင့် ၁၁ နောက်ပိုင်းမှာ အဆင့်တက်တာ နှေးသွားပေမဲ့ စမ်းသပ်ကာလအတွင်းမှာတော့ အဆင့် ၅ ဆင့် ကွာခြားတာက သိပ်ပြီး အဓိပ္ပာယ်မရှိလှဘူး... အဆင့် ၁၀ နဲ့ အဆင့် ၁၅ ကစားသမားတွေက သက်လုံအမှတ် ၅၀၀ ပဲ ကွာတာ၊ ကိရိယာတွေ ရရှိတာက အချိန်တိုအတွင်း ခွန်အားကို သိသိသာသာ တိုးတက်စေနိုင်ပေမဲ့ ကျွမ်းကျင်မှုအဆင့်နဲ့ စွမ်းရည်တွေကို မြှင့်တင်တာကသာ ရေရှည်အတွက် အဖြေဖြစ်ပုံရတယ်၊ ဥပမာအားဖြင့်...”

ရီရူလီနှင့် ရီရူယွီတို့ ဓားဝေ့ယမ်းနေသည့် ပုံရိပ်မှာ သူ့စိတ်ထဲတွင် ပေါ်ထွက်လာသည်။

“သူ့အဆင့်က ငါ့ထက် သိပ်မမြင့်ပေမဲ့ အဲ့ဒီစွမ်းရည်ကတော့... သူ့ရဲ့တိုက်ခိုက်ရေး ကျွမ်းကျင်မှုက အနည်းဆုံး အဆင့် D တော့ ရောက်နေလောက်ပြီ”

ထိုသို့တွေးတောရင်း ဖုန်းပုကြွယ်သည် သူ၏ ကျွမ်းကျင်မှုများကို ကြည့်ရန် ဂိမ်းမီနူးကို ဖွင့်လိုက်သည်။ ယခင်ဇာတ်လမ်းအပြီးတွင် သူ၏ကျွမ်းကျင်မှုများမှာ အထွေထွေစွမ်းရည် အဆင့် E၊ လက်မှုပညာ အဆင့် E၊ ထောက်လှမ်းရေးစွမ်းရည် အဆင့် E၊ တိုက်ခိုက်ရေး အဆင့် E၊ ပစ်ခတ်ရေး အဆင့် F သို့ ပြောင်းလဲသွားသည်။ကုသမှုတစ်ခုတည်းသာ ပွင့်မလာသေးခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ပစ်ခတ်ရေးစွမ်းရည်ကလွဲလို့ ကျန်အဆင့် F ကျွမ်းကျင်မှုလေးခုလုံးကို တစ်ဆင့်စီ မြှင့်တင်နိုင်ခဲ့ပေသည်။

“အဆင့် E - ညံ့ဖျင်း၊ အခြေခံအဆင့်။ သင်သည် ဤအဆင့်သို့ ရောက်ရှိသောအခါ ဤအမျိုးအစား၏ စွမ်းရည်တစ်ခုကို အောင်မြင်စွာအသုံးပြုနိုင်ခြေမှာ ၄၀ ရာခိုင်နှုန်း ဖြစ်သည်။”

အခုအထိတော့ ဖုန်းပုကြွယ်သည် ကုသမှုမှလွဲ၍ ကျန်ကျွမ်းကျင်မှုတွေအားလုံးကို အနည်းငယ် သိရှိထားသော်လည်း ဘာတစ်ခုမှတော့ ထူးထူးခြားခြား မကျွမ်းကျင်သေးပေ။ ယင်းက သူ၏ တိုက်ခိုက်ရေးစွမ်းရည်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ဒါ့အပြင် သူ၏ ဘွဲ့အမည်ဖြစ်သော သွေးအေးစွာခေါင်းရိုက်ခွဲသူသည်လည်း ဇာတ်လမ်းအပြီးတွင် ပြောင်းလဲမသွားသဖြင့် သူ၏အထူးစွမ်းအားမှာ ဦးနှောက်ထိခိုက်ခြင်းပင် ဖြစ်နေသေးသည်။

ဖုန်းပုကြွယ် စနစ်၏ စာရင်းများကို ဖတ်ရှုပြီးနောက် ဓာတ်လှေကားအပြင်ဘက်ရှိ သတ္တုခန်းထဲသို့ သွားလိုက်သည်။ ယခုတစ်ကြိမ်တွင် အခန်းထဲ၌ ဖန်ပြွန်သုံးခု ရှိနေလေသည်။ ၎င်းတို့မှာ ဇာတ်လမ်းအောင်မြင်မှုကြောင့် ရရှိသော ကျပန်းစွမ်းရည်၊ ကြောက်ရွံ့မှု အဆင့်သတ်မှတ်ချက်မှ ရရှိသော ရွေးချယ်နိုင်သည့် ဆုလာဘ်နှင့် လျှို့ဝှက်မစ်ရှင်မှ ရရှိသော ကျပန်းကိရိယာတို့ ဖြစ်ကြသည်။

ယခုတစ်ခေါက်တွင် သူသည် ရွေးချယ်နိုင်သည့် ဆုလာဘ်အပိုင်းသို့ အရင်သွားလိုက်ရာ အချက်ပြသံက ချက်ချင်း ထွက်ပေါ်လာသည်။

“ကျေးဇူးပြု၍ သင်ရဲ့ အပိုဆုလာဘ်ကို ရွေးချယ်ပါ

၁။ သင်အဆင့်နှင့် ကိုက်ညီသော ကိရိယာတစ်ခုကို ကျပန်းရွေးချယ်ပါ၊

၂။ ဂိမ်းဒင်္ဂါး ၅၀,၀၀၀ (အမြင့်ဆုံးကန့်သတ်ချက်)၊

၃။ အတွေ့အကြုံ ၄,၄၀၀ အမှတ်။”

“ကြည့်ရတာ အဆင့် ၁၀ နောက်ပိုင်းမှာ သတ္တိရဲ့ပြယုဂ် အဆင့်သတ်မှတ်ချက်ရရင် ဂိမ်းဒင်္ဂါးက အမြဲတမ်း ၅၀,၀၀၀ ပဲ ဖြစ်နေမယ့်ပုံပဲ...”

ဖုန်းပုကြွယ်က ရေရွတ်လိုက်သည်။

ဂိမ်းဒင်္ဂါးများ အသုံးမဝင်သေးသည့် ယခုကာလတွင် ဂိမ်းဒင်္ဂါးနဲ့ ယွမ်ငွေ လဲလှယ်နှုန်းကလည်း မသေချာသေးတာကြောင့် သူအဲ့ဒါကို လောလောဆယ် ထည့်မစဉ်းစားတော့ပေ။ ယခုတစ်ကြိမ်တွင် သူသည် အတွေ့အကြုံကိုသာ ရွေးချယ်လိုက်သည်။ လက်ရှိအဆင့်၏ ၄၀ ရာခိုင်နှုန်း အတွေ့အကြုံကို ရရှိပြီးနောက် ဖုန်းပုကြွယ်၏ အတွေ့အကြုံက ၉၃၀၀/၁၁၀၀၀ သို့ ရောက်ရှိသွားသည်။ နောက်ထပ် ဇာတ်လမ်းတစ်ခုကို အောင်မြင်အောင် ကစားပြီးလျှင် သူသည် အဆင့် ၁၂ သို့ ရောက်ရှိနိုင်တော့မည် ဖြစ်သည်။

ထို့နောက် သူသည် ဖန်ပြွန်ဆီသို့ လျှောက်သွားကာ ၎င်းအတွင်းမှ ကျပန်းကျွမ်းကျင်မှုကတ်ကို ထုတ်ယူလိုက်သည်။ သူသည် ၎င်းကို မီနူးမှတစ်ဆင့် ကြည့်ရှုလိုက်သည်။

အမည် - လူဆိုးလေး၏ အောက်ပိုင်းဝိုက်ကန်ချက်

ကျွမ်းကျင်မှုကတ် ဂုဏ်သတ္တိ - တက်ကြွစွမ်းရည်၊ ၃ ကြိမ် အသုံးပြုပြီးနောက် ပျောက်ကွယ်သွားမည်။

ကျွမ်းကျင်မှု အမျိုးအစား - တိုက်ခိုက်ရေး

အကျိုးသက်ရောက်မှု - ကျွမ်းကျင်မှုအဆင့်ကို လျစ်လျူရှုနိုင်။ လဲကျနိုင်သော မည်သည့် မကောင်းဆိုးဝါးကိုမဆို ၁၀၀ ရာခိုင်နှုန်း လဲကျစေနိုင်ပြီး သင့်ကို ပြန်လည်တိုက်ခိုက်ရန် ရန်စနိုင်စွမ်း ရှိသည်။

ကုန်ဆုံးမှု - သက်လုံအမှတ် ၁၀၀

လိုအပ်ချက် - တိုက်ခိုက်ရေး ကျွမ်းကျင်မှု အဆင့် F သို့မဟုတ် အဆင့် ၁၀ နှင့် အထက်

မှတ်ချက် - ဒါက မစ်ချယ်ဗီးယပ်စ်ကြောင်ပြာရဲ့ ကန်ချက် ၃၀၀၀ ထဲက တစ်ခုပဲ။

“ဒါက ဘာကြီးလဲ...”

ဖုန်းပုကြွယ်သည် ထိုကျွမ်းကျင်မှုကတ်ကို အကြာကြီး စိုက်ကြည့်နေမိသည်။ တိုက်ရိုက်ကြည့်ရုံနှင့် နားမလည်နိုင်သော အမည်နှင့် မှတ်ချက်များက သူ့ကို စဉ်းစားရခက်စေသော်လည်း ထိုစွမ်းရည်၏ အကျိုးသက်ရောက်မှုက အတော်လေး အစွမ်းထက်လှသည်။

ဖုန်းပုကြွယ် စဉ်းစားကြည့်ပြီးနောက် ၎င်းကို အရင်တပ်ဆင်ထားရန် ဆုံးဖြတ်လိုက်သည်။ ယခုကဲ့သို့ နောက်ပြောင်သည့် စွမ်းရည်မျိုးကို ဂိမ်းစတင်ပြီးနောက်ပိုင်းတွင်လည်း ရောင်းချနိုင်မည် မဟုတ်သလို၊ တခြားလူတစ်ယောက်ကို ပေးလိုက်မည်ဆိုလည်း... သူတို့ မလုပ်ချင်တဲ့အရာတစ်ခုကို အတင်းအကျပ် ခိုင်းစေနေသလိုမျိုး ခံစားရစေနိုင်သည်။

ထိုစွမ်းရည်ကို တပ်ဆင်ပြီးနောက်အနည်းဆုံးတိုက်ပွဲတွင် အသုံးပြုနိုင်သည့် တက်ကြွစွမ်းရည်တစ်ခုတော့ သူ ပိုင်ဆိုင်သွားပြီ ဖြစ်သည်။ ထို့နောက် ဖုန်းပုကြွယ်သည် သူ့ကံကောင်းမှုများ ဆက်မရှိတော့ရန် မျှော်လင့်ရင်း နောက်ဆုံးဖန်ပြွန်ဆီသို့ လျှောက်သွားလိုက်သည်။

သို့သော်လည်း သူ့စိတ်ထဲတွင် ကြိုတင်ခံစားမိနေသည်။ အစောပိုင်းက စခရင်ပေါ်တွင် လျှို့ဝှက်တာဝန် ဆုလာဘ်သည် “ထူးကဲအဆင့်ကိရိယာတစ်ခုကို ကျပန်းရရှိမည်” ဟုသာ ဖော်ပြထားပြီး “သင့်အဆင့်နှင့် ကိုက်ညီသော” ဟု မပါဝင်ပေ။

ယင်းက ထိုကိရိယာမှာ အနည်းဆုံး ထူးကဲအဆင့်ဖြစ်မည်ဟု ဆိုလိုသော်လည်း သူ တပ်ဆင်နိုင်မည် မဟုတ်သည်မှာလည်း ဖြစ်နိုင်သည်။

အဖြူရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီးနောက် ခါးပတ်တစ်ခုနှင့် တူသော ကိရိယာတစ်ခု ထွက်ပေါ်လာသည်။ ဖုန်းပုကြွယ်၏ ပထမဆုံး တုံ့ပြန်မှုကားမှာ... ဒါက ဘက်မန်းရဲ့ ခါးပတ်ကြီးလား ဆိုတာပင်။ သို့သော် သူ မှားသွားခဲ့သည်။ ဤအရာမှာ ပိုမိုအစွမ်းထက်ပေသည်။

အမည် - အက်ခိုးချပ်ဝတ်

ပစ္စည်းအမျိုးအစား - ချပ်ဝတ်

အရည်အသွေး - ထူးကဲ

ခုခံနိုင်စွမ်း - အတော်လေး သန်မာသည်

အမျိုးအစား - ကြားခံ

အထူးအာနိသင် - မရှိပါ

တပ်ဆင်ရန် လိုအပ်ချက် - အထွေထွေစွမ်းရည် အဆင့် C သို့မဟုတ် လက်မှုပညာ အဆင့် D

မှတ်ချက် - Black Bolt ရဲ့ တီးတိုးစကားအချို့ကို စုဆောင်းပြီးနောက်မှာ Dr. Doomဟာ ဒီကိရိယာကို ဖန်တီးဖို့အတွက် ကြီးမားတဲ့ စွမ်းအင်တွေကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်၊ အသုံးပြုသူဟာ မမြင်ရတဲ့ အသံချပ်ဝတ်ကို ရရှိဖို့အတွက် ခါးပတ်ကို ဖွင့်နိုင်ပါတယ်။

ဤကိရိယာမှာ အလွန်အစွမ်းထက်သော်လည်း ကံမကောင်းစွာဖြင့် ဖုန်းပုကြွယ်သည် လက်ရှိတွင် ၎င်းကို တပ်ဆင်နိုင်စွမ်း မရှိသေးပေ။ သို့သော်လည်း သူသည် ၎င်းကို ပစ္စည်းသိုလှောင်အိတ်ထဲသို့ ထည့်ထားလိုက်ဆဲဖြစ်သည်။ အဆုံးသတ်တွင် သူ၏ လက်မှုပညာမှာ အဆင့် E ရောက်နေပြီ ဖြစ်သဖြင့် နောက်ဇာတ်လမ်းတွင် အဆင့် D ရောက်ရန် အတတ်နိုင်ဆုံး ကြိုးစားမည် ဖြစ်သည်။ ထိုအခါမှသာ သူ ၎င်းကို တပ်ဆင်နိုင်မည် ဖြစ်သည်။

လက်ရှိတွင် သူ၏ ပစ္စည်းစာရင်းပမာဏသည် ၇/၁၀ ရှိနေပြီဖြစ်သည်။။ အတွင်းရှိ ပစ္စည်းများမှာ မာရီယို၏ ဂွ၊ ရန်လိုမှုမျက်လုံး၊ အနောက်တိုင်း မီးဖိုချောင်သုံးဓား၊ ဘေ့စ်ဘောတုတ်၊ လက်နှိပ်ဓာတ်မီး၊ M1911A1 ပစ္စတို နှင့် အက်ခိုးချပ်ဝတ် တို့ ဖြစ်ကြသည်။

ဂျက်ဇ်ဖိနပ်မှာမူ သူ့ခြေထောက်တွင် တပ်ဆင်ထားသဖြင့် ပစ္စည်းစာရင်းထဲတွင် နေရာယူမထားပေ။ ပစ္စည်းစာရင်းထဲမှ အရာများမှာ ပြောင်းလဲမသွားဘဲ အရန် လက်နှိပ်ဓာတ်မီးတစ်လက်နှင့် ပဟေဠိကတ်ဖြစ်သော မျောက်တို့သာ ရှိနေသေးသည်။

ဆုလာဘ်များကို ယူဆောင်၍ အရာအားလုံးပြင်ဆင်ပြီးနောက် ဖုန်းပုကြွယ်သည် ဓာတ်လှေကားသို့ ပြန်သွားကာ ဝမ်တန်ကျိကို ခေါ်လိုက်သည်။ ရှောင်တန်က အဖွဲ့ခေါင်းဆောင်တာဝန်ကို ဖုန်းပုကြွယ်ထံ လွှဲပြောင်းပေးလိုက်ပြီး သူတို့ နှစ်ယောက်မှာ အဖွဲ့သစ်တစ်ခုနှင့် ပူးပေါင်းလိုက်ကြသည်။ သူတို့သည် ထိုည၏ ဒုတိယမြောက် အဖွဲ့လိုက်ရှင်သန်ရေးဇာတ်လမ်းထဲသို့ ဝင်ရောက်တော့မည် ဖြစ်သည်။

All Chapters