← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇)

ဖုန်းပုကြွယ် အဆင့် ၁၁ ၊ဝမ်တန်ကျိ အဆင့် ၁၁။

“ကျေးဇူးပြုပြီး သင့်အဖွဲ့ ပါဝင်လိုသော ဂိမ်းစနစ်ကို ရွေးချယ်ပေးပါ”

“သင်သည် အဖွဲ့လိုက်ရှင်သန်ရေးမုဒ် (သာမန်) ကို ရွေးချယ်ခဲ့သည်။ ကျေးဇူးပြု၍ အတည်ပြုပါ။”

“သင့်အဖွဲ့သည် အဖွဲ့လိုက်ရှင်သန်ရေးမုဒ် (သာမန်) သို့ ဝင်ရောက်နေသည်။ အဖွဲ့ဝင်အရေအတွက်ကို ခြောက်ယောက်အဖြစ် ကျပန်းသတ်မှတ်လိုက်သည်။”

“သင့်အဖွဲ့သည် တန်းစီစောင့်ဆိုင်းနေသည့် လူစာရင်းထဲသို့ ရောက်ရှိသွားပါပြီ။ လက်ရှိတွင် အဆင်သင့်ဖြစ်နေသော အခြားတစ်ဦးတည်းသော ကစားသမားများ သို့မဟုတ် အဖွဲ့များကို ရှာဖွေနေပါသည်။”

“ကိုက်ညီမှု ရှာဖွေခြင်း ပြီးဆုံးပါပြီ။ အာရုံကြော ဆက်သွယ်မှုများကို ချိန်ညှိနေပါသည်။ ဇာတ်လမ်း ဖန်တီးနေပါသည်...”

“ဒေါင်းလုဒ်လုပ်နေပါသည်၊ ကျေးဇူးပြုပြီး ခဏစောင့်ပါ”

“သည်းထိတ်ရင်ဖို သုခဘုံမှ ကြိုဆိုပါတယ်”

ယခုတစ်ကြိမ် ထွက်ပေါ်လာသောအသံမှာ သက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ အသံဖြစ်ပြီး စကားလုံးများကို ဗလုံးဗထွေး ပြောနေသည့်ပုံစံ ဖြစ်သည်။

“ဒေါင်းလုဒ်လုပ်ခြင်း ပြီးဆုံးပါပြီ။ သင်သည် လက်ရှိတွင် အဖွဲ့လိုက်ရှင်သန်ရေးမုဒ် (သာမန်) ထဲသို့ ရောက်ရှိနေပါသည်”

“ဤစနစ်သည် ဇာတ်လမ်းမိတ်ဆက်ကို ပြသပေးမည်ဖြစ်ပြီး လျှို့ဝှက်ထားသော ဘေးထွက်တာဝန်များနှင့် ထူးခြားသော ကမ္ဘာ့အမြင်များကို ဖော်ထုတ်နိုင်သည့် အခွင့်အရေးရှိပါသည်”

“ဇာတ်လမ်းအောင်မြင်မှုအတွက် ဆုလာဘ် - ဆုလာဘ်များကို တွက်ချက်ချိန်တွင် ဇာတ်လမ်းအောင်မြင်မှုမှ ရရှိသော အတွေ့အကြုံ (EXP) ၏ ၁၀၀ ရာခိုင်နှုန်းကို အပိုဆောင်း ရရှိပါမည်”

“ဇာတ်အိမ်မိတ်ဆက်ကို မကြာမီပြသတော့မည် ဖြစ်ပါသည်။ မိတ်ဆက်ပြီးဆုံးသည်နှင့် ဂိမ်းကို ချက်ချင်း စတင်ပါမည်။”

ဖုန်းပုကြွယ် မြင်တွေ့လိုက်ရသော ပုံရိပ်သည် ပထမလူရှုထောင့်ဖြင့် ရိုက်ကူးထားသည့် ရုပ်ရှင်ကားတစ်ကားကဲ့သို့ ဖြစ်လာသည်။ ၎င်းမှာ ‘Call of Duty’ ဂိမ်း၏ အဖွင့်ဇာတ်လမ်းနှင့် တူနေခဲ့သည်။

ကင်မရာက သူသည် ကောင်းကင်မှ ‘ဆင်းသက်’ နေသည်ကို ပြသနေသော်လည်း သူသည် စစ်ဝတ်စုံကို ဝတ်ဆင်ထားခြင်း မဟုတ်ပေ။ ဂိမ်း၏ အခြေခံဝတ်စုံဖြစ်သော အနက်ရောင် လက်ရှည်တီရှပ်နှင့် ဘောင်းဘီရှည်ကိုသာ ဝတ်ဆင်ထားသည်။ သူ့ရှေ့တွင်မူ ပြာလဲ့လဲ့ကောင်းကင်နှင့် ဖြူဖွေးသော တိမ်တိုက်များရှိနေလေသည်။ အလွန်ပင် သာယာသောနေ့တစ်နေ့ ဖြစ်သည်။

ကင်မရာက အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ သူ့အောက်တွင် မိုးမျှော်တိုက်များဖြင့် ပြည့်နှက်နေသော ခေတ်မီမြို့ကြီးတစ်မြို့ကို မြင်တွေ့လိုက်ရသည်။

“သင်သည် ရှာဖွေကယ်ဆယ်ရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်၊ သင့်ကို ဤမြို့ကြီးအတွင်းရှိ အာလာမူကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးဖြစ်သူ ပရော်ဖက်ဆာ အက်ရှ်ဖို့ဒ်ကို ရှာဖွေရန် အမိန့်ပေးထားသည်။ သို့သော် လေယာဉ်ပေါ်တွင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် သင်နှင့် သင်၏ အခြားအဖွဲ့ဝင် ငါးဦးမှာ လေထီးဖြင့် ခုန်ထွက်ချိန်တွင် ဆက်သွယ်ရေးကိရိယာများနှင့် လက်နက်ကြီးများအားလုံး ဆုံးရှုံးသွားခဲ့ရသည်။ ထို့နောက် သင်တို့မှာ မြို့အနှံ့သို့ ပြန့်ကျဲသွားခဲ့ကြသည်။”

“အာလာမူ (Allerbmu) က ဘာလဲဟ၊ ဒါက ‘အမ်ဘရဲလား (Umbrella)’ ကို ပြောင်းပြန်လှန်ထားတာ မဟုတ်လား”

ဖုန်းပုကြွယ်က သူ့မျက်စိရှေ့တွင် ပေါ်လာသော စာတန်းများကို ကြည့်ကာ ပြောလိုက်သည်။

“ဒါဆို မြို့ရဲ့နာမည်ကလည်း ‘ရက်ကွန်းစီးတီး (Raccoon City)’ ကို ပြောင်းပြန်လှန်ထားတဲ့ ‘နွတ်ကား (Nooccar)’ ဆိုတာပေါ့ ဟုတ်လား”

“အမည်မသိ ဗိုင်းရပ်စ်တစ်ခုသည် ဤနွတ်ကားမြို့အတွင်း၌ ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေလျက်ရှိပါသည်။”

“ဟေး... သူတို့ တကယ်ကြီး လုပ်လိုက်တာလား”

“အလွန်အမင်းအန္တရာယ်ရှိသော ဤဗိုင်းရပ်စ်ကို ‘Z’ ဟု အမည်ပေးထားပါသည်။ ၎င်း၏ အဓိက လက္ခဏာရပ် လေးခုမှာ ၁၀၀ ရာခိုင်နှုန်း ကူးစက်နိုင်စွမ်း၊ ၁၀၀ ရာခိုင်နှုန်း သေဆုံးနိုင်စွမ်းတို့ ဖြစ်ပါသည်။ ၎င်းသည် ထိတွေ့မိသော အကျိအချွဲအမြှေးပါးများနှင့် ကိုယ်ခန္ဓာအရည်များမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ လေ သို့မဟုတ် ရေမှတစ်ဆင့်မူ ကူးစက်နိုင်ခြင်း မရှိပါ။”

“ဘောပဲ၊ ဒါက ‘T-virus’ လို့ တိုက်ရိုက်ပြောလိုက်ရင် မပြီးဘူးလား၊ ဘာ Z လဲ၊ ဒီဇာတ်ညွှန်းက ဘာလဲဆိုတာ ဘယ်သူက မသိဘဲနေမှာလဲ”

(TL note – Resident Evil ဇာတ်လမ်းကို ပြောနေတာပါ)

“ဗိုင်းရပ်စ် ကူးစက်ခံရသူများအားလုံး... သွေးစုပ်ဖုတ်ကောင် ဝံပုလွေလူသားဇွန်ဘီးများအဖြစ် ပြောင်းလဲသွားကြပါသည်”

“အဲ”

ဖုန်းပုကြွယ် ရုတ်တရက် အေးခဲသွားပြီး ကြောက်စရာကောင်းသော အရာတစ်ခုက သူ့စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာတော့သည်...။

“မကောင်းဆိုးဝါး၏ အခြေခံစွမ်းရည်နှင့် အလေ့အထများသည် သာမန်ဇွန်ဘီးတစ်ကောင်နှင့် မခြားနားသော်လည်း ၎င်း၌ ဝံပုလွေလူသားနှင့် သွေးစုပ်ဖုတ်ကောင် နှစ်မျိုးစလုံး၏ လက္ခဏာရပ်များ ပါရှိသည်။ ၎င်းကို... BW Zombie ဟု ခေါ်ပါသည်။]

“ဟမ်”

“ငွေထည်ပစ္စည်းများက BW Zombie များ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေနိုင်ပြီး တံတွေးနှင့် ရောစပ်ထားသော ကြက်သွန်ဖြူအနံ့မှာ ၎င်းတို့အပေါ် အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်စွမ်း ရှိသည်။ ၎င်းတို့၏ လှုပ်ရှားမှုနှင့် ဉာဏ်ရည်မှာ အလွန်နိမ့်ကျပြီး ၎င်းတို့၏ ခေါင်းကို ဖြတ်တောက်ခြင်း သို့မဟုတ် နောက်စိကို ရိုက်ခွဲခြင်းဖြင့် သတ်ဖြတ်နိုင်ပါသည်။”

“သူတို့က သာမန်ဇွန်ဘီးတွေထက်တောင် ပိုအားနည်းနေတာ မဟုတ်လား၊ ဒီလို သတ်မှတ်ချက်တွေ ထည့်ထားတော့ ဘာထူးမှာလဲ”

“BW Zombie များသည် နေရောင်ခြည်ကို မုန်းတီးကြသော်လည်း နေရောင်ခြည်သည် ၎င်းတို့အပေါ် သိသာထင်ရှားသော ထိခိုက်မှုမပေးနိုင်ပါ။ ၎င်းတို့တွင် အလွန်ထက်မြက်သော အနံ့ခံအာရုံရှိပြီး အသံနှင့် အလင်းရောင်များအပေါ် တုံ့ပြန်တတ်ကြပါသည်။ အသားစားလိုသော ၎င်းတို့၏ ဆန္ဒသည် အစာခြေစနစ်နှင့် မသက်ဆိုင်ပေ။ ၎င်းတို့၏ မေးရိုးများ၊ အစာပြွန်၊ အစာအိမ်နှင့် အခြားသော အင်္ဂါအစိတ်အပိုင်းများ ဆုံးရှုံးသွားလျှင်ပင်... ၎င်းတို့သည် သားကောင်ကို ဆက်လက်ကိုက်ဖြတ်ကာ ပါးစပ်ထဲထည့်ရန် ကြိုးစားနေဦးမည် ဖြစ်သည်။ အသက်ရှင်နေသော လူသားအားလုံးမှာ ၎င်းတို့၏ ပစ်မှတ်များ ဖြစ်လာပါလိမ့်မည်။”

ဤမိတ်ဆက်ဇာတ်လမ်းမှာ အတော်လေး ရှည်လျားလှသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ကောင်းကင်မှ ဆင်းသက်ရန် အချိန်အနည်းငယ် ယူရသောကြောင့် ဖြစ်နိုင်သည်။ မိတ်ဆက်ပြီးနောက် နောက်ဆုံးမြင်ကွင်းတွင် ဖုန်းပုကြွယ်သည် လမ်းဘေးဆိုင်တစ်ဆိုင်၏ အမိုးပေါ်သို့ ဆင်းသက်လိုက်သည်ကို ပြသနေသည်။

တစ်စက္ကန့်အကြာတွင် ဖုန်းပုကြွယ်၏ အမြင်အာရုံမှာ စခရင်နှင့် ထပ်တူကျသွားပြီး ဂိမ်းထဲသို့ တရားဝင် ရောက်ရှိသွားတော့သည်။ သူ့ကိုယ်ပေါ်တွင် လေထီးကဲ့သို့သော အရာမျိုး မပါရှိတော့ပေ။ ယင်းက စနစ်သည် လေထီးဖြုတ်ရမယ့်အချိန်ကို သက်သာအောင် ဖျက်ပစ်လိုက်ပုံရသည်။

“ပင်မတာဝန် စတင်ပါပြီ”

ကြေညာချက်က ချက်ချင်း ထွက်ပေါ်လာသည်။

ယခုတစ်ကြိမ်တွင် ကစားသမားခြောက်ဦးသည် ဇာတ်လမ်းမစမီ မြေပုံနေရာအနှံ့တွင် ပြန့်ကျဲနေကြခြင်းဖြစ်သည်။ ဤသည်မှာ ဖုန်းပုကြွယ်အတွက် ပထမဆုံးအကြိမ် ကြုံဖူးသည့် အခြေအနေမျိုး ဖြစ်သည်။ သူ မီနူးကိုဖွင့်ကာ ပင်မတာဝန်ကို ကြည့်လိုက်သည်။

“အာလာမူ အဆောက်အအုံအတွင်း ဝင်ရောက်ရှာဖွေပြီး ပရော်ဖက်ဆာ အက်ရှ်ဖို့ဒ်ကို ရှာဖွေပါ”

ထို့နောက် သူ အဖွဲ့တက်ဘ်ကို ကြည့်လိုက်သည်။ အမည် ငါးခု ရှိနေ၏။

ဝမ်တန်ကျိ၊ ပြိုင်ဘက်ကင်းဗိုလ်ချုပ် ပန်ဖုန်း၊ စစ်သည်တော်တစ်ထောင် ဟွာရှုံ ၊ နာမည်ရွေးရတာ ခက်လိုက်တာ (Names Are So Hard to Choose) နှင့် အာတိုဘီဆမား။

“ပန်ဖုန်းနဲ့ ဟွာရှုံက အဖွဲ့တစ်ခုတည်းက ဖြစ်ရမယ်၊ ပြောရမယ်ဆိုရင် ဒီဇာတ်လမ်းက ယောကျာ်းလေး ကစားသမားတွေချည်းပဲ ဖြစ်နေတာပဲ”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“အ”

ရုတ်တရက် ဖုန်းပုကြွယ်နောက်ဘက်မှ ညည်းတွားသံတစ်ခု ထွက်ပေါ်လာလေသည်။

ဖုန်းပုကြွယ် လှည့်ကြည့်လိုက်သောအခါ... BW Zombie တစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်းမှာ သူ့ထံသို့ ခြေတရွတ်ဆွဲကာ လျှောက်လာနေခြင်းဖြစ်သည်။

ထိုသတ္တဝါ၏ ပုံပန်းသဏ္ဍာန်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်သည် အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းနေသော်လည်း ခြေလက်များနှင့် မျက်နှာတွင်မူ အမွှေးများ မရှိပေ။ ၎င်းအပြင် ၎င်း၏ အသားအရေမှာ အလွန်ဖြူဖျော့နေ၏။ မျက်နှာက လူသားနှင့် တူသော်လည်း ပါးစပ်တွင် သွေးစုပ်ဖုတ်ကောင်ကဲ့သို့ ချွန်ထက်သောအစွယ်များ ပါရှိသည်။ ထို့အပြင် ၎င်း၌ ကြောက်မက်ဖွယ်ဒဏ်ရာများနှင့် ပုပ်ပွနေသော ခြေလက်များကဲ့သို့သော ဇွန်ဘီးတစ်ကောင်၏ လက္ခဏာရပ်များလည်း ပါရှိနေသည်။

ထိုသတ္တဝါမှာ အမှန်တကယ်ပင် အလွန်နှေးကွေးစွာ လှုပ်ရှားနေခြင်းဖြစ်သည်။ သို့မဟုတ် နေရောင်ခြည်နှင့် ထိတွေ့နေရသဖြင့် ပိုမိုထုံထိုင်းနေခြင်းလည်း ဖြစ်နိုင်သည်။ ၎င်းသည် အဓိပ္ပာယ်မရှိသော ညည်းတွားသံများ ပြုလုပ်ကာ ၎င်းကိုယ်၎င်း သိသာအောင် လုပ်နေသည့်အထိပင် တုံးအမိုက်မဲလှသည်။

ဖုန်းပုကြွယ်က ထိုအရာကို ၄၅ ဒီဂရီ ခေါင်းစောင်းကာ စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေမိသည်။ ထို့နောက် သူသည် ထိုသတ္တဝါကို ဝိုင်းပတ်သွားလိုက်ပြီး ဘေးမှနေ၍ ၎င်းနောက်တွင် ရပ်လိုက်သည်..။

ထိုသတ္တဝါက တုန်တုန်ချည့်ချည့်ဖြင့် ဖုန်းပုကြွယ်ရှိရာသို့ တဖြည်းဖြည်း လှည့်လာလေသည်။ ၎င်းသည် ထပ်မံညည်းတွားလိုက်ပြီး သူ့ထံသို့ ချဉ်းကပ်လာပြန်သည်။

“အရမ်း နှေးတာပဲ...”

ဖုန်းပုကြွယ်သည် ပစ္စည်းသိုလှောင်အိတ်ထဲမှ လက်နက်ကိုတောင် မထုတ်ယူတော့ပေ။ သူသည် ထိုသတ္တဝါကို သတ်ဖြတ်ရန်ပင် ပျင်းရိနေပုံရသည်။ ယင်းအစား သူသည် အိမ်အမိုးပေါ်မှ အောက်သို့ ဆင်းမည့်တံခါးဆီသို့ လျှောက်သွားလိုက်တော့သည်။

သူ့နောက်ရှိ BW Zombie မှာ ချဉ်းကပ်ရန် ကြိုးစားနေဆဲ ဖြစ်သော်လည်း ၎င်း၏ အရှိန်က ဖုန်းပုကြွယ်၏ သာမန်လမ်းလျှောက်နှုန်းထက်ပင် နှေးကွေးနေသေး၏။

ဖုန်းပုကြွယ် အိမ်အမိုးပေါ်မှ တံခါးကို ဖွင့်လိုက်ရာ အတွင်း၌ အောက်ထပ်ဆင်းမည့် လှေကားကို တွေ့လိုက်ရသည်။ သူသည် ဤဇာတ်လမ်းထဲရှိ မကောင်းဆိုးဝါးများ၏ စွမ်းအားကို အထင်သေးနေသော်လည်း အတွင်းသို့မဝင်မီ တံခါးနောက်ရှိအခြေအနေကို သတိကြီးကြီး စောင့်ကြည့်နေခဲ့သည်။ သူ ထွက်မသွားမီ တံခါးကို ပြန်ပိတ်ရန်လည်း မမေ့ခဲ့ပေ...။

သူ လှေကားအတိုင်း ဆင်းလာရာ ပထမထပ်သည် သာမန်စားသောက်ဆိုင်တစ်ဆိုင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မီးဖိုချောင်မှာ ဘားကောင်တာ၏ ဆန့်ကျင်ဘက်တွင်ရှိပြီး လမ်းမဘက်သို့ မျက်နှာမူထားသော ပြတင်းပေါက်ဘေးတွင် စားပွဲနှင့် ကုလားထိုင်များ စီတန်းထား၏။ ဘားကောင်တာ ဘေးတွင်လည်း ထိုင်ခုံအချို့ ရှိနေလေသည်။ စားပွဲအချို့ပေါ်တွင်မူ ဆန်းဒဝစ်၊ အာလူးကြော်၊ ဝက်ပေါင်ခြောက် နှင့် ကြက်ဥကြော်ကဲ့သို့သော အစားအစာ အကြွင်းအကျန်အချို့ ရှိနေသေးသည်။ ယခုအချိန်တွင် ၎င်းတို့မှာ ယင်ကောင်များအတွက် စားသောက်ပွဲကြီး ဖြစ်နေတော့သည်။

ဖုန်းပုကြွယ် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ နောက်ထပ် ညည်းတွားသံတစ်ခုကို ကြားလိုက်ရပြန်သည်။

“အီး...”

ဘားကောင်တာနောက်တွင် နောက်ထပ် BW Zombie တစ်ကောင် ရှိနေခြင်းဖြစ်သည်။ ၎င်း၏ ကိုယ်အထက်ပိုင်းမှာ မီးဖိုကို မှီထားပြီး ကိုယ်အောက်ပိုင်းမှာမူ စားသောက်ခံထားရပုံရသည်။ ၎င်း၏ အူများက ကြမ်းပြင်အနှံ့ ပြန့်ကျဲနေခဲ့သည်။ ဖုန်းပုကြွယ် အနီးအနားတွင် ပေါ်လာသည်ကို မြင်သောအခါ ထိုသတ္တဝါက လက်များကိုမြှောက်ကာ အကြိမ်ပေါင်းများစွာ ဟိန်းဟောက်လိုက်သည်။ ၎င်းမှာ “ဒီပန်းကန်ထဲကို လာခဲ့စမ်း” ဟု ပြောရန်သာ ကျန်တော့သည့်ပုံစံ ဖြစ်နေလေသည်။

ဖုန်းပုကြွယ်က ထိုသတ္တဝါကို လျစ်လျူရှုလိုက်သည်။ သူသည် ပြတင်းပေါက်မှတစ်ဆင့် လမ်းမဘက်သို့ လှမ်းကြည့်လိုက်၏။ သူ့မြင်ကွင်းအတွင်း၌ လမ်းမပေါ်တွင် သွားလာနေသော BW Zombie အနည်းငယ်ကို အမှန်တကယ်တွေ့လိုက်ရသော်လည်း ၎င်းတို့မှာ အဆောက်အအုံများ၏ အရိပ်ထဲတွင် ပုန်းကွယ်နေကြပြီး အလွန်နှေးကွေးစွာ လှုပ်ရှားနေကြလေသည်။

“အင်း... သိပ်အန္တရာယ်ရှိပုံ မရဘူး၊ စမ်းသပ်ချက်တစ်ခုလောက် လုပ်ကြည့်လိုက်မယ်”

သူသည် ဂွကို ထုတ်ယူ၍ သိုလှောင်ခန်းတံခါးကို ရိုက်ဖွင့်လိုက်သည်။ နှစ်မိနစ်ခန့် ကြာပြီးနောက် သူသည် ကြက်သွန်ဖြူများပါသော ခြင်းတောင်းတစ်လုံးကို ကိုင်လျက် ထွက်ပေါ်လာခဲ့သည်။

ဖုန်းပုကြွယ်သည် ခြင်းတောင်းကို ဘားကောင်တာပေါ် တင်လိုက်ပြီး ကြက်သွန်ဖြူတစ်ဥကို ထုတ်လိုက်သည်။ သူ ဂွကိုပြန်သိမ်းကာ မီးဖိုချောင်သုံးဓားကို ထုတ်ယူလိုက်သည်။ သူသည် ကြက်သွန်ဖြူအခွံကို ခွာချပြီး အမွှာတစ်မွှာကိုယူ၍ ပါးစပ်ထဲထည့်ကာ ဝါးစားလိုက်တော့သည်။

သည်းထိတ်ရင်ဖို သုခဘုံတွင် အစားစားသောအခါ လက်တွေ့လောကရှိ အစားအစာများ၏ အရသာကို ခံစားရစေနိုင်ပြီး အလွန်အကျွံစားမိပါက ကစားသမားကို ဗိုက်ပြည့်စေနိုင်ပေသည်။ သို့သော် လက်တွေ့လောကတွင်မူ ကစားသမား၏ ဗိုက်က တိုးလာခြင်း မရှိပေ။ အရသာ ဖြစ်စေ၊ ဗိုက်ပြည့်သည့်ခံစားချက် ဖြစ်စေ ၎င်းတို့အားလုံးမှာ အာရုံကြောစနစ်မှ ဖန်တီးပေးထားသော ပုံရိပ်ယောင်များသာ ဖြစ်ကြသည်။

လျှာဖျားပေါ်တွင် စပ်ရှားရှားအရသာများ ပျံ့နှံ့သွားပြီးနောက် ဖုန်းပုကြွယ်သည် ဘားကောင်တာ နောက်သို့သွားကာ ကြမ်းပြင်ပေါ်ရှိ BW Zombie ဆီသို့ ချဉ်းကပ်သွား၏။ ထိုသတ္တဝါမှာ လက်များကို ပြန်ချလိုက်ပြီး အစားစားချင်စိတ် ကုန်ဆုံးသွားပုံရသည်။ ကြည့်ရသည်မှာ ကြက်သွန်ဖြူနံ့က အမှန်တကယ် ထိရောက်ပုံရသည်။

ဖုန်းပုကြွယ်သည် အရှေ့သို့ ကိုင်းညွှတ်လိုက်ပြီး လည်ပင်းကို ဆန့်ထုတ်လိုက်သည်။ သူတို့နှစ်ဦးကြား တစ်မီတာခန့် အကွာအဝေးတွင် သူသည် ထိုသတ္တဝါ၏ မျက်နှာဆီသို့ လေတစ်ချက် မှုတ်ထုတ်လိုက်လေသည်။

“ဟား…”

ထိုသတ္တဝါသည် ဖုန်းပုကြွယ်နှင့်ဝေးရာသို့ သွားရန်အတွက် ကြမ်းပြင်ပေါ်တွင် လက်များဖြင့် အတင်း ကုတ်ဖက်ကာ တွားသွားတော့သည်။

“ဟားဟား... ဒီဇာတ်လမ်းကတော့ နိဗ္ဗာန်ဘုံပဲကွ”

ဖုန်းပုကြွယ်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ဝင်းပသွားရ၏။ သူသည် ဤမြို့ကြီးထဲတွင် သူ စိတ်ကျေနပ်သည်အထိ ပစ္စည်းများ ရှာဖွေစုဆောင်းရန် ဆုံးဖြတ်လိုက်တော့သည်။

အခန်း (၄၈)

ပရော်ဖက်ရှင်နယ် ဂိမ်းကစားသူတစ်ယောက် ဖြစ်ရခြင်းသည် အားကျစရာကောင်းသော အလုပ်တစ်ခုပင်။ ဂိမ်းကို အသက်မွေးဝမ်းကျောင်းအဖြစ် အသုံးပြုကာ မိမိကိုယ်ကိုယ် ထောက်ပံ့နိုင်ရုံသာမက ကျော်ကြားမှုနှင့် ကြွယ်ဝမှုကိုပါ ရရှိနိုင်သည်ဖြစ်ရာ မည်သူက မစဉ်းစားဘဲ နေနိုင်မည်နည်း။

၂၀၅၅ ခုနှစ်တွင် ဤအရာသည် လူမှုပတ်ဝန်းကျင်က အသိအမှတ်ပြုထားသော အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု အမှန်တကယ် ဖြစ်လာခဲ့သည်။ ဤနယ်ပယ်မှ ထိပ်တန်း ပါရမီရှင်များသည် ကျော်ကြားသော အားကစားသမားများကဲ့သို့ပင် သြဇာလွှမ်းမိုးမှု ရှိကြသည်။

ပရော်ဖက်ရှင်နယ် ဂိမ်းကစားသူများ၏ အသက်အရွယ်မှာ ၁၄ နှစ်မှ ၃၅ နှစ်အတွင်း ဖြစ်သည်။ ထို့ထက် ငယ်ရွယ်သော ကျွမ်းကျင်သူများလည်း ရှိသော်လည်း အချို့ဂိမ်းများတွင် အသက်ကန့်သတ်ချက်များ ရှိနေသဖြင့် သူတို့ ပါဝင်နိုင်ခြင်း မရှိကြပေ။

ယေဘုယျအားဖြင့် ပရော်ဖက်ရှင်နယ် ဂိမ်းကစားသူများကို ရိုးရှင်းစွာ အုပ်စုနှစ်စု ခွဲခြားနိုင်သည်။ တစ်စုမှာ ကြယ်ပွင့်အဆင့် ကစားသမားများ ဖြစ်ကြပြီး အခြားတစ်စုမှာ သာမန် အလုပ်သမားအဆင့် (Blue-collar) ကစားသမားများ ဖြစ်ကြသည်။

ကြယ်ပွင့်အဆင့် ကစားသမားများသည် အသက် ၃၀ ဝန်းကျင်တွင် အနားယူလေ့ ရှိကြသည်။ သူတို့သည် ဝါသနာအရ ကစားသူများ ဖြစ်သွားကြခြင်း သို့မဟုတ် နောက်တန်းသို့ ဆုတ်ခွာသွားကြခြင်းမျိုး ဖြစ်၏။ အခြေခံအားဖြင့် သူတို့သည် စတူဒီယို၏ စီမံခန့်ခွဲမှုပိုင်းသို့ ဝင်ရောက်ရန် ပြင်ဆင်ကြခြင်း ဖြစ်သည်။ ထို့အပြင် ဂိမ်းလောကနှင့် ဆက်စပ်သော အခြား ရာထူးနေရာများဖြစ်သည့် ဝေဖန်သုံးသပ်သူ၊ ဒိုင်လူကြီး၊ ပွဲစီစဉ်သူ စသဖြင့် ပြောင်းလဲ လုပ်ကိုင်ကြသူများလည်း ရှိသည်။ ငွေအမြောက်အမြား ရှာဖွေနိုင်ပြီး ကိုယ်ပိုင်လုပ်ငန်းရှင် ဖြစ်သွားသူများပင် ရှိကြသည်။

ဤနယ်ပယ်သို့ ဝင်ရောက်လာသူတိုင်း ထိုကဲ့သို့သော ကြယ်ပွင့်အဆင့် ကစားသမားများ ဖြစ်လာချင်ကြသည်။ သို့သော်လည်း လူအများစုသည် အလယ်တန်းကျောင်းပြီးကတည်းက ဤနယ်ပယ်သို့ ဝင်ရောက်လာကြသော်လည်း အသက် ၃၀ အထိ နာမည်ကြီးမလာဘဲ နောက်ဆုံးတွင် လူမှုပတ်ဝန်းကျင်၌ အခြားထွက်ပေါက်တစ်ခုကို ရှာဖွေရသူများလည်း ရှိပေသည်။ ထိုလူများသည် သူတို့၏ ငယ်ရွယ်မှုကို လောင်းကြေးထပ်ခဲ့ကြသူများဟု ဆိုနိုင်သည်။ သူတို့ နိုင်သလား ရှုံးသလား ဆိုသည်ကိုတော့ သူတို့စိတ်ထဲတွင်သာ သိနိုင်ပါလိမ့်မည်။ ဤကြယ်ပွင့် မဟုတ်သော ကစားသမားများသည် ဤနယ်ပယ်၏ အလုပ်သမားအဆင့်များ ဖြစ်ကြသည်။ သူတို့သည် ဤလုပ်ငန်း၏ ကျောရိုးများ ဖြစ်ကြသည်။ သူတို့၏ ပံ့ပိုးမှုမပါဘဲ စတူဒီယိုတစ်ခုမှာ လည်ပတ်နိုင်မည် မဟုတ်ပေ။ ကြယ်ပွင့်အဆင့် ကစားသမားများမှာလည်း သူတို့၏ ခိုင်မာသော ထောက်ပံ့မှုများကို လိုအပ်ပေသည်။

ဤနယ်ပယ်တွင် အားအကိုးရဆုံးအရာမှာ ပြိုင်ဆိုင်မှု၏ ရက်စက်မှုပင် ဖြစ်သည်။

အတိုင်းအတာတစ်ခုအထိ ရေပန်းစားသော မည်သည့်ဂိမ်းမဆို "ပြိုင်ဆိုင်မှု" ရှိနေမည်သာ ဖြစ်သည်။ အကယ်၍ ဂိမ်းတစ်ခုတွင် ကစားသမားနှစ်ဦး သို့မဟုတ် အုပ်စုနှစ်စုကြား ခွဲခြားနိုင်သည့် နည်းလမ်းမရှိပါက ထိုဂိမ်းသည် မည်သည့်စတူဒီယိုကိုမျှ ဆွဲဆောင်နိုင်မည် မဟုတ်ပေ။ ဆွဲဆောင်နိုင်မည့် ကစားသမားအရေအတွက်မှာလည်း အလွန်အမင်း ကန့်သတ်ချက် ရှိနေမည် ဖြစ်သည်။

ကစားသမား အများအပြားပါဝင်နိုင်သော အွန်လိုင်းဂိမ်းများတွင် ပြိုင်ဆိုင်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးပေ။ မကောင်းဆိုးဝါးများကို သတ်ခြင်း၊ အဆင့်တက်ခြင်းနှင့် ကိရိယာများ တပ်ဆင်ခြင်းတို့ ဖြစ်နေလျှင်ပင် အနိုင်အရှုံးကို ဆုံးဖြတ်ရန် PK (Player Killing) စနစ် ရှိနေတတ်သည်။

ပရော်ဖက်ရှင်နယ် ဂိမ်းကစားသူများအနေဖြင့် သူတို့၏ တန်ဖိုးကို သက်သေပြရန် အရှင်းလင်းဆုံးနှင့် အလွယ်ကူဆုံး နည်းလမ်းမှာ အနိုင်ရရှိရန် ဖြစ်သည်။ ကံမကောင်းစွာဖြင့် ဤကမ္ဘာကြီးတွင် ခဏတာ တောက်ပမှုသာ ရှိတတ်သည်။ အမြဲတမ်း အောင်ပွဲခံနေမည့် ဗိုလ်ချုပ်ဟူ၍ မရှိပေ။ ဘယ်သူမှ အမြဲတမ်း အနိုင်မရနိုင်ပေ။

အသက်အရွယ် ကြီးရင့်လာမှု၊ ပြိုင်ပွဲဝင်နိုင်စွမ်း အတက်အကျရှိမှု၊ ဂိမ်းတစ်ခု ဆုတ်ယုတ်လာမှုနှင့် အခြားသော အချက်များကြောင့်... တစ်ချိန်က "နတ်ဘုရား" များအဖြစ် ကိုးကွယ်ခံခဲ့ရသော မရေမတွက်နိုင်သည့် ကစားသမားတို့သည် လူတို့၏ မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားကြရသည်။ မိမိတို့၏ ထိပ်ဆုံးရောက်နေသည့် အချိန်တွင် အနားယူနိုင်သူမှာ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင်ပင် နည်းပါးလှသည်။

ဂိမ်းစတူဒီယိုတစ်ခုက ပို၍ထိပ်တန်းကျလေ ပြိုင်ဆိုင်မှုမှာ ပို၍ ရက်စက်လေ ဖြစ်သည်။ သူတို့ အမြဲတမ်း လိုအပ်နေသည်မှာ ငယ်ရွယ်လန်းဆန်းသော သွေးသစ်များပင် ဖြစ်သည်... ။သူတို့သည် အလွန်မြင့်မားသော ပြိုင်ဆိုင်နိုင်စွမ်းနှင့် တက်ကြွသောစိတ်ဓာတ်ရှိသည့် လူသစ်တစ်စုကို လိုအပ်နေသည်... ။မည်သည့်အချိန်တွင်မဆို မြင့်မြတ်လှသော နတ်ဘုရားအဆင့် ကစားသမားတစ်ဦးကို အောက်သို့ ဆွဲချနိုင်မည့် လူမျိုးများကို လိုအပ်ပေသည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ရည်မှန်းချက်ကြီးသော ပါရမီရှင်တစ်ယောက်ပင်။ ဥပမာအားဖြင့်... ဖန်တွမ်ဒေါင်းကဲ့သို့သော သူမျိုး ဖြစ်သည်။

ယခုတစ်ကြိမ်တွင် အော်ဒါစတူဒီယိုသည် သည်းထိတ်ရင်ဖို သုခဘုံထဲသို့ လူအုပ်စု လေးစုကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ အုပ်စုတစ်ခုစီတွင် လူဆယ်ဦးပါဝင်ပြီး တစ်အုပ်စုလျှင် နာမည်ကြီး ကစားသမားတစ်ဦးမှ နှစ်ဦးအထိ ပါရှိသည်။ ကျန်သူများမှာ အခြေခံအားဖြင့် အတွေ့အကြုံရှိသော အလုပ်သမားအဆင့် ကစားသမားများ ဖြစ်ကြသည်။

ဖန်တွမ်ဒေါင်းမှာ ထိုအုပ်စုလေးစုထဲတွင် အသက် ၂၀ အောက်ရှိသော တစ်ဦးတည်းသော လူသစ် ဖြစ်သည်။ အော်ဒါသည် သူ့အပေါ် မျှော်လင့်ချက် ကြီးမားစွာ ထားရှိသဖြင့် သည်းထိတ်ရင်ဖို သုခဘုံထဲသို့ ပထမဆုံးအသုတ်တွင် ထည့်သွင်းစေလွှတ်ခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်မှာ သူ့ကို မည်သည့်တာဝန်မျှ မပေးထားပေ။ သူ စိတ်ဝင်စားသည့်အတိုင်းသာ ကစားရန် ပြောထားသည်။ သတ်ဖြတ်ခြင်းဂိမ်းစနစ်တွင် သူသည် ဖီးယားလတ်စ်ဦးဆောင်သော သုံးယောက်အဖွဲ့နှင့် မတော်တဆ ဆုံတွေ့ခဲ့လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ဤကလေးသည် ဘာကိုမှ ဂရုမစိုက်ဘဲ သူ့စီနီယာများအားလုံးကို သတ်ပစ်လိုက်လေသည်...။ သူ၏ ထင်ရာစိုင်းကာ မဆင်မခြင် ပြုမူမှုကြောင့် အဖွဲ့ခေါင်းဆောင်က သူ့ကို "အားလပ်ရက်" ပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

မှန်ပါသည်၊ ဖီးယားလတ်စ်မှာ သူတို့ထဲတွင် "အသန်မာဆုံး" ဟု မသတ်မှတ်နိုင်ပေ။ အော်ဒါရှိ နာမည်ကြီး ကစားသမားများစွာထဲတွင် ယခင်ဂိမ်းရလဒ်များအရ ဖြစ်စေ၊ ကျော်ကြားမှုအရ ဖြစ်စေ သူသည် ထိပ်ဆုံး ဆယ်ယောက်စာရင်းတွင်ပင် မပါဝင်ပေ။ သူ့အဖွဲ့သည် စမ်းသပ်ကာလအတွင်း အဆင့် ၂၀ သို့ ပထမဆုံးရောက်ရှိသည့် ကစားသမားဘွဲ့ကို ရယူနိုင်ခဲ့သော်လည်း အော်ဒါ၏ အမှန်တကယ် စွမ်းအားမှာ ထိုထက်မက ကြီးမားလှသည်။

လက်ရှိတွင် ဤအုပ်စုလေးစုကို 'ရှေ့ဆောင်အဖွဲ့များ' ဟုသာ ခေါ်ဆိုနိုင်ပြီး စတူဒီယို၏ အသန်မာဆုံး ကစားသမားများမှာမူ သူတို့၏ အကောင့်များကို မှတ်ပုံတင်ပြီး အိုင်ဒီများကို ရယူထားရုံသာ ရှိသေးသည်။ တစ်နည်းအားဖြင့် ပြောရလျှင်... အော်ဒါ၏ အမှန်တကယ် ကျွမ်းကျင်သူများကို ဤစီမံကိန်းအတွက် တရားဝင် တာဝန်ပေးအပ်ခြင်း မရှိသေးပေ။ အထက်လူကြီးများက စောင့်ကြည့်ရန် ဆုံးဖြတ်ထားကြသည်။ အနည်းဆုံးတော့ အိပ်မက်ကော်ပိုရေးရှင်းမှ ငွေကြေးလဲလှယ်မှုနှင့် ငွေပေးချေမှု ဝန်ဆောင်မှုများကို မဖွင့်လှစ်မီအထိ သူတို့၏ အကောင်းဆုံး ပါရမီရှင်များကို စေလွှတ်ရန် ဆုံးဖြတ်ဦးမည် မဟုတ်ပေ။

အခုလိုတွေ အများကြီး ပြောပြနေတာကြောင့် ခင်ဗျားတို့ အူကြောင်ကြောင် ဖြစ်နေနိုင်ပါတယ်။ ငါ ဒီကို ဘယ်လိုရောက်သွားတာလဲ။ ဖုန်းပုကြွယ်ရော ဘာဖြစ်သွားပြီလဲ။ နွတ်ကားမြို့က ဇာတ်လမ်းကရော။

ကောင်းပြီ ဒီစာပိုဒ်သုံးပိုဒ်ကို သုံးပြီး အကြောင်းအရာဆီ ပြန်သွားကြရအောင်။

စတူဒီယိုတွေအကြောင်း ပြောရမယ်ဆိုရင် ယခုတစ်ကြိမ် ဖုန်းပုကြွယ်ရဲ့ဇာတ်လမ်းမှာလည်း စတူဒီယိုတစ်ခုမှ အဖွဲ့ဝင်တွေ ပါပါတယ်။ သို့သော် သူသည် အော်ဒါကဲ့သို့ ဂိုဏ်းကြီးတစ်ခုမှ မဟုတ်ပေ။ သူသည် အစောပိုင်းက ကျွန်တော်ပြောခဲ့သလို တတိယတန်းစား စတူဒီယိုပိုင်ရှင်၊ မန်နေဂျာနှင့် ကစားသမားတစ်ယောက်သာ ဖြစ်သည်။

သူသည် အာတိုဘီဆမားပင် ဖြစ်သည်။

ကောင်းပါပြီ၊ ခင်ဗျားတို့ ခန့်မှန်းမိလောက်ပြီလို့ ယုံကြည်ပါတယ်။ မှန်ပါတယ်၊ သူ့ရဲ့ စတူဒီယို နာမည်က ‘ဟယိုတေး (Hyotei)’ ဖြစ်ပါတယ်။(TL note - အာတိုဘီနဲ့ ဟယိုတေးတို့က The Prince of Tennis animeထဲက ဇတ်ကောင်တွေပါ)

အာတိုဘီဆမားသည် လက်တွေ့ဘဝတွင် အသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကပင် တက္ကသိုလ်မှ ဘွဲ့ရခဲ့သူ ဖြစ်သည်။ သူ၏ ဖခင်ဖြစ်သူမှာ စက်ရုံပိုင်ရှင်တစ်ဦးဖြစ်သဖြင့် သူ့မိသားစုတွင် ငွေကြေးစုဆောင်းမှု အတော်လေး ရှိနေသောကြောင့် စတူဒီယိုတစ်ခု တည်ထောင်နိုင်ခြင်း ဖြစ်သည်။ အဆုံးသတ်တွင် ဂိမ်းစတူဒီယိုတစ်ခု ဖွင့်လှစ်ရန် ကုန်ကျစရိတ်မှာ ထိုမျှ မများလှပေ။ သူသည် နေရာတစ်ခုငှားရန်နှင့် ဂိမ်းစက်အနည်းငယ် ဝယ်ရန်သာ လိုအပ်သည်။ လူအင်အားအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း လျစ်လျူရှုနိုင်လောက်ပြီး ဝန်ထမ်းများမှာလည်း သူ၏ ကျောင်းနေဖက် သူငယ်ချင်းများသာ ဖြစ်ကြသည်။

ထို့အပြင် အာတိုဘီဆမား၏ လက်အောက်တွင် ဝန်ထမ်းသုံးဦးသာ ရှိသည်။ သူတို့ထဲမှ တစ်ဦးသည် လက်ရှိတွင် သူနှင့် ဇာတ်လမ်းတစ်ခုတည်း၌ ရှိနေသော ‘နာမည်ရွေးရတာ ခက်လိုက်တာ’ ဖြစ်ပြီး ကျန်နှစ်ဦးမှာလည်း ‘နာမည်ရွေးရတာ ခက်လိုက်တာ’ နှင့် ‘နာမည်ရွေးရတာ ခက်လိုက်တာ’ ဟူသော အမည်ဝှက်များ ရှိကြသည်။ အာတိုဘီဆမားသည် သူ့သူငယ်ချင်း သုံးဦးကို ဘီရာစီနှင့် ရှီနိုဘီကဲ့သို့သော အမည်ဝှက်များကို အသုံးပြုရန် အလေးအနက် တောင်းဆိုခဲ့သော်လည်း ရက်ရက်စက်စက်ပင် အငြင်းခံခဲ့ရသည်။ သူသည် သူတို့ကို လစာဖြင့် ခြိမ်းခြောက်ခဲ့သော်လည်း အာရူဘာ၏ ငြင်းပယ်ခြင်းကိုသာ ခံခဲ့ရသည်။

သူတို့၏ စတူဒီယိုသည် အလှည့်ကျစနစ်ဖြင့် အလုပ်လုပ်ရမည်ကို သိထားကြသဖြင့် အဖွဲ့နှစ်ဖွဲ့ ခွဲထားကြခြင်းဖြစ်သည်။ လက်ရှိတွင် ကျန်နှစ်ဦးသည် ဂိမ်းများကြား အနားယူနေသဖြင့် ညစာစားရန် အပြင်ထွက်သွားကြသည်။

အာတိုဘီဆမား၏ ဂိမ်းတွင်းရုပ်သွင်မှာ ဖြူဝင်းသော အသားအရေနှင့် ချောမောသော မျက်နှာရှိသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ပိန်ပါးပြီး အပြင်ရုပ်နှင့် သိပ်မကွာခြားလှပေ။ သို့သော် သူ့မျက်နှာ၏ အပြောင်းအလဲမှာကား ပို၍ သိသာပေသည်။

‘နာမည်ရွေးရတာ ခက်လိုက်တာ’ မှာမူ ခန္ဓာကိုယ်အသင့်အတင့်ရှိပြီး အာတိုဘီဆမားထက် အနည်းငယ် ပိုပုပေသည်။ သူ၏ ဂိမ်းတွင်းရုပ်သွင်မှာ သူ့နာမည်ကဲ့သို့ပင် ဖရိုဖရဲဖြစ်နေသော ခံစားချက်ကို ပေးစွမ်းသည်။ သူသည် သူ့ကိုယ်သူ ချောမောအောင် မလုပ်ရုံသာမက ကတုံးပါတုံးထားသေးသည်။ ဂိမ်းထဲတွင် ကတုံးဖြစ်ရသည့် ခံစားချက်ကို တွေ့ကြုံချင်၍ဟု သူကဆိုသည်။

အာတိုဘီဆမား၏ ဘွဲ့အမည်မှာ စနစ်၏ လှောင်ပြောင်မှုတစ်ခုဟု ထင်ရသည်။ သူ့ကို ဓားတစ်လက်သခင်ဟု ခေါ်သည်။ သူအသုံးပြုသော လက်နက်မှာ ဂျပန် ကင်တာနာဓားဖြစ်ပြီး ဝူရှဇာတ်ကားများထဲမှ ငါးကြော်လေးများသုံးသော လက်နက်နှင့် တူနေ၏။ ၎င်းမှာ သာမန်အရည်အသွေးသာရှိပြီး အထူးအာနိသင် သို့မဟုတ် စွမ်းရည်များ မရှိသော်လည်း အနည်းဆုံးတော့ စနစ်တကျလက်နက်တစ်ခု ဖြစ်သည်။

အာတိုဘီဆမား၏ ကျပန်းဘွဲ့အမည်နှင့် မတူဘဲ ‘နာမည်ရွေးရတာ ခက်လိုက်တာ’၏ ဘွဲ့မှာ ပိုမှတ်မိလွယ်သည်။ ၎င်းမှာ စကားလုံးလေးလုံးရှိပြီး ‘အပြင်ပန်း သန်မာသော်လည်း အတွင်းစိတ် အားနည်းသည်’ ဟု ဖြစ်သည်။ သူ၏ ကတုံးခေါင်းမှာကား သူ၏ ကြောက်ရွံ့မှုအမှတ်နှင့် အလွန်ပင် ဆန့်ကျင်ဘက် ဖြစ်နေလေသည်။ ထိုလူတွင် စနစ်တကျ လက်နက်ပင် မရှိပေ။ သူ့ကျောပိုးအိတ်ထဲတွင် ဘေ့စ်ဘောတုတ် နှစ်ချောင်းနှင့် သံချေးတက်နေသော သံပိုက်လုံး တစ်ခုသာ ရှိသည်။ ထိုအရာများကို သူ ဘယ်နေရာက ကောက်ရလာသလဲကိုတော့ သေချာမသိရပေ...။

သူတို့မှာ အတော်လေး ကံကောင်းကြသည်။ သူတို့ နှစ်ဦးသည် လမ်းတစ်ခုစီသာ ကွာသော နေရာများတွင် ဆင်းသက်ခဲ့ကြသဖြင့် မကြာမီ ဆုံတွေ့နိုင်ကြလိမ့်မည် ဖြစ်သည်။

ထိုနှစ်ယောက်လုံး အားကိုးမရပုံ ပေါက်နေသော်လည်း သူတို့တွင် ကိုယ်ပိုင်အားသာချက်များ ရှိကြသည်။ အကယ်၍ သူတို့သည် ဂိမ်းအကြောင်း ဘာမှမသိခဲ့ပါက စတူဒီယိုတစ်ခုကို ဘာကြောင့် တည်ထောင်မည်နည်း။ ထို့ကြောင့် အာတိုဘီဆမားသည် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်၏။ သူသည် တာဝန်ကို လျစ်လျူရှုကာ သူ့ကိုယ်သူ လက်နက်တပ်ဆင်ရန် သေနတ်ဆိုင်တစ်ဆိုင်ကို ရှာဖွေတော့သည်။

မြို့ကြီးကို ကြည့်ခြင်းအားဖြင့် ဤဇာတ်လမ်းသည် အမေရိကန်အင်ပါယာ၏ နယ်မြေပေါ်တွင် အခြေခံထားကြောင်း ရှင်းလင်းလှသည်။ ထို့ကြောင့် မြို့ထဲတွင် သေနတ်ဆိုင်တစ်ဆိုင် ရှိနေရန် ၈၀ ရာခိုင်နှုန်း သေချာပေသည်။ သူတို့တွင် လက်နက်ကြီးများ မရှိလျှင်ပင် သာမန်ပစ္စတိုများ၊ ရှော့ဂန်းများ၊ ရိုင်ဖယ်များ စသည်ဖြင့် ရှိနေနိုင်သည်။ သူတို့တွင် ကျည်ဆန်များ အမြောက်အမြား ရှိသဖြင့် အားလုံးမှာ တန်ဖိုးရှိလှသည်။

သူတို့ နှစ်ယောက်သည် လမ်းမအတိုင်း လျှောက်လာကြရာ အုပ်စုလိုက် သွားလာနေသော BW Zombie များကို တွေ့လိုက်ရသည်။ သို့သော် ၎င်းတို့မှာ ခြိမ်းခြောက်မှု သိပ်မရှိလှပေ။ သူတို့သည် ထိုသတ္တဝါများကို မတိုက်ချင်ပါက ဝိုင်းပတ်သွားလေ့ရှိသည်။ အကယ်၍ မရှောင်နိုင်ပါက ခေါင်းကို ပစ်ခတ်လေ့ရှိသည်။ ထိုမကောင်းဆိုးဝါးများသည် ကိုက်နိုင်သည့်အကွာအဝေးသို့ ရောက်လာလျှင် ပို၍ မြန်ဆန်လာနိုင်သော်လည်း သတိထား၍ တစ်ပြိုင်နက်တည်း သုံးကောင် သို့မဟုတ် ထိုထက်မက အဝိုင်းမခံရသရွေ့ သူတို့ကို သတ်ရန် လွယ်ကူလှသည်။

လမ်းနှစ်လမ်းခန့် လျှောက်ပြီးနောက် အာတိုဘီဆမားသည် ဖုန်းရုံတစ်ခုအတွင်းသို့ ဝင်လိုက်သည်။ သူဖုန်းကို ကိုင်လိုက်သော်လည်း လိုင်းက ကွဲပြားနေလေသည်။ အမှန်တကယ် လိုင်းချိတ်ဆက်နိုင်လျှင်ပင် သူမည်သူ့ကို ခေါ်ရမည်နည်း။ ၉၁၁ ကို ခေါ်ရမည်လား။ သူ ထိုနေရာသို့ သွားရသည့် အဓိကအကြောင်းရင်းမှာ ဖုန်းနံပါတ်စာအုပ်ကို ရှာဖွေရန် ဖြစ်သည်။ သုံးမိနစ်မှ ငါးမိနစ်ခန့် ရှာဖွေပြီးနောက် အာတိုဘီဆမားသည် အနီးဆုံး သေနတ်ဆိုင်၏ လိပ်စာကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့သည်။ သူနှင့် ‘နာမည်ရွေးရတာ ခက်လိုက်တာ’ တို့သည် ထိုနေရာသို့ သွားရန် ခြေလှမ်းများကို မြှင့်လိုက်ကြသည်။

နောက်ထပ်ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် သူတို့သည် သူတို့သွားမည့်နေရာသို့ ရောက်လုနီးပါး ဖြစ်လာသော်လည်း ထူးဆန်းသော အရာတစ်ခုကို သတိပြုမိလိုက်ကြသည်။

လမ်းမပေါ်တွင် BW Zombie အလောင်းပေါင်း ၃၀ ခန့် လဲလျောင်းနေသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။ အလောင်းတစ်ခုစီ၏ ဦးခေါင်းများမှာ ရိုက်ခွဲခံထားရပြီး ထိုအလောင်းများက သေနတ်ဆိုင်တံခါးအထိ တန်းစီနေလေသည်။

ဆိုင်ရှေ့ရှိ လမ်းမအလယ်တွင် နေ့ခင်းကြောင်တောင်ကြီးမှာပင် ‘Gatorade’ အမှတ်တံဆိပ်ပါရှိသော ရေခဲပုံးကြီးတစ်လုံး ရှိနေခဲ့သည်။ ထိုပုံးထဲတွင် အနီရောင်အရည်များဖြင့် ပြည့်နှက်နေပြီး ၎င်းဘေးရှိ မြေပြင်ပေါ်တွင် သွေးအိတ်ခွံများ ပြန့်ကျဲနေလေသည်။ သွေးညှီနံ့မှာ အလွန်ပြင်းထန်လှသဖြင့် လူသားတစ်ဦး၏ နှာခေါင်းဖြင့်ပင် အဝေးမှနေ၍ အနံ့ရနိုင်သည်။

ထို ‘သွေးပုံး’ ဘေးတွင်စပီကာ နှစ်လုံးကို ချထားပြီး ‘Matador March’ သီချင်းကို ကျယ်လောင်စွာ ဖွင့်ထား၏။ မြေပြင်ပေါ်ရှိ ဆွဲလာသည့် အမှတ်အသားများအရ ၎င်းတို့ကို လမ်းတစ်ဖက်တစ်ချက်ရှိ ဂီတဆိုင်တစ်ခုမှ ဆွဲထုတ်လာပုံရသည်။ လမ်းဘေးရှိ လျှပ်စစ်ဂျင်နရေတာတစ်ခုကိုလည်း ဖွင့်ထားသည်။ အတွင်းတွင် ဘာရှိသလဲဆိုတာကို မြင်ရန် ခက်ခဲသော်လည်း ဘာပဲဖြစ်ဖြစ် စပီကာ၏ လျှပ်စစ်ကြိုးမှာ ထိုနေရာအထိ သွယ်တန်းထား၏...။

“ဘာတွေ ဖြစ်နေတာလဲ”

မင်ကျိ(နာမည်ရွေးရတာ ခက်လိုက်တာ)က မေးလိုက်သည်။

အာတိုဘီဆမားသည်လည်း ဘာဖြစ်နေမှန်း မသိသော်လည်း သူ ပြန်မဖြေနိုင်မီ သွေးပုံးနောက်ရှိ ထောင့်တစ်ခုမှ BW Zombie တစ်ကောင် လွင့်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ထို့နောက် သွေးများပေကျံနေသော လူတစ်ယောက် ထိုနေရာမှ ထွက်လာလေသည်။ သူ့လက်တစ်ဖက်တွင် ချွန်ထက်သော ဓားတစ်လက်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင်မူ ဂွတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ သူ၏ ပခုံးနှစ်ဖက်စလုံးတွင် ကြက်သွန်ဖြူများကို သီကုံး၍ ချိတ်ဆွဲထားလေသည်။ ထို ‘ကြက်သွန်ဖြူ’ နှစ်ကုံးမှာ သူ့ရှေ့တွင် X ပုံစံ ဖြစ်နေပြီး ၎င်းတို့ နှစ်ခုစလုံးကို ဆေးနီများ ဆိုးထားလေသည်။

မက်တဒေါ (Matador) သီချင်း၏ ရစ်သမ်အတိုင်း သူသည် ‘Kung Fu Hustle’ ဇာတ်ကားထဲမှ ပုဆိန်ဂိုဏ်း၏ ကကွက်နှင့် ဆင်တူသော အကတစ်ခုကို ကနေ‌လေသည်။ သူ့နှုတ်ခမ်းများက အမည်မသိ အဖြူရောင်အရာဝတ္ထုတစ်ခုကို ပီကယ်ဝါးသလိုမျိုး ဝါးစားနေခဲ့သည်...။သူသည် BW Zombie ဆီသို့ သွက်လက်စွာ လျှောက်သွားလိုက်သည်။ ထို့နောက် မြေပြင်ပေါ်မှ ပြန်မထနိုင်သေးသော ထိုသတ္တဝါ၏ ဦးခေါင်းကို ရူးသွပ်စွာခုတ်ထစ်လိုက်ရာ အရိုးများ ကြေမွသွားပြီး သွေးများ နေရာအနှံ့သို့ လွင့်စင်သွားတော့သည်။

ထိုမကောင်းဆိုးဝါးကို သတ်ပြီးနောက် သူသည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်။ သူရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့် ရပ်နေသော အာတိုဘီဆမားနှင့် မင်ကျိတို့ကို တွေ့လိုက်ရသည်။

နှစ်ဦးသား ဖုန်းပုကြွယ်၏ အကြည့်နှင့် နှစ်စက္ကန့်ခန့် ဆုံသွားပြီးနောက် တစ်ပြိုင်နက်တည်း အော်ဟစ်ကာ နောက်သို့ လှည့်ပြေးကြတော့သည်။

“ပြေး”

“ပြေးဟ”

ဖုန်းပုကြွယ်သည် အချိန်မဆွဲဘဲ လိုက်လံ ဖမ်းဆီးတော့သည်။ သူသည် “ဘာလို့ ပြေးနေတာလဲ၊ ငါက ကစားသမားပါဟ” ဟု အော်ပြောချင်သော်လည်း သူ့ပါးစပ်ထဲတွင် ကြက်သွန်ဖြူများ ပြည့်နှက်နေသဖြင့် အသံထွက်ရန် ခက်ခဲနေ၏။

အခြားတစ်ဖက်တွင်မူ မင်ကျိသည် သူတို့နောက်သို့ လိုက်လာသော ထိုမကောင်းဆိုးဝါးကို မြင်သောအခါ သူ၏ ကြောက်ရွံ့မှုအမှတ်က အလွန်အမင်း မြင့်တက်သွားတော့သည်။ သူသည် ပြေးလွှားနေရင်း အာတိုဘီဆမားကို ပြောလိုက်သည်။

“သွားပြီ၊ သွားပြီ၊ သွားပြီ... တကယ်လို့ ဒီလူ ငါတို့ကို မိသွားရင် ငါတို့တော့ အသေပဲ၊ ဒါတွေ အားလုံး မင်းကြောင့်ပဲကွ၊ ဘာလို့ သေနတ်ဆိုင်ကို သွားချင်ရတာလဲ၊ သေနတ်ဆိုင် အဝင်ဝမှာ တကယ့်ကို မီနီဘော့စ်တစ်ကောင် ထားထားတာပဲ”

အာတိုဘီဆမားသည် သူတို့နောက်သို့ ချဉ်းကပ်လာသော ဖုန်းပုကြွယ်ကို မကြာခဏ လှည့်ကြည့်နေမိသည်။

“ဒါက ငါနဲ့ ဘာဆိုင်လို့လဲ၊ ဒီလိုရှိမှန်း ငါက ဘယ်လိုသိမှာလဲ”

သူ နောက်သို့ လှည့်ကြည့်လိုက်ပြန်သည်။

“ဒါနဲ့ ... ဒီလူက ငါတို့ထက် ပိုမြန်နေပုံပဲ”

“ငါလည်း သတိထားမိတယ်၊ သူက မယုံနိုင်စရာကောင်းလောက်အောင် မြန်လွန်းတယ်”

မင်ကျိက ညည်းတွားလိုက်သည်။

သူတို့နှင့် အကွာအဝေး ၂၀ မီတာခန့်တွင် ရှိနေသော ဖုန်းပုကြွယ်က သူတို့စကားဝိုင်းကို ကြားလိုက်ရသည်။ သူ တွေးလိုက်မိသည်မှာ ‘မှန်တာပေါ့၊ ငါ့မှာ ဂျက်ဇ် ဖိနပ်တွေ ရှိနေတာလေ၊ မင်းတို့ နှစ်ယောက်က ငါနဲ့ အပြေးပြိုင်ချင်နေတာလား’

မထင်မှတ်ဘဲ ထိုအချိန်တွင် အရှေ့မှ ပြေးနေသော လူနှစ်ဦးမှာ တစ်ပြိုင်နက် ပြောလိုက်ကြသည်။

“လူခွဲ ပြေးကြမယ်”

နောက်လမ်းဆုံအရောက်တွင် သူတို့သည် လမ်းခွဲကာ မတူညီသော လမ်းများအတိုင်း ပြေးသွားကြတော့သည်။

ဖုန်းပုကြွယ်သည် စိတ်ထဲအံ့အားသင့်သွားသည်။

‘ဒီလူနှစ်ယောက်က ဗျူဟာခင်းတာတော့ အတော်လေး တော်တာပဲ’

သူ အများကြီး မစဉ်းစားတော့ပေ။ သူသည် ဘယ်ဘက်သို့ လှည့်ကာ သူတို့ထဲမှ တစ်ဦးနောက်သို့ လိုက်လေတော့သည်။

ထိုသူမှာ အာတိုဘီဆမား ဖြစ်တော့သည်...။

“မကောင်းတော့ဘူး... ငါ သူ့ကို ရှုပ်ထွေးအောင် လုံးဝမလုပ်နိုင်ခဲ့ဘူးပဲ”

အာတိုဘီဆမားသည် သူ့ဘာသာ ရေရွတ်လိုက်သည်။

“ဟိုကတုံးလို ထင်ရှားတဲ့ ပစ်မှတ်နောက် မလိုက်ဘဲ ငါ့နောက်ကို တန်းတန်းမတ်မတ် လိုက်လာတာပဲ၊ ငါချောနေတာကပဲ ငါ့ကို သေမင်းဆီ ပို့တော့မှာပဲ”

ဖုန်းပုကြွယ် နီးသထက်နီးကပ်လာသည်ကို မြင်သောအခါ အာတိုဘီဆမား၏ ကြောက်ရွံ့မှုအမှတ်မှာ မြင့်တက်လာတော့သည်။ သူ ဖမ်းခံရတော့မည်ကို သူ သိလိုက်သည်။ ဤမီနီဘော့စ်၏ အသတ်ခံရမည့်အစား နောက်သို့လှည့်ကာ စွန့်စားကြည့်လိုက်ခြင်းက ပိုကောင်းပါဦးမည်။

ထိုသို့ တွေးတောရင်း သူ ရုတ်တရက် ရပ်တန့်လိုက်သည်။ သူသည် သူ့ဓားကို မြှောက်ကာ သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ဖုန်းပုကြွယ်ဆီသို့ ဝေ့ယမ်းလိုက်တော့သည်။

“ဟမ်”

ဖုန်းပုကြွယ် သူ့အနားသို့ ရောက်လာသောအခါ အာတိုဘီဆမားသည် သူ့လက်ထဲရှိ ဓားကို လှုပ်ရှားမရတော့သည်ကို သတိပြုမိလိုက်သည်။ သူ့လှုပ်ရှားမှုကို စနစ်က တားဆီးလိုက်ခြင်း ဖြစ်သည်။

ဖုန်းပုကြွယ်သည် သူ့ရှေ့တွင် ရပ်လိုက်ပြီး ဟောဟဲဆိုက်နေလေသည်။ သူသည် သူ့ကို စိုက်ကြည့်၍ ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။

“ငါ... ဟူး... ငါ... ငါက... ဟူး... ဟူး... ဟူး... ငါတို့က တစ်ဖွဲ့တည်းသားတွေပါ၊ မင်းက [Beep —] ပဲကွ”

‘အရူး’ ဆိုသည့် စကားလုံးကို စနစ်က ‘ဘိ’ဟု အသံဖျောက်လိုက်ခြင်း ဖြစ်သည်။ သီအိုရီအရ ပြောရလျှင် ဖုန်းပုကြွယ်သည် သူ့ရည်ရွယ်ချက်ကို လက်တွေ့ဖြစ်လာအောင် မလုပ်နိုင်သင့်ပေ။ သို့သော် အသံဖျောက်ထားသဖြင့် သူသည် စော်ကားလိုစိတ်ဖြင့် ပြောခြင်းမဟုတ်ဘဲ လှောင်ပြောင်လိုသည့် လေသံဖြင့်သာ ပြောခြင်းဖြစ်ကြောင်း သိနိုင်သည်။

“ဟမ်”

အာတိုဘီဆမားတစ်ယောက်သည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး နှုတ်ခမ်းများမှာလည်း တုန်ယင်နေလေသည်။

“ဟား... ဟားဟား... ငါ... ငါ တောင်းပန်ပါတယ်”

သူ တောင်းပန်လိုက်သည်။

All Chapters