အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း (၄၉)
ဖုန်းပုကြွယ်က မင်ကျိကို လိုက်မဖမ်းတော့သဖြင့် မင်ကျိသည်လည်း သူ့နောက်တွင် ဘယ်သူမရှိတော့သည်ကို မြင်သောအခါ အရှိန်လျှော့လိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် မင်ကျိက ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကြည့်၏။ ဖုန်းပုကြွယ်သည် အာတိုဘီဆမားကို ဖမ်းမိသွားသည်ကို သူ မြင်လိုက်ရသည်။ အာတိုဘီ ချက်ချင်းအသတ်ခံရတော့မည်ဟု သူ ထင်ခဲ့သော်လည်း ထိုနှစ်ယောက်မှာ တိုက်ခိုက်ခြင်း မရှိကြပေ။
နှစ်မိနစ်ခန့် ကြာပြီးနောက် ထိုနှစ်ယောက်သား ဘေးချင်းယှဉ်ကာ လမ်းလျှောက်ပြန်လာကြသည်။ အာတိုဘီဆမား သူအဆင်ပြေကြောင်း အချက်ပြသည့်အနေဖြင့် မင်ကျိကို လက်ဝှေ့ယမ်းပြလိုက်သေးသည်။
မကြာမီတွင် သူတို့သုံးယောက်လုံး သေနတ်ဆိုင်အပြင်ဘက်ရှိ လမ်းမပေါ်သို့ ပြန်ရောက်လာကြသည်။ ဖုန်းပုကြွယ်က အသံချဲ့စက်ကိုပိတ်လိုက်ပြီး သူတို့ကို အခြေအနေများ ရှင်းပြလိုက်သည်။
“ကဲ... စမ်းသပ်ချက်တချို့ လုပ်ပြီးတဲ့နောက်တော့ ဒီ BW Zombie တွေရဲ့ အဓိကလက္ခဏာတွေကို ငါ အခြေခံအားဖြင့် နားလည်သွားပြီ၊ ဇာတ်လမ်းမိတ်ဆက်မှာ ပြောသွားခဲ့ပေမဲ့လည်း မင်းတို့ကို အသေးစိတ် ထပ်ရှင်းပြတာ ပိုကောင်းမယ်လို့ ငါထင်တယ်၊ ပထမဆုံးအနေနဲ့ သူတို့မှာ ကြက်သွန်ဖြူနံ့ကို အရမ်းမုန်းတီးတဲ့ စိတ်ရှိကြတယ်၊ ဒါက ငါတို့ မျက်ရည်ယိုဗုံးအနံ့ ရသလိုမျိုး ခံစားချက်မျိုးပဲ၊ ကြက်သွန်ဖြူအစိမ်းရဲ့ အာနိသင်က သာမန်ပဲ၊ ဒါပေမဲ့ ပါးစပ်ထဲ ဝါးလိုက်ပြီးနောက် ထွက်လာတဲ့ အနံ့ဆိုးကတော့ အရမ်းထိရောက်တယ်”
မင်ကျိသည် ဖုန်းပုကြွယ်ကိုယ်ပေါ်ရှိ သွေးများကိုလည်းကောင်း၊ သူ့ရင်ဘတ်တွင် နီရဲနေသော ကြက်သွန်ဖြူ နှစ်တွဲကိုလည်းကောင်း ကြည့်ကာ မေးလိုက်သည်။
“အစ်ကိုကြီး... ငါ ဒါကို မေးမလို့ပဲ၊ မင်းတစ်ကိုယ်လုံးမှာ သွေးတွေ ပေကျံနေတာပဲ... ရောဂါကူးစက်ခံရမှာ မကြောက်ဘူးလား”
ဖုန်းပုကြွယ်သည် အတော်အတန် သန့်ရှင်းနေသော သူ့မျက်နှာကို ညွှန်ပြလိုက်သည်။
“ဒီမကောင်းဆိုးဝါးတွေရဲ့ ကိုယ်ခန္ဓာအရည်တွေ ငါ့မျက်လုံးနဲ့ ပါးစပ်ထဲ မဝင်အောင် သတိထားရုံပါပဲ”
သူသည် သူ့အဝတ်အစားများကို ညွှန်ပြကာ ဆက်ပြောသည်။
“ဒါကတော့... ကြည့်ရတာ နည်းနည်းပိုနေတယ်လို့ ထင်ရပေမဲ့ ဒါတွေအားလုံးက မကောင်းဆိုးဝါးရဲ့ သွေးတွေ မဟုတ်ပါဘူး၊ အစောပိုင်းက သွေးတွေကို ပုံးထဲလောင်းထည့်တုန်းက တချို့တလေလောက် ငါ့ကိုယ်ပေါ် စင်သွားလို့ပါ”
ထို့နောက် သူသည် ကြက်သွန်ဖြူအပြည့်ပါသော ပလတ်စတစ်အိတ်တစ်အိတ်ကို ထုတ်ကာ မြေပြင်ပေါ် တင်လိုက်သည်။ ထိုအိတ်ထဲတွင် သန့်ရှင်းသော ကြက်သွန်ဖြူများ ပါရှိနေသည်။
“ငါ့ကိုယ်ပေါ်မှာ ချိတ်ဆွဲထားတဲ့ ဒီနှစ်တွဲကတော့ ကိုက်ခံရမှာကိုကာကွယ်ဖို့ နောက်ဆုံးခံစစ်ပဲ၊ ဒါကြောင့် စားဖို့အတွက် ကြက်သွန်ဖြူတွေကိုတော့ အိတ်ထဲမှာပဲ သိမ်းထားတာ၊ မင်းတို့လည်း အိတ်တစ်အိတ်စီ ရှာပြီး ခွဲယူကြပေါ့၊ တိုက်ပွဲအတွင်း ပါးစပ်ထဲမှာ ကြက်သွန်ဖြူ ရှိနေသရွေ့ အဲ့ဒီသတ္တဝါတွေက မင်းတို့ကို မခုခံနိုင်တော့ဘူး”
“အင်း... ငါလည်း တစ်ခုလောက် ယူမယ်၊ တစ်ဥကို ခြောက်မွှာ ဒါမှမဟုတ် ခုနစ်မွှာလောက် ခွဲလို့ရတယ်၊ တကယ်လို့ မလောက်ရင် မင်းဆီက ထပ်တောင်းတာပေါ့”
မင်ကျိက ပြန်ဖြေသည်။
အာတိုဘီဆမားကမူ မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
“ငါတော့ မလိုဘူး၊ ကျေးဇူးပဲ”
“မင်းတို့ နှစ်ယောက်က ကြက်သွန်ဖြူနံ့ကို သိပ်ကြိုက်ပုံမရဘူးပဲ”
ဖုန်းပုကြွယ်က အလေးအနက် ပြောလိုက်သည်။
“ခေါက်ဆွဲပြုတ်ထဲမှာ ကြက်သွန်ဖြူထည့်စားတာက ဘယ်လောက် အရသာရှိလဲဆိုတာ မင်းတို့ သိရဲ့လား”
“မသိဘူး”
သူတို့ နှစ်ဦးက တစ်ပြိုင်နက်တည်း ပြန်ဖြေကြသည်။
“ဟား...”
ဖုန်းပုကြွယ်သည် သူတို့မျက်နှာဆီသို့ အလွန်ရိုင်းစိုင်းသော အမူအရာဖြင့် အနံ့ဆိုးများ ပါသော လေတစ်ချက် မှုတ်ထုတ်လိုက်သည်။
“ငါတို့က မကောင်းဆိုးဝါးတွေ မဟုတ်ဘူးလေ၊ မင်း ဘာလုပ်နေတာလဲ”
ဖုန်းပုကြွယ်က ချက်ချင်းပင် “ဒါဆိုရင် BW Zombie တွေရဲ့ လက္ခဏာရပ်တွေအကြောင်း ဆက်ပြောကြရအောင်”
“စကားလမ်းကြောင်း ပြောင်းတာ မြန်လိုက်တာ...”
“နေရောင်ခြည်က သူတို့ကို နှေးကွေးစေတယ်”
ဖုန်းပုကြွယ်က သူ့ရှင်းပြချက်ကို ဆက်ပြောသည်။
“သူတို့ရဲ့ လှုပ်ရှားမှုတွေက မှော်မိန်းကလေးတစ်ယောက် အသွင်ပြောင်းနေသလိုမျိုးကို နှေးကွေးနေတာ၊ သူတို့က အဝတ်အစားတွေ ချွတ်ပြီးတဲ့အထိ... အို့ မဟုတ်ပါဘူး၊ သူတို့က တိုက်ခိုက်လာတဲ့အချိန်မှာ ငါက လျှာလိမ်စကားတွေကို နှစ်ကြောင်းလောက်တောင် ရွတ်ပြီးနေပြီ”
“မင်းက အတော်လေး ဗဟုသုတကြွယ်ဝတာပဲ...”
ဖုန်းပုကြွယ် လမ်းမပေါ်ရှိ အလောင်းများကို လှမ်းကြည့်လိုက်သည်။
“ခေါင်းဖြတ်လိုက်တာက သူတို့ရဲ့ ကိုယ်ခန္ဓာကို မလှုပ်ရှားနိုင်အောင် လုပ်နိုင်ပေမဲ့ သူတို့ရဲ့ ဦးခေါင်းတွေကတော့ ဆက်အသက်ရှင်နေဦးမှာပဲ၊ ငါ့ရဲ့ စမ်းသပ်ချက်တွေအရတော့ သူတို့ရဲ့ နောက်စိကို ရိုက်ခွဲတာ ဒါမှမဟုတ် သူတို့ဦးနှောက်ရဲ့ တစ်ဝက်လောက်ကို ဖောက်ထုတ်ပစ်တာမျိုး လုပ်မှပဲ သူတို့ သေသွားမှာ”
ထိုသို့ပြောနေစဉ် သူသည် ပစ္စည်းသိုလှောင်အိတ်ထဲမှ ရှော့ဂန်းတစ်လက်ကို ထုတ်ယူလိုက်သည်။ သူ ထိုလက်နက်ကို အားရကျေနပ်စွာ ကြည့်ရှုလိုက်သည်။
“ဒါက သေနတ်ဆိုင်မှာ ငါတွေ့ခဲ့တဲ့ ဝင်ချက်စတာပဲ၊ အတော်လေး ထိရောက်တဲ့ လက်နက်တစ်ခုပေါ့၊ အနီးကပ်မှာ ခေါင်းကို မထိရင်တောင် ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကို အပေါက်ကြီး ဖြစ်သွားအောင် လုပ်နိုင်တယ်၊ ဒါက ပစ္စတိုထက် အများကြီး ပိုထိရောက်တယ်”
“ဟုတ်သားပဲ၊ သေနတ်ဆိုင်”
အာတိုဘီဆမား၏ မျက်လုံးများ ဝင်းပသွားသည်။
“ငါ အဲ့ဒါကို မေ့လုနီးပါး ဖြစ်သွားတယ်၊ အရင်ဆုံး ကိရိယာတွေ သွားရှာကြစို့”
သူ ဖုန်းပုကြွယ်ကို လက်ဝှေ့ယမ်းပြပြီး မင်ကျိနှင့်အတူ သေနတ်ဆိုင်အတွင်းသို့ ပြေးဝင်သွားတော့သည်။ ထိုနှစ်ယောက်သည် အလွန်ပင် ကိရိယာပြတ်လပ်နေသော ကစားသမားများ ဖြစ်ကြသည်။ သူတို့သည် ထူးကဲအဆင့်ရှိသော ကိရိယာမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။ သူတို့အတွက်တော့ လက်နက်အေး (တုတ်၊ဓား) များမှ သေနတ်များအဖြစ် အဆင့်မြှင့်တင်နိုင်ခြင်းသည်ပင် ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်ပေသည်။ ဖုန်းပုကြွယ်ကဲ့သို့ အဆင့်နိမ့်နေချိန်တင် ထူးကဲအဆင့် ကိရိယာလေးခုအထိ ပိုင်ဆိုင်ထားပြီး တစ်ခုမှာ တပ်ဆင်ရန် လိုအပ်ချက် မပြည့်သေးသဖြင့် ပစ္စည်းစာရင်းထဲတွင် သိမ်းထားရသည်ဟူသော အခြေအနေမျိုးကို တခြားသူများအနေဖြင့် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေလိမ့်မည်။
အာတိုဘီဆမားနှင့် မင်ကျိတို့ သေနတ်ဆိုင်အတွင်း ပြေးဝင်သွားသောအခါ ရှုပ်ထွေးနေသည်ကို တွေ့လိုက်ရသည်။ နံရံပေါ်ရှိ စင်များသည် အများအားဖြင့် ဗလာဖြစ်နေပြီး စင်များပေါ်နှင့် ကြမ်းပြင်ပေါ်တွင် သေနတ်အစိတ်အပိုင်းများစွာ ပြန့်ကျဲနေလေသည်။ ဘားကောင်တာ နောက်ရှိ တံခါးမှာလည်း မွှေနှောက် ရှာဖွေခံထားရပုံရသည်။
ဖုန်းပုကြွယ်သည် သူတို့နောက်မှ လိုက်ဝင်လာပြီး တည်ငြိမ်သော လေသံဖြင့် ဆက်ပြောသည်။
“ဒီဇာတ်လမ်းရဲ့ သတ်မှတ်ချက်အရ မြို့ထဲမှာ ဗိုင်းရပ်စ်တွေ ပျံ့နှံ့သွားပြီးနောက် သေနတ်ဆိုင်ကတော့ မွှေနှောက်ခံထားရမှာပဲ၊ ဂိမ်းရဲ့ ခက်ခဲမှုအဆင့်အရ ငါတို့အတွက် လက်နက်တွေ အများကြီး ရွေးချယ်ခွင့် ပေးထားမှာ မဟုတ်ဘူး”
အာတိုဘီဆမားသည် ဖုန်းပုကြွယ် ပြောသည်ကို ကြားပုံမရပေ။ သူသည် ကြမ်းပြင်ပေါ်ရှိ ပစ္စတို နှစ်လက်ကို စိတ်လှုပ်ရှားစွာ ကောက်ယူရင်း သူ၏ ပစ္စည်းသိုလှောင်အိတ်ထဲသို့ ထည့်လိုက်တော့သည်။ ထို့နောက် ‘TMP’ တစ်လက်ကို ကောက်ယူကာ ပြုံးလျက် ပြောလိုက်သည်။
“ငါတို့တော့ ချမ်းသာပြီဟေ့”
မင်ကျိသည် သူ့ကျောပိုးအိတ်ထဲမှ ဘေ့စ်ဘောတုတ် တစ်ချောင်းနှင့် သံချေးတက်နေသော သံပိုက်လုံးတို့ကို အပြင်သို့ လွှင့်ပစ်လိုက်သည်။ သူသည်လည်း ပစ္စတိုနှစ်လက်ကို ကောက်ယူ သိမ်းဆည်းလိုက်သည်။ ထို့နောက် ‘UMP45’ စက်သေနတ်တစ်လက်ကို ပခုံးတွင် ချိတ်လိုက်သည်။ သူ့မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် ဝင်းပနေတော့သည်...။
သူတို့နှစ်ယောက်သည် သာမန်အရည်အသွေးရှိသော လက်နက်အချို့ ရရှိလိုက်သဖြင့် ရုတ်တရက် ချမ်းသာသွားသလိုမျိုး ခံစားနေကြရသည်။ အမှန်အတိုင်း ပြောရလျှင် ၎င်းမှာ အတော်လေး ရှက်စရာကောင်းလှသည်။ တကယ့် ပရော်ဖက်ရှင်နယ်ကစားသမားများနှင့် နှိုင်းယှဉ်လျှင် ဟယိုတေးနှင့် မင်ကျိတို့မှာ အပျော်တမ်း ကစားသမားများသာ ဖြစ်ကြသည်။ သူတို့၏ စိတ်ဓာတ်နှင့် ကျွမ်းကျင်မှုသည်လည်း အပျော်တမ်းအဆင့်တွင်သာ ရှိသေးသည်။
ဖုန်းပုကြွယ်၏ သတိပေးမှုကြောင့် နှစ်ဦးသား အရေးကြီးသော အရာတစ်ခုကို သတိရသွားကြသည်။ သူတို့သည် အိတ်ကပ်ထဲသို့ ထည့်ထားသောပစ္စတိုများကို ကိုးရိုးကားရားဖြင့် ပြန်ထုတ်လိုက်ကြသည်။ ကျည်ဆန်အရွယ်အစားကို ကြည့်ကာ ၎င်းနှင့် ကိုက်ညီသော ကျည်ဆန်များကို ရှာဖွေကောက်ယူလိုက်ကြသည်။
သူတို့သုံးယောက် လမ်းမပေါ်သို့ ပြန်ထွက်လာသောအခါ နောက်ထပ် BW Zombie လေးငါးကောင်ခန့် ထပ်မံ ရောက်ရှိလာပြန်သည်။ ဖုန်းပုကြွယ်က ထိုဇွန်ဘီးများကို ပစ်မှတ်ထား၍ သူတို့၏ သေနတ်ပစ်စွမ်းရည်ကို လေ့ကျင့်ရန်နှင့် သေနတ်များကို အသားကျအောင် လုပ်ရန် အကြံပေးလိုက်သည်။ ထိုနှစ်ယောက်မှာ အစပိုင်းတွင် ဖရိုဖရဲ ဖြစ်နေပြီး သေနတ်ကို ဘယ်လိုပစ်ရကြောင်း အချိန်အတော်ကြာအောင် စမ်းသပ်ခဲ့ရသည်။ သူတို့ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့သောအခါ ၁၀ မီတာခန့် အကွာအဝေးမှ ပစ်မှတ်ကို မထိနိုင်ကြသည်ကို တွေ့လိုက်ရသည်။ ကျည်ဆန်များမှာ ဘယ်ဆီဘယ်ဝယ် လွင့်ထွက်သွားမှန်း မသိရပေ။ သို့သော် အကွာအဝေးကို ငါးမီတာအထိ လျှော့ချလိုက်သောအခါတွင်မူ ထိမှန်မှုနှုန်းမှာ အတော်လေး မြင့်တက်လာလေသည်။
ထိုဇွန်ဘီးများကို ရှင်းလင်းပြီးနောက် ဖုန်းပုကြွယ်က ဆိုသည်။
“ငါ ဘယ်နား ရောက်သွားလဲ... အိုး ဟုတ်သား၊ နောက်ထပ် လက္ခဏာရပ် တစ်ခုကတော့...”
သူသည် သူ့အတွေးများကို စုစည်းရန် ခဏရပ်လိုက်သည်။
“သွေးစုပ်ဖုတ်ကောင်တွေရဲ့ သွေးဆာလောင်မှုက ဒီ BW Zombie တွေဆီမှာလည်း ရှိနေတယ်၊ သူတို့က သွေးနံ့နောက်ကို လိုက်ကြတာ၊ ဒါပေမဲ့ ဒါက ရောဂါပိုး မကူးစက်ရသေးတဲ့ သာမန်လူရဲ့ သွေးပဲ ဖြစ်ရမယ်၊ ဒီအချက်မှာတော့... သူတို့က အနံ့ခံအာရုံကိုသုံးပြီး ခွဲခြားကြတာလို့ ငါယုံကြည်တယ်၊ ဒီ BW Zombie တွေရဲ့ အနံ့ခံအာရုံက ဝံပုလွေလူသားအစစ်တွေလောက် မကောင်းပေမဲ့ သာမန်ဇွန်ဘီးတွေထက်တော့ အများကြီးပိုကောင်းတယ်၊ တကယ်လို့ ငါ့လို အသက်ရှင်နေတဲ့ လူတစ်ယောက်က သူတို့ရဲ့ မီတာ ၅၀ ပတ်လည်မှာ ပေါ်လာမယ်ဆိုရင် သူတို့က ငါ့ကို မြင်စရာမလိုဘဲ အနံ့ခံပြီး ရှာတွေ့နိုင်တယ်၊ လေထဲမှာ ပျံ့နှံ့နေတဲ့ သာမန်လူသားရဲ့ သွေးနံ့ကိုတော့ တစ်ကီလိုမီတာ အကွာအဝေးကနေတောင် ရနိုင်ပြီး အဲ့ဒီနေရာဆီကို အတင်း လိုက်လာကြလိမ့်မယ်”
“ဒါတော့ မဖြစ်နိုင်ဘူးထင်တယ်၊ ဒီမြို့ထဲမှာ လူသတ်မှုတွေ အများကြီး ဖြစ်ထားတာလေ၊ သူတို့က လူသားရဲ့ သွေးပုံးတစ်ပုံးကို တခြားအနံ့တွေထဲကနေ ခွဲခြားနိုင်မှာလား”
အာတိုဘီဆမားက သွေးပုံးကို ကြည့်ကာ မေးလိုက်သည်။
“ဒါက သာမန်ပါပဲ၊ ထက်မြက်တဲ့ အနံ့ခံအာရုံရဲ့ လက္ခဏာတစ်ခုက အနံ့တွေကို ခွဲခြားနိုင်စွမ်း ရှိတာပဲ၊ ဥပမာအားဖြင့် Blood Hounds လို အမဲလိုက်ခွေးမျိုးတွေက အနံ့ရဲ့ ပါဝင်မှုကို မော်လီကျူးအဆင့်အထိ ခွဲခြမ်းစိတ်ဖြာနိုင်ကြတယ်”
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
“ဥပမာပြောရရင် မင်းက မစင်ပုံတစ်ပုံကို အနံ့ရရင် အလွန်ဆုံးသိမှာက ဒါက နံတယ်ဆိုတာပဲ၊ ဒါပေမဲ့ ထက်မြက်တဲ့ အနံ့ခံအာရုံရှိတဲ့ သတ္တဝါတစ်ကောင်က အနံ့ခံလိုက်ရင် အဲ့ဒီလူက မနေ့က ဘာစားခဲ့လဲဆိုတာအထိ သူတို့ သိနိုင်တယ်”
“အခု ငါသိချင်တာက မင်းသုံးလိုက်တဲ့ အဲ့ဒီစကားလုံးက ဘာလို့ ဆင်ဆာဖြတ်မခံရတာလဲ ဆိုတာပဲ”
အာတိုဘီဆမားက ဆိုသည်။
“ဒါက သာမန်အခြေအနေမှာ ‘မစင်’ ဆိုတဲ့ စကားလုံးကို စနစ်က မယဉ်ကျေးတဲ့ စကားလုံးလို့ မသတ်မှတ်ထားတာကို ပြတာပဲ၊ ဒါက နာမ်တစ်ခုသက်သက်ပဲ”
ဖုန်းပုကြွယ်က ပြောသည်။
“ငါ့ရဲ့ ခန့်မှန်းချက်အရ ဒီဂိမ်းထဲက တချို့အခြေအနေတွေမှာ ဒီအရာက ဆွေးနွေးစရာ အကြောင်းအရာတစ်ခု ဖြစ်လာလိမ့်မယ်၊ ဥပမာအားဖြင့်... တချို့ကျပန်းဇာတ်လမ်းတွေမှာ ကစားသမားတွေက အဲ့ဒီထဲမှာ နစ်သွားနိုင်တာမျိုး...”
“ငါ ဘာမှမကြားဘူး... ငါ ဘာမှမကြားဘူး...”
အာတိုဘီဆမားသည် သူ့နားများကို အမြန်ပိတ်လိုက်ပြီး ထပ်ခါတလဲလဲ ရေရွတ်နေတော့သည်။
ဖုန်းပုကြွယ် ပုခုံးတွန့်လိုက်ပြီး ထိုရွံရှာဖွယ်ရာ အကြောင်းအရာကို ဆက်မပြောတော့ပေ။ ယင်းအစား သူက စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“မင်းတို့ကို တွေ့လိုက်ရတော့ အရာအားလုံး ပိုလွယ်သွားပြီ၊ ဒီဇာတ်လမ်းရဲ့ အချိန်က နေ့လယ် ၂ နာရီခွဲ ရှိနေပြီ၊ မင်းတို့ ဒီနေရာကို အခြေစိုက်စခန်းအဖြစ်သုံးပြီး မကောင်းဆိုးဝါးတွေကို တတ်နိုင်သမျှ အများဆုံး သတ်ဖြတ်ဖို့ ကြိုးစားကြည့်ကြပေါ့၊ ဘာပဲဖြစ်ဖြစ် သေနတ်ဆိုင်က ဘေးနားတင် ရှိနေတာပဲ၊ သေနတ်တွေ အများကြီးမကျန်တော့ရင်တောင် ကျည်ဆန်တွေကတော့ လုံလုံလောက်လောက် ရှိနေဦးမှာပါ”
“ငါကတော့ တခြားလူတွေကို သွားရှာဦးမယ်၊ သူတို့ကို ရှာတွေ့ရင် ဒီကို ခေါ်လာခဲ့မယ်”
သူ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“သူတို့ကို ရှာတွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ နေမဝင်ခင်တော့ ငါ ပြန်လာခဲ့မယ်”
သူ တစ်စုံတစ်ခုကို သတိရသွား၏။
“ဪ ဒါနဲ့... အသံကလည်း မကောင်းဆိုးဝါးတွေကို ဆွဲဆောင်နိုင်တဲ့ အာနိသင်ရှိတယ်၊ ငါ ထွက်သွားပြီးရင် မင်းတို့ အသံချဲ့စက်ကို ပြန်ဖွင့်ထားလိုက်လို့ ရတယ်”
“ခဏလေး”
မင်ကျိက ပြောလိုက်သည်။
“ငါ အစကတည်းက မေးမလို့ပဲ၊ ဒီနေရာမှာ...”
သူ့အကြည့်များက ရေခဲပုံးများ၊ သွေးအိတ်ခွံများနှင့် အသံချဲ့စက်စနစ်တို့ဆီသို့ ရောက်ရှိသွားသည်။
“ဒါတွေအားလုံးကို မင်းတစ်ယောက်တည်း ဘယ်လိုလုပ်လိုက်တာလဲ”
“ယေဘုယျအားဖြင့်တော့... ငါ သေနတ်ဆိုင်ကို မလာခင် လမ်းနှစ်ခုလောက်အကွာက ဆေးရုံကို အရင်သွားခဲ့တယ်၊ အဲ့ဒီအချိန်မှာ ဆေးဝါးလိုမျိုး ပစ္စည်းတွေ ရှိမလားလို့ သွားကြည့်ရင်းနဲ့ လူသွေးက မကောင်းဆိုးဝါးတွေကို ဆွဲဆောင်နိုင်မှန်း မတော်တဆ သိခဲ့ရတာ၊ ဆေးရုံမှာ ရှာဖွေပြီးတဲ့နောက် ဒီကို ရောက်လာပြီး ဒီနေရာကို ယာယီအခြေစိုက်စခန်းအဖြစ်သုံးဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒါကြောင့် အနီးနားက စူပါမားကတ်ကိုသွားပြီး တွန်းလှည်းတစ်စီးယူပြီး ဆေးရုံအထိ ပြန်သွားခဲ့တယ်၊ ပြီးတော့ ငါက တိုက်ခိုက်ရင်း အထဲဝင်သွားပြီး သွေးစုဘဏ်ကို ရှာတွေ့ခဲ့တယ်၊ တံခါးကို ဖျက်ဆီးပြီး ရေခဲသေတ္တာထဲက သွေးအိတ်ဆယ်အိတ်လောက်ကို ယူခဲ့တယ်၊ တွန်းလှည်းပေါ်တင်ပြီး ဒီကို ပြန်သယ်လာခဲ့တာပေါ့၊ အဲ့ဒီနောက်တော့ လမ်းတစ်ဖက်က ဆိုင်ကနေ ရေခဲပုံးတွေကို သယ်လာပြီး သွေးတွေနဲ့ ဖြည့်လိုက်တယ်၊ အသံချဲ့စက်ကိုလည်း လမ်းတစ်ဖက်က ဆိုင်ကနေပဲ သွားယူခဲ့တာ၊ တစ်ချက်က အသံက မကောင်းဆိုးဝါးတွေကို ဆွဲဆောင်နိုင်တယ်၊ နောက်တစ်ချက်ကတော့ မကောင်းဆိုးဝါးတွေ လာတဲ့အကြိမ်ရေက သိပ်မများတော့ သူတို့ကို ထိုင်စောင့်နေရတာ ပျင်းစရာကောင်းလို့ပါ...”
ဖုန်းပုကြွယ်က သွက်လက်စွာ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် မင်းတို့ ဒီမှာနေပြီး စိတ်အေးလက်အေး သတ်ဖြတ်လို့ ရပါတယ်၊ ဒီဇာတ်လမ်းရဲ့ အချိန်ကန့်သတ်ချက်က အတော်လေး လျော့ရဲပါတယ်၊ ဒါကြောင့် ငါတို့ရဲ့ ကျွမ်းကျင်မှုအဆင့်ကို တတ်နိုင်သမျှ မြှင့်တင်ဖို့နဲ့ ကျွမ်းကျင်မှုအမှတ်တွေ ပိုရအောင် ဒီအခွင့်အရေးကို အသုံးချသင့်တယ်”
ထိုသို့ပြောပြီးနောက် သူသည် လက်ဝှေ့ယမ်းကာ လှည့်ထွက်သွားတော့သည်။ ထို ‘ပရော်ဖက်ရှင်နယ် ကစားသမား’ နှစ်ဦးမှာမူ ထိုလူထွက်သွားသည်ကို ကြောင်အမ်းအမ်းဖြင့် ပါးစပ်အဟောင်းသား ကြည့်နေမိတော့သည်။
အခန်း (၅၀)
ဖုန်းပုကြွယ်နှင့် နှိုင်းယှဉ်လျှင် ဝမ်တန်ကျိမှာ ထိုမျှ စိတ်အေးလက်အေး ဖြစ်မနေပေ။ ရိုးသားဖြောင့်မတ်သော သူတစ်ယောက်ဖြစ်သည့်အတိုင်း သူသည် ဆင်းသက်လာပြီးနောက် သိပ်များများစားစား မစဉ်းစားတော့ဘဲ ပင်မတာဝန်ဆီသို့သာ အပြေးအလွှား သွားရောက်ခဲ့သည်။
သူသည် ရိုးအသော်လည်း သူ့အကောင်အထည်ဖော်နိုင်စွမ်းမှာမူ မဆိုးလှပေ။ မကြာမီတွင် သတင်းစာအရောင်းဆိုင်တစ်ခုမှ မြို့မြေပုံကို ရရှိခဲ့ပြီး အာလာမူကုမ္ပဏီ၏ လိပ်စာကို ရှာဖွေတွေ့ရှိခဲ့သည်။ ရှောင်တန်သည် သူ့အသင်းဖော်များလည်း ထိုနေရာသို့ လာကြလိမ့်မည်ဟု တွေးထားသဖြင့် ထိုအဆောက်အအုံသို့ တတ်နိုင်သမျှ အမြန်ဆုံးရောက်ရှိနိုင်ပါက သူတို့နှင့် ပြန်လည်ဆုံတွေ့နိုင်လိမ့်မည်ဟု ယူဆထားသည်။
လမ်းခရီးတွင် သူသည် မကောင်းဆိုးဝါး အတော်များများကို သတ်ဖြတ်ခဲ့သည်။ အဆောက်အအုံနှင့် နီးကပ်လာလေလေ ဇွန်ဘီးအရေအတွက်မှာ ပို၍ များပြားလာလေလေ ဖြစ်သည်။
နေရောင်ရှိနေသေးသောကြောင့် ဖြစ်နိုင်သည်၊ ရှောင်တန်သည် တစ်ကိုယ်တည်း ဖြစ်နေသော်လည်း သူ၏ ကြောက်ရွံ့မှုအမှတ်ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ဤ BW Zombie များကို ရုပ်ရှင်များထဲမှ သာမန်ဇွန်ဘီးများနှင့် နှိုင်းယှဉ်လျှင် မည်သည်က ပိုကြောက်ဖို့ကောင်းသည်ကို ပြောပြရန် ခက်ခဲလှသည်။ အဓိကအချက်သည် သူတို့၏ လှုပ်ရှားမှုမှာ အလွန်နှေးကွေးပြီး နီးနီးကပ်ကပ် ဘေးအန္တရာယ်ရှိနေသည့် ခံစားချက်မျိုး မပေးခြင်းပင် ဖြစ်သည်။ နေ့ခင်းကြောင်တောင်ကြီးတွင် ခြိမ်းခြောက်မှုမရှိသော မကောင်းဆိုးဝါး အနည်းငယ်ကို ဖြတ်ကျော် လျှောက်လှမ်းရသည်မှာ... ကာတွန်းပြပွဲတစ်ခုတွင် လမ်းလျှောက်နေရသလိုပင်။
ဖြစ်နိုင်သည်မှာ မိုးချုပ်သွားပြီးနောက်မှသာ အခြေအနေများ ပြောင်းလဲသွားပေလိမ့်မည်...။
နေ့လယ် ၂ နာရီခွဲခန့်တွင် ဖုန်းပုကြွယ်သည် ရှောင်တန်ကို ရှာဖွေရန် သူဖန်တီးထားသော အခြေစိုက်စခန်းမှ ထွက်ခွာလာချိန်၌ ရှောင်တန်မှာ အာလာမူကုမ္ပဏီအဆောက်အအုံသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအဆောက်အအုံမှာ ၅၂ ထပ် မြင့်ပြီး အမိုးပေါ်တွင် အာလာမူဟု ရေးသားထားသော သံမဏိဆိုင်းဘုတ်အကြီးကြီးတစ်ခု ရှိနေသည်။ ၎င်းမှာ အဗန်ဂျာအဆောက်အအုံနှင့် ဆင်တူလှပြီး ခန့်ညားထည်ဝါသော အသွင်အပြင် ရှိလေသည်။ ကုမ္ပဏီအနေဖြင့် သူတို့၏ အမှတ်တံဆိပ်ကို အမိုးပေါ်တွင် တပ်ဆင်ထားနိုင်ခြင်းမှာ အဆောက်အအုံတစ်ခုလုံးကို သူတို့ပိုင်ဆိုင်ကြောင်း ပြသနေခြင်း ဖြစ်သည်။ ဇာတ်လမ်း၏ မိတ်ဆက်ချက်အရ ဤအာလာမူကုမ္ပဏီမှာ ဗိုင်းရပ်စ်ကို ဖန်တီးခဲ့သည့် အဓိကအဖွဲ့အစည်းဖြစ်ကြောင်း ငြင်းမရပေ။ အမေရိကန်ပြည်ထောင်စုကဲ့သို့သော ပြဿနာများလှသည့် နယ်မြေမျိုးတွင်သာ အစိုးရထက်ပင် ပိုမိုအင်အားကြီးမားပြီး ပရိုတော့စ်များ၏ နည်းပညာနှင့် ရင်ပေါင်တန်းနိုင်သော လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့အစည်းမျိုး ရှိနေနိုင်ခြင်း ဖြစ်သည်။
ဝမ်တန်ကျိသည် ဘေ့စ်ဘောတုတ်ကို ကိုင်၍ ဖြည်းညှင်းစွာ လျှောက်လှမ်းလာ၏။ တုတ်ပေါ်ရှိ ခြောက်သွေ့နေသော သွေးကွက်များက ၎င်းကို ကိုင်ဆောင်သူသည် ထိုမကောင်းဆိုးဝါးများနှင့် ရင်ဆိုင်ရချိန်တွင် တွန့်ဆုတ်နေခြင်း မရှိကြောင်း သက်သေပြနေသည်။ တိုက်ခိုက်နိုင်စွမ်းအရ ဒေါက်တာဝမ်သည် ဖုန်းပုကြွယ်ထက် မနိမ့်ကျနိုင်ပေ။ အရှင်းဆုံးပြောရလျှင် သူတို့၏ လက်ရှိ ဂိမ်းတွင်းအဆင့်နှင့် ကိုယ်ကာယစွမ်းဆောင်ရည်အရ သူတို့ ပြုလုပ်နိုင်သော လှုပ်ရှားမှုများသည် သာမန်လူတစ်ယောက်၏ အတိုင်းအတာအတွင်း၌သာ ရှိနေပါသေးသည်။
အဆောက်အအုံရှေ့တွင် BW Zombie အနည်းဆုံး အကောင်တစ်ရာခန့် လှည့်လည်သွားလာနေကြသည်။ ထိုသတ္တဝါများသည် သက်ရှိသတ္တဝါတစ်ဦးကို မြင်သောအခါ စတင်၍ စုရုံးလာကြမည်ဖြစ်သည်။ ရှောင်တန်ရှေ့မှ နေရာအတော်များများကို အဆောက်အအုံ၏ အရိပ်က ဖုံးလွှမ်းထားသည်။ BW Zombie များသည် နေရောင်အောက်တွင် ရှိနေစဉ်ထက် ပိုမိုမြန်ဆန်စွာ လှုပ်ရှားလာကြတော့သည်။ သူတို့၏ လှုပ်ရှားမှုအရှိန်မှာ အစောပိုင်း ဇွန်ဘီးရုပ်ရှင်များထဲမှ မကောင်းဆိုးဝါးများ၏ အဆင့်နှင့် နီးစပ်သည်။ မှန်ပါသည်၊ ပြေးနိုင်၊ ခုန်နိုင်၊ တံခါးဖွင့်နိုင်၊ ကားမောင်းနိုင်ပြီး သေနတ်ပင်သုံးနိုင်သော နောက်ပိုင်းရုပ်ရှင်များထဲမှ ဇွန်ဘီးများနှင့် နှိုင်းယှဉ်လျှင်မူ ဤသတ္တဝါများမှာ အားနည်းနေပါသေးသည်။
ထိုအချိန်တွင် ရှောင်တန်မှာ အနည်းငယ်ကြောက်လန့်သွားရသည်။ သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြသော မျက်နှာဖြူဖြူ၊ ဆံပင်ရှည်ရှည်နှင့် လူသားစား အလောင်းကောင်အုပ်စုကြီးကို ကြည့်ရင်း သူ့လက်ထဲမှ ဘေ့စ်ဘောတုတ် ကျိုးသွားသည့်တိုင် သူတို့အားလုံးကို သတ်နိုင်မည် မဟုတ်ကြောင်း သိနေခဲ့သည်။
ထို့အပြင် သူသည် အလွန်ထူးဆန်းသော အရာတစ်ခုကိုလည်း သတိပြုမိလိုက်သည်...။ အနီးပတ်ဝန်းကျင်တွင် အသတ်ခံထားရသော BW Zombie တစ်ကောင်တစ်လေမှ မရှိပေ။ အကယ်၍ အသင်းဖော်တစ်ဦးဦးသည် သူ့ထက်အရင် အဆောက်အအုံထဲသို့ ဝင်သွားခဲ့ပါက... သူ သို့မဟုတ် သူတို့သည် အတွင်းသို့ တိုက်ခိုက်ဝင်ရောက်သွားချိန်တွင် ဤမကောင်းဆိုးဝါးများကို ဖြတ်ကျော်သွားခဲ့ရပေလိမ့်မည်။ သူတို့ မည်မျှမြန်စေကာမူ ဖောက်ထွက်နိုင်ရန် အနည်းဆုံး ခုနစ်ကောင် သို့မဟုတ် ရှစ်ကောင်ခန့်ကိုတော့ သတ်ခဲ့ရမည် မဟုတ်ပါလား။ သို့သော် ယခုမူ အဆောက်အအုံရှေ့တွင် မလှုပ်မယှက် လဲလျောင်းနေသော အလောင်းတစ်လောင်းပင် မရှိပေ...။
“ငါက ပထမဆုံး ရောက်လာတဲ့သူ ထင်တယ်...”
ရှောင်တန်သည် သူ့ကိုယ်သူရေရွတ်ရင်း နောက်သို့ စတင်ဆုတ်ခွာလိုက်သည်။ အဆောက်အအုံထဲတွင် အသင်းဖော် ရှိနေနိုင်ခြေ မရှိသဖြင့် သူ အတင်းတိုးဝင်ရန် မလိုအပ်တော့ပေ။ အပြင်မှာ စောင့်နေတာက ပိုကောင်းပါလိမ့်မည်။
ထိုသို့တွေးတောရင်း သူသည် ဤဟာလာပြင်မှ ယာယီဆုတ်ခွာရန် ဆုံးဖြတ်လိုက်သည်။ မထင်မှတ်ဘဲ သူ ခေါင်းလှည့်လိုက်သည်နှင့် သတ္တုပြားတစ်ခုကို တက်နင်းမိသွား၏။ ဂိတ်စောင့်အဆင့်ရှိသော ဘော့စ်တစ်ကောင်က သူ့အရှေ့တွင် ထွက်ပေါ်လာတော့သည်။
ရှောင်တန်၏ ကျောဘက်တွင် အဆောက်အအုံကြီးရှိနေပြီး သူမျက်နှာမူထားသည့်ဘက်တွင်မူ မီတာတစ်ရာခန့်အကွာ လမ်းမအလယ်၌ နှစ်မီတာခွဲခန့်မြင့်သော အနက်ရောင် အရိပ်ကြီးတစ်ခု မတ်တတ်ရပ်နေလေသည်။ ထိုအကောင် မည်သည့်အချိန်တွင်၊ မည်သို့ ပေါ်လာမှန်း ရှောင်တန် မသိလိုက်ပေ။ သို့သော် ဤသတ္တဝါသည် ဘေ့စ်ဘောတုတ် တစ်ချောင်းတည်းဖြင့် သတ်နိုင်မည့် အမျိုးအစား မဟုတ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
ဤမကောင်းဆိုးဝါး၏ ခန္ဓာကိုယ်အထက်ပိုင်းသည် ဝံပုလွေလူသားအဖြစ် လုံးဝပြောင်းလဲသွားပြီး ညိုမည်းသော အမွေးအမှင်များဖြင့် ဖုံးလွှမ်းနေလေသည်။ မျက်နှာနှင့် လက်များတွင် အရေပြားကို ထုတ်ဖော်ထားခြင်း မရှိပေ။ သူ့ဦးခေါင်းမှာ ဝံပုလွေခေါင်း ဖြစ်ပြီး လက်ချောင်းထိပ်များမှာမူ ချွန်ထက်သော လက်သည်းများ ဖြစ်ကြသည်။ သူ့ကိုယ်ပေါ်တွင် သွေးစုပ်ဖုတ်ကောင် လက္ခဏာရပ်များကို မတွေ့ရသော်လည်း ဇွန်ဘီးလက္ခဏာရပ်များမှာမူ ရှိနေခဲ့သည်... ။ သူ၏ ဘယ်ဘက်ရင်အုံတွင် ဒဏ်ရာကြီးတစ်ခု ရှိနေပြီး ၎င်းမှတစ်ဆင့် သူ၏ ရင်ခေါင်းအတွင်းပိုင်းကို မြင်တွေ့နေရသည်။ ပြဿနာမှာ ထိုအပေါက်မှတစ်ဆင့် ကြည့်သော်လည်း မည်သည့် ကိုယ်တွင်းအင်္ဂါကိုမှ မတွေ့ရခြင်းပင်။ နံရိုးအနည်းငယ် နောက်တွင် သွေးချင်းချင်းနီနေသော လူသားဦးခေါင်းတစ်ခုကို ဝေဝါးစွာ မြင်တွေ့နေရသည်...။
ဤမီနီဘော့စ်ကို သွေးစုပ်ဖုတ်ကောင် လက္ခဏာရပ်များ မရှိသဖြင့် ဇွန်ဘီးဝံပုလွေလူသားဟု ခေါ်သင့်ပေသည်။ ထိုအချက်ကြောင့်ပင် သူသည် နေရောင်ခြည်ဒဏ်ကို မခံရခြင်း ဖြစ်နိုင်ပြီး အရွယ်အစားအရလည်း သာမန်လူသားတစ်ဦး၏ အကန့်အသတ်ကို ကျော်လွန်နေခြင်းဖြစ်သည်။
ဇွန်ဘီးဝံပုလွေလူသားသည် ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလာနေပြီး သူ့အသွင်အပြင်နှင့် တည်ရှိမှုကြောင့် ပေးစွမ်းသော ဖိအားမှာ ရှင်းပြနေရန်ပင် မလိုတော့ပေ။
ရှောင်တန်၏ ကြောက်ရွံ့မှုအမှတ်သည် တရိပ်ရိပ်မြင့်တက်လာပြီး မျက်နှာပေါ်တွင်လည်း ချွေးအေးများ စီးကျလာတော့သည်။ သို့သော် သူသည် ထိုနေရာတွင် ရပ်ကြည့်ပြီး အသေခံမည့်သူ မဟုတ်ပေ။ သူ အဆောက်အအုံဘက်သို့ ဆက်သွား၍ မရတော့ပေ။ အကယ်၍ သူသည် ဤဘော့စ်ကို ထိပ်တိုက်ရင်ဆိုင်ပါက အခွင့်အရေး ရှိမည်မဟုတ်သဖြင့် ဘေးဘက်သို့ ကွေ့ပတ်သွားရန် ဆုံးဖြတ်လိုက်သည်။
ရှောင်တန် နောက်လှည့်ကာ ဘေးဘက်သို့ ပြေးတော့သည်။ သူ ပြေးနေသော လမ်းကြောင်းသည် တဖြည်းဖြည်း အောက်ဘက်သို့ နိမ့်ဆင်းသွားသော လမ်းစောက်တစ်ခု ဖြစ်သည်။ အကယ်၍ သူ ဆက်ပြေးနေပါက မြေအောက်ကားပါကင် အဝင်ဝသို့ ရောက်ရှိသွားမည် ဖြစ်သည်။ သူ သတိပြုမိလိုက်ချိန်တွင် ဘေးပတ်ပတ်လည်ရှိ နံရံမှာ သူ ခုန်ကျော်နိုင်သည့် အမြင့်ထက် ကျော်လွန်သွားပြီ ဖြစ်သည်။ လမ်းစောက်အတိုင်း ပြေးဆင်းသွားခြင်းသည် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်နေပုံရသည်။
သူ ပြေးနေသည်ကို မြင်သောအခါ ဇွန်ဘီးဝံပုလွေလူသားမှာလည်း သဘာဝအတိုင်း သူ့နောက်သို့ လိုက်လေတော့သည်။ ကံကောင်းထောက်မစွာဖြင့် ဤသတ္တဝါသည် ဝံပုလွေလူသားအစစ် မဟုတ်ပေ။ ၎င်းသည် ခြေလေးချောင်းဖြင့် မည်သို့ပြေးရမည်ကို သိပုံမရပေ။ ယင်းအစား ခြေနှစ်ချောင်းကိုသာ သုံး၍ လိုက်ဖမ်းနေသဖြင့် ပြေးနှုန်းက ထိုမျှ မမြန်ဆန်လှပေ။ သို့သော်လည်း ထမင်းစားပြီး လမ်းလျှောက်နေသလိုမျိုး လှုပ်ရှားနေသော BW Zombie များနှင့် နှိုင်းယှဉ်လျှင်မူ ရှောင်တန်သည် ဝံပုလွေလူသားနှင့် အကွာအဝေးကို ပိုမိုဝေးကွာအောင် မလုပ်နိုင်ခဲ့ပေ။
မကြာမီ ရှောင်တန်သည် မြေအောက်ကားပါကင် အဝင်ဝသို့ နီးကပ်လာ၏။ လက်ရန်း၏ အမြင့်ကို ကြည့်ခြင်းအားဖြင့် သူအလွယ်တကူ ခုန်ကျော်နိုင်ပုံ ပေါက်သည်။ ၎င်းမှာ သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။ သို့သော် ပြဿနာကား မြေအောက်ကားပါကင်အတွင်းတွင် မည်သည့်အလင်းရောင်မျှ မရှိသည်ကို သူသတိပြုမိလိုက်ခြင်းပင်။
သူ့ခြေထောက်များက အရှေ့သို့ ဆက်လက်ရွေ့လျားနေပြီး လက်မှာလည်း ဓာတ်မီးကို ထုတ်ရန် ကျောပိုးအိတ်ထဲသို့ နှိုက်လိုက်သည်။ ထိုအချိန်တွင် အခြားထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုက သူ့မျက်စိရှေ့တွင် ပေါ်လာပြန်သည်။ လက်ရန်းနောက်ကွယ် မနီးမဝေးတွင် လှုပ်ရှားနေသော အရိပ်အချို့ကို သူသတိပြုမိလိုက်ခြင်းဖြစ်သည်။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု သူ့မျက်စိရှေ့တွင် ပေါ်လာတော့သည်...။
အစပိုင်းတွင် ရှောင်တန်တစ်ယောက် အရိပ်အနည်းငယ်ကိုသာ မြင်ခဲ့ရသော်လည်း အနားသို့ နီးကပ်လာသောအခါ ပိုမိုရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ မှောင်မည်းနေသော ကားပါကင်တစ်ခုလုံးတွင် BW Zombie များဖြင့် ပြည့်နှက်နေလေသည်...။
နေရောင်ခြည် မထိတွေ့နိုင်သော နေရာများတွင် ထိုမျှများပြားသော မကောင်းဆိုးဝါးများ ပုန်းအောင်းနေကြခြင်းဖြစ်တော့သည်။ ရှောင်တန် အလွန်အံ့အားသင့်သွားမိသော်လည်း ထိုအံ့အားသင့်မှုကို ဖြေဖျောက်နေရန် အချိန်မရှိပေ။ သူသည် ထူထပ်လှသော BW Zombie အုပ်စုနှင့် အင်အားကြီးမားသော ဇွန်ဘီးဝံပုလွေလူသားတို့အကြား တစ်ခုကို ရွေးချယ်ရတော့မည် ဖြစ်သည်။ မှန်ပေသည်၊ လက်ရှိအခြေအနေအရ သူသာ ထိုအမှောင်ထုထဲသို့ တိုးဝင်သွားပါက အပိုင်းပိုင်း အပြတ်ပြတ် ဆွဲဖြဲခံရမည်မှာ သေချာလှသည်။ ထို့ကြောင့် သူသည် နောက်သို့ လှည့်ကာ ဤမီနီဘော့စ်ကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ရှောင်တန်၏ စွမ်းဆောင်ရည်ဖြင့် ဇွန်ဘီးဝံပုလွေလူသားကို သတ်ရန်မှာ ခက်ခဲပါလိမ့်မည်။ သို့သော် သူသည် မည်သည့်ရင်းနှီးမှုကိုမဆို ပေးဆပ်ပြီး ထွက်ပြေးချင်ပါက နည်းလမ်းနှစ်ခု ရှိ၏။ ပထမတစ်ခုမှာ နှေးကွေးစေသောသဲကို အသုံးပြုခြင်း ဖြစ်ပြီး ဒုတိယတစ်ခုမှာ ကြောက်ရွံ့စွာချောင်းတိုက်သူမှ ပေးအပ်ထားသော အထူးစွမ်းရည် ဖြစ်သည့် ဆုတ်ခွာခုတ်ချက်ကို အသုံးပြုခြင်း ဖြစ်သည်။
“အမည် - ဆုတ်ခွာခုတ်ချက်”
“အထူးစွမ်းရည် အမျိုးအစား - တက်ကြွစွမ်းရည်”
“ကုန်ဆုံးမှု - အမြင့်ဆုံးသက်လုံအမှတ်၏ ၃၀ ရာခိုင်နှုန်း”
“အာနိသင် - ပစ်မှတ်ကို ထိမှန်သွားသည့် အခိုက်အတန့်တွင် အသုံးပြုနိုင်သည်။ အသုံးပြုသူသည် မြန်နှုန်းမြင့်ဖြင့် နောက်သို့ ချက်ချင်းဆုတ်ခွာသွားမည် ဖြစ်ပြီး ပစ်မှတ်နှင့် အသုံးပြုသူကြား အနည်းဆုံး ၁၀ မီတာခန့် အကွာအဝေးကို ဖန်တီးပေးမည် ဖြစ်သည်။ (အသုံးပြုရန်ကြာချိန် (Cooldown) မရှိပါ၊ ဓားသွားပါသော လက်နက်ကို အသုံးပြုနေချိန်တွင်သာ အသုံးပြုနိုင်သည်)”
“မှတ်ချက် - ငါ ပြန်ထွက်လာပြီဟေ့၊ ငါ ပြန်ရောက်လာပြီ၊ ငါ ပြန်ထွက်လာပြန်ပြီ... ဘယ်လိုထင်လဲ၊ ငါ့ကို ရိုက်ကြည့်လေ၊ အရူးရဲ့”
ပထမနည်းလမ်းသည် ရှောင်တန်ကို ဘေးအန္တရာယ်မှ လွတ်မြောက်အောင် ကူညီပေးနိုင်သင့်သည်။ ၎င်းမှာ တစ်မိနစ်အတွင်း မကောင်းဆိုးဝါးကို မျက်ခြေပြတ်သွားအောင် လုပ်ဆောင်ပေးနိုင်သည်။ သို့သော် ဤဇာတ်လမ်းတွင် နှေးကွေးစေသောကို အသုံးပြုခြင်း၏ အဓိပ္ပာယ်က ရှင်းလင်းလှသည်။ ဤဇာတ်လမ်းသည် တိုက်ခိုက်မှုကို ပိုမိုအသားပေးထားသော ဇာတ်လမ်းတစ်ခု ဖြစ်သည်။ BW Zombie အမြောက်အမြားနှင့် ရင်ဆိုင်ရချိန် သို့မဟုတ် နောက်ဆုံးဘော့စ်နှင့် ရင်ဆိုင်ရချိန်တွင် ဤပစ္စည်းကို အသုံးပြုခြင်းသည် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိသည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် သုံးလိုက်ခြင်းက အလွန်နှမြောစရာကောင်းလှသည်။
သို့သော် ဒုတိယနည်းလမ်းက ပို၍ အန္တရာယ်များပေသည်။ ဤစွမ်းရည်ကိုသုံး၍ ထွက်ပြေးရန်အတွက် သူသည် ဇွန်ဘီးဝံပုလွေလူသား၏ နောက်ကျောသို့ ချက်ချင်းရောက်သွားအောင် ဝိုင်းပတ်သွားရမည် သို့မဟုတ် အနည်းဆုံးတော့ သူ့နောက်ကျောက ဝံပုလွေလူသားဆီသို့ မျက်နှာမူနေရမည် ဖြစ်ပြီး ဝံပုလွေလူသား၏ ခန္ဓာကိုယ်ကိုလည်း အောင်မြင်စွာ ခုတ်နိုင်ရမည် ဖြစ်သည်။
အစွမ်းထက် ဇွန်ဘီး၏ ရိုက်ချခံလိုက်ရသော အစ်ကိုလုံ၏ အဖြစ်အပျက်က သူ့စိတ်ထဲတွင် လတ်ဆတ်နေဆဲ ဖြစ်သည်။ ရှောင်တန်သည် သူ့ရှေ့ရှိ ဇွန်ဘီးဝံပုလွေလူသားသည် ထိုမကောင်းဆိုးဝါးထက် အားနည်းလိမ့်မည်ဟု မထင်ပေ။ အဆင့်အရ ကြည့်လျှင် ဤဇာတ်လမ်းရှိ ကစားသမားများ၏ ပျမ်းမျှအဆင့်သည် ထိုမကောင်းဆိုးဝါး၏ အဆင့်ထက် နှစ်ဆနီးပါး ရှိနေခြင်းဖြစ်သည်။ အရေအတွက်အချက်ကို ထည့်မတွက်လျှင်ပင် ဤမကောင်းဆိုးဝါးများ မည်မျှ အစွမ်းထက်သည်ကို စိတ်ကူးကြည့်နိုင်ရုံသာ ရှိသည်။
ရှောင်တန် တွန့်ဆုတ်နေစဉ်မှာပင် ဝံပုလွေလူသားက သူ့အနားသို့ ရောက်ရှိလာတော့သည်။ ၎င်းခုန်အုပ်တော့မည့်ဆဲဆဲတွင် ရုတ်တရက် ရပ်တန့်သွားတော့သည်။
၎င်းက နောက်သို့လှည့်လိုက်ပြီး ဝမ်တန်ကျိ ရှိနေခြင်းကို လုံးဝ စ်လျူရှုလိုက်သည်။ ၎င်းသည် အခြားလမ်းကြောင်းတစ်ခုဆီသို့ သတိကြီးစွာဖြင့် လှည့်ကြည့်လိုက်ပြီး လည်ချောင်းထဲမှ ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။
‘ထပ်၊ ထပ်၊ ထပ်’
လေးလံသောသံဖိနပ်များ မြေပြင်ပေါ် နင်းလျှောက်လာသည့် အသံ ထွက်ပေါ်လာပြီး ရှည်လျားသော အရိပ်နှစ်ခုက လမ်းစောက်အတိုင်း လျှောက်လာကြသည်။ သူတို့သည် အလင်းရောင်ကို ကျောပေးထားသဖြင့် ရှောင်တန်တစ်ယောက် သူတို့မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း မကောင်းဆိုးဝါး၏ တုံ့ပြန်မှုအရ သူတို့မှာ ကစားသမားများ သို့မဟုတ် ရန်လိုသော NPC တစ်မျိုးမျိုး ဖြစ်နိုင်ခြေ ရှိသည်။
“ဟဲပေမှာ သူရဲကောင်းတစ်ယောက် ရှိခဲ့တယ်၊ သူကတော့ ဗိုလ်ချုပ်ကြီးပန်ဖုန်းပဲ။
စကြာဝဠာကို စိုးမိုးမယ့် ရည်မှန်းချက်ကို စိတ်ထဲမှာထားပြီး၊ စစ်သည်တော် သန်းပေါင်းများစွာကို သူ့ဝမ်းဗိုက်ထဲမှာ ဖုံးကွယ်ထားတယ်။
ပန်ဂုက လူ့လောကကနေ ဆင်းသက်လာခဲ့ပြီး၊ ဗာမီလီယန်ငှက်ကတော့ သူ့ရဲ့ နာမည်ပေါ့။
သူ့အသံက လောကတခွင်လုံး ဟိန်းထွက်သွားပြီး၊ ပြုံးလိုက်တဲ့ အပြုံးတစ်ခုက သူရဲကောင်းတွေကို သေးသိမ်သွားစေတယ်”
ထိုလူရိပ်များထဲမှ တစ်ရိပ်က ကဗျာတစ်ပုဒ်ကို ရွတ်ဆိုရင်း အရှေ့သို့ လျှောက်လာလေသည်။
ထိုလူတွင် ထူးခြားသော လက္ခဏာရပ်များ မရှိပေ။ သူသည် အသက် ၃၀ ခန့် ရှိပုံရပြီး မုတ်ဆိတ်မွေးများ ရှိသည်။ သူ့လက်ထဲတွင် တောင်ဖြိုပုဆိန်တစ်လက်ကို ကိုင်ဆောင်ထားပြီး ၎င်းမှာ အလွန်ပင် မျက်စိကျစရာ ကောင်းလှသည်။
ဝမ်တန်ကျိအနေဖြင့် ဂိမ်းစကတည်းက လူတစ်ရပ်ထက် ပိုမြင့်သော လက်နက်ကို အသုံးပြုသည့် လူမျိုးကို ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။ ၎င်းကို ခန့်ညားထည်ဝါလှသည်ဟု ခေါ်ဆိုလျှင်ပင် ပိုမည်မဟုတ်ပေ။
“ညီငယ်လေး၊ မကြောက်နဲ့”
စကားပြောလိုက်သူသည် သဘာဝအတိုင်း ပန်ဖုန်းဟု အမည်ဝှက်ပေးထားသော ထိုလူပင် ဖြစ်သည်။
“ငါနဲ့ စစ်သည်တော်တစ်ထောင် ဟွာရှုံ ဒီမှာရှိနေသရွေ့ မင်းဘာမှမဖြစ်စေရဘူး”
ထို စစ်သည်တော်တစ်ထောင် ဟွာရှုံမှာလည်း သူ့လက်ထဲတွင် ရှည်လျားသော လက်နက်တစ်ခုကို ကိုင်ဆောင်ထားပေသည်။ ၎င်းမှာ လှံရှည်တစ်ခု ဖြစ်သည်။ သူ့အသက်မှာ ပန်ဝူရွှမ်းနှင့် အတူတူလောက်ပင် ဖြစ်ပုံရပြီး မုတ်ဆိတ်မွေးများလည်း ရှိသည်။
“ညီနောင်ပန်ပြောတာ မှန်တယ်၊ ညီလေး၊ ခဏစောင့်ဦးနော်၊ ဒီလို မကောင်းဆိုးဝါးမျိုးကို ကြောက်နေစရာ မလိုပါဘူး၊ ငါ သူ့အသက်ကို ဝက်တွေ ဒါမှမဟုတ် ခွေးတစ်ကောင်ကို သတ်ရသလိုမျိုး လွယ်လွယ်လေး ယူပြမယ်...”
ထိုအချိန်တွင် ဝမ်တန်ကျိစိတ်ထဲ၌ ရှိနေသည့် တစ်ခုတည်းသော အတွေးမှာ ‘ဒီဦးလေးကြီး နှစ်ယောက်ကတော့ ဆယ်ကျော်သက်စိတ်ကူးယဉ်ရောဂါရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေကြပြီပဲ...’။