အခန်း (၈၁၁-၈၁၂)
Vol. 55 Ch. 811-812
အပိုင်း (၈၁၁) အိပ်မက်ထဲက အမွှာပန်းပွင့်
“ခင်ဗျားက ပုန်းတာတော့ တော်တော် တော်တာပဲ”
ကောင်းမင်သည် မသေဆေးကုမ္ပဏီ ဝန်ထမ်းအိမ်ရာအတွင်း၌ ထိုင်နေရင်း သူ့ရှေ့တွင် ဆဲရေးတိုင်းထွာနေသော ကောင်လေးတစ်ဦးကို ကြည့်ကာ ပြောလိုက်သည်။
“ဆရာကျန်း၊ ‘မျက်ကွယ်’ နည်းဗျူဟာက တကယ့်ကို ပြောင်မြောက်လှပါပေတယ်”
“အဲ့ဒီ သေသင့်တဲ့ နံပါတ် (၀) ၊ ငါ သူ့ @#*ပစ်မယ်”
ထိုကလေးသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားရင်း ဆဲရေးလိုက်သည်။ ထို့နောက် ကလေး၏ အရိပ်ထဲမှ အရပ်ရှည်ပြီး ပိန်ပါးသော ကျန်းမင်လီ ထွက်ပေါ်လာသည်။ သူ့ပုံရိပ်က ဝေဝါးနေပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်သယောင် ရှိသော်လည်း ကောင်းမင်ကို ပေးစွမ်းသည့် ခံစားချက်မှာမူ ယခင်ကထက် များစွာ ပိုမိုအားကောင်းနေခဲ့သည်။
အိပ်မက်ချိုးဖျက်မြို့တွင် လမ်းခွဲခဲ့ပြီးကတည်းက ကျန်းမင်လီသည် နံပါတ် (၀) ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေခဲ့ရခြင်း ဖြစ်သည်။ သူသည် ကယ်တင်ရှင်များ ချန်ထားခဲ့သော ကျိန်စာများနှင့် အမျိုးမျိုးသော စွမ်းအားများကို စုပ်ယူခဲ့ပြီးမှသာ ယခုအချိန်အထိ ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။
“ခင်ဗျားရဲ့ ခွန်အားက အခုဆိုရင် မုန်းတီးမှုအဆင့်ထက် အများကြီး ပိုအားကောင်းနေပြီ မဟုတ်လား”
“ဘာထူးလို့လဲကွ၊ မပြောသင့်သူအဆင့်နဲ့တော့ အများကြီး ဝေးနေသေးတာပဲ၊ နောက်ပြီး ငါက အဲ့ဒီအရာတွေကို မယုံဘူး၊ ငါ တကယ်လို့ အဲ့ဒီအဆင့်ကို ရောက်သွားရင်တောင် ငါ့အတွက် ယဇ်ပလ္လင် ဆောက်မှာမဟုတ်ဘူး”
စာရိတ္တဆရာ ကျန်းမင်လီသည် ခိုင်မာသော ဘုရားမဲ့ဝါဒီတစ်ဦး ဖြစ်သည်။ သူ့အမြင်တွင် ထိုမပြောသင့်သူများသည် အဆင့်မြင့် နယ်ပယ်တစ်ခုသို့ ရောက်ရှိသွားသည့် ဝိညာဉ်များသာ ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်နယ်ပယ်မှာမူ အမြဲတမ်း မြင့်မားနေသည်သာ ဖြစ်သည်။
“မင်း ငါ့ကို ကယ်ဖို့ သီးသန့်လာခဲ့တာလား”
“ဟန်ဟိုင်းသွေးမြို့တော်ကို ပြန်တည်ဆောက်ပြီးသွားပြီ၊ ကျုပ် ရှင်းလုကိုသွားပြီး ခင်ဗျားရဲ့ ကယ်တင်ရှင်ကို ပြန်ခေါ်ဖို့ ကူညီပေးမလို့”
“ဒါဆို ဘာစောင့်နေတာလဲ၊ သွားကြတာပေါ့”
ကျန်းမင်လီ၏ လောဆော်မှုကြောင့် နှစ်ဦးသား အမှိုက်စွန့်ပစ်စက်ရုံဆီသို့ ချက်ချင်း ဦးတည်လိုက်ကြသည်။ သို့သော်လည်း သူတို့ ရောက်ရှိသွားချိန်တွင် အမှိုက်တောင်ကြားသည် မြေညှိခံထားရပြီး မြေဆီလွှာကို သန့်စင်ပေးနိုင်သော အပင်အချို့ကို စိုက်ပျိုးထားသည်ကို တွေ့လိုက်ရသည်။
ကောင်းမင် ဟန်ဟိုင်းသို့ ပြန်သွားခဲ့သည့် အချိန်အတွင်း တားမြစ်ဂိမ်းကစားသမားများမှာ အကျအဆုံး များပြားခဲ့ပြီး သူတို့၏အခြေစိုက်စခန်းပင် တူးဖော်ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။
“ငါ တခြားလမ်းကြောင်းတွေ သိတယ်”
အခြေအနေများက ထိုသို့ဖြစ်လာပြီဖြစ်ရာ ကျန်းမင်လီသည် ဘာမှ ဖုံးကွယ်မထားတော့ပေ။ သူသည် ကောင်းမင်အား တားမြစ်ဂိမ်းကစားသမားများ၏ လျှို့ဝှက်အခြေစိုက်စခန်း လေးခုဆီသို့ ထပ်မံခေါ်ဆောင်သွားခဲ့သည်။ သို့သော်လည်း အားလုံးမှာ ခြွင်းချက်မရှိ ဖျက်ဆီးခံထားရသည်။
“မသေဆေးကုမ္ပဏီက ရှင်းလုသွေးမြို့တော်ကို ပိတ်ဆို့ထားပြီး တားမြစ်ဂိမ်းတွေကတစ်ဆင့် လူတွေ ဝင်မလာနိုင်အောင် လုပ်နေတာပဲ၊ ဈေးကွက်ထဲက ဂိမ်းစက်တွေ အားလုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်သလို၊ မြေအောက်မှောင်ခိုဈေးကွက်ကိုလည်း အမြစ်ပြတ်အောင် လုပ်ထားတယ်၊ အဲ့ဒီလူတွေရဲ့ အိပ်မက်တွေကို ငါစစ်ဆေးကြည့်တော့ နံပါတ် (၀) ကိုယ်တိုင် ပါဝင်ပတ်သက်နေတာပဲ”
ကောင်းမင်ခြေဖဝါးအောက်ရှိ မရေမတွက်နိုင်သော အိပ်မက်အမှတ်အသားများသည် ဧရာမ ရေဘဝဲလက်တံများကဲ့သို့ပင် မြင်ရသူကို ကျောချမ်းစေသည်။
“ဂိမ်းစက်ပစ္စည်းတွေ အပြည့်အစုံကို ဖုံးကွယ်ထားနိုင်သေးတဲ့ နေရာတစ်ခုကို ငါသိတယ်”
ကျန်းမင်လီကိုယ်တိုင်လည်း သေချာလှသည်တော့မဟုတ်ပေ။ သူသည် ကောင်းမင်ကို အိပ်မက်သရဲ စွမ်းရည်များ ရုပ်သိမ်းခိုင်းလိုက်ပြီး နှစ်ဦးသား မြို့ဟောင်းထဲရှိ ဒေဝါလီခံလုနီးပါးဖြစ်နေသော ပြဇာတ်ရုံငယ်လေးတစ်ခုသို့ သွားလိုက်ကြသည်။
တံခါးကို ဖျက်ဆီး၍ ဝင်ရောက်သွားပြီး စင်နောက်ရှိ အခန်းထဲသို့ ရောက်သောအခါ ကျန်းမင်လီသည် ဇာတ်ဝင်ခန်းပစ္စည်းတစ်ခုကဲ့သို့ ဖြစ်နေသော ကြိုးဖုန်းကို ကောက်ကိုင်ကာ နံပါတ်တစ်ခုသို့ ဆက်သွယ်လိုက်သည်။
နာရီဝက်ခန့်အကြာတွင် ပြဇာတ်ရုံအပြင်ဘက် မြေကွက်လပ်တွင် ခေတ်ဟောင်းကားတစ်စီး ရပ်တန့်သွားပြီး အနက်ရောင်ဦးထုပ်ဆောင်း၍ မျက်နှာတစ်ခုလုံးကို ပဝါနှင့် စည်းထားသော အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။
သူသည် စိတ်လှုပ်ရှားစွာဖြင့် ဗလာကျင်းနေသော ပရိသတ်ထိုင်ခုံများကြားမှ ကျွမ်းကျင်စွာ ဖြတ်လျှောက်လာပြီး ပြဇာတ်စင်နောက်မှ လိုက်ကာကို မလိုက်သည်။
နေကာမျက်မှန်နောက်ကွယ်မှ သူ့မျက်ဝန်းများက ကျန်းမင်လီနှင့် ကောင်းမင်ကို မြင်လိုက်ရချိန်တွင် သူ၏ပျော်ရွှင်မှုများမှာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။ သူသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။
“ပိုင်ရှန်း၊ မတွေ့တာ ကြာပြီ”
ကျန်းမင်လီက ထိုလူကို ညွှန်ပြရင်း ကောင်းမင်နှင့် မိတ်ဆက်ပေးလိုက်သည်။
“သူက ရှင်းလု ရုပ်ရှင်လောကရဲ့ ဘုရင်တစ်ပါးပဲ၊ မသေဆေးကုမ္ပဏီ ပုန်ကန်ပြီးနောက်မှာ ပထမဆုံး သစ္စာဖောက်ခဲ့တဲ့ တားမြစ်ဂိမ်းကစားသမားပေါ့၊ ဟွမ်ရင်က အပြစ်အားလုံးကို ခံယူပြီး ဂုဏ်သိက္ခာအားလုံးကို သိမ်းပိုက်သွားခဲ့တာလေ”
ကျန်းမင်လီ၏ နှုတ်သီးမှာ အလွန်ထက်လှသည်။ စကားလုံးတိုင်းမှာ ပိုင်ရှန်း၏ နှလုံးသားကို ဓားနှင့် ထိုးနေသကဲ့သို့ပင်။
လေထုက တင်းမာလာသည်ကို မြင်သောအခါ ကျန်းမင်လီက လေသံပြောင်းလိုက်သည်။
“ဒါပေမဲ့ ဒါဟာ သူနဲ့ ဟွမ်ရင်တို့ ကြိုစီစဉ်ထားတဲ့ အရာဆိုတာ ငါသိပါတယ်၊ အဲ့ဒီတုန်းက ကယ်တင်ရှင်တွေ ထွက်ခွာသွားပြီး မသေဆေးကုမ္ပဏီက တစ်ဆင့်ချင်း ဖိအားပေးလာတော့ လူတိုင်း အသက်ရှူရ ကျပ်ခဲ့ကြရတာ၊ တားမြစ်ဂိမ်းကစားသမားတွေဆိုတာ သာမန်လူတွေပဲလေ၊ သူတို့နှစ်ယောက်ဟာ လူတိုင်းအတွက် လမ်းစရှာပေးဖို့ ကြိုးစားခဲ့ကြတာ”
“အရေးကြီးတာ မရှိရင် ငါ အရင်ပြန်တော့မယ်”
ပိုင်ရှန်းမှာ အလွန်တည်ငြိမ်နေပြီး သူ၏လေသံနှင့် အမူအရာတွင် အတွင်းစိတ်ခံစားချက်များ ဘာမှ ထွက်ပေါ်မနေပေ။
“ဒီပြဇာတ်ရုံကို ကယ်တင်ရှင်က သူ့ရဲ့ ပရိသတ်တွေအတွက်ပဲ တည်ဆောက်ပေးခဲ့တာ၊ ငါတို့တွေက ကယ်တင်ရှင်ရဲ့ နာမည်ကို တဖြည်းဖြည်း မေ့လျော့နေကြပြီ ဆိုပေမဲ့ မင်းတို့အနေနဲ့ သူတို့ကို နောက်ဆုံးလေးစားမှု ပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်၊ သူတို့ရဲ့ မှတ်ဉာဏ်တွေကို မဖျက်ဆီးပါနဲ့၊ ပြီးတော့ လူစိမ်းတွေကိုလည်း ခေါ်မလာပါနဲ့”
“ငါတို့ ဒီကိုလာတာ ရှင်းလုသွေးမြို့တော်ကို သွားပြီး ကယ်တင်ရှင်ကို ပြန်ခေါ်ဖို့ပဲ”
ကျန်းမင်လီက စင်မြင့်အစွန်းတွင် ထိုင်လိုက်သည်။
“မသေဆေးကုမ္ပဏီက တားမြစ်ဂိမ်းကစားသမားတွေရဲ့ အခြေစိုက်စခန်းအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ၊ ငါတို့ အဲ့ဒီကမ္ဘာထဲကို ဝင်ဖို့ ဂိမ်းစက်တွေ လိုအပ်တယ်”
“ငါ အဲ့ဒီဂိမ်းကို မကစားတော့တာ ကြာပြီ”
ပိုင်ရှန်း လှည့်ထွက်သွားရန် ပြင်လိုက်သော်လည်း စကားသိပ်မပြောသေးသော ကောင်းမင်က ရုတ်တရက် ပရိသတ်ထိုင်ခုံများဆီသို့ လျှောက်သွားကာ ရှေ့ဆုံးတန်းရှိ ထိုင်ခုံတစ်ခုတွင် အတိအကျ ဝင်ထိုင်လိုက်သည်။
“ထူးဆန်းလိုက်တာဦ ကယ်တင်ရှင်ရဲ့ အငွေ့အသက်က အရမ်းအားနည်းနေပြီး လူတိုင်းက သူ့နာမည်ကို မေ့လုနီးပါး ဖြစ်နေကြပြီဆိုပေမဲ့ ငါ ဒီနေရာမှာ သူ့ရဲ့ တည်ရှိမှုကို ခံစားနေရတုန်းပဲ”
စင်မြင့်ပေါ်သို့ မော့ကြည့်လိုက်ရာ အိပ်မက်များနှင့် ကံကြမ္မာကြိုးမျှင်များသည် တစ်ဦးတည်းသော သရုပ်ဆောင်နှင့် တစ်ဦးတည်းသော ပရိသတ်ဖြစ်သည့် လူငယ်တစ်ဦးအဖြစ် ပုံဖော်လာကြသည်။ သူသည် စင်ပေါ်တွင် သူ့ဘဝကံဆိုးမှုများကို ဟာသတစ်ခုအဖြစ် ကပြနေပြီး အောက်တွင်မူ သူသည် ငိုကြွေးလိုက်၊ ရူးသွပ်စွာ ရယ်မောလိုက်နှင့် လက်ခုပ်များ ပြင်းထန်စွာတီးလိုက် ဖြစ်နေလေသည်။
“အမွှာဝိညာဉ်လား”
တစ်ဖက်လူ၏ မျက်နှာကို အိပ်မက်သရဲ စွမ်းရည်များဖြင့်ပင် ပြန်လည်ဖန်တီး၍ မရနိုင်သော်လည်း ကျန်းမင်လီနှင့် ပိုင်ရှန်းတို့အတွက်မူ ဤမြင်ကွင်းမှာ တုန်လှုပ်စရာ ကောင်းလှသည်။
သူတို့၏ မေ့လျော့လုနီးပါး ဖြစ်နေသော မှတ်ဉာဏ်တချို့ နိုးထလာတောာ့သည်။ ကောင်းမင်သည် ထူးဆန်းသော အသံတစ်ခုကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ အိပ်မက်စွမ်းအားဖြင့် ဖန်တီးထားသော ထိုမြင်ကွင်းမှာ ထိန်းချုပ်မှုလွတ်တော့မည့် လက္ခဏာများ ပြလာသည်။ စင်ပေါ်တွင် ရပ်နေသူနှင့် အောက်တွင်ထိုင်နေသူ ပုံရိပ်နှစ်ခုတို့သည် သူတို့၏ လည်ပင်းများကို ဖြည်းညှင်းစွာ လှည့်လိုက်ကြပြီး ကောင်းမင်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
နာမည်ကို ညွှန်းဆိုရုံမျှဖြင့် ကျိန်စာများ ပျံ့နှံ့စေနိုင်သော မပြောပြသင့်သူအဆင့် ဖြစ်တည်မှုတစ်ခု ဖြစ်ရာ ယခု ကောင်းမင်၏အိပ်မက်များမှ ဖန်တီးလိုက်သော ကယ်တင်ရှင်၏ အတိတ်မြင်ကွင်းက ပို၍ပင် ထိခိုက်စေနိုင်ပေသည်။
မျက်နှာအသွင်အပြင်များ မရှိသလို ဆက်သွယ်၍လည်း မရသော်လည်း တစ်ဖက်လူက သူ့ကို အာရုံခံမိသွားပြီဖြစ်ကြောင်း ကောင်းမင် သေချာပေါက် သိလိုက်သည်။ ရှင်းလု၏ သွေးမြို့တော်အရှင်ငယ်သည် သူ့အား ဤနည်းလမ်းဖြင့် ဆုံတွေ့နေခြင်း ဖြစ်သည်။
“ခင်ဗျားဟာ ဟန်ဟိုင်းဆီကို ပထမဆုံးသော ရှင်သန်ခြင်း အလင်းရောင်ကို ယူဆောင်လာပေးခဲ့တယ်၊ ဟန်ဟိုင်းသွေးမြို့တော်က ခင်ဗျားအတွက် တတ်နိုင်သမျှ အချိန်ဆွဲထားပေးပါ့မယ်”
ကောင်းမင်က သူ၏ စေတနာကို ဖော်ပြလိုက်သော်လည်း အိပ်မက်ထဲမှ ကယ်တင်ရှင်မှာမူ ဘာတုံ့ပြန်မှုမှ မရှိပေ။ ကံကြမ္မာကြိုးမျှင်များ ပြတ်တောက်သွားပြီး အိပ်မက်ပျက်ပြယ်သွားချိန်အထိ ထိုပုံရိပ်နှစ်ခုမှာ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။ စင်ပေါ်မှ ပုံရိပ်သည် အဖြူရောင် ပန်းပွင့်ဖတ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပရိသတ်ထဲမှ ပုံရိပ်မှာမူ သွေးနီရောင် ပန်းပွင့်ဖတ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့သည် အိပ်မက်ထဲမှ လေပြင်းတစ်ချက်နှင့်အတူ လက်တွေ့ကမ္ဘာထဲသို့ လွင့်ပါလာပြီး ကောင်းမင်၏ လက်ဖဝါးပေါ်သို့ ကျရောက်လာခဲ့သည်။
“အမြွှာပန်းပွင့်တွေလား”
ပိုင်ရှန်းသည် ရုပ်ရှင်ဟောင်းတစ်ခုကို သတိရသွားပုံရပြီး မသိစိတ်ဖြင့် ပြောလိုက်သည်။
“အဲ့ဒီထဲမှာ ဘယ်သူ သရုပ်ဆောင်ခဲ့တာလဲ၊ ငါ မမှတ်မိတော့ဘူး”
အဖြူတစ်ပွင့်နှင့် အနီတစ်ပွင့်ဖြစ်သော ထိုပွင့်ချပ်နှစ်ခုတွင် ကြောက်မက်ဖွယ်ကောင်းသော ကမ္မဆက်နွယ်မှုများ ယှက်နွယ်နေသည်။ ကံကြမ္မာစွမ်းအားက ၎င်းတို့ကို အတင်းအကျပ် ဖျက်ဆီးရန် ကြိုးစားနေသော်လည်း ၎င်းတို့မှာ ခေါင်းမာစွာဖြင့် အတူတကွ တွဲကပ်ပေါက်ဖွားနေကြပေသည်။
ကောင်းမင် လက်ကို ဆုပ်လိုက်ပြီး ထိုပွင့်ချပ်များကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းတို့မှာ ကောင်းမင်၏ လက်ဖဝါးပေါ်ရှိ သွေးမြို့တော် သရဲတက်တူးပေါ်တွင် တံဆိပ်ခတ်နှိပ်သကဲ့သို့ ကပ်ငြိသွားတော့သည်။
“ဒါ ငါ့ကို လမ်းညွှန်ချက်အဖြစ် သုံးလိုက်တာလား၊ ဒါမှမဟုတ် ငါ့ကို တစ်ခုခု ပြောပြဖို့ ကြိုးစားနေတာလား”
သမိုင်းတလျှောက် အင်အားအနည်းဆုံး သွေးမြို့တော်ပိုင်ရှင်ဖြစ်သူမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ သို့သော်လည်း ကောင်းမင် အချိန်အကြာကြီး စဉ်းစားမနေခဲ့ပေ။ သူသည် ထွက်ခွာရန် ထရပ်လိုက်သည်။ ထိုပြဇာတ်ရုံငယ်လေးသည် ယခုတွင် ကယ်တင်ရှင်၏ အငွေ့အသက်များ လုံးဝမရှိတော့ဘဲ သာမန်ဟောင်းနွမ်းနေသော နေရာတစ်ခုအဖြစ်သာ ကျန်ရစ်တော့သည်။
“ပိုင်ရှန်း၊ ကယ်တင်ရှင်ကိုယ်တိုင်က သူ့ကို ယုံကြည်နေတာပဲ၊ မင်းက ဘာတွေ တွန့်ဆုတ်နေတာလဲ”
ကျန်းမင်လီက ပိုင်ရှန်း၏ လည်ပင်းကို ဖက်လိုက်ရာ သူ၏ သတ်ဖြတ်လိုသော အငွေ့အသက်များကြောင့် ပိုင်ရှန်းမှာ အေးခဲမတတ် စိမ့်တက်သွားသည်။
“ငါ့နောက် လိုက်ခဲ့၊ ငါ့မှာ ဂိမ်းစက်နဲ့ ဂိမ်းဦးထုပ် ရှိတယ်”
ပိုင်ရှန်း အချိန်မဆွဲတော့ပေ။ သူသည် ကောင်းမင်နှင့် ကျန်းမင်လီတို့ကို ပုဂ္ဂလိက ဆေးခန်းတစ်ခုသို့ ခေါ်ဆောင်သွား၏။ သူသည် မှတ်ဉာဏ်များ ပြန်လည်ရရှိစေရန် ဆေးရည်တစ်မျိုး ထိုးသွင်းလိုက်ပြီး ခွဲစိတ်စားပွဲပေါ်တွင် လဲလျောင်းလိုက်တော့သည်။
မသေဆေးကုမ္ပဏီ၏ ထောက်လှမ်းခြင်း မခံရစေရန်အတွက် ပိုင်ရှန်းသည် သူ၏ မှတ်ဉာဏ်များကို upload တင်ထားခြင်းဖြင့် သူ့အတိတ်ကို ဖြတ်တောက်ထားခဲ့ခြင်း ဖြစ်သည်။
အပိုင်း (၈၁၂) ကောင်းမင်၏ ဂိမ်းအတွေ့အကြုံ
ဖုံးကွယ်ထားသော မှတ်ဉာဏ်များ ပြန်လည်ရရှိလာသည်နှင့် ပိုင်ရှန်း၏ မျက်နှာအမူအရာမှာ ပိုမိုအရောင်အသွေးစုံလာသည်။ မှတ်ဉာဏ်များကို upload တင်ထားရခြင်းသည် မိမိဘဝကို မိမိကိုယ်တိုင် ဆုတ်ဖြဲပစ်ရသကဲ့သို့ပင်။ သူသည် ဖော်ထုတ်မခံရစေရန်အတွက် ခွဲစိတ်မှုပြုလုပ်ပြီးကတည်းက မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ပေ။
ခွဲစိတ်ခန်းထဲမှ ပြန်လည်တွန်းထုတ်လာချိန်တွင် ပိုင်ရှန်း၏ ကျန်းမင်လီထံ ကြည့်သည့်အကြည့်က လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။သူ့အကြည့်ထဲတွင် လေးစားမှု၊ ကျေးဇူးတင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရှိနေခဲ့သည်။ မသေဆေးကုမ္ပဏီ၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် ကျန်းမင်လီ မည်မျှအထိ နှိပ်စက်ခံခဲ့ရသည်ကို သူသိသည်။ ယခုကျန်းမင်လီ လုပ်ဆောင်တော့မည့် အရာက ရှင်းလုမြို့တော်တစ်ခုလုံးအတွက် မည်မျှအရေးကြီးသည်ကိုလည်း သူ နားလည်ထားသည်။
“ငါ ဒီနေ့ကို စောင့်နေခဲ့တာ”
“လူတိုင်း သေကုန်ကြပြီ၊ ငါလည်း သေချင်ခဲ့တယ်၊ ဒါပေမဲ့ ငါအသက်ရှင်နေမှ ရမယ်”
ပိုင်ရှန်းသည် အားနည်းနေသော သူ့ခန္ဓာကိုယ်ကို တရွက်ဆွဲရင်း ကောင်းမင်နှင့် ကျန်းမင်လီတို့ကို သူ့အား ခေါ်ဆောင်သွားရန် အချက်ပြလိုက်သည်။ သူတို့သည် ကားတစ်စီးပေါ်သို့ တက်ခဲ့ကြပြီး မြို့ဟောင်းထဲရှိ အချိန်အတော်ကြာကတည်းက စွန့်ပစ်ထားခဲ့သော လမ်းတစ်ခုသို့ ရောက်ရှိလာကြသည်။
“ဟွမ်ရင်ရဲ့ မှတ်ဉာဏ်တွေက ကယ်တင်ရှင်နဲ့ အဓိကပတ်သက်နေတာ၊ ငါ့ဆီမှာ ရှိတဲ့ သတင်းအချက်အလက်တွေကတော့ အနက်ရောင်သေတ္တာနဲ့ ဆက်စပ်နေတယ်၊ နောက်ပိုင်း ကယ်တင်ရှင်နဲ့ အဆက်အသွယ်ပြတ်သွားပြီးနောက်ပိုင်း လူတွေက သူ့ကို တဖြည်းဖြည်း မေ့သွားကြတယ်၊ ရယ်စရာကောင်းတာက ငါ့ခေါင်းထဲမှာ ကျန်နေတဲ့ မှတ်ဉာဏ်တွေက ပိုအရေးကြီးလာတာပဲ”
ပိုင်ရှန်းသည် ဟောင်းနွမ်းပျက်စီးနေသော လမ်းအတိုင်း လျှောက်သွားလိုက်သည်။ ဤနေရာမှာ ယခင်က တစ်ပတ်ရစ်ပစ္စည်းများ အရောင်းအဝယ်ပြုလုပ်ရာ နေရာဖြစ်ပုံရသည်။
“အနက်ရောင်သေတ္တာလား၊ အဲ့ဒါက ဘာလဲ”
ကောင်းမင်သည် လီဆန်းစီ၏ အနက်ရောင်သေတ္တာကို အမှောင်ယဇ်ပလ္လင်တွင် တွေ့ခဲ့ဖူးသည်။ မသေဆေးကုမ္ပဏီ အဆောက်အအုံ၏ မြေအောက်ခန်းတွင်လည်း ရှင်းလု AI ဦးနှောက်ဖြစ်သည့် ဧရာမ အနက်ရောင် သေတ္တာနက်ကြီးကိုလည်း တွေ့ခဲ့ဖူးသည်။ ၎င်းတို့နှစ်ခုလုံးသည် တစ်စုံတစ်ခုကို အတုယူ ပြုလုပ်ထားပုံရသည်။
“ငါ အဲ့ဒါကို ဖော်မပြတတ်ဘူး၊ ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်လည်း အဲ့ဒါကို တစ်ခါမှ မမြင်ဖူးလို့ပဲ၊ ငါ သိတာတစ်ခုကတော့ ကယ်တင်ရှင်ဟာ အဲ့ဒီအနက်ရောင်သေတ္တာကို ရပြီးမှ ထူးခြားသူ ဖြစ်လာခဲ့တာ၊ သူ အဲ့ဒါကို ရခဲ့တဲ့နေရာကလည်း ဒီလမ်းထဲမှာပဲ”
ပိုင်ရှန်းသည် မီးလောင်ထားသဖြင့် တစ်ဝက်ခန့်သာ ကျန်တော့သော သစ်သားတံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သည်။ အထဲရှိ စင်များပေါ်၌ မီးလောင်ထားသော တစ်ပတ်ရစ်ဂိမ်းစက်ပစ္စည်းများဖြင့် ပြည့်နှက်နေလေသည်။
ကြမ်းပြင်ပျဉ်ချပ်များနှင့် ဖုံးကွယ်ထားသော အရာများကို ဖယ်ရှားလိုက်ပြီးနောက် ပိုင်ရှန်းသည် ဖုန်းမီးကို ဖွင့်ကာ သူတို့ခြေဖဝါးအောက်ရှိ အမှောင်ခန်းလေးကို ညွှန်ပြလိုက်သည်။
“ကယ်တင်ရှင်ရဲ့ ဂိမ်းဦးထုပ်ကို ဒီမှာ ထားခဲ့တာလေ၊ တစ်ယောက်ယောက်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ထားခဲ့တာလို့ ထင်တာပဲ၊ အဲ့ဒီလူရဲ့ နာမည်ကို ငါမသိဘူး၊ ဒါပေမဲ့ ကယ်တင်ရှင်ပြောတာ ကြားဖူးတာတော့ အဲ့ဒီလူဟာ တားမြစ်ဂိမ်းကို ဖန်တီးခဲ့သူပဲတဲ့”
သူတို့ မြေအောက်ခန်းထဲသို့ ဝင်လိုက်ချိန်တွင် ဟန်ဟိုင်းသွေးမြို့တော်ပုံစံကွက်များ စီးဝင်နေသော ပန်းပွင့်ဖတ်များသည် မမြင်နိုင်သော လေပြင်းကြောင့် လွင့်ပါသွားကြသည်။ ကောင်းမင် လေတိုက်ခတ်ရာဘက်သို့ ကြည့်လိုက်ရာ အမှောင်ခန်းထဲ၌ အလွန်ရိုးရှင်းလှသော ပထမမျိုးဆက် ဂိမ်းဦးထုပ်တစ်လုံးကို တွေ့လိုက်ရသည်။ ၎င်းသည် ကြီးမားပြီး ကြည့်ရဆိုးသလို ခေတ်လည်း အတော်နောက်ကျနေပြီ ဖြစ်သည်။ ဦးထုပ်၏ ဂုတ်ပိုင်းနေရာတွင် ခြောက်သွေ့နေသော သွေးကွက်ကဲ့သို့ အမည်းစက်များ ရှိနေသည်။
“မသေဆေးကုမ္ပဏီက ဒီဦးထုပ်ကို အမြဲရှာနေခဲ့တာ၊ သူတို့ ဟွမ်ရင်ကို လိုက်ဖမ်းနေရတဲ့ အကြောင်းရင်း အတော်များများကလည်း ကယ်တင်ရှင်ရဲ့ အမွေအနှစ် အားလုံးက သူ့ဆီမှာ ရှိနေတယ်လို့ ဟွမ်ရင်က လူတိုင်းကို ပြောခဲ့လို့ပဲ”
ကောင်းမင် သွေးမြို့တော်ပိုင်ရှင် မဖြစ်ခင်ကသာ ပိုင်ရှန်းက ဤအကြောင်းကို ပြောပြမည်ဆိုပါက ပိုင်ရှန်းစကားပြောနေချိန်တွင် နံပါတ် (၀) ရောက်လာနိုင်သည်။ သို့သော် ယခုမှာမူ မတူတော့ပေ။ ကောင်းမင်သည် သူ့ပတ်ဝန်းကျင်ရှိ အိပ်မက်နှင့် လက်တွေ့လောကကို ရှုပ်ထွေးအောင် လုပ်ထားပြီးဖြစ်ရာ မည်သူမျှ သူတို့ကို အာရုံခံနိုင်တော့မည်မဟုတ်ပေ။
“ဒါကြီးက ပုံမှန်အတိုင်း အလုပ်လုပ်နိုင်ပါဦးမလား”
“အဆင်ပြေမှာပါ၊ အဆင်မပြေခဲ့ရင်လည်း ဒီနားမှာ အရံပစ္စည်းတွေ ရှိပါသေးတယ်”
ပိုင်ရှန်းသည် အခန်းထဲမှ လျှပ်စစ်မီးကို ဖွင့်လိုက်ရာ အမှောင်ခန်းမှာ လင်းထိန်သွား၏။ ပရိုဂျက်တာပေါ်တွင် အသံမပါသော ဟာသပြဇာတ်တစ်ခု ပြသနေလေသည်။ သို့သော်လည်း အဓိကဇာတ်ကောင်မှာ ဖျက်ထုတ်ခံထားရပြီး စခရင်၏ အလယ်ဗဟိုက ဝေဝါးနေခဲ့သည်။
“အဲ့ဒီကယ်တင်ရှင်က သရုပ်ဆောင်တစ်ယောက်လား”
ကောင်းမင် ထိုပြဇာတ်ကို အာရုံစိုက်ကြည့်လိုက်သည်။ သွေးမြို့တော်ပုံစံကွက်ထဲတွင် ပန်းပွင့်ဖတ်များ ဝဲလွင့်နေကြသည်။ ယခုတွင် ပန်းချီကားထဲမှ လူများ ဘာသရုပ်ဆောင်နေသည်ကို သူတစ်ဦးတည်းသာ နားလည်နိုင်တော့သည်။
“ငါ မမှတ်မိတော့ဘူး”
ကောင်းမင်၏ စကားကို ကြားသောအခါ ပိုင်ရှန်း၏ ပါးပြင်ပေါ်၌ ရှင်းပြမရသော မျက်ရည်များ စီးကျလာတော့သည်။ သူ ခေါင်းကို ခါယမ်းလိုက်သည်။
“မင်းဘာလို့ ငိုနေတာလဲကွ”
ကျန်းမင်လီသည် သူ့ဘေးရှိ ဂိမ်းသေတ္တာထဲသို့ တိုက်ရိုက် ခုန်ဝင်လိုက်သည်။
“မင်း ငိုနေတာက ငါတို့နှစ်ယောက်လုံးကို အပြီးအပိုင် ပို့ဆောင်ပေးနေသလိုပဲ”
အချက်ပြမီး လင်းလာခဲ့သည်။ ကောင်းမင်သည် ဟောင်းနွမ်းနေသော ဂိမ်းဦးထုပ်ကို ကောက်ကိုင်လိုက်ရာ ၎င်းသယ်ဆောင်ထားသော ကမ္မများကို ခံစားလိုက်သည်။ အိပ်မက်များကို သုံး၍ ၎င်းကို ပုံဖော်ကြည့်လိုက်သည်။
သူ့လက်ထဲရှိ ဦးထုပ်မှာ တစ်ဖြည်းဖြည်း ပိုလေးလံလာတော့သည်။ ကောင်းမင်သည် သူ ကိုင်ထားသည်မှာ ဂိမ်းဦးထုပ်တစ်ခု မဟုတ်တော့ဘဲ လူဦးခေါင်းပြတ်များ တစ်လုံးပြီးတစ်လုံး ဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့သည် တူညီသော ရည်မှန်းချက်တစ်ခုအတွက် ပေါင်းစည်းသွားကြပြီး အစွန့်စားဆုံးသော မှတ်ဉာဏ်များဖြင့် သူတို့ကိုယ်သူတို့ ဖြည့်သွင်းထားကြသည်။ သူတို့၏ မျက်နှာများက ဝေဝါးနေပြီး တစ်ချိန်က မျှဝေခဲ့ဖူးသော ကံကြမ္မာကြိုးမျှင်များမှာလည်း ပြတ်တောက်နေကြပြီဖြစ်သည်။ အတွင်းကမ္ဘာတွင် သူတို့၏ ခြေရာလက်ရာများ မရှိချေ။ လက်တွေ့ကမ္ဘာတွင်လည်း ဘယ်သူမှ သူတို့ကို မမှတ်မိကြတော့ပေ။ ဤဖြစ်တည်မှုများသည် အရာတစ်ခုကို ပြီးမြောက်အောင်မြင်ရန်အတွက် ကံကြမ္မာ၏ ဖျက်ပစ်ခြင်းကို ခံယူရန် ဝန်မလေးခဲ့ကြသူများ ဖြစ်သည်။
“အနက်ရောင်သေတ္တာလား”
ကောင်းမင်စိတ်ထဲတွင် ထိုအဖြေပေါ်လာသည်နှင့် အိပ်မက်ထဲတွင် ပုံဖော်ထားသော လူဦးခေါင်းများ အားလုံး စွမ်းအားတစ်ခုကြောင့် အတင်းအကျပ်ခွဲထုတ်ခံလိုက်ရသည်။
ကံကြမ္မာသည် အမည်မသိနည်းလမ်းတချို့ဖြင့် ကောင်းမင်ကို တိုက်ခိုက်ခဲ့သော်လည်း ကောင်းမင်၏ ကံကြမ္မာကြိုးမျှင်များကို ရှာမတွေ့သဖြင့် လောလောဆယ်တွင် သူ့ကို ထိခိုက်အောင် မလုပ်နိုင်သေးပေ။ သို့သော် ထိုအခိုက်အတန့်တွင် ကောင်းမင်သည် ကံကြမ္မာက နေရာတိုင်းတွင်ရှိနေပြီး သူ့ကို အချိန်တိုင်း စောင့်ကြည့်နေကြောင်း အမှန်တကယ် ခံစားလိုက်ရသည်။
“တခြားသွေးမြို့တော်တွေမှာ ဒီအနက်ရောင်သေတ္တာဆိုတဲ့အရာ မရှိဘူးထင်တယ်၊ ရှင်းလုက သေချာပေါက် ထူးခြားနေတာပဲ”
ပိုင်ရှန်းကို နှုတ်ဆက်ပြီးနောက် ကောင်းမင်၏ အိပ်မက်က ထိုနေရာတစ်ခုလုံးကို လုံးဝ လွှမ်းခြုံ၍ ဖုံးကွယ်ထားလိုက်သည်။ သူသည် ဟောင်းနွမ်းနေသော ဂိမ်းဦးထုပ်ကို ဆောင်းလိုက်သည်။
ဆက်သွယ်မှု ပြန်လည်ရရှိသွားပြီး သူ၏အမြင်အာရုံများ စတင်ပြောင်းလဲလာ၏။ ဂိမ်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ပြီဟု ကောင်းမင်ထင်လိုက်သည့် အချိန်တွင် သူ့ရှေ့မှ အရာအားလုံးသည် ရုတ်တရက် သွေးနီရောင်အဖြစ် ပြောင်းလဲသွားသည်။ နားဝင်ချိုပြီး လှပသင့်သော ဂိမ်းဝင်သံများ ရပ်တန့်သွားပြီး အေးစက်သော အသံတစ်ခုက သူ့နားထဲတွင် ပဲ့တင်ထပ်လာတော့သည်။
“ဇီဝမျိုးဗီဇဆိုင်ရာဖိုင် မှတ်တမ်းတင်ခြင်း မအောင်မြင်ပါ။ မှတ်ဉာဏ်ဖိုင်တင်ခြင်း မအောင်မြင်ပါ။ အာရုံကြောချိတ်ဆက်မှု မအောင်မြင်ပါ။ ပထမမျိုးဆက် စီမံခန့်ခွဲသူအကောင့်ကို ပြန်လည် အသက်မသွင်းနိုင်ပါ၊ အရံစီမံခန့်ခွဲသူအကောင့်၏ ဒုတိယအဆင့်ခွင့်ပြုချက်ကို ဖွင့်လှစ်လိုက်ပါပြီ။ သတိပေးချက်… ဒုတိယအဆင့်ခွင့်ပြုချက်ကို ဖွင့်လှစ်ခြင်းသည် အန္တရာယ်ရှိနိုင်ပါသည်။ သတိပေးချက်၊ ဒုတိယအဆင့် ခွင့်ပြုချက်ကို ဖွင့်လှစ်ခြင်းသည် အန္တရာယ်ရှိနိုင်ပါသည်။”
“ငါ့ထက် ပိုပြီးအန္တရာယ်များတဲ့အရာ ဘာရှိဦးမှာလဲ”
သတိပေးချက်များကို လျစ်လျူရှုရင်း ကောင်းမင်သည် အတင်းအကျပ် အသက်သွင်းရန် ရွေးချယ်လိုက်သည်။
သွေးနီရောင်ကမ္ဘာထဲသို့ ကောင်းမင်၏ ခန္ဓာကိုယ်ပေါ်ရှိ သရဲပုံစံကွက်များနှင့် အိပ်မက်အမှတ်အသားများက ကျူးကျော်ဝင်ရောက်သွားသည်။ ထူထပ်သော ပုံစံကွက်များသည် ပတ်ဝန်းကျင်ကို ချက်ချင်းဖုံးလွှမ်းသွားပြီး အက်ကွဲကြောင်းတစ်ခုကို ဆုတ်ဖြဲ ဆွဲဖွင့်လိုက်သည်။
“ပြီးပြည့်စုံသောဘဝဆိုတာ... စိတ်ကို အေးချမ်းစေပြီး... ကုသမှုပေးနိုင်တဲ့... နွေးထွေးတဲ့... ငါတို့၊ ငါတို့၊ ငါတို့... အားလုံးသေကုန်ပြီ... အားလုံး သေကုန်ကြပြီ၊ အားလုံး သေကုန်ကြပြီ၊ အားလုံး သေကုန်ကြပြီ”
အတင်းအကျပ် ကျူးကျော်ဝင်ရောက်မှုကြောင့် ကောင်းမင်သည် ကယ်တင်ရှင်ကိုယ်တိုင်ပင် မဖွင့်ရသေးသည့် မုဒ်(mood) အသစ်တစ်ခုထဲသို့ ရောက်ရှိသွားပုံရသည်။ စက်ရုပ်ဆန်ဆန် ဖန်တီးထားသော အသံမှာ တစ်နေရာတွင် ထစ်နေပြီး သူ့စိတ်ထဲ၌ အဆုံးမရှိ ထပ်ခါတလဲလဲ ထွက်ပေါ်နေလေသည်။ သူသည် သူ့အငွေ့အသက်များကို ဖိနှိပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ နေရာသည် နွေးထွေးတောက်ပသော နေရောင်ခြည်လည်း မရှိသလို စိတ်အေးချမ်းစေမည့် ချစ်စရာကောင်းသော အနုပညာပုံစံလည်း မရှိပါချေ။ ဟောင်းနွမ်းပျက်စီးနေသော အမှောင်ထုနှင့် သွေးများသာ ရှိနေသည်။
“ဒီဦးထုပ်က...”
သူသည် "ပြီးပြည့်စုံသောဘဝ" ဆိုသည့် တားမြစ်ဂိမ်းထဲသို့ ဝင်ရောက်ခဲ့ခြင်း မဟုတ်ကြောင်း ကောင်းမင် သိလိုက်သည်။ ကယ်တင်ရှင်အသုံးပြုခဲ့သော ဤဦးထုပ်သည် အတွင်းကမ္ဘာ၏ သွေးမြို့တော်အသစ်ထဲသို့ တိုက်ရိုက် ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။
“ငါ ကျန်းမင်လီနဲ့ လူကွဲသွားပြီ ထင်တယ်”
ဟောင်းနွမ်းပျက်စီးနေသော ဧည့်ခန်းထဲတွင် လူရှစ်ယောက် ထိုင်နိုင်သည့် ဆိုဖာဟောင်းတစ်ခု ရှိနေသည်။ တံခါးပေါ်တွင် ဖတ်ရခက်သော အိမ်နံပါတ်တစ်ခုကို ထွင်းထုထားသည်။ အထူးခြားဆုံးမှာ ပြတင်းပေါက်တွင် ပန်းအိုးအလွတ်တစ်ခု ရှိနေပြီး ယခင်နေထိုင်သူသည် ထိုနေရာတွင် ပန်းစိုက်ရန် ရည်ရွယ်ခဲ့ပုံရသည်။
“အတွင်းကမ္ဘာမှာ ပန်းစိုက်တာလား”
ကောင်းမင် ပြတင်းပေါက်ကိုဖွင့်၍ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ့အခန်းက လေးလွှာတွင် ဖြစ်သည်။ အိမ်ရာတစ်ခုလုံးမှာ မကြီးမားလှပေ။အိမ်ရာအမည်ဖြစ်သော "ပျော်ရွှင်မှု" ဆိုသည့် စာလုံးကို ဝင်ပေါက်တွင် မှေးမှိန်စွာ မြင်နေရသေးသည်။
“ငါ ဘယ်ရောက်နေတာလဲ၊ ဒါ ရှင်းလုသွေးမြို့တော်လား၊ ဒါပေမဲ့ ဘာလို့ တခြားမပြောသင့်သူတွေကို အာရုံမခံမိတာလဲ”
သူ့ခေါင်းထဲရှိ အသံက အချိန်အတော်ကြာမှ ပြန်ထွက်လာပြီး ကြက်သီးထဖွယ်ကောင်းသော လေသံဖြင့် ကောင်းမင်ကို ကြားဖြတ် ပြောလာသည်။
“နံပါတ်... မသိရပါ၊ ဒုတိယအဆင့်ခွင့်ပြုချက် မပြည့်စုံပါ၊ သတင်းအချက်အလက် ရှာဖွေနေပါသည်၊ ဇာတ်ကောင်အချက်အလက် ဖန်တီးနေပါသည်... ဖန်တီးမှု မအောင်မြင်ပါ၊ ပြန်လည်ရှာဖွေနေပါသည်...။”
“အစပြုတာဝန်များ ထုတ်ပေးလိုက်ပါပြီ၊ ကျေးဇူးပြု၍ ရွေးချယ်ပါ။”
အစပြုတာဝန် (၁) - ရေချိုးရန်။
အစပြုတာဝန် (၂) - တီဗီကြည့်ရန်။
အစပြုတာဝန် (၃) - အိပ်စက်ရန်။
ထူးဆန်းသော ညွှန်ကြားချက်များကို နားထောင်ရင်း ကောင်းမင်မှာ ဇဝေဇဝါ ဖြစ်သွားသည်။ ရေချိုးခြင်းနှင့် အိပ်စက်ခြင်းကို လူသစ်အတွေ့အကြုံတာဝန်အဖြစ် ပေးရအောင် ဒါက ဘယ်လို ကလေးကစားစရာ ဂိမ်းမျိုးလဲ။
“ငါ့ကို ဒါတွေ လုပ်ခိုင်းတာလား၊ မင်း ငါ့ကို နောက်နေတာလား၊ ငါတို့ ဟန်ဟိုင်းသွေးမြို့တော်က...”