← Chapters

အခန်း (၈၁၅-၈၁၆)

Vol. 55 Ch. 815-816

အခန်း (၈၁၅-၈၁၆)

Vol. 55 Ch. 815-816

အပိုင်း (၈၁၅) ငါအောင့်ထားခဲ့ရတာ အရမ်းကြာပြီ

“ရှန်းလော်”

ကောင်းမင်စိတ်ထဲတွင် မရေမရာသော နိမိတ်ဆိုးတစ်ခုကို ခံစားလိုက်ရသည်။ သို့သော်လည်း ဤစိတ်မသက်မသာဖြစ်မှုက ဘယ်ကလာနေမှန်း သူ မသိပေ။

“ဒါ ကံကြမ္မာက ချောင်းကြည့်နေလို့များလား”

“မင်းတို့ ပြန်လာပြီပဲ၊ ပြန်လာတာ ကောင်းတယ်”

ကျိန်စာချိန်းကြိုးများဖြင့် ချည်နှောင်ခံထားရသော လူငယ်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် စကားများပင် ထစ်ငေါ့နေသည်။

“မင်းတို့မရှိတဲ့ အချိန်တုန်းက အဲ့ဒီ မပြောသင့်သူတွေဟာ လူတွေ၊ တစ္ဆေတွေ၊ ကစားသမားတွေကို အကုန်သတ်ပစ်ခဲ့ကြတာ၊ ဘယ်သူ့ကိုမှ ချန်မထားခဲ့ကြဘူး၊ ဒီကောင်တွေက တကယ်ကို အသည်းနှလုံးမရှိတဲ့ တိရစ္ဆာန်အုပ်စုပဲ”

“ဒါဆို မင်းကိုကျတော့ ဘာလို့ အလွတ်ပေးထားတာလဲ”

ကောင်းမင် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ကယ်တင်ရှင်၏ မှတ်ဉာဏ်များကို ခြေရာခံခဲ့ခြင်းဖြစ်ရာ ကယ်တင်ရှင်၏ယဇ်ပလ္လင် ရှိနေရမည့်နေရာတွင် လူတစ်ယောက် အကျဉ်းကျနေခြင်းမှာ ထူးဆန်းလှသည်။

သူသည် သရဲတစ်ကောင်လည်း မဟုတ်သလို မည်သည့်ထူးခြားသည့်စွမ်းရည်များ ရှိပုံမရသည့်တိုင် အခြားသွေးမြို့တော်များမှ မပြောသင့်သူများ၏ အထူးဆက်ဆံမှုကို ခံထားရသည်။

“မင်းက ရှင်းလုကို သစ္စာဖောက်ခဲ့တာလား၊ ကယ်တင်ရှင်ကို အကျင့်ပျက်ခြစားအောင် လုပ်ဖို့ တခြားသွေးမြို့တော်တွေက မင်းရဲ့ကံကြမ္မာကို အဆိပ်ခတ်ခွင့်ပြုခဲ့တာလား”

ကောင်းမင်က အဆိုးဆုံးရှုထောင့်မှ ခန့်မှန်းလိုက်ရာ ထိုလူငယ်မှာ ငိုချင်ရက်လက်တို့ ဖြစ်သွားပြီး ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်သည်။

“ငါ ဘာမှမလုပ်ခဲ့ရရပါဘူး၊ တကယ်ပါ၊ ဘေးကပ်ဆိုးကြီးစဖြစ်တော့ ငါက ထုံးစံအတိုင်း အွန်လိုင်း ငွေကြေးစီမံခန့်ခွဲမှုသင်တန်းတွေကို လိုက်ပြီး ပရိုမိုးရှင်းလုပ်နေတာပါ၊ ရှင်းလုက ကစားသမားတွေက ငါ့ကို အမြင်စောင်းနေကြပြီး သရဲတွေ့တာထက် ပိုမြန်အောင် ထွက်ပြေးနေကြတာလေ၊ ဒါပေမဲ့ အဲ့ဒီနေ့က မြို့ထဲမှာ ငွေကြေးစီမံခန့်ခွဲမှုကို တကယ်စိတ်ဝင်စားတဲ့ ထူးဆန်းတဲ့လူတစ်ယောက်ကို ငါတွေ့ခဲ့ရတယ်၊ တကယ်ကို စကားပြောလို့ ကောင်းခဲ့ကြတာ၊ ဒါပေမဲ့ အဲ့ဒီနောက်တော့ အဲ့ဒီလူဆီမှာ ကံဆိုးမှုမျိုးစုံ ဆက်တိုက်ဖြစ်လာတော့တာပဲ၊ သူက အရမ်းဒေါသထွက်ပြီး သူ့ရဲ့ အစီအစဉ်ကို ရှင်းလုသွေးမြို့တော်က သိသွားလို့ အချိန်မတိုင်ခင် စလှုပ်ရှားတော့မှာပဲလို့ ပြောခဲ့တယ်၊ အဲ့ဒီတော့မှပဲ သူဟာ တခြားသွေးမြို့တော်ကလာတဲ့ မပြောသင့်သူတစ်ယောက်ဆိုတာ ငါသိလိုက်ရတာ”

ရှန်းလော်သည် ဘာမှမလုပ်ခဲ့သော်လည်း တစ်ခုခုကို လုပ်ဆောင်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ပုံရသည်။

“ရှင်းလုအန္တရာယ်ရှိနေတာကို ငါဘယ်လိုထိုင်ကြည့်နေနိုင်မှာလဲ၊ ငါ့ရှိတဲ့ ပစ္စည်းတွေ အကုန်သုံးပြီး တခြားသွေးမြို့တော်က မပြောသင့်သူက ရှင်းလုကို တိုက်ခိုက်တော့မယ်လို့ သတင်းပို့ဖို့ အပြေးအလွှား သွားခဲ့တယ်၊ ဒါပေမဲ့ ရှင်းလုက ဘယ်သူမှ ငါ့ကိုမယုံခဲ့ကြဘူး”

“သူတို့ ယုံခဲ့ရင်တောင် ခုခံနိုင်စွမ်း ရှိမှာမဟုတ်ဘူးလေ၊ ကယ်တင်ရှင် ထွက်သွားပြီးနောက် ရှင်းလုဟာ တခြားသွေးမြို့တော်တွေရဲ့ စုပေါင်းအင်အားကို မယှဉ်နိုင်တော့ဘူး”

အိပ်မက်များကို ထိန်းချုပ်ထားသော သွေးမြို့တော်ပိုင်ရှင်ဖြစ်သည့် ကောင်းမင်သည် ရှန်းလော် လိမ်နေခြင်း ရှိ၊ မရှိကို ခွဲခြားနိုင်သည်။ သူ့ရှေ့မှ လူငယ်သည် အမှန်အတိုင်း ပြောနေပြီး အလွန်ပင်ရိုးသားလှသည်။

“ဒီနှစ်တွေအတွင်းမှာ ငါ့ဘက်ကနေ ရပ်တည်ပေးချင်တဲ့သူဆိုလို့ မင်းတစ်ယောက်ပဲ ရှိသေးတယ်”

ရှန်းလော်သည် ကောင်းမင်အား ကြင်နာတတ်သူဟု အမှန်တကယ် ထင်မှတ်နေလေသည်။

“အားနာပေမဲ့ တစ်ခုလောက် မေးပါရစေ၊ မင်းက ရှင်းလုကယ်တင်ရှင်တွေရဲ့ သူငယ်ချင်းလား”

ကောင်းမင် ခေါင်းခါပြလိုက်ပြီး အမှန်အတိုင်း ဖြေလိုက်သည်။

“ငါက ဟန်ဟိုင်းသွေးမြို့တော်က အိပ်မက်သရဲတစ်ကောင်ပါ”

ရှန်းလော်၏ မျက်နှာပေါ်မှ အပြုံးက အေးခဲသွားသည်။ သူ့စိတ်ထဲတွင် အခြားသွေးမြို့တော်များမှ မကောင်းဆိုးဝါးများ၏ ရက်စက်ကြမ်းကြုတ်သော ပုံရိပ်များ ပြန်လည်ပေါ်ထွက်လာတော့သည်။ သူတို့သည် ရှင်းလုမှ ကစားသမားများကို လူသားများဟုပင် မသတ်မှတ်ခဲ့ကြပေ။ သူတို့၏ မျက်လုံးထဲတွင် လောဘဇောများသာ ပြည့်နှက်နေခဲ့ကြသည်။

“ဘန်း”

ရှန်းလော်ကို ချည်နှောင်ထားသော ချိန်းကြိုးများကို ဆွဲဖြုတ်ပစ်လိုက်ပြီး ကောင်းမင်က သူ့ကို ကျင်းနက်ကြီးထဲမှ ဆွဲထုတ်လိုက်သည်။

ချိတ်ပိတ်ထားမှုများ ပျက်စီးသွားပြီး အတားအဆီးမှုများ အတင်းအကျပ် ဖွင့်ခံလိုက်ရသည်။ ကောင်းမင် ရှန်းလော်ကို ကယ်တင်မှုသည် ကျိန်စာတိုက်ခဲ့သော မပြောသင့်သူအားလုံးကို သတိပေးလိုက်သလို ဖြစ်သွားတော့သည်။

ရှင်းလုသွေးမြို့တော်အတွင်း ပုန်းအောင်းနေကြသော မပြောသင့်သူများသည် မျက်လုံးများ ဖွင့်လာကြသည်။ မြေပြင်ပေါ်ရှိ အပျက်အစီးများတွင် စူးရှသော သွေးနီရောင်များ ဖုံးလွှမ်းသွားပြီး မည်သည့်နေရာကမှန်း မသိရသော ရယ်မောသံများ ပေါ်ထွက်လာသည်။ ကောင်းမင်၏ အမြင်အာရုံအတွင်းရှိ သေဆုံးဝိညာဉ်အားလုံးမှာ လျင်မြန်စွာ အိုမင်းရင့်ရော်လာကြသည်။

“သွေးနီရောင်၊ ပုံရိပ်ယောင်၊ အိုမင်းခြင်း”

မတူညီသော အရပ်မျက်နှာများမှ မပြောသင့်သူသုံးခုသည် ကောင်းမင်၏ ကမ္ဘာကြီးကို လွှမ်းခြုံရန် ကောင်းကင်ယံမှ လိုက်ကာကြီးသုံးခုကဲ့သို့ ကျရောက်လာတော့သည်။

“ငါ့ကို စိုးရိမ်စရာမလိုဘူး၊ ပြေးတော့”

ရှန်းလော်သည် ယခုကဲ့သို့ အခြေအနေမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ ကောင်းမင်က သူတို့ကို တားဆီးနိုင်မည်ဟု မယုံကြည်ထားပေ။ နောက်တစ်ခဏအတွင်း သူတို့နှစ်ယောက်လုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလိမ့်မည်ဟု သူခန့်မှန်းထားသည်။

“မင်း ငါ့ကို ဘာလို့ ကယ်တာလဲတော့ ငါမသိဘူး၊ ဒါပေမဲ့ အခုတော့ ငါတို့ တတ်နိုင်သမျှ ဝေးဝေးကို ပြေးရမယ်”

“လူတိုင်းက မင်းကို အထင်သေးကြပြီး မင်းနဲ့အတူရှိနေရင် မကောင်းတဲ့အရာတွေ ဖြစ်လာလိမ့်မယ်လို့ ထင်နေကြတာ၊ မင်းက ဘာလို့ ဒီမြို့မှာပဲ နေချင်နေရတာလဲ”

ကောင်းမင်သည်လည်း အနက်ရောင်ကံကြမ္မာမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ ဤအရာသည် တားမြစ်ချက်တစ်ခုနှင့် သိပ်မကွာခြားပေ။

“ဒီနေရာက ငါ့အိမ်လေ၊ သူတို့က ငါ့ကို တစ်ခါမှ အထင်မသေးခဲ့ကြပါဘူး၊ ငါ့နဲ့ စကားပြောရင် ပိုပြီးတောင် ထိန်းထိန်းသိမ်းသိမ်း ပြောကြသေးတယ်”

ရှန်းလော်သည် ကောင်းမင်ကို ထွက်ခွာရန် တိုက်တွန်းနေသော်လည်း သူ့လက်က လေဟာနယ်ကိုသာ ဖမ်းဆုပ်မိသွားသည်။ ကောင်းမင်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသုံးခုဆီသို့ တည့်တည့် လျှောက်သွားနေပြီ ဖြစ်သည်။

“မင်း လမ်းမှားနေပြီဟ”

သွေးမြို့တော်သရဲတက်တူးများက သူ့အရေပြားအောက်တွင် တိုးဝှေ့ပေါ်ထွက်လာသည်။ ကောင်းမင်၏ မျက်စိသူငယ်အိမ်အတွင်း၌ နတ်ဘုရားနှစ်ပါးကို ချုပ်နှောင်ထားသကဲ့သို့ ထင်ရသည်။ တစ်ပါးသည် အနာဂတ်ကို မြင်နိုင်စွမ်းရှိပြီး နောက်တစ်ပါးမှာ အတိတ်ကို သိမြင်နိုင်စွမ်း ပေးစွမ်းနိုင်သည်။

“ဟန်ဟိုင်းသွေးမြို့တော်ကို မတည်ဆောက်ခင်တုန်းက ငါဟာ မပြောသင့်သူရုပ်တုသုံးခုရဲ့ တိုက်ခိုက်မှုကြောင့် သေလုနီးပါး ဖြစ်ခဲ့ရဖူးတယ်၊ တကယ်လို့ သရဲသန္ဓေသားသာ ဝင်မလာခဲ့ရင် ငါအမြစ်ပြတ်သွားလောက်ပြီ...”

ဖိနှိပ်ထားရသော ကောင်းမင်၏အငွေ့အသက်များသည် ယခုတွင် ဆူပွက်နေသော ရေကဲ့သို့ ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေသည်။

ထို မပြောသင့်သူများသည် ရှန်းလော်ကို မသတ်ခဲ့ဘဲ သူ့ကို ငါးစာအဖြစ် အသုံးပြုရန် ချိတ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့သည် အနက်ရောင်ကံကြမ္မာ၏ လွှမ်းမိုးမှုကို လျှော့တွက်ခဲ့ကြသည်။

အချို့လူများသည် ထူးခြားစွာ မွေးဖွားလာကြသူများ ဖြစ်သည်။ သူတို့ ရှန်းလော်ကို အသုံးပြုရန် ကြံစည်ခဲ့ကတည်းက အနက်ရောင်ကံကြမ္မာနှင့် ယှက်နွယ်မိသွားခဲ့ပြီ ဖြစ်သည်။ အနီးကပ် ထိတွေ့မှု မရှိလျှင်ပင် သက်ရောက်ခြင်းခံရမည် ဖြစ်သည်။

သို့သော်လည်း သူတို့သည် မပြောသင့်သူများ ဖြစ်ကြသောကြောင့် ကံကြမ္မာ၏ လွှမ်းမိုးမှုမှာ ချက်ချင်း ပေါ်မလာခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ စုပုံလာခဲ့သောကံဆိုးမှုသည် ဘေးဒုက္ခပေါ်ပေါက်လာသည့် ယနေ့တွင်မှ အကျိုးပေးလာခြင်း ဖြစ်တော့သည်။

“မဟုတ်သေးဘူး၊ သူတို့ကို ငါ့နား ပိုနီးလာအောင် လုပ်ရမယ်၊ ပိုပြီး နီးကပ်လာအောင်...”

သားစားကြူးနတ်ဘုရား၏ လက်ရှစ်ဖက်သည် အိပ်မက်ထဲသို့ ပျောက်ကွယ်သွား၏။ လက်တွေ့နှင့် အိပ်မက်ကြားတွင် ကောင်းမင် ရပ်လိုက်သည်။

သူ့လုပ်ရပ်များက ရှန်းလော်ကို ဆွံ့အသွားစေသည်။ ကာလရှည်ကြာ အကျဉ်းကျရာမှ နိုးထလာရုံရှိသေးသော်လည်း မျက်လုံးဖွင့်လိုက်သည်နှင့် ထိတ်လန့်ဖွယ်မြင်ကွင်းကို သူမျက်မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

“မင်း... မင်း သူတို့ကို တိုက်ဖို့ စိတ်ကူးနေတာလား၊ မပြောသင့်သူ နတ်ဘုရားသုံးပါးလုံးကိုလား”

“အနက်ရောင်ကံကြမ္မာက သူတို့ရဲ့ ကံကောင်းမှုကို ဝါးမြိုလိုက်ပြီ၊ သူတို့ရဲ့ ကြိုတင်သတ်မှတ်ထားတဲ့ ဘေးဒုက္ခကို ငါမြင်နေရတယ်”

ကောင်းမင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ မြေပြင်ပေါ်တွင် စီးဆင်းနေသော သွေးများသည် အဘိုးအိုတစ်ယောက်၏ ဦးခေါင်းနှင့် သားရဲတစ်ကောင်အဖြစ် ပေါင်းစည်းသွားသည်ကို သူ မြင်လိုက်ရသည်။ အိုမင်းနေသော အလောင်းကြီးထံမှ သေခြင်းတရားအငွေ့အသက်များ အမြောက်အမြား ထွက်ပေါ်လာပြီး ငယ်ရွယ်ချောမောသော အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွား၏။ ပုံရိပ်ယောင်ကောင်းကင်ယံမှာ အောက်သို့ ပြိုကျလာပြီး ကောင်းမင်ရှိနေသည့် နေရာကို ပိတ်ဆို့လိုက်လေသည်။

“ငါကျ ဘာလို့ အဲ့ဒါတွေကို မမြင်ရတာလဲ”

ရှန်းလော်သည် ထွက်ပြေးချင်နေသော်လည်း ကောင်းမင်ကို တစ်ယောက်တည်း ထားခဲ့ရန် မသင့်တော်ဟု ခံစားမိသည်။

မတူညီသော သွေးမြို့တော်များမှ မပြောသင့်သူ ဖြစ်တည်မှုသုံးခုက ချဉ်းကပ်လာသည်။ အဘိုးအိုဦးခေါင်းနှင့် သားရဲကြီးသည် မြေပြင်ကို ခြေလေးချောင်းဖြင့် နင်းချလိုက်သည်။၎င်းသည် နတ်ဘုရားဆန်မှုနှင့် ဆိုးယုတ်မှုတို့ နှစ်ခုလုံးရှိနေလေသည်။ ၎င်း၏ပါးစပ်က ပွင့်ဟလာပြီး အရပ်မျက်နှာအနှံ့မှ ဝေဝေဝါးဝါးအသံများ ထွက်ပေါ်လာသည်။ ၎င်းမှာ သွေးမြို့တော်များ စတင်ပေါ်ပေါက်လာချိန်ကတည်းက ရှိခဲ့သော ဘာသာစကား ဖြစ်ပုံရသည်။

သေခြင်းအငွေ့အသက်များဖြင့် ဖန်တီးထားသော အမျိုးသမီးငယ်မှာ အလွန်လှပသော အသွင်အပြင် ရှိသည်။ သူမခြေတစ်လှမ်း လှမ်းလိုက်တိုင်း ခြောက်သွေ့နေသော အလောင်းများက လှေကားထစ်များအဖြစ် လိမ်ယှက်သွားကြသည်။ ရှင်းလုသွေးမြို့တော်၏ မြေပြင်သည် သူမ၏ ခြေလှမ်းများနှင့် မထိုက်တန်ဟု ယူဆနေပုံရသည်။

“တကယ့်ကို ကြွယ်ဝတဲ့အသက်စွမ်းအားပဲ”

ထိုအမျိုးသမီး၏ အသံက အဆက်မပြတ် ပြောင်းလဲနေသည်။ သူမသည် ကောင်းမင်၏ နှလုံးသားကို စိုက်ကြည့်နေပြီး သေခြင်းတရားအငွေ့အသက်များဖြင့် ပြည့်နှက်နေသော သူမ၏ နှလုံးသားမှာလည်း ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်လာခဲ့သည်။ တစ်ဖက်လူတွင် သန်မာအသက်စွမ်းအားများ ရှိနေရုံသာမက စိတ်ကူးမယဉ်နိုင်သော သေခြင်းတရားအငွေ့အသက်များကိုလည်း စုဆောင်းထားသည်ကို သူမ တွေ့လိုက်ရသည်။ ဤကဲ့သို့သော အခြေအနေမျိုးမှာ သုဘရာဇာများတွင်သာ ရှိတတ်ကြခြင်းဖြစ်သည်။

“လူတစ်ယောက်က အကြိမ်ဘယ်လောက်တောင် အမြှုပ်ခံထားရတာလဲ”

သေခြင်းတရားအငွေ့အသက်ထဲမှ မပြောသင့်သူသည် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ရပ်တန့်လိုက်သည်။

“ငါတို့ကို ရှာတွေ့သွားတာလား၊ သူတို့ ဘာလို့ အကြာကြီးတည်ရှိနေနိုင်တာလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး”

မပြောသင့်သူ ဖြစ်တည်မှုသုံးခုကိုသာ ဆွဲဆောင်နိုင်ခဲ့သဖြင့် ကောင်းမင်မှာ အနည်းငယ် နောင်တရသလို ခံစားလိုက်ရသည်။

“ငါလည်း အနက်ရောင်ကံကြမ္မာ လွှမ်းမိုးတာကို ခံနေရတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ သုံးခုဆိုရင် လုံလောက်ပါတယ်”

အတွင်းကမ္ဘာနယ်ပယ်နှင့် အိပ်မက်နယ်ပယ်၏ တံခါးများကို သူ၏ လက်ဗလာဖြင့် ဆုတ်ဖြဲဆွဲဖွင့်လိုက်သည်။ ငမ်းငမ်းတက် ဆာလောင်နေသော အိပ်မက်သရဲငါးကောင်မှာ ပုန်းအောင်းမနေတော့ဘဲ ဟန်ဟိုင်းသွေးမြို့တော်၏ လှိုင်းလုံးကြီးများမှာ ပြင်းထန်စွာ စီးဝင်လာတော့သည်။

အပိုင်း (၈၁၆) မောက်မာမှု

အိုမင်းခြင်းထက် သာလွန်မြင့်မားသော ထိုအမျိုးသမီးသည် သက်တမ်းကုန်ခမ်းသွားသော အလောင်းများကို ကျော်နင်း၍ လျှောက်လှမ်းလာခဲ့သည်။ သူမသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသော်လည်း ကောင်းမင်၏ခန္ဓာကိုယ်အတွင်း၌ အားကောင်းသော အသက်စွမ်းအားနှင့် သေခြင်းတရားအငွေ့အသက်များ တစ်ပြိုင်နက် တည်ရှိနေခြင်းကသာ အနည်းငယ်စိတ်ရှုပ်ထွေးစေခြင်း ဖြစ်သည်။ ဤအချက်က သူမအား ဟန်ဟိုင်းသွေးမြို့တော်နှင့် ပတ်သက်သည့် သတင်းအချက်အလက်အချို့ကို သတိရစေသော်လည်း ထိုမျှသာ ဖြစ်သည်။

သူမသည် သွေးမြို့တော်ပိုင်ရှင်၏ အိပ်မက်အသွင်ပြောင်းလဲမှုကို မရိပ်မိသေးပေ။ သို့သော်လည်း ကောင်းမင်ကမူ တစ်ဖက်လူသည် သူ့ဝှက်ဖဲကို သိသွားပြီဟု ယူဆလိုက်သဖြင့် နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။

အခက်အခဲပေါင်းစုံကို ကျော်ဖြတ်၍ ကြီးထွားလာခဲ့ရသော ကောင်းမင်သည် အနည်းငယ်မျှပင် ပေါ့ဆဝံ့ခြင်းမရှိချေ။သူသည် အင်အားသာလွန်မှုကို အသုံးချ၍ အစွမ်းကုန်တိုက်ခိုက်ရန် အခွင့်အရေးကို အရယူလိုက်သည်။

မပြောသင့်သူသုံးယောက်၏ အမြင်တွင်မူ သူတို့ချထားသော ငါးစာကို “ငါးကြီး” က နောက်ဆုံးတွင် ဟပ်လိုက်ပြီ ဖြစ်သည်။ သူတို့ ကိုယ်ထင်မပြခင်ကပင် ထိုသုံးဦးသည် ဝေစုခွဲရန် ဆွေးနွေးခဲ့ကြသေးသည်။ ဝိညာဉ်ကို သွေးနီရောင်က ယူရန်၊ ခန္ဓာကိုယ်ကို အိုမင်းခြင်းက ယူရန်နှင့် ကျန်ရှိသည်များကို ပုံရိပ်ယောင်က ယူရန်ပင်။

အလုပ်ခွဲဝေပြီးနောက် သူတို့သည် ရန်သူအား အရပ်မျက်နှာအသီးသီးမှ ဝိုင်းရံ၍ တဖြည်းဖြည်း ချေမှုန်းရန် ပြင်ဆင်လိုက်ကြသည်။ ထိုစဉ် အတွင်းကမ္ဘာနှင့် အိပ်မက်နယ်ပယ်ကြား၌ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာလေသည်။ မပြောသင့်သူများ၏ အငွေ့အသက်ထက် မနိမ့်ပါးသော အိပ်မက်သရဲငါးကောင်သည် ငတ်မွတ်နေသော သရဲတစ္ဆေများကဲ့သို့ ဝုန်းခနဲ ထွက်ပေါ်လာတော့သည်။

ဟန်ဟိုင်းသွေးမြို့တော်ကို ပြန်လည်မတည်ဆောက်ခင်က အိပ်မက်သရဲများသည် မပြောသင့်သူများ၏ ယဇ်ပလ္လင်ကို ရှာတွေ့မှသာ ၎င်းမှတဆင့် အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။ သို့သော် ယခုတွင် သွေးမြို့တော်က အိပ်မက်သရဲများ၏ ထိုအားနည်းချက်ကို ဖြည့်ဆည်းပေးလိုက်ပြီ ဖြစ်သည်။ သူတို့သည် မပြောသင့်သူများ၏ စိတ်အာရုံကို ထိုးဖောက်ဝင်ရောက်ရုံဖြင့် မှတ်ဉာဏ်များထဲမှတစ်ဆင့် ယဇ်ပလ္လင်တည်နေရာကို ရှာဖွေနိုင်ကာ ထိုကမ္ဘာထဲသို့ အတင်းအကျပ် ကျူးကျော်ဝင်ရောက်နိုင်ပြီ ဖြစ်သည်။

ကြိုတင်ပြင်ဆင်မထားသော မပြောသင့်သူများနှင့် ယှဉ်လျှင် ညှင်းပန်းနှိပ်စက်ခန်းအတွင်း ပုန်းအောင်းနေသော အိပ်မက်သရဲများမှာ အသင့်ဖြစ်နေကြပြီ ဖြစ်သည်။ ကွေ့ယွမ်သည် ပုံရိပ်ယောင်သွေးမြို့တော်မှ မပြောသင့်သူကို တစ်ဦးတည်း ရင်ဆိုင်တိုက်ခိုက်လိုက်သည်။ ကျန်ရှိသော အိပ်မက်သရဲလေးကောင်မှာမူ သူတို့နှင့် အနီးဆုံးရှိ အိုမင်းခြင်း မပြောသင့်သူကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ သားရဲခန္ဓာကိုယ်နှင့် လူဦးခေါင်းပေါက်နေသော သွေးနီရောင် မပြောသင့်သူကိုတော့ သားစားကြူးနတ်ဘုရား ကိုင်တွယ်ရန် ချန်ထားခဲ့သည်။

ဟန်ဟိုင်းသွေးမြို့တော်ကို တည်ထောင်လိုက်ချိန်တွင် ကောင်းမင်နှင့် အိပ်မက်သရဲများသည် အခြားသွေးမြို့တော်များ၏ စည်းမျဉ်းများကို ယေဘုယျအားဖြင့် နားလည်သဘောပေါက်သွားခဲ့ကြပြီ ဖြစ်သည်။ တစ်ချိန်က သူတို့ကို ထိုးစိုက်ခဲ့သော ဓားသွားများသည် ယခုအခါ သေစေနိုင်သော လက်နက်များအဖြစ် သွေးထားပြီးခဲ့ကြချေပြီ။ အိုမင်းသွားသော ဝိညာဉ်များဖြင့် တည်ဆောက်ထားသည့် လှေကားထစ်မှာ ချက်ချင်း ပြိုကျသွား၏။ ငယ်ရွယ်ချောမောသော အမျိုးသမီးသည် အိပ်မက်သရဲလေးကောင် ပူးပေါင်းဖန်တီးထားသော အိပ်မက်နယ်ပယ်ထဲသို့ ကျဆင်းသွားရသည်။ သူမသည် ဟန်ဟိုင်းသွေးမြို့တော် ပြန်လည်တည်ထောင်ပြီးနောက် အိပ်မက်သရဲများ၏ ခြောက်ခြားမှုကို ပထမဦးဆုံး မြည်းစမ်းရသည့် မပြောသင့်သူ ဖြစ်လာတော့သည်။

သူမ၏ ဝိညာဉ်အတွင်းပိုင်းမှ တုန်လှုပ်ခြောက်ခြားမှုများ နိုးထလာပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက ဟန်ဟိုင်းကြောင့် အတွင်းကမ္ဘာတွင် ဖြစ်ပေါ်ခဲ့သည့် ဖရိုဖရဲအခြေအနေများ၏ မှတ်ဉာဏ်များမှာ ထိန်းမနိုင်သိမ်းမရ ပေါ်ထွက်လာတော့သည်။ အိုမင်းခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသော ထို မပြောသင့်သူမှာ ရက်စက်ကြမ်းကြုတ်သော သားရဲလေးကောင်၏ ကိုက်ခဲခံလိုက်ရသကဲ့သို့ပင်။ အချိန်ကာလ၏ အနက်ပိုင်းမှ သူမခိုးယူထားသော ငယ်ရွယ်နုပျိုမှုနှင့် အသက်စွမ်းအင်များမှာ စုပ်ယူခံလိုက်ရလေသည်။ သိပ်သည်းနေသော သေခြင်းတရားအငွေ့အသက်များက မေ့လျော့နေသော အိပ်မက်များထဲသို့ ပျံ့နှံ့သွားတော့သည်။

လေးယောက် တစ်ယောက် ဖြစ်နေသဖြင့် အိုမင်းခြင်း မပြောသင့်သူသည် ရုန်းကန်ရန် အခွင့်အရေးပင် မရှိတော့ပေ။ အဝေးတစ်နေရာမှ ယဇ်ပလ္လင်ကြီး တဖြည်းဖြည်း ပျက်စီးသွားသည့် အသံမှာ ပဲ့တင်ထပ်လာတော့သည်။ အိပ်မက်သရဲများ၏ ကိုက်ခဲခြင်းကို ခံလိုက်ရပြီးနောက်တွင် ယဇ်ပလ္လင်ကို မည်သို့လုံခြုံအောင် ဝှက်ထားပါစေ အသုံးမဝင်တော့ပေ။

အိုမင်းခြင်းသွေးမြို့တော်၏ ခြောက်ခြားဖွယ် အခြေအနေကို မြင်သောအခါ ကျန်ရှိနေသော မပြောသင့်သူ နှစ်ယောက်က ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော် ကောင်းမင်က ဤအချက်ကို ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။ သူနှင့် ကွေ့ယွမ်တို့သည် သွေးနီရောင်နှင့် ပုံရိပ်ယောင်တို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။သူတို့၏ ရည်ရွယ်ချက်မှာ သတ်ဖြတ်ရန်မဟုတ်ဘဲ အချိန်ဆွဲထားရန် ဖြစ်သည်။

အတွင်းကမ္ဘာတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မတွေ့ရသည်မှာ ကြာခဲ့ပြီဖြစ်၏။ တစ်ချိန်က မြင့်မြတ်လှပါသည်ဆိုသော မပြောသင့်သူများသည် ယခုတွင် သားကောင်များ၊ ပန်းကန်ပေါ်မှ အစားအစာများအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ရှန်းလော်သည် ကျင်းနက်ကြီးအစွန်းရှိ အပျက်အစီးများပေါ်တွင် ထိုင်နေခဲ့သည်။ သူ့ခြေချင်းဝတ်မှ ချိန်းကြိုးများမှာ အရာမယွင်းသေးဘဲ ရှေ့သို့ စိုက်ကြည့်နေမိသည်။

ရှင်းလုသွေးမြို့တော်တွင် စိတ်ကြိုက်လုယက်သတ်ဖြတ်ခဲ့ကြပြီး အခြားသွေးမြို့တော်များမှ လာကာ သူ့အပေါ် အဆုံးမရှိဖိအားများ ပေးခဲ့ကြသည့် ထိုကြောက်မက်ဖွယ် ဖြစ်တည်မှုများထံမှ ယခုအခါ အကြောက်တရားများ ထွက်ပေါ်နေသည်ကို သူခံစားလိုက်ရသည်။

“သူတို့တွေ ကြောက်နေကြတာပဲ၊ ဒီကောင်တွေမှာလည်း ကြောက်တတ်တဲ့အရာတွေ ရှိနေတာပဲ...”

အသား လက်ရှစ်ချောင်းမှာ လူဦးခေါင်းနှင့် သားရဲခန္ဓာကိုယ်ရှိသော မကောင်းဆိုးဝါးကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ ကောင်းမင်၏ နှလုံးခုန်သံသည် စစ်ဗုံတီးသကဲ့သို့ ကျယ်လောင်စွာ မြည်ဟည်းနေ၏။ သူ၏ အသားနယ်ပယ်က အကန့်အသတ်မရှိ ပြန့်ကားလာပြီး သွေးအားလုံးကို ဝါးမြိုလိုက်တော့သည်။

“ငါ မင်းကို အများကြီး ကျွေးထားတာ၊ မသိထိုက်သူအဆင့်နဲ့ ဘယ်လောက်အထိ နီးစပ်သွားပြီလဲဆိုတာ ငါကြည့်ပါရစေ”

ကောင်းမင်၏ မျက်လုံးများတွင် သွေးကြောများ ယှက်သန်းသွားသည်။ နဂါးကို ချုပ်နှောင်သည့် သံမှိုများကဲ့သို့သော အိပ်မက်ယဇ်ပလ္လင်ငါးခုသည် သွေးနီရောင် မပြောသင့်သူ၏ ပတ်ပတ်လည်ကို ရိုက်ချလိုက်တော့သည်။

အခြားသော မပြောသင့်သူများသည် သူတို့၏ အားနည်းချက်များ ပေါ်သွားမည်ကို ကြောက်သဖြင့် ယဇ်ပလ္လင်ကို ဝှက်ထားကြသော်လည်း ကောင်းမင်ကမူ အိပ်မက်အမှတ်အသားများ ထွင်းထုထားသော ယဇ်ပလ္လင်များကို လှောင်အိမ်များအဖြစ် တိုက်ရိုက်အသုံးပြုလိုက်ခြင်း ဖြစ်သည်။

အကယ်၍ မပြောသင့်သူများသည် အိပ်မက်၏ အဓိကယဇ်ပလ္လင်ထဲသို့ ဝင်ရောက်လာပါက အဆုံးမရှိသော အိပ်မက်ကမ္ဘာထဲတွင် အချင်းချင်းတိုက်ခိုက်ကြရမည် ဖြစ်သည်။ အကယ်၍ တစ်ဖက်လူက မဝင်ရဲပါကလည်း တစ်လှမ်းချင်း ဝါးမြိုခံရမည်သာ ဖြစ်သည်။

ရှင်ခြင်းကို ကိုယ်စားပြုသော ကုန်းစီက ဟိန်းဟောက်လိုက်သည်။ ဟန်ဟိုင်းသွေးမြို့တော်၏ သရဲတက်တူးများသည် သားစားကြူးနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာ၏။ ၎င်းမှာ အတိုင်းအဆမရှိသော သွေးမြို့တော်နှင့် တစ်သားတည်း ဖြစ်သွားပုံရသည်။ သူ့လက်သီးချက်တိုင်းမှာ ရေလှိုင်းလုံးကြီးများကဲ့သို့ ပြင်းထန်လှသည်။

ဟန်ဟိုင်းသွေးမြို့တော်ကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်မှာ သိပ်မကြာသေးပေ။ ကောင်းမင်သည်လည်း အားအနည်းဆုံးသွေးမြို့တော်အရှင်သခင် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် အားအနည်းဆုံး အရှင်သခင်ပင် ဖြစ်လင့်ကစား သူသည် ကံကြမ္မာမြစ်၏ ချည်နှောင်မှုမှ လွတ်မြောက်လာသူဖြစ်ပြီး ကံကြမ္မာကိုယ်တိုင်ပင် ကြောက်ရွံ့ရသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။

မပြောသင့်သူ သွေးနီရောင်အငွေ့အသက်များသည် သွေးပင်လယ်နှင့် အနက်ရောင်မြူခိုး၏ အစွန်းတွင် တည်ရှိသော အစောဆုံးသောသွေးမြို့တော်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ၎င်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဟန်ဟိုင်းသရဲတက်တူးများ၏ မှတ်ဉာဏ်ထဲတွင် လက်ဆင့်ကမ်းခဲ့ကြသည်။ ဒဏ္ဍာရီများအရ ထိုမြို့ကြီးကိုယ်တိုင်မှာ သွေးပင်လယ်ထဲမှ တွားသွားထွက်လာသော မကောင်းဆိုးဝါးကြီးတစ်ကောင် ဖြစ်သည်ဟု ဆိုကြသည်။

ဟန်ဟိုင်း၏ အင်အားအကြီးဆုံး အချိန်ကာလတွင်ပင် အိပ်မက်သရဲများသည် သွေးနီရောင်အငွေ့အသက်များကို ရန်စလေ့မရှိကြပေ။ အကြောင်းမှာ ထိုမြို့ထဲမှ ဧရာမ သတ္တဝါကြီးများသည် အိပ်မက်များကို ခုခံနိုင်စွမ်း အားကောင်းသောကြောင့် ဖြစ်သည်။ ဤအချက်ကို သိထားသောကြောင့်ပင် ကောင်းမင်သည် သားစားကြူးနတ်ဘုရားကို တစ်ဖက်လူနှင့် အကြမ်းတမ်းဆုံးနှင့် အခြေခံအကျဆုံးသော နည်းလမ်းဖြင့် တိုက်ခိုက်ခိုင်းခြင်း ဖြစ်သည်။

“ဒီသွေးနီရောင် မကောင်းဆိုးဝါးတွေမှာ အတွင်းကမ္ဘာရဲ့ အသန်မာဆုံး ခန္ဓာကိုယ်တွေ ရှိကြတယ်၊ သူတို့တွေက သွေးပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ဝိညာဉ်အသစ်တွေ ပေါက်ဖွားလာတဲ့ အလောင်းတွေ ဖြစ်နိုင်တယ်”

သားရဲခန္ဓာကိုယ်နှင့် လူဦးခေါင်းရှိသော မကောင်းဆိုးဝါးသည် သားစားကြူးနတ်ဘုရား၏ တိုက်ခိုက်မှုကြောင့် နောက်သို့ တရစပ်ဆုတ်ခွာနေရသည်။ ၎င်း၏ ခန္ဓာကိုယ်က ယဇ်ပလ္လင်ကို ရိုက်ခတ်မိသွား၏။ထိုနောက် အိပ်မက်ယဇ်ပလ္လင်ထဲမှ မရေမတွက်နိုင်သော လက်များက ချက်ချင်း ထွက်ပေါ်လာပြီး ၎င်းကို မြဲမြံစွာ ဖမ်းဆုပ်လိုက်တော့သည်။

လွတ်မြောက်ရန် လမ်းစမရှိတော့သော မပြောသင့်သူကို မြင်သောအခါ ကောင်းမင် နောက်ဆုံးတွင် ပြုံးလိုက်မိသည်။

“ယဇ်ပလ္လင်တွေကြားမှာ ကြီးမားတဲ့ ကွာခြားချက်တွေ ရှိတယ်၊ အိပ်မက်ဆိုတာ မသိနိုင်တဲ့အရာပဲ၊ သူတို့ရဲ့ ပင်မယဇ်ပလ္လင်ထဲမှာ ထူးဆန်းတဲ့ လျှို့ဝှက်ချက်ပေါင်းစုံ ရှိသလို၊ သူတို့ရဲ့ ဖုံးကွယ်ထားတဲ့ ရုပ်ဆိုးအကျည်းတန်မှုတွေ၊ နာကြည်းမုန်းတီးမှုတွေနဲ့ ဒီကမ္ဘာပေါ်က အယုတ်မာဆုံး ကျိန်စာတွေလည်း ရှိနေကြတယ်”

အသားနှင့်အသွေး နယ်ပယ်က ပေါက်ကွဲထွက်လာသည်။ ဟန်ဟိုင်းသွေးမြို့တော်၏ စည်းမျဉ်းများ အကူအညီဖြင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ အသားနှင့်သွေးများအဖြစ် ပြောင်းလဲသွားကြသည်။ ကုန်းစီ၏ ခန္ဓာကိုယ်သည် အဆုံးမရှိ ကြီးထွားလာပုံရပြီး မြို့ပျက်ကြီးထက် ပို၍ ကျယ်ပြောလာကာ အမှောင်ကောင်းကင်ယံထက်ပင် ပို၍ မြင့်မားလာလေသည်။

အိပ်မက်နှင့် အသားများ ပေါင်းစည်းသွားခဲ့ချေပြီ။ သွေးတစ်စက်စီတိုင်းတွင် အဆုံးမရှိသော အတွေးများပါရှိပြီး အတွေးတစ်ခုစီတိုင်းတွင်လည်း အဆုံးမရှိသော အိပ်မက်များကို ဖုံးကွယ်ထားသည်။

သွေးပင်လယ်ထဲမှ တွားသွားထွက်လာသော မကောင်းဆိုးဝါးသည် အမှန်တကယ်ပင် ကြီးမားလှသော်လည်း အိပ်မက်များနှင့် ယှဉ်ပါက သေးငယ်လွန်းနေသေးသည်။

ကုန်းစီက ဟိန်းဟောက်လိုက်ရာ သားစားကြူးနတ်ဘုရား၏ လက်ရှစ်ဖက်အဆုံးတွင် အိပ်မက်လက်နက်ရှစ်ခု ပေါ်ထွက်လာပြီး ရှင်းလု၏ လူလုပ်သွေးနေလုံးကြီးကို ဝန်းရံလိုက်ကြသည်။ ၎င်းတို့၏ ပြင်းထန်သော မီးတောက်များက ကောင်းကင်သို့ ထိုးတက်ကာ မြေပြင်ကို ထိုးဖောက်သွားကြတော့သည်။

“ဟန်ဟိုင်းသွေးမြို့တော် အရှင်သခင်”

သားရဲနတ်ဘုရား ဦးခေါင်းပေါက်နေသော အဘိုးအို၏ မျက်နှာပေါ်မှ အရေးအကြောင်းများက ချက်ချင်း နက်ရှိုင်းသွားသည်။ သူသည် အစပိုင်းတွင် သူကိုယ်သူ ကံကောင်းသည်ဟု ထင်မှတ်ခဲ့ခြင်းဖြစ်သည်။ အိပ်မက်သရဲငါးကောင်အနက် လေးကောင်မှာ အိုမင်းခြင်း မပြောသင့်သူဆီသို့ သွားခဲ့ကြသဖြင့် သူ့ဘက်တွင် အသာစီးရနေသည်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် ကြောက်စရာအကောင်းဆုံးသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရတော့မည်ကို မသိခဲ့ပေ။

အတွင်းကမ္ဘာတွင် သွေးမြို့တော် ၁၃ ခုသာ ရှိပြီး တစ်ခုချင်းစီကို ထူးခြားသော စည်းမျဉ်းများဖြင့် အုပ်ချုပ်ထားသည်။ သားစားကြူးနတ်ဘုရားသည် ဟန်ဟိုင်း၏ အိပ်မက်စည်းမျဉ်းများကို အသုံးပြု၍ အကန့်အသတ်အားလုံးကို ချိုးဖျက်ပြီး အဆုံးမရှိသော “ကြီးထွားမှု” ကို ရယူခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက်စလုံးမှာ အဆင့်တူတွင် မရှိသဖြင့် ခုခံမှုမှာ လုံးဝ အသုံးမဝင်တော့ပေ။

“ဒီလောက်ကြာအောင် ဖိနှိပ်ခံခဲ့ရပြီးပြီပဲ၊ ငါတို့ ဟန်ဟိုင်းသားတွေအတွက် စားသောက်ပွဲတည်ခင်းရမယ့် အချိန်ရောက်ပြီ”

အတွင်းကမ္ဘာ၏ လေထုထဲတွင် အသားနံ့တစ်ခု သင်းပျံ့လာလေသည်။ ကောင်းမင်သည် မပြောသင့်သူ သုံးယောက်လုံး အကူအညီတောင်းနေကြပြီး အခြားသွေးမြို့တော်များသို့ သတင်းပို့နေကြသည်ကို သိသော်လည်း ဂရုမစိုက်ပေ။ သူသည် သွေးနီရောင်အရိုးများကို နင်းလိုက်ရင်း သူ့မျက်လုံးများက တောက်ပနေခဲ့သည်။

“လာတဲ့သူတွေ နည်းလွန်းသေးတယ်၊ မင်းတို့ ငါ့ကို အဆုံးစွန်ထိ မတွန်းပို့ဘူးဆိုရင် ငါ့နောက်လိုက်ပြီး စိတ်ဖောက်ပြန်မှုကမ္ဘာထဲကို ဝင်လာဖို့ အခွင့်အရေး ရမှာမဟုတ်ဘူးနော်”

All Chapters