← Chapters

အခန်း (၈၁၉-၈၂၀)

Vol. 55 Ch. 819-820

အခန်း (၈၁၉-၈၂၀)

Vol. 55 Ch. 819-820

အပိုင်း (၈၁၉) အစစ်အမှန်ပုံစံ

“ဝိညာဉ်ပြန်ခေါ်ခြင်းပါရမီက သွေးပင်လယ်ထဲက သေဆုံးဝိညာဉ်တွေကို ဆင့်ခေါ်နိုင်တာလား”

ဂိမ်းဦးထုပ်၏ အစစ်အမှန်ပုံသဏ္ဌာန်မှာ သွေးပင်လယ်အတွင်းရှိ မကောင်းဆိုးဝါးတစ်ကောင်နှင့် ရှင်းလုသွေးမြို့တော်၏ အသိစိတ်တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ထိုမကောင်းဆိုးဝါး၏ စွမ်းရည်များကို ပေါင်းစပ်ကြည့်ရှုပြီးနောက် ကောင်းမင်သည် ဝိညာဉ်ပြန်ခေါ်ခြင်း၏ အကျိုးသက်ရောက်မှုကို သဘာဝကျကျပင် တွက်ချက်မိသွားသည်။

သူ့ရှေ့မှောက်ရှိ တစ္ဆေတံခါးကြီးသည် ဘေးဒုက္ခနှင့် စိတ်ပျက်အားငယ်မှုအားလုံးကို ထင်ဟပ်နေသည့် မှန်တစ်ချပ်နှင့် တူ၏။ သွေးပင်လယ်အတွင်းရှိ ရောင်ပြန်ဟပ်နေသော သူ့အရိပ်ကို ကြည့်ရှုနေစဉ် သူစိတ်ထဲရှိ မှတ်ဉာဏ်အားလုံးသည် အသံတစ်သံတည်းဖြင့် ရက်စက်စွာ ချေမှုန်းခံလိုက်ရသည်။

“ခုန်ချလိုက်။”

၎င်းမှာ သေဆုံးပြီးသော ဝိညာဉ်ပေါင်း သန်းချီ၍ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်သကဲ့သို့ပင် ဖြစ်သည်။ အဆုံးမရှိသော သွေးနီရောင်ပင်လယ်အောက်ခြေမှ လက်တံပေါင်းများစွာသည် အပေါ်သို့ လှမ်းတက်လာကြပြီး ကောင်းမင်အား တစ္ဆေတံခါးအတွင်းသို့ ဆွဲသွင်းရန် ကြိုးပမ်းနေကြသည်။

“ဒါက သွေးပင်လယ်လား”

အတွင်းကမ္ဘာတွင် အစိတ်အပိုင်း သုံးခုရှိသည်။ ၎င်းတို့မှာ ရစ်ဝဲနေသော အနက်ရောင်မြူခိုးများ၊ အဆုံးမဲ့သွေးပင်လယ်နှင့် ကမ္ဘာကြီး၏ စိတ်ပျက်အားငယ်မှုနှင့် မေ့လျော့နေသော မှတ်ဉာဏ်များမှ ဖြစ်တည်လာသော ကုန်းမြေတို့ ဖြစ်ကြသည်။

အနက်ရောင်မြူခိုးများနှင့် ကုန်းမြေတို့ထက်စာလျှင် သွေးပင်လယ်သည် အန္တရာယ်အရှိဆုံး ဖြစ်သည်။ သွေးမြို့တော်သရဲတက်တူးများမှ ဆင်းသက်လာသော မှတ်ဉာဏ်များတွင် သွေးပင်လယ်အကြောင်း သတင်းအချက်အလက်သည် အလွန်ပင် ရှားပါးလှသည်။ယင်းသည် အရင်သွေးမြို့တော်အရှင်သခင်က တမင်ဖုံးကွယ်ထားခြင်း မဟုတ်ဘဲ ထိုနေရာသို့ မတော်တဆပင် မချဉ်းကပ်လိုသောကြောင့် ဖြစ်သည်။

ကောင်းမင်ကို ခုန်ချရန် တိုက်တွန်းနေသံများသည် ပိုမိုကျယ်လောင်လာပြီး တည်ငြိမ်နေသော ပင်လယ်ပြင်သည်လည်း သူ့မျက်လုံးထဲတွင် တဖြည်းဖြည်း လှိုင်းထန်လာတော့သည်။ လှိုင်းလုံးများကြားတွင် လူသေမျက်နှာများ ဝှေ့ယမ်းဖြတ်သန်းသွားပြီး ရေစက်များက သူ့ထံသို့ စင်တော့မည့်အထိ နီးကပ်လာပြီ ဖြစ်သည်။

သူ့လက်ချောင်းများကြားတွင် ပိတ်မိနေသော စနစ်သည် နာကျင်စွာရုန်းကန်နေပြီး ကောင်းမင်ကို အဆက်မပြတ် သတိပေးနေခဲ့သော်လည်း သတိပေးရုံထက် ပို၍ ဘာမှမတတ်နိုင်ပေ။ ဖန်တီးသူများသည် ဂိမ်းဦးထုပ်အသုံးပြုသည့် ကစားသမားများကို ကာကွယ်ရန် ထိုမကောင်းဆိုးဝါးအပေါ်တွင် ကန့်သတ်ချက်များစွာ ချမှတ်ထားခဲ့ရာ နှစ်ဦးကြားတွင် မွေးရာပါ မမျှတမှုတစ်ခုရှိနေခြင်း ဖြစ်သည်။

သို့သော် ဖန်တီးသူများသည် တစ်နေ့တွင် သူတို့၏ ဂိမ်းဦးထုပ်ကို အခြားသွေးမြို့တော်တစ်ခု၏ အရှင်သခင်က ဆောင်းလိမ့်မည်ဟု ဘယ်သောအခါမျှ ထင်မှတ်မထားခဲ့ကြပေ။

“သတိပေးချက်၊ အလွန်အန္တရာယ်ရှိသော အရင်းအမြစ်တစ်ခု ချဉ်းကပ်လာသည်ကို တွေ့ရှိရပါသည်”

“သတိပေးချက်၊ ဝိညာဉ်ပြန်ခေါ်ခြင်း ဝတ်ပြုဓလေ့သည် စက္ကန့် ၃၀ ကျော်လွန်သွားပြီ ဖြစ်ပါသည်၊ သတ်မှတ်ထားသော ဘေးကင်းချိန်ကို ကျော်လွန်သွားပြီ ဖြစ်ပါသည်”

“သတိပေးချက်၊ ကစားသမား၏ စိတ်ပိုင်းဆိုင်ရာ မူမမှန်ပါ၊ ကျူးကျော်လာသော ဖြစ်တည်မှုတစ်ခုကို တွေ့ရှိရပါသည်၊ ကျေးဇူးပြု၍ ချက်ချင်း ရပ်တန့်ပါ၊ ကျေးဇူးပြု၍ ချက်ချင်း ရပ်တန့်ပါ”

စနစ်၏ မူလက အေးစက်စက် စက်ရုပ်သံသည် ယခုအခါ ငိုသံပါသလို ဖြစ်နေသည်ကို ကောင်းမင် ခံစားလိုက်ရသည်။ အရေးကြီးသော ကိစ္စရပ်များသာမရှိပါက သူသည်လည်း စိတ်ပျော့သွားမိမည် ဖြစ်သည်။

“ခဏလောက် ထပ်စောင့်ပါဦး၊ ငါ မင်းရဲ့ အရင်သခင်ချန်ထားခဲ့တဲ့ သဲလွန်စတွေကို ရှာဖို့လိုအပ်လို့ပါ”

ကောင်းမင်၏ အသိစိတ်က တစ္ဆေတံခါးကို ကျော်ဖြတ်သွားပြီး သွေးပင်လယ်အတွင်းသို့ စမ်းသပ်ကြည့်လိုက်သည်။ ထိုခဏ၌ ဆီပူအိုးအတွင်းသို့ ရေတစ်ဇွန်း လောင်းထည့်လိုက်သကဲ့သို့ ဖြစ်သွားသည်။ သွေးလှိုင်းလုံးများ ပေါက်ကွဲထွက်လာပြီး ညှီစို့စို့လေပြင်းများ တိုက်ခတ်လာတော့သည်။ ပင်လယ်ရေမျက်နှာပြင်အောက်မှ ဧရာမအရိပ်ကြီးတစ်ခုက လျင်မြန်စွာ ချဉ်းကပ်လာသည်။ သွေးမြို့တော်အရှင်သခင်၏ စွမ်းရည်များဖြင့်ပင် ၎င်းမှာ ဘာလဲဆိုသည်ကို သူ ရှင်းလင်းစွာ မမြင်နိုင်ပေ။ ၎င်း၏ ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် ကြီးမားပြီး အလွန်ပြင်းထန်သော ဖိအားများကို သယ်ဆောင်လာသည်ဟုသာ သိရသည်။

“သတိပေးချက် သတိပေးချက်”

တစ်ပတ်ရစ်စနစ်သည် အော်ဟစ်လွန်းရသဖြင့် အသံပင် ဝင်နေပြီဖြစ်သည်။ ကောင်းမင်သည်လည်း အမှန်တကယ်ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ ထိုအရိပ်ကြီး ရေပေါ်သို့ မတက်လာမီ ရှင်းလုသို့ ပြန်ဆုတ်လိုက်ပြီး တစ္ဆေတံခါးကို တတ်နိုင်သမျှ အမြန်ဆုံး ပိတ်လိုက်တော့သည်။

စနစ်မျက်နှာပြင်ပေါ်ရှိ သွေးနီရောင် အက်ကြောင်းများက ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာနေသည်။ ဂျယ်လီငါးမကောင်းဆိုးဝါး၏ ဦးနှောက်အတွင်း ပုန်းအောင်းနေသော ရှင်းလုအသိစိတ် အစိတ်အပိုင်းမှာ တုန်လှုပ်နေဆဲဖြစ်သည်။ ၎င်းမှာ စနစ်အနေဖြင့် ဤကဲ့သို့ ပိုင်ရှင်မျိုးနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်း ဖြစ်သည်။ ပိုင်ရှင်သည် သူ့အသက်ကို လုံးဝဂရုမစိုက်သလို စနစ်၏ ညွှန်ကြားချက်များအတိုင်းလည်း ဘယ်သောအခါမျှ မလုပ်ဆောင်ပေ။ စိတ်ကြည်လင်နေသည့် အချိန်တွင်မူ စနစ်ကိုပင် ပြန်လည်ဖမ်းဆီး၍ အကျပ်ကိုင်ရန် ကြိုးပမ်းသေးသည်။

“မင်း ငါ့ကို မကျေနပ်လို့လား”

ကောင်းမင်၏ ဦးခေါင်းပေါ်ရှိ “အဆင့် ၁” ဟူသော စာသားသည် အကြောင်းပြချက်မရှိဘဲ စူးရှနေလေသည်။

“ဟန်ဟိုင်းသွေးမြို့တော်စွမ်းအားတွေက မင်းနဲ့တစ်သားတည်း ဖြစ်နေပြီ၊ မင်း ဘာတွေးနေလဲဆိုတာ ငါအတိအကျ သိတယ်”

သွေးမြို့တော်သခင် တစ်ယောက်အနေဖြင့် ကောင်းမင်သည် တစ်ပတ်ရစ်သုံးစနစ်ကို အပြစ်တင်ရန် အချိန်ပေးမည် မဟုတ်ပေ။ သူ ဂိမ်းမျက်နှာပြင်ကို ပွတ်သပ်လိုက်ရာ တစ်ပတ်ရစ်စနစ်၏ အမွေးအမှင်များ ထောင်ထလာပြီး တုန်ယင်သွားသည်။

“ငါ့လူတွေကို ရှင်းလုသွေးမြို့တော်ရဲ့ အသိစိတ်က ကာကွယ်ပေးထားလို့ ငါသူတို့ကို ရှာမတွေ့နိုင်ဘူး၊ ဒါကြောင့် ငါက ရှင်းလုအသိစိတ်ရဲ့ အသိအမှတ်ပြုမှုကို ရချင်တာပါ၊ မင်းလည်း မြင်တဲ့အတိုင်း ငါက လူဆိုးမဟုတ်ပါဘူး၊ တကယ်လို့ ငါသူတို့ကို ရှာမတွေ့ရင် ကယ်တင်ရှင်ကိုရှာဖို့ တစ္ဆေတံခါးကတစ်ဆင့် သွေးပင်လယ်ထဲကိုပဲ ဝင်သွားရတော့မယ်”

ကောင်းမင်သည် အမှန်တရားကို ပြောနေခြင်း ဖြစ်သည်။ သို့သော်လည်း သူ့ဘေးမှ အိပ်မက်သရဲများကမူ သူတို့၏ မြို့တော်သခင်သည် စနစ်လေးတစ်ခုကို ခြိမ်းခြောက်နေသည်ဟုသာ ခံစားနေရသည်။

ဂျယ်လီငါးမကောင်းဆိုးဝါး၏ စိတ်အတွင်းရှိ ရှင်းလုသွေးမြို့တော် အသိစိတ်သည် အချိန်အတော်ကြာအောင် ရုန်းကန်နေပြီးနောက် နောက်ဆုံး၌ တခြားနည်းလမ်းမရှိတော့သဖြင့် ကောင်းမင်ကို ဤတစ်ကြိမ် ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။

ပြန့်ကျဲနေသော အသိစိတ်များက ကောင်းမင်၏ သွေးမြို့တော်သရဲတက်တူးများအတွင်းသို့ တက်ကြွစွာ ပေါင်းစပ်ဝင်ရောက်သွားသည်။ သူသည် ရှင်းလုသွေးမြို့တော်၏ စည်းမျဉ်းများကို အသုံးမပြုနိုင်သေးသော်လည်း ၎င်း၏အငွေ့အသက်များ စိမ့်ဝင်သွားပြီဖြစ်သဖြင့် ငြင်းပယ်ခံရမှုနှင့် ဖိနှိပ်ခံရမှု ခံစားချက်များသည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

“ကျေးဇူးပါပဲ”

ကောင်းမင်သည် စနစ်နှင့် ဆက်ဆံရာတွင် ဤကဲ့သို့သော တန်းတူညီမျှမှုရှိပြီး လေးစားမှုရှိသည့် အမြတ်ထုတ်ခြင်းကင်းမဲ့သည့် နည်းလမ်းမှာ ကျန်းမာသောနည်းလမ်းပင် ဖြစ်သည်ဟု ခံစားလိုက်ရသည်။

ယဇ်ပလ္လင်ငါးခု၏ အလယ်ဗဟိုတွင်ရပ်နေရင်း ကောင်းမင်သည် ညှင်းပန်းနှိပ်စက်ခန်းမှ နံပါတ် ၂ ၏ စကားပြောစက်ကို ထုတ်ယူလိုက်သည်။ ခလုတ်ကို လှည့်၍ အခြားချန်နယ်တစ်ခုမှ ဆက်သွယ်ရန် ကြိုးပမ်းသော်လည်း နံပါတ် ၂ သည် အလွန်အမင်း သတိကြီးသူဖြစ်သဖြင့် ဘာမျှပြန်မဖြေပေ။

“ဒီကောင်က ငါအသတ်ခံလိုက်ရပြီး စကားပြောစက်ကို တခြားသွေးမြို့တော်က လူတွေ လုယူသွားပြီလို့ ထင်နေတာလား”

ကောင်းမင် နံပါတ် ၂ နှင့် လမ်းခွဲခဲ့စဉ်က ဟန်ဟိုင်းသွေးမြို့တော်မှာ ပြန်လည်မတည်ဆောက်ရသေးဘဲ အနာဂတ်မှာလည်း မရေမရာသလို အခြေအနေမှာလည်း အန္တရာယ်များနေခဲ့ခြင်း ဖြစ်သည်။ နံပါတ် ၂ ၏ သတိထားမှုသည် မမှားယွင်းပေ။

“ကံကောင်းတာက ငါ့မှာ အရန်အစီအစဉ်တစ်ခု ရှိတာပဲ”

ကောင်းမင်သည် သွေးစွန်းချိန်းကြိုးတစ်ခုကို ရှာတွေ့လိုက်သည်။ ပိုင်ရှောင်သည် အရင်ကတည်းက ညှင်းပန်းနှိပ်စက်ခန်းအတွင်းသို့ ဝင်ရောက်ဖူးသဖြင့် သူတို့နှစ်ဦး၏ ကံကြမ္မာမှာ ဆက်နွယ်နေပြီးသား ဖြစ်သည်။ ရှင်းလုသွေးမြို့တော်၏ အသိစိတ်က ဝင်မနှောင့်ယှက်သရွေ့ တစ်ဖက်လူကို ရှာတွေ့ရန်မှာ အချိန်ကိစ္စသာ ဖြစ်သည်။

“ရှင်းလုသွေးမြို့တော်ထဲမှာ တခြားသွေးမြို့တော်တွေရဲ့ မပြောသင့်သူတွေ ပုန်းနေတဲ့နေရာတွေ ရှိဦးမှာပဲ၊ အဲ့ဒါတွေကို သွားရှာလိုက်ကြ၊ အရှင်ပဲဖြစ်ဖြစ် အသေပဲဖြစ်ဖြစ် ပြန်ခေါ်လာခဲ့လို့ ရတယ်၊ ဒါပေမဲ့ မှတ်ထားရမှာက ရှင်းလုသွေးမြို့တော်ထဲကနေ ဘယ်တော့မှ ထွက်မသွားနဲ့”

ညွှန်ကြားချက်များ ပေးလိုက်ပြီးနောက် ကောင်းမင်သည် သားစားကြူးနတ်ဘုရားကို သွေးနီရောင် မပြောသင့်သူ၏ အရေခွံကို ထိုင်ခုံအဖြစ် အသုံးပြုစေလိုက်သည်။ ထို့နောက် ရှန်းလော်ကို ခေါ်ဆောင်၍ ပိုင်ရှောင် ရှိနိုင်မည့်နေရာသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

“မုန့်ရှီ၏ မှတ်ဉာဏ်တွေက ငါ့ကို ဒီစွန့်ပစ်သုခဘုံကို လမ်းပြပေးခဲ့တယ်၊ ချိတ်ပိတ်မှုတွေကို တစ်လွှာချင်း တူးဖော်လိုက်တော့ ပန်းပွင့်ဖတ်တွေတောင် လက်မခံချင်နေရာ ယဇ်ပလ္လင်ရှိနေရမယ့်နေရာမှာ ဝှက်ထားတဲ့ လူတစ်ယောက်ကို ငါရှာတွေ့ခဲ့တယ်”

ကောင်းမင်၏ တစ်ကိုယ်တည်း ရေရွတ်သံကို ကြားလိုက်ရသောအခါ ရှန်းလော်သည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ ပန်းပွင့်ဖတ်များ လက်မခံလိုသောလူမှာ သူ့ကို ရည်ညွှန်းနေခြင်း ဖြစ်ကြောင်း သူခံစားမိသောကြောင့် ဖြစ်သည်။

“ဘေးကပ်ဆိုးကြီး ကျရောက်လာတော့ ငါနေရာအနှံ့မှာ အကူအညီတွေ တောင်းခဲ့တာပါ၊ ကစားသမားတွေ ဝါးမြိုခံနေရတာကို ကြည့်ရင်းနဲ့ပေါ့၊ အဲ့ဒီမကောင်းဆိုးဝါးတွေကို မုန်းပေမယ့်လည်း ငါဘာမှ မတတ်နိုင်ခဲ့ဘူး၊ သူတို့ ငါ့ကိုဖမ်းတာခံရတဲ့အထိ နေ့တိုင်း ကြောက်လန့်တကြားနဲ့ နေထိုင်ခဲ့ရတယ်၊ ငါ့ကို ပိုနာကျင်စေတာက သူတို့တောင်မှ ငါ့ကို မသတ်ခဲ့ကြတာပဲ”

“ဘာလဲ၊ သူတို့လက်တွေ ညစ်ပတ်သွားမှာ ကြောက်လို့လား”

ကောင်းမင်၏ ပေါ့ပေါ့ပါးပါး မှတ်ချက်စကားကြောင့် ရှန်းလော်ဂရုတစိုက် တည်ဆောက်ထားသော ခံစားချက်များ ပျက်စီးသွားတော့သည်။ သူသည် သူ့ကယ်တင်ရှင်ကို ပိုလွမ်းဆွတ်မိသွားသည်။ ရှင်းလု၏ အရှင်သခင်သည် သူ့ကို အမြဲရှောင်ဖယ်နေတတ်သော်လည်း အနည်းဆုံးတော့ စကားပြောလျှင် စိတ်သက်သာရာရစေသေးသည်။

ရှန်းလော်၏ အလိုမကျသောမျက်လုံးများကို ကြည့်ကာ ကောင်းမင် အနည်းငယ် ပြုံးလိုက်သည်။

“ကံကြမ္မာဖုံးလွှမ်းနေတဲ့ ဒီညဉ့်ကောင်းကင်အောက်မှာ လူတိုင်းရဲ့ကံကြမ္မာကို မွေးကတည်းက သတ်မှတ်ထားပြီးသားပဲ၊ မင်းမှာ ငါတစ်ခါမှ မမြင်ဖူးတဲ့ အနက်ရောင်ကံကြမ္မာ ရှိနေတယ်၊ ဒါက မင်းဟာ ထူးခြားစွာမွေးဖွားလာသူ ဖြစ်ကြောင်း ပြသနေတာပဲ၊ မင်းရဲ့တည်ရှိမှုက အကြောင်းနှင့် အကျိုးပဲ၊ ဘေးဒုက္ခတစ်ခုပေါ့”

“ဩော်... တကယ်ကြီးလား”

ရှန်းလော်၏ မျက်လုံးများ ချက်ချင်း တောက်ပသွား၏။ အနည်းငယ် ဝေးသောနေရာရှိ ယန်ရှီကျီးကမူ ခေါင်းကို အနည်းငယ်ခါယမ်းရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဒီကလေးကတော့ ချော့ရတာ တကယ်လွယ်တာပဲ”

ရှင်းလုသွေးမြို့တော်သည် အလွန်ကျယ်ပြောလှသည်။ ကောင်းမင်သည် အတော်ကြာအောင် ရှာဖွေပြီးနောက် နောက်ဆုံးတွင် သက်ကြီးရွယ်အို ကိုယ်လက်လှုပ်ရှားမှုစင်တာတစ်ခု၌ ပိုင်ရှောင်ကို ဖမ်းမိလိုက်သည်။

နံပါတ် ၂ နှင့် ပိုင်ရှောင်၏ နောက်သို့လိုက်၍ ရှင်းလုသွေးမြို့တော်အတွင်း ဝင်လာခဲ့သော သရဲများအားလုံးနီးပါး သုတ်သင်ခံလိုက်ရပြီး ပိုင်ရှောင်၏ ခန္ဓာကိုယ်တွင် ကပ်ငြိနေသော ဝိညာဉ်အစအနလေးသာ ကျန်ရှိတော့သည်။

ကယ်တင်ရှင်ကို ဆက်သွယ်နိုင်ရန်အတွက် ပိုင်ရှောင်နှင့် နံပါတ် ၂ တို့သည် မပြောသင့်သူများစွာ၏ စောင့်ကြည့်မှုအောက်တွင် လှုပ်ရှားခဲ့ရပြီး အသက်အန္တရာယ်နှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ရှင်းလုသွေးမြို့တော်၏ အသိစိတ်က သူတို့ကို တက်ကြွစွာ ကာကွယ်ပေးခဲ့သဖြင့် ယခုတိုင် အသက်ရှင်နေနိုင်ခဲ့ခြင်း ဖြစ်သည်။

ကောင်းမင် ပိုင်ရှောင်ကို ပြန်တွေ့သောအခါ သူသည် မှတ်မိနိုင်ရုံလောက်သာ ရှိတော့သည်။ ပိုင်ရှောင်၏ ခန္ဓာကိုယ်ထက်ဝက်မှာ ကြေမွနေပြီး အနီရောင်ချည်မျှင်လေးများဖြင့်သာ ထိန်းထားရခြင်း ဖြစ်သည်။ သူ၏အရေပြားတစ်လက်မတိုင်းတွင်လည်း ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် စွပ်စွဲချက်များ ဖုံးလွှမ်းနေလေသည်။

အပိုင်း (၈၂၀) မင်းက ပါရမီရှင်ပဲ

ရောက်ရှိလာသူမှာ ကောင်းမင်ဖြစ်ကြောင်း သိရှိလိုက်ရသောအခါ ပိုင်ရှောင်၏ တင်းမာနေသော အာရုံကြောများက နောက်ဆုံးတွင် ပြေလျော့သွားတော့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သရဲတက်တူးများသည်လည်း လုံးဝပြိုကွဲသွားသည်။ သူသည် ပန်းအိုးများပြည့်နှက်နေသော သက်ကြီးရွယ်အို ကိုယ်လက်လှုပ်ရှားမှုစင်တာအတွင်း ပုံရက်သား လဲကျသွားတော့သည်။

“မင်းခန္ဓာကိုယ်ပေါ်က ဒီနာမည်တွေက... ကျိန်စာတွေလား”

ကောင်းမင် အနီးသို့ ချဉ်းကပ်သွားရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ စုံစမ်းစစ်ဆေးရေးဌာနက ပိုင်ရှောင့်ကိုယ်ပေါ်တွင် ခတ်နှိပ်ထားသော သရဲတက်တူးများသည် အခြားစွမ်းအားတစ်ခုဖြင့် အစားထိုးခြင်း ခံထားရသည်။ ထိုအနက်ရောင်နာမည်များသည် နက်ရှိုင်းသော ဆိုးယုတ်မှုများ ထုတ်လွှတ်နေပြီး ကောင်းမင်အား အမှောင်ယဇ်ပလ္လင်အတွင်းရှိ ဆိုးရွားလှသော အတွေ့အကြုံများကို ပြန်အမှတ်ရသွားစေသည်။

“နံပါတ် ၂ ကော ဘယ်မှာလဲ၊ သူက သွေးမြို့တော်အသိစိတ်ရဲ့ အကာအကွယ်ကို ရထားတာပဲ၊ မင်းကို ဒီလောက်အထိ ဆိုးဆိုးဝါးဝါးဒဏ်ရာရအောင် သူဘယ်လိုလုပ် ခွင့်ပြုထားရတာလဲ”

ကောင်းမင်သည် မိမိလူကို အလွန်အမင်း အကာအကွယ်ပေးတတ်သူဖြစ်သည်။သူက နံပါတ် ၂ ကို တူးထုတ်ပြီး အကျိုးအကြောင်း အစအဆုံးမေးမြန်းရန် ပြင်ဆင်လိုက်သည်။

“ဒါတွေက ကျိန်စာတွေမဟုတ်ပါဘူး၊ ကောင်းချီးတွေပါ”

ပိုင်ရှောင်သည် ကောင်းမင်ကို မြင်တွေ့ရသဖြင့် မိသားစုဝင်တစ်ဦးကို ပြန်လည်တွေ့ရှိရသကဲ့သို့ အလွန်အမင်း ဝမ်းသာသွားသည်။

“ကျုပ် အမှောင်ယဇ်ပလ္လင်ထဲမှာ ပထမဆုံးညရဲရဲ့ အမွေအနှစ်ကို ရရှိခဲ့တယ်၊ အမှောင်မြို့တော်ကနေ ထွက်ခွာလာတော့ ညရဲတွေရဲ့ နာမည်တွေနဲ့ တံဆိပ်တွေအားလုံးကို ယူလာခဲ့ပေမဲ့ သူတို့ရဲ့ အစစ်အမှန်စွမ်းအားကိုတော့ တစ်ခါမှ မထုတ်ဖော်နိုင်ခဲ့ဘူး၊ ကံကောင်းတာက နံပါတ် ၂ က ကျုပ်ကို ကူညီပေးခဲ့တာပဲ၊ သူက ရှင်းလုရဲ့ အသိပညာတွေအားလုံးကို ပိုင်ဆိုင်ထားပြီး ညရဲတွေအကြောင်းကိုလည်း ကောင်းကောင်းသိထားတယ်”

နံပါတ် ၂ ၏ အမြင်တွင် ကယ်တင်ရှင်နှင့် ဆက်သွယ်ခြင်းသည်သာ အသက်ရှင်သန်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အောင်မြင်နိုင်ခြေကို မြှင့်တင်ရန်အတွက် သူသည် ပိုင်ရှောင်အား သူပိုင်ဆိုင်သမျှ အရာအားလုံးကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ပိုင်ရှောင်၏ စွမ်းအားကို မြှင့်တင်ပေးနိုင်ရန် သူ့ခွန်အားအားလုံးကို အကုန်အစင်အသုံးပြု၍ ကူညီပေးခဲ့သည်။

ပိုင်ရှောင်သည်လည်း နံပါတ် ၂ ၏ ယုံကြည်မှုကို စိတ်မပျက်စေခဲ့ပေ။ သူသည် မပြောသင့်သူများ၏ လိုက်လံဖမ်းဆီးခြင်း ခံနေရသည့်တိုင် လက်လျှော့ရန် မတွေးတောခဲ့ဘဲ နံပါတ် ၂ အား ကူညီရန် တတ်နိုင်သမျှအစွမ်းကုန် ကြိုးပမ်းခဲ့သည်။

သူတို့နှစ်ဦးသည် သေဘေးမှ အကြိမ်ကြိမ်လွတ်မြောက်ခဲ့ကြရာမှ လေးနက်သော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့ကြသည်။ နံပါတ် ၂ သည် ပိုင်ရှောင်အား အတိတ်က အဖြစ်အပျက် အကြောင်းအရာများစွာကို ပြောပြခဲ့သည်။

အမှန်စင်စစ် နံပါတ် ၂ ၏ ဦးနှောက်မှာ သူငယ်စဉ်ကတည်းပင် ထုတ်ယူခံခဲ့ရခြင်း ဖြစ်သည်။ မိဘမဲ့ဂေဟာ၏ သွေးစွန်းညပြီးနောက် သူ့ကမ္ဘာကြီးသည် ငါးကန်တစ်ခုစာမျှသာ ကျယ်ဝန်းခဲ့သည်။ ထိုနှစ်များတစ်လျှောက်တွင် ပိုင်ရှောင်သည် နံပါတ် ၂ နှင့် စကားအများဆုံး ပြောဆိုခဲ့သည့် လူတစ်ယောက်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

အေးစက်ပြီး သီးသန့်ဆန်သော လူနှစ်ယောက်သည် တူညီသော ရည်မှန်းချက်ကြောင့် ပေါင်းစည်းမိခဲ့ကြပြီး ဖော်မပြနိုင်သော ခြောက်ခြားဖွယ် ဖိအားများအောက်တွင် ရဲဘော်ရဲဘက်ကောင်းများ ဖြစ်လာခဲ့ကြတော့သည်။

“ပထမဆုံး ညရဲက ရှင်းလုက လာတာပါ၊ သူက အရမ်းလေးစားဖို့ကောင်းတဲ့ လူအိုကြီးတစ်ယောက်ပဲ၊ နံပါတ် ၂ က ကျုပ်ကို သူ့အကြောင်း ပြောပြခဲ့လို့ ကျုပ်သွားချင်တဲ့လမ်းကြောင်းကို ပိုပြီးယုံကြည်ချက် ရှိလာခဲ့တာပါ”

ကောင်းမင်က ပိုင်ရှောင်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။သားစားကြူးနတ်ဘုရား၏ စွမ်းအားများက သူ့ကိုယ်ခန္ဓာမှ ဒဏ်ရာများကို စတင်ကုသပေးတော့သည်။

“မင်း ဘာမှမဖြစ်တာ ကောင်းတယ်”

ကောင်းမင်သည် နံပါတ် ၂ က ပိုင်ရှောင်ကို ဖျောင်းဖျသိမ်းသွင်းတော့မည်ဟု ခံစားမိသဖြင့် ထိုနှစ်ဦးကို ခွဲထုတ်ထားခြင်းက ပိုကောင်းမွန်ပေလိမ့်မည်။

“မင်း နောက်ထပ် ပုန်းအောင်းနေစရာ မလိုတော့ဘူး၊ ဟန်ဟိုင်းသွေးမြို့တော်ကို ပြန်တည်ထောင်ပြီးပြီ၊ ဒီက မပြောသင့်သူတွေက အခုတော့ အမဲလိုက်ခံရမယ့် သားကောင်တွေ ဖြစ်သွားပြီလေ”

ကောင်းမင်နှင့် ပိုင်ရှောင်တို့ အချိန်အတော်ကြာ စကားပြောဆိုပြီးနောက် နံပါတ် ၂ ၏ ပင်ပန်းနွမ်းနယ်နေသော အသံက နောက်ဆုံး၌ ထွက်ပေါ်လာတော့သည်။

“ဒါဟာ သွေးမြို့တော်အရှင်သခင်တွေရဲ့ လှည့်ကွက် မဟုတ်ဘူးပဲ၊ မင်းက ဟန်ဟိုင်းကို တကယ် ပြန်တည်ဆောက်နိုင်ခဲ့တာပဲ”

“ဒါဆို အခုထိ မင်းက ငါ့ကို အယောင်ဆောင်လို့ ထင်နေသေးတာလား”

ကောင်းမင်သည် လက်ချောင်းငါးချောင်းကို ဖြန့်လိုက်ရာ သွေးမြို့တော်စည်းမျဉ်းများသည် ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ပိုင်ရှောင်၏ စိတ်အတွင်းမှ နံပါတ် ၂ ၏ အကြွင်းအကျန်အသိစိတ်ကို ဆွဲထုတ်လိုက်သည်။

“ငါတို့ သတိထားမှရမယ်၊ အတွင်းကမ္ဘာကြီးက အရမ်းကျယ်ပြောလွန်းတယ်၊ တကယ်လို့ တခြားလူအဖြစ် ဟန်ဆောင်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ မပြောသင့်သူတွေရှိနေရင် ဘယ်လိုလုပ်မလဲ”

နံပါတ် ၂ ၏ အကြွင်းအကျန်အသိစိတ်မှာ ဆွေးမြေ့နေသည့် ဆောင်းဦးသစ်ရွက်ခြောက်ကဲ့သို့ ဖြစ်နေပြီး လေတိုက်ရုံနှင့်ပင် လွင့်စင်သွားတော့မည့်ပုံ ပေါ်နေလေသည်။

အိပ်မက်အမှတ်အသားများက နံပါတ် ၂ ၏ အကြွင်းအကျန် ဝိညာဉ်အတွင်းသို့ ပြန့်နှံ့သွား၏။ နံပါတ် ၂ ၏ အခြေအနေကို စစ်ဆေးပြီးနောက် ကောင်းမင်သည် သွေးစွမ်းအင်အချို့ကို ၎င်းအတွင်းသို့ ထည့်သွင်းပေးလိုက်သည်။

“ဒါက အသုံးမဝင်ပါဘူး၊ ပြန်ပြင်လို့ မရတော့ဘူး”

နံပါတ် ၂ က ခါးသီးစွာ ရယ်မောလိုက်သည်။

“ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်က မသေဆေးကုမ္ပဏီက အယောင်ဆောင် နံပါတ် (၀) အတုရဲ့ လက်ထဲမှာ ရှိနေတာ၊ အခု အခြေအနေက ငါ့ခန္ဓာကိုယ်ဟာ ပျောက်ကွယ်လုဆဲဆဲ အခြေအနေဖြစ်နေပြီ”

“မင်းရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို မင်းအာရုံခံနိုင်လား”

ကောင်းမင်သည် နံပါတ် ၂ ကို ညှင်းပန်းနှိပ်စက်ခန်းအတွင်းသို့ မထည့်ဘဲ ပိုင်ရှောင်၏ စိတ်အတွင်းသို့သာ ပြန်ထည့်သွင်းပေးလိုက်သည်။

“ငါ နံပါတ် (၀) နဲ့ တစ်ခါဆုံဖူးတယ်၊ သူက ဉာဏ်ပညာမြို့တော်အောက်က အနက်ရောင် သေတ္တာကြီးတစ်ခုထဲမှာ ပုန်းနေတာ”

“အဲ့ဒီနေရာက အရင်က ငါ့ဦးနှောက်ကို သိမ်းဆည်းထားတဲ့ နေရာပဲ”

မသေဆေးကုမ္ပဏီအကြောင်း ပြောဆိုလိုက်ချိန်တွင် နံပါတ် ၂ ၏ လေသံ၌ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပါဝင်နေခဲ့သည်။

“နံပါတ် (၀) ရဲ့ ပစ်မှတ်အစစ်က ရှင်းလုသွေးမြို့တော်ပဲ၊ တကယ်လို့ သူ့ကို ဒီကိုရောက်လာအောင် ဆွဲဆောင်နိုင်မယ့်နည်းလမ်းကို ရှာတွေ့ရင် မင်းရဲ့ ခန္ဓာကိုယ်အစစ်ကို ကယ်တင်ဖို့ အခွင့်အရေး ရနိုင်လိမ့်မယ်”

“ငါကြိုးစားကြည့်ပါ့မယ်၊ ဒါပေမဲ့ အခုအရေးကြီးဆုံးက ကယ်တင်ရှင်တွေနဲ့ ဆက်သွယ်ဖို့ပဲ”

နံပါတ် ၂ သည် ပိုင်ရှောင်၏ မှတ်ဉာဏ်ထဲမှ ချိတ်တံဆိပ်တစ်ခုကို ဆုတ်ဖြဲလိုက်သည်။ ရုန်းကန်လှုပ်ရှားရလွန်း၍ ပင်ပန်းနွမ်းနယ်နေကြသော ထိုသနားစဖွယ် ဝိညာဉ်နှစ်ခုမှာ သူတို့၏ မှတ်ဉာဏ်များ ခိုးယူခံရမည်ကို စိုးရိမ်သဖြင့် တစ်ဦးကိုတစ်ဦး ချိတ်ပိတ်ထားကြခြင်းဖြစ်ပြီး ကောင်းမင် ရောက်လာမှသာ ထိုချိတ်တံဆိပ်ကို ဖယ်ရှားဝံ့ကြခြင်း ဖြစ်သည်။

သူတို့ အချိန်အနည်းငယ် ဖြုန်းတီးပြီးနောက်တွင် ပိုင်ရှောင်သည် စွန့်ပစ်ပစ္စည်းများဖြင့် ပြည့်နှက်နေသော ကိုယ်လက်လှုပ်ရှားမှုစင်တာအတွင်းမှ ပန်းအိုးတစ်လုံးကို နောက်ဆုံး၌ ဆွဲထုတ်လိုက်သည်။

“ကယ်တင်ရှင်ရဲ့ ယဇ်ပလ္လင်က ဒီမှာရှိတယ်”

“ပန်းအိုးတစ်လုံးလာ၊ ဒီလောက် ထူးဆန်းတဲ့ ယဇ်ပလ္လင်မျိုးရှိတာလား”

သွေးမြို့တော်ပိုင်ရှင်တစ်ယောက်အနေနှင့်ပင် ကောင်းမင်သည် ထိုပန်းအိုး၌ မည်သည့်ထူးခြားမှု တစ်စုံတစ်ခုကို မမြင်တွေ့ရပေ။

“ကယ်တင်ရှင်ဟာ တစ်ခါက သူ့ကိုယ်သူ စတေးခဲ့ဖူးပြီး နောက်ပိုင်းမှာ သုခဘုံယဇ်ပလ္လင်က တစ်ဆင့် ပြန်လည်မွေးဖွားလာခဲ့တာ၊ အဲ့ဒီအချိန်တုန်းက လူတော်တော်များများ ရှိနေခဲ့ကြတယ်၊ မတော်တဆမှုတွေ မဖြစ်အောင် ကယ်တင်ရှင်က ရှင်းလုကနေ ထွက်မသွားခင်မှာ ယဇ်ပလ္လင်ရဲ့ ပြာတွေကို ရွှေ့ပြောင်းခဲ့တယ်၊ ဒီလျှို့ဝှက်ချက်ကို ငါတစ်ယောက်ပဲ သိတာ”

နံပါတ် ၂ ၏ အသံက ကောင်းမင်စိတ်ထဲ၌ ပဲ့တင်ထပ်လာသည်။ သူသည် ဤအကြောင်းကို အခြားမည်သူ့ကိုမျှ မကြားစေလိုပေ။

“ပြဿနာက ဒီပန်းအိုးမှာ ယဇ်ပလ္လင်တံခါးတောင် မရှိဘူး၊ မင်း ဒါကို ဘယ်လိုဖွင့်မှာလဲ၊ ဒါကို ဘယ်လိုဆင့်ခေါ်မှာလဲ”

“ယဇ်ပလ္လင်ဆိုတာ မပြောသင့်သူရဲ့ ယုံကြည်မှုတွေကို စုစည်းဖို့ တည်ရှိနေတာပဲ၊ ဒီပန်းအိုးဟာ ကယ်တင်ရှင် ရှာဖွေနေတဲ့အရာကို ထိန်းသိမ်းထားတယ်”

နံပါတ် ၂ ၏ စကားကို ကြားရသောအခါ ကောင်းမင်တစ်ယောက် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာသည်။ သူသည် အထူးစွမ်းရည်များကို အသုံးမပြုဘဲ မြေကြီးထဲသို့ လက်လှမ်းနှိုက်လိုက်ရာ အက်ကွဲနေသော မြေသားအတွင်းမှ သန့်စင်သော အနက်ရောင်အစေ့တစ်ခုကို ရှာတွေ့လိုက်သည်။

၎င်းမှာ သူ၏လက်သန်းထိပ်ခန့်မျှသာရှိပြီး မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ဖုံးလွှမ်းနေပေသည်။ ၎င်းသည် ၎င်း၏ဒဏ်ရာများကို အဆက်မပြတ် ကုသလျက်ရှိသည်။

“ကယ်တင်ရှင်က အဝေးကို ထွက်သွားတယ်… ဖြစ်နိုင်တာက သူ ဒဏ်ရာအပြင်းအထန်ရနေတာလည်း ဖြစ်နိုင်တယ်၊ ငါနည်းလမ်းအမျိုးမျိုးနဲ့ ခေါ်ကြည့်ခဲ့ပေမဲ့ အစေ့က ဘာတုံ့ပြန်မှုမှ မရှိဘူး၊ အစေ့က မသေသေးဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ဒါက အမြစ်တွယ်ပြီး အပင်ပေါက်နိုင်စွမ်း မရှိတော့တဲ့ပုံပဲ”

“အကွာအဝေးက အရမ်းဝေးနေလို့လား”

ကောင်းမင်သည် တစ်ပတ်ရစ်စနစ်၏ အကူအညီဖြင့် ကိုဩဒိနိတ်တစ်ခုကို ရရှိထားသည်။ သူ့စိတ်ထဲတွင် ရဲတင်းသော အကြံတစ်ခု ထွက်ပေါ်လာတော့သည်။

“ငါ စမ်းကြည့်ရင်ကော”

“မင်း ဘာလုပ်လုပ်ပါ၊ ကယ်တင်ရှင်ကို လူတွေ လုံးဝမေ့မသွားသရွေ့ ဒီအစေ့ကို လုံးဝဖျက်ဆီးလို့ မရနိုင်ဘူး...”

နံပါတ် ၂ စကား မဆုံးခင်မှာပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူ အာရုံခံမိလိုက်သည်။ သူ့ဝိညာဉ်အတွင်း၌ ရေလှိုင်းပုတ်သံများကို ကြားလိုက်ရပြီး သွေးပင်လယ်၏ ညှီစို့စို့ အနံ့အသက်များကို ရရှိလိုက်သည်။

“ရှင်းလုမှာ ဘယ်လိုလုပ်ပြီး သွေးပင်လယ်ရဲ့ ရေလှိုင်းပုတ်သံတွေကို ကြားနေရတာလဲ”

နံပါတ် ၂ သည် ပိုင်ရှောင်၏ ဦးခေါင်းအတွင်းမှ တွားသွားထွက်လာရန် ဆန္ဒရှိနေသည်။ ကောင်းမင်က စနစ်မျက်နှာပြင် ဆွဲဖြဲ၍ တံခါးတစ်ချပ်ကို အတင်းအကျပ် ဖွင့်လိုက်သည်ကို သူမြင်တွေ့လိုက်ရသည်။

ထိုတံခါး၏ ယခုဘက်ခြမ်းတွင် လူသားတို့၏ ဖြူဖျော့သောမျက်နှာများ ရှိနေပြီး ဟိုဘက်အခြမ်းတွင်မူ တဟူးဟူးတိုက်ခတ်နေသော ညှီစို့စို့လေပြင်းများနှင့် လှိုင်းထန်နေသော သွေးပင်လယ်ကြီး ရှိနေလေသည်။ နံပါတ် ၂ သည် ရေမျက်နှာပြင်အောက်၌ သာမန်ကျွန်းတစ်ကျွန်းထက်ပင် ကြီးမားသော ဧရာမအရိပ်ကြီးတစ်ခုကိုပင် မြင်တွေ့လိုက်ရသည်။

အစေ့ကို ဆုပ်ကိုင်ထားရင်း ကောင်းမင်သည် ငရဲတံခါးရှေ့၌ ရပ်နေပြီး ထိုအစေ့ကို သွေးပင်လယ်အတွင်းသို့ ပစ်ချတော့မည့်ဟန် ရှိနေခဲ့သည်။

“သေသေချာချာ စဉ်းစားဦးနော်”

နံပါတ် ၂ မှာ အမှန်တကယ် စိုးရိမ်ပူပန်နေရသည်။ ကောင်းမင်သည် အမြဲတမ်းပင် မမျှော်လင့်ထားသော ထိတ်လန့်စရာများကို လုပ်ဆောင်တတ်သူ ဖြစ်သည်။

“ဆန်းစီကို ငါက ပိတ်လှောင်ထားတယ်လို့ မင်းဘယ်လိုသိတာလဲ”

ကောင်းမင်က လီဆန်းစီးကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ သူသည် သူ့လက်ကို သတိထား၍ မြှောက်လိုက်ပြီး ငရဲတံခါး၏ အပြင်ဘက်သို့ ဆန့်ထုတ်လိုက်တော့သည်။

ကောင်းမင်သည် ဝိညာဉ်ပြန်ခေါ်ခြင်းအတွက် သီးခြားလုပ်ဆောင်ချက်များကို မသိပေ။ သို့သော်လည်း နံပါတ် (၀) ၏ ခွင့်ပြုချက်များတွင် ဝိညာဉ်ပြန်ခေါ်ခြင်းပါရမီ ပါဝင်သင့်သည်ကို တစ်ပတ်ရစ်စနစ်မှတစ်ဆင့် သိရှိထားသည်။

“ငါ ဒါကိုဖြေရှင်းလိုက်ပါ့မယ်”

“ဒါက သေခြင်းရှင်ခြင်းနဲ့ဆိုင်တဲ့ ကိစ္စနော်၊ ဆင်ဆင်ခြင်ခြင် လုပ်စမ်းပါ”

ကောင်းမင်သည် ပြင်ပအနှောင့်အယှက်များကို ဂရုမစိုက်တော့ဘဲ အစေ့အတွင်း၌ စုစည်းနေသော ယုံကြည်မှုစွမ်းအားများကို တဖြည်းဖြည်း စတင်အသက်သွင်းလိုက်တော့သည်။ သူသည် ခေါ်ယူလိုသော်လည်း ယခုတွင် ဘယ်သူမှ ကယ်တင်ရှင်၏နာမည်ကို မသိရှိကြတော့သလို သူကို့ ဝိညာဉ်ပြန်ခေါ်ပေးနိုင်မည့် ပုဂ္ဂိုလ်လည်း မရှိပေ။

များစွာစဉ်းစားပြီးနောက် ကောင်းမင် ရုတ်တရက် ခေါင်းလှည့်လိုက်ရာ ပိုင်ရှောင်နှင့် ပိုင်ရှောင့်ခန္ဓာကိုယ်အတွင်းရှိ နံပါတ် ၂ တို့ လန့်ဖျပ်သွားကြသည်။

“အခု မင်း ဘာလုပ်ဖို့ ကြံစည်နေပြန်တာလဲ”

“ရှင်းလုသွေးမြို့တော်မှာ အရှင်သခင်နှစ်ယောက် ရှိသင့်တယ်၊ တစ်ယောက်က ပျောက်ဆုံးနေတယ်၊ နောက်တစ်ယောက်ကကော”

“ငါလည်း မမှတ်မိတော့ဘူး”

နံပါတ် ၂ က ကောင်းမင်၏ မေးခွန်းကို သတိထား၍ ပြန်ဖြေလိုက်သည်။

“အိပ်မက်တွေဆိုတာ အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်မသွားပါဘူး၊ သူတို့တွေ အတူတူ ပျက်စီးသွားခဲ့ကြတာ ဖြစ်ရမယ်”

“ငါ့မှာ အိပ်မက်ရဲ့ ယဇ်ပလ္လင်ရှိတယ်၊ အိပ်မက်ရဲ့ ကံကြမ္မာက တခြားစွမ်းအားတစ်ခုနဲ့ ဆက်နွယ်နေတာကို ငါအာရုံခံလို့ ရတယ်”

ကောင်းမင်သည် ကယ်တင်ရှင်၏နာမည်ကို မသိသော်လည်း အိပ်မက်၏အစစ်ကို သိရှိထားပြီး သူမ၏ ယဇ်ပလ္လင်ကိုလည်း ပိုင်ဆိုင်ထားသည်။

အိပ်မက်သရဲများနှင့် နံပါတ် ၂ တို့၏ စောင့်ကြည့်မှုအောက်တွင် ကောင်းမင်သည် တစ္ဆေတံခါးပတ်ပတ်လည်ရှိ ယဇ်ပလ္လင်ငါးခုကို ရိုက်ချလိုက်လေ၏။ သူ့မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒများ ပြည့်နှက်နေပြီး အိပ်မက်၏ နာမည်ကို စတင်၍ ရွတ်ဆိုလိုက်တော့သည်။

All Chapters