← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇) - နိုးထလာသော အမဲလိုက်စိတ်နှင့် သိုးကျောင်းချိန်။

လုပေါင်သည် ဆေးဖက်ဝင်အပင်များနှင့် စားသောက်ကုန်များစွာကို ဝယ်ယူပြီး သူငယ်စဉ်ကတည်းက ကြီးပြင်းလာခဲ့သော ကျေးလက်ဒေသသို့ ပြန်လာခဲ့သည်။

ဒါပေါင်နှင့် နှင်းလုံးလေး တို့လည်း သူနှင့်အတူ လိုက်ပါလာခဲ့ကြသည်။ မျက်နှာဝိုင်းလေးကမူ သူမ၏ အတန်းဖော်အိမ်တွင် သွားရောက်လည်ပတ်နေသဖြင့် မနက်ဖြန်မှသာ သီးသန့်လာမည်ဖြစ်သည်။

ကားမူးတတ်သော နှင်းလုံးလေးသည် လုပေါင်၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ ခွေနေရှာသည်။

“ဝု ဝု”

နောက်ခန်းတွင် ထိုင်နေသော ဒါပေါင်မှာ နှင်းလုံးလေးက သူ့ကို အဖတ်မလုပ်သဖြင့် အပြင်ဘက်ရှိ ရှုခင်းများကိုသာ ခေါင်းပြူကြည့်ရင်း အထီးကျန်နေတော့သည်။

စနစ်က တာဝန်အသစ် မပေးသည်မှာ ရက်အတော်ကြာပြီ ဖြစ်သည်။ ကိုယ်တိုင် သွားရှာရမည်လော။လုပေါင် ကားမောင်းရင်း စနစ်ကို စစ်ဆေးကြည့်လိုက်သည်။

အမည် - လုပေါင်

စွမ်းရည်- တိရစ္ဆာန်ရင်းနှီးမှု +၁၀၀ (ရွှေရောင်)၊ ပင်လယ်ဘုရင် ခန္ဓာကိုယ် (ငွေရောင်)

ကျွမ်းကျင်မှု - တရုတ်ရိုးရာ လေမှုတ်ကိရိယာ (ပါရဂူအဆင့်)၊ မျောက်သိုင်း (အငယ်တန်းအဆင့်)

စနစ်ပစ္စည်းများ - စူပါ live eye

ရွှေရောင်ကမ်းခြေ ရှေးဦးလယ်တော (ဧက ၂၀၀)

အရာအားလုံးမှာ အရင်အတိုင်းပင်ဖြစ်နေသည်။

ချင်းကျန်းမြို့ ဆင်ထိုင်းခရိုင် တာရှမ်းချွဲ ကျေးရွာ။

ဤရွာတွင် လူဦးရေ သုံးရာပင် မပြည့်ပေ။ တောင်ကြားထဲတွင် တည်ရှိသဖြင့် စိုက်ပျိုးရေး တောထွက်ပစ္စည်း ရှာဖွေရေးနှင့် အမဲလိုက်ခြင်းကိုသာ အဓိက အားထားလုပ်ကိုင်ကြသည်။သို့သော် တိရစ္ဆာန်ကာကွယ်ရေး ဥပဒေများ တင်းကျပ်လာသဖြင့် ရွာမှ အမဲလိုက်အဖွဲ့မှာလည်း လူစုကွဲသွားခဲ့ရပြီး အများစုမှာ မြို့ပေါ်သို့ ကျပန်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ကုန်ကြသည်။

လုပိုင်ဟောက် သည် ရွာ၏ စံပြတစ်ဦးဖြစ်သည်။ သူသည် ရွာအတွက် လမ်းများဖောက်ပေးခြင်း မီးနှင့် ရေရရှိအောင် လုပ်ပေးခြင်းနှင့် မွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

သို့သော်ဤရွာမှာ အလွန်ပင် ထူးဆန်းလှသည်။ ကြက်မွေးလျှင် ကြက်နာကျခြင်း ဝက်မွေးလျှင် တုပ်ကွေးမိခြင်း စိုက်ပျိုးရေးလုပ်လျှင် ပိုးကျခြင်းနှင့် သိုးမွေးလျှင် ဝံပုလွေကိုက်ခြင်း စသည့် အဆိုးဆုံးဖြစ်ရက်များဖြစ်သောကြောင့် လုပိုင်ဟောက်ပင်လျှင် လက်လျှော့ခဲ့ရသည်။

ရွာ၏ လူကြီးအချို့မှာတော့ တောင်ပေါ်မှာ တစ္ဆေ သရဲတွေ ရှိနေလို့ဟု ဆိုကြသော်လည်း လူငယ်အနည်းငယ်ကသာ ယုံကြည်ခဲ့ကြသည်။

“နှင်းလုံးလေးနဲ့ ဒါပေါင်ရေ ငါတို့ရောက်ပြီဟေ့ ထကြထကြ။”

နေဝင်ရီတယောအချိန်တွင် လုပေါင်တို့သည် ရွာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

“ဂူး...”

ကားမူးတတ်သော ငှက်ကလေး မှာ ကားပေါ်မှ ဆင်းလိုက်ရသဖြင့် ပြန်လည် လန်းဆန်းလာပုံရသည်။

“ဝု ဝု ဝု”

ဒါပေါင်မှာတော့အားရပါးရကိုဟောင်နေတော့သည်။မြို့မှာ အနေကြာ၍ ပျင်းနေသော ခွေးလိမ္မာလေးမှာ ဤနေရာသို့ ရောက်မှပင် စိတ်လွတ်ကိုယ်လွတ် ပြေးလွှားနိုင်တော့မည် မဟုတ်လား။

တီ...တီ

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လုပေါင်၏ မျက်လုံးများ တောက်ပသွားသည်။

စနစ်ကတာဝန်ပေးပြီဖြစ်သည်။

“အထူးတာဝန် - တောင်စောင့်နတ်ကျောင်း တွင် လက်မှတ်ထိုးဝင်ရန်။”

လုပေါင် တာဝန်ကို စစ်ဆေးကြည့်သော်လည်း အခြားအရိပ်အမြွက် မတွေ့ရသေးပေ။ ဒီတောင်ပေါ်မှာ တကယ်ပဲ နတ်ကျောင်းရှိနေမည်လော။

“လုပေါင်လေး ပြန်လာပြီလား။”

သိုးကျောင်းပြီး ပြန်လာသော အဖိုးအိုတစ်ဦးက လုပေါင်ကိုမြင်တော့ လှမ်းနှုတ်ဆက်သည်။

“ဟုတ်ကဲ့ အဖိုး ပြန်လာပါပြီ။ အဖိုးရဲ့ သိုးအုပ်က နည်းသွားသလားလို့ ဟေ့... ဒါပေါင် အခုဒီကိုပြန်လာခဲ့စမ်း။”

လုပေါင် ကားရပ်ပြီး နှုတ်ဆက်နေစဉ်မှာပင် ဒါပေါင်က ပြတင်းပေါက်မှ ခုန်ဆင်းကာ သိုးအုပ်ထဲသို့ ပြေးဝင်သွားတော့သည်။ သိုးထိန်းလိုသောခွေးစိတ် နိုးထလာသဖြင့် သူသည် သိုးများကို ပတ်မောင်းနေတော့သည်။ နှင်းလုံးလေးလည်း အနောက်မှလိုက်လံအားပေးနေသေးသည်။

“ရပါတယ်... ကစားပါစေ။ ဒီကောင်လေး မြို့မှာ အနေကြာလို့ ပျင်းနေမှာပေါ့။”

အဖိုးအိုကပြုံးကြည့်ရင်း ဆိုသည်။

ဒါပေါင်သည် လူစုကွဲနေသော သိုးများကို ခဏချင်းအတွင်း စုစည်းပေးလိုက်နိုင်သဖြင့် သိုးများမှာ အိမ်သို့ တစ်စုတစ်စည်းထဲပြန်သွားကြသည်။

“ငါလည်း ပြန်တော့မယ်။ လုပေါင်လေး... မြန်မြန်အိမ်ပြန်နော်် ဒီရက်ပိုင်း တောင်ပေါ်မှာ သိပ်မအေးချမ်းဘူး။”

အဖိုးအို၏ စကားကြောင့် လုပေါင် စဉ်းစားစရာ ဖြစ်သွားသည်။ မအေးချမ်းဘူးဆိုတာဘာကြောင့်နည်း။

လုပေါင်သည် သူ့အဘိုးအဘွားများ အိမ်သို့ ကားမောင်းဝင်လာခဲ့သည်။ ရွာတွင် လူငယ်များ မရှိသလောက် နည်းပါးသွားပြီး လူကြီးအချို့နှင့် ကလေးအနည်းငယ်သာ ကျန်ရှိတော့သည်။

“လုပေါင်လေး ပြန်လာပြီတော့။”

“မိန်းမရော ပါမလာဘူးလားသားရေ။”

“တတိယအဖွားရယ်... ကျွန်တော် ကျောင်းတောင် မပြီးသေးဘူးလေဗျာ...”

ရွာသားများက လုပေါင်တို့ကို အလွန်လေးစားကြသည်။ လုပိုင်ဟောက် ချမ်းသာလာပြီးနောက် ရွာကို အမြဲကူညီခဲ့သည်ကို သူတို့ မမေ့ကြပေ။

အိမ်ဟောင်းသို့ ရောက်သောအခါ ခွေးမဲလေးတစ်ကောင်က အမြီးခါယမ်းရင်း လုပေါင်ကို လာရောက်ကြိုဆိုသည်။

“နေဦး ဘောင်းဘီအသစ်ကွ။”

လုပေါင်က သူ့ကားကို လာကုပ်နေသော ခွေးမဲလေးကို လှမ်းတားရသည်။

လုပေါင် ကားနောက်ဖုံးမှ ပစ္စည်းများ ထုတ်နေစဉ် နောက်ဘက်တောင်ဆီမှထူးဆန်းသော အမည်းရောင် အငွေ့အသက်များ ထွက်ပေါ်နေသည်ကို သတိထားမိလိုက်သဖြင့် ကြက်သီးများပင် ထသွားသည်။ တစ္ဆေ သရဲများ တကယ်ရှိနေသည်‌‌လား။

“မင်းလာတာကို ဟိုခွေးဟောင်သံကြားကတည်းက သိသားပဲ။ ငါးနာရီရောက်မယ်ဆိုပြီး ခုမှ ရောက်တော့တယ်။”

အဘွားဖြစ်သူကပြုံးရွှင်စွာ ထွက်လာသည်။

“ပစ္စည်းတွေ ဝယ်နေလို့ ကြာသွားတာပါ အဘွား။ အဘိုးရော။”

“အိပ်နေပြန်ပြီလေ။ တစ်နေ့ကုန် အိပ်နေတာအိပ်ရင်းနဲ့ပဲ သေသွားမှာကိုပူနေရတယ်။”

အဘွားက အိမ်ထဲသို့ ညွှန်ပြရင်း ကားထဲကိုလည်း ချောင်းကြည့်လိုက်သည်။

“အဘွား... မကြည့်နဲ့တော့။ မျက်နှာဝိုင်းလေးက မနက်ဖြန်မှ လာမှာ။ သူကောင်လေးရနေပြီလား မသိဘူး။အဘွား အဘိုးကို ပြောထားဦးနော်။”

လုပေါင်ကသူ့ညီမကို အပိုင်နှိမ့်လိုက်သည်။

“ကလေးက အသက်ဘယ်လောက်ရှိသေးလို့လဲ။ မင်းအဖေကလည်း ပိုက်ဆံပဲ ရှာနေတာကလေးကို ဂရုမစိုက်ဘူးလား။”

အဘွားကစိုးရိမ်တကြီး ဖုန်းထုတ်ဆက်တော့သည်။

လုပေါင် ခိုးပြုံးလိုက်သည်။ နင်က ငါ့အကြောင်း အမြဲတ်ိုတောတတ်တယ်ဆိုတော့ ငါကလည်း အဘွားနဲ့ တိုင်မှာပေါ့ မျက်နှာဝိုင်းလေးရယ်။ ဟားဟား

အခန်း (၃၈) - ဒီရက်ပိုင်း တောင်ပေါ်မှာ မအေးချမ်းဘူး။

ခြံစည်းရိုးခတ်ထားသော ဝင်းထဲတွင် တိရိစ္ဆာန်လေးများ စုံလင်လှသည်။ ကြက်ကလေး ဘဲကလေး ဆယ်ကောင်ကျော်လောင်မှာ အစာရှာရင်း ပြေးလွှားနေကြပြီး ဟင်းသီးဟင်းရွက်ခင်း အချို့ကို ထိုကြက်ဘဲများ ဖျက်ဆီးခြင်းမှ ကာကွယ်ရန် ဝါးခြမ်းပြားများဖြင့် ကာရံထားသည်။

သစ်ပင်များပေါ်တွင်မူ ချိုးငှက်အချို့က ကူးကူး ဟုအော်မြည်နေကြသည်။

လုပေါင်သည် သူ၏ပစ္စည်းများကို အိမ်ထဲသို့ သယ်သွားစဉ် နောက်ဘက်မှ အဘွားဖြစ်သူက ဖုန်းထဲတွင် လုပိုင်ဟောက်ကို ဆူပူနေသည့်အသံကို ကြားနေရသည်။

“အဘိုး”

အဘိုးဖြစ်သူမှာ ထိုင်ခုံစောင်းပေါ်တွင် လဲလျောင်းကာ ယပ်တောင်လေးခတ်ရင်း နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့သဖြင့် လုပေါင်က အနားသွား၍ လှမ်းခေါ်လိုက်သည်။

“ဟင် ဪ... ငါ့မြေးကြီးတောင် ပြန်လာပြီပဲ။”

အဘိုးကမျက်လုံးဖွင့်ကြည့်ပြီး အမြန်ပင် အိပ်ရာမှ ထကာ

“မင်းအဘွားက မင်းကြိုက်တဲ့ ဝက်သားချက် ချက်ထားတယ် အေးကုန်ပြီလားမသိပါဘူး။ သူ ဘယ်ရောက်နေတာလဲ။ မြန်မြန်... ဟင်းတွေ ပြန်နွှေးခိုင်းဦး ကြားလား။”

“ခဏစောင့်ပါဦး။”

အဘွားဖြစ်သူမှာ ယခုအချိန်တွင် အတော့်ကို စိတ်တိုနေဆဲဖြစ်သည်။

“ဝုန်းး”

တံခါးဝုန်းခနဲ ပွင့်သွားပြီး ခွေးမဲလေး က အမြီးလေးတယမ်းယမ်းဖြင့် ပျော်ရွှင်စွာ ခုန်ဝင် လာရာ အဘွားဖြစ်သူက စိတ်တိုတိုဖြင့် တံမြက်စည်းရိုးကို ကောက်ကိုင်ကာ လိုက်ရိုက်တော့သည်။

ပြီးခဲ့သည့်တစ်ခေါက်လာတုန်းကတောင် မျက်နှာဝိုင်းလေး သည် တံခါးနောက်မှာ ရပ်နေစဉ် ဤခွေးက ဝင်တိုက်လိုက်သဖြင့် လဲကျကာ ခေါင်းတွင် အဖုကြီး ထွက်သွားခဲ့ဖူးသည်။ သို့သော် ဤခွေးမှာ အမှတ်မရှိသေးပေ။

ဒါပေါင် သည် ပျော်ရွှင်စွာ ပြေးဝင်လာသော်လည်း ခြံထဲတွင် တံမြက်စည်းဖြင့် အလိုက်ခံနေရသော ခွေးမဲလေးကို မြင်၍ ကြောက်ကြောက်လန့်လန့်နှင့်နောက်ဆုတ်သွားတော့သည်။

“ဝုတ် ဝုတ်”

ခွေးမဲလေးသည် အမြီးကို ကုတ်ကာ လုပေါင်၏ နောက်တွင် ပုန်းရင်း အကူအညီ တောင်းနေရှာသည်။

“ထွက်သွားစမ်း။”

ကျေးလက်ဒေသက တကယ်ကို နေလို့ကောင်းဆဲပင်ဖြစ်သည်။လုပေါင်က ခွေးကို ခပ်ဆတ်ဆတ် နှစ်ချက် ပုတ်လိုက်သည်။ အာ... ဒီအထိအတွေ့က တကယ်ကို လွမ်းစရာကောင်းလှသည်။

“ဝုတ်” (မင်းမှာ ယဉ်ကျေးမှု မရှိဘူးလား)

ဝက်သားနီချက် တစ်ပွဲကိုအဘိုးက ကျန်းမာရေးအရ မစားနိုင်သဖြင့် လုပေါင်နှင့် ခွေးနှစ်ကောင်ကသာ ဗိုက်ပြည့်အောင် စားလိုက်ကြသည်။

“ဒီကြက်တူရွေးကို မရောင်းနဲ့နော်။ ဘယ်လောက်ပဲ ပေးပေး မရောင်းနဲ့။ သေချာကြည့်ထားဦး။ပျောက်မသွားစေနဲ့ကြားလား။”

အဘိုးဖြစ်သူသည်နှင်းလုံးလေးကို သဘောကျသွားပြီး လုပေါင်ကို သေချာမှာကြားနေသည်။

“သိပါတယ် အဘိုး။ ခုနက သိုးကျောင်းတဲ့ အဖိုးက ပြောတယ်။ဒီရက်ပိုင်း တောင်ပေါ်မှာ မအေးချမ်းဘူးတဲ့။ ဘာတွေ ဖြစ်နေတာလဲ။”

လုပေါင်သည် စနစ်မှ ပေးထားသော အထူးတာဝန်ကို သတိရသွားသည်။

“လွန်ခဲ့တဲ့ ရက်ပိုင်းက လူတစ်စု တောင်ပေါ်ကနေ ညသန်းခေါင်ယံအချိန်မှာ ဆင်းလာကြတယ်။နှစ်ယောက်တောင် သေသွားတယ်တဲ့။ တောလိုက်ရင်းနဲ့ ဝက်ဝံမဟုတ်ရင် ဝံပုလွေအုပ်နဲ့ တိုးတာ ဖြစ်မှာပါ။”

အဘိုးက ပြောရင်း နှင်းလုံးလေးကို စနောက်နေသည်။နှင်းလုံးလေးကလည်း အဘိုးကို ရန်မမူဘဲ အလိုက်သင့် နေနေသည်မှာ အံ့သြစရာပင်။

“ဘာတောလိုက်တာလဲ။အဲဒါ သင်္ချိုင်းခိုး‌ဖောက်တဲ့သူတွေပါအေ။”

အဘွားကလုပေါင်ကို မင်းကွတ်သီးတစ်လုံး ကမ်းပေးရင်း ဝင်ပြောသည်။

“မင်းအဘိုးက မျက်စိမှုန်နေတာ။ အဲဒီလူတွေ သယ်လာတဲ့ ပစ္စည်းတွေက တောလိုက်တဲ့ ပစ္စည်းတွေ မဟုတ်ဘူး။ ရွာက တောလိုက်အဖွဲ့တွေ ဘယ်လိုပုံစံလဲဆိုတာ လူတိုင်း သိတာပဲ။ သူတို့က သင်္ချိုင်းခိုးဖောက်သူတွေ ပဲ။”

“မင်းကပဲ အကုန်လုံး သိနေတော့တာပဲ။”

အဘိုးကပြန်တုပပြောသည်။

“ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တော့တာ။”

အဘွားက လုပေါင်ဘေးမှာ ပါးစပ်ကြီးဖြဲပြီး မင်းကွတ်သီး တောင်းနေသော ခွေးမဲလေးကို ရိုက်ထုတ်လိုက်သည်။ ဤခွေးမှာ အကုန်စားတတ်သည့် အကောင်မျိူးပင်ဖြစ်သည်။

“တောင်ပေါ်မှာ တကယ်ပဲ ရှေးဟောင်းသင်္ချိုင်းတွေ ရှိတာလား။”

လုပေါင်၏ မျက်လုံးများ တောက်ပသွားသည်။ ရွာက လူကြီးတွေ ပြောတာ သူ ကြားဖူးသည်။

“မရှိပါဘူးအေ... ဘယ်က မျက်စိကန်းနေတဲ့ ဗေဒင်ဆရာက ပြောလိုက်လဲမသိဘူး။ငါတို့ရွာက မြေကောင်းရေကောင်း ရှိတဲ့ နေရာတဲ့။ ရှေးဧကရာဇ်တွေသာ သင်္ချိုင်းလုပ်မယ်ဆိုရင် ဒီနေရာကို ရွေးမှာတဲ့။ အလကား လျှောက်ပြောနေတာ။ ဝက်တွေ ဝက်နာကျ ကြက်တွေ ကြက်တုပ်ကွေးမိနေတဲ့ ဒီလို ကျိန်စာသင့်တဲ့နေရာက မြေကောင်းရနိုင်ပါ့မလား။”

အဘိုးက နှာခေါင်းရှုံ့သည်။ သူ တစ်သက်လုံး နေလာတာ ဘာရတနာမှ မတွေ့ဖူးပေ။ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အရာတွေသာ ခဏခဏ ဖြစ်နေတတ်သည်။

“ငါတို့တွေက ကံမပါလို့ ခံစားခွင့် မရတာလည်း ဖြစ်နိုင်တာပဲ။”

ဒါပေါင်၏ အမွှေးများကို ပွတ်ပေးရင်း အဘွားက ရုတ်တရက် ပြောလိုက်သည်။

“အယူသီးတာတွေပါ။”

အဘိုးကတော့မယုံပေ။

လုပေါင်၏ စိတ်ထဲတွင်မူ အဘွားပြောတာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။

“အဘွား... တောင်ပေါ်မှာ တောင်စောင့်နတ်ကျောင်း ရှိလား။”

စနစ်၏ မြေပုံအရ ဤနေရာမှ မိုင် ၃၀ မပြည့်သော နေရာတွင် နတ်ကျောင်းရှိသည်။ သို့သော် သူ ရွာသားများနှင့် တောလိုက်ဖူးစဉ်က ထိုနေရာသို့ ရောက်ဖူးသော်လည်း ဘာမှမရှိသော ကွင်းပြင်သာ ဖြစ်သည်။ အကယ်၍ နတ်ကျောင်းရှိလျှင် ဘာလို့ မမြင်ရသနည်း။

“တကယ်တော့အရင်က ရှိခဲ့ဖူးတယ်။”

အဘိုးကခဏစဉ်းစားပြီး ပြန်ပြောသည်။

“မြေး ဘယ်လိုသိတာလဲ။လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်တုန်းက ရွာက တောလိုက်အဖွဲ့ ပြန်လာတော့ မိုးခိုရင်းနဲ့ တောင်စောင့်နတ်ကျောင်း တစ်ခုကို တွေ့ခဲ့တယ်တဲ့ အဲဒီမှာ တစ်ညတောင် အိပ်ခဲ့သေးတယ်ပြောတယ်။ နောက်ပိုင်း ငလျင်လှုပ်တော့ အဲဒီနတ်ကျောင်း ပျောက်သွားတယ်ထင်တာပဲ။”

“ဒါကို ဘာလို့ မေးတာလဲ။”

အဘွားကသတိဝင်လာပြီး

“တောင်ပေါ်ကိုတော့ လုံးဝ မသွားရဘူးနော်အရမ်း အန္တရာယ်များတယ်။”

“ဒီအတိုင်း မေးကြည့်တာပါ အဘွားရယ်။”

လုပေါင်က မင်းကွတ်သီးကို ပါးစပ်ထဲ ထည့်လိုက်ပြီး အခွံကိုခွေးမဲလေး ပါးစပ်ထဲသို့အတင်းထည့်ပေးလိုက်ကာ

“အဘိုးနဲ့အဘွား... ကျွန်တော် နောက်ဖေးက ကြက်တွေကို အစာသွားကျွေးလိုက်ဦးမယ်။ ဒီရက်ပိုင်း ကြက်တွေကို အစာမကျွေးနဲ့ဦးနော်။ကျွန်တော်ပဲ ကျွေးမယ်။”

သူ့လက်ထဲတွင် နန်းတွင်းဟင်းချက်နည်းမှတ်တမ်း ရှိနေသည် မဟုတ်ပါလား။ ဒါကို မစမ်းသပ်ဘဲ နေရင် နှမြောစရာကြီးပင် ဖြစ်ပေလိမ့်မည်။

All Chapters