← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉) - ငါးခိုးစားသည့် ဝက်ဝံနက်ကလေး။

အဖိုးအိုနှင့် အဘွားအို နှစ်ဦးစလုံးမှာ ဆူညံ၍လူစည်ကားနေသည် ကို နှစ်သက်ကြသည်။ အထူးသဖြင့် စကားလိုက်ပြောတတ်သည့် ကြက်တူရွေးကလေးနှင့် အိမ်ကို ဂျွမ်းပျံအောင် ဆော့ကစားတတ်သည့် ခွေးနှစ်ကောင်ကြောင့် အိမ်ကလေးမှာ ပို၍ သက်ဝင်လှုပ်ရှားနေတော့သည်။

ညဉ့်အတော်နက်မှသာ အရာအားလုံး ငြိမ်သက်သွားတော့သည်။

“မအိပ်ကြနဲ့ဦးလေ စောစောကမှ အားအင်တွေ ပြည့်လျှံနေတာ မဟုတ်ဘူးလား။”

လုပေါင်သည် အိပ်ချင်မူးတူး ဖြစ်နေသော ဒါပေါင်ကို ပုတ်လိုက်ပြီးနောက် ခွေးမဲလေး ကိုလည်း သွားပုတ်လိုက်သည်။

“မင်းတို့နှစ်ကောင် စောစောက သောင်းကျန်းနေကြတာ မဟုတ်လား။ထကြစမ်းပါဦး ဆော့ကြဦး။”

“ဝုတ် ဝုတ်”

ခွေးမဲလေးက ကုတင်အောက်သို့ ပိုတိုးဝင်သွားပြီး ပါးစပ်ကိုဖြဲ၍ သန်းကာ ပြန်အိပ်ပျော်သွားတော့သည်။

ဒါပေါင်ကတော့ သူ့သခင်လေးကို ကြည့်ပြီး အပြစ်ကင်းစင်စွာဖြင့် နှာချေပြလိုက်သည်။

သခင်လေးကတော့ ခွေးတောင် မလုပ်တဲ့အလုပ်တွေ လျှောက်လုပ်နေပြီ ကျွန်တော်တို့ထက်တောင် ပိုပြီး ခွေးဆန်နေပါလား။

လုပေါင်က နှင်းလုံးလေးကို သွားနှောက်ယှက်ပြန်ရာ ငှက်ကလေးက တတွတ်တွတ်နှင့် အကြာကြီး ပြန်ဆဲနေတော့သည်။

“ဝု ဝု ဝု”

မနက်စောစောတွင် လုပေါင်သည် သူ၏ စောင်ကြီး ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ မျက်လုံးဖွင့်ကြည့်လိုက်ရာ ခွေးမဲလေးက စောင်ကို တရွတ်တိုက် ဆွဲသွားနေပြီး ဒါပေါင်ကတော့ တံခါးဝတွင် ပုန်းကာ ခိုးကြည့်နေသည်ကို တွေ့လိုက်ရသည်။

“တောက်... ဒါပေါင်ရဲ့ ခိုင်းဖတ် ပြန်ဖြစ်သွားပြီ။”

လုပေါင်ကစောင်ကို ပြန်ဆွဲယူပြီး ခွေးမဲလေးကို ခပ်ဆတ်ဆတ် ရိုက်လိုက်သည်။

ဒါပေါင်ရဲ့ IQ ကတော့ တကယ်ကို မြင့်လွန်းလှသည်။

သူ အိပ်ရာထ မျက်နှာသစ်၍ ကြက်ဘဲများကို အစာကျွေးပြီးနောက် မနက်စာချက်ရန် မီးဖိုချောင်သို့ ဝင်ခဲ့သည်။ အဘိုးနှင့် အဘွားအပြင် အစားကြီးသည့် ခွေးနှစ်ကောင်ကလည်း စောင့်နေကြသည် မဟုတ်လား။

တစ်မနက်လုံး သူ အလုပ်များနေခဲ့သည်။

“မြေးလေး... နေ့လယ်စာ ဘာစားချင်လဲ။အဘွားကို ဈေးသွားဝယ်ခိုင်းလိုက်မယ်လေ။”

အဘိုးဖြစ်သူမှာအသက်ကြီးလာသည်နှင့်အမျှ ပို၍ ပျင်းရိလာပြီး အစားအသောက်ကိုသာပိုမက်လာခဲ့သည်။ အဘိုး၏ ကျန်းမာရေးက သိပ်မကောင်းသဖြင့် အဘွားကသာ အိမ်မှုကိစ္စအဝဝကို လုပ်ကိုင်ပေးနေရခြင်း ဖြစ်သည်။

“နေ့လယ်ကျရင် ငါးစွပ်ပြုတ် ချက်ပေးမယ် အဘိုး။ ဒီရက်ပိုင်း မိုးသည်းထားတော့ တောင်ကျစမ်းချောင်းထဲမှာ ရေတက်နေလောက်ပြီ။ ကျွန်တော် သွားဖမ်းပေးမယ်။”

အိမ်မှာဆိုလျှင် သူသာ အချက်အပြုတ် လုပ်လေ့ရှိသည်။ အဘိုးအဘွားများ၏ လက်ရာက တစ်ခါတလေ သန့်ရှင်းမှု အားနည်းတတ်သည် မဟုတ်ပါလား။

သိုသော်ဒါကို သူတို့ရှေ့မှာ တည့်တည့်ကြီး ပြောလို့တော့ မဖြစ်ပေ။

“ကောင်းတာပေါ့။ ဂဏန်းလေးတွေရော ရမလား ရှာဖမ်းခဲ့ဦး။အခုချိန်က အသားသိပ်မပြည့်သေးပေမဲ့ ဩဂုတ် စက်တင်ဘာလောက်ဆိုရင်တော့ အကောင်းဆုံးပဲ။”

အဘိုးက ပျော်ရွှင်စွာ ရယ်မောရင်း ပြောသည်။လုပေါင်သည် ဝါးခြင်းတစ်လုံးနှင့် ငါးဖမ်းလှံကို ကိုင်ကာ တောင်ပေါ်သို့ တက်လာခဲ့သည်။ သူ့ခေါင်းပေါ်တွင် အမွှေးအတောင်များကို ပြင်ဆင်နေသည့် ကြက်တူရွေးကြီး ရှိနေပြီး သူ့နောက်တွင်မူ မောက်မာဝင့်ကြွားသော အမူအရာဖြင့် ခွေးအူကြောင်ကြောင် နှစ်ကောင် လိုက်ပါလာကြသည်။

မိုးရာသီရောက်တိုင်း အနောက်ဘက်တောင်က စမ်းချောင်းထဲတွင် ရေတက်လေ့ရှိပြီး အသားပြည့်သောငါးများလည်း တစ်ခါတရံ ကူးခတ်သွားလာတတ်ကြသည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ငါးချိုဈေးက အတော်လေး ကျဆင်းသွားခဲ့သည်။ အရင်က ဤရာသီတွင် ငါးဖမ်းရောင်းသည့် ရွာသားများပင် လက်လျှော့ကုန်ကြပြီ။ တစ်နေ့ကုန် ဖမ်းမှ ငါးတစ်ကောင် နှစ်ကောင်ရပြီး ၁၀ ယွမ်လောက်သာ ရတတ်သဖြင့် အချိန်ကုန်ရကျိုး မနပ်ပေ။

သို့သော် လုပေါင်ကတော့ ငါးဖမ်းရသည်ကို အရမ်းဝါသနာပါသည်။ ဘာမှမမိလည်း ကိစ္စမရှိပေ။မိလျှင်လည်း အိမ်သယ်သွားပြီး စွပ်ပြုတ်ချက်သောက်ရုံသာရှိသည်။

တောင်ပေါ်သား တစ်ယောက်အတွက်တော့ အရသာရှိသည့် အရာများက နေရာတိုင်းမှာ ရှိနေတတ်သည်။

မှိုတွေ့ရင် တူးသည်။ တောထွက်သီးနှံတွေ့ရင် ခူးသည်။ဆေးဖက်ဝင်အပင်တွေ့ရင် တူးသည်။တောဇီးသီးပင်တွေ့ရင် ခါချပစ်သည်။

လုပေါင် မျက်စိကျနေသည့် ကင်းမြီးကောက်ကိုဒါပေါင်က ကိုက်စားပစ်လိုက်သဖြင့် လုပေါင် ခွေးကို ရိုက်ချင်စိတ် ပေါက်သွားသည်။ ကင်းမြီးကောက်က နေ့ဘက်ဆို ဖမ်းရခက်သည့်အပြင် တကယ့် အရသာရှိသည့် ဟင်းတစ်ခွက်လည်း ဖြစ်သည် မဟုတ်လား။

“ကြက်စုတ်...”

နှင်းလုံးလေးက သစ်ပင်ပေါ်က တောကြက်တစ်ကောင်ကို လှမ်းအော်လိုက်သည်။ လုပေါင်က ကျောက်ခဲတစ်လုံးကို အမြန်ကောက်သော်လည်း ပါးနပ်သော တောကြက်က ပျံပြေးသွားပြီဖြစ်သည်။

“မင်း ဘာလုပ်တာလဲ။နောက်ခါကျရင် ငါ့ကို အသာလေး ဆိတ်ပြီး အချက်ပေးလေ။”

လုပေါင်ကမျက်လုံးကို လှန်ကြည့်ရင်း နှင်းလုံးလေးကို ခေါင်းခေါက်လိုက်သည်။ ဒါပေမဲ့ တောကြက်က အခုချိန်မှာ ကာကွယ်ထားတဲ့ တိရစ္ဆာန်စာရင်းဝင် ဖြစ်နေသဖြင့် အမဲမလိုက်တာက အကောင်းဆုံးပင်ဖြစ်သည်။

တောင်ကျစမ်းရေက တသွင်သွင် စီးဆင်းနေသည်။ ခွေးသောက်ပေါ နှစ်ကောင်က စမ်းချောင်းအထက်ပိုင်းမှာ ရေတွေကို နောက်အောင် ဆော့နေကြသည်ကို မြင်တော့ လုပေါင် သူတို့ကို သတ်ပစ်ချင်စိတ် ပေါက်သွားသည်။

“အောက်ဘက်ကို သွားကြစမ်းးးး”

လုပေါင်က စိတ်တိုတိုဖြင့် ကျောက်ခဲတစ်လုံး ပစ်ပေါက်လိုက်သည်။ ခွေးနှစ်ကောင်က သူ့ကို ပြန်စိုက်ကြည့်နေသဖြင့် သူက မျက်လုံးလှန်ပြီး

“မသွားရင် ပြန်ရောက်တဲ့အချိန် ရွှေရောင်ခွေးသံကြိုး နှစ်ချောင်းနဲ့ ဆုချမယ်နော်။”

ထိုအခါမှ ခွေးနှစ်ကောင်က ချက်ချင်း ငြိမ်ကျသွားသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကုန်းပေါ်တက်ပြီး အောက်ဘက်သို့ ပတ်သွားကြတော့သည်။

“ဒီလိုမှပေါ့။”

“ဒီလိုမှပေါ့...ဂူးး”

နှင်းလုံးလေးကလိုက်အတု‌ခိုးသည်။

စမ်းရေက ကြည်လင်နေသည်။ အခုကတော့ နှင်းလုံးလေး၏ အလှည့်ပင်ငါးရှာရမည်။

လုပေါင်က ကျောက်ဆောင်ကြားတွေထဲမှာ ဂဏန်းအလတ်စားတစ်ကောင်ကို နှိုက်ယူလိုက်ပြီး ဝါးခြင်းထဲသို့ ထည့်လိုက်သည်။

“ဟိုနှစ်ကောင်... ရန်ဖြစ်မနေနဲ့။ငါးသွားရှာကြစမ်းးး”

ငါးအသေးလေးတွေနှင့် ဂဏန်းအနည်းငယ်သာ ရသေးသဖြင့် စွပ်ပြုတ်အတွက် မလောက်သေးပေ။ ထို့ကြောင့် စွမ်းအားများပြည့်နေသော ခွေးနှစ်ကောင်ကို အလုပ်ခိုင်းလိုက်ရခြင်း ဖြစ်သည်။

“ဂူး...”

စနိုးဘောက စမ်းချောင်းအပေါ်ကနေ ပျံဝဲရင်း တဖြည်းဖြည်း ချဉ်းကပ်လာသည်။

နှင်းလုံးလေး သားကောင်တွေ့ပြီဖြစ်သည်။

ထိုအခါ လုပေါင် သွားပြေးကြည့်လိုက်၏။စမ်းချောင်းထဲတွင် ဝါကျင့်ကျင့် အရောင်ရှိသည့် ငါးကြင်းကြီး တစ်ကောင်ကို တွေ့လိုက်ရသည်။ သူ အလွန်ဝမ်းသာသွားသည်။

“နောက်ဆုံးတော့အကောင်ကြီးတစ်ကောင် တွေ့ပြီကွ။”

“ဝု ဝု”

တာပေါင်က ကူညီမည်ဆိုသည့် အမူအရာဖြင့် အမြီးတယမ်းယမ်းနှင့် ပြေးလာသည်။

“ဝုန်းးး”

လုပေါင်၏ ငါးဖမ်းလှံက ရေထဲသို့ ဝုန်းခနဲ ဆင်းသွားသည်။ ငါးကြင်းကြီးမှာ ချက်ချင်းပင် ဗိုက်လှန်သွားပြီး ငြိမ်သက်သွားတော့သည်။

“ဒါက လျှောက်ပြေးလို့ ဒါက စကားနားမထောင်လို့ ဒါက ပြဿနာရှာလို့ နောက်ခါ လုပ်ဦးမလား ဟမ်။”

လုပေါင်ကသူ့လှံနှင့် ရေကို တဗုန်းဗုန်း ရိုက်ပုတ်ကာ ရေတွေ စင်အောင် လုပ်နေသည်။ပြေးလာသော ဒါပေါင်မှာ အမြီးခါယမ်းနေရာမှ ရပ်သွားသည်။ သူက အူကြောင်ကြောင်ဖြင့် ဘေးဘီကို ကြည့်ကာ ဒေါသထွက်နေသော သူ့သခင်လေးကို ခိုးကြည့်နေသည်။

သွားပြီ... သခင်လေးရဲ့ ခွေးရူးပြန်ရောဂါ ထလာပြန်ပြီ။

ခွေးမဲကလေးလည်း ကြောက်သဖြင့် အနားကိုမကပ်ရဲသေးပေ။ကုန်းပေါ်ကနေ မျက်တောင်တခတ်ခတ်ဖြင့် ကြည့်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားတော့သည်။

စိတ်လွတ်လက်လွတ် လုပ်ပြီးနောက် စိတ်ကျေနပ်သွားသော လုပေါင်က ငါးကြင်းကြီးကို ကောက်ယူလိုက်သည်။ သူက ခွေးနှစ်ကောင်ကို ကြည့်ပြီး အမူအရာဖြင့် ပြလိုက်သည်။

“တွေ့လား စကားနားမထောင်ရင် ဒီလိုဖြစ်မှာ။”

နှင်းလုံးလေးတောင် သစ်ပင်ပေါ်က ဆင်းမလာရဲပေ။ထိုအချိန်မှစ၍ ခွေးနှစ်ကောင်မှာ အတော်လေး လိမ္မာသွားကြသည်။ သို့သော် ငါးဖမ်းရတာကတော့ သိပ်မအောင်မြင်လှပေ။ ၁၁ နာရီလောက်အထိ ငါးဖမ်းခဲ့ရာ လက်ဝါးအရွယ်ရှိသော ငါးအနည်းငယ်သာ ထပ်ရခဲ့သည်။

“ဝု ဝု ဝု”

“ဝုတ်”

ဂဏန်းနှိုက်နေသော လုပေါင်သည် ခွေးနှစ်ကောင်၏ ဟောင်သံကြောင့် အမြန်မတ်တတ်ရပ် ကြည့်လိုက်သည်။

ဤဟောင်သံမျိုးက တစ်ခုခုနှင့် တွေ့နေသည့်ဟောင်သံဖြစ်သည်။

သူ ကြည့်လိုက်ရာ အံဩသွားတော့သည်။ အမည်းရောင် ဝက်ဝံနက်ကလေး တစ်ကောင်က သူရိုက်သတ်ထားသည့် ငါးကြီးကို ကိုက်ပြီး ဆွဲပြေးနေသည်။ ၎င်းက ခွေးနှစ်ကောင်ကိုလည်း မာန်ဖီနေသေးသည်။

“ဝုတ် ဝုတ်”

“ဝူး ဝူး”

ဝက်ဝံနက်ကလေးက ငါးကြီးကို မလွှတ်တမ်းကိုက်ကာ နောက်ဆုတ်သွားရင်း မာန်ဖီနေသည်။ ၎င်းက တောထဲကိုလည်း မကြာခဏ လှမ်းကြည့်နေသဖြင့် အနီးအနားမှာ ဝက်ဝံမကြီး ရှိနေနိုင်ကြောင်း လုပေါင် သိလိုက်သည်။

လုပေါင် ပြေးသွားလိုက်သည်။ သူ့သခင်လေး ရောက်လာသဖြင့် ခွေးနှစ်ကောင်မှာ သတ္တိတွေ တက်လာပြီး ရှေ့က အမည်းရောင်အကောင်ကို တိုက်ခိုက်ရန် ပြင်ကြတော့သည်။

“မလှုပ်နဲ့။”

လုပေါင်ကအမိန့်ပေးလိုက်သည်။

“ဝုတ်”

ခွေးနှစ်ကောင်မှာရပ်သွားပြီး လုပေါင်ကို ကြည့်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့နှစ်ကောင်စလုံးက တောအုပ်ထဲသို့ လှမ်းကြည့်လိုက်ကြသည်။

“ရှဲ... ရှဲ..”

ဧရာမ ခေါင်းမည်းကြီး တစ်လုံး ပြူထွက်လာသည်။ဒါပေါင်နှင့် ခွေးမဲကလေးတို့ မျက်လုံး ပြူးသွားကြသည်။

“ဒီတောင်ပေါ်မှာ ဘာတွေ ဖြစ်နေတာလဲ။”

လုပေါင်ကအံ့သြတကြီး လျှောက်သွားလိုက်သည်။ သူက ပညာတွေ တတ်မြောက်ထားသဖြင့် ဝက်ဝံကြီးကို လုံးဝ မကြောက်ပေ။ သူက မျောက်ဘုရင်ကြီးကိုတောင် တိုက်ခဲ့ဖူးတာပဲ။ ထို့အပြင် သူ့၏ တိရစ္ဆာန်ရင်းနှီးမှုစွမ်းရည်ကြောင့် ဤဝက်ဝံက သူ့ကို ရန်ပြုမည် မဟုတ်ပေ။

ဝက်ဝံမကြီးက အရင်ဆုံး သူ့ကလေးကို စစ်ဆေးပြီးနောက် လုပေါင်ကို စိုက်ကြည့်နေလိုက်သည်။

၎င်း၏နောက်တွင် နောက်ထပ် ဝက်ဝံနက်ကလေး တစ်ကောင် ထပ်ပေါ်လာသည်။ ၎င်းက ငါးခိုးသွားသည့် အကောင်ထက် အနည်းငယ် သေးငယ်သည်။ ဝက်ဝံကလေး နှစ်ကောင်စလုံး အမေနား ရောက်သွားချိန်တွင် ငါးကြီးကို စားတော့သည်။

“ဝု...”

ဒါပေါင်က အားမလိုအားမရဖြင့်ညည်းတွားလိုက်သည်။ဝက်ဝံကလေးတွေကလည်း ဝဖြိုး နေကြသဖြင့် ဒါက သူတို့ အစားမက်လို့ ခိုးစားထားတာ ဖြစ်ရမည်။

“ထားလိုက်ပါတော့... ကျွေးလိုက်ပါပြီ။”

လုပေါင်က ငါးကို ပြန်ယူဖို့ စိတ်မကူးတော့ပေ။

အခန်း (၄၀) - မုန့်ဖင်းအန်၏ အသံတိတ် တိုက်ရိုက်ထုတ်လွှင့်မှု။

ဒါပေါင်နှင့် ခွေးမဲလေးတို့သည် လုပေါင်နောက်မှ လိုက်လာရင်း ခြေလှမ်းအနည်းငယ်ရှေ့သို့လှမ်းတိုင်း နောက်သို့ လှည့်လှည့်ကြည့်နေကြသည်။ သူတို့ပိုင်ဆိုင်သည့် အရသာရှိသော ငါးကြီးကို ဝက်ဝံအမိတွေက ဝိုင်းစားနေကြသည်ကို ကြည့်ပြီး သူတို့ မကျေမနပ် ဖြစ်နေကြခြင်းဖြစ်သည်။

“ဝုတ် ဝုတ်”

ခွေးမဲလေးသည် ကြည့်နေရင်းဒေါသထွက်လာကာ သွားတိုက်ရန် ပြင်နေသည်။

ထိုဝက်ဝံတွေကလည်းငါ့လိုပဲ အမည်းရောင်တွေပဲကိုဘာလို့ ငါးကို အလကားပေးရမှာလဲ။

မင်းတို့က ငါ့ထက် ပိုမည်းနေလို့လား။

ဟောင်ပြီးနောက် ဒါပေါင်ကိုလည်း အချက်ပြလိုက်သည်။

တိုက်ခိုက်ကြစို့။

“သွားစမ်းပါ...လာသရုပ်ဆောင်မနေနဲ့။”

လုပေါင်က ခွေးကို တစ်ချက်ကန်လိုက်သည်။ ဤခွေး၏ သရုပ်ဆောင်နိုင်စွမ်းကတော့ အကယ်ဒမီပင်ရနိုင်သည်။တကယ်လို့ ဝက်ဝံတွေနဲ့သာ တစ်ယောက်ချင်း ထိပ်တိုက်တွေ့ရင် အားလုံးရဲ့ အရှေ့ကနေ ပိုမြန်အောင် ပြေးမည့်ကောင်မျိုးပင်ဖြစ်သည်။

သူသည် စမ်းချောင်းအတိုင်း အောက်ဘက်သို့ ဆင်းကာ အိမ်ပြန်၍ချက်ပြုတ်ရန် ပြင်ဆင်လိုက်တော့သည်။

“ဂူး...”

ရှေ့မှပျံသန်းနေသော နှင်းလုံးလေး က ရုတ်တရက် အော်ဟစ်ကာ အတောင်ပံဖြန့်ပြီး အဝေးသို့ ပျံသွားသည်။

“မီးခိုးတွေလား။”

လုပေါင်သည် အဝေးမှ တက်နေသော မီးခိုးများကို လှမ်းကြည့်လိုက်သည်။

“ရွာကကလေးတွေ ငါးတွေ စာကလေးတွေများ ဖုတ် စားနေကြတာလား။”

ခွေးနှစ်ကောင်ကလည်း ကစားကွင်းအသစ်တစ်ခု တွေ့လိုက်ရသလို စိတ်လှုပ်ရှားစွာ ပြေးသွားကြပြန်သည်။

“ဟေ့ကောင်တွေ... ကလေးတွေကို သွားမခြောက်နဲ့ဦး။”

“ဝုတ် ဝုတ်။”

မကြာမီမှာပင် လုပေါင်သည် ရွာရှိ ရင်းနှီးသော လူတစ်ဦးကို တွေ့လိုက်ရသည်။သူကတော့ ရွာမှ မုန့်ဖင်းအန် ဆိုသောလူတစ်ယောက်ဖြစ်သည်။

အံ့သြစရာကောင်းသည်မှာ မီးဖိုပေါ်တွင် အိုးတစ်လုံးကိုတင်နေသော မုန့်ဖင်းအန်း၏ ရှေ့တွင် တိုက်ရိုက်ထုတ်လွှင့်သည့် စက်ပစ္စည်း တစ်ခု ရှိနေခြင်းပင်။ သူက ထိုစက်ကိုကြည့်ပြီး လက်ဟန်ခြေဟန်များ ပြနေသည်။

“သူတိုက်ရိုက်ထုတ်လွှင့်နေတာလား။”

မုန့်ဖင်းအန်းသည် အသက် ၃၉ နှစ်ရှိပြီ ဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက စကားမပြောနိုင်သည့်အပြင် ဘယ်ဘက်လက်တွင်လည်း မွေးရာပါ ချို့ယွင်းချက်ရှိနေသဖြင့် အလုပ်ကြမ်းများကို မလုပ်နိုင်ရှာပေ။

ရွာသားအချို့က သူ့ကို အမုန့် ဟု ခေါ်ကြပြီး အချို့ကမူ မသန်စွမ်းမုန့်ဟု ခေါ်ကြလေသည်။ ကံကောင်းသည်မှာ သူ့တွင် သူ့ကို အမြဲဂရုစိုက်သည့် မိဘများ ရှိနေခြင်းပင်ဖြစ်၏။

“အ မုန့်က တကယ်ကြီး Live လွှင့်နေတာလား။”

“ဝုတ် ဝုတ် “

ဒါပေါင်နှင့်ခွေးမဲလေးတို့က အိုးကို ဝိုင်းပတ်ကာ ပြေးလွှားနေကြသည်။

မုန့်ဖင်းအန်သည်လည်း ခွေးနှစ်ကောင်ကို တွေ့ရသဖြင့် ပျော်ရွှင်သွားရသည်။ သူက လက်ယမ်းပြပြီး

“အာ... အာ...”

အသံပြုကာနှုတ်ဆက်ရှာသည်။ ဒါက သူပြုလုပ်နိုင်သည့် တစ်ခုတည်းသော အသံပင်ဖြစ်၏။

“ဝုတ် ဝုတ်”

ခွေးမဲလေးကပျော်ရွှင်စွာ ဟောင်ရင်း အိုးထဲ ခေါင်းပြူကြည့်လိုက်သည်။ ၎င်းမှာ မှိုစွပ်ပြုတ်အိုး ဖြစ်နေသည်ကို သိလိုက်ရချိန်တွင် မကျေမနပ် နှာချေလိုက်တော့သည်။

ဒါကစားချင်စရာလည်းမကောင်းဘူး

သူသည်အသားပဲ စားချင်သောခွေးဖြစ်၍ မှိုစွပ်ပြုတ်ကို မကြိုက်ပေ။

ဒါပေါင်ကလည်းမုန့်ဖင်းအန်ကို မှတ်မိသဖြင့် သူ့ကို ပျော်ရွှင်စွာ ပြေးပတ်ပြနေသည်။

“ဂူး...”

နှင်းလုံးလေးကတာပေါင်၏ ခေါင်းပေါ် ၌နားလိုက်၍ မုန့်ဖင်းအန်ကို စပ်စုစွာ စိုက်ကြည့်နေသည်။

မုန့်ဖင်းအန်သည် Long Cat Live Stream ပလက်ဖောင်းတွင် ထုတ်လွှင့်နေခြင်းဖြစ်သည်။ ဤပလက်ဖောင်းတွင် စာချုပ်မရှိဘဲ လွှင့်နိုင်သည့်အပြင် ရရှိသော လက်ဆောင်များ၏ ၅၀ ရာခိုင်နှုန်းကို ထုတ်ယူနိုင်သဖြင့် ထုတ်လွှင့်သူများစွာ ရှိနေခြင်းဖြစ်သည်။

သူ ထုတ်လွှင့်နေသည်မှာ လအနည်းငယ် ရှိပြီဖြစ်ပြီး သူ့ဘဝကို သနားကြသည့် ပရိသတ် ၁,၃၀၀ ခန့် ရှိသည်။ လောလောဆယ်တွင် လူ ၂၀ ခန့်က သူ့ကို ကြည့်နေကြသည်။ သို့သော် အများစုမှာ ကျော်သွားကြသောသူများသာ ဖြစ်သည်။

“သူက အနေတာလား။”

“သနားစရာပဲ။ ဒါက အစစ်လား။ဟန်ဆောင်နေတာလား။”

“အမှိုက် Streamer ပဲ လူတွေကို သနားအောင်လုပ်ပြီး လိမ်စားနေတာ။”

“လျှောက်မပြောနဲ့။ အစ်ကိုမုန့်က လွှင့်နေတာ နာရီဝက်ရှိပြီ သူ တကယ် အနေ တာပါ။ သူက စားဝတ်နေရေးအတွက် ဒါလေးလုပ်ပြီး ပိုက်ဆံရှာနေတာ။ မသိဘဲ အလကားနေ လျှောက်ပြောမနေကြနဲ့။”

“ဒီ အနေ တဲ့လူက စာရော ဖတ်တတ်ရဲ့လား။”

“ဟင် အဲဒီခွေးက တွေ့ဖူးနေသလိုပဲ။ဟာ... ဒါ ရတနာနတ်ဘုရားရဲ့ ကြက်တူရွေး မဟုတ်လား။ဟိုခွေးကလည်း သူ့ခွေးပဲ။”

“အား... ရတနာနတ်ဘုရားရဲ့ ကြက်တူရွေးနဲ့ ခွေးပါလား။အဲဒီဗီဒီယိုကို ငါ ခဏခဏ ကြည့်ဖူးတယ်။”

“ငါ ရတနာနတ်ဘုရားရဲ့ အသံကို ကြားလိုက်ရသလိုပဲ။”

လုပေါင်၏ အသံထွက်လာချိန်တွင် ကြည့်ရှုသူများ ချက်ချင်း အတည်ပြုနိုင်သွားကြသည်။ အထူးသဖြင့် ဒါပေါင်နှင့် နှင်းလုံးလေးကို လူတိုင်းက မှတ်မိနေကြခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်ကဤ Link ကို ချက်ချင်း မျှဝေလိုက်သည်။

“မဂ်လာပါ...ဦးလေးဖင်းအန်”

လုပေါင်က ပြုံးလျက် လှမ်းနှုတ်ဆက်လိုက်သည်။

မုန့်ဖင်းအန်းကလည်း လက်ဟန်ခြေဟန်များဖြင့်

“ဘယ်တုန်းက ပြန်ရောက်တာလဲ။”

“မနေ့ကမှ ပြန်ရောက်တာပါ။ ဦးလေး Live လွှင့်နေတာလား။”

လုပေါင်က စပ်စုစွာ ကြည့်လိုက်ရာ မုန့်ဖင်းအန် တကယ် Live လွှင့်နေခြင်းဖြစ်သည်။ မုန့်ဖင်းအန်က လက်ဟန်ဖြင့် ရှင်းပြသည်။

သူ့မိသားစုဝန်ထုတ်ဝန်ပိုး လျော့ပါးစေရန် ဤနည်းဖြင့် ပိုက်ဆံရှာနေခြင်း ဖြစ်ကြောင်း လုပေါင် နားလည်လိုက်သည်။ သူ့တွင် အပြင်မှာ အလုပ်လုပ်နေပြီး အိမ်ထောင်မကျသေးသော ညီတစ်ယောက်နှင့် တက္ကသိုလ်တက်နေသော ညီမတစ်ယောက်လည်း ရှိနေသေးသည်။

“အာ... အာ”

မုန့်ဖင်းအန်က လုပေါင်ကို ဆွဲခေါ်ပြီး သူချက်ထားသည့် မှိုစွပ်ပြုတ် မုန့်ပြားများနှင့် ဟင်ခွက်များကို ပြသနေသည်။

“Live ကအခြေအနေ ဘယ်လိုလဲ။ဟင်... ကြည့်တဲ့သူ သုံးရာကျော်နေပြီပဲ။ မဆိုးဘူး။”

လုပေါင်ကကြည့်လိုက်ရာ မုန့်ဖင်းအန်း၏ အကောင့်အမည်မှာ တောင်ပေါ်က အ မုန့် ဟူ၍ ဖြစ်သည်။

“အာ...”

မုန့်ဖင်းအန်က အံ့သြစွာဖြင့် ခေါင်းကုတ်နေသည်။ ဘာလို့ လူတွေ ဒီလောက် မြန်မြန် တိုးလာရတာလဲ။

အောက်က Comment တွေကို မြင်တော့ မုန့်ဖင်းအန်း ပိုပြီး ကြောင်သွားတော့သည်။

“ရတနာနတ်ဘုရား...”

“Ocean live stream ကဆာဗာ ပြင်နေလို့ မလွှင့်တော့ဘဲ အလည်အပတ်ထွက်နေတာလား။”

“ဒါက စည်းကမ်းဖောက်ဖျက်တာ မဟုတ်ဘူးလား။Ocean က တရားစွဲနေမယ် သတိထားဦးနော်။”

“အား... ရတနာနတက်ဘုရား ဟိုသင်္ဘောပျက်ကြီးကို အမြန်သွားပြပေးပါဦး။”

“ရတနာနတ်ဘုရား ဆိုတာ ဘယ်သူလဲ။”

“ဟေ့ကောင်... ဒါ တကယ့် ရတနာနတ်ဘုရား ကွ နေဦး ငါ Fan Club မှာ လူသွားခေါ်လိုက်ဦးမယ်။”

၅၀၀... ၈၀၀... ၁၀၀၀... ၁၄၀၀... မုန့်ဖင်းအန်ကြောင်နေသည့် ခဏအတွင်းမှာပင် ကြည့်ရှုသူ ၃,၀၀၀ ကျော်သွားပြီဖြစ်သည်။ အရင်က တစ်နေ့ကုန် စောင့်မှ ရသည့် လက်ဆောင်များမှာလည်း ယခု တဖွဲဖွဲပင်ဝင်လာတော့သည်။

“အာ... အာ”

မုန့်ဖင်းအန်ကလုပေါင်ကို ဆွဲပြီး ဘာဖြစ်နေတာလဲဟု မေးနေရှာသည်။

“ပရိသတ်တို့... ကျွန်တော့် ဦးလေးဖင်းအန်ရဲ့ Live အခန်းကနေ ကြိုဆိုပါတယ်။ ဦးလေးက ကျွန်တော့်ရွာသားပါ။ သူ့အခြေအနေက သနားစရာကောင်းတာမို့ အားလုံးက သူ့ကို ဝိုင်းပြီး ဂရုစိုက်ပေးကြပါဦး။ Follow လေးတွေ လုပ်ပေးကြပါဦးခင်ဗျာ။ ကျွန်တော်ကတော့ မနက်ဖြန်မှ ကျွန်တော့် ပလက်ဖောင်းမှာ ပြန်လွှင့်ပါ့မယ်။ ဒီနေ့ ဆာဗာ ပြင်နေတုန်းဆိုတော့ ဒီမှာပဲ ခဏလာနှုတ်ဆက်တာပါ။”

လုပေါင်သည် မုန့်ဖင်းအန် Live လွှင့်နေလိမ့်မည်ဟု မထင်ထားပေ။ တွေ့မှတော့ သူ တတ်နိုင်သလောက် ဝိုင်းကူပေးရမည် မဟုတ်ပါလား။

“ဂူး...”

နှင်းလုံးလေးက လုပေါင်ပခုံးပေါ်ကနေ အော်လိုက်သည်။

“လက်ဆောင် လိုချင်တာလား။ဘယ်လို လက်ဆောင်လဲ။ဒီထဲမှာ ရှိတဲ့သူတွေက မင်းပရိတ်သက်တွေပဲဥစ္စာ လက်ဆောင် ပို့ရမှန်း သိကြမှာပေါ့။”

“ဂူး...”

နှင်းလုံးလေးမှာ အူတူတူ ဖြစ်သွားသည်။

သူကလက်ဆောင်လိုချင်တယ်လို့ မပြောပါဘူး။

“ဈေးကြီးတာတွေ လိုချင်တာလား။ဪ...ဒါဆို တတ်နိုင်တဲ့သူတွေက ဈေးကြီးတာ ပို့ပေးကြလိမ့်မယ်။ သူတို့က မင်းပရိတ်သက်တွေပဲဘာလို့ ဈေးပေါတာ ပို့မှာလဲ။”

လုပေါင်က နှင်းလုံးလေး၏ ခေါင်းကို ပုတ်ရင်း Live ကို ပြောလိုက်သည်။

“အားလုံးပဲ... နှင်းလုံးလေး စကားကို နားမယောင်ကြပါနဲ့။ စိတ်ရှိသလောက်ပဲ ပို့ပေးပါ။ တတ်နိုင်တဲ့သူက ဈေးကြီးတာ ပို့ပေး မတတ်နိုင်တဲ့သူက Share လေးနဲ့ Follow လေး လုပ်ပေးတာနဲ့တင် ကျေးဇူးတင်လှပါပြီဗျာ။”

စကားဆုံးသည်နှင့် Live ထဲတွင် ရွှေရောင်အလင်းတန်းများ ပေါ်လာပြီး Golden Long Cat တစ်ကောင် ထွက်ပေါ်လာသည်။

ထို့နောက် နောက်ထပ် တစ်ကောင် ထပ်ထွက်လာပြန်သည်။

“အာ... အာ”

မုန့်ဖင်းအန်မှာ မှင်သက်နေပြီး Screen ကို တစ်လှည့် လုပေါင်ကို တစ်လှည့် လက်ညှိုးထိုးပြနေသည်။ သူ တကယ်ကို ကြောင်သွားရှာပြီ။

ဒါက ပလက်ဖောင်းရဲ့ အဈေးအကြီးဆုံး လက်ဆောင်ဖြစ်ပြီး တစ်ကောင်ကိုယွမ် ၅,၀၀၀ တန်ဖိုးရှိသည်။ တစ်ကောင် ပို့လိုက်တိုင်း မုန့်ဖင်းအန်းက ယွမ်၂,၅၀၀ ရမည်ဖြစ်သည်။

ရွှေရောင်အလင်းတန်းများ ဆက်တိုက် ထွက်ပေါ်နေပြီး ကြည့်ရှုသူ အရေအတွက်မှာလည်း ထိုးတက်နေသည်။

“အစ်ကို ဝေယွီကို ကျေးဇူးတင်ပါတယ်!”

“အစ်ကို ဖေးရှန်လေး ကို ကျေးဇူးတင်ပါတယ်။”

“Ocean CEO လု... ဟင် သူဌေးက ဘာလို့ ဒီရောက်နေတာလဲ။သွားပြီ... ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ကို သူဌေး သိသွားပြီ။အခန်းကြီးကြပ်ရေးမှူး ရှိလား။ဒီ နံပါတ် (၁) User ဖြစ်တဲ့ CEO လုကို ကန်ထုတ်လိုက်စမ်းပါ။ဒါက သူလာကြည့်ရမယ့် နေရာလား။”

လုပေါင်သည် လက်ဆောင်အများဆုံး ပေးနေသူမှာ လုလင်းဟွာ ဖြစ်နေသည်ကို သတိထားမိသွားသည်။

သတင်းက တကယ်ကို မြန်လွန်းလှသည်။

“ကန်ထုတ်လိုက်စမ်း။”

အခန်းကြီးကြပ်ရေးမှူးက ကံဆိုးစွာဖြင့် မရှိသေးပေ... Comment တွေကတော့ အဆက်မပြတ်တတ်နေပြီ။

“ဝိုး...ဝိုးးး”

“ဟားဟားဟား... ကိုယ့်သူဌေးကိုယ် ပြန်ကန်ထုတ်ခိုင်းနေတယ် ဟားဟား။”

“ဟာ... CEO လု ကတော့ အမြင်ကျယ်သွားတာပေါ့။”

“CEO လု ကတော့ မိုက်တယ်ဗျာ။ကိုယ့်လူကို တခြားနေရာမှာတောင်လာ အားပေးနေတာပဲ။”

Ocean ၏ CEO သည် Golden Long Cat ၁၀ ကောင် ဆက်တိုက် ပို့လိုက်သည်။

လုပေါင်ကလည်း အားကျမခံဘဲ သူ့သူဌေးကို ကန်ထုတ်ရန် တိုက်ရိုက်ပြောနေသည်။ ကြည့်ရှုသူ အရေအတွက်မှာလည်း ၂ သိန်း ၁ သောင်း ကျော်သွားပြီဖြစ်ပြီး ဆက်လက် မြင့်တက်နေဆဲပင်။

All Chapters