မိုးမခပင်အောက်မှအုတ်ဂူ
Vol. 7 Ch. 622
ဆန်းလျန် ပျောက်ကွယ်သွားပြီးသည့် နောက်ပိုင်း ကျီဖူတောင်ထိပ်တွင် မည်သူမှ နေထိုင်ခြင်း မရှိကြတော့ပေ။
ထိုက်ဝေ့ထိုင် ခန်းမဆောင်ကိုလည်း တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ပြီး မည်သူမှ လာရောက်ခွင့် မရှိတော့ပေ။ ဂိုဏ်းချုပ်၏ တရားဝင် အမိန့်မရလျှင် ဖော့ဝမ့်အဆင့်ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ထိုက်ဝေ့ထိုင် ခန်းမဆောင်သို့ ကိုယ့်သဘောနှင့်ကိုယ် ဝင်ရောက်၍ မရနိုင်ပေ။
ထို့ပြင် ချန်ကျင်းချင်သည် ကျီဖူတောင်ထိပ်တွင် တည်ရှိသည့် နတ်ဘုရားများ အလင်းတရားရရှိသွားရာ နေရာများဖြစ်သည့် တာအိုကျောင်းဆောင်များ ကိုလည်း တားမြစ်နယ်မြေထဲတွင် ထည့်သွင်းကာ ထိန်းသိမ်း စောင့်ရှောက်မှုများ ပြုလုပ်ထားလေသည်။ ထိုနေရာများသို့ လောကနတ်ဘုရား တစ်ပါးပင် လာရောက်ရန် ခက်ခဲလေသည်။
စည်းကမ်းချိုးဖောက် ဝင်ရောက်သူ ရှိပါကလည်း ထိုက်ယီတောင်ထိပ်တွင် နေထိုင်ပြီး စက္ခုတန်ခိုးဖြင့် ကြည့်နေသည့် ချန်ကျင်းချင်သည် ချက်ချင်းပင် သိရှိသွားနိုင်လေသည်။ ထို့ကြောင့် မည်သူမှ တားမြစ်နယ်မြေသို့ မလာရောက်ရဲကြပေ။
ထို့ကြောင့် မည်သူမှ ဝင်ရောက်နိုင်ခြင်း မရှိသည့် တားမြစ်နယ်မြေ ဖြစ်သည့် ကျီဖူတောင်ထိပ်တွင် ထူးဆန်းသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းသည် ချင်းရွှမ် တောင်တစ်ခွင်ရှိ ကျင့်ကြံသူများကို တုန်လှုပ် ချောက်ချားစေခြင်းမှာ အံ့သြစရာတော့ မဟုတ်ပါချေ။
ယခုကဲ့သို့ ထူးခြား ဆန်းကြယ်မှုမျိုးသည် အဘယ့်ကြောင့် ဖြစ်ပေါ် လာရပါသနည်း။
ချင်းရွှမ်နတ်တံခါးသို့ အပြင်လူတစ်ယောက် ကျူးကျော် ဝင်ရောက် လာခြင်းလေလား။ ထိုသို့ဆိုလျှင်တော့ ချင်းရွှမ်နတ် တံခါးအတွက် အရှက်ရစရာကိစ္စပင် ဖြစ်လေသည်။
ချန်ကျင်းချင်သည် ချင်းရွှမ် ခန်းမဆောင်ထဲတွင် တရားထိုင်နေလေသည်။
သူ၏မျက်လုံးများဆီမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကျီဖူတောင်ထိပ်ရှိ ထိုက်ဝေ့ထိုင် ခန်းမဆောင်ရှိရာသို့ စူးစိုက် ကြည့်လိုက်လေသည်။
သို့သော် … သူသည် ယခင်ကကဲ့သို့ ထိုက်ဝေ့ထိုင် ခန်းမဆောင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိတော့သည်ကို အံ့သြစွာဖြင့် သိလိုက်ရလေသည်။
ချန်ကျင်းချင်သည် အလွန်မှ အံ့သြသွားခဲ့လေသည်။
ချင်းရွှမ်သို့ ဝင်ရောက်လာသူသည် ရန်သူတစ်ယောက် ဖြစ်မည်ဆိုလျှင် ထိုသူ၏ တန်ခိုးစွမ်းအားများသည် အတိတ်တစ်ချိန်က ယန်ရွှီးနှင့် အဆင့်တူသူ တစ်ယောက် ဖြစ်ရပေမည်။
ချင်းရွှမ်နတ်တံခါး၏ တောင်ထိပ်တိုင်းမှ အလင်းတန်းများ ပျံသန်း ထွက်ပေါ်လာပြီး ကျီဖူတောင်ခြေသို့ စုရုံးရောက်ရှိ သွားကြလေသည်။ ချန်ကျင်းချင်သည် တင်ပျဉ်ခွေ ထိုင်နေရာမှ တစ်ချက် လှုပ်ရှားလိုက်ပြီး ချက်ချင်းပင် ကျီဖူတောင်ခြေသို့ ရောက်ရှိလာလေသည်။
ရုတ်တရက်ပင် …
ဓားဝိညာဉ်တစ်ခု ပျံသန်းထွက်ပေါ်လာပြီး ချန်ကျင်းချင်၏ဘေးသို့ ရောက်ရှိလာလေသည်။
ကျီဖူတောင်ခြေသို့ စုရုံး ရောက်ရှိလာသူများသည် ဂိုဏ်းချုပ် ချန်ကျင်းချင်နှင့် ရောက်ရှိလာသည့် ဓားဝိညာဉ်ကို ဦးညွှတ် အရိုအသေ ပေးလိုက်ကြလေသည်။ သူတို့သည် ထိုသူ (၂)ယောက် ပြောမည့်စကားများကို နားစွင့်နေကြလေသည်။
ဓားဝိညာဉ်မှာ အခြားသူမဟုတ်ပါ။ ဖန်းယန်ယင်းပင် ဖြစ်ပါလေ၏။
သူမ၏ ပုံပန်းသဏ္ဌာန်သည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာနှင့် မခြား ငယ်ရွယ်နုပျိုနေဆဲ ဖြစ်လေသည်။ ဆယ်ကျော်သက် အရွယ် မိန်းမပျိုလေး တစ်ယောက်အလားပင် ထင်မှတ်ရလေသည်။ ထိုသို့ဖြစ်ရသည်မှာ သူမ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားခြင်းကြောင့်သာ မဟုတ်ပေ။
လွန်ခဲ့သည့် နှစ်ပေါင်းမျာစွာက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် တစ်ခုကြောင့်လည်း ဖြစ်လေသည်။
သူမသည် နတ်ဘုရားတစ်ပါး အဖြစ် အဆင့်မတက်ရောက် နိုင်သေးခင် အချိန်တွင် ဆရာဒေါ်လေး ကူးချိုင်ဝေ့သည် နှစ်ပေါင်း(၅၀၀) အသက်ရှည်စေသည့် နတ်အသက်ရှည်ဆေးကို သူမအတွက် ပေးခဲ့လေသည်။
ထိုဆေးကို သောက်ခဲ့ပြီး နှစ်ပေါင်း (၅၀၀) သက်တမ်း ကုန်ဆုံးခါနီးတွင်မှ နှစ်ပေါင်း (၈၀၀) ဆက်လက် အသက်ရှည်စေမည့် ဟိင်သန်းအဆင့်ကို သူမ အောင်မြင်ခဲ့ရလေသည်။ နောက်ဆုံးတွင် နတ်ဘုရားတစ်ပါး အဖြစ် အောင်မြင်စွာ အဆင့်တက်ရောက် နိုင်ခဲ့လေသည်။ နတ်ဘုရားတစ်ပါး ဖြစ်လာသည့်အချိန်မှ စပြီး သူမသည် ပြင်းပြင်းထန်ထန် ဆက်လက် ကျင့်ကြံခဲ့လေရာ ဓားသိုင်းပညာတွင် အထွတ်ထိပ်အဆင့်သို့ ရောက်ရှိခဲ့လေသည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀)ခန့်ကတော့ သူမသည် ထိုက်စန့် နတ်ဘုရားဂိုဏ်းသို့ ဝင်ရောက်သွားပြီး ထိုက်စန့်နတ်ဘုရား ဂိုဏ်းချုပ်ကို အနိုင်ယူခဲ့လေသည်။
သူမသည် ထိုက်စန့်နတ်ဘုရား ဂိုဏ်းမှ ထိုက်စန့်စက္ခုတန်ခိုး ကျင့်စဉ်ကျမ်းကို ရယူလာခဲ့ပြီး သဏ္ဌာန်မဲ့ ဓားသိုင်းနှင့် ပေါင်းစပ်ကာ ထိုက်စန့်ဓားသိုင်းကို တီထွင်နိုင်ခဲ့လေသည်။
ယနေ့ အချိန်အခါတွင်တော့ ဖန်းယင်ယင်းကို မည်သူမှ စိန်မခေါ်ရဲတော့ပေ။ သူမကို ရင်ဆိုင်နိုင်သူဆို၍ လောကတွင် အနည်းငယ်သာ ရှိလေသည်။
လောကကို ကျော်လွန်သွားကြသည့် ယခင်မျိုးဆက် ကျင့်ကြံသူများပင်လျှင် ဖန်းယန်ယင်းကို ရင်မဆိုင်ရဲကြပေ။
ဖန်းယန်ယင်း ရောက်ရှိလာသည်နှင့် ချန်ကျင်းချင်မှာ အနည်းငယ် စိတ်ပူပန်မှု လျော့သွားရလေသည်။ သူ၏ ဂိုဏ်းတူအစ်မ မည်မျှအစွမ်းထက်သည်ကို ချန်ကျင်းချင်က သိရှိပြီးသား ဖြစ်လေသည်။ သူတို့(၂)ယောက်၏ တန်ခိုးစွမ်းအားများ ပေါင်းစည်းလိုက်ပါက ကျူးကျော် ဝင်ရောက်လာသူသည် လုကျိုးယွမ်သာ မဟုတ်ခဲ့လျှင် ကျိန်းသေအနိုင်ယူ နှိမ်နင်းနိုင်မည် ဖြစ်လေသည်။
သို့သော် ချန်ကျင်းချင်၏ စိတ်ထဲတွင် ကျူးကျော် ဝင်ရောက်လာသူကို အလွန် စိတ်ဝင်စားနေ မိလေသည်။
လောကတွင် သွားလာနေကြသည့် နတ်ဘုရားများထဲတွင် လုကျိုးယွမ်မှလွဲပြီး မည်သူမှ ထိုမျှမြင့်မားသည့် တန်ခိုးစွမ်းအား မရှိသည်ကို ချန်ကျင်းချင် သိထားလေသည်။
ရွှမ်ထျန်းနတ်ဘုရား ဂိုဏ်းတွင် ဝမ်ရှီတောက်နှင့် စုန့်ချင်းယီတို့မှာ တန်ခိုးစွမ်းအား မြင့်မားသူများ ဖြစ်ကြလေသည်။ သို့သော် ချန်ကျင်းချင်သည် ထိုလူ (၂)ယောက်နှင့်လည်း တာအိုတရား ဆွေးနွေးခဲ့ဖူးလေရာ ထိုသူ(၂)ယောက်၏ တန်ခိုးစွမ်းအားသည် ချင်းရွှမ်နတ်တံခါးကို ဖောက်ဝင်ရ လောက်အောင် မြင့်မားခြင်း မရှိသည်ကို သူကောင်းကောင်း သိထားလေသည်။
ထိုက်ဝေ့ထိုင် ခန်းမဆောင်သို့ လှမ်းကြည့်နိုင်သည့် သူ၏စက္ခုအမြင်ကို တားဆီးနိုင်သည်အထိ သူတို့(၂)ယောက် သည်အဆင့်မြင့်မားခြင်း မရှိပါ။
သို့သော် … ချန်ကျင်းချင်သည် ထိုအတွေးများကို လျှပ်တပြက် တွေးတောလိုက်ခြင်းသာ ဖြစ်လေသည်။
သူက ကြည်လင် ပြတ်သားသည့် လေသံဖြင့် …
"မင်းတို့အားလုံး ကြောက်စရာမလိုဘူး၊ ထိုက်ဝေ့ထိုင် ခန်းမဆောင်က ကျင့်စဉ်ပညာရပ်တွေက ကျုပ်တို့ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာတဲ့ ပညာအမွေတွေပဲ၊ ပြီးတော့ ချင်းရွှမ်တောင်ရဲ့ တောင်ထိပ်ငါးခုမှာ တာအိုဆရာသခင် ထိုက်ယီချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ နေထိုင်လာတ၊ ဒီလိုမျိုး ရုတ်တရက် အပြောင်းအလဲတွေ ဖြစ်လာတာ အကြောင်းတော့ ရှိရမယ်"
ဆရာသခင်များနှင့် တပည့်များ အားလုံးသည် ဂိုဏ်းချုပ်ပြောသည့် စကားကို အပြည့်အဝ နားလည် လိုက်ကြလေသည်။
နှစ်ထောင်ပေါင်းများစွာ အတွင်းတွင် ထိုကဲ့သို့သော အဖြစ်အပျက်မျိုး တစ်ကြိမ်တစ်ခါပင် မဖြစ်ခဲ့ဘူးပေ။ ဤသို့ဆိုပါက … ယခုကဲ့သို့ ပြဿနာသည် အဘယ့်ကြောင့် ဖြစ်ပျက် ခဲ့ရပါသနည်း။ ထို့ပြင် ဂိုဏ်းချုပ်ကိုယ်တိုင်ပင် ကျီဖူတောင်ထိပ်တွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သေသေချာချာ သိရှိခြင်းမရှိသည့် အတွက် သူတို့အားလုံးမှာ ပိုပြီး အံ့သြနေကြရလေသည်။
မည်သို့ပင်ဖြစ်စေ ဂိုဏ်းချုပ်သည် လုကျိုးယွမ်ကိုယ်တိုင်က လောက ပထမပါရမီရှင်ဟု ထုတ်ဖော် ချီးကျူးခဲ့သည့် ဂိုဏ်းချုပ်ဆန်းလျန်၏ တပည့်ရင်း ဖြစ်လေသည်။ ထို့ကြောင့် မည်သည့်အရာကိုမှ မစဉ်းစား မဆင်ခြင်ပဲ လုပ်မည်တော့မဟုတ်ပေ။
ချန်ကျင်းချင် နောက်ထပ် စကားမပြောသေးခင်မှာပင် ထိုက်ယီတောင်ထိပ်မှ နဂါး(၂)ကောင် ပျံသန်း ထွက်ပေါ်လာပြီး ကိုယ့်သဘောနှင့်ကိုယ် ကျီဖူတောင်ရှိရာသို့ ထိုးဖောက် ဝင်ရောက် သွားကြလေသည်။
ကျီဖူတောင်ထိပ်မှ “ဓမ္မနယ်မြေ အရန်အတား” သည် ချန်ကျင်းချင် ကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်သည့်တိုင် နဂါး(၂)ကောင် တစ်ပြိုင်နက် ထိုးဖောက်လာသည် ကိုတော့ တောင့်ခံမထားနိုင်ခဲ့ပေ။ နဂါး(၂)ကောင်သည် တောင်ထိပ်ဆီသို့ ထိုးဖောက် ဝင်ရောက်သွားကြလေသည်။
ဆရာသခင်များနှင့် တပည့်များမှာ ကြီးမားသည့် ပြောင်းလဲမှုကြီးတစ်ခု မကြာခင်တွင် ဖြစ်ပျက်တော့မည်ကို ရိပ်မိလိုက်ကြလေသည်။ သူတို့သည် တန်ခိုးစွမ်းအားများကို စုစည်းထားလိုက်ကြပြီး တိုက်ခိုက်ရန် အသင့်ပြင်ထား လိုက်ကြလေသည်။
သို့သော် … သူတို့ ထင်မှတ်မထားသည့် ကိစ္စတစ်ခု ဖြစ်လာခဲ့လေသည်။
နတ်နဂါး (၂)ကောင်သည် ကျီဖူတောင်ထိပ်သို့ ထိုးဖောက် ဝင်ရောက်သွားသည့်တိုင် မည်သည့် တိုက်ခိုက်မှုမှ ပြုလုပ်ခဲ့ခြင်း မရှိသလို မည်သည့် ဆူညံသံကိုမှလည်း ကြားရခြင်း မရှိပေ။
ထို့ကြောင့် ဆရာသခင်များနှင့် တပည့်များအားလုံး၏ မျက်နှာများမှာ ဖြူဖပ်ဖြူလျော် ဖြစ်သွား ကြရလေသည်။ ကျီဖူတောင်ထိပ်တွင် မည်သည့် အကြောင်းချင်းရာများ ဖြစ်ပျက်နေပါသနည်း။ နတ်နဂါး (၂)ကောင်သည် လောကနတ်ဘုရား (၂)ပါးနှင့် အရည်အချင်း အတူတူပင် ဖြစ်လေသည်။
တစ်ချိန်တုန်းက နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက်ရန် အတွက် ချန်ကျင်းချင် တံခါးပိတ် ကျင့်ကြံမှု ပြုလုပ်နေသည့် အချိန်တွင် ချင်းရွှမ်နတ်တံခါး လုံခြုံရေးအတွက် ထိုနတ်နဂါးကြီး (၂)ကောင်ကို အားကိုးအားထား ပြုခဲ့ရဖူးလေသည်။
သို့သော် … ယနေ့တွင်တော့ ကျီဖူတောင်ထိပ်သို့ ထိုးဖောက် ဝင်ရောက်သွားသည့် နတ်နဂါးကြီး (၂)ကောင်သည် တိတ်ဆိတ် ငြိမ်သက်လျက် ရှိလေသည်။ ဖြစ်ရပ်များသည် ထူးခြား ဆန်းကြယ်လျက် ရှိလေသည်။
ချန်ကျင်းချင်သည် ဖန်းယန်ယင်းကို လှည့်ကြည့်လိုက်ရင်း …
"ဂိုဏ်းတူအစ်မ၊ အတူတူ သွားကြည့်ရအောင်၊ ဘာတွေဖြစ်နေတာလဲ ဆိုတာ အရင်သိအောင်လုပ်ပြီးမှ အခြေအနေကို သုံးသပ်ကြတာပေါ့"
ဖန်းယန်ယင်းက ခေါင်းညိတ်လိုက်လေသည်။
သူမသည်လည်း ထိုသို့ပင် တွေးထားခြင်း ဖြစ်လေသည်။ ယနေ့ဖြစ်ပျက်သမျှ ကိစ္စရပ်တိုင်းသည် ဆန်းကြယ်လွန်းနေပြီး သူတို့အနေဖြင့် လိုက်လို့မမီနိုင် ဖြစ်နေရလေသည်။
"အခြေအနေ မဟန်ရင်တော့ ထိုက်စန့်ဓားကို သုံးရလိမ့်မယ်"
သူမပြောသည့် စကားအဓိပ္ပာယ်ကို ချန်ကျင်းချင်က ကောင်းကောင်း နားလည်လိုက်လေသည်။
ထိုက်စန့်ဓားသည် အလွန်မှ တန်ခိုးစွမ်းအား မြင့်မားလေသည်။
ထိုဓားကိုသာ ကျီဖူတောင်ထိပ်တွင် အသုံးပြုလိုက်လျှင် ကျီဖူတောင်ထိပ် တစ်ခုလုံး ပျက်စီး သွားနိုင်လေသည်။ ထိုသို့သာ ဖြစ်ပျက်ခဲ့ပါက ချင်းရွှမ်နတ်တံခါး အတွက် အရှက်ရစရာ ကိစ္စတစ်ခု ဖြစ်လာပေဦးမည်။
အဘယ်ကြောင့်ဆိုသော် ဖန်းယန်ယင်းသည် ချင်းရွှမ်နတ်တံခါး အပြင်ဘက်မှ သေစေခြင်း ကျောင်းတော်၏ ဆက်ခံသူတစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် ဘိုးဘေးများ၏ နယ်မြေဖြစ်သည့် ကျီဖူတောင်ထိပ်သည် ဖန်းယန်ယင်းကြောင့် ပျက်စီးသွားခဲ့ပါက ချန်ကျင်းချင်၏ အခွင့်အာဏာကို ထိပါးသည်ဟု အနုတ်လက္ခဏာ ဆောင်သည့် ကောလာဟလများ ထွက်ပေါ်လာနိုင်လေသည်။
ထို့ကြောင့် ဖန်းယန်ယင်းက ချန်ကျင်းချင်၏ ခွင့်ပြုချက်ကို ကြိုတင်ရယူခြင်း ဖြစ်လေသည်။ သို့သော် … ချန်ကျင်းချင်ကတော့ ထိုကိစ္စကို အရေးစိုက်ခြင်းမရှိခဲ့ပါ။
သူက ကျီဖူတောင်ထိပ်သို့ မသွားမီ တပည့်များနှင့် ဆရာသခင်များကို စကားပြောလိုက်သည်။
"ဆရာသခင်တွေနဲ့ တပည့်များ၊ အခုလောလောဆယ် ခင်ဗျားတို့ ကျီဖူတောင်ထိပ်ကို မသွားကြပါနဲ့ဦး၊ ကျုပ်တို့ အရင်သွားပြီး အခြေအနေ ကြည့်မယ် …"
စကား ဆုံးသွားသည်နှင့် ချန်ကျင်းချင်နှင့် ဖန်းယန်ယင်းတို့သည် ကျီဖူတောင်ထိပ်ရှိ ထိုက်ဝေ့ထိုင်ခန်းမဆောင် ရှေ့သို့ ရောက်ရှိ လာကြလေတော့သည်။
ထိုအခါ သူတို့၏ သံသယသည် ပိုပြီးခိုင်မာလာပြီး ထိတ်လန့် တုန်လှုပ်သွားကြရလေသည်။
တစ်စုံတစ်ယောက်သည် အမှန်တကယ်ပင် ချင်းရွှမ်နတ်တံခါးသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်လေသည်။
လူတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး သူတို့နှစ်ယောက်ကို ကျောခိုင်းကာ မိုးမခပင်ခြေရင်းတွင် မြှုပ်နှံထားသည့် အုတ်ဂူကို ကြည့်နေလေသည်။
ချန်ကျင်းချင်နှင့် ဖန်းယန်ယင်းတို့ (၂)ယောက်စလုံးသည် ထိုသူ၏ ကျောပြင်ကိုသာ မြင်တွေ့ကြရလေသည်။
အဝါရောင် မိုးမခပန်းပွင့်များသည် နားရွက်ရှည်များအလား လေထဲတွင် လွင့်နေကြလေသည်။ အချို့သော ပန်းပွင့်များမှာ သစ်ရွက်များကြားတွင် ဖုံးနေပြီး အချို့ကတော့ ဖုံးကွယ်နေခြင်း မရှိပေ။ လေထဲတွင် လွင့်မျောနေသည့် ပန်းပွင့်များသည် အလွန်မှ လှပလွန်းလေသည်။
သို့သော် … ထိုရှုမျှော်ခင်းသည် ဝမ်းနည်းစရာ ကောင်းလှလေသည်။
ချင်းရွှမ်တောင်ကို စောင့်ရှောက်သည့် နတ်နဂါး (၂)ကောင်သည် (၃)ပေသာသာ အရှည်မျှ သေးငယ်သွားကြကာ မြေကြီးထက်တွင် ဝပ်တွားနေကြလေသည်။
နတ်နဂါးများ၏ အရှည်သည် သူတို့ရှေ့တွင် ရှိနေသည့် သွေးနီရောင်ဓား၏ အလျားအရှည်နှင့် အတူတူပင်ဖြစ်လေသည်။
ထိုဓားကို ချန်ကျင်းချင်နှင့် ဖန်းယန်ယင်းတို့ (၂)ယောက်စလုံး သတိပြုလိုက် မိကြလေသည်။
အဘယ်ကြောင့်မှန်း မသိပေ။
ထိုသွေးနီရောင်ဓားကို မြင်လိုက်သည်နှင့် ဖန်ယန်ယင်း၏ စိတ်ထဲတွင် ပြောမပြ နိုင်လောက်အောင် ဝမ်းနည်းပူဆွေး လာပြီး ရင်များပင် နာလာရလေသည်။ သူမ၏ မျက်ဝန်းဆီမှ မျက်ရည်စက်များ ကျလာပြီး မျက်ရည်စက်များသည် မြေပြင်ထက်သို့ပင် ကျဆင်း သွားရလေသည်။
ချန်ကျင်းချင်က သူမကို မေးမြန်းရန်အတွက် ပါးစပ်ကိုဟလိုက်ပြီးမှ မမေးဖြစ်ခဲ့တော့ပေ။
အဘယ်ကြောင့်ဆိုသော် …
မိုးမခပင်အောက်မှ လူသည် သူတို့ရှိရာသို့ လှည့်လာသောကြောင့် ဖြစ်လေသည်။
ထိုသူ သူတို့ရှိရာသို့ လှည့်လာသည့် အခါတွင်တော့ ထိုသူထံမှ အလွန်ရင်းနှီးနေသည့် အငွေ့အသက်များကို ခံစား လိုက်ရလေသည်။
ချန်ကျင်းချင်နှင့် ဖန်းယန်ယင်းသည် အလွန်အမင်း အံ့သြသွားကြရလေသည်။ ထို့နောက် အံ့သြမှုများမှ ပျော်ရွှင်မှုအဖြစ်သို့ ကူးပြောင်းသွားလေသည်။
သူတို့သည် ချက်ချင်းပင် ထိုသူကို ဒူးထောက်ဂါရဝ ပြုလိုက်ကြလေသည်။
"ဆရာ …"
"ဆရာဦးလေး …"
ဆန်းလျန်က …
"ကျုပ်ရဲ့အစ်မ ဘယ်တုန်းက ဆုံးသွားတာလဲ …"
ချန်ကျင်းချင်သည် အလွန်အမင်း စိတ်လှုပ်ရှားနေသည့်တိုင် သူ့ကိုယ်သူ ပြန်ပြီး ထိန်းချုပ်လိုက်လေသည်။
"ဆရာဒေါ်လေးက ကျွန်တော်တို့ကို ထားသွားခဲ့တာ အနှစ်(၃၀)လောက်ရှိပါပြီ၊ သူ မဆုံးခင်မှာပဲ သူ့ကို ဒီ မိုးမခပင် အောက်မှာ မြှုပ်နှံသဂြိုလ်ပေးဖို့ မှာခဲ့တာပါ"
ဆန်းလျန်သည် ထိုက်ယီထျန်းရှန်းအဆင့်သို့ ရောက်ရှိနေခဲ့သည့်တိုင် တစ်နေ့တည်းတွင်ပင် ဂိုဏ်းတူအစ်ကိုနှင့် ဂိုဏ်းတူအစ်မ (၂)ယောက်လုံးကို ဆုံးရှုံးလိုက်ရသည့် အတွက် ဝမ်းနည်းကြေကွဲလျက် ရှိလေသည်။ ချန်ကျန့်မေနှင့် ကူးချိုင်ဝေ့သည် သူ့ဘဝတွင် အခင်တွယ်ရဆုံးသော သူများ မဟုတ်ပါလား။
"ဂိုဏ်းတူအစ်မ … အစ်မက ကျင့်ကြံခြင်းအဆင့် မတက်နိုင်ခဲ့ဘူးပဲ၊ အားလုံး ကျွန်တော့်အမှားတွေပါ အစ်မရယ် …"
ထိုစကားများသည် ဆန်းလျန်ရင်ထဲမှ ပြောလိုက်မိသည့် စကားများ ဖြစ်လေသည်။
ကူးချိုင်ဝေ့သည် သေဆုံးသွားပြီး သည့်နောက် သူမကို ဤနေရာတွင် အဘယ့်ကြောင့် မြှုပ်နှံစေချင် ခဲ့ပါသနည်း။
ထို့ပြင် … အဘယ့်ကြောင့် ကူးချိုင်ဝေ့သည် ကျင့်စဉ်လမ်းတွင် အဆင့်မတက် ခဲ့ရသည်ကို ဆန်းလျန် နားမလည်နိုင်ခဲ့ပါ။
ယခုတော့ဖြင့် … သူမသည် မိုးမခပင်အောက်တွင် ထာဝရ အိပ်စက်သွားပြီ ဖြစ်သည့်အတွက် သူမရင်ထဲမှ ခံစားချက်များကိုလည်း ဆန်းလျန် ရှင်းရှင်းလင်းလင်း မသိနိုင်တော့ပါ။
ယနေ့သည် …
ဆန်းလျန်၏ နှလုံးသားထဲတွင် ဝမ်းနည်း ပူဆွေးမှုများ ပြည့်နှက်နေသည့် နေ့တစ်နေ့သာ ဖြစ်ပေတော့သည်။
ကူးချိုင်ဝေ့ ထာဝရ အိပ်စက်သွားရခြင်း အတွက် ဆန်းလျန်ခံစားရသည့် နာကျင် ဝမ်းနည်းမှုများကို စကားလုံးဖြင့်ပင် ဖော်ပြနိုင်မည် မဟုတ်ပါပေ။
***