← Chapters

အမွေအနှစ်တံခါးတော်မြတ်

Vol. 94 Ch. 1305

အမွေအနှစ်တံခါးတော်မြတ်

Vol. 94 Ch. 1305

မန်ဟိုမှာ ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေသော မှီခိုရာဂိုဏ်းချုပ်ကို ကြည့်ပြီး ရုတ်တရက် ခေါင်းကိုက်လာတော့သည်။ “ခင်ဗျား ပေါက်စလေးတုန်းက ကျုပ် ခင်ဗျားခေါင်းကို ဘာလို့ရိုက်ခဲ့မိပါလိမ့်”

ကံဆိုးစွာနှင့် မန်ဟို့စကားက မှီခိုရာဂိုဏ်းချုပ်ကို မီးလောင်ရာလေပင့်သလိုသာ ဖြစ်သွားစေသည်။ သူသည် တစ်စုံတစ်ခုကို မှတ်မိလိုက်သည့်အလား မျက်လုံးကြီးများ နီရဲလာပြီး ဒေါသတကြီး အော်တော့သည်။ “မန်ဟို ခွေးသူတောင်းစားလေး။ ငါ ဒီနေ့ မင်းနဲ့ စာရင်းအပြတ်ရှင်းမယ်။ ဒါကို ယူလိုက်စမ်း”

ဟိန်းဟောက်ကြုံးဝါးရင်း စွမ်းအားတို့ကို ထုတ်ဖော်လျက် မှီခိုရာဂိုဏ်းချုပ်သည် သူ၏ ပုတိုတိုခြေနှစ်ဖက်ကို ထူးဆန်းသောခြေလှမ်းခြေကွက်ဖြင့် လှုပ်ရှားစပြုလာ၏။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် သူကား သူသေကိုယ်သေ အပီအပြင် ချတော့မည့်အလား သူ၏ချီနှင့်သွေးများက ဆန်းပြားစွာ စီးဆင်းလာသည်။

သို့သော် အမှန်တကယ် ဖြစ်ပျက်သွားသည်ကား .... သူ့အနောက်တွင် ဧရာမနေရာရွှေ့ပြောင်းခြင်းမုခ်ဝကြီးတစ်ခု ဖောက်ခနဲ ပေါ်လာခြင်းဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက မှီခိုရာဂိုဏ်းချုပ်ကို နေရာရွှေ့ပြောင်းပေးရင်း အသက်ဝင်လာသည်။

သူ ပျောက်ကွယ်နေသည့်အချိန်မှာပင် သူ၏ ဘဝင်ခိုက်နေသော ရယ်သံများက အောက်ပါစကားလုံးများနှင့်အတူ ပဲ့တင်ထပ်လာသည်။

“ငါ ဂိုဏ်းချုပ် သွားပြီ။ နောက်နောင် ငါ့ကို လာရှာမနေနဲ့။ မင်းကို ငါ စိတ်ကုန်နေပြီ”

လက်ရှိအချိန်တွင် မှီခိုရာဂိုဏ်းချုပ် သူ့ကိုယ်သူ မည်မျှကျေနပ်နေသလဲ မန်ဟိုတစ်ယောက် စိတ်ပင်မကူးကြည့်နိုင်ပေ။ မန်ဟို့မျက်နှာမှာ တစ်မျိုးတစ်မည်ဖြစ်နေပြီး သူက ရှေ့တစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားသည်။

အဋ္ဌမတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်တစ်နေရာတွင် မှီခိုရာဂိုဏ်းချုပ်၏ ကိုယ်လုံးကြီးသည် တဟားဟားရယ်သံကြီးနှင့်အတူ ဘွားခနဲ ပေါ်လာ၏။

“ငါ ဂိုဏ်းချုပ်က သိပ်ဉာဏ်အမြော်အမြင်ကြီးမားတယ်။ သိပ်ထက်မြက်တယ်။ သိပ်ထူးချွန်တယ်။ သိပ်ကိုဘုန်းကြီးလှတာပဲ။ ဟိုခွေးသူတောင်းစားလေးမန်ဟိုက သူနဲ့ ငါ့ကို တကယ်ပဲ ယှဉ်ရဲမလား ဟားဟားဟား” မှီခိုရာဂိုဏ်းချုပ်သည် ဟိုအောက်ဆုံးရှိ လူတိုင်းကို ငုံ့ကြည့်နေသည့် ဉာဏ်အရာ၌ ဧတဒဂ်ရပေသော တန်ခိုးရှင်ကြီးပမာ အတိုင်းထက်အလွန် မာန်တက်နေ၏။

သို့သော် သူ သက်ပြင်းချနေသည့်အချိန်မှာပင် ချောင်းဟန့်သံတစ်သံက သူ့ဘေးမှ ထွက်လာသည်။

မှီခိုရာဂိုဏ်းချုပ်မှာ ထိတ်လန့်သွား၏။

“သွေးလေချောက်ချားနေတာ” သူက ပြောသည်။ “ငါ သွေးလေချောက်ချားနေတာပဲ ဖြစ်ရမယ်။ အဲဒီချောင်းဟန့်သံက ဟိုခွေးသူတောင်းစားလေးရဲ့ အသံနဲ့ ဘယ်လိုတူနေရတာတုန်း” ရင်တဒိတ်ဒိတ်ခုန်နေလျက် မှီခိုရာဂိုဏ်းချုပ်မှာ ဘေးသို့ မဝံမရဲ လှည့်ကြည့်လိုက်ကာ သူ့ဘေးတည့်တည့်၌ မန်ဟို့ကို တွေ့လိုက်ရလေသည်။ သူ့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။

အရွယ်အစားအရ မန်ဟိုသည် မှီခိုရာဂိုဏ်းချုပ်၏ကိုယ်ကြီးနှင့် မယှဉ်နိုင်ပေ။ သို့သော် ထိုအချက်က သူ့ကို မှီခိုရာဂိုဏ်းချုပ်၏ နှုတ်ခမ်းမွှေးတစ်ချောင်းကို ဆွဲ၍ လိပ်အိုကြီးအား ကြယ်တာရာကောင်းကင်တွင် ဝိုင်းကြီးပတ်ပတ် မလွှဲရမ်းအောင် မတားနိုင်ပေ။

ထို့နောက် လိပ်ကြီးခမျာ သိပ်မလှမ်းမကမ်းတွင် ဗိုင်းခနဲ လိပ်ကျကျသွားသည်။

မှီခိုရာဂိုဏ်းချုပ်က ဒေါကြီးမောကြီး အော်ဟစ်ပြီး မန်ဟို့ကို စားတော့မည့်အလား ပါးစပ်ကြီးဖြဲလျက် ပြေးဝင်လာသည်။ သို့သော် မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်ရာ မှီခိုရာဂိုဏ်းချုပ်မှာ အားခနဲ အော်၍ ပါးစပ်ပိတ်လိုက်ရ၏။

“အားးးးးးးးးးး ရူးတော့မယ်။ လီးလိုပဲ။ မင်းကို မတိုက်ခိုက်နိုင်ဘူး။ မင်းလက်ထဲကနေ မပြေးနိုင်ဘူး။ မင်းကို စားတောင် စားလို့မရဘူး။ သောက်ခွေးသူတောင်းစား မိစ္ဆာချုပ်နှောင်သူအဖွဲ့။ မင်းတို့ကောင်တွေအကုန်လုံးကို ငါ သတ်ပစ်မယ်” မှီခိုရာဂိုဏ်းချုပ်၏ ကြုံးဝါးသံများက ကြယ်တာရာကောင်းကင်တစ်လျှောက် လိမ့်ထွက်သွားသော အသံလှိုင်းဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ကျောကို မဆိုစလောက် ခါရင်း အမြန်ဆုံး နောက်ဆုတ်သွား၏။

“မှီခိုရာဂိုဏ်းရဲ့ မျိုးဆက်အသီးသီးက ဂိုဏ်းသားအားလုံး အခုချက်ချင်း ထွက်လာပြီး ဒီလူ့ကို သတ်စမ်း” မှီခိုရာဂိုဏ်းချုပ် သူ့ကျောကြီးကို ခါလိုက်သောအခါ ကျိုးပြည်အတွက်တော့ ငလျင်ကြီးလှုပ်သွားသည်။ ချက်ချင်းဆိုသလို လူပေါင်းရာချီ ပျံထွက်လာပြီး မန်ဟို့ကို တအံ့တဩ စိုက်ကြည့်လိုက်ကြသည်။ မည်သူ ပထမဆုံး လုပ်လိုက်သလဲ မပြောတတ်သော်လည်း တခဏ ပါးစပ်အဟောင်းသားဖြစ်နေပြီးနောက် သူတို့သည် လက်ယှက်၍ သူ့ကို အရိုအသေပေးလိုက်ကြ၏။

“ဂါဝရပြုပါတယ် ဂိုဏ်းချုပ်လေး”

“ဂိုဏ်းချုပ်လေးပဲ ။ ဂါဝရပြုပါတယ် ဂိုဏ်းချုပ်လေး....”

ဤလူများသည် မန်ဟို မည်သူမှန်း မှတ်မိသွားကြ၏။ တောင်ကောင်းကင်ဂြိုဟ်၏ နဂါးငွေ့တန်းပင်လယ်မှာတုန်းက ဤအုပ်စုနှင့် မန်ဟို ဆုံတွေ့ခဲ့ဖူးသည်မဟုတ်ပါလော။ ထိုစဉ်က သူ့ကိုယ်သူ အင်မတန်အမြော်အမြင်ကြီးမားသည့် ဉာဏ်ကြီးရှင်ဟု ယုံကြည်ခဲ့သော မှီခိုရာဂိုဏ်းချုပ်သည် မန်ဟို၏သံသယများကို ဖယ်ရှားဖို့အတွက် မန်ဟိုက ဂိုဏ်းချုပ်ဖြစ်ကြောင်း လူသိထင်ရှားကြေညာခဲ့လေသည်။

မှီခိုရာဂိုဏ်းချုပ်မှာ ကျင့်ကြံသူအားလုံး မန်ဟို့ကို လက်ယှက်အရိုအသေပေးနေကြသည်ကို မြင်လျှင် သူ့နှလုံးသားထဲရှိ ဒေါသမီးမှာ ပို၍ပင် ပူပြင်းတောက်လောင်လာသည်။ ယခုတွင် မန်ဟို့ကို စားမည့်အစား သူက ခေါင်းနှင့်တိုက်၍ သတ်ပစ်ရန် ကြိုးစားတော့သည်။

ဤအခိုက်အတန့်တွင် မလွတ်နိုင်တော့မှန်း သူ သိလိုက်ရလေပြီ။ မန်ဟိုက အလွန်လျင်လွန်း၍ သူ့မှာ သက်ပြင်းသာ ချနေမိသည်။ ယခုအချိန်တွင် သူ လုပ်နိုင်သည့် တစ်ခုတည်းသောအခါမှာ အာကာသတစ်လျှောက် ဝှီးခနဲ ခွင်းလာသော ဂြိုဟ်ကြီးသဖွယ် ကြီးမားလှသည့် သူ၏ခန္ဓာကိုယ်ကြီးဖြင့် မန်ဟို့ကို ဝင်တိုက်လိုက်ရုံသာ ရှိသည်။

“အပိုတွေ လျှောက်လုပ်မနေနဲ့တော့” မန်ဟိုက မျက်မှောင်ကြုတ်လျက် ပြောပြီးနောက် သူ့ညာလက်ဖြင့် ရိုက်ချလိုက်သည်။

ဖြန်းခနဲ အသံအကျယ်ကြီးက မှီခိုရာဂိုဏ်းချုပ်၏ခေါင်းမှ ပဲ့တင်ထပ်လာပြီး သူ့မှာ နောက်သို့ ယိုင်ထွက်သွားလေသည်။ သူက ရူးမတတ် ဒေါကန်သွားလျက် ဟိန်းဟောက်သည်။ “ဘယ်သူက အပိုတွေလုပ်နေတာလဲ။ ငါက အေးဆေးပဲကွ။ မင်း... မင်း ... မင်း ... ခွေးသူတောင်းစားးးးးးး

“တောင်ပင်လယ်လောကတစ်ခွင် ငါ လှည့်လည်လျှောက်သွားနေခဲ့တဲ့ နှစ်ပေါင်းများစွာအတောအတွင်း ဖြစ်ခဲ့ဖူးတဲ့ အဆိုးဆုံးအရာက မိစ္ဆာချုပ်နှောင်သူအဖွဲ့က မင်းတို့ ခွေးသူတောင်းစားတွေနဲ့ တိုးခဲ့တာပဲ။ မင်းတို့ကောင်တွေက တအားလွန်လွန်းတယ်ကွ” မှီခိုရာဂိုဏ်းချုပ်မှာ ချုံးပွဲချ ငိုတော့မည့်ပုံပင်။ ယခုတွင် မန်ဟို မည်မျှအစွမ်းထက်ကြောင်း နဖူးတွေ့ဒူးတွေ့ သိလိုက်ရပြီဖြစ်၍ ရလဒ်အဖြစ် သူ့နှလုံးသားမှာ ဘင်ခရာတီးနေတော့သည်။ သို့သော် သူ့မှာ အလျှော့မပေးလိုသေးပေ။

သူက စိတ်ပိုင်းဖြတ်ထားမှုတို့ မျက်ဝန်းထဲတွင် တောက်လောင်နေလျက် သူ၏ပါးစပ်ကြီးကို ဟ၍ ဟိန်းဟောက်လိုက်ရာ သူ့ခန္ဓာကိုယ်အနှံ့အပြား၌ မှော်သင်္ကေတအမြောက်အမြား လင်းလက်တောက်ပလာသည်။ သူကား သူ့ကိုယ်ပေါ်ရှိ ချုပ်နှောင်တံဆိပ်များမှ ရုန်းထွက်ဖို့ ကြိုးစားနေသယောင်ပင်။

မန်ဟို့ကိုပင် မျက်လုံးပြူးသွားစေသည့် ကြီးမားသောစွမ်းအင်ကြီးက ဝုန်းခနဲ ပေါက်ကွဲထွက်လာသည်။

“အဲဒီတုန်းက မိစ္ဆာချုပ်နှောင်သူအဖွဲ့က လူတွေ သူ့ကို ချုပ်နှောင်ဖို့ ပူးပေါင်းခဲ့ကြရတယ်ဖြစ်မယ်” မန်ဟိုက ခပ်တိုးတိုး ပြောသည်။ “ကြည့်ရတာ မှီခိုရာဂိုဏ်းချုပ်က တကယ် ထူးခြားပြောင်မြောက်တဲ့ပုံပဲ" ထိုသို့ပြောရင်း သူက ဖြန်းခနဲ ချလိုက်ပြန်သည်။

မှီခိုရာဂိုဏ်းချုပ်လည်း လည်ထွက်သွားပြန်သည်။ တစ်ချိန်တည်းမှာပင် သူ၏ဒေါသတကြီး ကြိမ်းဝါးသံကြီးက ဟိန်းထွက်လာသည်။

ဤတစ်ကြိမ်တွင် ထိုကြိမ်းဝါးသံက ယခင်အသံများထက် အဆများစွာ ကျယ်လောင်သည်။ ၎င်းက ဖြာထွက်ရိုက်ခတ်သွားသော လေမုန်တိုင်းကြီးတစ်လုံး ဖြစ်သွား၏။ တစ်ဆက်တည်းမှာပင် ကြောက်ခမန်းလိလိအရိပ်ကြီးတစ်ခုက သူ့အနောက်တွင် ပေါ်လာသည်။

“မင်းနဲ့ငါ မသေမချင်း တိုက်ခိုက်မယ်” သူက ကြိမ်းဝါးသည်။ “မင်းကြောင့် ငါ သိပ်ဒေါကန်ရတယ်ကွ။ သိပ်ကိုပဲ” သိပ်သည်းပြွတ်ကြပ်နေသော မှော်သင်္ကေတများက မှီခိုရာဂိုဏ်းချုပ်ကို လွှမ်းခြုံထားသော ဧရာမပိုက်ကွန်ကြီးပမာ လင်းလက်တောက်ပနေသည်။

သို့သော် မှီခိုရာဂိုဏ်းချုပ်၏စွမ်းအင်သည် မြင့်တက်လာနေပြီး ရွှေရောင်မှော်သင်္ကေတများမှ သူ့ထံမှ ကွာရင်း ကြယ်တာရာကောင်းကင်ထဲ လွင့်မျောကုန်သည်။ ထိုအခါ မှီခိုရာဂိုဏ်းချုပ်၏ကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်စွမ်းအင်သည် ပို၍ပင် အားကောင်းလာ၏။

ကြယ်တာရာကောင်းကင် တဝုန်းဝုန်း တုန်ရီနေစဉ် မန်ဟို့မျက်လုံးများက ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပလာသည်။ ဤသည်မှာ သူ့အတွက် မှီခိုရာဂိုဏ်းချုပ်နှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ခြင်းမဟုတ်ပေ။ သို့သော် ယခင်တုန်းက သူ၏ကျင့်ကြံခြင်းအခြေခံမှာ အစွမ်းထက်သင့်သလောက် အစွမ်းမထက်ခဲ့၍ မှီခိုရာဂိုဏ်းချုပ်ကို ချောင်မပိတ်နိုင်ခဲ့ပေ။ ယခုတွင် လိပ်အိုကြီးခမျာ ရွေးချယ်စရာမရှိတော့သည့်အတွက် ရူးတော့မလို ဖြစ်နေသည်။

မန်ဟိုက မျက်လုံးများတောက်ပနေလျက် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် မှီခိုရာဂိုဏ်းချုပ်ထံ လက်ညှိုးထိုးလိုက်သည်။

“အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်"

ချက်ချင်းပင် မှီခိုရာဂိုဏ်းချုပ်သည် တုံ့ခနဲ ရပ်သွား၏။ တစ်ချိန်တည်းမှာပင် သူ့ပတ်ပတ်လည်တွင် လွင့်မျောနေသော ရွှေရောင်မှော်သင်္ကေတများသည် တဖျပ်ဖျပ် လက်လာပြီးနောက် သူ့အပေါ် ပြန်ဖိချခံလိုက်ရသည်။ မှီခိုရာဂိုဏ်းချုပ်မှာ တောင့်တင်းသွားပြီး မျက်လုံးကြီးပြူးလျက် မန်ဟို့ကို ဒေါသတကြီး စိုက်ကြည့်သည်။ သို့သော် သူ့အနေဖြင့် မိစ္ဆာချုပ်နှောင်မန္တန်ကို ဘာမှပြန်မလုပ်နိုင်ပေ။

“လိမ္မာလိုက်တဲ့ကောင်လေး” မန်ဟိုက ပြောပြောဆိုဆိုဖြင့် ရှေ့လျှောက်သွားပြီး မှီခိုရာဂိုဏ်းချုပ်ခေါင်းကို ပွတ်သပ်လိုက်သည်။ မှီခိုရာဂိုဏ်းချုပ်သည် သူ့ကို စိတ်ဆိုးမာန်ဆိုးဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသော်လည်း လှုပ်ပင် မလှုပ်နိုင်သလို ၊ ဝူးဝူးဝါးဝါးသာ လုပ်နေနိုင်သည်။

မန်ဟိုမှာ အတန်ငယ်စိတ်မကောင်းဖြစ်မိသဖြင့် မှီခိုရာဂိုဏ်းချုပ်ကို ကြည့်ကာ ပြောသည်။ “ဂိုဏ်းချုပ်၊ ကျုပ်မှာ ဖြေရှင်းရမယ့် ပြဿနာတွေ ရှိသေးတယ်။ ရုန်းကန်မနေပါနဲ့တော့။ ခင်ဗျားသိလား ၊ ကျုပ်ရဲ့ စီးတော်လိပ်ဖြစ်လာရတာက သိပ်ရှက်စရာမကောင်းပါဘူး ဟုတ်တယ်ဟုတ်။ ကြည့် ဒီလိုဆို ဘယ်လိုလဲ။ ကျုပ်ကို သခင်လီရဲ့အမွေအနှစ်ကို ယူခွင့်သာပေးလိုက်။ ပြီးရင် ခင်ဗျား ကျုပ်နဲ့ လိုက်မလာချင်ဘူးဆိုလည်း ခင်ဗျားလမ်းသာ ခင်ဗျားဆက်သွားပေါ့”

မှီခိုရာဂိုဏ်းချုပ်က အတွေးများဖြင့် မော့ကြည့်နေပြီး မန်ဟိုပင်လျှင် သူ တစ်ခုခုကို ကြံနေကြောင်း ပြောနိုင်သည်။ သို့သော် သူက ယင်းကို လျစ်လျူရှု၍ မှီခိုရာဂိုဏ်းချုပ်၏ကျောအပေါ်တွင် ပေါ်လာသည်။ ပျံတက်လာခဲ့ကြသော ကျင့်ကြံသူရာပေါင်းများစွာက သူ့အနား မကပ်ရဲဘဲ အဝေးမှ အရိုအသေဆက်ပေးနေကြလေသည်။

မန်ဟိုက ဘေးဘီဝဲယာကို ကြည့်ပြီးနောက် ခြေတစ်လှမ်းလှမ်းရင်း ကျိုးပြည်၏ မြေနိမ့်ဒေသတစ်ခုထဲက ကမ်းစပ်ပေါ်တွင် ပေါ်လာသည်။ ဂူယွိတင်းစန်းယွီက ထိုနေရာတွင် အလွန်နှစ်လိုဖွယ်ကောင်းစွာ ရပ်နေပြီး မန်ဟို ချဉ်းကပ်လာသည့်အခါ သူမသည် ပြုံးပြ၏။

နှစ်ယောက်သား အကြည့်ချင်းဆုံလျှင် ဝမ်းပန်းတသာ ရယ်မောလိုက်ကြသည်။

“ငါ မင်းကို ပေးထားတဲ့ ကတိကို မမေ့ပါဘူး” သူက ပြောသည်။ “တစ်နေ့ မင်း ပင်လယ်ဖြစ်လာအောင် ငါ ကူညီပေးမယ်”

“အို ငါ ပင်လယ်ဖြစ်လာခဲ့ပြီးပါပြီ” သူမသည် လက်ကလေးအုပ်ကာ ပြုံးရင်း ပြော၏။

မန်ဟိုက တအံ့တဩဖြင့် ကန်ကို ကြည့်လိုက်ပြီးနောက် အဝေးရှိ တာ့ချင်းတောင်ကို လှမ်းမျှော်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက လေးနက်စွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ရုတ်တရက် ကျိုးပြည်၏မြေကြီးအောက်ထဲသို့ ငုပ်လျှိုးသွားသည်။ သူသည် သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်၍ ကျိုးပြည်၏ အောက်ဆုံး ၊ မှီခိုရာဂိုဏ်းချုပ်၏ ကျောနှင့် ထိစပ်နေသော တစ်နေရာကို ရှာတွေ့သွား၏။ ထိုနေရာတွင် ... တံခါးတစ်ချပ် ရှိနေသည်။

သို့သော် မန်ဟို ၎င်းအနားရောက်သွားသည့်အခါ မှီခိုရာဂိုဏ်းချုပ်သည် အဋ္ဌမမန္တန်ကို အပြင်းအထန် ဖယ်ခွာနိုင်လိုက်သဖြင့် တစ်ကိုယ်လုံး တုန်ရီလာ၏။ တစ်ချိန်တည်းမှာပဲ သောင်းကျန်းနေသော စွမ်းအင်တစ်ရပ်က စတင်စုဝေးလာသည်။

ရွှေရောင်မှော်သင်္ကေတများမှာ နောက်တစ်ဖန် ခါထုတ်ခံရတော့မည့်ပုံပေါ်သည်။

မြေပြင်များ တဝုန်းဝုန်းတုန်ခါနေမှုအား မြေကြီး၏အောက် မည်မျှနက်နက်သို့ ရောက်နေစေကာမူ မန်ဟိုသည် ရှင်းလင်းပြတ်သားစွာ ခံစားလိုက်ရ၏။ သူက မျက်မှောင်ကြုတ်ရင်း မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။ ဤတစ်ခေါက်တွင် သူ၏လက်ချောင်းဝှေ့ယမ်းမှုက သတ္တမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်သည်။ မှီခိုရာဂိုဏ်းချုပ်က တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေလျက် ဟိန်းဟောက်လိုက်ပြန်သည်။ သို့သော် မန်ဟို၏သတ္တမမန္တန်က သူ့ကိုယ်ထဲရှိ မန္တန်နှင့် ပဲ့တင်ရိုက်ခတ်ကာ သူ့မှာ နောက်တစ်ကြိမ် လှုပ်မရပြန်ပေ။

“သိပ်စိတ်လှုပ်ရှားမနေပါနဲ့” မန်ဟိုက အေးအေးဆေးဆေး နှစ်သိမ့်သည်။ “ကျုပ် ဒီကို အမွေယူဖို့ပဲ လာတာ။ ခင်ဗျား ထွက်သွားကတည်းက ဒီအဋ္ဌမတောင်ပင်လယ်မှာ ခင်ဗျားရှိနေတာ ကျုပ် သိနေခဲ့တာဖြင့် နှစ်နဲ့ချီရောပေါ့။ ဒါမဲ့ ကျုပ်ရဲ့စီးတော်လိပ် လုပ်ပေးဖို့ ခင်ဗျားကို တစ်ခါမှ လာမရှာခဲ့ဘူးလေ” ထို့နောက် မန်ဟိုက တံခါးထံ ခြေတစ်လှမ်းလှမ်းသည်။

တံခါးက မှိန်ပျပျလက်နေပြီး မန်ဟိုသည် ၎င်းအနား ရောက်သွားလျှင် ရင်းနှီးသောအငွေ့အသက်များကို ခံစားလိုက်ရ၏။ တစ်စုံတစ်ခုက သူ့ကို ခေါ်နေသည့်အလားပင်။

ထိုအငွေ့အသက်များသည် မိစ္ဆာချုပ်နှောင်သူအဖွဲ့၏အငွေ့အသက်များဖြစ်ပြီး ခေါ်သံက သူ့ကိုယ်ထဲရှိ မိစ္ဆာချုပ်နှောင်မှော်အစွမ်းကို လှုပ်ရှားလာစေသည်။ အမှန်တွင် သူ၏သိုလှောင်အိတ်ထဲက ရှေးဟောင်းမိစ္ဆာချုပ်နှောင်ကျောက်စိမ်းလည်း တုန်ခါနေသည်။

“သေချာပေါက် မိစ္ဆာချုပ်နှောင်သူတွေပဲ .... အဲဒါဆို ... သခင်လီက ဘယ်မိစ္ဆာချုပ်နှောင်သူမျိုးဆက်လဲ” သူ၏ခန့်မှန်းချက်အားလုံး ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါး သေချာသွားသဖြင့် မန်ဟို၏မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်တစ်ရောင် တောက်ပလာသည်။

သို့သော် သူ တံခါးအနား ရောက်သွားပြီး ပဲ့တင်ရိုက်ခတ်မှုက ပို၍အားကောင်းလာသည့်အချိန်မှာပင် မှီခိုရာဂိုဏ်းချုပ်က စိတ်အနှောင့်အယှက်ဖြစ်နေသည့်အလား အားနှင့်အင်နှင့် ရုန်းတော့သည်။ သူ ဟိန်းဟောက်လိုက်စဉ် ရွှေရောင်မှော်သင်္ကေတများမှာ ပြိုကွဲတော့မည့်အလား ... တုန်ခါစပြုလာကြသည်။

ပို၍ပင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည်ကား မှီခိုရာဂိုဏ်းချုပ်ကိုယ်ထဲမှ ပေါ်ထွက်လာသော အစွမ်းထက်အရှိန်အဝါပင်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် ... ၎င်းက တာအိုနယ်ပယ်အဆင့်နှင့် ညီမျှပြီး လျင်မြန်စွာ ကြီးမားလာနေသည်။

အနှစ်သာရ ၁ ခု ၊ အနှစ်သာရ ၂ ခု၊ အနှစ်သာရ ၃ ခု ၊ တာအိုသခင်....

ထစ်ချုန်းသံအားလုံး၏အလယ်တွင် မန်ဟိုက မျက်မှောင်ကြုတ်သွားသည်။ သူ့အနေဖြင့် မှီခိုရာဂိုဏ်းချုပ်ကို ငြိမ်ငြိမ်နေအောင် မထိန်းနိုင်လျှင် သူ အမွေအနှစ်ရယူသည့်အခါ အနှောင့်အယှက်ဖြစ်လာမည်။

“ဂိုဏ်းချုပ် စိတ်အေးအေးထား လိမ္မာပါတယ်” မန်ဟိုက ညာခြေကို ဆောင့်နင်းရင်း မှီခိုရာဂိုဏ်းချုပ်၏ကျောနှင့် ၎င်းအပေါ်ရှိ ကုန်းမြေအကြားက ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။ ထိုအခါ ... မည်းနက်နေသော လိပ်ခွံကြီးတစ်ခုနှင့်အတူ မြေအတွင်း၌ မြုပ်ဝင်နေသော ကြောက်မက်ဖွယ်ဆူးကြီးများ ပေါ်လာသည်။

ထိုမျှသာမက ... ခပ်လှမ်းလှမ်းက လိပ်ခွံကြီး၏အပေါ်တွင် တစ်စုံတစ်ခုကို မြင်လိုက်ရသည်။ ၎င်းသည် မှီခိုရာဂိုဏ်းချုပ် အရွယ်ရောက်လာသည်နှင့်အမျှ ဖြည်းဖြည်းချင်း တွန့်လိမ်ကောက်ကွေးလာခဲ့သော... စာကြောင်းတစ်ကြောင်းပင်။

မှီခိုရာဂိုဏ်းချုပ်သည် ဖြစ်ပျက်နေသောအရာကို သဘောပေါက်လိုက်လျှင်ချင်း စိတ်လည်းဆိုး၊ ရှက်လည်းရှက်နှင့် အော်တော့သည်။ “ဟေ့ကောင် အဲဒါကို မကြည့်စမ်းနဲ့”

All Chapters