တတိယမြောက်မိစ္ဆာချုပ်နှောင်သူ
Vol. 94 Ch. 1306
မှီခိုရာဂိုဏ်းချုပ်မှာ မိုးမီးလောင်နေပြီး မျက်နှာမဖော်ရဲအောင် ရှက်နေသည်။ သူက ဒေါသတကြီး ဟိန်းဟောက်ရင်း မန်ဟို၏ မိစ္ဆာချုပ်နှောင်မှော်အစွမ်းကို ခါထုတ်ရန် ကြိုးစားသည်။ သူ့ကျောပေါ်တွင် ရေးထားသော စာလုံးများကြောင့် သူ မည်မျှဒေါသထွက်နေလဲ မြင်ရနိုင်၏ ....
မန်ဟိုမှာတော့ မှီခိုရာဂိုဏ်းချုပ် ကြီးပြင်းလာသည်နှင့်အမျှ တွန့်လိမ်မှေးမှိန်သွားခဲ့သော စာတန်းကို ဖတ်ကြည့်ပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ မကြာမီ .... ထူးဆန်းသောအမူအရာတစ်ခု သူ့မျက်နှာအပေါ်တွင် ပေါ်လာသည်.
“မန်ဟို့လိပ် .... “ သူက ဖတ်လိုက်သည်။ သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ချောင်းဟန့်လိုက်သည်။ သူ့မှာ သူ့မျက်စိသူ မယုံနိုင်သေးပေ။ ထို့နောက် သစ်သားအချိန်ဓားနှင့် မွေးစားအဖေခဲ၏ ကျောက်စစ်သည်တော်ကြီးတို့နှင့် ပတ်သက်၍ ဖြစ်ပျက်ခဲ့သည့်အရာကို တွေးမိလိုက်ပြီး တဖြည်းဖြည်း နားလည်လာတော့သည်။
ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ပုံရိပ်ယောင်ဟုသာ ထင်ခဲ့ရသော်လည်း ... မိစ္ဆာစိတ်ဝိညာဉ်ည၏ နတ်ဘုရားစွမ်းရည်ကြောင့် အစစ်အမှန် ဖြစ်လာခဲ့သည်။ ဤအခိုက်အတန့်တွင် မန်ဟိုမှာ လုံးလုံးလျားလျား တုန်လှုပ်သွားတော့သည်။
“ဒါဆို ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းထဲက အဲဒီစေတီထဲမှာ ငါ တွေ့ခဲ့ရတဲ့ လိပ်က တကယ်ပဲ မှီခိုရာဂိုဏ်းချုပ်ပေါက်စလေး ဖြစ်နေတာလား” မန်ဟို စဉ်းစားနေသည့်အချိန်မှာပင် မှီခိုရာဂိုဏ်းချုပ်က ဒေါသတကြီး ဟိန်းဟောက်သည်။
“ငါ သိခဲ့တာကြာပြီ မန်ဟို ခွေးသူတောင်းစားလေး။ ဟိုးဟိုးအရင်တုန်းက ငါ မင်းနဲ့ ဘယ်လိုတွေ့တယ်မသိဘူး တွေ့ခဲ့တယ် ... မင်းက ငါ့ကျောပေါ်မှာ အဲဒီစာလုံးတွေကို ပိုင်စိုးပိုင်နင်း ထွင်းခဲ့တယ်လေ”
မှီခိုရာဂိုဏ်းချုပ် သူ၏စီးတော်လိပ် ဖြစ်မလာချင်သည့် အဓိကအကြောင်းရင်းမှာ ... သူ၏လိပ်မာနကြောင့်မကဘဲ သူ့ကျောပေါ်တွင် အထွင်းခံခဲ့ရသော စာလုံးများကြောင့် ဖြစ်နိုင်ခြေများကြောင်း သဘောပေါက်လိုက်သဖြင့် မန်ဟို့မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့အပြုံးပေါ်လာတော့သည်။
တခြားတစ်ယောက်သာ နဝမမျိုးဆက်မိစ္ဆာချုပ်နှောင်သူ ဖြစ်လာပြီး သူ့ကို စီးတော်လိပ်အဖြစ် အသုံးချလျှင်တော့ .. မှီခိုရာဂိုဏ်းချုပ်သည် ဤမျှခါးခါးသီးသီး ငြင်းနေလောက်မည်မဟုတ်ပေ။
မန်ဟို့အတွေးများ ဗရုတ်သုတ်ခဖြစ်ကုန်သည်။ ဤအခိုက်အတန့်တွင် သူသည် အချိန်တာအို ပို၍နက်ရှိုင်းစွာ နားလည်သွားခဲ့၍ ၎င်းနှင့်စပ်လျဉ်းသော အတွေးအခေါ်တချို့ကို ဖမ်းဆုပ်နိုင်ခဲ့သော်လည်း ရှင်းလင်းစွာ ထိုးထွင်းမသိပြန်သေးပေ။
မန်ဟိုက ချောင်းဟန့်ပြီး ပြောသည်။ “အဟမ်း နားထောင် ဂိုဏ်းချုပ်။ ခေါင်းမာတယ်ဆိုတာ သိပ်ကောင်းနေတဲ့ အကျင့်မဟုတ်ဘူးနော် သိလား”
မှီခိုရာဂိုဏ်းချုပ်၏ ဟိန်းဟောက်သံများကို လျစ်လျူရှုရင်း သူက ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် သူ၏လက်ချောင်းကို အတန်ငယ် ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မိစ္ဆာချုပ်နှောင်မှော်အစွမ်းသည် မှီခိုရာဂိုဏ်းချုပ်ကိုယ်ပေါ် ကျ၍ သူ့ကို တဆတ်ဆတ် တုန်ရီသွားစေ၏။ သူ့ပတ်ပတ်လည်ရှိ ရွှေရောင်မှော်သင်္ကေတများက သူ့ကို ဖိနှိပ်ချုပ်နှောင်ရင်း လင်းထိန်တောက်ပလာသည်။
ထိုအခိုက်အတန့်တွင် မှီခိုရာဂိုဏ်းချုပ်မှာ ဝူးဝူးဝါးဝါးအော်နေရုံမှအပ ဘာမှမလုပ်နိုင်တော့ဘဲ ကြယ်တာရာကောင်းကင်တွင် မလှုပ်မယှက် ဆန့်ဆန့်ကြီး ရပ်နေပြန်တော့သည်။ သူ့နှလုံးသားထဲတွင် မတရားသဖြင့် အနိုင်ကျင်ခံနေရသော ခံစားချက်တို့ ပြည့်ကြပ်နေ၏။
မန်ဟိုက ရိပ်ခနဲ လှုပ်ရှားသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် တံခါးအရှေ့ရောက်သွားပြီး အထဲသို့ ခြေချလိုက်၏။ ထိုသို့ခြေချလိုက်သည့်အခါ သူ့ကိုယ်ထဲရှိ မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ အငွေ့အသက်များ ပေါ်ထွက်လာသည်။
ခေါ်သံနှင့် ပဲ့တင်ရိုက်ခတ်မှုသည် အံ့မခန်းလိလိအတိုင်းအတာသို့ ရောက်ရှိသွားပြီး မန်ဟို့စိတ်သည် ချာချာလည်လာ၏။ တစ်ချိန်တည်းမှာပင် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်၊ ခန္ဓာကိုယ်ထိန်းချုပ်ခြင်းမှော်အစွမ်းက ထုတ်လွှတ်ခံလိုက်ရသည်။ ထို့ကြောင့် သတ္တမမိစ္ဆာချုပ်နှောင်မန္တန်၊ ကံကြွေးပြုစားခြင်း။ ထို့နောက် ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်၊ ရှင်ခြင်းသေခြင်းခြယ်လှယ်ခြင်း။ နောက်ဆုံးတော့ ပဉ္စမမန္တန်၊ အတွင်းအပြင်မန္တန်။ ပထမဆုံးအနေဖြင့် မိစ္ဆာချုပ်နှောင်မှော်အစွမ်းလေးခုသည် ... မန်ဟို၏စိတ်အတွင်း၌ ခိုင်မာလာ၏။
၎င်းတို့က လင်းလက်တောက်ပသော အလင်းရောင်ကို ဖြန့်ကျက်နေသည့် မှော်သင်္ကေတလေးခုအသွင် ပြောင်းသွားသည်။ ၎င်းတို့ မန်ဟို့စိတ်ထဲတွင် ပျံဝဲနေကြစဉ် သူ့အမြင်အာရုံသည် ဝေဝါးလာ၏။ သို့သော် တခဏကြာသော် ၎င်းသည် ပြန်လည်ရှင်းလင်းပြတ်သားလာပြီး သူက တံခါးအတွင်းထဲ၌ ရောက်နေချေပြီ။
ထူးဆန်းသောကမ္ဘာတစ်ခုကို ... သူ မြင်လိုက်ရသည်။
အဝါရောင်ကောင်းကင်ကြီးသည် အရပ်လေးမျက်နှာတစ်ခွင် စိုးမိုးအုပ်ဝဲထား၏။ တိမ်တိုက်များက မည်းမှောင်နေပြီး ၎င်းတို့အတွင်းထဲ၌ ဟိန်းဟောက်သံများနှင့်အတူ ဟိုဟိုသည်သည် ရွေ့လျားနေသော ဧရာမသားရဲကြီးများ၏အရိပ်များကို ဖျတ်ခနဲ ဖျတ်ခနဲ မြင်နေရသည်။
မျက်စိတစ်ဆုံး ဆန့်တန်းနေသော ဆွတ်ဆွတ်ဖြူနေသည့် မြေပြင်ထက်တွင် မည်သည့်အပင်ကိုမှ မတွေ့ရ။ ဤနေရာရှိ မည်သည့်အရာကမှ မစစ်မှန်ကြောင်း ခံစားချက်ကို တစ်မျိုးကြီးဖြစ်စေသည်။ ခပ်လှမ်းလှမ်းတွင် တင်ပျဉ်ခွေလျက် ထိုင်နေသော သက်လတ်ပိုင်းလူတစ်ယောက်၏ ဧရာမရုပ်တုကြီးတစ်ခု ရှိသည်။ ရုပ်တုကြီးမှာ အလွန်ကြီးမားလှသဖြင့် တင်ပျဉ်ခွေလျက်သာ ထိုင်နေသည့်တိုင် မိုးနှင့်မြေကို ထောက်ကန်ပေးထားသကဲ့သို့ မိုးထိလုအောင် မြင့်မားနေသည်။
ရုပ်တုကြီးသည် သိပ်မလှမ်းပုံရသော်လည်း မန်ဟို သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်သည့်အခါ သူ၏လက်ရှိကျင့်ကြံအဆင့်နှင့် သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ဖြင့်ပင် ထိုရုပ်တုကြီးကို ထိပင်မထိနိုင်ကြောင်း တွေ့လိုက်ရသည်။ ကြည့်ရသရွေ့ ၎င်းကား ထင်ရသည်ထက် အများကြီးပို၍ လှမ်းသယောင်ပင်။
၎င်းကို ကြည့်ရုံလေးနှင့် ရုပ်တုကြီး၏လက်နှစ်ဖက်လုံးက မုဒြာလက်ကွက်များကို ဖော်ထားပြီး လက်တစ်ဖက်စီ၏ အထက်တွင် ဖြည်းညင်းစွာ လည်နေသော မှော်သင်္ကေတတစ်ခုစီ ပျံဝဲနေသည်ကို သူ မြင်လိုက်ရသည်။ ထိုမျှသာမက ရုပ်တုကြီး၏အပေါ်တွင် မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သည့် အဆုံးမဲ့အသက်စွမ်းအားများဖြင့် အလိပ်လိပ်ထ သက်ဝင်လှုပ်ရှားနေသော မြူများကို မြင်ရနိုင်သည်။
ပတ်ဝန်းကျင်ကို ကြည့်ရှုလေ့လာပြီးနောက် မန်ဟိုသည် တုန်လှုပ်သွား၏။ ဤမြေ၊ ဤကမ္ဘာ၊ ဤနေရာရှိ အရာအားလုံးကား အပြင်လောကရှိ အရာများနှင့် တခြားစီကွဲလွဲနေသည်။ မည်သည့်အရာမဆို လွန်စွာထူးခြားနေသည့်အတွက် စိတ်ကူးယဉ်ဆန်သော ခံစားချက်မှာ ပို၍ပင်အားကောင်းလာတော့သည်။
တခဏတွေးပြီးသော် သူသည် ပို၍လေးနက်သော အကြည့်ဖြင့် ရုပ်တုကို ပြန်လှည့်ကြည့်လိုက်၏။
“သခင်လီ...” သူက တိုးညင်းစွာ ရေရွတ်လိုက်သည်။ သူ ရုပ်တုကြီးအပေါ် အကြည့်ရောက်သည့်အချိန်နှင့် တစ်ချိန်တည်းဆိုသလို ... ဤသည်မှာ နဝမတောင်ပင်လယ်သခင်ဟောင်း သခင်လီဖြစ်ကြောင်း သူ ပြောနိုင်ခဲ့သည်။
သူ့ကို မန်ဟို တစ်ခါမှ မမြင်ခဲ့ဖူးသော်လည်း သူ့နှလုံးသားက ဤရုပ်တုကြီးသည် သခင်လီအပြင် တခြားမဟုတ်ကြောင်း ပြောနေ၏။
ရုပ်တုကြီးကို ကြည့်နေစဉ် သူ့ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နေသည်။ သခင်လီသည် နဝမတောင်ပင်လယ်၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦး၊ ခေတ်ဟောင်းတစ်ခေတ်၏ ဂုဏ်ကျက်သရေကို ကိုယ်စားပြုသော ပညာရှင်တစ်ဦးဖြစ်၏။
သခင်လီ အသက်ရှင်စဉ်တုန်းက ခေါင်းဆောင်ကြီးဖန်နှင့် ခေါင်းဆောင်ကြီးကျီတို့နှစ်ယောက်သည် သူ၏သစ္စာတော်ခံလက်ရုံးများ ဖြစ်ခဲ့၏။ တန်ခိုးကြီးမားမိစ္ဆာကြီးများအပြင် ခဲယွင်ဟိုင်နှင့် သူ၏ခေတ်ပြိုင်ပုဂ္ဂိုလ်များက စစ်သေနာပတိကြီးများအဖြစ် တာဝန်ထမ်းရွက်ခဲ့သည်။ ထိုအကြောင်းကြောင့် နဝမတောင်ပင်လယ်သည် တောင်ပင်လယ်လောကတွင် အစွမ်းထက်ဆုံးအင်အားစုတော့ မဟုတ်ခဲ့သည်တိုင် အားအနည်းဆုံးလည်း မဟုတ်ခဲ့ပေ။
“သခင်လီက ကောင်းကင်ဘုံတွေကို အသက်ပြန်အပ်နှင်းခဲ့တယ်....” မန်ဟိုသည် ခဲယွင်ဟန် သူ့ကို ပြောခဲ့သည့်အရာကို ပြန်စဉ်းစားရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။
တခဏကြာသော် မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် လက်နှစ်ဖက်ယှက်ကာ သခင်လီ၏ရုပ်တုကို ခါးကိုင်းအရိုအသေပေးလိုက်သည်။ ဖန်မျိုးနွယ်စု၏ အိမ်ရှေ့မင်းသား၊ နဝမတောင်ပင်လယ်တွင် ဖွားမြင်အရွယ်ရောက်လာခဲ့သူဖြစ်သည်နှင့်အညီ သူ့အတွက် နဝမတောင်ပင်လယ်၏ သခင်အဟောင်းကို အရိုအသေပြုမှ သင့်တော်လိမ့်မည်။
ဂါဝရပြုပြီးနောက် မန်ဟိုက ခါးပြန်မတ်လိုက်ပြီးနောက် အံ့အားသင့်သွားသည်။
ဘာကြောင့်မှန်းမသိသော်လည်း သူ ရုပ်တုကြီးကို ယခု ပြန်ကြည့်လိုက်သည့်အခါ သက်လတ်ပိုင်းလူမဟုတ်တော့ဘဲ အမျိုးသမီးတစ်ဦး ဖြစ်နေသည်။ သူမသည် လက်ဖျားခါလောက်အောင်တော့ မလှသော်လည်း နူးညံ့ကြင်နာတတ်ဟန် ရှိ၏။
မန်ဟိုသည် အာရုံစိုက်ကြည့်လိုက်ရာ ရုပ်တုသည် ယောက်ျား ပြန်ဖြစ်သွားပြန်သည်။ ကွဲပြားမှုကို ပြောဖို့ အမှန်တကယ် ခက်သည်။
မန်ဟိုမှာ အတွေးနက်သွားတော့သည်။ ဒဏ္ဍာရီများအရ သခင်လီ၏ ဇစ်မြစ်အစစ်အမှန်မှာ လျှို့ဝှက်ဆန်းကြယ်သော ပဟေဠိထဲတွင် နစ်မြုပ်နေသည်။ သို့သော် ပို၍ပင် လျှို့ဝှက်သည်ကား သူကိုယ်တိုင်ပင်။ သူက ယောက်ျားလား၊ မိန်းမလား မည်သူမှ အမှန်တကယ် မသိပေ။ အမှန်တွင် သူ၏အရင်းနှီးဆုံးအပေါင်းအဖော်များ ဖြစ်ခဲ့သူများပင် အမှန်တရားကို မသိပေ။
မန်ဟို မျက်မှောင်ကြုတ်နေသည့်အချိန်တွင် တစ်လောကလုံးသည် တီးတိုးပြောနေသကဲ့သို့ အသံတစ်သံဖြင့် ပြည့်နှက်သွား၏။ ၎င်းက မိုးနှင့်မြေတစ်ခွင် ပျံ့လွင့်လာရင်း မန်ဟို့နားဘေးမှ ဖြတ်သွားသည်။
“အတိတ်တုန်းက ... ငါဟာ သက်ရှိသတ္တဝါခပ်သိမ်းအားလုံးနဲ့ စပ်လျဉ်းတဲ့ ဉာဏ်အလင်းကို ရရှိခဲ့ပြီး ကောင်းကင်ဘုံတွေကို အသက်ပြန်အပ်နှင်းခဲ့တယ်...
“မြင့်မြတ်သော ဝိညာဉ်ကျမ်းစာ၊ ကောင်းကင်ဘုံဖျက်စီးခြင်းကျမ်းစာ၊ တာအိုနတ်ဘုရားကျမ်းစာ ... ကမ္ဘာလောကထဲကို ဖြန့်ကျက်ပေးခဲ့တာဟာ အပိုင်းအစတွေ သက်သက်ပဲ။ ကျမ်းစာသုံးခု ပေါင်းစည်းသွားရင် ... တောင်ပင်လယ်ကျမ်းစာ ဖြစ်လာမယ်
“တောင်ပင်လယ်ကျမ်းစာမှာ အတွဲကိုးတွဲရှိပြီး တောင်ကိုးလုံးပင်လယ်ကိုးစင်းရဲ့ သခင်တစ်ဦးစီက အတွဲတစ်တွဲစီ ပိုင်ဆိုင်ထားကြတယ်....
“အဲဒီနောက် ကံကြမ္မာက သတ်မှတ်ပေးထားတဲ့ ကျမ်းစာပိုင်ရှင်တွေအတွက် သူတို့ရဲ့အမွေအနှစ်ကို နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းပေးခဲ့ကြတဲ့ ကျမ်းဆရာကြီးသုံးပါးရှိတယ် ....
“ကောင်းကင်နဲ့မြေကြီးဟာ အမြဲတည်တံ့တယ်။ ကြယ်တာရာကောင်းကင်ဟာ အနှိုင်းမဲ့တယ်။ ငါဟာ အဝေးတစ်နေရာကနေ လာခဲ့တာ၊ တောင်ပင်လယ်လောကရဲ့ ကျင့်ကြံသူတစ်ယောက်မဟုတ်ဘူး... ဒါပေမဲ့ ငါ့အစွဲအပိုင်းအစတစ်ခုဟာ မပြေပျောက်ဘဲ ကျန်ခဲ့တဲ့အတွက် ဒီကောင်းကင်တွေကို ငှားယူနေထိုင်လိုစိတ်တွေ ဖြစ်ပေါ်လာခဲ့တယ်
“အဲဒီနောက် ငါ့အစွဲစိတ်က တောင်ပင်လယ်လောကမှာ အမြစ်တွယ်လာခဲ့ပြီး ငါဟာ ကိုးတံဆိပ်ရဲ့ တာအိုကို ဉာဏ်အလင်းပေါက်ခဲ့တယ်။ ဒုတိယမျိုးဆက်မိစ္ဆာချုပ်နှောင်သူနဲ့ ဆုံတွေ့တော့ အစွဲအချွတ်ခံခဲ့ရတယ်။ ဘာက မှန်လဲ၊ ဘာက မှားလဲ ငါ ကွဲပြားသိလာခဲ့ပြီး .... တတိယမျိုးဆက်မိစ္ဆာချုပ်နှောင်သူ ဖြစ်လာခဲ့တာပဲ
“မိစ္ဆာချုပ်နှောင်သူတစ်ဦးအနေနဲ့ နောက်ဆုံးမှာ ပါရာဂွန်လမ်းစဉ်ကို ငါ လမ်းလျှောက်လှမ်းနိုင်ခဲ့တယ်။ ပထမဆုံးမျိုးဆက် ကိုးတံဆိပ်ကို လေ့လာဖို့ အတိတ်ကို ငါ ပြန်ကြည့်ခဲ့တယ်။ သူ့တာအို နားလည်ခဲ့ပြီး သူ့ကို လူတစ်ယောက်အဖြစ် သိခဲ့ရတယ်။ နောက်ဆုံးတော့ ငါဟာ တာအိုအရင်းအမြစ်အဆင့်ဆိုတဲ့ အိပ်မက်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီး ... အရှိတရားတာအိုလမ်းစဉ် နောက်လိုက်ရင်း သက်ရှိသတ္တဝါခပ်သိမ်းကို လွှမ်းမိုးထားတဲ့ ကမ္ဘာပေါင်းမိုးပေါ်မှာ လျှောက်ခဲ့တယ်....
“ဒီနေရာ၊ စဉ်းလဲကောက်ကျစ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ကျောပေါ်မှာ မိစ္ဆာချုပ်နှောင်သူအဖွဲ့အတွက် အောက်မေ့စရာအနေနဲ့ နတ်ဘုရားစိတ်ဆန္ဒတချို့ကို ငါ ထားရစ်ခဲ့တယ်... ငါ လက်ဆင့်ကမ်းပေးမယ့်အမွေက တောင်ပင်လယ်ကျမ်းစာမဟုတ်ဘူး။ သာမန်ကျင့်စဉ်မဟုတ်ဘူး။ ကံကြွေးမှော်အစွမ်းမဟုတ်ဘူး။ ငါဟာ ဒါကို အစွမ်းပညာရှင်ပညာရှင်တစ်ဦးကိုသော်လည်းကောင်း၊ ငါနဲ့ ကံတရားချင်းဆက်စပ်နေတဲ့ သူကိုသော်လည်းကောင်း အပ်နှင်းမှာ မဟုတ်ပေးဘူး... မိစ္ဆာချုပ်နှောင်သူအဖွဲ့ကိုပဲ အပ်နှင်းတော်မူမယ်
“ဒီအမွေက ခေတ်သစ်တစ်ခေတ်ကို တည်ထောင်ပြီး ငါ့ရဲ့အန္တိမဆန္ဒကို ပြည့်ဝစေခဲ့ပြီးပြီ” တိုးညင်းစွာ ပြောနေသောအသံ ဤနေရာသို့ ရောက်သောအခါ အရာအားလုံး တသိမ့်သိမ့် တုန်ရီစပြုလာပြီး ရုပ်တုကြီး၏လက်နှစ်ဖက်ပေါ်တွင် ပျံဝဲနေသော မှော်သင်္ကေတများသည် မိုးပြိုမြေပြိုစေနိုင်သည့်ရောင်စဉ်ဖြင့် ကွန့်မြူးတောက်ပလာကြ၏။
စကားလုံးများနှင့် မှော်သင်္ကေတများက သူ၏မိစ္ဆာချုပ်နှောင်မှော်အစွမ်းကို ယခင်ထက်ပို၍ အဆထောင်ချီ ထကြွာလာစေသဖြင့် မန်ဟိုမှာ တုန်ရီလာသည်။ သူ့စိတ်ထဲတွင် မဟာမိစ္ဆာချုပ်နှောင်မန္တန်လေးခု၏အသွင်သဏ္ဌာန်မှ ဖြစ်ပေါ်လာသော မှော်သင်္ကေတများသည် ရုပ်တုကြီး ကိုင်မြှောက်ထားသော မှော်သင်္ကေတများက မည်သည့်အရာဖြစ်ကြောင်း သူ့ကို သဘောပေါက်သွားစေ၏။ ၎င်းတို့က ... မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ မဟာချုပ်နှောင်မန္တန်နှစ်ခုပင်။
“တစ်ခုက ဒုတိယမျိုးဆက်မိစ္ဆာချုပ်နှောင်သူရဲ့ မန္တန်။ တစ်ခုကတော့ တတိယမျိုးဆက်မိစ္ဆာချုပ်နှောင်သူ သခင်လီ ဖန်တီးထားတဲ့ အရာ” မန်ဟိုသည် ဟိုးတစ်ခါတုန်းက မိစ္ဆာချုပ်နှောင်ကျောက်စိမ်းမှ သူ့ကို ပြောခဲ့သော စကားလုံးများ၏ အဓိပ္ပါယ်ကို ယခု အပြည့်အဝနားလည်လိုက်သဖြင့် ပါးစပ်အဟောင်းသားဖြစ်သွား၏။
“ပထမမျိုးဆက်က ဘိုးဘေးကြီး” သူက ခပ်တိုးတိုး ရေရွတ်နေသည်။ “ဒုတိယမျိုးဆက်က ဆက်ခံသူ။ တတိယမျိုးဆက်က အစွမ်းထက်ဆုံး” သူက ရုပ်တုကြီးထံ ခြေတစ်လှမ်းလှမ်းလိုက်သည်။ သို့သော် သူ ထိုသို့လုပ်လိုက်သည့်အချိန်မှာပင် သခင်လီ၏ ဘယ်လက်ပေါ်ရှိ မှော်သင်္ကေတက စူးရှသောရောင်စဉ်များကို ဖြန့်ကျက်လျက် ပျံထွက်လာပြီး မြေကြီးထဲ ဝင်ရောက်သွားသည်။
တစ်ချိန်တည်းမှာပင် မိုးနှင့်မြေသည် တွန့်လိမ်ရှုံ့တွလာ၏။ တိမ်မည်းတိမ်လိပ်များ အုံကြွလာပြီး ကောင်းကင်ကြီး အော်မြည်လာသည်။ မရေမတွက်နိုင်သော ကမ္ဘာဦးသားရဲများက ဟိန်းဟောက်ရင်း မန်ဟို့ထံ ထိုးဆင်းလာကြသဖြင့် မြေငလျင်များ လှုပ်ခတ်နေသည်။ မိုးနှင့်မြေရှိ အရာရာတိုင်းကား မန်ဟို့ကို ပစ်မှတ်ထားနေသော ရက်စက်မှုများကို ထုတ်လွှတ်နေသယောင်ပင်။
မန်ဟို့ခြေဖဝါးသည် လှမ်းနေရင်းတန်းလန်း ရပ်တန့်သွား၏။ သူ ရပ်လိုက်သည်နှင့် ထစ်ချုန်းသံများ ကောင်းကင်တွင် ပြည့်နှက်သွားပြီး သူ့ခြေထောက်အောက်ရှိ မြေကြီးက ကျွံကျလာသည်။ တစ်ချိန်တည်းမှာပင် မိုးနှင့်မြေက တစ်ခုနှင့်တစ်ခု ထိစပ်ရင်း ပိတ်သွားသော စက်လုံးကြီးဖြစ်လာနေသည့်အလား အဝေးရှိ မြေကြီးများ ကောင်းကင်ထံ မြောက်တက်သွားသည်။
မန်ဟိုမှာ အထဲ၌ ဖိသတ်ခံရပေတော့မည်။
ဝုန်းးးးးးးးးးးးးးး
တိမ်တိုက်များ ပြိုကျလာပြီး လွတ်မြောက်ဖို့ ကြိုးစားနေကြသော ကမ္ဘာဦးသားရဲများ၏ ဟိန်းသံများ ဆူညံနေသည်။ သို့သော် ထိုသားရဲအတော်များများမှာ စိစိညက်ညက်ခြေခံလိုက်ရသဖြင့် သွေးမိုးပေါက်များ မြေကြီးအပေါ် ရွာကျလာ၏။ အပေါ်ရှိ ကောင်းကင်သည်လည်း မြေကြီးမှ မြောက်တက်လာနေသောအပိုင်းနှင့် ဆက်နေသည့်အလား တွန့်လိမ်စပြုလာသည်။ အရာအားလုံး ကျုံ့နေပြီး ကြောက်မက်ဖွယ်ဖိအားကြီး သက်ရောက်နေ၏။ မန်ဟိုမှာ မျက်လုံးများလင်းလက်နေလျက် ပတ်ဝန်းကျင်ကို ကြည့်နေစဉ် သွေးတစ်ပွက်အန်လိုက်ရသည်။
“ဒါက စမ်းသပ်မှုလား။ အမွေကို လက်ဆင့်ကမ်းပေးတဲ့ပုံစံမျိုုးလား” သူသည် ကျီးကန်းတောင်းမှောက်ကြည့်နေသော်လည်း ဤနေရာမှ ထွက်ပေါက်ကို ရှာမတွေ့သေးပေ။
ဤအရာအားလုံးဖြစ်ပျက်နေစဉ်၊ မန်ဟို မှီခိုရာဂိုဏ်းချုပ်၏ကျောပေါ်၌ အမွေအနှစ်ကို ယူဖို့ ကြိုးစားနေစဉ် အံ့မခန်းလိလိတန်ခိုးလှိုင်းတစ်လှိုင်းသည် သတ္တမနှင့် အဋ္ဌမတောင်ပင်လယ်အကြားရှိ အကွဲကြောင်း၏အပြင်သို့ ဖြာထွက်လာ၍ ဟင်းလင်းပြင်ကို ဖြိုခွဲကာ အနှစ်သာရစွမ်းအားကို ပရမ်းပတာ လိမ့်ထွက်သွားစေသည်။
ထိုအရာအားလုံးက သခင်အဖြူကြောင့် ဖြစ်ပျက်နေခြင်းပင်။
သခင်အဖြူသည် အာကာသထဲတွင် တင်ပျဉ်ခွေထိုင်လျက် ကုသနေစဉ် နာကျင်မှုကြောင့် မျက်နှာမှာ တင်းမာခက်ထန်နေသည်။ ရံဖန်ရံခါ သူ့ကိုယ်ပေါ်တွင် အကြေးခွံများ အထပ်ထပ်ပေါ်လာပြီး ပျောက်ကွယ်သွားတိုင်း သူက ဟိန်းဟောက်တတ်သည်။
သူ၏အရှိန်အဝါသည် တစတစ အားကောင်းလာပြီး သူ့ဒဏ်ရာများလည်း လျင်မြန်စွာ သက်သာလာနေသည်။ မကြာခဏဆိုသလို သူ့မျက်လုံးများ ပွင့်လာတတ်ပြီး ၎င်းတို့သည် မုန်းတီးမှုနှင့် ဖော်ပြမတတ်နိုင်သော အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေတတ်၏။
“နောက်တစ်လကြာရင် ငါ အကောင်းပကတိပြန်ဖြစ်လိမ့်မယ်။ နောက်တစ်ခေါက် တွေ့ရင် အဲဒီကောင် သေစေရမယ်
“သူ့အကွက်တွေအကုန်လုံးကို ငါ သိထားပြီဆိုတော့ နောက်တစ်ခေါက်ကျ ... သူ သေကိုသေရလိမ့်မယ်”
တဂျိန်းဂျိန်း ထစ်ချုန်းနေစဉ် သခင်အဖြူက အသတ်အဖြတ်စိတ်ဆန္ဒကို ဖုံးကွယ်ရင်း မျက်လုံးမှိတ်လိုက်သည်။ သို့သော် အသတ်အဖြတ်အရှိန်အဝါသည် သူ့ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်လေပွေကြီးတစ်ခုကို ဖန်တီးရင်း ပတ်ဝန်းကျင်တွင် ဆက်လက်ဖြာထွက်နေသေး၏။
မှတ်ချက်။ ။ (မန်ဟို သစ်သားဓားတွေကို အပိုင်း ၅၉၂ မှာ မြှုပ်ခဲ့ပြီး တစ်လက်က အပိုင်း ၇၄၂ မှာ ယီးကျန့်ဂိုဏ်းရဲ့ အဖိုးထိုက်ရတနာအဖြစ် ပြန်ပေါ်လာခဲ့ပါတယ်။ ပြီးတော့ ကျောက်စစ်သည်တော်ကြီးကလည်း မန်ဟို့ကို ဖန်မျိုးနွယ်ဘိုးဘေးမြေမှာ နှစ်ပေါင်းများစွာ စောင့်နေခဲ့ပါတယ်။
‘မန်ဟို့လိပ်’ ဆိုတဲ့ စာကြောင်းက အပိုင်း ၅၈၄ မှာ ဖော်ပြထားတာပါ။ ခဲယွင်ဟိုင်က သခင်လီအကြောင်းကို အပိုင်း ၅၉၇မှာ ပြောခဲ့ပြီး အပိုင်း ၅၇၉၊ ၅၈၇၊ ၅၈၉ နဲ့ ၈၄၁ တို့မှာလည်း ပါပါသေးတယ်။
ပထမ၊ ဒုတိယ၊ တတိယမျိုးဆက်ချုပ်နှောင်သူတွေနဲ့ ပတ်သက်တဲ့ စာကြောင်းကတော့ အပိုင်း ၄၉၀ က လာတာပါ ------ "မိစ္ဆာချုပ်နှောင်သူအဖွဲ့။ ပထမမျိုးဆက်က ဘိုးဘေးကြီး။ ဒုတိယမျိုးဆက်က ဆက်ခံသူ။ တတိယမျိုးဆက်က အစွမ်းထက်ဆုံး။ စတုတ္ထမျိုးဆက်နောက်ပိုင်း မျိုးဆက်တွေက အားနည်းလာခဲ့တယ်... ဒါပေမဲ့ နဝမမျိုးဆက်က အထွတ်အထိပ်ဖြစ်တယ်။ နဝမမျိုးဆက် သုတ်သင်မခံရရင် ထိပ်ဆုံးသို့ ရောက်လာလိမ့်မယ်")