← Chapters

လုန်ဟွာပွဲတော်

Vol. 7 Ch. 623

လုန်ဟွာပွဲတော်

Vol. 7 Ch. 623

နှစ်ထောင်ပေါင်းများစွာ ကြာရှိခဲ့ပြီဖြစ်သည့်တိုင် ဆန်းလျန်၏ ပုံသဏ္ဌာန်သည် ချန်ကျင်းချင်၏ စိတ်ထဲတွင် စွဲထင်နေဆဲ ဖြစ်လေသည်။

ထိုအချိန်တုန်းက …

ဆန်းလျန်သည် ရိုးရှင်းစွာ အသက်ရှင်သန်ခဲ့ပြီး သူ့ကို မည်သည့်အရာကမှ ဒုက္ခမပေးနိုင်သကဲ့သို့ ပေါ့ပါးသည့် စိတ်အစဉ်ဖြင့် နေထိုင်ခဲ့သူ ဖြစ်လေသည်။

သို့သော် … ယနေ့မှာတော့ ဆရာဖြစ်သူ၏ ဝမ်းနည်း ကြေကွဲနေသည့် ပုံသဏ္ဌာန်ကို မမျှော်လင့်ပဲ မြင်တွေ့ခဲ့ရလေပြီ။

ချန်ကျင်းချင်သည် ချက်ချင်းပင် ဆန်းလျန်ကို ကုန်းပြီး ဦးချကန်တော့လိုက်ရင်း …

"တပည့်အသုံးမကျလို့ ဆရာဒေါ်လေးကို ဆက်ပြီး အသက်ရှင်ခွင့်ရအောင် မလုပ်ပေးနိုင်ခဲ့တာပါ"

ဆန်းလျန်သည် တပည့်(၂)ယောက် ရှိရာသို့ ဖြည်းညင်းစွာ လမ်းလျှောက်လာပြီး သူတို့နှစ်ယောက်ကို အသာအယာ ထူပေးလိုက်လေသည်။

"မင်းတို့နှစ်ယောက်လုံးက တပည့်ကောင်းတွေပါ၊ ကျုပ်သာ မမျှော်လင့်ပဲ ချင်းရွှမ်နတ်တံခါးကို အကြာကြီးထားပြီး ထွက်ခွာသွားမိတယ်"

ဆန်းလျန်ယခုတော့ နားလည်ခဲ့ရပြီ။

သူ  … ချင်းရွှမ်နတ်တံခါးကို ခွဲခွာပြီး ထွက်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ။

ဝိညာဉ်မြစ်အတိုင်း မျောပါသွားပြီး အသူရာချောက်သို့ ရောက်ရှိသွားခဲ့ပြီး အချိန်များစွာ ဖြုန်းနေခဲ့မိသည် မဟုတ်ပါလား။

ချန်ကျန့်မေသည်လည်း ထို့အတူပင် ဖြစ်ပေလိမ့်မည်။ သို့သော် … သူတို့(၂)ယောက် ရောက်ရှိသည့် အချိန်သည် အနည်းငယ် ကွာဟခဲ့သည့်အတွက် ချန်ကျန့်မေသည် သူ့ထက် အနှစ်(၃၀၀)ခန့် စောနေခဲ့ခြင်း ဖြစ်ဟန်ရှိလေသည်။

ယခုတော့ ချန်ကျန့်မေ၏ အနတ္တဓားသည် ချင်းရွှမ်တည်ရှိရာ ကမ္ဘာလောကနှင့် အသူရာချောက်ကို  ဖောက်ထွင်းပြီး သွားလာနိုင်ပြီ ဖြစ်လေသည်။ ထို့ကြောင့် အသူရာချောက်သို့ သွားရန်အတွက် ဝိညာဉ်မြစ်ကို ဖြတ်ကျော်ရန် မလိုအပ်တော့ပေ။

ဝမ်းနည်းစရာ ကောင်းသည်မှာ … သူသည် အချိန်ကို နောက်ပြန်လှည့်နိုင်စွမ်း မရှိသူဖြစ်လေရကား ချန်ကျန့်မေနှင့် ကူးချိုင်ဝေ့တို့ကို မည်သည့်အခါမှ ပြန်လည် တွေ့ဆုံရတော့မည် မဟုတ်တော့ပေ။

ကူးချိုင်ဝေ့အနေဖြင့် လူပြန်ဝင်စား နိုင်သည့်တိုင် အမိဝမ်းတွင်းမှ အသစ်ပြန်လည် မွေးဖွားလာပါက ယခင်ဘဝမှ အကြောင်းအရာ အတော်များများကို မှတ်မိနိုင်ရန် မလွယ်ကူတော့ပေ။

နှစ်ပေါင်း(၃၀)တောင် ကြာခဲ့ပြီတဲ့လေ။

လူပြန်ဝင်စားသည့် ကူးချိုင်ဝေ့ကို ပြန်ရှာတွေ့ခဲ့မည် ဆိုလျှင်တောင်မှ သူမသည် ကူးချိုင်ဝေ့ဟုတ်တော့မည် မဟုတ်ပေ။ မိမိကိုယ်တိုင်၏ အတ္တကို စွန့်လွှတ်သွားပြီး ထိပ်တန်းအဆင့် ဓားသမားအဖြစ် ဘဝကို စွန့်လွှတ်သွားခဲ့သည့် ချန်ကျန့်မေကတော့ ပြောစရာပင် မလိုတော့ပြီ။

စကြဝဠာတစ်ခုလုံး မြေလှန်ရှာမည်ဆိုလျှင် တောင်မှ ချန်ကျန့်မေ နောက်တစ်ယောက် ဆိုသည်မှာ မရှိနိုင်တော့လေပြီ။

ဖန်းယန်ယင်းသည် သူမကို အသာဆွဲထူလိုက်သည့် ဆန်းလျန်ကို မော့ကြည့်လိုက်လေသည်။

ထိုအခါ … ဆန်းလျန်ဆီတွင် ပျော်ရွှင်မှုများ ပျောက်ကွယ်နေသည်ကို သူမ မြင်တွေ့လိုက်ရလေသည်။ ထို့နောက် သူမသည် သွေးနီရောင်ဓားကို ကြည့်လိုက်ပြီး မျက်ရည်များ ကျလာပြန်လေသည်။

သူမသည် အဆင့်မြင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်လေသည်။

ချင်းရွှမ်နတ်တံခါးတွင် သူမထက် စိတ်ဓာတ်အင်အား ကြံ့ခိုင်သည့်လူမျိုး ရှာတွေ့နိုင်မည် မဟုတ်ပေ။

ယခုတော့ … သူမ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို ခံစားနေရပြီး ဆန်းလျန်ကို မေးလိုက်လေသည်။

"ဆရာဦးလေး … ဒီဓားက ကျွန်မရဲ့ဆရာနဲ့ တစ်ခုခု ပတ်သက်နေတယ် မဟုတ်လား၊ ဆရာရော … ဆရာ ဘယ်မှာလဲဟင် …"

ဆန်းလျန်သည် အတန်ကြာအောင် တိတ်ဆိတ် ငြိမ်သက်နေလေသည်။

နောက်ဆုံးတော့ သူက သွေးနီရောင် မရဏဓားကို ဆွဲထုတ်လိုက်လေသည်။ ဓားသွားသည် ရေကဲ့သို့ ကြည်လင်နေသလို အချိန်ကဲ့သို့လည်း စီးဆင်းနေလေသည်။  သွေးနီရောင် တောက်ပနေသည့်တိုင် သတ်ဖြတ်လိုသည့် အငွေ့အသက်ဆို၍ တစ်စက်ကလေးမှ ထွက်ပေါ်နေခြင်း မရှိပေ။

ဆန်းလျန်သည် နက်ရှိုင်းသည့် အကြည့်ဖြင့် ဓားသွားကို တစ်ချက်ကြည့်လိုက်ပြီး …

"ယန်ယင်း … ဒီဓားရဲ့နာမည်က 'ကျန့်မေ' လို့ခေါ်တယ်၊ ချန်ကျန့်မေရဲ့အမည် 'ကျန့်မေ' ပါပဲ"

ဆန်းလျန်ဆိုလိုသည့် အဓိပ္ပာယ်ကို ဖန်းယန်ယင်းသည် ချက်ချင်း သဘောပေါက် သွားလေသည်။

သူမ၏ နှလုံးသားထဲတွင် နက်ရှိုင်းသည့် နာကျင်မှုကို ခံစားလိုက်ရလေသည်။ သူမသည် စကားတစ်ခွန်းမှ မပြောတောပဲ မြေပြင်ထက်တွင် ဒူးထောက် ချလိုက်လေသည်။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သွေးနီရောင်ဓားကို မျက်နှာချင်း ဆိုင်လိုက်ကာ ဦး(၃)ကြိမ်ချကာ ကန်တော့ လိုက်လေတော့သည်။

နောက်ဆုံးတော့ … ချန်ကျင်းချင်က သူမကို အသာအယာ တွဲထူလိုက်တော့မှသာ သူမသည် ဒူးထောက်ရာမှ ထလေတော့သည်။

ဆန်းလျန်သည် သူ၏ ကြေကွဲဝမ်းနည်းမှုများကို ဖယ်ရှားလိုက်ပြီး လေးနက်သည့် လေသံဖြင့် မေးလိုက်လေသည်။

"ကျင်းချင် … အခုလက်ရှိ ချင်းရွှမ်နတ်တံခါးမှာ ကျင့်ကြံသူ ဘယ်လောက်ရှိသလဲ"

ဆရာဖြစ်သူက ရုတ်တရက်ကြီး စကားလမ်းကြောင်း ပြောင်းသွားသည့်အတွက် ချန်ကျင်းချင်မှာ နားမလည်နိုင် ဖြစ်သွားရလေသည်။

ချန်ကျင်းချင်က …

"ဘယ်လိုကျင့်ကြံသူမျိုးကို ဆရာမေးတာလဲ ဆရာ၊ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရှိရမှာလဲ"

ဆန်းလျန်က …

"အနည်းဆုံး ချူးစန်းအဆင့် ကျင့်ကြံသူဆိုရင် ရတယ် …"

ချန်ကျင်းချင်သည် ခေတ္တမျှ စဉ်းစားနေပြီးမှ  …

"ဒီနှစ်ပေါင်းများစွာ အတွင်းမှာ ကျင့်ကြံသူ ဂိုဏ်းပေါင်း (၁၀၈)ဂိုဏ်းက ကျွန်တော်တို့ ချင်းရွှမ်နတ်တံခါးရဲ့ လက်အောက်ကို ခိုလှုံလာကြပါတယ်၊ ပင်လယ်တစ်ဖက်မှာ ကျွန်တော်တို့နဲ့ မဟာမိတ်ပြုထားတဲ့ ကျင့်ကြံသူဂိုဏ်းတွေက စုစုပေါင်း (၃၆၀)ရှိပါတယ်၊ ဆရာဒေါ်လေး ကူးချိုင်ဝေ့ရဲ့ ရှင်သန်စေခြင်း ကျောင်းတော်နဲ့ ဂိုဏ်းတူအစ်မ ဖန်းယန်ယင်းရဲ့ သေစေခြင်း ကျောင်းတော်က တပည့်တွေပါ ပေါင်းလိုက်မယ်ဆိုရင် အားလုံးပေါင်း ချူးစန်းအဆင့် ကျင့်ကြံသူ (၁၀၀၀၀)လောက် ရှိနိုင်ပါတယ်"

ထိုစကားကြောင့် ဆန်းလျန်မှာ မအံ့သြပဲ မနေနိုင်တော့ပေ။

"တော်တော် များတာပဲ …"

ချန်ကျင်းချင်က …

"အမှန်တော့ ချင်းရွှမ်နတ်တံခါး ခုလို အင်အားကြီး လာရတာဟာ အရင်တုန်းက လူသားအားလုံး အတွက် ဆရာလုပ်ခဲ့တဲ့ အလုပ်တွေကြောင့်ပါ၊ အမှောင်မိစ္ဆာဂိုဏ်းက လောကတစ်ခုလုံးကို ဒုက္ခပေးနေချိန်မှာ အမှောင်မိစ္ဆာသခင်ကို ရင်ဆိုင်ခဲ့တဲ့သူက ဆရာတစ်ယောက်ပဲ ရှိခဲ့တယ်လေ၊ ဆရာက လူတိုင်းကို ကယ်တင်ခဲ့တာပါ၊ အဲဒီအချိန်ကတည်းက ကျွန်တော်တို့ချင်းရွှမ်နတ်တံခါးကို လူတိုင်းကလေးစားလာကြတယ်၊ ကျင့်ကြံသူဂိုဏ်းတွေ ကျွန်တော်တို့လက်အောက်ကို ခိုလှုံလာကြတယ်၊ ပြီးတော့ နတ်တံခါးကနေ တောင်အောက်ကို ဆင်းသွားတဲ့ တပည့်တွေကလည်း ကျွန်တော်တို့ ကျောင်းတော်ရဲ့ ကွန်ရက်ကို ကျယ်ပြန့်စေတယ်၊ ဒီလိုနဲ့ပဲ ဒီအခြေအနေထိ တိုးတက်လာခဲ့တာပါ"

"ကိစ္စရပ်တွေက အဲဒီလောက် ရိုးရှင်းလို့လား၊ မင်း ကျုပ်ကို တစ်ခုခု ဖုံးကွယ်ထားတာများ ရှိသလား"

ထိုမေးခွန်းကို မေးပြီးသည်နှင့် ဆန်းလျန်က ချန်ကျင်းချင်ကို တစ်ချက် စိုက်ကြည့်လိုက်လေသည်။

ချန်ကျင်းချင်မှာ ထိပ်တန်းအဆင့် လောကနတ်ဘုရား တစ်ပါးဖြစ်သည့်တိုင် ဆရာဖြစ်သူ၏ အကြည့်စူးစူးကို ရင်ဆိုင်လိုက်ရသည့် အခါတွင်တော့ ကြောက်ရွံ့ သွားမိလေသည်။

ထိုအခါ ဖန်းယန်ယင်းက ဝင်ပြောလိုက်လေသည်။

"ဆရာဦးလေး … ဆရာဦးလေး ပျောက်သွားပြီး နှစ်ပေါင်း (၃၀၀)လောက်ကြာတဲ့ အချိန်မှာ လော်ဝါဒ ကျင့်ကြံသူတွေက ထျန်းဟွာနယ်ကို ကျူးကျော်ခဲ့ကြပါတယ်၊ ထျန်းဟွာနယ်က စန့်တုန့်နတ်ဘုရား (၈)ပါးလုံးကို ကျောက်ရှောင်ယွီ နတ်သမီးက သတ်ဖြတ် ပစ်လိုက်ပါတယ်၊ အဲဒီအချိန်မှာပဲ ယွမ်ကျိုးနယ်က ကျင့်ကြံသူတွေကြားထဲ မှာလည်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်၊ ကျင်းချင်က အဲဒီအခွင့်အရေးကို အသုံးချပြီး ကျင့်ကြံသူဂိုဏ်း အတော်များများကို ချင်းရွှမ်နတ်တံခါးရဲ့ လက်အောက်ခံဖြစ်အောင် စည်းရုံးနိုင်ခဲ့ပါတယ်၊ အဲဒီဂိုဏ်းတွေဟာ ချင်းရွှမ်နတ်တံခါးရဲ့ အပြင်စည်းဂိုဏ်းတွေ ဖြစ်လာခဲ့ပါတယ်"

ဆန်းလျန်က …

"နောက်တော့ ဘာတွေ ဆက်ဖြစ်သေးလဲ"

ဖန်းယန်ယင်းက ဆက်ပြောလေသည်။

"ကျောက်ရှောင်ယွီ နတ်သမီးက ထျန်းဟွာနယ်ကို ထိန်းချုပ်လိုက်ပြီး သူ့ရဲ့ တန်ခိုးစွမ်းအားတွေ ကလည်း အရမ်း မြင့်မားလာပါတယ်၊ နောက်ဆုံး လုကျိုးယွမ်တောင် မနေနိုင်တော့ပဲ ကျေက်ရှောင်ယွီကို စိန်ခေါ်ခဲ့တဲ့အထိပါပဲ၊ သတင်းတွေ ကြားရတာတော့ လုကျိုးယွမ်နဲ့ ကျောက်ရှောင်ယွီနတ်သမီး တိုက်ခိုက်ကြပြီးတဲ့ နောက်ပိုင်း ကျောက်ရှောင်ယွီ နတ်သမီးဟာ ပျောက်ကွယ် သွားခဲ့ပါတယ်၊ ကျောက်ရှောင်ယွီ နတ်သမီး မရှိတော့တဲ့နောက် လော်ဝါဒဂိုဏ်းကြီးက တပည့်တွေက မကောင်းမှုတွေ ပြုလုပ်လာကြပါတယ်၊ အဲဒီအချိန်မှာလည်း ကျင်းချင်ကပဲ ကျင့်ကြံသူဂိုဏ်းတွေကို စုစည်းပြီး လော်ဝါဒဂိုဏ်း အမြစ်ပြတ်တဲ့အထိ သုတ်သင်ခဲ့ရပါတယ်၊ ကျင်းချင်ဦးဆောင်ပြီး ကျင့်ကြံသူလောကရဲ့ ငြိမ်းချမ်းရေးကို ရယူပေးခဲ့ပါတယ်”

ဖန်းယန်ယင်း၏ စကားများ ဆုံးသွားသည်နှင့် ချန်ကျင်းချင်သည် ကြိုးစားပြီး ပြုံးလိုက်လေသည်။

"ဆရာ … အဲဒီအချိန်တုန်းက တပည့်မှာ ရွေးချယ်စရာမရှိခဲ့ပါဘူး၊ ဒေါ်လေးကျောက်ရှောင်ယွီ လက်အောက်မှာ လေ၊ မိုးကြိုး၊ မိုး၊ လျှပ်စစ်ဆိုတဲ့ ခေါင်းဆောင်တွေရှိပါတယ်၊ သူတို့အားလုံးက အရမ်း အဆင့်မြင့်ကြပြီးတော့ လောက နတ်ဘုရားတွေလိုပဲ တန်ခိုးကြီးကြပါတယ်၊ သူတို့က လော်ဝါဒဂိုဏ်းကြီးကို ဦးဆောင်ခဲ့တာပါ၊ သာမန် ကျင့်ကြံသူ ဂိုဏ်းလေးတွေဟာ ဘာမှမတတ်နိုင်ပဲ သူတို့ အနိုင်ကျင့် သတ်ဖြတ်တာကို ခံကြရပါတယ်၊ ကျွန်တော်တို့ ချင်းရွှမ်နတ်တံခါးရဲ့ လက်အောက်ခံဂိုဏ်း (၅)ဂိုဏ်းလောက်လည်း အဲဒီအထဲ ပါသွားရပါတယ်၊ ဒါကြောင့် ဆရာနဲ့ ဒေါ်လေးကျောက်ရှောင်ယွီရဲ့ ကြားက ခင်မင်မှုကို လျစ်လျူရှုပြီး လော်ဝါဒဂိုဏ်းကြီးကို ကျွန်တော်တို့ အမြစ်ပြတ် သုတ်သင်ခဲ့ရပါတယ်"

ထိုစကားများကို ကြားသည့်အခါတွင်တော့ ဆန်းလျန် သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။

"မင်းလုပ်တာ မမှားပါဘူး၊ ဘာလို့ ကျုပ်ကို ဖုံးကွယ်ထားဖို့ ကြိုးစားရတာလဲ၊ ထားလိုက်ပါတော့လေ …၊ အခုပဲ အမိန့်ချလိုက်ပါ၊ အချိန်(၁)လအတွင်းမှာ ချင်းရွှမ်ရဲ့အမိန့်ကို နာခံလိုတဲ့ ကျင့်ကြံသူတွေကို စုစည်းလိုက်ပါ၊ ကိစ္စကြီးတစ်ခုလုပ်ဖို့ ရှိတယ်၊ မင်းတို့ရဲ့ အကူအညီလိုတယ်၊ ပြီးတော့ အားလုံးရဲ့ အကူအညီလည်းလိုတယ်"

ချန်ကျင်းချင်က …

"သူတို့တွေကို စုစည်းဖို့က မခက်ပါဘူး၊ ဒါပေမဲ့ ဘယ်လို အကြောင်းပြချက်နဲ့ စုစည်းပေးရမလဲ ဆရာ …"

ဆန်းလျန်က ကောင်းကင်ကို စိတ်လက်ပေါ့ပါးဟန်ဖြင့် တစ်ချက် မော့ကြည့်လိုက်ပြီး …

"ကျုပ်ဆန်းလျန်ရဲ့ နာမည်က သူတို့ကို စုစည်းစေရတဲ့ အဓိကအကြောင်းရင်းပဲ၊ ပြီးတော့ ဒီလောကမှာရှိတဲ့ နတ်ဘုရားတွေကိုလည်း မင်းပဲ သတင်းပို့လိုက်ပါ၊ ကျုပ် ဆန်းလျန်က လုန်ဟွာပွဲတော်ကျင်းပဖို့ အတွက် ဧည့်သည်တွေ ဖိတ်ကြားချင်တယ်လို့ ပြောလိုက်၊ သူတို့အားလုံးဆီကို ဖိတ်စာတွေပို့လိုက် …"

ဆရာဖြစ်သူ၏ ပုံမှန်မဟုတ်သည့် စကားကြောင့် ချန်ကျင်းချင်မှာ အံ့သြသွားရလေသည်။

လုန်ဟွာပွဲတော် ဆိုသည်မှာ ရှေးခေတ်အချိန် ကတည်းကပင် ကျင်းပကြသည့် ဗုဒ္ဓပွဲတော်နေ့ ဖြစ်လေသည်။ ယျေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် တာအိုကျင့်စဉ် အောင်မြင်ပြီးသည့် နတ်ဘုရားများ စုဝေးသည့် ပွဲတော်တစ်ခုပင် ဖြစ်လေ၏။

သို့သော် … လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ ကပင် လုန်ဟွာပွဲတော် ကျင်းပရန်အတွက် လူတစ်ယောက်ကသာလျှင် အခွင့်အာဏာ ရှိခဲ့လေသည်။ ထိုသူသည် လုကျိုးယွမ်ပင် ဖြစ်လေသည်။

သို့သော် … လုကျိုးယွမ်သည် ထိုကိစ္စများကို စိတ်မဝင်စားလှပေ။ ထို့ပြင် ချန်ကျင်းချင်သည် လုကျိုးယွမ်ကို ကြောက်လေသည်။ လုကျိုးယွမ်သည် လျှို့ဝှက်ချက်များဖြင့် ပြည့်နေသည့် လူတစ်ယောက်ဟု ချန်ကျင်းချင်က ခံစားနေရလေသည်။ မဟုတ်ပါက လုကျိုးယွမ်ကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်သည် လောကကို ကျော်လွန်ပြီး မဟာတာအိုလမ်းစဉ်ကို အဘယ့်ကြောင့် မရှာဖွေရပါသနည်း။

မည်သို့ပင်ဖြစ်စေ … သူ၏ဆရာနှင့် အမှောင်မိစ္ဆာသခင် ယန်ရွှီး၏တိုက်ပွဲသည် စကြဝဠာတစ်ခုလုံး တသိမ့်သိမ့်တုန် လောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းခဲ့လေသည်။ နှစ်ပေါင်း (၃၀၀၀)အတွင်း အကြီးကျယ်ဆုံး တိုက်ပွဲတစ်ခုဟူ၍ပင် ပြောစမှတ် ပြုခဲ့ကြလေသည်။ ယခု ဆရာဖြစ်သူ ပြန်ရောက်လာပြီး နတ်ဘုရားများကို ဖိတ်ခေါ်သတင်းပို့သည့် ကိစ္စကို မည်သူမှ ဆန့်ကျင်ကြမည်တော့ မဟုတ်ပေ။ ထို့ပြင် … လူအများစုသည် စပ်စုလိုစိတ်မရှိဘူးဟု ပြောလျှင်တောင်မှ ထိုစကားသည် လိမ်ရာကျမည် ဖြစ်လေသည်။

ချန်ကျင်းချင်သည် ခေတ္တမျှစဉ်းစားနေပြီးမှ …

"တပည့် စီစဉ်လိုက်ပါ့မယ် ဆရာ၊ ဒါပေမဲ့ ဆရာ ခုလို ရုတ်တရက်ကြီး ပြန်ရောက်လာတာ နည်းနည်းတော့ ထူးဆန်းနေမယ် ထင်တယ်၊ ချင်းရွှမ်က ဆရာသခင်တွေနဲ့ တပည့်တွေလည်း တော်တော်လေး ထိတ်လန့်နေကြတယ်၊ တပည့် သူတို့ကိုအရင်သွားပြီး ဆရာပြန်ရောက်လာတဲ့ သတင်းကို အကြောင်းကြား လိုက်ပါဦးမယ်"

ဆန်းလျန်က …

"ဒုက္ခမရှာနဲ့ … ကျုပ်တို့ အတူတူသွားကြမယ် …”

ချန်ကျင်းချင်သည် ဆန်းလျန်၏ စကားကို မငြင်းရဲတော့ပါချေ။

ဆန်းလျန်သည် စိတ်ပျက် ဝမ်းနည်းနေပုံရသည့် ဖန်းယန်ယင်းကို ကြည့်လိုက်ပြီး  …

"ယန်ယင်း … အရမ်း ဝမ်းနည်းမနေပါနဲ့တော့၊ ကျင့်ကြံသူတွေဆိုတာ မိုးနဲ့မြေကို ဆန့်ကျင်ပြီး မဖြစ်နိုင်ဘူးဆိုတဲ့ အရာကို ဖြစ်အောင် လုပ်ပြကြတဲ့သူတွေပဲ၊ မင်းက စိတ်ပျက်နေရင် ကျုပ်တင်မဟုတ်ဘူး၊ မင်းရဲ့ဆရာလည်း မင်းကို စိတ်ပျက်သွားလိမ့်မယ်"

ဖန်းယန်ယင်းက …

"ဆရာဦးလေး … ကျွန်မနားလည်ပါတယ်၊ ဒါပေမဲ့ ဒီလိုကြေကွဲမှုကြီးက ခံစားရခက်လွန်းတယ်"

ဆန်းလျန်သည် ဖန်းယန်ယင်း၏ ပခုံးလေးကိုပုတ်ရင်း နှစ်သိမ့်ပေးသည့် စကားများကို ပြောလိုက်ချင်လေသည်။ သို့သော် …  ထိုသို့သော နှစ်သိမ့်စားများသည် သူ့ပါးစပ်မှလည်း ထွက်မလာနိုင်ခဲ့ပေ။

နောက်ဆုံးတွင်တော့ ဆန်းလျန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး …

"အမှန်အတိုင်း ပြောရရင် … ကျုပ်လည်း မင်းလိုပဲ ခံစားနေရပါတယ် ယန်ယင်းရယ် …"

***

All Chapters