← Chapters

အခန်း (၆၉၃-၆၉၄)

Vol. 58 Ch. 693-694

အခန်း (၆၉၃-၆၉၄)

Vol. 58 Ch. 693-694

အခန်း ၆၉၃ လမ်းသစ်ဖောက်ခြင်း

အချိန်အတော်ကြာ ခွဲခွာခဲ့ရပြီးနောက် သူတို့၏ ပြန်လည် တွေ့ဆုံမှုမှာ ရမ္မက်မီးတောက်များဖြင့် ပြင်းထန်နေခဲ့၏။ ကုအန်နှင့် ရှောင်လန်တို့က လဝက်ခန့် အတူတကွ နေထိုင်ခဲ့ကြပြီးမှ နောက်ဆုံးတွင် ခွဲခွာခဲ့ကြသည်။

ရှောင်လန်က သူမ၏ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်နေပြီး ကုအန်ကမူ ကိုယ်ပွားတစ်ခုနှင့် လဲလှယ်လိုက်၏။ သူ၏ အစစ်အမှန် ခန္ဓာကိုယ်က ရင့်မှည့်နေသော ဆေးဘက်ဝင် အပင်များကို ရိတ်သိမ်းရန် နေရာအနှံ့သို့ သွားရောက်ခဲ့သည်။

ပြီးစီးသွားသောအခါ သက်တမ်းတာအိုနယ်မြေသို့ သူ ပြန်လာခဲ့၏။

တောင်ပေါ်လမ်း တစ်လျှောက် လမ်းလျှောက်လာရင်း ကုအန်က လမ်းကြောင်းတစ်ခု ဖန်တီးမည့် ကိစ္စနှင့် ပတ်သက်၍ စတင် တွေးတော ဆင်ခြင်နေသည်။

တာအိုဧကရာဇ် တစ်ပါးရဲ့ လမ်းကြောင်းနဲ့ ဆင်တူတဲ့ လမ်းကြောင်းတစ်ခုကို ဖန်တီးဖို့ပင်...

တာအိုဧကရာဇ် တစ်ပါး ဆိုသည်မှာ မဟာတာအို ကံကြမ္မာ၏ အကူအညီကို ရရှိထားသော တည်ရှိမှု တစ်ခု ဖြစ်သည်။ အဆင့်တူ ကျင့်ကြံသူများကြားတွင် တာအိုဧကရာဇ် တစ်ပါး၏ မဟာတာအို စွမ်းအားက ပိုမို အားကောင်းပြီး လက်ရှိ ပတ်ဝန်းကျင်ရှိ မဟာတာအိုကိုလည်း သူတို့ကိုယ်စား တိုက်ခိုက်ပေးရန် အမိန့်ပေးနိုင်စွမ်း ရှိသည်။

ဤအချက်က တာအိုဧကရာဇ်များကို သူတို့၏ အဆင့်ထက် ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်း ရှိစေပြီး အဆင့်တူ ပြိုင်ဘက်များကြားတွင် ယှဉ်ပြိုင်ဘက်ကင်း ဖြစ်စေ၏။

မဟာတာအို သုံးထောင် ရှိသည်။ ကွဲပြားသော တာအိုများက ကွဲပြားသော တာအိုဧကရာဇ်များကို ပြုစုပျိုးထောင်ပေးနိုင်၏။ မဟာတာအို၏ လမ်းစဉ်ပေါ်တွင် တာအိုဧကရာဇ် ကံကြမ္မာအတွက် ယှဉ်ပြိုင်နေကြသော ကျင့်ကြံသူများသည် သူတို့၏ ပြိုင်ဘက်များထံမှ မဟာတာအို ကံကြမ္မာများကို ဝါးမျိုနိုင်ပြီး ၎င်းက သူတို့၏ ကိုယ်ပိုင် ကံကြမ္မာကို မြှင့်တင်ပေးကာ မိမိ၏ ကိုယ်ပိုင် တာအို အနှစ်သာရကို မပြောင်းလဲစေဘဲ ကွဲပြားသော တာအိုများ၏ ကံကြမ္မာကို မိမိ၏ ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲနိုင်စွမ်း ရှိသည်။

ဤအချက်က တာအိုဧကရာဇ်များကို အကဲဖြတ်သည့် စည်းမျဉ်းအချို့ ရှိနေနိုင်ကြောင်းကို ညွှန်ပြနေသည်။

အကယ်၍ တာအိုဧကရာဇ် တစ်ပါးက တာအို၏ စွမ်းအားအပေါ် အားကိုးနေရသည် ဆိုလျှင် အခြားသူများကို သူတို့၏ ကိုယ်ပိုင် စွမ်းအားအပေါ် အားကိုးခွင့် ပြုခြင်းက ထွက်ပေါက်တစ်ခုဟု မယူဆနိုင်မဟုတ်ပါလား။

ဤအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကုအန်၏ စိတ်ထဲတွင် မရေမတွက်နိုင်သော အကြံဉာဏ်များ ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။

ကောင်းကင်နန်းတော်သည်လည်း ဤကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်နိုင်ကြောင်း သူ ရုတ်တရက် တွေးမိလိုက်၏။

ကောင်းကင်နန်းတော်မှ အမတများသည် ကောင်းကင်တာအို ကံကြမ္မာကို အသုံးချကြပြီး အခြေခံအားဖြင့် တာအိုဧကရာဇ်များနှင့် ဆင်တူသော်လည်း အမတနတ်ဘုရားများက ပို၍ အစွမ်းထက်ကြသည်။

ကောင်းကင်တာအို လို့ ခေါ်တဲ့ အရာကလည်း အရမ်းအစွမ်းထက်တဲ့ တည်ရှိမှု တစ်ခုက ဖန်တီးထားတာများလား...

ကုအန်၏ စိတ်ကူးများက တောင်စဉ်ရေမရ ဖြစ်နေပြီး ထိုသို့သော ချဉ်းကပ်မှုကို စမ်းသပ်ကြည့်ရန် သူ ဆုံးဖြတ်လိုက်၏။

သူ၏ ကိုယ်ပိုင် စွမ်းအားများကို ကျိရှောင်ယု အသုံးပြုနိုင်ရန် ကျင့်ကြံခြင်း စနစ်တစ်ခု အဖြစ် ပြောင်းလဲပေးဖို့ပင်..

ထိုသို့သော နည်းလမ်းကို ထောက်ပံ့ပေးရန်မှာ မခက်ခဲလှဘဲ အကြောင်းအကျိုး လမ်းစဉ်မှတစ်ဆင့် ပေးပို့နိုင်ပေသည်။

သို့သော်လည်း သက်သက် ငှားရမ်း အသုံးပြုခြင်းက တာအိုဧကရာဇ်များနှင့် ကောင်းကင်နန်းတော်မှ အမတများနှင့် ယှဉ်လျှင် အရောင်အဆင်း မှေးမှိန်နေသေး၏။

မဟာတာအို ကံကြမ္မာကို ရရှိပြီးနောက် တာအိုဧကရာဇ် တစ်ပါး၏ ကျင့်ကြံခြင်း အရှိန်အဟုန်က တိုးတက်လာပြီး ကောင်းကင်နန်းတော်မှ အမတများကလည်း အမတဖြစ်လာရန် ကောင်းကင်တာအို ကံကြမ္မာအပေါ် အားကိုးနိုင်ကြသည်။

၎င်းကို အောင်မြင်စွာ ဖန်တီးနိုင်ရန်အတွက် အလွန် ကြာရှည်သော အချိန်တစ်ခု လိုအပ်လိမ့်မည်ဟု ကုအန် ခံစားလိုက်ရ၏။

ဤအတွက် သူ စိတ်ပျက်အားငယ်သွားခြင်း မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

အလွယ်တကူ ရနိုင်တဲ့ အရာတွေက မျှော်လင့်ဖို့ မတန်ပါဘူး...

အချိန်အတော်ကြာ ကုန်လွန်သွား၏။

ကုအန်က သူ၏ ခြံဝင်းအတွင်းသို့ ပြန်ရောက်လာပြီး ရှန်းကျန် အပြင် အန်ရှင်းနှင့် ထျန်းဟုန် ဧကရာဇ်တို့လည်း ထိုနေရာတွင် ရှိနေကြသည်။ သူတို့ နှစ်ယောက်က တစ်ခုခုကို ဆွေးနွေးနေကြပြီး ကုအန်ကို မြင်သောအခါ ချက်ချင်းပင် အရိုအသေ ပေးလိုက်ကြ၏။

“ဆရာ... ယွမ်လော့က တာအိုခုံရုံးရဲ့ ပါရမီရှင် ညီလာခံမှာ ကျောက်ရူရှန်ကို စော်ကားမိသွားတယ်... ရီချင်းရှန်က သူ စောစော သေသွားမှာကို စိုးရိမ်လို့ ဝူရှီကို ပို့ပြီး လေ့ကျင့်ပေးချင်နေတယ်... ဆရာ ဘယ်လို ထင်လဲ...” အန်ရှင်းက ပထမဆုံး စတင် ပြောလိုက်သည်။

ကုအန်က ခေါင်းခါလျက် ပြောလိုက်၏။ “ဝူရှီက အလကားနေတဲ့ သူတွေကို ပြုစုပျိုးထောင်ပေးဖို့ နေရာ မဟုတ်ဘူး... ပြီးတော့ အဲဒီ ယွမ်လော့ဆိုတဲ့ တပည့်ကလည်း ဒီမှာ လာမလေ့ကျင့်ချင်ပါဘူး...”

ရီချင်းရှန်က သူ့ကို ဝူရှီသို့ ပို့ချင်နေကြောင်း ကြားသောအခါ ယွမ်လော့က ငြင်းဆန်ရုံသာမက ဒေါသတကြီးပင် ဖြစ်သွားခဲ့၏။ သူ၏ အမြင်တွင် ဂိုဏ်းက သူသည် ကျောက်ရူရှန်၏ သတ်ဖြတ်ခြင်းကို ခံရမည်ဟု ထင်နေသဖြင့် သူ့ကို အရှက်ခွဲလိုက်ခြင်း ဖြစ်သည်ဟု ယူဆကာ ကျောက်ရူရှန်ကို အမြစ်ပြတ် ချေမှုန်းပစ်မည်ဟု ကျိန်ဆိုခဲ့သည်။

ယွမ်လော့နှင့် ကျောက်ရူရှန်တို့ကြားရှိ ရန်ငြိုးမှာ ရှုပ်ထွေးလှသည်တော့ မဟုတ်ပေ။ ပါရမီရှင် ညီလာခံတွင် ယွမ်လော့က ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သဖြင့် ကျောက်ရူရှန်က သူ့ကို စည်းရုံးရန် ကြိုးစားခဲ့သော်လည်း သူ၏ စကားများတွင် ခြိမ်းခြောက်မှုများ ပါဝင်နေသဖြင့် ယွမ်လော့က မနှစ်မြို့ ဖြစ်သွားခဲ့သည်။ သူတို့ နှစ်ယောက် ထိပ်တိုက် တွေ့ကြရာ ဒေါသကြီးသော ယွမ်လော့က ကျောက်ရူရှန်းကိုပင် စတင် တိုက်ခိုက်ခဲ့သည်။

ကျောက်ရူရှန်မှာ ယခုအခါ တာအိုခုံရုံး၏ အကြီးအကဲ တပည့်တစ်ဦး ဖြစ်ပြီး မမျှော်လင့်ထားသည့် အဖြစ်အပျက်များ မရှိပါက သူသည် တာအိုခုံရုံး၏ နောက်ခံဆက်ခံမည့် အရှင်သခင် ဖြစ်လာမည်ကို သိထားရမည် ဖြစ်သည်။

တာအိုခုံရုံးက ဘာမှမပြောသော်လည်း တာအိုခုံရုံး၏ အကြီးအကဲ တပည့်ကို စော်ကားမိခြင်းက ချမ့်ခွန်းဂိုဏ်းအပေါ် ကြီးမားသော ဖိအားများကို ကျရောက်သွားစေခဲ့သည်။

ကုအန်၏ စကားကို ကြားပြီးနောက် အန်ရှင်းက အများကြီး ဆက်မပြောတော့ချေ။ ချမ့်ခွန်းဂိုဏ်းနှင့် ဆွေးနွေး ညှိနှိုင်းရန် သူမက ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

“ဆရာ... မနေ့က ကျွန်တော် စီနီယာအစ်မနဲ့အတူ ချမ့်ခွန်းဂိုဏ်းကို လိုက်သွားပြီး ယွမ်လော့ဆိုတဲ့ ပါရမီရှင်နဲ့ တွေ့ခဲ့တယ်... ကျွန်တော့် အထင်တော့ သူက...” ထျန်းဟုန် ဧကရာဇ်က ဆက်ပြောရန် တုံ့ဆိုင်းနေ၏။

ကုအန်က လက်နက် ဖန်တီးသည့် မီးဖိုဆီသို့ လျှောက်သွားပြီး အတွင်းရှိ တာအိုရတနာကို ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ “သူက ဖရိုဖရဲ မိစ္ဆာဆိုး ဝင်စားတာ မဟုတ်လား...”

ထျန်းဟုန် ဧကရာဇ်၏ မျက်လုံးများ ပြူးကျယ်သွား၏။ “ဆရာ သိတယ်လား...”

ရှန်းကျန်နှင့် အန်ရှင်းတို့ကို ကုအန် ပြောပြခဲ့သော အကြောင်းအရာများက အခြား တပည့်များထံသို့ ပျံ့နှံ့သွားခြင်း မရှိသဖြင့် ယွမ်လော့၏ အစစ်အမှန် သရုပ်မှန်ကို မည်သူမျှ မသိကြသေးချေ။ သက်တမ်းတာအိုနယ်မြေသို့ ဝင်ရောက်လာခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ကုအန်က ဤကိစ္စကို သိထားကြောင်းကို ထျန်းဟုန် ဧကရာဇ် မသိသေးပေ။

“ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်နန်းတော်က အမတ တစ်ပါးဖြစ်တဲ့ မင်းတောင် ဝင်စားသေးတာပဲလေ... နောက်ထပ် ဖရိုဖရဲ မိစ္ဆာဆိုး တစ်ကောင်လောက် ထပ်တိုးလာတာလည်း အံ့သြစရာမှ မဟုတ်တာ...” ကုအန်က ညင်သာစွာ ရယ်မောလျက် ပြောလိုက်၏။

ထျန်းဟုန် ဧကရာဇ် တိတ်ဆိတ်သွားသည်။

သူ၏ အတိတ်ဘဝ မှတ်ဉာဏ် အချို့ကို သူ တဖြည်းဖြည်း နိုးထလာခဲ့ပြီး သူ၏ ယခင်ဘဝက ထင်ရှား ကျော်ကြားသော နောက်ခံ တစ်ခု ရှိခဲ့ကြောင်းကို သူ သိထား၏။ ဤအကြောင်းကို ကုအန်အား သူ ဝန်ခံခဲ့ပြီး ကုအန်က စိတ်မရှိသဖြင့်သာ တော်သေးသည်။

ထျန်းဟုန် ဧကရာဇ်သည် ကောင်းကင်နန်းတော်မှ ကြယ်တာရာအရှင် တစ်ပါး ဝင်စားခြင်း ဖြစ်ပြီး သူ၏ ယခင်ဘဝ ကျင့်ကြံခြင်းအဆင့်မှာ ထိုက်ချင်း ရွှေအမတအဆင့် တွင် ရှိခဲ့ပေသည်။

“ဒီကမ္ဘာက ဘာလို့ ပြင်ပကောင်းကင်က တည်ရှိမှုတွေကို ဒီလောက် အမြဲတမ်း ဆွဲဆောင်နေတာလဲ ဆိုတာ ငါ နားမလည်ပေမဲ့ မင်းရဲ့ ဆရာ တစ်ယောက်အနေနဲ့ ငါက အကြောင်းအကျိုးတွေထဲ ဝင်မပါချင်ဘူး... အကယ်လို တစ်နေ့ကျရင် မင်း ပြန်သွားချင်တယ် ဆိုရင်လည်း ဆရာက မင်းကို တားမှာ မဟုတ်ဘူး...”

ကုအန်၏ စကားများက ထျန်းဟုန် ဧကရာဇ်ကို များစွာ ထိမိသွားစေပြီး သူက ကမန်းကတန်း ပြောလိုက်၏။ “ကျွန်တော် ပြန်မသွားပါဘူး...”

“လူမိုက်လေး... မင်းရဲ့ အတိတ်ဘဝ မှတ်ဉာဏ်တွေ အပြည့်အဝ နိုးထလာတဲ့အခါ မင်း သေချာပေါက် ပြန်သွားလိမ့်မယ် ဆိုတာ မင်း သိလာမှာပါ...”

ကုအန်က ရယ်မောလိုက်၏။ ထျန်းဟုန် ဧကရာဇ်က သူ၏ အချက်အလက်များကို ကောင်းကင်နန်းတော်ထံသို့ သစ္စာဖောက်မည် မဟုတ်ကြောင်း သူ ကောင်းစွာ သိထားသည်။ ဝူရှီ တပည့်များ ကြားတွင် အန်ရှင်းပင်လျှင် သူ မည်မျှ အစွမ်းထက်ကြောင်း၊ မည်သည့် နတ်ဘုရား ကျင့်စဉ်များကို တတ်မြောက်ထားကြောင်း သို့မဟုတ် မည်သည့် မဟာတာအိုများကို ကျင့်ကြံထားကြောင်း အတိအကျ မသိကြချေ။

အကယ်၍ ထျန်းဟုန် ဧကရာဇ်သာ ကောင်းကင်နန်းတော်အပေါ် သူ၏ စေတနာကို ဖော်ပြပေးနိုင်မည့် ကြားခံနယ် တစ်ခု ဖြစ်လာမည် ဆိုလျှင် ၎င်းက ကြိုဆိုရမည့် ရလဒ်တစ်ခုပင် ဖြစ်သည်။

သူက ကောင်းကင်နန်းတော်အပေါ် ရန်ငြိုး မရှိသလို ရန်ငြိုး ဖန်တီးလိုစိတ်လည်း မရှိချေ။ အမတနတ်ဘုရားများနှင့် ပဋိပက္ခ ဖြစ်ခဲ့ရခြင်းမှာ မလွှဲမရှောင်သာ၍သာ ဖြစ်၏။

ထျန်းဟုန် ဧကရာဇ် တိတ်ဆိတ်နေဆဲပင်။ ဆရာဖြစ်သူ၏ စကားများကို နားထောင်ရင်း သူက ကတိများကို မဆင်မခြင် မပေးသင့်ကြောင်း နားလည်သွားခဲ့သည်။

“ဒါနဲ့ ထျန်းဟုန်... မင်း တာအိုဧကရာဇ် တစ်ပါး ဖြစ်ချင်လား...” ကုအန်က ရုတ်တရက် မေးလိုက်၏။

ထိုစကားကို ကြားသောအခါ ထျန်းဟုန် ဧကရာဇ်က ကမန်းကတန်း ပြန်ဖြေလိုက်သည်။ “ကျွန်တော် မဖြစ်ချင်ပါဘူး... ဆရာနဲ့အတူတူပဲ ကျင့်ကြံချင်တာပါ...”

သူက တာအိုခုံရုံးမှ လာခြင်း ဖြစ်သဖြင့် တာအိုဧကရာဇ်များ အကြောင်းကို သဘာဝကျကျပင် သိထား၏။ ယခင်မှတ်ဉာဏ် အပိုင်းအစ အချို့နှင့် ပေါင်းစပ်လိုက်သောအခါ တာအိုဧကရာဇ်များမှာ အလွန် အစွမ်းထက်ကြောင်း သူ သိထားသော်လည်း ကုအန်၏ ဘေးတွင် ကျင့်ကြံရသည်ကို သူ ပို၍ နှစ်သက်သည်။

ကုအန်က သူ၏ အကြီးမားဆုံးသော အခွင့်အရေး ဖြစ်ကြောင်း သူ၏ အလိုအလျောက် သိစိတ်က ပြောပြနေ၏။

ကုအန်က သူ့ဘက်သို့ လှည့်ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။ “အကယ်လို ဆရာက တာအိုဧကရာဇ် တစ်ပါးနဲ့ ဆင်တူတဲ့ လမ်းကြောင်းတစ်ခုကို ဖောက်ပေးမယ် ဆိုရင်ရော... မင်း အဲဒီ လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ ဆန္ဒရှိလား...”

ထျန်းဟုန် ဧကရာဇ်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ပြူးကျယ်သွား၏။ “ဒါပေါ့ ဆန္ဒရှိတာပေါ့... အကယ်လို ဆရာက အဲဒီလို လမ်းကြောင်းမျိုးကို ဖောက်ပေးမယ်ဆိုရင် ကျွန်တော်က လမ်းပြရှေ့ဆောင် လုပ်ဖို့ ဆန္ဒရှိပါတယ်...”

ဘေးတွင် ရပ်နေသော ရှန်ကျန်းကလည်း ဝင်ပြောလိုက်သည်။ ”ဆရာ ကျင့်ကြံခြင်း လမ်းကြောင်းသစ် တစ်ခုကို တကယ်ပဲ ဖောက်တော့မယ် ဆိုရင် ကျွန်မလည်း ပါဝင်ချင်တယ်...”

သူမသည် အမတနတ်ဘုရားများကိုဖြစ်စေ၊ မဟာတာအိုကိုဖြစ်စေ ယုံကြည်ခြင်း မရှိဘဲ ကုအန်ကိုသာ ယုံကြည်၏။

ကုအန်က ခေါင်းအနည်းငယ် ခါလျက် ပြောလိုက်သည်။ “ဒါက စိတ်ကူး တစ်ခု သက်သက်ပါပဲ... အောင်မြင်မလား ဆိုတာ မသေချာသေးဘူး...”

သူ ထိုသို့ ပြောလိုက်သော်လည်း ထျန်းဟုန် ဧကရာဇ်နှင့် ရှန်ကျန်းတို့ နှစ်ယောက်စလုံးမှာ အိပ်မက် စမက်နေကြပြီ ဖြစ်၏။

တိတ်ဆိတ်သော နန်းတော်တစ်ခု အတွင်း၌ ကျိရှောင်ယုက ဖျာချပ်တစ်ခုပေါ်တွင် တင်ပျဉ်ခွေ ထိုင်လျက် ကျင့်ကြံနေသည်။ သို့သော်လည်း သူမ၏ မျက်ခုံးများက နာကျင်မှုကို ခံစားနေရသည့်အလား အပြင်းအထန် တွန့်ချိုးနေ၏။

ရုတ်တရက်

သူမ မျက်လုံးများ ပြူးကျယ်သွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ သူမ၏ မျက်နှာက ဖြူရော်သွားပြီး သူမ၏ အရှိန်အဝါ တစ်ခုလုံးဖရိုဖရဲဖြစ်သွား၏။

သူမ၏ မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားခဲ့သည်။ သူမရဲ့ ကျင့်ကြံခြင်းအဆင့်က ထပ်ကျသွားပြန်ပြီလား။

ဤအတိုင်းသာ ဆက်သွားနေမည် ဆိုလျှင် သူမက လွတ်ငြိမ်းရာအမတအဆင့် သို့ ပြန်ကျသွားနိုင်ပြီး သေမျိုးအဆင့်သို့ပင် ကျဆင့်သွားနိုင်လေသည်။

၎င်းက ဧကရာဇ် လမ်းစဉ်မှ တန်ပြန် သက်ရောက်မှုလား ဒါမှမဟုတ် ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ်၏ နတ်ဘုရား ကျင့်စဉ်များက သူမကို နှိပ်စက်နေတုန်းပဲလား ဆိုသည်ကို သူမ မခွဲခြားတတ်တော့ချေ။

“ဘယ်လို နတ်ဘုရား ကျင့်စဉ်မျိုးမို့လို့ အရှိန်အဝါ နည်းနည်းလေးကတောင် ငါ့ကို ရှုံးနိမ့်သွားစေနိုင်ရတာလဲ... အရာအားလုံးကို အမြစ်ပြတ် ချေမှုန်းပြီးတော့ ဒီနတ်ဘုရား ကျင့်စဉ်ကို သူက ဖုံးကွယ်ထားချင်လို့ များလား...”

ကျိရှောင်ယုမှာ ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် အသုံးပြုခဲ့သည့် နတ်ဘုရား ကျင့်စဉ်များကို ပြန်လည် တွေးတောမိသောအခါ သူမ၏ ကျောရိုး တစ်လျှောက် စိမ့်တက်သွား၏။ ၎င်းက အလွန်အမင်း ဆိုးယုတ်လှသော အရှိန်အဝါ တစ်ခု ဖြစ်သည်။

ဤအချိန်တွင် ထိတ်လန့်ဖွယ်ကောင်းသော ဖိအားတစ်ခုက နန်းတော် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး သူမ၏ မျက်နှာအမူအရာကို ကြီးစွာ ပြောင်းလဲသွားစေ၏။

သူမက မော့ကြည့်လိုက်ရာ မှိုင်းညို့နေသော မျက်နှာကြက်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အမည်းရောင် ငွေ့သက်တိမ်တိုက် တစ်ခု ပေါ်လာပြီး ၎င်း၏ အတွင်း၌ ထိတ်လန့်ဖွယ် မျက်လုံးတစ်စုံ ပွင့်လာသည်ကို တွေ့လိုက်ရသည်။

မျက်လုံးများက ခရမ်းရောင် ဖြစ်ပြီး မြွေမျက်လုံး တစ်စုံနှင့် တူကာ သူမကို ငုံ့ကြည့်နေ၏။

အခန်း ၆၉၄ အစွမ်းအထက်ဆုံး စွမ်းအား

ဤမျက်လုံးများ...

ကျိရှောင်ယု၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး သူမက မနေနိုင်ဘဲ မေးလိုက်၏။ "မင်း မသေသေးဘူးလား..."

ထိုစဉ်က ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ်သည် ဤမျက်လုံးများဖြင့် သူမကို အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ ဤမျက်လုံးများ ပွင့်လာသည်နှင့် တစ်ပြိုင်နက် သူမက ထူးဆန်းသော ပုံရိပ်ယောင်နယ်မြေ တစ်ခုအတွင်းသို့ ဆွဲသွင်းခံလိုက်ရ၏။

ပုံရိပ်ယောင်နယ်မြေ အတွင်း၌ သူမကိုယ်သူမ ပုံတူပွားထားသော ရုပ်သွင်များစွာ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရပြီး နောက်ဆုံးတွင် ရှုံးနိမ့်သွားခဲ့သည်။

ယခုတိုင်အောင် ထိုအဖြစ်အပျက်ကို ပြန်လည် တွေးတောမိသောအခါ သူမ နားမလည်နိုင်အောင် ဖြစ်ရဆဲပင်။

မိမိကိုယ်ကိုယ် ပြန်လည် တိုက်ခိုက်စေသည့် ၎င်းက မည်သည့် နတ်ဘုရား ကျင့်စဉ် မျိုးနည်း ။ ပုံရိပ်ယောင်နယ်မြေ အတွင်းမှ တိုက်ပွဲက စိတ်ကူးယဉ် သက်သက်ဟု မခံစားရချေ။ အကြောင်းမှာ ထိုနေရာတွင် ရရှိခဲ့သော ဒဏ်ရာများက လက်တွေ့တွင် အမှန်တကယ် ထွက်ပေါ်လာသောကြောင့် ဖြစ်၏။

ဤဆန်းကြယ်သော မျက်လုံးများက ကျိရှောင်ယုကို အဖြေမပေးဘဲ သူမကိုသာ အေးစက်စွာ စိုက်ကြည့်နေသည်။

ကျိရှောင်ယုက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး သူမ၏ မျက်နှာအမူအရာ ကြီးစွာ ပြောင်းလဲသွားသည်။ သူမက အလိုအလျောက် ထရန် ကြိုးစားလိုက်သော်လည်း ယုံကြည်နိုင်စရာ မရှိလောက်အောင် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူမကို ဖိနှိပ်ထားသဖြင့် မတ်တတ်မရပ်နိုင်အောင် ဖြစ်သွားသည်။

တစ်ဘက်လူက သူမ၏ အကြောင်းအကျိုးကို စူးစမ်းနေခြင်း ဖြစ်သည်။

မဟုတ်ဘူး... သူက ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် မဟုတ်ဘူး...

ထိုဖိနှိပ်မှု စွမ်းအားသည် ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ်ထက် များစွာ ပိုမို အားကောင်းကြောင်း ကျိရှောင်ယု ခံစားသိရှိနိုင်၏။ ၎င်းက စိတ်ကူး၍ပင် မရနိုင်သော စွမ်းအားတစ်ခု ဖြစ်ပြီး ကုအန်ပင်လျှင် ဤကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော ဖိအားမျိုးကို မပေးစွမ်းနိုင်ခဲ့ချေ။

သူက ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ်ရဲ့ နောက်ကွယ်က တည်ရှိမှုများ ဖြစ်နေမလား... ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းနေတာလား...

ကျိရှောင်ယုသည် ကုအန်ကို အလိုအလျောက် တွေးတောမိလိုက်သော်လည်း ချက်ချင်းပင် သူမ၏ အာရုံကို သူမရှေ့ရှိ လူရိပ်ထံသို့ ပြန်လည် စူးစိုက်လိုက်၏။

ဤမျက်လုံးများက သွေးမျိုးဆက်အမွေအနှစ် တစ်ခုများလား...

ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ်၏ နောက်ကွယ်ရှိ ဧကရာဇ် မျိုးနွယ်စုသည် တာအိုဧကရာဇ် များစွာကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့သောကြောင့်သာ ဧကရာဇ် ဆိုသည့် ဘွဲ့နာမကို ခံယူရဲခြင်း ဖြစ်ကြောင်း ယွမ်စုန်ကျီထံမှ သူမ ကြားဖူးထား၏။ မဟာတာအို ဧကရာဇ် ဤမျှများစွာကို ပြုစုပျိုးထောင်နိုင်ခြင်းမှာ သာမန် တာအိုပညာရပ် အမွေအနှစ် တစ်ခု၏ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေပြီး ဧကရာဇ် မျိုးနွယ်စု၏ သွေးမျိုးဆက် ပါရမီမှာ ထူးခြား ပြောင်မြောက်လှရပေမည်။

ထိုစဉ် မျက်လုံးများက မှိတ်သွားသော်လည်း ကျိရှောင်ယုမှာ စိတ်သက်သာရာ မရသေးချေ။ အကြောင်းမှာ ဖိနှိပ်ထားသော စွမ်းအားများက ရှိနေဆဲ ဖြစ်သောကြောင့်ပင်။

အထက် မျက်နှာကြက်ရှိ အမည်းရောင် မြူခိုးများထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူက အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်ကြီးရွယ်အို တစ်ဦးဖြစ်ပြီး သူ၏ ဆံပင်ဖြူများကို သရဖူတစ်ခုအောက်တွင် စည်းနှောင်ထားကာ ထူးခြားသော အရှိန်အဝါများ ထွက်ပေါ်နေပြီး သူ၏ မျက်ခုံးများကြားရှိ အေးစက်မှုက လူကို ကျောချမ်းသွားစေ၏။

သူ၏ ခရမ်းရောင် မျက်လုံးများက ဝိညာဉ်ကိုပင် ထွင်းဖောက် မြင်နိုင်စွမ်း ရှိသည့်အလား ဖြစ်နေပြီး ကျိရှောင်ယု၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။

ကျိရှောင်ယုက သူ၏ အတွင်း၌ ရှုံးနိမ့်ဖူးခြင်းကင်းမဲ့သော ဧကရာဇ်၏ အရိပ်အယောင် တစ်ခုကို မြင်တွေ့လိုက်ရသည်။ ဤလူက ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ်နှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေသည်မှာ ထင်ရှားလှပေသည်။

အနက်ရောင် ဝတ်စုံနှင့် အဘိုးအိုက ကောင်းကင်ယံမှ ဆင်းသက်လာပြီး ကျိရှောင်ယု၏ ရှေ့တွင် ရပ်တန့်လိုက်သည်။ သူက သူ၏ ညာလက်ကို မြှောက်၍ ကျိရှောင်ယု၏ နဖူးဆီသို့ ရွယ်လိုက်သည်။

ဤကဲ့သို့သော အန္တရာယ်များလှသည့် အခြေအနေကို ရင်ဆိုင်လိုက်ရသော်လည်း ကျိရှောင်ယုက ရင်ထဲတွင် စိတ်ပျက်အားငယ်သွားသော်လည်း ကြောက်ရွံ့မှုကို မပြသဘဲ အနက်ရောင် ဝတ်စုံနှင့် အဘိုးအိုကိုသာ စူးစိုက်ကြည့်နေလိုက်သည်။

ဖြောင်း...

ရုတ်တရက် လက်တစ်ဖက်က အဘိုးအို၏ ပခုံးပေါ်သို့ ဖိချလိုက်ရာ အသံက မကျယ်လောင်သော်လည်း ဤအခိုက်အတန့်တွင် ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွား၏။

အနက်ရောင် ဝတ်စုံနှင့် အဘိုးအို၏ ခရမ်းရောင် မျက်လုံးများ ရုတ်ခြည်း ပြူးကျယ်သွား၏။ ကျိရှောင်ယုက သူ၏ အနောက်တွင် ရောက်လာသူကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာအမူအရာက ရှုပ်ထွေးသွားလေသည်။

ရုတ်တရက်...

အဘိုးအို၏ ဝိညာဉ်က သူ၏ ခန္ဓာကိုယ်ထဲမှ ပျံထွက်သွားပြီး သူ၏ ခန္ဓာနောက်ရှိ လူရိပ်ကို ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်လျက် ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။ သို့သော်လည်း မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။

အဘိုးအိုမှာ မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။ "ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်းက ဘယ်သူလဲ..."

သူ၏ အမတဧကရာဇ် မျက်လုံးမှာ တစ်ဘက်လူ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး ၎င်း၏ နတ်ဘုရား ကျင့်စဉ် စွမ်းအားများကို ထုတ်လွှတ်နိုင်ခြင်း မရှိတော့ချေ။ ဤကဲ့သို့သော အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်ပြီး ပိုမို မြင့်မားသော ကျင့်ကြံခြင်းအဆင့် ရှိသည့် တည်ရှိမှုတစ်ခုနှင့် ကြုံတွေ့ရလျှင်ပင် သူ၏ အမတဧကရာဇ် မျက်လုံးက ပြဿနာများ ဖြစ်စေနိုင်စွမ်း ရှိ၏။

ကုအန်က ခေါင်းကို အနည်းငယ် မော့၍ အဘိုးအို၏ ဝိညာဉ်ကို ကြည့်လိုက်ရာ သူ၏ အမူအရာက ခံစားချက် ကင်းမဲ့နေသည်။ သူ၏ ညာလက်က ဆုပ်ချေလိုက်ပြီး အဘိုးအို၏ ဝိညာဉ်ကို သူ၏ ခန္ဓာကိုယ်ထဲသို့ အတင်းအကျပ် ပြန်လည် ဆွဲသွင်းလိုက်၏။ ချက်ချင်းပင် အဘိုးအို၏ ခန္ဓာကိုယ်က လျင်မြန်စွာ ကျုံ့ဝင်သွားပြီး နောက်ဆုံးတွင် သူ၏ လက်ဖဝါးထဲသို့ ပျောက်ကွယ်သွားလေသည်။

ကုအန်က သူ၏ ညာလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီးနောက် သေးငယ်သော အရုပ်လေး တစ်ခုကို ကိုင်ထားသကဲ့သို့ သူ၏ ရင်ခွင်ထဲသို့ ထည့်လိုက်သည်။

ဤအဖြစ်ပိက်က ကျိရှောင်ယုကို တစ်ခဏမျှ မှင်သက်သွားစေ၏။

အဘိုးအို ပျောက်ကွယ်သွားသည်နှင့်အမျှ သူမကို ဖိနှိပ်ထားသော ဖိအားများလည်း လွင့်စင်သွားသော်လည်း သူမက ဖျာချပ်ပေါ်တွင် ဆက်လက် ထိုင်နေဆဲ ဖြစ်သည်။

ခန်းမတစ်ခုလုံး တစ်ဖန် ပြန်လည် တိတ်ဆိတ်သွား၏။

ကုအန်သည် ကျိရှောင်ယုကို ကြည့်လိုက်ရာ ရုတ်တရက် ဘာပြောရမှန်း မသိဖြစ်သွားပြီး သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။

ကျိရှောင်ယုက သတိပြန်ဝင်လာပြီး မေးလိုက်သည်။ "သူ လာမယ်ဆိုတာကို ကြိုသိနေတာလား... ဒါမှမဟုတ် သူ ရောက်လာတဲ့ အခိုက်အတန့်ကျမှ သတိထားမိတာလား..."

ကုအန်က ပြန်ဖြေလိုက်၏။ "နှစ်ခုစလုံးပဲ... ဘာမှ လုပ်စရာ မရှိတဲ့အချိန်ကျရင် ငါ မင်းကို စောင့်ကြည့်နေတတ်တယ်လေ"

ဤစကားများကြောင့် ကျိရှောင်ယု၏ အကြည့်များတွင် သိမသာသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်သွားသည်။

သူ ငါ့ကို ဂရုစိုက်တာလား...

ထိုသို့ တွေးမိသောအခါ ကျိရှောင်ယု၏ ရင်ထဲတွင် အနည်းငယ် ပျော်ရွှင်သွားသော်လည်း မျက်နှာပေါ်တွင်မူ မပြသခဲ့ချေ။

ကုအန်က သူမ၏ အတွင်းစိတ်မှ အတွေးများကို ကြားနိုင်သဖြင့် သူ၏ ယုံကြည်မှုကို တိုးပွားလာစေ၏။ သူက ပြုံးလျက် ပြောလိုက်သည်။ "တတိယသခင်မလေး... မင်း ငါ့အပေါ် ဘာများ မကျေနပ်တာ ရှိလို့လဲ... နှစ်ပေါင်းများစွာ လာမလည်ဘဲ မဟာတာအိုရဲ့ လမ်းစဉ်ပေါ် ထွက်သွားတယ်... အကယ်လို မင်းသာ ငါ့ဆီ လာရင် တာအိုဧကရာဇ် ထက် ပိုအားကောင်းတဲ့ စွမ်းအားကို ငါ သေချာပေါက် ပေးနိုင်တာပေါ့..."

အတိတ်ကို ပြန်လည် သတိရစေသဖြင့် သူက ကျိရှောင်ယုကို "တတိယသခင်မလေး" ဟု ခေါ်ရသည်ကို ပို၍ နှစ်သက်ဆဲ ဖြစ်သည်။

"အဲဒီလို ခေါ်တာကို ကျွန်မ လက်မခံနိုင်ပါဘူး... ပြီးတော့ ကျိ မိသားစုနဲ့လည်း ဘာမှ မပတ်သက်တော့ပါဘူး..." ကျိရှောင်ယုက ကုအန်ကို မည်သို့ ရင်ဆိုင်ရမည်ကို တွေးတောရင်း ပြန်ဖြေလိုက်သည်။

ကုအန်၏ စကားများက အမှန်တကယ် ဖြစ်နိုင်ကြောင်း သူမ သိထားသော်လည်း သူမက သူ့အပေါ် အားမကိုးချင်သေးပေ။

ကုအန် တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ သူမက တကယ်ပဲ မာနကြီးတာပဲ...

သူ၏ ညာလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ တာအိုရတနာ တစ်ခုက ကျိရှောင်ယုထံသို့ ပျံသန်းသွားပြီး ကုအန်က ပြောလိုက်သည်။ "ဒါက ငါ ဖန်တီးထားတဲ့ တာအိုရတနာ တစ်ခုပဲ... ဝင်စားခြင်း အဆုံးမဲ့မြေပုံ လို့ ခေါ်တယ်... ထဲမှာ ဝင်စားခြင်း လမ်းစဉ်ရဲ့ နိယာမတွေနဲ့ ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ချန်ထားခဲ့တဲ့ အကြွင်းအကျန် စွမ်းအားတွေကို ဖယ်ရှားပေးနိုင်စွမ်း ရှိတယ်..."

ထိုသို့ ပြောပြီးနောက် သူက လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားလေသည်။

ကျိရှောင်ယုသည် သူမ၏ ရှေ့တွင် လွင့်မျောနေသော ဝင်စားခြင်း အဆုံးမဲ့မြေပုံ ကို ကြည့်လိုက်၏။ မြေပုံက ပွင့်လာပြီး မှိုင်းညို့နေသော တိမ်တိုက်များနှင့် တူသည့် စုတ်ချက်များနှင့် မင်ရည်များ ပြည့်နှက်နေကာ အခြား မည်သည့်အရာကိုမျှ မမြင်ရချေ။

သူမက ဝင်စားခြင်း အဆုံးမဲ့မြေပုံ ကို ဖမ်းဆုပ်ရန် လက်ကို မြှောက်လိုက်ပြီးနောက် ခပ်ဖွဖွ သက်ပြင်းတစ်ချက် ချလိုက်သည်။

"အရမ်း မြန်မြန် ထွက်သွားတာပဲ... ခုနက ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ်ရဲ့ နတ်ဘုရား ကျင့်စဉ် အကြောင်း သူ့ကို မေးချင်နေတာ..."

ကျိရှောင်ယုက သက်ပြင်းချကာ တီးတိုး ရေရွတ်လိုက်ပြီး ဝင်စားခြင်း အဆုံးမဲ့မြေပုံ ပေါ်သို့ သူမ၏ အကြည့်များ ကျရောက်သွားရာ သူမ၏ မျက်နှာအမူအရာက ရှုပ်ထွေးသွား၏။

ယခင်က သူ၏ လွှမ်းမိုးနိုင်စွမ်းကို သူမ ဘာလို့ မခံစားခဲ့ရတာလဲ။

အခြား တစ်နေရာတွင် ကုအန်သည် သက်တမ်းတာအိုနယ်မြေ သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ ကျိရှောင်ယုက အမတဧကရာဇ် မျက်လုံး အကြောင်းကို မေးမြန်းလိမ့်မည် ဖြစ်ကြောင်း သိထားသဖြင့် သူ လျင်မြန်စွာ ထွက်ခွာလာခဲ့ခြင်း ဖြစ်၏။

ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ်နှင့် အနက်ရောင် ဝတ်စုံနှင့် အဘိုးအိုတို့၏ မျက်လုံးများက အမှန်တကယ်ပင် အမတဧကရာဇ် မျက်လုံး ဖြစ်နေခဲ့သည်။

ကုအန်က ဤကိစ္စနှင့် ပတ်သက်၍ စပ်စုချင်စိတ် ဖြစ်ပေါ်နေ၏။ အမတဧကရာဇ် မျက်လုံးကို ကောင်းကင်နန်းတော်က ခွင့်မပြုထားသော်လည်း ဧကရာဇ် မျိုးနွယ်စုက ၎င်းကို ကျင့်ကြံရဲသည်လား။

သူတို့က အမြစ်ပြတ် ချေမှုန်းခံရခြင်းမှာ မဆန်းတော့ပေ။

အကယ်၍ အမတဧကရာဇ် မျက်လုံး သာ ပြန့်နှံ့သွားပါက သူတို့က ပို၍ ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်များကို ရင်ဆိုင်ရပေလိမ့်မည်။

ကုအန်က သူ၏ အခန်းအတွင်း၌ ထိုင်လျက် ညာလက်ကို မြှောက်လိုက်ရာ ယခုအခါ ဆန်စေ့ခန့် အရွယ်အစားသာ ရှိတော့သော အနက်ရောင် ဝတ်စုံနှင့် အဘိုးအိုက သူ၏ လက်ဖဝါးထဲတွင် ရပ်နေ၏။

ဤအချိန်တွင် အဘိုးအိုက သတိရှိနေဆဲ ဖြစ်သည်။ ဧရာမ အရွယ်အစား ဖြစ်နေသော ကုအန်ကို မော့ကြည့်ရင်း သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေခဲ့သည်။

ကုအန် ဘာလုပ်ရန် ရည်ရွယ်ထားကြောင်းကို သူ အကြမ်းဖျင်း ခန့်မှန်းမိသော်လည်း ခုခံရန် စွမ်းအား ကင်းမဲ့နေပြီး မိမိကိုယ်ကိုယ် ဖျက်ဆီးရန်ပင် မစွမ်းဆောင်နိုင်တော့ချေ။

"ဘာလို့ ဒီလို ဖြစ်ရတာလဲ... ဘာလို့ ငါ့ရဲ့ အမတဧကရာဇ် မျက်လုံးက သူ့ကို ဒီလောက်တောင် ကြောက်နေရတာလဲ..."

ဤအတွေးများနှင့်အတူ အဘိုးအို၏ စိတ်ဓာတ်များ ပြိုလဲသွား၏။ ၎င်းက သေဆုံးခြင်းကို ရင်ဆိုင်နေရသောကြောင့်သာ မဟုတ်ဘဲ အမတဧကရာဇ် မျက်လုံး၏ ရှုံးနိမ့်မှုက သူ၏ ယုံကြည်ချက်ကို ရိုက်ချိုးပစ်လိုက်သောကြောင့်လည်း ဖြစ်သည်။

ယခင်က အမတဧကရာဇ် မျက်လုံးသည် အန္တိမ စွမ်းအား ဖြစ်သည်ဟု သူ ယုံကြည်ခဲ့၏။

ဤသည်က သူ လာရောက်ရန် ယုံကြည်မှု၏ အရင်းအမြစ် ဖြစ်ခဲ့သည်။

ကောင်းကင်နတ်ဘုရားကို ရှောင်ရှားကာ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာအတွင်းသို့ ခိုးဝင်ရန် သူ့အတွက် နှစ်ထောင်ပေါင်းများစွာ အချိန်ယူခဲ့ရသော်လည်း ရောက်ရောက်ချင်းမှာပင် ဖမ်းဆီးခံလိုက်ရရာ ဤကဲ့သို့သော နိဂုံးမျိုးကို သူ တစ်ခါမှ တွေးမထားခဲ့ဖူးချေ။

ကုအန်က အဘိုးအိုကို ငုံ့ကြည့်လိုက်ပြီး သူ၏ မျက်လုံးများက ပြောင်းလဲသွားကာ ကပ်ဘေး အန္တိမမျက်လုံးကို ထုတ်လွှတ်လိုက်ပြီး အဘိုးအို၏ မှတ်ဉာဏ်များကို အကြင်နာ ကင်းမဲ့စွာ ရှာဖွေလေတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အဘိုးအို၏ သတိလွတ်ထွက်သွားပြီး သူ၏ အမတဧကရာဇ် မျက်လုံးမှာလည်း တောက်ပမှုများ ကင်းမဲ့သွားတော့၏။

All Chapters