← Chapters

အခန်း (၇၀၁-၇၀၂)

Vol. 58 Ch. 701-702

အခန်း (၇၀၁-၇၀၂)

Vol. 58 Ch. 701-702

အခန်း ၇၀၁ ပြောင်းလဲလွယ်သော လောကီ နှလုံးသား

ကျူရှီး နှင့် လမ်းခွဲပြီးနောက် ကုအန်၏ ဘဝက တစ်ဖန် ပြန်လည် ငြိမ်းချမ်းသွားခဲ့သည်။ သူက တာအိုတစ်ခု ဖန်တီးရန် နက်နက်ရှိုင်းရှိုင်း လေ့လာနေသော်လည်း ဤလမ်းကြောင်းက အလွန် ခက်ခဲကြမ်းတမ်းလွန်းသဖြင့် ဤ တာအိုအထွတ်အထိပ် တာလော့အမတအဆင့် ကို အမြဲတမ်း ခေါင်းခြောက်စေခဲ့၏။

အချိန်များ လျင်မြန်စွာ ကုန်လွန်သွားသည်။

နောက်ထပ် နှစ်တစ်သိန်း ကုန်လွန်သွားခဲ့ပြန်ပြီ။

ဤနှစ်တွင် ထိုက်ချန်း အင်ပါယာ က တာအိုခုံရုံး ကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် လူသားကမ္ဘာတွင် စစ်မီးများ တောက်လောင်သွားစေခဲ့၏။

ထိုက်ချန်း အင်ပါယာ မင်းဆက်၊ နန်းတော် အတွင်းရှိ ဥယျာဉ်တော် တစ်ခုတွင်။

ကုအန်အတွက် အရက်ငှဲ့ပေးရင်း လီရွှမ်တောက် က သက်ပြင်းချကာ ပြောလိုက်သည်။ "အဲဒီ ထိုက်ချန်း က တကယ်ပဲ အစွမ်းထက်တာပဲ... တာအိုခုံရုံး ကိုတောင် တိုက်ခိုက်ရဲတယ်... အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ထိုက်ချန်း ကောင်းကင်သားတော် ရဲ့ သတ္တိက ငါ့ကို လေးစားသွားစေဖို့ လုံလောက်ပါတယ်..."

ထိုက်ချန်း သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး အင်ပါယာ မင်းဆက် ဖြစ်၏။ ထိုက်ချန်း အင်ပါယာ က ၎င်း၏ သိမ်းပိုက်ခြင်းကို မခံရသေးသော်လည်း သူတို့က ကျားတစ်ကောင်ကဲ့သို့ ၎င်း၏ အရှိန်အဝါကို ခံစားနေရဆဲပင်။

အကယ်၍ ထိုက်ချန်း နှင့် တာအိုခုံရုံး ကြားတွင် ရန်ငြိုးများသာ မရှိခဲ့လျှင် ထိုက်ချန်း သည် နောက်ဆုံးတွင် ထိုက်ချန်း တိုက်ကြီး ဘက်သို့ စစ်ချီလာလိမ့်မည်ဟု လီရွှမ်တောက် ယုံကြည်ထားသည်။

ကုအန်က လီရွှမ်တောက် ပေးထားသော ကျောက်စိမ်းရုပ်တု ကို ဆော့ကစားနေရင်း ပြုံးလျက် မေးလိုက်၏။ "ဘာလဲ... အရှင်မင်းမြတ် ကလည်း ထိုက်ချန်း လို လုပ်ချင်နေတာလား..."

သူက တစ်ခါက ထိုက်ချန်း သို့ အလည်အပတ် သွားရောက်ခဲ့ဖူးပြီး အထက်မှ အောက်ခြေအထိ ထိုက်ချန်း တွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်ကို တွေ့ခဲ့ရသည်။ တာအိုခုံရုံး ကို စစ်ကြေညာရခြင်း၏ အကြောင်းရင်းမှာ ရန်ငြိုးများကြောင့် မဟုတ်ဘဲ အမုန်းတရားများကို အကြောင်းပြ၍ အာဏာစက် တစ်ခုကို တည်ထောင်ရန် နည်းလမ်း တစ်ခုအဖြစ် အသုံးပြုခြင်းသာ ဖြစ်၏။

ထိုက်ချန်း ၏ နောက်ကွယ်တွင် အစွမ်းထက် ဂိုဏ်းကြီးများစွာ ရှိနေခြင်းက သူတို့၏ ယုံကြည်မှု အရင်းအမြစ်ပင် ဖြစ်သည်။

လာမည့် နှစ်များတွင် နှစ်ဘက်စလုံးက နှစ်ထောင်ပေါင်းများစွာ ကြာအောင် ပြင်းထန်စွာ တိုက်ခိုက်ကြမည် ဖြစ်ပြီး ကျောက်ရူရှန်း က တာအိုခုံရုံး ကို ဦးဆောင်ကာ ထိုက်ချန်း ကို နှိမ်နင်းပြီး တာအိုခုံရုံး ၏ အရှင်သခင် နေရာသို့ တက်လှမ်းသွားသည်အထိ ကမ္ဘာကြီးကို မှိုင်းညို့ပြီး ဖရိုဖရဲ ဖြစ်သွားစေလိမ့်မည်။

ထိုအခါ မူလခေတ် က အဆုံးသတ်သွားပေလိမ့်မည်။

ထို့နောက် ရှေးဟောင်းခေတ် ဟု လူသိများမည့် ခေတ်တစ်ခေတ် စတင်လာမည် ဖြစ်ပြီး ၎င်းက မူလခေတ် ထက် များစွာ ပိုမို ရှည်လျားသော အချိန်ကာလ တစ်ခု ဖြစ်၏။

မူလခေတ် ၏ နောက်ဆုံး တိုက်ပွဲကြီးက လူသားကမ္ဘာကို ပျက်သုဉ်းမှုဆီသို့ တွန်းပို့သွားမည် ဖြစ်ပြီး ရှေးဟောင်း ကာလ ကို စတင်လာစေပေလိမ့်မည်။

ကုအန်၏ အကြည့်များက ဝေးကွာသော ခေတ်ကာလများအထိ မြင်တွေ့နိုင်စွမ်း ရှိပြီး ကျိ လာရောက်ခဲ့သော ထျန်ယွမ် ကာလ ကိုပင် မြင်တွေ့နိုင်၏။

သို့သော်လည်း အနာဂတ် ထျန်ယွမ် ကာလ မှာ ကျိ ၏ မူလ ဇာစ်မြစ်ဖြစ်သော ထျန်ယွမ် ကာလ နှင့် များစွာ ကွာခြားနေပြီ ဖြစ်သည်။

သို့တိုင်အောင် ကျိ သည် သေချာပေါက် မွေးဖွားလာရမည် ဖြစ်၏။ အကယ်၍ သူသာ မတည်ရှိပါက ကုအန်အား သူ ပေးအပ်ခဲ့သော မှတ်ဉာဏ်များမှာ စိတ်ကူးယဉ် သက်သက်သာ ဖြစ်သွားပေလိမ့်မည်။

"ငါ အဲဒီလို မလုပ်ချင်ဘူးလို့ ပြောရင် လိမ်ရာကျမှာပေါ့... ဧကရာဇ် တစ်ပါး အနေနဲ့ ဘယ်သူက ကမ္ဘာကြီးကို မစည်းလုံးချင်ဘဲ နေမလဲ... ဒါပေမဲ့ တာအိုခုံရုံး က အရမ်း အစွမ်းထက်လွန်းတယ်... ပြီးတော့ အောင်ပွဲအတွက် သေချာမှု မရှိဘဲနဲ့ ထိုက်ချန်း တိုက်ကြီး က လူတွေကို သေတွင်းထဲ ငါ မပို့နိုင်ဘူးလေ..." လီရွှမ်တောက် က ခေါင်းခါလျက် ပြောလိုက်သည်။

လက်ရှိအချိန်တွင် သူသည် ပူပင်မဲ့အမတ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ကျင့်ကြံခြင်း အရှိန်အဟုန် အရ ဝူရှီ တပည့်များနှင့် မယှဉ်နိုင်သော်လည်း သေမျိုးကမ္ဘာတွင်မူ အတော်လေး မြန်ဆန်သည်ဟု သတ်မှတ်၍ ရနိုင်သေးသည်။

သူတို့ နှစ်ယောက်က လောကီရေးရာ အကြောင်းများကို ပြောဆိုကြပြီး တစ်ခါတစ်ရံ လီယ၊ ယန်ကျန်း၊ လုံကျန်းနှင့် အခြားသူများ အကြောင်းကို ထည့်သွင်း ပြောဆိုကြ၏။

ယနေ့ခေတ်တွင် လီရွှမ်တောက် အလေးစားဆုံးသူမှာ ယန်ကျန်း သို့မဟုတ် မင်းသား မဟုတ်ဘဲ လုံကျန်း ပင် ဖြစ်သည်။

လုံချင်း ၏ သားဖြစ်ပြီး ယခုအခါ လုံ မိသားစု၏ ခေါင်းဆောင် ဖြစ်လာသော လုံကျန်း သည် ကြီးပြင်းလာခဲ့ပြီး သူ၏ ကျင့်ကြံခြင်းမှာ အံ့ဖွယ်ဓမ္မအမတ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူသည် ထိုက်ချန်း အင်ပါယာ ၏ အမြင့်မားဆုံး ပါရမီကို ကိုယ်စားပြုပြီး ကမ္ဘာအနှံ့ ကျော်ကြားသော ယှဉ်ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ဖြစ်သည်။

လီရွှမ်တောက် က စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ "ဒါနဲ့... ငါ အမြဲတမ်း မေးချင်နေတာ... လုံကျန်း ရဲ့ ကျင့်ကြံခြင်း အရှိန်က ပိုပိုပြီး မြန်လာတယ်... ယန်ကျန်း တောင်မှ အံ့သြနေရတယ်... မင်းကများ နောက်ကွယ်ကနေ သူ့ကို တိတ်တဆိတ် ပြုစုပျိုးထောင်ပေးနေတာလား..."

အမတ တာအို၏ ဆဋ္ဌမမြောက် အဆင့်ဖြစ်သော အံ့ဖွယ်ဓမ္မအမတ တစ်ပါးသည် ပြင်ပကောင်းကင်တွင် လှည့်လည်သွားလာနိုင်စွမ်း ရှိ၏။ အသက် တစ်သန်း မပြည့်မီ အံ့ဖွယ်ဓမ္မအမတ အဆင့်သို့ ရောက်ရှိခြင်းက ဘီလီယံ တစ်ခုတွင် တစ်ယောက်သာ ရှိနိုင်သော ပါရမီမျိုး ဖြစ်သည်။

ကုအန်က အရက်ခွက်ကို မြှောက်၍ ပြုံးလျက် ပြောလိုက်သည်။ "သိရင်လည်း နှုတ်ဆိတ်နေလိုက်ပါ..."

အမှန်တကယ်ပင် သူက လုံကျန်း ကို အတော်လေး သဘောကျ၏။ တစ်ခါတစ်ရံတွင် သူက အခြားသူ တစ်ယောက်အဖြစ် အသွင်ပြောင်းကာ လုံကျန်း အနီးတွင် နေလေ့ရှိသည်။ လုံကျန်း ယနေ့ အခြေအနေအထိ ရောက်ရှိလာခြင်းမှာ သူ၏ တာအိုဆန္ဒကြောင့်ဟု ဆိုနိုင်ပေသည်။ လုံကျန်း ကျင့်ကြံသည့် အခါတိုင်း သူ၏ တာအိုဆန္ဒက လုံကျန်း ကို လွှမ်းခြုံထားပြီး သူ၏ ဉာဏ်အလင်းရခြင်း ကို ကူညီပေးလေ့ရှိ၏။

ဤကိစ္စနှင့် ပတ်သက်၍ လုံကျန်း ကိုယ်တိုင် မသိရှိသေးချေ။

အမှန်တကယ်တော့ ကုအန်၏ တာအိုဆန္ဒက အခြားသူများကို ကူညီပေးနိုင်သော်လည်း ၎င်းက သူတို့ကို ညင်သာစွာ တွန်းအားပေးရုံသာ ဖြစ်၏။

အကယ်၍ လုံကျန်း သာ အလွန် သာမန် နားလည်နိုင်စွမ်း ရှိသူ ဖြစ်ခဲ့လျှင် သူက နေ့စဉ် တာအိုဆန္ဒကို အသုံးပြု၍ ကူညီပေးခဲ့လျှင်တောင် လက်ရှိ အောင်မြင်မှုများ ရရှိသည်အထိ ပြုစုပျိုးထောင်ပေးနိုင်ခဲ့မည် မဟုတ်ပေ။

ထိုစကားကို ကြားသောအခါ လီရွှမ်တောက် မှာ ပို၍ ပျော်ရွှင်သွားပြီး အရက်များ ထပ်မံ ငှဲ့ပေးလေတော့သည်။

သူတို့ နှစ်ယောက်က နှစ်နာရီတိတိ အရက်သောက်ပြီးနောက် နောက်ဆုံးတွင် ကုအန်က နှုတ်ဆက် ထွက်ခွာသွား၏။

ကုအန် ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း လီရွှမ်တောက် က မနေနိုင်ဘဲ မေးလိုက်သည်။ "ကုအန်... ဒီလို နေ့ရက်တွေက ဘယ်လောက်ကြာကြာ ဆက်ရှိနေဦးမထင်လဲ..."

နှစ်တစ်သိန်း ဆိုသည်မှာ သူ့အတွက် အလွန် ရှည်လျားလွန်းလှပြီး အထူးသဖြင့် သူက ဧကရာဇ် တစ်ပါး ဖြစ်နေသဖြင့် သာမန်လူများထက် များစွာ ပိုမိုသော ခွဲခွာခြင်းများကို ရင်ဆိုင်ခဲ့ရ၏။

သူ၏ မျိုးဆက်များစွာကို သူ ကိုယ်တိုင် လိုက်လံ ပို့ဆောင်ပေးခဲ့ရပြီး နန်းတွင်း အမတ်များမှာလည်း တစ်သုတ်ပြီး တစ်သုတ် ပြောင်းလဲနေခဲ့သည်။

ကုအန်နှင့် ရင်ဆိုင်ရချိန်တွင်သာ သူ၏ နှလုံးသားက တည်ငြိမ်သွားပြီး အချို့သော အရာများကို အချိန်က မဖျက်ဆီးနိုင်ကြောင်း သူ ခံစားရ၏။

အကြင်နာ အကင်းမဲ့ဆုံး နေရာမှာ တော်ဝင် မိသားစု၏ အိမ်တော်ပင် ဖြစ်ပြီး လီရွှမ်တောက် မှာလည်း အထီးကျန် ဝိညာဉ် တစ်ခုအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။

ကုအန်က သူ၏ လက်ထဲရှိ ကျောက်စိမ်းရုပ်တု ကို မြှောက်ကာ ပြောလိုက်သည်။ "မင်း ငြီးငွေ့သွားတဲ့ အထိပေါ့..."

သူ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လီရွှမ်တောက် မှာ မနေနိုင်ဘဲ ခေါင်းခါလျက် ပြုံးလိုက်ပြီး တီးတိုး ရေရွတ်လိုက်၏။ "ငါက ဘယ်လိုလုပ်ပြီး ငြီးငွေ့နိုင်မှာလဲ..."

သူ၏ မျက်နှာအမူအရာက တဖြည်းဖြည်း ရှုပ်ထွေးလာပြီး သူက မတ်တတ်မရပ်ဘဲ အရက်စားပွဲတွင်သာ ဆက်ထိုင်နေကာ အတွေးများထဲတွင် နစ်မြောနေလေသည်။

ထိုက်ချန်း အင်ပါယာ မှ ထွက်ခွာလာပြီးနောက် ကုအန်က တိမ်ပင်လယ် အထက်တွင် ထွက်ပေါ်လာပြီး ရှေ့သို့ လမ်းလျှောက်သွား၏။

"နောက်ဆုံးတော့လည်း လူ့နှလုံးသား ဆိုတာ အမြဲတမ်း ပြောင်းလဲနေတာပဲလေ..."

ကုအန်က သက်ပြင်းချလိုက်သည်။ လီရွှမ်တောက် ၏ ဘဝနှင့် ပတ်သက်၍ သူ အများကြီး ဝင်မပါချင်ခဲ့ချေ။

လီရွှမ်တောက် က ဧကရာဇ် တစ်ပါးအဖြစ် အချိန်အတော်ကြာ နေခဲ့ပြီး ဖြစ်သည်။ ထိုက်ချန်း အင်ပါယာ ၏ နယ်မြေချဲ့ထွင်မှု ရပ်တန့်သွားသောအခါ အတွင်းရေး ပဋိပက္ခများလည်း ပေါက်ကွဲထွက်လာပေလိမ့်မည်။ သူက ပုန်ကန်သော တော်ဝင် မိသားစုဝင်များကို တစ်ခါက ကွပ်မျက်ခဲ့ဖူးရာ တော်ဝင် မိသားစုနှင့် သူ့ကို ပိုမို ဝေးကွာသွားစေခဲ့၏။

တစ်ချိန်တည်းမှာပင် လီယနှင့် လီလင်ထျန်း တို့က သေမျိုးကမ္ဘာ အနှံ့ လှည့်လည်သွားလာနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တစ်ခါမှ ပြန်မလာခဲ့ကြချေ။

ကုအန်က သူ့ကို လာမရှာသောအခါတိုင်း သူက အိပ်ဆောင် သို့မဟုတ် ဧကရာဇ် စာကြည့်ဆောင် တွင်သာ နေလေ့ရှိပြီး ကျင့်ကြံခြင်း သို့မဟုတ် စာဖတ်ခြင်းများ ပြုလုပ်နေတတ်၏။

လီရွှမ်တောက် တစ်ယောက်တည်း သာမကဘဲ အခြား မိတ်ဆွေဟောင်းများလည်း ဘဝ၏ အခက်အခဲ ပြဿနာများကို ရင်ဆိုင်နေရပြီး ၎င်းတို့မှာ အခြေအနေများထက် စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ပိုတူပေသည်။

အမတ ကျင့်ကြံရေး လမ်းကြောင်းက ရှည်လျားလှသည်။ နှစ်များတစ်လျှောက် အဆင့် မချိုးဖျက်နိုင်သောအခါ တိုက်ခိုက်လိုစိတ်များ အားနည်းလာပြီး အတွေးများ ဖရိုဖရဲ ဖြစ်လာတတ်၏။

ရည်မှန်းချက်များနှင့် ခံစားချက်များ ယှက်နွှယ်နေမှုက သေမျိုးကမ္ဘာရှိ နှလုံးသားများကဲ့သို့ ရှုပ်ထွေးပြီး ထိန်းချုပ်ရန် ခက်ခဲလှပေသည်။

သူတို့အတွက်သာ မဟုတ်ဘဲ ကုအန် ကိုယ်တိုင်လည်း တစ်ခါတစ်ရံတွင် ဂနာမငြိမ် ဖြစ်လာတတ်ပြီး အထူးသဖြင့် သူ၏ တာအို ဖန်တီးခြင်း လမ်းကြောင်းက အဆင်မပြေသော အချိန်များတွင် ဖြစ်၏။

ဤအကြောင်းကြောင့်ပင် ကုအန်က လောကီကမ္ဘာ အနှံ့ ခရီးသွားရန်နှင့် ဂိုဏ်းကြီးများနှင့် အင်ပါယာ မင်းဆက်များသို့ သွားရောက် လည်ပတ်ရန် နှစ်သက်ခဲ့သည်။ ကွဲပြားခြားနားသော သက်ရှိများက သူ၏ တာအို နှလုံးသားကို လျင်မြန်စွာ တည်ငြိမ်လာစေရန် အမြဲတမ်း ကူညီပေးလေ့ ရှိ၏။

ယနေ့ လီရွှမ်တောက် ကို ရှာ၍ အရက်သောက်ရခြင်း၏ အကြောင်းရင်းမှာ သူ၏ တာအို ဖန်တီးခြင်း လမ်းကြောင်းက နောက်ဆုံးတွင် တိုးတက်မှု ပြသလာသောကြောင့် ဖြစ်ပြီး သူ၏ စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် အတူသောက်ရန် သူငယ်ချင်း တစ်ယောက်ကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။

လီယမှာ အချုပ်အချယ်ကင်းမဲ့သော ရန်ငြိုးများဖြင့် အလုပ်ရှုပ်နေသဖြင့် ကုအန် အနေဖြင့် သူ ဖခင်ကိုသာ ရှာဖွေနိုင်၏။

ကုအန်က လီရွှမ်တောက် နှင့် တွေ့ဆုံချိန်တွင် သူက အလွန် အားနည်းနေသေးသည်။ ထို့ကြောင့် လီရွှမ်တောက် ကို မြင်သောအခါ ပျောက်ဆုံးသွားသော အားနည်းမှု ခံစားချက်ကို သူ ပြန်လည် သတိရနိုင်ပြီး ထိုခံစားချက်က အစွမ်းထက်လာပြီးနောက် ရရှိလာသော သူငယ်ချင်းများက ပေးစွမ်းနိုင်သော အရာမျိုး မဟုတ်ချေ။

မကြာမီမှာပင် ကုအန်က တိမ်ပင်လယ် အထက်မှ ပျောက်ကွယ်သွား၏။

သူက ရှောင်လန်၏ လိုဏ်ဂူကောင်းကင် သို့ ရောက်ရှိလာပြီး သူ၏ ကိုယ်ပွားနှင့် လဲလှယ်လိုက်သည်။

ရှောင်လန်က တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာတော့မည် ဖြစ်၏။

မဟာတာအို၏ လမ်းစဉ်မှ ပြန်လာကတည်းက သူမ၏ ကျင့်ကြံခြင်း တိုးတက်မှု အရှိန်အဟုန်က နှေးကွေးသွားခဲ့သည်။ နှစ်တစ်သိန်းကြာ တံခါးပိတ် ကျင့်ကြံပြီးနောက်မှာပင် အဆင့်ချိုးဖျက်ရန် မျှော်လင့်ချက် မရှိသေးသဖြင့် သူမ၏ ရင်ထဲတွင် အတော်လေး ဂနာမငြိမ် ဖြစ်နေခဲ့၏။

"အစ်ကိုကု..."

အသံက လူထက် အရင် ရောက်လာသည်။

ပန်းများနှင့် မြက်များကို အားကျနေသော ကုအန်က လှည့်ကြည့်ရန် ပြင်လိုက်စဉ်မှာပင် ရှောင်လန်က သူ့အပေါ်သို့ ခုန်အုပ်လိုက်၏။

ရှောင်လန်က ဘာစကားမှ မပြောဘဲ သူ့ကို နမ်းလိုက်ပြီး သူ၏ အဝတ်အစားများကို ချွတ်ရန် ကြိုးစားလေတော့သည်။

လိုဏ်ဂူကောင်းကင် အတွင်း၌ သူတို့ နှစ်ယောက်တည်းသာ ရှိနေသော်လည်း ဤကဲ့သို့သော ကြမ်းတမ်းမှုမျိုးက ကုအန်အတွက် တစ်ခါမှ မကြုံဖူးသော အရာတစ်ခု ဖြစ်၏။

ရက်အနည်းငယ် ကြာပြီးနောက်...

ရှောင်လန်က မြက်ခင်းပြင်ပေါ်မှ ထလာပြီး သူမ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်ကာ အဝေးသို့ ကြည့်ရင်း သက်ပြင်းချလိုက်သည်။ "အစ်ကိုကု... ကျွန်မလည်း အဟန့်အတားတွေ စကြုံလာရပြီ.... ကျွန်မက အစစ်အမှန် ပါရမီရှင် တစ်ယောက် မဟုတ်ဘူးလို့ ရုတ်တရက် ခံစားလာမိတယ်..."

ကုအန်က သူမနှင့်အတူ မတ်တတ်ရပ်လိုက်ပြီး သူမ၏ မျက်နှာဘေးဘက်ကို ကြည့်ကာ မေးလိုက်၏။ "ငါတို့ နည်းနည်းလောက် စမ်းသပ် တိုက်ခိုက်ကြည့်ကြမလား..."

ရှောင်လန်က သူ့ကို လှည့်ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

"အစ်ကိုကု... အစ်ကို့ကို အနိုင်ယူပြီး ယုံကြည်မှု ပြန်လည် တည်ဆောက်ဖို့ ကျွန်မ မလိုပါဘူး... အစ်ကို့ကို အကြိမ်များကြီး အနိုင်ယူရင်တောင်မှ ကျွန်မရဲ့ တာအိုကျင့်ကြံမှုက အဲဒါကြောင့် တိုးတက်လာမှာမှ မဟုတ်တာ..." ရှောင်လန်က လွမ်းဆွေးနေသော မျက်နှာဖြင့် ပြောလိုက်၏။

အကယ်၍ မဟာတာအို၏ လမ်းစဉ်ပေါ်တွင် အစွမ်းထက်သော ရန်သူများနှင့် တိုက်ခိုက်ရပါက တိုက်ပွဲ ပြီးဆုံးသွားချိန်တွင် တာအို ဝိညာဉ်စွမ်းအင် များက သူမထံသို့ စီးဝင်လာပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်ကို အချိန်တိုအတွင်း လျင်မြန်စွာ မြင့်တက်လာစေနိုင်သည်။

ထိုခံစားချက်က အမှန်တကယ်ပင် အလွန် ကောင်းမွန်လှပြီး သူမက ၎င်းကို တမ်းတနေဆဲ ဖြစ်၏။

"ငါက အရှုံးပေးမယ်လို့ ဘယ်သူ ပြောလို့လဲ..."

ကုအန်၏ အသံက ရှောင်လန်၏ အတွေးများကို ဖြတ်တောက်လိုက်သဖြင့် သူမက သူ၏ အကြည့်များနှင့် ဆုံတွေ့သွားလေသည်။

ရှောင်လန် မှင်သက်သွား၏။ ကုအန်၏ မျက်နှာအမူအရာ ဤမျှ တည်ကြည်လေးနက်နေသည်ကို သူမ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။

သူမက နှုတ်ခမ်းကို အနည်းငယ် စူလျက် မေးလိုက်သည်။ "ဘာလဲ... ကျွန်မကို အလျှော့ပေးဖို့ ပြောချင်လို့လား..."

ကုအန်က သူမကို စိုက်ကြည့်ရင်း တီးတိုး ပြောလိုက်၏။ "မင်း အစွမ်းကုန် ကြိုးစားရင်တောင် မင်း ငါ့ကို ဘယ်လိုမှ အနိုင်ယူနိုင်မှာမဟုတ်ဘူး"

အခန်း ၇၀၂ မူလဘူတ တာအိုဧကရာဇ်

ကုအန်က နောက်ပြောင်နေပုံမရသည်ကို မြင်သောအခါ ရှောင်လန်မှာ ဝေခွဲမရ ဖြစ်သွားသော်လည်း သူမ၌ ကိုယ်ပိုင် မာနရှိသဖြင့် ယခုချက်ချင်း အလျှော့မပေးလိုသေးပေ။

"ဒါဆိုလည်း စလိုက်ကြတာပေါ့..."

ရှောင်လန်က လက်ကို မြှောက်၍ ဆရာတစ်ဆူ၏ ဟန်ပန်ဖြင့် ကုအန်ကို လာရန် လက်ယပ်ခေါ်လိုက်၏။

ကုအန်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး သူ၏ ညာဘက်ခြေထောက်ကို ခပ်ဖွဖွ ရွှေ့လိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာကြီး တစ်ခုလုံး ရုတ်ခြည်း ပြောင်းလဲသွား၏။ ကောင်းကင်ယံက မှိုင်းညို့သွားပြီး မြေပြင်ပေါ်ရှိ ပန်းများနှင့် မြက်များက ပျောက်ကွယ်သွားကာ အဆုံးအစမရှိသော တောရိုင်းမြေပြင်ကြီး တစ်ခုက သူတို့၏ ခြေအောက်တွင် ထွက်ပေါ်လာသည်။

ဤရုတ်တရက် ပတ်ဝန်းကျင် အပြောင်းအလဲကြောင့် ရှောင်လန်၏ မျက်နှာအမူအရာ ကြီးစွာ ပြောင်းလဲသွား၏။ သူမက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူမ၏ ပတ်ပတ်လည်ရှိ အရာအားလုံးက ပုံရိပ်ယောင်တစ်ခုနှင့် မတူကြောင်း ခံစားလိုက်ရသည်။

ဘာတွေ ဖြစ်နေသနည်း။

သူမက ကုအန်ကို လှည့်ကြည့်ကာ သတိထား၍ မေးလိုက်သည်။ "အစ်ကိုက တကယ်ပဲ ကျွန်မရဲ့ အစ်ကိုကု ဟုတ်ရဲ့လား..."

ကုအန်က ရယ်မောလိုက်၏။ "လန်အာ... သေချာ စဉ်းစားကြည့်ပါ... ငါ့ရဲ့ ဇာစ်မြစ်ကို မင်း တကယ် သေချာသိခဲ့ရဲ့လား... မင်း လူမှန်းသိတက်စရွယ်ကတည်းက ငါက ရှောင်အိမ်တော် မှာ ရှိနေခဲ့တာလေ... ရှောင်အိမ်တော် ကို မလာခင်က ငါ ဘယ်သူလဲဆိုတာ မင်း သိခဲ့လို့လား..."

"အစ်ကိုက ဘယ်သူလဲ..."

ကုအန်၏ စကားကို နားထောင်ရင်း ရှောင်လန်၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွား၏။ ကုအန်က ကုအန် ဖြစ်နေသရွေ့ သူမ မည်သည့်ကိုမှ ကြောက်ရွံ့နေမည် မဟုတ်ပေ။

ကုအန်က ချင်းဟုန်ဓား ကို ဆွဲထုတ်လိုက်ပြီး ဓားအိမ်ကို ဆုပ်ကိုင်လျက် ပြောလိုက်သည်။ "အရင်ဆုံး မင်းရဲ့ အစွမ်းကုန် ခွန်အားကို ငါ့ကို ပြပါဦး..."

ရှောင်လန်၏ မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် လက်သွားပြီး သူမ၏ လူရိပ်က လျှပ်တစ်ပြက် လှုပ်ရှားသွား၏။

ဘုန်း...

ရှောင်လန်က ဝိညာဉ်ဖြူ ဓား ကို ကိုင်ဆောင်လျက် ကုအန်၏ ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ဓားသွားက ကုအန်၏ ပခုံးနှင့် ဆယ်စင်တီမီတာခန့်သာ ကွာဝေးတော့၏။ သူတို့၏ ခြေအောက်ရှိ မြေပြင်က အက်ကွဲသွားပြီး မရေမတွက်နိုင်သော ကျောက်စရစ်ခဲများက လေထဲသို့ လွင့်စင်သွားကာ ကမ္ဘာကြီးက ထိုဖိအားကို မခံနိုင်ဘဲ ပြိုကျနေသည့်အလား ရှိနေသည်။

သို့သော်လည်း ဤဆယ်စင်တီမီတာ အကွာအဝေးကို ရှောင်လန်မှာ ရှေ့သို့ ဆက်၍ တိုးမရနိုင်အောင် ဖြစ်နေ၏။

ကုအန် ဤမျှ အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် သူမ၏ သူငယ်အိမ်များ ရုတ်ခြည်း ပြူးကျယ်သွားသည်။

ကုအန်က ချင်းဟုန်ဓား ၏ ဓားအိမ်ကို ကိုင်ထားလျက် ရှေ့သို့ တွန်းလိုက်၏။

ရှောင်လန်က သူမထံသို့ ဒီရေလှိုင်းကြီး တစ်ခုကဲ့သို့ အပြင်းအထန် ရိုက်ခတ်လာသော ထိတ်လန့်ဖွယ် စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး သူမမှာ မထိန်းချုပ်နိုင်ဘဲ အဝေးသို့ တွန်းပို့ခံလိုက်ရကာ ချွန်ထက်သော မြားတစ်စင်းကဲ့သို့ ကမ္ဘာကြီး၏ အစွန်းတစ်ဘက်သို့ ပျောက်ကွယ်သွားလေသည်။

လမ်းတစ်လျှောက်တွင် ရှောင်လန်က ဧရာမ တောင်ကြီး ဒါဇင်ပေါင်းများစွာကို ရိုက်ချိုး ဖြတ်သန်းသွားခဲ့ရပြီး လေထဲတွင် ဖုန်မှုန့်များနှင့် ကျောက်တုံးများ ပြန့်ကျဲနေသော ရှည်လျားသည့် လမ်းကြောင်းကြီး တစ်ခုကို ချန်ထားရစ်ခဲ့ကာ အထူးသဖြင့် ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ဖြစ်လာ၏။

ရှောင်လန်က လှည့်ပတ်နေသော ဖုန်မှုန့်များထဲမှ လျင်မြန်စွာ ထွက်ပေါ်လာပြီး အနည်းငယ်မျှပင် ဖရိုဖရဲ ဖြစ်နေပုံမရချေ။ သူမ၏ ပတ်ပတ်လည်တွင် မျက်စိဖြင့် မြင်နိုင်သော ချီစွမ်းအား များ ရှိနေပြီး ကုအန် ရှိရာ အရပ်သို့ လှမ်းကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

ထိုအခိုက်အတန့်တွင် သေဆုံးခြင်းကို ရင်ဆိုင်လိုက်ရသည့်အလား ထိတ်လန့်ဖွယ်ကောင်းသော ခံစားချက်ကို သူမ ခံစားလိုက်ရ၏။

မြေကြီးနှင့် တောင်တန်းများက အပြင်းအထန် တုန်လှုပ်သွားပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသော ဖုန်မုန်တိုင်းကြီး တစ်ခု ထွက်ပေါ်လာသည်။ ကျယ်ပြောလှသော ဖုန်မှုန့် လှိုင်းလုံးများကြားတွင် လျင်မြန်စွာ လူရိပ်တစ်ခု တက်လာ၏။၎င်းမှာ ကုအန် ပင်။

ကုအန်၏ အကြည့်များကို ရှောင်လန်သည် ထင်ရှားစွာ ခံစားသိရှိနိုင်သည်။ သို့ရာတွင် ကုအန်သည် ဘာကြောင့် ထိုမျှ အစွမ်းထက်နေသည်ကို သူမ မစဉ်းစားနိုင်တော့ပေ။ သူမသည် ဓားကို ချက်ချင်း မြှောက်လိုက်ပြီး ဓားဆန္ဒများက ကောင်းကင်သို့ ထိုးတက်ကာ သူမ၏ ပတ်ဝန်းကျင်တွင် ဓားပုံရိပ်များ ပေါ်ထွက်လာသည်။ ထိုပုံရိပ်များသည် လျင်မြန်စွာ ပွားများတိုးလာကာ ၎င်းတို့၏ နယ်ပယ်ကို ပိုမို ကျယ်ပြန့်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားပုံရိပ်များက မိုင်ထောင်ချီသော ပတ်ဝန်းကျင်ကို လွှမ်းခြုံသွား၏။ အဆုံးအစမရှိသော ဓားပုံရိပ်ပင်လယ်ကြီးက ရှောင်လန်၏ ဓားနှင့်အတူ မြင့်တက်လာပြီး စကြဝဠာဆီသို့ ဦးတည်သွားနေသော ကြယ်စုတန်း တစ်ခုနှင့် တူနေသည်။ ဓားချီ များက အလင်းတန်းများ မြင့်တက်လာသည့်အလား အမြီးတန်းများကို ဖန်တီးလိုက်ရာ အလွန်အမင်း စွဲမက်ဖွယ် ကောင်းလှပေသည်။

ရှောင်လန်က သူမ၏ ဓားကို ကုအန်ထံသို့ ခုတ်ပိုင်းလိုက်ရာ အရပ်မျက်နှာ အသီးသီးမှ ဓားပုံရိပ်များကလည်း အတူတကွ လိုက်ပါသွားကြသည်။ ဓားပုံရိပ်တိုင်းက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ဓားချီ များကို ထုတ်လွှတ်လိုက်ပြီး တားဆီး၍ မရနိုင်လောက်အောင် ရှိနေ၏။

မြေကြီးက တုန်ခါသွားပြီး ကောင်းကင်ယံက ဆုတ်ဖြဲခံလိုက်ရသည်။ ဤလွှမ်းမိုးနိုင်စွမ်းရှိသော ဓားချီ များကြားတွင် အရာအားလုံးက အလွန် အားနည်း နူးညံ့နေပုံရ၏။

ကုအန်က မည်သည့် နတ်ဘုရား ကျင့်စဉ်ကိုမျှ အသုံးမပြုဘဲ ရှောင်လန်ထံသို့ တိုက်ရိုက် ပျံသန်းသွားသည်။

အရှိန်နှုန်းက ရုတ်ခြည်း မြင့်တက်သွား၏။

လျှပ်စီးတန်း တစ်ခုကဲ့သို့ ကောင်းကင်နှင့် မြေကြီးကြားရှိ ဓားချီ ပင်လယ်ကြီးကို ဆုတ်ဖြဲ ဖြတ်သန်းသွားပြီး ကောင်းကင်ယံကြီး နှစ်ခြမ်းကွဲသွားသည့်အလား ထင်မှတ်ရစေသည်။

ချွင်...

ရှောင်လန်၏ ဝိညာဉ်ဖြူ ဓား က ကုအန်၏ ဓားအိမ်ကို ပိတ်ဆို့ ကာကွယ်လိုက်ပြီး ထိုအခိုက်အတန့်တွင် သူမ၏ ချီနှင့် သွေးများ ဆူပွက်လာသည်ကို ခံစားလိုက်ရကာ အလွန် နေရထိုင်ရ ခက်သွား၏။

သူမက ကုအန်ကို ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာက အလွန် ခံစားချက် ကင်းမဲ့နေပြီး သူ၏ မျက်လုံးများထဲတွင် မည်သည့် စိတ်လှုပ်ရှားမှုမျှ မရှိသည်ကို တွေ့လိုက်ရသည်။

ထိုကဲ့သို့သော မျက်နှာအမူအရာက ရှောင်လန်ကို အပြင်းအထန် ရန်စလိုက်သကဲ့သို့ ဖြစ်သွား၏။ သူမက ခုန်တက်၍ ကုအန်၏ ရှေ့မှ ပျောက်ကွယ်သွားပြီး သူ၏ အနောက်တွင် ပြန်လည် ထွက်ပေါ်လာသည်။

ရှောင်လန်က အလံကြီး ခုနစ်ဆယ့်နှစ်ခုကို ဆင့်ခေါ်လိုက်ပြီး ကုအန်ကို လျင်မြန်စွာ ဝိုင်းရံလိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝင်္ကပါတစ်ခု တည်ဆောက်ပြီးသွားကာ မိုးကြိုး ထောင်ပေါင်းများစွာ ပေါက်ကွဲ ထွက်ပေါ်လာပြီး ကုအန်၏ ပတ်ပတ်လည်တွင် ယှက်နွှယ်သွားလေသည်။

ကုအန်က ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ရာ လျှပ်စီးတန်းများက သူ့ကို ထိတော့မည့် ဆဲဆဲတွင် တိုက်ရိုက်ပင် ပျောက်ကွယ်သွားပြီး သူ၏ ပတ်ပတ်လည်တွင် ချဉ်းကပ်၍ မရနိုင်သော နယ်မြေတစ်ခုကို ဖန်တီးလိုက်သည်။

ရှောင်လန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ သူမက ဝိညာဉ်ဖြူ ဓား ကို သူမ၏ သိုလှောင်ရေး အိတ်ထဲသို့ သိမ်းဆည်းလိုက်ပြီး လက်နှစ်ဖက်ဖြင့် ဂါထာမန္တန်များ ရွတ်ဆိုလိုက်သည်။ လျှပ်စီးတန်းများက အရောင်ပြောင်းသွားပြီး ခရမ်းရောင် မိုးကြိုးနဂါးများအဖြစ် ပြောင်းလဲသွားကာ ကုအန်ကို အရူးအမူး တိုက်ခိုက်လေတော့၏။ ဝင်္ကပါ၏ အလင်းရောင်ကလည်း မြင့်တက်လာပြီး ကမ္ဘာကြီး တစ်ခုလုံးကို လင်းထိန်သွားစေသည်။

"မင်း တတ်နိုင်တာ ဒီလောက်ပဲလား..."

ကုအန်၏ အသံက ပဲ့တင်ထပ်သွားပြီး ရှောင်လန်၏ မျက်လုံးများထဲမှ တိုက်ခိုက်လိုစိတ်များကို ပိုမို ဆူပွက်လာစေ၏။

ဘုန်း... ဘုန်း... ဘုန်း...

ကမ္ဘာကြီးက ဟိန်းဟောက်သွားပြီး မြေပြင်က ဆက်တိုက် အက်ကွဲသွားကာ ကျောက်တုံးများက ကောင်းကင်သို့ လွင့်စင်သွားကြသည်။ မှိုင်းညို့နေသော ကောင်းကင်ယံကြီးက ပုံပျက်လာပြီး ဤမျှ ကြီးမားသော တိုက်ပွဲကြီးကို ခံနိုင်ရည် မရှိတော့သည့်အလား ရှိနေ၏။

တစ်နာရီ ကြာပြီးနောက်...

အပျက်အစီးများ ကြားတွင်...

ရှောင်လန်က ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ဒူးတစ်ဖက် ထောက်ထားပြီး လက်တစ်ဖက်က ဝိညာဉ်ဖြူ ဓား ကို ကိုင်ကာ သူမ၏ ခန္ဓာကိုယ်ကို ထောက်ခံထား၏။ သူမ၏ ဆံပင်များက ဖရိုဖရဲ ဖြစ်နေပြီး သူမ၏ ဝတ်စုံကလည်း စုတ်ပြဲ ညစ်ပေနေကာ အလွန်အမင်း သနားစဖွယ် ကောင်းနေသည်။

သူမက မျက်လုံးများကို အားယူ၍ မော့ကြည့်လိုက်ရာ ကောင်းကင်ယံမှ ဆင်းသက်လာပြီး သူမ၏ ရှေ့တွင် လွင့်မျောနေသော ကုအန်ကို တွေ့လိုက်ရ၏။

နှိုင်းယှဉ်ကြည့်လျှင် ကုအန်က တိုက်ပွဲ၏ သက်ရောက်မှုကို အလျဉ်းမခံရသည့်အလား ရှိနေသည်။ သူ၏ ကိုယ်ပေါ်တွင် ဖုန်တစ်မှုန့်မျှပင် မရှိသလို သူ၏ မျက်နှာပေါ်တွင်လည်း ချွေး သို့မဟုတ် သွေးစွန်းထင်းမှုများ မရှိချေ။

"ငါ့ရဲ့ စွမ်းအားက ဘယ်လိုနေလဲ..." ကုအန်က မေးလိုက်၏။

ရှောင်လန်က နှုတ်ခမ်းကို စူလျက် ပြောလိုက်သည်။ "အရမ်း အစွမ်းထက်တယ်... ကျွန်မ အစ်ကို့ကို မနိုင်ဘူး..."

ထိတ်လန့်သွားပြီးနောက် သူမက အနည်းငယ် ဝမ်းနည်း နာကြည်းမှုကို ခံစားလိုက်ရ၏။ ရက်အနည်းငယ် အရင်က အရာအားလုံးက အလွန် ချိုမြိန်နေခဲ့သော်လည်း ယနေ့တွင် သူက ဤမျှ ကြမ်းတမ်းနေခဲ့သည်။

ကုအန်သည် အနည်းငယ် ပြုံးပြ၍ ပြောလိုက်သည်။

"မင်း ငါ့ကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင်... မင်းဟာ တာအိုဧကရာဇ် တစ်ပါး ဖြစ်လာနိုင်တယ်။ အဲ့ဒီအချိန်မှာ... မင်းကို ကျင့်ကြံရာလမ်းကို ငါ ကိုယ်တိုင် သင်ပေးမယ်..."

ထိုစကားကို ကြားသောအခါ ရှောင်လန်က သူ့ကို ကြည့်၍ မတ်တတ်ရပ်ရန် အားယူရင်း မေးလိုက်သည်။ "အစ်ကို မဟာတာအို လမ်းစဉ် ကို ရောက်ဖူးတာလား..."

"ငါ ရောက်ဖူးတယ်..."

"ဒါဆို အရင်တုန်းက မဟာတာအို လမ်းစဉ် အကြောင်း ကျွန်မ ပြောပြတုန်းက ဘာလို့ ဒီလောက် စပ်စုချင်ယောင် ဆောင်နေခဲ့တာလဲ..."

ရှောင်လန်က ဝမ်းနည်း နာကြည်းစွာဖြင့် ပြောလိုက်ပြီး ကစားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

ကုအန်က ပြောလိုက်သည်။ "ငါ့ရဲ့ အတိတ်ဘဝတုန်းက ရောက်ခဲ့တာပါ... လူတိုင်းမှာ သူတို့ရဲ့ အတိတ်ဘဝ ဆိုတာ ရှိတယ်လေ... မင်းမှာလည်း ရှိတယ်... မင်း ဆန္ဒရှိရင် မင်းရဲ့ အတိတ်ဘဝ မှတ်ဉာဏ်တွေကို ပြန်ရအောင် အခု ငါ ကူညီပေးနိုင်တယ်..."

ရှောင်လန်က မျက်မှောင်ကြုတ်လျက် မေးလိုက်၏။ "အစ်ကိုက တိတိကျကျ ဘယ်အဆင့်မှာ ရှိနေတာလဲ... အစ်ကို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဘာလို့ ဖုံးကွယ်ထားတာလဲ... အစ်ကိုကများ..."

ကုအန်က သူမအပေါ် ရိုးသားမှု ရှိမရှိ သူမ မေးချင်ခဲ့သော်လည်း ၎င်းက သူမ နှုတ်မှ ထုတ်မပြောနိုင်သော မေးခွန်းတစ်ခု ဖြစ်သည်ဟု ခံစားလိုက်ရသည်။

ကုအန်က ပြုံးလိုက်၏။ "ငါ့ရဲ့ အဆင့်ကို လောလောဆယ် မင်းကို ပြောပြလို့ မရသေးဘူး... မင်း ငါ့ကို ကျော်တက်သွားတဲ့ အခါကျရင် မင်း သိလာမှာပါ... ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာက ပြဿနာတွေ မဖြစ်ချင်လို့ပဲ... ငါက အေးအေးချမ်းချမ်း နေရတာကို သဘောကျတယ်လေ... မင်း ငါ့ရဲ့ သဘာဝကို နားလည်သင့်ပါတယ်... ငါ မင်းအပေါ် ရိုးသားမှု ရှိမရှိ ဆိုတာကိုတော့ မင်း သံသယဝင်နေစရာ မလိုပါဘူး... အဲဒီတုန်းက ရှောင်အိမ်တော် ကို ငါ သွားခဲ့တာ မင်းအတွက်ပဲလေ..."

ရှောင်လန်က မျက်မှောင် ပို၍ ကြုတ်သွားသည်။ သူမက တစ်ချိန်ကလို အပြစ်ကင်းစင်သော မိန်းကလေး မဟုတ်တော့ချေ။ ကုအန်၏ ရှေ့တွင်သာ သူမက ရိုးအအဟန် ဆောင်နေခြင်း ဖြစ်၏။

"ကျွန်မရဲ့ အတိတ်ဘဝကြောင့်လား..." ရှောင်လန်က မေးလိုက်၏။

ကုအန်က ခေါင်းညိတ်ပြလိုက်သည်။

ရှောင်လန် တိတ်ဆိတ်သွား၏။

သူမ၏ အတွင်းစိတ်မှ အသံကို ကြားသောအခါ ကုအန်က နှစ်သိမ့်လျက် ပြောလိုက်သည်။ "အတိတ်ဘဝဖြစ်စေ၊ ပစ္စုပ္ပန်ဘဝဖြစ်စေ... မင်းက မင်းပါပဲ... ကွဲပြားတဲ့ မှတ်ဉာဏ်တွေ ရှိနေရုံ သက်သက်ပါ... အကယ်လို ငါက မင်းရဲ့ အတိတ်ဘဝကိုပဲ ဂရုစိုက်ခဲ့မယ်ဆိုရင် မင်းရဲ့ မှတ်ဉာဏ်တွေကို ငါ ပြန်ရအောင် လုပ်ပေးခဲ့တာ ကြာလှပေါ့..."

ရှောင်လန်က သက်ပြင်းရှည်ကြီး တစ်ချက်ချကာ မေးလိုက်၏။ "ကျွန်မ တာအိုဧကရာဇ် တစ်ပါး ဖြစ်လာအောင် အစ်ကို ကူညီပေးနိုင်လား..."

ကုအန်က သူမ၏ ရှေ့သို့ ဆင်းသက်လာပြီး ပြန်ဖြေလိုက်သည်။ "ကူညီပေးနိုင်တာပေါ့... ဒါပေမဲ့ တခြား လမ်းကြောင်းတစ်ခုပေါ်ကိုလည်း ငါ မင်းကို လမ်းညွှန်ပေးနိုင်တယ်... တာအိုဧကရာဇ် တစ်ပါး ဖြစ်လာတာထက် မနိမ့်ကျတဲ့ လမ်းကြောင်းမျိုးပေါ့..."

"ဘယ်လို လမ်းကြောင်းမျိုးလဲ..."

"မူလဘူတ တာအိုဧကရာဇ် ပဲ..."

ရှောင်လန်၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ဤဘွဲ့နာမည်ကို သူမ မကြားဖူးခဲ့သော်လည်း နာမည်ကို ကြားရုံဖြင့် ၎င်းက ထူးခြား ပြောင်မြောက်လှကြောင်း သိသာသည်။

သူမက မနေနိုင်ဘဲ မေးလိုက်သည်။ "မူလဘူတ တာအိုဧကရာဇ် ဆိုတာကရော ကံကြမ္မာ အဆင့်တစ်ခုပဲလား..."

ကုအန်က ပြုံးလိုက်၏။ "ဟုတ်တယ်... မူလဘူတ တာအိုဧကရာဇ် တစ်ပါး ဖြစ်လာမယ့် လမ်းကြောင်းက ဧကရာဇ် လမ်းစဉ် နဲ့ ကွာခြားတယ်... ဒါက သတ်ဖြတ်ခြင်းကနေတစ်ဆင့် မဟုတ်ဘဲ နားလည်သဘောပေါက်ခြင်း ကနေတစ်ဆင့် သွားရမှာ..."

All Chapters