ကွေလိမင်းကြီး
Vol. 7 Ch. 625
ကျင့်ကြံသူကျားက နှုတ်ခေါင်းတစ်ချက် ရှုံ့လိုက်ရင်း …
"ရှန်စန်းကျန်းရန်လုကျိုးယွမ်က သူ့တပည့်တွေကို သင်ပြပေးတဲ့နေရာမှာ အရမ်းတော်တယ် ဆိုတာကိုတော့ ငြင်းလို့မရပါဘူး၊ ဒါပေမဲ့ ရှန်စန်းကျန်းရန် ဒီလောကမှာ နေနေတာ ဘယ်လောက်ကြာနေပြီလဲ၊ ဒါပေမဲ့ ဆန်းကျန်းရန် နတ်ဘုရားကတော့ ကျင့်စဉ်လမ်းကို စလျှောက်လှမ်းတဲ့ အချိန်ကနေ လောကကို ကျော်လွန်သွားတဲ့အထိ အချိန်နည်းနည်းပဲ ကြာခဲ့တာလေ၊ သူ့မှ တပည့်တွေကို ပြုစုပျိုးထောင်ပေးဖို့ အချိန်တောင် မရလိုက်ရှာဘူး”
ကျင့်ကြံသူကျား ဟောပြောသည်ကို နားထောင်နေကြသည့် ကျင့်ကြံသူများ အားလုံးမှာလည်း ဆင်ခြင်တုံတရား ရှိသူများဖြစ်ကြလေသည်။
ထို့ကြောင့် ဆန်းကျန်းရန်ဘက်မှ မခံချင်ဖြစ်ကာ တစ်ယောက်တစ်ပေါက်ဖြင့် စတင် ဆွေးနွေးကြလေတော့သည်။
ဆန်းကျန်းရန် နတ်ဘုရားသည် အလွန်လျင်မြန်သည့် အရှိန်ဖြင့် နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက် နိုင်ခဲ့သည်ကို သူတို့အားလုံးလည်း သိကြလေသည်။ ယနေ့အချိန်ထိ အဓိက နတ်ဘုရားဂိုဏ်းကြီး (၄)ဂိုဏ်းတွင် ဟိုင်သန်းအဆင့်၊ လောကနတ်ဘုရား အဆင့်၊ လောကကို ကျော်လွန်သည့် အဆင့်တို့ကို ဆန်းကျန်းရန်လောက် လျင်မြန်စွာ တက်လှမ်းနိုင်သူ တစ်ဦးတစ်ယောက်မှ ထွက်ပေါ်လာခြင်း မရှိသေးပေ။ ဆန်းကျန်းရန် နတ်ဘုရား၏ စံချိန်ကိုမည်သူမှ မချိုးနိုင်သေးပေ။
ဆန်းကျန်းရန်ကဲ့သို့ မွေးရာပါ အရည်အချင်းမျိုးကို မည်သူမှ မပိုင်ဆိုင်ခဲ့ကြပေ။
တာအိုခန္ဓာကို ပိုင်ဆိုင်ထားသည့် ချန်ကျန်းရန် နတ်ဘုရားသည်ပင်လျှင် နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရန်အတွက် နှစ်ပေါင်း(၂၀၀) ကျင့်ကြံခဲ့ရလေသည်။ ဆန်းကျန်းရန် နတ်ဘုရားကတော့ နတ်ဘုရားတစ်ပါးဖြစ်ရန် နှစ်ပေါင်း (၁၀၀) ပင် မကြာခဲ့ပေ။ ရှန်စန်းကျန်းရန် လုကျိုးယွမ်နှင့် ယှဉ်လျှင်ပင် ဆန်းကျန်းရန် နတ်ဘုရားက ပိုပြီး လျင်မြန်လေသည်။
လူစုလူဝေးများမှာ ဆန်းကျန်းရန် နတ်ဘုရားဘက်မှ ထောက်ခံနေကြသည်ကို ကြားလိုက်ရသည့်အခါ ကျင့်ကြံသူကျားသည် တဖြည်းဖြည်း စိတ်လှုပ်ရှား လာခဲ့လေသည်။
သူက ပြုံးလိုက်ရင်း ….
“ဒီနေရာက လူတိုင်းက ဆန်းကျန်းရန် နတ်ဘုရားရဲ့ ကျင့်စဉ်လမ်း အဆင့်တက်တာ အရမ်းမြန်တယ်ဆိုတဲ့ အချက်ကိုပဲ ကြားဖူးပြီးတော့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိကြဘူး မဟုတ်လား၊ ကျုပ်ကတော့ ကျုပ်ရဲ့ဦးလေး ဆီကနေ အသေးစိတ် ကြားခဲ့ရဖူးတယ်၊ ခင်ဗျားတို့လည်း ကြားချင်တယ်ဆိုရင် ကျုပ်ပြောပြလို့ရပါတယ်”
ကျင့်ကြံသူများမှာလည်း ဒဏ္ဍာရီဆန်သည့် ဆန်းကျန်းရန်နတ်ဘုရား၏ ကျင့်စဉ်လမ်းနှင့် ပတ်သက်သည့် အသေးစိတ်ကို ကြားချင်နေကြလေရာ ….
သူတို့အားလုံး ပြိုင်တူ အော်ဟစ် လိုက်ကြလေသည်။
"ပြောပြပါ … ပြောပြပါ …"
ထို့နာက်တွင်တော့ ကျင့်ကြံသူများ အသံတိတ် သွားကြလေသည်။
သူတို့သည် ကျင့်ကြံသူကျား၏ မျက်နှာကိုငေးမောပြီး ပြောလာမည့်စကားကို နားစွင့်နေကြလေသည်။
ဆန်းကျန်းရန် နတ်ဘုရားကိုတော့ မည်သူမှ ပေါ့ပေါ့တန်တန် သဘောမထားရဲကြပါ။ ထို့ပြင် ဆန်းကျန်းရန် နတ်ဘုရားနှင့် ချန်ကျန်းရန်နတ်ဘုရား (၂)ပါးစလုံးသည် ကျင့်ကြံသူလောကကို များစွာ အကျိုးပြုခဲ့သူများ ဖြစ်ကြလေသည်။
အမှောင်မိစ္ဆာဂိုဏ်းကြောင့် ကျင့်ကြံသူလောက တစ်ခုလုံး ပရမ်းပတာ ဖြစ်နေစဉ်တွင် ဆန်းကျန်းရန် နတ်ဘုရားက လင်ထိုင်ဖန်းကျွမ်း တောင်တွင် အမှောင်မိစ္ဆာသခင်နှင့် ရင်ဆိုင်ခဲ့လေသည်။ ဆန်းကျန်းရန်သာ အမှောင်မိစ္ဆာသခင်ကို မနှိမ်နင်းနိုင်ခဲ့ပါက လက်ရှိကျင့်ကြံသူ လောကရှိ ထက်ဝက်ခန့်မှာ အမှောင်မိစ္ဆာသခင်၏ လက်ချက်ဖြင့် သုတ်သင်ခံရမည်မှာ မလွဲဧကန်ပင် ဖြစ်လေ။
ဆန်းကျန်းရန်နတ်ဘုရား မရှိတော့သည့် နောက်ပိုင်းတွင်လည်း ပြဿနာများက ရှိလာပြန်လေသည်။
အထူးသဖြင့် လော်ဝါဒဂိုဏ်းကြီး၏ အနိုင်ကျင့်မှုပင် ဖြစ်လေသည်။
ထိုအချိန်တုန်းကလည်း ဆန်းကျန်းရန် နတ်ဘုရား၏ တပည့်ရင်းဖြစ်သူ ချန်ကျန်းရန် နတ်ဘုရားက ကယ်တင်ပေးခဲ့ ရလေသည်။
အမှန်တော့ လော်ဝါဒ၏ သူတော်စင်မိန်းမပျို ကျောက်ရှောင်ယွီသည် ဆန်းကျန်းရန် နတ်ဘုရားနှင့် အလွန်ခင်မင် သည့်မိတ်ဆွေရင်းများ ဖြစ်ခဲ့ကြလေသည်။ အမှောင်မိစ္ဆာ သခင်သည်ပင်လျှင် ဆန်းကျန်းရန်၏ စိတ်နှလုံးကို အနှောင့်အယှက်ပေးရန် အတွက် ကျောက်ရှောင်ယွီ နတ်သမီးကို သတ်ဖြတ်ပစ်ရန် ကြံစည်ခဲ့သေးသည် မဟုတ်ပါ လား။
ချင်းရွှမ်နတ်တံခါးသည် ဆရာသခင် အဆက်ဆက်ကို လေးစားကြသူများ ဖြစ်လေရာ ဆန်းလျန်၏ မိတ်ဆွေဖြစ်သည့် ကျောက်ရှောင်ယွီနတ်သမီး တည်ထောင်ခဲ့သော လော်ဝါဒဂိုဏ်းကြီးကို အမြစ်ပြတ် သုတ်သင်ရန် ဆုံးဖြတ်ချက် ချရခြင်းသည် ချန်ကျန်းရန်နတ်ဘုရား အတွက် လွယ်ကူသည့်ကိစ္စ မဟုတ်ခဲ့ပေ။
သို့သော် … ချန်ကျင်းချင်သည် ဘက်လိုက်မှု ကင်းမဲ့ပြီး ဖြောင့်မတ်မှန်ကန်သူ တစ်ယောက် ဖြစ်လေသည်။
ထို့ပြင် ချန်ကျင်းချင်သည် အခြားသူများကိုလည်း မကြာခဏ အကူအညီ ပေးတတ်လေသည်။ နတ်ဘုရားတစ်ပါး အဖြစ် အဆင့်မတက်ရောက် နိုင်သေးခင် ကာလမှပင် သူသည် ကျင့်ကြံသူများ အလယ်တွင် စိတ်ထားမြင့်မြတ်သူ တစ်ယောက်အဖြစ် သတ်မှတ်ခံရသူ ဖြစ်လေသည်။
ထို့ကြောင့်ပင် နှစ်ပေါင်းထောင်ချီ ကြာမြင့်လာသည့် အချိန်တွင် သူ့တွင် တပည့်များနှင့် မိတ်ဆွေ အပေါင်းအသင်းများ များစွာ ရှိလာခဲ့လေသည်။
ထို့ကြောင့် ချန်ကျန်းရန် နတ်ဘုရားအကြောင်း မကောင်းသတင်း ဆိုရဲသူသည် ကျင့်ကြံသူလောကတွင် ဆက်လက် ရပ်တည်နိုင်မည်ပင် မဟုတ်တော့ပေ။
ကျင့်ကြံသူကျားသည် သူ့ကို ဆန့်ကျင်ဘက် ပြောဆိုနေသည့် ကျင့်ကြံသူကို စိတ်မဆိုးခဲ့ပါချေ။
ဆန်းလျန်၏ ကျင့်စဉ်လမ်း အတွေ့အကြုံများ အားလုံးကို ကျင့်ကြံသူကျားက အားလုံး သိရှိထားသူ ဖြစ်လေသည်။ သို့သော် … ဆန်းကျန်းရန် အကြောင်းကို ကြာရတိုင်း ပြောရတိုင်းတွင် ပထမဆုံးအကြိမ် ကြားရ ပြောရသလိုပင် စိတ်လှုပ်ရှားမိစမြဲ ဖြစ်လေသည်။
ကျင့်ကြံသူကျားက စကားစတင် ပြောလိုက်လေသည်။
“ဆန်းကျန်းရန် နတ်ဘုရားဟာ ပင်လယ်ကိုဖြတ်ပြီး ချင်းရွှမ်နတ်တံခါးကို ရောက်လာတဲ့အချိန်မှာ အသက်(၁၆)နှစ်ပဲ ရှိသေးတယ်၊ သူ့အသက် (၃၃)နှစ်မှာ ချင်းရွှမ်တောင်ပေါ်က ဆင်းသွားခဲ့တယ်၊ အဲဒီအချိန်တုန်းက သူက ဟိုင်သန်းအဆင့်တောင် မတက်ရောက် နိုင်သေးဘူး၊ ဒါပေမဲ့ သူ့ကို ဘယ်သူမှ အထင်မသေးရဲကြဘူး၊ ဟိုင်သန်း အဆင့်ကို ပုံပြောင်းအဆင့် (၃)ဆင့် (၄)ဆင့်လောက်နဲ့ တက်ရောက် ထားသူတွေဟာ ဟိုင်သန်းအဆင့် မတက်ရောက် နိုင်သေးတဲ့ ဆန်းကျန်းရန်ကို မယှဉ်နိုင်ကြဘူး၊ အဲဒါအပြင် သူက ကမ္ဘာ့ထိပ်တန်း ကျင့်စဉ်တစ်ခုဖြစ်တဲ့ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို နှစ်ပေါင်း (၁၀၀) အတွင်းမှာ အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့တဲ့ ပထမဆုံးသော ပုဂ္ဂိုလ်တစ်ယောက်ပဲ၊ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်နဲ့ ဟိုင်သန်းအဆင့် တက်ရောက်နိုင်ဖို့ဆိုတာ အရမ်းကိုခက်ခဲ လွန်းတယ်ဆိုတာ ကျင့်ကြံသူတိုင်း သိကြပါတယ်၊ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကိုတီထွင်သူ ဆရာဘွားဘွား လီချင်းဆွေပြီးရင် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်နဲ့ ဟိုင်သန်းအဆင့် တက်ရောက်နိုင်သူဆိုလို့ ကျိလင်နတ်သမီး၊ ပိယွင်နတ်သမီး (၂)ယောက်ပဲ ရှိခဲ့တယ်၊ ဆန်းကျန်းရန် နတ်ဘုရားကတော့ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်နဲ့ ဟိုင်သန်းအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ တတိယမြောက် ပုဂ္ဂိုလ်ပါပဲ၊ သူတောင်ပေါ်က ဆင်းသွားပြီး (၁)နှစ်အတွင်းမှာပဲ ဟိုင်သန်းအဆင့်ကို တက်ရောက်နိုင်ခဲ့တယ်”
“ဟိုင်သန်းအဆင့် အောင်မြင်ပြီးတဲ့နောက် ဆန်းကျန်းရန် နတ်ဘုရားဟာ ချင်းရွှမ်နတ်တံခါးရဲ့ ဂိုဏ်းချုပ်ဖြစ်လာခဲ့တယ်၊ ဂိုဏ်းချုပ်တာဝန်ကို ယူခဲ့ပြီး (၁၅)နှစ်ကြာတဲ့ အချိန်မှာ နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက် နိုင်ခဲ့တယ်၊ သူ့အသက် (၄၉)နှစ်မှာ လင်ထိုင်တာအိုပြိုင်ပွဲ ကျင်းပလေ့ရှိတဲ့ လင်ထိုင်ဖန်းကျွမ်း တောင်မှာ အမှောင်မိစ္ဆာ သခင်ကြီးနဲ့ ရင်ဆိုင် တိုက်ခိုက်ခဲ့ပြီး လောကကို ကျော်လွန်တဲ့ မိုးကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်သွားခဲ့တယ်၊ ဒါတွေအားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် ဆန်းကျန်းရန် နတ်ဘုရားဟာ ချင်းရွှမ်နတ်တံခါးကို ရောက်လာပြီး ကျင့်စဉ်လမ်း စတင်လျှောက်လှမ်းခဲ့တဲ့ အချိန်ကနေ လောကကို ကျော်လွန်သွားတဲ့အထိ နှစ်ပေါင်း (၃၃)နှစ်ပဲ ကြာခဲ့တယ်ဆိုတာ သိနိုင်ပါတယ် …”
“ပြီးတော့ သူက ချင်းရွှမ်နတ်တံခါး အတွက် (၁၅)နှစ်ကြာ ဂိုဏ်းချုပ် လုပ်ပေးခဲ့တယ်၊ အဲဒီအတောအတွင်း မှာလည်း ကူးကျန်းရန်ကူးချုင်ဝေ့၊ ယန်ကျန်းရန်ယန့်ပုကွေး၊ လူကျန်းရန်လူစောယိတို့ဟာ ဟိုင်သန်းအဆင့်ကို တက်ရောက် အောင်မြင်ခဲ့ကြတယ်၊ သူတို့ (၃)ယောက်စလုံးဟာ ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် (၈)ဆင့်နဲ့ တက်ရောက်ခဲ့ ကြတဲ့သူတွေချည်းပဲ မဟုတ်လား၊ ဒီလိုမျိုး ကျင့်ကြံသူ(၃)ယောက် ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် (၈)ဆင့်နဲ့ တစ်ပြိုင်တည်း တက်ရောက်နိုင်ဖို့ဆိုတာ ဘယ်နတ်ဘုရားဂိုဏ်းနဲ့မှ ယှဉ်လို့မရနိုင်တဲ့ အောင်မြင်မှုမျိုးပါပဲ၊ သူတို့ (၃)ယောက်စလုံး ဟိုင်သန်းအဆင့် အောင်မြင်ခဲ့တာဟာ ဆန်းကျန်းရန် နတ်ဘုရားရဲ့ သင်ပြပေးမှုတွေ မပါဘူးလို့ပြောရင် မမှန်စကား ဆိုရာကျမယ်လေ”
စကားဆုံးသွားသည်နှင့် ကျင့်ကြံသူကျားက သူ့ကို အတိုက်အခံ ပြောဆိုသည့် ကျင့်ကြံသူကို စိုက်ကြည့်လိုက်လေသည်။
ကျင့်ကြံသူကျား၏ စကားများမှာ ကျိုးကြောင်းညီညွတ်ပြီး အမှန်တရားများလည်း ဖြစ်လေသည်။
ထို့ပြင် … သူ့အနေဖြင့် လုပ်ကြံပြောဆိုနေစရာ အကြောင်းလည်း မရှိပါချေ။ ထို့ကြောင့် လူအများက သူ့စကားကို ယုံကြည်ကြလေ၏။ သူ့စကားကို နားထောင်နေသည့် ကျင့်ကြံသူများ အားလုံးသည် အသေးစိတ် အကြောင်းအရာများကို သိရှိလိုက်ရသည့်အခါ အံ့သြမှင်တက် နေကြရလေတာ့သည်။
သူတို့အားလုံးကို ထိတ်လန့်အံ့သြစေသည့် အချက်မှာ (၃၃)နှစ်ဆိုသည့် အချိန်အတွင်းတွင် ဆန်းကျန်းရန်နတ်ဘုရားသည် အောင်မြင်မှုရရှိခဲ့ခြင်းပင် ဖြစ်လေသည်။ ထိုမျှလောက် မြန်ဆန်စွာဖြင့် ကျင့်စဉ်လမ်းတွင် အောင်မြင်ခြင်းသည် ကျင့်ကြံသူ တစ်ယောက်အတွက် ယုတ္တိပင်မတန်သည့် အချက်ဖြစ်လေသည်။
ဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန်အတွက် (၁၇)နှစ်ခန့်သာ ကျင့်ကြံခဲ့ရသည်။ ဟိုင်သန်းအဆင့် အောင်မြင်ပြီးသည်နှင့် လောကကို ကျော်လွန်သည့် မိုးကောင်းကင် နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်နိုင်ရန် အတွက် (၁၆)နှစ်သာ အချိန်ကြာခဲ့သည်။
ရှေးအချိန် ကတည်းကပင် ဂင်္ဂါမြစ်ကမ်းမှ သဲမှုံများကဲ့သို့ ကျင့်ကြံသူများ များစွာ ရှိခဲ့ကြလေသည်။ ထိုကျင့်ကြံသူများထဲမှ အများစုသည် အောင်မြင်မှု မရရှိခဲ့ကြပေ။ သို့သော် ဆန်းကျန်းရန် နတ်ဘုရားကတော့ (၃၃)နှစ်ဆိုသည့် အချန်တိုလေး အတွင်းမှာပင် အောင်မြင်မှုကို ရရှိခဲ့လေသည်။
နတ်ဘုရားများ လူပြန်ဝင်စားပြီး ကျင့်ကြံသကဲ့သို့ပင် မြန်ဆန် လွန်းလှပလေသည်။
အမှန်တော့ ဆန်းလျန်သည် ပါရမီရှင်(၁)ယောက် ဖြစ်သည်မှာ အမှန်ပင်ဖြစ်ပါသည်။
သို့သော် သူတို့မသိကြသည့် အချက်တစ်ခု ရှိလေသည်။
ဆန်းလျန်၏ ကျင့်စဉ်လမ်း ထိုမျှမြန်ဆန်ရခြင်းမှာ လင်ပေါင်ထျန်းကျွင်း၏ ဝိညာဉ်စွမ်းအား မြှင့်တင်သည့် ထိပ်တန်းကျင့်စဉ် တစ်ခုဖြစ်သည့် “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” ကျင့်စဉ်ကြောင့် ဖြစ်သည်ဆိုသည့် အချက်ပင်ဖြစ်လေသည်။ မဟုတ်ပါက မည်မျှပင် ပါရမီရှိပါစေ ထိုမျှ မြန်မြန်ဆန်ဆန် ကျင့်ကြံ အောင်မြင်နိုင်မည် မဟုတ်ပါချေ။
ထို့ပြင် မူလနတ်ဘုရား တစ်ပါးဖြစ်သည့် လင်ပေါင်ထျန်းကျွင်း၏ ဝိညာဉ်စွမ်းအား မြှင့်တင်ခြင်းကျင့်စဉ်သည် ဆန်းလျန်၏ ကျင့်ကြံခြင်းအဆင့် အသီးသီးတွင် အထောက်အကူ ပြုခဲ့လေသည်။
ကနဦးကျင့်စဉ်လမ်းမှ နောက်ပိုင်း အဆင့်မြင့် ကျင့်စဉ်လမ်းသို့ တက်လှမ်းသည့် အခါတွင်လည်း လျင်လျင်မြန်မြန် ကျင့်စဉ်လမ်းအဆင့် တက်ရောက်နိုင်ရန် အတွက် များစွာ အထောက်အကူ ပြုခဲ့လေသည်။
ထိုအကြောင်းများသည် ဆန်းလျန်ကိုယ်တိုင်မှ လွဲပြီး မည်သူမှ မသိသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်လေသည်။
အတိုက်အခံ ပြောဆိုနေသည့် ကျင့်ကြံသူကလည်း ကျင့်ကြံသူကျားကို စိုက်ကြည့်နေလေသည်။
စိုက်ကြည့်နေရင်းမှ သူသည် အရှက်လည်း ကွဲသလိုခံစားရပြီး ဒေါသများလည်း ထွက်လာလေသည်။
“ကျားမျိုးနွယ်ကောင် … မင်းက ကျုပ်ကို ဘာစိုက်ကြည့်နေတာလဲ”
ကျင့်ကြံသူကျားသည် ထိုသူအား အထင်သေးသည့် သဘောဖြင့် တစ်ချက် ရယ်မောလိုက်လေသည်။
နောက်ဆုံးတွင်တော့ အတိုက်အခံ ပြောဆိုသည့် ကျင့်ကြံသူသည် ဒေါသကို မထိန်းနိုင်တော့ပေ။
“မင်းရဲ့နောက်မှာ ချင်းရွှမ်နတ်တံခါးရှိသလို ကျုပ်နောက်မှာလည်း ကျုပ်ကို ပံ့ပိုးပေးနေတဲ့သူတွေ ရှိပါတယ်ကွာ၊ မင်းဟာမင်း ဘယ်လိုတွေပဲ ကြွားလုံးထုတ်နေပါစေ ကျုပ်ကတော့ သောက်ဂရုမစိုက်ဘူး၊ ဒါပေမဲ့ မင်း ကျုပ်ကို အခုလိုမျိုး အရှက်ခွဲဖို့တော့ မလိုပါဘူး၊ ကျုပ်က ဆန်းကျန်းရန် နတ်ဘုရားနဲ့ ချန်ကျန်းရန်နတ်ဘုရား အပေါ်မှာတော့ အပြစ်မပြုလိုပါဘူး၊ ဒါကြောင့် မင်းနဲ့ယှဉ်ပြီး မပြောတော့ဘူး၊ ဒါပေမဲ့ မင်းကိုတော့ သေအောင်သတ်ပြမယ်၊ အဲဒီအချိန်ကျရင်တော့ မင်းမှာ ဘာသိက္ခာများ ကျန်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့”
အမှန်တော့ အတိုက်အခံ ပြောဆိုနေသည့် ကျင့်ကြံသူ၏ ကျင့်စဉ်များသည် နည်းလမ်းမှန် ကျင့်စဉ်များ မဟုတ်ပေ။
လက်ရှိအချိန်တွင် သူသည် အလွန်အမင်း စိတ်ဆိုး ဒေါသထွက်နေပြီး တိန်းထျန်းဂေဟာတွင် ရောက်ရှိနေသည် ဆိုသည့်အချက်ကိုပင် မေ့သွားခဲ့လေပြီ။ သူသည် ချက်ချင်းပင် လေထဲသို့ အပ်ဆယ်ချောင်း ပစ်လွှတ်လိုက်လေတော့သည်။
အခြားသော ကျင့်ကြံသူများမှာ အခြေအနေ မကောင်းတော့ကြောင်း ချက်ချင်း ရိပ်မိလိုက်ကြလေသည်။
အဘယ်ကြောင့်ဆိုသော် အတိုက်အခံ ပြောဆိုနေသည့် ကျင့်ကြံသူ ပစ်လွှတ်လိုက်သည့် အပ်များမှာ “လူသတ်ကျိမူအပ်” များ ဖြစ်နေသောကြောင့်ပင်။
လူသတ်ကျိမူအပ်များသည် ကိုယ်တွင်းမှ ပြဒါးရှင်စွမ်းအားဖြင့် ကျင့်ကြံ ပြုလုပ်ထားသည့် အပ်များဖြစ်လေသည်။ ထို့ကြောင့် ကိုယ်တွင်းမှ စွမ်းအားကို အသုံးပြုကာ အပ်များကို လိုသလို ထိန်းချုပ်နိုင်လေသည်။
ကျင့်ကြံသူကျားသည် ကျင့်စဉ်လမ်းတွင် အဆင့်တစ်ခုသို့ ရောက်ရှိနေသူ တစ်ယောက် ဖြစ်ခဲ့ပါသည်။ သို့သော် … ထိုအပ်များဖြင့်သာ ထိမိလျှင်တော့ ချက်ချင်းပင် အသက်ပျောက် သွားပေလိမ့်မည်။
ကျားအိမ်တော်မှ လူများသည် စကားကြီး စကားကျယ်များကို ပြောလေ့ရှိသည်မှာ အမှန်ပင်ဖြစ်ပါသည်။
သို့သော် … ယခုကျင့်ကြံသူကတော့ စကားအပေါ်တွင် ပြဿနာရှာခဲ့ပြီ။ နောက်တစ်ကြိမ်တွင်တော့ ကျားအိမ်တော်မှ လူများအနေဖြင့် သတိလက်လွတ် ပြုမူရဲကြတော့မည် မဟုတ်ပေ။
အခြားသော ကျင့်ကြံသူများကတော့ အမှန်တရားကို ရှင်းရှင်းလင်းလင်း သိမြင်ကြလေသည်။ သို့သော် … ဒေါသထွက်နေသည့် ကျင့်ကြံသူ၏ စိတ်များကတော့ မြူဖုံးလျက်ရှိချေပြီ။
ထိုကျင့်ကြံသူသည် မည်သည့်အရာကိုမှ ဂရုမစိုက်တော့ပါ။
လူသတ်ကျိမူအပ် (၁၀)ချောင်းသည် ကျင့်ကြံသူကျားနှင့် တဖြည်းဖြည်း နီးကပ်လာလေသည်။
အသေးအဖွဲ သဘောထားကွဲလွဲမှုလေး တစ်ခုသည် ထိုသို့ တိုက်ခိုက်ရသည်အထိ ဖြစ်လာလိမ့်မည်ဟု ကျင့်ကြံသူကျား ထင်မှတ်မထားခဲ့မိပေ။ ထို့ကြောင့် သူသည် အလွန်ကြောက်လန့် သွားမိလေသည်။ သူသည် လူသတ်အပ်များကို ငေးကြောင်ကြည့်နေ မိစဉ်မှာပင် ရွှေရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး အပ်များကို တားဆီးထားလိုက်လေ သည်။
အပ်များကို တားဆီးထားသည့် ရွှေရောင်အလင်းတန်း၏ နောက်မှ နတ်ဘုရားရောင်စဉ် (၅)မျိုး ထွက်ပေါ်လာလေသည်။ ထိုနတ်ဘုရား အလင်းတန်းများသည် လူသတ်ကျိမူအပ်များ ကိုရော ရွှေရောင်အလင်းတန်းကိုပါ ဝါးမျိုဖျက်ဆီး ပစ်လိုက်လေသည်။
တိန်းထျန်းဂေဟာ၏ လှေကားရင်းတွင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုလေး တစ်ယောက်ကို တွေ့မြင် လိုက်ရလေသည်။
သူမက မျက်မှောင်ကြုတ်ကာ ကျင့်ကြံသူများ အားလုံးကို စိုက်ကြည့်နေလေသည်။
ထို့နောက်တွင်တော့ တံခါးတစ်ချပ် ပွင့်သွားပြီး လူငယ်တစ်ယောက် ဂေဟာအတွင်းသို့ ဝင်ရောက် လာလေသည်။
ထိုလူငယ်သည် တိန်းထျန်းဂေဟာမှ အကြီးအကဲ ဖြစ်လေသည်။ ကျင့်ကြံသူကျားထံသို့ ဝင်ရောက်လာသည့် လူသတ်ကျိမူအပ်များကို သူ၏လက်နက် ဖြစ်သည့် ရွှေကြိုးကို အသုံးပြုကာ ကာကွယ်ပေးလိုက်သူမှာ ထိုလူငယ်ပင် ဖြစ်လေသည်။
သူ၏ ရွှေကြိုးသည် လူသတ်ကျိမူအပ်များ ကဲ့သို့ပင် အစွမ်းထက်လှသည့် လက်နက်တစ်ခု ဖြစ်လေရာ နတ်ဘုရား ရောင်စဉ်(၅)မျိုး အောက်တွင် ပျက်စီး ပျောက်ကွယ် သွားရမည်ဟု တွေးမထားခဲ့မိပေ။
လူငယ်မှာ သူ၏လက်နက် ပျက်စီးသွားသည့် အတွက် မကျေမနပ် ဖြစ်နေဟန် ရှိလေသည်။
သို့သော် … အစိမ်းရောင်ဝတ် မိန်းကလေးကို မြင်လိုက်သည်နှင့် သူ၏မျက်နှာ အမူအရာမှာ ချက်ချင်း ပြောင်းလဲ သွားလေသည်။
သူက မိန်းမပျိုရှိရာသို့ အပြေးအလွှား သွားကာ ဦးညွှတ် ဂါရဝပြုလိုက်ရင်း …
“ကွေလိမင်းကြီးကို ဂါရဝပြုပါတယ် …”
သန်းထျန်းဂေဟာတွင် ရောက်ရှိနေကြသည့် ကျင့်ကြံသူများမှာ အံ့သြလွန်းမက အံ့သြပြီး စကားပင် မပြောနိုင်ကြတော့ပါ။
ကွေလိမင်းကြီး ဆိုသည်မှာ မိုးကြိုးပစ် အစစ်ဆေးခံခြင်းကို အောင်မြင်ခဲ့ပြီး တန်ခိုးစွမ်းအား မြင့်မားလှသည့် နတ်မိစ္ဆာ ဘုရင်တစ်ပါးပင် မဟုတ်ပါလား။
***