← Chapters

ထွက်သွားပြီး ပြန်ရောက်လာသည့် နတ်မိစ္ဆာဘုရင်

Vol. 7 Ch. 626

ထွက်သွားပြီး ပြန်ရောက်လာသည့် နတ်မိစ္ဆာဘုရင်

Vol. 7 Ch. 626

လင်ယန်နန်းတော်မှ လူများသည် သတင်း အချက်အလက်များကို ကျွမ်းကျင် သိရှိကြလေသည်။ ထို့ကြောင့် လူငယ်သည် လှေကားရင်းတွင် ရပ်နေသည့် မိန်းမပျိုမှာ နှစ်ပေါင်း (၁၀၀)အတွင်း လူသိများလာခဲ့သည့် နတ်မိစ္ဆာဘုရင် ကွေလိဖြစ်သည်ကို ချက်ချင်းပင် သိရှိလိုက်ခြင်း ဖြစ်လေသည်။

သူမနာမည်ကျော်ကြား ရသည်မှာ အကြောင်းရှိလေသည်။

ကျင့်ကြံသူ လောကတွင် တာအိုဝါဒနှင့် ဗုဒ္ဓဘာသာကို စစ်မှန်သည့် ကျင့်စဉ်လမ်းအဖြစ် အမြဲတမ်း မှတ်ယူ ထားခဲ့ကြလေသည်။

လက်ရှိအချိန်တွင် တာအိုဝါဒကို ဦးဆောင်နေသူမှာ ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းနှင့် ချင်းရွှမ်နတ်တံခါးပင် ဖြစ်လေသည်။

ဗုဒ္ဓဘာသာတွင်တော့ ဟိနယာနနှင့် မဟာယာနဆို၍ ဂိုဏ်းကွဲ (၂)ခုရှိပြီး …

ဟိနယယာနဝါဒတွင် ချန်ကျောင်းတော် (တတ္တဝသိဒ္ဓိဂိုဏ်း) နှင့် ခုရှားဟူကျောင်းတော် (၂) ဂိုဏ်းရှိလေသည်။

မဟာယာနဝါဒတွင်တော့ လွိကျောင်းတော်၊ ဆန်းလွမ်ကျောင်းတော်၊ ထျန်းထိုင်ကျောင်းတော်၊ ယွိကျား ကျောင်းတော်(ဖာ့ရှန်းဂိုဏ်း)၊ ရှန်းရှိုးကျောင်းတော်(ဟွာယန်ဂိုဏ်း)၊ မီကျောင်းတော်(ကျန်းယန်ကျောင်းတော်) ဟူ၍ ကျောင်းတော် (၆)ခု ရှိလေသည်။

ထို့ပြင် ကျင်းကွမ်းဝတ် ကျောင်းတော်မှ ဖားဟိုင် ဆရာတော်ကြီးသည် ကျင်းထူကျောင်းတော်နှင့် ပူးပေါင်းခဲ့သလို မင်ဝမ်ဝတ် ကျောင်းတော်ကြီး ပျက်စီး သွားပြီးသည့်နောက် ဟွေခဲ့ဆရာတော် သည်လည်း ဇင်ဗုဒ္ဓဘာသာဂိုဏ်းကို တည်ထောင်ခဲ့လေသည်။

ထို့ကြောင့် … ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး (၁၀)ကျောင်း ရှိသည်ဟု မှတ်ယူနိုင်လေသည်။

သို့သော် … ထိုကျောင်းတော်များမှ ကျောင်းထိုင် ဘုန်းတော်ကြီးများသည် တာအိုဝါဒမှ နတ်ဘုရားများနှင့် အဆင့်ညီမျှ သည့်ရွှေခန္ဓာရရှိသည့် အဆင့်သို့ရောက်အောင် မည်သူမှ ကျင့်ကြံနိုင်ခြင်း မရှိခဲ့ကြပေ။

ဟွေခဲ့ဆရာတော်သည် ဇင်ဗုဒ္ဓဘာသာဂိုဏ်းကို တည်ထောင် ပြီးသည့်နောက် နှစ်ထောင်ပေါင်းများစွာ အတွင်းတွင် ထင်ရှားသည့် ဗုဒ္ဓဘာသာ ဆရာတော် (၅)ပါးကို မွေးထုတ် ပေးနိုင်ခဲ့လေသည်။ ထို့ကြောင့် ဇင်ဗုဒ္ဓဘာသာဂိုဏ်းသည် အခြားသော ကျောင်းတော်ကြီး (၉)ခုထက် နာမည်ကျော်ကြား လေသည်။

ဇင်ဗုဒ္ဓဘာသာ ဂိုဏ်းကြီး၏ အောင်မြင် ကျော်ကြားမှုသည် ချင်းရွှမ်နတ်တံခါးနှင့် တန်းတူဟု သတ်မှတ်နိုင်လေသည်။

ဟွေခဲ့ဆရာတော်က ဇင်ဗုဒ္ဓဘာသာ ဂိုဏ်းကြီး၏ ကျောင်းတော်ကြီးကို ယခင် မင်ဝမ်ဝတ်ကျောင်းတော် တည်ရှိရာ နေရာတွင်ပင် ပြန်လည် တည်ဆောက်ခဲ့ပြီး ရှောင်လေယင်း ကျောင်းတော်ဟု အမည်ပေးခဲ့လေသည်။

ဗုဒ္ဓဘာသာသည် မိုးကြိုးမုန်တိုင်း အလား ကြီးမြတ်လှသည်ကို သိရှိစေရန် အတွက် ရှောင်လေယင်း ကျောင်းတော်ဟု အမည်ပေးခဲ့ခြင်း ဖြစ်လေသည်။

ဒဏ္ဍာရီများထဲတွင် ဗုဒ္ဓကိုယ်တော်တိုင် သတင်းသုံးရာ ကျောင်းတော်ကြီး၏ အမည်မှာ တာ့လေယင်း ကျောင်းတော် ဖြစ်လေသည်။ ထို့ကြောင့် တာ့လေယင်း ကျောင်းတော်ကို အစွဲပြုပြီး ရှောင်လေယင်း ကျောင်းတော်ဟု အမည်ခေါ်ဝေါ်ခဲ့ပြီး ဗုဒ္ဓသီတင်းသုံးရာ ကျောင်းတော်နှင့် အနည်းငယ် ကွဲပြားစေရန် “ရှောင်” ဆိုသည့် စာလုံးကို အသုံးပြုကာ “ရှောင်လေယင်း” ကျောင်းတော်ဟု အမည်ပေးခဲ့ခြင်း ဖြစ်လေသည်။

သေမျိုးလောကရှိ လူသားများအကြားတွင် ရွှမ်ထျန်းနတ်ဘုရား ကျောင်းတော်နှင့် ချင်းရွှမ်နတ်တံခါး ပြီးလျှင် ဝင်ရောက်ရန် အခက်ခဲဆုံးကျောင်းတော်မှာ ရှောင်လေယင်း ကျောင်းတော်ဟု ပြောစမှတ်ရှိကြလေသည်။

သို့သော် …. လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀)ခန့်က နတ်မိစ္ဆာဘုရင် ကွေလိမင်းကြီးသည် သူမ၏ သဘာဝလွန် တန်ခိုးစွမ်းအားများကို အသုံးပြုကာ ရှောင်လေယင်း ကျောင်းတော် ပရဝုဏ်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး “မဟာမာရူရိ” ကျမ်းစာကို ခိုးယူခဲ့လေသည်။

ဟွေခဲ့ဆရာတော်မှ လွဲပြီး အခြားသော ဆရာတော် (၄)ပါးက ကွေလိမင်းကြီး နောက်သို့ (၁၀)နှစ်ကျော် လိုက်ခဲ့ကြလေသည်။ သို့တိုင်အောင် ကွေလိမင်းကြီးသည် လွတ်အောင် ရှောင်နိုင်ခဲ့လေသည်။ နောက်ဆုံးတွင်တော့ ဆရာတော်(၄)ပါးသည် ကွေလိမင်းကြီး နောက်သို့ ဆက်မလိုက်ကြတော့ပဲ ခိုးယူသွားသည့် ကျမ်းစာကိုသာ ပြန်ပေးရန် တောင်းပန် ခဲ့ကြရတော့သည်။

ထို့နောက်တွင်တော့ ကွေလိမင်းကြီးသည် သူမ တရားအလင်းရခဲ့ရာ မူလနေရာဖြစ်သည့် ချွေ့ဖိန်တောင်သို့ ပြန်သွားခဲ့ပြီး သူမကိုယ်သူမ ချွေ့ဖိန်တောင်သခင်ဟု ကြေညာခဲ့လေသည်။ သူမ၏ တန်ခိုးစွမ်းအားများမှာ အဆုံးမရှိ မြင့်မားပြီး သာမန်ကျင့်ကြံသူများ မပြောနှင့် လောကနတ်ဘုရားများ ပင်လျှင် သူမကို သွားရောက် ရန်စရဲခြင်း မရှိကြပါချေ။

ယခုတော့ ကွေလိမင်းကြီးကဲ့သို့ လျှမ်းလျှမ်းတောက် ကျော်ကြားသူသည် လင်ယန်နန်းတော်၏ အခွဲတစ်ခုဖြစ်သည့် တိန်းထျန်းဂေဟာသို့ ရုတ်တရက် ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

ဂေဟာအကြီးအကဲ လူငယ်လေးသည် အဘယ်မှာ မကြောက်ရွံ့ပဲ နေနိုင်ပါမည်နည်း။

ကွေလိကို ကြည့်ရသည်မှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေပုံရလေသည်။

“ကျုပ်ကို မင်းကြီးလို့ ခေါ်စရာမလိုဘူး၊ အပေါစားဆန်တယ်၊ တောင်သခင်လို့ ခေါ်ပါ”

သူမ၏ အသံလေးသည် အလွန်မှချိုမြပြီး ဂီတသံစဉ်အလားပင် ဖြစ်လေသည်။

ဂေဟာအကြီးအကဲ လူငယ်လေးကတော့ ကြောက်ရွံ့ ထိတ်လန့်မှုများကို တတ်နိုင်သမျှ ကြိုးစား ထိန်းထားလိုက်ရင်း …

“တောင်သခင်ကို နှုတ်ဆက်ပါတယ်၊ ကျွန်တော်က လင်ယန်နန်းတော်ရဲ့ တာဝန်ရှိသူ ဝေ့ရန်ပါ၊ တောင်သခင် ရောက်လာတာ ဘာကိစ္စများ ရှိလို့ပါလဲ”

တောင်သခင်ကွေလိက ဂေဟာအပေါ်ထပ်မှ ကျင့်ကြံသူများကို တစ်ချက်ကြည့်လိုက်ပြီး လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရင်း …

“နင်တို့အကုန် ထွက်သွားကြစမ်း …”

ထို့နောက် သူမက ကျင့်ကြံသူကျားကို လက်ညှိုး ညွှန်ပြလိုက်ရင်း …

“နင် … နေခဲ့ …”

သူမ၏ စကားများကြောင့် အချို့သော ကျင့်ကြံသူများမှာ ဒေါသ ထွက်သွားကြလေသည်။

သူမသည် လူသားအသွင် ပြောင်းထားသည့် နတ်မိစ္ဆာ ဘုရင်တစ်ပါးသာ ဖြစ်လေရာ ထိုမျှ မောက်မောက်မာမာဖြင့် အခြားသူများကို အနိုင်ကျင့်စရာ အကြောင်းမရှိပေ။

ထို့ကြောင့် ဘဝင်မကျဟန်ဖြင့် ဆူဆူညံညံ စကားသံများ ထွက်လာကြလေသည်။

ဝေ့ရန်က ချက်ချင်းပင် ကြားဝင် ဖြေရှင်းရလေတော့သည်။

“ဧည့်သည်တော်များ ခင်ဗျာ၊ ဒီနေ့ ဧည့်သည်တော်များ စားသောက်ထားတဲ့ အစားအသောက်တွေကို ကျုပ် ဝေ့ရန်က ဒကာခံမှာ ဖြစ်ပါတယ်၊ ဒီပုဂ္ဂိုလ်က ကွေလိမင်းကြီး အဲလေ … ချွေ့ဖိန်တောင်သခင် ကွေလိဖြစ်တဲ့အတွက် အမှား မလုပ်မိကြပါစေနဲ့၊ အမှား မလုပ်မိကြပါစေနဲ့ …”

အမှန်တော့ ကျင့်ကြံသူ လောကတွင် ချွေ့ဖိန်တောင်သခင်ကို လူသိများကြသည့်တိုင် ချွေ့ဖိန်တောင်သခင်၏ အမည်ရင်းဖြစ်သည့် “ကွေလိ” ကို သိပ်ပြီး သိရှိကြခြင်း မရှိပေ။

ယခုတော့ ချွေ့ဖိန်တောင်သခင်ဟု ကြားသည်နှင့် ကျင့်ကြံသူများ အားလုံးမှာ တုန်လှုပ်ချောက်ချား သွားကြရလေသည်။ မည်သူမှ အထွန့်မတက်ရဲတော့ပဲ တိန်းထျန်းဂေဟာမှ ထွက်ခွာ သွားကြလေတော့သည်။ လူသတ်ကျိမူအပ်များကို ဆုံးရှုံးခဲ့ရသည့် ကျင့်ကြံသူပင်လျှင် စကားတစ်ခွန်းမှ မဆိုတော့ပဲ အခြားသော ကျင့်ကြံသူများနှင့်အတူ ခပ်သွက်သွက် ထွက်ခွာသွားသည်ကို တွေ့ရှိလိုက်ရလေသည်။

နောက်ဆုံးတွင်တော့ …

တိန်းထျန်းဂေဟာတွင် နတ်မိစ္ဆာဘုရင်ကွေလိ၊ ဝေ့ရန်နှင့် ကျင့်ကြံသူကျားတို့ သာလျှင် ကျန်ရစ် လေတော့သည်။

ကျင့်ကြံသူကျားမှာ စိတ်မသက်မသာ ဖြစ်နေလေသည်။ လောကတစ်ခွင် ကျော်ကြားလှသည့် နတ်မိစ္ဆာဘုရင်သည် အဘယ့်ကြောင့် သူ့ကို နေခဲ့ရန် ပြောရပါသနည်း။ သူ … နားမလည်နိုင်ပါ။

သို့သော် … ကံကောင်းသည့် အချက်မှာ ယခင်တစ်ချိန်တုန်းက ချွေ့ဖိန်တောင်သခင်သည် သူ့အသက်ကို ကယ်တင်ခဲ့ဖူးလေသည်။ ထို့ကြောင့် သူသည် ချွေ့ဖိန်တောင်သခင်ကို အလွန်အမင်း ကြောက်ရွံ့မိခြင်းတော့ မရှိပေ။

ကွေလိက သူမ၏ ဆံပင်များကို မိန်းကလေးဆန်စွာပင် နားရွက်နောက်သို့ အသာသပ်တင် လိုက်လေသည်။

သူမ၏ ဟန်ပန် အမူအရာလေးသည် အလွန်မှ ချစ်စရာ ကောင်းသည့်တိုင် ဝေ့ရန်နှင့် ကျင့်ကြံသူကျားမှာ သူမကို ခေါင်းပင် မော့မကြည့်ဝံ့ကြပေ။

သူမက လက်ဖက်ရည်သောက်ရန် စီစဉ်ပေးထားသည့် ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်လေသည်။ သူမထိုင်လိုက်သည့် နေရာသည် ညနေခင်းရှုခင်းကို ကြည့်ရှုခံစားရန်အတွက် အသင့်တော်ဆုံး နေရာတစ်ခု ဖြစ်လေသည်။

ထိုနေရာမှ မြင်ရသည့် မြင်ကွင်းသည် တစ်ချိန်က ထိုက်ယီတောင်ထိပ်တွင် သူမ မြင်တွေ့ခဲ့ရသည့် တိမ်တိုက် မြူခိုးများနှင့် ဆင်တူလေသည်။

ဝေ့ရန်နှင့် ကျင့်ကြံသူကျားတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက် တစ်ချက် လှမ်းကြည့်လိုက်ကြပြီး တောင်သခင် ကွေလိရှိရာသို့ အလွန်ရိုသေ လေးစားဟန်ဖြင့် လမ်းလျှောက် လာကြလေသည်။

နောက်ဆုံးတော့ မဖြစ်မနေ စကားစပြော လိုက်ရသည့် သူက ဝေ့ရန် ဖြစ်လေသည်။

“တောင်သခင် … ကျွန်တော်တို့ကို ဘာများ မိန့်မှာစရာ ကိစ္စရှိလို့ပါလဲ”

“ကျုပ် ဒီကိုရောက်လာရတာ လူတစ်ယောက်ကို လက်ဆောင်ပစ္စည်း ပေးချင်လို့ပဲ”

တောင်သခင်ကွေလိက ပြုံးရင်း ပြောလိုက်လေသည်။

သူမသည် မြူခိုးများ ထူထပ်နေသည့် ရှုမျှော်ခင်းကို ငေးကြည့်နေရင်း အနည်းငယ် စိတ်ကြည်လင် လာဟန်ရှိလေသည်။

ဝေ့ရန်မှာလည်း ယခုမှ စိတ်သက်သာရာ ရသွားလေသည်။ ကွေလိသာ ပြဿနာမရှာဘူး ဆိုလျှင် မည်သည့်ပစ္စည်းပင် ပေးရ ပေးရ တန်ပါသည်လေ။

ဝေ့ရန်က …

“ဘယ်လို လက်ဆောင်ပစ္စည်းများ လိုချင်ပါသလဲ ခင်ဗျာ၊ ကျွန်တော် ရအောင်ရှာပေးပါ့မယ်၊ တောင်သခင်သာ နှစ်သက်မယ်ဆိုရင် ချက်ချင်း ရစေရပါ့မယ်၊ တောင်သခင်လိုချင်တဲ့ ပစ္စည်းမရှိဘူး ဆိုရင်လည်း တခြားနေရာတွေက ကျွန်တော့်လူတွေကို ရှာပေးဖို့ ပြောပေးပါ့မယ်”

ဝေ့ရန်၏စကားက ယုံကြည်ချက်အပြည့်နှင့် ဖြစ်လေသည်။

နှစ်ထောင်ပေါင်းများစွာ အတွင်း လင်ယန်နန်းတော်၏ လုပ်ငန်းများသည် အလွန် ကျယ်ပြန့်လာလေသည်။ ထို့ပြင် ရွှမ်ထုန်နတ်မိစ္ဆာ ဘုရင်မှာလည်း ရှန်စန်းကျန်းရန်လုကျိုးယွမ် ထံတွင် ပညာသင်ယူခဲ့သူ တစ်ယောက် ဖြစ်လေရာ သူမ၏ ဂုဏ်သတင်း ကျော်ကြားမှုကလည်း ပြော၍ပင် မကုန်နိုင်ပေ။

ထို့ပြင် ရွှမ်ထုန်နတ်မိစ္ဆာ ဘုရင်သည် အလုပ်ကို တရားမျှတစွာဖြင့် ပြီးမြောက်အောင် လုပ်ဆောင်သည့် နေရာတွင် နာမည်ကြီးလေသည်။

ကျင့်ကြံသူများကို အချိန်တိုအတွင်း ရောင်းချရန် မဖြစ်နိုင်သော ပစ္စည်းများကိုလည်း လင်ယန်နန်းတော်တွင် သိုလှောင်ထားသေးသည်။ ထို့ကြောင့် လင်ယန်နန်းတော်တွင် ကျင့်ကြံသူများ အတွက် လိုအပ်သည့် မည်သည့်ပစ္စည်းမဆို ရရှိနိုင်လေသည်။

ရှားပါးပစ္စည်းများပင် လင်ယန်နန်းတော်တွင် ရှိလေသည်။ မရှိလျှင်တောင်မှ ပစ္စည်းများနှင့် ပတ်သက်ပြီး ရှာဖွေတွေ့ရှိနိုင်မည့် နေရာများကို သဲလွန်စ ရရှိနိုင်လေသည်။

ကွေလိသည် စာလိပ်လေး တစ်လိပ်ကို ထုတ်ယူလိုက်ပြီး ထိုစာလိပ်လေးသည် ဝေ့ရန်ထံသို့ လှပစွာဖြင့် ပျံသန်းသွားလေသည်။ ထိုစာလိပ်လေး၏ ထိပ်တွင် ဝိညာဉ်စွမ်းအားကို ထည့်သွင်းထားသည့် အတွက် တောင်သခင်ကွေလိ လိုချင်သည့် ပစ္စည်းများကို ဝေ့ရန် ချက်ချင်း နားလည် သဘောပေါက် သွားရလေသည်။

ဝေ့ရန်က တစ်ခဏမျှ စဉ်းစားနေပြီးမှ …

“တောင်သခင်က ရတနာပစ္စည်း (၁၀)မျိုးကို စာရင်းလုပ်ထားတာပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ (၃)မျိုးပဲရနိုင် မယ်ထင်တယ်၊ ကျန်တဲ့ပစ္စည်း (၇)မျိုးထဲမှာ (၆)မျိုးကတော့ တခြား နေရာတွေကနေ ရှာပေးနိုင်ပါတယ်၊ တောင်သခင်အတွက် ရှာဖွေပေးနိုင်ဖို့ ကျွန်တော့်လူတွေကို ချက်ချင်း အမိန့်ပေးလိုက်ပါ့မယ်၊ ဒါပေမဲ့ ဆန္ဒသစ်သီးကတော့ ရနိုင်မယ် မထင်ဘူး၊ အဲဒီသစ်သီးကို ပြုလုပ်ဖို့က ခက်ခဲလွန်းတယ်၊ ဗုဒ္ဓနဲ့ဝိညာဉ် စွမ်းအားအဆင့် တူညီတဲ့ နတ်ဘုရားတစ်ပါးရဲ့ ဝိညာဉ်စွမ်းအားတွေကို စုစည်းပြီးတော့မှ ပြုလုပ်နိုင်တာပါ၊ ဒါကြောင့် တစ်စုံတစ်ယောက်ဆီမှာ အဲဒီပစ္စည်း ရှိရင်တောင်မှ ချက်ချင်း အသုံးပြုရင်ပြု ၊ မဟုတ်ရင်လည်း နောက်မျိုးဆက် အတွက် လျှို့ဝှက်စွာနဲ့ သိမ်းဆည်းထားမှာပါ”

နတ်မိစ္ဆာဘုရင် ကွေလိက မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်း …

“ဒီအထူးလက်ဆောင် ပစ္စည်း(၁၀)မျိုးကို ကျုပ်သေသေချာချာ စဉ်းစားပြီး ရေးထားရတာ၊ အခု (၁)မျိုးလိုနေတယ် ဆိုတော့ ကျုပ်ရဲ့လက်ဆောင်က ဘယ်လိုလုပ် ပြည့်စုံတော့မှာလဲ”

ကွေလိက မကျေမနပ်ဟန်ဖြင့် တစ်ချက် ညည်းညူလိုက်ရင်း စကား ဆက်ပြောလိုက်သည်။

“စိတ်ရှုပ်စရာ ကိစ္စတွေသာမရှိရင် ဒီပစ္စည်းတွေကို ကျုပ်ဟာကျုပ်လည်း ရှာနိုင်ပါတယ်လေ၊ နင့်ကို ဒုက္ခပေးနေစရာတောင် မလိုဘူး၊ ထားလိုက်တော့ …၊ ရနိုင်မဲ့ ပစ္စည်း (၉)မျိုးကိုသာရှာပေး၊ ဆန္ဒသစ်သီးကို ကျုပ်ဟာကျုပ်ပဲ ရှာတော့မယ်”

ဝေ့ရန်မှာ ယခုမှ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်း တစ်ချက်ချလိုက်ရင်း …

“ကျွန်တော် ချက်ချင်းပဲ ရှာပေးပါ့မယ်၊ (၂)နာရီအတွင်းမှာ တောင်သခင် လိုချင်တာတွေ ရရပါ့စေမယ်”

ကွေလိက …

“ဟုတ်ပြီလေ … ဒါနဲ့ ယွမ်ကျိုးနယ်တစ်ဝိုက်မှာ ဗုဒ္ဓနဲ့ဝိညာဉ်စွမ်းအား အဆင့်ညီတဲ့ နတ်ဘုရား တစ်ပါးပါးများ ဘယ်မှာနေလဲဆိုတာ နင် သိနိုင်မလား”

သူမ၏ မေးခွန်းကြောင့် ဝေ့ရန်မှာ ထူးထူးဆန်းဆန်း ခံစားလိုက်ရသည့်တိုင် သူက ပြန်ဖြေလိုက်လေသည်။

“မြောက်ဘက်မိုင်ပေါင်း (၃၅၀၀)လောက်မှာ အားယွိမင်းကြီးဆိုတဲ့ နတ်ဘုရားတစ်ပါး တစ်ယောက်ရှိပါတယ်၊ ပြောကြတာတော့ သူက ထူးဆန်းတဲ့ ဝိညာဉ်စွမ်းအား ကျင့်စဉ်တစ်မျိုးကို ကျင့်ကြံထားတယ်တဲ့၊ အဲဒီဒေသက တိုင်းပြည်တစ်ခုလုံးက လူတွေက သူ့ကို ကိုးကွယ်ကြတယ်၊ သူက အသွေးအသားနဲ့ ယဇ်ပူဇော်ခြင်းကို ခံလေ့ရှိတယ်၊ သူ့ရဲ့ ဝိညာဉ်စွမ်းအားကတော့ နတ်ဘုရားတွေနဲ့ ဗုဒ္ဓအဆင့်နီးပါး မြင့်မားတယ်လို့ ပြောကြတယ်”

ကွေလိက …

“ကောင်းပြီ …”

တစ်ခွန်းသာ ပြောပြီးသည်နှင့် ကွေလိထံမှ ရောင်စဉ်(၅)မျိုး အလင်းတန်းများ ဖြာထွက်လာပြီး ကောင်းကင်ထက်သို့ ပျံသန်း ပျောက်ကွယ် သွားလေတော့သည်။

ကျင့်ကြံသူကျားက …

“အစ်ကိုဝေ့၊ ချွေ့ဖိန်တောင်သခင်က ဘာလို့ ချက်ချင်း ပြန်သွားရတာလဲ”

ဝေ့ရန်က မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး …

“ကျုပ်က ဘယ်သိမှာလဲ …”

ထို့နောက် ဝေ့ရန်က ဆက်ပြောလိုက်သည်။

“ကြောက်စရာ မလိုပါဘူး အစ်ကိုကျား၊ ကျုပ်ကြားဖူးတာတော့ အဲဒီ နတ်မိစ္ဆာဘုရင်က ချင်းရွှမ်နတ်တံခါးနဲ့ ဆက်စပ်မှုရှိတယ်တဲ့၊ ဒီတော့ သူက မင်းကို ဒုက္ခပေးမှာ မဟုတ်ပါဘူး”

ကျင့်ကြံသူကျားက ထိတ်လန့် အံ့သြသွားဟန်ဖြင့် …

“ချင်းရွှမ်နဲ့ ဘယ်လို ပတ်သက်ရတာလဲ …”

“လင်ယန်နန်းတော်သခင် ပြောတာကို ခဏခဏ ကြားဖူးတာပဲလေ၊ ဒါပေမဲ့ အသေးစိတ်တော့ ကျုပ်လည်းမသိဘူး၊ ကဲ … တောင်သခင်လိုချင်တဲ့ ပစ္စည်းတွေရှာဖွေဖို့ သွားလုပ်လိုက်ဦးမယ်၊ ဒီမှာ ခဏစောင့်နေပါဦးဗျာ”

ဝေ့ရန်က သိမ်မွေ့စွာပြောပြီး ထွက်ခွာသွားလေသည်။

သို့သော် သိပ်မကြာမီပင် ဝေ့ရန် ပြန်ရောက်လာလေသည်။

လင်ယန်နန်းဆောင်သည် စည်းကမ်းကောင်းပြီး အမိန့်ထုတ်ပြန် လိုက်သည်နှင့် လုပ်ငန်းများကို မြန်မြန်ဆန်ဆန် လုပ်ဆောင်သည့် ဝန်ထမ်းများ များစွာရှိသည် မဟုတ်ပါလား။

ကျင့်ကြံသူကျားကို တစ်ယောက်တည်း ထားခဲ့ရသည်မှာလည်း ဧည့်ဝတ်မကျေရာ ကျသည်ကို ဝေ့ရန်က နားလည်ထားလေသည်။

ထို့ကြောင့် သူတို့(၂)ယောက်သည် လက်ဖက်ရည် (၂)အိုးခန့် သောက်ရင်း အချိန်ဖြုန်းနေ ကြလေသည်။

သိပ်မကြာမီ အချိန်မှာပင် …

ကောင်းကင်ထက်တွင် ရောင်စဉ်(၅)မျိုး အလင်းတန်းများ ဖြာလင်းလာပြီး သူတို့ လက်ဖက်ရည်ကြမ်း သောက်နေရာ နေရာသို့ ရောက်ရှိလာလေသည်။

တောင်သခင်ကွေလိ ပြန်လာပြီဖြစ်ကြောင်း သိလိုက်ရသည့် အတွက် သူတို့ (၂)ယောက်လုံး ချက်ချင်းပင် အသင့်အနေအထား ပြင်လိုက် ကြလေတော့သည်။

***

All Chapters