← Chapters

မိုးကြိုးတန်ခိုးစွမ်းအား

Vol. 7 Ch. 627

မိုးကြိုးတန်ခိုးစွမ်းအား

Vol. 7 Ch. 627

ပတ်ဝန်းကျင် တစ်ခုလုံးတွင် နတ်ဘုရားရောင်စဉ်များ လင်းလက်သွားလေသည်။

စောစောကပင် တောင်သခင်ကွေလိ ထိုင်ခဲ့သည့်နေရာတွင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက် ကျက်သရေရှိလှစွာဖြင့် ထိုင်နေသည်ကို တွေ့လိုက် ကြရလေသည်။

တစ်ချိန်တည်းမှာပင် သူမ၏ဘေးရှိ စန္ဒကူး ကြမ်းခင်းထက်တွင် ကြေးဝါရောင် အသားအရေရှိပြီး ရွှေရောင် အလင်းတန်းများ တောက်ပနေသည့် လူတစ်ယောက် လဲကျနေသည်ကို တွေ့လိုက်ရလေသည်။ ထိုသူ၏ အသွင်အပြင်မှာ ရက်စက်ကြမ်းကြုတ်ဟန် ရှိလေသည်။

ဝေ့ရန်မှာ အလွန် စိတ်ရှုပ်ထွေးသွားပြီး တုန်ယင်သည့် လေသံဖြင့် ….

“တောင်သခင် … ခုနထွက်သွားတာ အားယွိမင်းကြီးကို သွားဖမ်းတာလား”

ကွေလိက …

“သူ့ကိုသွားမဖမ်းရင် ဘယ်လိုလုပ် ဆန္ဒသစ်သီးကို ရှာလို့ရမလဲ၊ ဒါပေမဲ့ ခုထိတောင် ဆန္ဒသစ်သီး ဘယ်လိုလုပ်ရမလဲ ဆိုတာ မသိသေးဘူး၊ ဒါပေမဲ့ သူ့ကို သတ်တော့ သတ်ပစ်လိုက်ပြီ၊ နင်တို့ လင်ယန်နန်းဆောင်မှာ ဆန္ဒသစ်သီးပြုလုပ်တဲ့ နည်းလေးဘာလေး မရှိဘူးလား”

ဝေ့ရန်က စိတ်ရှုပ်ထွေးနေသည်ကို တည်ငြိမ်အောင် ကြိုးစားလိုက်ရင်း..

“နတ်ဘုရားတွေ သေဆုံးကြတဲ့အခါ ဝိညာဉ်စွမ်းအားက ပုံသဏ္ဌာန်မပျက် ကျန်ခဲ့မယ်ဆိုရင် အဲဒါကို အထူးအခြေအနေ တစ်ခုနဲ့ ပေါင်းစပ်ပြီး ဆန္ဒသစ်သီး ပြုလုပ်လို့ရမယ် ထင်တာပါပဲ၊ ဒီလိုလုပ်ရတာ အချိန်တော့ ကြာနိုင်တယ်၊ ကျွန်တော်တို့ နန်းတော်မှာ ဆန္ဒသစ်သီး မြန်မြန်ဆန်ဆန် ဖွဲ့စည်းနိုင်တဲ့ လျှို့ဝှက်နည်းလမ်း တစ်ခုတော့ရှိတယ်၊ ကျွန်တော် တောင်သခင်အတွက် သွားယူပေးပါ့မယ်”

ကွေလိက …

“အမြန်သွားယူစမ်း …”

ဝေ့ရန်သည် နဖူးထက်မှ ကျလာသည့် ချွေးစများကို အင်္ကျီလက်ဖြင့် အသာသုတ်လိုက်ပြီး တောင်သခင်ကွေလိကို တစ်ချက်ဦးညွှတ်ကာ ထွက်ခွာ သွားလေတော့သည်။

ထိုအခါမှ ကွေလိက ကျင့်ကြံသူကျားကို တစ်ချက် ကြည့်လိုက်ရင်း …

“နင့်နာမည် ဘယ်လိုခေါ်လဲ”

ကျင့်ကြံသူကျားက …

“ကျွန်တော့်နာမည်က ကျားကျန်ပါ”

ကွေလိက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း …

“နင်က စန်းရှောင်ကျင့်စဉ်ကို ကျင့်ကြံသူရဲ့ မျိုးဆက် တစ်ယောက်လား”

ကျားကျန်က …

“ကျွန်တော့်ရဲ့ ဘိုးဘေးတွေကတော့ စန်းရှောင်ကျင့်စဉ်ကို ကျင့်ကြံကြသူတွေပါ တောင်သခင်၊ တောင်သခင်က ကျွန်တော့်ရဲ့ ဘိုးဘေးတွေကို သိလို့လား”

ကွေလိက …

“သိတာပေါ့၊ ကျုပ် ချင်းရွှမ်မှာ အကြာကြီးနေခဲ့တာ၊ ဒါပေမဲ့ ကျုပ် ချင်းရွှမ်က ထွက်လာတာ နှစ်ပေါင်းရာနဲ့ချီနေပြီ၊ အဲဒီကျင့်ကြံသူ ချင်းရွှမ်မှာ ရှိသေးလားတောင် မသိတော့ဘူး”

ကျားကျန်က …

“ကျွန်တော့်ဘိုးဘေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀)ကပဲ ကွယ်လွန်သွားပါပြီ”

ထိုအကြောင်းကို စဉ်းစားလိုက်မိသည့် အခါ ကျားကျန်သည် ချက်ချင်းပင် ဝမ်းနည်း လာတော့သည်။

အဘယ်ကြောင့် ဆိုသော် … သူ၏ မိဘများကလည်း အသက်(၂၀၀) ဝန်းကျင်မှသာ သူ့ကို မွေးဖွားခဲ့သောကြောင့် ဖြစ်လေသည်။ သူ၏ မိဘများသည်လည်း ဟိုင်သန်းအဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိပါက မကြာမီအချိန်တွင် သေခြင်းတရားဖြင့် ရင်ဆိုင်ရတော့မည် ဖြစ်လေသည်။

ဦးလေးဖြစ်သူက သူ့အပေါ်တွင် ကောင်းကောင်းမွန်မွန် ဆက်ဆံသည့်တိုင် မိဘနှစ်ပါး၏ ချစ်ခြင်းမေတ္တာနှင့်တော့ ဘယ်သောအခါမှ အစားထိုးရနိုင်မည် မဟုတ်ပေ။

သူသည် စဉ်းစားနေရင်းဖြင့်ပင် တောင်သခင်ကွေလိမှာ သူ၏ ဘိုးဘေးများနှင့်ပင် သိရှိသူဖြစ်သည့်တိုင် ယခုအချိန်ထိ ငယ်ရွယ်နုပျိုအောင် မည်သို့များ ထိန်းသိမ်း ထားပါလိမ့်ဟု တွေးနေမိလေသည်။ ထိုအချက်များကို ဆက်စပ် စဉ်းစားမိသည့်အခါ သူသည် နတ်ဘုရားဖြစ်ခြင်းဆိုသည့် အကြောင်းတရားကို စဉ်းစား လိုက်မိလေသည်။

သူ၏ ဘိုးဘေးဖြစ်သူ ကျားယိလီသည် ချင်းရွှမ်နတ်တံခါး၏ စည်းကမ်း ဥပဒေများကြောင့် သူတို့မိသားစုကို စန်းရှောင်ကျင့်စဉ်ကို လက်ဆင့် ကမ်းပေးခဲ့ခြင်း မရှိပေ။ သို့သော် … ကျားယိလီ၏ “အရှေ့ချင်းရွှမ်မှ ထိပ်တန်းမိုးကြိုး လက်ဝါးသိုင်း” သည် အလွန်မှ နာမည် ကျော်ကြားလေသည်။

အချိန်များ ကြာလာသည်နှင့်အမျှ စန်းရှောင်ကျင့်စဉ်မှ မိုးကြိုး လက်ဝါးသိုင်းသည် “လေယွမ်မိုးကြိုး လက်ဝါးသိုင်း” အဖြစ် ပြောင်းလဲလာခဲ့လေသည်။

လေယွမ်မိုးကြိုး လက်ဝါးသိုင်းသည် အနည်းညံ့ဖျင်းသလို ထင်ရသော်လည်း မိုးနှင့်မြေကြားမှ မိုးကြိုးတန်ခိုးစွမ်းအား အနှစ်သာရကို ထုတ်ယူရသည့် ကျင့်စဉ်ဖြစ်လေသည်။

သို့သော် … ကျားယိလီက ထိုကျင့်စဉ်ကို စတင်တီထွင်ချိန်မှစပြီး ကျားအိမ်တော်တွင် ထိုကျင့်စဉ်ကို ကျင့်ကြံ အောင်မြင်သူ တစ်ယောက်မှ မရှိခဲ့ပေ။

ထိုကိစ္စနှင့်ပတ်သက်ပြီး တပည့်တစ်ယောက်က ကျားယိလီကို မေးခဲ့ဖူးလေသည်။ သို့သော် ကျားယိလီကိုယ်တိုင်လည်း တိတိကျကျ အဖြေပြန်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

နောက်ဆုံးတွင်တော့ ကျားအိမ်တော်မှ လူများသည် ထိုကျင့်စဉ်ကို ကျင့်ကြံရန် စိတ်မဝင်စား ကြတော့ပဲ အခြားသော ကျင့်စဉ်များကိုသာ သင်ပြပေးရန် ကျားယိလီကို တောင်းဆို ခဲ့ကြလေသည်။ ထိုသို့ဖြင့် မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ဖြတ်သန်း လာကြလေရာ ကျားကျန်၏ မိဘများ လက်ထက်တွင် ထိုကျင့်စဉ်ကို မေ့လုနီးပါးပင် ဖြစ်နေခဲ့ရလေပြီ။

လွန်ခဲ့သည့် (၂၃)နှစ်ခန့်က ကျားကျန်ကို မွေးဖွားခဲ့လေသည်။

အသက်ကြီးမှရသည့် ကလေးဖြစ်သည့် အတွက် မိဘ(၂)ပါးသည် ကျားကျန်ကို အလွန်မှ ချစ်ခင်မြတ်နိုး လှလေသည်။ ထို့ပြင် တိုက်ဆိုင်လှစွာပင် ဘိုးဘေးဖြစ်သူ ကျားယိလီ ချန်ထားရစ်ခဲ့သည့် စာပေများကိုလည်း ပြန်လည်တွေ့ရှိ ခဲ့ကြလေသည်။ ထိုစာပေများမှာ လေယွမ်မိုးကြိုး လက်ဝါးသိုင်း ဖြစ်လေသည်။ စာပေများထဲတွင် လေယွမ်မိုးကြိုး လက်ဝါးသိုင်းကို ကျင့်ကြံ အောင်မြင်ပါက ထိုသူသည် ချင်းရွှမ်နတ်တံခါးမှ (၁၀၈)မျိုးသော ကျင့်စဉ်များထဲမှ (၁)မျိုးကို ကျင့်ကြံနိုင်သည့်သူ အဖြစ် သတ်မှတ်ခံရမည်ဟု ဖော်ပြထားလေသည်။

ကျားကျန်၏ မိဘများမှာ အလွန်မှ ကျေနပ်ပီတိ ဖြစ်ခဲ့ကြလေသည်။

သူတို့တွေ့ရှိခဲ့သည့် လေယွမ်မိုးကြိုး လက်ဝါးသိုင်းမှာ အလွန် အသေးစိတ်ကျပြီး ကျားယိလီ မသေဆုံးမီတွင် အသေးစိတ် ပြန်လည် ရေးသားခဲ့ဟန် တူလေသည်။ ကျင့်စဉ်သည် အလွန်မှ ပြည့်စုံလွန်းလေသည်။ ထိုကျင့်စဉ်နှင့် ပတ်သက်ပြီး ကျားကျန်၏ မိဘများက ချင်းရွှမ်နတ်တံခါးတွင် ရောက်နေသည့် ကျားကျန်၏ ဦးလေးဆီတွင်လည်း အကြံဉာဏ်များလည်း တောင်းခံခဲ့လေသည်။ နောက်ဆုံးတွင်တော့ ကျားကျန်ကို ထိုကျင့်စဉ်ကို သင်ကြားပြသပေး ခဲ့ကြလေသည်။

သို့သော် … ကျားအိမ်တော်၏ အရင်းအမြစ် ရှားပါးမှုများကြောင့် ကျားကျန်၏ လေယွမ်မိုးကြိုး လက်ဝါးသိုင်းသည် ချူးစန်းအဆင့် မရောက်ခင်တွင် ရပ်တန့်နေခဲ့လေသည်။ ထိုအဆင့်မှ ရှေ့သို့ တက်လှမ်းနိုင်ခဲ့ခြင်း မရှိပေ။ သူ၏မိဘများက ကျင့်စဉ် ကျင့်ကြံရာတွင် လော၍မရကြောင်းကို သိရှိကြသူများပီပီ သူ့ကို ကျင့်ကြံခြင်း ခဏရပ်နားပြီး အနားယူရန် ပြောခဲ့ကြလေသည်။

အမှန်တော့ ကျားကျန်၏ မိဘများမှာလည်း မိုးကြိုးတန်ခိုး စွမ်းအားသည် မိုးကောင်းကင်၏ အဖြောင့်မတ်ဆုံး အနှစ်သာရ စွမ်းအားဖြစ်သည်ကို မသိရှိခဲ့ကြပါ။ လေယွမ်မိုးကြိုး လက်ဝါးသိုင်းသည် မိုးကြိုးတန်ခိုး စွမ်းအားကို ထုတ်ယူနိုင်မည် ဆိုပါက ချောင်တုန့်အဆင့်တွင် ပင်လျှင် မိုးကြိုးတန်ခိုးစွမ်းအား အနှစ်သာရကို ဖွဲ့စည်းနိုင်မည် ဖြစ်လေသည်။

သို့သော် … မိုးကြိုးတန်ခိုးစွမ်းအားကို ကျင့်ကြံတော့မည်ဆိုလျှင် မိုးကြိုးတန်ခိုး စွမ်းအားကို ဝိညာဉ်စွမ်းအားဖြင့် ပေါင်းစည်းရန် လိုအပ်လေသည်။ ချူးစန်းအဆင့်သို့ ရောက်ရန်အတွက် ရှေ့သို့ တက်လှမ်းနိုင်ရန် ထိုသို့ ပေါင်းစပ်နိုင်ရန်သာ လိုအပ်လေသည်။ ထိုအဆင့်သည် ရိုးရှင်းသလောက် ခက်ခဲလေသည်။

မိုးကြိုးတန်ခိုး စွမ်းအားသည် မိုးကောင်းကင်၏ ဖြောင့်မတ်ခြင်းတရား ဖြစ်သည့် အတွက်သာ ခက်ခဲသည်ဟု ယူဆရခြင်းဖြစ်လေသည်။ မိုးကြိုးတန်ခိုး စွမ်းအားသည် မကောင်းမှု အားလုံးကို သည်းမခံတတ်သလို မကောင်းမှုများကိုလည်း ခွင့်မလွှတ်တတ်ပေ။

ထိုသဘောတရားကို နားမလည်သည့် အတွက် ကျားအိမ်တော်မှ လူများသည် ဆက်လက် ကျင့်ကြံမရနိုင်ပဲ ဖြစ်ကြရခြင်း ဖြစ်လေသည်။

သို့သော် … မိုးကြိုးတန်ခိုး စွမ်းအားကို ကျင့်ကြံနိုင်သူသည် ဖြောင့်မတ်ပြီး သီလစင်ကြယ်သူ အဖြစ် သိရှိရမည် ဖြစ်လေသည်။

လက်ရှိအချိန်တွင် ကျားကျန်သည် မသေမျိုးဖြစ်သော နတ်ဘုရားတစ်ပါး ဖြစ်လိုသည့် ဆန္ဒများ မယိမ်းမယိုင် ဖြစ်ပေါ်လျက် ရှိလေသည်။ ထိုဆန္ဒသည် ကမ္ဘာပေါ်တွင် အဖြောင့်မတ်ဆုံးသော ဆန္ဒဖြစ်ပြီး သူ့တွင် အခြားသော အလိုဆန္ဒများ မရှိတော့ပေ။

ထိုအချိန်မှာပင် … သူ၏ သန့်စင်သည့် စိတ်ဆန္ဒနှင့် မိုးကြိုးတန်ခိုး စွမ်းအား ပေါင်းစည်းသွားပြီး သူ့တွင် ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်လာလေသည်။

ရုတ်တရက် မိုးခြိမ်းသံများကို ကြားလိုက်ရပြီး လောကကြီးကို အမြင်သစ်တစ်ခုဖြင့် တွေ့မြင်လိုက်ရလေသည်။

သူသည် ကွေလိကို လှမ်းကြည့်လိုက်လေသည်။

ထို့နောက် … သူ၏ မျက်လုံးထဲတွင် နေမင်းကဲ့သို့ တောက်ပလွန်းသည့် အလင်ရောင်စက်ဝန်း တစ်ခုကို တွေ့မြင်လိုက်ရလေသည်။ ရုတ်တရက် ထိတ်လန့်သွားပြီး သူသည် စိတ်နှင့်လူနှင့် ပြန်ကပ်သွားလေသည်။

ကျားကျန်သည် ချူးစန်းအဆင့်ကို တက်ရောက်နိုင်သွားပြီဟု သူ့ကိုယ်သူ သိရှိလိုက်လေသည်။ သူ၏ဦးလေး၏ စကားအရဆိုလျှင် ချူးစန်းအဆင့် အောင်မြင်သူများသည် ချင်းရွှမ်နတ်တံခါးသို့ သွားရောက်ကာ ဆန်းကျန်းရန် နတ်ဘုရားနှင့် တွေ့ဆုံနိုင်တော့မည် ဖြစ်လေသည်။

သူသည် အလွန်ပျော်ရွှင်သွားပြီး ထခုန်မိမတတ်ပင် ဖြစ်သွားရလေသည်။

ထိုအချိန်မှာပင် နူးညံ့ပြီး ဂီတသံစဉ်နှင့်တူသည့် အသံတစ်သံက သူ့နားထဲသို့ ဝင်ရောက်လာလေသည်။ သို့သော် …. ထိုအသံသည် ရေခဲတမျှ အေးစက်လျက်ရှိလေ၏။

“နင်က ငါ့အနားကို ဒီလောက် နီးနီးကပ်လာရဲသလား၊ သေချင်ပြီထင်တယ် …”

ကျားကျန်မှာ အလွန် အံ့အားသင့်သွား ရလေသည်။ သူသည် ကွေလိအနားသို့ လျှောက်သွားခဲ့ပြီး ကွေလိနှင့် ခြေတစ်လှမ်း အလိုတွင် ရောက်ရှိနေခဲ့လေသည်။

ကျားကျန်မှာ အမှတ်မထင် ပြုမိသွားသည့် အပြုအမူအတွက် ကြောက်ရွံ့ သွားမိလေသည်။ သူသည် ချူးစန်းအဆင့်ကို အောင်မြင်ခဲ့ပြီ ဖြစ်လေသည်။ သို့သော် … ဟိုင်သန်းအဆင့်ကို တက်ရောက်နိုင်လျှင် တောင်မှ သူ့ရှေ့မှ တောင်သခင်ကို ရင်ဆိုင်နိုင်မည့်သူ မဟုတ်ပါချေ။

ထိုအချိန်မှာပင် …

ဝေ့ရန်သည် ကျောက်စိမ်းစာလိပ် တစ်လိပ်ကိုကိုင်ကာ ပြန်ရောက်လာလေသည်။

ကွေလိက သူမ၏ ဝိညာဉ်စူးစိုက်မှုကို အသုံးပြုကာ စာလိပ်ထဲမှ လျှို့ဝှက်နည်းလမ်းကို ဖတ်လိုက်ပြီး ချက်ချင်းပင် နားလည်သွားလေသည်။ သူမသည် တန်ခိုးစွမ်းအားကို ချက်ချင်းပင် ကျင့်ကြံလိုက်ပြီး သေဆုံးနေပြီဖြစ်သည့် အားယွိမင်းကြီး၏ ခန္ဓာကိုယ်ထက်သို့ ပို့လွှတ်လိုက်လေသည်။ ချက်ချင်းပင် အားယွိမင်းကြီး၏ ခန္ဓာကိုယ်သည် ကြည်လင် တောက်ပသည့် သစ်သီးတစ်လုံးအဖြစ် ကူးပြောင်းသွားလေသည်။ သစ်သီးလေးမှာ အလွန်မှ လှပလွန်းလေသည်။

ကွေလိက ကျေနပ်စွာဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်ရင်း …

“ဒီလျှို့ဝှက်ကျင့်စဉ်က တကယ် အသုံးဝင်တာပဲ …”

ဝေ့ရန်က ပြုံးလိုက်ရင်း …

“တောင်သခင် နှစ်သက်လို့ ဝမ်းသာမိပါတယ်၊ ဒီသေတ္တာထဲမှာတော့ တခြားနေရာတွေ ကနေ ကျွန်တော့်လူတွေ ရှာလာတဲ့ ရတနာပစ္စည်း (၆)မျိုးနဲ့ ကျွန်တော်တို့ဆီမှာ ရှိပြီးသား ရတနာပစ္စည်း (၃)မျိုးကို ထည့်ထားပါတယ်”

ဝေ့ရန်က (၃)ပေရှည်လျားသည့် ရတနာ သေတ္တာလေးကို ဖွင့်လိုက်လေသည်။

သေတ္တာထဲတွင် မြင့်မြတ်ပြီး တန်ဖိုးရှိလှသည့် ရတနာပစ္စည်း (၉)မျိုး ရှိနေလေသည်။ ထိုရတနာ ပစ္စည်းများထံမှ ဝိညာဉ်စွမ်းအား အငွေ့အသက်များ ထွက်ပေါ်လျက် ရှိလေသည်။

ကွေလိက ဆန္ဒသစ်သီးကို သေတ္တာအတွင်းသို့ ထည့်လိုက်ပြီး သေတ္တာကို ပြန်ပိတ်လိုက်လေသည်။ ထို့နောက် ရောင်စဉ် (၅)မျိုး တန်ခိုး စွမ်းအားများကို အသုံးပြုကာ သေတ္တာလေးကို ချိပ်ပိတ်လိုက်လေသည်။

သူမက …

“ကျားကျန်၊ ကျုပ်က ဒီလက်ဆောင်ပစ္စည်းကို မင်းကိုပေးလိုက်မယ်၊ မင်းက ချင်းရွှမ်တောင်ကို ရောက်တဲ့အခါ ဆန်းလျန်ကို ပေးပေးပါ၊ ကျုပ် တခြား အရေးကြီးကိစ္စတစ်ခု လုပ်ဖို့ရှိလို့ လုန်ဟွာပွဲတော်ကို လာနိုင်မှာ မဟုတ်ဘူး ဆိုတာလည်း သူ့ကိုပြောပြပေးပါ”

ကွေလိ ပြင်ဆင်နေသည့် လက်ဆောင် ပစ္စည်းများသည် ဆန်းကျန်းရန် နတ်ဘုရားအတွက် ဖြစ်သည်ဆိုသည့် အချက်ကို ကျားကျန် လုံး၀မတွေးမိခဲ့ပေ။ ထို့ထက်ပိုပြီး အံ့သြစရာ ကောင်းသည့်အချက်မှာ ကွေလိက သူ့ကို ယုံကြည်စိတ်ချပြီး ဆန်းကျန်းရန်နတ်ဘုရား အတွက် လက်ဆောင်ပစ္စည်းကို ပေးအပ်ခဲ့ခြင်း ဖြစ်လေသည်။

ကျားကျန်က ဖြည်းလေးသည့် လေသံဖြင့် …

“လမ်းခရီးမှာ ဒီလက်ဆောင် ပစ္စည်းတွေ ပျောက်ကုန်မှာ စိတ်ပူမိပါတယ်၊ ဒါမှမဟုတ် အခြားသူတွေက လုယူတာ ခံရရင်ရော ဘယ်လိုလုပ်မလဲ”

ကွေလိက ယုံကြည်ချက် အပြည့်ရှိဟန်ဖြင့် …

“ဒီရတနာသေတ္တာကို ကျုပ်ရဲ့ ရောင်စဉ် (၅)မျိုး တန်ခိုးစွမ်းအားနဲ့ ချိပ်ပိတ်ထားတယ်၊ လောကမှာ ဒီသေတ္တာကို ဖွင့်နိုင်တဲ့သူ သိပ်မရှိလှဘူး၊ ပြီးတော့ တစ်ဆွေလုံး တစ်မျိုးလုံး အသတ်ခံရမှာကို မကြောက်တဲ့ သူလောက်ပဲ ကျုပ်ရဲ့ လက်ဆောင်ပစ္စည်းကို လုယူရဲလိမ့်မယ်”

ဝေ့ရန်မှာတော့ ကျားကျန်ကို ကံကောင်းလွန်းသူ တစ်ယောက်ပမာ အားကျလျက် ရှိလေတော့သည်။

နတ်မိစ္ဆာဘုရင်ကွေလိ ကဲ့သို့သော တန်ခိုးစွမ်းအား မြင့်မားသူ တစ်ယောက်သည် မြင့်မြတ်သည့် ရတနာပစ္စည်းများကို တန်ဖိုးမထားဘဲ နေမည်မဟုတ်ပါ။ ထို့ကြောင့်လည်း သူမက ရက်စက်သည့် စကားများကို ပြောလိုက်ခြင်း ဖြစ်လေသည်။

ထို့ပြင် ထိုရတနာ ပစ္စည်းများသည် ဆန်းကျန်းရန် နတ်ဘုရားကို ပေးအပ်မည့် လက်ဆောင်ပစ္စည်း ဖြစ်လေရာ မည်သူမှ ခိုးယူလုယက်ရဲမည် မဟုတ်ပါချေ။

တောင်သခင်ကွေလိသည် စကားပြောပြီးသည်နှင့် လေထဲသို့ ပျံသန်း ထွက်ခွာသွားပြီး ပျောက်ကွယ် သွားလေတော့သည်။ သူမ၏ လှုပ်ရှားမှုများသည် အလွန်မှ ကျက်သရေရှိလေရာ ကျားကျန်နှင့် ဝေ့ရန်တို့မှာ လေးစားစွာဖြင့်ပင် ငေးမော ကြည့်နေမိကြလေသည်။

နတ်မိစ္ဆာဘုရင် ကွေလိသည် ရက်စက်ကြမ်းကြုတ်သူ တစ်ယောက် ဖြစ်သည့်တိုင် သူမသည် နတ်ဘုရားများနှင့် တန်းတူ တန်ခိုးစွမ်းအား မြင့်မားသည်ကိုတော့ မည်သူမှ ငြင်းနိုင်မည် မဟုတ်ပေ။

ဝေ့ရန်ကလည်း ကျားကျန်ကို တစ်ယောက်တည်း မလွှတ်လိုက်ပါ။ သူက ကျားကျန်ကို ကာကွယ်ပေးရန် အစောင့်များ ထည့်ပေးရန် အမိန့်ပေးလိုက်လေသည်။

သိပ်မကြာမီပင် သူတို့သည် ချင်းရွှမ်နတ်တံခါး တည်ရှိရာ ပင်လယ်ကမ်းခြေသို့ ရောက်ရှိလာကြလေသည်။

ကျားကျန်သည် လိုရာခရီးကို ရောက်ရှိလာသည့် အခါတွင်တော့ ပိုပြီး တည်ငြိမ် အေးဆေးနေလေသည်။ သူက သူ၏ဦးလေးဖြစ်သူကို ရှာဖွေပြီး လက်ရှိကိစ္စရပ်များကို သတင်းပေးရန် အရင်ဆုံး စဉ်းစားလိုက်မိလေသည်။

ဦးလေးဖြစ်သူက သူ့ကို တစ်ညတာအနားယူပြီး နောက်တစ်နေ့ လန်းလန်းဆန်းဆန်း ရှိနေသည့်အချိန်မှ ဆန်းကျန်းရန် နတ်ဘုရားနှင့် တွေ့ဆုံရန် အကြံပေးလေသည်။

ထိုညက  … ကျားကျန်သည် အတော်လေး စိတ်လှုပ်ရှား နေခဲ့လေသည်။

အလွန်မှ နာမည်ကျော်ကြားပြီး ဒဏ္ဍာရီဆန်သည့် ဆန်းကျန်းရန် နတ်ဘုရားကို တွေ့ခွင့်ရလိမ့်မည်ဟု သူ့ဘဝတွင် တစ်ခါမှ စဉ်းစားထားခဲ့ဖူးခြင်း မရှိပေ။ ယခုကဲ့သို့ အခွင့်အရေးရခြင်းမှာ ကံအလွန် ကောင်းသောကြောင့်ပင် ဖြစ်လေသည်။

သူသည် ချူးစန်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ရုံ သာမက ဆန်းကျန်းရန် နတ်ဘုရားနှင့်လည်း တွေ့ခွင့်ရတော့မည် ဖြစ်လေသည်။

နောက်တစ်နေ့ နံနက်စောစောတွင်တော့ သူသည် ဦးလေးဖြစ်သူနှင့် အတူ ထိုက်ယီတောင်ထိပ်သို့ ထွက်လာခဲ့လေသည်။

မြူခိုးများ ဝန်းရံနေသည့် နံနက်ခင်းအချိန်တွင် ငယ်ရွယ်သည့် တာအိုဆရာလေး (၂)ယောက်သည် စစ်တုရင်ပွဲကို အပြင်းအထန် ကစားနေကြလေသည်။ တစ်ယောက်က အဖြူရောင် ကျားစေ့များနှင့် တစ်ယောက်က အနက်ရောင် ကျားစေ့များနှင့် ဆင်နွှဲနေကြခြင်း ဖြစ်လေ၏။

သူ၏ ဦးလေးဖြစ်သူသည် အလွန်အမင်း ရိုသေလေးစားသည့် အမူအရာဖြင့် လူငယ် (၂)ယောက်ကို ဂါရဝပြုလိုက်ပြီး ကျားကျန်ကို ဒူးထောက် ခိုင်းလိုက်လေသည်။

“ဆရာဘိုးဘိုး၊ ဂိုဏ်းချုပ်၊ ဒီလူငယ်က ကျွန်တော့်ရဲ့တူလေး ကျားကျန်ပါ”

ပိုပြီးငယ်ရွယ်ပုံရသည့် တာအိုဆရာလေးသည် မျက်ခုံး(၂)ခုကြားတွင် အနီရောင်ပြဒါးရှင် သင်္ကေတ ရှိနေလေသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ လရောင်အလား တောက်ပနေပြီး ထိုသူမှာ ဆန်းလျန်ပင် ဖြစ်လေ၏။

သူက ကျားကျန်ကို ကြည့်လိုက်ရင်း ခေါင်းတစ်ချက် ညိတ်ကာ ပြုံးလိုက်လေသည်။

“ဒီကလေးက စန်းရှောင်ကျင့်စဉ်ရဲ့ ဆက်ခံသူပဲ၊ ဒီလိုမျိုး အဖိုးတန်တဲ့ တပည့်တွေ တကယ်ပဲ ရှိနေသေးတာပဲ”

***

All Chapters