ဆန်းလျန်၏ဆန္ဒ
Vol. 7 Ch. 628
ဆန်းလျန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ချန်ကျင်းချင်က စစ်တုရင်ကွက် တစ်ကွက်ကို ရွှေ့လိုက်ရင်း ပြုံးလိုက် လေသည်။
“ဆရာ … စိတ်တွေ ပျံ့လွင့်မနေနဲ့တော့၊ ဒီတစ်ပွဲ ဆရာရှုံးတော့မယ်”
ထိုအခါတွင်တော့ ဆန်းလျန်က ကျက်သရေရှိစွာ ပြုံးလိုက်ရင်း လက်တစ်ဖက် ဝေ့ယမ်းလိုက်လေရာ စစ်တုရင်ခုံသည် လေထဲတွင် လွင့်မျော ပျောက်ကွယ် သွားရလေသည်။
“အခုတော့ ဘာအနိုင်အရှုံးမှ မရှိတော့ဘူးပေါ့ …”
ချန်ကျင်းချင်သည် မချိပြုံးတစ်ချက် ပြုံးလိုက်ရင်း ဆရာဖြစ်သူကို လှမ်းကြည့်လိုက်လေသည်။
ဆရာဖြစ်သူက အရှက်မရှိ ကလိမ်ကကျစ် လုပ်ချင်မှတော့ ဒီတပည့်က ဘာများ တတ်နိုင်မည်လဲလေ။
နောက်ဆုံးတော့ ချန်ကျင်းချင်လည်း ကျန်ကျား၏ ဦးလေးကို တစ်ချက်ကြည့်လိုက်ပြီး …
“ချီယွိ၊ မင်းရဲ့တူလေးက ကျုပ်တို့ရဲ့ ဂိုဏ်းတူအစ်ကို ကျားယိလီရဲ့ မျိုးဆက်ပဲ မဟုတ်လား၊ သူတို့မျက်ခုံးတွေက ခပ်ဆင်ဆင်ပဲ၊ သူ မကွယ်လွန်ခင်က လေယွမ်မိုးကြိုး လက်ဝါးသိုင်းကို ပြည့်စုံအောင် ရေးသားသွားတယ်လို့ ကြားတယ်၊ အဲဒီကျင့်စဉ်က နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက်နိုင်ဖို့ အတွက် အရိုးရှင်းဆုံး ကျင့်စဉ်တစ်ခုလို့ ပြောလို့ရတယ်၊ ဒါပေမဲ့ အဲဒီကျင့်စဉ်က အရမ်းခက်ခဲလို့ သူ့ရဲ့မျိုးဆက်တွေ တစ်ယောက်မှ မကျင့်ကြံနိုင်ခဲ့ကြဘူးဆို … ”
ချီယွိက …
“ဒီကလေးက ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ချူးစန်းအဆင့် တက်ရောက်သွားပြီး အဲဒီကျင့်စဉ်ကို ကျင့်ကြံနိုင်သွားလဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး၊ သူက အရည်အချင်းလည်း မရှိ … ကျင့်ကြံမှုစွမ်းအားလည်း မကောင်းတော့ ချင်းရွှမ်နတ်တံခါးကို မဝင်ရောက်နိုင်ခဲ့ဘူး၊ အခုတော့ လေယွမ်မိုးကြိုး လက်ဝါးသိုင်းကို ကျင့်ကြံနိုင်ခဲ့ပြီ၊ ဂိုဏ်းချုပ် … သူ့ကို ချင်းရွှမ်နတ်တံခါးမှာ ပညာသင်ဖို့ အခွင့်အရေးလေးများ ပေးနိုင်မလား မသိဘူး”
ဆရာဘိုးဘိုးနှင့် ဂိုဏ်းချုပ် (၂)ယောက်လုံးနှင့် တွေ့ဆုံခွင့်ရသည့် ကျင့်ကြံသူဆို၍ အနည်းငယ်သာ ရှိလေသည်။ ထိုသို့သော အခွင့်အရေးမျိုးကလည်း ကြုံခေါင့်ကြုံခဲပင် ဖြစ်လေသည်။ ချီယွိက ထိုရှားပါးအခွင့်အရေးကို အသုံးချကာ တူဖြစ်သူ၏ အနာဂတ်အတွက် အသုံးပြုလိုခဲ့သည်။
ကျင့်ကြံသူ လောကသည် ဖွံ့ဖြိုးတိုးတက်လာပြီး လူကြိုက်လည်း များလာခဲ့လေသည်။
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက အခြေအနေများနှင့် ယှဉ်လျှင် ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် (၇)ဆင့်ဖြင့် တက်ရောက်နိုင်သည့် ကျင့်ကြံသူများ အများအပြား ပေါ်ထွက်လာခဲ့လေသည်။ မဝေးတော့သည့် အနာဂတ်တွင် နတ်ဘုရားများ များစွာ ပေါ်ထွက်လာမည် ဟုလည်း ခန့်မှန်းရလေသည်။
ထို့ကြောင့် နောက်ပိုင်း အချိန်များတွင် ကျင့်ကြံသူ တစ်ယောက်သည် ခိုင်မာသည့် ကျောထောက်နောက်ခံ မရှိလျှင် အလွယ်တကူနှင့် အသတ်ခံရ နိုင်လေသည်။
ကျားကျန်သာ ချင်းရွှမ်နတ်တံခါးသို့ ဝင်ခွင့်ရခဲ့လျှင် သူနှင့် သူ၏မိသားစုဝင်များ အားလုံးအတွက် အကာအကွယ် လည်းကောင်းကောင်းရသွားနိုင်လေသည်။ သို့သော် … လောကတွင် ချင်းရွှမ်နတ်တံခါးနှင့် ဆက်စပ် ပတ်သက်နေသည့် ကျင့်ကြံသူများစွာ ရှိခဲ့ပြီး သူတို့သည်လည်း ချင်းရွှမ်နတ်တံခါးသို့ ဝင်ခွင့်မရခဲ့ကြပေ။
ထို့ကြောင့် ယခုရရှိသည့် အခွင့်အရေးသည် ချင်းရွှမ်နတ်တံခါးတွင် ပညာသင်ခွင့်ရရန် အတွက် ကျားကျန်အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်နိုင်လေသည်။
ချန်ကျင်းချင်က …
“အရင်တုန်းက ချင်းရွှမ်ကို ဝင်ခွင့်ရဖို့ စည်းကမ်းတွေမှာ သက်ညှာမှုတွေ ရှိခဲ့ပါတယ်၊ ဟိုင်သန်းအဆင့် ဆရာသခင် တစ်ပါးမှာ ပတ်သက်ရာ ပတ်သက်ကြောင်း တပည့် (၂)ယောက် ခေါ်ခွင့်ရှိတယ်၊ ကျုပ် နတ်ဘုရားအဖြစ် အဆင့်တက်ရောက် နိုင်ခဲ့တဲ့အခါ အဲဒီစည်းမျဉ်းက သိပ်ပြီး အဆင်မပြေတာကို သိလိုက်ရတယ်၊ ဘာလို့လဲဆိုတော့ အဲဒီစည်းမျဉ်းကြောင့် ချင်းရွှမ်နတ်တံခါးမှာ အရည်အချင်းရှိတဲ့ တပည့်တွေနဲ့ အရည်အချင်းမရှိတဲ့ တပည့်တွေ ရောထွေးကုန်တယ်၊ ဒါကြောင့် ကျုပ် စည်းကမ်းအချို့ကိုလည်း ပြောင်းလဲလိုက်တယ်၊ နှစ်ပေါင်း (၅၀) မှ တစ်ကြိမ် တပည့်ရွေးတဲ့ပွဲကို (၁၀)နှစ်တစ်ကြိမ် ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ အဲဒီအချိန်တုန်းက ဆရာသခင်တွေ အတော်များများက ကျုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက် ခဲ့ကြသေးတယ်၊ မကျေနပ်ကြဘူးလေ၊ ကျုပ်အစီအစဉ်ကို ဆန့်ကျင်ဖို့တောင် လုပ်ခဲ့ကြသေးတာပဲ၊ ဒါပေမဲ့ ကျုပ်က ဆုံးဖြတ်ပြီးပြီဆိုရင် ပြန်မပြင်နိုင်ဘူး၊ အခုဆိုရင် နှစ်ပေါင်း(၈၀၀)တောင် ကြာခဲ့ပြီ၊ ကျုပ်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့တဲ့ သူတွေလည်း လောကမှာ မရှိကြတော့ပါဘူး၊ အခု အားလုံးကလည်း စည်းကမ်းအသစ်တွေ အတိုင်း လိုက်နာကြတယ်၊ အခု ဒီကလေးက အရည်အချင်းရှိတယ် ဆိုရင်တောင်မှ သူ့အတွက်နဲ့ ကျုပ်ချမှတ်ခဲ့တဲ့ စည်းကမ်းကို မပြင်နိုင်ပါဘူး၊ မင်း နားလည်နိုင်မှာပါ ချီယွိ"
ချီယွိမှာ ပြောစရာ စကားများ ပျောက်ဆုံး သွားရလေသည်။ မည်သို့မှ မတတ်နိုင်တော့ပဲ ဂိုဏ်းချုပ်၏ စကားကို ခေါင်းညိတ် လက်ခံ လိုက်ရတော့သည်။
ချန်ကျင်းချင်က ဆက်ပြောလိုက်သည်။
"တကယ်တော့ လောကကြီးမှာ ကျင့်ကြံသူတွေအတွက် တခြားမှာ ကောင်းတဲ့ နေရာတွေလည်း အများကြီးရှိပါသေးတယ်၊ ချင်းရွှမ်နတ်တံခါးမှာ သင်ယူမှ နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက်နိုင်မယ် ဆိုတာလည်း မဟုတ်ပါဘူး၊ ဒီကလေးက ကျုပ်တို့ ချင်းရွှမ်နတ်တံခါးနဲ့ ရေစက်မပါပေမဲ့ သူ့အတွက် တခြားနည်းလမ်း ရှိမှာပါ၊ ဒါကြောင့် စိတ်မပျက်ပါနဲ့"
ချီယွိက …
"ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ ဂိုဏ်းချုပ် လမ်းညွှန် ပေးစေချင်ပါတယ်"
ချန်ကျင်းချင်က ပြုံးလိုက်ရင်း …
"နောက်ကျရင် ဒီကလေးက သူ့ဟာသူ နားလည်လာပါလိမ့်မယ်"
ချီယွိလည်း မည်သို့မှ မတတ်နိုင်တော့ပါ။
ထို့ကြောင့် သူက စကားလမ်းကြောင်း ပြောင်းရန်သာ ကြိုးစား လိုက်တော့သည်။ သူက ကျားကျန်နှင့် တောင်သခင် ကွေလိတို့ တွေ့ဆုံခဲ့ရပုံ အသေးစိတ်ကို ဆရာဘိုးဘိုးနှင့် ဂိုဏ်းချုပ်ကို အသေးစိတ် ပြောပြလိုက်လေသည်။
ကိစ္စရပ်များအားလုံးကို ဆန်းလျန် နားထောင်ပြီးသွားသည့် အခါတွင်တော့ …
"အခု ကိစ္စရပ်အားလုံးကို ကျုပ်နားလည်ပါပြီ၊ နောက် (၂၅)ရက်လောက် ကျရင် လုန်ဟွာပွဲတော် မကျင်းပခင် ထိုက်ယီတောင်ထိပ်မှာ အသက်ရှည်ခြင်း လမ်းစဉ်နဲ့ ပတ်သက်ပြီး ကျုပ် သင်ပြပေးဖို့ရှိတယ်၊ အဲဒီမှာ အငယ်တန်း တပည့်တစ်ယောက် အတွက် နေရာတစ်နေရာ လစ်လပ်နေတယ်၊ ဒီကလေးကို အဲဒီကို လာခိုင်းလိုက်ပါ၊ ဟုတ်ပြီလား …၊ အခုတော့ ကျုပ်တို့ စကားပြောတာကို ရပ်လိုက်ကြရအောင်၊ ကွေလိပေးလိုက်တဲ့ လက်ဆောင်ကို ထားခဲ့လိုက်ပါ၊ ထိုက်ယီတောင်ထိပ်မှာ ကျုပ်သင်ပြ ဟောပြောပေးမဲ့နေ့ ကျရင် ပြန်လာဖို့ မမေ့ပါနဲ့"
ဆရာဘိုးဘိုးက ထိုသို့ပြောပြီဆိုမှတော့ ချီယွိနှင့် ကျားကျန်မှာလည်း ထိုက်ယီ တောင်ထိပ်တွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။
သူတို့က တောင်သခင်ကွေလိ ပေးလိုက်သည့် လက်ဆောင် သေတ္တာလေးကို ထားခဲ့ပြီး တောင်ပေါ်မှ ဆင်းလာ ခဲ့ကြတော့သည်။
ကျားကျန်သည် စိတ်ရှုပ်ထွေး နေခဲ့လေသည်။
ဆန်းကျန်းရန် နတ်ဘုရားနှင့် ချန်ကျန်းရန် နတ်ဘုရားတို့နှင့် တွေ့ဆုံခွင့် ရခဲ့သည့်တိုင် သူမျှော်လင့်ထား သကဲ့သို့ ဖြစ်မလာခဲ့ပေ။ ထို့ပြင် သူ့အနေဖြင့် ချင်းရွှမ် နတ်တံခါးတွင် ကျင့်စဉ်များ သင်ယူရန် ဝင်ရောက်ခွင့် မရခဲ့သည့်အတွက် စိတ်ပျက် လက်ပျက်လည်း ဖြစ်နေခဲ့လေသည်။ သို့သော် … ချန်ကျန်းရန် နတ်ဘုရားနှင့် ဆန်းကျန်းရန် နတ်ဘုရားက သူ၏ အနာဂတ်အတွက် ညွှန်ကြားမှုများ ထပ်မံပြုလုပ်ပေးမည် ဆိုသည့်အတွက် အနည်းငယ်တော့ ပျော်ရွှင်မိခဲ့လေသည်။
ချီယွိက …
"မင်း ဒီမှာပဲနေပြီး ကျင့်စဉ်ကို သေသချာချာ ကျင့်ကြံပါ၊ ဆရာဘိုးဘိုး သင်ပြဟောပြောမဲ့နေ့ အထိ မစောင့်နဲ့တော့၊ တော်ကြာ အဲဒီနေ့ကျ လန့်ပြီး အရှက်ကွဲနေဦးမယ်"
ကျားကျန်က …
"ကျွန်တော်အကောင်းဆုံး ကြိုးစားပါ့မယ် ဦးလေး"
ချီယွိက သူ၏တူလေးဖြစ်သူ၏ ပခုံးကို အသာပုတ်လိုက်ရင်း …
"ကျုပ်တို့ရဲ့ ဘိုးဘေးဟာ ဘယ်လောက် တန်ခိုးစွမ်းအား မြင့်မားသလဲဆိုတာ ကျုပ်အခုထိ မှတ်မိနေတုန်းပဲ၊ အခုချိန်မှာတော့ မင်းက လေယွမ်မိုးကြိုး လက်ဝါးသိုင်းကို ကောင်းကောင်း လေ့ကျင့်ပါ၊ ကျားအိမ်တော်က မင်းအတွက် ဂုဏ်ယူရအောင် ကြိုးစားပါ”
ကျားကျန်က ဆုံးဖြတ်ချက် ခိုင်မာသည့်ဟန်ဖြင့် ခေါင်းကို သေသေချာချာ ညိတ်ပြလိုက်လေသည်။
သူသည် (၂)ရက်အတွင်းမှာပင် အလွန်လေးစားဖွယ် ကောင်းသည့် ပုဂ္ဂိုလ်(၃)ဦးနှင့် တွေ့ခွင့်ရခဲ့သည်။ တောင်သခင်ကွေလိ၊ ဆန်းကျန်းရန် နတ်ဘုရားနှင့် ချန်ကျန်းရန် နတ်ဘုရားတို့ပင် ဖြစ်လေသည်။ ထို့ကြောင့် သူ၏ စံနှုန်းများသည် အတိတ်နှင့်ယှဉ်လျှင် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။
သူသည် ကျားအိမ်တော် ဂုဏ်တက်စေရေးကို ဒီလောက် စိတ်မဝင်စားတော့ပါ။ သူသည် နတ်ဘုရားတစ်ပါး ဖြစ်ချင်နေမိပြီး တောင်သခင် ကွေလိကဲ့သို့ တန်ခိုးစွမ်းအား မြင့်မားသူ တစ်ယောက် ဖြစ်ချင်စိတ် ပြင်းပြနေမိလေသည်။
***
ဆန်းလျန်သည် ချီယွိနှင့်ကျားကျန်တို့ တောင်ပေါ်မှ ထွက်ခွာသွားသည်ကို ကြည့်နေပြီးမှ တောင်သခင်ကွေလိ ပေးလိုက်သည့် လက်ဆောင်ပစ္စည်း သေတ္တာကို တစ်ချက် ကြည့်လိုက်လေသည်။ သေတ္တာကို ရောင်စဉ် (၅)မျိုးဖြင့် ချိပ်ပိတ်ထားပြီး ရောင်စဉ်တန်းများသည် ကြည်လင်သည့် ရေအလား သေတ္တာ ပတ်ပတ်လည်တွင် စီးဆင်းလှည့်ပတ် နေလေသည်။ ဝိညာဉ်စွမ်းအားများ ပြည့်ဝနေသည်ကိုလည်း ရှင်းရှင်းလင်းလင်း သိမြင်ရလေသည်။
ဆန်းလျန်က သေတ္တာလေးရှိရာသို့ လက်နှစ်ချောင်းဖြင့် ထိုးညွှန်လိုက်လေသည်။ ဆန်းလျန်၏လက်မှ အဖြူရောင်နှင့် အနက်ရောင် တန်ခိုးစွမ်းအား (၂)မျိုးထွက်ပေါ်လာပြီး ရောင်စဉ်(၅)မျိုးဖြင့် တစ်သားတည်း ပေါင်းစပ်သွားလေသည်။ ထိုအခါ ရောင်စဉ်(၅)မျိုးမှာ ပျောက်ကွယ် သွားလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးရှိ လေထုထဲတွင် လန်းဆန်းစေသည့် အငွေ့အသက်များဖြင့် ပြည့်နှက်သွားပြီး ပွင့်လန်းနေသည့် ပန်းများပင်လျှင် ပိုပြီး အရောင်တောက်ပ လာလေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း ….
"ရောင်စဉ် (၅)မျိုး တန်ခိုးစွမ်းအားနဲ့ ချိပ်ပိတ်ထားတာကို ဖွင့်နိုင်တဲ့သူဆိုလို့ လောကမှာ လူ(၁၀)ယောက်တောင် မပြည့်နိုင်ဘူး၊ ကြည့်ရတာ ချမ်းမော့ကတော့ ဒီနှစ်တွေအတွင်း အများကြီး တိုးတက်လာတာပဲ"
ချန်ကျင်းချင်က …
"လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀၀)လောက်က ချမ်းမော့က ချင်းရွှမ်ကနေ ထွက်သွားခဲ့တယ်၊ ရှောင်ရွှင်ကတော့ လူသားအသွင် ပြောင်းဖို့အတွက် မိုးကြိုးပစ် အစစ်ဆေးခံခြင်းကို ကျရှုံးခဲ့ရတယ်၊ ကျွန်တော် သူ့ကို လိုက်ရှာပါသေးတယ်၊ ဒါပေမဲ့ လုံးဝ စုံစမ်းလို့မရခဲ့ဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)လောက်က သူပြန်ပေါ်လာတယ်၊ တကယ့်ကို တန်ခိုး စွမ်းအားကြီးမားတဲ့ နတ်မိစ္ဆာဘုရင်ကြီး ဖြစ်နေပြီ၊ အခု လက်ဆောင်သေတ္တာမှာ ချိပ်ပိတ်ထားတဲ့ တန်ခိုးစွမ်းအားတွေကိုသာ ဆရာကြည့်ပါတော့၊ အခု ချင်းရွှမ်နတ်တံခါး မှာတောင် ဆရာပြီးရင် ဂိုဏ်းတူအစ်မ ဖန်းယန်ယင်းပဲ သူ့ကို ရင်ဆိုင်နိုင်တဲ့သူ ရှိတော့မယ်"
ဆန်းလျန်က နူးညံ့သိမ်မွေ့သည့် လေသံဖြင့် …
"သူ့ရဲ့ ရောင်စဉ် (၅)မျိုး တန်ခိုးစွမ်းအားတွေက မွေးရာပါ ပါလာတာ၊ ကျုပ်တောင်မှ သူ့ကို မခန့်မှန်းနိုင်ဘူး၊ မင်း သူ့ကို ခြေရာခံနိုင်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်မှာလဲ၊ ပြီးတော့ သူက မွေးရာပါ လျင်မြန်လွန်းတဲ့ တန်ခိုးစွမ်းအားကိုလည်း ပိုင်ဆိုင်ထားသေးတယ်၊ အရမ်းလည်း မောက်မာပြီး မာနကြီးလွန်းတယ်၊ အဲဒါကြောင့်လည်း သူ့ကိုဆန့်ကျင်တဲ့သူ တွေရဲ့အန္တရာယ်ကနေ လွယ်လွယ်နဲ့ ရှောင်ရှားနိုင်တယ်၊ ဟိုး လွန်ခဲ့တဲ့အချိန်တွေ ကတည်းက ကျင့်စဉ်လမ်းဆိုတာ ရှည်လျားပြီး အထီးကျန်ဆန်တယ် ဆိုတာ ကျုပ် သိခဲ့ပါတယ် …၊ အခုတော့ ကျုပ်နဲ့ သိကျွမ်းခဲ့သူတွေ … ကျုပ်ကို နားလည်ပေးနိုင်တဲ့ သူတွေ အတော်များများဟာလည်း လောကမှာ မရှိကြတော့ဘူး၊ ချမ်းမော့နဲ့ တွေ့ဆုံခွင့်မရရင် တောင်မှ ချမ်းမော့ အန္တရာယ်ကင်းကင်းနဲ့ အသက်ရှင်သွားနိုင်ဖို့ ကျုပ်မျှော်လင့်မိတာပါပဲ၊ သူနဲ့ ပြန်တွေ့ဖို့ကတော့ နောင်တစ်ချိန်ကျရင် အခွင့်အရေးတစ်ခု ရချင်လည်း ရဦးမှာပေါ့လေ"
ချန်ကျင်းချင်က တည်ကြည်လေးနက်သည့် လေသံဖြင့် …
"ဆရာပြောပြခဲ့တဲ့ အသူရာချောက်ဆိုတဲ့ နေရာက ရန်သူတွေကတော့ အရမ်းကို အံ့သြစရာ ကောင်းတယ်နော်၊ တကယ်တော့ ချမ်းမော့ကို ကျွန်တော် တကယ် ရှာတွေ့ချင်ခဲ့မိတာ၊ ခုလို ဆရာ့ကို လက်ဆောင်ပစ္စည်း ပို့လိုက်ပုံ ထောက်ရင် အတိတ်က သူနဲ့ဆရာရဲ့ သံယောဇဉ်တွေကို လျစ်လျူမရှုသေးဘူးပဲ၊ သူ့ဆီက အများကြီး အကူအညီရ နိုင်မှာပါ"
ဆန်းလျန်က …
"အဲဒီလောက်လည်း မမျှော်လင့်ပါဘူးကွာ၊ လုန်ဟွာပွဲတော်မှာ ကျုပ် အသူရာချောက်မှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြလိုက်ရင် လောကနတ်ဘုရား အများစုနဲ့ ရွှေခန္ဓာ ရရှိထားတဲ့ ဆရာတော်အများစုက ကျုပ်တို့နဲ့ ပူးပေါင်းမယ် ဆိုတာ ကျုပ် ယုံကြည်ပါတယ်၊ အမှန်တော့ ကျုပ်တို့အားလုံး ဒီလောကမှာ နေထိုင်ကြတာပဲ၊ သူတို့ ဒီအတိုင်းတော့ ပစ်ထားကြမှာ မဟုတ်လောက်ပါဘူး"
ချန်ကျင်းချင်က သက်ပြင်းတစ်ချက် ချလိုက်ရင်း …
"ဆရာသာ ပြန်မလာခဲ့ရင် တပည့်ဟာ ခပ်တုံးတုံး ဖြစ်နေဦးမှာပဲ၊ ဒီနေရာက ထွက်ခွာမသွားဖို့ အတွက် ဒီလောက မိုးနဲ့မြေရဲ့ အစိတ်အပိုင်းအဖြစ် လုကျိုးယွမ်ဟာ သူ့ကိုယ်သူ အဖြစ်ခံခဲ့တယ်၊ ဒါဟာ မိုးမြေနိယာမတွေကို အများကြီး ထိခိုက်စေတယ်၊ ဒါကြောင့် နတ်ဘုရားတွေဟာ နောက်ဆုံးမှာ လောကကို ကျော်လွန်သွားကြတာပဲ မဟုတ်လား"
ဆန်းလျန်က …
"သူ့ကိုလည်း အပြစ်တင်လို့ မရဘူးလေ၊ မိုးမြေစွမ်းအား အနှစ်သာရတွေကို စုပ်ယူတာဟာ မိန်းကလေး တစ်ယောက် ကိုယ်ဝန်ဆောင်တာနဲ့ ဆင်တူတယ်၊ မိုးကောင်းကင် နတ်ဘုရားအဆင့် ရောက်သွားတာနဲ့ မိုးနဲ့မြေက ကလေး တစ်ယောက် မွေးဖွားပေးလိုက်သလိုပဲ ဖြစ်သွားပြီ၊ လွတ်လွတ်လပ်လပ် အသက်ရှင်သန် နိုင်သွားပြီ၊ မိခင်ဖြစ်သူဖြစ်တဲ့ လောကကြီးကတော့ အများကြီး ဒုက္ခခံရတာပေါ့လေ"
***