နွားရိုင်းဘုရင်
Vol. 7 Ch. 629
ဆန်းလျန်၏ စကားများကို နားထောင်ပြီး ချန်ကျင်းချင်သည် တိတ်ဆိတ် ငြိမ်သက်နေလေသည်။
အမှန်တော့ ကျင့်ကြံသူ တစ်ယောက်သည် ဟိုင်သန်းအဆင့် အောင်မြင်ပြီးသည်နှင့် မိုးနှင့်မြေမှာ စွမ်းအားများကို အသုံးပြုနိုင်ပြီ ဖြစ်လေသည်။ ထို့ပြင် … ကျင့်စဉ်လမ်းတွင်လည်း ဆက်လက် ခရီးဆက်နိုင်ပြီ ဖြစ်လေသည်။ ထို့ကြောင့် မိုးမြေကို ထိခိုက်စေခြင်းကတော့ ရှောင်လွှဲမရသည့် ပြဿနာပင် ဖြစ်လေသည်။
ကျင့်ကြံသူများ၏ တိုးတက်ရာလမ်း၊ ပျက်စီးခြင်းလမ်းနှင့် အသစ်ပြန်လည် ဖြစ်တည်ခြင်းတို့ကို မည်သူက တားဆီး နိုင်ပါမည်နည်း။ ကြွေကျသွားသည့် ပန်းပွင့်လေးများ ကဲ့သို့ပင် ဖြစ်လေသည်။ ပွင့်ကြွေလေးများသည် မြေကြီးအတွင်းသို့ မြေသြဇာအဖြစ် စိမ့်ဝင်သွားကြပြီး အသစ်သော သစ်ပင်ပန်းမာလ်များကို ပွင့်ဖူးစေလေသည်။ ပန်းများ မကြွေလွင့်တော့ပဲ ထာဝရ ပွင့်လန်းနေတော့မည် ဆိုလျှင် နောက်ထပ် ပွင့်လန်းရန်အတွက် အဘယ်မှာ မြေဆီသြဇာ ရရှိပါတော့မည်နည်း။
ချန်ကျင်းချင်က …
"ဆရာ … လောကမှာ နတ်ဘုရားဆိုလို့ နည်းနည်းပဲ ရှိပါတယ်၊ ဆရာကတော့ လောက(၂)ခုကို ဖွင့်လှစ်နိုင်တဲ့ အစွမ်းကို ရထားတယ်၊ ဒါပေမဲ့ သာမန် ကျင့်ကြံသူတွေကတော့ အဲဒီလောက (၂)ခုကို ဘယ်လိုလုပ် ဖြတ်ကျော်နိုင်မှာလဲ၊ ကျွန်တော်တို့နောက်ကို လိုက်မဲ့ ကျင့်ကြံသူတွေက တစ်သိန်းလောက် မရှိဘူးဆိုရင်တောင် ရှစ်သောင်း ကိုးသောင်းလောက်တော့ အများဆုံး ရှိနိုင်တာပဲ"
ဆန်းလျန်က …
"အဲဒီကိစ္စကို စိတ်ပူစရာမလိုဘူး၊ ကျုပ်တို့ချင်းရွှမ်မှာ ပျောက်ဆုံးနေတဲ့ ရတနာပစ္စည်းတစ်ခု ရှိတယ်၊ အဲဒါက ဘာမှ ရေးဆွဲထားခြင်း မရှိတဲ့ အဖြူရောင်ပန်းချီကား တစ်ချပ်ပဲ၊ တကယ်တော့ အဲဒီပန်းချီကားဟာ ဖြစ်တည် မလာသေးတဲ့ လောကတစ်ခုကို ရေးဆွဲထားတာ၊ အဲဒီပန်းချီကားသာ ပြန်ရမယ်ဆိုရင် သန်းနဲ့ချီတဲ့ လူတွေဆိုရင်လည်း လောက နှစ်ခုကို ဖြတ်သန်း သွားလာနိုင်လိမ့်မယ်၊ လူပေါင်း တစ်သိန်းလောက်ကို စကားထဲ ထည့်ပြောမနေနဲ့တော့၊ ကျုပ်သာ အသူရာချောက်မှာ တိုင်းပြည် တည်ထောင်ခဲ့တဲ့အချိန် နောက်မကျခဲ့ဘူး ဆိုရင် ဒီနေရာကနေ ကျင့်ကြံသူတွေ ခေါ်စရာတောင် မလိုပါဘူး၊ ကံကောင်းတာက အသူရာချောက်က အသက်ဓာတ် စွမ်းအားတွေက ဒီမှာထက်ပိုပြီး သိပ်သည်းတယ်၊ ဒါကြောင့် အဲဒီဘက်လောကကို ဖွင့်ရတာက ဒီဘက်လောကကို ဖွင့်ရတာထက် ပိုပြီးလွယ်ကူနိုင်တယ်"
ချန်ကျင်းချင်က …
"ဒါဆို အဲဒီပန်းချီကား ဘယ်မှာလဲ မသိဘူးနော် …"
ဆန်းလျန်က တည်ကြည်လေးနက်သည့် လေသံဖြင့် …
"ရွှမ်ထျန်းနတ်ဘုရား ဂိုဏ်းမှာ …"
ချန်ကျင်းချင်မှာ အံ့သြလွန်းသဖြင့် စကားမပြောနိုင် ဖြစ်သွားရလေသည်။ ပန်းချီကားကို ပြန်လည်ရယူရန် အတွက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရတော့မည်။
ရွှမ်ထျန်းနတ်ဘုရား ဂိုဏ်းသို့ ထိုပန်းချီကား မည်သို့ ရောက်ရှိ သွားရပါသနည်း။
ထိုအဖြစ်အပျက်သည် လွန်ခဲ့သည့် (၃)ရက်ခန့်ကမှ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်လေသည်။
ကျောက်ဘုရား မြစ်ဆုံဒေသသည် ထျန်းရှန်း အမိန့်တော်ဂိုဏ်း ခြေကုပ်ယူရာ နေရာတစ်ခု ဖြစ်လေသည်။
ထျန်းရှန်း အမိန့်တော်ဂိုဏ်း၏ ဂိုဏ်းချုပ်မှာ တရားအလင်း ရရှိပြီးသူ နတ်မိစ္ဆာဘုရင် ရှင်းစစ်စစ်နျန်ပင် ဖြစ်လေသည်။ သူမသည် ကောင်းကင်ရနံ့ ကျင့်စဉ်ကို ကျင့်ကြံအောင်မြင်ခဲ့ပြီး ဂါထာမန္တန်များကို လိုအသလို ပေါင်းစပ်အသုံးပြုနိုင် သည်တန်ခိုး စွမ်းအားများကို ရရှိထားသည်ဟု လူအများက ပြောကြလေသည်။ တန်ခိုးစွမ်းအား မြင့်မားသည့် နတ်ဘုရားများ ပင်လျှင် သတိမမူမိပါက သူမ၏ ထောင်ချောက် အတွင်းသို့ ကျရောက် သွားနိုင်လေသည်။
သို့သော် ရှင်းစစ်စစ်နျန်သည် စည်းကမ်းကြီးသူ တစ်ယောက်ဖြစ်ပြီး မလိုအပ်ပဲ မည်သူနှင့်မျှ ပြဿနာဖြစ်ခြင်း မရှိပေ။
နှစ်ထောင်ပေါင်းများစွာ အတွင်းတွင် ….
ထျန်းရှန်း အမိန့်တော်ဂိုဏ်းသည် သူမ၏ အုပ်ချုပ်မှုအောက်တွင် များစွာ တိုးတက်ကြီးပွား အောင်မြင် လာခဲ့လေသည်။ ထို့ကြောင့် နတ်မိစ္ဆာဘုရင် အချို့သည် ရှင်းစစ်စစ်နျန်၏ အောင်မြင်မှုနှင့် ကြွယ်ဝ ချမ်းသာမှုများကြောင့် သူမကို လက်ဆက် လိုခဲ့ကြလေသည်။
သို့သော် … ရှင်းစစ်စစ်နျန်ကတော့ သူတို့အားလုံး၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့လေသည်။
နောက်ပိုင်းတွင်တော့ … သူမကို အတင်းအကျပ် လက်ထပ်လိုသည့် နတ်မိစ္ဆာဘုရင်တစ်ပါး ပေါ်ထွက်လာခဲ့လေသည်။
ထိုနတ်မိစ္ဆာ ဘုရင်က …
"ရှင်းစစ်စစ်နျန်သာ ကျုပ်ကို လက်မထပ်ဘူးဆိုရင် ကျောက်ဘုရား မြစ်ဆုံဒေသ တစ်ခုလုံးကို မီးလောင်တိုက် သွင်းပစ်ပြီး ထျန်းရှန်း အမိန့်တော်ဂိုဏ်း တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်" ဟု ကြေညာခဲ့လေသည်။
ထိုနတ်မိစ္ဆာဘုရင် ထိုသို့ကြေညာပြီး နောက်တစ်ရက်တွင်တော့ ထိုနတ်မိစ္ဆာဘုရင် နေထိုင်ရာ နေရာတစ်ခုလုံး ပြာကျသွားသည့်အပြင် နတ်မိစ္ဆာဘုရင်နှင့် နတ်မိစ္ဆာများမှာလည်း အမှုန့်ဖြစ်ကာ ရွှံ့အိုင်များ ဖြစ်သွား ကြရလေသည်။
ထိုအချိန်မှစပြီး ရှင်းစစ်စစ်နျန်ကို မည်သူမှ သွားပြီး ရန်မစရဲကြတော့ပေ။
ထို့ပြင် … ထိုအချိန်မှစပြီး တရားကျင့်ကြံနေသည့် ဘုန်းတော်ကြီးများ သာမက တာအိုကျင့်ကြံသူများ သည်လည်း ကျောက်ဘုရား မြစ်ဆုံဒေသတွင် မနေရဲကြတော့ပေ။
ထို့နောက်တွင်တော့ ထျန်းရှန်း အမိန့်တော်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလွန် စွမ်းအားမြင့်မားသည့် နတ်မိစ္ဆာဘုရင် တစ်ပါးနှင့် လက်ထပ်လိုက်ပြီဟု ကောလာဟလများလည်း ထွက်လာ ခဲ့လေတော့သည်။
လွန်ခဲ့သည့် (၃)ရက်ခန့်က …
ရှင်းစစ်စစ်နျန်သည် ကျောက်ဘုရားမြစ်ဆုံ အနောက်ဘက်ရှိ တောင်တစ်တောင်ထက်မှ နေပြီး မြစ်ရေပြင်ရှုခင်းကို ကြည့်ရှုနေလေသည်။ သူမနှင့် မျက်နှာချင်းဆိုင် တွင်လည်း တောင်တစ်တောင် ရှိလေသည်။
ထိုတောင်ထိပ်ဆီမှ ရေတံခွန်တစ်ခု ကျဆင်းနေလေသည်။
ရေတံခွန်သည် သေးငယ်ပြီး လှပလေသည်။ နေရောင်အောက်တွင် လှပသည့် အဖြူရောင် အလင်းတန်းများ ဖြာထွက်နေသည်မှာ နှင်းများ ကျဆင်းနေသည်နှင့်လည်း တူသလို စာရွက် အဖြူရောင် တစ်ရွက်နှင့်လည်း ဆင်တူလေသည်။
သို့သော် … သေသေချာချာ ကြည့်မည်ဆိုလျှင် ထိုနေရာတွင် မြူခိုးများ ပျံ့လွင့်နေသည်ကိုလည်း တွေ့မြင်ရမည် ဖြစ်လေ၏။
ထိုအချိန်မှာပင် …. ထိုရေတံခွန်ဆီမှ လူရိပ်တစ်ရိပ် ထွက်ပေါ်လာလေသည်။
ထိုသူသည် လေထဲတွင် တည်ငြိမ်စွာဖြင့် ရပ်တန့်နေလေသည်။ မြူခိုးများဝေနေသည့် အတွက်ကြောင့် အဝေးမှကြည့်လျှင် ထိုသူ၏ပုံသဏ္ဌာန်ကို ဝိညာဉ်ဆန်စွာ တွေ့မြင်ရမည် ဖြစ်လေသည်။
ရှင်းစစ်စစ်နျန်သည် ထိုသူကို စူးစိုက် ကြည့်နေလေသည်။
ထို့နောက် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ထိုသူရှိရာသို့ ပျံသန်းထွက်ခွာ သွားလိုက်လေသည်။
သူမ အနားသို့ ရောက်လာသည်နှင့် ရေတံခွန်အနားမှလူ၏ ပုံရိပ်သည် ပိုမိုရှင်းလင်း ပြတ်သားလာလေသည်။ ထိုသူ၏ လက်ထဲတွင် စာလိပ်တစ်လိပ်ကို ကိုင်ဆောင်ထားလေသည်။
ထိုသူသည် အလွန်မှ ကျက်သရေရှိသူ တစ်ယောက်ဖြစ်ပြီး ရှင်းစစ်စစ်နျန်ရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာလေသည်။ ရေတံခွန်မှ ကျဆင်းနေသည့် ရေများသည် သူ့ကို တစ်စက်ကလေးပင် စိုရွှဲစေခြင်း မရှိပါချေ။
သူသည် ရှင်းစစ်စစ်နျန်ရှိရာသို့ တည်ငြိမ်သည့် ခြေလှမ်းများဖြင့် တစ်လှမ်းချင်း လှမ်းလာပါလေ၏။
ရှင်းစစ်စစ်နျန်က ထိုသူ၏ အသွင်အပြင်ကို အတန်ကြာ လေ့လာနေပြီးမှ မသေမချာဖြင့် မေးခွန်းတစ်ခု မေးလိုက်လေသည်။
"ရှင်က ဝမ်ကျန်းရန် နတ်ဘုရား ဝမ်ရှီတောက်လား"
ချောမောခန့်ညားပြီး လက်ထဲတွင် စာလိပ်တစ်လိပ် ကိုင်ထားလေ့ရှိသူသည် ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းမှ ဝမ်ရှီတောက်မှလွဲပြီး မည်သူမှ မဖြစ်နိုင်ပေ။
ဝမ်ရှီတောက်က ပြုံးလိုက်ရင်း …
"ကျောက်ဘုရား မြစ်ဆုံဒေသက စာပေလေ့လာလို့ ကောင်းတဲ့ နေရာတစ်ခုပဲ၊ အထူးသဖြင့် ဒီရေတံခွန်ကို ကျုပ် တော်တော် သဘောကျတယ်၊ ဒီတောင်မှာ ကျောင်းဆောင်တစ်ခု ဆောက်လုပ်ခွင့်ရမယ် ဆိုရင် သိပ်ကို ဝမ်းသာမိမှာပါပဲဗျာ"
ရှင်းစစ်စစ်နျန်က …
"ဒါတော့ ချီးကျူးလွန်းနေပါပြီ၊ ကျွန်မရဲ့နေရာက ရွှမ်ထျန်းနတ်ဘုရားဂိုဏ်း တည်ရှိတဲ့ ကောင်းကင်တံခါး ရေလက်ကြားလောက်တော့ ဘယ်လိုလုပ် လှပနိုင်မှာတဲ့လဲ"
ဝမ်ရှီတောက်က ရယ်မောလိုက်ရင်း …
"အရာအားလုံးမှာ သူ့အလှနဲ့သူ ရှိတာပေါ့ဗျာ၊ ဘယ်လိုလုပ် နှိုင်းယှဉ်ကြည့်လို့ ရနိုင်မှာလဲ"
ရှင်းစစ်စစ်နျန်က ကွေ့ပတ်မနေတော့ပဲ …
"ဒါနဲ့ ဒီကို ဘာကိစ္စများရှိလို့ ရောက်လာရတာလဲ၊ ကျွန်မတို့ ကူညီပေးနိုင်တာများ ရှိမလား"
"အဖြူရောင် ပန်းချီကားကို ကျုပ်ကိုပေးဖို့ ပြောချင်ပါတယ်"
ရှင်းစစ်စစ်နျန်က …
"အဲဒီပန်းချီကားကို ကျွန်မရဲ့ခင်ပွန်း ယူသွားပါတယ်"
"ရှင်းစစ်စစ်နျန်က နွားရိုင်းဘုရင်ကြီးကို လက်ထပ်ခဲ့တုန်းက မင်္ဂလာလက်ဆောင် အနေနဲ့ အဖြူရောင် ပန်းချီကားကို ပေးရမယ်လို့ တောင်းဆိုခဲ့တယ်လို့ ကျုပ်သိခဲ့ရတယ်၊ မင်းက ဒီပန်းချီကားကို အသုံးပြုပြီး နွားရိုင်းဘုရင်ကြီးကို နှိမ်နင်းဖို့အတွက် ချင်းရွှမ်နတ်တံခါးရဲ့ အကူအညီကို ယူမလို့မဟုတ်လား၊ ဘာလို့လဲဆိုတော့ အဲဒီနွားရိုင်းဘုရင်ကြီးက မင်းရဲ့ဖခင်ကို သတ်ခဲ့တဲ့သူပဲလေ၊ ပြီးတော့ ဒီပန်းချီကားကလည်း တာအိုဆရာသခင် ထိုက်ယီရဲ့ နတ်ဘုရား စွမ်းအားတွေနဲ့ စည်းချထားတာ၊ နွားရိုင်းဘုရင်ကြီး အတွက် ဒီပန်းချီကားက ဘာမှအသုံးမဝင်ဘူး"
ဝမ်ရှီတောက်က စိတ်ရှည်လက်ရှည်ဖြင့် ပြောနေလေသည်။
ရှင်းစစ်စစ်နျန်က …
"ဒီလိုဖြစ်လာရင်လည်း ရှင့်အနေနဲ့ ဘာလုပ်လို့ရမှာလဲ၊ ပြီးတော့ ကျွန်မ သူ့ကို လက်ထပ်ကတည်းက ဒီအကြောင်းအရာတွေ အကုန်လုံးကို ဆွေးနွေး ထားပြီးသားပဲ၊ သူ့ဘက်က လက်ခံလို့ လက်ထပ်ခဲ့ကြတာပဲလေ"
ဝမ်ရှီတောက်က ရယ်မောလိုက်ရင်း …
"တကယ်တော့ နွားရိုင်းဘုရင်ကြီးက နတ်မိစ္ဆာ ဘုရင်တွေထဲမှာ သူရဲကောင်းဆန်တဲ့ သူတစ်ယောက်ပါပဲ၊ သူက မင်းရဲ့ အဆင့်အတန်းနဲ့ ပိုင်ဆိုင်မှုတွေကို မက်မောတဲ့သူ မဟုတ်ပါဘူး၊ ပြီးတော့ သူက မင်းလက်စားချေမှာ ကိုလည်း ကြောက်မှာမဟုတ်ဘူး၊ တကယ်တော့ သူက မြေခွေးနတ်ဘုရားမျိုးနွယ် မိန်းမပျို တစ်ယောက်ကို ချစ်ခဲ့မိတာ၊ အဲဒီမိန်းကလေးက မင်းနဲ့ ရုပ်ချင်း အရမ်းဆင်တယ်၊ ဒါကြောင့် သူက မင်းကို လက်ထပ်ခဲ့တာပေါ့"
ဝမ်ရှီတောက်၏ စကားကြောင့် ရှင်းစစ်စစ်နျန်မှာ ကြက်သေ သေသွားရလေသည်။
အတန်ကြာ တိတ်ဆိတ်နေပြီးမှ …
"လက်စသတ်တော့ သူကျွန်မကို လက်ထပ်ရတဲ့ အကြောင်းရင်းက ဒါကြောင့်ကိုး"
"စစ်စစ်နျန်၊ သူ့ကိုလက်စားချေဖို့ အတွက် စိုးရိမ်စရာမလိုပါဘူး၊ နွားရိုင်းဘုရင်ကြီး ဒီတစ်ကြိမ် ဘာလို့ ထွက်သွားရတာလဲ သိသလား၊ သူ့ကို စိန်ခေါ်တဲ့လူတွေ ရှိလို့ပဲ၊ တိုက်ပွဲက သူသေကိုယ်သေ တိုက်ရမှာ၊ သူက စိန်ခေါ်မှုကို လက်ခံခဲ့ပေမဲ့ အနိုင်ရဖို့အတွက် သိပ်မသေချာလှဘူး၊ ဒါကြောင့် သူ ကြိုပြီးထွက်သွားတာ၊ တိုက်ပွဲနီးမှ သွားမယ်ဆိုရင် မင်းရဲ့မျက်နှာကို တွေ့နေရတာကြောင့် သူ စိတ်ဓာတ်ခွန်အား အားနည်းသွားမှာ စိုးရိမ်လို့ပဲ၊ တိုက်ပွဲစတာနဲ့ သူ့အတွက် အသက်ရှင်နိုင်ချေ နည်းသွားပါပြီ"
ဝမ်ရှီတောက်က တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
ရှင်းစစ်စစ်နျန်က ပိုပြီး အံ့သြသွားဟန်ဖြင့် …
"ကျွန်မက သူ့တန်ခိုး စွမ်းအားတွေကို တခြားသူတွေထက် ပိုသိတဲ့သူပါ၊ သူ့ကို ဘယ်သူကများ ဒီလိုတိုက်ပွဲမျိုးအတွက် စိန်ခေါ်ခဲ့တာလဲ၊ ရည်ရွယ်ချက်ကရော ဘာလဲ၊ သူက ဘယ်တုန်းကမှ သူနဲ့ တန်ခိုးစွမ်းအား အဆင့်အတန်း တူတဲ့သူတွေနဲ့ တိုက်ခိုက်လေ့ မရှိဘူး"
ဝမ်ရှီတောက်က …
"လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀၀)လောက်က နွားရိုင်းဘုရင်ကြီးဟာ မင်ဝမ်ဝတ် ကျောင်းတော်က ပစ္စည်းတစ်ခုကို ယူသွားခဲ့ဖူးတယ်၊ အခု အဲဒီဝတ်ကျောင်းတော် ပိုင်ရှင်ဟာ ကျင့်စဉ်လမ်း အောင်မြင်သွားခဲ့ပြီ၊ ဒါကြောင့် နွားရိုင်းဘုရင်ကြီးကို ပြန်ရှာပြီး ယူသွားတဲ့ပစ္စည်း ပြန်ပေးဖို့ တောင်းဆိုတယ်၊ သူတို့ (၂)ယောက်လုံးဟာ လောကမှာ တန်ခိုးစွမ်းအား မြင့်မားတဲ့ နတ်မိစ္ဆာဘုရင်တွေပဲ၊ သူတို့(၂)ယောက်သာ တိုက်ခိုက်မယ်ဆိုရင် အနိုင်အရှုံးကို ခန့်မှန်းရခက်တယ်၊ နွားရိုင်းဘုရင်ကြီးက ရန်သူကို အနိုင်ယူနိုင် ပါ့မလားတောင် မသေချာဘူး၊ ဒီလောက် စကားတွေ အများကြီး ပြောနေရတာ … ကဲ … ရှင်းစစ်စစ်နျန်က အခုပဲ ပန်းချီကားကို ပေးမလား၊ ကျုပ်ကိုယ်တိုင် ယူရမလား"
ရှင်းစစ်စစ်နျန်က အေးစက်သည့် လေသံဖြင့် …
"ဝမ်ကျန်းရန် နတ်ဘုရားက တရားအလင်းရထားတဲ့ လေးစားစရာ ကောင်းတဲ့ သူတစ်ယောက်ပါ၊ ဘာလို့ ဒီလိုမဟုတ်တဲ့ အပြုအမူမျိုးကို လုပ်ချင်ရတာလဲ"
ဝမ်ရှီတောက်က သက်ပြင်းတစ်ချက် ချလိုက်ရင်း …
"အဲဒါတွေက အရေးမပါဘူးဆိုတာ ကျုပ်အစောကြီး ကတည်းက နားလည်ထားပြီးသားပါ"
ပြောပြီးသည်နှင့် ဝမ်ရှီတောက်က နတ်ဘုရား တန်ခိုးစွမ်းအားများကို ထုတ်လွှတ်လိုက်လေရာ ရှင်းစစ်စစ်နျန်မှာ ကြီးမားလွန်းသည့် ဖိအားကြီးကို ခံစား လိုက်ရလေသည်။
နောက်ဆုံးတွင်တော့ …
"ကျွန်မ ပေးပါ့မယ် …"
ပြောပြီးသည်နှင့် သူမ၏ အင်္ကျီအတွင်းမှ အဖြူရောင် ပန်းချီကားလိပ်ကို ထုတ်ယူကာ ဝမ်ရှီတောက်ဆီသို့ ပစ်ပေး လိုက်လေတော့သည်။
ဝမ်ရှီတောက်က ပန်းချီကားကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်ရင်း …
"အနှောင့်အယှက် ပေးမိတာ တောင်းပန်ပါတယ်"
ထို့နောက် ဝမ်ရှီတောက်သည် အဖြူရောင် အလင်းတန်းတစ်ခု အဖြစ် ဖန်ဆင်းကာ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာ သွားလေတော့သည်။
ထိုနေ့ ညနေစောင်းအချိန်တွင် ဆန်းလျန်သည် ရှင်းစစ်စစ်နျန်ဆီသို့ ရောက်လာခဲ့လေသည်။
သို့သော် … သူမသည် ဆန်းလျန်ကို စကားတစ်ခွန်းသာလျှင် ပြောလိုက်နိုင်တော့သည်။
"ဆန်းကျန်းရန် နတ်ဘုရား … ရှင်လာတာ သိပ်နောက်ကျသွားပြီ …"
ရှင်းစစ်စစ်နျန်ဆီမှ အကြောင်းစုံကို ကြားပြီးသည်နှင့် ထိုလုပ်ရပ်ကို ပြုလုပ်ရန် စေခိုင်းသူမှာ လုကျိုးယွမ်ဖြစ်သည်ကို ဆန်းလျန် ချက်ချင်း သိလိုက်လေသည်။ လုကျိုးယွမ်သာ မဟုတ်ပါက ဆန်းလျန်သည် အဖြစ်အပျက်များကို ကြိုတင် ခန့်မှန်းမိမည် ဖြစ်လေသည်။
လက်ရှိအချိန်တွင် ဆန်းလျန်သည် လုကျိုးယွမ်ထက် တန်ခိုးစွမ်းအား အရာတွင် သာလွန်ခြင်း မရှိသေးပါ။
ထို့ပြင် သူသည် ဤလောကမှ လူတစ်ယောက် မဟုတ်ပါ။
သူက ဧည့်သည်တစ်ယောက် ဆိုလျှင် လုကျိုးယွမ်သည် အိမ်ရှင်ဖြစ်လေသည်။ ဧည့်သည်နှင့်အိမ်ရှင် ယှဉ်ပြိုင်လျှင် အိမ်ရှင်သည် အမြဲတမ်း အားသာသည့်ဘက်တွင် ရှိနေသည် မဟုတ်ပါလား။
***