အရှင့်အကြောင်း စဉ်းစားရင်း အသက်တွေလည်း ကြီးလာခဲ့ရပြီ
Vol. 7 Ch. 630
နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
သို့တိုင်အောင် …. ဆန်းလျန်သည် လုကျိုးယွမ်နှင့် တွေ့ဆုံချင်သည့်စိတ်က ပြောင်းလဲ မသွားသေးပေ။
ချန်ကျင်းချင်ကတော့ စိုးရိမ်ပူပန်လျက် ရှိလေသည်။
လက်ရှိအချိန်တွင် ချန်ကျင်းချင်၏ တန်ခိုး စွမ်းအားများသည် ဆန်းလျန်နှင့် ယန်ရွှီးတိုက်ခိုက်စဉ် အခါက ဆန်းလျန်၏ တန်ခိုးစွမ်းအားများ ကဲ့သို့ မြင့်မားလျက် ရှိလေသည်။
သို့သော် …. သူ့ဘဝတွင် လုကျိုးယွမ်ကို တစ်ကြိမ် တွေ့ဆုံခဲ့ဖူးလေသည်။ ထိုစဉ်ကတည်းကပင် ရှန်စန်းကျန်းရန် လုကျိုးယွမ်သည် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို သိရှိ ထားခဲ့လေသည်။
ဆရာဖြစ်သူဆန်းလျန် ပြုလုပ်ရန် စီစဉ်နေသည့် ကိစ္စများကို ရှန်စန်းကျန်းရန်လုကျိုးယွမ်က ပါဝင် ပတ်သက်လိုခြင်း ရှိလိမ့်မည်မဟုတ်ပေ။ ထို့ပြင် ဆရာဖြစ်သူအနေဖြင့် ပန်းချီကားကို ပြန်လည် ရယူရန်အတွက် ရွှမ်ထျန်းနတ်ဘုရား ဂိုဏ်းသို့ သွားမည်ဆိုပါက အလွန်မှ အန္တရာယ်ကြီးမည် ဖြစ်လေသည်။
သို့သော် … သူ့အနေဖြင့် ဆရာဖြစ်သူ၏ ဆန္ဒသဘောထားကို မဆန့်ကျင်ရဲပါချေ။ အရာရာ ချောချောမွေ့မွေ့ ဖြစ်ပါစေဟူ၍သာ မျှော်လင့်ရပေတော့မည်။
***
ရွှမ်ထျန်းနတ်ဘုရား ဂိုဏ်းသည် သာမန် တောင်တစ်တောင်ထက်တွင် တည်ရှိသည့် ကျောင်းတော်တစ်ခု မဟုတ်ပေ။
တောင်နှင့်ဝေးသည့် မြစ်ကမ်း တစ်လျှောက်တွင် သန့်စင်သည့် တာအိုကျောင်းဆောင် ငယ်လေးများ နေရာအနှံ့ တည်ဆောက် ထားလေသည်။ ကြည့်လေမြင်လေ ရာရာတွင် လယ်ကွင်းပြင်များ ကိုလည်း တွေ့မြင်နိုင်လေသည်။
ဘုရားစေတီများ၊ အဆောက်အဦများနှင့် ခန်းမဆောင်ကြီးများမှာ သိသာ ထင်ရှားစွာဖြင့် လှပလွန်းလေသည်။
ထို့ပြင် သန့်စင်သည့် တာအိုကျောင်းဆောင် ငယ်လေးများသည် ရွှမ်ထျန်းနတ်ဘုရား ဂိုဏ်းမှ လူတစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ကိုယ်စားပြုလေသည်။
လုကျိုးယွမ်သည် တပည့်များကို အသိပညာများ သင်ကြားပို့ချ ပေးရုံသာမက တပည့်များ၏ အရည်အချင်းများ တိုးတက်လာစေရန်လည်း ကူညီပေးလေ့ ရှိလေသည်။ ထို့ပြင် တပည့်များ၏ ပင်ကိုအရည်အချင်း အလိုက် သင့်တော်သည့် သင်ပြပေးမှုများ ကိုလည်း ပြုလုပ်ပေးလေသည်။
ထို့ကြောင့် … သူ၏ သင်ကြား ပြသပေးမှုများတွင် တာအိုဝါဒ၊ ဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ်ဝါဒဟူ၍ ခွဲခြားထားခြင်းများ မရှိပေ။ သူက ထိုဝါဒ (၃)ခုမှ အသိပညာများ အားလုံးကို အလျဉ်းသင့်သလို သင်ကြားပေးလေသည်။
တာအိုကျောင်းဆောင် ငယ်လေးများ ကြားတွင် သိသိသာသာ မြင့်မားနေသည့် စေတီတော်တစ်ဆူ ရှိလေသည်။
ထိုစေတီတော်သည် တောင်၏ အလယ်ဗဟိုတွင် တည်ရှိပြီး ဘုံ(၉)ဆင့်ဖြင့် ဆောက်လုပ်ဖွဲ့စည်း ထားလေသည်။ ထိုစေတီတော်သည် အလွန်ရှေးကျပြီး ရွှမ်ထျန်းနတ်ဘုရား ဂိုဏ်းမှ တပည့်ကြီး (၉)ယောက်သာလျှင် တည်ဆောက်ခဲ့သည့် အချိန်ကို တိတိပပ သိရှိလေသည်။ အခြားသူများကတော့ သိရှိနိုင်မည် မဟုတ်ပေ။
ထိုစေတီတော်နှင့် မနီးမဝေးတွင် ဝါးကျောင်းဆောင် တစ်ခုရှိလေသည်။
ထိုဝါးကျောင်းဆောင်သည် ရွှမ်ထျန်းနတ်ဘုရား ဂိုဏ်း၏ တားမြစ်နယ်မြေ ဖြစ်သလို လုကျိုးယွမ်နေထိုင်ရာ နေရာလည်း ဖြစ်လေသည်။
ရွှမ်ထျန်းနတ်ဘုရား ဂိုဏ်း၏ တပည့်ကြီး (၉)ဦးနှင့် လုကျိုးယွမ် တန်ဖိုးထားချစ်ခင်သည့် တပည့်အနည်းစုသာလျှင် ထိုဝါးကျောင်းဆောင်သို့ ဝင်ရောက်ခွင့် ရကြလေသည်။
ဝမ်ရှီတောက်သည် လုကျိုးယွမ်၏ ဝါးကျောင်းဆောင်ရှေ့တွင် ဒူးထောက်လျက် ရှိလေသည်။
ဝမ်ရှီတောက် ဒူးထောက်နေသည်မှာ (၃)ရက်တိတိပင် ရှိပြီဖြစ်သည့်တိုင် လုကျိုးယွမ်သည် သူ့ကို တွေ့ဆုံရန် ကျောင်းဆောင် အတွင်းသို့ ခေါ်ဆောင်ခြင်း မရှိခဲ့ပါ။
ထိုအချိန်မှာပင် …
စေတီတော်တည်ရှိရာ နေရာမှ နူးညံ့ပြီး ဂီတသံစဉ်ကဲ့သို့ ချိုမြသည့် မိန်းမပျို တစ်ယောက်၏ အသံထွက်ပေါ် လာလေသည်။
ထိုအသံသည် နိုက်တင်ဂေးလ် ငှက်လေး တေးသီဆိုနေသည့် အလား ဖြစ်သလို စမ်းချောင်းလေး စီးဆင်းသံအလား လည်းဖြစ်လေသည်။
ထိုအသံလေးထံမှ ကြည်လင်သည့်ရေမှ ပွင့်လန်းလာသည့် ကြာပန်းတစ်ပွင့်၏ သဘာဝအလှတရား အငွေ့အသက်များ ထွက်ပေါ်နေသည်ကို ခံစားရမည် ဖြစ်လေသည်။
"အဘိုးကြီးလု၊ ရှင့်တပည့်က ဘာအမှားများ လုပ်မိလို့ ဒီလောက်အကြာကြီး ဒူးထောက် ခိုင်းထားရတာလဲ"
"ဟိုးရှေးရှေးတုန်းက ရှေးဟောင်း နတ်ဘုရား လက်နက်တွေ၊ တောတောင် ရေမြေတွေနဲ့၊ တိုင်းပြည်တွေကို ဖန်ဆင်းလိုတဲ့ အနန္တတန်ခိုးရှင် တစ်ပါးရှိခဲ့တယ်၊ ဒါကြောင့် သူက ဖြစ်တည်မလာသေးတဲ့ ကမ္ဘာတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုကို ရယူခဲ့တယ်၊ အဲဒီ ဖြစ်တည်မလာသေးတဲ့ ကမ္ဘာရဲ့အစိတ်အပိုင်းကို ပန်းချီကားတစ်ခုထဲမှာ ကျင့်ကြံပြီး ထည့်သွင်းထားခဲ့တယ်၊ ဒါပေမဲ့ အဲဒီပန်းချီကားက ပြီးပြည့်စုံခြင်း မရှိခဲ့ဘူး၊ နောက်တော့ အဲဒီပန်းချီ ကားဟာ တာအိုဆရာသခင် ထိုက်ယီရဲ့လက်ထဲကို ရောက်ရှိသွားပြီး ချင်းရွှမ်နတ်တံခါးက ဆက်လက် ထိန်းသိမ်းထားခဲ့တယ်၊ အခု ကျုပ်တပည့်က အဲဒီပန်းချီကားကို ယူလာတယ်လေ၊ ဆိုရိုးတစ်ခုရှိတယ် မဟုတ်လား၊ 'ပြဿနာဆိုတာ ရှာစရာတောင် မလိုဘူး၊ ကိုယ့်ဟာကိုယ် ခေါ်လာတယ်' ဆိုတာ၊ အဲဒီပန်းချီကားက အဖိုးတန်ရတနာ တစ်ပါး ဖြစ်ပေမဲ့ ပြဿနာ အကြီးအကျယ်ဖြစ်မဲ့ ပစ္စည်းပဲ"
လုကျိုးယွမ်၏ အသံက ဝါးကျောင်းဆောင် အတွင်းမှ ထွက်ပေါ်လာလေသည်။
ထိုအဖြေစကားသည် အလွန်လေးနက်သလို အမှန်တရား အရေခြုံထားသည့် အဖြေစကားလည်း ဖြစ်လေသည်။
စေတီတော် တည်ရှိရာနေရာမှ မိန်းကလေးက လက်ခုပ်တစ်ချက် တီးလိုက်လေသည်။
ထို့နောက် ကြည်လင်သည့် အသံဖြင့် …
"ဒါဖြင့် ကောင်းတာပေါ့၊ ကြည့်ရတာ ဆန်းလျန် ပြန်ရောက်လာပြီ ထင်တယ်"
လုကျိုးယွမ်က …
"ရှောင်ယွီ … မင်းက တကယ် ဉာဏ်ကောင်းတာပဲ"
"ဆန်းလျန်သာ ပြန်ရောက်လာတာ မဟုတ်ရင် ရှင့်ကို ခုလောက် စိတ်မတည်မငြိမ် ဖြစ်အောင် ဘယ်သူက လုပ်နိုင်မှာတဲ့လဲ"
စေတီတော်ရှိရာမှ ကျောက်ရှောင်ယွီ၏ အသံက နူးညံ့သိမ်မွေ့စွာ ထွက်ပေါ်လာလေသည်။
လုကျိုးယွမ်က …
"အဲဒီကိစ္စအပြင် တခြား ပြဿနာတွေလည်း ရှိသေးတယ်၊ ပြဿနာတော့ မဟုတ်ပါဘူးလေ၊ အဲဒါ ကံတရားပါပဲ၊ ဘယ်လိုလုပ် ရှောင်လွှဲနိုင်မှာတဲ့လဲ၊ ကဲ … ထတော့ … ရှီတောက် …"
ဝမ်ရှီတောက်သည် လုကျိုးယွမ်ထံမှ ခွင့်ပြုချက်ရသည်နှင့် အမြန်ပင် မတ်တတ် ရပ်လိုက်လေသည်။
စေတီတော်ရှိရာမှ ကျောက်ရှောင်ယွီက ရယ်မောလိုက်ရင်း …
"အဘိုးကြီးလု၊ ရှင်က ရှင့်တပည့်ကို ပြဿနာရှာတယ် ဆိုပြီး အပြစ်တင်နေပေမဲ့ တကယ်တမ်း ဒီအကြံအစည်ကို လုပ်ခဲ့တာ ရှင်ကိုယ်တိုင်ပဲ မဟုတ်လား၊ ဒီပန်းချီကားက ဆန်းလျန်အတွက် အရေးကြီးတယ် ဆိုတာ ကျွန်မသိတယ်၊ အမှန်ဆို ရှင့်တပည့် အဲဒီပန်းချီကားကို သွားမယူခင် ဆန်းလျန်ဟာ သိကိုသိရမှာပဲ၊ ဒါပေမဲ့ ဆန်းလျန်မသိအောင် ရှင့်တပည့်က ယူလာနိုင်တယ် ဆိုကတည်းက အံ့သြစရာ ကောင်းနေပြီ"
"ရှောင်ယွီပြောတာ မှန်ပါတယ်၊ ဆရာတစ်ယောက်က အပြစ်ဝန်ခံလာတဲ့ တပည့်တစ်ယောက်ကို အပြစ်ပေးရမှာဖြစ်သလို အကာအကွယ်လည်း ပေးရပါလိမ့်မယ်၊ ပြီးတော့ သူက တခြားသူအတွက် လုပ်ခဲ့တာ မဟုတ်ဘူး၊ ကျုပ်အတွက် လုပ်ခဲ့တာ မဟုတ်လား"
လုကျိုးယွမ်က ပြောလိုက်လေသည်။
ဝမ်ရှီတောက်က အလျင်အမြန် ဝင်ပြောလိုက်လေသည်။
"ဆရာ … ဒီကိစ္စက အရမ်းလေးနက်တယ် ဆိုတာကို (၃)ရက်လုံးလုံး ဒူးထောက်ပြီးတဲ့ နောက်မှာ တပည့် နားလည် သဘောပေါက်ပါပြီ၊ မဆင်မခြင်ပြုမိတဲ့ အတွက် တပည့်မှာ တာဝန်ရှိပါတယ်"
လုကျိုးယွမ်က ပြုံးလိုက်ရင်း …
"မင်း နားလည်သွားတာ ကောင်းတယ်၊ ကျုပ်က အသက်အရှည်ကြီး နေခဲ့တဲ့ လူတစ်ယောက်ပဲ၊ ကြောက်တတ်တဲ့လူ တစ်ယောက်လည်း မဟုတ်သလို စိန်ခေါ်တာတွေကို ရင်မဆိုင်ရဲတဲ့ လူတစ်ယောက်လည်း မဟုတ်ဘူး၊ လူတွေ ကျုပ်ကိုလာရှာမှာကို စောင့်နေမှာ မဟုတ်ဘူး၊ အဲဒီပန်းချီကားကို ဆန်းလျန်ဆီကို ယူသွားလိုက်ပါ၊ ပြီးတော့ ကျုပ်ကိုယ်စား အမှာစကားပြောလိုက်ပါ၊ ကျုပ်က အိုနေပြီ၊ ဒါကြောင့် သိပ်ပြီး လောကီကိစ္စတွေမှာ မပါဝင်ချင်တော့ဘူး၊ ဒါကြောင့် လုန်ဟွာပွဲတော်ကို တက်ရောက်ပြီး သူ့စကားတွေကို နားထောင်နိုင်မှာ မဟုတ်ဘူးဆိုတာ ပြောပြလိုက်ပါ၊ ပြီးတော့ သင့်တော်တဲ့အချိန်မှာ ကျုပ်နဲ့လာပြီး စကားစမြည်လေး ပြောဖို့လည်း သူ့ကို ဖိတ်ခေါ်လိုက်ပါဦး"
ရုတ်တရက်ပင် … ဝမ်ရှီတောက်၏ နှလုံးသားထဲတွင် အဖြေကို ချက်ချင်း သိရှိသွားလေသည်။ ဆရာသခင်ဖြစ်သူ၏ ရည်ရွယ်ချက်ကိုလည်း ချက်ချင်းပင် နားလည် သွားရလေသည်။
ဝမ်ရှီတောက်က …
"တပည့် ချင်းရွှမ်ကို အခုချက်ချင်း သွားလိုက်ပါ့မယ်"
ဝမ်ရှီတောက်သည် အချိန်ဆွဲမနေတော့ပဲ ချက်ချင်းပင် ချင်းရွှမ်နတ်တံခါးသို့ ခရီးထွက်ခဲ့ လေတော့သည်။
ဝမ်ရှီတောက် ထွက်ခွာသွားသည်နှင့် စေတီတော်တွင် ရှိနေသည့် ကျောက်ရှောင်ယွီသည် အတန်ကြာ တိတ်ဆိတ်သွားလေသည်။
ပြီးမှ …
"အဘိုးကြီးလု …၊ ရှင်က ဝမ်ရှီတောက်ကို ချင်းရွှမ်ကို လွှတ်လိုက်ပေမယ့် ဆန်းလျန်ကတော့ ရှင့်ကို အနှေးနဲ့အမြန် လာရှာမှာပဲ၊ ကျွန်မ ပျော်လည်းပျော်တယ်၊ ကြောက်လည်း ကြောက်မိတယ်"
လုကျိုးယွမ်က …
"ဘာလဲ … ကျုပ်က ဆန်းလျန်ကို ဖမ်းဆီးပြီး အဲဒီစေတီတော်ထဲမှာ ပိတ်ထားမှာကို မင်းက ကြောက်နေတာလား၊ ဒါပေမဲ့ အဲဒီလိုသာဆိုရင် မင်း ပျော်သင့်တာ မဟုတ်ဘူးလား"
ကျောက်ရှောင်ယွီက ဖြည်းညင်းသည့် လေသံဖြင့် …
"ရှင် ဆန်းလျန်ကို ဘယ်နည်းနဲ့မှ ဖမ်းချုပ်ထားနိုင်မှာ မဟုတ်ပါဘူး၊ ကျွန်မကြောက်မိတာက ကျွန်မရဲ့လက်ရှိ ပုံသဏ္ဌာန်ကို တွေ့တဲ့အခါ သူ ကျွန်မကို သဘောမကျတော့မှာကိုပဲ …"
လုကျိုးယွမ်၏ ရယ်မောသံကို ကြားလိုက်ရလေသည်။
ထို့နောက် ဝါးဆောင်အတွင်းမှ ဗျပ်စောင်းတီးခတ်သံ သာယာစွာ ထွက်ပေါ် လာလေတော့သည်။
ဗျပ်စောင်းသံသည် လရောင်ခြည်အလား ကြည်လင် လွန်းလှလေသည်။
ကျောက်ရှောင်ယွီသည် ထိုဗျပ်စောင်းသံကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် နားထောင်ပြီးသည့်တိုင် နားထောင်၍ မဝနိုင်အောင် ဖြစ်ရလေသည်။
ထိုဗျပ်စောင်းသံသည် လူတစ်ယောက်၏ စစ်မှန်သည့် ခံစားချက်ကို ရောင်ပြန် ဟပ်နိုင်လေသည်။ ဗျပ်စောင်းသံစဉ်ကို ကြားရသူ မည်သူမဆို ထိုသံစဉ်ထဲတွင် ပုန်းကွယ်နေသည့် အဓိပ္ပာယ်ပြည့်ဝသည့် သတင်းစကား တစ်ခုကို သိမြင်နိုင်မည် ဖြစ်လေသည်။ ထိုအရာသည် လုကျိုးယွမ်၏ ကျေနပ်မှုပင် ဖြစ်လေ၏။
ထိုဗျပ်စောင်းသံကို ကြားရသူတိုင်းသည် ခမ်းနားလှသည့် တောင်တန်းများ၊ စီးဆင်းနေသည့် စမ်းချောင်းများ၊ သစ်ပင်များ၏ လှုပ်ခတ်သံများကြားတွင် ရွက်လွင့်သွားသည့် လှေငယ်တစ်စင်းပမာ ခံစားရမည် ဖြစ်လေသည်။
သို့သော် … ကျောက်ရှောင်ယွီ ကတော့ သူမ၏ နှလုံးသားထဲတွင် အမြဲတမ်းရှိနေသူ ဆန်းလျန်ကိုသာ သတိရတမ်းတ လိုက်မိလေသည်။
"အရှင့်အကြောင်း စဉ်းစားရင်း အသက်တွေလည်း ကြီးလာခဲ့ရပြီ …
နှစ်၊ လ များစွာလည်း ဖြတ်သန်း ကျော်လွန်ခဲ့ရပြီ …
မိုးနဲ့မြေကြားက ဘဝတွေဟာ …
ခရီးသွားတွေလို ဝေးကွဲဆဲပါပဲ …"
ထွက်ပေါ်လာသည့် ကဗျာရွတ်သံသည် ချင်းရွှမ်တောင်မှ တိမ်များနှင့် မြူခိုးများအလားပင် ဖြစ်လေသည်။ အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့လေသည်။
***
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ ကတည်းက …
ယင်းစန်းတောင်သည် တားမြစ်နယ်မြေ တစ်ခု ဖြစ်လာခဲ့လေသည်။
ကြီးမြတ်လှသည့် ဟွမ်ချွမ်နတ်ဆိုး ဂိုဏ်းသည် တစ်ညအတွင်းမှာပင် သဲလွန်စပင် မကျန်အောင် ပျောက်ခြင်းမလှ ပျောက်ကွယ် သွားခဲ့လေသည်။ သူတို့ ဘယ်ဆီ ရောက်သွားသည်လဲ ဆိုသည်ကို မည်သူမှ မသိကြပေ။
သို့သော် … မိုးနှင့်မြေတွင် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းကို မည်သည့် နေရာတွင်မှ တွေ့ရှိရခြင်း မရှိတော့ပါ။
ထိုအချိန်မှစပြီး …
ယင်းစန်းတောင်သို့ ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးကျော်သူ မှန်သမျှသည် တောင်ပေါ်မှ ပြန်ဆင်းလာသည်နှင့် အသေဆိုးနှင့် သေကြရစမြဲပင် ဖြစ်လေသည်။ ထိုသူများထဲတွင် (၁)ရက်ထက်ပိုပြီး အသက်ရှင်နိုင်သူ တစ်ယောက်မှ မရှိခဲ့ပေ။
ထို့ပြင် သူတို့ သေဆုံးပုံများမှာလည်း ထူးဆန်းအံ့သြဖွယ်ရာ ကောင်းလေသည်။ ပြောနိုင်သည့်အချက် တစ်ချက်သာရှိ လေသည်။ ထိုအချက်မှာ သူတို့အားလုံး လူမဆန်သည့် ရက်စက် ကြမ်းကြုတ်မှုကို ခံစားရပြီး သေဆုံးခဲ့ရသည် ဆိုသည့် အချက်ပင် ဖြစ်လေသည်။
ထိုနေ့တွင်တော့ …
ယင်းစန်းတောင် အပြင်ဘက်ရှိ ဝိညာဉ် မြစ်ကမ်းနံဘေးသို့ ငယ်ရွယ်သည့် မိန်းမပျိုလေး တစ်ယောက် ရောက်ရှိလာလေသည်။
သူမသည် ဝိညာဉ်မြစ်ရေကိုကြည့်ပြီး ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် အနည်းငယ် ပြုပြင်လိုက်လေသည်။
ထူးဆန်းသည် ပတ်ဝန်းကျင်တွင်သာ မဟုတ်ဘဲ သာမန် မြစ်ကမ်းနံဘေးတွင် ထိုမျှ လှပသည့် မိန်းမပျိုကို တွေ့မြင်ရမည်ဆိုလျှင် …
"မြစ်ကမ်းနံဘေးတွင် ရပ်နေသည့် ချစ်ရသူလေး …" ဟု တင်စား ခေါ်ဆိုကြမည် ဖြစ်လေသည်။
ထိုမိန်းမပျိုလေးသည် အခြားသူ မဟုတ်ပါ။
တောင်သခင်ကွေလိဟု လောကတစ်ခွင်တွင် နာမည် ကျော်ကြားသည့် ချမ်းမော့ပင် ဖြစ်လေတော့သည်။
ရုတ်တရက် …
ဝိညာဉ်မြစ်တစ်ခုလုံး သာမက ကမ္ဘာမြေကြီး တစ်ခုလုံးပါ တုန်ခါသွားလေသည်။
အဝေးတစ်နေရာတွင် နွားရိုင်းခေါင်းကြီးနှင့် လူသား ခန္ဓာကိုယ်ရှိပြီး အနက်ရောင် ဝတ်ဆင်ထားသည့် လူတစ်ယောက် လမ်းလျှောက်လာလေသည်။
ကွေလိက ကြည်လင်သည့် မျက်ဝန်းများဖြင့် ထိုသူကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်ရင်း …
"နင် … နောက်ကျတယ် …"
"မဟုတ်ဘူး၊ မင်းက စောနေတာ …"
နွားရိုင်းနတ်မိစ္ဆာက ပြန်ပြောလိုက်လေသည်။
"ဟုတ်တယ် …၊ ကျုပ်ထပ်ပြီး မစောင့်ချင်တော့ဘူးလေ၊ ဒါနဲ့ ပစ္စည်းပါသလား"
ကွေလိက နူးညံ့စွာဖြင့် မေးလိုက်လေသည်။
နွားရိုင်းနတ်မိစ္ဆာက ပြုံးလိုက်ရင်း …
"ဟင့်အင်း … မပါဘူး"
ထိုအခါတွင်တော့ ကွေလိက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း …
"ပစ္စည်း ယူမလာရင်တော့ အသက်ရှင်ဖို့ မစဉ်းစားနဲ့"
"တိုက်ဆိုင်လိုက်တာ၊ ကျုပ်လည်း အဲဒီလိုပဲ စဉ်းစားနေတာ၊ မင်းရဲ့ ရောင်စဉ်(၅)မျိုး တန်ခိုးစွမ်းအားက အထင်ကြီးလောက်ပါတယ်၊ ဒါပေမဲ့ မင်းက သိပ်ငယ်သေးတယ်၊ ကျုပ်ကို စိန်ခေါ်ရဲသလား၊ ဘုန်းတော်ကြီး နည်းနည်းလောက်က မင်းကို မတိုက်ခိုက်နိုင်တာနဲ့ပဲ သိပ်မာနကြီးမနေနဲ့"
နွားရိုင်းနတ်မိစ္ဆာ ဘုရင်က အေးစက်စွာဖြင့် ပြောလိုက်လေသည်။
ကွေလိက မထီမဲ့မြင်လေသံဖြင့် ရယ်မောလိုက်ပြီး ကောင်းကင်ထက်သို့ ခုန်တက် လိုက်လေသည်။ ထို့နောက် သူမသည် အရိပ်ပင် မကျန်အောင် ပျောက်ကွယ် သွားလေတော့သည်။
နွားရိုင်းနတ်မိစ္ဆာ ဘုရင်ကြီးမှာ သူ၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်လာသည့် ကြီးမားလှသည့် တန်ခိုးစွမ်းအား တစ်ခုကို ခံစားလိုက်ရပြီး ကြောက်မက်ဖွယ်ရာ တိုက်ခိုက် ခံလိုက်ရလေတော့သည်။
***