ဒေါင်းစိမ်းမရဏတန်ခိုးစွမ်းအား
Vol. 7 Ch. 631
နွားရိုင်းဘုရင်ကြီး၏ မျက်နှာသည် တည်ကြည် လေးနက်သွားလေသည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ အနက်ရောင်နှင့် အစိမ်းရောင် ပေါင်းစပ်ထားသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။ သူသည် မပြိုလဲနိုင်သည့် တိုင်လုံးကြီး တစ်လုံးအလား ကြံ့ကြံ့ခံရပ်တည်နေပြီး ရောင်စဉ်(၅)မျိုး တန်ခိုးစွမ်းအားများကို ခုခံနေလိုက်လေသည်။
ရောင်စဉ် (၅)မျိုး မူလတန်ခိုး စွမ်းအားများသည် လောကတွင် ပြိုင်ဘက်ကင်းပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှလေသည်။ ထိုတန်ခိုး စွမ်းအားများကြောင့် အဝါရောင် ဝိညာဉ်မြစ်ရေသည်ပင် ဆူပွက်လာရလေသည်။
ရောင်စဉ် (၅)မျိုး မူလတန်ခိုး စွမ်းအားများသည် နွားရိုင်းဘုရင်ကြီးဆီသို့ ရောက်ရှိလာသည့် အချိန်တွင် နွားရိုင်းဘုရင်ကြီးထံမှ ထွက်ပေါ်နေသည့် အစိမ်းရောင်နှင့် အနက်ရောင် တန်ခိုးစွမ်းအားများသည် ကြီးမားသည့် လက်ကြီး တစ်ဖက်အဖြစ် ပြောင်းလဲသွားကာ လေထုကို ပိတ်ဆို့ ထားလိုက်လေသည်။
ထိုလက်ကြီးသည် တန်ခိုးစွမ်းအား (၅)မျိုးကို ဖမ်းဆုပ်လိုက်ပြီး ကွေလိ၏ ပုံသဏ္ဌာန်အမှန် ထွက်ပေါ် လာစေလေသည်။
ကွေလိက အံ့သြသွားခြင်း မရှိပါ။
သူမက လက်(၂)ဖက်ကို ဆန့်ထုတ်လိုက်ပြီး တန်ခိုးစွမ်းအား (၂)ခုကို ထုတ်လွှတ်လိုက်လေရာ ကောင်းကင်ထက်တွင် တိမ်ခိုးမြူမှုံများ ထွက်ပေါ် လာလေတော့သည်။
ကွေလိ ထုတ်လွှတ်လိုက်သည့် တန်ခိုးစွမ်းအား (၂)ခုသည် ပေါင်းစပ်သွားပြီး ယင်နှင့် ယန်အဖြစ် ဖြစ်တည် လာလေသည်။
ရုတ်တရက်ပင် …
လေထုထဲတွင် မိုးနှင်မြေ ပြန်လည် မွေးဖွားလာသကဲ့သို့ မီး၊ လေနှင့် ရေများ ထွက်ပေါ်လာလေသည်။
ထိုအချိန်မှာပင် …
တောက်ပသည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူတို့(၂)ယောက်၏ တိုက်ပွဲအကြားသို့ ဝင်ရောက်လာလေသည်။ ထိုအလင်းတန်းသည် သူတို့(၂)ယောက်လုံး၏ တန်ခိုးစွမ်းအားများကို တားဆီးထားလိုက်ပြီး မိုးနှင့်မြေ ပျက်စီးခြင်းကို ကာကွယ် ပေးလိုက်လေသည်။
ထိုအလင်းတန်းမှ သတင်းစကား တစ်ခုသည် သူတို့ (၂)ယောက်လုံး၏ နှလုံးသားထဲသို့ ဝင်ရောက်သွားလေသည်။
ကွေလိက အေးစက်စွာဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး နွားရိုင်းဘုရင်ကြီးကလည်း တစ်ချက် ကျိန်ဆဲလိုက်လေသည်။
"မင်းဘာလုပ်တာလဲ …"
သူတို့ (၂)ယောက်သည် အပြန်အလှန် နားလည်မှုတစ်ခု ယူလိုက်ကြပြီး ကွေလိသည် အရိပ်တစ်ရိပ်အဖြစ် ကူးပြောင်းကာ ဝိညာဉ်မြစ်ကို ဖြတ်သန်းပြီး ယင်စန်းတောင်ရှိရာသို့ ပျံသန်း ထွက်ခွာသွားလေသည်။
သူမဝင်ရောက်သွားသည့် နေရာသည် တားမြစ်နယ်မြေ တစ်ခုဖြစ်ပြီး အသူရာ ချောက်ကိုးထပ်တွင် အနက်ရှိုင်းဆုံး နေရာဖြစ်သည်ဟု ဆိုလေသည်။
နွားရိုင်းဘုရင်ကလည်း သူ၏ သံမဏိခွာကြီးများကို အသုံးပြုပြီး ခြေလှမ်း လှမ်းလိုက်လေရာ ခြေလှမ်း (၂)လှမ်း အတွင်းမှာပင် ကွေလိကို မီသွားလေသည်။
နွားရိုင်းဘုရင်သည် ကွေလိနောက်သို့ လိုက်လာပြီး သူ၏ခန္ဓာကိုယ်သည် ပေတစ်သောင်းမြင့်သည့် ဧရာမ အရွယ်အစားကြီး ဖြစ်လာခဲ့လေသည်။ သူ၏ ဦးချိုများနှင့် ခေါင်းကြီးမှာ ကောင်းကင်ကိုပင် ထိုးဖောက်တော့မည့် အလား ထင်မှတ်ရလေသည်။ အမွေးများ ဖုံးနေသည့် ခြေထောက်ကြီးများသည် ဝိညာဉ်မြစ်ထဲတွင် တစ်လှမ်းချင်း လှမ်းနေလေသည်။ မရေမတွက် နိုင်အောင် များပြားသည့် မြစ်ရေထဲမှ ဝိညာဉ်များသည် သူ၏ သံမဏိခွာကြီး အောက်တွင် ကြိတ်ချေ ခံလိုက်ကြရလေသည်။ နောက်ဘဝသို့ပင် ကူးခွင့် မရကြရှာတော့ပေ။
ပြိုင်ဘက်ကင်းသည့် နတ်မိစ္ဆာဘုရင် (၂)ပါးသည် အချုပ်အနှောင်များကို ဖျက်ဆီးပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ထုတ်လွှတ် နေကြလေသည်။
ကွေလိသည် ရှုပ်ထွေးထွေးနေပြီး ဝိညာဉ်မြစ်ထက်တွင် ရပ်နေကာ နွားရိုင်းဘုရင်ကြီးကို စိုက်ကြည့်နေလေသည်။ သူမ၏ အရွယ်အစားသည် နွားရိုင်းဘုရင်လောက် ကြီးမားခြင်း မရှိသော်လည်း တန်ခိုးစွမ်းအား အရာတွင်တော့ နှိုင်းယှဉ်နိုင်လေသည်။
နွားရိုင်းဘုရင်ကြီးသည် လောကတစ်ခုလုံး တုန်လှုပ်စေမည့် တန်ခိုးစွမ်းအားများကို ထုတ်သုံးရန်ပင် မလိုပါ။ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် ကြောက်မက်ဖွယ်ရာ လက်နက်များပင် ဖြစ်လေသည်။
နွားရိုင်းဘုရင်ကြီးက သူ၏ ဧရာမလက်ကြီးဖြင့် ကွေလိကို ဖမ်းဆုပ်လိုက်လေသည်။
သူ၏လက်ကြီးမှာ နေ၊ လနှင့် ကြယ်များကို ဖမ်းယူဆုပ်ကိုင်တော့မည့် အလား ကြမ်းတမ်း လွန်းလှလေသည်။ ကွေလိ၏ ပြောင်းလဲနိုင်စွမ်းများ အားလုံးကို ထိုလက်ကြီးက ပိတ်ဆို့ ထားနိုင်လေသည်။
နွားရိုင်းဘုရင်၏ ဧရာမလက်ကြီးနှင့် ယှဉ်လျှင် ကွမ်းချင်းနတ်ဘုရား ဂိုဏ်းမှ ရွှမ်ချင်းအလင်းလက် တန်ခိုးစွမ်းအား သည်ပင်လျှင် ကလေးကစားသကဲ့သို့ ဖြစ်သွားနိုင်လေသည်။
အမှောင်ထု ဖုံးလွှမ်းနေသည့် ပတ်ဝန်းကျင်တွင် လင်းလက်နေသည့် မပီမပြင် အလင်းရောင် အနည်းငယ်သည် နွားရိုင်းဘုရင်ကြီး၏ ဖမ်းဆုပ်မှုအောက်တွင် ပျောက်ကွယ် သွားခဲ့လေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ပိန်းပိတ်အောင် အမှောင်ကျသွားခဲ့ပြီ ဖြစ်လေသည်။
အခြားသော နတ်မိစ္ဆာတစ်ပါးသား ဖြစ်ပါက နွားရိုင်းဘုရင်၏ ဧရာမလက်ကြီး၏ ဆုပ်ကိုင်မှုအောက်တွင် စိစိညက်ညက် ကျေသွားရမည် ဖြစ်လေသည်။
သို့သော် … ကွေလိကတော့ နှစ်ထောင်ပေါင်းများစွာ အတွင်းတွင် စွမ်းအားအကြီးမားဆုံး နတ်မိစ္ဆာဘုရင်တစ်ပါး ဖြစ်သည့်အပြင် သူမ၏မျိုးရိုးကလည်း မြင့်မြတ်လေသည်။
ကွေလိထံမှ နူးညံ့သည့် ညည်းညူသံ တစ်ချက် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရား တန်ခိုးစွမ်းအား တစ်ခုကို ထုတ်ဖော် အသုံးပြုလိုက်လေသည်။
သူမသည် မူလ ထိုက်ရွှီးစွမ်းအားများ ဖြစ်သည့် ရောင်စဉ် (၅)မျိုး တန်ခိုးစွမ်းအားများကို ပေါင်းစပ်ပြီး အလင်းတန်း တစ်ခု ထုတ်လွှတ်လိုက်လေသည်။ ထိုတန်ခိုးစွမ်းအားသည် အရာအားလုံးကို ဖျက်ဆီး ပစ်နိုင်လေသည်။ ထိုတန်ခိုးစွမ်းအားသည် နွားရိုင်းဘုရင်၏ ဧရာမလက်ကြီးရှိရာသို့ တည့်တည့် ဝင်ရောက် သွားလေတော့သည်။
လေထဲတွင် ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားပြီး အလင်းရောင်များ လင်းထိန်တောက်ပသွား လေသည်။ နွားရိုင်းဘုရင်၏ ပတ်ဝန်းကျင်မှ ဝိညာဉ်မြစ်ရေများသည် စီးဆင်းသွားသည့် ရေတံခွန်တစ်ခု အလား ကောင်းကင်ထက်သို့ မြင့်တက်သွားလေသည်။ ထိုရေတိုင်လုံးကြီးသည် ပေတစ်သောင်းခန့် ရှည်လျား မြင့်မားလေ၏။ နွားရိုင်းဘုရင်၏ ပတ်ဝန်းကျင်မှ ဝိညာဉ်မြစ်သည် ချက်ချင်းပင် ခန်းခြောက် သွားရလေသည်။
ကွေလိ၏ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားသည် ထိုရေတိုင်လုံးကြီးထဲတွင် ပါဝင်နေခဲ့လေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ရေတိုင်လုံးကြီးသည် ညအမှောင်ထု အတွင်းသို့ အငွေ့ပျံ ပျောက်ကွယ် သွားလေသည်။
တစ်ချိန်တည်းမှာပင် … ပြန်လည်မွေးဖွားခြင်း စွမ်းအားတစ်ခုသည် ဝိညာဉ်မြစ်ရေ အတွင်းသို့ စီးဆင်းသွားလေသည်။ ထိုစွမ်းအားသည် ပျံ့နှံ့သွားပြီး အရာအားလုံးကို ဖုံးလွှမ်းသွားလေသည်။
နွားရိုင်းဘုရင်သည် တောင်တစ်လုံးကဲ့သို့ ကြီးမားသူတစ်ယောက် ဖြစ်သည့်တိုင် လက်ရှိ အချိန်တွင်တော့ သမုဒ္ဒရာထဲမှ ရေစက်လေး တစ်စက်အလား မြူခိုးထဲတွင် ပျောက်ကွယ် သွားလေသည်။
နတ်နဂါးများသည် ရုပ်ခန္ဓာကို လိုသလို ကြီးနိုင်သေးနိုင် ချုံ့နိုင်ချဲ့နိုင် သကဲ့သို့ပင် နွားရိုင်းဘုရင် သည်လည်း လောကကြီး တစ်ခုအလား သူ၏ ခန္ဓာကိုယ်ကို ကြီးမားအောင် ဖန်ဆင်းနိုင်သလို မြူမှုံမျှကဲ့သို့ သေးငယ်အောင်လည်း ဖန်ဆင်းနိုင်သူ ဖြစ်လေသည်။
ကွေလိသည် မွေးရာပါ တန်ခိုးစွမ်းအား ရှိသူ တစ်ယောက် မဟုတ်ဘဲ ကျင့်ကြံခြင်းမှ တစ်ဆင့် တန်ခိုးစွမ်းအားများ ရရှိခဲ့သည့် နတ်မိစ္ဆာဘုရင် တစ်ပါးသာ ဖြစ်ခဲ့လျှင် လက်ရှိတိုက်ပွဲတွင် ကျိန်းသေ ရှုံးနိမ့်မည် ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် နွားရိုင်း ဘုရင်ကြီးသည် သူမထက် တန်ခိုးစွမ်းအား သာလွန်သောကြောင့် ဖြစ်လေသည်။
နတ်မိစ္ဆာဘုရင်များ တိုက်ခိုက်သည့် တိုက်ပွဲတွင် အရည်အချင်းထက် အတွေ့အကြုံကလည်း အရေးကြီးလေသည်။
ကွေလိသည် ချင်းရွှမ်နတ်တံခါးတွင် နှစ်ပေါင်းရာနှင့်ချီပြီး နေထိုင်ခဲ့သူ တစ်ယောက် ဖြစ်သည့်အတွက် တာအို သဘောတရားများကို နားလည်သူ တစ်ယောက် ဖြစ်လေသည်။ ထို့ပြင် မိုးနှင့်မြေတွင် မည်သည့်အရာကမှ သူမကို ကန့်သတ် တားဆီးထားနိုင်ခြင်း မရှိပေ။
နွားရိုင်းဘုရင်သည် မြူခိုးများကြားတွင် ပုန်းအောင်းနေပြီး သူ၏ ဦးချိုကြီးများက ကွေလိကို တိုက်ခိုက်ရန် ချဉ်းကပ် လာလေသည်။ ထို့နောက်တွင်တော့ ကွေလိကို အမြင့်ဆုံးသော တန်ခိုး စွမ်းအားများဖြင့် တိုက်ခိုက်လိုက်လေသည်။
သို့သော် ကွေလိသည် လျင်မြန်လွန်းသည့် အရှိန်ဖြင့် လက်မတင်ကလေး ရှောင်တိမ်း သွားပြန်လေသည်။
ကွေလိ၏ဆံပင်များ ပြေကျနေပြီး လေထဲတွင် လွင့်မျောနေသည်ကို တွေ့မြင်ရခြင်း အားဖြင့် နွားရိုင်းဘုရင်၏ တိုက်ခိုက်မှုသည် မည်မျှပြင်းထန်ပြီး အန္တရာယ်များ သည်ကို သိမြင်နိုင်လေသည်။
နွားရိုင်းဘုရင်ကြီးက ကွေလိကို တိုက်ခိုက်မှု မအောင်မမြင် ဖြစ်သွားပြီးသည့်နောက် နဂိုမူလပုံသဏ္ဌာန်သို့ ပြန်ပြောင်း လိုက်ပြီး ပါးစပ်ကြီးကို ဖွင့်ဟလိုက်လေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် မြူခိုးများလည်း ကင်းစင် သွားလေသည်။
"ဒေါင်းစိမ်း တန်ခိုးစွမ်းအားက တကယ့်ကို ထူးခြားတာပဲ"
နွားရိုင်းဘုရင်က ဖြည်းလေးသည့် လေသံဖြင့် ပြောလိုက်လေသည်။
သူ၏အသံသည် မြေပြင်ထက်သို့ ကျောက်တုံး ထောင်ပေါင်းများစွာ ရိုက်ခတ်လိုက် သကဲ့သို့ ပဲ့တင်သံများ ထွက်ပေါ်လာကာ လေထဲတွင် ရပ်တန့်နေသည့် ကွေလိကို အသံလှိုင်းများဖြင့် ဝင်ရောက် တိုက်ခိုက်လိုက်လေသည်။
သို့သော် … ကွေလိထံမှ မရေမတွက်နိုင်အောင် များပြားသည့် အလင်းတန်းများ ဖြာထွက်လာပြီး ပဲ့တင် သံလှိုင်းလုံးများမှာ ပျောက်ကွယ် သွားရလေသည်။
အစိမ်းရောင် ဝတ်ဆင်ထားသည့် ကွေလိ၏ ပုံသဏ္ဌာန်မှာ အစိမ်းရောင် နတ်သမီးလေး တစ်ပါးနှင့်ပင် ဆင်တူလေသည်။ သူမသည် အလွန်မှ တည်ငြိမ်နေလေ၏။
သူမသည် အေးစက်သည့် မျက်ဝန်းများဖြင့် နွားရိုင်းဘုရင်ကို အထင်အမြင် သေးစွာဖြင့် ကြည့်နေလေသည်။
သူမ၏ အတွေးများကို သိနေသည့်အလား နွားရိုင်းဘုရင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မော လိုက်လေသည်။
သူက လေထဲတွင် ခြေလှမ်း ကျယ်ကြီးများကို တစ်လှမ်းချင်း လှမ်းလာပြီး ကွေလိအနားသို့ တိုးကပ်လာလေသည်။ သူသည် နတ်မိစ္ဆာ ဘုရင်တစ်ပါး၏ ဂုဏ်သိက္ခာကိုပင် ထိန်းသိမ်းထားခြင်း မရှိတော့ပေ။ ခြေလှမ်းများ အောက်တွင် လေထုတစ်ခုလုံး ကြိတ်ချေ ခံထားရလေသည်။
သူတို့ (၂)ယောက်၏ ပတ်ဝန်းကျင် လေထုသည် နိမ့်ဆင်း သွားလေသည်။ လေထုတစ်ခုလုံးကို တူကြီးတစ်ချောင်းဖြင့် အဆက်မပြတ် ရိုက်ခတ်လိုက် သကဲ့သို့ပင် ဖြစ်လေတော့၏။
ထိုအချိန် ခဏအတွင်းမှာပင် … ကွေလိသည် ကြောက်ရွံ့ထိတ်လန့် လာရမည့်အစား ရယ်မော လိုက်လေသည်။ သူမ၏ ရေကဲ့သို့ ကြည်လင်နေသည့် မျက်ဝန်းများသည် ရုတ်တရက် သွေးများဖြင့် ပြည့်သွားလေသည်။ သူမ၏ မျက်စံများသည် သွေးနီရောင်အဖြစ်သို့ ပြောင်းသွားပြီး သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
ထိုအခါ နွားရိုင်းဘုရင်သည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်လေသည်။
သူက အလွန်အံ့သြသွားသည့် လေသံဖြင့် ….
"မင်းက နှစ်ပေါင်း(၁၀၀) အတွင်းမှာပဲ ဒေါင်းစိမ်းရူပခန္ဓာကို ရအောင် ကျင့်ကြံနိုင်ခဲ့တာပဲ၊ ဒေါင်းစိမ်း မရဏတန်ခိုး စွမ်းအားကိုလည်း ကျင့်ကြံ အောင်မြင်ခဲ့တယ်"
"ဒီတစ်ခေါက် ကျုပ်က မင်းကို ဘာလို့ သတ်ချင်တယ်လို့ ထင်သလဲ"
ကွေလိက ပြန်ပြီး မေးမြန်း လိုက်လေသည်။
ကွေလိက ဒေါင်းစိမ်းမရဏ တန်ခိုးစွမ်းအားကို ထုတ်ဖော် လိုက်သည်နှင့် ရှောင်လေယင်း ကျောင်းတော်မှ ကြေးခေါင်းလောင်းတစ်ခု ထွက်ပေါ်လာပြီး တောင်တံခါး တစ်ခုလုံးကို ကာကွယ် ထားလိုက်လေသည်။
အမှန်တော့ သူတို့ (၂)ယောက်သည် မိုးနှင့်မြေတွင် သေသူများနှင့် ရှင်သူများကို ပိုင်းခြားထားသည့် ထူခြားဆန်းကြယ်သည့် နေရာဒေသတွင် တိုက်ခိုက်နေကြခြင်း ဖြစ်လေသည်။ သူတို့(၂)ယောက်၏ တိုက်ပွဲသည် ရှောင်လေယင်း ကျောင်းတော်ကို ထိုးနှက်နေသည်ဟု ဆရာတော် (၅)ပါးက ခံစားခဲ့ကြရလေသည်။
ထို့ပြင် သူတို့ (၂)ယောက်၏ တိုက်ပွဲကို ထိပ်တန်းအဆင့် ကျင့်ကြံသူများအားလုံး ရိပ်မိ သိရှိခဲ့ကြလေသည်။
ဆန်းလျန်ထံသို့ ရောက်ရှိလာသည့် ဝမ်ရှီတောက်နှင့် အခြားသော ကျင့်ကြံသူများပင်လျှင် အဝေးဆီမှ သတ်ဖြတ်လို ခြင်းအငွေ့အသက်များကို ခံစား လိုက်ကြရလေသည်။ ထိုအငွေ့အသက်များကို သူတို့ ခံစားလိုက်ရသည့် အချိန်တွင် နေ့အချိန်သို့ပင် ရောက်ရှိနေပြီ ဖြစ်လေသည်။
ဝမ်ရှီတောက်က တည်ငြိမ် အေးဆေးသည့် လေသံဖြင့် …
"ဆရာကတော့ သတင်းစကား ပါးလိုက်ပါတယ်၊ အစ်ကိုဆန်း ဘယ်လို သဘောထားမလဲ မသိပါဘူး"
ဆန်းလျန်က ပြုံးလိုက်ရင်း …
"ရှန်စန်းကျန်းရန်လုကျိုးယွမ်က ဖိတ်ကြားမှတော့ ဒီလ လပြည့်နေ့မှာ ကျုပ် အရောက်လာခဲ့ပါ့မယ်"
ဝမ်ရှီတောက်က ဆန်းလျန်ကို လက်နှစ်ဖက်စုပ် ဂါရဝပြုလိုက်ရင်း …
"ဒါဖြင့်လည်း ဆန်းကျန်းရန် နတ်ဘုရားလာမဲ့ အချိန်ကို ကျုပ်စောင့်နေပါ့မယ်"
ထို့နောက်တွင်တော့ … ဝမ်ရှီတောက် ပြန်သွားလေသည်။
ဆန်းလျန်ဆီမှ ထွက်ပေါ်နေသည့် အေးစိမ့်သည့် အငွေ့အသက်သည် ဆန်းလျန်နှင့် အတော်ဝေးဝေးသို့ ရောက်သွားမှသာ ပျောက်ကွယ် သွားလေသည်။
နှစ်ပေါင်းတစ်ထောင် အတွင်းတွင် သူသည် ဆန်းလျန်ကို ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်ခြင်း မရှိနိုင်တော့သည်ကို ဝမ်ရှီတောက် နားလည် သွားခဲ့ရပါလေပြီ။
***