← Chapters

အိပ်မက်ထပ်တူ

Vol. 7 Ch. 632

အိပ်မက်ထပ်တူ

Vol. 7 Ch. 632

ဆန်းလျန်သည် ယင်းစန်းတောင်တည်ရှိရာ အရပ်ဆီသို့ ငေးကြည့်နေလေသည်။

မိုးနှင့်မြေကြားတွင် သေခြင်းလောကနှင့် ရှင်ခြင်းလောကကို ပိုင်းခြားထားသည့် နေရာသည် နိယာမများကွဲပြားသည့် အတွက် ထိုနေရာမှ အဖြစ်အပျက်များကို လွယ်လွယ်ကူကူနှင့် သိမြင်နိုင်မည် မဟုတ်ပေ။ သို့သော် … ထိုနေရာတွင် တောင်သခင်ကွေလိဟု လူသိများသည့် ချမ်းမော့ရှိနေပြီး နွားရိုင်းဘုရင်နှင့် တိုက်ခိုက်နေသည် ကိုတော့ ဆန်းလျန် အကြမ်းဖျင်း ရိပ်မိလိုက်လေသည်။

သူတို့ (၂)ယောက်စလုံးသည် ထိပ်တန်းအဆင့် နတ်မိစ္ဆာဘုရင်များ ဖြစ်ကြလေသည်။ ထို့ကြောင့် တိုက်ပွဲ အဆုံးသတ်တွင် မည်သူအနိုင်ရမည်ကို ခန့်မှန်းနိုင်မည် မဟုတ်ပေ။

ကွေလိ၏ ဂုဏ်သိက္ခာကို ထောက်ထားသော အားဖြင့် ဆန်းလျန်အနေဖြင့်လည်း ဝင်ပါနိုင်မည် မဟုတ်ပေ။

အစကတည်းကသာ အကူအညီ လိုအပ်လျှင် သူမသည် ဆန်းလျန်ထံတွင် လာရောက် အကူအညီ တောင်းခံမည် ဖြစ်လေသည်။

ထိုအချိန်မှာပင် ဆန်းလျန်ဘေးတွင် ရှိနေသည့် ချန်ကျင်းချင်က  …

"ဆရာ … လုကျိုးယွမ်က ဝမ်ရှီတောက်နဲ့ ပန်းချီကားကို ပေးလိုက်ပြီပဲ၊ ဆရာ သူနဲ့ သွားမတွေ့သင့်ဘူး ထင်တယ် နော်"

ဆန်းလျန်က အေးဆေးသည့် လေသံဖြင့် …

"လုကျိုးယွမ်က တာအိုတရား ဆွေးနွေးဖို့ ကျုပ်ကို ခေါ်တာပါ၊ ကျုပ်မသွားဘူးဆိုရင် သိက္ခာကျမှာပေါ့၊ ပြီးတော့ ချင်းရွှမ်နတ်တံခါးလည်း အရှက်ကွဲမှာပေါ့၊ အဲဒီလိုမျိုးတော့ မင်းရော ကျုပ်ရော ဖြစ်ချင်မှာ မဟုတ်ဘူးလေ၊ ပြီးတော့ သူသာ ပန်းချီကားကို ပြန်မပေးရင် ကျုပ်က သူနဲ့ သေချာပေါက် သွားတွေ့ရဦးမှာပဲလေ၊ အခု သူက ပန်းချီကားကို ပြန်ပေးလိုက်တယ် ဆိုတော့ သွားမတွေ့ဘဲ ရှောင်နေရင် သတ္တိကြောင်ရာ ကျမှာပေါ့၊ အဲဒါ တော်တော်လေး ရုပ်ပျက်တယ် မဟုတ်ဘူးလား"

ချန်ကျင်းချင်က မည်သည့် စကားမှ မပြောတော့ပါ။

လောကရှိ အရာအားလုံးကို အကျိုးအမြတ် တွက်နေ၍လည်း ရမည်မဟုတ်ပါ။

ဆန်းလျန်က အဝေး တစ်နေရာသို့ ငေးလိုက်ရင်း နူးညံ့စွာဖြင့် ပြောလိုက်သည်။

"ပြီးတော့ …. အဲဒီမှာ နှစ်ပေါင်းများစွာ ကျုပ်ကို စောင့်မျှော်နေတဲ့ လူတစ်ယောက်လည်း ရှိနေတယ်"

နှစ်ပေါင်းများစွာ သူ၏ ဆရာဖြစ်သူကို စောင့်နေသူမှာ မည်သူဖြစ်သည်ကို ချန်ကျင်းချင် သိချင်နေမိလေသည်။

ထိုသူသည် လုကျိုးယွမ် မဟုတ်သည်မှာတော့ သေချာလေသည်။ ထိုသို့ဆိုလျှင် ရွှမ်ထျန်းနတ်ဘုရား ဂိုဏ်းတွင် ဆရာဖြစ်သူ ဆန်းလျန်ကို စောင့်မျှော်နေသူမှာ မည်သူ ဖြစ်နိုင်ပါသနည်း။

မည်မျှပင် စဉ်းစားပါစေ ချန်ကျင်းချင်မှာ အဖြေမထွက် ဖြစ်နေရလေသည်။

အဘယ်ကြောင့်ဆိုသော် ကျောက်ရှောင်ယွီကို ရွှမ်ထျန်းနတ်ဘုရား ဂိုဏ်းတွင် ချုပ်နှောင် ထားသည်ကို မည်သူမှ မသိကြသောကြောင့် ဖြစ်ပါလေ၏။

ထို့နောက်တွင်တော့ …

ဆန်းလျန်သည် ကျီဖူတောင်ထိပ်သို့ ထွက်ခွာလာခဲ့လေသည်။

သူသည် မိုးမခပင်ကို ဖြတ်ပြီး လမ်းလျှောက်သွားသည့် အခါတွင်တော့ … အစိမ်းရောင် မိုးမခရွက်လေး များသည် ကူးချိုင်ဝေ့၏ မျက်ခုံးလေးများအလား ထင်မှတ်မိသလို၊ မိုးမခပွင့်လေးများ ကတော့ ကူးချိုင်ဝေ့၏ အပြုံးများအလား ထင်မှတ် လိုက်မိလေသည်။

သူ့ဘဝ တစ်လျှောက်လုံးတွင် လူပေါင်းများစွာကို အကြွေးတင်ခဲ့လေသည်။ ယခုအချိန်တွင်တော့ သူ့ဘဝကို ပြီးပြည့်စုံ စေခဲ့သူများကို သတိရတမ်းတခြင်းသာ တတ်နိုင်တော့သည်။

အသက်တိုတိုနှင့် သေဆုံးသွားကြသူများအတွက် သတိရ တမ်းတခြင်းသည် အဓိပ္ပာယ်ကင်းမဲ့မည် ဆိုလျှင်တောင်မှ အဓိပ္ပာယ်ရှိမှုကို မည်သို့ ထိန်းသိမ်း ထားနိုင်ပါမည်နည်း။

နောက်ဆုံးတွင်တော့ …

ဆန်းလျန်သည် ဆရာဘွားဘွား လီချင်းဆွေနေထိုင်ရာ ခန်းမဆောင်ရှိရာသို့ ရောက်ရှိ လာခဲ့လေသည်။

ဆန်းလျန်သည် မူလ ချိတ်ဆွဲထားသည့် ဆရာဘွားဘွား လီချင်းဆွေ၏ ပန်းချီကားကို ဖယ်ရှားလိုက်ပြီး ဝမ်ရှီတောက်ပေးသည့် "ကမ္ဘာ့ရှေ့ပြေးပုံစံ ပန်းချီကား" ဖြင့် အစားထိုး ချိတ်ဆွဲလိုက်လေသည်။

ဗလာသက်သက် အဖြူရောင်ဖြစ်နေသည့် ပန်းချီကားထက် ထိုက်ရွှီးကျင့်စဉ်ကို ဖော်ပြရန် အခြားသော ပန်းချီကား မရှိနိုင်ပါ။

လူတစ်ယောက်သည် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံပြီး အထွတ်ထိပ်သို့ ရောက်ရှိပြီး ကိုယ်ပိုင် ကျင့်စဉ်လမ်းကို လျှောက်လှမ်းနိုင်သည့်အခါ မိုးနှင့်မြေတွင် တိကျသည့် တာအိုမဟာလမ်းစဉ်ကို ဖွင့်လှစ်နိုင် သကဲ့သို့ပင် ဖြစ်ရလေသည်။ ထို့ကြောင့်ပင် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်သည် ကမ္ဘာ့ထိပ်တန်း ကျင့်စဉ်တစ်ခု ဖြစ်နေရခြင်းပင်။

ဆန်းလျန်၏ ဘဝတစ်လျှောက်လုံးတွင် ထူးဆန်းထွေလာ များစွာကို ရင်ဆိုင်ခဲ့ရလေသည်။

သို့သော် … စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်နှင့် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်သည် သူ့ဘဝတွင် အကျိုးကျေးဇူး များစွာရှိခဲ့လေသည်။ သူ့နေဖြင့် လင်ပေါင်ထျန်းကျွင်းနှင့် ဆရာဘွားဘွား လီချင်းဆွေကို ကျေးဇူးတင်ရမည် ဖြစ်လေသည်။

ဆရာဘွားဘွား လီချင်းဆွေကို ကိုယ်စားပြု ရေးဆွဲထားသော ရေကန်ထဲတွင် တိမ်များ အရိပ်ထင်နေသည့် ပန်းချီကားကိုတော့ ဆန်းလျန်က သိမ်းဆည်း ထားလိုက်လေသည်။

ဆရာဘွားဘွားကျိလင် ချင်းရွှမ်နတ်တံခါးမှ ထွက်ခွာသွားသည် မှာလည်း နှစ်ထောင်ပေါင်း များစွာ ကြာမြင့်ခဲ့လေပြီ။

စကြဝဠာကြီးက ကျယ်ပြန့်လွန်းလှသည်။ ဤလောကနှင့် အနီးဆုံးနေရာတွင် တည်ရှိသည့် ကြယ်စင်သည်ပင်လျှင် ဝေးကွာ လွန်းလှလေသည်။

ထို့ကြောင့် ဆရာဘွားဘွား ကျိလင်သည် မည်သည့် ကြယ်စင်ထက်တွင် ရောက်ရှိနေမည်လဲ၊ သို့မဟုတ် အခြားကမ္ဘာ တစ်ခုသို့ ရောက်ရှိသွားပြီလား ဆန်းလျန် မသိမြင်နိုင်ပါချေ။ ထို့ပြင် သူမနှင့်အတူ ဆရာဘွားဘွား ချင်းရှောင်းသည်လည်း အဆင်ပြေပါရဲ့လား မသိနိုင်ပေ။

ချန်ကျန့်မေ၏ အနတ္တဓားကတော့ ဆန်းလျန်၏ တာအိုနှလုံးသားကို ယခုချိန်ထိ လှိုင်းထအောင် ရိုက်ခတ်နေဆဲ ဖြစ်လေသည်။ ကူးချိုင်ဝေ့ ကွယ်လွန်သွားမှု ကတော့ လူသားများ၏ သေခြင်းတရားကို နှလုံးသွင်းမိ စေလေသည်။

ယခု ဆရာဘွားဘွား၏ ခန်းမဆောင်ရှေ့သို့ ရောက်သည့် အခါတွင်တော့ သူ၏ နှလုံးသားသည် ကျိလင်နတ်သမီးကို လွမ်းဆွတ်လှပေသည်။

လူသား တစ်ယောက်မှ နတ်ဘုရားတစ်ပါး ဖြစ်သည်အထိ ကျင့်ကြံခဲ့ပြီး ကျင့်ကြံခြင်းအဆင့် မြင့်လာလေလေ ခံစားချက်များက နည်းပါးလာလေလေ ဖြစ်လေသည်။ သို့သော်  … သူ့တွင် လူသားဆန်သည့် ခံစားချက်အချို့ ရှိနေသေးသည်။ သို့သော် … ထိုခံစားချက်များသည် သူ၏တာအိုစိတ်ထား ပျောက်ဆုံး သွားရခြင်းကြောင့် ဖြစ်ပေါ် လာရခြင်း မဟုတ်ခဲ့ပြန်ပါ။

ထို့ပြင် … ခံစားချက်များတွင် ထူခြားသည့် နက်ရှိုင်းမှုတစ်ခု ပါဝင်လေသည်။

"တာအိုသည် ကရုဏာတရား ရှိသည့်တိုင် နှလုံးသား ကင်းမဲ့လေသည်။ တာအိုသည် နှလုံးသား ကင်းမဲ့သည့်တိုင် ကရုဏာတရား ရှိလေသည်"

အမှန်တော့ ယခုရက်ပိုင်း အတွင်းတွင် စိတ်ခံစားချက်များကို ဆန်းလျန် ကိုယ်တိုင်လည်း မနှစ်သက်ခြင်း မဖြစ်မိပါ။ ထိုခံစားချက်များကို သူသည် ဖယ်ရှားမပစ်ခဲ့ပါ။ ထိုခံစားချက်များသည် ကာလကြာရှည်သည်နှင့် အမျှ နှစ်ချို့ဝိုင်ကဲ့သို့ ကောင်းမွန်သည့် အရသာတစ်မျိုးကို ပေးစွမ်းနိုင်လေသည်။

အရာအားလုံးသည် သူ့သဘော သူဆောင်ပြီး လူ့ဘဝဆိုသည်က အိပ်မက်တစ်ခု အလားပင် မဟုတ်ပါလား။

ဆန်းလျန်သည် ပကတိဖန်ဆင်းခြင်း ပညာနှင့် အိပ်မက်လိပ်ပြာ ကျင့်စဉ်၏ အနှစ်သာရသည် တစ်သားတည်း ပေါင်းစပ် သွားနိုင်ခဲ့ပြီ ဖြစ်လေသည်။

ထိုအခါ ဆန်းလျန်သည် မူဝါဒတစ်ခုကို ချမှတ်နိုင်ခဲ့လေသည်။

"တာအိုကျင့်ကြံသူ တစ်ယောက်၏ နှလုံးသားသည် တောက်ပသည့် မှန်တစ်ချပ်ကဲ့သို့ပင် ဖြစ်လေသည်။ သို့သော် မကြာခဏ သန့်စင်ပေးနေရန် လိုအပ်သည်" ဆိုသည့် မူဝါဒပင် ဖြစ်လေသည်။

ယခုတစ်ကြိမ် သူ၏စိတ်နှလုံးကို သန့်စင်လိုက်သည့် လိုက်သည့်အခါ ခါတိုင်းထက် ပိုပြီးတော့ပင် သန့်စင်ကြည်လင် နေလေတော့သည်။

ထိုအချက်က သေချာသည့်အချက် ဖြစ်လေသည်။

သို့သော် … သူ့ဘဝတွင် အရေးပါသည့် လူသားများကြောင့်သာ ဆန်းလျန်သည် သူ့ကိုယ်သူ သိရှိခဲ့ရခြင်း ဖြစ်လေသည်။ ထို့ကြောင့်ပင် ဆန်းလျန်သည် ဝမ်းနည်း ကြေကွဲခြင်းကို ခံစားနေခဲ့ရခြင်း ဖြစ်လေသည်။

ဖန်းယန်ယင်း အနေဖြင့် ခဏတာမျှသာ နာကျင်ကြေကွဲမည် ဖြစ်သည့်တိုင် ဆန်းလျန်ကတော့ အချိန်ကြာမြင့်စွာ နာကျင် ခံစားနေရမည် ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ဖန်းယန်ယင်းသည် ချန်ကျန့်မေကဲ့သို့ ဓားသိုင်းကျင့်ကြံသူ တစ်ယောက် ဖြစ်လေသည်။

ဓားသိုင်း လမ်းစဉ်တွင် ဦးတည်ရာ တစ်ခုတည်းသာရှိပြီး အဆုံးသတ်တွင် အတ္တကင်းစင် လေသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဖန်းယန်ယင်း သည်လည်း ခံစားချက်များကို ပေါင်းစပ်ပြီး နှလုံးသား ကင်းမဲ့သည့် လမ်းကိုသာ လျှောက်လှမ်း သွားလိမ့်မည် ဖြစ်လေသည်။

သို့သော် ထိုအဆင့်သည် ဓားသိုင်းလမ်းစဉ်၏ နောက်ဆုံးအဆင့် မဟုတ်သေးပေ။

မိုးနှင့်မြေသည် "ဖြစ်တည်မှု" မှ မွေးဖွားလာပြီး ဖြစ်တည်မှုသည် "မရှိမှု" မှ မွေးဖွားလာခြင်း ဖြစ်လေသည်။ ထို့ကြောင့် သံသရာသည် အဆုံးသတ်နိုင်မည် မဟုတ်ပေ။ ထိုအချက်သည် ဓားသိုင်းလမ်းစဉ်၏ အလှပဆုံး အရာတစ်ခု ဖြစ်လေသည်။ သို့သော် အမြင့်မားဆုံး အဆင့်တော့ မဟုတ်သေးပေ။

ဂိုဏ်းတူအစ်ကို ချန်ကျန့်မေသည် အနတ္တဓားကို ထုတ်ဖော် အသုံးပြုလိုက်သည့် အချိန်တွင် ထိုအချက်ကို နားလည် သွားခဲ့သည်လား၊ နားမလည်ခဲ့ဘူးလား ဆိုသည်ကိုတော့ ဆန်းလျန်လည်း သေသေချာချာ မသိနိုင်ခဲ့ပါ။

နားလည် သွားခဲ့လျှင်တော့ ချန်ကျန့်မေသည် အသက်ဆက်လက် ရှင်သန်နိုင်ဦးမည် ဖြစ်လေသည်။ သို့သော် … ထိုအကြောင်းကို ချန်ကျန့်မေကိုယ်တိုင်မှ လွဲပြီး မည်သူမှ သိရှိနိုင်မည် မဟုတ်ပေ။

အခွင့်အရေး ရလျှင်တော့ သူ့အနေဖြင့် ထိုအချက်ကို ဖန်းယန်ယင်းကို သင်ပြပေးခဲ့ရမည် ဖြစ်လေသည်။ မဟုတ်ပါက လုံး၀ နှလုံးသားကင်းမဲ့သည့် အဆင့်သို့ ရောက်ရှိသွားလျှင် ဖန်းယန်ယင်းသည် နောက်ပြန်လှည့်စရာ လမ်းမရှိတော့ပဲ ပျောက်ဆုံးရမည် ဖြစ်လေသည်။

ဆန်းလျန်သည် ထိုက်ရွှီး ခန်းမဆောင်မှ ရှေ့သို့ ဆက်လျှောက်လာခဲ့ပြီး ဂူတစ်ဂူ ရှိရာသို့ ရောက်ရှိ လာခဲ့လေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ထိုဂူထဲတွင် ကျိလင်နတ်သမီးသည် တစ်ယောက်တည်း တံခါးပိတ် ကျင့်ကြံခဲ့ဖူးလေသည်။

ယခုတော့ ထိုဂူထဲတွင် ရော့ရှီသည် တံခါးပိတ် ကျင့်ကြံလျက် ရှိလေသည်။

ဂူထဲတွင် ရေခဲများဖြင့် ပြည့်နေလေသည်။

နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်နောက် ထိုဂူသည် ကျီဖူတောင်ထိပ်မှ ဝိညာဉ် စွမ်းအားများနှင့် တာအိုဆရာသခင် ထိုက်ယီ၏ တာအိုကာရန်များကို စုပ်ယူထားခဲ့လေသည်။ ထူးဆန်းသည့် ရေခဲများသည် ရော့ရှီနှင့် တစ်သားတည်း ကျနေခဲ့လေသည်။ ဆန်းလျန်သာ ရေခဲများကို ဖျက်ဆီး လိုက်မည်ဆိုလျှင် ရော့ရှီကိုလည်း နာကျင်စေမည် ဖြစ်လေသည်။

ထို့ပြင် ရော့ရှီသည် အိပ်ပျော်နေပြီး အိပ်မက်ကမ္ဘာထဲတွင် ထိုက်စုယွမ်ကျွင်း၏ ဉာဏ်စဉ်ဖြင့် တိုက်ခိုက် နေခဲ့လေသည်။

ရေခဲပြင် အတားအဆီးထဲတွင် ဆန်းလျန်သည် မည်သည့်အခါမှ ကြွေကျမည် မဟုတ်သည့် ကြယ်စင်တစ်စင်း၏ ခိုင်မာလွန်းသည့် စိတ်စွမ်းအားကို ခံစား နေရလေသည်။

သို့သော် … ထိုကြယ်စင် စွမ်းအားသည် မည်မျှပင် ခိုင်မာပါစေ ရော့ရှီ၏ ရုပ်ခန္ဓာကိုတော့ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

ဆန်းလျန်လည်း မည်သို့မှ မတတ်နိုင်ပေ။

ရော့ရှီသည် အိပ်မက် မက်နေခဲ့လေသည်။ ဆန်းလျန်သည်လည်း သူမနည်းတူ အိပ်မက် မက်နိုင်ပါသည်။

ယနေ့တွင် သူတို့ (၂)ယောက်သည် အိပ်မက် တစ်ခုတည်းကို အတူတူမက်ရင်း အိပ်မက်ချင်း ထပ်တူကျလျက် ရှိလေသည်။

အိပ်မက်ကမ္ဘာတွင် ဆန်းရော့ရှီသည် တစ်ကြိမ်ပြီး တစ်ကြိမ် သေဆုံး နေခဲ့လေသည်။

ထိုသို့ဖြစ်ခြင်းသည် အိပ်မက် တစ်ခုလား၊ သံသရာ လည်နေခြင်းလား သူမကိုယ်တိုင်ပင် ခွဲခြားရန် ခက်ခဲနေလေသည်။

ပထမတစ်ကြိမ် သူမသေဆုံးသွားသည့် အခါတွင် သူမသည် ချမ်းသာသည့် မိသားစုတစ်ခုတွင် သခင်မလေးအဖြစ် ပြန်လည် မွေးဖွားလာခဲ့လေသည်။ ထို့နောက် သူမသည် ဆင်းရဲသည့် စာပေသမား တစ်ယောက်နှင့် လိုက်ပြေးခဲ့လေသည်။ သူမ၏ မိသားစုများက သူတို့ (၂)ယောက်၏ ချစ်ခြင်းကို ခွဲခဲ့ပြီး နောက်ဆုံးတွင်တော့ စာပေသမားလေးသည် သူမကို စွန့်ပစ်ခဲ့လေသည်။ သူမသည် သိက္ခာတဖြည်းဖြည်း ကျဆင်းသွားပြီး နောက်ဆုံး ခေါင်းတလားထဲတွင် သေခြင်းတရားဖြင့်သာ အဆုံးသတ်ခဲ့ ရလေသည်။

ထိုအချိန်မှစပြီး  … သူမ၏ စိတ်ဝိညာဉ်သည် ဒေါသတရားများဖြင့် ပြည့်လာလေသည်။ သူမ၏ဝိညာဉ်သည် အခြားသူများနှင့် နှိုင်းယှဉ်လျှင် မူလပုံစံကို ဆက်လက် ထိန်းသိမ်းရန် ပိုမို လွယ်ကူခဲ့လေသည်။

သို့သော် … တစ်ခါ လူပြန်ဝင်စားတိုင်း သူမ၏ မှတ်ဉာဏ်များသည် ပျောက်ကွယ်သွားမြဲ ဖြစ်လေသည်။

နောက်ထပ်တစ်ကြိမ် သေဆုံးခါနီး အချိန်သို့ ရောက်သည့်အခါ သူမသည် အတိတ်မှ မှတ်ဉာဏ်များကို ပြန်လည် သတိရလာပြန်လေသည်။

ယခု တစ်ကြိမ်တွင်လည်း သူမ သေဆုံးခဲ့ပြန်လေသည်။ ယခင်အချိန်များကဲ့သို့ပင် သူမသည် လူပြန်ဝင်စား ပြန်လေသည်။

ယခုတစ်ကြိမ်တွင်တော့ သန္ဓေသား ဘဝကတည်းက ထူးခြား ဆန်းကြယ်မှုများ ဖြစ်ပေါ် လာလိမ့်မည်ဟု သူမ ထင်ခဲ့မိလေသည်။

သို့သော်  … မဟုတ်ခဲ့ပြန်ပါ။ သူမသည် အလွန် ကြွယ်ဝချမ်းသာသည် မိသားစုတွင် ပြန်လည် မွေးဖွားခဲ့လေသည်။ သူမသည် တော်ဝင်မိသားစုမှ မင်းသမီးလေး တစ်ပါး ဖြစ်လေသည်။ သူမကို အားလုံးက ချစ်ခင် မြတ်နိုးကြလေ၏။

သို့သော် ပျော်ရွှင်စရာ အချိန်များသည် ကြာရှည်မခံခဲ့ပါချေ။

သူမအသက် (၈)နှစ်ခန့်တွင် တာအိုကျင့်ကြံသူ အမျိုးသမီး တစ်ယောက် ရောက်ရှိလာပြီး သူမ၏ မိသားစု တစ်ခုလုံးကို သတ်ဖြတ် ပစ်လိုက်လေသည်။ ထို့နောက် သူမကို ခေါ်ဆောင်သွားခဲ့သည်။ ထိုတာအို ကျင့်ကြံသူသည် သူမဖခင်၏ ချစ်သူဟောင်းဖြစ်ပြီး ဖခင်ဖြစ်သူက သူမကို လက်မထပ်ဘဲ ရော့ရှီ၏ မိခင်ကို လက်ထပ်ခဲ့လေသည်။

ထို့ကြောင့် ကျင့်စဉ်လမ်း အောင်မြင်ပြီးသည့်နောက် သူမပထမဆုံး ပြုလုပ်သည့် အလုပ်သည် လက်စားချေခြင်းပင် ဖြစ်လေသည်။

ထိုကျင့်ကြံသူ အမျိုးသမီးပြောသည့် စကားတစ်ခွန်းမှာ "နှောင်ကြိုးများကို ဖြတ်တောက်ရန်" ဟူ၍ ဖြစ်လေသည်။

****

All Chapters