← Chapters

အခန်း (၂၈၁-၂၈၂)

Vol. 15 Ch. 281-282

အခန်း (၂၈၁-၂၈၂)

Vol. 15 Ch. 281-282

အခန်း (၂၈၁) - စတုတ္ထတွဲ

ချက်ချင်းပင် လင်းကျင်းသည် ထိုထူးဆန်းသော စိတ်အခြေအနေမှ ရုန်းထွက်နိုင်ခဲ့သည်။ ပတ်ဝန်းကျင်မှ အသံများ ပြန်လည်ကြားလာရပြီး အမြင်အာရုံနှင့် အကြားအာရုံတို့မှာလည်း ပြန်လည်ကြည်လင်လာခဲ့၏။ သူသည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားကာ ထိုကျောက်စာတိုင်ကို ထပ်မံ၍ မကြည့်တော့ပါပေ။

‘တကယ်ကို အံ့သြစရာပဲ၊ ငါတောင်မှ ပါသွားတော့မလို့’

လင်းကျင်း စိတ်ထဲက ရေရွတ်မိလိုက်သည်။

သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ အခြားသူများကို ထားဦး၊ သူကိုယ်တိုင်ပင် ‘သားရဲသခင် စတုတ္ထတွဲ’ ကို ခေတ္တမျှ စိုက်ကြည့်မိရုံနှင့် စိတ်အာရုံမှာ ဆွဲဆောင်ခြင်း ခံလိုက်ရသည်။ အကယ်၍ ပြတိုက်၏ သတိပေးသံသာ ထွက်မလာခဲ့လျှင် သူသည်လည်း အခြားသူများကဲ့သို့ပင် ထူးဆန်းသော မိန်းမောမှုထဲသို့ ကျရောက်သွားပေလိမ့်မည်။

သေချာသည်မှာ တစ်စုံတစ်ယောက်က ဤကျောက်စာတိုင်ပေါ်တွင် လျှို့ဝှက်မှော်အတတ်တစ်ခုကို ထည့်သွင်းထားခြင်းပင် ဖြစ်၏။

လင်းကျင်းသည် ဟူယွီကျန်းဘက်သို့ လှည့်ကြည့်လိုက်ရာ သူမသည်လည်း အခြားသူများကဲ့သို့ပင် ငေးငိုင်နေသည်ကို တွေ့ရသည်။ ကျောက်စာတိုင်ကို တစ်ခဏမျှ စိုက်ကြည့်လိုက်၊ ထို့နောက် ခေါင်းငုံ့ကာ အလေးအနက် တွေးတောလိုက်နှင့်ပင်။ မိစ္ဆာများပင်လျှင် ဤမှော်အတတ်၏ လွှမ်းမိုးမှုကို ခံရသည်ကို လင်းကျင်း သိလိုက်ရတော့သည်။

မျောက်ဖြူမှာလည်း ပြောနေရန်ပင် မလိုပါပေ။

ဤနေရာတွင် ကျောက်စာတိုင်၏ လွှမ်းမိုးမှုကို မခံရသူများမှာ အခေါင်းထဲတွင် ပုန်းနေပြီး အပြင်ထွက်ရန် ကြောက်လန့်နေသော ဖုတ်ကောင်နှင့် ရှောင်ဟော့တို့သာ ရှိတော့သည်။

ရှောင်ဟော့တွင် ဓမ္မကိုယ်ထည် ရှိနေသဖြင့် လှည့်စားမှုများကို ခွဲခြားမြင်နိုင်သော အသိဉာဏ်မျက်စိ ရှိနေခဲ့သည်။ ထို့ကြောင့် ကျောက်စာတိုင်က သူ့ကို မထိခိုက်နိုင်ပါပေ။ အကယ်၍ ပြတိုက်က သတိမပေးခဲ့လျှင်တောင်မှ ရှောင်ဟော့သည် လင်းကျင်း တစ်ခုခုဖြစ်နေသည်ကို သတိပြုမိပါက နှိုးပေလိမ့်မည်။

သို့သော် စောစောက ဟူယွီကျန်း သွားမေးခဲ့သော လူ၏ အမူအရာကို ပြန်လည်စဉ်းစားကြည့်လျှင်၊ ရိုးရိုးတန်းတန်း ခေါ်ရုံမျှနှင့်တော့ နှိုးနိုင်မည် မဟုတ်ပါပေ။

လင်းကျင်း ခေတ္တမျှ တွေးတောလိုက်ပြီးနောက် သူ၏ အပ်များကို ထုတ်ကာ မျောက်ဖြူနှင့် ဟူယွီကျန်းတို့၏ အပ်စိုက်မှတ်များကို ထိုးစိုက်လိုက်၏။ ချက်ချင်းပင် သူတို့နှစ်ဦးလုံးမှာ မိန်းမောနေရာမှ လန့်နိုးလာကြပြီး ဘာဖြစ်သွားမှန်းမသိဘဲ ပတ်ဝန်းကျင်ကို ကြောင်ကြည့်နေကြတော့သည်။

မျောက်ဖြူမှာ ဇဝေဇဝါ ဖြစ်နေသော်လည်း၊ နှစ်ပေါင်း ရာချီ အသက်ရှင်လာခဲ့သော ဟူယွီကျန်းကတော့ သူမ ခုလေးတင်မှ စိတ်အာရုံ လှည့်စားခံလိုက်ရသည်ကို သိသဖြင့် ပါးပြင်များ အနည်းငယ် နီမြန်းသွားခဲ့ရ၏။

ထို့နောက် သူမသည် လင်းကျင်းကို ကျေးဇူးတင်စကား ဆိုရန် ရှေ့သို့ လှမ်းလိုက်သည်။

ဤမိန်းမောမှုထဲမှ သူမကို ကယ်တင်ပေးခဲ့သူမှာ လင်းကျင်းဖြစ်ကြောင်း သူမ သိနေခဲ့ချေပြီ။

“ကျောက်စာတိုင်ကို ဆက်မကြည့်နဲ့တော့၊ အဲဒါက မှော်အတတ်နဲ့ ပြုစားထားတာ”

လင်းကျင်းက သတိပေးလိုက်ရာ ဟူယွီကျန်းက ခေါင်းညိတ်ပြ၏။ ယခုအခါ သူမသည် သတိအပြည့် ထားလိုက်ပြီး လင်းကျင်းနှင့် ဆုံတွေ့ရခြင်းမှာ ကံကောင်းလှသည်ဟု တွေးမိနေတော့သည်။ မဟုတ်လျှင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော မိစ္ဆာအိုကြီးတစ်ကောင်အနေဖြင့် ဤနေရာတွင် စိတ်အာရုံ လွှမ်းမိုးခံရခြင်းမှာ တကယ့်ကို အရှက်ရစရာပင်။

“ဒါက အဲဒီခြင်္သေ့ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်”

ဟူယွီကျန်းက ဒေါသတကြီး ပြောလိုက်၏။ လင်းကျင်းက ခေါင်းခါပြလိုက်၏။

“ခြင်္သေ့စစ်သူကြီးမှာ ဒီလိုလုပ်နိုင်တဲ့ အစွမ်းရှိမယ်လို့ ငါမထင်ဘူး... ဒီကျောက်စာတိုင်က မင်းကိုတောင် ပြုစားနိုင်တယ်ဆိုမှတော့ ဒါက နတ်မင်းတစ်ပါးပါးရဲ့ လက်ရာပဲ ဖြစ်ရမယ်”

ဟူယွီကျန်းလည်း ဒါကို သိရှိပါသည်၊ သူမ ဒေါသထွက်လွန်း၍သာ ပြောလိုက်ခြင်း ဖြစ်၏။

ဤနေရာမှ လူများကို အကဲခတ်ကြည့်လိုက်သောအခါ သူတို့အားလုံးမှာ ကောလာဟလ၏ လှည့်စားမှုကို ခံလိုက်ရသူများ ဖြစ်ကြောင်း လင်းကျင်း သိလိုက်ရသည်။ သူတို့ထဲတွင် ပညာရှင်များ ပါဝင်သကဲ့သို့ သာမန် စွန့်စားသွားလာသူများလည်း ပါဝင်ကြ၏။ သို့သော် သူတို့၏ ကျင့်စဉ်အဆင့်အတန်း မည်မျှပင် မြင့်မားစေကာမူ ကျောက်စာတိုင်၏ မှော်အတတ်အောက်တွင် အားလုံးမှာ ပြုစားခြင်း ခံနေကြရသည်။

သို့သော် ဤနေရာကို ဖန်တီးခဲ့သော နတ်မင်းက ဘာကြောင့် ဤကဲ့သို့ ပြုမူခဲ့သလဲဆိုသည်ကိုတော့ လင်းကျင်း နားမလည်နိုင်ပါပေ။

နောက်တစ်ချက်ကတော့... သားရဲသခင် စတုတ္ထတွဲဆိုတာကရော တကယ်ပဲ ရှိနေတာလား။

လင်းကျင်းသည် ကျောက်စာတိုင်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြန်သည်။ သူသည် မဆင်မခြင် ပြုမူခြင်း မဟုတ်ပါပေ။ အကယ်၍ သူ နောက်တစ်ကြိမ် ပြုစားခံရလျှင်ပင် ပြတိုက်က သူ့ကို ကူညီလိမ့်မည်ဟု ယုံကြည်ထားခြင်းပင်။ သူသည် ဤသားရဲသခင် စတုတ္ထတွဲ၏ အစစ်အမှန်ဟုတ်မဟုတ်ကို နောက်တစ်ခါ ဖတ်ကြည့်ရင်း အတည်ပြုချင်ရုံသာ ဖြစ်၏။

သို့သော် ယခုတစ်ကြိမ်တွင်မူ လင်းကျင်းမှာ မှင်တက်သွားရတော့သည်။

ထူးဆန်းသော သင်္ကေတများမှာ သားရဲသခင် စတုတ္ထတွဲမှ ပျောက်ကွယ်သွားခဲ့ချေပြီ။ ယခုအခါ ၎င်းမှာ ပြည့်စုံလှသော ကျင့်စဉ်ကျမ်းတစ်ခု ဖြစ်နေခဲ့သည်။ လင်းကျင်းက အသေအချာ ဖတ်ကြည့်လိုက်သောအခါ ၎င်းမှာ စစ်မှန်သော သွေးစာချုပ်ကျင့်စဉ်တစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

ခေတ္တမျှ စဉ်းစားပြီးနောက် လင်းကျင်းသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ကာ ဟူယွီကျန်းကို စောင့်ခိုင်းထားလိုက်သည်။ ထို့နောက် သူသည် သားရဲသခင် စတုတ္ထတွဲ၏ လမ်းညွှန်ချက်များအတိုင်း စတင်ကျင့်ကြံလေတော့သည်။

သားရဲသခင်ကျမ်းကို ကျင့်ကြံရန် အခြေခံလိုအပ်ချက်မှာ ထိုသူ၏ သွေးစာချုပ်အဆင့်မှာ ပဉ္စမအဆင့်ရှိနေရန်ပင်။ လင်းကျင်းသည် မြို့တော်တွင် ဤအဆင့်သို့ ရောက်ရှိခဲ့ပြီးဖြစ်ရာ၊ ဤသားရဲသခင် စတုတ္ထတွဲကို ဘာကြောင့် မကျင့်ကြံဘဲ နေမည်နည်း။ ဒါဟာ ရှားပါးလှသော အခွင့်အရေး မဟုတ်ပါလား။

လင်းကျင်းအနေဖြင့် အိမ်ရောက်မှ ကျင့်ရန် မှတ်သားမထားခြင်းမှာ စောစောက သူ နှစ်ခေါက်မျှ အသာလေး ဖတ်ကြည့်သောအခါ သူ၏ ဦးနှောက်က ၎င်းကို အသေအချာ မှတ်သားနိုင်စွမ်း မရှိသည်ကို သတိပြုမိလိုက်သောကြောင့် ဖြစ်သည်။ လင်းကျင်း၏ လက်ရှိအစွမ်းနှင့်ဆိုလျှင် ဤသို့ မဖြစ်နိုင်ပါပေ၊ သို့ဖြစ်ရာ တစ်စုံတစ်ယောက်က ဤကျမ်းပေါ်တွင် နောက်ထပ် မှော်အတတ်တစ်ခုကို ထပ်မံ ထည့်သွင်းထားခြင်းပင် ဖြစ်ရမည်။

သူသည် ကူးယူရန် မကြိုးစားခဲ့သော်လည်း ၎င်းမှာ မဖြစ်နိုင်ကြောင်း သူ ခန့်မှန်းမိသည်။ သူ၏ ဝိညာဉ်မျက်စိဖြင့် ကြည့်လိုက်သောအခါ ဤကျောက်စာတိုင်ပေါ်တွင် တားမြစ်မှော်အတတ် အမျိုးအစား နှစ်ခုထက်မက ရှိနေသည်ကို မြင်လိုက်ရ၏။

ဒါဆိုလျှင် ဘာကြောင့် ဒုက္ခခံနေဦးမည်နည်း။ ဤနေရာမှာတင် ကျင့်ကြံလိုက်ရုံသာ ရှိတော့သည်။

မျောက်ဖြူမှာတော့ မည်သည့်သဘောထားမျှ မရှိပါပေ။ သူသည် အခေါင်းကြီးကို ချထားကာ ထိုင်ချလိုက်ပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်နေ၏။ ဟူယွီကျန်းမှာမူ ဇဝေဇဝါ ဖြစ်နေသော်လည်း ဤကျွမ်းကျင်သူ၏ ပြုမူပုံကို မမေးမြန်းရဲသဖြင့် စိတ်ရှည်လက်ရှည်ပင် စောင့်ဆိုင်းနေခဲ့သည်။

ဤထူးဆန်းသော နေရာတွင် နေ့နှင့် ည ဟူ၍ မရှိပါပေ။ ဟူယွီကျန်းအတွက်တော့ ဆယ်နာရီကျော်မျှ ကုန်ဆုံးသွားပြီဟု ထင်ရသော်လည်း ကောင်းကင်ယံမှာတော့ ထိုအတိုင်းပင် ရှိနေဆဲ ဖြစ်၏။ အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိပါပေ။ တကယ့်ကို ထူးဆန်းလှသည်။

နှစ်ပေါင်း ရာချီ ကျင့်ကြံလာသော မိစ္ဆာတစ်ကောင်အနေဖြင့် ဆယ်နာရီဆိုသည့် အချိန်မှာ သူမအတွက် အရေးမကြီးပါပေ။ ဟူယွီကျန်းသည်လည်း သူမ၏ ကျင့်စဉ်ကို ကျင့်နေရင်း နောက်ထပ် ဆယ်နာရီခန့် ကုန်ဆုံးသွားခဲ့ပြန်သည်။

ရုတ်တရက်ဆိုသလို လင်းကျင်း၏ မျက်လုံးများမှာ ဝင်းပသော အမူအရာနှင့်အတူ ပွင့်လာခဲ့၏။

“ရှောင်ဟော့”

လင်းကျင်းက လှမ်းခေါ်လိုက်သည်။

အသင့်စောင့်နေသော ရှောင်ဟော့မှာ ချက်ချင်းပင် ရောက်ရှိလာခဲ့၏။ လင်းကျင်းက ဂါထာတစ်ခုကို ရွတ်ဆိုကာ ရှောင်ဟော့ကို လက်တစ်ဖက်ဖြင့် ပုတ်လိုက်သည်။ ထိုအခါ သတ္တဝါလေးမှာ ချက်ချင်းပင် မီးနှင့် ရေခဲ ဟူသော ဝိညာဉ်စွမ်းအားလုံး နှစ်လုံးအဖြစ် ပြောင်းလဲသွားပြီး လင်းကျင်း၏ လက်မောင်းကို ပတ်ချာလည်ကာ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားတော့သည်။ ဤမြင်ကွင်းကြောင့် မျောက်ဖြူမှာ ထိတ်လန့်သွားကာ ဆတ်ခနဲ ထရပ်မိသွား၏။

ဟူယွီကျန်းလည်း လှမ်းကြည့်လိုက်သည်။

သွေးစာချုပ် ကျင့်ကြံသူများသည် သွေးစာချုပ် ပဉ္စမအဆင့်သို့ ရောက်ရှိသောအခါ သူတို့၏ သားရဲများနှင့် ပေါင်းစပ်နိုင်စွမ်းရှိကြောင်း သူမ သိရှိထားသည်။ ဤသို့ဖြင့် ပိုင်ရှင်ဖြစ်သူမှာ သားရဲ၏ ထူးကဲသော စွမ်းအားများကို အသုံးပြုနိုင်မည် ဖြစ်၏။ သူမသည် ဤလမ်းစဉ်ကို ရွေးချယ်သော သွေးစာချုပ် ကျင့်ကြံသူ အများအပြားကို တွေ့ဖူးပြီး၊ အချို့မှာ သူမပင် ရန်မစရဲလောက်အောင် အစွမ်းထက်ကြသည်။

အလွယ်ပြောရလျှင် ဤသားရဲသခင်ကျမ်း၏ အာနိသင်မှာ သားရဲ၏ အစွမ်းပေါ်တွင်သာ လုံးဝ မူတည်နေခြင်းပင်။

အကယ်၍ သားရဲက အစွမ်းထက်လျှင် ကျင့်ကြံသူမှာလည်း အစွမ်းထက်ပေလိမ့်မည်။

လူကြီးမင်းလင်း၏ အခြေအနေမှာမူ သူ၏ သွေးစာချုပ် သားရဲမှာ ဓမ္မကိုယ်ထည် ရှိသော မီးဝံပုလွေတစ်ကောင် ဖြစ်နေသည်။ ဆိုလိုသည်မှာ သူသည် ယခုအခါ ဤမီးဝံပုလွေ၏ ထူးကဲသော စွမ်းအားများကို ငှားရမ်း အသုံးပြုနိုင်ပြီဖြစ်ရာ သူသည် အလွန်အမင်း အစွမ်းထက်နေပေလိမ့်မည်။

ဟူယွီကျန်းသည် သားရဲသခင်ကျမ်း ကျင့်ကြံထားသော သွေးစာချုပ် ကျင့်ကြံသူ အများအပြားနှင့် ဆုံတွေ့ဖူးသော်လည်း၊ ယခု လင်းကျင်း၏ လက်မောင်းပေါ်မှ မီးဝံပုလွေ တက်တူးထံမှ ရေခဲနှင့် မီးစွမ်းအားများ ရောနှောထွက်ပေါ်နေပြီး ဖော်ပြ၍မရသော အရှိန်အဝါတစ်ခု ပါဝင်နေသည်ကို မြင်တွေ့နေရခြင်းပင်။

ဒါဟာ သူမ တစ်ခါမျှ မတွေ့ဖူးခဲ့သော အရာ ဖြစ်သည်။

“ဒါဟာ သားရဲသခင် စတုတ္ထတွဲ ဖြစ်မလား”

ဟူယွီကျန်းမှာ အသိပညာ ကြွယ်ဝသူ ဖြစ်၏။ ဤလောကမှ သွေးစာချုပ် ကျင့်ကြံသူများသည် အတွဲ (၁)၊ (၂) နှင့် (၃) ကိုသာ ကျင့်ကြံနိုင်ကြသည်။ အတွဲ (၄) ဆိုသည်မှာ ဒဏ္ဍာရီတစ်ခုသာ ဖြစ်ပြီး၊ ယခုအချိန်အထိ ၎င်းကို တတ်မြောက်ထားသူ တစ်ဦးတစ်ယောက်မျှ သူမ မတွေ့ဖူးသေးပါပေ။

သို့သော် ဟူယွီကျန်းမှာ သားရဲတစ်ကောင် ဖြစ်သည်။ သားရဲသခင်ကျမ်းမှာ သွေးစာချုပ် ကျင့်ကြံသူများအတွက်သာ ဖြစ်သဖြင့် သူမနှင့် မသက်ဆိုင်ပါပေ။ ထို့ကြောင့် သူမ၏ အံ့သြမှုမှာ ချက်ချင်းပင် ပြေလျော့သွားခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် လင်းကျင်းမှာတော့ အလွန်ပင် စိတ်လှုပ်ရှားနေခဲ့၏။

“ဒီသားရဲသခင် စတုတ္ထတွဲက တကယ့်ကို ထူးခြားတာပဲ”

မေပယ်မြို့မှ ကျင့်ကြံသူများအသင်းတွင် ရှိစဉ်က လင်းကျင်းသည် သားရဲသခင်ကျမ်းအကြောင်းကို သုတေသနပြုခဲ့ဖူးသည်။ သို့သော် ထိုအစည်းအရုံးတွင် အတွဲ (၁) နှင့် (၂) သာ ရှိခဲ့၏။ ထိုဗားရှင်းနှစ်ခုကို အတွဲ (၄) နှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။

အလွယ်ပြောရလျှင် သားရဲသခင် အတွဲ (၁) မှာ တစ်ပိုင်းတစ်စသာ ရှိသော ထုတ်ကုန်တစ်ခုဟု သတ်မှတ်နိုင်သည်။ လူနှင့် သားရဲ ပေါင်းစပ်ပြီးနောက် သုံးရက်အတွင်းမှာ အချိန်တစ်ခုအထိ ပြန်လည် ခွဲခွာပေးရသည်။ ထိုကာလအတွင်းမှာ ပေါင်းစပ်ခြင်းကို မလုပ်နိုင်သလို၊ အသုံးပြုနိုင်သော အစွမ်းမှာလည်း အကန့်အသတ် ရှိနေသည်။

အတွင်း (၂) မှာတော့ အနည်းငယ် ပိုကောင်းလာသော်လည်း အနည်းငယ်မျှသာ ဖြစ်၏။

ယခု လင်းကျင်း ကျင့်ကြံလိုက်သော အတွဲ (၄) မှာမူ သူတို့ကို အမြဲတမ်း ပေါင်းစပ်ထားနိုင်စရာ အကြောင်းရှိသည်။ ရှောင်ဟော့၏ အစွမ်းကို ၁၂၀ ရာခိုင်နှုန်းအထိ ထုတ်သုံးနိုင်ရုံတင်မကဘဲ၊ သူတို့နှစ်ဦးမှာ အပြန်အလှန် အားဖြည့်ပေးနိုင်ပြီး အတူတကွ ကျင့်ကြံနိုင်ကြသည်။

လင်းကျင်းသည် အတွဲ (၃) ကို မလေ့လာဖူးသော်လည်း ၎င်းမှာ အတွဲ (၄) ထက်တော့ အားနည်းမည်မှာ အသေအချာပင်။ ဤကျင့်စဉ်ကို ရရှိလိုက်ခြင်းမှာ လင်းကျင်းအတွက် သူ၏ ကံတရားကိုသာ ကျေးဇူးတင်ရပေမည်။

ယခုမူ သူ ကျင့်ကြံခြင်း ပြီးဆုံးသွားပြီ ဖြစ်သဖြင့် လင်းကျင်း ထရပ်လိုက်၏။ ရှောင်ဟော့မှာတော့ အရိပ်အယောင်မျှပင် မကျန်တော့ပါပေ။

အကြောင်းမှာ ရှောင်ဟော့သည် သူ၏ သွေးစာချုပ် ပိုင်ရှင်ဖြစ်သော လင်းကျင်းနှင့် တစ်သားတည်း ပေါင်းစပ်သွားသောကြောင့် ဖြစ်သည်။ လုဘင်နှင့် သူ၏ သားရဲဖြစ်သော တိမ်တိုက်ပင်လယ် ကင်းမြီးကောက်တို့ကဲ့သို့ပင်။

ကျောက်စာတိုင်ကို နောက်တစ်ကြိမ် ကြည့်လိုက်သောအခါ၊ လင်းကျင်းမှာ သားရဲသခင် စတုတ္ထတွဲ ရေးထိုးထားသော နေရာတွင် စာလုံးအသေးလေးတစ်ကြောင်းနှင့် အစားထိုးခံလိုက်ရသည်ကို မြင်ပြီး အံ့သြသွားရပြန်သည်။

“မင်း ဒီကျင့်စဉ်ကို ရရှိပြီးပြီဆိုရင်တော့၊ ခန်းမဆောင်ကြီးထဲကို ဝင်သွားပြီး အမွှေးတိုင်နံ့တွေကို မင်းရဲ့ကိုယ်မှာ ဖုံးလွှမ်းစေလိုက်ပါ... မင်းရဲ့ စိတ်ထဲကနေ ‘သွားတော့... သွားတော့' လို့ ရွတ်ဆိုလိုက်ရင် ဒီကမ္ဘာကနေ ထွက်ခွာနိုင်ပါလိမ့်မယ်”

အခန်း (၂၈၂) - တိမ်တိုက်အတတ်ပညာ

လင်းကျင်း၏ မျက်လုံးများ ဝင်းပသွားခဲ့သည်။ ဤကိစ္စများ၏ နောက်ကွယ်တွင် နတ်မင်းတစ်ပါးပါး အမှန်တကယ် ရှိနေသည်ဟု သူ တွေးလိုက်မိ၏။

ယနေ့ခေတ်လောကတွင် စစ်မှန်သော နတ်မင်းများ တကယ်ပဲ တည်ရှိနေသေးတာလား။

လင်းကျင်းသည် ဟူယွီကျန်းကို ကျောက်စာတိုင်အား နောက်တစ်ကြိမ် ကြည့်ခိုင်းလိုက်ပြန်သည်။ သူမ ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် နောက်တစ်ဖန် ပြုစားခြင်း ခံလိုက်ရပြန်၏။ လင်းကျင်းက သူမကို သတိပြန်ဝင်လာအောင် လုပ်ပေးပြီးနောက် သားရဲသခင် စတုတ္ထတွဲပေါ်တွင် ဘာတွေရေးထားသလဲဟု မေးမြန်းလိုက်ရာ၊ သူမက ရှုပ်ထွေးလှသော ဂါထာပုံသေနည်းများသာ ဖြစ်သည်ဟု ဖြေကြားခဲ့သည်။

ဤထွက်ခွာခွင့် လမ်းညွှန်ချက်ကို သူတစ်ဦးတည်းသာ မြင်တွေ့နိုင်ခြင်းဖြစ်ကြောင်း လင်းကျင်း သိလိုက်ရတော့သည်။ ဆိုလိုသည်မှာ သားရဲသခင် စတုတ္ထတွဲကို အောင်မြင်စွာ ကျင့်ကြံနိုင်သူများသာလျှင် ဤစာသားကို မြင်နိုင်ခြင်းပင်။

ဤကွင်းပြင်ကျယ်ကြီးထဲမှ လူများမှာမူ မှော်အတတ်၏ ပြုစားခြင်းကို ခံနေရဆဲ ဖြစ်ပြီး၊ အဓိပ္ပာယ်ကို မဖော်ထုတ်နိုင်ဘဲ အဆုံးမရှိသော အတွေးပင်လယ်ထဲတွင် နစ်မျောနေကြဆဲ ဖြစ်သည်။

သို့သော် လင်းကျင်းအနေဖြင့် သူတပါးအရေးကို ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိပါပေ။

အစွမ်းထက်လှသော ပုဂ္ဂိုလ်တစ်ဦးက ဤလျှို့ဝှက်ဆန်းပြားသော နေရာကို ဖန်တီးထားသည်ဆိုလျှင် ၎င်းတွင် အကြောင်းပြချက် တစ်ခုခု ရှိရပေမည်။ အကယ်၍ လင်းကျင်းက ဒါကို ဖျက်ဆီးလိုက်ပြီး ဤနေရာ၏ ပိုင်ရှင်က စိတ်တိုတတ်သူမျိုး ဖြစ်နေပါက လင်းကျင်းမှာ နေရာမှာတင် အသတ်ခံရနိုင်သည် မဟုတ်ပါလား။

လင်းကျင်းသည် မိမိ၏ အစွမ်းအစ အတိုင်းအတာကို မိမိ သိရှိပါသည်။ သူသည် နဂါးအိုကြီးကဲ့သို့သော သူမျိုးကို ရင်ဆိုင်နိုင်သော်လည်း၊ လျှို့ဝှက်ဆန်းပြားသော နတ်မင်းတစ်ပါးကို သွားရောက် ရန်စခြင်းမှာတော့ ကိုယ့်ဒုက္ခကိုယ် ရှာခြင်းသာ ဖြစ်ပေလိမ့်မည်။

အနည်းဆုံးတော့ ယခုအချိန်တွင် သူ ထိုသို့ မလုပ်နိုင်သေးပါပေ။

ယခုမူ ထွက်ခွာရမည့် နည်းလမ်းကို သိရှိသွားပြီဖြစ်ရာ လင်းကျင်းမှာ စိုးရိမ်ပူပန်ခြင်း မရှိတော့ပါပေ။

သူသည် ကွင်းပြင်ကို တစ်ပတ်ပတ်ကြည့်လိုက်ရာ ဤနေရာတွင် လူပေါင်း ငါးဆယ်နီးပါး ရှိနေသည်ကို တွေ့ရ၏။ သူတို့အားလုံးမှာ နှစ်ပေါင်းများစွာအတွင်း စုမိနေကြသူများ ဖြစ်ရပေမည်။ သို့သော် ဤနေရာတွင် အစားအသောက်နှင့် သောက်ရေဟူ၍ မတွေ့ရပါပေ။ ကျင့်စဉ်အဆင့်အတန်း မြင့်မားသူများပင်လျှင် အာဟာရမရှိဘဲ မနေနိုင်ကြပါပေ။ ခေတ္တခဏဆိုလျှင် ကိစ္စမရှိသော်လည်း နှစ်ပေါင်းများစွာ ကြာလာလျှင်တော့ သေချာပေါက် အငတ်ဘေးဆိုက်ပြီး သေဆုံးကြရပေလိမ့်မည်။ သို့သော် ဤနေရာမှ လူများမှာ အဝတ်အစားများ စုတ်ပြတ်ကာ ဆံပင်များ ဖရိုဖရဲ ဖြစ်နေသည်မှလွဲ၍ အငတ်ဘေးဆိုက်နေသည့် လက္ခဏာမျိုး မတွေ့ရပါပေ။

လင်းကျင်း ဘာကြောင့်လဲဆိုတာ မသိပါပေ။ ဒါဟာ ဤနေရာ၏ လျှို့ဝှက်ချက်များထဲမှ တစ်ခုသာ ဖြစ်မည်ဟု သူ ယူဆလိုက်သည်။

လင်းကျင်းသည် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုနေခဲ့၏။ ရှေ့တွင်ရှိသော ခန်းမဆောင်ကြီးမှာ သူ၏ အဓိက ပစ်မှတ် ဖြစ်သော်လည်း၊ ထိုအဆောက်အအုံမှာ မမြင်ရသော စွမ်းအားတစ်ခုဖြင့် ကာကွယ်ထားသဖြင့် လင်းကျင်း အနားကပ်ရန် ခက်ခဲနေခဲ့သည်။ သူ အကြိမ်အနည်းငယ် ကြိုးစားကြည့်သော်လည်း မအောင်မြင်သဖြင့် ဆက်၍ မကြိုးစားတော့ပါပေ။ အကယ်၍ တားမြစ်ထားသော မှော်အတတ်တစ်ခုခုကို သွားရောက် ထိမိပါက ဒုက္ခရောက်နိုင်သည် မဟုတ်ပါလား။

ယခုအခါ သူ အဓိက စိတ်ဝင်စားနေသည်မှာ ကောင်းကင်ယံမှ စာလုံးများပင် ဖြစ်သည်။ သို့သော် ၎င်းတို့မှာ အလွန်ဝေးကွာလှသဖြင့် ပျံသန်းခြင်းအတတ်ကို မသိသော လင်းကျင်းအတွက် အနားကပ်ရန် မဖြစ်နိုင်ပါပေ။

သို့သော်လည်း လင်းကျင်းသည် ဤကွင်းပြင်ထဲတွင် နောက်ထပ် ရှာဖွေတွေ့ရှိမှုအသစ်တစ်ခုကို ရရှိခဲ့ပြန်သည်။

သူတို့ ဆင်းလာခဲ့သော လှေကားထစ်များ ရှိခဲ့သည့် နေရာတွင် ကျောက်ပြားတစ်ချပ်ကို သူ တွေ့ရှိခဲ့ခြင်းပင်။

ထိုကျောက်ပြားပေါ်တွင် အလွန်သေးငယ်သော စာလုံးလေးများကို ရေးထိုးထားပြီး၊ ၎င်းမှာ မထင်မရှားသော နေရာတွင် ရှိနေသဖြင့် မည်သူမျှ သတိမထားမိကြပါပေ။ သို့မဟုတ်လျှင်လည်း လူအားလုံးမှာ ကျောက်စာတိုင်ပေါ်မှ စာလုံးများကြောင့် ပြုစားခံနေရသဖြင့် ဤနေရာအထိ ရောက်လာလျှင်တောင် သတိထားမိကြမည် မဟုတ်ပါပေ။ လင်းကျင်းသည် ခေါင်းငုံ့ကာ အသေအချာ လေ့လာကြည့်လိုက်၏။ ထိပ်ဆုံးတွင် ‘တိမ်တိုက်ယာဉ်’ဟူသော စာလုံးများကို တွေ့ရသည်။

၎င်းမှာ နောက်ထပ် ကျင့်စဉ်ကျမ်းတစ်ခုပင် ဖြစ်၏။

လင်းကျင်းသည် ခပ်တိုးတိုး ရယ်မောလိုက်ကာ ထိုင်ချလိုက်ပြီး ၎င်းကို သုတေသနပြုတော့သည်။ ဟူယွီကျန်းမှာ သိချင်စိတ်ဖြင့် အနားသို့ ရောက်လာသော်လည်း အကြာကြီး စိုက်ကြည့်ပြီးနောက်တွင်တော့ လင်းကျင်း ဘာကို ကြည့်နေတာလဲဟု မေးလိုက်တော့သည်။ သူမ၏ အမြင်တွင် ထိုကျောက်ပြားမှာ ဘာစာသားမျှ မပါဘဲ ဗလာဖြစ်နေသောကြောင့်ပင်။

လင်းကျင်းသည် သူမကို ဇဝေဇဝါဖြင့် မော့ကြည့်လိုက်သော်လည်း ရှင်းပြခြင်း မပြုခဲ့ပါပေ။

ဤနေရာတွင်လည်း တားမြစ်မှော်အတတ် ရှိနေပြီး၊ သူသည် သားရဲသခင် စတုတ္ထတွဲကို ကျင့်ကြံထားသဖြင့်သာ ဒါကို မြင်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။ အခြားသော ဖြစ်နိုင်ခြေများလည်း ရှိနိုင်ပါသေးသည်။

လင်းကျင်း အသေအချာ မသိသော်လည်း ပုံစံအချို့ကိုတော့ သူ ရိပ်မိနေခဲ့ချေပြီ။

ဤနေရာကို ဖန်တီးခဲ့သော နတ်မင်းမှာ တကယ့်ကို အံ့သြစရာ ကောင်းလှပေသည်။ သူသည် ဤတားမြစ်မှော်အတတ်များကို တစ်စုံတစ်ယောက်ကို အန္တရာယ်ပေးရန် ဖန်တီးထားခြင်း မဟုတ်ပါပေ။ ဥပမာအားဖြင့် ကျောက်စာတိုင်ပေါ်မှ ပြုစားခြင်း မှော်အတတ်မှာ လူသားတို့၏ စွဲလမ်းမှုနှင့် ဇဝေဇဝါဖြစ်မှုများကို ဖယ်ရှားပေးကာ သူတို့၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရန် ရည်ရွယ်ခြင်း ဖြစ်ရပေမည်။

ထိုသို့ ပြုလုပ်နိုင်မှသာ စစ်မှန်သော ကျင့်စဉ်ကို ရရှိနိုင်မည် မဟုတ်ပါလား။

အကယ်၍ ဤနေရာကို သတ်ဖြတ်ရန် ဖန်တီးထားခြင်း ဖြစ်ပါက၊ စောစောက ဓားတိုက်ခိုက်မှု အနည်းငယ်ဖြင့်တင် အားလုံး ပြီးဆုံးသွားလောက်ပါပြီ။

ဤ ‘တိမ်တိုက်ယာဉ်’ အတတ်မှာလည်း ရည်မှန်းချက် ကြီးမားသူများအတွက် ချန်ထားရစ်ခြင်း ဖြစ်ရပေမည်။ မဟုတ်လျှင် သားရဲသခင် စတုတ္ထတွဲကို ရသည်နှင့် လူသားတို့သည် ချက်ချင်း ထွက်ခွာသွားကြမည်သာ ဖြစ်၏။ စေ့စပ်သေချာပြီး စိတ်ရှည်သူများသာလျှင် ပတ်ဝန်းကျင်ကို ပြန်လည်ရှာဖွေရင်း ကျောက်ပြားပေါ်မှ ဤကျင့်စဉ်ကို တွေ့ရှိနိုင်ကြပေလိမ့်မည်။

လင်းကျင်းသည် တိမ်တိုက်ယာဉ်အတတ်ကို စတင်လေ့လာလိုက်ရာ ၎င်းမှာ သားရဲသခင် စတုတ္ထတွဲထက်ပင် ပို၍ ရှုပ်ထွေးနေကြောင်း တွေ့ရသည်။ နောက်ဆုံးကျင့်စဉ်မှာ သွေးစာချုပ် ပဉ္စမအဆင့် ရှိရုံနှင့် ကျင့်နိုင်သော်လည်း ဤမှော်အတတ်သစ်မှာမူ မတူပါပေ။ လင်းကျင်း၏ လက်ရှိကျင့်စဉ်နှင့်ပင်လျှင် ၎င်းကို အဓိပ္ပာယ်ဖော်ရန် တော်တော်လေး အားထုတ်ရပေလိမ့်မည်။

သူသည် နာရီပေါင်းများစွာ စိုက်ကြည့်နေပြီးနောက် အနည်းငယ်မျှသာ နားလည်နိုင်ခဲ့၏။

ဒါဟာ ရှားပါးလှတဲ့ အခွင့်အရေးတစ်ခုဆိုတာ သူ သိနေခဲ့သည်။ ဤနေရာသို့ ရောက်လာမှတော့ သူ ဒီအတိုင်း လက်လွတ်စပယ် မပြန်နိုင်ပါပေ။ ပြင်ပလောကမှ ကိစ္စအားလုံးကို ခေတ္တမျှ ဘေးဖယ်ထားလိုက်ရန် သူ ဆုံးဖြတ်လိုက်သည်။

နောက်ထပ် ဆယ်နာရီခန့် ကုန်ဆုံးသွားခဲ့ပြန်၏။

အာရုံအပြည့် စိုက်နေစဉ်မှာပင် လင်းကျင်းသည် သူ၏ နောက်ကွယ်မှ လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။ နောက်တစ်ခဏမှာပင် တံခါးချပ်တစ်ခု၏ ဝေဝါးသော ပုံရိပ် ပေါ်ပေါက်လာခဲ့၏။

ဟူယွီကျန်းမှာ ဤထူးဆန်းသော ဖြစ်ရပ်ကြောင့် ထိတ်လန့်သွားကာ ထရပ်ပြီး နောက်သို့ ဆုတ်လိုက်ရင်း သတိထားလိုက်တော့သည်။ တစ်ဖက်တွင်မူ မျောက်ဖြူနှင့် ဖုတ်ကောင်တို့မှာ ဒါကို အရင်က မြင်ဖူးထားသဖြင့် ဘာမှ မဖြစ်သကဲ့သို့ ရှိနေကြ၏။

‘ဧည့်ခန်းမ’ ပွင့်သွားခြင်းပင်။

လင်းကျင်းမှာ မှင်တက်သွားရသည်။ ကျင့်စဉ်၏ ကောင်းကွက်ကို ရောက်ခါနီးမှ သွားရမည်ဖြစ်သဖြင့် သူ မသွားချင်ပါပေ။ သို့သော်လည်း သူ သွားရမည်ကို သူ သိနေခဲ့သည်။

ထို့ကြောင့် သူက ဟူယွီကျန်းကို ပြောလိုက်၏။

“ဒီမှာ စောင့်နေ”

ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် တံခါးထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။

ဟူယွီကျန်းမှာ ဤမြင်ကွင်းကြောင့် ကြက်သီးမွေးညင်းများပင် ထသွားရ၏။

ယခုမှသာ ဤလူကြီးမင်းလင်းမှာ မည်မျှအထိ အစွမ်းထက်ကြောင်း သူမ အမှန်တကယ် သိလိုက်ရခြင်းပင်။ ဘာမှမရှိသော နေရာမှနေ၍ အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းနိုင်ခြင်းမှာ နတ်မင်းများသာ တတ်နိုင်သော အရာ မဟုတ်ပါလား။

ဟူယွီကျန်း၏ ထိတ်လန့်မှုနှင့် ကြည်ညိုမှုများကို ထားရစ်ခဲ့ပြီးနောက်၊ ‘ဧည့်ခန်းမ’ ထဲသို့ ရောက်သည်နှင့် လင်းကျင်းသည် သူ၏ မျက်နှာဖုံးကို စွပ်ကာ သံတံခါးကြီးကို တွန်းဖွင့်လိုက်တော့သည်။

အားလုံးမှာ အထဲတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်၏။

သူတို့ စကားမပြောမီမှာပင် လင်းကျင်းက အရင် မေးလိုက်သည်။

“ခင်ဗျားတို့ထဲမှာ အရေးကြီးတဲ့ ကိစ္စရှိတဲ့သူ ရှိလား”

ဟယ်ချန်း၊ ကျီးကန်းနက်နှင့် အခြားသူများက ခေါင်းခါပြကြ၏။

အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါ။ ဒါပေမဲ့ တခြားကိစ္စတွေလား... အများကြီးပေါ့။ ဥပမာအားဖြင့် လမ်းညွှန်မှု ရယူချင်တာ၊ ပုံမှန် မေးမြန်းချင်တာ၊ ဟယ်ချန်းက ကျေးဇူးတင်စကား ပြောချင်တာနဲ့ ဝိညာဉ်ကလေးငယ်မိခင်က အခေါင်းလူသားကိုယ်စား ၎င်း၏ သားရဲအကြောင်း မေးမြန်းချင်တာမျိုးပေါ့။

သို့သော်လည်း သူတို့တွင် အရေးကြီးသော ကိစ္စမရှိကြောင်း သိလိုက်ရသောအခါ လင်းကျင်းက ရိုးရိုးရှင်းရှင်းပင် ပြောလိုက်၏။

“အရေးကြီးတာ မရှိရင်တော့ ခင်ဗျားတို့ဘာသာ အနားယူကြဦး... ကျုပ်မှာ လုပ်စရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေလို့... သွားခွင့်ပြုပါဦး”

ထို့နောက် သူသည် လှည့်ထွက်သွားခဲ့ရာ အားလုံးမှာ ပါးစပ်အဟောင်းသားနှင့် ကျန်ရစ်ခဲ့ကြတော့သည်။

ပြတိုက်မှူး ထွက်သွားပြီးနောက် အားလုံးမှာ တစ်မိနစ်ခန့် မှင်တက်နေကြပြီးမှ သတိပြန်ဝင်လာကြ၏။

“အားလုံးပဲ... ပြတိုက်မှူး ဒီလိုမျိုး ပြုမူတာကို အရင်က မြင်ဖူးကြလား”

အဖိုးအိုထျန်းမှာ အစိုးရိမ်ဆုံး ဖြစ်နေခဲ့သည်။ သူသည် ယခုတစ်ကြိမ်တွင် ပြတိုက်မှူး၏ အကူအညီကို တောင်းခံရန် ပြင်ဆင်ထားသော်လည်း သူ စကားမပြောရသေးမီမှာပင် ပြတိုက်မှူး ထွက်သွားခဲ့ချေပြီ။

သူ၏ ဓားပြအဖွဲ့မှာ လက်ရှိတွင် ဒုက္ခနှင့် ကြုံတွေ့နေရခြင်းပင်။ ၎င်းမှာ ပြင်ပရန်သူကြောင့် မဟုတ်ဘဲ အတွင်းရေး ပဋိပက္ခကြောင့် ဖြစ်၏။

ညီအစ်ကိုများဟု ခေါ်ဆိုခဲ့ကြသော သူများမှာ သူ့ကို ရုတ်တရက် ကျောခိုင်းသွားကြသည်။ ၎င်းမှာ ကြောက်ရွံ့မှုကြောင့် ဖြစ်စေ၊ နာကျည်းမှုကြောင့် ဖြစ်စေ အဖိုးအိုထျန်းမှာ သူ၏ ညီအစ်ကိုများလက်ထဲတွင် သေလုနီးပါး ဖြစ်နေခဲ့ရသည်။

အကယ်၍ သူ ‘ဧည့်ခန်းမ’ ထဲသို့ အချိန်မီ ဝင်မလာနိုင်ခဲ့လျှင် သူ အဖမ်းခံရလောက်ချေပြီ။

အဖိုးအိုထျန်း၏ အခြေအနေမှာ အလွန်ပင် စိုးရိမ်စရာ ကောင်းလှပေသည်။

သို့သော် ပြတိုက်မှူးက အရေးကြီးကိစ္စ ရှိသည်ဆိုကာ ထွက်သွားခဲ့ချေပြီ။ ယခုမူ အဖိုးအိုထျန်းမှာ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပါပေ။ ပြတိုက်မှူး မရှိသဖြင့် သူသည် အခြားသူများထံမှ အကူအညီ တောင်းခံရန်သာ ရှိတော့ပြီး၊ သူတို့တွင် အကြံဉာဏ် တစ်ခုခု ရှိလိမ့်မည်ဟု မျှော်လင့်နေမိသည်။

သူသည် အားလုံးကို ပုံအောရန် ဆုံးဖြတ်လိုက်ကာ အရိုအသေ ပေးလိုက်၏။ အသက်ရှင်ဖို့အတွက်ဆိုလျှင် သိက္ခာဆိုတာ သိပ်ပြီး အရေးမပါပါပေ။

အခြားသူများသည်လည်း အဖိုးအိုထျန်း၏ စိုးရိမ်နေသော အမူအရာကို သတိပြုမိထားကြသည်။ ယခု သူက အရိုအသေပေးကာ အကူအညီ တောင်းခံလာသောအခါ၊ သူတို့က မေးမြန်းကြည့်ရင်း ဘာဖြစ်ခဲ့သလဲဆိုတာကို သိရှိသွားကြတော့သည်။

“ဒါဆို ခင်ဗျားရဲ့ သစ္စာဆိုထားတဲ့ ညီအစ်ကိုတွေက ခင်ဗျားကို ကြောက်လို့ ဒုက္ခပေးနေကြတာပေါ့... ပြောရမယ်ဆိုရင် ခင်ဗျားမှာ အဆင့် (၃) သားရဲတစ်ကောင် ရှိတယ် မဟုတ်လား... ဘယ်လိုဖြစ်လို့ ဒီလောက်အထိ အခြေအနေ ဆိုးသွားရတာလဲ”

All Chapters