← Chapters

အခန်း (၂၉၁-၂၉၂)

Vol. 15 Ch. 291-292

အခန်း (၂၉၁-၂၉၂)

Vol. 15 Ch. 291-292

အခန်း (၂၉၁) - လူငယ်များနှင့် မုဆိုးများ

အခေါင်းထဲတွင် ဖုတ်ကောင်မှာ ဂဏာမငြိမ်ဖြစ်နေပုံရ၏။ ၎င်း ဗိုက်ဆာနေပြီဖြစ်ကြောင်း လင်းကျင်း သိလိုက်သည်။

ဖုတ်ကောင်သားရဲကဲ့သို့ ရှားပါးသားရဲမျိုးမှာ အလွန်ထူးခြားပြီး လတ်ဆတ်သော အသားစိမ်းများကို နှစ်သက်ကြသူများ ဖြစ်သည်။

တစ်ခါတစ်ရံတွင် ၎င်းတို့သည် အသားများကို အမြောက်အမြား စားသောက်ထားနိုင်ပြီး ဆယ်ရက်မက အစာမစားဘဲ နေနိုင်ကြ၏။ လင်းကျင်းအနေဖြင့် ဤသတ္တဝါကို ကုသပေးနေခြင်းဖြစ်ရာ ၎င်းကို အငတ်ထား၍တော့ မဖြစ်ပါပေ။

သူသည် မျောက်ဖြူအား ထိုသေဆုံးသွားသော ငှက်ကလေးကို အခေါင်းထဲသို့ ပစ်ထည့်ပေးခိုင်းလိုက်၏။ ထို့နောက် လူသားများကို မထိခိုက်စေရဟူသော ကတိဖြင့် မျောက်ဖြူအား အခေါင်းကို ထမ်းကာ ဂွါတောင်တစ်ဝိုက်တွင် အစာရှာထွက်ရန် ခွင့်ပြုလိုက်တော့သည်။

လင်းကျင်း၏ နောက်သို့ လိုက်ပါလာကတည်းက မျောက်ဖြူမှာ လိမ္မာယဉ်ကျေးစွာ နေထိုင်ခဲ့ရသူ ဖြစ်၏။ ယခုကဲ့သို့ လွတ်လွတ်လပ်လပ် သွားလာခွင့်ရသည့်အခါ သူ မည်မျှ ဝမ်းသာသွားမည်နည်း။ သူသည် အရိုအသေပေးပြီးနောက် အခေါင်းကို ထမ်းကာ အလျင်အမြန်ပင် ပြေးထွက်သွားတော့သည်။

လင်းကျင်းမှာတော့ တောင်ထိပ်တွင် ရပ်နေရင်း တောင်ပေါ်လေညင်းနှင့် ရှုခင်းအလှကို ခံစားနေမိ၏။

ဂွါတောင်မှာ နာမည်ကျော်ကြားသော နေရာတစ်ခုမဟုတ်သော်လည်း ရှုခင်းမှာမူ အလွန်လှပလှပေသည်။ အထက်စီးမှနေ၍ အနီးနားရှိ တောင်တန်းများနှင့် မြစ်ချောင်းများကို ကြည့်ရှုရသည်မှာ စိတ်ကို ကြည်လင်လန်းဆန်းစေ၏။

ကြာရှုလေလေ စိတ်ခံစားမှုမှာ ပို၍ ကောင်းမွန်လာလေလေပင်။

ကျွမ်းကျင်သော ကျင့်ကြံသူများသည် အဘယ်ကြောင့် တောင်ကြီးတောကြီးထဲတွင် အခြေချကာ တောရဆောက်တည်ကြသည်ကို နားလည်နိုင်ပါပြီ။ ဂိုဏ်းများနှင့် ကျောင်းတော်များသည်လည်း တောင်ထိပ်များတွင် အခြေစိုက်ရန် နှစ်သက်ကြသည် မဟုတ်ပါလား။ ဒါဟာ မြင့်မြတ်ခြင်းနှင့် လောကီမှ ကင်းလွတ်ခြင်းကို ဖော်ဆောင်ရုံသာမက၊ ကျင့်ကြံခြင်းအတွက်လည်း အကျိုးကျေးဇူး များစွာရှိသောကြောင့်ပင်။

သို့သော်လည်း ရှုခင်းကို တစ်ခါတစ်ရံ ကြည့်ရှုခြင်းကသာ အကောင်းဆုံးဖြစ်၏။ နေ့တိုင်း ကြည့်နေမည်ဆိုပါက ရိုးအီသွားနိုင်သည် မဟုတ်ပါလား။

လင်းကျင်းသည် အောက်ဘက်သို့ ဝေ့ဝဲကြည့်လိုက်ရာ အဝေးရှိ တောအုပ်ထဲတွင် မျောက်ဖြူက အခေါင်းကိုထမ်းလျက် အစာရှာနေသည်ကို အံ့သြဖွယ် မြင်တွေ့နေရသည်။ ဖုတ်ကောင်သားရဲမှာ အသားစားသတ္တဝါဖြစ်သော်လည်း မျောက်ဖြူမှာမူ အရာအားလုံးကို စားနိုင်သော သတ္တဝါမျိုး ဖြစ်၏။

သာမန်ရက်များတွင် မျောက်ဖြူမှာ သစ်သီးဝလံများကိုသာ စားလေ့ရှိသော်လည်း တစ်ခါတစ်ရံတွင် အသားကိုလည်း စားတတ်ပါသေးသည်။

ဥပမာအားဖြင့် ယခုကဲ့သို့ပင်။ မျောက်ဖြူသည် တောသမင်တစ်ကောင်ကို လျင်မြန်စွာ ဖမ်းဆီးလိုက်ပြီး အပိုင်းပိုင်း ဆွဲဖြတ်ကာ စားသောက်နေတော့သည်။ ဝိညာဉ်ကလေးငယ်မိခင်မှာတော့ ပို၍ မြန်ဆန်လှ၏။ ၎င်းသည် နှာမောင်းတံများကို ဝှေ့ယမ်းကာ တောရိုင်းတိရစ္ဆာန်များကို အေးဆေးစွာ ဖမ်းယူလိုက်ပြီးနောက် သွေးများကို စုပ်ယူကာ အခြောက်တိုက် အလောင်းများအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ဒါဟာ အတော်လေးတော့ ရက်စက်လှပေသည်။

သို့သော်လည်း အားကြီးသူက အားနည်းသူကို စားခြင်းမှာ သဘာဝတရား၏ နိယာမတစ်ခုပင်။ လင်းကျင်းအနေဖြင့် သူတို့ကို အငတ်ဘေးနှင့်တော့ မရင်ဆိုင်စေချင်ပါပေ။

လင်းကျင်းမှာလည်း ဟန်ဆောင်နေသူတစ်ဦး မဟုတ်ပါပေ။ သူသည် သားရဲများနှင့် မိစ္ဆာများကို လူသားများအား မစားရန် တားမြစ်ထားခြင်းမှာ သူကိုယ်တိုင် လူသားတစ်ဦး ဖြစ်နေသောကြောင့်ပင်။ အကယ်၍သာ လင်းကျင်းသည် သမင်တစ်ကောင် ဖြစ်ခဲ့မည်ဆိုလျှင် သားရဲများ သမင်ကို မစားရန် တားမြစ်မိပေလိမ့်မည်။

တောအုပ်ထဲတွင် မျောက်ဖြူမှာ သမင်တစ်ကောင်တည်းနှင့် အားမရသေးပါပေ။ သူ လှည့်ကြည့်လိုက်သောအခါ ဖုတ်ကောင်မှာ သူ့ထက် ပိုစားထားသည်ကို တွေ့လိုက်ရ၏။

အလျှော့မပေးလိုသော မျောက်ဖြူသည် ပတ်ဝန်းကျင်ကို အနံ့ခံကြည့်ပြီးနောက် ပေရာဂဏန်းခန့် အကွာအဝေးရှိသော ချိုင့်ဝှမ်းတစ်ခုသို့ ခုန်ကူးသွားခဲ့သည်။ ဤနေရာတွင် တောဝက်အချို့မှာ ကြောက်လန့်တကြား ပုန်းအောင်းနေကြ၏။ မျောက်ဖြူ ဆင်းသက်လိုက်သည်နှင့် တောဝက်များမှာ ထိတ်လန့်တကြား ထွက်ပြေးကြတော့သည်။

သို့သော် သူတို့ ဘယ်လိုလုပ် လွတ်နိုင်မည်နည်း။

မျောက်ဖြူမှာ ကျင့်ကြံမှု ရှိထားသော မိစ္ဆာတစ်ကောင် မဟုတ်ပါလား။ သူက ထူးဆန်းသော အပြုံးတစ်ခု ပြုံးလိုက်ကာ လက်လှမ်းလိုက်ရုံဖြင့် အဝေးသို့ ထွက်ပြေးနေသော တောဝက်တစ်ကောင်ကို အလွယ်တကူ ဖမ်းဆီးလိုက်သည်။

တောဝက်မှာ အသံကုန် အော်ဟစ်နေသော်လည်း မျောက်ဖြူမှာ ဂရုမစိုက်ပါပေ။ သူသည် ပါးစပ်ကို ဟလိုက်ကာ တောဝက်ကို အရှင်လတ်လတ် ဝါးမြိုလိုက်တော့ရာ၊ သူ၏ ထက်မြက်သော သွားများဖြင့် ကိုက်ဖြတ်နေသံမှာ တဂျွပ်ဂျွပ်နှင့် ကြောက်စရာပင်။

“ဒီလောက်ဆို ရပါပြီ”

မျောက်ဖြူမှာ လောဘကြီးသော မျောက်တစ်ကောင် မဟုတ်ပါပေ။ သူသည် ဗိုက်ပြည့်လျှင် ရပ်တန့်တတ်သူ ဖြစ်၏။ သူ အလိုရှိလျှင် နောက်ထပ် ဝက်ဆယ်ကောင်ခန့်ကို စားနိုင်သေးသော်လည်း၊ ကျင့်ကြံခြင်းကို စတင်ပြီးနောက်တွင် အသားများကို အသိမဲ့စွာ စားသုံးခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း သူ သိလာခဲ့သည်။

အသားကို တစ်ခါတစ်ရံ စားသုံးခြင်းက လုံလောက်နေပြီ ဖြစ်၏။ လူကြီးမင်းလင်း၏ ပြောကြားချက်အရ သူ၏ ကျင့်ကြံမှုကို မြှင့်တင်လိုလျှင် အသားစားခြင်းကို လျှော့ချရမည်ဖြစ်ကာ သဘာဝတရား၏ အနှစ်သာရနှင့် ဝိညာဉ်စွမ်းအားများကို စုပ်ယူရမည် ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် အသားကို လုံးဝမစားဘဲ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာပင် နေနိုင်လာပေလိမ့်မည်။ ထိုအချိန်ကျမှသာ သူ၏ ကျင့်ကြံမှုမှာ အဆင့်တစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်၏။

မျောက်ဖြူသည် ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများကို သိရှိထားပြီး ၎င်းကို အလွန်ပင် တောင့်တနေခဲ့သည်။ သို့သော် အသားစားခြင်းကို ချက်ချင်းကြီး ဖြတ်ပစ်လိုက်ရန်မှာမူ နှမြောစရာကောင်းသည်ဟု သူ ထင်နေမိ၏။ ထို့ကြောင့် သူ အသားစားခွင့်ရသည့် အချိန်များကို အမြတ်တနိုး တန်ဖိုးထားနေခြင်းပင်။

ထိုကြီးမားသော တောဝက်ကို ဝါးမြိုပြီးနောက်တွင် မျောက်ဖြူသည် ဖုတ်ကောင်ကို ပြန်ရှာရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် အနီးနားမှ မြှားတစ်စင်းသည် သူရှိရာသို့ ပြေးဝင်လာခဲ့၏။

ထိုမြှားမှာ လေလှိုင်းများကို ဖြတ်သန်းကာ မျောက်ဖြူကို ပစ်မှတ်ထား၍ အရှိန်အဟုန်ဖြင့် လာနေခြင်းပင်။

သာမန်သားရဲတစ်ကောင်ဆိုလျှင် အချိန်မီ မရှောင်နိုင်ဘဲ အပစ်ခံရမည်မှာ သေချာလှသည်။ သို့သော် မျောက်ဖြူမှာ သာမန်သားရဲ မဟုတ်ဘဲ မိစ္ဆာတစ်ကောင် ဖြစ်နေချေပြီ။ သူသည် အဆင့် ၃ သာ ရှိသေးသော်လည်း သာမန်မြှားတစ်စင်းနှင့်တော့ ဒဏ်ရာရလိမ့်မည် မဟုတ်ပါပေ။

သူ၏ ကိုယ်ပေါ်မှ စွမ်းအားများ ထွက်ပေါ်လာကာ ကိုယ်ခန္ဓာ၏ သုံးပေပတ်လည်တွင် မမြင်နိုင်သော အရှိန်အဝါတစ်ခု ပျံ့နှံ့သွားခဲ့သည်။ မြှားသည် ထိုအကွာအဝေးသို့ ရောက်သည်နှင့် တစ်ပေခန့်အကွာတွင် ရပ်တန့်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။

မျောက်ဖြူသည် လှည့်ကြည့်လိုက်ရာ လူသားအချို့နှင့် အဖော်သားရဲအချို့ သူရှိရာသို့ ပြေးလာနေကြသည်ကို တွေ့လိုက်ရသည်။

“မြှားတွေ ဆက်ပစ်စမ်း... အဲဒီ မျောက်ဖြူကို လွတ်မသွားစေနဲ့”

“ဟားဟား... ဒီတောအုပ်က မကြီးပေမဲ့ မျောက်ဖြူတစ်ကောင် တွေ့လိမ့်မယ်လို့ မထင်ထားဘူး... ဒါ ရှားပါးမျိုးစိတ်ပဲ ဖြစ်ရမယ်... အရှင်လတ်လတ် ဖမ်းမိရင်တော့ ဈေးကောင်းရမှာ သေချာတယ်”

“အဲဒါတော့ မသေချာဘူး... ဒီမျောက်ဖြူက ကြည့်ရတာ သတ်ဖြတ်ဖို့ ကျွမ်းကျင်တဲ့ အန္တရာယ်ရှိ သားရဲပုံစံပဲ... လွှတ်ထားရင် လူတွေကို ဒုက္ခပေးဦးမှာ... ငါတို့က တရားမျှတမှုအတွက် လောကပတ်ပြီး လေ့ကျင့်နေတဲ့သူတွေဆိုတော့၊ ဒီသားရဲကို တွေ့ပြီးရင်တော့ ဒီအတိုင်း လွှတ်မထားနိုင်ဘူး”

“မှန်တယ်"

ထိုလူများ စကားပြောနေစဉ်မှာပင် နောက်ထပ် မြှားအချို့သည် မျောက်ဖြူထံသို့ ပျံသန်းလာခဲ့ပြန်သည်။

‘ပြေးရမယ်.. ငါက ဘာလို့ ပြေးရမှာလဲ’

မျောက်ဖြူက သူ့ဘာသာ ရေရွတ်လိုက်၏။ သူသည် ထိုလူများ ပြေးလာသည်ကို ကြည့်ရင်း ထိုနေရာမှာပင် မလှုပ်မယှက် ရပ်နေခဲ့သည်။ မြှားများမှာမူ မမြင်နိုင်သော အတားအဆီးကို ထိမှန်ကာ မြေပြင်ပေါ်သို့သာ တန်းစီ ပြုတ်ကျကုန်တော့၏။

ခဏအတွင်းမှာပင် မျောက်ဖြူသည် ထိုလူများ၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။

ရှေ့ဆုံးတွင် ရပ်နေကြသည်မှာ ခြင်္သေ့များ၊ ကျားများနှင့် ကျားသစ်များကဲ့သို့ ရက်စက်ကြမ်းကြုတ်သော သားရဲများပင်။ ဤသားရဲများမှာ သာမန်မိသားစုများ ပိုင်ဆိုင်နိုင်သည့် အရာမျိုးမဟုတ်ဘဲ၊ ၎င်းတို့ထဲတွင် သိသိသာသာ ထူးခြားသော သတ္တဝါတစ်ကောင်ပင် ပါဝင်နေခဲ့သေးသည်။

၎င်းမှာ မျက်လုံးလေးလုံးပါသော ‘ဓားသွားကျား’ပင်။

၎င်းမှာ အဆင့်မြင့်သော သတ္တဝါတစ်ကောင် ဖြစ်ပုံရ၏။ ထိုသားရဲသည် အဖွဲ့ကို ဦးဆောင်နေကာ အခြားသော သားရဲများက မျောက်ဖြူကို ဝိုင်းထားကြသည်။

ပေတစ်ရာခန့်အကွာတွင် လူသားငါးဦး ရပ်နေကြ၏။

သူတို့ထဲမှ နှစ်ဦးမှာ မုဆိုးများကဲ့သို့ ဝတ်ဆင်ထားပြီး၊ ကျန်သုံးဦးမှာမူ ထူးခြားသော ဝတ်စုံများကို ဆင်မြန်းထားကြသည်။ အတွင်းမှ ပိုးထည်များကို ဝတ်ဆင်ထားကာ အပြင်မှ သားရေချပ်ဝတ်များ၊ ရင်အုပ်ကာများနှင့် ခြေထောက်ကာများကို ဝတ်ဆင်ထားကြ၏။ မုဆိုးနှစ်ဦးမှာ မြှားများကို ကိုင်ဆောင်ထားပြီး ကျန်သုံးဦးမှာ ခါးတွင် ဓားအရှည်များကို ချိတ်ဆွဲထားကာ သူရဲကောင်းပုံစံ ဖမ်းထားကြသည်။

ဤငါးဦးအဖွဲ့တွင် မုဆိုးနှစ်ဦးမှာ ကျန်သုံးဦးက ဂွါတောင်တောအုပ်ထဲ၌ လေ့ကျင့်ရန် ငှားရမ်းလာသူများ ဖြစ်သည်။ ရိုးရိုးလေး ပြောရလျှင် သူတို့သည် ပျော်ရွှင်မှုအတွက် အမဲလိုက်ရန် လာကြခြင်းပင်။ ဒါဟာ ချမ်းသာသော သူဌေးသားများနှင့် သိုင်းပညာရှင်အချို့၏ ဝါသနာတစ်ခု ဖြစ်၏။ အချို့သော နေရာများတွင် သူတို့သည် ဒေသခံမုဆိုးများကို ငှားရမ်းကာ တောနက်ထဲသို့ လိုက်ပါခိုင်းပြီး ရှုခင်းများကို ကြည့်ရှုခြင်း၊ အတွေ့အကြုံ ရှာဖွေခြင်းနှင့် တောရိုင်းတိရစ္ဆာန်များကို အမဲလိုက်ခြင်းများ ပြုလုပ်တတ်ကြသည်။ အကယ်၍ အစွမ်းထက်သော သားရဲများနှင့် တွေ့ခဲ့လျှင် ဖမ်းဆီးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းများ ပြုလုပ်ကာ ပြောစမှတ်တွင်စရာ အကြောင်းအရာတစ်ခုအဖြစ် အသုံးချတတ်ကြ၏။

ထိုလူငယ် သုံးဦးမှာ မတူညီသော နောက်ခံသမိုင်းကြောင်းများ ရှိကြသည်။ တစ်ဦးမှာ ကျောက်စိမ်းနဂါးနိုင်ငံ၏ အဆင့်မြင့်အရာရှိကြီးတစ်ဦး၏ သားဖြစ်ကာ၊ သူ၏ဖခင်မှာ ‘ဖန်မြို့’ ၏ မြို့တော်ဝန် ဖြစ်သည်။ နောက်တစ်ဦးမှာ နိုင်ငံနှင့်အမျှ ချမ်းသာကြွယ်ဝသော ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ၏ အငယ်ဆုံးသား ဖြစ်၏။ နောက်ဆုံးတစ်ဦးမှာတော့ နာမည်ကျော် သိုင်းမိသားစုတစ်ခုမှ ဆင်းသက်လာသူ ဖြစ်သည်။

ယနေ့ခေတ်တွင် သွေးစာချုပ် ကျင့်ကြံခြင်းကို အဓိကထားကြသော်လည်း၊ ထိုလမ်းစဉ်ကို မလိုက်ဘဲ သိုင်းပညာကိုသာ အလေးထားသော ပုဂ္ဂိုလ်များလည်း ရှိနေပါသေးသည်။ ဤသူများသည် စစ်သည်တော်များအဖြစ် ရပ်တည်သော မိသားစုများမှ လာကြသူများပင်။

သူတို့သည် သူတို့၏ ခွန်အားနှင့် အစွမ်းသတ္တိကို မြှင့်တင်ရန်အတွက်သာ သားရဲများနှင့် သွေးစာချုပ် ချုပ်ဆိုကြခြင်း ဖြစ်သည်။ ကျောက်စိမ်းနဂါးနိုင်ငံတွင် ကျင့်ကြံသူများသာ အဓိကရှိသဖြင့် သွေးစာချုပ် စစ်သည်တော်များမှာ သိပ်မများလှပါပေ။ သို့သော် အချို့သော နေရာများတွင်မူ သွေးစာချုပ် စစ်သည်တော်များမှာ အများစုဖြစ်ကြ၏။ သူတို့သည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် သိုင်းပညာများကို အသုံးချကာ သွေးစာချုပ် ကျင့်ကြံသူများကိုပင် ဖိနှိပ်ထားနိုင်ကြသူများ ဖြစ်သည်။

“သခင်လေးဖန်... ဒီမျောက်ဖြူက ကိုယ်ခန္ဓာ သန်မာပြီး အမွေးအမျှင်တွေကလည်း သန့်ရှင်းနေတာပဲ... သာမန်သားရဲတော့ မဟုတ်လောက်ဘူး... ခင်ဗျားရဲ့ ဖခင် မြို့တော်ဝန်ဖန်ရဲ့ မွေးနေ့ကလည်း မကြာခင် ရောက်တော့မှာဆိုတော့၊ ဒီမျောက်ဖြူကို ဖမ်းပြီး မြို့တော်ဝန်ကြီးဆီ လက်ဆောင်ဆက်ရင် ကောင်းမယ်ထင်တယ်... အရှင်လတ်လတ် ဖမ်းနိုင်ရင်တော့ အကောင်းဆုံးပေါ့၊ ဒါပေမဲ့ မရဘူးဆိုရင်လည်း သူ့ရဲ့ အရေခွံကို ယူသွားတာကလည်း မဆိုးပါဘူး”

ကုန်သည်ကြီး၏ သားဖြစ်သူက ပြောလိုက်၏။ ဤသူမှာ အနည်းငယ် ဝဖြိုးပြီး မျက်လုံးများမှာ ထက်မြက်သော်လည်း၊ မျက်နှာမှာမူ အလွန်ပင် ချောမွေ့ကာ လူကဲခတ် ကျွမ်းကျင်ပုံရသည်။ သူသည် မြို့တော်ဝန်၏ သားကို သိသိသာသာပင် ဖားနေခြင်းပင်။

“ဟားဟား... ကျောက်ရှီး၊ ငါလည်း အဲဒီလိုပဲ တွေးနေတာ.. ဒါပေမဲ့ ဒီမျောက်ဖြူက တော်တော်ကြီးတာဆိုတော့ အရှင်ဖမ်းဖို့က ခက်လိမ့်မယ်”

သခင်လေးဖန်က အားမလိုအားမရ ပြောလိုက်၏။

“အဲဒါတော့ မဟုတ်နိုင်ပါဘူး သခင်လေးတို့... ကျွန်တော့်မှာ သားရဲကြီးတွေကို ဖမ်းဖို့အတွက် အထူးဖော်စပ်ထားတဲ့ ဆေးတွေ ပါလာတယ်... တစ်ကောင်တည်း မဟုတ်ဘဲ နောက်ထပ် အများကြီး လာရင်တောင် ကျွန်တော် ဆေးခတ်နိုင်ပါတယ်... ခဏနေရင် ကျွန်တော် အခြေအနေကို ကြည့်ပြီး အဲဒီ သားရဲကို ဆေးခတ်လိုက်ပါ့မယ်... ဒီကောင်ကြီး တစ်နေ့လုံး သတိလစ်သွားဖို့ ကျွန်တော် အာမခံတယ်”

မုဆိုးတစ်ဦးက သူ၏ ရင်ဘတ်ကို ပုတ်ကာ ယုံကြည်ချက်ရှိရှိ ကြေညာလိုက်တော့သည်။

အခန်း (၂၉၂) - ကြောက်မက်ဖွယ်ရာ ပြစ်ဒဏ်

တောရိုင်းထဲတွင် အမြဲလိုလို အမဲလိုက်နေကြသော မုဆိုးများဖြစ်၍ သူတို့သည် အလွန်ပင် အတွေ့အကြုံ ရင့်ကျက်ကြ၏။ ထို့ကြောင့်လည်း သူတို့၏ ထုပ်ပိုးအိတ်များထဲတွင် ထောင်ချောက်များနှင့် ဆေးဝါးများ အမြဲပါရှိနေခြင်းမှာ အဆန်းမဟုတ်ပါပေ။

မုဆိုး၏ အကြံပြုချက်ကြောင့် လူငယ်သခင်လေးသုံးဦးမှာ စိတ်လှုပ်ရှားသွားကြသည်။

သိုင်းမိသားစုမှ ဆင်းသက်လာသူ ဟွမ်ယန်က ခေါင်းညိတ်လိုက်၏။

“ဒါက အကြံကောင်းပဲ... သခင်လေးဖန်... ကျောက်ရှီး... ငါတို့ အစီအစဉ်ဆွဲရအောင်... ဒီမျောက်ဖြူကို အရှင်ဖမ်းနိုင်ရင် အကောင်းဆုံးပဲ၊ ဒါပေမဲ့ မရဘူးဆိုရင်လည်း သတ်ပစ်လိုက်ရုံပဲပေါ့”

“ကောင်းပြီလေ”

ကျန်နှစ်ဦးကလည်း ခေါင်းညိတ်ကာ မျောက်ဖြူ၏ ကံကြမ္မာကို သူတို့ဘာသာ ဆုံးဖြတ်လိုက်ကြတော့သည်။

မျောက်ဖြူမှာ သူတို့၏ စကားဝိုင်းတစ်ခုလုံးကို ကြားနေရသဖြင့် မျက်နှာပျက်သွားခဲ့၏။ သို့သော် သူ၏ မျက်နှာပေါ်ရှိ အမွေးအမျှင်များကြောင့် တစ်ဖက်လူများမှာ သိရှိနိုင်စွမ်း မရှိကြပါပေ။

“မင်းတို့က တော်တော်ရိုင်းတာပဲ... ငါက မင်းတို့အပေါ် ဘာရန်ငြိုးမှ မရှိပါဘဲနဲ့၊ ဘာလို့ ငါ့ကို ဒီလို ဆက်ဆံချင်နေကြတာလဲ”

မျောက်ဖြူသည် ဒေါသကြောင့် မနေနိုင်ဘဲ ပြန်လည် တုံ့ပြန်လိုက်မိသည်။

ထိုခဏတွင် ပတ်ဝန်းကျင် လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။

မုဆိုးနှစ်ဦးမှာ သရဲမြင်လိုက်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားကြသည်။ မည်သည့်နေရာမှန်းမသိသော သခင်လေးသုံးဦးမှာလည်း ထိုနေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားကြပြီး၊ ဤသတ္တဝါက တကယ်ပင် စကားပြောလိုက်ခြင်း ဟုတ်မဟုတ် အတည်ပြုရန်အတွက် မျောက်ဖြူကို စိုက်ကြည့်နေကြတော့သည်။

“မင်းတို့က ရိုင်းစိုင်းပေမဲ့၊ ငါကတော့ မင်းတို့နဲ့ အဆင့်တူ ဆင်းမလုပ်ချင်ဘူး... ဒါကြောင့် အခုပဲ ထွက်သွားကြ”

မျောက်ဖြူသည် စိတ်အနှောင့်အယှက် ဖြစ်နေသော်လည်း၊ လူကို အလွယ်တကူ မထိခိုက်စေရန်နှင့် ပြဿနာမရှာရန် မှာကြားထားသည့် ဆရာလင်း၏ ဆုံးမစကားများကို သတိရလိုက်မိသည်။

သူတို့သည် မျောက်ဖြူကို အရင်စတင် တိုက်ခိုက်ခဲ့ပြီး မကောင်းသော ရည်ရွယ်ချက်များ ရှိခဲ့ကြသော်လည်း၊ မျောက်ဖြူမှာ ကျင့်ကြံမှု အသိရှိလာသူဖြစ်၍ ထိုကိစ္စကို ထပ်မံ မလိုက်ချင်တော့ပါပေ။ သူတို့သာ နားလည်မှု ရှိကြမည်ဆိုလျှင်ပေါ့။

သို့သော်လည်း လောကတွင် နားလည်မှု ရှိသူမှာ သိပ်မများလှပုံရ၏။ အနည်းဆုံးတော့ ဤလူများမှာ ထိုအထဲတွင် မပါဝင်ကြပါပေ။

မုဆိုးနှစ်ဦးမှာ အတွေ့အကြုံရှိသူများ ဖြစ်သည်။ မျောက်ဖြူ စကားပြောသည်ကို ကြားလိုက်ရကတည်းက ဒါက သာမန်သားရဲ မဟုတ်မှန်း သိလိုက်သဖြင့် သူတို့မှာ နောက်ဆုတ်ရန် ပြင်လိုက်ကြ၏။ သို့သော် သခင်လေးသုံးဦးကတော့ ထိုသို့ မထင်ကြပါပေ။

“ဒါ... ဒီမျောက်ဖြူက စကားပြောနိုင်တာလား”

“ဟုတ်တယ်... ငါလည်း ကြားလိုက်တယ်... စကားပြောနိုင်တဲ့ မျောက်ဖြူပဲ... ဒါက တကယ့်ကို ရှားပါးသားရဲပဲဟ”

“ကျောက်ရှီး... ဟွမ်ယန်... ဒီနေ့ ငါ ဒီမျောက်ဖြူကို အရှင်ဖမ်းမယ်... ငါ့ဖခင်ရဲ့ မွေးနေ့အတွက်၊ ဒီမျောက်ဖြူက ငါ့ရဲ့ သားသမီးဝတ္တရားကို ဖော်ဆောင်တဲ့ လက်ဆောင်ဖြစ်လာလိမ့်မယ်”

သခင်လေးဖန်မှာ အပြတ်အသတ် ဆုံးဖြတ်လိုက်ပုံရကာ သူ၏ မျက်လုံးထဲတွင် လောဘရိပ်များကို မဖုံးကွယ်နိုင်တော့ပါပေ။

ဒါကို ကြားလိုက်ရသောအခါ မျောက်ဖြူမှာ ဒေါသများ တောက်လောင်လာတော့သည်။

သို့သော်လည်း ထိုသခင်လေး သုံးဦးမှာတော့ သိပုံမရသေးပါပေ။

ထိုအခါ မုဆိုးနှစ်ဦးက တိုးတိုးလေး ကပ်ပြောလိုက်၏။

“သခင်လေးတို့... ကျွန်တော်တို့လည်း စကားပြောနိုင်တဲ့ သားရဲမျိုးကို ပထမဆုံး တွေ့ဖူးတာပါ... ဒါပေမဲ့ လူကြီးတွေ ပြောခဲ့ဖူးတာကတော့ ဒါဟာ နိမိတ်မကောင်းဘူးတဲ့... ကျွန်တော်တို့ ဒါကို ဒီအတိုင်းပဲ ထားခဲ့ရင် မကောင်းဘူးလား”

“ထားခဲ့ရမယ်... ဒီအတိုင်းကြီးလား”

သခင်လေးများထဲတွင် အချမ်းသာဆုံးဖြစ်သော ကျောက်ရှီးက မျက်မှောင်ကြုတ်လိုက်သည်။

“မင်းတို့က အခကြေးငွေ နည်းလို့ ငြီးတွားနေတာလား... ငါ ကျောက်ရှီးမှာ ပိုက်ဆံကလွဲရင် ဘာမှမရှိဘူး... မင်းတို့ ငါ့ကို ကူညီပြီး ဒီမျောက်ဖြူကို ဖမ်းပေးမယ်ဆိုရင်၊ ငါ ခင်ဗျားတို့ကို နှစ်ဆ... မဟုတ်ဘူး၊ သုံးဆ... မဟုတ်ဘူး၊ ငါးဆ ပေးမယ်”

ကျောက်ရှီးက ထိုသို့ ကြေညာလိုက်သောအခါ မုဆိုးများမှာ တုံ့ဆိုင်းသွားကြ၏။

တစ်ဦးမှာတော့ အဆိုပြုချက်ကို မလက်ခံချင်သော်လည်း၊ နောက်တစ်ဦးက တိုးတိုးလေး ဆိုလိုက်သည်။

“ငါးဆတောင်နော်... ဒီအလုပ်ကို လုပ်လိုက်ရင် ငါတို့ နောက်ထပ် တစ်နှစ်ခွဲလောက် တောင်ထဲ မဝင်ဘဲ နေလို့ရတယ်... ပြီးတော့ ဒီသခင်လေးတွေက တကယ် လက်ဖွာကြတာ... သူတို့က ငါတို့ကို အများကြီး ပေးထားပြီးသားဆိုတော့၊ အလုပ်ပြီးသွားရင် ဆုလာဘ်တွေ ထပ်ပေးဦးမှာပဲ”

ထိုစကားကို သခင်လေးသုံးဦးလည်း ကြားသွားခဲ့ကြ၏။

“ဟမ့်... ဟုတ်တယ်... မင်းတို့နှစ်ယောက်သာ ကူညီရင် ငါးဆတင်မကဘူး၊ ငါ ဆယ်ဆတောင် ပေးနိုင်တယ်”

သခင်လေးဖန်က ကြွေးကြော်လိုက်တော့သည်။

ဆယ်ဆတောင်လား...

ထိုသို့ဖြင့် မုဆိုးနှစ်ဦးမှာ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ကြတော့သည်။

သူတို့သည် တောင်တက်အတွေ့အကြုံ ရှိကြသော်လည်း၊ အများအားဖြင့် ဂွာတောင်နှင့် အနီးနားရှိ တောင်ငယ်များသို့သာ လာလေ့ရှိကြသည်။ သူတို့ တွေ့ဖူးသမျှ အစွမ်းအထက်ဆုံး သားရဲများမှာ တောဝက်၊ မြေခွေးနှင့် ဝံပုလွေများသာ ဖြစ်၏။

သူတို့၏ အန္တရာယ် အာရုံခံစားမှုမှာ မည်မျှလောက် အဆင့်ရှိသည်ကို ခန့်မှန်းနိုင်ပါပြီ။

မုဆိုးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

“အန္တရာယ်များမှ အကျိုးအမြတ် ရမှာပေါ့!”

“လုပ်ကြတာပေါ့!”

သူတို့ ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။

အရာအားလုံးမှာ အသက်ရှူသံ အနည်းငယ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့၏။ ဆုံးဖြတ်ချက် ချပြီးသည်နှင့် မုဆိုးများမှာ ချက်ချင်းပင် လှုပ်ရှားလိုက်ကြရာ၊ အလွန်ပင် ရက်စက်လှသော တိုက်ခိုက်မှုပင် ဖြစ်သည်။

မုဆိုးများက လေချွန်လိုက်သည်နှင့် သူတို့၏ အဖော်သားရဲများဖြစ်သော အမဲလိုက်ခွေးနှစ်ကောင်မှာ ဟောင်လျက် ရှေ့သို့ ခုန်တက်သွားကြတော့သည်။

သခင်လေးသုံးဦး၏ အဖော်သားရဲများကလည်း ထိုနည်းတူပင် ဝိုင်းရံတိုက်ခိုက်ရန် ပူးပေါင်းလာကြ၏။

ထို့ပြင် မုဆိုးများမှာလည်း လျင်မြန်စွာ လှုပ်ရှားလိုက်ကြကာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် မျောက်ဖြူ၏ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ပစ်မှတ်ထား၍ မြှားသုံးစင်းစီကို ပစ်လွှတ်လိုက်ကြသည်။ ဒါဟာ အလွန်ပင် ကောက်ကျစ်ပြီး ရက်စက်လှသော တိုက်ခိုက်မှု ဖြစ်၏။

မုဆိုးများမှာ သူတို့၏ မြှားများက မျောက်ဖြူကို ဒဏ်ရာမရစေနိုင်မှန်း သိလောက်အောင် ဉာဏ်ကောင်းကြသဖြင့်၊ ဒါဟာ အာရုံပြောင်းခြင်းသက်သက်သာ ဖြစ်၏။ သူတို့၏ တကယ့် ရည်ရွယ်ချက်မှာ မုဆိုးတစ်ဦး၏ လက်ထဲတွင် ရှိနေသော စက္ကူထုပ်ကလေး၌ ရှိနေခြင်းပင်။

ထိုစက္ကူထုပ်ထဲတွင် အသေအချာ ဖော်စပ်ထားသော ဆေးဝါးများ ရှိနေခဲ့သည်။

၎င်းကို ပစ်လွှတ်လိုက်လျှင် ကွဲထွက်သွားမည်ဖြစ်ကာ၊ ၎င်းကို အသက်ရှူမိသည်နှင့် အသန်မာဆုံးသော ဝက်ဝံကြီးပင် ဖြစ်စေ စိတ်ဝေဝါးသွားကာ နာရီပေါင်းများစွာ သတိလစ်သွားပေလိမ့်မည်။

ဘေးကင်းစေရန်အတွက် မုဆိုးများမှာ သူတို့တွင် ကျန်ရှိနေသော နောက်ဆုံးနှစ်ထုပ်လုံးကို ထုတ်ယူလိုက်ကြ၏။ အဖော်သားရဲ ငါးကောင်လုံးက ပြိုင်တူ ခုန်အုပ်လိုက်ပြီး မြှားများကလည်း မျောက်ဖြူကို နှောင့်ယှက်နေချိန်မှာပင်၊ သူတို့၏ နောက်တစ်ဆင့်ကို လုပ်ဆောင်လိုက်ကြတော့သည်။

မုဆိုးတစ်ဦးစီ၏ လက်ထဲတွင် ဆေးထုပ်တစ်ထုပ်စီကို ကိုင်ကာ မျောက်ဖြူ၏ ဘေးပတ်ပတ်လည်သို့ လျင်မြန်စွာ ကပ်သွားကြပြီး အခွင့်အရေးကို ရှာဖွေလိုက်ကြ၏။ အခွင့်အရေး ရသည်နှင့် မုဆိုးများသည် သူတို့လက်ထဲမှ ဆေးထုပ်များကို ပြတ်ပြတ်သားသားပင် ပစ်လွှတ်လိုက်တော့သည်။

ထိုသို့ ပစ်လိုက်စဉ်မှာပင် သူတို့၏ အဖော်သားရဲများ ဆေးအရှိန် မမိစေရန်အတွက် ပြန်လည် ခေါ်ယူလိုက်ကြ၏။ သခင်လေးသုံးဦးကလည်း သူတို့၏ အဖော်သားရဲများကို အသီးသီး ပြန်ခေါ်လိုက်ကြသည်။

မှန်ပါသည်၊ အကယ်၍ တစ်ဦးတစ်ယောက်က ထိုဆေးမှုန့်ကို မတော်တဆ ရှူမိသွားလျှင်ပင် စိုးရိမ်စရာ မရှိပါပေ။ ဘာပဲဖြစ်ဖြစ် မုဆိုးများ၏ အိတ်ထဲတွင် အဆိပ်ဖြေဆေးများ ရှိနေသည် မဟုတ်ပါလား။

ဆေးထုပ်နှစ်ထုပ်မှာ မျောက်ဖြူနှင့် မထိမီမှာပင်၊ မမြင်နိုင်သော တံတိုင်းတစ်ခုကို ထိမှန်လိုက်သကဲ့သို့ ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။ သို့သော်လည်း မုဆိုးများမှာတော့ ထိုအခြေအနေကို အသေအချာ မမြင်ရပါပေ။

သူတို့အတွက် အရေးကြီးသည်မှာ ဆေးထုပ်များ ပေါက်ကွဲသွားရန်သာ ဖြစ်၏။ ဆေးဝါးမှာ ပေနှစ်ဆယ်မှ သုံးဆယ်အတွင်း ပြန့်နှံ့နိုင်သဖြင့် စိုးရိမ်စရာ မရှိပါပေ။

“အောင်မြင်ပြီ... သခင်လေးတို့... ကျွန်တော်တို့မှာ ရှိသမျှ ဆေးတွေ အကုန်သုံးလိုက်တာဆိုတော့၊ ဒီမျောက်တစ်ကောင်ကိုမပြောနဲ့ ဆင်တစ်ကောင်တောင် သတိလစ်သွားမှာပါ”

မုဆိုးများက အနားသို့သွားကာ ဂုဏ်ဖော်လိုက်ကြသော်လည်း၊ သခင်လေးများမှာမူ စိတ်ကျေနပ်ပုံ မရပါပေ။

တစ်ခုခု မှားယွင်းနေပြီဟု အာရုံရလိုက်သောကြောင့် မုဆိုးများ လှည့်ကြည့်လိုက်ရာ မျောက်ဖြူမှာ မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသဖြင့် သူတို့၏ ရင်ခုန်သံများ မြန်လာခဲ့သည်။

သို့သော်လည်း ဆေးမှုန့်များမှာ မျောက်ဖြူ၏ ကိုယ်အထက်ပိုင်းကို ဖုံးအုပ်ထားသဖြင့် သူတို့ သေချာတော့ မသိရသေးပါပေ။ ထိုခဏမှာပင် ဘယ်ကမှန်းမသိသော လေပြင်းတစ်ချက် တိုက်ခတ်လာကာ ဆေးမှုန့်များကို လွင့်စင်သွားစေတော့သည်။

မျောက်ဖြူသည် ဒေါသတကြီးဖြင့် မျက်မှောင်ကြုတ်နေခဲ့၏။ ထိုလူသားများကို စူးစိုက်ကြည့်ရင်း၊ မျောက်ဖြူသည် မိမိကိုယ်ကို ထိန်းချုပ်ကာ သူတို့ကို ပြဿနာမပေးဘဲ လွှတ်ပေးရန် ကြိုးစားခဲ့သည်ကို ပြန်တွေးမိလိုက်သည်။

သို့သော် သူ၏ သည်းခံမှုကို ဤကဲ့သို့သော အရာမျိုးနှင့် ပြန်လည် တုံ့ပြန်ခံလိုက်ရသည် မဟုတ်ပါလား။

မျောက်ဖြူ၏ စိတ်ထဲတွင် သတ်ဖြတ်လိုသော စိတ်များ နိုးထလာခဲ့ချေပြီ။

“ဘာတွေ ခက်ခဲနေတာလဲ... တိုက်လိုက်စမ်းပါ... ငါတို့ ငါးယောက်နဲ့ ငါတို့ရဲ့ အဖော်သားရဲတွေ ပေါင်းထားတာကို၊ ဒီမျောက်အတစ်ကောင်ကို မနှိမ်နင်းနိုင်ဘူးဆိုတာ ငါ မယုံဘူး”

သခင်လေးဖန်မှာလည်း စိတ်မရှည်တော့ပါပေ။

“အဆိုးဆုံး အခြေအနေဆိုရင်တော့ ငါ့ဖခင်ကို မျောက်ဖြူရဲ့ အရေခွံပဲ ပေးလိုက်ရုံပေါ့... အဲဒါလည်း မဆိုးပါဘူး”

မုဆိုးများမှာတော့ သူတို့၏ ဆေးဝါးကို မတုံ့ပြန်ဘဲ ရပ်နေနိုင်သည့် သားရဲမျိုး တစ်ခါမှ မမြင်ဖူးသဖြင့် စိုးရိမ်စိတ်များ တိုးလာခဲ့သည်။ ထို့ပြင် ဤမျောက်ဖြူမှာ တကယ့်ကို မိစ္ဆာတစ်ကောင်နှင့် တူလှပေသည်။ လူတစ်ကိုယ်စာ အရွယ်အစားရှိရုံသာမက၊ လူစကားကိုပင် ပြောနိုင်သည် မဟုတ်ပါလား။ ဤအချက်များကို ပေါင်းစပ်လိုက်သောအခါ သူတို့မှာ နောင်တရစပြုလာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း မြားမှာ လေးကြိုးမှ ထွက်သွားခဲ့ပြီဖြစ်ရာ၊ သူတို့အနေဖြင့် စိတ်တင်းထားပြီး သူတို့၏ အဖော်သားရဲများကို ဝိုင်းရံတိုက်ခိုက်ရန်သာ ညွှန်ကြားလိုက်ပါတော့သည်။

သခင်လေးဖန် ပြောသကဲ့သို့ပင်၊ သူတို့ ငါးယောက်နှင့် အဖော်သားရဲများ ပေါင်းလိုက်လျှင် ဤမျှမကြီးလှသော မျောက်ဖြူကို ဘယ်လိုလုပ် မနှိမ်နင်းနိုင်ဘဲ ရှိမည်နည်း။

All Chapters