← Chapters

အခန်း (၂၉၃-၂၉၄)

Vol. 15 Ch. 293-294

အခန်း (၂၉၃-၂၉၄)

Vol. 15 Ch. 293-294

အခန်း (၂၉၃) - ကြောက်မက်ဖွယ်ရာ ပြစ်ဒဏ် (အဆက်)

မျောက်ဖြူမှာ လက်ရှိတွင် အရွယ်ရောက်ပြီးသော လူသားတစ်ဦး၏ အရွယ်အစားခန့်သာ ရှိသဖြင့် ထိုလူစုအနေဖြင့် မိမိတို့ဘက်က အသာစီးရမည်ဟု ယုံကြည်မှု ရှိနေခြင်းမှာ မဆန်းပါပေ။

ပရိယာယ်သုံး၍ မရမှတော့ ထိပ်တိုက်ရင်ဆိုင်ရန်သာ ရှိတော့သည် မဟုတ်ပါလား။

ဤတစ်ကြိမ်တွင်မူ မျောက်ဖြူသည် လက်တွန့်မနေတော့ဘဲ ထိရောက်လှသော တုံ့ပြန်မှုများကို အေးဆေးစွာပင် လုပ်ဆောင်လိုက်တော့သည်။ အမဲလိုက်ခွေးတစ်ကောင် အနားသို့ ကပ်လာသည်နှင့် မျောက်ဖြူ၏ ကြီးမားသော လက်မှာ လျှပ်စီးပမာ ထွက်ပေါ်လာပြီး ထိုသတ္တဝါ၏ လည်ပင်းကို ဖမ်းချုပ်လိုက်၏။ ထို့နောက် လက်ချောင်းများကို အနည်းငယ် ညှစ်လိုက်ရုံမျှဖြင့် ထိုခွေး၏ လည်ပင်းရိုးမှာ ကျိုးအက်သွားတော့သည်။

အရိုးကျိုးသံမှာ ပတ်ဝန်းကျင်ရှိ လူအားလုံး ကြားနိုင်လောက်အောင်ပင် ကျယ်လောင်လှပေသည်။

ဆက်လက်၍ မျောက်ဖြူသည် လက်သီးတစ်ချက်ကို မြှောက်လိုက်ရာ လေလှိုင်းများမှာ သူ၏ လက်သီးဘေးတွင် ဝဲပျံနေခဲ့၏။ ကျယ်လောင်သော ‘ဗုန်း’ ခနဲ အသံနှင့်အတူ ပြေးဝင်လာသော ကျား၏ ဦးခေါင်းခွံမှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။

ဖရဲသီးတစ်လုံးကို လက်ဗလာဖြင့် ရိုက်ခွဲလိုက်သကဲ့သို့ပင် နီရဲသော အသားစများနှင့် အဖြူရောင် ဦးနှောက်စများမှာ နေရာအနှံ့သို့ လွင့်စင်သွားခဲ့၏။ ထိုမြင်ကွင်းမှာ ကြည့်ရက်စရာမရှိလောက်အောင်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

မျောက်ဖြူအနေဖြင့် သားရဲနှစ်ကောင်ကို အဆုံးစီရင်ရန် ခဏချင်းသာ ကြာမြင့်ခဲ့၏။ ကျား၏ ဦးနှောက်စများမှာ မုဆိုးများနှင့် သခင်လေးများ၏ မျက်နှာပေါ်သို့ လွင့်စင်လာမှသာ သူတို့အားလုံး သတိပြန်ဝင်လာကြတော့သည်။

“ဒီမျောက်ဖြူမှာ တစ်ခုခု မှားနေပြီ”

“ဒါက သာမန်မဟုတ်ဘူး... ငါတို့ သူ့ကို မယှဉ်နိုင်ဘူး”

“ပြေးကြ"

အနည်းဆုံးတော့ သူတို့ အခြေအနေကို မြန်မြန်ဆန်ဆန် သတိထားမိကြသေး၏။ သားရဲနှစ်ကောင်ကို လျှပ်တပြက်အတွင်း သတ်ဖြတ်လိုက်ခြင်းဖြင့် မျောက်ဖြူသည် သူ၏ အနှိုင်းမဲ့ ခွန်အားကို ထုတ်ပြလိုက်ပြီဖြစ်ကာ၊ လူသားများအနေဖြင့် သူတို့ တကယ်ပဲ မှားယွင်းသွားပြီဖြစ်ကြောင်း သိရှိသွားကြတော့သည်။

ဝိုင်းရံတိုက်ခိုက်မည်ဟူသော ကြွေးကြော်သံများနှင့် အပြည့်အဝ ယုံကြည်မှုများမှာ ရှေ့မှောက်ရှိ သွေးအိုင်များနှင့် သားရဲအလောင်းများကြောင့် ပူဖောင်းကလေးများပမာ ပေါက်ကွဲပျောက်ကွယ်သွားခဲ့ရချေပြီ။

သူတို့သည် ဤသားရဲကို မယှဉ်နိုင်မှတော့ ထွက်ပြေးရန်သာ ရှိတော့သည် မဟုတ်ပါလား။

သို့သော်လည်း မျောက်ဖြူက သူတို့ကို အလွယ်တကူ လွှတ်ပေးပါမည်လော။

သူတို့သည် မျောက်ဖြူကို မြှားနှင့် ပစ်ခဲ့ကြသည်၊ ဆေးခတ်ခဲ့ကြသည်၊ ၎င်းကို သတ်ဖြတ်ပြီး အရေခွံခွာရန်ပင် ကြံစည်ခဲ့ကြသည် မဟုတ်ပါလား။ မျောက်ဖြူကတော့ ဒါကို လုံးဝ ခွင့်လွှတ်လိမ့်မည် မဟုတ်ပါပေ။

သူသည် ထက်မြက်သော သွားများကို ဖြဲပြလျက် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ၏ ဟိန်းဟောက်သံမှာ တောအုပ်တစ်ခုလုံးကို တုန်ခါသွားစေရုံသာမက တောစပ်ရှိ ရွာများမှပင် ကြားနိုင်လောက်ပေသည်။

ထိုအသံမှာ နားစည်ကို ကွဲထွက်စေလောက်သော မိုးကြိုးသံကဲ့သို့ ဖြစ်နေသဖြင့် အချို့သော ကလေးငယ်များမှာ ကြောက်လန့်တကြား ငိုယိုကုန်ကြတော့သည်။

မိုင်ပေါင်းများစွာ အကွာအဝေးမှာပင် ထိတ်လန့်နေရလျှင်၊ တောအုပ်ထဲရှိ ထိုလူငါးဦးအတွက်မူ ပြောနေစရာပင် မလိုတော့ပါပေ။

မျောက်ဖြူ၏ ဟိန်းဟောက်သံကြောင့် သူတို့၏ ဦးခေါင်းများမှာ မူးဝေသွားကာ မြင်ကွင်းများမှာလည်း ဝေဝါးသွားခဲ့ရသည်။ လမ်းကိုပင် ဖြောင့်ဖြောင့် မလျှောက်နိုင်ကြတော့ပါပေ။ သူတို့ လှည့်ကြည့်လိုက်သောအခါ မုဆိုးများနှင့် သခင်လေးများမှာ သူတို့၏ ဝိညာဉ်များပင် ကိုယ်ပြင်ပသို့ ထွက်သွားသကဲ့သို့ ထိတ်လန့်သွားကြတော့သည်။

ကျန်ရှိနေသော အဖော်သားရဲ သုံးကောင်လုံးမှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျနေခဲ့ကြပြီ ဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ကောင်မှာ နှစ်ပိုင်း ပြတ်နေခဲ့ပြီး ထိုသွေးပျက်စရာ မြင်ကွင်းကို သူတို့ ကြည့်ပင် မကြည့်ရဲကြတော့ပါပေ။

“သွားပြီ... ငါတို့ လွတ်တော့မှာ မဟုတ်ဘူး”

အတွေ့အကြုံများပြားလှသော မုဆိုးများမှာ ယနေ့တွင် သူတို့ သေရတော့မည်ဖြစ်ကြောင်း သိလိုက်ကြပြီ ဖြစ်သည်။ ဤကဲ့သို့ အခြားသော သားရဲများကို ဟင်းသီးဟင်းရွက်များသဖွယ် သတ်ဖြတ်နိုင်သော သတ္တဝါမျိုးကို သူတို့ တွေ့ဖူးဖို့နေနေသာသာ ကြားပင် မကြားဖူးပါပေ။

သခင်လေးဖန်၏ အဖော်သားရဲမှာ အဆင့် ၃ ဖြစ်သည်ဟု သူတို့ ကြားဖူးသော်လည်း၊ မျောက်ဖြူနှင့် ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုမှာပင် ထိုသတ္တဝါမှာ ချက်ချင်း အသတ်ခံလိုက်ရခြင်း ဖြစ်၏။

ဒါဟာ တကယ်ပင် ကြောက်စရာကောင်းလှပေသည်။

အတွေးတစ်ခု ဝင်လာသည်နှင့် မုဆိုးတစ်ဦးမှာ ထွက်ပြေးနေရာမှ ရပ်လိုက်ပြီး ဒူးထောက်ကာ တုန်တုန်ရင်ရင်ဖြင့် ဝပ်တွားခါ အညံ့ခံလိုက်တော့သည်။

ကျန်ရှိနေသော မုဆိုးမှာလည်း ထိုနည်းတူပင် လုပ်ဆောင်လိုက်၏။

သူတို့သည် သူတို့၏ ဘိုးဘေးများ ပေးခဲ့ဖူးသော ဆုံးမစကားကို ရုတ်တရက် သတိရလိုက်မိသည်။ တောရိုင်းထဲတွင် ထူးဆန်းသော သားရဲများနှင့် တွေ့ခဲ့လျှင် ထိုသတ္တဝါများကို သတိထားပြီး ခွဲခြားနိုင်ရမည်ဟူသော စကားပင် ဖြစ်၏။ ထိုသားရဲအများစုမှာ သူတို့ ထိပါး၍ရသော သတ္တဝါများ မဟုတ်ကြပါပေ။

၎င်းထဲတွင် စကားပြောနိုင်သော သားရဲမျိုးလည်း ပါဝင်နေခဲ့သည် မဟုတ်ပါလား။

စောစောက ပိုက်ဆံအပေါ် လောဘတက်နေသဖြင့် ထိုပညာရှိစကားများကို သူတို့ မေ့လျော့နေခဲ့ကြခြင်း ဖြစ်၏။ ယခု ကြောက်လန့်သွားမှသာ ထိုစကားများကို ရုတ်တရက် သတိပြန်ရလာကြခြင်းပင်။

သခင်လေးသုံးဦးမှာတော့ ဆက်လက် ထွက်ပြေးရန် ပြင်ဆင်နေဆဲ ဖြစ်သည်။ သို့သော် မျောက်ဖြူက သူတို့ကို ထူးဆန်းသော အပြုံးတစ်ခု ပြုံးပြလိုက်ပြီး လက်ဝှေ့ယမ်းလိုက်ရာ လေပြင်းမုန်တိုင်းတစ်ခု ပေါ်လာတော့သည်။ သခင်လေးဖန်၊ ကျောက်ရှီးနှင့် ဟွမ်ယန်တို့မှာ သူတို့၏ ကိုယ်ခန္ဓာများ ပေါ့ပါးသွားကာ ကမ္ဘာကြီးတစ်ခုလုံး လည်ပတ်နေသကဲ့သို့ ခံစားလိုက်ရပြီးနောက် မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားကြတော့သည်။

ထိုသုံးဦးထဲတွင် ဟွမ်ယန်မှာ ကိုယ်ခန္ဓာ အကြံ့ခိုင်ဆုံး ဖြစ်သဖြင့် သူသည် ချက်ချင်းပင် ထခုန်လိုက်၏။ သူ မြင်လိုက်ရသည်မှာ မျောက်ဖြူမှာ သူနှင့် တစ်ပေခန့်သာ ကွာဝေးသော နေရာသို့ ရောက်ရှိနေခြင်းပင်။

ဤမျှ နီးကပ်လှသော အကွာအဝေးတွင် မျောက်ဖြူ၏ နှာခေါင်းမှ ထွက်ပေါ်လာသော လေပူများမှာ သူ၏ ဆံပင်ရှည်များကိုပင် လွင့်စင်သွားစေနိုင်၏။

ဟွမ်ယန်သည် ဦးခေါင်းထဲတွင် တဂျီဂျီ မြည်သံများ ကြားနေရပြီး ထိုနေရာမှာပင် ကျောက်ရုပ်ကဲ့သို့ ရပ်နေမိတော့သည်။

သူ နားမလည်နိုင်ပါပေ။ စောစောက သူတို့ ပေတစ်ရာကျော်ခန့် ဝေးအောင် ပြေးခဲ့ကြသည် မဟုတ်ပါလား၊ ဒါဆို ဘာလို့ ဒီနေရာကို ပြန်ရောက်နေရတာလဲ။ ပြီးတော့ စောစောက ထူးဆန်းတဲ့ လေပြင်းကြီးကရော ဘာလဲ။

ဟွမ်ယန်မှာ အခြားသူများထက်တော့ သတ္တိရှိလှပေသည်။ အနည်းဆုံးတော့ သူ ဘောင်းဘီထဲ ဆီးထွက်ကျသည်အထိတော့ မဖြစ်ခဲ့ပါပေ။

မျောက်ဖြူက နောက်တစ်ဆင့် လုပ်ဆောင်ရန် ပြင်လိုက်စဉ်မှာပင် တောအုပ်ထဲမှ တစ်ခုခုမှာ လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။ ထိုအရာမှာ အလွန်ကြီးမားသော်လည်း လူသားတစ်ဦး၏ ပုံသဏ္ဌာန်တော့ မဟုတ်ပါပေ။

မုဆိုးများ လှည့်ကြည့်လိုက်သောအခါ သူတို့မှာ ထိတ်လန့်လွန်းသဖြင့် လဲကျမတတ် ဖြစ်သွားကြ၏။

ပြေးဝင်လာသော အရာမှာ အမှန်တကယ်တော့ အခေါင်းတစ်ခုပင် ဖြစ်နေခဲ့သည်။

မှန်ပါသည်၊ အခေါင်းတစ်ခုက သူ့ဘာသာသူ မရွေ့လျားနိုင်ပါပေ။ သို့သော်လည်း ထိုအခေါင်းထဲမှ နှာမောင်းတံများစွာမှာ ကိုယ်လက်အင်္ဂါများသဖွယ် ထွက်ပေါ်နေကာ ကြီးမားသော ဂဏန်းကြီးတစ်ကောင် လမ်းလျှောက်လာသကဲ့သို့ ဖြစ်နေခဲ့သည်။

ပြဿနာမှာ သာမန်လူသားများအဖို့ ဤကဲ့သို့သော အရာမျိုးကို မြင်ဖူးလေ့ မရှိခြင်းပင်။ တစ်ချက်ကြည့်ရုံမျှနှင့် မုဆိုးများမှာ ထိုထိတ်လန့်စရာ မြင်ကွင်းကို ဆက်လက် မရင်ဆိုင်နိုင်တော့ပါပေ။ သူတို့သည် ထိုနေရာမှာပင် သတိလစ် မေ့မြောသွားကြတော့သည်။

သူတို့၏ အဖော်သားရဲများ သေဆုံးသွားသဖြင့် သွေးစာချုပ်ကြောင့် နာကျင်မှု ခံစားနေရသည့်အပြင်၊ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ မြင်ကွင်းနှင့် ထပ်မံ ရင်ဆိုင်လိုက်ရသောအခါ သတိလစ်သွားခြင်းမှာ သဘာဝပင် ဖြစ်၏။

သခင်လေးသုံးဦးမှာတော့ မြေပြင်ပေါ်သို့ ပြုတ်ကျထားသဖြင့် အခြေအနေမှာ ရှုပ်ထွေးနေကာ ထိုအခေါင်းကို သတိမထားမိကြပါပေ။ မဟုတ်လျှင်တော့ သူတို့လည်း မုဆိုးများနည်းတူ သတိလစ်သွားကြပေလိမ့်မည်။

ဖုတ်ကောင်း ရောက်ရှိလာသည်ကို မြင်သောအခါ မျောက်ဖြူသည် ရှေ့ဆက်၍ မည်သည့်အရာမျှ မလုပ်တော့ပါပေ။ သူသည်လည်း အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ သူ ထင်ထားသည့်အတိုင်းပင် လင်းကျင်းသည် အနီးနားရှိ နေရာတစ်ခုတွင် ရပ်နေခဲ့ချေပြီ။

မျောက်ဖြူမှာ အံ့သြသွားခဲ့၏။

လင်းကျင်း ဘယ်အချိန်ကတည်းက ရောက်နေမှန်း သူ လုံးဝ မသိလိုက်ပါပေ။

သို့သော် ထိုသူမှာ အခုလေးတင်မှ ရောက်လာခြင်း ဖြစ်ရပေမည်။ သူ၏ အာရုံမှာ ဖုတ်ကောင်ထံသို့ ရောက်နေသဖြင့် လင်းကျင်း ရောက်ရှိလာသည်ကို သတိမထားမိခြင်း ဖြစ်မည်ဟု မျောက်ဖြူက တွေးလိုက်မိသည်။

ဒါဟာ မျောက်ဖြူ၏ ထင်မြင်ချက်သာ ဖြစ်၏။ သူသည် သခင်လေးဟွမ်ကို ဂရုမစိုက်တော့ဘဲ လင်းကျင်းထံသို့ ခြေလှမ်းနှစ်လှမ်းခန့် တိုးသွားကာ အရိုအသေ ပေးလိုက်၏။

“ဆရာလင်း... ကျွန်တော်...”

မှန်ပါသည်၊ လင်းကျင်းသည် အခုလေးတင်မှ ရောက်ရှိလာခြင်း ဖြစ်သည်။ သူသည် ဖုတ်ကောင်ကို ခေါ်ဆောင်လာခဲ့ခြင်းပင်။ ဂွါတောင်ထိပ်မှ ရှုခင်းများကို ကြည့်ရှုနေစဉ်မှာပင်၊ မျောက်ဖြူနှင့် ဤလူစုတို့၏ အခြေအနေကို လင်းကျင်း သတိပြုမိခဲ့ခြင်း ဖြစ်၏။

အစပိုင်းတွင် လင်းကျင်းက သာမန်လူသားများဆိုလျှင် မျောက်ဖြူကို တွေ့သည်နှင့် ကြောက်လန့်တကြား ထွက်ပြေးကြလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ မျောက်ဖြူ၏ စရိုက်အရလည်း မည်သူကမှ သူ့ကို အရင်မစလျှင် သူက ပြဿနာရှာမည့်သူ မဟုတ်ပါပေ။

သို့သော်လည်း ဤလူများမှာမူ ထူးဆန်းစွာပင် ပုံမှန်မဟုတ်ကြဘဲ၊ သူတို့၏ ပြဿနာရှာလိုစိတ်မှာ အဆင့်တစ်ခုအထိ မြင့်မားနေခဲ့ကြသည် မဟုတ်ပါလား။

ထို့ကြောင့်လည်း လင်းကျင်းမှာ ကိုယ်တိုင် လာရောက်ခဲ့ရခြင်းပင်။

မျောက်ဖြူတွင် အပြစ်မရှိသော်လည်း ၎င်းတို့ကို သတ်ဖြတ်ပစ်ရန်မှာမူ မသင့်လျော်ပါပေ။ သတ်ဖြတ်ခြင်းဟူသည်မှာ ကျင့်ကြံခြင်းအတွက် အကျိုးမရှိသလို၊ အခြေအနေမှာလည်း သူတို့ကို သေဒဏ်ပေးလောက်သည်အထိ မပြင်းထန်ပါပေ။

ထို့ပြင် ဤလူများ၏ အဆင့်နှင့်ဆိုလျှင် မျောက်ဖြူက ထိုင်နေပေးလျှင်တောင် သူတို့က မျောက်ဖြူကို ဒဏ်ရာရအောင် လုပ်နိုင်ကြမည် မဟုတ်ပါပေ။

လင်းကျင်းက မျောက်ဖြူကို လက်ယမ်းပြလိုက်၏။

“ရပါတယ်... မင်းမှာ အပြစ်မရှိပါဘူး”

‘မင်းမှာ အပြစ်မရှိဘူး’ ဟူသော စကားတစ်ခွန်းက မျောက်ဖြူ၏ စိုးရိမ်မှုများကို ချက်ချင်းပင် လွင့်စင်သွားစေတော့သည်။

လင်းကျင်းသည် ထိုလူစုကို လှမ်းကြည့်လိုက်၏။ မုဆိုးနှစ်ဦးမှာ သတိလစ်နေကြပြီး၊ ကျန်သုံးဦးမှာလည်း ပြုတ်ကျထားသော ဒဏ်ကြောင့် အခြေအနေ မကောင်းကြပါပေ။ မျောက်ဖြူ၏ ‘လေစွမ်းအင်’ ဖြင့် အထက်သို့ မြှောက်တင်ခံရပြီးနောက် မြင့်မားသော အကွာအဝေးမှ ပြုတ်ကျခြင်းမှာ ကျန်းမာသန်စွမ်းသော လူငယ်များအတွက်ပင် ပြင်းထန်သော ဒဏ်ရာများကို ရရှိစေသည် မဟုတ်ပါလား။ ထိုသုံးဦးထဲတွင် တစ်ဦးမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိသော်လည်း၊ ကျန်နှစ်ဦးထဲမှ တစ်ဦးမှာ ခြေထောက်ကျိုးသွားကာ နောက်တစ်ဦးမှာ လက်ကျိုးသွားခဲ့သည်။ ဒါဟာ သူတို့အတွက် လုံလောက်သော ပြစ်ဒဏ်ပင် ဖြစ်ရပေမည်။

“သွားကြရအောင်"

လင်းကျင်းသည် မျောက်ဖြူကို အပြစ်လည်းမဆိုသလို၊ ချီးလည်းမွမ်းပါပေ။ သူ့အတွက်တော့ ဤလူများသည် သူတို့ဘာသာ ပြဿနာရှာခဲ့ခြင်း ဖြစ်ကာ၊ သူတို့ကို အသက်ချမ်းသာပေးလိုက်ခြင်းကပင် လုံလောက်နေပြီ ဖြစ်၏။

မျောက်ဖြူက ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် လင်းကျင်းသည် လှည့်ထွက်သွားခဲ့ချေပြီ။

သခင်လေးများ၏ အမြင်တွင်မူ ထိုလူသည် ခြေလှမ်းအနည်းငယ်မျှ လှမ်းလိုက်ရုံဖြင့် သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခြင်းပင်။ သူတို့ သူ့ကို မြင်ပင် မမြင်ရတော့ပါပေ။

သူတို့ မသိလိုက်သည်မှာ လင်းကျင်းသည် ‘ကိုယ်ယောင်ဖျောက်’ အတတ်နှင့် ‘တိမ်တိုက်ခြေနင်း’ ကို အသုံးချကာ ပေသုံးရာခန့် အကွာအဝေးကို ခဏချင်းအတွင်း ဖြတ်ကျော်သွားခဲ့ခြင်းပင်။ မျောက်ဖြူသည်လည်း ခုန်တက်လိုက်ကာ အခေါင်းကို ထမ်းလျက် ထွက်ခွာသွားတော့သည်။ အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့၏။ မိုင်ပေါင်းများစွာ ဝေးသော နေရာသို့ ရောက်မှသာ သခင်လေးသုံးဦးမှာ သတိပြန်ဝင်လာကြတော့သည်။

ယခုအခါ သူတို့၏ ကိုယ်ခန္ဓာတစ်ခုလုံးမှာ ချွေးများဖြင့် စိုရွှဲနေခဲ့ချေပြီ။

သူတို့ တကယ်ပဲ ကြောက်လန့်သွားခဲ့ရခြင်းပင်။

အခန်း (၂၉၄) - မြို့တော်ဝန်၏ ဒေါသ

သူတို့ကို အပြစ်ဆို၍ မရပါပေ။ မည်သူမဆို ထိုကဲ့သို့သော အခြေအနေနှင့် ကြုံတွေ့ရပါက မျောက်ဖြူ၏ ကြောက်မက်ဖွယ်ကောင်းပုံကို မြင်ပြီး တုန်လှုပ်သွားကြမည်သာ ဖြစ်၏။ ထိုမျောက်သည် သားရဲငါးကောင်လုံးကို ပုရွက်ဆိတ်များပမာ အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလား။ အကယ်၍သာ ထိုမျောက်က အလိုရှိပါက သူတို့ကို သတ်ဖြတ်ရန်မှာလည်း လက်ဖျောက်တစ်ချက်တီးရုံမျှသာ ကြာပေလိမ့်မည်။

မကြာခင်ကမှ ထိုမျောက်ဖြူကို နှိမ်နင်းနိုင်မည်ဟု ယုံကြည်မှုအပြည့် ရှိနေခဲ့ကြသော်လည်း၊ ယခုအခါတွင်တော့ ထိုယုံကြည်မှုများမှာ အရိပ်အယောင်မျှပင် မကျန်တော့ပါပေ။

“ဟွမ်ယန်"

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် သခင်လေးဖန်က လှမ်းခေါ်လိုက်၏။

ငေးငိုင်နေခဲ့သော ဟွမ်ယန်မှာ သတိဝင်လာဟန်ရှိသော်လည်း၊ သူ၏ တုန်လှုပ်သွားပုံမှာ အနည်းငယ် ပိုလွန်းနေခဲ့သည်။

“ဟွမ်ယန်... မင်း ဘာလုပ်နေတာလဲ... ငါ့ကို ထူပေးဦးလေ”

သခင်လေးဖန်က မြေပြင်ပေါ်မှနေ၍ အော်ဟစ်လိုက်သည်။

သူ၏ ခြေထောက်မှာ အရိုးကျိုးသွားခဲ့ပြီ ဖြစ်၏။ သူသည် လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ နာကျင်မှုကြောင့် ချွေးများလည်း တရွှဲရွှဲ ထွက်နေခဲ့သည်။

ကျောက်ရှီးမှာလည်း သူ၏အနားတွင် နာကျင်မှုကြောင့် ညည်းတွားနေသော်လည်း၊ သူကတော့ ရုန်းကန်ပြီး ထနိုင်ပါသေးသည်။ ဘာပဲဖြစ်ဖြစ် လက်တစ်ဖက် ကျိုးသွားခြင်းမှာ ခြေထောက်ကျိုးခြင်းလောက်တော့ မပြင်းထန်ပါပေ။

လူငယ်နှစ်ဦးမှာ သခင်လေးဖန်ကို တွဲထူပေးလိုက်ကြ၏။ သခင်လေးဖန်၏ ခြေထောက်ကို ကြည့်ရုံနှင့် သူ မည်မျှ ပြင်းထန်စွာ ပြုတ်ကျခဲ့သည်ကို သိနိုင်ပါသေးသည်။ အရိုးကျိုးသွားရုံသာမက၊ ကျိုးသွားသော အရိုးမှာ အသားကို ဖောက်ထွက်ကာ အရေပြားအပြင်ဘက်သို့ပင် ငေါထွက်နေခဲ့၏။ ထိုသွေးပျက်စရာ မြင်ကွင်းကြောင့် ကျန်နှစ်ဦးမှာ ကြက်သီးများ ထသွားကြတော့သည်။ ကာယကံရှင်ဖြစ်သော သခင်လေးဖန်အတွက်မူ ပြောနေစရာပင် မလိုတော့ပါပေ။

စောစောက သခင်လေးဖန်မှာ အခြေအနေကို သေချာ မမြင်ရသေးဘဲ နာကျင်မှုကိုသာ ခံစားနေရခြင်း ဖြစ်၏။ ယခု မြင်လိုက်ရသောအခါတွင်တော့ ထိုသခင်လေးမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။

ဤဒဏ်ရာမှာ အလွန်ပင် ပြင်းထန်လှပေသည်။

ကုသမှု ခံယူနိုင်လျှင်ပင် သူသည် လူစဉ်မမီတော့ဘဲ ခြေထောက်တစ်ဖက် မသန်စွမ်းသူ ဖြစ်သွားပေလိမ့်မည်။ လမ်းလျှောက်လျှင် ထော့နဲ့ထော့နဲ့ ဖြစ်သွားတော့မည်မှာ မြင်ယောင်နေခဲ့ချေပြီ။

ထိုအချိန်တွင် မုဆိုးများလည်း သတိပြန်ဝင်လာကြပြီ ဖြစ်၏။ သူတို့သည်လည်း စိတ်ဓာတ်ကျနေကြသော်လည်း၊ သခင်လေးဖန်ကို ဝိုင်းဝန်းမထူကာ တောအုပ်ထဲမှ အမြန်ဆုံး ထွက်ခွာခဲ့ကြတော့သည်။

တောစပ်ရှိ ရွာတစ်ရွာသို့ ရောက်ရှိကာ လူသားအချင်းချင်း တွေ့လိုက်ရမှသာ သူတို့ စိတ်အေးသွားကြပြီး၊ သတင်းစကားပါးရန် လူလွှတ်လိုက်ကြသလို ရွာရှိ ဆေးဆရာအား ဒဏ်ရာများကို ကြည့်ခိုင်းလိုက်ကြ၏။

သခင်လေးဖန်၏ ဒဏ်ရာမှာ အဆိုးရွားဆုံးဖြစ်သဖြင့် လမ်းတစ်လျှောက်တွင် သူသည် အကြိမ်ကြိမ် သတိလစ်သွားခဲ့ရသည်။

ဂွါတောင်တစ်ဝိုက်မှာ ‘ဖန်မြို့’ ၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိနေသဖြင့်၊ ဖန်မြို့တော်ဝန်၏ သားဖြစ်သူ ဒုက္ခရောက်နေသည်ကို သိသည်နှင့် လူအများက ဝိုင်းဝန်း အာရုံစိုက်ကြတော့သည်။ ထို့ကြောင့် နာရီအနည်းငယ်အတွင်းမှာပင် မြို့တော်ဝန် အိမ်တော်မှ လူများ ရောက်ရှိလာခဲ့ကြ၏။

မြို့တော်ဝန်ဖန် ကိုယ်တိုင် လာရောက်သည်ကို မြင်လိုက်ရသဖြင့် အားလုံးမှာ အံ့သြသွားကြသည်။

သို့သော်လည်း ဒါဟာ ဖြစ်သင့်သောအရာပင်။ ဘာပဲဖြစ်ဖြစ် ဤကာကွယ်မှုလွန်ကဲသော မြို့တော်ဝန်ကြီးတွင် ချစ်လှစွာသော သားတစ်ယောက်တည်းသာ ရှိသည် မဟုတ်ပါလား။

မြို့တော်ဝန်ဖန်မှာ အသက်ခြောက်ဆယ်ကျော်နေပြီ ဖြစ်သော်လည်း အသက်နှင့်မလိုက်အောင် နုပျိုနေဆဲ ဖြစ်သည်။ ယခုအခါတွင်တော့ သူသည် အလွန်ပင် ဒေါသထွက်နေကာ သူ၏မျက်နှာတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးလွှမ်းနေခဲ့၏။

သူ၏သား ခြေထောက်ဒဏ်ရာမှာ အလွန်ပင် ဆိုးရွားလှပေသည်။ အိမ်တော်မှ ခေါ်ဆောင်လာသော ဆေးဆရာက စစ်ဆေးပြီးနောက်တွင်၊ သခင်လေးဖန်၏ ကျိုးနေသော အရိုးများကို ပြန်ဆက်ပေးနိုင်သော်လည်း သူသည် မသန်စွမ်း ဖြစ်သွားလိမ့်မည်ဟု ဆိုလိုက်၏။

အမှန်စင်စစ်၊ အကယ်၍ သွေးစာချုပ်၏ လျှို့ဝှက်အတတ်ပညာများကို အသုံးပြုကာ အဖော်သားရဲထံမှ အနှစ်သာရများကို ရယူနိုင်လျှင် သခင်လေးဖန်မှာ အမြန်ဆုံး ပြန်လည်ကျန်းမာလာနိုင်မည် ဖြစ်သည်။ သို့သော်လည်း သူ၏ အဖော်သားရဲမှာ သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။

ဒါဟာ သွေးစာချုပ် ပိုင်ရှင်အတွက် အလွန်ကြီးမားသော ထိခိုက်မှု ဖြစ်စေသဖြင့်၊ လုံလောက်သော သွေးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအား မရှိတော့သောကြောင့် သူတို့တွင် တခြားနည်းလမ်း မရှိတော့ပါပေ။

ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူက စိတ်ကောင်း ရှိနိုင်မည်နည်း။

မြို့တော်ဝန်ဖန်၏ မျက်နှာမှာ ကြောက်စရာကောင်းလှပေသည်။ သူ၏ရှေ့တွင် ကျောက်ရှီး၊ ဟွမ်ယန်နှင့် မုဆိုးနှစ်ဦးတို့ ရပ်နေကြ၏။

“ပြောစမ်း... ငါ့သားကို ဒီလောက်အထိ ဒဏ်ရာရအောင် ဘယ်သူလုပ်တာလဲ”

မြို့တော်ဝန်ဖန်၏ အသံမှာ အေးစက်လှပေသည်။ စကားပြောကောင်းသော ကျောက်ရှီးက အခြေအနေတစ်ခုလုံးကို အမြန်ဆုံး ရှင်းပြလိုက်၏။

မှန်ပါသည်၊ သူတို့ ပြောပြသော ဇာတ်လမ်းမှာ အမှန်တရားနှင့်တော့ ကွဲလွဲနေခဲ့သည်။

ဥပမာအားဖြင့်၊ သူတို့သည် မျောက်ဖြူကို အရင်မစခဲ့ဘဲ ထိုမျောက်က သူတို့ကို အရင်လာတိုက်ခိုက်သည်ဟု ဆိုခြင်းပင်။

ဒါဟာ သူတို့ အမြဲတမ်း အသုံးချနေကျ နည်းလမ်းတစ်ခု ဖြစ်၏။ အမှားအားလုံးမှာ သူတစ်ပါးအပေါ်တွင်သာ ရှိပြီး သူတို့တွင်တော့ အပြစ်မရှိဟူသော ပုံစံပင် ဖြစ်သည်။

“ဦးလေးဖန်... အဲဒီ မျောက်ဖြူက တကယ်ကို ရက်စက်တာပါ... ဦးလေး အဲဒီမှာ မရှိလို့ မမြင်ရတာ၊ ကျွန်တော်တို့ အစွမ်းကုန် ခုခံခဲ့ပေမဲ့ နောက်ဆုံးမှာ အဖော်သားရဲတွေ အသတ်ခံလိုက်ရပြီး ကျွန်တော်တို့လည်း ဒဏ်ရာတွေ ရကုန်တာပါ”

သူသည် ရှင်းပြနေရင်းနှင့် သူ၏ လက်မောင်းကို ငုံ့ကြည့်လိုက်၏။

သူ၏ ဒဏ်ရာမှာ သခင်လေးဖန်နှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်သော်လည်း၊ သနားစဖွယ် ဖြစ်စေရန်အတွက် သူသည် ဆေးဆရာအား ပတ်တီး ခြောက်လွှာခန့် ပတ်ခိုင်းထားခြင်းပင်။

ကျောက်ရှီး၏ သနားစဖွယ် ပုံစံကို မြင်သောအခါ မြို့တော်ဝန်ဖန်၏ ဒေါသမှာ အနည်းငယ် လျော့ပါးသွားခဲ့သည်။

“အဲဒီ မျောက်ဖြူက ဒီလောက်တောင် ရက်စက်တယ်ဆိုရင်၊ မင်းတို့က ဘယ်လိုလုပ် လွတ်လာတာလဲ”

မြို့တော်ဝန်ဖန်မှာ ပါးနပ်သူတစ်ဦး ဖြစ်၏။ မြို့တော်ဝန်တစ်ဦးအနေဖြင့် သူတို့ပြောပြသော ဇာတ်လမ်းထဲတွင် တစ်ခုခု လွဲချော်နေသည်ကို သူ သိလိုက်သည်။

ကျောက်ရှီး ပြောပြသကဲ့သို့ ထိုမျောက်ဖြူမှာ သွေးဆာနေသော သားရဲတစ်ကောင် ဖြစ်နေမည်ဆိုပါက၊ သားရဲများကို သတ်ပြီးနောက် လူသားများကို အဘယ်ကြောင့် လွှတ်ပေးမည်နည်း။

ဒါဟာ မဖြစ်နိုင်သလို ယုတ္တိလည်း မရှိပါပေ။

ဒါကို ကြားလိုက်ရသောအခါ ကျောက်ရှီး၏ ဝဖြိုးသော မျက်နှာပေါ်တွင် ချွေးများ စီးကျလာတော့သည်။

“အဲဒါက...”

သူ ဘာမှ ပြန်မပြောနိုင်ပါပေ။

မြို့တော်ဝန်ဖန်က သက်ပြင်းချလိုက်ပြီး လက်ဝှေ့ယမ်းလိုက်၏။

“ဘယ်သူပဲဖြစ်ဖြစ် ငါ့သားကို ဒဏ်ရာရအောင် လုပ်တဲ့သူကို ငါ အလွတ်မပေးဘူး... ကျောက်ရှီး... အမှန်အတိုင်း ပြောစမ်း”

ဤတစ်ကြိမ်တွင်တော့ ကျောက်ရှီးမှာ မလိမ်ရဲတော့ဘဲ အဖြစ်မှန်ကိုသာ ပြောပြလိုက်ရတော့သည်။

ယခုတစ်ခေါက် ပြောပြသော ဇာတ်လမ်းမှာမူ ပို၍ ယုံကြည်စရာ ကောင်းလှပေသည်။ မြို့တော်ဝန်ဖန်သည် ဟွမ်ယန်နှင့် မုဆိုးများကိုပါ ထပ်မံ အတည်ပြုလိုက်သဖြင့် ဇာတ်လမ်းမှာ ပြဿနာ မရှိတော့ပါပေ။

“စကားပြောနိုင်တဲ့ သားရဲ... ဒါဆို ဒါက မိစ္ဆာတစ်ကောင်ပေါ့”

မြို့တော်ဝန်ဖန်၏ မျက်နှာမှာ ပို၍ ညိုမှောင်သွားခဲ့သည်။ သူ၏သား အဖော်သားရဲမှာ အဆင့် ၃ ဖြစ်သဖြင့် အတော်လေး အစွမ်းထက်သည်ဟု ဆိုရမည်။ သူကိုယ်တိုင်၏ အဖော်သားရဲမှာပင် အဆင့် ၃ သာ ရှိသည် မဟုတ်ပါလား။

သာမန်မိစ္ဆာတစ်ကောင်ကို ကြောက်နေစရာ မလိုပါပေ။

သို့သော် ထိုမိစ္ဆာမှာ အဆင့် ၃ သို့မဟုတ် အဆင့် ၄ ဖြစ်နေလျှင်တော့ တစ်မျိုးပေါ့။

အကယ်၍ ထိုသို့သာ ဖြစ်မည်ဆိုပါက၊ မြို့တော်ဝန်တစ်ဦးအနေဖြင့် ထိုကဲ့သို့သော မိစ္ဆာကို ထိပါးမိခြင်း၏ အကျိုးဆက်ကို သူ ခံနိုင်ရည် ရှိမည်မဟုတ်ပါပေ။ အနည်းဆုံးတော့ သူ၏ ကိုယ်ပိုင်ခွန်အားနှင့် မလုံလောက်ပါပေ။

ထို့ပြင် မုဆိုးများနှင့် ကျောက်ရှီးတို့၏ ပြောပြချက်အရ ထိုနေရာတွင် မျောက်ဖြူတင်မကဘဲ ကြောက်စရာကောင်းသော အခေါင်းတစ်ခုနှင့် လူတစ်ဦးပါ ရှိနေသည် မဟုတ်ပါလား။

ထိုလူ ပေါ်လာပြီးနောက်တွင် မျောက်ဖြူကို ပြန်ခေါ်သွားခဲ့ခြင်း ဖြစ်၏။

အကယ်၍ သူတို့ မမှားဘူးဆိုလျှင်၊ ထိုလူမှာ ဤမျောက်ဖြူ၏ ပိုင်ရှင်ပင် ဖြစ်ရပေမည်။

ထို့ကြောင့် မြို့တော်ဝန်ဖန်သည် ထိုလူ၏ အချက်အလက်များကို စတင် စုံစမ်းတော့သည်။ ကျောက်ရှီး၊ ဟွမ်ယန်နှင့် အခြားသူများ၏ ဖော်ပြချက်များအပြင် သူ၏သားဖြစ်သူ၏ ရှင်းပြချက်များကို ပေါင်းစပ်လိုက်သောအခါ၊ မြို့တော်ဝန်ဖန်သည် အရေးကြီးသော အချက်အလက်အချို့ကို ရရှိခဲ့ချေပြီ။

၎င်းမှာ လူငယ်တစ်ဦး ဖြစ်ပြီး မျောက်ဖြူက သူ့ကို ‘ဆရာလင်း’ ဟု ခေါ်ဆိုခြင်းပင်။

ဆိုလိုသည်မှာ ထိုလူ၏ မျိုးရိုးအမည်မှာ ‘လင်း’ ဖြစ်၏။

ထို့ပြင် ထိုလူ၏ ဝတ်စုံလက်မောင်းတွင် သားရဲအမှတ်အသား နှစ်ခု ပါရှိသဖြင့်၊ သူသည် အဆင့် ၂ သားရဲအကဲဖြတ်မှူး တစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။

မျိုးရိုးအမည် ‘လင်း’ ဖြစ်သော အဆင့် ၂ သားရဲအကဲဖြတ်မှူး လူငယ်တစ်ဦး။ ဤအချက်မှာ သူတို့၏ ပစ်မှတ်ကို အတော်လေး ကျဉ်းမြောင်းသွားစေခဲ့သည်။ အနည်းဆုံးတော့ ဖန်မြို့အတွင်းမှာ ထိုကဲ့သို့သောသူ မရှိမှန်း သူ သိသည် မဟုတ်ပါလား။

ဖန်မြို့နှင့် ကပ်လျက်တွင် မြို့တော်ရှိနေကာ၊ အခြားတစ်ဖက်တွင်မူ မေပယ်မြို့ တည်ရှိနေသည်။ ထိုလူမှာ မြို့တော်မှ သို့မဟုတ် မေပယ်မြို့မှ သားရဲအကဲဖြတ်မှူး တစ်ဦး ဖြစ်နေနိုင်ပါသလား။

မြို့တော်ဝန်ဖန်သည် ချက်ချင်းပင် သတင်းအချက်အလက် စုဆောင်းရန် လူလွှတ်လိုက်တော့သည်။

သူသည် မလှုပ်ရှားမီ အသေအချာ အစီအစဉ်ဆွဲရမည် ဖြစ်သော်လည်း၊ သူ ပြောခဲ့သကဲ့သို့ပင် ထိုသူကို အလွယ်တကူတော့ လွှတ်ပေးမည် မဟုတ်ပါပေ။ ထိုသူမှာ မည်သူပင် ဖြစ်စေကာမူ၊ သူ၏သားအတွက် တရားမျှတမှုကို ပြန်လည် ရယူပေးရမည် ဖြစ်သည်။

တစ်ဖက်တွင်မူ လင်းကျင်းမှာ ဤအဖြစ်အပျက်များကို ဘာမှ မသိရှိသေးပါပေ။ ယခုအခါတွင်တော့ သူသည် မေပယ်မြို့၏ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။

သူ၏ ခရီးသွားနှုန်းမှာ ယခင်ကထက် များစွာ ပိုမို လျင်မြန်လာသဖြင့်၊ မေပယ်မြို့၏ တံတိုင်းများကို ပြန်လည် မြင်တွေ့ရရန်မှာ နာရီအနည်းငယ်မျှသာ ကြာမြင့်ခဲ့၏။

“ငါတို့ အိမ်ပြန်ရောက်ပြီ”

လင်းကျင်းက ပြုံးလိုက်မိသည်။

ဤတစ်ကြိမ် ခရီးထွက်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ကာ အဖြစ်အပျက်များစွာလည်း ကြုံတွေ့ခဲ့ရသည်။ အထူးသဖြင့် သူ၏ အတတ်ပညာနှင့် ကျင့်ကြံမှုမှာ ယခင်ကထက် များစွာ ပြောင်းလဲသွားခဲ့ချေပြီ။ ဟုတ်ပါသည်၊ အကြီးမားဆုံးသော ပြောင်းလဲမှုမှာ သူ၏ စိတ်နေစိတ်ထားပင် ဖြစ်၏။

သူ၏ ခွန်အားများ တိုးတက်လာပြီးနောက်တွင် လင်းကျင်းသည် ယခင်ကကဲ့သို့ မိမိ၏ လုပ်ဆောင်ချက်များကို သူတစ်ပါး သိသွားမည်ကို စိုးရိမ်ပူပန်နေခြင်း မရှိတော့ပါပေ။ အခုတော့ သူ ဂရုမစိုက်တော့ပါပေ။ ဘာပဲဖြစ်ဖြစ် ကျောက်စိမ်းနဂါးနိုင်ငံ၏ ဧကရာဇ်မင်းမြတ်ပင်လျှင် သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်သည် မဟုတ်ပါလား။

‘ကျောက်ရင်း၊ လုရှောင်ယုနဲ့ တခြားသူတွေရော သူတို့ရဲ့ ကျင့်ကြံမှုမှာ တိုးတက်နေကြရဲ့လား... ရှန်းအာနဲ့ တခြားသူတွေရော ဒီနေရာမှာ နေသားကျနေကြပြီလား’

လင်းကျင်းက တွေးတောနေမိသည်။

မျောက်ဖြူကို လှည့်ကြည့်လိုက်သောအခါ၊ ၎င်းမှာ အခေါင်းကို ထမ်းထားသဖြင့် သူ၏ ကိုယ်ကို သေးငယ်အောင် လုပ်၍ မရပါပေ။ သို့သော်လည်း ဒါဟာ ပြဿနာ မဟုတ်တော့ပါပေ။ လင်းကျင်းသည် ‘ကိုယ်ယောင်ဖျောက်’ အတတ်ကို အသုံးချကာ မျောက်ဖြူနှင့် အခေါင်းကိုပါ ဖုံးကွယ်ထားနိုင်သည် မဟုတ်ပါလား။ ဒါဟာ ဘာမှ ခက်ခဲသော ကိစ္စမဟုတ်ပါပေ။

All Chapters