အခန်း (၂၈၃-၂၈၄)
Vol. 15 Ch. 283-284
အခန်း (၂၈၃) - ဒုက္ခရောက်နေသော အဖိုးကြီးထျန်း
ရဲယွီကျိုးက ပထမဆုံး စတင်စကားပြောလိုက်သည်။ သူသည် အဖွဲ့ထဲတွင် စိတ်အေးအေးထားနိုင်ဆုံးသူဖြစ်ပြီး အဖိုးအိုထျန်းအပေါ်တွင်လည်း အမြင်စောင်းခြင်း မရှိပါပေ။ ထို့ပြင် တစ်ဖက်လူကလည်း အကူအညီကို လှိုက်လှိုက်လဲလဲ တောင်းခံလာသည်ဖြစ်ရာ ‘ဧည့်ခန်းမ’ ၏ အဖွဲ့ဝင်အချင်းချင်းအနေဖြင့် ကူညီရန် ဝန်မလေးပါပေ။
ထိုအခါ အဖိုးအိုထျန်းသည် ချက်ချင်းပင် လက်အုပ်ချီကာ အရိုအသေပေးလိုက်၏။
“အစ်ကိုကြီးရဲ့... ကျုပ်လည်း မတတ်နိုင်တော့လို့ပါ... သူတို့က ကျုပ်ရဲ့ သားရဲကို အဆိပ်ခတ်လိုက်ကြတာ... ကြည့်ပါဦး... ကျုပ်ရဲ့ ‘တိုင်ရန်နိုဆောရပ်စ်’က အခုထိ သတိမရသေးဘူး... စောစောက ပြတိုက်မှူးရှေ့မှာမို့လို့ ကျုပ် မပြောရဲခဲ့တာ”
အားလုံး လှမ်းကြည့်လိုက်ကြရာ အဖိုးအိုထျန်း၏ အဆင့် (၃) သားရဲကြီးမှာ တကယ်ပင် ငြိမ်သက်နေသည်ကို တွေ့ရသည်။ အစကတော့ ခရီးပန်း၍ အိပ်ပျော်နေသည်ဟု ထင်ခဲ့ကြသော်လည်း အဆိပ်ခတ်ခံထားရသည်ဟု သိလိုက်ရသောအခါ အားလုံး အံ့သြသွားကြ၏။
“ကျုပ် ကြည့်ပေးပါ့မယ်”
ရဲ့ယွီကျိုးက အနားသို့သွားကာ စစ်ဆေးကြည့်ရှုလိုက်သည်။ အခြားသူများလည်း ဝိုင်းအုံလာကြ၏။ အဖိုးအိုထျန်း၏ မကြာသေးမီက ပြုမူပုံများမှာ လက်ခံနိုင်စရာ ရှိသည်တင်မက၊ ပြတိုက်မှူးကိုယ်တိုင်ကပင် သူ့ကို အဖွဲ့ဝင်အဖြစ် လက်ခံထားပြီးသား ဖြစ်သည်။ အကယ်၍ သူတို့ ကူညီနိုင်လျှင် ကူညီထားခြင်းက အကောင်းဆုံးပင်။ မဟုတ်လျှင် နောက်ပိုင်းတွင် ပြတိုက်မှူးက မေးမြန်းလာပါက သူတို့ ပြန်ဖြေရန် ခက်ခဲပေလိမ့်မည်။
အဖိုးအိုထျန်းကတော့ တတွတ်တွတ် ကျေးဇူးတင်နေခဲ့ချေပြီ။
သို့သော် ရဲ့ယွီကျိုး၏ သားရဲဆိုင်ရာ အသိပညာမှာ အကန့်အသတ် ရှိနေခဲ့သည်။ ထိုသားရဲကြီးမှာ မျက်လုံးမဖွင့်နိုင်ဘဲ လှုပ်ရှားမှုမရှိဘဲ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကိုသာ သူ သိနိုင်၏။
“ဒါက... တော်တော်လေး ခက်ခဲမယ့်ပုံပဲ”
ရဲ့ယွီကျိုးက မိမိ မတတ်နိုင်ကြောင်း ပြောရန် အနည်းငယ် ရှက်ရွံ့သွားသဖြင့် အခြားသူများဘက်သို့ လှည့်ကြည့်လိုက်သည်။ ဆုံတွေ့ဖူးသည့် အကြိမ်အရေအတွက် များလာသည်နှင့်အမျှ ဤနေရာမှ လူများ မည်သည့်အရာတွင် ကျွမ်းကျင်သည်ကို သူ ကောင်းကောင်း သိရှိထား၏။
ဟယ်ချန်းကိုတော့ ကျော်လိုက်ရပေမည်။ ကျီးကန်းနက်မှာလည်း သားရဲအကဲဖြတ်ခြင်းတွင် ဗဟုသုတ သိပ်မရှိပါပေ။ ဝိညာဉ်ကလေးငယ်မိခင်မှာ အစွမ်းထက်သော်လည်း သားရဲအကဲဖြတ်ခြင်းမှာ သူမ၏ အားသန်သည့် ဘက်မဟုတ်ပါ။ တစ်ဖက်တွင်မူ အမြဲတမ်း အေးအေးဆေးဆေး နေတတ်သော ကျန်းဇီချီမှာ ဆေးဖက်ဝင် အပင်များနှင့် ဆေးဝါးဗေဒတွင် အလွန်ပင် နှံ့စပ်သူ ဖြစ်၏။
ထို့ကြောင့် ရဲ့ယွီကျိုးက ကျန်းဇီချီဘက်သို့ လှည့်ကာ မေးလိုက်သည်။
“အစ်ကိုကျန်း... ခင်ဗျား တစ်ချက်လောက် ကြည့်ပေးလို့ ရမလား”
ကျန်းဇီချီက ငြင်းဆန်ခြင်း မပြုပါပေ။ သူသည် ခေါင်းညိတ်ကာ အနားသို့ သွားလိုက်ပြီး သားရဲကြီး၏ ပါးစပ်ကို ဖွင့်ကာ အနံ့ခံကြည့်လိုက်၏။ ထို့နောက် သူက နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
အဖိုးအိုထျန်းက ကျန်းဇီချီကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေစဉ်မှာပင် ကျန်းဇီချီက ပြုံးလိုက်ကာ ပြောလိုက်၏။
“ဒါက ပြဿနာအကြီးကြီး မဟုတ်ဘူး စိတ်မပူပါနဲ့... သားရဲတွေကို ထုံပေသွားစေပြီး အိပ်ပျော်သွားစေတဲ့ ဆေးပင်တစ်မျိုးကို သုံးထားတာ... ကျုပ် အရင်က ဒါမျိုး ခဏခဏ သုံးဖူးတော့ ကောင်းကောင်း သိပါတယ်... ပြတိုက်မှူးသာ ရှိရင် ချက်ချင်း ကုပေးနိုင်မှာ ဖြစ်ပေမဲ့၊ အခု သူ မရှိတော့ ကျုပ်တဲ့ အညံ့စား ပညာလေးနဲ့ပဲ သည်းခံပေးပါဦး”
ထိုသို့ပြောပြီးနောက် ကျန်းဇီချီသည် ဆေးအိတ်လေးတစ်အိတ်ကို ထုတ်လိုက်၏။ ၎င်းကို ဖွင့်လိုက်သောအခါ အိတ်ထဲတွင် ဆေးထုပ်ငယ်လေးများစွာ ပါဝင်နေပြီး ဆေးပင်များ၏ သင်းပျံ့သော ရနံ့များ ထွက်ပေါ်လာခဲ့သည်။
ထိုရနံ့များကို အမည်အတိအကျ မဖော်ပြနိုင်သော်လည်း အချို့မှာ သင်းပျံ့ပြီး အချို့မှာ စူးရှလှသည်။
ကျန်းဇီချီက ဆေးထုပ်တစ်ထုပ်ကို ထုတ်လိုက်၏။ သူ၏ ဘူးသီးခြောက်ဘူးထဲမှ ဆေးအရက်ကို အသုံးပြုကာ ဆေးထုပ်ကို စိမ်လိုက်ပြီးနောက်၊ တစ်စုံတစ်ယောက်ကို သားရဲကြီး၏ ပါးစပ်ကို ဖွင့်ခိုင်းကာ ဆေးထုပ်ကို ထည့်ပေးလိုက်တော့သည်။
“ကဲ... မကြာခင် သူ ပြန်နိုးလာလိမ့်မယ်”
ကျန်းဇီချီက ဆိုလိုက်၏။
ထိုအခါ အဖိုးအိုထျန်းသည် ဝမ်းသာအားရ ကျေးဇူးတင်လိုက်တော့သည်။
အခြားအရာတွေကို ခေတ္တဘေးဖယ်ထားလျှင်တောင်မှ သူ၏ သားရဲကြီး နိုးလာပြီဆိုလျှင် သူ ပြန်လည် တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။ သူသည် ခုခံနိုင်စွမ်းမရှိသော အခြေအနေမျိုးတွင် ရှိမနေတော့ပါပေ။ သို့သော် သူ ဤနေရာမှ ထွက်သွားသည့်အခါတွင်တော့ ပြင်းထန်သော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရဦးမည်မှာ အမှန်ပင်။
အဖိုးအိုထျန်းက ဒါကို ကောင်းကောင်း သိရှိပါသည်။
ဟယ်ချန်းက ရုတ်တရက် မေးလိုက်၏။
“အဖိုးအိုထျန်း... ရှင့်ရဲ့ သားရဲ နိုးလာရင်တောင်မှ အဲဒီလူတွေကို ရှင် ပြန်တိုက်နိုင်ပါ့မလား”
အဖိုးအိုထျန်းမှာ ဖော်ပြမရနိုင်အောင် ကျေးဇူးတင်သွားမိသည်။ ဟယ်ချန်းသာ ဒါကို မမေးခဲ့လျှင် သူသည်လည်း ပြောပြရန် သတ္တိရှိနေမည် မဟုတ်ပါပေ။
အခြေအနေကို အခွင့်ကောင်းယူကာ အဖိုးအိုထျန်းက ဆိုလိုက်သည်။
“အားလုံးပဲ... ကျုပ်က လူအများကြီးကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ မတတ်နိုင်ဘူး... ကျုပ်ရဲ့ သားရဲ နိုးလာရင်တောင်မှ အပြင်မှာ ပြင်းထန်တဲ့ တိုက်ပွဲက စောင့်နေတာ... တကယ်လို့ ကျုပ်သာ မအောင်မြင်ခဲ့ရင် နောက်တစ်ခေါက် ဒီကို ပြန်လာနိုင်မှာ မဟုတ်တော့ဘူး”
သူက ဝမ်းနည်းပူဆွေးနေသော လေသံဖြင့် ပြောလိုက်ခြင်းပင်။
'ကျုပ်တို့တွေ ခင်ဗျားရဲ့ တံခါးထဲကို ဝင်လို့ မရတာက တော်တော် နှမြောစရာကောင်းတာပဲ... မဟုတ်ရင် ကျုပ်တို့တွေ ကူညီပေးလို့ ရမှာပဲကို”
ရဲ့ယွီကျိုးက မှတ်ချက်ပေးလိုက်၏။
ဒါဟာ အမှန်တရားပင် ဖြစ်သည်။ ‘ဧည့်ခန်းမ’ ၏ တံခါးများသည် သတ်မှတ်ထားသော ဧည့်သည်များအတွက်သာ ပွင့်ခြင်းဖြစ်ပြီး၊ အခြားဧည့်သည်များအနေဖြင့် တစ်ဦးနှင့်တစ်ဦး၏ တံခါးများကို ဖြတ်သန်းသွားလာ၍ မရပါပေ။
ဒါကို အားလုံး သိကြပါသည်။
ရုတ်တရက် ကျီးကန်းနက်က မေးလိုက်၏။
“အဖိုးအိုထျန်း... ပြတိုက်မှူး ခင်ဗျားကို ပေးထားတဲ့ အကဲဖြတ်အစီရင်ခံစာ ဘယ်မှာလဲ... အဆင့်တက်မယ့် နည်းလမ်း ပါလား”
“ပါပါတယ်... ဒါပေမဲ့ အဆင့်တက်ဖို့ နည်းလမ်းက တော်တော်လေး ခက်ခဲတယ်”
အဖိုးအိုထျန်းသည် ပြီးခဲ့သည့်အကြိမ်က ပြတိုက်မှူး ပေးခဲ့သော အစီရင်ခံစာကို အမြန်ထုတ်ပြလိုက်သည်။ သူသည် ၎င်းကို ရတနာတစ်ခုလို တန်ဖိုးထားပြီး အမြဲတမ်း လေ့လာနေခဲ့ခြင်းပင်။ သို့သော် သူ၏ သားရဲကို အဆင့်မြှင့်တင်ရန် မကြိုးစားရသေးမီမှာပင် သူ၏ ညီအစ်ကိုများ၏ သစ္စာဖောက်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
ဒါကို ပြန်စဉ်းစားမိသောအခါ အဖိုးအိုထျန်းမှာ စိုးရိမ်ပူပန်လာပြန်သည်။
အကယ်၍ သူသာ ‘ဧည့်ခန်းမ’ ၏ ဧည့်သည်တစ်ဦး ဖြစ်မလာခဲ့လျှင် ဤသစ္စာဖောက်မှုအတွင်း သူ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။
သူသည် နောက်ဆုံး မျှော်လင့်ချက်တစ်ခုအနေဖြင့် အစီရင်ခံစာကို သူတို့ကို ပြလိုက်၏။
အစီရင်ခံစာတွင် အသေးစိတ် ရေးသားထားပြီး အဆင့်တက်မည့် နည်းလမ်းမှာလည်း ပြည့်စုံလှသည်။ သို့သော် ‘တိုင်ရန်နိုဆောရပ်စ်’ အဆင့်တက်ရန် လိုအပ်သော ပစ္စည်းများမှာ ရရှိရန် တကယ်ပင် ခက်ခဲလှပေသည်။
ဥပမာအားဖြင့် သာမန်လူတစ်ယောက် မရနိုင်သော ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးများ ပါဝင်နေသည်။
သို့သော် ဤနေရာမှ ဧည့်သည်များမှာ သာမန်လူများ မဟုတ်ကြပါပေ။ သူတို့ထဲမှ တော်တော်များများမှာ အဖိုးတန်ပစ္စည်းများကို ကိုယ်စီ ဆောင်ထားတတ်ကြ၏။ သူတို့သည် ပြတိုက်မှူးအပေါ် အမှတ်ကောင်းရရန် ထိုပစ္စည်းများကို လက်ဆောင်ပေးချင်ခဲ့သော်လည်း၊ ပြတိုက်မှူးက အရေးကြီးကိစ္စဖြင့် ထွက်သွားခဲ့သဖြင့် ထိုပစ္စည်းများမှာ သူတို့လက်ထဲတွင် ကျန်နေခဲ့ခြင်းပင်။
အခု အဖိုးအိုထျန်း ဒုက္ခရောက်နေပြီဆိုမှတော့ ဘာကြောင့် သူ့ကို မကူညီဘဲ နေမည်နည်း။
ဒါကို ပြတိုက်မှူး သိသွားလျှင်လည်း သေချာပေါက် သဘောကျပေလိမ့်မည်။ ဤသို့ ကူညီခြင်းမှာ ပြတိုက်မှူးကို တိုက်ရိုက် လက်ဆောင်ပေးခြင်းထက်ပင် ပို၍ အကျိုးသက်ရောက်မှု ရှိနိုင်ပါသေးသည်။
ကျီးကန်းနက်နှင့် ဝိညာဉ်ကလေးငယ်မိခင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက်၊ ပစ္စည်းအချို့ကို ထုတ်ကာ အဖိုးအိုထျန်းကို ပေးလိုက်ကြ၏။
အဖိုးအိုထျန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားကာ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပါပေ။
၎င်းတို့မှာ အဆင့်မြင့် ‘သွေးစွမ်းအင်ကျောက်တုံး’တစ်တုံးနှင့် တန်ဖိုးကြီး ဆေးပင်အချို့ ဖြစ်သည်။
“ပြတိုက်မှူးရဲ့ အစီရင်ခံစာအရဆိုရင် ခင်ဗျားရဲ့ သားရဲက အဆင့်တက်ဖို့အတွက် သွေးစွမ်းအင် လုံလောက်အောင် တည်ဆောက်ရမယ်... ဒီသွေးစွမ်းအင်ကျောက်တုံးက အသုံးဝင်မှာပါ”
ကျီးကန်းနက်က သဘောထားကြီးစွာ ကမ်းလှမ်းလိုက်၏။
အဖိုးအိုထျန်းမှာ ဝမ်းသာအားရ လက်ပွတ်နေခဲ့သည်။ သို့သော် ကျီးကန်းနက်က ရုတ်တရက် ထပ်ပြောလိုက်၏။
“ကျုပ်က ခင်ဗျားကို ခဏငှားပေးတာနော်... ခင်ဗျား ကျုပ်ကို ပြန်ဆပ်ရမယ်”
ဒါဟာ အမှန်ပင် ဖြစ်ပါသည်။ အဆင့်မြင့် သွေးစွမ်းအင်ကျောက်တုံးဆိုသည်မှာ တန်ဖိုးဖြတ်မရနိုင်ဘဲ ၎င်းကို အဖိုးအိုထျန်းကို ဒီအတိုင်း ပေးပစ်ရန် မဖြစ်နိုင်ပါပေ။ ပြတိုက်မှူးကို ပေးလျှင်တော့ တစ်မျိုးပေါ့။ သို့သော် ပြတိုက်မှူး၏ စရိုက်ကို သိထားကြသဖြင့်၊ အဖိုးအိုထျန်း ဒုက္ခရောက်နေချိန်တွင် သူတို့က လျစ်လျူရှုထားမည်ဆိုပါက ပြတိုက်မှူး စိတ်အနှောင့်အယှက် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သူတို့ ကူညီပါမည်၊ သို့သော် အခကြေးငွေတော့ ရှိပေလိမ့်မည်။
အဖိုးအိုထျန်းက ဒါကို နားလည်ပြီး ခေါင်းညိတ်ပြ၏။
“စိတ်မပူပါနဲ့... ကျုပ် ဒီဘေးကနေ လွတ်မြောက်သွားတာနဲ့ ခင်ဗျားကို သေချာပေါက် ပြန်ဆပ်ပါ့မယ်”
“ကောင်းပြီလေ"
ကျီးကန်းနက်သည် အဆင့်မြင့် သွေးစွမ်းအင်ကျောက်တုံးကို အဖိုးအိုထျန်းအား သဘောထားကြီးစွာ ကမ်းပေးလိုက်တော့သည်။
နောက်တစ်ဆင့်မှာ ထိုကျောက်တုံးကို သားရဲကြီးအား ကျွေးရန်ပင်။ အစီရင်ခံစာပါ လမ်းညွှန်ချက်များအရ၊ သားရဲကြီး၏ သွေးစွမ်းအင်မှာ အထွတ်အထိပ်သို့ ရောက်ရှိလာပြီး မျက်လုံးများ နီမြန်းလာပါက၊ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ သားရဲကြီး၏ အပ်စိုက်မှတ် သုံးမှတ်ကို ထိုးစိုက်ပေးရမည် ဖြစ်၏။ ထိုသို့လုပ်ဆောင်ခြင်းက အဆင့်တက်ရန် အထောက်အကူ ဖြစ်စေပေလိမ့်မည်။
ပြတိုက်မှူး၏ နည်းလမ်းများသည် အမြဲတမ်း အောင်မြင်လေ့ရှိသဖြင့် မည်သူမျှ သံသယ မရှိကြပါပေ။ သွေးစွမ်းအင်ကျောက်တုံးကို စားသုံးပြီးနောက် သားရဲကြီးမှာ နိုးလာခဲ့ပြီး တဖြည်းဖြည်း ဂနာမငြိမ် ဖြစ်လာတော့သည်။ ကျောက်တုံး၏ အာနိသင်ကြောင့် သူ၏ ခန္ဓာကိုယ်ထံမှ သွေးရောင်လွှမ်းသော အရှိန်အဝါများ လျှံထွက်လာခဲ့၏။
ထို့တင်မကဘဲ သူ၏ ကြွက်သားများမှာလည်း ဖောင်းကားလာပြီး ထူးဆန်းသော အသံများ ထွက်ပေါ်လာခဲ့သည်။ အချို့သော နေရာများတွင် အရေပြားများမှာ ဖောင်းကားမှုကြောင့် အက်ကွဲသွားခဲ့ရ၏။
ဒါဟာ သားရဲကြီးကို အလွန်ပင် နာကျင်စေသဖြင့် သူသည် မိုးကြိုးပမာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်တော့သည်။
သွေးစာချုပ်မှတစ်ဆင့် အဖိုးအိုထျန်းသည် သူ၏ အဖော်သားရဲကြီး၏ နာကျင်မှုကို ခံစားနေရသဖြင့် သူလည်း ပျာပျာသလဲ ဖြစ်သွားရ၏။ မည်သို့ပင်ဆိုစေကာမူ ဤအခြေအနေမှာ ကောင်းသလား၊ ဆိုးသလားဆိုသည်ကို သူ မဝေခွဲနိုင်ပါပေ။
ထို့ကြောင့် သူသည် အခြားသူများကိုသာ အားကိုးတကြီး စိုက်ကြည့်နေမိတော့သည်။
သို့သော် ကျီးကန်းနက်နှင့် အခြားသူများမှာလည်း မသိကြပါပေ။ အဖိုးအိုထျန်း လှမ်းကြည့်သည်ကို မြင်သောအခါ ကျီးကန်းနက်သည် တွေးတောလိုက်သော်လည်း ဘာမှ ထွက်မလာသဖြင့် ရဲ့ယွီကျိုးဘက်သို့ လှည့်ကြည့်လိုက်ပြန်သည်။
ဗဟုသုတပိုင်းတွင်တော့ ရဲ့ယွီကျိုးမှာ သူတို့အားလုံးထဲတွင် သိရှိမှု အများဆုံးသူ ဖြစ်သည်မဟုတ်ပါလား။
အခြားသူများ၏ စိုက်ကြည့်ခြင်းကို ခံရသောအခါ ရဲ့ယွီကျိုးမှာ ကြက်သီးများပင် ထသွားရ၏။ သူက ခေါင်းခါလိုက်ပြီး ဆိုလိုက်သည်။
“ကျုပ်ကို မကြည့်ကြပါနဲ့... ဒါက ကောင်းတာလား၊ ဆိုးတာလားဆိုတာ ကျုပ်လည်း မသိဘူး... ဟူး... ပြတိုက်မှူးသာ ဒီမှာ ရှိနေရင် ကောင်းမှာပဲ”
ထိုအချိန်မှာပင် သားရဲကြီး၏ ခန္ဓာကိုယ်ထံမှ သွေးများ စိမ့်ထွက်လာပြီး သူ၏ မျက်လုံးများမှာလည်း နီမြန်းသွားခဲ့ချေပြီ။
အခန်း (၂၈၄) - သားရဲသွေး ထိုးသွင်းခြင်း
“အခုပဲ”
ကျီးကန်းနက်က အော်ဟစ်လိုက်သည်။ ရဲ့ယွီကျိုးက ခေါင်းညိတ်ပြကာ သူ၏ လက်ထိပ်တွင် ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်၏။ အနုစိတ်လှသော မှော်အတတ်ပိုင်းတွင်တော့ ရဲယွီကျိုးမှာ သူတို့အားလုံးထဲတွင် နံပါတ်တစ် ဖြစ်သည်မှာ သေချာလှသည်။ ထို့ကြောင့် အပ်စိုက်မှတ်များကို လှုံ့ဆော်ရန်အတွက် သူ့ကို တာဝန်ပေးခြင်းမှာ အစိတ်ချရဆုံးပင်။
ရဲ့ယွီကျိုး၏ လှုပ်ရှားမှုများမှာ လျင်မြန်လှပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် အပ်စိုက်မှတ် သုံးမှတ်လုံးကို တစ်ဆက်တည်း တိကျစွာ ထိုးစိုက်လိုက်၏။ ကျီးကန်းနက်နှင့် ဝိညာဉ်ကလေးငယ်မိခင်တို့ပင်လျှင် သူ၏ ကျွမ်းကျင်မှုကို မြင်တွေ့ရသောအခါ အံ့အားသင့်ကာ ချီးကျူးမိကြတော့သည်။
ဝိညာဉ်စွမ်းအား လက်ချောင်းအတတ်ကို အသုံးပြုသူများထဲတွင် ရဲယွီကျိုးမှာ သူတို့မြင်ဖူးသမျှထဲ၌ အကောင်းဆုံးသူများထဲမှ တစ်ဦးပင် ဖြစ်၏။
လက်ချောင်းအတတ်ပညာ သီးသန့်ကိုသာ ကြည့်မည်ဆိုလျှင် ရဲ့ယွီကျိုးသည် သူတို့၏ လောကသားများထဲတွင် ထိပ်တန်းသုံးယောက်စာရင်းဝင် ဖြစ်ပေလိမ့်မည်။
ဤလူသည် မည်မျှအထိ အစွမ်းထက်ပြီး လေးစားစရာကောင်းကြောင်း ခန့်မှန်းကြည့်နိုင်ပါ၏။
ထိုးစိုက်မှု သုံးကြိမ်ပြီးနောက်တွင် ‘တိုင်ရန်နိုဆောရပ်စ်’ မှာ အော်ဟစ်နေခြင်းကို ရပ်တန့်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ဆက်လက်၍ ဖောင်းကားမလာတော့ဘဲ သွေးစွမ်းအင်များမှာသာ ပို၍ သိပ်သည်းလာခဲ့၏။ ထို့နောက် ထိုစွမ်းအင်များကို ထိန်းချုပ်လိုက်ပြီးနောက် အက်ကွဲနေသော အသားများထဲမှ ထွက်ပေါ်လာသည့် သွေးစများမှာ ကြီးမားသော ပိုးအိမ်ကြီးတစ်ခုအဖြစ် စတင်ဖွဲ့စည်းလာတော့သည်။
“ဒါပဲ... ဒါပဲ... ဒါ အောင်မြင်တာပဲ"
ဟယ်ချန်းက ဝမ်းသာအားရ အော်လိုက်၏။ သူမသည် အဖိုးအိုထျန်း၏ အကဲဖြတ်အစီရင်ခံစာကို ကိုင်ထားရင်းမှ ဆိုလိုက်သည်။
“အဖိုးအိုထျန်း... ပြတိုက်မှူးရဲ့ အစီရင်ခံစာအရဆိုရင် ရှင့်ရဲ့ သားရဲက အဆင့်တက်တဲ့အခါမှာ သုံးဆယ်ရာခိုင်နှုန်း အခွင့်အရေးနဲ့ ပိုးအိမ်အဖြစ် ပြောင်းလဲသွားနိုင်တယ်တဲ့... ဂုဏ်ယူပါတယ်"
အဖိုးအိုထျန်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် လက်နှစ်ဖက်ကို အဆက်မပြတ် ပွတ်နေမိတော့သည်။
ဟယ်ချန်းပြောတာ မှန်ပါ၏။ ပြတိုက်မှူး၏ အစီရင်ခံစာတွင် ထိုသို့ အတိအလင်း ရေးသားထားခြင်းပင်။
သူ၏ အဖော်သားရဲကြီးမှာ မကြာခင်မှာပဲ အဆင့် (၄) ကို ရောက်ရှိတော့မှာလား။
ဤအတွေးဝင်လာသည်နှင့် အဖိုးအိုထျန်း၏ ခန္ဓာကိုယ်မှာ မျှော်လင့်ချက်များဖြင့် တုန်ယင်လာခဲ့ရ၏။
အဆင့် (၄) သားရဲတစ်ကောင် ပိုင်ဆိုင်ရဖို့ဆိုတာ သူ တစ်ခါမျှ အိပ်မက်ပင် မမက်ရဲခဲ့ပါပေ။ သို့သော် အကယ်၍ သူသာ တကယ် ပိုင်ဆိုင်ခွင့်ရလျှင် သူ၏ ပြဿနာအားလုံး ပြေလည်သွားမည်ဖြစ်ကာ သူ့ကို သစ္စာဖောက်ခဲ့သူများကိုလည်း အလွယ်တကူ အပြတ်ရှင်းနိုင်ပေလိမ့်မည်။
ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေးပင် ဖြစ်၏။
အဖိုးအိုထျန်းသည် သားရဲများအကြောင်းကို နားလည်မှု အကန့်အသတ် ရှိသဖြင့် လက်ရှိ အခြေအနေကို သူကိုယ်တိုင် မဆုံးဖြတ်နိုင်ပါပေ။ သို့သော် ပြတိုက်မှူး၏ အစီရင်ခံစာအရဆိုလျှင် ဒါဟာ သေချာပေါက် ကောင်းသော လက္ခဏာပင် မဟုတ်ပါလား။
သို့သော် မကြာမီမှာပင် ထိုအသားပိုးအိမ်ကြီးမှာ အတွင်းမှ တစ်စုံတစ်ခုက ရုန်းကန်နေသကဲ့သို့ တုန်ခါလာခဲ့သည်။
အဖိုးအိုထျန်းမှာ ဤမြင်ကွင်းကို မမျှော်လင့်ထားသဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်သွားရပြန်၏။
အခြားသူများလည်း ဇဝေဇဝါ ဖြစ်သွားကြသည်။ ကျီးကန်းနက်က ဝင်ပြောလိုက်၏။
“အာ... မထိတ်လန့်နဲ့ဦး... ဒါက ပုံမှန်ဖြစ်စဉ်တစ်ခုလည်း ဖြစ်နိုင်တာပဲ”
သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ပိုးအိမ်ကြီးထံမှ သွေးများ စိမ့်ထွက်လာတော့သည်။ ဒါဟာ ပုံမှန်မဟုတ်မှန်း သိသာလှသဖြင့် ကျီးကန်းနက်လည်း ဘာဆက်ပြောရမှန်း မသိတော့ပါပေ။ တစ်ဖက်တွင်မူ ဝိညာဉ်ကလေးငယ်မိခင်နှင့် ဟယ်ချန်းတို့က အစီရင်ခံစာကို နောက်တစ်ခေါက် အသေအချာ ပြန်ဖတ်ကြည့်လိုက်ပြီးနောက် မျက်နှာပျက်သွားကြ၏။
“ဒုက္ခပဲ... အဆင့်တက်တာ အောင်မြင်ရင် ပိုးအိမ်က သူ့ဘာသာ အက်ကွဲသွားရမယ်လို့ ရေးထားတယ်... ဒါပေမဲ့ အောက်ခြေမှာ ရေးထားတာက... အကယ်၍ ပိုးအိမ်ကနေ သွေးတွေ ထွက်လာရင်တော့ အဆင့်တက်တာ ကျရှုံးတာပဲတဲ့... ကျရှုံးခဲ့ရင်တော့ သားရဲဟာ သေဆုံးသွားလိမ့်မယ်လို့ ဆိုထားတယ်”
ဤစကားကို ကြားလိုက်ရသောအခါ အဖိုးအိုထျန်း၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားတော့သည်။
သူ့မှာ မူလက အဆင့် (၃) သားရဲတစ်ကောင် ရှိခဲ့ပါ၏။ အကယ်၍ သူ၏ အဖော်သားရဲကြီးသာ အဆင့်တက်ရင်း သေဆုံးသွားမည်ဆိုလျှင် သူ အရာအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။ သူ အပြင်ကို ပြန်ရောက်သွားသည့်အခါ ပြန်လည် ခုခံနိုင်စွမ်းပင် ရှိတော့မည် မဟုတ်ပါပေ။
ဤအတွေးဝင်လာသည်နှင့် စောစောက ပျော်ရွှင်မှုများမှာ ပြိုလဲပျက်စီးသွားခဲ့ရ၏။
၎င်းမှာ သူ၏ စိတ်ခံစားချက်တင်မကဘဲ သူ၏ အသက်ဘေးနှင့်ပါ သက်ဆိုင်နေသည် မဟုတ်ပါလား။
“စိတ်မပူပါနဲ့... စိတ်မပူပါနဲ့ဦး"
အဖိုးအိုထျန်း၏ မျက်နှာ ဖြူလျော်သွားပြီး မူးမေ့လဲတော့မည့်အလား အသက်ရှူသံများ ပြတ်တောင်းလာသည်ကို မြင်သောအခါ ဟယ်ချန်းက အမြန် ထပ်ပြောလိုက်သည်။
“အစီရင်ခံစာထဲမှာ ဒီလိုမျိုး သွေးထွက်လာခဲ့ရင် ကယ်တင်နိုင်မယ့် နည်းလမ်းလည်း ပါသေးတယ်... အဆင့် (၄) သားရဲတစ်ကောင်ရဲ့ သွေးကို ပိုးအိမ်ထဲ ထိုးသွင်းပေးလိုက်ရင် ကယ်တင်နိုင်ဖို့ အခွင့်အရေး ရှိတယ်တဲ့”
အဖိုးအိုထျန်းသည် အစီရင်ခံစာကို ချက်ချင်းပင် လှမ်းကြည့်လိုက်တော့သည်။
အမှန်တကယ်ပင် ထိုသို့ ရေးသားထားခြင်းပင်။
သူ အရင်က ဒါကို ဖတ်ဖူးသော်လည်း ဤအသေးစိတ်အချက်အလက်များကို အလေးအနက် မထားခဲ့မိပါပေ။ ယခု လက်တွေ့ ကြုံတွေ့နေရမှသာ သူ အရေးကြီးသော အချက်ကို သဘောပေါက်လိုက်ရတော့သည်။ ပြတိုက်မှူး၏ အစီရင်ခံစာသည် အဆင့်တက်စဉ်မှာ တစ်ခုခု မှားယွင်းသွားခဲ့လျှင်ပင် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများကိုပါ ထည့်သွင်းပေးထားခြင်းပင်။ ဒါဟာ တကယ့်ကို အံ့သြစရာ ကောင်းလှပေသည်။ သို့သော် ၎င်းတို့မှာ စာကြောင်းတိုလေးများသာ ဖြစ်သဖြင့် သတိမမူမိဘဲ ကျော်သွားတတ်ကြခြင်း ဖြစ်၏။
အခြားသူများလည်း ဝိုင်းကြည့်လိုက်ကြရာ ဟယ်ချန်း ပြောသကဲ့သို့ပင် ဖြစ်နေသည်။ အကယ်၍ ဤသို့ သွေးထွက်လာပါက အဆင့် (၄) သားရဲသွေးကို ချက်ချင်း ထိုးသွင်းပေးရမည် ဖြစ်၏။
ရဲယွီကျိုးနှင့် ကျီးကန်းနက်တို့မှာလည်း အကယ်၍ အဖိုးအိုထျန်း၏ သားရဲသာ သေဆုံးသွားခဲ့လျှင် သူတို့တွင်လည်း တာဝန်ရှိသည်ဟု ခံစားနေကြရသည်။ ပထမအချက်မှာ၊ ပြတိုက်မှူးက သူတို့အား အဖိုးအိုထျန်း၏ သားရဲကို မဆင်မခြင် အဆင့်မြှင့်ပေးရန် ကူညီခဲ့သည့်အတွက် အပြစ်တင်နိုင်ပါ၏။ ဒုတိယအချက်မှာ၊ သူတို့ကိုယ်တိုင်ကပင် အဖိုးအိုထျန်းကို အဆင့်မြှင့်ရန် ကမ်းလှမ်းခဲ့ကြခြင်း ဖြစ်သဖြင့်၊ အကယ်၍ ကျရှုံးသွားပါက သူတို့လည်း အရှက်ရပေလိမ့်မည်။
“အဖိုးကြီးထျန်း... စိတ်အေးအေးထားပါ... ပြတိုက်မှူးက ဒီမှာ ရေးထားမှတော့ သူက ကျရှုံးနိုင်ခြေကိုလည်း ကြိုတင်တွက်ချက်ထားပြီးသားပဲ... ငါတို့ဆီမှာ အဆင့် (၄) သားရဲတွေ ရှိပါတယ်... တစ်ကောင်တည်းနဲ့ မလုံလောက်ရင် ငါတို့အားလုံးရဲ့ အဆင့် (၄) သားရဲသွေးတွေကို ပေးမယ်... ဒါဆိုရင်တော့ သေချာပေါက် ဘေးကင်းသွားမှာပါ”
ကျီးကန်းနက်က သူ၏ ရင်ဘတ်ကို ပုတ်ကာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။
ဝိညာဉ်ကလေးငယ်မိခင်က ခေါင်းညိတ်ပြသလို၊ ရဲ့ယွီကျိုးကလည်း တာဝန်ကို မရှောင်လွှဲပါပေ။
“ကျုပ် သွေးသွားယူလိုက်ပါ့မယ်”
မကြာမီမှာပင် ကျီးကန်းနက်၊ ဝိညာဉ်ကလေးငယ်မိခင်နှင့် ရဲယွီကျိုးတို့သည် သူတို့၏ အဆင့် (၄) သားရဲများထံမှ သွေးများကို စုဆောင်းလိုက်ကြသည်။ ထိုသုံးဦးလုံးမှာ ရက်ရက်ရောရောပင် ကူညီပေးခဲ့ကြခြင်းပင်။ သွေးများကို ထိုးသွင်းရန်အတွက် ဝိညာဉ်ကလေးငယ်မိခင်၏ ‘ရင်သွေးမျက်နှာပင့်ကူ’၏ ထိုးဖောက်နိုင်စွမ်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်ကြ၏။
ကျန်းဇီချီသည် တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်သော်လည်း ပြန်လည် ထိန်းချုပ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဟယ်ချန်းက သူ၏ အမူအရာကို သတိပြုမိသဖြင့် တစ်ခုခု ပြောစရာ ရှိသလားဟု မေးလိုက်၏။
ကျန်းဇီချီက တိုးတိုးလေး ပြန်ဖြေသည်။
“ပြတိုက်မှူးရဲ့ အစီရင်ခံစာမှာ အဆင့် (၄) သားရဲသွေး လိုအပ်တယ်လို့ ရေးထားပေမဲ့ ဒီလောက်အထိ အများကြီး မလိုလောက်ဘူး ထင်တယ်... ငါ့အမြင်အရဆိုရင် အမျိုးအစား တစ်ခုတည်းဆိုရင်တင် လုံလောက်မှာပဲ... ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာတော့ ပမာဏ များများရှိနေတာက ပိုကောင်းမှာပေါ့... မဟုတ်ဘူးလား”
နောက်ဆုံးစကားမှာ မိမိကိုယ်ကိုယ် ပြန်မေးနေသကဲ့သို့ပင်။ ကျန်းဇီချီလည်း အသေအချာ မသိပါပေ။
ဟယ်ချန်းကတော့ အမြဲတမ်း အကောင်းမြင်တတ်သူ ဖြစ်၏။
“ပြဿနာ... မရှိလောက်ပါဘူး... တကယ်လို့ ရှိမယ်ဆိုရင် ပြတိုက်မှူးက ဒါကို ရေးထားမှာပေါ့”
ကျန်းဇီချီက ပြုံးလိုက်ကာ ဘာမှ ထပ်မပြောတော့ပါပေ။
ဟယ်ချန်းပြောသလိုပင် ပြတိုက်မှူးက ဒါကို မရေးထားတာလည်း ဖြစ်နိုင်သလို၊ သို့မဟုတ် အစကတည်းက တစ်မျိုးတည်းကိုသာ သုံးခိုင်းချင်တာလည်း ဖြစ်နိုင်ပါ၏။
‘ငါကပဲ အလကားနေရင်း လျှောက်တွေးနေတာ ဖြစ်ပါစေလို့ပဲ ဆုတောင်းရမှာပဲ’
ကျန်းဇီချီက စိတ်ထဲက ရေရွတ်မိလိုက်သည်။
ယခုအခါ မတူညီသော အဆင့် (၄) သားရဲ သုံးကောင်၏ သွေးများကို ပိုးအိမ်ထဲသို့ ထိုးသွင်းလိုက်ကြပြီ ဖြစ်သည်။ ကျီးကန်းနက်ကတော့ ဘာမှ မှတ်ချက်မပေးပါပေ။ သူက အများကြီး မတွေးတတ်သလို ဒီကိစ္စတွေမှာလည်း ဗဟုသုတ မရှိပါပေ။ ဝိညာဉ်ကလေးငယ်မိခင်လည်း ထိုနည်းတူပင်။ ရဲ့ယွီကျိုး တစ်ယောက်သာလျှင် မတူညီသော သွေးသုံးမျိုးကို တစ်ပြိုင်တည်း ထိုးသွင်းခြင်းက ပြဿနာရှိမလားဟု တွေးတောနေမိခြင်းပင်။
“ရှိမှာ မဟုတ်လောက်ဘူး... ဒါက ပြတိုက်မှူးရဲ့ ဖြေရှင်းနည်းပဲလေ... ဆိုလိုတာက သူ ဒါတွေဖြစ်လာမှာကို ကြိုတင်စဉ်းစားထားပြီးသားပဲ ဖြစ်ရမယ်... ငါ အလကားနေရင်း စိုးရိမ်မနေသင့်ဘူး”
ရဲ့ယွီကျိုးက မိမိကိုယ်ကိုယ် ပြန်ပြောလိုက်၏။
ထိုခဏမှာပင် မတူညီသော သွေးသုံးမျိုးကို ရရှိသွားပြီးနောက် ပိုးအိမ်ကြီးထံမှ သွေးယိုစီးမှုမှာ ရပ်တန့်သွားခဲ့သည်။ ၎င်းမှာ အခြေအနေ ပြန်လည်ကောင်းမွန်လာဟန်ရှိပြီး ပိုးအိမ်ကြီးမှာလည်း မှန်မှန်ကန်ကန် တုန်ခါနေခဲ့ချေပြီ။
“ကြည့်စမ်း... အန္တရာယ်က လွတ်သွားပြီ”
ကျီးကန်းနက်က ကျယ်လောင်စွာ ရယ်မောလိုက်၏။
ရဲယွီကျိုးလည်း သက်ပြင်းချနိုင်သွားတော့သည်။ အန္တရာယ်မှ လွတ်မြောက်သွားပြီဆိုလျှင် အားလုံး အဆင်ပြေပါပြီ။
အဖိုးအိုထျန်းအတွက်တော့ ဒါဟာ ရင်တထိတ်ထိတ်နှင့် ခရီးတစ်ခုကို ဖြတ်သန်းခဲ့ရသလိုပင်။ သူ၏ မျက်နှာတွင် သွေးရောင်များ ပြန်လည် လွှမ်းမိုးလာသော်လည်း စိုးရိမ်စိတ်ကတော့ အနည်းငယ် ကျန်ရှိနေဆဲ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ပြတိုက်မှူးက ဒီမှာ ရှိမနေပါပေ။ ဤဧည့်သည်များမှာ စိတ်အားထက်သန်ကြသော်လည်း သူတို့မှာ ပြတိုက်မှူး မဟုတ်ကြပါပေ။ သူ မျှော်လင့်နိုင်သည်မှာ ဒါပြီးနောက် နောက်ထပ် ပြဿနာများ ထပ်မတက်လာဖို့သာ ဖြစ်သည်။
အဖိုးအိုထျန်းက ထိုသို့ပင် တွေးလိုက်မိသည်... အကယ်၍ သူ၏ သားရဲကြီးက အဆင့်မတက်နိုင်လျှင်တောင်မှ၊ အနည်းဆုံးတော့ လက်ရှိ အစွမ်းနှင့် အဆင့်ကို ထိန်းထားနိုင်ပါစေပေါ့။ ဒါမှသာ သူ အပြင်ကို ပြန်ရောက်သည့်အခါ အသတ်ခံရမည့် အခြေအနေမျိုးမှ လွတ်မြောက်နိုင်မည် မဟုတ်ပါလား။
ဟုတ်ပါသည်၊ အကယ်၍ သူသာ ကံကောင်းလို့ အဆင့်တက်သွားခဲ့လျှင်တော့ ဒါဟာ အကောင်းဆုံး ရလဒ်ပင် ဖြစ်ပေလိမ့်မည်။