← Chapters

အခန်း (၂၈၅-၂၈၆)

Vol. 15 Ch. 285-286

အခန်း (၂၈၅-၂၈၆)

Vol. 15 Ch. 285-286

အခန်း (၂၈၅) - သွေးနှောတိုင်ရန်နိုဆောရပ်စ်

အဖိုးအိုထျန်းမှာ ကောင်းကင်ဘုံကို တိုင်တည်ရင်း အသနားခံ ဆုတောင်းနေမိသည်။ အခြားသူများမှာလည်း စိတ်ဝင်တစားဖြင့် ပိုးအိမ်ကြီးကို ဝိုင်းကြည့်နေကြစဉ်မှာပင် ရုတ်တရက် ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်လာခဲ့၏။

ပိုးအိမ်ကြီး၏ အရောင်မှာ စတင်ပြောင်းလဲလာခြင်းပင်။

ဟုတ်ပါသည်၊ သူတို့ မြင်နေရသည်မှာ မှားယွင်းခြင်း မရှိပါ။ ပိုးအိမ်ကြီး၏ အရောင်မှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေချေပြီ။

ခဏချင်းမှာပင် အနီရောင်မှ အစိမ်းရောင်၊ ထို့နောက် အမည်းရောင်နှင့် နောက်ဆုံးတွင် အပြာရောင်သို့ ပြောင်းလဲသွားသည်။ အရောင်တစ်ခါပြောင်းတိုင်း ပိုးအိမ်ကြီးမှာ အတွင်းမှ တစ်စုံတစ်ယောက်က နာကျင်စွာ အော်ဟစ်ရုန်းကန်နေသကဲ့သို့ ပြင်းထန်စွာ တုန်ခါနေခဲ့၏။

အဖိုးအိုထျန်း၏ မျက်နှာတွင် ချွေးစေးများဖြင့် ဖုံးလွှမ်းသွားချေပြီ။ သူသည် ဤစိတ်ဖိစီးမှုကို ဆက်လက်မခံစားနိုင်တော့ဘဲ မျက်လုံးများ ပြာဝေသွားကာ မြေပြင်ပေါ်သို့ သတိလစ်လဲကျသွားတော့သည်။

“မြန်မြန်... သူ့ရဲ့ နှာခေါင်းနဲ့ နှုတ်ခမ်းကြားကို ဖိပေးကြဦး”

ဟယ်ချန်းက အော်ဟစ်လိုက်၏။

ရဲ့ယွီကျိုးက ခေါင်းညိတ်ပြသည်။ ကျင့်ကြံသူများအစည်းအရုံးမှ ပညာရှင်တစ်ဦးအနေဖြင့် သူသည် သတိလစ်နေသူကို နှိုးရန် ထိုကဲ့သို့ သာမန်နည်းလမ်းများကို သုံးရန် မလိုအပ်ပါပေ။

“စိတ်မပူကြပါနဲ့... သူ့ရဲ့ လင်းဟွေ့အပ်စိုက်မှတ်ကို ဝိညာဉ်စွမ်းအားနဲ့ တစ်ချက်ထိုးလိုက်ရင် သူ ချက်ချင်း ပြန်နိုးလာလိမ့်မယ်... အားလုံးပဲ မစိုးရိမ်ကြနဲ့”

ရဲ့ယွီကျိုးသည် သူ၏ ကျွမ်းကျင်လှသော အတတ်ပညာဖြင့် လျင်မြန်စွာ လှုပ်ရှားလိုက်၏။

သူ၏ လက်ချောင်းဖြင့် တစ်ချက် ထိုးစိုက်လိုက်သောအခါ ဝိညာဉ်စွမ်းအား အနည်းငယ် ပွင့်ထွက်သွားပြီး အဖိုးအိုထျန်းမှာ ချက်ချင်းပင် သတိပြန်ဝင်လာခဲ့သည်။

“စိတ်မပူပါနဲ့ အဖိုးကြီးထျန်း... ခင်ဗျားကို ကျုပ် ဘာမှအဖြစ်မခံဘူး"

ရဲ့ယွီကျိုးကပြောလိုက်၏။

အဖိုးအိုထျန်းသည် ပျက်စီးနေသော ပိုးအိမ်ကြီးကို မျှော်လင့်ချက်မဲ့စွာ လှမ်းကြည့်လိုက်ကာ ပြောလိုက်၏။

“အစ်ကိုကြီးရဲ့... ဘာလို့ ကျုပ်ကို နှိုးလိုက်တာလဲ... ကျုပ်ကို ဒီတိုင်းပဲ ထားလိုက်ပါတော့... ထားလိုက်ပါတော့”

ရဲယွီကျိုးမှာ အနေရခက်သွားရသည်။

အဖိုးအိုထျန်းသည် လက်တွေ့ဘဝကို ရင်မဆိုင်ချင်တော့သည်မှာ သိသာလှပေသည်။ ယခုအခါ သူတို့တွင်လည်း အကြံကုန်နေချေပြီ။ အဓိကမှာ ပြတိုက်မှူး၏ အစီရင်ခံစာတွင် ဤမျှသာ ရေးထားခြင်းကြောင့်ပင်။ ဒါပြီးနောက် ဘာဆက်ဖြစ်မည်ကို မရေးထားသဖြင့် သူတို့အားလုံး ဘာလုပ်ရမှန်း မသိဖြစ်နေကြရသည်။

ကျီးကန်းနက်က အနားသို့ လာကာ အဖိုးအိုထျန်း၏ ပုခုံးကို ပုတ်လိုက်၏။

“အဖိုးအိုထျန်း... ငါတို့အားလုံးက ဧည့်ခန်းမရဲ့ အဖွဲ့ဝင်တွေပဲ... မင်း သေသွားမှာကို ငါတို့ ဒီအတိုင်း ကြည့်မနေပါဘူး... နောက်ပြီးရင် ငါ့ရဲ့ စွန်ရဲနက်ရဲ့ အမွေးတစ်ချောင်းကို မင်းကို ပေးမယ်... အဲဒါကို ကိုင်ထားပြီး မင်းကို ဒုက္ခပေးချင်တဲ့သူတွေကို ပြောလိုက်... တကယ်လို့ မင်းသာ သေသွားရင် ငါ ကျီးကန်းနက်က သူတို့ကို မြေလှန်ပြီး တစ်ယောက်မကျန် သတ်ပစ်မယ်လို့... သူတို့တွေ မင်းကို ဆက်ပြီး ဒုက္ခပေးရဲမှာ မဟုတ်တော့ဘူး”

အဖိုးအိုထျန်းမှာ ကူကယ်ရာမဲ့စွာဖြင့် ‘ငါ သေသွားမှတော့ သူတို့ကို သတ်လည်း ဘာထူးမှာလဲ’ ဟု တွေးလိုက်မိသော်လည်း၊ ကျီးကန်းနက်မှာ စေတနာနှင့် ပြောခြင်းဖြစ်သဖြင့် ဒါကို ထုတ်မပြောမိပါပေ။

မှန်ပါသည်၊ ဧည့်ခန်းမတွင် အစွမ်းထက်သူများ ရှိနေသော်လည်း အဖိုးအိုထျန်း၏ အခြေအနေမျိုးတွင် အဝေးမှ အကူအညီမှာ လက်တွေ့မကျပါပေ။ အကယ်၍ သူ၏ သားရဲသာ သေဆုံးသွားခဲ့လျှင် သူ အပြင်သို့ ပြန်ရောက်သည့်အခါ အခြေအနေမှာ အလွန်ပင် ဆိုးရွားသွားပေလိမ့်မည်။

ပြည်တည်နာတစ်ခုလို ပြည်များ စိမ့်ထွက်လာသော ပိုးအိမ်ကြီးကို စိုက်ကြည့်ရင်း အဖိုးအိုထျန်းသည် သက်ပြင်းရှည်ကြီးကို ချလိုက်ကာ လက်ရှိ အခြေအနေကို လက်ခံရန် ဆုံးဖြတ်လိုက်ဟန် တူသည်။

“အားလုံးပဲ... ကျုပ် ထျန်းပေါင်ဆိုတာ ဘာမှ မဟုတ်တဲ့ သာမန်လူတစ်ယောက်ပါ... ပါရမီလည်း မရှိဘူး၊ အားကိုးရာလည်း မရှိဘူး၊ အသက် ငါးဆယ်ကျော်တဲ့အထိ ဘာအောင်မြင်မှုမှလည်း မရှိခဲ့ဘူး... ဒါပေမဲ့ ဒီဧည့်ခန်းမထဲကို ဝင်ခွင့်ရပြီး ပြတိုက်မှူးနဲ့ ခင်ဗျားတို့ အားလုံးနဲ့ ဆုံတွေ့ခွင့်ရတာကိုပဲ ကျုပ် ကျေနပ်လှပါပြီ... အခု ကျုပ် ဒုက္ခနဲ့ ကြုံနေရချိန်မှာ အသက်ရှင်ခွင့်ရရင် တကယ့်ကို ကျေးဇူးတင်မိမှာပါ၊ ဒါပေမဲ့ မရှင်ခဲ့ရင်လည်း ကျုပ်ရဲ့ ကံကြမ္မာကို မပြစ်တင်ပါဘူး... ကျုပ်ရဲ့ ဘဝအစောပိုင်းမှာ ပြုခဲ့မိတဲ့ မကောင်းမှုတွေကြောင့်ပဲလို့ပဲ မှတ်ယူလိုက်ပါတော့မယ်... ဒါဟာ ကျုပ်ရဲ့ ကံတရားပါပဲ၊ ခင်ဗျားတို့ ကျုပ်အတွက် လက်စားချေပေးဖို့ မလိုပါဘူး... အခုထိ ကူညီပေးခဲ့ကြတာကိုပဲ အများကြီး ကျေးဇူးတင်ပါတယ်”

အဖိုးအိုထျန်းသည် ထရပ်ကာ ဧည့်သည်တစ်ဦးချင်းစီကို အရိုအသေ ပေးလိုက်၏။

နှုတ်ဆက်စကား ဆိုနေသကဲ့သို့ပင်။

ဟယ်ချန်းလေးကိုပင်လျှင် အဖိုးအိုထျန်းက အလေးအနက် အရိုအသေ ပေးခဲ့သည်။

လူသားတို့သည် သေခါနီးအချိန်တွင် အရာအားလုံးကို သဘောပေါက် နားလည်သွားတတ်ကြသည်ဟူသော စကားမှာ မှန်ကန်လှပေသည်။ ထျန်းပေါင်လည်း ထိုနည်းတူပင်။ သူ အရာအားလုံးကို တွေးတောဆင်ခြင်လိုက်ပြီ ဖြစ်သည်။ အခြေအနေက ဤအထိ ရောက်နေမှတော့ ငြင်းပယ်နေလို့လည်း ဘာထူးမည်နည်း။

အဖိုးအိုထျန်း ဤသို့ ပြုမူသည်ကို မြင်ရသောအခါ အခြားသူများမှာလည်း စိတ်မကောင်း ဖြစ်သွားကြရ၏။

ဟယ်ချန်းသည် တစ်စုံတစ်ရာသော သဲလွန်စကို ရှာတွေ့လိုရှာတွေ့ငြား အစီရင်ခံစာကို နောက်တစ်ခေါက် ထပ်မံ ဖတ်ကြည့်နေပြန်သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ အစီရင်ခံစာထဲတွင် ယခုကဲ့သို့ အခြေအနေမျိုးကို တစ်လုံးတစ်ပါဒမျှ ရေးသားထားခြင်း မရှိပါပေ။

ကျန်းဇီချီနှင့် ရဲ့ယွီကျိုးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားကြ၏။

ဒါဟာ သူတို့တွေ စေတနာလွန်ပြီး အမှားလုပ်လိုက်မိတာ ဖြစ်နိုင်ပါသည်။

ပြတိုက်မှူး၏ အစီရင်ခံစာတွင် အဆင့် (၄) သားရဲသွေး တစ်မျိုးကိုသာ ထိုးသွင်းရန် ရေးထားခြင်းဖြစ်ပြီး၊ သူ ဆိုလိုသည်မှာ တစ်မျိုးတည်းကိုသာ ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် သူတို့မှာ စောစောက စိုးရိမ်လွန်သွားသဖြင့် မတူညီသော သားရဲသွေး သုံးမျိုးလုံးကို ထိုးသွင်းလိုက်ကြခြင်း ဖြစ်၏။ ဒါက ကောင်းကျိုးထက် ဆိုးကျိုးကို ပို၍ ဖြစ်စေခဲ့ဟန် တူသည်။

တစ်နည်းအားဖြင့် ပြောရလျှင် သူတို့ကိုယ်တိုင်ကပင် အဖိုးအိုထျန်း၏ သားရဲကို ဒုက္ခပေးလိုက်မိသလို ဖြစ်နေချေပြီ။

သူတို့ မည်မျှအထိ အပြစ်မကင်းသလို ခံစားရမည်ကို မြင်ယောင်ကြည့်နိုင်ပါ၏။

သို့သော်လည်း ရုတ်တရက် ဒိုင်နိုဆောတစ်ကောင်၏ ဟိန်းဟောက်သံက ဤတိတ်ဆိတ်မှုကို ဖြတ်သန်းကာ ထွက်ပေါ်လာခဲ့သည်။

ခြောက်ကပ်နေပြီဟု ထင်ရသော ပိုးအိမ်ကြီးမှာ ရုတ်တရက် ပွင့်ထွက်သွားခဲ့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် အသားစများနှင့် သွေးစများ လွင့်စင်ထွက်သွားပြီး အတွင်းမှ ကြီးမားသော သတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ အလွန်ပင် ထူးဆန်းလှသော ‘တိုင်ရန်နိုဆောရပ်စ်’ ကြီးတစ်ကောင် ဖြစ်ပြီး တစ်ကိုယ်လုံးတွင် တောက်ပသော အရောင်အသွေးစုံ လေးမျိုးထက်မကသော အကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။ ခေါင်းမှ အမြီးအထိ ကျောရိုးတစ်လျှောက်တွင်လည်း အရိုးဆူးချွန်များမှာ မညီမညာ ပေါက်ဖွားနေခဲ့၏။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းလှသလို ကြမ်းတမ်းခက်ထန်သော အသွင်လည်း ရှိနေသည်။

ထို့ပြင် ထိုသားရဲကြီး၏ သွားများမှာလည်း...

ရဲယွီကျိုး၊ ကျီးကန်းနက်နှင့် ဝိညာဉ်ကလေးငယ်မိခင်တို့ကဲ့သို့သော ပုဂ္ဂိုလ်များပင်လျှင် ဤကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ကြပါပေ။ ထိုသားရဲကြီးတွင် သွားတန်းများစွာ ရှိနေခြင်းပင်။

“ဒါ ဘယ်လို သတ္တဝါကောင်ကြီးလဲ”

ရဲ့ယွီကျိုး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ရ၏။ သူ၏ ‘ပျံလွှားတိမ်တိုက် ရေနဂါး’ပင်လျှင် ဂနာမငြိမ် ဖြစ်လာခဲ့သည်။ သူတင်မကဘဲ ကျီးကန်းနက်၏ စွန်ရဲနက်နှင့် ဝိညာဉ်ကလေးငယ်မိခင်၏ ပင့်ကူတို့မှာလည်း ထိတ်လန့်တုန်လှုပ်နေကြချေပြီ။

အကယ်၍ ၎င်းမှာ အဆင့် (၃) သားရဲသာ ဖြစ်နေမည်ဆိုပါက အခြားသားရဲများ ဤကဲ့သို့ တုံ့ပြန်မည် မဟုတ်ပါပေ။

ဆိုလိုသည်မှာ ဤသွေးနှောတိုင်ရန်နိုဆောရပ်စ်ကြီးမှာ ယခုအခါ အဆင့် (၄) သို့ ရောက်ရှိသွားပြီ ဖြစ်၏။

အဖိုးအိုထျန်းမှာ ဒါကို အပြင်းအထန် ခံစားလိုက်ရသည်။

ဘာပဲဖြစ်ဖြစ် သူနှင့် သူ၏ သားရဲမှာ သွေးစာချုပ်ဖြင့် ဆက်နွယ်နေသည် မဟုတ်ပါလား။

သူ၏ သားရဲထံမှ စွမ်းအင်များကို သူ ပြန်လည် အာရုံခံနိုင်ပြီဖြစ်ကာ၊ ၎င်းမှာ အရင်က သူ မမှန်းဆရဲလောက်အောင်ပင် ပို၍ ပို၍ အစွမ်းထက်လာခဲ့ချေပြီ။

အဆင့် (၄)..

တကယ်ပဲ အဆင့် (၄) ပါလား...

အဖိုးအိုထျန်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပြီး သွေးများမှာလည်း ဦးနှောက်ဆီသို့ တိုးဝင်လာခဲ့သည်။ သူ၏ သားရဲမှာ ရုပ်ဆိုးသွားသည်ကို ခေတ္တဘေးဖယ်ထားလျှင်တောင်မှ၊ အဆင့် (၄) ၏ အရှိန်အဝါကတော့ အစစ်အမှန်ပင် ဖြစ်၏။

အဆင့် (၄) သာ ဖြစ်နေမည်ဆိုလျှင် ရုပ်နည်းနည်း ထူးဆန်းသွားတာက ဘာအရေးလဲ။

ဒါဟာ ကိစ္စမရှိပါပေ။

အဖိုးအိုထျန်းအတွက်တော့ ဒါဟာ တကယ့်ကို ရင်တထိတ်ထိတ် ဖြစ်ခဲ့ရသည့် ခရီးတစ်ခုပင်။ သူ၏ မျက်လုံးများ ပြန်လည် ပြာဝေသွားခဲ့ပြီးနောက် နောက်တစ်ကြိမ် ထပ်မံ သတိလစ်သွားပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပါရှိနေခဲ့ချေပြီ။

ကျီးကန်းနက်နှင့် ရဲ့ယွီကျိုးတို့က သူ့ကို နောက်တစ်ခါ ပြန်နှိုးလိုက်ကြ၏။

သတိပြန်ဝင်လာသောအခါ အဖိုးအိုထျန်းသည် သူတို့ကို နောက်တစ်ကြိမ် ကျေးဇူးတင် အရိုအသေ ပေးလိုက်ပြန်သည်။ ဤအချိန်တိုလေးအတွင်းမှာပင် သူသည် ကျေးဇူးတင်စကားကို နှစ်ကြိမ်တိုင်တိုင် ပြောခဲ့ပြီး ဖြစ်၏။

“ပြတိုက်မှူးရဲ့ အစီရင်ခံစာက တကယ်ကို အံ့သြစရာပဲ... ငါတို့တွေ အဆင့် (၃) ကနေ အဆင့် (၄) ကို အောင်အောင်မြင်မြင် အဆင့်မြှင့်နိုင်ခဲ့ကြပြီ... ပြတိုက်မှူးရဲ့ အစီရင်ခံစာသာ မရှိရင် ငါတို့တွေ ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး”

ရဲ့ယွီကျိုးက ပြတိုက်မှူးကို ချီးကျူးစကား ဆိုလိုက်သည်။ သူသည် ဤကိစ္စတွင် မိမိကိုယ်ကို ဂုဏ်မဖော်ဝံ့ပါပေ။

အားလုံးကလည်း သူ့စကားကို သဘောတူကြ၏။

အစီရင်ခံစာအတိုင်း လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ရာ ဒါဟာ သဘာဝကျလှပေသည်။ မည်သူမျှ ဤနည်းပရိယာယ်များနောက်ကွယ်မှ လျှို့ဝှက်ချက်ကို နားမလည်ကြသလို၊ ဘာကြောင့် အဆင့် (၄) သားရဲသွေးကို ထည့်လိုက်ခြင်းက အဆင့်တက်ခြင်းကို ပြီးမြောက်စေသလဲဆိုသည်ကိုလည်း မသိကြပါပေ။

ဒါဟာ သူတို့၏ သိနားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့ချေပြီ။

ရဲ့ယွီကျိုးကဲ့သို့သော ပုဂ္ဂိုလ်မျိုးအတွက်ပင် ထိုသို့ပင် ဖြစ်၏။ သားရဲအကဲဖြတ်ခြင်းနှင့် ပတ်သက်လျှင် သူ၏ အစွမ်းမှာ အဆင့် (၁) အကဲဖြတ်မှူးတစ်ဦးနှင့် တန်းတူ ရှိနိုင်သော်လည်း၊ ပြတိုက်မှူးနှင့် နှိုင်းယှဉ်လိုက်ပါက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။

“အဆင့်တက်တာ အောင်မြင်သွားတာ ကောင်းတာပေါ့... အဖိုးအိုထျန်း... ခင်ဗျား ပြန်ရောက်သွားရင် ဒီပြဿနာတွေကို ကောင်းကောင်း ဖြေရှင်းနိုင်မှာပါ”

ကျီးကန်းနက်က ပြုံး၍ပြောလိုက်၏။

အဖိုးအိုထျန်းက ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်၏။

“သေချာတာပေါ့"

ထို့ကြောင့် အစက စကားကျယ်ကျယ်ပင် မပြောရဲဘဲ ကြောက်ရွံ့နေခဲ့သော အဖိုးအိုထျန်းမှာ ရုတ်တရက် ပို၍ မာန်ပါလာခဲ့ဟန် တူသည်။

သူ့ထံမှ သတ်ဖြတ်လိုသော အရှိန်အဝါများပင် လျှံထွက်နေခဲ့၏။

ခေတ္တမျှ တွေးတောပြီးနောက် ရဲ့ယွီကျိုးက သူ့ကို သတိပေးလိုက်သည်။

“အဖိုးအိုထျန်း... အခု ခင်ဗျားရဲ့ သားရဲက အဆင့်တက်သွားပြီး အစွမ်းတွေ အရမ်းကြီးလာပြီဆိုတော့ ခင်ဗျားရဲ့ ဘေးအန္တရာယ်က ခြိမ်းခြောက်မှု မဟုတ်တော့ဘူး... ဒါကြောင့် ကျုပ် တစ်ခုပဲ သတိပေးချင်တာက... ပြတိုက်မှူးက လူသတ်တာကို သိပ်ပြီး သဘောမကျဘူးနော်"

ဤစကားကို ကြားလိုက်ရသောအခါ အဖိုးအိုထျန်း၏ နှလုံးသားမှာ ထိတ်ခနဲ ဖြစ်သွားရ၏။ စောစောက ပျော်ရွှင်မှုများမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ရသည်။

သို့သော် ရဲ့ယွီကျိုးမှာ စေတနာနှင့် ပြောခြင်းဖြစ်ကြောင်း သူ သိပါ၏။

“ကျုပ် သိပါတယ် အစ်ကိုကြီးရဲ့ စိတ်မပူပါနဲ့၊ အဲဒီလူတွေက ကျုပ်ကို သစ္စာဖောက်ခဲ့ကြပေမဲ့ ကျုပ်တို့တွေက တစ်ချိန်က သစ္စာဆိုထားတဲ့ ညီအစ်ကိုတွေပါပဲ... တကယ်လို့ သူတို့တွေ နောင်တရမယ်ဆိုရင် ကျုပ် သေချာပေါက် ခွင့်လွှတ်ပေးမှာပါ... သူတို့ကပဲ ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တောင် ကျုပ်သူတို့ကို အခွင့်အရေး ထပ်ပေးပါဦးမယ်... ကျုပ် လူမသတ်ပါဘူး”

ဤစကားကို ကြားရသောအခါ ရဲ့ယွီကျိုးက ခေါင်းညိတ်ပြကာ ပြောလိုက်၏။

“အဲဒါ အကောင်းဆုံးပေါ့... အဲဒါ အကောင်းဆုံးပဲ”

အခန်း (၂၈၆) - ကျန်ရစ်သော ဝိညာဉ်အသိ

အဖိုးအိုထျန်း၏ ဘေးအန္တရာယ်မှာ ပြေလည်သွားပြီဟု ဆိုရပေမည်။ ဧည့်သည်များအားလုံး စုပေါင်းအားထုတ်ကြပြီး ပြတိုက်မှူး၏ အစီရင်ခံစာကို အသုံးချကာ ‘တိုင်ရန်နိုဆောရပ်စ်’ ကို အောင်မြင်စွာ အဆင့်မြှင့်တင်ပေးနိုင်ခဲ့ကြ၏။

အဖိုးအိုထျန်း၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်နေပြီး ပီတိများ ဖုံးလွှမ်းနေခဲ့သည်။ သူသည် သားရဲ၏ ပိုင်ရှင်ဖြစ်သော်လည်း လက်ရှိတွင် သူ၏ အဖော်သားရဲကြီးမှာ အဘယ်ကြောင့် အရောင်အသွေးစုံသော အကြေးခွံများ ရှိနေရသလဲ၊ အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်ဖြစ်သွားရသလဲဆိုသည်ကိုတော့ သူကိုယ်တိုင်လည်း သေချာမသိပါပေ။ အချို့အချိန်များတွင် ထိုသားရဲကြီးကို ထိန်းချုပ်ရန်ပင် သူ ခက်ခဲနေခဲ့သည်။

သို့သော် ဤအရာများမှာ ပြဿနာမဟုတ်ပါပေ။

အရေးအကြီးဆုံးအချက်မှာ သူ့ထံတွင်လည်း အဆင့် (၄) သားရဲတစ်ကောင် ရှိနေပြီဟူသော အချက်ပင် ဖြစ်သည်။

ဤအစွမ်းဖြင့်ဆိုလျှင် သူ နေထိုင်ရာ ဒေသတွင် ထျန်းပေါင်ဟူသော အမည်မှာ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။ အဆင့် (၄) သားရဲကို ပိုင်ဆိုင်ထားသူတစ်ဦးသည် မည်သည့်နိုင်ငံကိုမဆို အလွယ်တကူ ခြိမ်းခြောက်နိုင်သည်မှာ သဘာဝကျလှပေသည်။

ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

အဖိုးအိုထျန်းသည် သူ၏ တောက်ပသော အနာဂတ်ကို စတင်မျှော်လင့်နေမိတော့သည်။

ထိုသို့ဖြစ်လာရခြင်း၏ အဓိကအကြောင်းရင်းမှာ အဘယ်အရာဖြစ်သည်ကိုလည်း သူ ကောင်းကောင်းသိပါသည်။ သူ၏ အကြီးမားဆုံးသော အားကိုးရာမှာ သူ၏ သားရဲကြီးမဟုတ်ဘဲ ဤ ‘ဧည့်ခန်းမ’ သာ ဖြစ်ချေသည်။

ယခုမှသာ အဖိုးအိုထျန်းသည် ပြတိုက်မှူး မည်မျှအထိ အစွမ်းထက်ကြောင်း အမှန်တကယ် သိရှိသွားတော့သည်။ ကျီးကန်းနက်၊ ဝိညာဉ်ကလေးငယ်မိခင်နှင့် အစ်ကိုကြီးရဲ့တို့ကဲ့သို့သော ပုဂ္ဂိုလ်များက ပြတိုက်မှူးကို အဘယ်ကြောင့် ဤမျှအထိ ရိုသေကြသည်ကိုလည်း သူ နားလည်သွားခဲ့ပြီ။ သူ ဤနေရာသို့ စတင်ရောက်ရှိလာစဉ်က ပြုမူခဲ့သော အမူအရာများကို ပြန်တွေးမိကာ မိမိကိုယ်ကိုယ် ပါးရိုက်ချင်စိတ်ပင် ပေါက်သွားရ၏။

ကံကောင်းထောက်မစွာဖြင့် အချိန်မနှောင်းမီ သူ သတိဝင်လာခဲ့ခြင်းပင်။

ယခုမူ အဖိုးအိုထျန်းသည် အခြားသူများနှင့် အေးဆေးစွာ စကားပြောနိုင်ပြီဖြစ်ကာ သူတို့အားလုံး နောက်ထပ် ပြဿနာတစ်ခုကို ဆွေးနွေးနေကြသည်။

ပြတိုက်မှူးသည် အဘယ်ကြောင့် ဤမျှအထိ အလျင်စလို ထွက်သွားရသနည်း။ သူသည် နှုတ်ဆက်ရုံမျှသာ ဝင်လာပြီး ချက်ချင်း ပြန်ထွက်သွားခဲ့ခြင်းပင်။ ဤကဲ့သို့သော အဖြစ်အပျက်မျိုး တစ်ခါမျှ မရှိခဲ့ဖူးပါပေ။

ပြတိုက်မှူး တစ်စုံတစ်ရာသော အန္တရာယ်နှင့် ကြုံနေရတာလား။

ဤယူဆချက်ကို သူတို့ ချက်ချင်းပင် ပယ်ဖျက်လိုက်ကြသည်။ ဧည့်ခန်းမမှ ဧည့်သည်များအဖို့ ဤလောကတွင် ပြတိုက်မှူးကို ခြိမ်းခြောက်နိုင်မည့်အရာ ရှိလိမ့်မည်ဟု သူတို့ မထင်ကြပါပေ။

သူတို့သည် ပြတိုက်မှူးအပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိကြသည်။

ထို့ကြောင့် နောက်ဆုံးတွင် သူတို့၏ ဆွေးနွေးမှုမှာ အဖြေမထွက်ခဲ့ပါပေ။ ဝိညာဉ်ကလေးငယ်မိခင်မှာလည်း အခေါင်းအိုကြီး၏ ဖုတ်ကောင်သားရဲအကြောင်း မမေးလိုက်ရသလို၊ ဟယ်ချန်းမှာလည်း သူမ၏ အစ်မဖြစ်သူ ဟယ်ယု၏ ကျေးဇူးတင်စကားကို မပြောလိုက်ရပါပေ။ သူတို့တွင် ပြောစရာများစွာ ရှိနေသော်လည်း ပြောခွင့်မရခဲ့ကြသည်မှာ နှမြောစရာပင်။

နောက်တစ်ကြိမ် ‘ဧည့်ခန်းမ’ ပွင့်လာမည့် အချိန်ကိုသာ သူတို့ စောင့်ဆိုင်းနေကြရတော့သည်။

တစ်ဖက်တွင်မူ ‘ဧည့်ခန်းမ’ မှ ထိုနယ်မြေထဲသို့ ပြန်ရောက်လာသော လင်းကျင်းသည် ထူးဆန်းသော အရာတစ်ခုနှင့် ကြုံတွေ့လိုက်ရ၏။

သူသည် ‘တိမ်တိုက်ယာဉ်’ အတတ်ကို အဓိပ္ပာယ်ဖော်ရန် အလျင်စလို ပြန်လာခဲ့ခြင်းပင်။ သူသည် ၎င်းကို အနည်းငယ် စတင်နားလည်စပြုနေပြီ ဖြစ်သည်။ သို့သော် သူ ထိုင်ပြီး လေ့လာရန် ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ နောက်ကွယ်တွင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ လူတစ်ယောက် ထိုနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။

ထိုလူမှာ ယခုလေးတင် ရောက်ရှိလာခြင်း ဖြစ်ရပေမည်။ လင်းကျင်းသည် မိမိ၏ အာရုံခံနိုင်စွမ်းကို အလွန်ယုံကြည်မှု ရှိပါ၏။ ထို့ပြင် သူ၏ နောက်ကွယ်မှ ‘ဧည့်ခန်းမ’ သံတံခါးကြီးမှာလည်း လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးသဖြင့် လင်းကျင်း၏ အာရုံခံစားမှုများမှာ ပို၍ ထက်မြက်နေခဲ့သည်။

ဤလူမှာ ကွင်းပြင်ဘက်မှ လာခြင်းမဟုတ်ကြောင်း လင်းကျင်း သိနိုင်ပါသည်။ ထို့ပြင် သူ၏ အစွမ်းမှာလည်း အံ့သြစရာ ကောင်းလှပေသည်။ အဘယ်ကြောင့်ဆိုသော် လင်းကျင်းမှလွဲ၍ ဟူယွီကျန်းမှာ ဤလူ ရောက်နေသည်ကိုပင် အာရုံခံမိပုံမရသောကြောင့်ပင်။

ထို့အပြင် ထိုလူမှာ ရှေးကျလှသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး အစွမ်းထက်ဟန် ရှိသော်လည်း၊ သူ၏ အရှိန်အဝါမှာ သာမန်လူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေကာ၊ ကွင်းပြင်ထဲမှ လူများထက်ပင် ပို၍ အားနည်းနေသကဲ့သို့ ခံစားရသည်။

ဒါဟာ ပို၍ ထူးဆန်းနေခဲ့ချေပြီ။ ပုံမှန်မဟုတ်သော အခြေအနေနှင့် ကြုံရသောအခါ သတိထားရမည်မှာ သဘာဝပင်။

ထို့ကြောင့် လင်းကျင်းသည် သူ၏ လေ့လာမှုကို ရပ်တန့်လိုက်ကာ ထရပ်ပြီး ထိုလူကို အသင့်ပြင်ကာ စိုက်ကြည့်လိုက်တော့သည်။ အကယ်၍ ရန်သူဖြစ်ပါက လင်းကျင်းသည် ချက်ချင်း တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထား၏။

ပြောရမည်ဆိုလျှင် သားရဲသခင် စတုတ္ထတွဲကို ကျင့်ကြံပြီး ရှောင်ဟော့နှင့် ပေါင်းစပ်ပြီးနောက် သူ၏ အစွမ်းကို ပြသရန် အခွင့်အရေး မရသေးပါပေ။ အကယ်၍ ဤလူမှာ ရန်သူဖြစ်ပါက လင်းကျင်းအတွက် သူ၏ လက်ရှိအစွမ်းကို စမ်းသပ်ရန် အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။

ထိုအချိန်မှာပင် သူ၏ ဘေး၌ အရိုအသေပေးကာ စောင့်ဆိုင်းနေသော ဟူယွီကျန်းသည် ရုတ်တရက် လှည့်ကြည့်လိုက်၏။ သူမသည် ဤဧည့်သည်အသစ် ရောက်နေသည်ကို သတိပြုမိသွားပြီး ထရပ်လိုက်တော့သည်။

လင်းကျင်းက သူမကို လက်ပြကာ မဆင်မခြင် မလုပ်ရန် အချက်ပြလိုက်၏။

ထိုအခါ ထိုလူက ပြုံးလိုက်ပြီး လက်ယှက်ကာ အရိုအသေ ပေးလိုက်သည်။

“ပြင်ပလောကမှာ ဝိညာဉ်စွမ်းအားတွေ ဆုံးရှုံးကုန်တာက ငါတို့ရဲ့ မသေမျိုးလမ်းစဉ်ကို ဖျက်ဆီးပစ်လိုက်တာပဲ... ဒါပေမဲ့ ဒီလို ခရီးဖော်တစ်ယောက်နဲ့ ဒီနေရာမှာ ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ဒါက တကယ့်ကို ရှားပါးတဲ့ အခွင့်အရေးပဲ”

တစ်ဖက်လူက ယဉ်ကျေးပျူငှာစွာ ဆက်ဆံလာသဖြင့် လင်းကျင်းအနေဖြင့်လည်း မာန်တင်းမနေတော့ဘဲ ပြန်လည် အရိုအသေ ပေးလိုက်၏။

ထိုလူသည် ပြုံးလျက် အနားသို့ တိုးလာခဲ့သည်။ သူ အနားသို့ ရောက်သောအခါ ဟူယွီကျန်းကို ကြည့်ကာ ခေါင်းခါလိုက်၏။

“မိတ်ဆွေ... ဒါက မိစ္ဆာတစ်ကောင်ပဲ... ဘာလို့ သူ့ကို မိတ်ဆွေရဲ့ ဘေးမှာ ထားထားရတာလဲ”

သူ၏ အသံမှာ တည်ငြိမ်နေသော်လည်း သတ်ဖြတ်လိုသော အရှိန်အဝါများ ပါဝင်နေခဲ့သည်။

ဟုတ်ပါသည်၊ ထိုရန်လိုမှုမှာ လင်းကျင်းကို ရည်ရွယ်ခြင်းမဟုတ်ဘဲ ဟူယွီကျန်းကို ရည်ရွယ်ခြင်းပင်။

ဟူယွီကျန်းမှာ အန္တရာယ်ကို ချက်ချင်း အာရုံခံမိလိုက်သည်။ ဤခြိမ်းခြောက်မှုမှာ သူမအပေါ်သို့ မြင့်မားလှသော တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ သို့မဟုတ် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ ခံစားရ၏။ သူမအနေဖြင့် ပြန်လည် ခုခံရန် သို့မဟုတ် တိုက်ခိုက်ရန်ပင် မတတ်နိုင်ပါပေ။

ဟူယွီကျန်းမှာ ငတုံး မဟုတ်ပါပေ။ သူမသည် နှစ်ပေါင်းရာချီ ကျင့်ကြံထားသော၊ လူသားတို့၏ ဉာဏ်ရည်မျိုး ပိုင်ဆိုင်ထားသော မိစ္ဆာတစ်ကောင် ဖြစ်သည်။ ဤခဏတွင် သူမ၏ အသက်ဘေးကို ခြိမ်းခြောက်ခံနေရကြောင်း သူမ ကောင်းကောင်း သိရှိပါ၏။ သို့သော် ဝမ်းနည်းစရာအချက်မှာ သူမအနေဖြင့် အသက်ရှင်မလား၊ သေမလားဆိုသည်ကို ရွေးချယ်ခွင့် မရှိခြင်းပင်။ တစ်နည်းအားဖြင့် သူမ၏ အသက်မှာ သူမလက်ထဲတွင် မရှိတော့ပါပေ။

သူမကို ကယ်တင်နိုင်မည့် တစ်ဦးတည်းသောသူမှာ လူကြီးမင်းလင်းသာ ဖြစ်သည်။

သို့သော် ဟူယွီကျန်းမှာ ယခုအချိန်တွင် လူကြီးမင်းလင်းကိုပင် လှမ်းမကြည့်ရဲပါပေ။ သူမသည် လှုပ်ရှားလိုက်လျှင် မိုးကြိုးပစ်ခံရမည်ကဲ့သို့ ထိုနေရာမှာတင် တောင့်တောင့်ကြီး ရပ်နေမိတော့သည်။

မျောက်ဖြူမှာလည်း ကြောက်လန့်တကြား ခေါင်းငုံ့နေပြီး၊ အခေါင်းထဲမှ ဖုတ်ကောင်မှာလည်း အသံတစ်ချက်မျှ မထွက်ဘဲ အလောင်းတစ်လောင်းလို ဟန်ဆောင်နေခဲ့ချေပြီ။

ဤနေရာတွင် စိတ်အေးအေးထားနိုင်သူမှာ လင်းကျင်းတစ်ဦးတည်းသာ ရှိ၏။

ရှေးဟောင်းဝတ်စုံဝတ်ထားသော ဤလူမှာ တကယ်ပင် အံ့သြစရာကောင်းလှပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း အလွန်နက်ရှိုင်းကြောင်း သူ သိနိုင်ပါသည်။

သို့သော်လည်း လင်းကျင်းအနေဖြင့် ဟူယွီကျန်း၏ မိစ္ဆာအသိကို နှိမ်နင်းရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ အခြားသူတစ်ဦးကို ဝင်ရောက်စွက်ဖက်ခွင့် ပေးမည်မဟုတ်ပါပေ။ ထို့ပြင် အကယ်၍ သူသာ ဤခြိမ်းခြောက်မှုရှေ့တွင် အလျှော့ပေးလိုက်ပါက သူကိုယ်တိုင်လည်း အထင်သေးခံရပေလိမ့်မည်။

“သူ့ကို ထားလိုက်ပါ... သူ့ရဲ့ မိစ္ဆာအသိကို ကျုပ်ကိုယ်တိုင် နှိမ်နင်းမှာပါ"

လင်းကျင်းက ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်၏။

ရှေးဟောင်းဝတ်စုံနှင့် လူမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

“ကောင်းပြီ... ကောင်းပြီ... မိတ်ဆွေမှာ ဒီလို ရည်ရွယ်ချက်မျိုး ရှိတာ တကယ့်ကို ကောင်းတယ်”

သူ၏ ရယ်မောသံနှင့်အတူ စောစောက မရှိသလိုနှင့် နေရာအနှံ့ ပျံ့နှံ့နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာလည်း အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ဟူယွီကျန်းမှာ ချွေးစေးများဖြင့် စိုရွှဲသွားခဲ့ရပြီး သူမ၏ အသက်မှာ ယခုလေးတင် ဘေးမှ လွတ်မြောက်သွားခြင်းဖြစ်ကြောင်း သိလိုက်ရတော့သည်။

သူမ၏ စိတ်ထဲတွင်တော့ လူကြီးမင်းလင်းအပေါ် ရိုသေကိုးကွယ်မှုများမှာ ပို၍ပင် ကြီးမားလာခဲ့ချေပြီ။

ထို့နောက် ရှေးဟောင်းဝတ်စုံနှင့် လူက ဆက်ပြောလိုက်၏။

“ငါ့ရဲ့ ဒီ ‘မကုန်ဆုံးနိုင်တဲ့ သဘာဝ ရှုခင်း’ဆိုတဲ့ မှော်ရတနာထဲမှာ ငါ့ရဲ့ ကျန်ရစ်နေတဲ့ ဝိညာဉ်အသိလေးပဲ ရှိတော့တာ... ငါ ဒီအတိုင်း အေးအေးဆေးဆေး နေဖို့ပဲ ရည်ရွယ်ထားတာ... မိတ်ဆွေက တခြားနေရာကို ကူးပြောင်းနိုင်တဲ့ မှော်အတတ်ကို သုံးနေတာ မြင်လိုက်လို့သာ ငါ ကိုယ်ထင်ပြလိုက်တာပဲ... ငါ့မထင်ထားဘူး.... ငါ့ရဲ့ ဒီမှော်ရတနာထဲမှာ အခြားနေရာကို ကူးပြောင်းနိုင်တဲ့သူကို မြင်ဖူးတာ ဒါက ပထမဆုံးအကြိမ်ပဲ”

ဤစကားကို ကြားလိုက်သောအခါ လင်းကျင်း ချက်ချင်းပင် နားလည်သွားတော့သည်။

ထိုလူ ဆိုလိုသည်မှာ ‘ဧည့်ခန်းမ’ ကို ဆိုလိုခြင်း ဖြစ်ရပေမည်။

ထိုခဏမှာပင် လင်းကျင်း၏ နောက်ကွယ်မှ ‘ဧည့်ခန်းမ’ တံခါး၏ ဝေဝါးသော ပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။

လင်းကျင်းအနေဖြင့် ဒါကို ရှင်းပြရန် ခက်ခဲလှသလို၊ ရှင်းပြ၍လည်း မရပါပေ။ ထို့ကြောင့် သူက ပြုံးလိုက်ကာ ပြောလိုက်၏။

"ကျုပ် ခင်ဗျားကို ထိတ်လန့်သွားအောင် လုပ်မိပြီထင်တယ်”

“မဟုတ်တာပဲ... ဒါက ထိတ်လန့်စရာထက် ရင်ခုန်စရာ ပိုကောင်းတယ်”

ထိုလူက လက်ယှက်ကာ အရိုအသေ ပေးလိုက်၏။

“အမှန်အတိုင်း ပြောရရင် ငါ့ရဲ့ ဒီကျန်ရစ်တဲ့ ဝိညာဉ်အသိက မကြာခင်မှာ ကုန်ဆုံးတော့မှာ... ငါ လုံးဝ ပျောက်ကွယ်မသွားခင်မှာ မိတ်ဆွေလို ပညာရှင်တစ်ဦးနဲ့ ဆုံခွင့်ရတာ ဂုဏ်ယူစရာပဲ”

လင်းကျင်းမှာတော့ ဤစကားကြောင့် အနည်းငယ် ရှက်ရွံ့သွားရသည်။

ရှေးဟောင်းဝတ်စုံနှင့် လူမှာ ‘ဧည့်ခန်းမ’ တံခါးကို မြင်ပြီး အထင်မှားနေခြင်းမှာ သိသာလှ၏။ ၎င်းမှာ လင်းကျင်း၏ ကိုယ်ပိုင်အစွမ်းကြောင့် ပေါ်လာခြင်းမဟုတ်ဘဲ သားရဲပြတိုက်၏ အစွမ်းကြောင့်သာ ဖြစ်သည်။ သို့သော် လင်းကျင်းအနေဖြင့် ဒါတွေကို ပြောပြ၍ မဖြစ်ပါပေ။

ထို့အပြင် ဤအထင်မှားမှုမှာ ကောင်းသောအချက်လည်း ဖြစ်ပါသည်။ ရှေးဟောင်းဝတ်စုံနှင့် လူမှာ အလွန်အစွမ်းထက်ကြောင်း လင်းကျင်း သိနိုင်ပါသည်။ သူ၏ ရှင်းပြချက်အရ သူတို့သည် ‘မကုန်ဆုံးနိုင်သော သဘာဝ ရှုခင်း’ ဟု ခေါ်သော မှော်ရတနာတစ်ခုအတွင်း ရောက်နေကြခြင်းဖြစ်ကာ၊ ၎င်းမှာ ဤလူ၏ ပိုင်ဆိုင်မှု ဖြစ်၏။ တစ်နည်းအားဖြင့် ပြောရလျှင် ဤလူမှာ ဒဏ္ဍာရီလာ ကျင့်ကြံသူတစ်ဦး သို့မဟုတ် ခြင်္သေ့စစ်သူကြီး ပြောခဲ့သော မသေမျိုးနတ်မင်းတစ်ပါး ဖြစ်ရပေမည်။

ထို့ကြောင့် ဤအထင်မှားမှုကို ဒီအတိုင်းပင် ထားရှိလိုက်ခြင်းက အကောင်းဆုံးပင်။ မဟုတ်လျှင် ဤနတ်မင်းက လင်းကျင်း သူ့ကို လိမ်နေသည်ဟု သိသွားပါက ဒုက္ခရောက်နိုင်သည် မဟုတ်ပါလား။

All Chapters