ဆောင်းဦးမှာကြွေတဲ့သစ်ရွက်နီလေးတွေ
Vol. 7 Ch. 633
သို့သော် ဆန်းရော့ရှီ နားမလည်သည့် အချက်တစ်ခု ရှိလေသည်။
တာအိုကျင့်ကြံသူ အမျိုးသမီးသည် “နှောင်ကြိုးများကို ဖြတ်တောက်ချင်သည်” ဆိုလျှင် အဘယ့်ကြောင့် သူမကိုတော့ မသတ်ရပါသနည်း။ သူမသည် ထိုမေးခွန်းကို ထုတ်ဖော် မေးမြန်းခဲ့ခြင်းတော့ မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူမ မသေချင် သေးသောကြောင့် ဖြစ်လေသည်။
နောက်တစ်ခါ လူပြန်ဝင်စားဦးမည် ဆိုလျှင်တောင်မှ အတိတ်ဘဝမှ အကြောင်းအရာများကို မှတ်မိ နိုင်ပါတော့မည်လား မသေချာလှပေ။
တာအိုကျင့်ကြံသူ အမျိုးသမီးသည် ချောမောလှပသည့် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း လှပစွာ ဝတ်စား ဆင်ယင်ထားခြင်းတော့ မရှိပေ။ သို့တိုင်အောင် ရော့ရှီတွေ့ခဲ့ဖူးသမျှ အမျိုးသမီးတိုင်းတွင် သူမသည် အလှဆုံး ဖြစ်လေသည်။ သူမသိချင်နေသည့် ပြဿနာမှာ ရော့ရှီ၏ဖခင်သည် သူမကို လက်မထပ်ဘဲ အဘယ့်ကြောင့် ရော့ရှီ၏မိခင်ကို လက်ထပ်ခဲ့ရပါသနည်း ဆိုသည့် အဖြေပင် ဖြစ်လေသည်။
နောက်ပိုင်းတွင်တော့ ဘုရင့်နေပြည်တော်တွင် အမတ်ကြီး ရှောင်းတောက်ဆိုသူက အာဏာသိမ်းယူခဲ့သည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
အမတ်ကြီးသည် ယခင်တော်ဝင်မျိုးနွယ်များ အားလုံးကို လိုက်လံ ဖမ်းဆီးခဲ့လေသည်။
ဆန်းရော့ရှီ၏ ဖခင်ဖြစ်မှာ ယခင်မင်းကြီး၏ ပထမမိဖုရားနှင့် ရသည့် သားတော်တစ်ပါး ဖြစ်လေသည်။ ထို့ကြောင့် ရော့ရှီသည်လည်း ယခင်မင်းကြီး၏ တော်ဝင်မျိုးနွယ် တစ်ယောက်အဖြစ် သတ်မှတ်နိုင်လေသည်။ ထို့ကြောင့် ရော့ရှီကိုသာ အသုံးချပြီး ထီးနန်း ပြန်သိမ်းမည်ဆိုလျှင် ရှောင်းသောက် အနေဖြင့် ပြဿနာများစွာ ရင်ဆိုင်ရနိုင်လေသည်။
ထို့ကြောင့် တာအိုကျင့်ကြံသူ အမျိုးသမီးနှင့် ဆန်းရော့ရှီတို့ကို နန်းတွင်း စစ်သည်တော်များက လိုက်လံ ဖမ်းဆီးခဲ့ကြလေသည်။ လိုက်လံ ဖမ်းဆီးသူများထဲတွင် တာအို ကျင့်ကြံသူများပင် ပါဝင်နေသေးသည်။ ထိုကျင့်ကြံသူများသည် တာအိုကျင့်ကြံသူ အမျိုးသမီးလောက် တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိသည့်တိုင် သူမတို့သွားနေသည့် လမ်းခရီးကိုတော့ နှောင့်နှေးအောင် လုပ်နိုင်လေသည်။
ပြောရမည်ဆိုလျှင် ယခုဘဝတွင် ဆန်းရော့ရှီသည် ဆန်းရော့ရှီ မဟုတ်ပါ။
ဘဝပေါင်းများစွာတွင် သူမသည် နာမည်အမျိုးမျိုးဖြင့် ရှင်သန်ခဲ့လေသည်။ သို့သော် … သူမ မှတ်မိနေသည်မှာ သူမသည် ဆန်းရော့ရှီ ဖြစ်သည်ဆိုသည့် အချက်ပင် ဖြစ်လေသည်။
ယခင်မင်းဆက်မှ မင်းမျိုးမင်းနွယ်များ၏ မျိုးနွယ်မှာလည်း “ရှောင်း” ပင် ဖြစ်လေသည်။ တိုင်းပြည်၏ အမည်ကတော့ တာ့ချီတိုင်းပြည် ဖြစ်လေသည်။ သို့သော် အာဏာသိမ်းယူလိုက်သည့် အမတ်မင်း ရှောင်းတောက်သည် “ရှောင်း” မျိုးနွယ်ဖြစ်သည့်တိုင် တာ့ချီပြည်၏ တော်ဝင်မိသားစုနှင့် ပတ်သက်ဆက်နွှယ်သူ တစ်ယောက်တော့ မဟုတ်ခဲ့ပေ။
အမတ်ကြီး ရှောင်းတောက် ထီးနန်းသိမ်းရန် အတွက် လူ (၂)ယောက်က ကူညီခဲ့လေသည်။
တစ်ယောက်မှာ ထောင်ဟုန်ကျန်းရန် နတ်ဘုရားဖြစ်ပြီး နောက်ထပ် တစ်ယောက်မှာ ကျန်းတုန်းနယ်မှ ထိပ်တန်းမိသားစုတစ်ခု ဖြစ်သည့် ဆန်းအိမ်တော်မှ ဆန်းလျန်ပင် ဖြစ်လေသည်။ သူတို့ (၂)ယောက်လုံးသည် ကျင့်ကြံသူဂိုဏ်းများနှင့် ပြည်သူများအပေါ်တွင် သြဇာလွှမ်းမိုးသူများ ဖြစ်ကြလေသည်။ ထို့ပြင် နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက်ရန် အတွက် အဓိက ထောက်ထိုင်များ ဖြစ်ကြလေသည်။
ထိုလောကရှိ ဆရာသခင် (၃)ပါးတွင် သူတို့ (၂)ယောက်သည်လည်း အပါအဝင် ဖြစ်လေသည်။
ထို့ပြင် လောကတွင် သူတို့ (၂)ယောက်ကို မည်သူကမှ မယှဉ်နိုင်ကြပေ။ ဘုရင့်နေပြည်တော်မှ ပြည်သူများကတော့ အမတ်ကြီး ရှောင်းတောက်ကို နှစ်သက်ကြခြင်းမရှိပါ။
လောကတွင် တတိယမြောက် တန်ခိုးစွမ်းအား မြင့်မားသည့် ဆရာသခင် ဖန့်ကျန်းသည် ဖြတ်တောက်ခြင်း ကျင့်စဉ်ဝါဒကို ယူဆောင်လာသူဖြစ်ပြီး မင်းမျိုးမင်းနွယ်များနှင့် သိုင်းလောက တစ်ခွင်တွင် သြဇာအာဏာကြီးမားသူ တစ်ယောက် ဖြစ်လေသည်။ သူသည် ဆန်းလျန်နှင့် ထောင်ဟုန်တို့နှင့် တန်းတူအရည်အချင်း မြင့်မားလေသည်။
ရှောင်းတောက်သည် ဖန့်ကျန်းကို တိုက်ခိုက်ရန်အတွက် တရားအလင်း ရထားသည့် ဘုန်းတော်ကြီး အပါး (၅၀)နှင့် တာအိုဆရာများစွာကို စေလွှတ်ခဲ့လေသည်။ သို့သော် ထိုသူများအားလုံးသည် ဖန့်ကျန်းကို အနိုင်ရရှိခြင်း မရှိခဲ့ကြပေ။ ထို့ပြင် ဆရာသခင် တစ်ပါးကို အင်အားသုံးပြီး တိုက်ခိုက်ခြင်းသည် မလုပ်သင့်သည့် အလုပ်တစ်ခု ဖြစ်လေသည်။
ထိုအချက်များသည် တာအိုကျင့်ကြံသူ အမျိုးသမီးက ရော့ရှီကို ပြောပြသည့် အချက်များပင် ဖြစ်လေသည်။
ထို့ပြင် တာအိုကျင့်ကြံသူ အမျိုးသမီးသည် ရော့ရှီကို မသတ်ရသည့် အကြောင်းရင်းမှာ သူမကို ဘုရင့်မြို့တော်သို့ ခေါ်ဆောင်သွားပြီး ဖန့်ကျန်းဆီသို့ ပို့ဆောင်ရမည် ဖြစ်သောကြောင့်ပင်။ ရှောင်းတောက်ကို အာဏာမှ ဖြုတ်ချရန်အတွက် ယခင် ဧကရာဇ်မင်း၏ အနွယ်တော်ဖြစ်သည့် ရော့ရှီ၏ ဂုဏ်ပုဒ်ကို အသုံးပြုရမည် ဖြစ်လေသည်။
ဖြတ်တောက်ခြင်း ကျင့်စဉ်ဝါဒ နာမည်ကြီးလာပြီး ထိုဝါဒကို လူအများက လက်ခံလာကြမည် ဆိုလျှင် တာအိုဝါဒနှင့် ဗုဒ္ဓဘာသာများသည် ကွယ်ပျောက် သွားနိုင်ချေရှိလေသည်။
ဆန်းရော့ရှီသည် ထူးထူးဆန်းဆန်း ခံစားနေရလေသည်။
ထိုသို့သာ အမှန်တကယ် ဖြစ်လာပါက တာအိုကျင့်ကြံသူ အမျိုးသမီးသည် သံသရာလည်ခြင်း လမ်းစဉ်ကို ဆန့်ကျင်သူတစ်ယောက် ဖြစ်နေပေလိမ့်မည်။
တာအိုကျင့်ကြံသူ အမျိုးသမီးက ကျင့်ကြံခြင်းသည် လူတစ်ယောက်ကို သန်မာလာစေသည်ဟု ရော့ရှီကို ပြောပြလေသည်။ ပုရွက်ဆိတ် တစ်ကောင်ကိုပင် လူသား တစ်ယောက်ကဲ့သို့ သန်မာလာစေမည် ဖြစ်လေသည်။ သို့သော် ပုရွက်ဆိတ်ပဲဖြစ်ဖြစ် လူသားပဲဖြစ်ဖြစ် တစ်နေ့တွင် သေဆုံး ပျောက်ကွယ် သွားကြရမည်ပင် ဖြစ်လေသည်။ ထို့ကြောင့် သံသရာလည်ခြင်း လမ်းစဉ်သည် လွဲမှားနေသည်ဟု ဆိုလေသည်။
သို့သော် ဆန်းရော့ရှီသည် သူမနှင့် ဆန့်ကျင်ဘက် ဖြစ်လေသည်။ သူမသည် သံသရာလည်ခြင်း လမ်းစဉ်၏ သက်သေခံတစ်ယောက် ဖြစ်လေသည်။ သူမ အကြိမ်ပေါင်းမည်မျှ သေဆုံးခဲ့ပါစေ သူမ၏ဝိညာဉ်သည် ဆက်လက် တည်ရှိနေဆဲ ဖြစ်လေသည်။
သူမ စိတ်ပူနေသည့် အချက်မှာ…
လူတိုင်းက ဖြတ်တောက်ခြင်း လမ်းစဉ်ကို အမှန်ဟု ယူဆသွားကြလျှင် သူမအနေဖြင့် ရပ်တည် နေနိုင်တော့မည် မဟုတ်ပေ။ သူမနှင့် ရင်းနှီးသူ တစ်ယောက်က သူမကို ပြောပြခဲ့သည့် စကားများကို မှတ်မိ နေခဲ့လေသည်။
တစ်ချိန်တုန်းက ဘုရင်မကြီးမှလွဲပြီး တစ်တိုင်းပြည်လုံး ရူးသွပ်နေကြသည့် တိုင်းပြည်တစ်ပြည် ရှိလေသည်။ နောက်ဆုံးတွင် ပြည်သူများသည် ဘုရင်မကို ထူးဆန်းနေသည်ဟု စွပ်စွဲကာ လုပ်ကြံသတ်ဖြတ် လိုက်ကြလေတော့သည်။
သူမသည်လည်း ထူးဆန်းနေလျှင် ထိုဘုရင်မနှင့် ဘဝတူသွားလေမည်လား။
တွေးသာ တွေးနေရသည့် ရော့ရှီသည် လုပ်နိုင်စွမ်းကင်းမဲ့လျက် ရှိလေသည်။ သူမ၏ ဝိညာဉ်က ဘဝအဆက်ဆက် ဖြတ်သန်း လာခဲ့သော်လည်း သူမတွင် ထူးခြားသည့်စွမ်းရည် တစ်ခုမှ မရှိခဲ့ပါ။
တာအိုကျင့်ကြံသူ အမျိုးသမီးနောက်သို့ လိုက်လံဖမ်းဆီးကြသည့် သူများသည် များသည်ထက် များလာလေသည်။ ဘုရင့်နေပြည်တော်သို့ ရောက်ရန် နီးလာလေလေ တွေ့ကြုံရသည့် အတားအဆီးများ ပိုများလေလေဖြစ်သည်။
ဆန်းရော့ရှီနှင့် တာအိုကျင့်ကြံသူ အမျိုးသမီးသည် လမ်းခရီး တစ်နေရာတွင် အလွန်တန်ခိုးစွမ်းအား ကြီးမားသည့် လူတစ်ယောက်နှင့် ရင်ဆိုင်ရလေတော့သည်။
ထိုသူသည် တစ်ကိုယ်လုံး မီးများဖြင့် ဖုံးလွှမ်း လောင်ကျွမ်းနေသူ ဖြစ်လေသည်။
ထိုသူ နီးကပ်လာသည့် အခါတွင် ပတ်ဝန်းကျင် တစ်ခုလုံးရှိ မြက်ပင်များနှင့် သစ်ပင်များမှာ ညှိုးနွမ်းခြောက်သွေ့ သွားကြရလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုသူ၏ခန္ဓာကိုယ်တွင် တောက်လောင်နေသည့် မီးတောက်သည် မည်မျှပူပြင်းသည်ကို သိမြင်နိုင်မည် ဖြစ်လေသည်။
ထိုသူသည် ကြီးမားသည့် ဓားကြီးတစ်လက်ကိုလည်း ကိုင်ဆောင် ထားလေသည်။ ထိုဓားကြီးသည် ဆန်းရော့ရှီလေး၏ နဖူးပြင်ထက်ပင် ကျယ်ပြန့်သေးသည်။ ထို့ပြင် ထိုသူ၏ ခန္ဓာကိုယ်ကလည်း ကြံ့ခိုင် ကြီးမားလွန်းလေသည်။
ဆန်းရော့ရှီကတော့ သိပ်ပြီးကြောက်ရွံ့ခြင်းမရှိပါ။
သူမကို တာအိုကျင့်ကြံသူ အမျိုးသမီးက ကာကွယ်ပေးမည် ဖြစ်လေသည်။
ထို့ပြင် အမတ်ကြီး ရှောင်းတောက်၏ လူများက သူမကို ဖမ်းမိသွားပါကလည်း တာအိုကျင့်ကြံသူ အမျိုးသမီးလက်ထဲတွင် နေရသည့်အခြေအနေနှင့် ထူးမခြားနားပင် ဖြစ်ရမည် မဟုတ်ပါလား။
ထို့ပြင် သူမသည် ဖြတ်တောက်ခြင်း လမ်းစဉ်ကို နှစ်သက်သူတစ်ယောက် မဟုတ်ပေ။ ထိုဝါဒကို အတင်းအဓမ္မ လက်ခံခိုင်းမည် ဆိုလျှင်တော့ သူမ၏တည်ရှိမှုကို ဆန့်ကျင်သည့်သဘော သက်ရောက်နေမည် ဖြစ်လေသည်။
"ဆန်းလျန်က လောကရဲ့ဆရာသခင် (၃)ပါးထဲမှာ တစ်ပါးအပါအဝင်ပဲ၊ ပြီးတော့ သူရရှိထားတဲ့ နေရာကလည်း အရေးပါတယ်၊ သူ့မှာ နတ်ဘုရားစွမ်းအားတွေ ရှိတယ်၊ ပြီးတော့ သူ့မှာ ဖြူမည်းညီနောင်ရယ်၊ ဒြပ်စင် (၅)ဖော်ရယ်၊ စစ်ဗိုလ်ချုပ် (၈)ယောက်ဖြစ်တဲ့ မြေကြီး၊ တောင်၊ ရွှံ့နွံ၊ ရေ၊ မီး၊ လေနဲ့ လျှပ်စီးတွေလည်း ရှိတယ်၊ ရှင်က သူ့လက်အောက်က မီးစစ်ဗိုလ်ချုပ် ချီကျွေးယန်ပဲ ဖြစ်ရမယ်"
တာအိုကျင့်ကြံသူ အမျိုးသမီးက သူမ၏လက်ထဲမှ ငွေရောင်ဖူချန်ကို တစ်ချက်ဝေ့ယမ်းရင်း ပြောလိုက်လေသည်။ ထိုအခါ ဖူချန်မှာ အေးစက်သည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။
တစ်ကိုယ်လုံး မီးများ တောက်လောင်နေသည့် သူက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း….
"ဟုတ်တယ်၊ ကျုပ်က ချီကျွေးယန်ပါပဲ၊ မင်းကရော ထိုက်စု နတ်ဘုရားဂိုဏ်းရဲ့ ဘယ်ဂိုဏ်းခွဲကလဲ”
တာအိုကျင့်ကြံသူ အမျိုးသမီးက …
"လောကမှာ ထိုက်စုနတ်ဘုရားဂိုဏ်း ဆိုတာ မရှိတော့ဘူး၊ ကျွန်မကိုယ်တိုင်က ထိုက်စုပဲ"
ချီကျွေးယန်၏ မျက်နှာက တည်ကြည် လေးနက်သွားပြီး…
"မင်းစကားက ဘာအဓိပ္ပာယ်လဲ"
တာအိုကျင့်ကြံသူ အမျိုးသမီးက …
"နှောင်ကြိုးတွေကို ဖြတ်တောက်ပစ်ဖို့ အတွက် ထိုက်စုနတ်ဘုရားဂိုဏ်းက လူတွေအကုန်လုံးကို ကျွန်မ သတ်ပစ်လိုက်ပြီ၊ ကျွန်မကိုလှည့်စားခဲ့တဲ့ ယောက်ျားကိုလည်း သတ်ပစ်လိုက်ပြီ၊ ထိုက်စု နတ်ဘုရားဂိုဏ်းက ကျွန်မရဲ့ဆရာနဲ့ ဂိုဏ်းတူညီအစ်မတွေ အကုန်လုံးကိုလည်း သတ်ပစ်လိုက်ပြီ၊ ဒါမှ ပြီးပြည့်စုံတယ်လို့ သတ်မှတ်နိုင်မယ်"
တာအိုကျင့်ကြံသူ အမျိုးသမီးက တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်လေသည်။
ချီကျွေးယန်မှာ မီးဓားကျင့်စဉ်ကို ကျင့်ကြံ အောင်မြင်ထားသူ တစ်ယောက် ဖြစ်လေသည်။ သူသည် သံနှင့်ရွှေများကိုပင် အရည်ပျော်သည်အထိ မီးလောင်တိုက် သွင်းပစ်နိုင်လေသည်။
သို့သော် ယခုအချိန်တွင်တော့ သူ၏ရင်ထဲတွင် အေးစိမ့်မှုကို ခံစားလိုက်ရလေသည်။
ထိုက်စုနတ်ဘုရားဂိုဏ်း ဆိုသည်က ရှေးခေတ် အချိန်အခါ ကတည်းကပင် ကျင့်ကြံသူများ၏ မြင့်မြတ်သည့်နယ်မြေ တစ်ခုဖြစ်လေသည်။ သို့သော် … သူ့ရှေ့မှ တာအိုကျင့်ကြံသူ အမျိုးသမီးကတော့ဖြင့် ထိုက်စုနတ်ဘုရားဂိုဏ်း တစ်ခုလုံးကို သုတ်သင်သတ်ဖြတ် ပစ်လိုက်ပြီ။
ဤသည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ တန်ခိုးစွမ်းအားများ မည်မျှ မြင့်မားသည်ကို သိရှိနိုင်မည် ဖြစ်လေသည်။ လောက၏ ဆရာသခင် (၃)ပါးသည်ပင် သူမကို ယှဉ်ပြိုင် နိုင်ပါမည်လား မသေချာလှပေ။
တာအိုကျင့်ကြံသူ အမျိုးသမီးသည် ကြောက်မက်ဖွယ် ကောင်းသည့်တိုင် ချီကျွေးယန်ကတော့ နောက်ဆုတ်မည် မဟုတ်ပါ။ သူသာ နောက်ဆုတ်ခဲ့လျှင် ပိုပြီး အသေမြန်ရမည်ကို သိထားလေသည်။
ချီကျွေးယန်က တည်ငြိမ်သည့် လေသံဖြင့်…
"မင်းက ဘုရင်ကိုတောင် သတ်နိုင်တယ်ဆိုမှတော့ ကျုပ်ရဲ့ မီးဓားကိုလည်း အနိုင်ယူနိုင်မှာပါပဲ၊ ဒါပေမဲ့ ကျုပ်ကတော့ မင်းသမီးလေးကို အမိန့်အတိုင်း ခေါ်ဆောင် သွားရပါလိမ့်မယ်”
တာအိုကျင့်ကြံသူ အမျိုးသမီးက ဆန်းရော့ရှီလေးကို ပွေ့ချီလိုက်ပြီး နက်ရှိုင်းသည့် လေသံဖြင့်…
"မသေချင်ရင် ငြိမ်ငြိမ်နေ…"
ဟု ပြောလိုက်လေသည်။
ဆန်းရော့ရှီမှာ အနည်းငယ် တုံ့ဆိုင်းနေမိလေသည်။
ယခုဘဝတွင် အသေခံလိုက်ပြီး နောက်တစ်ဘဝ ပြန်ဝင်စားလျှင် ကောင်းမည်လားဟု ရော့ရှီ စဉ်းစား လိုက်မိလေသည်။ သို့သော်… သူမ အသေခံလိုက်လျှင် အဆုံးသတ်ကောင်း နိုင်ဖွယ်ရာ မရှိဟူ၍လည်း တစ်ဖက်မှ တွေးမိနေပြန်လေသည်။
သူမ စဉ်းစားနေစဉ်မှာပင် ချီကျွေးယန်က ဓားကို ဆွဲထုတ်လိုက်လေသည်။ မီးတောက်ဓားသွားမှ ထွက်ပေါ်လာသည့် အပူလှိုင်းများသည် ပတ်ဝန်းကျင်တစ်ခုလုံး သွေ့ခြောက်သွားတော့မည့် အလား ထင်မှတ်ရလေသည်။
တာအိုကျင့်ကြံသူ အမျိုးသမီးက တည်ငြိမ်နေဆဲပင်။
သူမက ကိုင်ဆောင်ထားသည့် ဖူချန်ကို တစ်ချက် ဝေ့ယမ်း လိုက်လေသည်။ လေပြည်အေး တစ်ချက် တိုက်ခတ်လာပြီး အပူလှိုင်းများအားလုံး ပျောက်ကွယ် သွားရလေသည်။
ငွေရောင်ဖူချန်မှ အမွေးများသည် ချွန်ထက်သည့် နွားရိုင်းအမွေးများကဲ့သို့ ချီကျွေးယန်၏ သွေးကြောဆုံချက်များ အားလုံးဆီသို့ ဦးတည် တိုက်ခိုက်လိုက်လေသည်။
ချီကျွေးယန်မှာ တစ်ကိုယ်လုံး ထုံကြဉ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သူ့လက်ထဲမှ ဓားသွားသည် တဖြည်းဖြည်း လေးလံလာပြီး သူသည် ကောင်းကင်ထက်မှ ပြုတ်ကျ သွားလေတော့သည်။
သူ့အနေဖြင့် တာအိုကျင့်ကြံသူ အမျိုးသမီးကို စိုက်ကြည့်နေရုံမှ တစ်ပါး မည်သို့မှ မတတ်နိုင်တော့ပေ။ တာအိုကျင့်ကြံသူ အမျိုးသမီးက သူ၏ခေါင်းကို တစ်ချက် ကန်ကျောက်လိုက်ပြီး ထွက်ခွာ သွားလေတော့သည်။
ဘုရင့်နေပြည်တော်တွင် သစ်ရွက်နီလမ်းဆုံဟု လူသိများသည့် လမ်းဆုံတစ်ခု ရှိလေသည်။
ဆောင်းရာသီ ကာလတွင် သစ်ရွက်နီများ ပြန့်ကျဲနေပြီး မြစ်ရေထဲသို့ပင် ကျဆင်း သွားကြလေသည်။ မြစ်ရေထဲတွင် သူရဲကောင်းတို့၏ သွေးများ စွန်းထင်းနေသည့် အလား ရဲရဲနီနေပြီး ရှုမျှော်ခင်းသည် လှပလွန်းလှလေသည်။
ဆန်းလျန်သည် သစ်ရွက်နီ လမ်းဆုံတွင် ရောက်ရှိနေလေသည်။
သူက ဘေးတွင်ရပ်နေသည့် အစေခံကို စကားတစ်ခွန်း ပြောလိုက်လေသည်။
"စစ်ဗိုလ်ချုပ် (၈)ယောက်၊ ဒြပ်စင်(၅)ဖော်နဲ့ ဖြူမည်းညီနောင်ကို ကျော်လွှားဖို့ သူ ဘယ်လောက် အချိန်ယူရမယ်လို့ မင်းထင်သလဲ"
အစေခံက ယဉ်ကျေး သိမ်မွေ့စွာဖြင့် ပြန်ဖြေလိုက်လေသည်။
"ကြည့်ရတာ ဒီလူတွေနဲ့ ရင်ဆိုင်ရရင် သူ သခင်လေးရှေ့တောင် ရောက်လာနိုင်မယ် မထင်ပါဘူး"