← Chapters

အခန်း (၁၆၂၁-၁၆၂၃)

Vol. 109 Ch. 1621-1623

အခန်း (၁၆၂၁-၁၆၂၃)

Vol. 109 Ch. 1621-1623

အခန်း (၁၆၂၁)

ပျံ့နှံ့နေသော ကောလာဟလများ

ကောက်ရှီယွမ်က

“သူတို့ရော ဘယ်လိုနေသေးလဲဟင်”

ဟု သတိထားကာ မေးမြန်းလိုက်၏။

ကောက်ရှီယွမ် မည်သူ့ကို မေးနေသည်ဆိုတာကို လုချန်းသိလိုက်ပြီး ပြုံးလျက်

“သူတို့က ခုထိ ကစဉ့်ကလျား ပင်လယ်ထဲမှာပဲ ရှိနေသေးတယ်။”

ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ကောက်ရှီယွမ်က

“တောင်းပန်ပါတယ်”

လုချန်း ပြောသည့် “ကစဉ့်ကလျား ပင်လယ်ထဲမှာ ရှိနေသေးတယ်” ဆိုသည့် စကားကို ထိုသူများ သေဆုံးသွားပြီဟု ဆိုလိုခြင်းဖြစ်သည်ဟု သူမ ထင်မှတ်သွားခြင်း ဖြစ်၏။

ကောက်ရှီယွမ် အထင်လွဲသွားသည်ကို လုချန်း သိမြင်လိုက်သဖြင့် လက်ကို မြှောက်ကာ သူမကို ပုတ်လိုက်ပြီး

“ခင်ဗျား ဘာတွေ လျှောက်တွေးနေတာလဲ။ သူတို့အားလုံး အသက်ရှင်နေကြတုန်းပဲ။”

“ကစဉ့်ကလျား ပင်လယ်က အန္တရာယ်များတယ်ဆိုပေမဲ့ လုံးဝ သေတွင်းကြီးတော့ မဟုတ်ပါဘူး။ ကျုပ်တို့ အဲဒီမှာ ကစဉ့်ကလျား စွမ်းအားတွေရဲ့ တိုက်စားမှုကို ခုခံနိုင်တဲ့ အာကာသ တစ်ခုကို ဖန်တီးထားတယ်။”

သူမ အထင်လွဲကြောင်း သိသွားလျှင် ကောက်ရှီယွမ်က

“ကျွန်မ... ကျွန်မ တောင်းပန်ပါတယ်။ အထင်လွဲသွားလို့ပါ။ သူတို့ ဘေးကင်းကြတယ်ဆိုတော့ ဝမ်းသာပါတယ်”

ဟု အလျင်အမြန်ပင် ပြန်လည်တောင်းပန်လိုက်သည်။

ထို့နောက် လုချန်းက

“ကဲ... ကျုပ်တို့ လုံလုံလောက်လောက် နားပြီးပြီ ဆိုတော့ ဒီတစ်ခေါက် စစ်မှန်သောနတ် အဆင့်ကို ချောချောမောမော ရောက်အောင် ဆက်ကြိုးစားကြတာပေါ့။”

ထိုစကားကို ကြားလျှင် အေးစက်သည့် ကောက်ရှီယွမ်၏ ပါးပြင်ပေါ်တွင် ရှက်သွေးဖြန်းသွားကာ

“နားလည်ပါပြီ”

ထို့နောက် ကောက်ရှီယွမ်ကို လုချန်း ပွေ့ဖက်၍ သူမ၏ ကျင့်စဉ်အဆင့် တိုးတက်စေရန် ဆက်လက် ကူညီပေးလေတော့သည်။ လုချန်း တတ်ကျွမ်းထားသော နှင်းနှင့် ရေခဲစွမ်းအားများ၏ အကူအညီဖြင့် ကောက်ရှီယွမ်လည်း အောင်မြင်ပေါက်မြောက်တော့မည့် ခံစားချက်ကို အလျင်အမြန်ပင် ပြန်လည် ခံစားလာရသည်။

မကြာမီအချိန်မှာပင် နှင်းခဲမြို့၏ အထက်ကောင်းကင်ယံ၌ နှင်းနှင့် ရေခဲလမ်းစဉ်တစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။ နှင်းခဲမြို့ရှိ ကျင့်ကြံသူများလည်း ထိုလမ်းစဉ်ကို တစ်ဖန် မြင်တွေ့ရလျှင် အလွန် ထိတ်လန့်သွားကြပြီး သူတို့၏ လျှို့ဝှက်ကျင့်ကြံဆောင်များအတွင်းသို့ အလုအယက် ဝင်ရောက်သွားကြတော့သည်။

လွန်ခဲ့သော နှစ်ဝက်ခန့်က ဤမြင်ကွင်းမျိုးကို သူတို့ မြင်တွေ့ခဲ့ဖူးပြီးဖြစ်၏။ ထိုစဉ်ကကဲ့သို့ နှင်းကပ်ဘေးအန္တရာယ်မျိုး ထပ်မံ ဖြစ်ပွားတော့မည်ဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။

သို့သော် လူတို့ကို အံ့အားသင့်စေသည်က ဤတစ်ကြိမ်တွင် နှင်းကပ်ဘေးအန္တရာယ် ဖြစ်မလာခဲ့ခြင်းပင်။

နှင်းနှင့် ရေခဲစွမ်းအားများ၏ လွှမ်းမိုးမှုကြောင့် နှင်းများ ပြင်းထန်စွာ ကျဆင်းခဲ့သော်လည်း လူတို့ လက်ခံနိုင်သည့် အတိုင်းအတာအတွင်း၌သာ ရှိနေခဲ့သည်။

နှင်းခဲမြို့၏ အောက်ခြေတွင် နှင်းနှင့် ရေခဲစွမ်းအားများ ကိန်းအောင်းနေသည့် ဝိညာဉ်ကြော တစ်ခု ရှိနေသည်။ နှင်းခဲမြို့တွင် နှင်းများ ပြင်းထန်စွာ ကျဆင်းလေ့ရှိခြင်းကြောင့် ဤမျှလောက်သော နှင်းပမာဏက မြို့ရှိ ကျင့်ကြံသူများအပေါ် များစွာ သက်ရောက်မှု မရှိပေ။

အတန်ကြာလျှင် ကောက်ရှီယွမ်၏ ခန္ဓာကိုယ်အတွင်းမှ အတားအဆီးများ ရုတ်တရက် ပွင့်ထွက်သွားပြီး သူမ၏ ကိုယ်ထဲမှ များပြားလှသော နှင်းနှင့် ရေခဲစွမ်းအားများ တစ်ပြိုင်နက်တည်း အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။ သို့သော် ချက်ချင်းဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်က ထိုထွက်ပေါ်လာသော စွမ်းအားများကို ရူးသွပ်စွာ ပြန်လည် စုပ်ယူလိုက်ပြန်၏။

ခဏချင်းအတွင်းမှာပင် နှင်းခဲမြို့အထက်ရှိ နှင်းနှင့် ရေခဲစွမ်းအား အားလုံးကို ကောက်ရှီယွမ် စုပ်ယူလိုက်ပြီးနောက် စစ်မှန်သောနတ် နယ်ပယ်သို့ အောင်မြင်စွာ တက်ရောက်သွားခဲ့တော့သည်။ ထိုစဉ် နှင်းခဲမြို့သည်လည်း ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သည့် သာယာသော နေ့တစ်နေ့ကို မြင်တွေ့လိုက်ရတော့သည်။

အခန်းတွင်းမှ ထွက်ပေါ်လာသော အငွေ့အသက်ကို ခံစားမိသည်နှင့် ကောက်ရှီယွမ် အောင်မြင်စွာ ပေါက်မြောက်သွားပြီ ဖြစ်ကြောင်း ရှောင်ရွှီရင် သိလိုက်သည်။

သူမ အထဲသို့ဝင်၍ ဂုဏ်ပြုပေးချင်သော်လည်း လုချန်းနှင့် ကောက်ရှီယွမ်တို့အကြား ထိုအချိန်၌ ဖြစ်ပျက်နေသည့် အရာကို ချက်ချင်း သတိရသွားကာ သူမ၏ ပါးပြင်များ နီမြန်းသွားသည်။

ကောက်ရှီယွမ် အဆင့်တက်ပြီး နောက်တွင်တော့ သူမအပေါ် မတော်တရော် အပြုအမူများ လုချန်း ဆက်လက် မလုပ်ဆောင်တော့ပေ။ ထိုအစား သူမကို လွှတ်ပေးလိုက်ပြီး သူမ၏ နတ်စွမ်းအားများအား သူမ ကိုယ်တိုင် ပြန်လည် တည်ငြိမ်အောင် လုပ်ဆောင်စေလိုက်၏။

သူကိုယ်တိုင်ကတော့ ရှေ့ရှိ စနစ်မျက်နှာပြင်ဆီသို့ အာရုံ လွှဲလိုက်သည်။

[ ဇနီးမယား ရရှိသည့်အတွက် သခင်အား ဂုဏ်ပြုပါသည်။ ဆုလာဘ်အဖြစ် ကောင်းကင်အဆင့် ဓားသိုင်းဖြစ်သည့် မြစိမ်းနဂါးဓားသိုင်းကို ချီးမြှင့်ပါသည် ]

စနစ်မှ ချီးမြှင့်သော ဓားသိုင်းကို လုချန်း ချက်ချင်း လေ့လာလိုက်သည်။ ထိုဓားသိုင်းတွင် အဆင့် မြင့်မားခြင်းမှအပ အခြား ထူးခြားသည့် လက္ခဏာ မရှိပေ။

သို့သော် ကောင်းကင်အဆင့် ဓားသိုင်းဖြစ်သဖြင့် သူ၏ စွမ်းအားကို များစွာ မြှင့်တင်ပေးနိုင်၏။ သူ၏ စွမ်းအားကို နတ်ဘုရင် အဆင့်သို့ ပြန်လည် ရောက်ရှိအောင် လုပ်ဆောင်နိုင်သည့် အချိန်၌ ဤဓားသိုင်းကို အသုံးပြု၍ နတ်သခင် တစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သူ တွက်ဆလိုက်သည်။

ဓားသိုင်းကို လေ့လာပြီးနောက် တင်ပျဉ်ခွေထိုင်၍ အသက်ရှူနှုန်းကို ညှိနေသော ကောက်ရှီယွမ်ကို လုချန်း တစ်ချက် ကြည့်လိုက်ပြီးနောက် ညင်သာစွာ ထလိုက်၏။

ထို့နောက် ကုတင်ဘေးသို့ လျှောက်သွားပြီး လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရွှေရောင် အနားကွပ်ပါသော ဝတ်ရုံဖြူ တစ်ထည် သူ၏ ကိုယ်ပေါ်တွင် ပေါ်လာပြီး အခန်းထဲမှ လုချန်း ထွက်ခွာခဲ့တော့သည်။

ကောက်ရှီယွမ်သည် စစ်မှန်သောနတ် အ‌ဆင့်သို့ အောင်မြင်ပေါက်မြောက်သွားပြီ ဖြစ်သည်။ ယခု သူမ၏ ကျင့်စဉ်အဆင့်ကို တည်ငြိမ်အောင် လုပ်ဆောင်ရန်သာ လိုအပ်တော့သဖြင့် သူ ဘေးမှ ကူညီပေးရန် မလိုအပ်တော့ပေ။

လုချန်း အခန်းအပြင်သို့ ထွက်လာသည်ကို မြင်လျှင် ရှောင်ရွှီရင် ချက်ချင်းရောက်လာပြီး

“စီနီယာအစ်မ ကောက် ဘယ်လိုနေလဲ”

လုချန်းက

“သူ အဆင်ပြေပါတယ်။ အောင်မြင်စွာ အဆင့်တက်သွားပြီး အခု ကျင့်စဉ်ကို တည်ငြိမ်အောင် လုပ်နေတာ။”

ထိုအချိန်တွင် ရှောင်ရွှီရင်၏ လက်ကို လုချန်း ဆွဲယူကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ၏ မျက်လုံးများကို ပြုံးလျက် ကြည့်ကာ

“စီနီယာအစ်မ ရှောင်... ဒီအတောအတွင်း ကျုပ်ကို သတိရနေလား။”

ထိုကဲ့သို့ စနောက်သော မေးခွန်းကြောင့် ရှောင်ရွှီရင်၏ ပါးပြင်များ အနည်းငယ် ပူတက်လာသည်။

ဤအတောအတွင်း အခန်းထဲမှ အသံများ အဆောင်အတွင်း၌ ပဲ့တင်ထပ်နေခဲ့သည် မဟုတ်ပါလား။

လုချန်းကို သူမ ဘယ်လိုလုပ် နည်းနည်းမှ သတိမရပဲ နေလိမ့်မည်နည်း။

ထိုစဉ် အရေးကြီး ကိစ္စတစ်ခုကို ရှောင်ရွှီရင် ရုတ်တရက် သတိရသွားသည်။ သူမ၏ ခန္ဓာကိုယ်အတွင်း မငြိမ်မသက် ဖြစ်နေသော နတ်အငွေ့အသက်များကို ထိန်းချုပ်ရန် ကြိုးစားရင်း

“မကြာသေးခင်က နှင်းခဲမြို့ထဲမှာ ရှင့်အကြောင်း ကောလာဟလအချို့ ရုတ်တရက် ထွက်ပေါ်လာတယ်။”

ထိုစကားကို ကြားလျှင် လုချန်း အံ့အားသင့်သွား၏။

သူ့အကြောင်း ကောလာဟလ။

ဘယ်လို ကောလာဟလများပါလိမ့်။

လုချန်းက

“အဲ့ဒီ ကောလာဟလတွေက ကျုပ်ရဲ့ အခုလက်ရှိ အကြောင်းလား။ ဒါမှမဟုတ် အရင်ဘဝက အကြောင်းလား။”

ယခု သူ့တွင် ဇာတ်ရုပ် နှစ်ခု ရှိနေ၏။တစ်ခုမှာ ထျန်းရှနတ်ဘုရား နိုင်ငံတော်၏ ချန်ဘုရင်ဟောင်း ဖြစ်ပြီး အခြားတစ်ခုမှာ လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်း ဖြစ်သည်။

အပြင်မှ ကောလာဟလများက လျှို့ဝှက်လဝန်းနန်းတော် နန်းတော်သခင်၏ တပည့်ရင်း အကြောင်း ဖြစ်နေပါက ကောလာဟလ ရှိနေလျှင်ပင် အံ့ဩစရာ မဟုတ်ပေ။ အဆုံးတွင် သူသည် နန်းတော်သခင်၏ တပည့်ရင်းအဖြစ် အသိအမှတ်ပြုခံထားရပြီး အမျိုးသားတပည့် တစ်ဦးလည်း ဖြစ်နေသည်။

လူများ သူ့အပေါ် စိတ်ဝင်စားကြမှာက သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် သူ့အကြောင်း ဆွေးနွေးငြင်းခုံကြလိမ့်မည်။

လူများ ဆွေးနွေးကြလျှင် ကောလာဟလများကလည်း သဘာဝအလျောက် ထွက်ပေါ်လာတတ်စမြဲ ဖြစ်၏။

သို့သော် ရှောင်ရွှီရင်က

“အဲဒီလူတွေက ချန်ဘုရင်အကြောင်းကို ပြောနေကြတာ။”

ထိုစကားကို ကြားလျှင် လုချန်း၏ စိတ်ထဲ တုံ့ခနဲ ဖြစ်သွားသည်။ သူ၏ အတိတ်ဘဝ အကြောင်းကို ဆွေးနွေးနေကြတာလား။

လူတို့၏ အမြင်တွင် သူ သေဆုံးသွားသည်မှာ နှစ်သန်းထောင်ပေါင်းများစွာကြာနေပြီ မဟုတ်ပါလား။

သူတို့က ဘယ်လိုလုပ်ပြီး သူ့ကိစ္စတွေကို ဆွေးနွေးနေကြပြီး ကောလာဟလတွေတောင် ဖြန့်နေကြတာလဲ။

ရှောင်ရွှီရင်က ဆက်လက်၍

“ဟိုတုန်းက ရှင် ပုန်ကန်ဖို့ ကြံစည်တယ်ဆိုပြီး ကွမ်းရန်ဘုရင်က မဟုတ်မမှန် လုပ်ကြံခဲ့တာလို့ ကောလာဟလတွေ ထွက်နေတယ်။ ပြီးတော့ ထျန်းရန်နတ်ဘုရား နယ်မြေက ထိပ်သီးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ရှင့်ကို တိုက်ခိုက်ခဲ့တာကြောင့် ရှင် ကစဉ့်ကလျား ပင်လယ်ထဲကို ထွက်ပြေးခဲ့ရတာလို့ ပြောနေကြတယ်။”

ရှောင်ရွှီရင်၏ စကားများကို ကြားလျှင် လုချန်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ဒါက ဘယ်လို ကောလာဟလမျိုးလဲ။

ဟိုတုန်းက သူ၏ ဖခင် ဧကရာဇ် သူ့ကို မုန်းတီးရသည့် အကြောင်းရင်းမှာ လုကျင့်ဖူ၏ အစီအစဉ်များနှင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ကြောင်း သူကျုပ်တိုင်လည်း သိထားသည်။

နောက်ပိုင်းတွင် လုကျင့်ဖူက သူ နတ်ဘုရင် အဆင့်သို့ ရောက်ရှိနေခြင်းက ခြိမ်းခြောက်မှု တစ်ခု ဖြစ်ကြောင်း ချဲ့ကားပြောဆိုခဲ့သဖြင့် ထိုထိပ်သီး အင်အားစုများက သူ့ကို အာရုံ ထားလာကြပြီး သူ့ကို လိုက်လံ သတ်ဖြတ်ရန် အစွမ်းထက် ကျင့်ကြံသူများကို စေလွှတ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ဤကောလာဟလများသည် ယခင်က အများသိသော အကြောင်းအရာဟောင်းများကို ပြန်လည် ဖော်ထုတ်နေခြင်းသာ ဖြစ်သည်။

ပြန်စဉ်းစားကြည့်လျှင် ဤဖြစ်ရပ်များ တကယ် ဖြစ်ပွားခဲ့သည် ဆိုသော်လည်း ဖြစ်ခဲ့တာက နှစ်ပေါင်း ကုဋေနှင့်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကောင်းကင်နတ် အဆင့်သို့ မရောက်ရှိသေးသူ အများစုပင် သေဆုံးသွားကြပြီ ဖြစ်၏။ အမှန်တရားကို သိသူ အချို့ ကျန်ရှိနေဦးမည် ဆိုသော်လည်း အမြောက်အမြားတော့ ရှိမနေသင့်ပေ။

အရေးကြီးဆုံး မေးခွန်းက ဤသတင်းအချက်အလက်များ နှင်းခဲမြို့အထိ မည်သို့ ပျံ့နှံ့လာသနည်း ဆိုသည်ပင်။

နှင်းခဲမြို့သည် ထျန်းရှနတ်ဘုရား နိုင်ငံတော်နှင့် များစွာ ဝေးကွာသည်။ အကယ်၍ နှင်းခဲမြို့မှာတောင် ဒီကောလာဟလ ရှိနေရင် အခြားနေရာတွေမှာလည်း ရှိနေလောက်ပြီဖြစ်၏။

တစ်စုံတစ်ယောက်က ဤကောလာဟလကို တမင်တကာ ဖြန့်ဝေနေခြင်း ဖြစ်နိုင်ခြေ အလွန်များသော်လည်း အဘယ်ကြောင့် ထိုသို့ လုပ်ဆောင်ရသည် ဆိုတာကိုတော့ လုချန်း စဉ်းစား၍ မရနိုင် ဖြစ်နေသည်။ ထိုစဉ်က လူများ၏ အမြင်တွင် သူ သေဆုံးသွားတာကြာပြီ ဖြစ်၏။

ယခုမှ သူ့အကြောင်း ဤကဲ့သို့ ကောလာဟလကို အဘယ်ကြောင့် အထူးတလည် ဖြန့်ဝေနေရသနည်း။

အမွေးဖြူမြို့ကများလား။

မဖြစ်နိုင်ပေ။

သူ ထွက်လာစဉ်က သူ ပြန်ရောက်လာသည့် အကြောင်းကို မပေါက်ကြားစေရန် လုကျန့်ကျီကို မှာကြားခဲ့သည်။

လူတို့၏ အမြင်တွင် သူ သေဆုံးနေသည်မှာ နှစ်ပေါင်း ကုဋေချီနေပြီ ဆိုသော်လည်း သူ မသေဆုံးသေးကြောင်း မည်သူမှ သံသယ မဝင်ဟု ဘယ်သူက အတပ်ပြောနိုင်မည်နည်း။

ယဲ့ချူယောင်တောင် သူ့ကို သံသယ ဝင်နေပြီ မဟုတ်ပါလား။

သူမ ဤကောလာဟလကို ကြားလျှင် သူ လုချန်း ဖြစ်ကြောင်း ပို၍ပင် ယုံကြည်သွားပေလိမ့်မည်။

……………

အခန်း (၁၆၂၂ )

လုကျန့်ကျီ၏ စိုးရိမ်ပူပန်မှုများ

ထိုသတင်းကို တစ်စုံတစ်ယောက်က အဘယ်ကြောင့် ဖြန့်ဝေနေသည်ကို လုချန်း နားမလည်နိုင်ဖြစ်နေ၏။

ယင်း၏ ရည်ရွယ်ချက်က အဘယ်နည်း။

အကြောင်းမဲ့သက်သက်လို့တော့ သူ မထင်ပေ။ အချိန်အတော်ကြာ ကုန်လွန်သွားပြီးမှ သူ၏ ကိစ္စရပ်များကို ရုတ်တရက် ပြန်လည်ဖော်ထုတ်လာခြင်းက နောက်ကွယ်မှ တစ်စုံတစ်ရာသော ရည်ရွယ်ချက် ရှိနေမည်မှာ အသေအချာပင်။

အတွေးထဲ နစ်မြောနေသည့် လုချန်းကို ကြည့်ကာ ရှောင်ရွှီရင်က

“ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ အရှင်သခင်က သေအံ့ဆဲဆဲ ဖြစ်နေလို့များလား။ ဘုရင်တွေက ကွမ်းရန်ဘုရင်ကို ပြင်ပအင်အားစုတွေနဲ့ ပူးပေါင်းတယ်လို့ စွပ်စွဲချင်လို့ ဒီသတင်းတွေကို ဖြန့်နေတာ ဖြစ်နိုင်မလား။”

ခဏခန့် စဉ်းစားပြီးနောက် လုချန်းက

“အဲ့ဒီလိုတော့ မဖြစ်နိုင်ဘူး”

“ထျန်းရှ နတ်ဘုရား နိုင်ငံတော်ထဲက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက အခုထိ အသက်ရှင်နေတဲ့သူတိုင်းက အတိတ်ကကိစ္စတွေဟာ လုကျင့်ဖူနဲ့ ပတ်သက်နေတာကို သိကြတယ်။ ဒီကောလာဟလက သူ့အပေါ်မှာ ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး။”

နတ်ဘုရား နိုင်ငံတော်များ၏ ထီးနန်းလုပွဲသည် သာမန်လူသားတို့၏ ထီးနန်းဆက်ခံမှု ပဋိပက္ခများနှင့် အတန်ငယ် ကွာခြား၏။ သာမန်အင်ပါယာတစ်ခုတွင် ပြင်ပအင်အားစုနှင့် ပူးပေါင်းခြင်းက အရှက်ရဖွယ်ရာ ဖြစ်သော်လည်း နတ်ဘုရား နိုင်ငံတော်များတွင်တော့ ဘုရင်တစ်ပါးအနေနှင့် ထိပ်တန်းအင်အားစုများနှင့် ဆက်နွှယ်နိုင်ခြင်းကို အားသာချက်တစ်ခုအဖြစ်သာ မှတ်ယူကြသည်။

ထို့ကြောင့် ထိပ်တန်းအင်အားစုများနှင့် လုကျင့်ဖူ၏ ပတ်သက်မှုက ဆိုးကျိုးမဖြစ်စေပဲ ထီးနန်းရရှိရေးအတွက် အထောက်အကူပင် ဖြစ်စေ၏။

တော်ဝင်မိသားစုဝင်များ အပါအဝင် ထျန်းရှ နတ်ဘုရား နိုင်ငံတော်အတွင်းရှိ အာဏာပိုင်များသည် လုကျင့်ဖူ၏ ကျယ်ပြန့်သော ဆက်ဆံရေးများကြောင့် သူ့ကို ပို၍ အလေးပေးလာကြသည်။

ဤသတင်းကို သူ၏ အောင်မြင်မှုတစ်ခုအဖြစ် ပြောင်းလဲရန် လုကျင့်ဖူ ကိုယ်တိုင်ကပဲ ဖြန့်ဝေလိုက်ခြင်း ဖြစ်နိုင်မလားဟု လုချန်း မတွေးပဲ မနေနိုင်ဖြစ်လာသည်။

ထိုသို့ ဖြစ်နိုင်ခြေက ဧကန်မုချ ရှိနိုင်ပေသည်။

အကယ်၍ လုကျင့်ဖူသာ သတင်းဖြန့်ခြင်း ဖြစ်ပါက အတိတ်ကာလက ချန်ဘုရင်ကို ရှင်းလင်းရန် ထိပ်တန်းအင်အားစု အမြောက်အမြားနှင့် သူ ဆက်သွယ်နိုင်ခဲ့ကြောင်း ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရှိ လူအချို့ကို သတိပေးလိုက်ခြင်းလည်း ဖြစ်နိုင်၏။ ထိုသို့ဖြင့် မည်သူ့ဘက်မှ ရပ်တည်ရမည်ကို သေချာစဉ်းစားရန် ခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်သည်။

ထိုဖြစ်နိုင်ခြေကို တွေးတောပြီးနောက် ဂရုမစိုက်တော့ရန် လုချန်း ဆုံးဖြတ်လိုက်၏။ သူက ရှောင်ရွှီရင်ကို ပြုံး၍ ကြည့်ကာ

“ဒါတွေကို လောလောဆယ် စိတ်မပူပါနဲ့ဦး။ အစ်မ ကောက်ရှီယွမ်က စစ်မှန်သောနတ် အဆင့်ကို တက်လှမ်းသွားပြီဆိုတော့ ခင်ဗျားလည်း ပိုပြီး ကြိုးစားရမယ်နော်။”

“ကျုပ် ခင်ဗျားကို ကျင့်စဉ်မှာ ကူညီပေးမယ်။ နှစ်တစ်ရာအတွင်း စစ်မှန်သောနတ် အဆင့်ကို ရောက်အောင် ကြိုးစားကြည့်ရအောင်။”

ရှောင်ရွှီရင် မျက်နှာ နီမြန်းသွားကာ

“ရှင်က အစ်မ ကောက်ကို အခုတင် ကူညီပေးထားတာဆိုတော့ စွမ်းအားတွေ အများကြီး ကုန်ထားမှာပေါ့။ ရှင့်ရဲ့ ကျန်းမာရေးက အရေးကြီးပါတယ်။ခဏလောက် အနားယူပါဦး။”

ချောမွေ့လှသော ရှောင်ရွှီရင်၏ ပါးပြင်ကို လုချန်း ပွတ်သပ်ရင်း သူမ၏ လှပသော မျက်ဝန်းများကို စိုက်ကြည့်ကာ

“ကျုပ်အတွက်ကတော့ ကျင့်စဉ်ကျင့်တာပဲမို့လို့ အနားယူဖို့ မလိုပါဘူး”

ရှောင်ရွှီရင်က နှုတ်ခမ်း စူလိုက်ကာ

“ဒါဆိုလည်း ပြီးရောလေ”

ထို့နောက် ကျင့်စဉ် ဆက်လက်ကျင့်ကြံရန် ကောက်ရှီယွမ်၏ အဆောင်နှင့် ကပ်လျက်အခန်းသို့ လုချန်းနှင့် ရှောင်ရွှီရင်တို့ ထွက်ခွာသွားကြ၏။

…….

အမွေးဖြူမြို့။

သူရှေ့တွင် ရှိုက်ကြီးတငင် ငိုကြွေးနေသော အမျိုးသမီးကို ကြည့်ကာ လုကျန့်ကျီ အတွေးထဲ နစ်မြောသွားသည်။ ထို့နောက် သူက

“လုယောင်း အိမ်ပြန်မလာတာ လဝက်ရှိပြီဆိုတာ သေချာရဲ့လား”

အမျိုးသမီးက

“ဟီး... ဟုတ်ပါတယ်။ သူ အိမ်မပြန်တာ လဝက်တောင် ရှိနေပါပြီ။ အစတုန်းကတော့ မြို့တော်ဝန်က သူ့ကို အလုပ်တစ်ခုခု ခိုင်းထားလို့ ပြန်မလာတာလို့ ကျွန်မတို့ ထင်နေတာ။ နောက်ပိုင်းလည်း ပြန်မရောက်လာတာနဲ့ မြို့တော်ဝန် စံအိမ်က တပ်မှူးဝမ်ကို မေးကြည့်တော့လည်း လုယောင်း ဘယ်သွားလဲဆိုတာ သူလည်း မသိဘူးတဲ့။”

လုကျန့်ကျီက ဘေးနားရှိ စစ်သည်တစ်ဦးကို

“ဝမ်ရှုကျဲကို ဒီကို ခေါ်ခဲ့ပါ”

ထိုသို့ ပြောပြီးနောက် ရှေ့မှ အမျိုးသမီးကို လုကျန့်ကျီ အားပေးလိုက်၏။

“စိတ်မပူပါနဲ့။ ကျုပ် တို့ လုယောင်းကို မဖြစ်ဖြစ်အောင် ရှာပေးပါ့မယ်”

လုယောင်းသည် မြို့တော်ဝန် စံအိမ်ရှိ ယုံကြည်ရသော လက်ရွေးစင်တပ်မှ သာမန်စစ်သည်တစ်ဦးသာ ဖြစ်သော်လည်း သူသည် ထိုစဉ်က ချန်ဘုရင်နှင့်အတူ အမွေးဖြူမြို့သို့ လိုက်ပါလာခဲ့သူများ၏ မျိုးဆက်တစ်ဦး ဖြစ်သည်။

ထိုမျိုးဆက်များမှာ အနည်းငယ်သာ ကျန်ရှိတော့သည်။ ယခုအခါ ချန်ဘုရင် ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ ဤလူများသည် အနာဂတ်တွင် အရေးပါသော နေရာများကို ရရှိလာနိုင်သူများ ဖြစ်သည်။ ထို့ကြောင့် သာမန်စစ်သည်တစ်ဦး ပျောက်ဆုံးမှုကိုပင် သေချာစွာ စုံစမ်းရမည်ဖြစ်၏။

မကြာမီ ရွှေရောင်ဝတ်စုံဝတ်ထားသော ထွားကျိုင်းသည့် အမျိုးသားတစ်ဦး လုကျန့်ကျီ၏ ရှေ့တွင် ရောက်လာကာ

“မြို့တော်ဝန်ကို ဂါရဝပြုပါတယ်”

လုကျန့်ကျီက တိုက်ရိုက်ပင် မေးမြန်းလိုက်၏။

“ခင်ဗျား လုယောင်းကို တခြားတာဝန်တွေ ပေးထားသေးလား။”

ထိုအရာကို ကြားလျှင် ဝမ်ရှုကျဲ အံ့အားသင့်သွားကာ

“မပေးထားပါဘူး။ လုယောင်းရဲ့ ဇနီးက သူ့အကြောင်းလာမေးတော့ မြို့တော်ဝန်ကပဲ သူ့ကို အထူးတာဝန်တစ်ခုခု ပေးထားတယ်လို့ ကျုပ် ထင်နေတာပါ။”

လုကျန့်ကျီ မျက်မှောင်ကြုတ်သွား၏။ မြို့တော်ဝန် စံအိမ်၏ လက်ရွေးစင်တပ်သားတစ်ဦး လဝက်တိုင်တိုင် ပျောက်ဆုံးနေသည်ကို သူတို့ လုံးဝ မသိခဲ့ကြပေ။

လတ်တလောတွင် အမွေးဖြူမြို့ ချဲ့ထွင်ရေး ကိစ္စရပ်များကြောင့် အလုပ်ရှုပ်နေသဖြင့် သူ၏ ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် အရာများကို သတိမထားမိခဲ့ခြင်း ဖြစ်သည်။

လုကျန့်ကျီက ချက်ချင်းပင် အမိန့်ပေးလိုက်၏။

“လုယောင်းကို ရှာဖို့ လူလွှတ်လိုက်ပါ။ အသက်ရှင်နေရင် လူကိုတွေ့ရမယ်။သေသွားရင်လည်း သူ့အလောင်းကို တွေ့ရမယ်။”

ထိုအခိုက်အတန့်တွင် မရေမရာသော စိုးရိမ်စိတ်တစ်ခုကို လုကျန့်ကျီ ခံစားလိုက်ရသည်။ လုယောင်းသည် မြို့တော်ဝန် စံအိမ်အတွင်းရှိ ယုံကြည်ရသူတစ်ဦးဖြစ်ပြီး လုချန်း ပြန်လည်ရောက်ရှိစဉ်ကလည်း ရှိနေခဲ့သူ ဖြစ်၏။

လုယောင်းသည် လုချန်းကို လူကိုယ်တိုင် မသိသော်လည်း သူ၏ မှတ်ဉာဏ်များတွင် လုချန်း၏ ပုံရိပ်များ ရှိနေပေမည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုမှတ်ဉာဏ်များကို ရယူနိုင်ခဲ့ပါက လုယောင်း၏ မှတ်ဉာဏ်များမှတစ်ဆင့် လုချန်းကို ချက်ချင်းပင် မှတ်မိသွားနိုင်၏။

ဤအရာက သာမန်ကိစ္စတစ်ခု မဟုတ်ပေ။

ထိုသို့သော တိုက်ဆိုင်မှုမျိုး မဖြစ်နိုင်ဟု ဆိုနိုင်သော်လည်း အခြေအနေ၏ လေးနက်မှုကြောင့် သတိထားရန် လိုအပ်သည်။

နောက်ရက်များတွင် အမွေးဖြူမြို့မှ စစ်သည်များ လုယောင်းကို လိုက်လံရှာဖွေခဲ့သော်လည်း မည်သည့်သဲလွန်စမှ ရှာမတွေ့ခဲ့ပေ။ သို့သော် လတ်တလောတွင် အခြားလူအချို့လည်း ရုတ်တရက် ပျောက်ဆုံးသွားကြောင်းကိုတော့ သိခဲ့ရသည်။

လုယောင်းအပြင် အခြားသူများပါ ပျောက်ဆုံးနေကြောင်း သိလိုက်ရလျှင် လုကျန့်ကျီ၏ စိုးရိမ်စိတ်များ ပိုမိုပြင်းထန်လာ၏။

သတင်းအချက်အလက်များ ရယူရန် တစ်စုံတစ်ယောက်က အမွေးဖြူမြို့မှ စစ်သည်များကို ဖမ်းဆီးနေခြင်း ဖြစ်နိုင်ကြောင်း သူ သိသွားသည်။ ထို့ပြင် မြို့၏ လျှို့ဝှက်ချက်များစွာလည်း ပေါက်ကြားသွားပြီးလည်း ဖြစ်နိုင်သည်။

သတင်းရယူရန် သက်သက်ဆိုပါက ထူးဆန်းမည် မဟုတ်ပေ။ အမွေးဖြူမြို့သည် ယခင်က တစ်ခါမှ ချဲ့ထွင်ခဲ့ခြင်း မရှိပဲ နှစ်အတော်ကြာ လူဦးရေ လျော့နည်းနေခဲ့ခြင်းကြောင့် ဖြစ်၏။

သူ၏ အုပ်ချုပ်မှုသည် တစ်ချိန်က အားနည်းခဲ့သော်လည်း ယခု အမွေးဖြူမြို့ကို ရုတ်တရက် ပြန်လည်အသက်သွင်းကာ အင်တိုက်အားတိုက် ပြုပြင်ပြောင်းလဲပြီး မြို့ချဲ့ထွင်မှုများ ပြုလုပ်လာသဖြင့် အိမ်နီးချင်းမြို့များက စိတ်ဝင်စားလာကာ လာရောက်စုံစမ်းခြင်း ဖြစ်နိုင်သည်။

သို့သော် သာမန် လာရောက်စုံစမ်းရုံမျှဆိုပါက ခြေရာလက်ရာ ပျက်စေနိုင်သည့် လူဖမ်းဆီးမှုမျိုးကို ပြုလုပ်ရန် မလိုအပ်ပေ။ လူကို ဖမ်းဆီးသွားသည်ဆိုပါက ထိုသူကို သတ်ဖြတ်လိုက်ပြီဟုသာ ဆိုလိုခြင်း ဖြစ်နိုင်၏။

သူ၏ မျက်စိအောက်တွင် လူကို ဖမ်းဆီးသွားနိုင်ရန်အတွက် ထိုသူသည် အနည်းဆုံးတော့ သူ့ကိုယ်သူ ဖုံးကွယ်နိုင်သော စွမ်းအားရှိသည့် နတ်တစ်ပါး ဖြစ်ရမည်ဟု လုကျန့်ကျီ တွေးလိုက်မိသည်။

တကယ်လို့ နတ်တစ်ပါးသာ ပါဝင်ပတ်သက်နေပါက နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာဖွေရန် အလွန်ပင် ခက်ခဲပေလိမ့်မည်။

သို့သော် ဤအချက်က အမွေးဖြူမြို့ စောင့်ကြည့်ခံနေရကြောင်း ထင်ရှားနေသဖြင့် နောင်တွင် ပိုမို၍ သတိထားရန် လိုအပ်သည်။

…..

မြို့တော်ဝန် စံအိမ်။

အစည်းအဝေးခန်းမ၏ အရှေ့ဆုံးတွင် လုကျန့်ကျီ ထိုင်နေကာ စုဝေးရောက်ရှိနေသော စစ်သည်များ၏ တင်ပြချက်များကို နားထောင်နေ၏။

ထိုစဉ် လက်ရွေးစင်တပ်မှ တပ်မှူးဝမ်ရှုကျဲက

“မြို့တော်ဝန်... မြို့တော်ဝန် စံအိမ်ထဲမှာရှိတဲ့ လက်ရွေးစင်တပ်သားတွေကို မနက်တိုင်း လူစစ်ဖို့ ကျုပ် အမိန့်ပေးထားပါတယ်။ တကယ်လို့ စစ်သည်တစ်ယောက်ယောက် ပျောက်ဆုံးသွားရင် ချက်ချင်း သိနိုင်မှာပါ။”

ယခင်က စစ်သည်များ နေ့စဉ် စုဝေးရန် မလိုအပ်ခဲ့ပေ။ တာဝန်ကျဇယားအရသာ တာဝန်ထမ်းဆောင်ကြသဖြင့် စစ်သည်တစ်ဦး အချိန်အတော်ကြာ တာဝန်မထမ်းဆောင်ပဲ နေခဲ့လျှင်ပင် ရက်အတော်ကြာသည်အထိ သတိမထားမိပဲ ရှိနိုင်သည်။

ယခု လူတစ်ဦး ပျောက်ဆုံးသွားခဲ့ပြီဖြစ်၏။ မြို့တော်ဝန် စံအိမ်မှ လက်ရွေးစင်များကို နောက်ထပ် မည်သူတွေက ပစ်မှတ်ထားဦးမည်ကို ဘယ်သူမှ မသိနိုင်ပေ။ ထို့ကြောင့် သတိနှင့် နေထိုင်ခြင်းက အကောင်းဆုံးဖြစ်၏။

ထိုအခိုက်အတန့်တွင် စစ်သည်တစ်ဦး အခန်းထဲသို့ ဝင်လာကာ

“သခင်ကြီး လတ်တလောမှာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်ထဲမှာ ချန်ဘုရင်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေ အမြောက်အမြား ထွက်ပေါ်နေပါတယ်။”

………….

အခန်း (၁၆၂၃ )

လျှို့ဝှက်လဝန်းနန်းတော်မှ သံတမန် ရောက်ရှိလာခြင်း

လုချန်း ပြန်လည်ရောက်ရှိလာပြီးကတည်းက ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ အခြေအနေကို စောင့်ကြည့်ရန် လူများကို လုကျန့်ကျီ စေလွှတ်ထားခဲ့၏။

လုချန်း၏ မည်သူဖြစ်ကြောင်း ပေါ်ပေါက်သွားပြီး ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရှိ လူများ လုချန်း ပြန်လည်ရောက်ရှိလာသည်ကို သိသွားမည်ကို သူ အစိုးရိမ်ဆုံး ဖြစ်သည်။

မျက်မှောင်ကြုတ်လျက် ခန်းမထဲသို့ ခုလေးတင် ဝင်လာသော စစ်သည်ကို လုကျန့်ကျီက

“ဘာကောလာဟလတွေလဲ”

စစ်သည်က ချက်ချင်းပင် တင်ပြလိုက်၏။ “အရင်တုန်းက ချန်ဘုရင်ဟာ ထျန်းရှ နတ်ဘုရား နိုင်ငံတော်ကို သစ္စာဖောက်တာ မဟုတ်ပဲ ကွမ်းရန်ဘုရင်ရဲ့ လုပ်ကြံဇာတ်လမ်းဆင်တာကို ခံခဲ့ရတာလို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။”

“ကွမ်းရန်ဘုရင်က ချန်ဘုရင်နှင့် ထျန်းရှ နိုင်ငံအရှင်သခင်တို့အကြား အရင်ရန်တိုက်ပေးခဲ့ပြီး ချန်ဘုရင်ကို ဝိုင်းဝန်းတိုက်ခိုက်ဖို့ ထျန်းရန် နတ်ဘုရား နယ်မြေက ထိပ်တန်းအင်အားစုတွေကို လှုံ့ဆော်ခဲ့လို့ ချန်ဘုရင်က သူ့ရဲ့ ဇနီးတွေနဲ့ ကစဉ့်ကလျား ပင်လယ်ထဲ ဝင်သွားရတယ်လို့လည်း ဆိုကြပါတယ်။”

စစ်သည်၏ စကားကို ကြားလျှင် လုကျန့်ကျီ မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။

ဤအရာက မည်သို့သော ကောလာဟလမျိုးနည်း။

ဤအရာက လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ဖြစ်ပျက်ခဲ့သည့် ကိစ္စမဟုတ်ပါလား။

ထိုစဉ်က ထျန်းရှ နတ်ဘုရား နိုင်ငံတော်၏ အရှင်သခင်က ချန်ဘုရင်ကို အဘယ်ကြောင့် ရုတ်တရက် ပစ်မှတ်ထားခဲ့မှန်း သူတို့ မသိခဲ့ကြသော်လည်း လွန်ခဲ့သော နှစ်သန်းပေါင်းများစွာအတွင်းက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အချို့မှတစ်ဆင့် ထိုအရာအားလုံး ကွမ်းရန်ဘုရင်နှင့် ပတ်သက်နေကြောင်း လုကျန့်ကျီ ခန့်မှန်းမိပြီးသား ဖြစ်သည်။

ထို့ပြင် ထိုအဖြစ်အပျက်မှ အသက်ရှင်ကျန်ရစ်သူ မည်သူမဆို ဤကိစ္စ ကွမ်းရန်ဘုရင်နှင့် ပတ်သက်နေကြောင်း ခန့်မှန်းနိုင်ကြလိမ့်မည်ဟု လုကျန့်ကျီ ယုံကြည်ထား၏။

လုကျန့်ကျီကို စိတ်မသက်မသာ ဖြစ်စေသည့်အချက်က ချန်ဘုရင်၏ အင်အားစုဟောင်းများပင် ကွဲလွင့်ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီးဖြစ်သည့် အခြေအနေတွင် နှစ်သန်းပေါင်းများစွာ ကြာပြီးသည့် အတိတ်က အဖြစ်အပျက်များကို တစ်စုံတစ်ယောက်က အဘယ်ကြောင့် ပြန်လည်ဖော်ထုတ်နေရသနည်း ဟူသောအချက်ပင်။

ဤကိစ္စကို လူအများ သိစေမည့် ကောလာဟလတစ်ခု ဖြစ်လာရန်အတွက် နောက်ကွယ်မှ ကြိုးကိုင်မည့်သူ ရှိနေရပေမည်။

ထိုသူက ဤကောလာဟလကို မည်သည့် ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေသနည်းဆိုတာကိုတော့ လုကျန့်ကျီ နားမလည်နိုင် ဖြစ်နေရ၏။

သို့မဟုတ်...

တစ်စုံတစ်ယောက်က ချန်ဘုရင် ပြန်လည်ရောက်ရှိလာသည်ကို သိသွားပြီး ထိုစဉ်က သူ့ကို မည်သူ ဒုက္ခပေးခဲ့သည်ကို ဤကောလာဟလဖြင့် အသိပေးကာ ချန်ဘုရင်၏ ဒေါသကို အသုံးချ၍ ကွမ်းရန်ဘုရင်ကို နှိမ်နင်းလိုခြင်းများလား။

အမွေးဖြူမြို့ရှိ လူများ ပျောက်ဆုံးနေခြင်းနှင့် ဆက်စပ်ကြည့်လျှင် ချန်ဘုရင် ပြန်လည်ရောက်ရှိလာသည့် သတင်း တစ်စုံတစ်ယောက်၏ နားထဲသို့ ရောက်ရှိသွားပြီး ဖြစ်နိုင်ခြေ အလွန်များလှ၏။

သူအနေနှင့် လက်ပိုက်ကြည့်မနေသင့်ပဲ ချန်ဘုရင်ထံ သတင်းပေးပို့ကာ သတိထားရန် အမြန်ဆုံး အကြောင်းကြားရမည်ဟု လုကျန့်ကျီ တွေးလိုက်မိသည်။

ထိုသို့ တွေးမိသည်နှင့် တုံ့ဆိုင်းမနေတော့ပဲ လုချန်းထံသို့ စာတစ်စောင် အမြန်ရေးသားလိုက်၏။

အဝေးရှိ လျှို့ဝှက်လဝန်းနန်းတော်တွင် ရှိနေသော လုချန်းထံသို့ ထိုစာကို ပို့ဆောင်ရန် ကုန်သည်အဖြစ် ဟန်ဆောင်စေကာ လူတစ်ဦးကို သူ စေလွှတ်လိုက်သည်။

လုချန်းနှင့် လူချင်းမတွေ့မချင်း စာကို မထုတ်ရန်နှင့် အကယ်၍ အန္တရာယ် တစ်စုံတစ်ရာ ရှိလာပါက စာကို ချက်ချင်း ဖျက်ဆီးပစ်ရန်လည်း ထိုသူကို သူ အထူးမှာကြားလိုက်၏။

…….

နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် တစ်နှစ် ကုန်လွန်သွားခဲ့လေပြီ။

ကုတင်ပေါ်တွင် လဲလျောင်းနေသော လုချန်း၏ ရင်ခွင်ထဲ၌ ရှောင်ရွှီရင် မှီတွယ်နေ၏။

ကောက်ရှီယွမ်၏ အဆင့်နယ်ပယ်လည်း တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။

အစက တံခါးပိတ် ကျင့်စဉ်စခန်းမှ ထွက်လာရန် သူမ ရည်ရွယ်ခဲ့သော်လည်း ရှောင်ရွှီရင်ကို လုချန်းက ကျင့်စဉ်တွင် ကူညီပေးနေသည်ကို အာရုံခံမိသဖြင့် သူမ ထွက်လာလျှင်လည်း လုပ်စရာရှိမည်မဟုတ်ဟု တွေးကာ တံခါးပိတ်၍သာ ဆက်လက် ကျင့်ကြံနေခဲ့၏။

ထိုအခိုက်အတန့်တွင် ကုတင်ပေါ်၌ လဲလျောင်းလျက် အပေါ်မှ ကုတင်ကန့်လန့်ကာများကို လုချန်း ကြည့်နေ၏။

ရှောင်ရွှီရင်က

“မောင်လေး... ဘာတွေ တွေးနေတာလဲ”

သတိပြန်ဝင်လာသော လုချန်းက သူမ၏ ပုခုံးကို အသာအယာ ပွတ်သပ်ရင်း

“ဘာမှမဟုတ်ပါဘူး”

အမှန်စင်စစ် ကစဉ့်ကလျား ပင်လယ်ထဲတွင် ကျန်ရစ်ခဲ့သော ဇနီးများနှင့် သားသမီးများ အကြောင်းကို လုချန်း တွေးနေခြင်း ဖြစ်၏။

သူ အပြင်သို့ ရောက်နေတာ ကြာပြီဖြစ်သဖြင့် လုံးဝ စိတ်မပူပဲ မနေနိုင်ပေ။

ကစဉ့်ကလျား ပင်လယ်ထဲတွင် ကစဉ့်ကလျား သားရဲ တစ်ကောင်ထက်မက ရှိနေမည်ကို သူ စိုးရိမ်နေမိသည်။

အကယ်၍ သူ မရှိခိုက်တွင် နောက်ထပ် သားရဲတစ်ကောင် ပေါ်လာပါက သူတို့၏ စွမ်းအားနှင့် ရင်ဆိုင်နိုင်ပါ့မလားဟု လုချန်း တွေးပူနေမိ၏။

သို့သော် ယခုအချိန်တွင် ထိုအရာများကို စိုးရိမ်နေ၍လည်း အပိုပင် ဖြစ်သည်။

အခြေအနေများကို ပြန်လည် စစ်ဆေးနိုင်ရန်အတွက် သူ၏ စွမ်းအားကို အမြန်ဆုံး မြှင့်တင်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

သို့သော် လက်ရှိ အခြေအနေအရ သူ၏ စွမ်းအားကို မည်မျှပင် ကြိုးစားမြှင့်တင်ပါ စေ အနည်းဆုံး နှစ်သန်းပေါင်း အနည်းငယ်အတွင်း နတ်ဧကရာဇ် နယ်ပယ်သို့ တက်လှမ်းရန် အလွန် ခက်ခဲလှပေလိမ့်မည်။

ယခု ရှောင်ရွှီရင်နှင့်အတူ စုံတွဲကျင့်စဉ်ကို ကျင့်ကြံနေသော်လည်း ကျင့်စဉ်အဆင့် တိုးတက်လာမှုကို သူ မခံစားရသလောက်ပင် ဖြစ်သည်။

ထို့အတူ တစ်ကိုယ်တည်း ကျင့်ကြံသည့် အခါမျိုးတွင်လည်း တိုးတက်မှုကို မခံစားရပေ။

ဤပြဿနာက သူ၏ အမှားမဟုတ်ကြောင်း လုချန်း သိ၏။

နတ်များသည် အဆင့်မြင့်လာလေလေ ကျင့်စဉ် တိုးတက်မှု ပိုမိုနှေးကွေးလာလေလေ ဖြစ်သည်။

အခြားသူများသည် ကောင်းကင်နတ် အဆင့်သို့ ရောက်ရန်အတွက်ပင် နှစ်သန်းပေါင်းများစွာ အချိန်ယူခဲ့ရသည် မဟုတ်ပါလော။

သို့သော် သူသည် အခြားသူများနှင့် မတူပေ။

သူ့တွင် လုပ်ဆောင်ရမည့် ကိစ္စများနှင့် စိုးရိမ်ပူပန်မှုများ ရှိနေ၏။

ကစဉ့်ကလျား ပင်လယ်သို့ ပြန်နိုင်ရန်အတွက် နှစ်သန်းပေါင်းများစွာ အချိန်မပေးနိုင်ပေ။

အချိန်ကြာလာလေလေ မရေရာမှုများမှာ ပို ကြီးမားလာလေလေ ဖြစ်သည်။

လုချန်း သူ၏ ဇနီးများနှင့် သားသမီးများကို စိုးရိမ်နေကြောင်း ရှောင်ရွှီရင် ခပ်ရေးရေး ခံစားမိ၏။

သို့သော် လုချန်းက ဘာမှမဟုတ်ဟု ပြောနေသဖြင့် သူမ ဆက်၍ မမေးတော့ပေ။

ကျင့်စဉ်ကို ဆက်လက် ကျင့်ကြံရန် ပြင်လိုက်စဉ်မှာပင် စံအိမ်၏ အပြင်ဘက်တွင် လူနှစ်ဦး ပေါ်လာသည်ကို လုချန်း ရုတ်တရက် အာရုံခံမိလိုက်၏။

ထိုသူတို့သည် နှင်းခဲမြို့၏ မြို့တော်ဝန်နှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။

နှင်းခဲမြို့၏ မြို့တော်ဝန်သည် စံအိမ်ထဲသို့ ဝင်မလာပဲ တံခါးဝတွင် ရပ်လျက် စံအိမ်ထဲသို့ တိုက်ရိုက် လှမ်းပြောလိုက်၏။

ဟန်ရှုဝမ်က

“သံတမန်... လျှို့ဝှက်လဝန်းနန်းတော်က နောက်ထပ် အထူးသံတမန်တစ်ယောက် ရောက်လာပြီး သံတမန်နဲ့ တွေ့ဆုံချင်တယ်လို့ ဆိုပါတယ်။”

ထိုအရာကို ကြားလျှင် လုချန်း၏ လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွား၏။

ဤအချိန်တွင် လျှို့ဝှက်လဝန်းနန်းတော်က နှင်းခဲမြို့သို့ လူအဘယ်ကြောင့် စေလွှတ်ရသနည်းဟု သူ သိချင်စိတ် ဖြစ်သွားသည်။

သူ၏ အဝတ်အစားများကို လျင်မြန်စွာ လဲလှယ်လိုက်ပြီးနောက် စံအိမ်၏ တံခါးဝသို့ လုချန်း ချက်ချင်း ရောက်ရှိသွား၏။

ဟန်ရှုဝမ်၏ ဘေးတွင် အပြာရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော နတ်မိမယ်လေးတစ်ဦး ရပ်နေသည်။

လုချန်းက သူမကို တစ်ချက် ကြည့်လိုက်ပြီးနောက်

“ဘာကိစ္စများ ရှိလို့လဲ”

လုချန်းကို မြင်လျှင် ကျိုးနင် ခဏခန့် တုံ့ဆိုင်းသွား၏။

နှင်းခဲမြို့သို့ စေလွှတ်ခြင်း ခံရပြီးနောက် လျှို့ဝှက်လဝန်းနန်းတော်မှ နောက်ထပ် သံတမန်တစ်ဦး ရှိနေကြောင်း မြို့တော်ဝန်ထံမှ ကြားသိရသဖြင့် သူမ တွေ့ဆုံရန် လာခဲ့ခြင်း ဖြစ်သည်။

သို့သော် နှင်းခဲမြို့တွင် ရှိနေသူမှာ သူတို့ နန်းတော်သခင်၏ တပည့်ရင်း ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ကျိုးနင်က လုချန်းကို

“ဂါရဝပြုပါတယ် ချန်းသခင်‌လေး”

လျှို့ဝှက်လဝန်းနန်းတော်အတွင်းရှိ ရာထူးနှင့် ဝါစဉ်များမှာ စွမ်းအားအပေါ်တွင် အခြေမခံသော်လည်း စွမ်းအားကြီးမားသူနှင့် စကားပြောဆိုရာတွင် အလွန် ရိုသေကြရသည်။

သူရှေ့မှ အမျိုးသားအပေါ် ကျိုးနင်က အလွန် ရိုသေနေသည်ကို မြင်သောအခါ ဟန်ရှုဝမ် အံ့အားသင့်သွား၏။

လျှို့ဝှက်လဝန်းနန်းတော်သည် အမျိုးသားတပည့်များကို လက်မခံဟု သူ အမြဲ ထင်ထားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် လုချန်းကို စမြင်စဉ်က ဤအမျိုးသားသည် ထိုနတ်မိမယ် နှစ်ဦး၏ အဖော်တစ်ဦးသာ ဖြစ်လိမ့်မည်ဟု သူ ယူဆထားခဲ့သည်။

သို့သော် ယခုကြည့်ရသည်က ဤအမျိုးသားသည် ထိုနတ်မိမယ် နှစ်ဦး၏ အဖော်မျှသာ မဟုတ်ပဲ အခြားသော အဆင့်အတန်းများလည်း ရှိနေပုံရပေသည်။

လုချန်း

“ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ”

ကျိုးနင်က ရိုသေစွာပင်

“ကျွန်မ နာမည်က ကျိုးနင် ပါ”

လုချန်း

“အစ်မ ကျိုး... နှင်းခဲမြို့ကို ဘာကိစ္စနဲ့ လာခဲ့တာလဲ”

ကျိုးနင်က ဘာမှ ဖုံးကွယ်မထားပဲ တိုက်ရိုက်ပင် ပြောလိုက်၏။

“နန်းတော်သခင်က နေရာအနှံ့မှာ ပါရမီရှိတဲ့ တပည့်သစ်တွေကို စုဆောင်းဖို့ အမိန့်ပေးထားပါတယ်။ နှင်းခဲမြို့ဟာ ကျင့်ကြံသူတွေ စုဝေးရာနေရာဖြစ်သလို အနည်းငယ် လမ်းညွှန်ပေးရုံနဲ့ နတ်အဆင့်ကို တက်လှမ်းနိုင်မယ့် မဟယာနအဆင့် ပါရမီရှင် ကျင့်ကြံသူတွေ အမြောက်အမြား ရှိနေလို့ပါ။”

လုချန်းက အံ့အားသင့်စွာဖြင့်

“ဆရာ တံခါးပိတ် ကျင့်စဉ်စခန်းကနေ ထွက်လာပြီလား”

လုချန်း၏ စကားကို ကြားလျှင် ဟန်ရှုဝမ် ထိတ်လန့်သွား၏။

ဤစကားအရဆိုလျှင် ဤချန်းလုသည် လျှို့ဝှက်လဝန်း နန်းတော်သခင်၏ တပည့်ရင်း ဖြစ်နေသည် မဟုတ်ပါလော။

ဤကဲ့သို့သော အရေးပါသည့် ပုဂ္ဂိုလ်မျိုး နှင်းခဲမြို့သို့ ရောက်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ကျိုးနင်က

“တံခါးပိတ် ကျင့်စဉ်စခန်းကနေ ထွက်မလာသေးပါဘူး။ အသံလွှင့်ပြီးတော့ပဲ အမိန့်ပေးခဲ့တာပါ။”

ထို့နောက် လုချန်းက

“ဆရာက ဘာလို့ ရုတ်တရက်ကြီး တပည့်သစ်တွေ စုဆောင်းခိုင်းရတာလဲ။ တပည့်သစ်ခေါ်ဖို့ အချိန်မရောက်သေးဘူး မဟုတ်လား”

ပုံမှန်အားဖြင့် လျှို့ဝှက်လဝန်းနန်းတော်ကဲ့သို့သော နတ်ဂိုဏ်းကြီးများသည် နှစ်အတော်ကြာမှသာ တစ်ကြိမ် တပည့်သစ် စုဆောင်းလေ့ရှိကြသည်။

ပြီးခဲ့သည့်အကြိမ်က တပည့်သစ် ခေါ်ယူခဲ့တာ မကြာသေး‌သဖြင့် နောက်ထပ် အချိန်မကျသေးကြောင်း လုချန်း မှတ်မိနေ၏။

ကျိုးနင်က

“သခင်လေးက တံခါးပိတ် ကျင့်ကြံနေတာဆိုတော့ လက်ရှိ အခြေအနေတွေကို သိဦးမှာ မဟုတ်ဘူး။”

“လွန်ခဲ့တဲ့ တစ်နှစ်က မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့တယ်။ အခုဆိုရင် လူတွေက အကန့်အသတ်မရှိ မျိုးဆက်ပြန့်ပွားနိုင်ကြပြီ ဖြစ်သလို လူသားဦးရေကလည်း အရှိန်အဟုန်နဲ့ တိုးတက်လာနေတယ်။ ဒါတင်မကဘူး... နတ်တွေတောင်မှ မျိုးဆက်သစ်တွေ ထွန်းကားနိုင်ပါပြီ။”

All Chapters