အခန်း (၁၆၂၄-၁၆၂၆)
Vol. 109 Ch. 1624-1626
အခန်း (၁၆၂၄)
စစ်ရိပ်စစ်ယောင်များ
ကျိုးနင်၏ စကားမဆုံးခင်မှာပင် ဖြစ်လာနိုင်သည့် အခြေအနေများကို လုချန်း ခန့်မှန်းမိလိုက်၏။
လုချန်းက
“ဒါဆို အင်အားကြီးအဖွဲ့အစည်းတွေအားလုံး လှုပ်လှုပ်ရှားရှားဖြစ်နေပြီး စစ်ပွဲစဖို့ အသင့်ပြင်နေကြပြီလို့ ပြောချင်တာလား။”
ယခင်က ထျန်းရန် နတ်ဘုရား နယ်မြေ၏ ထိပ်တန်းအင်အားစုများ စစ်ပွဲစတင်ရန် မဝံ့ရဲခဲ့ကြချေ။ အဓိကအကြောင်းရင်းက ကျဆုံးသွားသည့် နတ်များ၏ အရေအတွက်က တိုးပွားလာသော်လည်း အစားထိုးမည့်သူများ မရှိခြင်းကြောင့် ဖြစ်၏။ ထိုအတိုင်းသာ ဆက်သွားပါက မည်သည့်အဖွဲ့အစည်းအတွက်မဆို ဆိုးကျိုးများသာ ဖြစ်ပေါ်လာပေလိမ့်မည်။
အရေးကြီးဆုံးအချက်က နတ်များသာမက လူသားများပင် မျိုးဆက်ပြန့်ပွားရန် မဖြစ်နိုင်တော့ခြင်းပင်။
အတိတ်ကာလက နတ်ဂိုဏ်းတစ်ခုသည် နတ်များစွာ ဆုံးရှုံးခဲ့လျှင်ပင် လူ့လောကမှ လူနတ်များကို အမြောက်အမြား ခေါ်ယူကာ အသေခံစစ်သည်များအဖြစ် အသုံးချနိုင်ခဲ့သည်။ သို့သော် လူသားများပင် မျိုးဆက်မပြန့်ပွားနိုင်တော့ပါက စစ်ပွဲများကို ဆက်တိုက်ဆင်နွှဲနေလျှင် နောက်ဆုံး၌ အသေခံစစ်သည်များပင် မရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်စေမည်ဖြစ်၏။
နတ်ဂိုဏ်းများအကြားဖြစ်ပွားသော စစ်ပွဲများသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်လှပြီး သေဆုံးသူအရေအတွက်ကလည်း အကြိမ်တိုင်းတွင် မခန့်မှန်းနိုင်လောက်အောင်ပင် များပြားလှသည်။
လုချန်း နားလည်သွားသည်ကို မြင်လျှင် ကျိုးနင်က
“ဟုတ်တယ်။ အခုတော့ ထိပ်တန်းနတ်ဂိုဏ်း အားလုံးက အခွင့်ကောင်းရတုန်း နယ်မြေချဲ့ထွင်ဖို့ စိတ်အားထက်သန်နေကြပါပြီ။”
“အထူးသဖြင့် သွေးလင်းယုန်ခန်းမပါ။ သူတို့ရဲ့ ရှေ့ပြေးတပ်ဖွဲ့တွေက ကျွန်မတို့နဲ့ ချီယန်ဂိုဏ်းကို ဆက်သွယ်လာပြီးပြီ။ သွေးလင်းယုန်ခန်းမက ကျွန်မတို့ နတ်ဂိုဏ်းနှစ်ဂိုဏ်းကို တိုက်ခိုက်ဖို့ သိပ်မကြာတော့ဘူးလို့ ထင်ပါတယ်။”
ယခု မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ပြန်လည်ကောင်းမွန်လာပြီဖြစ်သော်လည်း မည်သည့်အချိန်တွင် ပြဿနာ ထပ်မံဖြစ်ပွားမည်ကို မည်သူမှ အသေအချာ မပြောနိုင်ကြချေ။ ထိပ်တန်းအင်အားစုများစွာသည် ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက်ခင် အခွင့်အရေးကို ဆုပ်ကိုင်လိုကြ၏။
နယ်မြေချဲ့ထွင်ရန်၊ လူဦးရေပိုမိုသိမ်းပိုက်ရန်နှင့် အရင်းအမြစ်များကို လုယူရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။
အကယ်၍ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်တွင် တစ်နေ့နေ့၌ ပြဿနာများ ထပ်မံပေါ်ပေါက်လာပါက သူတို့အနေနှင့် တိုက်ပွဲများကို ရပ်တန့်ရပေလိမ့်မည်။ ထိုအချက်ကြောင့် နယ်မြေချဲ့ထွင်ရန် စိတ်အားထက်သန်နေသော ထိုအင်အားစုများ စတင်လှုပ်ရှားလာကြပြီး ထျန်းရန် နတ်ဘုရား နယ်မြေ တစ်ခုလုံးကို စစ်ရိပ်စစ်ယောင်များ ဖုံးလွှမ်းသွားစေ၏။
ထိုအခိုက်အတန့်တွင် ကျိုးနင်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး
“နောက်ပြီး ဒီတစ်ခါ တပည့်သစ်စုဆောင်းတာက ကျား၊ မ ကန့်သတ်ချက်မရှိဘူး”
ဟု ထပ်လောင်းပြောကြားလိုက်သည်။
ထိုအရာကို ကြားလျှင် လုချန်း ခဏခန့် မှင်တက်သွား၏။ ယွမ်ယုတိက ကျား၊ မ မရွေး စုဆောင်းခိုင်းသည်ဆိုကတည်းက အခြေအနေ အတော်ပင် ဆိုးရွားနေပြီဖြစ်ကြောင်း ထင်ရှားသည်။
လုချန်းက
“ကောင်းပြီ။ တပည့်သစ်တွေ သွားပြီး စုဆောင်းလိုက်ပါ”
ကျိုးနင်က နှုတ်ခမ်းကို ဟလိုက်ပြီး
“အခု အခြေအနေတွေ ရှုပ်ထွေးနေတာဆိုတော့ ရှင်တို့... လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်သင့်ပြီ ထင်တယ်။”
လုချန်းက
“ကျုပ်က ကောင်းကင်နတ် နယ်ပယ်ကို တက်လှမ်းဖို့အတွက် လူ့လောကမှာ လာပြီး ကျင့်ကြံနေတာပဲ။ အခုထိ မအောင်မြင်သေးတော့ အခုပြန်သွားမယ်ဆိုရင် မပြည့်စုံသလို ဖြစ်နေလိမ့်မယ်။”
“နောက်ပြီး စစ်ပွဲတကယ်ဖြစ်ရင်တောင် ဆယ်စုနှစ်တွေ ဒါမှမဟုတ် ရာစုနှစ်တွေအထိ ကြာဦးမှာပါ။ အကယ်၍ အန္တရာယ်ရှိတဲ့ အခြေအနေ တစ်ခုခု တကယ်ဖြစ်လာရင် ကျုပ်ချက်ချင်း ပြန်လာခဲ့ပါ့မယ်။”
နတ်ဂိုဏ်းများကြားမှ စစ်ပွဲများသည် ကလေးကစားစရာ မဟုတ်ပေ။ အင်အားချင်းတူညီသော ဂိုဏ်းများ ထိပ်တိုက်တွေ့ကြလျှင် ဆယ်စုနှစ်များ၊ ရာစုနှစ်များ သို့မဟုတ် ထောင်စုနှစ်များအထိပင် ပြင်ဆင်လေ့ရှိကြသည်။
သွေးလင်းယုန်ခန်းမသည် လျှို့ဝှက်လဝန်းနန်းတော်နှင့် ချီယန်ဂိုဏ်းထက် ပိုမိုအင်အားကြီးမားသော်လည်း ထိုဂိုဏ်းနှစ်ဂိုဏ်းစလုံးတွင် နတ်ဘုရင်များ ရှိနေကြ၏။
နတ်ဘုရင်များကို ရင်ဆိုင်ရန် မလွယ်ကူလှပေ။
လုချန်း၏ ဆုံးဖြတ်ချက်ကို မြင်လျှင် ကျိုးနင်လည်း ဘာမှ ထပ်မပြောတော့ချေ။ သူမက လုချန်းကို ဂါရဝပြုလိုက်ပြီး
“ဒါဆို ကျွန်မ မနှောင့်ယှက်တော့ပါဘူး”
စကားအဆုံးတွင် ဟန်ရှုဝမ်ကို ခေါ်ကာ စံအိမ်မှ ကျိုးနင် ထွက်ခွာသွားသည်။ သူမ၏ ကျောပြင်ကို ကြည့်ရင်း လုချန်း သူ့ဘာသာ သူ တွေးမိလိုက်၏။
သူ မတော်တဆ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို ပြုပြင်လိုက်မိခြင်းက မကောင်းသည့်ဘက်သို့ ဦးတည်သွားလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
လုချန်းလည်း အခြားအရာများကို များများစားစား မတွေးတော့ပဲ စံအိမ်ထဲသို့ ပြန်ဝင်ကာ အမျိုးသမီးနှစ်ဦးနှင့်အတူ ဆက်လက်ကျင့်ကြံရန် ပြင်လိုက်၏။ သို့သော် ထိုအခိုက်အတန့်တွင်ပင် ထွက်ခွာသွားသော ကျိုးနင်က ရုတ်တရက် လှည့်ကြည့်လာပြီး လုချန်းထံ နတ်အာရုံဖြင့်
“ဒါနဲ့ မောင်လေး။ ကျွန်မ တစ်ခုလောက် ပြောဖို့ ရှိသေးတာ မေ့တော့မလို့။”
လုချန်းက ခြေလှမ်းများကို ရပ်တန့်ကာ အဝေးမှ ကျိုးနင်ကို လှည့်ကြည့်ပြီး
“ဘာများလဲ”
ဟု နတ်အာရုံဖြင့် မေးလိုက်သည်။
ကျိုးနင်က
“အမွေးဖြူမြို့က လူတချို့ မောင်လေးကို လာရှာနေကြတယ်။ သူတို့က မင်းနဲ့ အမွေးဖြူမြို့ မြို့တော်ဝန်ကြား ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ ပြောကြတာပဲ။ အခု အမွေးဖြူမြို့က အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်နေရလို့ မင်းဆီက အကူအညီ လာတောင်းချင်ကြတာ။”
နတ်များ၏ အမြင်တွင် အမွေးဖြူမြို့ဆိုသည်မှာ အရေးမပါသော မြို့ငယ်လေးတစ်မြို့မျှသာ ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်မှ လူများပင်လျှင် ထိုအခြေအနေကို သိပ်ပြီး ဂုရုမစိုက်ကြချေ။
အဆက်အသွယ်ရှာပြီး ရင်းနှီးကြောင်း ပြောကာ အကူအညီတောင်းခံခြင်းက သူတို့အတွက် အလွန်ပင် ရိုးအီနေသည့် ကိစ္စဖြစ်၏။
အထူးသဖြင့် မည်သည့်အဆက်အသွယ်မှ မရှိခဲ့ပဲ ရုတ်တရက် ထင်ရှားကျော်ကြားလာသူများဆီသို့ အတိတ်က သိကျွမ်းသူများက အဆက်အသွယ်လုပ်ရန် ကြိုးပမ်းလေ့ရှိကြသည်။
လျှို့ဝှက်လဝန်းနန်းတော်မှ လူများ၏အမြင်အရ အမွေးဖြူမြို့မှ လူများသည်လည်း ထိုသို့ပင် ဖြစ်ပေလိမ့်မည်။ ချန်းလုသည် နန်းတော်သခင်၏ တပည့်ရင်းဖြစ်လာပြီး အရေးပါသူတစ်ယောက် ဖြစ်သွားသည်ကို မြင်သောကြောင့် ချန်းလု၏ ဩဇာအာဏာကို လာရောက်တွယ်ကပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်နိုင်သည်။
လုချန်းနှင့် အမွေးဖြူမြို့တို့အကြား မည်သို့ပတ်သက်မှုရှိသည်ကို ကျိုးနင် မသိသော်လည်း သူမ သတိရသွားသည်နှင့် ကြုံကြိုက်သဖြင့် ပြောပြလိုက်ခြင်းဖြစ်၏။ အကယ်၍ လုချန်းနှင့် အမွေးဖြူမြို့တို့ တကယ်ပတ်သက်မှု ရှိနေခဲ့လျှင် ယနေ့ သူမပြောပြလိုက်ခြင်းက သူ့ကို ကျေးဇူးပြုလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
အကယ်၍ လုချန်းနှင့် အမွေးဖြူမြို့တို့ ဘာမှ မပတ်သက်လျှင်ပင် သူမအတွက် ဘာမှ ဆုံးရှုံးစရာ မရှိပေ။
ကျိုးနင်၏ စကားကို ကြားလျှင် လုချန်းက “ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မ။ ပြန်ရောက်ရင် သူတို့ကို ပြောပေးပါဦး... ကျုပ်ကို နှင်းခဲမြို့မှာပဲ တိုက်ရိုက်လာရှာပါလို့။”
လုချန်းသည် အမွေးဖြူမြို့ အန္တရာယ်ရှိသည်ဟူသော သတင်းကြားရုံနှင့် ထိုနေရာသို့ အပြေးအလွှား သွားမည့်သူ မဟုတ်ပေ။ လုကျန့်ကျီက လူမိုက်တစ်ယောက်မဟုတ်ဟု သူ ယုံကြည်၏။
အကယ်၍ မြို့တွင် လုကျန့်ကျီ မဖြေရှင်းနိုင်သည့် အန္တရာယ် အစစ်အမှန်နှင့် ရင်ဆိုင်နေရပါက သူသည် အသက်အန္တာရယ် ဖြစ်မည့် အနေအထားကို စောင့်နေမည် မဟုတ်ပဲ ထွက်ခွာသွားပေလိမ့်မည်။
သူက လျှို့ဝှက်လဝန်းနန်းတော်သို့ လူလွှတ်ကာ လုချန်းကို ရှာခိုင်းသည်ဆိုကတည်းက အမွေးဖြူမြို့တွင် အကျပ်အတည်းနှင့် ရင်ဆိုင်နေရလျှင်ပင် ထိုအရာက လုကျန့်ကျီ ကိုင်တွယ်နိုင်သည့် အရာဖြစ်ကြောင်း ညွှန်ပြနေ၏။
ထို့ကြောင့် လုကျန့်ကျီက သူ့ကို သတိပေးရန် သို့မဟုတ် အချက်ပေးရန်အတွက် လူလွှတ်လိုက်ခြင်းဖြစ်မည်ဟု လုချန်း ယူဆသည်။
ကျိုးနင်က
“ကောင်းပြီလေ”
လုချန်းအား ထိုကိစ္စ ပြောပြပြီးနောက် ကျိုးနင်လည်း နောက်တစ်ကြိမ် လှည့်ထွက်သွားပြန်သည်။
ကျိုးနင် ခပ်ဝေးဝေးသို့ ရောက်သွားပြီးနောက်မှ လုချန်းလည်း စံအိမ်ထဲသို့ ပြန်ဝင်ခဲ့၏။ အထဲသို့ ရောက်လျှင် ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့က သူ့ကို ထပ်မံကြိုဆိုကြသည်။
ကောက်ရှီယွမ်က
“မောင်လေး... ဟိုလူတွေက ဘာကိစ္စရှိလို့လဲ”
လုချန်းက
“ဘာမှ မဟုတ်ပါဘူး။ လျှို့ဝှက်လဝန်းနန်းတော်က တပည့်သစ်စုဆောင်းဖို့ နှင်းခဲမြို့ကို လူလွှတ်လိုက်တာလေ။ သူက နှင်းခဲမြို့မှာ နန်းတော်က တပည့်တွေ ရှိနေတယ်လို့ ကြားလို့ လာကြည့်တာ။”
ရှောင်ရွှီရင်က စပ်စုလိုစိတ်ဖြင့်
“တပည့်သစ် စုဆောင်းတာလား... လျှို့ဝှက်လဝန်းနန်းတော်က ဘာလို့ အခုလိုအချိန်မှာ တပည့်သစ်တွေ စုဆောင်းနေရတာလဲ။”
လုချန်းက
“မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်က တစ်ကျော့ပြန် တောက်ပလာပြီလေ။ အခု လူသားတွေနဲ့ နတ်တွေရဲ့ သားသမီးရနိုင်စွမ်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ။ ထိပ်တန်းနတ်ဂိုဏ်း တွေအားလုံးက ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ရဲ့ အင်အားကို ချဲ့ထွင်ဖို့ စိတ်အားထက်သန်နေကြတယ်။”
လုချန်း၏ စကားကို ကြားလျှင် အမျိုးသမီးနှစ်ဦး ရင်ထဲ ထိတ်လန့်သွားကြ၏။ ထိုအရာက ထျန်းရန် နတ်ဘုရား နယ်မြေတွင် နောက်တစ်ကြိမ် ထပ်မံ၍ ရုတ်ရုတ်သဲသဲ ဖြစ်တော့မည်ဟူသော အဓိပ္ပာယ်ပင်။
အတိတ်ကာလက ထျန်းရန် နတ်ဘုရား နယ်မြေသည် တိုက်ပွဲများဖြင့် အမြဲတစေ ပြည့်နှက်နေခဲ့ဖူးသည်။ နှစ်စဉ်နှစ်တိုင်း နတ်များစွာ ကျဆုံးခဲ့ကြရ၏။ အကယ်၍ နတ်များနှင့် လူသားများတွင် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ ပြဿနာများ မရှိခဲ့လျှင် ခဏတာမျှပင် ငြိမ်းချမ်းရေး ရခဲ့မည်မဟုတ်ပေ။
ထျန်းရန် နတ်ဘုရား နယ်မြေ၏ နတ်ဧကရာဇ်များ ကစဉ့်ကလျား ပင်လယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ပြန်မလာတော့သဖြင့် နယ်မြေအတွင်းရှိ ထိပ်တန်းနတ်ဂိုဏ်းများလည်း သူတို့၏ ကျင့်စဉ်အရင်းအမြစ်များကို နတ်သခင်များထံတွင်သာ စုပုံထားခဲ့ကြ၏။ အရင်းအမြစ် အမြောက်အမြား အသုံးချကာ နတ်ဧကရာဇ်များ ထွက်ပေါ်လာစေရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။
ထိပ်တန်းနတ်ဂိုဏ်းတစ်ခုမှ နတ်ဧကရာဇ်တစ်ပါး ပေါ်ပေါက်လာပါက ထိုဂိုဏ်းသည် ထျန်းရန် နတ်ဘုရား နယ်မြေကို အချိန်အကြာကြီး ထိန်းချုပ်ထားနိုင်မည်ဖြစ်၏။
သို့သော် နတ်ဧကရာဇ်တစ်ပါးဖြစ်လာရန်က မလွယ်ကူလှပေ။ ထျန်းရန် နတ်ဘုရား နယ်မြေတွင် ရေတွက်၍မရနိုင်သော နတ်သခင်များစွာ ရှိသော်လည်း သူတို့သည် နတ်သခင်အဆင့်မှ ကျော်လွန်ရန် အလားအလာ အနည်းငယ်မျှပင် မရှိပဲ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသူများ ဖြစ်ကြသည်။
ထို့ပြင် သူတို့ နတ်ဧကရာဇ်အဆင့်သို့ ရောက်ရှိရန် လုံလောက်သော အရင်းအမြစ်များကို စုပုံပေး၍ ကြိုးစားခြင်းကလည်း မဖြစ်နိုင်သလောက်နီးပါး ခက်ခဲသော အလုပ်ပင် ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ နတ်ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ခြေ ဟူသော ဆွဲဆောင်မှုသည် နတ်သခင်များအတွက် အလွန်ကြီးမားလွန်းလှ၏။ အသက်ရှည်ကျန်းမာမှု၊ အရာအားလုံးကို အမိန့်ပေးနိုင်သော နတ်ဧကရာဇ်တစ်ပါး၏ အကြွင်းမဲ့အာဏာတို့က သူတို့ကို ရူးသွပ်သွားစေ၏။ ထို့ကြောင့် မည်သည့်နည်းလမ်းမျိုးနှင့်ဖြစ်စေ နတ်သခင်များကတော့ ကြိုးစားကြည့်ကြလိမ့်မှာ မလွဲပေ။
…………..
အခန်း (၁၆၂၅)
ကစဉ့်ကလျား ပင်လယ်ထဲမှ ပန်းနီရထား
လုချန်း၏ စကားကို ကြားလျှင် ကောက်ရှီယွမ်က စိုးရိမ်တကြီးဖြင့်
“ဒါဆို အခုပဲ လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်ကြရအောင်။ တကယ်လို့ ပရိယာယ်များတဲ့ တချို့နတ်ဂိုဏ်းတွေက ရှင် ဒီမှာရှိနေတာကို သိသွားရင် ရှင့်ကို တစ်ခုခု လုပ်ကြလိမ့်မယ်။”
လူသားများနှင့် နတ်များအကြား မျိုးဆက်ပြန့်ပွားမှု ပုံမှန်ပြန်ဖြစ်သွားပြီဟူသော လုချန်း၏ စကားသာ အမှန်ဖြစ်ပါက နတ်ဂိုဏ်းများအကြား စစ်ပွဲများ ဖြစ်ပွားလာခြင်းက ရှောင်လွှဲ၍ မရနိုင်ပေ။
ထိပ်တန်းနတ်ဂိုဏ်းကြီးများ အရင်ဆုံး လုပ်ဆောင်ကြမည့်အရာမှာ သူတို့၏ တပည့်များကို ပြန်လည်ခေါ်ယူပြီး စစ်ပွဲအတွက် တက်ကြွစွာ ပြင်ဆင်ကြရန်ပင် ဖြစ်၏။
ဂိုဏ်းချုပ်၏ တပည့်ရင်းတစ်ဦး ဖြစ်သည့်အတွက် လုချန်းသည် ရန်သူ့အင်အားစုများ၏ အဓိက ပစ်မှတ်ဖြစ်လာမည်မှာ ဧကန်မုချပင်။
လုချန်း အပြင်တွင် ကျင့်ကြံနေကြောင်း လျှို့ဝှက်လဝန်းနန်းတော်၏ ရန်သူများ သိသွားပါက သူ့ကို လုပ်ကြံရန် စွမ်းအားကြီးသူများကို စေလွှတ်ကြပေလိမ့်မည်။
လုချန်းက
“အစ်မ... မစိုးရိမ်ပါနဲ့။ ကျုပ်မှာ ဆရာပေးထားတဲ့ အသက်ကယ် ရတနာရှိတာကို မေ့သွားပြီလား။”
ထိုအရာကို ကြားလျှင် လုချန်းသည် တစ်ခါက နတ်ဘုရင်ခံတစ်ဦးကိုပင် အလွယ်တကူ သုတ်သင်ခဲ့ဖူးကြောင်း ကောက်ရှီယွမ် သတိရသွားပြီး အမျိုးသမီးနှစ်ဦး၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုများ အနည်းငယ် လျော့ပါးသွားသည်။
လုချန်းက
“ဒါပေမဲ့ အဲဒီစွမ်းအားက ပြင်ပစွမ်းအားပဲလေ။ လာမယ့် နှစ်သန်းပေါင်း ရာချီအတွင်းမှာ ထျန်းရန် နတ်ဘုရား နယ်မြေက ငြိမ်းချမ်းတော့မှာ မဟုတ်ဘူး။ နတ်ဧကရာဇ်အသစ်တစ်ပါး ပေါ်မလာရင် စစ်ပွဲတွေက အဆုံးမရှိ ဆက်ဖြစ်နေမှာပဲ။ ကျုပ်တို့ အသက်ရှင်ဖို့အတွက် စွမ်းအားကို အမြန်ဆုံး မြှင့်တင်ရမယ်။”
ထိုသို့ ပြောရင်း လုချန်း၏ စိတ်ထဲတွင် အမျိုးသမီးတစ်ဦး၏ ပုံရိပ် ပေါ်လာ၏။
ထိုသူသည် ကစဉ့်ကလျား သားရဲ၏ သားရဲအမြုတေကို လုယူသွားပြီး ကစဉ့်ကလျား စွမ်းအားကို တွန်းလှန်နိုင်စွမ်း ရရှိခဲ့သည်။
သူမက အဘယ်ကြောင့် ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပြန်မလာသေးသနည်း။
သူမ ကစဉ့်ကလျား ပင်လယ်ထဲတွင် လမ်းပျောက်နေတာ ဖြစ်နိုင်မလား။
သူမအနေနှင့် ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို တွန်းလှန်နိုင်သော်လည်း ကစဉ့်ကလျား ပင်လယ်သည် အတိုင်းအဆမရှိ ကျယ်ပြောလှပြီး လမ်းကြောင်းလည်း အတိအကျ မရှိချေ။
ကစဉ့်ကလျား စွမ်းအားကို တွန်းလှန်နိုင်သည့် အရာရှိလျှင်ပင် လွတ်မြောက်နိုင်မည်ဟု အာမမခံနိုင်ပေ။
နယ်စပ်ဖြတ်ကျော် ကျောက်တုံးကို သုံးခဲ့စဉ်က ထျန်းရန် နတ်ဘုရား နယ်မြေသည် ကစဉ့်ကလျား ပင်လယ်ထဲတွင် အရေးမပါသော တည်ရှိမှုတစ်ခုမျှသာ ဖြစ်ကြောင်း သူ သိမြင်ခဲ့ရသည်။
ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပြန်လာနိုင်ရန်မှာ သမုဒ္ဒရာထဲတွင် အပ်ရှာရသကဲ့သို့ပင် ခက်ခဲလှ၏။
သူတွင် နယ်စပ်ဖြတ်ကျော် ကျောက်တုံးသာ မရှိခဲ့ပါက ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပြန်လာနိုင်ရန်က မဖြစ်နိုင်သလောက်ပင်။ ထိုသို့တွေးရင်း သူ ကံကောင်းသည်ဟု လုချန်း ခံစားမိ၏။
ထိုအခိုက်အတန့်တွင် အမျိုးသမီးနှစ်ဦးကို လုချန်း ကြည့်လိုက်ပြီး လက်မောင်းများကို မြှောက်ကာ သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။
ထို့နောက် ပြုံးကာ
“ဒါကြောင့် ကျုပ်တို့ ကျင့်ကြံဖို့ အချိန် အရယူရမယ်။ အစ်မနှစ်ယောက်ကို ကျင့်စဉ်မှာ ကျုပ် ကူညီပေးပါရစေ။”
လုချန်း၏ စကားကို ကြားလျှင် အမျိုးသမီးနှစ်ဦးစလုံး၏ ပါးပြင်ပေါ်တွင် နီမြန်းမှုများ အလိုလို ပေါ်ပေါက်လာ တော့သည်။
ကျင့်စဉ်ကူညီပေးမည် ဆိုတာက သူ အခြားတစ်မျိုးကို တွေးနေခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
သို့သော်လည်း အမျိုးသမီးနှစ်ဦးသည် ရုန်းကန်ခြင်း မပြုပဲ အခန်းထဲသို့ ဆွဲခေါ်သွားသည်ကို ခွင့်ပြုလိုက်ကြ၏။
…….
တစ်ချိန်တည်းမှာပင်...
ကစဉ့်ကလျား ပင်လယ်၏ တစ်နေရာတွင်။
ခရမ်းရောင်အလင်းများ ထွက်ပေါ်နေသော နတ်လှေတစ်စင်းသည် သတ်မှတ်ထားသော လမ်းကြောင်းတစ်ခုအတိုင်း အရှိန်အဟုန်ဖြင့် ပျံသန်းနေ၏။
ခရမ်းနုရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးတစ်ဦးသည် နတ်လှေ၏ ဦးပိုင်းတွင် ရပ်နေကာ အဆုံးမဲ့ မှောင်မိုက်နေသည့် ညဉ့်ဦးယံကို ငေးကြည့်ရင်း တစ်ခုခုကို တွေးတောနေဟန် ရှိ၏။
ထိုအချိန်တွင် ချူးကျန့်ယွီက အမျိုးသမီး၏ နောက်မှ ချဉ်းကပ်လာပြီး
“ကောင်းကင်မိန်းကလေး... နတ်ရှာကျောက်တုံးက အခုထိ ဘာတုံ့ပြန်မှုမှ မရှိသေးဘူး။”
ကျယ်ပြောလှသော ကစဉ့်ကလျား ပင်လယ်အလယ်တွင် ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပြန်သည့်လမ်းကို ရှာဖွေရန် မည်မျှခက်ခဲကြောင်း သိထားသည့်အတွက် ထိုအရာကို ကြားလျှင် ရွှမ်ချင်းယွမ် အံ့ဩခြင်း မရှိပေ။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် ကစဉ့်ကလျား သားရဲ၏ သားရဲအမြုတေကို ရရှိထားသဖြင့် ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို တွန်းလှန်နိုင်နေပြီ ဖြစ်၏။
ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှု မရှိပါက သူတို့၏ သက်တမ်းအရ နှစ်သန်းပေါင်း ထောင်ချီကာ တောင့်ခံနိုင်ကြပေလိမ့်မည်။
သို့သော်လည်း နဝမကောင်းကင်တက္ကသိုလ်မှ အခြားအဖွဲ့ဝင်များကတော့ ရွှမ်ချင်းယွမ်ကဲ့သို့ အကောင်းမမြင်နိုင်ကြချေ။
ရွှမ်ချင်းယွမ်၏ စွမ်းအားများ လျော့ကျသွားခဲ့သော်လည်း နတ်ဧကရာဇ်တစ်ပါး၏ နတ်ဝိညာဉ် တည်ရှိနေပါက သူမ အသက်ရှင်နေဦးမည် ဖြစ်သည်။
နဝမကောင်းကင်တက္ကသိုလ်မှ အခြားအဖွဲ့ဝင်များသည် နတ်ဧကရာဇ်များ မဟုတ်ကြပေ။
ရွှမ်ချင်းယွမ်က သူတို့ကို ကစဉ့်ကလျား သားရဲ၏ ပါးစပ်ထဲမှ ခေါ်ထုတ်လာခဲ့စဉ်ကပင် လူအမြောက်အမြားသည် သေအံ့ဆဲဆဲ အခြေအနေသို့ ရောက်ရှိနေကြပြီ ဖြစ်၏။
အရေးကြီးဆုံးအချက်မှာ ကစဉ့်ကလျား ပင်လယ်ထဲတွင် စိတ်ဝိညာဉ် စွမ်းအား သို့မဟုတ် နတ်အငွေ့အသက်များ မရှိခြင်းပင်။ ထို့ကြောင့် နဝမကောင်းကင်တက္ကသိုလ် အဖွဲ့ဝင်များအတွက် သူတို့၏ စွမ်းအားကို မြှင့်တင်ရန် မဖြစ်နိုင်တော့ပဲ သေဆုံးမည့်အချိန် နီးကပ်လာသည်ကိုသာ ကြည့်နေရရုံ ရှိတော့သည်။
နဝမကောင်းကင်တက္ကသိုလ် တပည့်များ၏ မျှော်လင့်ချက်ကင်းမဲ့နေမှုကို ရွှမ်ချင်းယွမ် သတိပြုမိသွားပြီး ချူးကျန့်ယွီကို ခပ်အေးအေးပင်
“တကယ်လို့ ရှင်တို့ရဲ့ သက်တမ်းကုန်ခါနီးပြီဆိုရင် ရှင်တို့ကို ချိပ်ပိတ်ထားဖို့ ကျွန်မ လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံးပေးမယ်။ ထျန်းရန် နတ်ဘုရား နယ်မြေကို ပြန်ရောက်မှ ချိပ်ပိတ်ကို ပြန်ဖွင့်ပေးမယ်။”
ရွှမ်ချင်းယွမ်၏ စကားကို ကြားလျှင် ချူးကျန့်ယွီ ဝမ်းသာသွား၏။
ချိပ်ပိတ်ခံထားရလျှင်ပင် သူတို့၏ အသက်ဓာတ်များ တဖြည်းဖြည်း လျော့နည်းသွားဦးမည် ဖြစ်သော်လည်း ထိုလျော့နည်းမှုနှုန်းက သိသိသာသာ နှေးကွေးသွားမည် ဖြစ်သည်။
အကယ်၍ ချိပ်ပိတ်နိုင်ခဲ့ပါက သူတို့သည် နောက်ထပ် နှစ်သန်းထောင်ဂဏန်း အနည်းငယ်အထိ တောင့်ခံနိုင်ပေလိမ့်မည်။
ချူးကျန့်ယွီက ရွှမ်ချင်းယွမ်ကို ဂါရဝပြုလိုက်ပြီး
“ကျေးဇူးတင်ပါတယ် ကောင်းကင်မိန်းကလေး”
ရွှမ်ချင်းယွမ်က ဘာမှ ထပ်မပြောတော့ပဲ အဝေးမှ မှောင်မိုက်မှုကိုသာ စိုက်ကြည့်နေသည်။
ထိုအခိုက်အတန့်တွင် သူမ၏ စိတ်ထဲ၌ လူတစ်ယောက်၏ ပုံရိပ် ပေါ်လာ၏။
ထိုလူ အခုဆို ဘာတွေလုပ်နေမလဲဟု သူမ စိတ်ထဲမှ တွေးတောနေမိသည်။
ထိုစဉ် အဝေးရှိ အမှောင်ထုထဲမှ အနီရောင်စွမ်းအား လှိုင်းများ ရုတ်တရက် ထွက်ပေါ်လာသည်။
စွမ်းအားကို ခံစားမိသည်နှင့် ရွှမ်ချင်းယွမ် ချက်ချင်း သတိထားလိုက်၏။
ကစဉ့်ကလျား ပင်လယ်ထဲတွင် ဤမျှကြာအောင် လှည့်လည်သွားလာခဲ့ပြီးနောက် ဤလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ပထမဆုံးအကြိမ် ခံစားမိခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အနီရောင်အလင်းများ ဖြာထွက်နေသော ပန်းနီရထားတစ်စင်း နတ်လှေ၏ ရှေ့တွင် ပေါ်လာ၏။
ထိုပန်းနီရထားကို မြင်သောအခါ ရွှမ်ချင်းယွမ်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။
သူမသည် ကစဉ့်ကလျား သားရဲ၏ ဗိုက်ထဲတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး လုချန်းကိုလည်း အချိန်အတော်ကြာ စောင့်ကြည့်ခဲ့ဖူးသည်။
ထို့ကြောင့် ဤပန်းနီရထား လုချန်းနှင့် ပတ်သက်မှု တစ်ခုခုရှိနေကြောင်း သူမ သိထား၏။
ပန်းနီရထားကို မြင်သောအခါ ချူးကျန့်ယွီက ဇဝေဇဝါဖြစ်စွာနှင့်
“ကစဉ့်ကလျား ပင်လယ်ထဲမှာ ရထားတစ်စင်းက ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာနိုင်တာလဲ။”
ရွှမ်ချင်းယွမ်က ချူးကျန့်ယွီ၏ မေးခွန်းကို မဖြေပဲ ပန်းနီရထားကိုသာ သတိကြီးစွာ စောင့်ကြည့်နေ၏။
သူမ သိထားသော အချက်အလက်များအရ ဤပန်းနီရထား၌ လမ်းပြပေးနိုင်သော ဂုဏ်သတ္တိအချို့ ရှိသည်။
ကစဉ့်ကလျား သားရဲ၏ ဗိုက်ထဲတွင် ရှိနေစဉ်က လုချန်း၏ ဇနီးအချို့သည် ဤပန်းနီရထားကြောင့် လုချန်း၏ အနားသို့ ရောက်ရှိလာခဲ့ကြပုံ ရ၏။
အခု ဤပန်းနီရထားက သူမဆီကို ဘာကိစ္စနဲ့ လာတာပါလိမ့်။
လုချန်းက သူမကို ဆက်သွယ်ဖို့ ကြိုးစားနေတာလား။
ထိုသို့တွေးရင်း ရွှမ်ချင်းယွမ်လည်း ပန်းနီရထားကို လျစ်လျူရှုကာ နတ်လှေကို ရှောင်ကွင်းမောင်းနှင်စေပြီး သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ဆက်လက်ထွက်ခွာစေလိုက်သည်။
သို့သော်လည်း ရွှမ်ချင်းယွမ် မမျှော်လင့်ထားသည်က သူမ၏ လှေရှေ့သို့ ဆက်တိုးသွားပြီး မကြာမီမှာပင် ပန်းနီရထားက သူမ၏ ရှေ့တွင် ရုတ်တရက် ထပ်မံ ပေါ်လာခြင်းပင်။
ချက်ချင်းဆိုသလို ထပ်ပေါ်လာသော ပန်းနီရထားကို မြင်လိုက်ရသည့်အခါ ရွှမ်ချင်းယွမ်၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပေါ်ပေါက်လာသည်။
ကစဉ့်ကလျား ပင်လယ်ထဲတွင် မည်သည့် လမ်းစဉ် စွမ်းအားကိုမှ အသုံးမပြုနိုင်ချေ။ အထူးသဖြင့် အာကာသ စွမ်းအားဖြစ်သည်။
ကစဉ့်ကလျား ပင်လယ်တစ်ခုလုံးတွင် ကစဉ့်ကလျား ဖြစ်နေသည့် အခြေအနေများသာ ဖြစ်ရာ အာကာသဆိုသည့် အယူအဆပင် မရှိပေ။
ထို့ကြောင့် အာကာသ လမ်းစဉ်၏ စွမ်းအားကို အသုံးပြုရန် ဆိုတာက ပြောစရာပင် မလိုတော့ပေ။
သို့သော်လည်း ဤပန်းနီရထား သူတို့၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခြင်း ဖြစ်ရာ အာကာသ စွမ်းအားကို အသုံးပြုပြီး သူတို့ရှေ့သို့ တိုက်ရိုက် ရောက်ရှိလာခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
ဤပန်းနီရထားက မည်သို့သော မှော်ရတနာမျိုးပါလိမ့်။
ကစဉ့်ကလျား ပင်လယ်ထဲမှာတောင် အာကာသကို ဘယ်လိုဖြစ်ပြီး အတားအဆီးမရှိ ဖြတ်သန်းနိုင်ရတာလဲ။
နတ်ဧကရာဇ်တစ်ပါးဖြစ်သည့် သူမကိုယ်တိုင်ပင် ထိုကဲ့သို့ မစွမ်းဆောင်နိုင်သော်လည်း ဤပန်းနီရထားကတော့ စွမ်းဆောင်နိုင်နေ၏။
ဤပန်းနီရထားက တားမြစ်ထားသော အရာတစ်ခု ဖြစ်နေမလား။
ပန်းနီရထားကို သိမ်းပိုက်လိုသည့် စိတ်ကို ရွှမ်ချင်းယွမ် ထိန်းချုပ်လိုက်၏။
ဤအရာသည် နတ်ဧကရာဇ်တစ်ပါး ဖြစ်သည့် သူမအတွက်ပင် နိမိတ်မကောင်းသလို ခံစားနေရသည်။
ထိုအရာကို ဒီအတိုင်း ထားခဲ့ခြင်းက အကောင်းဆုံးပင်။
အကယ်၍ ၎င်းသည် တကယ်ပင် တားမြစ်ထားသော အရာဖြစ်ပါက သွားရောက်နှောင့်ယှက်မိလျှင် အခြေအနေကို ပိုဆိုးရွားသွားစေနိုင်သည်။
ထို့နောက် ရွှမ်ချင်းယွမ်လည်း ပန်းနီရထားကို နောက်တစ်ကြိမ် ရှောင်ကွင်းရန် နတ်လှေကို ထိန်းချုပ်လိုက်သည်။
သို့သော် သိပ်မကြာမီမှာပင် သူတို့၏ နတ်လှေရှေ့၌ ပန်းနီရထား နောက်တစ်ကြိမ် ထပ်ပေါ်လာပြန်၏။
………..
အခန်း (၁၆၂၆)
ရွှမ်ချင်းယွမ် ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပြန်ရောက်လာခြင်း
ပန်းနီရထား နောက်တစ်ကြိမ် ပေါ်လာသည်ကို မြင်လျှင် ရွှမ်ချင်းယွမ်လည်း ရှောင်တိမ်းခြင်း မပြုတော့ပေ။
ထိုအစား စကားတစ်ခွန်းမှ မဆိုပဲ ပန်းနီရထားကို တိုက်ရိုက် တိုက်ခိုက်လိုက်၏။ သူမ၏ လက်ကိုမြှောက်ကာ ခန္ဓာကိုယ်ထဲမှ နတ်အငွေ့အသက်များကို ထုတ်လွှတ်လိုက်ပြီး လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲ၍ ရထားထံသို့ ဦးတည်ကာ ရိုက်ချလိုက်သည်။
သို့သော်လည်း သူမ၏ လက်ဝါး ရိုက်ချက် ထိမှန်ပြီးနောက်တွင်လည်း ပန်းနီရထားကို လုံးဝ ထိခိုက်မှု မရှိချေ။ ထိုအစား ရထားက အနီရောင် အလင်းလှိုင်းများကိုသာ ထုတ်လွှတ်လိုက်၏။
ရွှမ်ချင်းယွမ်၏ လက်ဝါးရိုက်ချက် အနီရောင် အလင်းလှိုင်းများနှင့် ထိတွေ့မိ သောအခါ ရှေ့သို့ ဆက်မတိုးနိုင်ပဲ တစ်နေရာတွင် ကပ်နေသကဲ့သို့ ဖြစ်သွားပြီး မကြာမီမှာပင် လက်ဝါးရိုက်ချက်မှ နတ်အငွေ့အသက်များ ပျောက်ကွယ်သွားတော့သည်။
ရွှမ်ချင်းယွမ်၏ အကြည့်များ အေးစက်နေပြီး မျက်ခုံးများလည်း တွန့်သွား၏။ ပန်းနီရထားသည် သူမ၏ တိုက်ခိုက်မှုကို တကယ်ပင် အလွယ်တကူ ခုခံနိုင်ခဲ့သည်။
သူမ၏ အဆင့်နယ်ပယ်နှင့် စွမ်းအားများ အတော်အတန် ကျဆင်းသွားခဲ့သော်လည်း သူမသည် နတ်တစ်ပါး ဖြစ်နေဆဲပင်။ ထိုလက်ဝါးရိုက်ချက်ထဲ၌ သူမ၏ နတ်ဝိညာဉ်စွမ်းအားကို ပေါင်းစပ်ထားခဲ့ခြင်းဖြစ်၏။
ထိုသို့ဖြစ်ပါလျက်နှင့် ပန်းနီရထားကို လှုပ်ခါအောင်ပင် မလုပ်နိုင်ခဲ့ချေ။
ဤပန်းနီရထားက တားမြစ်ထားတဲ့ အရာတစ်ခုသာ ဖြစ်ရပေမည်။
ရွှမ်ချင်းယွမ် ထိုသို့ တွေးနေစဉ်မှာပင် ပန်းနီရထား၏ ရှေ့တွင် ဝဲဂယက်တစ်ခု ရုတ်တရက် ပေါ်လာပြီး ထိုဝဲဂယက်မှတစ်ဆင့် ထျန်းရန် နတ်ဘုရား နယ်မြေကို တိုက်ရိုက် မြင်တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ နတ်လှေပေါ်ရှိ နဝမကောင်းကင်တက္ကသိုလ်မှ လူအားလုံး အံ့အားသင့်သွားကြ၏။
အာကာသ စွမ်းအား တည်ရှိနေမှုကို သူတို့ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ရာ ထိုဝဲဂယက်သည် ပုံရိပ်ယောင်တစ်ခု သက်သက် မဟုတ်ကြောင်း ညွှန်ပြနေ၏။ ဤအရာက ပန်းနီရထားသည် ကစဉ့်ကလျား ပင်လယ်အတွင်းရှိ ကစဉ့်ကလျား စွမ်းအားကို တကယ် အသုံးပြုနိုင်ပြီး ထျန်းရန် နတ်ဘုရား နယ်မြေသို့ ဦးတည်သည့် အာကာသ လမ်းကြောင်းတစ်ခုကို တိုက်ရိုက် တည်ဆောက်နိုင်ကြောင်း ဆိုလိုခြင်းဖြစ်၏။
ထိုခဏတွင် ရွှမ်ချင်းယွမ်မှလွဲ၍ နတ်လှေပေါ်ရှိ လူတိုင်းမှာ စိတ်လှုပ်ရှားသွားကြပြီး
“ကောင်းလိုက်တာ။ ငါတို့ အသက်ချမ်းသာရာ ရပြီ။”
“နောက်ဆုံးတော့ ငါတို့ ထျန်းရန် နတ်ဘုရား နယ်မြေကို ပြန်ရတော့မယ်။”
“ဒီပန်းနီရထားရဲ့ နောက်ခံက ဘာလဲ။ ကစဉ့်ကလျား ပင်လယ်ထဲမှာ အာကာသ လမ်းကြောင်းကို ဘာလို့ တည်ဆောက်နိုင်ရတာလဲ။”
ရွှမ်ချင်းယွမ်ကတော့ ဘာမှမပြောပေ။ သူမ၏ အေးစက်သော အကြည့်များဖြင့် အဝေးရှိ ပန်းနီရထားကိုသာ စိုက်ကြည့်နေ၏။
ထိုအရာထံမှ အားကောင်းသော ကံတရား အကျိုးအကြောင်း ဆက်နွယ်မှု စွမ်းအားများ ထွက်ပေါ်နေသည်ကို သူမ ခံစားမိ၏။ တကယ်လို့ ပန်းနီရထား တည်ဆောက်ပေးထားသော အာကာသ လမ်းကြောင်းမှတစ်ဆင့် ထျန်းရန် နတ်ဘုရား နယ်မြေသို့ သူမ ပြန်သွားမည်ဆိုပါက ကြီးမားသော ကံ အကျိုးအကြောင်း ဆက်နွယ်မှုများထဲ ပတ်သက်မိသွားပေလိမ့်မည်။
သို့သော်လည်း ဤအရာက သူမနှင့် နဝမကောင်းကင်တက္ကသိုလ်မှ လူများအတွက် အခွင့်အရေးတစ်ခု ဖြစ်သည်။
ထိုကံအကျိုးအကြောင်း ဆက်နွယ်မှုကို လက်ခံရမည်လား သို့မဟုတ် ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး ထျန်းရန် နတ်ဘုရား နယ်မြေသို့ တိုက်ရိုက် ပြန်ရမည်လား။
ခဏခန့် တွေးတောပြီးနောက် ရွှမ်ချင်းယွမ် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။ ထျန်းရန် နတ်ဘုရား နယ်မြေနှင့် သူမ ဝေးကွာနေခဲ့တာ နှစ်သန်းပေါင်း ထောင်ချီ ရှိနေပြီဖြစ်သည်။
သူမ၏ စွမ်းအားကို ပြန်လည် ထူထောင်ရန်အတွက် အမြန်ဆုံး ပြန်သွားရန် လိုအပ်သည်။ ကောင်းကင်တံခါး ပွင့်လာလျှင် ဤအကျဉ်းချထားခံရသော နယ်မြေမှ သူမ ထွက်ခွာနိုင်ပေလိမ့်မည်။
အကယ်၍ ဤတစ်ကြိမ် ကောင်းကင်တံခါး ပွင့်ခြင်းကို သူမ လွဲချော်သွားပါက နတ်ဧကရာဇ်တစ်ပါး၏ သက်တမ်းရှိလျှင်ပင် နောက်တစ်ကြိမ် တံခါးပွင့်သည်အထိ စောင့်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ကောင်းကင်တံခါး ပွင့်လာသည်နှင့်တစ်ပြိုင်နက် ကပ်ဘေးကြီးတစ်ခု ဤကမ္ဘာပေါ်သို့ ကျရောက်လာပေလိမ့်မည်။ တံခါးမပွင့်မီတွင် တံခါးအပြင်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော ရန်သူများကို တုံ့ပြန်ရန်အတွက် လုံလောက်သော စွမ်းအားကို သူမ စုဆောင်းရပေလိမ့်မည်။
ဤသည်ကို တွေးတောမိပြီးနောက် ရွှမ်ချင်းယွမ်လည်း တွေဝေမနေတော့ပဲ နတ်လှေကို ပန်းနီရထား ဖန်တီးထားသော အာကာသ လမ်းကြောင်းဆီသို့ တိုက်ရိုက် မောင်းနှင်လိုက်တော့သည်။
ပန်းနီရထား တည်ဆောက်ထားသော အာကာသ လမ်းကြောင်းကို ဖြတ်ကျော်လိုက်သည်နှင့် ခဏအတွင်းမှာပင် ထျန်းရန် နတ်ဘုရား နယ်မြေအတွင်းရှိ တောင်ကြားတစ်ခု၏ အထက်တွင် သူတို့ ပေါ်လာတော့သည်။
လေထုထဲတွင် သိပ်သည်းသော နတ်အငွေ့အသက်များကို ခံစားမိလိုက်သည့် နဝမကောင်းကင်တက္ကသိုလ်မှ လူများလည်း ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျလာကြတော့၏။
“ငါတို့ ပြန်ရောက်ပြီ။ နောက်ဆုံးတော့ ငါတို့ ပြန်ရောက်ပြီ”
“ကောင်းလိုက်တာ။ ငါ အသက်ရှင်နေသေးတယ်”
“ကစဉ့်ကလျား ပင်လယ်ထဲကနေ ငါတို့ အသက်ရှင်လျက် ပြန်လာနိုင်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။”
“အချိန်တွေ အများကြီး ကုန်ဆုံးသွားပြီဆိုတော့ အခု နဝမကောင်းကင်တက္ကသိုလ် ဘယ်လို အခြေအနေ ရှိနေမလဲ မသိဘူး။”
ရွှမ်ချင်းယွမ်သည် သူမ၏ ခန္ဓာကိုယ်ထဲမှ နတ်အငွေ့အသက်များကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။ အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် သူမလည်း တွေဝေမနေပဲ စွမ်းအားပြန်လည် ရရှိရန်အတွက် တရားထိုင် ကျင့်ကြံတော့သည်။
နောက်တစ်ခဏတွင် လေထုထဲရှိ နတ်အငွေ့အသက်များသည် ကြောက်မက်ဖွယ် ကောင်းသော အရှိန်ဖြင့် သူမ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြပြီး သူမ၏ အဆင့်နယ်ပယ်လည်း လျင်မြန်စွာ မြင့်တက်လာသည်။ ခဏအတွင်းမှာပင် သူမ၏ နယ်ပယ်သည် နတ်ဘုရင် နယ်ပယ်သို့ ပြန်လည် ရောက်ရှိသွားတော့၏။
သို့သော်လည်း နတ်ဧကရာဇ် အဆင့်သို့ ပြန်လည်ရောက်ရှိရန်ကတော့ အချိန်အကြာကြီး ယူရဦးမည် ဖြစ်၏။ သူမ၏ စွမ်းအား နတ်ဘုရင် နယ်ပယ်သို့ ရောက်ရှိသွားပြီးနောက် နတ်အငွေ့အသက်များ စုပ်ယူခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် ပန်းနီရထား ရှာဖွေလိုက်သော်လည်း ဘာမှ မတွေ့ရှိရပေ။
ပန်းနီရထားက သူမကို ပြန်ပို့ပေးခဲ့တာဆိုလျှင် လုချန်းလည်း ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပြန်ရောက်နေပြီဟု ဆိုလိုခြင်း ဖြစ်နိုင်မလားဟု ရွှမ်ချင်းယွမ်က တွေးမိလိုက်သည်။
လုချန်း အကြောင်း တွေးမိသည်နှင့် သူမ၏ မျက်နှာတွင် အေးစက်မှုများ ပေါ်လာ၏။
ကစဉ့်ကလျား ပင်လယ်ထဲတွင် ကစဉ့်ကလျား စွမ်းအား၏ တိုက်စားမှုကို ခံရပြီး ဝေဝေဝါးဝါး အခြေအနေတွင် ရှိနေစဉ်က သူမသည် လုချန်းနှင့် နှစ်ပေါင်းများစွာကြာ အောင် တိုက်ခိုက်ခဲ့ရသည်။ လုချန်းကြောင့်ပင် သူမ၏ စွမ်းအားများလည်း များစွာ ဆုံးရှုံးခဲ့ရ၏။
အကယ်၍ ကစဉ့်ကလျား သားရဲ၏ ဝါးမြိုခြင်းကို မခံခဲ့ရပါက ကစဉ့်ကလျား ပင်လယ်ထဲတွင် သူမ သေဆုံးသွားခဲ့လောက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူမ၌ လုချန်းအပေါ် အမုန်းတရား မရှိဟု ပြောရန်က မဖြစ်နိုင်ပေ။
ထို့ပြင် လုချန်း သတိမထားမိခင်မှာပင် သူမက ကစဉ့်ကလျား သားရဲ၏ အမြုတေကို ယူသွားခဲ့သဖြင့် လုချန်းစိတ်ထဲတွင်လည်း သူမအပေါ်တွင် အငြိုးအတေး ရှိနေနိုင်သည်။
ယခု ပြန်ရောက်လာခြင်းက သူတို့နှစ်ဦး ထပ်မံ ထိပ်တိုက်တွေ့ကြဦးမည်ဟူသော အဓိပ္ပာယ်ပင်။
ထိုအချိန်တွင် နဝမကောင်းကင်တက္ကသိုလ်၏ တည်နေရာနှင့် လုချန်း တည်ရှိရာကို သိရန်အတွက် ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားကို အသုံးပြုကာ ရွှမ်ချင်းယွမ် စတင် တွက်ချက်လိုက်သည်။ သို့သော် သူမ စတင် တွက်ချက်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ မျက်နှာ ညိုမှောင်သွား၏။
နဝမကောင်းကင်တက္ကသိုလ်သည် ကမ္ဘာငယ်လေးတစ်ခုထဲတွင် ပုန်းအောင်းနေကြောင်း တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားကို အသုံးပြု၍ နဝမကောင်းကင်တက္ကသိုလ် မည်သို့ ဆုတ်ယုတ်သွားခဲ့သည်ကို လျင်မြန်စွာပင် သူမ သိသွား၏။ သူမ ထွက်ခွာသွားပြီးနောက် နတ်ဧကရာဇ်တစ်ပါး မရှိတော့သဖြင့် နဝမကောင်းကင်တက္ကသိုလ်တွင် အတွင်းပိုင်း မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ပြီး နတ်သခင်များနှင့် နတ်ဘုရင်များစွာ ဆုံးရှုံးခဲ့ရကာ အင်အားလည်း သိသိသာသာ လျော့နည်းသွားခဲ့သည်။
ထျန်းရန် နတ်ဘုရား နယ်မြေမှ ထိပ်တန်း အင်အားစုများသည် နဝမကောင်းကင်တက္ကသိုလ် ဆုတ်ယုတ်သွားသည်ကို မြင်လျှင် ပူးပေါင်း၍ ဝိုင်းရံ တိုက်ခိုက်ခဲ့ကြသည်။ ထိုထိပ်တန်း အင်အားစုများ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် နဝမကောင်းကင်တက္ကသိုလ် ရှုံးနိမ့်သွားခဲ့ပြီး ပြိုလဲသွားခဲ့ရ၏။
ကျန်ရှိနေသော အဖွဲ့ဝင်များလည်း ကောင်းကင်လျှို့ဝှက်ချက်အား ကာကွယ်နိုင်သည့် ကမ္ဘာငယ်လေးတစ်ခုအတွင်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ သို့သော်လည်း ထိုကမ္ဘာငယ်လေးသည် ကောင်းကင်လျှို့ဝှက်ချက်ကို ကာကွယ်နိုင်သော်လည်း ရွှမ်ချင်းယွမ်၏ တွက်ချက်နိုင်စွမ်းကိုတော့ ကာကွယ်နိုင်စွမ်း မရှိချေ။
နဝမကောင်းကင်တက္ကသိုလ်၏ တည်နေရာကို တွက်ချက်ပြီးနောက် လုချန်း ရှိရာကို ချက်ချင်းပင် ဆက်လက် တွက်ချက်လိုက်ရာ မကြာမီမှာပင် မြင်ကွင်းတစ်ခု သူမ၏ ရှေ့တွင် ပေါ်လာတော့သည်။ ထိုမြင်ကွင်းထဲတွင် လုချန်းသည် အမျိုးသမီးနှစ်ဦးနှင့်အတူ စုံတွဲကျင့်စဉ် ကျင့်ကြံနေသည်ကို တွေ့လိုက်ရ၏။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ရွှမ်ချင်းယွမ် ဆွံ့အသွား၏။ ကစဉ့်ကလျား ပင်လယ်ထဲတွင် ဤမျှ ကာမဂုဏ် လိုက်စားတတ်သည့် ယောက်ျားနှင့် နှစ်သန်းပေါင်းများစွာ တိုက်ခိုက်ခဲ့ရသည့် အဖြစ်ကို သူမ ဝန်မခံချင်တော့ပေ။
“ဒီလူ့မှာ ဒီလိုကိစ္စတွေကလွဲလို့ တခြား ဘာမှ လုပ်စရာ မရှိဘူးလား။”
ရွှမ်ချင်းယွမ်သည် သူမ၏ တွက်ချက်မှုများကို ရပ်တန့်လိုက်ပြီး နတ်လှေကို နဝမကောင်းကင်တက္ကသိုလ် ပုန်းအောင်းနေသည့် ကမ္ဘာငယ်လေးဆီသို့ ဦးတည်ကာ မောင်းနှင်စေလိုက်၏။
နဝမကောင်းကင်တက္ကသိုလ်သည် တစ်ချိန်က ထျန်းရန် နတ်ဘုရား နယ်မြေကို အုပ်ချုပ်ခဲ့ဖူး၏။ ယခု သူမ ပြန်ရောက်လာပြီ ဖြစ်သည့်အတွက် တက္ကသိုလ်ကို ပြန်လည် ထူထောင်ကာ တစ်ချိန်က ဝိုင်းရံတိုက်ခိုက်ခဲ့သော အင်အားစုများနှင့် စာရင်းဟောင်း ရှင်းရမည့် အချိန်ပင် ဖြစ်သည်။
…….
ထိုအချိန်တွင်။
နှင်းခဲမြို့၌။
လုချန်းသည် ကောက်ရှီယွမ်၏ နံဘေးတွင် လဲလျောင်းကာ သူမကို ကျင့်ကြံရာတွင် ကူညီပေးနေသည်။ ထိုစဉ် တစ်စုံတစ်ယောက်က စောင့်ကြည့်နေသကဲ့သို့ ခံစားချက်မျိုးကို ရုတ်တရက် သူ ခံစားမိလိုက်၏။
လုချန်းသည် ဖန်တီးခြင်း လမ်းစဉ်ကို ကျွမ်းကျင်ထားသလို တွက်ချက်ခြင်း လမ်းစဉ်နှင့်အတူ ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားကိုလည်း အသုံးပြုနိုင်သည်။
တစ်စုံတစ်ယောက်က သူ့ကို တွက်ချက် စူးစမ်းလိုက်သည်နှင့် ၎င်းကို သူ ရှင်းရှင်းလင်းလင်း ခံစားသိနိုင်၏။ သူ၏ လှုပ်ရှားမှုများကို လုချန်း ရပ်တန့်လိုက်ပြီးနောက် ဖန်တီးခြင်း လမ်းစဉ်ကို အသုံးပြု၍ တွက်ချက်ခြင်း လမ်းစဉ်ကို ဖော်ဆောင်လိုက်ကာ သူ့ကို မည်သူက ထောက်လှမ်းနေသည်ကို ပြန်လည် တွက်ချက်ရန်အတွက် တွက်ချက်ခြင်း စွမ်းအားကို အသုံးပြုလိုက်သည်။
ပြန်ရောက်လာခါစသာ ရှိသေးသဖြင့် သူ၏ သရုပ်မှန် ပေါ်ပေါက်သွားမည်ကို လုချန်း စိုးရိမ်နေ၏။ တစ်စုံတစ်ယောက်က သူ၏ တည်နေရာကို အတိအကျ ဖော်ထုတ်နေခြင်း ဖြစ်နိုင်သည်ဟု သူ သံသယဝင်နေသည်။