← Chapters

အခန်း (၁၆၂၇-၁၆၂၉)

Vol. 109 Ch. 1627-1629

အခန်း (၁၆၂၇-၁၆၂၉)

Vol. 109 Ch. 1627-1629

အခန်း (၁၆၂၇)

တန်ပြန်တွက်ချက်ခြင်း

ပြောင်းပြန်တွက်ချက်မှုမှတစ်ဆင့် ဝေဝါးသော ပုံရိပ်တစ်ခုကို လုချန်း လျင်မြန်စွာ မြင်လိုက်ရ၏။ ထိုပုံရိပ်သည် ထျန်းရန် နတ်ဘုရား နယ်မြေ၏ အထက်တွင် ဝဲပျံကာ သက်ရှိအားလုံးကို ငုံ့ကြည့်နေသည်။ သို့သော် သူမ၏ မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

ထိုအခိုက်အတန့်တွင် ကောင်းကင်လျှို့ဝှက်ချက် စွမ်းအား၏ တုံ့ပြန်မှုကို လုချန်း ရုတ်တရက် ခံစားလိုက်ရသည်။

တွက်ချက်ခြင်းကို သူ အလျင်အမြန် ရပ်တန့်လိုက်၏။၎င်းကို သူ မယုံကြည်နိုင်လည်း ဖြစ်နေသည်။

သူ၏ ဖန်တီးခြင်း လမ်းစဉ်သည် လမ်းစဉ်အားလုံး၏ အရင်းအမြစ်ဖြစ်ပြီး သူခေါ်ယူလိုက်သော လမ်းစဉ်စွမ်းအားက အသန့်စင်ဆုံး ဖြစ်သည်။ သို့သော်လည်း တွက်ချက်ခြင်း လမ်းစဉ်၏ ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားမှတစ်ဆင့် ထိုသူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ချေ။

နေပါဦး...

သူယခုလေးတင် မြင်လိုက်ရသော ပုံရိပ်သည် ထျန်းရန် နတ်ဘုရား နယ်မြေ၏ အထက်တွင်ရှိပြီး ကမ္ဘာတစ်ခုလုံးက သူမ၏ ရင်ဘတ်ရှေ့တွင် ရှိနေသကဲ့သို့ ဖြစ်နေရာ ထိုသူသည် နတ်ဧကရာဇ် တစ်ပါး ဖြစ်နေနိုင်မလား။

အကယ်၍ နတ်ဧကရာဇ် တစ်ပါး ဖြစ်ခဲ့လျှင်တော့ သူတို့ကို တွက်ချက်ခြင်းက ကောင်းကင်လျှို့ဝှက်ချက် စွမ်းအား၏ တုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်သည်။

အကြောင်းကတော့ နတ်ဧကရာဇ်များသည် ကောင်းကင်လျှို့ဝှက်ချက်များကို ကာကွယ်ရန် စွမ်းအားများကို သဘာဝအလျောက် ပိုင်ဆိုင်ထားကြသောကြောင့်ပင်။

ထျန်းရန် နတ်ဘုရား နယ်မြေထဲတွင် နတ်ဧကရာဇ် တစ်ပါး မည်သို့ ရှိနေနိုင်ဦးမည်နည်း။

အကယ်၍ နတ်ဧကရာဇ် တစ်ပါးသာ ရှိခဲ့လျှင် ထိုနတ်ဧကရာဇ် ပိုင်ဆိုင်သည့် အင်အားစုက ထျန်းရန် နတ်ဘုရား နယ်မြေကို ကြီးစိုးထားမည်ဖြစ်ပြီး ကစဉ့်ကလျား အခြေအနေများလည်း ဖြစ်ပွားလာမည် မဟုတ်ပေ။

လုချန်း၏ စိတ်ထဲတွင် အမျိုးသမီးတစ်ဦး၏ ပုံရိပ် ရုတ်တရက် ပေါ်လာသည်။ သူတွက်ချက်ခြင်း စွမ်းအားဖြင့် တွက်ချက်ခဲ့သော သူမှာ အမျိုးသမီးတစ်ဦး ဖြစ်ပုံရသည်။ သူမ၏ မျက်နှာကို မမြင်ရသော်လည်း သူမ၏ ခန္ဓာကိုယ် အထက်ပိုင်းကိုတော့ မြင်တွေ့နိုင်သည်။

နတ်ဧကရာဇ် ရွှမ်ချင်းယွမ် ပြန်ရောက်လာတာ ဖြစ်နိုင်မလား။

ထိုသို့တွေးမိသော အခါ လုချန်း၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ ရွှမ်ချင်းယွမ်သည်လည်း စနစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီနေသည်။

သို့သော် ရွှမ်ချင်းယွမ်ကို အောင်နိုင်ရန်က လွယ်ကူသော အလုပ်တစ်ခု မဟုတ်နိုင်ကြောင်း သူ ခံစားမိသည်။ ပန်းနီရထားက သူ့ကို ကူညီနေလျှင်ပင် ရွှမ်ချင်းယွမ်က နတ်ဧကရာဇ် တစ်ပါး ဖြစ်နေသောကြောင့် သူမကို သတိထားနေရဆဲ ဖြစ်သည်။

အကယ်၍ ရွှမ်ချင်းယွမ်သာ ထျန်းရန် နတ်ဘုရား နယ်မြေသို့ တကယ် ပြန်ရောက်လာခဲ့လျှင် မကြာမီမှာပင် သူမ၏ စွမ်းအားများကို ပြလည် ရရှိလာနိုင်၏။ ထိုအခါ သူ ဒုက္ခရောက်ပေလိမ့်မည်။

ထိုအရာကို တွေးတောမိပြီးနောက် လုချန်း၏ မျက်ခုံးများ တွန့်သွားပြီး သူ၏ အမူအရာလည်း အလွန်ပင် တည်ကြည် လေးနက်သွားတော့သည်။

ယခု သူ တတ်နိုင်သည်က ထိုလျှို့ဝှက်ဆန်းကြယ်သော ပန်းနီရထားက ထိုနတ်ဧကရာဇ်ကို နှိမ်နင်းပေးရန် မျှော်လင့်ရုံသာပင်။

သူယခုလေးတင် တွက်ချက်ခဲ့မိသူက ရွှမ်ချင်းယွမ် တကယ် ဖြစ်နေခဲ့လျှင် သူ၏ တည်နေရာကို သူမ သိနေပြီး ဖြစ်ပေလိမ့်မည်။ ဖြစ်နိုင်သည်က သူမ၏ စွမ်းအားများ ပြန်လည် ပြည့်ဝလာသည်နှင့် သူ့ထံ သူမသို့ လာရောက်ကာ ပြဿနာ ရှာပေလိမ့်မည်။

သူတို့သည် တစ်ချိန်က ကစဉ့်ကလျား သားရဲကို တိုက်ခိုက်ရန် ပူးပေါင်းခဲ့ကြသော်လည်း သူတို့ကြား ဆက်ဆံရေးက ထူးထူးခြားခြား ကောင်းမွန်လှသည်ဟု လုချန်း မထင်ပေ။

ကစဉ့်ကလျား သားရဲကို မတိုက်ခိုက်မီက ကစဉ့်ကလျား ပင်လယ်ထဲ၌ သူတို့ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည် မဟုတ်ပါလား။

ထို့ပြင် သူမသည် ထျန်းရန် နတ်ဘုရား နယ်မြေတွင် စွမ်းအားအကြီးဆုံးဖြစ်သည့် နတ်ဧကရာဇ် တစ်ပါး ဖြစ်သည်။ သူမကို ဆန့်ကျင်သော နတ်ဘုရင် တစ်ဦးကို သူမက သည်းခံနိုင်ပါ့မလား။

သူ၏ စွမ်းအားကို လျင်မြန်စွာ မြှင့်တင်ရမည်ဟု လုချန်း တွေးတောလိုက်သည်။ ရွှမ်ချင်းယွမ်ကို မယှဉ်နိုင်လျှင်တောင်မှ ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်နိုင်လောက်သည့် စွမ်းအားမျိုး ရှိရပေလိမ့်မည်။ သို့မှသာ ရွှမ်ချင်းယွမ်က သူ့ကို လာရှာသော အခါ တစ်နေရာရာတွင် ပုန်းအောင်း၍ စွမ်းအားကို တဖြည်းဖြည်း မြှင့်တင်နိုင်မည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် မလှုပ်မယှက် ဖြစ်နေသည့် လုချန်းကို ကောက်ရှီယွမ် သတိထားမိလိုက်ပြီး သူမ၏ ခေါင်းကိုလှည့်ကာ

“ဘာဖြစ်လို့လဲ”

ဟု မေးလိုက်၏။

လုချန်း၏ မျက်နှာသည် ဖြူဖျော့နေပြီး ဒဏ်ရာရထားသည့် ပုံစံမျိုး ဖြစ်နေသည်ကို မြင်လိုက်ရသော အခါ ကောက်ရှီယွမ် ထိတ်လန့်သွားပြီး

“လု... လုချန်း... ရှငိ ဒဏ်ရာရသွားတာလား”

ကောက်ရှီယွမ်၏ စကားကို ကြားလျှင် တရားထိုင်ကာ အသက်ရှူနှုန်းကို ထိန်းညှိနေသော ရှောင်ရွှီရင်ကလည်း မျက်လုံးများ ဖွင့်ကြည့်လိုက်၏။

လုချန်း၏ ဖြူဖျော့နေသော မျက်နှာနှင့် အားနည်းနေသော အငွေ့အသက်များကို မြင်ပြီး

“ဂျူနီယာမောင်လေး... ဘာဖြစ်တာလဲ”

ဟု စိုးရိမ်တကြီး မေးပြန်၏။

လုချန်းက ခန္ဓာကိုယ်ကို ကုသရန်အတွက် ဆေးလုံးတစ်လုံးကို ထုတ်ကာ ဝါးမြိုလိုက်ပြီးနောက်

“ကျုပ် အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့။ တစ်စုံတစ်ယောက်ရဲ့ တည်နေရာကို တွက်ချက်ဖို့ ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားကို အသုံးပြုရင်း တုံ့ပြန်မှုနည်းနည်း ခံစားလိုက်ရရုံပါ။”

“ကောင်းပြီ။ ကျုပ်တို့ ဆက်ပြီး ကျင့်ကြံကြရအောင်”

ဤဖြစ်ရပ်ကြောင့် သူ၏ စွမ်းအားကို မြှင့်တင်ရန် အလွန်တရာ အရေးကြီးနေပြီ ဖြစ်ကြောင်း လုချန်း ကောင်းစွာနားလည်သွားခဲ့သည်။ ထို့နောက် နောက်ထပ် ကိုယ်ပွား တစ်ခုကို ဖန်တီးရန်အတွက် ဖန်တီးခြင်း လမ်းစဉ်ကို အသုံးပြုလိုက်သည်။

ဤကိုယ်ပွားသည် လုချန်း၏ စွမ်းအားနှင့် ထပ်တူထပ်မျှနီးပါး ရှိနေ၏။ ထိုကိုယ်ပွားကို မြင်လိုက်ရသော အခါ အမျိုးသမီးနှစ်ဦးစလုံး ဆွံ့အသွားကြ၏။ နောက်တစ်ခဏတွင် သူမတို့၏ ပါးပြင်များလည်း မှည့်နေသော ပန်းသီးများကဲ့သို့ပင် နီမြန်းလာပြီး စိုစွတ်ကာ အရည်များပင် ယိုကျတော့မည့်အလား ဖြစ်သွားတော့သည်။

အရင်က သူတို့ ကျင့်ကြံလျှင် တစ်ကြိမ်လျှင် တစ်ယောက်သာဖြစ်ပြီး တစ်ယောက်က ကျင့်ကြံနေလျှင် ကျန်တစ်ယောက်က သူ့ဘာသာ သီးခြား ကျင့်ကြံရခြင်း ဖြစ်သည်။

ယခု လုချန်း၏ ရည်ရွယ်ချက်က နှစ်ယောက်စလုံးနဲ့ အတူတကွ ကျင့်ကြံဖို့လား။

ရှောင်ရွှီရင်က

“ဒါက ဂျူနီယာမောင်လေးရဲ့ ကိုယ်ပွားလား။”

ကိုယ်ပွားများ အကြောင်း ပြောလာလျှင် အမျိုးသမီးနှစ်ဦးစလုံး အနည်းငယ် စိတ်မပါ ဖြစ်သွားကြသည်။ ဖြစ်နိုင်လျှင် ပင်မကိုယ်နှင့်သာ သူမတို့ ကျင့်ကြံချင်ကြသည်။

လုချန်းက ပြုံးပြီး

“ကျုပ်ဖန်တီးတဲ့ ခန္ဓာကိုယ်တွေ အားလုံးက ကျုပ်ကိုယ်တိုင် တွေချည်းပဲ။ ဒါကြောင့် ပင်မကိုယ်နဲ့ ကိုယ်ပွားဆိုတာ မရှိဘူး။ ပုံမှန်အတိုင်း ခွဲခြားရအောင် ဒီအခေါ်အဝေါ်တွေကို သုံးရုံ သက်သက်ပဲ။”

အမျိုးသမီးနှစ်ဦး လုချန်း၏ ဆိုလိုရင်းကို နားမလည်ပုံရသဖြင့် လုချန်းက ဆက်လက်၍

“ကျုပ်က ဖန်တီးခြင်း လမ်းစဉ်ကို လျှောက်လှမ်းနေတာ။ ကျုပ်ရဲ့ ခန္ဓာကိုယ်ကို အချိန်မရွေး ဖန်တီးနိုင်တယ်။ ပြီးတော့ ဒီခန္ဓာကိုယ်တွေကို တူညီတဲ့ နတ်ဝိညာဉ်ကပဲ ထိန်းချုပ်ထားတာ။ ဒါကြောင့် ပင်မကိုယ် ဒါမှမဟုတ် ကိုယ်ပွားဆိုတာမျိုး မရှိဘူး။”

အမွေးဖြူမြို့၌ ရှိနေစဉ် ကိုယ်ပွား တစ်ခု ထားခဲ့ရန် လုချန်း ရည်ရွယ်ခဲ့သော်လည်း ထိုအချိန်က သူသည် ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပြန်ရောက်ကာစသာ ရှိသေးပြီး ၎င်း၏ နိယာမများ၏ ပြင်းထန်သော ဖိနှိပ်မှုကို ခံနေရသဖြင့် ဖန်တီးခြင်း လမ်းစဉ်ကို အသုံးမပြုနိုင်ခဲ့ပေ။

ထိုစဉ်က ကစဉ့်ကလျား ပင်လယ်ထဲမှ ထွက်လာကာစ ဖြစ်သဖြင့် ကစဉ့်ကလျား စွမ်းအား၏ အငွေ့အသက်များ ပါရှိနေဆဲဖြစ်သဖြင့် ထိုသို့မပြုလုပ်နိုင်ခြင်းက အံ့သြစရာတော့ မဟုတ်ပေ။ ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကောင်းကင်လမ်းစဉ် အမြင်တွင် သူသည် ကျူးကျော်သူ တစ်ဦးဖြစ်၏။ သူ၏ စွမ်းအားကို ဖိနှိပ်ထားခြင်းက အလွန်ပင် ပုံမှန်ဖြစ်‌သော ကိစ္စတစ်ခုသာ ဖြစ်သည်။

သို့သော် ယခုတော့ ထျန်းရန် နတ်ဘုရား နယ်မြေ၏ နိယာမများနှင့် အသားကျသွားပြီး ကောင်းကင်လမ်းစဉ်ကလည်း သူ့ကို အရင်ကလောက် မဖိနှိပ်တော့သဖြင့် ကစဉ့်ကလျား သားရဲ၏ ခန္ဓာကိုယ်ထဲတွင် သူအသုံးပြုခဲ့သော ရုပ်သေးပညာရပ်ကို ယခု အသုံးပြုနိုင်ပြီ ဖြစ်သည်။

ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကောင်းကင်လမ်းစဉ် နိယာမများ၏ ဖိနှိပ်မှုအောက်တွင် သူ၏ နတ်အာရုံက ကိုယ်ပွား တစ်ခုကို အဝေးဆုံး မည်မျှအထိ ထိန်းချုပ်နိုင်မည်ကိုလည်း လုချန်း သိချင်နေမိသည်။

လုချန်း၏ ရှင်းပြချက်ကို ကြားလျှင် အမျိုးသမီးနှစ်ဦးစလုံး အနည်းငယ် အံ့အားသင့်သွားကြ၏။ ထို့နောက် သူမတို့က

“ဂျူနီယာမောင်လေး။ တို့လည်း ဒီကိုယ်ပွားကျင့်စဉ်ကို သင်လို့ရမလား။”

လုချန်းက

“ကိုယ်ပွားကျင့်စဉ်ကို သင်ယူလို့ရပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ကိုယ်ပွားတွေက ကျုပ်ရဲ့ကိုယ်ပွားတွေလို ဖြစ်ချင်တယ် ဆိုရင်တော့ ခင်ဗျားတို့အတွက် ကိုယ်ပွားတွေကို ကျုပ် ကိုယ်တိုင် ဖန်တီးပေးရလိမ့်မယ်။”

ဤကိုယ်ပွားကျင့်စဉ်သည် အခြေခံအားဖြင့် ရုပ်သေးပညာရပ်၏ အဆင့်မြင့် ပုံစံတစ်ခုမျှသာ ဖြစ်သည်။

ရှောင်ရွှီရင်က လုချန်း၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ

“ဂျူနီယာမောင်လေး။ တို့ အဲဒါကို သင်ချင်တယ်”

လုချန်းက ပြုံးလျက်

“ကောင်းပါပြီ။ ကျုပ် အခုချက်ချင်းပဲ ကျင့်စဉ်ကို သင်ပေးပါမယ်။”

ထိုသို့ပြောပြီးနောက် လုချန်းသည် အမျိုးသမီးနှစ်ဦးစလုံးကို ပွေ့ဖက်ထားရင်း ရုပ်သေးပညာရပ်ကို သင်ကြားပေးလိုက်တော့သည်။

…….

ထိုအချိန်အတောအတွင်း။

နဝမကောင်းကင်တက္ကသိုလ်မှ လူများကို ရှာဖွေရန် ပြင်ဆင်နေသော ရွှမ်ချင်းယွမ်သည်လည်း သူမ၏ တည်နေရာကို တွက်ချက်နေသည့် အားကောင်းသော တွက်ချက်ခြင်း စွမ်းအားကို ရုတ်တရက် ခံစားမိလိုက်သည်။ ရွှမ်ချင်းယွမ်၏ မျက်ခုံးများ တွန့်သွားပြီးနောက် ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားကို ခေါ်ယူကာ ပြောင်းပြန် ပြန်လည်တွက်ချက်လိုက်ရာ လုချန်း၏ ကိုယ်ပွားနှစ်ခု အလုပ်ရှုပ်နေသည်ကိုသာ တွေ့လိုက်ရ၏။

ရွှမ်ချင်းယွမ်၏ မျက်ခုံးများ ထပ်မံ၍ အနည်းငယ် တွန့်သွားသည်။

ဘာလို့ ဒီလူ ဖြစ်နေရတာလဲ။

ဒီလူ တွက်ချက်ခြင်း ပညာရပ်အချို့ကို သိထားတာ အံ့သြစရာ မဟုတ်သော်လည်း ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားကို အသုံးပြု၍ သူမကို တွက်ချက်ရန်ကတော့

သူကိုယ်တိုင် တွက်ချက်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းနေသူ ဖြစ်မှရလိမ့်မည်။

သူမကတော့ သူမ၏ အထူး ကိုယ်ထည်ကြောင့်သာ ဤအရာကို လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

ကစဉ့်ကလျား သားရဲ၏ ခန္ဓာကိုယ်အတွင်း ရှိစဉ်က လုချန်း၏ လုပ်ဆောင်ချက်များကို ရွှမ်ချင်းယွမ် ပြန်လည်သတိရလိုက်သည်။

ဒီလူရဲ့ လမ်းစဉ်က လမ်းစဉ်အားလုံးကို အသုံးချနိုင်စွမ်းရှိပြီး လမ်းစဉ်အားလုံးရဲ့ စွမ်းအားကို လှည့်ပတ် အသုံးပြုနိုင်ပုံရ၏။

လုချန်း၏ ကိုယ်ထည်က ထျန်းရန် နတ်ဘုရား နယ်မြေထဲမှာလည်း အသုံးပြုလို့ ရနေသေးတာလား။

ထျန်းရန် နတ်ဘုရား နယ်မြေတွင် ၎င်း၏ ကိုယ်ပိုင် နိယာမများနှင့် ကွဲပြားသော ကောင်းကင်လမ်းစဉ် ရှိသည်။ လူတစ်ဦးသည် စကြဝဠာတစ်ခုတွင် အံ့မခန်း အစွမ်းထက်သော ကိုယ်ထည်ဖြင့် အင်အားကြီးမားနိုင်သော်လည်း ကွဲပြားသော နိယာမများနှင့် ကောင်းကင်လမ်းစဉ် ရှိသည့် စကြဝဠာသို့ ရောက်ရှိသွားလျှင်တော့ သူ၏ စွမ်းအားများနှင့် ကိုယ်ထည်ကို အသုံးမပြုနိုင် ဖြစ်သွားတတ်သည်။

လုချန်း၏ ကိုယ်ထည်က လမ်းစဉ်အားလုံး၏ စွမ်းအားကို အသုံးပြုနိုင်သည်ဆိုပါက ဤအရာက ထျန်းရန် နတ်ဘုရား နယ်မြေ၏ ဟန်ချက်ညီမှုကို ပျက်ပြားစေသည် မဟုတ်ပါလား။ ဤနေရာရှိ ကောင်းကင်လမ်းစဉ်က သူ့ကို ဤစွမ်းအား အသုံးပြုခွင့် ဘာ့ကြောင့်ပေးထားရသနည်း။

အခန်း (၁၆၂၈)

နှစ်သန်းထောင်ပေါင်းများစွာ ကြာသော်လည်း ပြောင်းလဲခြင်းမရှိ

လုချန်း၏ ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ထည်ဖွဲ့စည်းပုံကို တွေးမိရင်း ရွှမ်ချင်းယွမ်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွား၏။ ထိုအခိုက်အတန့်တွင် လုချန်းကို သူမ၏ အကြီးမားဆုံးသော ရန်သူအဖြစ် ရွှမ်ချင်းယွမ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

အစက သူမသည် ထျန်းရန် နတ်ဘုရားနယ်မြေ သမိုင်းတစ်လျှောက်တွင် ပါရမီအရှိဆုံး ပါရမီရှင်တစ်ဦး ဖြစ်၏။ လမ်းစဉ်များစွာကို နားလည်သဘောပေါက်ထားသည့်အပြင် ဒဏ္ဍာရီလာ ကစဉ့်ကလျား ကိုယ်ထည် ဟူသည့် ထူးခြားသော ကိုယ်ထည်ဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ ထိုစွမ်းပကားများကြောင့် လမ်းစဉ်များ၏ စွမ်းအားကို သူမ၏ ခန္ဓာကိုယ်အတွင်း၌ တည်ငြိမ်အောင် ထိန်းညှိထားနိုင်ခြင်း ဖြစ်၏။

ယခုတော့ သူမထက် လမ်းစဉ်များကို ပိုနားလည်သည့် တစ်စုံတစ်ယောက် ပေါ်ထွက်လာခြင်းကြောင့် ရွှမ်ချင်းယွမ်စိတ်ထဲ ကြီးမားသော စိုးရိမ်ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ အနည်းငယ်မှ တွေဝေမှုမှမရှိပဲ လုချန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို သူမ ထပ်မံ၍ တွက်ချက်ဟောကိန်းထုတ်လိုက်သည်။

ယခုတစ်ကြိမ်တွင်တော့ သူ၏ အတိတ်နှင့် အနာဂတ် နှစ်ခုလုံးကို သိနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

မကြာမီ လုချန်း၏ အတိတ်ပုံရိပ်များ သူမ၏ အာရုံထဲ ထင်ဟပ်လာ၏။ သူ၏ အတိတ်ကို မြင်တွေ့ရလျှင် ရွှမ်ချင်းယွမ် ခပ်တိုးတိုး ရယ်မောရင်း

“လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းထောင်ပေါင်းများစွာကတည်းက ဒီအကျင့်အတိုင်းပဲ။ တကယ့် ကို တစ်စက်ကလေးမှ မပြောင်းလဲသေးဘူး။”

လုချန်းသည် အတိတ်ကာလကပင် မိန်းမလိုက်စားသောသူ တစ်ဦးဖြစ်ကြောင်း သူမ၏ ဟောကိန်းအရ တွေ့ရ၏။ သို့သော် ထိုသို့သော သဘာဝရှိလင့်ကစား ထျန်းရန် နတ်ဘုရားနယ်မြေရှိ ထိပ်တန်းအင်အားစု အသီးသီးမှ သူတော်စင်မများနှင့် မင်းသမီးများအားလုံးက လုချန်း၏ အဖော်ဖြစ်လာရန် အလိုရှိနေကြပြန်သည်။

အကြောင်းရင်းက ရှင်း၏။ လုချန်း၏ ပါရမီသည် အလွန်တရာ ထူးချွန်ပြောင်မြောက်လှပြီး အချိန်တိုအတွင်းမှာပင် နတ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သောကြောင့် ဖြစ်၏။

သူမထက်ပင် ပို၍မြန်ဆန်စွာ နတ်ဘုရင်အဆင့်သို့ လုချန်း ရောက်ရှိသွားသည်ကို မြင်ရလျှင် ရွှမ်ချင်းယွမ်၏ စိတ်ထဲ စိုးရိမ်စိတ်များ ပိုမိုတိုးပွားလာ၏။

လုချန်း၏ အတိတ်ကို ရွှမ်ချင်းယွမ် ဆက်လက် တွက်ချက်ကြည့်ပြန်သည်။ ထျန်းရန် နတ်ဘုရားနယ်မြေရှိ ထိပ်တန်း အင်အားစု အသီးသီး၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို သူ ခံနေရသည်ကို တွေ့ရ၏။ နောက်ဆုံးတွင် သူ၏ ဇနီးများစွာနှင့်အတူ ကစဉ့်ကလျား ပင်လယ်မှ ထွက်ခွာသွားရန် အတင်းအကျပ် ဖိအားပေးခြင်း ခံခဲ့ရပြန်သည်။

သေမင်းတံခါးဝအထိ သူ၏ ဇနီးမယားများစွာကို ခေါ်ဆောင်သွားချင်သည့် လုချန်း၏ သဘောထားကို တွေးမိရင်း ထိုသူ အလွန်အတ္တကြီးသူဟု ရွှမ်ချင်းယွမ် စိတ်ထဲ မှတ်ချက်ချလိုက်၏။

ထို့ပြင် သူတို့နှစ်ဦး ဆုံတွေ့ခဲ့သည့် ဖြစ်ရပ်များနှင့် ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများ ပေါ်လာသည်။ သူ၏ ဇနီးမယားများကို ရှာဖွေရန်အတွက်သာ ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း၌ အကြိမ်ပေါင်း များစွာ ဘဝကူးပြောင်းနေခဲ့သော လုချန်းကို မြင်တွေ့ရလျှင် ထိုသူသည် အတ္တအနည်းငယ် ကြီးသော်လည်း သူ၏ ဇနီးမယားများအပေါ် ထားရှိသော သံယောဇဉ်ကတော့ စစ်မှန်‌ကြောင်း ရွှမ်ချင်းယွမ် မှတ်ချက်ပြုမိပြန်၏။

သူသည် လူဆိုးသက်သက်တစ်ယောက်တော့ မဟုတ်ချေ။

လုချန်းနှင့် သူမ လမ်းခွဲခဲ့ကြသည့် နေရာတွင်ပင် ရွှမ်ချင်းယွမ်၏ ဟောကိန်းထုတ်မှု ရပ်တန့်သွား၏။ ထိုထက်ပို၍ မည်သည့်အရာမှ သူမ မမြင်နိုင်တော့ချေ။

လုချန်း မည်သို့သော နည်းလမ်းဖြင့် ထျန်းရန် နတ်ဘုရားနယ်မြေသို့ ပြန်လည်ရောက်ရှိလာသည်ကို ရွှမ်ချင်းယွမ် သိလိုသော်လည်း မတတ်နိုင်သည့်အတွက် မျက်မှောင်ကြုတ်လိုက်မိ၏။

ထိုပန်းနီရထားကပဲ လုချန်းကို ပြန်ခေါ်လာခဲ့ခြင်း ဖြစ်နိုင်သလား။ ထိုသို့ တွေးမိသည်နှင့် ပန်းနီရထား၏ မူလအစကို ရွှမ်ချင်းယွမ် ထပ်မံ တွက်ချက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ချေ။

တကယ်တော့ ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း၌ တစ်ကြိမ်၊ ကစဉ့်ကလျား ပင်လယ်တွင် တွေ့စဉ်က တစ်ကြိမ် ပန်းနီရထားကို သူမ တွက်ချက်ကြည့်ခဲ့ဖူး၏။ သို့သော် နှစ်ကြိမ်စလုံးတွင် မည်သည့်အရာမှ မပေါ်ပဲ ဗလာဖြစ်နေခဲ့သည်။

တွက်ချက်လို့ မရရင်လည်း နေပါစေတော့...

ထိုနောက် ရွှမ်ချင်းယွမ်လည်း တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး လေထုထဲရှိ နတ်အငွေ့အသက်များကို အငမ်းမရ စုပ်ယူတော့သည်။

လုချန်း၏ အနာဂတ်ကို ဆက်လက် ဟောကိန်းထုတ်ရန် သူမ ရည်ရွယ်ထား၏။ အတိတ်ကို တွက်ချက်ခြင်းထက် အနာဂတ်ကို တွက်ချက်ခြင်းက စွမ်းအား ပိုကုန်ဆုံးမည် ဖြစ်သောကြောင့် စွမ်းအား အနည်းငယ် ပြန်လည်ဖြည့်တင်းရန် လိုအပ်နေခြင်း ဖြစ်သည်။

နှစ်လကြာပြီးလျှင် ရွှမ်ချင်းယွမ်၏ စွမ်းအားများ အတော်အသင့် ပြန်လည်ပြည့်ဝလာသည်။ လုံလောက်ပြီဟု ခံစားရလျှင် သူမ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး လုချန်း၏ အနာဂတ်ကို စတင် တွက်ချက်တော့သည်။

ထိုသို့သော ပါရမီရှင်တစ်ဦး အနာဂတ်တွင် မည်သို့သော တည်ရှိမှုမျိုး ဖြစ်လာမည်ကို သူမ သိလိုလှ၏။ အရေးအကြီးဆုံးက သူမ၏ လမ်းစဉ်ကို လုချန်း ပိတ်ဆို့ဟန့်တားမလား ဆိုသည့် အချက်ဖြစ်သည်။

သို့သော် လုချန်း၏ အနာဂတ်ကို စတင် တွက်ချက်လိုက်သည်နှင့် သူမ၏ မျက်စိရှေ့တွင် အဆုံးမဲ့သော မှောင်မိုက်မှုများကိုသာ မြင်တွေ့ရပြီး မည်သည့်အရာမှ ပေါ်မလာခဲ့ချေ။

ရွှမ်ချင်းယွမ် ခဏခန့် မှင်တက်သွား၏။ လုချန်း၏ အနာဂတ်ကို တွက်ချက်၍ မရလျှင်တောင်မှ အမှောင်ထုအစား ဗလာနယ်မြေသာ ပေါ်လာသင့်သည်။ ယခု အဘယ်ကြောင့် အမှောင်ထုကြီး ဖြစ်နေရသနည်း။

သူမ၏ ဟောကိန်းက အလွန်တိကျလွန်းသဖြင့် လုချန်း၏ နောက်ဆုံး နိဂုံးအထိ ရောက်သွားခြင်းလား။

ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားကို အနည်းငယ် လျှော့ချကာ လုချန်း၏ အနာဂတ်ကို ထပ်မံ တွက်ချက်ရန် ကြိုးစားသော်လည်း အဆုံးမဲ့သော အမှောင်ထုကိုသာ ထပ်မံ တွေ့ရှိရပြန်သည်။ ထိုအဆုံးမဲ့ အမှောင်ထုထဲတွင် မည်သည့်အရာ မည်သည့် တည်ရှိမှုမှ မရှိပေ။ ကစဉ့်ကလျား အာကာသ ဟင်းလင်းပြင်တစ်ခုအတွင်းသို့ ကျရောက်နေသည့်အလား သူမ ခံစားရ၏။

ရွှမ်ချင်းယွမ် အံ့အားသင့်သွားပြီး အကြိမ်ကြိမ် ထပ်မံ ကြိုးစားသော်လည်း ရလဒ်များက ယခင်အတိုင်းပင် ဖြစ်နေသည်။

လုချန်း၏ အနာဂတ်ကို တွက်ချက်၍ မရတော့သဖြင့် ရွှမ်ချင်းယွမ် လက်လျှော့လိုက်တော့သည်။ လုချန်းနှင့် သူမ နှစ်ဦးလုံးသည် ထျန်းရန် နတ်ဘုရားနယ်မြေအတွင်း၌ ရှိနေကြပြီး သူ၏ ပါရမီကလည်း ကြောက်မက်ဖွယ်ကောင်းလှသဖြင့် အနာဂတ် တစ်ချိန်ချိန်တွင် သူတို့နှစ်ဦး မလွဲမသွေ ဆုံတွေ့ကြရဦးမည်ဟု ရွမ်ချင်းယွမ် တွေးတောမိသည်။

အခြားပုံစံ တစ်မျိုး ပြောင်းလဲ၍ ကြိုးစားကြည့်ရန် သူမ ဆုံးဖြတ်လိုက်၏။ လုချန်း၏ အနာဂတ်ကို မသိနိုင်လျှင်ပင် သူမ၏ အနာဂတ်ကိုတော့ တွက်ချက်ကြည့်နိုင်သည်။ ထိုသို့တွေးရင်း ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားကို အသုံးချကာ သူမ၏ အနာဂတ်ကို ရွှမ်ချင်းယွမ် စတင် တွက်ချက်လိုက်၏။

ထိုခဏချင်းမှာပင် သူမ၏ အာရုံထဲတွင် ပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုပုံရိပ်ထဲ၌ သူမနှင့် လုချန်းသည် မင်္ဂလာအခန်းတစ်ခန်း အတွင်း၌ မလျော်ကန်သော အပြုအမူများကို ပြုလုပ်နေကြ၏။ ထိုပုံရိပ်ကို မြင်လိုက်ရသည်နှင့် ရွှမ်ချင်းယွမ်၏ မျက်နှာ ချက်ချင်းပင် မည်းမှောင်သွားပြီး ဟောကိန်းထုတ်ခြင်းကို ရပ်တန့်လိုက်တော့၏။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

ပန်းနီရထားကို သယ်ဆောင်ခဲ့သည့် ကံတရား အကျိုးဆက်ကြောင့်များလား။ ရွှမ်ချင်းယွမ်လည်း ထိုရလဒ်ကို မယုံကြည်နိုင်သဖြင့် ထပ်မံ တွက်ချက်ကြည့်ပြန်၏။

ယခုတစ်ကြိမ်တွင်တော့ ပုံရိပ်က ပြောင်းလဲသွား၏။ ရှေ့တွင်ရှိသော တံခါးကြီးတစ်ခုဆီသို့ ဦးတည်နေသည့် လုချန်း၏ ကျောပြင်ကိုသာ သူမ မြင်တွေ့ရတော့သည်။

ရွှမ်ချင်းယွမ်၏ စိတ်ထဲ များစွာ တုန်လှုပ်သွားရ၏။

ထိုအရာက ကောင်းကင်ဘုံတံခါး ဖြစ်သည်။

လုချန်းသည် နောက်ဆုံးတွင် ထျန်းရန် နတ်ဘုရားနယ်မြေမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။ ဤလောကမှ ထွက်ခွာနိုင်သည့် လုချန်း၏ စွမ်းဆောင်ရည်ကို တွေးတောမိရင်း ရွှမ်ချင်းယွမ် စဉ်းစားမိပြန်သည်။

လုချန်းနှင့် သူမ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့လျှင် သူမလည်း ဤကမ္ဘာမှ ထွက်ခွာနိုင်မှာလား။

သူမ တွက်ချက်ထားသော အနာဂတ်များကို ပြောင်းလဲနိုင်သော်လည်း ပြောင်းလဲနိုင်သည့် အတိုင်းအတာက အလွန်ပင် သေးငယ်လှကြောင်း၊ အထူးသဖြင့် ကောင်းကင်ဘုံတံခါးနှင့် ပတ်သက်သည့် အကြောင်းအရာများက ပို၍ပင် ခက်ခဲကြောင်း ရွှမ်ချင်းယွမ် ကောင်းစွာ သိထား၏။

သို့သော် ပထမဆုံး မြင်တွေ့ခဲ့ရသည့် ပုံရိပ်ကို ပြန်လည်တွေးမိလျှင် ရွှမ်ချင်းယွမ်၏ မျက်နှာ တစ်ဖန် ပြန်၍ မည်းမှောင်လာပြန်သည်။

မြင့်မြတ်လှသော နတ်ဧကရာဇ် တစ်ဦးဖြစ်သည့် သူမက နောက်ဆုံး ထိုလူရဲ့ ကစားစရာ ဖြစ်သွားရတယ်တဲ့လား။

ထိုသို့သော အဖြစ်မျိုးကို သူမ ဧကန်မုချ ခွင့်ပြုမည် မဟုတ်ချေ။

…….

လဝက်ခန့် ကြာပြီးနောက်။

နှင်းခဲမြို့။

လုချန်း၏ အကူအညီဖြင့် ရှောင်ရွှီရင်သည်လည်း စစ်မှန်သောနတ် အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး သူမ၏ အဆင့်မှာလည်း လျင်မြန်စွာ တည်ငြိမ်သွား၏။ သို့သော် ကံမကောင်းစွာပင် အမျိုးသမီး နှစ်ဦးလုံး၏ ဝမ်းဗိုက်များ၌ မည်သည့် ထူးခြားသော လက္ခဏာမှ ပေါ်မလာခဲ့ချေ။

သို့သော် နှင်းခဲမြို့၏ လူဦးရေကတော့ တစတစ တိုးပွားလာနေ၏။ အထူးသဖြင့် မွေးကင်းစ ကလေးငယ် အရေအတွက်က ပို၍ပင် တိုးလာ၏။

ယနေ့တွင်လည်း ထုံးစံအတိုင်း အမျိုးသမီး နှစ်ဦးနှင့် လုချန်း ကျင့်ကြံနေစဉ် စံအိမ်၏ အဝင်ဝတွင် လူတစ်စု ပေါ်လာတာကို ရုတ်တရက် အာရုံရလိုက်၏။ ထိုလူစုထဲတွင် နှင်းခဲမြို့၏ မြို့တော်ဝန် ဟန်ရှုဝမ်နှင့် သူ မသိသော အခြားလူများ ပါဝင်နေသည်။ ထိုအုပ်စုထဲမှ လူနှစ်ဦးသည် လူနတ် အဆင့်ရှိသူများ ဖြစ်ကြ၏။

ထိုအချိန်တွင် ဟန်ရှုဝမ်က ရိုသေစွာဖြင့်

“သံတမန်... ဒီလူတွေက အမွေးဖြူမြို့က လာတာပါ။ သံတမန်နဲ့ တွေ့ဖို့ အရေးကြီးတဲ့ ကိစ္စရှိတယ်လို့ ပြောပါတယ်။”

ထိုအရာကို လုချန်း ကြားလျှင် ကောက်ရှီယွမ်ထံမှ သူ၏ ကိုယ်ပွားကို ချက်ချင်း ပြန်လည် ရုပ်သိမ်းလိုက်၏။ မကြာမီ စံအိမ်၏ အပြင်ဘက်တွင် သူ ပေါ်ထွက်လာသည်။

ထွက်လာသော လုချန်းကို မြင်လျှင် အမွေးဖြူမြို့မှ လူအုပ်ကြီးက ချက်ချင်းပင် ဂါရဝပြုလိုက်ကြ၏။

“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။”

ဟန်ရှုဝမ်ကလည်း ဦးညွှတ်လိုက်၏။

“သံတမန်ကို ဂါရဝပြုပါတယ်”

ဟန်ရှုဝမ်ကို လုချန်း ကြည့်လိုက်ပြီး

“ကျုပ်မှာ လုပ်စရာ ကိစ္စတွေ ရှိသေးတယ် မြို့တော်ဝန်ဟန်။ မြို့တော်ဝန်ရဲ့ အလုပ်တွေကိုသာ ဆက်လုပ်ပါ။”

ဟန်ရှုဝမ်က ချက်ချင်းပင်

“ကောင်းပါပြီ။ သံတမန်ကို ကျုပ် အနှောင့်အယှက် မပေးတော့ပါဘူး”

ထိုသို့ ပြောပြီးနောက် စံအိမ်မှ ဟန်ရှုဝမ် ထွက်ခွာသွား၏။ ဟန်ရှုဝမ် ထွက်သွားသည်နှင့် ထိုလူစုကို စံအိမ်၏ အစည်းအဝေးခန်းမအတွင်းသို့ လုချန်း ခေါ်ဆောင်သွားပြီးနောက် အသံလုံ အတားအဆီးတစ်ခု ပြုလုပ်လိုက်သည်။

အတားအဆီး ပြုလုပ်ပြီးနောက် လုချန်းက

“အမွေးဖြူမြို့မှာ ဘာတွေ ဖြစ်နေတာလဲ”

လူတစ်ဦးက စာတစ်စောင်ကို ထုတ်ပေးလိုက်ပြီး လုချန်းကို

“ဒါက မြို့တော်ဝန်ဆီက အရှင့်အတွက် ပေးတဲ့စာပါ။ အရင်ဆုံး ဖတ်ကြည့်ပေးပါ”

မည်သည့် တွေဝေမှုမျှမရှိပဲ စာကို လုချန်း ယူကာ ဖွင့်ဖတ်လိုက်၏။ အကြောင်းအရာကို ကြည့်ရှုပြီးနောက် အခြေအနေကို သူ နားလည်သွားသည်။ သူ ထျန်းရန် နတ်ဘုရားနယ်မြေသို့ ပြန်လည်ရောက်ရှိလာတာကို တစ်စုံတစ်ယောက်က သိသွားသည်ဟု လုကျန့်ကျီက သံသယရှိနေခြင်း ဖြစ်သည်။

…………

အခန်း (၁၆၂၉)

သူပြန်ရောက်လာပြီ

စာထဲပါသည့် လုကျန့်ကျီ၏ ဆန်းစစ်ချက်ကို ဖတ်ပြီးနောက် အလွန်ယုတ္တိတန်သည်ဟု လုချန်း ယူဆလိုက်၏။

အစက လွန်ခဲ့သော နှစ်သန်းထောင်ပေါင်းများစွာက ဖြစ်ရပ်များ ရုတ်တရက် ပျံ့နှံ့လာခြင်းက သူနှင့် ထိပ်တန်းအင်အားစုများအကြား ဆက်နွယ်မှုကို ထျန်းရှနတ်ဘုရားနိုင်ငံတော်ရှိ လူများအား သတိပေးရန် လုကျင့်ဖူ ရည်ရွယ်နေခြင်း ဖြစ်နိုင်သည်ဟု သူ ထင်ခဲ့သည်။

သို့သော် ယခု ပြန်စဉ်းစားကြည့်လျှင် လုကျင့်ဖူက မည်သူ့ကိုမှ ရည်ရွယ်ချက်ရှိရှိ သတိပေးနေခြင်း မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ထိုကိစ္စကို ပျံ့နှံ့စေခြင်းဖြင့် ထျန်းရှနတ်ဘုရားနိုင်ငံတော်ကို သစ္စာဖောက်သူဟူသော နာမည်ဆိုးကိုသာ သူ့အတွက် ရစေမည်ဖြစ်သည်။ ထိုနာမည်ဆိုးက သူ့အပေါ် များစွာ သက်ရောက်မှု မရှိလျှင်‌တောင် ကောင်းကျိုး တစ်စုံတစ်ရာတော့ မရှိပေ။

လုချန်း ပြန်ရောက်လာတာကို တစ်စုံတစ်ယောက်က သိသွားပြီး လုကျင့်ဖူအား တိုက်ခိုက်ရန် လုချန်းကို အသုံးချလိုသောကြောင့်သာ ဤကောလာဟလကို နေရာအနှံ့ ဖြန့်ဝေနေခြင်းဖြစ်နိုင်သည်ဟု လုကျန့်ကျီက ခန့်မှန်းထားသည်။ ထိုသို့သော အပြုအမူမျိုး ပြုလုပ်နိုင်သူသည် ထျန်းရှနတ်ဘုရားနိုင်ငံတော်ရှိ ဘုရင်များထဲမှ တစ်ဦးဦးသာ ဖြစ်ပေလိမ့်မည်။

သူတစ်ပါးလက်ဖြင့် လူသတ်ရန် ကြံရွယ်နေကြခြင်းဖြစ်ကြောင်း သဘောပေါက်သွားရင်း လုချန်း ခပ်တိုးတိုး ရယ်မောလိုက်၏။ သူ၏ စွမ်းအားများ ပြန်လည်ပြည့်ဝလာသည်နှင့် သူ့ကို ဝိုင်းရံတိုက်ခိုက်ခဲ့သူ တစ်ဦးတစ်ယောက်ကိုမှ သူ ချန်ထားမည် မဟုတ်ပေ။ ထျန်းရှနတ်ဘုရားနိုင်ငံမှ မည်သည့်ဘုရင်ကိုမှ သူအလွတ်ပေးမည် မဟုတ်ပေ။

လက်ထဲရှိ စာကို လုချန်း ဖျက်ဆီးလိုက်ပြီးနောက် အမွေးဖြူမြို့မှ လာသူများကို ပြောလိုက်၏။

“နှင်းခဲမြို့မှာ တစ်လလောက် အနားယူကြပါ။ တစ်လကြာလျှင် ခင်ဗျားတို့နှင့်အတူ အမွေးဖြူမြို့ကို ကျုပ် လိုက်ခဲ့ပါ့မယ်။”

ယခု ကိုယ်ပွားများကို သူ ဖန်တီးနိုင်ပြီ ဖြစ်သည်။ ကိစ္စရပ်များကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်ရန် ကိုယ်ပွား အမြောက်အမြားကို သူ ဖန်တီးနိုင်၏။

မည်သို့ပင်ဖြစ်စေ သူ၏ စွမ်းအားများကို ချက်ချင်း ပြန်မရနိုင်သေးသဖြင့် သူ၏ ကိုယ်ပိုင်အင်အားစုကို ချဲ့ထွင်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။

အမွေးဖြူမြို့မှ လူများက တညီတညွတ်တည်း

“ဟုတ်ကဲ့ပါ သခင်”

စံအိမ်ရှိ အစေခံများကို ခေါ်ယူကာ အမွေးဖြူမြို့မှ လူများအတွက် နေရာချထားပေးပြီးနောက် ကောက်ရှီယွမ်နှင့်အတူ ဆက်လက် ကျင့်ကြံရန် အခန်းထဲသို့ လုချန်းကိုယ်ပွား ပြန်ဝင်သွား၏။

.........

လအနည်းငယ် ကြာပြီးနောက်။

တောင်ကြားတစ်ခုအတွင်း၌။

ထိုတောင်ကြား၌ မြူနှင်းများ ဖုံးလွှမ်းနေပြီး နတ်အငွေ့အသက်များ ထူထပ်နေ၏။ တောင်ကြားအနက်ပိုင်းတွင်တော့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သည့် နတ်ဆိုးမျိုးနွယ်ဝင်များ ရှိနေကြ၏။

ထိုခဏတွင် တောင်ကြားအထက်၌ နတ်လှေတစ်စင်း ပေါ်လာသည်။ နတ်လှေကို မြင်တွေ့သွားသောအခါ အောက်ဘက်ရှိ နတ်ဆိုး အမြောက်အမြား သောင်းကျန်းလာပြီး နတ်လှေကို ချက်ချင်း တိုက်ခိုက်ကြတော့၏။

ထိုနတ်ဆိုးများထဲတွင် နတ်ဘုရင်အဆင့် တစ်ဦး ပါဝင်နေသည်။ ထိုအခိုက်အတန့်တွင် တောင်ကြားအတွင်းရှိ ရွှေရောင်လင်းယုန်ကြီး တစ်ကောင်သည် နတ်လှေပေါ်ရှိ လူများကို ခြောက်လှန့်မောင်းထုတ်ရန်အတွက် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်လိုက်၏။

ရွှေရောင်လင်းယုန်က

“လူသားတွေ... ဒါ ခင်ဗျားတို့ လာရမယ့် နေရာမဟုတ်ဘူး”

စကားဆုံးသည်နှင့် ရွှေရောင်ဆံပင်များ ရှိသည့် လူသားပုံသဏ္ဌာန်အဖြစ် ရွှေရောင်လင်းယုန်က ပြောင်းလဲလိုက်သည်။

တစ်ဖက်က တွေဝေခြင်းမရှိပဲ တောင်ကြားဆီသို့ တိုက်ရိုက် ဦးတည်လာကြခြင်းဖြစ်သဖြင့် တောင်ကြားကို သိမ်းပိုက်ရန် ကြိုးစားခြင်းသာ ဖြစ်သည်ဟု ကျင်းယန် ယူဆလိုက်၏။ ဤတောင်ကြားတွင် နတ်အငွေ့အသက်များ ကြွယ်ဝသဖြင့် သိမ်းပိုက်လိုသည့် နတ်အမြောက်အမြား ရှိခဲ့သော်လည်း နတ်ဘုရင်အဆင့်များ ရှိနေသောကြောင့် ကျူးကျော်သူမှန်သမျှကို နတ်ဆိုးမျိုးနွယ်များဘက်က မောင်းထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယနေ့တွင်တော့ ဤနတ်လှေက ကျင်းယန်ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေ၏။ ထိုနတ်လှေပေါ်တွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ရှိနေသည်ဟု သူ ခံစားနေရသော်လည်း အကြောင်းရင်းကိုတော့ သူ မသိပေ။

နတ်ဘုရင် ဖြစ်လာပြီးကတည်းက အသက် အန္တရာယ်နှင့် နီးကပ်သော ယခုလို ခံစားချက်မျိုးကို မခံစားရတာ ကြာပြီဖြစ်သည်။

သူတို့ နတ်ဆိုးမျိုးနွယ်များ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ထူးခြားလှသည်။ တစ်ဖက်လူက နတ်သခင်အဆင့် ဖြစ်နေလျှင်တောင်မှ သူတို့က ခုခံနိုင်စွမ်း ရှိမည်ဖြစ်သည်။ ယခင်က နတ်သခင်များကိုတောင် မောင်းထုတ်ခဲ့ရသော်လည်း ယနေ့ကဲ့သို့ သေဘေးနှင့် ရင်ဆိုင်နေရသည့် ခံစားချက်မျိုးကိုတော့ မည်သူကမှ မပေးနိုင်ခဲ့ဖူးချေ။

ထို့ပြင် အခြားအချက်တစ်ခုလည်း ရှိသေး၏။ ယခင်က နတ်များ တိုက်ခိုက်လျှင် စစ်နတ်လှေ အမြောက်အမြား ပါဝင်တတ်သော်လည်း ယနေ့တွင်တော့ တစ်စင်းတည်းသာ ပါဝင်သည်။

နတ်သခင်အဆင့် တည်ရှိမှု မရှိသော်လည်း နတ်ဆိုးမျိုးနွယ်များ၏ ကြံ့ခိုင်သော ကိုယ်ထည်ကြောင့် သူတို့အား ထိပ်တန်းစွမ်းအားစု တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ နတ်လှေတစ်စင်းတည်းဖြင့် သူတို့ကို တိုက်ခိုက်ရဲခြင်းက တစ်ခုခု မှားယွင်းနေသည်ဟု ကျင်းယန်အား တွေးမိစေ၏။

နတ်လှေဆီသို့ အလုံးအရင်းနှင့် တက်လာသော နတ်ဆိုးမျိုးနွယ်များကို ကြည့်ရင်း ချူးကျန့်ယွီက နတ်လှေဦးတွင် ရပ်ကာ မေးလိုက်၏။

“ကျုပ် တို့ ဝင်ပါရမလား ကောင်းကင်မိန်းကလေး။”

ရွှမ်ချင်းယွမ်က

“မလိုပါဘူး”

ချူးကျန့်ယွီတို့၏ စွမ်းအားများ ပြန်လည် မပြည့်ဝသေးသဖြင့် ထိုသို့သော ကိုယ်ထည်ရှိသည့် နတ်ဆိုးများကို သူတို့ ရင်ဆိုင်နိုင်စွမ်း မရှိချေ။ဤကဲ့သို့သော နတ်ဆိုးမျိုးနွယ်လောက်ကို သူမ တစ်ဦးတည်းဖြင့် အလွယ်တကူ သုတ်သင်နိုင်သည်။

နောက်တစ်ခဏတွင် တောင်ကြားအထက်၌ မည်းမှောင်သော မီးခိုးငွေ့များ ပေါ်လာသည်။ ထိုမီးခိုးငွေ့များက လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲကာ တက်လာသော နတ်ဆိုးများကို တိုက်ရိုက် ရိုက်ချလိုက်၏။

နတ်ဆိုး နတ်ဘုရင်တစ်ဦးက ထိုလက်ဝါးကို အလွယ်တကူ ဖျက်ဆီးနိုင်မည်ဟု ထင်မှတ်ကာ လက်သီးဖြင့် ထိုးနှက်၍ တိုက်ရိုက် ရင်ဆိုင်လိုက်သည်။ သို့သော် မမျှော်လင့်ပဲ မည်းမှောင်သော မြူခိုးများဖြင့် ဖွဲ့စည်းထားသည့် လက်ဝါးကြီးနှင့် သူ၏ လက်သီး ထိတွေ့လိုက်သည်နှင့် လက်ဝါးကြီး၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရ၏။

ထိုနတ်ဆိုး နတ်ဘုရင်လည်း အမှောင်ထုကိုသာ မြင်တွေ့ရတော့ပြီး ရုန်းထွက်ရန် ကြိုးစားသော်လည်း မအောင်မြင်ချေ။ ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်သည် မည်းမှောင်သော မြူခိုးများ၏ တိုက်စားခြင်းကို ခံနေရပြီး မျက်လုံးများလည်း သွေးကဲ့သို့ နီရဲလာ၏။

“အား”

မည်းမှောင်သော မြူခိုးများအတွင်းမှ အော်ဟစ်သံကို ကြားရလျှင် ရှေ့သို့ တက်လာသော အခြားနတ်ဆိုးများလည်း ထိတ်လန့်သွားပြီး ရပ်တန့်သွားကြသည်။

ခဏခန့် အကြာတွင် မည်းမှောင်သော မြူခိုးလက်ဝါးက လွှတ်ပေးလိုက်ရာ ကောင်းကင်တွင် နက်မှောင်သော ကျားတစ်ကောင် ပေါ်လာ၏။ ထိုကျားထံမှ ထူးဆန်းသော စွမ်းအားများ ထွက်ပေါ်နေပြီး အခြားသူများ၏ နတ်ဆိုးအငွေ့အသက်များကို ဖိနှိပ်ထားသကဲ့သို့ ခံစားရသည်။

နတ်ဘုရင်၏ အခြေအနေ အလွန်မှားယွင်းနေသည်ကို မြင်လျှင် ကျင်းယန်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွား၏။ ထို့နောက် သူ၏ မျက်လုံးများ ပြူးကျယ်လာကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။

“မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး...”

နောက်တစ်ခဏတွင် ထူးဆန်းသော အမှောင်စွမ်းအားများ စီးဝင်နေသည့် ကျားနတ်ဆိုး နတ်ဘုရင်က သူ၏ နတ်ဆိုးမျိုးနွယ်များဘက်သို့ ပြန်လှည့်ကာ ဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် ကောင်းကင်နတ်ဆိုးစွမ်းအားများ ပါဝင်သည့် အသံလှိုင်းကြောင့် နတ်ဆိုးအမြောက်အမြား သေဆုံးကာ ကောင်းကင်ယံမှ ပြုတ်ကျသွားကြ၏။

ကျင်းယန်က

“သူပဲ... သူ တကယ် ပြန်ရောက်လာပြီ”

ကျင်းယန် အလွန် ထိတ်လန့်သွားပြီး အခြားနတ်ဆိုးများကို ချက်ချင်း အမိန့်ပေးလိုက်၏။

“ပြေးကြ။ အခုချက်ချင်း ဒီကနေ ထွက်ပြေးကြတော့”

သတင်းစကား ပေးပို့ပြီးနောက် ကျင်းယန်လည်း တွေဝေခြင်းမရှိပဲ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွား တော့သည်။

ကျင်းယန် ထိတ်လန့်တကြား ထွက်ပြေးသွားသည်ကို မြင်လျှင် အခြား နတ်ဆိုး နတ်ဘုရင်များလည်း ထွက်ပြေးကြတော့သည်။

ခုနက အမှောင်စွမ်းအားက သူတို့ကို အလွန် ထိတ်လန့်စေခဲ့၏။ တစ်ဖက်လူက နတ်ဘုရင်တစ်ဦးကိုပင် ချက်ချင်း ထိန်းချုပ်နိုင်ခဲ့သည် မဟုတ်ပါလား။

ကြောက်လန့်တကြား ထွက်ပြေးနေသည့် နတ်ဆိုးများကို ကြည့်ရင်း ရွှမ်ချင်းယွမ်က အေးစက်စွာဖြင့် ရေရွတ်လိုက်၏။

“ထျန်းရန် နတ်ဘုရားနယ်မြေကနေ ထွက်ခွာသွားတာ ဒီလောက်ကြာတာတောင် ငါ့ကို ချက်ချင်း မှတ်မိတဲ့သူ ရှိနေသေးတာပဲ။”

ကျင်းယန်၏ နက်ရှိုင်းသော ကြောက်ရွံ့မှုကို ရွှမ်ချင်းယွမ် ခံစားလိုက်ရ၏။ သူ သူမကို မှတ်မိနေကြောင်း ထင်ရှားနေသည်။

ယခုအချိန်တွင် ထိုလူများကို အရေးလုပ်ရန် သူမ စိတ်မကူးသေးပေ။ မှတ်မိသည်ဖြစ်စေ၊ မမှတ်မိသည်ဖြစ်စေ အရေးမကြီးချေ။ ယနေ့ သူမ ဤနေရာသို့ လာခြင်းက ပို၍ အရေးကြီးသော ကိစ္စရပ်တစ်ခုအတွက် ဖြစ်သည်။

ထို့နောက် သူမ၏ လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်၏။ နောက်တစ်ခဏတွင် ကောင်းကင်နတ်ဆိုးစွမ်းအားများကို ထုတ်လွှတ်လိုက်ရာ ထိုစွမ်းအားများသည် ဓားကြီးတစ်စင်းအဖြစ် စုစည်းသွားပြီး တောင်ကြားထဲသို့ ထိုးစိုက်ကျသွား၏။

ချက်ချင်းပင် ကမ္ဘာငယ် ပြိုပျက်ကာ ၎င်း၏အာကာသလည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီးနောက် အပြာနုရောင် အတားအဆီးတစ်ခု လူတိုင်း၏ရှေ့တွင် ပေါ်လာသည်။

ရွှမ်ချင်းယွမ်က ကောင်းကင်နတ်ဆိုးစွမ်းအားကို ထပ်မံ အမိန့်ပေးလိုက်ရာ အပြာရောင် အတားအဆီးလည်း ချက်ချင်းပင် ကွဲအက်သွားတော့၏။ ထိုအခိုက်အတန့်တွင် ထိုကမ္ဘာငယ်အတွင်းရှိ နတ်များလည်း ကစဉ့်ကလျား ဖြစ်နေကြပြီ ဖြစ်သည်။

အတားအဆီး ပွင့်သွားသည်ကို မြင်လျှင် နတ်လှေကို ထိုကမ္ဘာငယ်အတွင်းသို့ ဝင်ရောက်ရန် ရွှမ်ချင်းယွမ် ထိန်းချုပ်လိုက်၏။

ရွှမ်ချင်းယွမ် ကမ္ဘာငယ်အတွင်းသို့ ဝင်လိုက်သည်နှင့် သူမ၏ရှေ့တွင် နတ်သခင်တစ်ဦးနှင့် နတ်ဘုရင် အမြောက်အမြား ပေါ်လာသည်။ နတ်လှေဦးတွင် ရပ်နေသည့် အမျိုးသမီးနှင့် သူမထံမှ ထွက်ပေါ်နေသော ကောင်းကင်နတ်ဆိုးစွမ်းအားများကို မြင်လျှင် နဝမကောင်းကင်တက္ကသိုလ်မှ နတ်သခင်နှင့် နတ်ဘုရင်များ မှင်တက်သွားကြတော့၏။

All Chapters