အခန်း (၁၆၃၀-၁၆၃၂)
Vol. 109 Ch. 1630-1632
အခန်း (၁၆၃၀)
ကောင်းကင်မိန်းကလေး ပြန်လာပြီ
နဝမကောင်းကင်တက္ကသိုလ်မှ လူများ ရွှမ်ချင်းယွမ်ကို မြင်တွေ့လိုက်ကြလျှင် မှင်တက်သွားကြ၏။ ရွှမ်ချင်းယွမ်က အေးစက်စွာဖြင့်
“ဘာလဲ... ကျွန်မပြန်မလာတာ ကြာသွားလို့ မမှတ်မိကြတော့တာလား”
ထိုစကားများအဆုံးတွင် ကြောက်မက်ဖွယ်ကောင်းလှသော ကောင်းကင်နတ်ဆိုးစွမ်းအားများကို ရွှမ်ချင်းယွမ် ထုတ်ဖော်လိုက်၏။ ရွှမ်ချင်းယွမ်၏ အငွေ့အသက်သည် နတ်ဘုရင်အဆင့်မှာသာ ရှိသော်လည်း ထိုစစ်မှန်လှသော ကောင်းကင်နတ်ဆိုးစွမ်းအားများက နတ်သခင်အပါအဝင် ရှိသမျှလူတိုင်းကို အလိုလို ရင်တုန်သွားစေသည်။
ထိုစဉ် နတ်သခင် ပိုင်ရွှေ သတိပြန်ဝင်လာပြီး ရွှမ်ချင်းယွမ်ကို ချက်ချင်းပင် ဂါရဝပြုလိုက်၏။
“ကောင်းကင်မိန်းကလေး... ပြန်လာတာကို ကြိုဆိုပါတယ်”
ထိုအရာကို ကြားလျှင် နတ်သခင်ပိုင်ရွှေ၏ နောက်မှ နတ်ဘုရင်နှင့် ထိုကမ္ဘာငယ် အတွင်းရှိ နတ်များအားလုံး နောက်ဆုံး၌ သတိဝင်လာကြသည်။ အားလုံးက ညီညာစွာ ဒူးထောက်လိုက်ကြရာ ၎င်းတို့၏ အသံများလည်း ကမ္ဘာတစ်ခုလုံးကို ဟိန်းထွက်သွား၏။
“ကောင်းကင်မိန်းကလေး... ပြန်လာတာကို ကြိုဆိုပါတယ်”
ရွှမ်ချင်းယွမ်က နတ်သခင်ပိုင်ရွှေကို ခံစားချက်ကင်းမဲ့စွာ ကြည့်ကာ
“အရင်က နဝမကောင်းကင်တက္ကသိုလ်ဟာ ထျန်းရန်နတ်ဘုရားနယ်မြေရဲ့ အရှင်သခင်ဖြစ်ခဲ့တာ... အခုတော့ ဒီကမ္ဘာလေးထဲမှာ ပုန်းအောင်းနေရတာလား... တကယ်ကို မျက်နှာ ပျက်စရာပဲ။”
ထိုစကားများကို ကြားလျှင် လူတိုင်း၏ မျက်နှာပေါ်၌ ပူနွေးသည့် ဝေဒနာကို ခံစားလိုက်ကြရ၏။ ထိုစဉ်က ကောင်းကင်မိန်းကလေး ထျန်းရန်နတ်ဘုရားနယ်မြေမှ ထွက်ခွာသွားခဲ့သော်လည်း နဝမကောင်းကင်တက္ကသိုလ်သည် ခိုင်မာသည့် အခြေခံအုတ်မြစ်၊ မြောက်မြားစွာသော နတ်သခင်များ၏ စွမ်းအားတို့ဖြင့် ထျန်းရန်နတ်ဘုရားနယ်မြေတစ်ခုလုံးကို ဆက်လက်အုပ်ချုပ်နိုင်ခဲ့သေးသည်။
သို့သော် ၎င်းတို့ကြားတွင် ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့ပြီး နောက်ဆုံး၌ နဝမကောင်းကင်တက္ကသိုလ်၏ အင်အား လျင်မြန်စွာ ကျဆင်းလာခဲ့ရ၏။ ထိုပဋိပက္ခများအတွင်း နတ်သခင်များလည်း တစ်ဦးပြီးတစ်ဦး ကျဆုံးခဲ့ရသည်။
ယခုအခါတွင်တော့ နတ်သခင်တစ်ဦးတည်းသာ ကျန်ရှိတော့ပြီး ထိုနတ်သခင်၏ နောက်ဆုံးနေ့ရက်များမှာလည်း နီးကပ်လာနေပြီဖြစ်သည်။
နတ်သခင်ပိုင်ရွှေက
“ကျုပ် အသုံးမကျခဲ့လို့ နဝမကောင်းကင်တက္ကသိုလ်ကို မကာကွယ်နိုင်ခဲ့ဘူး။ ကောင်းကင်မိန်းကလေးကို စိတ်ပျက်စေခဲ့ပါပြီ... ကောင်းကင်မိန်းကလေး ကျုပ်ကို အပြစ်ပေးပါ။”
ရွှမ်ချင်းယွမ်က နတ်သခင်ပိုင်ရွှေကို တစ်ချက်ကြည့်လိုက်ပြီး
“သေခါနီး လူတစ်ယောက်ကို အပြစ်တင်ဖို့ ကျွန်မ စိတ်မပါဘူး။”
အရာအားလုံး ဖြစ်ပျက်ပြီးသွားခဲ့ပြီမို့ ယခုမှ ပြောနေလျှင်လည်း နောက်ကျသွားခဲ့ပေပြီ။ သို့သော် နဝမကောင်းကင်တက္ကသိုလ်၏ ဖြစ်တည်မှုက ရွှမ်ချင်းယွမ်အပေါ်တွင်သာ မူတည်နေခြင်း ဖြစ်သည်။ ရွှမ်ချင်းယွမ် အသက်ရှင်နေပါက နဝမကောင်းကင်တက္ကသိုလ်သည်လည်း ပြန်လည်ရှင်သန်လာဦးမည်သာဖြစ်၏။
ရွှမ်ချင်းယွမ်က နတ်သခင်ပိုင်ရွှေကို အေးစက်စွာကြည့်ကာ
“နတ်သခင် ပိုင်ရွှေ... ရှင့်ရဲ့ နောက်ဆုံးအချိန်က နီးနေပြီ... အချိန်သိပ်မကျန်တော့ဘူး... အရင်က ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် ရှင့်ရဲ့ အခြေခံ ဖွဲ့စည်းပုံတွေ ပျက်စီးခဲ့ရတယ်... အဲဒါကြောင့်လည်း အဲဒီအဆင့်ကို တက်လှမ်းဖို့ မဖြစ်နိုင်တော့တာပဲ”
“ရှင် ဆက်ပြီး အသက်ရှင်ချင်တယ်ဆိုရင်တော့ လမ်းစတစ်ခုပဲ ရှိတယ်။”
ထိုအရာကို ကြားလျှင် ရွှမ်ချင်းယွမ် ဆိုလိုသည့် လမ်းစကို နတ်သခင် ပိုင်ရွှေ ချက်ချင်းပင် နားလည်လိုက်သော်လည်း သဘောတူရန် ဝန်လေးနေခဲ့၏။
သာမန်အားဖြင့် နတ်သခင်တစ်ဦး၏ နောက်ဆုံးအချိန်သို့ ရောက်ရှိလာပါက အသက်ဓာတ် ပါဝင်သည့် နတ်ဆေးပင်များကို စားသုံးခြင်း သို့မဟုတ် အဆင့်ကျော်ဖြတ်ကာ နတ်ဧကရာဇ်အဖြစ်သို့ တက်လှမ်းခြင်းတို့ကို ပြုလုပ်တတ်ကြသည်။
သို့သော် နဝမကောင်းကင်တက္ကသိုလ်တွင်တော့ အသက်ဆက်နိုင်မည့် နောက်ထပ် နည်းလမ်းတစ်ခု ရှိနေသေး၏။ ၎င်းမှာ ရွှမ်ချင်းယွမ်၏ ကောင်းကင်နတ်ဆိုးအဖြစ်သို့ ပြောင်းလဲခြင်းခံယူကာ သူမ၏ နတ်ဆိုးကျွန်အဖြစ် အမှုထမ်းခြင်းပင်။
ကောင်းကင်နတ်ဆိုး ဖြစ်သွားသည်နှင့် ရွှမ်ချင်းယွမ်၏ အပြည့်အဝ ထိန်းချုပ်မှုကို ခံရမည်ဖြစ်ပြီး သူမ သေဆုံးသွားပါက ၎င်းတို့လည်း လိုက်ပါ သေဆုံးကြရပေမည်။ အရေးကြီးဆုံး အချက်မှာ ၎င်းတို့အနေဖြင့် မည်သည့်အခါမှ အဆင့်တိုးတက်နိုင်တော့မည် မဟုတ်သလို ဘဝသံသရာ လည်ရန်အတွက်ပင် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။
နတ်တစ်ပါး၏ နတ်အာရုံသည်လည်း အချိန်နိယာမ၏ တိုက်စားမှုကို မခုခံနိုင်ပဲ တဖြည်းဖြည်း ပျက်စီးသွားရမည် ဖြစ်သော်လည်း ဘဝသံသရာ လည်ပတ်ရန်အတွက်တော့ အခွင့်အရေး ရှိနေသေးသည်။
ပုံမှန်အတိုင်းဆိုလျှင် ဘဝသစ်တစ်ခုကို ပြန်လည်ရရှိနိုင်မည် ဖြစ်သော်လည်း ကောင်းကင်နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားပါက ထိုအခွင့်အရေး ထာဝရ ပျောက်ဆုံးသွားမည်ဖြစ်သည်။
အခြားရွေးချယ်စရာ မရှိတော့သည့် အခြေအနေမျိုးမှလွဲ၍ နဝမကောင်းကင်တက္ကသိုလ်မှ မည်သူမှ ကောင်းကင်နတ်ဆိုး မဖြစ်လိုကြပေ။
ထို့ပြင် နောက်ထပ် အကြောင်းရင်းတစ်ခုလည်း ရှိသေး၏။ ရွှမ်ချင်းယွမ်သည် စွမ်းအား လိုအပ်လာတိုင်း ကောင်းကင်နတ်ဆိုးများအားလုံးကို စုပ်ယူပြီး သူမ၏ ကိုယ်ပိုင်စွမ်းအားအဖြစ်သို့ ပြောင်းလဲပစ်နိုင်ခြင်းပင်။
ရွှမ်ချင်းယွမ် ဧကရီ ဖြစ်စဉ်အခါက သူမ ပြောင်းလဲခဲ့သည့် ကောင်းကင်နတ်ဆိုး အရေအတွက် အမြောက်အမြား ရှိခဲ့သည်။ သို့သော် ယခုအခါတွင်တော့ ရွှမ်ချင်းယွမ်၏ အနီးအနား၌ ကောင်းကင်နတ်ဆိုးများစွာ ကျန်မနေတော့ချေ။ ထိုနတ်ဆိုးများ ဘာဖြစ်သွားကြသည်ကို စဉ်းစားမနေပဲနှင့်ပင် သိနိုင်သည်။
နတ်သခင်ပိုင်ရွှေ ခဏခန့် ဝေခွဲမရဖြစ်နေပြီးမှ
“ကောင်းကင်မိန်းကလေး... ကျုပ် အဲဒီအဆင့်ကို တက်လှမ်းနိုင်မလားဆိုတာ နောက်ဆုံးတစ်ခေါက်လောက် ကြိုးစားကြည့်ချင်ပါသေးတယ်။”
နတ်သခင် ပိုင်ရွှေ ကောင်းကင်နတ်ဆိုး အဖြစ်မခံယူလိုသည်ကို မြင်လျှင် ရွှမ်ချင်းယွမ် ဘာမှ ဆက်မပြောတော့ပေ။ သူမ၏ အခြေအနေကို သူမကိုယ်တိုင်လည်း သိထား၏။ ကျင့်ကြံနေစဉ်အတွင်း ထိုကောင်းကင်နတ်ဆိုးများထံမှ စွမ်းအားများကို မသိစိတ်ဖြင့် စုပ်ယူမိတတ်ရာ ကောင်းကင်နတ်ဆိုးများသည် သူမအတွက် အာဟာရများသဖွယ် ဖြစ်သွားခဲ့ရသည်။
……
ကျင်းယန်သည် ထွက်ပြေးပြီးနောက် တစ်လတိုင်တိုင် မရပ်မနား ပြေးလွှားခဲ့ရသည်။ ရွှမ်ချင်းယွမ်က သူ့နောက်ကို လိုက်မလာသည်ကို အတည်ပြုနိုင်ပြီးမှသာ စိတ်အေးနိုင်တော့၏။
ထိုစဉ် နတ်ဆိုးမျိုးနွယ်မှ အခြားနတ်ဘုရင်တစ်ဦး ကျင်းယန်၏ အနားသို့ ရောက်လာပြီး
“ကျင်းယန်... အဲဒီမိန်းမက ဘာလဲ... ခင်ဗျား သူ့ကို သိနေတာလား”
ကျင်းယန်က စိုးရိမ်ပူပန်စွာဖြင့်
“ခင်ဗျား သူ့ကို မသိတာ မဆန်းပါဘူး... သူပျောက်ကွယ်သွားတာ အချိန်ဘယ်လောက်ကြာသွားပြီမှန်းတောင်မသိနိုင်ဘူး။”
“သူက ဒဏ္ဍာရီထဲက နတ်ဆိုးဧကရာဇ်ပဲ”
ကျင်းယန်၏ စကားများကို ကြားလျှင် ရှိနေကြသည့် နတ်ဆိုးမျိုးနွယ်များအားလုံး မှင်တက်သွားကြ၏။
“နတ်ဆိုးဧကရာဇ်လား”
နတ်ဆိုးဧကရာဇ်ကို ကိုယ်တိုင်မမြင်ဖူးကြသော်လည်း သူမအကြောင်း ပုံပြင်များကိုတော့ ကြားဖူးထားကြသည်။
သူမသည် တစ်ချိန်က ထျန်းရန်နတ်ဘုရားနယ်မြေ၏ အရှင်သခင် မဟုတ်ပါလား။
နတ်ဆိုးမျိုးနွယ်ဝင်တစ်ဦးက
“သူ ကစဉ့်ကလျား ပင်လယ်ထဲကို ဝင်သွားတယ်လို့ ကောလာဟလ ရှိခဲ့တာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ကြယ်တောင်ကြားထဲမှာ ရုတ်တရက် ပေါ်လာရတာလဲ”
ကျင်းယန်က
“သူရဲ့ အငွေ့အသက်က နတ်ဘုရင်အဆင့်မှာပဲ ရှိနေတာကို ကျုပ်ခံစားလိုက်ရတယ်... ဒါက သူရဲ့ ကျင့်စဉ်အဆင့် ကျဆင်းသွားတာကို ပြနေတာပဲ... သူ ကစဉ့်ကလျား ပင်လယ်ထဲကနေ ထွက်နိုင်မယ့် နည်းလမ်းတစ်ခုခု ရှာတွေ့ခဲ့တာ ဖြစ်နိုင်တယ်”
ခဏအတွင်းမှာပင် နတ်ဆိုးမျိုးနွယ်များကြား ပျာယာခတ်ကုန်ကြ၏။
“သွားပြီ... အဲ့ဒီနတ်ဆိုးမ ပြန်ရောက်လာပြီဆိုတော့ ထျန်းရန်နတ်ဘုရားနယ်မြေက လူတွေတော့ သူ သတ်တာကို ခံရတော့မှာပဲ။”
“ကျုပ်တို့ ဘာလုပ်ကြမလဲ... သူက ကျင့်စဉ်အဆင့်ကို အမြန်ပြန်ရဖို့အတွက် သက်ရှိတွေရဲ့ သွေးအနှစ်သာရနဲ့ နတ်အာရုံတွေကို စားသုံးရတာ ဝါသနာပါတဲ့သူလို့ သတင်းတွေ ရှိတယ်... သူ ဧကန်မုချ စစ်ပွဲစတော့မှာပဲ။”
“သူရဲ့ စွမ်းအားတွေ ပြန်မရခင်မှာ တခြားအဖွဲ့အစည်းတွေကို အကြောင်းကြားပြီး သူ့ကို ချိပ်ပိတ်ရမယ်။”
သူမသည် ခေတ်တစ်ခေတ်ကို လွှမ်းမိုးထားနိုင်ခဲ့သည့် နတ်ဆိုးဧကရာဇ် ဖြစ်သည်။ အချိန်မည်မျှကြာသွားပြီးမှန်းမသိ ဖြစ်နေသည့်တိုင် သူမအကြောင်းကို တွေးလိုက်ရုံနှင့်ပင် လူတို့၏ ရင်ထဲ၌ ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာ၏။
ကျင်းယန် ခဏခန့် စဉ်းစားလိုက်ပြီး
“နဂါးပြာခန်းမကို သွားကြစို့... နတ်ဆိုးဧကရာဇ် ပြန်လာတဲ့အကြောင်းကို လူတွေ ပိုသိထားဖို့ လိုတယ်။”
ထိုစကားများနှင့်အတူ နတ်ဆိုးမျိုးနွယ်များကို နဂါးပြာခန်းမရှိရာဘက်သို့ ကျင်းယန် ဦးဆောင်ခေါ်သွားလိုက်၏။
နဝမကောင်းကင်တက္ကသိုလ်ကို မည်သည့်အဖွဲ့အစည်းက အမုန်းဆုံးလဲဟု မေးလာပါက နဂါးပြာခန်းမပင် ဧကန်မုချ ဖြစ်ပေလိမ့်မည်။ နဂါးမျိုးနွယ်စုသည် သန်မာဖျတ်လတ်သည့် ခန္ဓာကိုယ်များ ရှိကြသဖြင့် နတ်ဆိုးဧကရာဇ်၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး အဖွဲ့ဝင်မြောက်မြားစွာလည်း ကောင်းကင်နတ်ဆိုးအဖြစ်သို့ ပြောင်းလဲခြင်း ခံခဲ့ကြရ၏။
နောက်ပိုင်းတွင် ရွှမ်ချင်းယွမ် ထျန်းရန်နတ်ဘုရားနယ်မြေမှ ထွက်ခွာသွားပြီးနောက် နဝမကောင်းကင်တက္ကသိုလ်၏ အုပ်ချုပ်မှုကို ဖြုတ်ချရန် နဂါးမျိုးနွယ်စုက ပထမဆုံး စတင်တော်လှန်ခဲ့ကြသည်။
…….
အမွေးဖြူမြို့၏ စစ်သည်တော်များနှင့်အတူ အမွေးဖြူမြို့သို့ လုချန်း၏ ကိုယ်ပွား ပြန်လာခဲ့၏။ လုချန်း တကယ် ပြန်ရောက်လာသည်ကို မြင်လျှင် လုကျန့်ကျီ အနည်းငယ် အံ့သြသွားရသည်။
လုချန်း ပြန်လာရန် အနည်းဆုံး နှစ်တစ်ရာခန့် ကြာလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။
အငွေ့အသက်များကို ဖုံးကွယ်ထားပြီး ကောင်းကင်လျှို့ဝှက်ချက်၏ အကြည့်ကို ပိတ်ဆို့ထားသည့် နည်းဗျူဟာပုံစံတစ်ခု ခင်းကျင်းထားသော လျှို့ဝှက်အခန်းထဲသို့ လုချန်းကို လုကျန့်ကျီ ခေါ်ဆောင်သွားလိုက်၏။ နည်းဗျူဟာပုံစံကို အသက်သွင်းပြီးနောက် လုချန်းကို လုကျန့်ကျီက ဂါရဝပြုလိုက်သည်။
“ချန်ဘုရင်ကို... ဂါရဝပြုပါတယ်”
လုချန်းက
“ထုံးစံတွေ ထားလိုက်ပါ... အမွေးဖြူမြို့ရဲ့ အခြေအနေကို ပြောပြပါဦး။”
ထိုအခါ အမွေးဖြူမြို့၏ တိုးတက်မှု အခြေအနေများကို လုကျန့်ကျီက အသေးစိတ် ရှင်းပြလေတော့၏။
ယခုအခါ အမွေးဖြူမြို့၌ လူသားဦးရေ ဆယ်သန်း ရှိနေပြီး နတ်အပါး နှစ်ထောင်နှင့် ကျင့်ကြံသူ တစ်သန်းကျော် ရှိနေပြီဖြစ်သည်။ ဤမျှတိုတောင်းလှသော အချိန်အတွင်း ဤအတိုင်းအတာအထိ တိုးတက်လာခြင်းကို ကြည့်ခြင်းဖြင့် လုကျန့်ကျီ မည်မျှ ကြိုးစားထားသည်ကို ထင်ရှားစွာ ပြသနေ၏။
အမွေးဖြူမြို့၏ တိုးတက်မှုများကို ပြောပြပြီးနောက် လုကျန့်ကျီက စူးစမ်းလိုစိတ်ဖြင့်
“ဘာလို့ ဒီလောက် စောစော ပြန်လာရတာလဲ သခင်”
အမွေးဖြူမြို့သည် ကစဉ့်ကလျား ပင်လယ်နှင့် နီးကပ်သဖြင့် စိတ်ဝိညာဉ်စွမ်းအား နည်းပါးလှပြီး နတ်အငွေ့အသက်လည်း ကင်းမဲ့၏။ ရံဖန်ရံခါ ကစဉ့်ကလျား စွမ်းအားများ ကျူးကျော်ဝင်ရောက်လာတတ်သဖြင့် ကျင့်ကြံရန်အတွက်လည်း မသင့်တော်လှပေ။
…………….
အခန်း (၁၆၃၁)
ခရမ်းရောင်လမင်းမြို့ကို စစ်ချီခြင်း
လုကျန့်ကျီ စိုးရိမ်နေသည့်အရာကို လုချန်း သိသည်။ ယခုအချိန်တွင် သူ၏ ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိရန် အရေးကြီးဆုံးဖြစ်ပြီး အမွေးဖြူမြို့သည် ကျင့်ကြံရန်အတွက် သင့်တော်သောနေရာ မဟုတ်ချေ။
လုချန်းက
“ဒါဟာ ကျုပ်ရဲ့ ကိုယ်ပွားတွေထဲက တစ်ခုပါပဲ”
ထိုစကားကို ကြားလျှင် ၎င်းမှာ ကိုယ်ပွားတစ်ခုသာ ဖြစ်ကြောင်း လုကျန့်ကျီ နားလည်သွားသဖြင့် စိတ်အေးသွားရ၏။ သို့သော် ထူးဆန်းသည်က ၎င်းကို ကိုယ်ပွားတစ်ခုဟု သူ မခံစားရခြင်းပင်။
သူ၏ အာရုံခံစားမှုအရ ရှေ့တွင်ရှိနေသည့် လုချန်း၏ နတ်အာရုံသည် အပြည့်အဝ ရှိနေပြီး ကိုယ်ပွားတစ်ခုနှင့် လုံးဝ မတူချေ။
စူးစမ်းလိုစိတ် ဖြစ်ပေါ်နေသော်လည်း လုကျန့်ကျီ ထပ်မမေးတော့ပေ။
လုချန်းက
“လတ်တလောမှာ အမွေးဖြူမြို့ရဲ့ ပတ်ဝန်းကျင်က မြို့တွေမှာ ထူးခြားမှု တစ်ခုခု ရှိသေးလား”
လုကျန့်ကျီ ခဏခန့် စဉ်းစားလိုက်ပြီးမှ
“မရှိပါဘူး”
ကောလာဟလ ဖြန့်နေသူသည် အခြားသူများကို အသုံးချကာ လုကျင့်ဖူကို တိုက်ခိုက်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပါက သူ စွမ်းအား မကြီးမားလာမချင်း ထိုသူ လှုပ်ရှားဦးမည် မဟုတ်ကြောင်း လုချန်း တွေးလိုက်မိ၏။ ထို့ပြင် ထိုသူသည် လုကျင့်ဖူကို ရှင်းလင်းရာ၌ အကူအညီရရန်အတွက် သူ အလျင်အမြန် ကြီးထွားလာမည်ကိုပင် မျှော်လင့်နေနိုင်သေးသည်။
ယခု ထျန်းရှနတ်ဘုရားနိုင်ငံတော်၏ အရှင်သခင် နောက်ဆုံးအချိန်သို့ ရောက်ရှိနေပြီဖြစ်ရာ ထီးနန်းလုပွဲက အဆုံးအဖြတ်ပေးမည့် အခိုက်အတန့်သို့ ရောက်ရှိနေပြီဖြစ်၏။ သို့သော် မည်သူမှန်းမသိရပဲ အမှောင်ထဲမှ အမြဲတစေ စောင့်ကြည့်ခံနေရခြင်းက လုချန်းကို နေရခက်စေ၏။
တွန့်ဆုတ်မနေတော့ပဲ တွက်ချက်ခြင်း လမ်းစဉ်ကို လုချန်း တိုက်ရိုက် အသုံးပြုလိုက်သည်။ ထို့နောက် သူ့ အကြောင်းကို သိသွားသူ မည်သူဖြစ်နိုင်ကြောင်း ကောင်းကင်လျှို့ဝှက်ချက် စွမ်းအားဖြင့် တွက်ချက်လိုက်၏။
ထိုစဉ် အမျိုးသားတစ်ဦး၏ ပုံရိပ် သူ၏ ရှေ့၌ ပေါ်လာ၏။
ဆက်လက်တွက်ချက်ရန် လုချန်း ကြိုးစားလိုက်စဉ်မှာပင် သူ၏ နတ်အငွေ့အသက်များအားလုံး ကုန်ခမ်းသွားသည်ကို ခံစားလိုက်ရသည်။
တိုက်ပွဲများတွင် အသုံးပြုရသည်ထက် ဤတွက်ချက်ခြင်း ပညာက နတ်အငွေ့အသက်များ ပိုကုန်ဆုံးစေ၏။
ကံကောင်းသည်က လမ်းစတစ်ခု ရရှိသွားခြင်းပင်။
လုချန်းက
“ခုနက ကျုပ် တွက်ချက်လိုက်တဲ့ လူကို ခင်ဗျား သိလား”
လုကျန့်ကျီက
“ကျုပ် မမှားဘူးဆိုရင် သူဟာ ခရမ်းရောင်လမင်းမြို့ရဲ့ မြို့တော်ဝန် ကျားဝမ်ရွှီ ဖြစ်ရမယ်။”
လုချန်းက
“သူက ဘယ်အဆင့်မှာလဲ”
လုကျန့်ကျီက
“သူက ကောင်းကင်နတ်အဆင့်မှာ ရှိရပါမယ်”
လုချန်း ခဏခန့် စဉ်းစားလိုက်၏။ ကောင်းကင်နတ်အဆင့်ဆိုလျှင် သူ ရင်ဆိုင်နိုင်သည်။ အဓိကမှာ ကျားဝမ်ရွှီမှ တစ်ဆင့် နောက်ကွယ်မှလူကို ရှာဖွေလိုခြင်း ဖြစ်သည်။ ထိုသူကို တွက်ချက်ခြင်းပညာဖြင့် ရှာဖွေနိုင်သော်လည်း ရန်သူ၏ စွမ်းအားကြီးမားလေလေ တွက်ချက်ရန်အတွက် နတ်အငွေ့အသက် ပိုကုန်ဆုံးလေလေ ဖြစ်မည်။ သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ဆက်လက်တွက်ချက်နေသော်လည်း အရိပ်အယောင်လောက်သာ မြင်နိုင်လိမ့်မည်။
သိပ်မကြာသေးခင်က သူ့ကို မည်သူစောင့်ကြည့်နေကြောင်း တွက်ချက်စဉ်ကကဲ့သို့ပင် မြင်ကွင်းအချို့ကိုသာ မြင်နိုင်ပြီး လူ၏ မျက်နှာကိုတော့ ရှင်းလင်းစွာ မမြင်နိုင်ချေ။ ထိုစဉ်က ရွှမ်ချင်းယွမ် သူ့ကို စောင့်ကြည့်နေသည်ဟု ခန့်မှန်းရုံသာ တတ်နိုင်ခဲ့၏။ ရန်သူ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် မျက်နှာကို အတိအကျ မြင်နိုင်ရန်အတွက်တော့ သူ၏ ကျင့်စဉ် ရွှေနတ်အဆင့်သို့ ရောက်သည်အထိ စောင့်ရလိမ့်မည်။
သူ ထိုမျှကြာအောင် မစောင့်နိုင်ချေ။ ထိုသို့တွေးလိုက်ပြီးနောက် လုချန်းက လုကျန့်ကျီကို
“မနက်ဖြန်ကျရင် ခရမ်းရောင်လမင်းမြို့ကို တိုက်ခိုက်ဖို့ ကျုပ် စဉ်းစားထားတယ်။”
ထိုအရာကို ကြားလျှင် လုကျန့်ကျီ မှင်တက်သွားရ၏။ အမွေးဖြူမြို့သည် နှစ်များစွာအတွင်း နယ်မြေချဲ့ထွင်မှုများ ပြုလုပ်ခဲ့သော်လည်း တိုက်ပွဲငယ်အချို့မှလွဲ၍ စစ်ပွဲကြီးကြီးမားမား မဖြစ်ပွားခဲ့ဖူးချေ။
လုချန်းသည် သူ၏ စွမ်းအားများ ပြန်မရသေးသဖြင့် ယခုအချိန်၌ စစ်ပွဲစရန် မသင့်တော်ဟူ လုကျန့်ကျီ မြင်၏။ ရန်သူကို လုံးဝချေမှုန်းနိုင်သည့် စွမ်းအား မရှိပါက အဆင်မပြေပေ။ စစ်ပွဲဆိုသည်မှာ စတင်လိုက်သည်နှင့် လွယ်လွယ်ကူကူ ရပ်တန့်နိုင်သည့် အရာမျိုး မဟုတ်ချေ။
သူတို့တွင် သက်တမ်းကုန်ခါနီး ကောင်းကင်နတ် နှစ်ပါးသာ ရှိပြီး ကျားဝမ်ရွှီကတော့ ကောင်းကင်နတ်အဆင့်၏ အထွက်အထိပ်သို့ ရောက်ရှိနေသူဖြစ်သည်။ လျောင်ရှောင်ရွှမ်နှင့် ပူးပေါင်းလျှင်ပင် ကျားဝမ်ရွှီကို ယှဉ်နိုင်ပါ့မလားဟု လုကျန့်ကျီ စိုးရိမ်နေ၏။
သူတို့နှစ်ဦးပေါင်း၍ ကျားဝမ်ရွှီကို အနိုင်ရလျှင်ပင် ခရမ်းရောင်လမင်းမြို့၌ နောက်ထပ် ကောင်းကင်နတ်တစ်ပါး ရှိနေနိုင်သေးသည်။ ကျားဝမ်ရွှီ၏ နောက်ကွယ်တွင် ထျန်းရှနတ်ဘုရားနိုင်ငံတော်မှ မင်းသားတစ်ပါး ရှိနေနိုင်သဖြင့် ခရမ်းရောင်လမင်းမြို့၏ အင်းအားက တကယ်တော့ မသေးလှချေ။
လုကျန့်ကျီက
“မင်းကြီး... မင်းကြီးရဲ့ စွမ်းအားတွေ ပြန်မရသေးပဲနဲ့ ခရမ်းရောင်လမင်းမြို့ကို စောစောစီးစီး တိုက်ခိုက်တာက ကျုပ်တို့အတွက် အားသာချက် မရှိနိုင်ပါဘူး။”
လုချန်းက အေးဆေးစွာဖြင့်
“ခင်ဗျား စိုးရိမ်မနေပါနဲ့... ကျားဝမ်ရွှီရဲ့ နောက်ကွယ်ကလူက ကျုပ်အကြောင်းကို တိုက်ရိုက် မထုတ်ဖော်သေးဘူးဆိုတာက ကျုပ် ကြီးထွားလာပြီး လုကျင့်ဖူကို ခြိမ်းခြောက်နိုင်ဖို့ မျှော်လင့်နေလို့ပဲ။ ကျားဝမ်ရွှီက ကောင်းကင်နတ် အဆင့်လောက်ပဲဆိုတော့ အဲ့ဒီလူက သူ့ကို ကာကွယ်ပေးမှာ မဟုတ်ဘူး။”
လုကျန့်ကျီက စိုးရွံ့စွာဖြင့်
“မင်းကြီး... ကျုပ် ပြောတာက ကျုပ်နဲ့ ရှောင်ရွှမ် နှစ်ယောက်လုံးဟာ သက်တမ်းကုန်ခါနီးနေပြီး စွမ်းအားတွေလည်း အတော်အတန် လျော့နည်းနေတာမို့ ကျားဝမ်ရွှီကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ပြောတာပါ။”
လုချန်းက ခပ်အေးအေးပင်
“အချိန်တန်ရင် ကျုပ်တိုင် လှုပ်ရှားပါ့မယ်”
ဒါက...
လုချန်း၏ အငွေ့အသက်ကို လုကျန့်ကျီ ခံစားကြည့်လိုက်ရာ မြေနတ်အဆင့်မှာသာ ရှိနေပြီး ကျားဝမ်ရွှီထက် အဆင့်တစ်ခု နိမ့်ကျနေ၏။ လုချန်းသည် ယခင်ဘဝက အဆင့်ကျော်၍ တိုက်ခိုက်နိုင်စွမ်း ရှိခဲ့သော်လည်း ယခု သူ ကစဉ့်ကလျား ပင်လယ်ထဲမှ ထွက်လာတာ မကြာသေးပေ။ ကစဉ့်ကလျား စွမ်းအားများ၏ တိုက်စားမှုကို ခံထားရသဖြင့် ထိုစွမ်းရည် ကျန်ရှိနေသေးခြင်း ရှိမရှိက မသေချာချေ။
လုကျန့်ကျီ စိုးရိမ်နေသေးမှန်း သိသဖြင့် လုချန်းက
“ကျုပ်ရဲ့ ဆရာက ကျုပ်ကို နတ်လက်နက်တွေ ပေးထားပါတယ်... ခင်ဗျား သိပ်ပြီး တွေးမနေပါနဲ့။”
ထိုစကားကို ကြားလျှင် လုကျန့်ကျီ၏ စိုးရိမ်စိတ်များ အနည်းငယ် လျော့ကျသွားကာ
“နားလည်ပါပြီ... မနက်ဖြန်ကျရင် ခရမ်းရောင်လမင်းမြို့ကို ချီတက်ဖို့ စစ်တပ်ကို ကျုပ် အမိန့်ပေးလိုက်ပါ့မယ်။”
ကြီးမြတ်သော နတ်ဂိုဏ်းကြီးများနှင့် မတူပဲ လူ့လောကရှိ စစ်ပွဲများတွင်တော့ အဆင့်မြင့် ပုဂ္ဂိုလ်များအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုကသာ အဆုံးအဖြတ်ပေး၏။ ရန်သူ့ဘက်မှ အဆင့်မြင့် ပုဂ္ဂိုလ်များကို အနိုင်ရသည်နှင့် အခြေခံ အင်အားစုများက ခုခံနိုင်စွမ်း ကုန်ဆုံးသွားပေလိမ့်မည်။
သို့သော် နတ်ဂိုဏ်းကြီးများတွင်တော့ ထိုသို့ မဟုတ်ချေ။ ၎င်းတို့ စစ်ပွဲတစ်ခုကို စဉ်းစားလျှင် အနည်းဆုံး ဆယ်စုနှစ်များစွာမှ ရာစုနှစ်များ သို့မဟုတ် ထောင်စုနှစ်များအထိ ကြာမြင့်တတ်သည်။
နတ်ဂိုဏ်းများကြား စစ်ပွဲများတွင်တော့ အဆင့်မြင့် ပုဂ္ဂိလ်များ တိုက်ပွဲထဲသို့ တိုက်ရိုက် ဝင်ရောက်ခဲလှ၏။ အကြောင်းမှာ ဤတိုက်ပေါ်၌ ဂိုဏ်းတစ်ဂိုဏ်တည်းသာ ရှိခြင်း မဟုတ်သောကြောင့်ပင်။
အဆင့်မြင့် ပုဂ္ဂိလ်များများသာ တိုက်ပွဲကို ဦးဆောင်လာပါက အခြားဂိုဏ်းများက အခွင့်ကောင်းယူ တိုက်ခိုက်လာနိုင်သောကြောင့် ဖြစ်သည်။
သို့သော် ထိုအရာက အရေးအကြီးဆုံးအချက် မဟုတ်သေးပေ။ အဘယ့်ကြောင့်ဆိုသော် နတ်ဘုရင်တစ်ပါးပင်လျှင် စစ်သည် အရေအတွက် အမြောက်အမြားနှင့် နည်းဗျူဟာပုံစံများ သို့မဟုတ် အားကောင်းသည့် နတ်လက်နက်များကို ကောင်းစွာ အသုံးပြုနိုင်ပါက နတ်သခင်တစ်ပါးကို သတ်ဖြတ်နိုင်ခြင်း ကြောင့် ဖြစ်၏။ ထို့ကြောင့်ပင် နတ်ဂိုဏ်းများကြား စစ်ပွဲမတိုင်မီ ပြင်ဆင်ချိန်နှင့် စစ်ပွဲကာလမှာတို့ အလွန်ကြာမြင့်ရခြင်း ဖြစ်သည်။
အမွေးဖြူမြို့နှင့် ခရမ်းရောင်လမင်းမြို့ကြား စစ်ပွဲကတော့ ကလေးကစားပွဲ တစ်ခုကဲ့သို့ပင်။ ထို့ပြင် မည်သည့်ပြင်ဆင်မှုမှလည်း မလိုအပ်ပေ။ တိုက်ခိုက်ရန် ဆုံးဖြတ်သည့်နေ့မှာပင် စစ်ပွဲကို ချက်ချင်း စတင်နိုင်သည်။
……
နောက်တစ်နေ့ နံနက်စောစောတွင်။
အမွေးဖြူမြို့အထက်၌ စည်တီးသံများ ဟိန်းထွက်နေ၏။ နှစ်နာရီခန့်အတွင်းမှာပင် အမွေးဖြူမြို့၏ စစ်တပ် စုစည်းပြီး ဖြစ်နေပေပြီဖြစ်သည်။ မြို့တော်ဝန်က စစ်တပ်ကို အဘယ်ကြောင့် စုစည်းရသလဲဟု စစ်သည်များ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် လုကျန့်ကျီ၏အသံက အမွေးဖြူမြို့အထက်၌ ပဲ့တင်ထပ်လာ၏။
လုကျန့်ကျီက
“ကျုပ်တို့ အမွေးဖြူမြို့ရဲ့ စစ်သည်တော် တွေကို တိတ်တဆိတ် သတ်ဖြတ်ခဲ့သူတွေဟာ ခရမ်းရောင်လမင်းမြို့က ဖြစ်တယ်ဆိုတာကို မြို့တော်ဝန်ဖြစ်တဲ့ ကျုပ် သိခဲ့ရပြီ... ဒါကြောင့် မတရားသတ်ဖြတ်ခံလိုက်ရတဲ့ ကျုပ်တို့ရဲ့ ရဲဘော်တွေအတွက် ကနေ့မှာ ခရမ်းရောင်လမင်းမြို့ကို တိုက်ခိုက်ပြီး ကလဲ့စားချေဖို့ ကျုပ် ဆုံးဖြတ်လိုက်တယ်။”
လုကျန့်ကျီ၏ စကားကို ကြားလျှင် စစ်သည်များ မှင်တက်သွားကြ၏။
ဤအရာက အလွန်ပင် ရုတ်တရက် ဆန်လွန်းလှသည် မဟုတ်ပါလား။
သို့သော် အံ့သြမှုများ ပျောက်ကွယ်သွားပြီးနောက် စစ်သည်တော်များက
“ကလဲ့စားချေမယ်.. ကလဲ့စားချေမယ်.. ကလဲ့စားချေမယ်...”
“သတ်ကြ..သတ်ကြ..သတ်ကြ”
ဟု ချက်ချင်း ဟစ်အော်လိုက်ကြ၏။
စစ်သည်တော်များ၏ ကြွေးကြော်သံများသည် အမွေးဖြူမြို့အထက်၌ ပဲ့တင်ထပ်နေကာ ၎င်းတို့၏ စိတ်ဓာတ်တက်ကြွမှုကို မြင်တွေ့ရသဖြင့် လုချန်း အလွန်ပင် ကျေနပ်မိသွားသည်။
ထိုအခိုက်အတန့်တွင် လုကျန့်ကျီက
“ချီတက်ကြ”
ဟု ဟစ်အော်လိုက်၏။
ထိုစကားအဆုံးတွင် အမွေးဖြူမြို့၏ စစ်နတ်လှေဆယ်စင်းခန့် ခရမ်းရောင်လမင်းမြို့ရှိရာဆီသို့ ပျံသန်းသွားတော့သည်။
……………..
အခန်း (၁၆၃၂)
ကောင်းကင်နတ်များကြား တိုက်ပွဲ
ခရမ်းရောင်လမင်းမြို့။
မြို့တော်ဝန်စံအိမ်။
ကျားဝမ်ရွှီ လျှို့ဝှက်ခန်းအတွင်း ကျင့်ကြံနေစဉ် ရုတ်တရက် သူ၏နှလုံး ပြင်းထန်စွာ ခုန်လှုပ်သွားကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်အငွေ့အသက်များလည်း ကစဉ့်ကလျား ဖြစ်သွား၏။ ကျားဝမ်ရွှီလည်း ကျင့်ကြံမှုကို အလျင်အမြန် အဆုံးသတ်လိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ နတ်အငွေ့အသက်များကို ပြန်လည်တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကိုယ်ရံတော်တပ်မှူး၏ အသံ ထွက်ပေါ်လာ၏။
“မြို့တော်ဝန်... အမွေးဖြူမြို့မှာ ကြီးမားတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။”
ထိုအရာကို ကြားလျှင် ကြမ်းပြင်မှ ကျားဝမ်ရွှီ ချက်ချင်း ထရပ်လိုက်သည်။ နောက်တစ်ခဏတွင် အစည်းအဝေး ခန်းမသို့ သူ ရောက်ရှိသွားပြီး ကိုယ်ရံတော်တပ်မှူးလည်း ထိုနေရာ၌ ချက်ချင်း ပေါ်လာ၏။
ကျားဝမ်ရွှီက ကိုယ်ရံတော်တပ်မှူးကို ကြည့်ကာ
“အမွေးဖြူမြို့က ဘာလုပ်လိုက်တာလဲ”
ကိုယ်ရံတော်တပ်မှူးက
“လုကျန့်ကျီက ခရမ်းရောင်လမင်းမြို့ဆီကို စစ်တပ်ဦးဆောင်ပြီး ချီတက်လာနေပါတယ်။ ကျုပ်တို့က အမွေးဖြူမြို့ရဲ့ စစ်သည်တော်တွေကို သတ်ခဲ့တယ်လို့ သူတို့က စွပ်စွဲပြီး ကလဲ့စားချေဖို့ လာနေတာပါ။”
ထိုစကားကို ကြားလျှင် ကျားဝမ်ရွှီ ခဏခန့် မှင်တက်သွား၏။ သူသည် စစ်သည်အနည်းငယ်ကို တကယ်ပင် သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ အမွေးဖြူမြို့ မြို့တော်ဝန်စံအိမ်၏ ယုံကြည်ရသော လက်ထောက်တစ်ဦး ဖြစ်သည်။
ထိုကိစ္စကို အမွေးဖြူမြို့က မည်သို့ သိသွားခဲ့သနည်း။
သို့သော် ထိုအရာက ပြဿနာ မရှိလှပေ။
သိသွားလည်း သိသွားခြင်းပင်။
ယခု တစ်ဖက်က သူ့ကို တကယ်ပင် လာရောက်တိုက်ခိုက်ရဲနေသည်။ သက်တမ်းကုန်ခါနီးနေသည့် ကောင်းကင်နတ် နှစ်ပါးဖြစ်သော သူနှင့် လျောင်ရှောင်ရွှမ်တို့ ပူးပေါင်းရုံမျှဖြင့် ခရမ်းရောင်လမင်းမြို့ကို သိမ်းပိုက်နိုင်မည်ဟု လုကျန့်ကျီက တကယ်ပဲ ယုံကြည်နေတာလား။
သူတို့ အလွန်ပင် ရိုးအလွန်းလှသည်။ ခရမ်းရောင်လမင်းမြို့တွင်လည်း ကောင်းကင်နတ် နှစ်ပါးရှိနေသည်။
ထို့ပြင် သူတို့ဘက်မှ ကောင်းကင်နတ်များသည် စွမ်းအား အထွက်အထိပ်သို့ ရောက်ရှိနေဆဲ ဖြစ်သည်။ အရေးအကြီးဆုံးအချက်က ခရမ်းရောင်လမင်းမြို့၏ အောက်တွင် ကောင်းကင်နတ်တစ်ပါး၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်သော နည်းဗျူဟာပုံစံကြီး တစ်ခု ရှိနေခြင်းပင်။
ခရမ်းရောင်လမင်းမြို့မှ ကောင်းကင်နတ်များ လှုပ်ရှားခြင်း မရှိလျှင်ပင် နည်းဗျူဟာပုံစံကြီး ပျက်စီးမသွားပါက အမွေးဖြူမြို့ အနေနှင့် ခရမ်းရောင်လမင်းမြို့ကို သိမ်းပိုက်နိုင်မည် မဟုတ်ချေ။
ထိုအချိန်တွင် ကျားဝမ်ရွှီက
“နည်းဗျူဟာပုံစံကြီးကို ချက်ချင်း အသက်သွင်းလိုက်... စစ်သည်တော်တွေကို စုစည်းပြီး ရန်သူကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြ”
ဟု အမိန့်ပေးလိုက်သည်။
အန်းယွမ်ဘုရင်၏ အမိန့်က အမွေးဖြူမြို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန် ဖြစ်သော်လည်း အမွေးဖြူမြို့က တံခါးဝအထိ လာရောက်စိန်ခေါ်နေသဖြင့် သူ ဘာမှမလုပ်ပဲ မနေနိုင်တော့ပေ။ နောင်တွင် ၎င်းတို့ ငြိမ်ငြိမ်သက်သက် နေသွားစေရန်အတွက် ယခု အခွင့်အရေးကို အသုံးချကာ အမွေးဖြူမြို့ကို အပြင်းအထန် ထိုးနှက်လိုက်လျှင်လည်း ကောင်းပေမည်။
အမွေးဖြူမြို့မှ ခရမ်းရောင်လမင်းမြို့ကို လာရောက်တိုက်ခိုက်ခြင်းက လုကျန့်ကျီ၏ ကိုယ်ပိုင်စိတ်ကူးလား သို့မဟုတ် လုချန်း၏ စိတ်ကူးလား ဆိုတာကတော့ မသေချာသေးပေ။ လုချန်း၏ စိတ်ကူးသာ ဖြစ်ပါက အမွေးဖြူမြို့သို့ လုချန်း ပြန်ရောက်နေပြီဖြစ်ပြီး ၎င်းတို့ နယ်မြေကို ချဲ့ထွင်ရန် စဉ်းစားနေခြင်း ဖြစ်နိုင်သည်။
ခရမ်းရောင်လမင်းမြို့၏ နည်းဗျူဟာပုံစံကြီးကို အသက်သွင်းပြီး မကြာမီမှာပင် အမွေးဖြူမြို့မှ စစ်နတ်လှေ ဆယ်စင်းကျော် ခရမ်းရောင်လမင်းမြို့နှင့် မလှမ်းမကမ်းတွင် ပေါ်လာသည်။ စစ်နတ်လှေများ ပေါ်လာသည်ကို မြင်လျှင် ကျားဝမ်ရွှီလည်း ကောင်းကင်သို့ ပျံတက်သွားပြီး အမွေးဖြူမြို့၏ တိုက်ခိုက်မှုကို စောင့်ဆိုင်းနေ၏။
ထိုအခိုက်အတန့်တွင် စစ်နတ်လှေ ဆယ်စင်းကျော်လည်း ဖြည်းညှင်းစွာ ရပ်တန့်သွားပြီး လုကျန့်ကျီ၏ အသံ အဝေးမှ ထွက်ပေါ်လာ၏။
“ကျားဝမ်ရွှီ... ခင်ဗျားက ကျုပ်တို့ အမွေးဖြူမြို့ရဲ့ စစ်သည်တော်တွေကို မတရားသတ်ဖြတ်ခဲ့တယ်... ဒီနေ့ အဲဒီအတွက် ရှင်းပြချက်တောင်းဖို့ ကျုပ် ရောက်လာတာပဲ။”
အမွေးဖြူမြို့၏ စစ်သည်တော်များ ပျောက်ဆုံးမှုနှင့် ခရမ်းရောင်လမင်းမြို့၏ တိုက်ရိုက်ဆက်နွယ်မှု တစ်စုံတစ်ရာကို လုကျန့်ကျီ ရှာမတွေ့ခဲ့ပေ။
သို့သော် သူ့အကြောင်းကို ကျားဝမ်ရွှီ သိသွားနိုင်ကြောင်း လုချန်းက တွက်ချက်ခြင်း လမ်းစဉ်ဖြင့် တွက်ချက်ခဲ့သဖြင့် စစ်သည်တော်များ ပျောက်ဆုံးမှုက ကျားဝမ်ရွှီနှင့် ဆက်စပ်နေနိုင်သည်ဟု လုကျန့်ကျီ သံသယဝင်သွားခြင်း ဖြစ်သည်။
အမှန်စင်စစ် ဤအရာက ခရမ်းရောင်လမင်းမြို့ကို တိုက်ခိုက်ရန် အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်၏။ အမွေးဖြူမြို့၏ စစ်သည်တော်များ ပျောက်ဆုံးခြင်း မရှိလျှင်လည်း ခရမ်းရောင်လမင်းမြို့ကို တိုက်ခိုက်ရန် အကြောင်းပြချက် တစ်ခုကို ရှာဖွေကြမည်ဖြစ်သည်။
ထိုစကားများကို ကြားလျှင် ကျားဝမ်ရွှီက လှောင်ပြုံးပြုံးကာ
“ဒါက သာမန်လူ နည်းနည်းပဲလေ... သေသွားတော့လည်း သေသွားတာပေါ့... ခင်ဗျားက... ပုရွက်ဆိတ် တစ်စုအတွက်နဲ့ ဒီမြို့ကို တကယ်ပဲ စစ်ကြေညာတော့မှာလား။”
ကျားဝမ်ရွှီ၏ အမြင်တွင် ထိုသာမန်စစ်သည်တော်များသည် အရေးမပါလှချေ။ ၎င်းကို ဝန်ခံလိုက်ခြင်းကလည်း ဘာမှမထူးခြားပေ။
ကျားဝမ်ရွှီ၏ စကားကို ကြားလျှင် လုကျန့်ကျီ ခဏခန့် မှင်တက်သွား၏။ အမွေးဖြူမြို့ စစ်သည်တော်များ ပျောက်ဆုံးမှုက ကျားဝမ်ရွှီနှင့် တကယ်ပင် ပတ်သက်နေသည်။
ထိုအချက်က လုချန်း၏ အကြောင်းကို ကျားဝမ်ရွှီ သိသွားပြီးဖြစ်ကာ ထျန်းရှနတ်ဘုရားနိုင်ငံတော်မှ မင်းသားတစ်ပါးကိုလည်း အကြောင်းထားကြားပြီး ဖြစ်နိုင်ကြောင်း ဆိုလိုပေသည်။
လုကျန့်ကျီက
“ခင်ဗျားကိုယ်တိုင် ဝန်ခံလိုက်ပြီဆိုတော့ ထပ်ပြောနေစရာ မလိုတော့ဘူး... စလိုက်ကြရအောင်။ ကျုပ်ရဲ့ ကျဆုံးသွားတဲ့ အမွေးဖြူမြို့ စစ်သည်တော်တွေအတွက် ကျုပ် ကလဲ့စားချေမယ်။”
ထိုသို့ပြောပြီးနောက် လုကျန့်ကျီက သူ၏နောက်မှ စစ်နတ်လှေများကို
“တိုက်ခိုက်ကြ”
ဟု အမိန့်ပေးလိုက်၏။
စကားအဆုံးတွင် အရောင်စုံလင်လှသော တိုက်ခိုက်ရေး နည်းဗျူဟာပုံစံများ စစ်နတ်လှေများ၏ ရှေ့၌ ပေါ်လာပြီးနောက် ဖျက်ဆီးအားပြင်းသော အလင်းတန်း ဆယ်ခုကျော်လည်း ခရမ်းရောင်လမင်းမြို့၏ နည်းဗျူဟာ အကာအကွယ်ဆီသို့ ဦးတည်သွားလေတော့သည်။
ကျားဝမ်ရွှီက အေးအေးဆေးဆေးပင် “သက်တမ်းကုန်ခါနီးနေတဲ့ ကောင်းကင်နတ် နှစ်ပါးက ခရမ်းရောင်လမင်းမြို့ကို တိုက်ခိုက်ရဲတယ်ပေါ့...သေတွင်း လာတူးနေကြတာပဲ။”
စကားအဆုံးတွင် ကျားဝမ်ရွှီလည်း ခရမ်းရောင်လမင်းမြို့၏ နည်းဗျူဟာ အကာအကွယ်အတွင်းမှ ပြေးထွက်သွား၏။ သူ အကာအကွယ်မှ ထွက်သွားသည့် တစ်ခဏမှာပင် ခရမ်းရောင်လမင်းမြို့မှ နောက်ထပ် ကောင်းကင်နတ်တစ်ပါး သူ၏ ဘေးနားတွင် ပေါ်လာ၏။
ယခုကဲ့သို့ စစ်ပွဲ့မျိုးတွင် ကောင်းကင်နတ် အချင်းချင်း တိုက်ပွဲ၌ အသာစီးရသူကသာ စစ်ပွဲ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးလိမ့်မည်ဖြစ်သည်။ အမွေးဖြူမြို့၏ စစ်နတ်လှေများကိုပင် ကျားဝမ်ရွှီ ဂရုမစိုက်ချေ။
လုကျန့်ကျီကို တိုက်ရိုက်တိုက်ခိုက်ကာ လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ် နှစ်ဦးလုံးကို အပြင်းအထန် ဒဏ်ရာရစေရန်သာ သူ စဉ်းစားထား၏။
၎င်းတို့ကို သတ်ပစ်ရန်တော့ သူ
မရည်ရွယ်သေးပေ။ ၎င်းတို့နှစ်ဦးလုံးကို သတ်လိုက်ပါက ချန်ဘုရင်နှင့် ပတ်သက်သည့် တစ်ခုတည်းသော လမ်းစ ပျောက်ဆုံးသွားနိုင်သောကြောင့် ဖြစ်သည်။
လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ကို အမွေးဖြူမြို့၌ ထားရှိခြင်းအားဖြင့် ထိုနေရာသို့ ချန်ဘုရင် ပြန်လာနိုင်သည့် အခွင့်အရေး ရှိသည်။ မည်သို့ပင်ဖြစ်စေ အမွေးဖြူမြို့တွင် ရှိနေသူများသည် ချန်ဘုရင်၏ နောက်ဆုံးကျန်ရှိသော သစ္စာရှိ နောက်လိုက်များ ဖြစ်ကြ၏။ သူ၏ စွမ်းအား ပြန်လည်မရရှိသေးမီ ချန်ဘုရင်က ဤအင်အားစုကို အလွယ်တကူ စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။
ကျားဝမ်ရွှီ၏ ဘေးတွင် နောက်ထပ် ကောင်းကင်နတ်တစ်ပါး ပေါ်လာသည်ကို မြင်လျှင် လုကျန့်ကျီ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ မျှော်လင့်ထားသည့်အတိုင်းပင် ခရမ်းရောင်လမင်းမြို့၌ နောက်ထပ် ကောင်းကင်နတ်တစ်ပါး ရှိနေ၏။
နောက်ပိုင်းတွင် သူတို့၏ ဘုရင်ကိုသာ အားကိုးရတော့မည့်ပုံ ပေါ်နေ၏။ သို့သော် ထိုအချိန် မတိုင်မီ ကျားဝမ်ရွှီနှင့် ထိုကောင်းကင်နတ်တို့၏ စွမ်းအား လျော့နည်းသွားအောင် လုပ်ရန် လိုအပ်သည်။
ထိုသို့တွေးကာ လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ စစ်နတ်လှေပေါ်မှ တစ်ပြိုင်နက်တည်း ခုန်ဆင်းလိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားကြ၏။ နှစ်ဖက်စလုံး အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး တစ်ဦးနှင့်တစ်ဦးဆီသို့ ဦးတည်ပြေးဝင်သွားကြသည်။ မကြာမီမှာပင် ကောင်းကင်ယံ၌ အမျိုးမျိုးသော ကျင့်စဉ်များမှာ ပေါက်ကွဲထွက်လာပြီး အမွေးဖြူမြို့၏ စစ်နတ်လှေများလည်း ထိုတိုက်ခိုက်မှုများကြား မညှပ်မိစေရန် အနောက်သို့ ဆုတ်ခွာသွားရသည်။
လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့၏ စွမ်းအားသည် ကျားဝမ်ရွှီနှင့် အခြားကောင်းကင်နတ်တို့ထက် သိသိသာသာ နိမ့်ကျနေ၏။ တိုက်ပွဲ စတင်ရုံမျှသာ ရှိသေးသော်လည်း ပြိုင်ဘက်၏ တိုက်ကွက်များကြောင့် သူတို့ အမြဲတစေ နောက်သို့ ဆုတ်ခွာနေရ၏။
ထိုအရာက သူတို့၏ အပြစ်တော့ မဟုတ်ပေ။ လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့သည် သက်တမ်းကုန်ခါနီးနေပြီ ဖြစ်၏။
ဤအဆင့်တွင် သူတို့၏ နတ်စွမ်းအားများ အမြဲတစေ အားနည်းနေပြီး ဇီဝအသက်စွမ်းအားလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်နေပြီ ဖြစ်သည်။ အထွတ်အထိပ် အခြေအနေ ရောက်နေသော ကောင်းကင်နတ် စွမ်းအား၏ ငါးပုံတစ်ပုံခန့်ကို ထုတ်ဖော်နိုင်ခြင်းကပင် ကံကောင်းလှသည်ဟု ဆိုရမည်ဖြစ်သည်။
ယခု သူတို့၏ စွမ်းအားသည် အထွတ်အထိပ် အခြေအနေ ရောက်နေသော မြေနတ်အဆင့်နှင့်ပင် သိပ်မကွာခြားတော့ပေ။
ဤအခြေအေနဖြင့် ကျားဝမ်ရွှီကို ယှဉ်နိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။
တိုက်ခိုက်နေစဉ်အတွင်း ကျားဝမ်ရွှီက လုကျန့်ကျီကို
“အဘိုးကြီး... ကျုပ်က အမွေးဖြူမြို့ သူ့အလိုလို ပျက်စီးသွားအောင် လွှတ်ထားဖို့ အစက စဉ်းစားထားတာ... ခင်ဗျား တကယ် သေတွင်းကို လာရှာလိမ့်မယ်လို့ မထင်ထားမိဘူး”
ဟု လှောင်ပြောင်လိုက်သည်။
“အဲဒီလိုဆိုရင်တော့ ကျုပ်ကပဲ ခင်ဗျားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
ထိုသို့ပြောကာ နတ်အငွေ့အသက်များကို သူ၏ နတ်ဓားအတွင်းသို့ ကျားဝမ်ရွှီ စုစည်းလိုက်ပြီး နောက်တစ်ခဏတွင် ဝှေ့ယမ်းလိုက်၏။
“နဂါးကိုးပါးဓား...”
ဓားစွမ်းအားများ ထွက်ပေါ်လာသည်နှင့် ဟိန်းဟောက်နေသော နဂါးကိုးကောင် လုကျန့်ကျီဆီသို့ ပြေးဝင်သွားသည်။ နဂါးပုံစံ ဓားစွမ်းအားများကို ခစားလိုက်ရသဖြင့် လုကျန့်ကျီ မျက်မှောင်ကြုတ်သွားပြီး ကျင့်စဉ်ကို ချက်ချင်း အသုံးပြုလိုက်၏။
“မဟာနေမင်း ရွှေကိုယ်ထည်ကျမ်းစာ”
လုကျန့်ကျီ၏ နောက်ကျောတွင် နေမင်းတစ်စင်း ပေါ်လာပြီး ကျားဝမ်ရွှီ၏ ဓားစွမ်းအား ကိုးခုကို အတင်းအကျပ် ခုခံလိုက်သည်။
သို့သော်လည်း...
ဓားစွမ်းအားကို ကြံကြံ့ခံ နိုင်ခဲ့သော်လည်း သူ အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။
သူသည် နောက်သို့ လွင့်ထွက်သွားပြီး သူ၏နောက်မှ ကြီးမားသော နေမင်းလည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့ ရန်သူကို မယှဉ်နိုင်မှန်း မြင်လျှင် ၎င်းတို့၏ ကန့်သတ်ချက်များကို ကျော်လွှားနိုင်စေရန် ကူညီပေးမည့် နည်းလမ်းတစ်ခု ရှာဖွေရန် လိုအပ်နိုင်ကြောင်း လုချန်း တွေးလိုက်မိသည်။ ၎င်းတို့သည် သူ၏ ယခင်အင်အားစုများထဲမှ နောက်ဆုံး ကျန်ရှိနေသည့် သစ္စာရှိ နောက်လိုက်များ ဖြစ်ကြသည်။ သူတို့သာ သေဆုံးသွားပါက သူ၏ အာဏာကို ချဲ့ထွင်ရန် ကူညီပေးမည့်သူ မရှိတော့ပေ။