အခန်း (၁၆၃၃-၁၆၃၅)
Vol. 109 Ch. 1633-1635
အခန်း (၁၆၃၃)
ကျားဝမ်ရွှီ၏ လောဘ
နဂါးကိုးပါးဓားချက် ထိမှန်ကာ လွင့်စင်သွားသော လုကျန့်ကျီကို ကြည့်ရင်း အခွင့်ကောင်းယူရန် ကျားဝမ်ရွှီ ပြင်ဆင်လိုက်၏။ သူ၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအလား ပြောင်းလဲသွားပြီး လုကျန့်ကျီထံသို့ ချက်ချင်း တိုးဝင်သွားသည်။ ပြင်းထန်သော ဒဏ်ရာများ ထပ်မံပေးရန် သူ ရည်ရွယ်ထား၏။
သေခါနီးဆဲဆဲ အခြေအနေဖြစ်သော်ငြား ကောင်းကင်နတ်တစ်ဦးဖြစ်သည့် လုကျန့်ကျီ၏ အသက်ဓာတ်က ခိုင်မြဲလွန်းလှသည်။ လုကျန့်ကျီကို အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု ကျားဝမ်ရွှီ မယုံကြည်ချေ။
ပြန်မထနိုင်လောက်အောင် ပြင်းထန်သည့် ဒဏ်ရာများရအောင်သာ သူ ပြုလုပ်လိုခြင်း ဖြစ်သည်။
သူလက်အောက်ငယ်သား ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်ကို သိလျှင် ချန်ဘုရင် အမွေးဖြူမြို့သို့ ပြန်လာနိုင်သည်ဟု သူ တွေးတောမိ၏။ ထိုအတွေးနှင့်အတူ ကျားဝမ်ရွှီက လုကျန့်ကျီဆီသို့ ဓားဖြင့် ထပ်မံ ခုတ်ပိုင်းလိုက်ပြန်သည်။
ဓားချက် လုကျန့်ကျီထံ ကျရောက်တော့မည့်ဆဲဆဲ လူရိပ်တစ်ရိပ် လုကျန့်ကျီ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ဓားဖြင့် ခုခံကာကွယ်လိုက်၏။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါများ ကျားဝမ်ရွှီထံသို့ ပြေးဝင်သွားတော့သည်။
ကျားဝမ်ရွှီလည်း ချက်ချင်းပင် ဓားဖြင့် ပြန်လည်ကာကွယ်လိုက်ရ၏။ ထို့နောက် သူ၏ ခြေထောက်တွင် နတ်စွမ်းအားများ စုစည်းကာ လေပေါ်သို့ ခြေလှမ်းလှမ်းလျက် လုကျန့်ကျီနှင့် ပေတစ်ရာခန့် ဝေးရာသို့ နောက်ဆုတ်သွားရသည်။
ရုပ်ဖျက်ပညာကို အသုံးပြုထားသဖြင့် လုချန်း၏ ရုပ်သွင် လုံးဝ ပြောင်းလဲနေရာ ကျားဝမ်ရွှီ မှတ်မိနိုင်ခြင်း မရှိပေ။
ရောက်ရှိလာသူ၌ မြေနတ်အဆင့် အငွေ့အသက်သာ ရှိသည်ကို မြင်လျှင် ကျားဝမ်ရွှီက နှာခေါင်းရှုံ့လိုက်ရင်း
“မြေနတ်အဆင့်လေးကများ ကောင်းကင်နတ်တွေရဲ့ တိုက်ပွဲထဲကို ဝင်ရှုပ်ရဲတယ်ပေါ့။”
လုကျန့်ကျီကို ငါးစာအဖြစ် အသုံးချရဦးမည်ဖြစ်သဖြင့် ယခုအချိန် သတ်၍ မဖြစ်သေးပေ။ သို့သော် အခြားသူများကိုတော့ သတ်၍ရသည်။
မြေနတ်တစ်ဦးက ဘာမှမဟုတ်သဖြင့် သတ်လိုက်ရခြင်းက ပြဿနာမရှိချေ။ ထိုသို့ တွေးတောရင်း ကျားဝမ်ရွှီလည်း သူ၏ နတ်အငွေ့အသက်များကို စုစည်းကာ နဂါးကိုးပါးဓားကို ထပ်မံ အသုံးပြုလိုက်ပြန်သည်။
သူထံသို့ နဂါးပုံသဏ္ဌာန် ဓားအရှိန်အဝါ ကိုးခုပြေးဝင်လာသော်လည်း နတ်ဘုရင်၏ ကျိန်စာကို လုချန်း အသုံးမပြုခဲ့ပေ။ ဤကဲ့သို့သော ကောင်းကင်နတ်တစ်ဦးကို ရင်ဆိုင်ရန် နတ်ဘုရင်၏ ကျိန်စာကို သုံးခြင်းက ခြင်ကို အမြောက်နှင့် ပစ်သကဲ့သို့ အပိုအလုပ်သာ ဖြစ်ပေလိမ့်မည်။
ထို့ပြင် နတ်ဘုရင်၏ ကျိန်စာသည် တစ်ကြိမ်သုံးပြီးလျှင် အားပြန်ဖြည့်ရန် အချိန်အတော်ကြာ လိုအပ်သည်။ ထို့ကြောင့် သေရေးရှင်ရေး အခြေအနေမျိုးတွင်သာ ၎င်းကို လုချန်း အသုံးပြုလို၏။
ကောင်းကင်နတ်တစ်ဦးကို ရင်ဆိုင်ရန်ကတော့ သူ၏ လက်ရှိစွမ်းအားကပင် လုံလောက်လှပြီ ဖြစ်သည်။
နတ်သတ်ဓားကို လုချန်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။ ထို့နောက် နတ်စွမ်းအားအားလုံးကို စုစည်းကာ ဓားချက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ ထိုဓားချက်နှင့်အတူ ပတ်ဝန်းကျင် တစ်ခုလုံး တုန်ဟိီးသွား၏။ အာကာသဟင်းလင်းပြင်ပင် အက်ကွဲသံများ ထွက်ပေါ်လာသယောင် ရှိသည်။
“ပိလော့ နဂါးစိမ်းဟိန်းသံ”
နတ်သတ်ဓားမှ ထွက်ပေါ်လာသော ဓားအရှိန်အဝါသည် ဧရာမ နဂါးဝါကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ နဂါးဟိန်းသံနှင့်အတူ ယင်းနဂါးဝါကြီးလည်း နဂါးကိုးကောင်ထံသို့ တိုးဝင်သွားတော့သည်။
နတ်သတ်ဓား၏ ဓားစွမ်းအားနှင့် ထိတွေ့သည်နှင့် နဂါးကိုးကောင်လည်း ချက်ချင်းပင် ပျက်ပြယ်သွား၏။ ပိလော့ နဂါးစိမ်းဟိန်းသံ၏ ဓားစွမ်းအားက ရပ်တန့်မသွားပဲ ရှေ့သို့ ဆက်လက်တိုးဝင်သွားရာ ကျားဝမ်ရွှီလည်း ရှောင်တိမ်းရန် အချိန်မရလိုက်ပဲ ဓားချက်ထိမှန်ကာ လက်တစ်ဖက် ပြတ်တောက်သွားတော့သည်။
သူမြင်နေရသည့် အရာကို ကျားဝမ်ရွှီ မယုံကြည်နိုင် ဖြစ်နေ၏။ သူသည် စွမ်းအားအကောင်းဆုံး အခြေအနေရှိသော ကောင်းကင်နတ်တစ်ဦး ဖြစ်ပါလျက် မြေနတ်အဆင့်လေး၏ ဒဏ်ရာပေးခြင်းကို ခံလိုက်ရသည် မဟုတ်ပါလား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ဒီလူက တကယ်ပဲ မြေနတ်အဆင့်ပဲလား။
တစ်ခုခုတော့ မှားနေပြီ...
လုချန်း၏ လက်ထဲမှ နတ်သတ်ဓားကို ကျားဝမ်ရွှီ စိုက်ကြည့်နေမိသည်။ ရုတ်တရက် ကျားဝမ်ရွှီ တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် မျက်နှာတွင် နားလည်သွားသည့် အရိပ်အယောင်များ ပေါ်လာ၏။
ထိုဓားမှ ထွက်ပေါ်နေသော ဖိအားက အလွန်ပြင်းထန်လှသဖြင့် ကောင်းကင်အဆင့် နတ်ဓားတစ်လက် ဖြစ်နိုင်သည်။ မြေနတ်တစ်ဦးက ကောင်းကင်အဆင့် နတ်ဓားတစ်လက်ကို ပိုင်ဆိုင်ထားခြင်းက ကျားဝမ်ရွှီအတွက် အံ့အားသင့်စရာပင်။
သို့သော် များမကြာမီ ထိုအံ့အားသင့်မှုလည်း လောဘအဖြစ် ပြောင်းလဲသွားတော့သည်။ ကောင်းကင်အဆင့် နတ်ဓားကို ကိုင်ဆောင်ထားသည့် မြေနတ်တစ်ဦးကပင် သူ့ကို ပြင်းထန်သော ဒဏ်ရာပေးနိုင်လျှင် ထိုဓားကိုသာ သူရရှိပါက သူ၏ စွမ်းအား အဆမတန် တိုးတက်လာပေလိမ့်မည်။
ထိုသို့တွေးရင်း သူ၏ စွမ်းအားကုန် ထုတ်သုံးရန် ကျားဝမ်ရွှီ ဆုံးဖြတ်လိုက်သည်။ ထိုစဉ် သူ၏ အာကာသ လက်စွပ်ထဲမှ မီးဖိုတစ်ခု ထွက်ပေါ်လာပြီး တဖြည်းဖြည်း ကြီးမားလာ၏။
ကျားဝမ်ရွှီက
“ရွှေရောင်အလင်း မီးဖို”
ရွှေရောင်အလင်း မီးဖိုသည် လုချန်း၏ ထံသို့ ပျံသန်းသွားပြီး ရုတ်တရက် ဖိချလိုက်သည်။ မီးဖို ကျဆင်းလာသည်နှင့်အမျှ ကောင်းကင်ယံမှ ကြောက်မက်ဖွယ် ဖိအားများ ကျရောက်လာရာ လုချန်းပင် အနည်းငယ် စိုးရိမ်စိတ် ဝင်သွား၏။
သို့သော် မီးဖို၏ ဖိအားမှ လုချန်း အလွယ်တကူပင် ရုန်းထွက်နိုင်ခဲ့သည်။ သူ၏ လက်ကို မြှောက်ကာ ပိလော့ နဂါးပြာဟိန်းသံကို ထပ်မံ အသုံးပြုလိုက်ပြန်၏။
လုချန်း၏ နတ်သတ်ဓားထဲမှ ဧရာမ နဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြန်သည်။ နဂါးကြီးနှင့် ရွှေရောင်အလင်း မီးဖို တိုက်မိလျှင် မီးဖိုလည်း ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။
အဝေးမှ မီးဖိုကို ထိန်းချုပ်နေသည့် ကျားဝမ်ရွှီလည်း စွမ်းအား တန်ပြန်ရိုက်ခတ်မှုကြောင့် သွေးတစ်ပွက် အန်လိုက်ရ၏။
ဤလူက ကောင်းကင်အဆင့် နတ်ဓားကို ကိုင်ဆောင်ထားနိုင်သော်လည်း မြေနတ်အဆင့်သာ ရှိပါလျက် ဘာ့ကြောင့် ဤမျှ စွမ်းအားကြီးမားနေရသနည်းဟု ကျားဝမ်ရွှီ မယုံကြည်နိုင် ဖြစ်နေသည်။
နတ်ဓား၏ အဆင့် မြင့်မားလေလေ အသုံးပြုသည့်အခါ နတ်အငွေ့အသက် ပိုကုန်ဆုံးလေလေ ဖြစ်သည်။ စွမ်းအားနည်းပါးသူသာ ကိုင်ဆောင်ပါက နတ်အငွေ့အသက် မလုံလောက်သဖြင့် ဓား၏ စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်မည် မဟုတ်ချေ။
အဆင့်မြင့် နတ်ဓားများသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားသော နတ်အငွေ့အသက်များကို ဝါးမြိုပစ်တတ်၏။ ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံနှင့် နတ်အငွေ့အသက် အမြောက်အမြား ကုန်ဆုံးစေနိုင်သည်။
သို့သော် ဤမြေနတ်အဆင့်လေးက တိုတောင်းလှသော အချိန်အတွင်း ကြောက်မက်ဖွယ် ဓားအရှိန်အဝါ နှစ်ခုကို ထုတ်ဖော်နိုင်ခဲ့သဖြင့် ကျားဝမ်ရွှီ ဇဝေဇဝါ ဖြစ်နေသည်။
ထိုစဉ် ခရမ်းရောင်လမင်းမြို့မှ အခြား ကောင်းကင်နတ်တစ်ဦးလည်း ကျားဝမ်ရွှီ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားသည်ကို သတိထားမိလိုက်၏။ သူသည် လျောင်ရှောင်ရွှမ်ကို ချက်ချင်း လက်သီးဖြင့် တွန်းထုတ်လိုက်ပြီး ကျားဝမ်ရွှီ၏ အနားသို့ အပြေးရောက်လာသည်။
အခြားကောင်းကင်နတ်က
“ဆရာ... အဆင်ပြေရဲ့လား”
လေပေါ်တွင် ဝဲပျံနေသော လုချန်းကို ကြည့်ရင်း ပြင်းထန်သော ဝေဒနာကြားမှ အားယူကာ ကျားဝမ်ရွှီက
“ငါ အဆင်ပြေတယ်... ကောင်းကင်အဆင့် နတ်ဓားကို ကိုင်ဆောင်ထားတဲ့ မြေနတ်အဆင့်လေးက ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီနတ်ဓားကို ငါ ရကိုရရမယ်။”
ပြင်းထန်သော ဒဏ်ရာများ ရထားသော်လည်း ကျားဝမ်ရွှီ ထိတ်လန့်ခြင်း မရှိပေ။ ပို၍ပင် စိတ်လှုပ်ရှားနေ၏။
မြေနတ်အဆင့်က ထိုဓားကို သုံးပြီး သူ့ကို ဒဏ်ရာရစေနိုင်လျှင် သူသာ သုံးပါက အဆင့်ကျော်၍ပင် တိုက်ခိုက်နိုင်မည် မဟုတ်ပါလား။
စစ်မှန်သောနတ် တစ်ဦးနှင့် ရင်ဆိုင်ရလျှင်တောင် သူ ကြောက်နေရတော့မည် မဟုတ်ချေ။
လုချန်း အစွမ်းပြလေလေ နတ်သတ်ဓားအပေါ် လိုချင်တပ်မက်သော ကျားဝမ်ရွှီ၏ လောဘစိတ် ပို၍ ကြီးထွားလေလေ ဖြစ်နေတော့သည်။ ကျားဝမ်ရွှီက ဘေးနားရှိ ကောင်းကင်နတ်ကို
“အတူတူ တိုက်ခိုက်ကြစို့”
အခြားကောင်းကင်နတ်က
“ဟုတ်ကဲ့ပါ ဆရာ”
ထိုသူနှစ်ဦး အတူတကွ တိုက်ခိုက်လိုက်ကြ၏။ ကျားဝမ်ရွှီက နဂါးကိုးပါးဓားကို ထပ်မံ အသုံးပြုလိုက်ပြီး အခြား ကောင်းကင်နတ်ကလည်း သူ၏ အစွမ်းထက်ဆုံး နတ်တိုက်ကွက်ကို ထုတ်သုံးလိုက်သည်။
ထိုသူနှစ်ဦး ပူးပေါင်းတိုက်ခိုက်လာသည်ကို မြင်လျှင် လုချန်းလည်း အလျှော့မပေးတော့ပဲ သတ်ဖြတ်ခြင်း လမ်းစဉ်စွမ်းအားများကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး သွေးကဲ့သို့ နီရဲသွားပြီး တစ်စုံတစ်ခုက သူကို ပစ်မှတ်ထားနေသည်ကို ကျားဝမ်ရွှီ ရုတ်တရက် ခံစားလိုက်ရ၏။ လုချန်းထံမှ သတ်ဖြတ်ခြင်း လမ်းစဉ်စွမ်းအားများ ထွက်ပေါ်လာသည်ကို ခံစားမိလျှင် ကျားဝမ်ရွှီ ခဏခန့် မှင်တက်သွားသော်လည်း အလျင်အမြန်ပင် အစွမ်းမြှင့် ရတနာအချို့ကို ထုတ်ယူလိုက်သည်။
ထျန်းရန် နတ်ဘုရား နယ်မြေတွင်ပင် သတ်ဖြတ်ခြင်း လမ်းစဉ် စွမ်းအား၏ ဖျက်ဆီးနိုင်စွမ်းက ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သော်လည်း ကစဉ့်ကလျား သားရဲ၏ ခန္ဓာကိုယ်အတွင်းမှာလောက်တော့ အစွမ်းမပြနိုင်ချေ။
ထျန်းရန် နတ်ဘုရား နယ်မြေ၏ နိယာမများက ခိုင်မာလှသဖြင့် လမ်းစဉ်စွမ်းအားအားလုံးကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထားသည်။ နိယာမစွမ်းအားများက မျှခြေတစ်ခုကဲ့သို့ ဆောင်ရွက်ပေး၏။
စွမ်းအားတစ်ခုခု အလွန် အင်အားကြီးမားလာပါက ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကောင်းကင်ဘုံ လမ်းစဉ် နိယာမက ကန့်သတ်ချက်များ ပြုလုပ်လိုက်လေ့ရှိသည်။
လုချန်း၏ သတ်ဖြတ်ခြင်း လမ်းစဉ်စွမ်းအားသည် ကောင်းကင်ဘုံ လမ်းစဉ် နိယာမများ၏ ဖိနှိပ်ခြင်းကို ခံနေရသော်လည်း နတ်သတ်ဓားနှင့် ကောင်းကင်အဆင့် နတ်ကျင့်စဉ်တို့ဖြင့် ပေါင်းစပ်လိုက်ပါက သာမန် ကောင်းကင်နတ်တစ်ဦး ခံနိုင်ရည်ရှိသည့် အရာ မဟုတ်တော့ပေ။
လုချန်းက သူ၏ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ ဓားအရှိန်အဝါလည်း သွေးရောင်နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကျားဝမ်ရွှီနှင့် သူ၏အနားရှိ ကောင်းကင်နတ်ထံသို့ တိုးဝင်သွားတော့သည်။
သွေးရောင်နဂါးကြီး သူ့အနားသို့ ချဉ်းကပ်လာမှသာ ဤတိုက်ခိုက်မှုကို သူ မခုခံနိုင်တော့ကြောင်း ကျားဝမ်ရွှီ သဘောပေါက်သွားတော့၏။
သို့သော် အချိန်နှောင်းသွားပြီ ဖြစ်သည်။ သူ၏ အသက်ကယ် ရတနာများမှာ တစ်ခုပြီးတစ်ခု ပျက်စီးသွားပြီး သွေးရောင်နဂါးကြီးက သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားလေတော့သည်။
……………..
အခန်း (၁၆၃၄)
အငြိုးအတေးများကို တစ်ဦးတည်းအပေါ်တွင်သာ ပုံချ၍ မရ
သူခန္ဓာကိုယ်အတွင်းရှိ အသက်ဓာတ်များ ချက်ချင်းပြတ်တောက်သွားသည်ကို ခံစားလိုက်ရလျှင် ကျားဝမ်ရွှီ၏ မျက်နှာထက်၌ မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်လာ၏။
ကျားဝမ်ရွှီက
“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
ဖူး...
သွေးတစ်ပွက်ကို အန်ထုတ်လိုက်ပြီးနောက် ကျားဝမ်ရွှီ၏ ခန္ဓာကိုယ် ဖြည်းညှင်းစွာ ပြုတ်ကျသွားတော့သည်။
ကျားဝမ်ရွှီ အသတ်ခံလိုက်ရသည်ကို မြင်လျှင် သူ၏အနားရှိ ကောင်းကင်နတ်လည်း အဝေးရှိ ထိုလူသည် သူယှဉ်ပြိုင်နိုင်စွမ်းရှိသူ မဟုတ်ကြောင်း သဘောပေါက်သွားကာ ချက်ချင်းပင် ထွက်ပြေးရန် ပြင်ဆင်လိုက်၏။
သို့သော် လုချန်းက ထိုသူကို အခွင့်အရေး မပေးပဲ သူ၏ နတ်စွမ်းအားများကို ချက်ချင်း စုစည်းလိုက်သည်။
နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ...
ကောင်းကင်ယံ၌ မရေမတွက်နိုင်သော မီးအိမ်များ ပေါ်ပေါက်လာပြီး ထိုမီးအိမ်များမှ ထွက်ပေါ်လာသော အနီရောင် နတ်အငွေ့အသက်များက အနီရောင်ကြိုးများအဖြစ် စုစည်းကာ ထိုကောင်းကင်နတ်ကို လျင်မြန်စွာ ရစ်ပတ်နှောင်ဖွဲ့လိုက်၏။ အနီရောင်ကြိုးမှ လွတ်မြောက်ရန် ထိုကောင်းကင်နတ် အစွမ်းကုန် ကြိုးစားသော်လည်း ကြိုးက ပို၍သာ တင်းကျပ်လာလေသည်။
နတ်သတ်ဓားဖြင့် ဦးခေါင်းကို ချိန်ရွယ်လျက် ထိုကောင်းကင်နတ်၏ အနားသို့ လုချန်း ချက်ချင်း ရောက်ရှိသွားကာ
“သေချင်တယ်ဆိုရင်တော့ ဆက်ပြီး ရုန်းကြည့်လိုက်ပါ”
ထိုအရာကို ကြားလျှင် သူ လုံးဝ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိသွားသည့် ကောင်းကင်နတ်က
“ကျုပ်ကို မသတ်ပါနဲ့... ကျုပ် လက်နက်ချပါ့မယ်”
လုချန်းက လုကျန့်ကျီကို
“စစ်ပွဲက ပြီးသွားပြီ... အခု စစ်မြေပြင်ကို ရှင်းလင်းလို့ ရပါပြီ။”
ခရမ်းရောင်လမင်းမြို့၏ အထက်တွင် လုကျန့်ကျီက
“ကျားဝမ်ရွှီ သေဆုံးသွားပြီ... လက်နက်ချတဲ့သူတွေကို အသက်ချမ်းသာပေးမယ်”
ဟု ကျယ်လောင်စွာ ကြေညာလိုက်၏။
ထိုအရာကို ကြားလျှင် ခရမ်းရောင်လမင်းမြို့၏ စစ်တပ် ချက်ချင်း ပြိုကွဲသွားပြီး အမွေးဖြူမြို့က ခရမ်းရောင်လမင်းမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။
အဆင့်နိမ့်မြို့များကြားရှိ စစ်ပွဲများက ဤကဲ့သို့ပင် ဖြစ်၏။ တစ်ဖက်မှ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအား ရှုံးနိမ့်သွားသည်နှင့် စစ်ပွဲက ပြီးဆုံးသွားတတ်သည်။
နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာဖြင့် ချုပ်နှောင်ခံထားရဆဲဖြစ်သော ကောင်းကင်နတ်ကို လုချန်းက ကြည့်လိုက်ပြီး
“ကျုပ် မေးတာကိုပဲ ဖြေပါ... ခင်ဗျား လိမ်ဖို့ ကြိုးစားရင်တော့ ဝိညာဉ်ရှာဖွေခြင်း အတတ်ကို သုံးရလိမ့်မယ်။”
လုချန်း၏ လက်ရှိစွမ်းအားမှာ မြေနတ်အဆင့်သာ ရှိသဖြင့် ဝိညာဉ်ရှာဖွေခြင်း အတတ်ကို သုံးရန် ခက်ခဲပြီး စွမ်းအားတန်ပြန်ရိုက်ခတ်မှုကိုလည်း ခံစားရနိုင်သည်။
ထို့ကြောင့် သူက ထိုသူကို ခြောက်လှန့်လိုက်ခြင်းသာ ဖြစ်၏။
သို့သော် လုရန်ချိုးကတော့ တကယ်ပင် ထိတ်လန့်သွား၏။ လုချန်း ကျားဝမ်ရွှီကို မည်မျှ လွယ်ကူစွာ ကိုင်တွယ်ခဲ့သည်ကို သူ မြင်တွေ့ခဲ့ရသဖြင့် ဤလူ မြေနတ်အဆင့်သာ ဖြစ်နိုင်သည်ဟု သူ မယူဆတော့ချေ။
ဤလောကတွင် အငွေ့အသက် သို့မဟုတ် အဆင့်နယ်ပယ်ကို ဖုံးကွယ်ထားနိုင်သည့် နည်းလမ်းများ ရှိသောကြောင့် သူ၏ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်။
ထို့ပြင် ကောင်းကင်အဆင့် နတ်ဓားကို ပိုင်ဆိုင်ထားသူက သာမန်လူတစ်ဦး မည်သို့ ဖြစ်နိုင်ပါမည်နည်း။
လုရန်ချိုးက
“သခင်... မေးမြန်းနိုင်ပါတယ်။ ကျုပ် သိသမျှ အကုန်လုံးကို ပြောပြပါ့မယ်”
လုချန်း
“ကျားဝမ်ရွှီက ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ ဘယ်ဘုရင်ဆီမှာ ခစားနေတာလဲ။”
ထိုစကားကို ကြားလျှင် လုရန်ချိုး မှင်တက်သွား၏။ ကျားဝမ်ရွှီသည် အန်းယွမ်ဘုရင်ထံသို့ သိပ်မကြာ သေးခင်ကမှ တိတ်တဆိတ် သစ္စာခံထားခြင်းဖြစ်ရာ ဤလူက ထိုအရာကို မေးမြန်းလာလိမ့်မည်ဟု သူ မထင်မှတ်ထားပေ။
ဤလူက မည်သို့ သိနေရသနည်း။
လုရန်ချိုး ချက်ချင်း မတုံ့ပြန်သည်ကို မြင်လျှင် လုချန်းက
“ဘာလဲ... ခင်ဗျားက မပြောချင်ဘူးလား”
ထိုအခိုက်အတန့်တွင် ဝိညာဉ်ရှာဖွေခြင်း အတတ်ကို အသုံးပြုမည့်ဟန် လုချန်း လုပ်ပြလိုက်၏။
လုရန်ချိုး သတိပြန်ဝင်လာပြီးနောက်
“သခင်... ကျုပ် ပြောပါ့မယ်။ အန်းယွမ်ဘုရင်ပါ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ကျားဝမ်ရွှီက အန်းယွမ်ဘုရင်ဆီမှာ သစ္စာခံခဲ့တာပါ။”
လုချန်းက
“ခရမ်းရောင်လမင်းမြို့က ကစဉ့်ကလျား ပင်လယ်နဲ့ နီးတဲ့ မြို့တစ်မြို့ပဲ... သယံဇာတရော လူတော်လူကောင်းတွေပါ ရှားပါးတဲ့ ဒီမြို့ကို အန်းယွမ် ဘုရင်က ဘာလို့ လိုချင်ရတာလဲ။”
လုရန်ချိုး ခဏခန့် ဝေခွဲမရဖြစ်နေသော်လည်း နောက်ဆုံးတွင်
“ချန်ဘုရင် အမွေးဖြူမြို့ကို ပြန်ရောက်နေပြီလို့ ကျားဝမ်ရွှီက သိသွားခဲ့တာပါ။ အဲ့ဒီသတင်းကို သုံးပြီး သူက အန်းယွမ်ဘုရင်ဆီမှာ သစ္စာခံခွင့် ရခဲ့တာပါ... အန်းယွမ်ဘုရင်က သူ့ကို ခရမ်းရောင်လမင်းမြို့ကနေ အမွေးဖြူမြို့ကို ဆက်ပြီး စောင့်ကြည့်ခိုင်းထားတာပါ။”
လုရန်ချိုး၏ အဖြေကို ကြားပြီးနောက် သန်းထောင်နှင့်ချီ အကြာက ဖြစ်ရပ်များကို ဘာကြောင့် ယခု ပြန်လည်ပြောဆိုနေကြသည်ကို လုချန်း နောက်ဆုံးတွင် နားလည်သွား၏။ တစ်စုံတစ်ယောက်က အခြားသူတစ်ဦးကို အသုံးချကာ အမြတ်ထုတ်ရန် ကြံစည်နေခြင်း ဖြစ်သည်။
အန်းယွမ်ဘုရင်က ဤသတင်းများကို ယခုအချိန် ပျံ့နှံ့စေခြင်း ရည်ရွယ်ချက်က ထိုစဉ်က သူ့ကို အင်အားကြီးအဖွဲ့အစည်းများ ဝိုင်းရံတိုက်ခိုက်ခဲ့ရခြင်းက လုကျင့်ဖူကြောင့် ဟူသော အချက်ကို သတိပေးနေခြင်း ဖြစ်၏။ အကြွေးရှင်ကို ရှာတွေ့ပြီဖြစ်သဖြင့် လုကျင့်ဖူ ထံကိုသာ သွားရောက် ပေးဆပ် စေရန် ဖြစ်သည်။
တစ်ပါးသူကို အသုံးချပြီး အမြတ်ထုတ်ရန် ကြိုးစားနေခြင်းက တစ်နေ့တွင် သူကိုယ်တိုင် ပြန်လည် ထိခိုက်ရမည်ကို မကြောက်ရွံ့ခြင်းဖြစ်သည်ဟု တွေးမိကာ လုချန်း တစ်ချက် ရယ်မောလိုက်၏။
သူ ဤတစ်ကြိမ် ပြန်လာခြင်းမှာ လုကျင့်ဖူကို ဖယ်ရှားရန် တစ်ခုတည်းအတွက် မဟုတ်ပေ။ အမှန်စင်စစ် ထိုစဉ်က ဝိုင်းရံတိုက်ခိုက်ရာတွင် လုကျင့်ဖူ တစ်ဦးတည်းသာ ပါဝင်ခဲ့ခြင်းတော့ မဟုတ်ပေ။ ထျန်းရှ နတ်ဘုရား နိုင်ငံတော်မှ ဘုရင် အများစု ပါဝင်ခဲ့ကြခြင်း ဖြစ်၏။
တစ်ချိန်က သူသည် နတ်ဘုရင်တစ်ဦး ဖြစ်ခဲ့ပြီး နတ်ဘုရား နိုင်ငံတော် အရှင်သခင်၏ နေရာအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့ရာ သူ၏ ညီအစ်ကို မောင်နှမများက သူ့ကို ဖယ်ရှားရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။
ထို့ကြောင့် ဤအငြိုးအတေးများကို လူတစ်ဦးတည်းအပေါ်တွင်သာ ပုံချ၍ မရနိုင်ချေ။
ထို့နောက် ချိပ်ပိတ်နည်းဗျူဟာပုံစံကို အသုံးပြုကာ လုရန်ချိုး၏ နတ်စွမ်းအားများကို ချိပ်ပိတ်လိုက်ပြီး အချုပ်ထဲတွင် ပိတ်လှောင်ထားလိုက်၏။
ထိုအရာအားလုံး ပြီးဆုံးသွားလျှင် ဒဏ်ရာအပြင်းအထန် ရထားသည့် လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်တို့၏ အနားသို့ လုချန်း သွားလိုက်သည်။
ထိုသူနှစ်ဦး၏ ခန္ဓာကိုယ် ပြန်လည် ကျန်းမာလာစေရန် တွန့်ဆုတ်ခြင်း မရှိပဲ အသက်ဓာတ်ကို လုချန်း အသုံးပြုပေးလိုက်၏။
သို့သော် အသက်ဓာတ်ကို အသုံးပြုခြင်းက အတိုင်းအတာ တစ်ခုအထိသာ ထိရောက်မှာရှိနိုင်၏။ သူတို့၏ သက်တမ်း ကုန်ဆုံးခါနီး ဖြစ်နေသလို နတ်အာရုံမှာလည်း ပျက်စီးနေပြီ ဖြစ်သောကြောင့် အသက်ဓာတ်ကို သွင်းပေးရုံမျှဖြင့် ထိရောက်မှု မရှိနိုင်ချေ။
ပိုမိုမြင့်မားသော ကုသခြင်း နတ်နိယာမများရှိလျှင် အကျိုးရှိမည်ဟု လုချန်း တွေးတောမိ၏။ ကစဉ့်ကလျား သားရဲ၏ ခန္ဓာကိုယ်အတွင်း ရှိစဉ်က ရရှိခဲ့သည့် ထာဝရစိမ်းလန်း သက်ရှည်ကျင့်စဉ်သည် သူတော်စင် အဆင့် ကျင့်စဉ်တစ်ခု ဖြစ်သော်လည်း ထျန်းရန် နတ်ဘုရား နယ်မြေတွင်တော့ အဆင့်နိမ့် နတ်နိယာမတစ်ခုပင် မဟုတ်ချေ။
လုချန်းက လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်ကို
“ခင်ဗျားတို့ နှစ်ယောက် ဘယ်လိုနေသေးလဲ”
လုကျန့်ကျီနှင့် လျောင်ရှောင်ရွှမ်က
“ချန်ဘုရင်ကို ကျေးဇူးတင်ပါတယ်”
ခဏခန့် တွေးတောပြီးနောက် လုချန်းက
“အခု ကျုပ်က ကောင်းကင်အဆင့် ဆေးလုံးတွေကို ဖော်စပ်နိုင်ပြီ... ကောင်းကင်နတ် အဆင့်ကိုတက်နိုင်မယ့် နယ်ပယ်ကျော်ဖြတ်ဆေးလုံး ဖော်စပ်နည်းကို ရတာနဲ့ ကျုပ် ခင်ဗျားတို့အတွက် ချက်ချင်း ဖော်စပ်ပေးမယ်။ ခင်ဗျားတို့ အဆင့်တက်နိုင်အောင် ကူညီပေးပါ့မယ်။”
ထိုစကားကို ကြားလျှင် ထိုသူနှစ်ဦး ခဏခန့် မှင်တက်သွားပြီးနောက် အလွန် စိတ်လှုပ်ရှားသွားကြ၏။
ကောင်းကင်အဆင့် ဆေးလုံးများကို လုချန်း တကယ် ဖော်စပ်နိုင်ပါက ထိုကောင်းကင်အဆင့် နယ်ပယ်ကျော်ဖြတ်ဆေးလုံး၏ ကျေးဇူးဖြင့် သူတို့၏ အကန့်အသတ်များကို ကျော်ဖြတ်နိုင်ရန် မျှော်လင့်ချက် ရှိလာပေလိမ့်မည်။
သို့သော်...
ကောင်းကင်အဆင့် နယ်ပယ်ကျော်ဖြတ်ဆေးလုံး ဖော်စပ်နည်းကို ရှာဖွေရန်က ထင်သလောက်တော့ မလွယ်ကူပေ။
ထိုကဲ့သို့သော ဆေးဖော်စပ်နည်းသာ ရှိခဲ့လျှင် ထျန်းရန် နတ်ဘုရား နယ်မြေရှိ နတ်အများစုလည်း ကောင်းကင်နတ် အဆင့်တွင်ပင် တန့်နေကြမည် မဟုတ်ချေ။
ထို့ပြင် ကောင်းကင်အဆင့် နယ်ပယ်ကျော်ဖြတ်ဆေးလုံး ရှိသည့်တိုင်အောင် အဆင့်တက်ရန် အာမခံချက် မရှိပေ။ အကြောင်းမှာ မည်သည့် နယ်ပယ်ကျော်ဖြတ်မှုမဆို စွန့်စားရမှုများ ရှိသောကြောင့် ဖြစ်၏။
မည်သို့ပင်ဆိုစေကာတော့ လုချန်းသာ ကောင်းကင်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ပါက သူတို့အတွက် မျှော်လင့်ချက် ရှိစေ၏။ နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်က ကောင်းကင်အဆင့် နယ်ပယ်ကျော်ဖြတ်ဆေးလုံး ဖော်စပ်နည်းကို ရှာဖွေရန်ပင် ဖြစ်သည်။
လုကျန့်ကျီက
“ချန်ဘုရင်... အန်းယွမ်ဘုရင်က ချန်ဘုရင် ပြန်လာတာကို သိနေပြီဆိုတော့ ကျုပ်တို့ အမွေးဖြူမြို့ကနေ ပြောင်းရွှေ့ဖို့ စဉ်းစားသင့်သလား။”
လုချန်း ခဏခန့် တွေးတောလိုက်၏။ အန်းယွမ်ဘုရင်သည် သူ ပြန်လာသည့် သတင်းကို ထျန်းရန် နတ်ဘုရား နယ်မြေသို့ မဖြန့်ဝေသေးသော်လည်း အခြားသူများကို မည်သည့်အချိန်တွင် အသိပေးလိမ့်မည် ဆိုတာကိုတော့ အတိအကျ မပြောနိုင်ချေ။
အန်းယွမ် ဘုရင်သည် သူနှင့် လုကျင့်ဖူတို့ အသေ အကြေတိုက်ခိုက်ကြသည်ကို မြင်လိုသဖြင့် တစ်နေ့နေ့တွင်တော့ သူ ပြန်လာသည့်အကြောင်း လုကျင့်ဖူအား အသိပေးလိမ့်မည်။
သူ ပြန်ရောက်နေပြီဖြစ်ကြောင်း လုကျင့်ဖူ သိသွားပါက ကဲ့ရဲ့ရှုတ်ချခံရမည်ကို ကြောက်ရွံ့သဖြင့် တပ်ဖွဲ့များကို စေလွှတ်ကာ တိုက်ခိုက်လာမှာ သေချာသလို ထျန်းရန် နတ်ဘုရား နယ်မြေရှိ အင်အားကြီးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သူ့ကို ထပ်မံ တိုက်ခိုက်လာနိုင်သည်။
သို့သော်...
လောလောဆယ်တွင် သူ၏ အစွမ်းများ အပြည့်အဝ ပြန်မရသေးချေ။ အကယ်၍ အန်းယွမ် ဘုရင်က လုကျင့်ဖူကို ယခု အသိပေးလိုက်ပါက တစ်ပါးသူကို အသုံးချကာ အမြတ်ထုတ်လိုသည့် သူ၏ ရည်ရွယ်ချက် အောင်မြင်မည် မဟုတ်ချေ။
ထို့ကြောင့် အန်းယွမ် ဘုရင်အနေနှင့် ဤသတင်းကို မကြာမီ အချိန်အတွင်းတော့ ထုတ်ဖော်လိမ့်မည် မဟုတ်ချေ။
ထိုသို့ တွေးတောရင်း လုချန်းက
“အခုလောလောဆယ် ကျုပ်တို့ သွားစရာ နေရာမရှိသေးဘူး။ ဒါကြောင့် အမွေးဖြူမြို့မှာပဲ ဆက်နေကြတာပေါ့။”
……………..
အခန်း (၁၆၃၅)
မဟာမိတ်အဖွဲ့
အမွေးဖြူမြို့သည် ကစဉ့်ကလျား ပင်လယ်၏ အစွန်းတွင် တည်ရှိပြီး လူအများ၏ အာရုံစိုက်မှုကို မခံရသဖြင့် သူ၏ အင်အားကို တည်ဆောက်ရန် လွယ်ကူသော နေရာတစ်ခု ဖြစ်သည်။
အန်းယွမ်ဘုရင်သည် လုချန်း ပြန်လာသည့် သတင်းကို ပေါက်ကြားအောင် ပြုလုပ်ခဲ့လျှင်ပင် အမွေးဖြူမြို့သည် ထျန်းရှ နတ်ဘုရား နိုင်ငံတော်နှင့် အလွန်ဝေးကွာလှသည်။
ထျန်းရှနိုင်ငံတော်၏ စစ်တပ်များ ရောက်ရှိလာရန် အချိန်အတော်ကြာ လိုအပ်မည်ဖြစ်သဖြင့် အမွေးဖြူမြို့အတွက် ပြင်ဆင်ရန် အချိန်အလုံအလောက် ရရှိစေမည် ဖြစ်သည်။
လုချန်း၏ စကားများကို ကြားလျှင် လုကျန့်ကျီက အဝေးရှိ ခရမ်းရောင်လမင်းမြို့ကို ကြည့်ကာ
“သခင်... အခု ကျုပ်တို့ ခရမ်းရောင်လမင်းမြို့ကို သိမ်းပိုက်လိုက်ပြီဆိုတော့ သူရဲ့ အစီအစဉ်ကို ကျုပ်တို့ သိသွားပြီဆိုတာ အန်းယွမ် ဘုရင် မကြာခင် သဘောပေါက်သွားပါလိမ့်မယ်။ အဲ့ဒါဆိုရင် သူ တစ်ခုခု ထပ်လုပ်လာနိုင်ပါတယ်။”
လုချန်းက
“သူ ဘာမှ လုပ်လာမှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့ စွမ်းအားက အပြည့်အဝ မရှိသေးဘူးလေ။ သူက လုကျင့်ဖူကို ဖယ်ရှားဖို့ ကျုပ်ကို အသုံးချချင်နေတာ။ ကျုပ်မှာ စွမ်းအားအချို့သာ မရှိရင် လုကျင့်ဖူကို ဖယ်ရှားဖို့ သူ့ကို ကျုပ် ဘယ်လို ကူညီနိုင်မှာလဲ။”
လုချန်း၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားရလျှင် လုကျန့်ကျီလည်း ခဏခန့် စဉ်းစားလိုက်ပြီးနောက် အကျိုးအကြောင်းဆီလျော်မှု ရှိသည်ဟု ယူဆကာ အမွေးဖြူမြို့မှ ထွက်ခွာသင့် မသင့်ကို ဆက်လက် မတွေးတောတော့ချေ။
…….
ခရမ်းရောင်လမင်းမြို့ကို သိမ်းပိုက်ပြီးနောက် အမွေးဖြူမြို့သည် နောက်ထပ် ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု လှိုင်းလုံးတစ်ခုကို ကြုံတွေ့ခဲ့ရသည်။
ခရမ်းရောင်လမင်းမြို့သည် ကစဉ့်ကလျား ပင်လယ်၏ အစွန်းတွင် ရှိနေသော်လည်း အတော်အတန် အင်အားကြီးမားသော မြို့တစ်မြို့ဖြစ်သည်။
အင်အားကြီး အဖွဲ့အစည်းများသည် ကစဉ့်ကလျား စွမ်းအားများ လွှမ်းမိုးထားသော နယ်မြေများကို စိတ်ဝင်စားမှု မရှိကြသဖြင့် ကောင်းကင်နတ် တစ်ပါးပင်လျှင် ဤနယ်မြေအတွင်း၌ အားကောင်းသူဟု သတ်မှတ်ခံရသည်။
အမွေးဖြူမြို့က ခရမ်းရောင်လမင်းမြို့ကို အနိုင်ယူလိုက်သည်ကို ဘေးပတ်ဝန်းကျင်ရှိ မြို့များ မြင်လျှင် အမွေးဖြူမြို့သည် နယ်မြေများကို ဆက်လက်ချဲ့ထွင်ပြီး ဤဒေသတစ်ခုလုံးကို စုစည်းရန် ရည်ရွယ်နေသည်ဟု ယူဆလိုက်ကြသည်။
အနီးနားရှိ ပိုမိုကြီးမားသော မြို့အချို့လည်း အမွေးဖြူမြို့၏ အစီအစဉ်များကို ဟန့်တားရန်အတွက် မဟာမိတ်အဖွဲ့တစ်ဖွဲ့ကို အလျင်အမြန် ဖွဲ့စည်းခဲ့ကြသည်။
ထိုမြို့တော်ဝန်များ၏ လှုပ်ရှားမှုများကို လုချန်း သိသော်လည်း များစွာ အာရုံမစိုက်ခဲ့ပေ။
အများဆုံးအားဖြင့် ၎င်းတို့သည် ကောင်းကင်နတ်များသာ ဖြစ်ကြ၏။ နတ်ဘုရင်၏ ကျိန်စာကို အသုံးမပြုပဲပင် သူ ၎င်းတို့ကို ကိုင်တွယ်နိုင်သည်။
၎င်းတို့ စုစည်းမိသွားခြင်းက တကယ်ပင် အဆင်ပြေလှသည်။ အကြောင်းမှာ မြို့တစ်မြို့ချင်းစီကို လိုက်လံတိုက်ခိုက်နေစရာ မလိုတော့ပဲ ၎င်းတို့ အတူတကွ စုမိချိန်တွင် တစ်ခါတည်း ရှင်းလင်းလိုက်နိုင်သောကြောင့် ဖြစ်သည်။
ထိုသို့ တွေးတောရင်း မြို့တော်ဝန်များ မဟာမိတ်ဖွဲ့ခြင်းကို လုချန်း မတားဆီးခဲ့ပေ။
…….
မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်နှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့သည်။
ရှီးယန်မြို့။
ယနေ့တွင် ရှီးယန်မြို့၏ ကောင်းကင်ယံ၌ နတ်လှေများ စဉ်ဆက်မပြတ် ပျံသန်းနေကြသဖြင့် အလွန်စည်ကားနေသည်။
ယနေ့သည် အဓိကမြို့ကြီး အမြောက်အမြား မဟာမိတ်ဖွဲ့သည့် နေ့ဖြစ်သည်။
အမွေးဖြူမြို့နှင့် သူ၏ လက်အောက်ခံမြို့များမှအပ ကစဉ့်ကလျား နယ်မြေအတွင်းရှိ ကျန်ရှိသော မြို့အားလုံးနီးပါးမှ မြို့တော်ဝန်များ ရောက်ရှိလာကြသည်။
အမွေးဖြူမြို့၏ လျင်မြန်သော နယ်မြေချဲ့ထွင်မှုက ၎င်းတို့ကို စိုးရိမ်ပူပန်စေခဲ့သဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက မဟာမိတ်ဖွဲ့ရန် စတင်စဉ်းစားခဲ့ကြခြင်း ဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ်အတွင်း ထိုမြို့များကြား သဘောတူညီချက်တစ်ခု ရရှိခဲ့ကြသည်။ ယခင်က မည်သို့ပင် ပဋိပက္ခများ ရှိခဲ့စေကာမူ အမွေးဖြူမြို့ကို မချေမှုန်းနိုင်မချင်း ထိုပဋိပက္ခများကို ဘေးဖယ်ထားရန် ဖြစ်သည်။
ယခုအချိန်တွင် မြို့တော်ဝန် အမြောက်အမြားသည် ရှီးယန်မြို့၏ မြို့တော်ဝန် စံအိမ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ရှီးယန်မြို့၏ မြို့တော်ဝန် ကောင်းဟုန်ပေါ်သည် ခန်းမဆောင်ကြီးအတွင်း ထိုင်နေကာ အခြားသော မြို့တော်ဝန်များနှင့်အတူ အမွေးဖြူမြို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဆွေးနွေးနေသည်။
ထိုခဏတွင် ဝင်ပေါက်မှ အစောင့်တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“အန်းတာမြို့ရဲ့ မြို့တော်ဝန် မင်း ရောက်ရှိလာပါပြီ”
နောက်တစ်ခဏတွင် အပြာရောင် ဝတ်ရုံဝတ်ဆင်ထားသော လူတစ်ယောက် ခန်းမဆောင်ကြီး၏ တံခါးဝတွင် ပေါ်လာသည်။
အန်းတာမြို့၏ မြို့တော်ဝန် မင်ကွမ်းဟွာက ရောက်ရှိနေသော မြို့တော်ဝန်များကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလျက်
“အားလုံး ဒီလောက်မြန်မြန် ရောက်နေကြလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး။ ကျုပ်ပထမဆုံး ရောက်နေမယ်လို့ ထင်ထားတာ။”
ထိုအခါ မြို့တော်ဝန်တစ်ဦးက
“မြို့တော်ဝန် မင်း... ခင်ဗျား ဘယ်လောက်ပဲ မြန်မြန်... မြို့တော်ဝန် ကောင်း ထက်တော့ မမြန်နိုင်ပါဘူး”
ဟု နောက်ပြောင်လိုက်သည်။
မင်ကွမ်းဟွာက
“မြို့တော်ဝန် ဝမ်... ဒါက ထင်ရှားနေတာပဲ မဟုတ်လား။ မြို့တော်ဝန် ကောင်းက ရှီးယန်မြို့မှာ နေတာလေ။ ကျုပ်က သူ့ထက် ဘယ်လိုလုပ် စောနိုင်မှာလဲ။”
ထိုသို့ ပြောရင်း ခန်းမအတွင်းရှိ လူများကို တစ်ချက် ပြန်ကြည့်ရှုလိုက်ပြီးနောက် မင်ကွမ်းဟွာက
“ထူးဆန်းလိုက်တာ။ မြို့တော်ဝန် ကျန် ဘယ်မှာလဲ”
“တစ်ခုခု ဖြစ်လို့လား”
ခန်းမ၏ အထက်ပိုင်းတွင် ထိုင်နေသော ကောင်းဟုန်ပေါ်က
“သူ အစောပိုင်းက သတင်းပို့ထားတယ်။ သူ ရှီးယန်မြို့ကို လာနေတဲ့ လမ်းမှာပါ။”
ကောင်းဟုန်ပေါ်၏ စကားကို ကြားလျှင် မင်ကွမ်းဟွာလည်း များစွာ မစဉ်းစားတော့ပဲ ခန်းမအတွင်းရှိ နေရာလွတ်တစ်ခုသို့ တိုက်ရိုက် လျှောက်သွားကာ
“ဒါက ထူးဆန်းတယ်။ ခရမ်းရောင်လမင်းမြို့ကို အမွေးဖြူမြို့က သိမ်းပိုက်ပြီးကတည်းက ကျုပ်တို့ ဒီမဟာမိတ်ဖွဲ့ဖို့ စဉ်းစားခဲ့တာ။ အမွေးဖြူမြို့က ဒါကို မသိဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဒီဆယ်နှစ်အတွင်းမှာ သူတို့က ကျုပ်တို့ကို တားဆီးဖို့ ဘာမှ မကြိုးစားခဲ့ကြဘူး။”
မင်ကွမ်းဟွာ စကားအဆုံးတွင် ခန်းမဝင်ပေါက်မှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
ထိုသူသည် ထွားကြိုင်းလှသော ကိုယ်ခန္ဓာရှိပြီး ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ နှစ်မီတာ သုံးမီတာခန့် အရပ်မြင့်သည်။
“အမွေးဖြူမြို့က ကျုပ်တို့ကို အလေးမထားတာ ဖြစ်နိုင်ပါတယ်။ ကျုပ်တို့ မဟာမိတ်ဖွဲ့ရင်တောင် သူတို့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ဘူးလို့ သူတို့ ထင်နေတာ ဖြစ်မှာပါ။”
ထိုစကားကို ကြားလျှင် ခန်းမအတွင်းရှိ မြို့တော်ဝန်များလည ဝင်ပေါက်ဆီသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
တံခါးဝရှိ လူကို မြင်လျှင် မင်ကွမ်းဟွာက
“မြို့တော်ဝန် ကျန်... ခင်ဗျားက ကျုပ်ထက်တောင် နောက်ကျနေလိမ့်မယ်လို့ မထင်ထားဘူး”
ကျန်မော့က
“လမ်းမှာ ကိစ္စအချို့နဲ့ ကြုံခဲ့ရလို့ နောက်ကျသွားတာပါ”
မင်ကွမ်းဟွာက
“ဘယ်လို ကိစ္စမျိုးမို့လို့ မဟာမိတ်ဖွဲ့တာထက် ပိုအရေးကြီးရတာလဲ။”
ကျန်မော့က ရယ်မောလျက်
“ခင်ဗျားတို့ မကြာခင် သိရမှာပါ။ ကျုပ် အကူအညီအချို့ ရှာတွေ့ခဲ့တယ်”
ဟု တုံ့ပြန်လိုက်၏။
ကျန်မော့၏ စကားကို ကြားရလျှင် ရောက်ရှိနေသော မြို့တော်ဝန်များလည်း ထိုအကူအညီပေးမည့်သူ မည်သူနည်း၊ မည်မျှ စွမ်းအားကြီးသနည်း ဆိုသည်ကို သိလိုစိတ်ဖြင့် သူ့ကို စူးစမ်းစွာ ကြည့်လိုက်ကြသည်။
ထို့နောက် အထက်တွင် ထိုင်နေသော ကောင်းဟုန်ပေါ်က
“ကဲ... အားလုံး စုံပြီဆိုတော့ မဟာမိတ်ဖွဲ့မယ့် ကိစ္စကို ဆွေးနွေးကြရအောင်။”
“လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ အမွေးဖြူမြို့က ဘာလှုပ်ရှားမှုမှ မလုပ်ခဲ့ပေမဲ့ သူတို့ရဲ့ အင်အားကတော့ အစဉ်တစိုက် ကြီးထွားလာနေတယ်။”
“သူတို့ ခရမ်းရောင်လမင်းမြို့ကို သိမ်းပိုက်ခဲ့တဲ့ ပုံစံကို ကြည့်ရင် သူတို့ရဲ့ ရည်မှန်းချက်က မသေးဘူးဆိုတာ ထင်ရှားတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ကစဉ့်ကလျား နယ်မြေတစ်ခုလုံးကို စုစည်းဖို့ ဖြစ်နိုင်တယ်။”
ကောင်းဟုန်ပေါ် စကားအဆုံးတွင် ညာဘက်မှ မြို့တော်ဝန်တစ်ဦးက
“ကျုပ် အမွေးဖြူမြို့ရဲ့ ခေါင်းဆောင် လုကျန့်ကျီ အကြောင်း စုံစမ်းကြည့်ပြီးပြီ။ သူတို့ ဇနီးမောင်နှံက သက်တမ်းကုန်ခါနီးနေပြီ။ ပြီးတော့ အင်အားချဲ့ထွင်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်လည်း သူတို့မှာ မရှိဘူး။ သူတို့က အင်အားချဲ့ထွင်ဖို့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။”
အခြားသော မြို့တော်ဝန်တစ်ဦးကလည်း
“မှန်ပါတယ်... လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်တုန်းက လုကျန့်ကျီက အမွေးဖြူမြို့ကို လျစ်လျူရှုထားခဲ့လို့ လူဦးရေ အမြောက်အမြား ထွက်ခွာသွားခဲ့ပြီး မြို့ပျက်လုနီးပါး ဖြစ်ခဲ့ဖူးတယ်။”
ကောင်းဟုန်ပေါ်က
“သူ ဘာကြောင့် ရုတ်တရက် အင်အားချဲ့ထွင်ချင်တာလဲ ဆိုတာကို အသာထားဦး။ ကျုပ်တို့ အနေနှင့် ဒါကို လျစ်လျူရှုထားလို့တော့ မရဘူး။”
“ခရမ်းရောင်လမင်းမြို့ရဲ့ ကျားဝမ်ရွှီ က ကျုပ်တို့ အများစုထက် ပိုစွမ်းအားကြီးခဲ့တယ်။ ပြီးတော့ ကောင်းကင်နတ် နှစ်ပါးတောင် ရှိခဲ့တာ။ ဒါပေမဲ့ ခရမ်းရောင်လမင်းမြို့က အမွေးဖြူမြို့ကို ရှုံးနိမ့်သွားခဲ့ရတယ်။”
“အကယ်၍ အမွေးဖြူမြို့က ကျုပ်တို့ထဲက တစ်ယောက်ယောက်ကို တိုက်ခိုက်လာမယ်ဆိုရင် ကျုပ်တို့လည်း ခရမ်းရောင်လမင်းမြို့လိုပဲ ဖြစ်သွားနိုင်တယ်။”
“ဒါကြောင့် ကျုပ်တို့ စည်းလုံးရမယ်”
“ကျုပ်တို့ဘက်က အရင်ဦးအောင် တိုက်ခိုက်ပြီး အမွေးဖြူမြို့ကို ဖျက်ဆီးပစ်ရမယ်။ ပြီးတော့ ဒီခြိမ်းခြောက်မှုကို ဖယ်ရှားပစ်ရမယ်။”
ကောင်းဟုန်ပေါ်၏ စကားအဆုံးတွင် မင်ကွမ်းဟွာက သူ၏ မေးစေ့ကို ပွတ်သပ်ရင်း
“ဒါက တကယ် ထူးဆန်းတယ်... လုကျန့်ကျီ တို့ ဇနီးမောင်နှံက သက်တမ်းကုန်ခါနီး ကောင်းကင်နတ် နှစ်ပါးပဲ။ ကျားဝမ်ရွှီ ထက်တောင် စွမ်းအားနည်းသေးတယ်။ ဒါပေမဲ့ ကျားဝမ်ရွှီ ရှုံးသွားခဲ့တယ်။”
ကောင်းဟုန်ပေါ်က
“ဖြစ်နိုင်တာက လုကျန့်ကျီလက်ထဲမှာ နတ်လက်နက်တစ်မျိုး ရှိနေလို့လား။”
ထိုစကားကို ကြားလျှင် အချို့သော မြို့တော်ဝန်များလည်း တိတ်ဆိတ်သွားကာ အတွေးများသွားကြတော့သည်။
အကယ်၍ တကယ်ပင် နတ်လက်နက်တစ်ခု ရှိနေခဲ့လျှင် လုကျန့်ကျီကို ဝိုင်းဝန်းတိုက်ခိုက်၍ သူ့ကို သတ်နိုင်ခဲ့လျှင်ပင် သူတို့ထဲမှ အချို့ကတော့ ထိုနတ်လက်နက်၏ ဒဏ်ကို ခံရနိုင်ပေသည်။
အချို့ကတော့ လုကျန့်ကျီ ပိုင်ဆိုင်ထားနိုင်သည့် နတ်လက်နက်ကို မျက်စိကျနေကြသည်။
မြို့တော်ဝန်တစ်ဦးက
“အမွေးဖြူမြို့ကို တိုက်ခိုက်ဖို့အတွက် သေချာ စဉ်းစားဖို့ လိုအပ်မယ် ထင်တယ်”
ထိုစကားကို ကြားလျှင် ကျန်မော့က ရယ်မောလိုက်ပြီး
“ဒီလောက် ဒုက္ခခံနေစရာ မလိုပါဘူး။ စစ်တပ်ကို တိုက်ရိုက်သာ စေလွှတ်လိုက်ပါ။”