အခန်း (၅၄၇-၅၄၉)
Vol. 37 Ch. 547-549
အပိုင်း ၅၄၇ : အတူတူအပြင်ထွက်လည်ကြရအောင်
လုဖန်က စားပွဲထိုးကို ပြောလိုက်သည်။
"စားပွဲထိုး နောက်တစ်ခွက်ထပ်ပေးပါ"
စားပွဲထိုးက ဝိုင်ငှဲ့ပေးပြီးနောက် လုဖန်ကလည်း ဆူဆန်ကို ကမ်းပေးလိုက်သည်။
"လူချောလေးက ကျွန်မကို တိုက်တာလား"
ဆူဆန်က မြှူဆွယ်လေဟန် အပြုံးလေးဖြင့် ပြောလိုက်သည်။
လုဖန်က လေးနက်တည်ကြည်ဟန်ဆောင်ကာ ဖန်ခွက်ကို ကောက်ကိုင်လိုက်သည်။
"ကျွန်တော် သောကတွေပြေပျောက်ဖို့ အဖော်လာလုပ်ပေးတဲ့ အလှပဂေးလေးကို ကျေးဇူးတင်ပါတယ်"
ဆူဆန်ကလည်း သူ(မ)၏ဖန်ခွက်ကို ကောက်ကိုင်၍ လုဖန်၏ဖန်ခွက်နှင့် တိုက်လိုက်သည်။
"အရက်နဲ့ သောကဖြေရင် သောကပိုပွားတယ်လို့ ပြောကြတယ် မဟုတ်လား"
"ဟားဟား... ပိုသောက်လေ ပိုကောင်းလေပါပဲ။ ပူပင်သောကတွေကို မေ့ပစ်ဖို့ ကူညီပေးတယ်လေ"
လုဖန်က သူ့အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သော်ငြား ဆူဆန်ကတော့ အနည်းငယ်သာ ငုံလိုက်သည်။
"အချောလေး... ရှင့်ဇာတ်လမ်းလေး ပြောပြလို့ရမလား"
"ကျွန်တော်လား။ ကျွန်တော့်မှာ ဘာဇာတ်လမ်းမှ မရှိပါဘူး"
လုဖန်က လွမ်းဆွေးနေသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
"အားလုံးက ကျွန်တော့်အမှားတွေပါ။ ဇနီးသည်ကို သေချာဂရုမစိုက်နိုင်ခဲ့လို့ သူ့ကို... ဟူး... သူ့ကို ကျွန်တော် စိတ်ပျက်စေခဲ့မိတယ်"
ထိုသို့ပြောရင်း လုဖန်က နောက်တစ်ခွက်ကို ဆက်တိုက်မော့သောက်လိုက်ပြန်သည်။
ထိုလုပ်ရပ်မှာ အလွန်မိမိုက်ပြီး ကြော့ရှင်းလှသည်။
လုဖန်က မိန်းကလေးများကို မြှူဆွယ်ရာမှာ တကယ်ကျွမ်းကျင်လှသည်ဟု ဆိုရပေမည်။
"မင်း အချစ်ကိုယုံလား"
လုဖန်က ရုတ်တရက်မေးခွန်းထုတ်လိုက်သည်။
ဆူဆန်က တခစ်ခစ်ရယ်မောပြီး ပြောလိုက်၏။
"အရင်ကတော့ မယုံဘူး။ ဒါပေမဲ့ ရှင့်ကိုမြင်တော့ တကယ်ယုံသွားပြီ"
လုဖန်က ဆို၏။
"ဟုတ်တယ်။ ကျွန်တော် သူ့ကို အရမ်းချစ်ခဲ့တာ။ သူ နို့လက်ဖက်ရည် သောက်ချင်တယ်ဆိုလို့ အေးခဲနေတဲ့ ဆောင်းတွင်းကြီးမှာတောင် တန်းစီပြီး သွားဝယ်ပေးခဲ့တယ်။ သူက အရသာရှိတဲ့ဟင်းတွေကို ကြိုက်လို့ ကျွန်တော် ဟင်းချက်နည်းသင်ပြီး သူ့အတွက် ချက်ပေးခဲ့တယ်..."
တကယ်တမ်းတွင် ဤဇာတ်လမ်းက အမှန်တရားပင်။ ကွာခြားချက်တစ်ခုမှာ ဇာတ်လိုက်မင်းသားနှင့် မင်းသမီးက နေရာချင်းလဲသွားရုံသာ။
"ဒါပေမဲ့ ကျွန်တော့်ဇနီးကဘး ငွေမက်တယ်။ အလုပ်သုံးခုလုပ်နေတာတောင် သူစိတ်ကျေနပ်အောင် မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ့ကို ကျွန်တော် ချစ်နေတုန်းပါပဲ။ နောက်တော့ သူ ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားတယ်။ ကျွန်တော်ကတော့ လွမ်းနေတုန်းပဲ"
လုဖန်က သူကိုယ်သူ လူကောင်းတစ်ယောက်ပုံစံ ဖန်တီးလိုက်ပြီး သူ့ဇနီးကိုတော့ ငွေမက်သော မိန်းမတစ်ယောက်အဖြစ် ပုံဖော်လိုက်သည်။
တကယ်တော့ အလုပ်သုံးခုလုပ်ခဲ့ရသူမှာ သူ့ဇနီးဖြစ်ပြီး သူကတော့ နေ့စဉ်ရက်ဆက် အရက်သောက်၊ လောင်းကစားလုပ်၊ မိန်းမလိုက်စားပြီး အပြင်မှာ ပိုက်ဆံဖြုန်းနေခဲ့သည်။
သူ့ဇနီးခမျာ ညဆိုင်းဆင်းရလွန်း၍ ပင်ပန်းလွန်းသောကြောင့် အက်ဆီးဒင့်ဖြစ်ခဲ့ရခြင်းပင်။
သို့သော် ဤသကောင့်သားက ဇာတ်လမ်းကို လုံးဝပြောင်းပြန်လှန်ပစ်လိုက်သည်။
ပိုဆိုးသည်မှာ သူသည် ထိုအကြောင်းကို အလွန်တည်တည်ငြိမ်ငြိမ် ပြောပြနေခြင်းပင်။
ဘေးစားပွဲရှိ ယဲ့ချန်းမှာ သူတို့၏စကားများကို နားထောင်ရင်း မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ဤလူက အလွန်ယုတ်မာလွန်းသည်။ သူ့ကို အပြစ်မပေးရလျှင် ယဲ့ချန်း စိတ်ဖြောင့်နိုင်မည် မဟုတ်ပေ။
သာမန်မိန်းကလေးတစ်ယောက်သာဆိုလျှင် သူ့ဇာတ်လမ်းကြောင့် အစောကတည်းက စိတ်ယိုင်သွားလောက်ချေပြီ။
ဒါပေမဲ့ ကံဆိုးချင်တော့ ဆူဆန်က သာမန်မိန်းကလေး မဟုတ်ပေ။
လုဖန်က ဇာတ်လမ်းများကို လုပ်ကြံဖန်တီးနေသော်လည်း ဆူဆန်ကမူ သရုပ်ဆောင်နေခြင်းသာ။
"လူချောလေး... ရှင်က အရမ်းကောင်းတာပဲ။ ရှင့်ကို ကျွန်မ ခွက်မြှောက်ဂုဏ်ပြုပါရစေ"
လုဖန်က ခေါင်းတညိတ်ညိတ်လုပ်ကာ နောက်တစ်ခွက် မော့သောက်လိုက်သည်။
ဤကောင်မလေး ခိုက်သွားပြီဟုတွေးရင်း သူ့ရင်ထဲ ဝမ်းသာလုံးဆို့နေချေသည်။
ဆူဆန်ကလည်း တစ်ငုံသောက်ပြီး ပြောလိုက်၏။
"လူချောလေး... ကျွန်မ သွားရတော့မယ်။ မနက်ဖြန် နိုင်ငံခြားသွားရမှာမို့။ မနက်ကိုးနာရီ မြန်မာကိုသွားမယ့် လေယာဉ်စီးရမှာ"
"ခရီးသွားဖို့လား"
"ဟုတ်တယ်။ စိတ်ညစ်နေလို့ စိတ်ပြေလက်ပျောက်သွားမလို့"
ထိုစကားကို ကြားသောအခါ လုဖန် တိတ်တဆိတ်ကျေနပ်သွားသည်။
ဤသည်မှာ အလွန်ကောင်းလှသော အခွင့်အရေးပင်။
ဆူဆန်က လှလည်းလှသလို ပိုက်ဆံလည်းရှိသည်။ သူ(မ)ကိုသာ အပိုင်သိမ်းနိုင်လျှင် သူ့တစ်သက် ပူပင်စရာရှိတော့မည်မဟုတ်ပေ။
လုဖန်က ဤအသေးစိတ်အချက်အလက်များကို မှတ်သားထားလိုက်သည်။
"အချောလေး... ကျွန်မ သွားပြီနော်။ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့"
လုဖန် ခေါင်းညိတ်ပြလိုက်သည်။
အစကမူ ဆူဆန်၏ဝီချက်ကို တောင်းချင်သော်လည်း စိတ်ထိန်းထားလိုက်သည်။
ဤသို့သောကိစ္စမျိုးမှာ လောလို့မဖြစ်ပေ။ မိန်းမများကို မြှူဆွယ်ရာတွင် ဖြည်းဖြည်းချင်း သွားရမည်ဖြစ်၏။
ဆူဆန် ထွက်သွားပြီးနောက် ဆွဲဆောင်မှုရှိသော သူ(မ)၏ကျောပြင်လေးကိုကြည့်ကာ လုဖန်၏မျက်နှာထက်တွင် ခပ်သဲ့သဲ့အပြုံးတစ်ခု ပေါ်လာသည်။
ဆူဆန် ထွက်သွားသည်နှင့်တစ်ပြိုင်နက် လုဖန်ကလည်း နောက်နေ့ မြန်မာနိုင်ငံသို့သွားမည့် လေယာဉ်ခရီးစဉ်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။
ကိုးနာရီတွင် လေယာဉ်တစ်စင်းသာ ရှိသည်။
သူလည်း တုံ့ဆိုင်းမနေဘဲ လေယာဉ်လက်မှတ်ကို ဘိုကင်လုပ်လိုက်သည်။
ဒီတော့ တကယ်ပဲကိုး။
ချမ်းသာသော အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ပြီး ဥစ္စာဓနများကို သိမ်းပိုက်ကာ သူဌေးတစ်ယောက် ဖြစ်လာတော့မည့်အကြောင်းကိုပင် သူ အိပ်မက်မက်နေချေပြီ။
နောက်နေ့မနက်စောစောတွင် လုဖန်က အမှတ်တံဆိပ်အတု အဝတ်အစားများကို ဝတ်ဆင်ပြီး လက်ကောက်ဝတ်တွင် ရိုးလက်စ်ရွှေနာရီအတုကိုပတ်ကာ လွမ်းဆွေးနေသော လူကုံထံဦးလေးတစ်ယောက်နှယ် ဂိုက်ဖမ်း၍ မှန်ထဲတွင် ကြည့်လိုက်သည်။
သူက မှန်ထဲတွင် နွေးထွေးစွာ ပြုံးလိုက်သည်။ သူသဘ် ချောမောခန့်ညားမှုနှင့်အတူ လူအများကို မတူညီသော ခံစားချက်မျိုး ပေးစွမ်းနိုင်ပေသည်။
အနည်းငယ် ပြင်ဆင်ပြီးနောက် လုဖန်လည်း ဂူချီအိတ်တစ်လုံးကိုကိုင်၍ လေဆိပ်သို့ ထွက်လာခဲ့လိုက်သည်။
လုံခြုံရေးစစ်ဆေးမှုများကို ဖြတ်သန်းပြီးနောက် ဗီအိုင်ပီနားနေခန်းထဲသို့ ဝင်သွားလိုက်သည်။
ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်လေရာ မျှော်လင့်ထားသည့်အတိုင်း ဖုန်းကို ငုံ့ကြည့်နေသည့် ဆူဆန်ကို တွေ့လိုက်ရသည်။
"သားကောင် ပေါ်လာပြီ။ သွားပေတော့ မြေခွေးမလေး"
ဆူဆန်က ဖုန်းထဲရှိ စာတိုကို မြင်သောအခါ ထိုစာကိုဖျက်လိုက်ပြီး အင်တာနက်သုံးနေဟန်ဆောင်လိုက်သည်။
ထိုအချိန်တွင် လုဖန်က ဆူဆန်ဆီသို့ လျှောက်သွားလိုက်၏။
တကယ်တမ်းတွင် ဆူဆန်က လုဖန် ရောက်လာပြီဖြစ်ကြောင်း သိထားပြီးဖြစ်သော်လည်း တမင်တကာ သတင်းဖတ်ရင်း ဖုန်းကိုသာ အာရုံစိုက်နေခဲ့သည်။
"ဟိုင်း... ကိုယ်တို့ ရေစက်တော်တော်ပါပုံရတယ်"
"မြန်မာနိုင်ငံက နေလို့ကောင်းတယ်လို့ ကြားလို့။ စိတ်ပြေလက်ပျောက်အနားယူဖို့ သွားမလို့လေ"
ဆူဆန်က လုဖန်ကို ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားဟန်ပြုလိုက်၏။
လုဖန်က ပြုံးလိုက်သည်။
"မနေ့က အိမ်ပြန်ရောက်တော့ မင်းရဲ့ပုံရိပ်က ကိုယ့်စိတ်ထဲက ထွက်မသွားဘူး။ ဒါနဲ့ပဲ ရေစက်ကို ကိုယ်တိုင်ဖန်တီးရင် မကောင်းဘူးလားလို့တွေးမိတာနဲ့ မင်းနဲ့အတူ လိုက်လာဖို့ ဆုံးဖြတ်လိုက်တာ။ မဟုတ်ရင် ကိုယ် အချစ်နာကျသွားမှာ ကြောက်မိတယ်"
"အဲဒါကြောင့် ကိုယ်တို့ ဒီလောက်မြန်မြန် ပြန်တွေ့ကြရတာပေါ့"
လုဖန်က သူပြင်ဆင်ထားသည့် စကားလုံးများကို ထုတ်ပြောလိုက်သည်။
ပြောပြီးနောက် လုဖန်က ခပ်ဖွဖွပြုံးလိုက်သည်။
"ကိုယ်တို့ အတူလျှောက်လည်ကြမလား"
ဆူဆန်က ရှက်သွေးဖြာလေဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ။ ဟိုမှာ လုံခြုံရေးသိပ်မကောင်းဘူးလို့ကြားတယ်။ အဖော်တစ်ယောက်ရှိတော့ စိတ်လုံခြုံတာပေါ့"
တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင် ရည်ရွယ်ချက်အသီးသီး ရှိနေကြသဖြင့် အဆင်ပြေသွားကြသည်။
လုဖန်လည်း သူ့စွမ်းဆောင်ရည်အပေါ် အလွန်ကျေနပ်သွားသည်။ ဤအမျိုးသမီးက သူ့ကို စိတ်ဝင်စားသွားပြီဖြစ်ကြောင်း သိသာလှသည်။
မြန်မာနိုင်ငံမှာ သူ(မ)ကို သိမ်းပိုက်လိုက်လျှင် အကောင်းဆုံးပင်။
လေယာဉ်ဆင်းသက်သည်နှင့်တစ်ပြိုင်နက် လုဖန်က လူကြီးလူကောင်းတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားပြီး ဆူဆန်၏ ခရီးဆောင်အိတ်များကို ကူညီသယ်ဆောင်ပေးကာ ကားငှားပေးခဲ့သည်။
သူတို့နှစ်ယောက်သား ဟိုတယ်တစ်ခုတည်းမှာပင် တည်းခိုခဲ့ကြသည်။
နောက်တစ်နေ့တွင် သူတို့နှစ်ယောက်သား အတူအပြင်ထွက်ခဲ့ကြသည်။
ဆူဆန်က ရယ်မောလိုက်၏။
"လောင်းကစားလုပ်လို့ရတဲ့ နေရာတစ်ခုရှိတယ်တဲ့။ ကျွန်မတို့ ကံစမ်းကြည့်ကြမလား"
လုဖန်၏ မျက်လုံးများ အရောင်လက်သွားချေသည်။
"ရတာပေါ့။ ကံစမ်းကြည့်ကြမယ်လေ"
ဆူဆန်က လုဖန်ကို ကလပ်တစ်ခုနှင့်တူသော နေရာသို့ ခေါ်သွားခဲ့သည်။
အထဲတွင် လူများ ပြည့်ကျပ်နေပေသည်။
ဆူဆန်နှင့် လုဖန်တို့နှစ်ယောက်သား စားပွဲတစ်ခုသို့ ချဉ်းကပ်သွားပြီး ဒေါ်လာတစ်ထောင်ဖိုး လဲလိုက်သည်။
"ကျွန်မတို့ ဒါနဲ့ပဲ ကစားမယ်။ ကုန်သွားရင် ပြန်ကြမယ်နော်"
ဆူဆန်က ပြောလိုက်၏။
"ကောင်းပြီ။ ဒီလိုကိစ္စမျိုးဆိုရင် ကိုယ်က အတော်ဆုံးပဲ"
လုဖန်၏ကံက တကယ်လည်း အလွန်ကောင်းလှသည်။ သိပ်မကြာခင်မှာပင် သူ့ရှေ့တွင် တိုကင်ပြားများ စုပုံလာသည်။
"ဟားဟား... ဒီတစ်ခါ ကိုယ် ကံတော်တော်ကောင်းနေပုံရတယ်"
ဆူဆန်လည်း အလွန်စိတ်လှုပ်ရှားနေချေသည်။
"ရှင်က တော်လိုက်တာ"
သို့သော် နောက်ပိုင်းတွင် လုဖန်၏ကံက ဆက်တိုက်ဆိုးဝါးလာပြီး နိုင်ထားသော ငွေများအားလုံး ပြန်ရှုံးသွားသည်။
ဆူဆန်က ပြုံးစစဖြင့် ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး။ တိုကင်ပြားတွေ ထပ်တောင်းလို့ရပါတယ်"
လုဖန်ကို နောက်ထပ်ဒေါ်လာတစ်ထောင် ထပ်ပေးလိုက်သော်လည်း သူက အမြန်ပြန်ရှုံးသွားသည်။
အစကတည်းက လုဖန်သည် လောင်းကစားကို ခုံမင်နှစ်သက်သူဖြစ်၏။ တစ်စုံတစ်ယောက်က ငွေထုတ်ပေးနေသောကြောင့် ပိုစွဲလမ်းလာပြီး လက်ကြီးကြီး ကစားလာလေရာ ခဏအကြာမှာပင် နှစ်သိန်းကျော် ရှုံးသွားခဲ့သည်။
"ဆူဆန်.. ကိုယ့်ကို ထပ်လဲပေးပါဦး"
လုဖန် လှည့်ကြည့်လိုက်သောအခါ ဆူဆန် ပျောက်နေကြောင်း တွေ့လိုက်ရသည်။
"ဆူဆန်... မင်း ဘယ်မှာလဲ"
လုဖန်လည်း ထွက်သွားရန် မတ်တတ်ထရပ်လိုက်သော်ငြား သူ့အနောက်တွင် တောင့်တင်းသန်မာသော အမျိုးသားနှစ်ယောက်က လမ်းပိတ်ထားချေသည်။
"လူကြီးမင်း တိုကင်ပြားတွေအတွက် ငွေမရှင်းရသေးဘူးလေ"
ဘာ..
လုဖန် မျက်နှာပျက်သွားလေသည်။
"မဖြစ်နိုင်တာ.. ကျွန်တော်နဲ့အတူပါလာတဲ့ မိန်းကလေးက ရှင်းပေးပြီးလောက်ပါပြီ"
"မိန်းကလေး ဟုတ်လား။ သူကဖြင့် ထွက်သွားတာကြာလှနေပြီ။ ဒီတိုကင်ပြားတွေက သူ့နာမည်နဲ့ အကြွေးယူထားတာ"
ထိုစကားကိုကြားပြီးနောက် လုဖန်ခမျာ မေ့လဲမတတ်ဖြစ်သွားသည်။
သူ့ရင်ထဲတွင် ဆိုးဝါးလှသော ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။
သူ လှည့်စားခံလိုက်ရလေပြီ။
••••••••••••••••••
အပိုင်း ၅၄၈ : ကျွမ်းကျင်ပညာရှင်များ၏ ဆရာဖြစ်လာခြင်း
တောင့်တင်းသန်မာသော အမျိုးသားတစ်ယောက်က လုဖန်ကို မကောင်းဆိုးဝါးဆန်သော အပြုံးဖြင့် ကြည့်လိုက်သည်။
"ဒီတိုကင်ပြားတွေအကုန်းလုံးက သူ့နာမည်နဲ့ အကြွေးယူထားတာ။ ပြီးတော့ ငွေလည်းမရှင်းရသေးဘူး။ မင်း အခု စုစုပေါင်း ၂.၈၇သန်း ရှုံးသွားပြီ။ ငွေရှင်းပေးပါ"
ထိုအမျိုးသား၏စကားကို ကြားသောအခါ လုဖန်၏အမူအရာကား ရုတ်ခြည်းပြောင်းလဲသွားသည်။
"ဘာ... ငါက ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး ရှုံးသွားရတာလဲ"
ထိုအမျိုးသမီးက သူ့ကို ဒကာခံသည်ဟုသာ ထင်မှတ်ထားခဲ့သောကြောင့် ငွေပမာဏကို လုံးဝဂရုမစိုက်ခဲ့ပေ။
"ငါက အဲဒီမိန်းမနဲ့ ဟိုတယ်တစ်ခုတည်းမှာ တည်းတာ။ ဟိုတယ်မှာ သွားရှာလို့ရတယ်"
"ဟွန့်... အဲဒီမိန်းမကို ဖုန်းဆက်လို့ရတာပဲလေ"
"ဖုန်း... ငါ..."
လုဖန် ဆွံ့အသွားရချေသည်။
သူ(မ)၏ဖုန်းနံပါတ်ကို သူက ဘယ်လိုလုပ် သိမည်နည်း။
"မင်းမှာ ပိုက်ဆံမရှိရင် မင်းဆီကိုပိုက်ဆံပို့ပေးဖို့ မိသားစုကို ဖုန်းဆက်လိုက်"
လုဖန် မှင်တက်သွားပြန်သည်။
သူက ဘယ်သူ့ကို ပိုက်ဆံပို့ခိုင်းရမည်နည်း။
ယခုအချိန်တွင် သူ မှီခိုအားထားစရာ မိသားစု မရှိတော့ဘဲ လိမ်လည်လှည့်ဖြားခြင်းဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုနေရသည်။
"ငါ့ဆီပိုက်ဆံပို့ပေးမယ့်လူ ဘယ်သူမှမရှိဘူး"
"ဘာ"
ထိုအမျိုးသား၏ မျက်နှာအမူအရာမှာ တင်းမာသွားသည်။
ထိုအချိန်တွင် လူတချို့ပြေးလာပြီး သူ့ကို ရက်ရက်စက်စက် ရိုက်နှက်ကာ သော့ခတ်၍ ပိတ်လှောင်ထားလိုက်သည်။
ထိုအချိန်တွင် ယဲ့ချန်း၏ဖုန်းက မြည်လာသည်။
"သူဌေး... အကုန်ကိုင်တွယ်ဖြေရှင်းပြီးပါပြီ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
တကယ်တော့ ဤအရာအားလုံးက ယဲ့ချန်း စီစဉ်ထားခြင်းပင်။
လုဖန်လို လူမျိုးက ရှောင်မေ့ကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။
ထို့ကြောင့် သူ့ကို ပျောက်ကွယ်သွားစေချင်သည်။
လူသတ်ခြင်းက တရားမဝင်သောကြောင့် ယဲ့ချန်းအနေနှင့် ထိုသို့လုပ်မည်မဟုတ်ပေ။
သို့သော် သူ့အနေနှင့် အခြားနည်းလမ်းများကို အသုံးပြုနိုင်သည်။
အကယ်၍ လုဖန်ကို လာရွေးမည့်လူ မရှိပါက သူ့လက်ကျန်ဘဝလည်း အလွန်သနားစရာကောင်းသွားမည်ဖြစ်၏။ အလုပ်ကြမ်းများကိုသာ လုပ်ကိုင်ရတော့မည်ဖြစ်ရာ ဟွားနိုင်ငံသို့ပြန်လာရန် အခွင့်အရေး မရှိတော့ချေ။
ထိုအချိန်မှာပင် မုန့်ဝမ်ထင်က ယဲ့ချန်းကို ဖုန်းခေါ်လာသည်။
"ယဲ့ချန်း.. ဟိုလူယုတ်မာ ကျွန်မဆီကို ဖုန်းဆက်တယ်။ သူ မြန်မာနိုင်ငံမှာ အဖမ်းခံထားရလို့ သူ့အတွက် ပိုက်ဆံထုတ်ပေးစေချင်တယ်တဲ့"
"သူပြန်ရောက်လာပြီး ရှောင်မေ့ကို ဒုက္ခပေးစေချင်လို့လား"
ယဲ့ချန်းကလည်း တည်တည်ငြိမ်ငြိမ် ခွန်းတုံ့ပြန်လိုက်သည်။
မန်ဝမ်ထင်ကလည်း ပြန်ဖြေသည်။
"သူလွတ်လာအောင် ကျွန်မ ပိုက်ဆံထုတ်မပေးနိုင်ပါဘူး။ ကျေးဇူးတင်ပါတယ် ယဲ့ချန်း"
ယဲ့ချန်းသည် ယခင်က လုဖန်ကို ပျောက်ကွယ်သွားအောင် လုပ်မည်ဟု ပြောခဲ့ဖူးသဖြင့် အကြမ်းဖက်နည်းလမ်းတချို့ကို သုံးလိမ့်မည်ဟု သူ(မ) ထင်ခဲ့သော်လည်း ယဲ့ချန်းက ဉာဏ်ကောင်းလွန်းသည်။
ဗီဒီယိုထဲတွင် လုဖန်မှာ သနားစရာကောင်းအောင် ရိုက်နှက်ခံနေရပြီး ငိုယိုတောင်းပန်လုနီးပါး ဖြစ်နေချေသည်။
သို့သော် အတိတ်တုန်းက သူ့လုပ်ရပ်များကို တွေးကြည့်လိုက်လျှင် မုန့်ဝမ်ထင် စိတ်ကျေနပ်မိသည်။
ယခင်က သူသည် သူ(မ)နှင့် သူ(မ)၏ညီမထံမှ ငွေတောင်းလေ့ရှိပြီး မပေးလျှင် ရိုက်နှက်တတ်သည်။ ဤသည်မှာ ဝဋ်လည်ခြင်းပင် ဖြစ်ရမည်။
နောက်တစ်နေ့တွင် ယဲ့ချန်း တက္ကစီမောင်းနေစဉ် အကြီးအကဲဝေ့ထံမှ ဖုန်းဝင်လာသည်။
"မစ္စတာယဲ့.. ကျွန်တော့်မှာ မသင့်တော်တဲ့ တောင်းဆိုမှုတစ်ခု ရှိတယ်"
ယဲ့ချန်းက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်၏။
"အကြီးအကဲဝေ့... ဘာပဲဖြစ်ဖြစ် အားမနာဘဲ ပြောသာပြောပါ"
အကြီးအကဲဝေ့က ဆိုလာလေသည်။
"မစ္စတာယဲ့... ခင်ဗျားရဲ့ပရောဂျက်ကို ကျွန်တော်တို့ပြည်တွင်းစက်မှုကျွမ်းကျင်ပညာရှင်တွေက စိတ်ဝင်စားနေတယ်။ သူတို့က စတားတက္ကသိုလ်မှာ သုတေသနလုပ်ပြီး လေ့လာချင်နေကြတယ်။ အဆင်ပြေနိုင်မလား"
မည်သို့ပင်ဆိုစေကာမူ စက်ရုပ်ကို စတားတက္ကသိုလ်က ထုတ်လုပ်ထားခြင်းဖြစ်ပြီး ထိုအရာမှာ သူတို့၏ မူပိုင်ခွင့်ပင်။ ထိုအရာများကို လေ့လာရန် လူလွှတ်ခိုင်းခြင်းကား အနည်းငယ် အဓိပ္ပာယ်မရှိသလို ဖြစ်နေပေသည်။
ယဲ့ချန်းလည်း တစ်ဖက်လူ၏စကားကို နားထောင်ပြီး ခပ်ဖွဖွပြုံးလိုက်သည်။
"ပြဿနာမရှိပါဘူး အကြီးအကဲဝေ့.. သူတို့လာချင်ရင် ကျွန်တော်က ကြိုဆိုပါတယ်"
ဤကျွမ်းကျင်ပညာရှင်များ လေ့လာလျှင်ပင် အတိုင်းအတာတစ်ခုအထိသာ တိုးတက်လာမည်ဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။ လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည့် အန္တရာယ်မျိုး မရှိပေ။
သူတို့အနေနှင့် စက်ရုပ်၏အပေါ်ယံကိုသာ လေ့လာနိုင်သည်။ အနှစ်သာရကတော့ ယဲ့ချန်း၏လက်ထဲတွင်သာ ရှိသဖြင့် သူတို့ လက်လှမ်းမမီနိုင်ပေ။
ယဲ့ချန်း၏စကားကို ကြားသောအခါ အကြီးအကဲဝေ့လည်း အလွန်ဝမ်းသာသွားသည်။
နောက်တစ်နေ့တွင် ကားတစ်စီးက စတားတက္ကသိုလ်အတွင်းသို့ မောင်းဝင်လာသည်။
ဟွားနိုင်ငံရှိ ဝါရင့်စက်မှုကျွမ်းကျင်ပညာရှင်ရှစ်ယောက် ကားပေါ်က ဆင်းလာကြသည်။
ဤလူအားလုံးက အလွန်အသက်ကြီးနေကြပြီဖြစ်၏။
ဤလူများကို မြင်သောအခါ စက်မှုဌာနရှိ ကျောင်းသားတစ်ယောက်က ရုတ်တရက်ရေရွတ်လိုက်၏။
"ဘုရားရေ.. အဲဒါ စက်မှုလောကရဲ့ ရှေ့ဆောင်ပုဂ္ဂိုလ် ဝမ်ခိုင်မဟုတ်လား"
"ဟုတ်တယ်။ တီဗီထဲမှာ သူ့ကို ငါမြင်ဖူးတယ်"
"ဝမ်ခိုင်က ဟွားနိုင်ငံစက်မှုလောကရဲ့ ရှေ့ဆောင်ပုဂ္ဂိုလ်လေ။ သူက ဘာလို့ စတားတက္ကသိုလ်ကို ရောက်နေတာလဲ"
ဟွားနိုင်ငံ၏ စက်မှုကျွမ်းကျင်ပညာရှင်များ စတားတက္ကသိုလ်သို့ ရောက်ရှိလာသည့် သတင်းက ကျောင်းတစ်ခွင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
မကြာခင်မှာပင် ကျောင်းသားများလည်း အကြောင်းအရင်းကို ခန့်မှန်းမိသွားကြသည်။
ဤလူများမှာ စက်ရုပ်ကြီးအတွက် ရောက်လာကြခြင်းပင်။
ထိုကျွမ်းကျင်ပညာရှင်များ ရောက်လာသည်နှင့်တစ်ပြိုင်နက် စက်ရုပ်ဓာတ်ခွဲခန်းထဲသို့ ဝင်သွားကြသည်။
ဟွားနိုင်ငံရှိ ကျော်ကြားလှသော ကျွမ်းကျင်ပညာရှင်များက စတားတက္ကသိုလ်သို့ လာရောက်လိမ့်မည်ဟု မည်သူမှ မထင်ထားကြချေ။
ထို့ပြင် အံ့ဩစရာအကောင်းဆုံးမှာ သူတို့သည် လေ့လာရန် လာရောက်ခြင်းပင်။
ဤသတင်းက တက္ကသိုလ်ပေါင်းစုံအထိ အလျင်အမြန် ပျံ့နှံ့သွားသည်။
ဟွားနိုင်ငံရှိ စက်မှုကျွမ်းကျင်ပညာရှင်အဖွဲ့က နည်းပညာပိုင်းဆိုင်ရာလေ့လာရန်အတွက် စတားတက္ကသိုလ်သို့ ရောက်လာကြသည်။
နေရာအနှံ့ရှိ တက္ကသိုလ်များလည်း အံ့အားသင့်သွားကြသည်။
ဤကျွမ်းကျင်ပညာရှင်များထဲမှ တစ်ဦးတည်းကပင် မည်သည့်ကျောင်းတွင်မဆို ဦးဆောင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်သော်လည်း ထပ်မံလေ့လာသင်ယူရန်အတွက် စတားတက္ကသိုလ်သို့ သွားရောက်ခဲ့သည်ဆိုခြင်းမှာ ယုံနိုင်စရာမရှိပေ။
ဤကျွမ်းကျင်ပညာရှင်များမှာ သူတို့၏အချိန်အားလုံးကို ဓာတ်ခွဲခန်းထဲတွင်သာ ကုန်ဆုံးခဲ့ကြသည်။
အစပိုင်းတွင် သူတို့သည် စက်ရုပ်နှင့်ပတ်သက်၍ သံသယအချို့ရှိခဲ့သော်လည်း သုတေသနပြုပြီးနောက်တွင်မူ ထိုစက်ပစ္စည်းကြောင့် လုံးဝအံ့ဩမှင်တက်သွားကြသည်။
စက်ရုပ်၏ ထုတ်လုပ်မှုအဆင့်တစ်ခုလုံးတွင် အဆင့်မြင့်နည်းပညာကို အသုံးမပြုထားသော်လည်း ဖန်တီးမှုအရာတွင်မူ မယုံနိုင်လောက်အောင် ရှုပ်ထွေးနက်နဲလှသည်။ စင်စစ်အံ့ဩဖွယ်ကောင်းလှသည်။
ဤကျွမ်းကျင်ပညာရှင်များပင် အံ့ဩမှင်တက်ကုန်သည်။
ထို့ပြင် ကျောင်းသားများကဲ့သို့ပင် ကျွမ်းကျင်ပညာရှင်များလည်း လုဂန်အနားတွင် ရိုသေလေးစားမှုအပြည့်ဖြင့် စုဝေးနေကြသည်။
လုဂန်က သူတို့၏မေးခွန်းများကို ပြန်ဖြေပေးသောအခါ ဤကျွမ်းကျင်ပညာရှင်များမှာ ဝမ်းမြောက်ဝမ်းသာဖြင့် မှတ်စုစာအုပ်ထဲတွင် ထပ်ခါတလဲလဲ မှတ်သားနေကြသည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်ဝယ် လူတိုင်း မှင်တက်သွားကြသည်။
သူတို့သည် ဟွားနိုင်ငံရှိ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များ ဖြစ်သော်ငြား တက္ကသိုလ်ကျောင်းသားတစ်ယောက်ထံမှ အဖြေများကို မှတ်သားနေကြရသည်။ ယုံကြည်ရန် ခက်ခဲလှပေသည်။
ဤဖြစ်ရပ်က ကျောင်းဝင်းတစ်ခွင်သို့ အလျင်အမြန် ပျံ့နှံ့သွားသည်။
မကြာခင်မှာပင် ဟွားနိုင်ငံ၏ ပညာရေးဖိုရမ်များအထိ ပျံ့နှံ့သွားခဲ့သည်။
စတားတက္ကသိုလ်က မည်သို့သော မှော်ပညာမျိုး ပိုင်ဆိုင်ထားသလဲဆိုသည်ကို လူတိုင်း သိချင်နေကြသည်။
ဤကျောင်းသားများမှာ ပညာရေးအရ မျှော်လင့်ချက်မဲ့သူများဟု သတ်မှတ်ခံထားရသူများပင်။
တက္ကသိုလ်ဝင်ခွင့်ရမှတ် လေးရာနှင့်အထက် ရထားသူကပင် ထိုနေရာတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်ခံရသည်။
သို့သော် အောင်မြင်နိုင်ခြေမရှိဟု ထင်ရသော ဤကျောင်းသားများက အံ့ဖွယ်ဖြစ်ရပ်များကို တစ်ခုပြီးတစ်ခု ဖန်တီးခဲ့ကြသည်။
ထိုအခိုက်ဝယ် စတားတက္ကသိုလ်မှာ ပညာရေးနယ်ပယ်တွင် ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာခဲ့သည်။
စတားတက္ကသိုလ်က ဆရာဆရာမများကို ဘာကြောင့် မလိုချင်ရသလဲဆိုသည်ကို သူတို့ အဆုံးတွင်မူ နားလည်လိုက်ချေပြီ။
ဟွားနိုင်ငံရှိ ထိပ်တန်းကျွမ်းကျင်ပညာရှင်များကပင် ထိုနေရာရှိ ကျောင်းသားများ၏ လမ်းညွှန်သင်ကြားမှုကို ခံယူရမည်ဆိုလျှင် အခြားမည်သူကများ သူတို့ကို သင်ပေးနိုင်မည်နည်း။
အထူးသဖြင့် ဆက်လက်လေ့လာသင်ယူရန်အတွက် စတားတက္ကသိုလ်သို့ လာရောက်ကြသော ကျောင်းသားများမှာ အဆုံးတွင် စတားတက္ကသိုလ်၏ မှော်ဆန်မှုကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည်။
ဤနေရာက အိပ်မက်များကို အကောင်အထည်ဖော်ရန်အတွက် နိဗ္ဗာန်ဘုံတစ်ခုပင်။
အစတုန်းက သူတို့သည် လေ့လာသင်ယူရန် လာခဲ့ကြပြီး အသိပညာဗဟုသုတများနှင့်အတူ ပြန်သွားရန် စီစဉ်ထားခဲ့ကြသည်။
သို့သော် ယခုမူ ဤကျောင်းသားများမှာ ရင်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြပြီဖြစ်၏။
သူတို့ ထွက်မသွားကြတော့ပေ။
အကြောင်းကား ဤနေရာတွင်သာ သူတို့၏ အိပ်မက်များကို စိတ်နှလုံးအကြွင်းမဲ့ အကောင်အထည်ဖော်နိုင်မည်ဖြစ်သောကြောင့်ပင်တည်း။
ဤနေရာတွင်သာ သူတို့လိုချင်သော အသိပညာများကို လေ့လာသင်ယူနိုင်မည်ဖြစ်၏။
အရေးအကြီးဆုံးအချက်မှာ ဤနေရာတွင် ကျောင်းသားတိုင်းက သူတို့၏ဆရာများပင်။
အချင်းချင်း ပညာဖလှယ်ကြပြီး အတူတကွ သုတေသနလုပ်ကြရသည်။ ယခင်က ဤကဲ့သို့သော ခံစားချက်မျိုးကို သူတို့ တစ်ခါမှမကြုံဖူးခဲ့ပေ။
လေ့လာသင်ယူမှုများ ပြုလုပ်ပြီးနောက် ကျွမ်းကျင်ပညာရှင်များမှာ လက်ရာမြောက်လှသော စက်ရုပ်၏အနုပညာလက်ရာကြောင့် လုံးဝကြွေဆင်းသွားကြသည်။
သူတို့၏မှတ်စုများမှာ စာအုပ်တစ်အုပ်လုံးအနှံ့ ပြည့်သွားခဲ့သည်။ နောက်ထပ် သုတေသနများ ပြုလုပ်ရန်အတွက် ဤမှတ်စုများကို ပြန်ယူသွားရန် လိုအပ်ပေသည်။
စတားတက္ကသိုလ်သည် ယခုအခါ နိုင်ငံတော်နှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတချို့ ရှိနေပြီဖြစ်၏။
စတားတက္ကသိုလ်က နျူကလီးယား အင်ဂျင်များအတွက် နည်းပညာထောက်ပံ့ပေးမည်ဖြစ်ပြီး နိုင်ငံတော်ဘက်ကလည်း သက်ဆိုင်ရာ အခကြေးငွေများကို ပေးချေမည်။
နိုင်ငံတော်က အသုံးပြုမည်ဖြစ်သောကြောင့် ယဲ့ချန်းကလည်း နျူကလီးယားပေါင်းစပ်ဓာတ်ပေါင်းဖိုများကို ဂရုတစိုက်ဖြင့် အဆင့်မြှင့်တင်ပေးခဲ့သည်။
ယဲ့ချန်းက အနည်းငယ်သာ အဆင့်မြှင့်တင်ပေးလိုက်သော်လည်း ထိုအရာကတင် ကမ္ဘာတစ်ဝန်းရှိ နယ်ပယ်အသီးသီးတွင် ထိပ်တန်းနည်းပညာတစ်ခု ဖြစ်နေချေပြီ။
ဤကဲ့သို့သော အင်ဂျင်မျိုးက ဟွားနိုင်ငံ၏ နည်းပညာအဆင့်အတန်းကို ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်ရှိစေခဲ့သည်။
ကျွမ်းကျင်ပညာရှင်အဖွဲ့ ပြန်တော့မည့်အချိန်တွင် ဝမ်ခိုင်က လုဂန်နှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။
"ကျောင်းသားလု... ကျေးဇူးအများကြီးတင်ပါတယ်။ မင်းဆီက အများကြီးသင်ယူခဲ့ရတယ်"
ဝမ်ခိုင်က ကျေးဇူးတင်စကားပြောလိုက်သည်။
လုဂန်ခမျာ အနည်းငယ်ရှက်သွားသည်။
ဤကျွမ်းကျင်ပညာရှင်များက သူ့စံပြပုဂ္ဂိုလ်များပင်။ ယခုမူ သူတို့က သူ့ထံမှ လေ့လာသင်ယူနေကြပေသည်။ သူသည် သူတို့၏ဆရာ ဖြစ်လာခဲ့ချေပြီ။
••••••••••••••••
အပိုင်း ၅၄၉ : ကျွန်တော်တို့ မပြန်ဘူး
ကျွမ်းကျင်ပညာရှင်များ ပြန်သွားပြီးနောက် စတားတက္ကသိုလ်မှာ ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်သွားသည်။
ကျောင်းသားများမှာ သူတို့၏အိပ်မက်များအတွက် ဆက်လက်ကြိုးစားနေကြသည်။
လုဂန်နှင့် သူ့အဖွဲ့ကလည်း သူတို့၏ စက်ရုပ်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
ဝမ်မုန့်နှင့် သူ့အဖွဲ့လည်း နျူကလီးယားပေါင်းစပ်ဓာတ်ပေါင်းဖို အဆင့်မြှင့်တင်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
စတားတက္ကသိုလ်မှာ ဤနယ်ပယ်များတွင်သာမက အခြားနယ်ပယ်ပေါင်းများစွာတွင်လည်း သိသိသာသာတိုးတက်ခဲ့သည်။
ဂီတ၊ အချက်အပြုတ်၊ ဗိသုကာပညာတို့အပြင် ရူပဗေဒနှင့် ဓာတုဗေဒဘာသာရပ်များတွင်ပင် စတားတက္ကသိုလ်က သိသာထင်ရှားသော အောင်မြင်မှုများကို ရရှိခဲ့သည်။
ပညာဖလှယ်ရေး ကျောင်းသားများအနေနှင့် သူတို့သည် စတားတက္ကသိုလ်နှင့် အပြည့်အဝပေါင်းစပ်သွားခဲ့ပြီဖြစ်ရာ သူတို့၏ မူလကျောင်းများသို့ ပြန်သွားရန်ဆိုသည်မှာ မေးခွန်းထုတ်စရာပင် မလိုတော့ပေ။
အစတုန်းက ဤကျောင်းသားများမှာ စတားတက္ကသိုလ်တွင် လဝက်ခန့်သာ နေထိုင်ရမည်ဖြစ်၏။
ကျောင်းအုပ်များက ဤကျောင်းသားများကို စတားတက္ကသိုလ်၏ အဆင့်မြင့်စီမံခန့်ခွဲရေး သဘောတရားများကို သင်ယူပြီး ပြန်လာချိန်တွင် သူတို့၏မိခင်တက္ကသိုလ်များတွင် အသုံးချစေချင်ရုံသာ။
သို့သော် အချိန်တန်သွားသော်လည်း ဤကျောင်းသားများထဲမှ တစ်ယောက်မှ ပြန်မလာခဲ့ပေ။
ကျောင်းအုပ်များမှာ စိုးရိမ်ပူပန်လာကြသည်။
မည်သို့ပင်ဆိုစေကာမူ ဤကျောင်းသားများသည် သူတို့ကျောင်းကိုယ်စီတွင် ထူးချွန်ထက်မြက်သူများပင်။
ကျောင်းအုပ်များအားလုံး သူတို့၏ကျောင်းသားများကို ပြန်ခေါ်ရန် စတားတက္ကသိုလ်သို့ ရောက်လာကြသည်။
သို့သော် ဤကျောင်းသားများကမူ ပြန်လိုက်ရန် အစီအစဉ်မရှိကြပေ။
အကြောင်းမှာ စတားတက္ကသိုလ်တွင် သူတို့၏အိပ်မက်များကို အကောင်အထည်ဖော်နိုင်မည့် စင်မြင့်တစ်ခုကို ရှာတွေ့ခဲ့သောကြောင့်ပင်။
ထို့ကြောင့် သူတို့အနေနှင့် သည်အတိုင်း ထွက်သွားရန် မည်သို့ဆန္ဒရှိမည်နည်း။
ယဲ့ချန်းကလည်း ကျောင်းအုပ်များ ရောက်လာမည်ကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်လေရာ သူ့ရုံးခန်းထဲတွင် သူတို့ကို စောင့်နေခဲ့သည်။
လက်ဖက်ရည်ဖျော်ပြီး အနည်းငယ် စကားစမြည်ပြောပြီးနောက် ကျောင်းအုပ်များက သူတို့၏ ကျောင်းသားများကို ပြန်ပေးရန် တောင်းဆိုကြလေတော့သည်။
မိုတုတက္ကသိုလ်ကျောင်းအုပ် : "ကျောင်းအုပ်ယဲ့... ကျွန်တော်တို့ရဲ့ ကျောင်းသားဖလှယ်ရေးကာလ ပြီးဆုံးသွားပြီလေ။ ခင်ဗျား သူတို့ကို ဘာလို့ပြန်မလွှတ်သေးတာလဲ"
ယဲ့ချန်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်၏။
"သြော်... ကျွန်တော်တို့က သူတို့ကို ပြန်မလွှတ်ဘူးလို့ ငြင်းထားတာမဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က သူတို့ကို အကြောင်းကြားပြီးပါပြီ။ ဒါပေမဲ့ သူတို့က ထွက်မသွားချင်ကြဘူးလေ။ ကျွန်တော်က သူတို့ကို အတင်းအကျပ်နှင်ထုတ်လို့မှမရတာ ဟုတ်တယ်မလား"
"ဘာ... သူတို့က ထွက်မသွားချင်ဘူး ဟုတ်လား"
ကျောင်းအုပ်များလည်း မယုံကြည်နိုင်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဤကျောင်းသားများကို မလွှတ်ခင် သူတို့ဘက်က အလွန်ကောင်းမွန်သော အကျိုးခံစားခွင့်များဖြင့် ကမ်းလှမ်းခဲ့သော်လည်း သူတို့ကမူ ပြန်လာရန် ဆန္ဒမရှိကြပေ။
ကျောင်းအုပ်များ မယုံကြည်နိုင်ဖြစ်နေသည်ကို မြင်သောအခါ ယဲ့ချန်းလည်း တည်တည်ငြိမ်ငြိမ် ပြုံးလိုက်မိသည်။
"ဒီလိုလုပ်ရင်ရော။ သူတို့နဲ့တွေ့ဖို့ ခင်ဗျားတို့ကို ခေါ်သွားပေးမယ်လေ"
တကယ်တမ်းတွင် ကျောင်းအုပ်များမှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိနေပြီဖြစ်၏။
အကြောင်းမှာ ယခုဆိုလျှင် ဤကျောင်းသားများကို ဖုန်းခေါ်လိုက်တိုင်း သူတို့အားလုံး ဖုန်းမကိုင်ကြချေ။
ယခုမူ ယဲ့ချန်း၏စကားကို ကြားသောအခါ သူတို့ ပို၍ပင် စိတ်မသက်မသာဖြစ်သွားသည်။
ယဲ့ချန်းလည်း သက်ပြင်းချလိုက်ချေသည်။
"အာ... ဒီကလေးတွေကတော့။ ကျွန်တော်လည်း အကျပ်ရိုက်နေတာ။ ခင်ဗျားတို့ပဲ သူတို့ကို ကူပြီးနားချပေးပါလား"
ကျောင်းအုပ်များမှာ ဆွံ့အသွားကြလေသည်။
ဤသည်မှာ ယဲ့ချန်းက တာဝန်ကို သူတို့ဆီသို့ လွှဲပေးလိုက်ခြင်းပင်။
သို့သော် ယဲ့ချန်းက ဤကျောင်းသားများကို ခေါ်ထားရန် အစီအစဉ်မရှိသောကြောင့် သူတို့ စိတ်သက်သာရာရသွားကြသည်။
လက်ရှိအချိန်တွင် နိုင်ငံတော်က စတားတက္ကသိုလ်ကို အလွန်တန်ဖိုးထားနေသည်ဖြစ်ရာ အကယ်၍ စတားတက္ကသိုလ်ကသာ သူတို့ကိုခေါ်ထားရန် ရည်ရွယ်ထားပါက သူတို့တစ်သိုက်လည်း တတ်နိုင်မည်မဟုတ်ချေ။
ယဲ့ချန်းက ကျောင်းသားများကို အစည်းအဝေးခန်းထဲတွင် လူစုရန် အကြောင်းကြားလိုက်သည်။
ကျောင်းအုပ်များလည်း အစည်းအဝေးခန်းထဲသို့ ဝင်သွားလိုက်လေရာ သူတို့၏ ကျောင်းသားများ အထဲတွင်ထိုင်နေကြောင်း တွေ့လိုက်ရသည်။
သို့သော် ကျောင်းသားများကမူ သူတို့၏ကျောင်းအုပ်များကို မြင်သောအခါ သိသိသာသာ စိတ်မသက်မသာဖြစ်နေဟန်တူသည်။
ကျောင်းအုပ်များကလည်း သူတို့၏ လူရည်ချွန်ကျောင်းသားများကို ကြည့်လိုက်မိသည်။
သို့သော် ဤကျောင်းသားများထံမှ အပြောင်းအလဲများကို သတိထားမိလိုက်သည်။
ယခင်က ဤကျောင်းသားတစ်ဦးချင်းစီတွင် မာနထောင်လွှားလေဟန် အမူအရာမျိုး ရှိခဲ့သော်လည်း ယခုမူ ထိုမာန်မာနများမှာ သူတို့၏မျက်နှာပေါ်က လုံးဝပျောက်ကွယ်သွားချေပြီ။
ကျောင်းသားတချို့က တစ်ကိုယ်လုံး ဆီချေးများ ပေကျံနေပြီး စက်ရုံအလုပ်သမားများနှင့်ပင် တူနေသေးသည်။
ယဲ့ချန်းက ရယ်မောလျက် ပြောလိုက်၏။
"ကျောင်းသားတို့... ပညာဖလှယ်ရေးကာလ ပြီးဆုံးသွားပြီမို့ မင်းတို့ရဲ့ကျောင်းအုပ်တွေက မင်းတို့ကိုပြန်ခေါ်ဖို့ ရောက်လာကြပြီ။ နောက်နောင်လည်း စတားတက္ကသိုလ်ကို ပြန်လာလည်ဖို့ ဖိတ်ခေါ်ပါတယ်"
ယဲ့ချန်း၏လေသံအရ သူတို့ကို ခေါ်ထားချင်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။
ယဲ့ချန်း၏စကားကို ကြားသောအခါ ကျောင်းအုပ်များမှာ သက်ပြင်းချနိုင်သွားကြသည်။
"ကျွန်တော် မပြန်ဘူး။ ကျွန်တော့်ရဲ့ပရောဂျက်က မပြီးသေးဘူး"
"ကျွန်တော် အခုမှ ကျွန်တော့်နယ်ပယ်မှာ အောင်မြင်မှုတစ်ခု ရထားတာဆိုတော့ ပြန်မသွားချင်ဘူး"
"ကျောင်းအုပ်ကြီး... ကျွန်တော် ပြန်မလိုက်တော့ဘူး။ စတားတက္ကသိုလ်မှာပဲ နေချင်တယ်"
...
ကျောင်းသားအားလုံးနီးပါးက စတားတက္ကသိုလ်တွင်နေရန် ဟူသော တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် အကြောင်းပြချက်အမျိုးမျိုး ပေးနေကြသည်။
နာမည်ကြီးတက္ကသိုလ်များမှ ကျောင်းအုပ်များ၏ မျက်နှာထက်တွင် မကျေနပ်လေဟန် အရိပ်အယောင်များ သိသိသာသာ ပေါ်လွင်နေချေသည်။
သူတို့က သူတို့ကျောင်းတွင် ထူးချွန်ထက်မြက်သူများ ဖြစ်ကြသည်။ ယခင်က သူတို့ကျောင်းများကို ဝင်ခွင့်ရခြင်းမှာ ဤကျောင်းသားများအတွက် ဂုဏ်ယူစရာကိစ္စတစ်ခု ဖြစ်ခဲ့သည်။
သို့သော် ယခုမူ သူတို့သည် စာညံ့သူများအတွက်ရည်ရွယ်ထားသောကျောင်းဟု သတ်မှတ်ထားသည့်နေရာသို့ ရောက်လာပြီးနောက် မပြန်ချင်ကြတော့ပေ။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
"မင်းတို့ ကျောင်းကို ပြန်ကိုပြန်လိုက်ရမယ်"
မိုတုတက္ကသိုလ်ကျောင်းအုပ်ကြီးက တင်းမာခက်ထန်စွာ ပြောလိုက်သည်။
"ကျွန်တော်တို့ ပြန်မလိုက်ဘူး။ ဒီနေရာက ကျွန်တော်တို့ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာနိုင်တဲ့နေရာပဲ"
"အမှန်ပဲ။ တကယ်လို့ ကျွန်တော့်ကို အတင်းအကျပ် ပြန်ခေါ်သွားမယ်ဆိုရင် ကျောင်းထွက်ပြီး စတားတက္ကသိုလ်ကို ဝင်ခွင့်ရဖို့ စာမေးပွဲပြန်ဖြေမယ်"
...
ကျောင်းသားများမှာ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားနေပြီး စတားတက္ကသိုလ်ကို သူတို့၏မိခင်တက္ကသိုလ်အဖြစ် သဘောထားနေကြသည်။
ကျောင်းအုပ်ကြီးများမှာ ဒေါသထွက်လွန်း၍ ရူးမတတ်ပင်။
အခြားတက္ကသိုလ်များရှိ ကျောင်းသားများကလည်း အလားတူသဘောထားမျိုး ရှိနေကြသည်။
ဤသို့ဖြင့် ကျောင်းသားများမှာ စတားတက္ကသိုလ်တွင် တက်ရောက်ရန်သာ အခိုင်အမာ တောင်းဆိုနေကြသဖြင့် အခြေအနေကား အလွန်ကိုးရိုးကားရားနိုင်လာသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့အနေနှင့် ဤကျောင်းသားများကို အတင်းအကျပ်ဆွဲခေါ်သွား၍ မရသဖြင့် လှည့်ပြန်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
အစတုန်းက သူတို့သည် ဤကျောင်းသားများကို စတားတက္ကသိုလ်၏ နည်းပညာနှင့် အဆင့်မြင့်ပညာရေးခံယူချက်များကို သင်ယူစေချင်ခဲ့ကြသည်။
ရလဒ်မှာမူ သူတို့၏ လူရည်ချွန်များကို စတားတက္ကသိုလ်သို့ အလကားပေးလိုက်ရချေသည်။
ကျောင်းအုပ်ကြီးများမှာ မှုန်ကုပ်ကုပ် မျက်နှာပေးများဖြင့် ကျောင်းအပေါက်ဝမှ ထွက်ခွာသွားကြသည်။
"စတားတက္ကသိုလ်က အရမ်းလွန်လွန်းတယ်"
"နောက်နောင် ကျုပ်တို့ စတားတက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်လို့ လုံးဝမဖြစ်တော့ဘူး"
စတားတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ သူတို့၏ ထူးချွန်ကျောင်းသားများကို ခွေးကို အသားပေါက်စီ ပစ်ကျွေးလိုက်သလို ပြန်လမ်းမရှိကြောင်း ယခုမှသာ သူတို့ သဘောပေါက်သွားကြသည်။
ယဲ့ချန်းက အစည်းအဝေးခန်းထဲရှိ ကျောင်းသားများကို ကြည့်၍ ပေါ့ပေါ့ပါးပါးမေးလိုက်သည်။
"မင်းတို့ ဒီမှာ တကယ်နေချင်တာလား"
"ကျောင်းအုပ်ယဲ့... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ထွက်မသွားခိုင်းပါနဲ့"
"သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ကျွန်တော်တို့က စတားတက္ကသိုလ်ရဲ့လူတွေပါ"
...
ယဲ့ချန်း : "..."
ယဲ့ချန်းလည်း သက်ပြင်းချလျက် ပြောလိုက်လေသည်။
"ကောင်းပြီလေ... မင်းတို့နေချင်တယ်ဆိုရင်လည်း အခုအချိန်ကစပြီး မင်းတို့က စတားတက္ကသိုလ်ရဲ့ကျောင်းသားတွေ ဖြစ်သွားပြီ"
စတားတက္ကသိုလ်သည် အရည်အချင်းရှိသော ကျောင်းသားတစ်စုကို ရရှိခဲ့သည်ဖြစ်ရာ ယဲ့ချန်းလည်း ကျေနပ်မိသည်။
ထို့ပြင် ကျောင်းအုပ်ကြီးများမှာ အစကတည်းက ရည်ရွယ်ချက်ကိုယ်စီ ရှိခဲ့ကြပြီး သူတို့ကိုယ်တိုင်က ကျောင်းသားများကို စေလွှတ်ခဲ့ခြင်းဖြစ်လေရာ ယဲ့ချန်းဘက်ကလည်း အဘယ်ကြောင့် ယဉ်ကျေးနေရမည်နည်း။
အရေးအကြီးဆုံးအချက်မှာ ဤကျောင်းသားများက သူတို့သဘောဆန္ဒအလျောက် ဆက်နေချင်ကြခြင်းပင်။
မကြာခင်မှာပင် ထိုဖြစ်ရပ်က ပညာရေးနယ်ပယ်တွင် နောက်ထပ်လှုပ်ခတ်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
တချို့တက္ကသိုလ်များမှာ အစတုန်းက စတားတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်ခွင့်မရသဖြင့် စိတ်ပျက်နေခဲ့ကြသည်။
သို့သော် နာမည်ကြီးတက္ကသိုလ်များမှ ကျောင်းသားများ လှည့်စားခံလိုက်ရကြောင်း သိသွားသောအခါ သူတို့အားလုံး သဘောကျကုန်ကြသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် စတားတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပေ။ သို့မဟုတ်ပါက သူတို့၏ ထူးချွန်ကျောင်းသားများလည်း ပြန်လာတော့မည် မဟုတ်ပေ။
မည်သည့်ကျောင်းတွင်မဆို ပါရမီရှင်တစ်ဦးကို ပျိုးထောင်ရန် မလွယ်ကူကြောင်း ကောင်းကောင်းသိထားကြသည်။ သူတို့ကို အခြားတက္ကသိုလ်တစ်ခုကို ပေးလိုက်ရခြင်းမှာ စင်စစ်ဒေါသထွက်စရာကောင်းလှသည်။
ယဲ့ချန်းက ထိုနေ့တွင် ယန်ချွမ်းထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။
သခင်ကြီးယန်၏ အသက်၈၀ပြည့်မွေးနေ့ဖြစ်သဖြင့် ယဲ့ချန်းကို တက်ရောက်ရန် အထူးတလည်ဖိတ်ကြားခြင်းပင်။
ယဲ့ချန်းကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့သည်။
ပြီးခဲ့သည့်တစ်ခေါက်က ယဲ့ချန်းသည် အကြီးအကဲယန်၏ အသက်ကို ကယ်တင်ပေးခဲ့သောကြောင့် ယန်မိသားစုက သူ့အား ဂုဏ်သရေရှိဧည့်သည်အဖြစ် အမြဲဆက်ဆံလေ့ရှိသည်။
ယဲ့ချန်းက တစ်နေကုန် တက္ကစီမောင်းနေခဲ့ပြီး ညနေပိုင်းရောက်မှသာ စုဝမ်ယိကို သွားကြိုခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဧည့်ခံပွဲကို တက်ရောက်ခြင်းဆိုသည်မှာ သူ့တရားဝင်ချစ်သူကို ခေါ်သွားရမည်ဟု ဆိုလိုသည်။
ယဲ့ချန်းကို မြင်သောအခါ စုဝမ်ယိ အံ့အားသင့်သွားလေသည်။
"ရှင်က ဒီပုံစံကြီးနဲ့ ဧည့်ခံပွဲကို သွားမလို့တော့ မဟုတ်ပါဘူးနော်"
ယဲ့ချန်းက ပြုံးလိုက်၏။
"အဆင်ပြေပါတယ်"
သူ့ကို ယန်မိသားစုက ဖိတ်ကြားထားခြင်းဖြစ်၏။ ထို့ပြင် သူကလည်း ယန်မိသားစုအပေါ် ကျေးဇူးရှိထားသည်။
ထို့ကြောင့် သူ ဘာဝတ်ဝတ် အရေးမကြီးပေ။
"ကောင်းပြီလေ... ရှင့်ကို အင်္ကျီလိုက်ဝယ်ပေးမယ်"
အကယ်၍ ယဲ့ချန်းသာ ပေါ့ပေါ့ပါးပါးအဝတ်အစားကို ဝတ်ဆင်၍ ဧည့်ခံပွဲသို့ သွားပါက သူသည် အခြားဧည့်သည်များ၏ အဝတ်အစားများနှင့်ယှဉ်လျှင် ထင်းထွက်နေလိမ့်မည်။
စုဝမ်ယိအနေနှင့် စိုးရိမ်မှုလွန်ကဲနေခြင်း မဟုတ်သော်လည်း သင့်လျော်စွာ ဝတ်ဆင်ခြင်းကသာ ပိုကောင်းပေသည်။