← Chapters

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အပိုင်း ၅၅၃ : နိုဘယ်နည်းပညာဆု အမည်စာရင်းတင်သွင်းခံရခြင်း

အကြီးအကဲဟွားက စာရွက်ကို သိမ်းထားလိုက်သည်။ သူ့စိတ်ထဲတွင် အနည်းငယ် မသက်မသာဖြစ်နေသော်လည်း ယဲ့ချန်းက အန္တရာယ်မှ ဘေးကင်းရာသို့ ပြောင်းလဲပေးနိုင်သည်ဟု ပြောထားသောကြောင့် သူ အလွန်စိတ်အေးသွားသည်။

"အစ်ကိုယန်... ရုတ်တရက် ရုံးကိစ္စလေးတွေပေါ်လာလို့ အရင်သွားရတော့မယ် ဟားဟား.. မင်းအခြေအနေကို ကြည့်ရတာ နောက်ထပ်အချိန်အတိုင်းအတာတစ်ခုအထိ တောင့်ခံထားနိုင်ဦးမယ့်ပုံပါပဲ။ အားတဲ့အခါ မင်းနဲ့အတူသောက်ဖို့ လာခဲ့မယ်"

အကြီးအကဲယန်က ခေါင်းညိတ်လိုက်၏။

"မင်းက ဒီအရွယ်ရောက်နေတာတောင် မနားသေးဘူးကိုး။ ကောင်းပြီလေ... သွားစရာရှိတာ သွားပါ"

အကြီးအကဲဟွား ထွက်သွားသည်နှင့် အကြီးအကဲယန်က တီးတိုးဆိုလိုက်၏။

"မစ္စတာယဲ့... မင်း ဝင်မပါသင့်ဘူး။ အဲဒါက မင်း ဝင်မစွက်ဖက်သင့်တဲ့ ရှုပ်ထွေးလွန်းတဲ့ ပြဿနာကြီးနော်"

အကြီးအကဲဟွား၏စကားကို ကြားသောအခါ ယဲ့ချန်းလည်း သက်ပြင်းချလိုက်မိသည်။

"ကျွန်တော်လည်း ဝင်မပါချင်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စက ကျွန်တော်နဲ့လည်း သက်ဆိုင်နေတော့ မကူညီဘဲ မနေနိုင်ဘူးလေ"

မည်သို့ပင်ဆိုစေကာမူ အကြီးအကဲဟွားကဲ့သို့ အဆင့်ရှိသူတစ်ယောက်အတွက် သူ့တာဝန်မှာ သေချာပေါက် ရိုးရှင်းမည်မဟုတ်ပေ။

ယဲ့ချန်းက မှတ်တမ်းစနစ်မှတစ်ဆင့် နောင်အနာဂတ်တွင် သူနှင့် အကြီးအကဲဟွားကြားတွင် မရေမတွက်နိုင်သော ဆက်နွှယ်မှုများ ရှိလာမည်ကို တွေ့ထားသောကြောင့် ယခုလို ကူညီပေးရန် ဆန္ဒရှိခြင်းပင်။

ယဲ့ချန်း၏ဟောကိန်းက မည်မျှတိကျကြောင်း မြင်တွေ့ရပြီးနောက် အခြားထိပ်သီးပုဂ္ဂိုလ်ကြီးများလည်း ဝိုင်းအုံလာကြသည်။

"မစ္စတာယဲ့... ကျွန်တော် အိမ်အသစ် ပြောင်းထားလို့။ နေရာကောင်း ရွေးမိရဲ့လားဆိုတာ ကြည့်ပေးလို့ရမလား"

"မစ္စတာယဲ့... ကျွန်တော့်ချွေးမလေး ကိုယ်ဝန်ရှိနေလို့။ ယောက်ျားလေးလား မိန်းကလေးလားဆိုတာ ပြောပြပေးနိုင်မလား"

လူတိုင်းက ယဲ့ချန်း၏ မျက်နှာဖတ်ပညာကို မှင်တက်သွားကြသဖြင့် အနားသို့ ရောက်လာကြသည်။

ယဲ့ချန်းကလည်း ခေါင်းခါပြလိုက်၏။

"တောင်းပန်ပါတယ်... ကျွန်တော်က တစ်လကို တစ်ခါပဲ ဟောပေးနိုင်ပါတယ်"

အ​ကြောင်းမှာ အနာဂတ်မှတ်တမ်းကို ကြည့်ရန် ငွေကုန်ကြေးကျရှိ၏။ ယဲ့ချန်း ယခုလေးတင် ငွေသုံးလိုက်ရသည့် အကြောင်းအရင်းကလည်း အကြီးအကဲဟွား၏ အထူးအဆင့်အတန်းကြောင့်သာ။

ကြွားလုံးထုတ်ရသည်မှာ အဆင်ပြေသော်ငြား ယဲ့ချန်းကမူ ကြွားဝါရန်အတွက် ငွေဖြုန်းဖို့တော့ စိတ်မဝင်စားပေ။

ယဲ့ချန်း၏စကားကို ကြားသောအခါ ထိပ်သီးပုဂ္ဂိုလ်ကြီးများမှာ အနည်းငယ် စိတ်ပျက်သွားကြသည်။

မွေးနေ့ပွဲ စတင်ချေပြီ။ တက်ရောက်လာသူ အားလုံးကလည်း အသက်အရွယ် ကြီးရင့်သူများ ဖြစ်သောကြောင့် ယဲ့ချန်းနှင့် စကားပြောဆိုရာတွင် မျိုးဆက်ကွာဟမှု ရှိနေသည်မှာ ရှောင်လွှဲ၍မရပေ။

အကြီးအကဲယန်က ထိုအချက်ကို သတိပြုမိသွားပုံရသဖြင့် ဆိုလာချေသည်။

"ဟားဟား မစ္စတာယဲ့... လေကောင်းလေသန့်ရှူရအောင် ယန်ချွမ်းကို အပြင်လိုက်ပို့ခိုင်းရင် မကောင်းဘူးလား"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပါပြီ... ဒါဆိုရင် အကြီးအကဲယန်တို့ စကားဆက်ပြောနှင့်ကြပါ"

ယန်ချွမ်းနှင့် ယဲ့ချန်းတို့လည်း ဗီအိုင်ပီအခန်းထဲက ထွက်လာခဲ့ကြသည်။

ဗီအိုင်ပီအခန်းနှင့် ယှဉ်လိုက်လျှင် အပြင်ဘက်ရှိ လေထုက ပိုတက်ကြွပြီး ပျော်စရာကောင်းနေသည်။

အပြင်ဘက်ရှိ လူတိုင်းက လူငယ်များပင်။

ဤလူတစ်သိုက်မှာ တစ်ယောက်ကိုတစ်ယောက် ကြွားလုံးထုတ်နေကြခြင်းပင်။

'ငါက သန်းချီတန်တဲ့ စူပါကားတစ်စီးဝယ်လိုက်ပြီ'

'ငါကတော့ ရုပ်ရှင်တစ်ကားမှာ ရင်းနှီးမြှုပ်နှံလိုက်ပြီ'

ယဲ့ချန်းခမျာ ဤလူတစ်သိုက်၏ စကားများကို နားထောင်ရင်း မတတ်နိုင်သည့်အဆုံး ခေါင်းသာ ခါယမ်းလိုက်မိသည်။

သြော်... ဒီလိုနေရာမျိုးတွေက ဘဝင်ရူးတွေ သောင်းကျန်းတဲ့နေရာကိုး။

ထိုအချိန်တွင် ယန်ချွမ်းထံသို့ ဖုန်းတစ်ကောလ် ဝင်လာခဲ့သည်။

"အစ်ကိုယဲ့... အရင်စားနှင့်လိုက်ပါ။ ကျွန်တော် ရှင်းစရာကိစ္စလေးတစ်ခုရှိလို့"

ယဲ့ချန်းက တဟားဟားရယ်မောလိုက်သည်။

"သွားလေ။ ငါ့နားမှာ နေပေးစရာမလိုပါဘူး"

ယန်ချွမ်း ထွက်သွားသည်နှင့်တစ်ပြိုင်နက် နောက်ကျောဘက်မှ လှောင်ပြောင်သံတစ်သံ ထွက်ပေါ်လာသည်။

"သြော်... ဒါက ဝမ်ယိရဲ့ရည်းစား မဟုတ်လား"

"ဟားဟား... အထဲမှာ အရှက်ကွဲသွားလို့ မောင်းထုတ်ခံလိုက်ရတာလား"

"အထဲမှာ အရှက်ကွဲပြီး လူကြီးတွေမောင်းထုတ်လိုက်တာပဲဖြစ်ရမယ်"

"တက္ကစီမောင်းတဲ့ကောင်က ဒီလိုနေရာမျိုးကိုဝင်ဖို့ ကြိုးစားတာ ကိုယ့်အရှက်ကိုယ်ခွဲနေတာပဲ"

"ဟားဟား... လူဆိုတာ ကိုယ့်နေရာကိုယ် သိရမယ်လေ"

ဤလူများမှာ တစ်ယောက်ပြီးတစ်ယောက် လှောင်ပြောင်နေကြသည်။

ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာသည်။

"အချစ်... ပြီးခဲ့တဲ့တစ်ခေါက် စတော့ရှယ်ယာကစားလို့ရတဲ့ ပိုက်ဆံဆယ်ဘီလျံကျော်ကို ရှင့်အကောင့်ထဲ လွှဲလိုက်ပြီနော်"

ဤအသံကို ကြားလိုက်ရချိန်ဝယ် ထိုလူတစ်သိုက် အနေခက်သွားကြသည်။

စုဝမ်ယိက ယဲ့ချန်း၏အနောက်က လျှောက်လာလေသည်။

"​သြော်... ပြီးတော့ နောက်တစ်ခါ ရှင့်ရဲ့ ရွက်လှေပေါ်မှာ သွားကစားဖို့ ရဟတ်ယာဉ်ကိုပဲ ထပ်သုံးရအောင်နော်"

ထိုစကားကို ကြားသောအခါ ထိုလူများမှာ ပို၍ပင် မှင်တက်သွားကြသည်။

ရွက်လှေပေါ်သွားဖို့ ရဟတ်ယာဉ် စီးတယ်တဲ့လား။

သူတို့က ဇိမ်ခံကားများဖြင့်သာ ကြွားလုံးထုတ်နေကြခြင်းဖြစ်၏။

သို့သော် အခြားလူများကမူ ရဟတ်ယာဉ်များနှင့် ရွက်လှေများကို အသုံးပြုနေကြသည်ဖြစ်ရာ ကွာဟချက်က အလွန်ကြီးမားလှသည်။

ထို့ပြင် စတော့ရှယ်ယာကစားရုံဖြင့် ငွေဆယ်ဘီလျံကျော် အမြတ်ရနေသည်ဆိုလျှင် ဤလူတစ်သိုက်က မည်သို့ယှဉ်နိုင်တော့မည်နည်း။

ယဲ့ချန်းက သူတို့၏နတ်ဘုရားမကို လုယူသွားသော တက္ကစီမောင်းသည့် အောက်ခြေလူတန်းစားတစ်ယောက် ဖြစ်နေသောကြောင့် သူတို့က မုန်းတီးနေခဲ့ခြင်းပင်။

သို့သော် ယခုအခါတွင်မူ ယဲ့ချန်းက ဒိတ်ဒိတ်ကြဲသူဌေးကြီးတစ်ယောက်ဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြသည်။

စုဝမ်ယိက ဂရုမစိုက်လေဟန်ဖြင့် ပြောလိုက်၏။

"ရှင့်တို့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို ပေါင်းလိုက်ရင်တောင် ယဲ့ချန်းရဲ့ဆယ်ပုံတစ်ပုံတောင် မရှိဘူး။ ဒီတော့ နည်းနည်းလောက်တော့ လေးလေးစားစားပြောဆိုကြပါ"

အစောကပင် ကြွားလုံးထုတ်နေခဲ့ကြသော သူဌေးသားများမှာ ရုတ်ခြည်းငြိမ်ကျသွားကြသည်။

စိတ်ထဲတွင် မကျေမနပ်ဖြစ်နေကြသော်ငြား ဘာမှပြန်မပြောနိုင်ခဲ့ပေ။

ယဲ့ချန်းက တကယ်သာ ဤမျှအံ့သြဖို့ကောင်းနေမည်ဆိုလျှင် သူ့ကို သွားစော်ကားခြင်းမှာ သူတို့အတွက် ဘာအကျိုးမှရှိလာမည် မဟုတ်ပေ။

သူတို့မိသားစုက အနည်းငယ် ချမ်းသာကြွယ်ဝကြသော်လည်း သူတို့သည် ဒုတိယအဆင့်မိသားစုများက ဆင်းသက်လာသူများသာ။ ထိပ်တန်းအင်အားကြီးသူတစ်ယောက်ကို စော်ကားမိလျှင် မိသားစုကို ဘေးအန္တရာယ်ကျရောက်စေမည်ဖြစ်ကြောင်း သူတို့ ကောင်းကောင်းနားလည်ထားကြသည်။

ဆူပူခံရပြီးနောက် ဤလူများအားလုံး ဖရိုဖရဲဖြင့် လူစုကွဲသွားကြသည်။

ယဲ့ချန်းက ရယ်မောလိုက်၏။

"ဟား... ကိုယ်က လက်စွမ်းပြတော့မလို့လုပ်နေတာ။ ကိုယ် ဘာမှမလုပ်ရသေးခင် မင်းက အရင်မောင်းထုတ်လိုက်ပြီပဲ"

စုဝမ်ယိက ယဲ့ချန်း၏ လက်မောင်းကို ညင်သာစွာဆုပ်ကိုင်ရင်း တီးတိုးဆိုလိုက်သည်။

"ယဲ့ချန်း... ကျွန်မမသိသေးတဲ့ လျှို့ဝှက်ချက်တွေ ရှင့်မှာ ဘယ်လောက်များရှိနေသေးတာလဲ"

ယဲ့ချန်းက ပြုံးလိုက်သည်။

"ဟားဟား... ခန့်မှန်းကြည့်လေ"

"မခန့်မှန်းပါဘူး။ ရှင် ကျွန်မအပေါ် ကောင်းနေသရွေ့ လုံလောက်ပြီ"

စုဝမ်ယိက ပြုံးလိုက်သည်။

ယဲ့ချန်းအတွက်မူ စုဝမ်ယိက ဟိတ်ဟန်ထုတ်ချိန်တွင် အလွန်ဩဇာတိက္ကမညောင်းသလို ခံစားရပြီး ကြင်နာယုယချိန်တွင်လည်း နူးညံ့ပြီး ချစ်စရာကောင်းနေချေသည်။

••••••••••••••••••

အပိုင်း ၅၅၄ : အမည်စာရင်းတင်သွင်းခံရခြင်းကို ငြင်းပယ်ခြင်း

နိုဘယ်ဆုသည် သိပ္ပံနှင့် နည်းပညာလောကတွင် အမြင့်ဆုံးဆုဖြစ်၏။

ယဲ့ချန်း၏ စွမ်းအင်သစ်နယ်ပယ်အတွင်းရှိ ထူးချွန်ပြောင်မြောက်သော အောင်မြင်မှုများကြောင့် မစ္စတာယဲ့ချန်းအား နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းထားကြောင်း စာထဲတွင် ဖော်ပြထားသည်။

သိပ္ပံနှင့်နည်းပညာနယ်ပယ်အတွင်းတွင် ယဲ့ချန်းသည် ပထမဆုံး ဆန်ခါတင်ရွေးချယ်ခံရသူဖြစ်၏။

နိုဘယ်ဆုမှာ မည်သည့်နယ်ပယ်တွင်မဆို သြဇာအညောင်းဆုံး ဆုတစ်ခုပင်။

ဤဆုကိုရရှိသူများမှာ သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် ကမ္ဘာကြီးအတွက် ထူးချွန်ပြောင်မြောက်သော အကျိုးပြုမှုများ ပြုလုပ်ခဲ့ကြသူများ ဖြစ်သည်။

ယဲ့ချန်း၏ နျူကလီးယားပေါင်းစပ်ဓာတ်ပေါင်းဖိုက စွမ်းအင်လုပ်ငန်းကို ရှေ့ဆောင်လမ်းပြနိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။ သူ့အနေနှင့် ဤဆုကို ရရှိခြင်းနှင့်ပတ်သက်၍ အငြင်းပွားစရာမရှိပေ။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ ယဲ့ချန်းအတွက် အမြင့်ဆုံးသော ဂုဏ်ယူဖွယ်ရာကိစ္စရပ်ပင်။

ဤသည်မှာ ဟွားနိုင်ငံအတွက်လည်း ဂုဏ်ယူစရာကိစ္စဖြစ်၏။ ဟွားနိုင်ငံ၏ နည်းပညာသည် ယခုမူ ကမ္ဘာ့ရှေ့တန်းသို့ ခုန်တက်သွားပြီဖြစ်ပြီး တစ်ချိန်က နေရာတိုင်းတွင် အရှုံးပေးခဲ့ရသော ခေတ်နောက်ကျနေသည့် ဟွားနိုင်ငံ မဟုတ်တော့ပေ။

အရှေ့တိုင်းနဂါးကြီး နိုးထလာခဲ့လေပြီ။

ဤသတင်းက ဟွားနိုင်ငံတစ်ဝန်း အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

ပင်မဝက်ဘ်ဆိုက်များကလည်း သတင်းများကို အပြိုင်အဆိုင် ဖော်ပြကြသည်။

ထိုအချိန်တွင် ဟွားနိုင်ငံရှိ ပင်မမီဒီယာကြီးများက သတင်းများကို အပြိုင်အဆိုင်တင်ဆက်ကြလေသည်။

ဤသည်မှာ ဟွားနိုင်ငံကို စိတ်လှုပ်ရှားစေသည့် အဓိကဖြစ်ရပ်တစ်ခုပင်တည်း။

မကြာခင်မှာပင် ယဲ့ချန်း နည်းပညာနိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခံရသည့် သတင်းက ရေပန်းအစားဆုံးသတင်း ဖြစ်လာခဲ့သည်။

"မိုက်တယ်။ ကျောင်းအုပ်ယဲ့က အရမ်းတော်တာပဲ"

"ထိုက်တန်ပါပေတယ်။ ဒီနျူကလီးယားပေါင်းစပ်ဓာတ်ပေါင်းဖိုကို ငါတို့ဟွားနိုင်ငံကပဲ ထုတ်လုပ်နိုင်ခဲ့တယ်လို့ ကြားတယ်"

"စတားတက္ကသိုလ်က အခု ငါ့အိပ်မက်တက္ကသိုလ်ဖြစ်သွားပြီ"

"ငါ့ရည်မှန်းချက်က ဟွားချင်းနဲ့ ကျိုတို တက္ကသိုလ်တွေ မဟုတ်တော့ဘူး။ စတားတက္ကသိုလ်ဖြစ်သွားပြီ"

ယဲ့ချန်းကြောင့် လူအမြောက်အများက သူတို့ကြိုးစားအားထုတ်ရမည့် ရည်မှန်းချက်များကို ပြောင်းလဲခဲ့ကြသည်။

ဤသတင်းက အားဆေးတစ်ခွက်လို ဖြစ်သွားပြီး စတားတက္ကသိုလ်၏ ရေပန်းစားမှုကို နောက်တစ်ကြိမ် လှုပ်နှိုးလိုက်သလို ဖြစ်သွားလေသည်။

မည်သို့ပင်ဆိုစေကာမူ နည်းပညာနိုဘယ်ဆုမှာ ကြီးမားလှသော ဂုဏ်ထူးဆောင်ဆုကြီးပင်။

စတားတက္ကသိုလ်နှင့် ယဲ့ချန်း၏ နာမည်မှာလည်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားသည်။

သို့သော် ယဲ့ချန်း၏ လုံခြုံရေးအတွက် သူ့ဓာတ်ပုံကို မီဒီယာများတွင် ဖော်ပြခြင်းမရှိခဲ့ပေ။

ထိုအချိန်တွင် စတားတက္ကသိုလ်လည်း စိတ်လှုပ်ရှားမှုတွင် နစ်မြောနေခဲ့သည်။

သူတို့၏ကျောင်းအုပ်ကြီးက နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခံရခြင်းမှာ သူတို့အတွက်လည်း အကြီးမားဆုံး ဂုဏ်ယူဖွယ်ရာကိစ္စရပ်ပင်။

သတင်းများကို ဖတ်ရှုနေသည့် ယဲ့ချန်းလည်း အလွန်ကျေနပ်ပီတိဖြစ်နေမိသည်။

ဤဆုသည် သူ့အတွက်တော့ ကြီးမားလှသော အသိအမှတ်ပြုမှုတစ်ခုပင်။

ယခုအခါတွင် သူသည် စီးပွားရေးလောကတွင် အောင်မြင်မှုများ ရရှိထားရုံသာမက နည်းပညာနယ်ပယ်တွင်လည်း အံ့ဖွယ်အသစ်များကို ဖန်တီးနိုင်ခဲ့ပြီဖြစ်၏။

အကယ်၍ ဤနည်းပညာများကို တစ်ကမ္ဘာလုံးတွင် အသုံးပြုမည်ဆိုပါက ကမ္ဘာ့စွမ်းအင်ပြဿနာ ပြေလည်သွားမည်မှာ သေချာသည်။

သို့သော် ယဲ့ချန်းကတော့ ဤနည်းပညာများကို သာမန်ကာလျှံကာ ထုတ်ဖော်ပြသ၍မရကြောင်း နားလည်ထားသည်။

နျူကလီးယားပေါင်းစပ်နည်းပညာက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ သာမန်သေနတ်တစ်လက်ကိုပင် ဒုံးကျည်ကဲ့သို့ ပစ်ခတ်နိုင်အောင် လုပ်ဆောင်ပေးနိုင်သည်။

ထို့ကြောင့် ဟွားနိုင်ငံက ဤနည်းပညာကို အခြားနိုင်ငံများသို့ အကြောင်းမဲ့သက်သက် ထုတ်မပေးခြင်းပင်။

အချို့နိုင်ငံများသည် ဤနည်းပညာကို ရရှိပါက စစ်ပွဲများတွင် ချက်ချင်းအသုံးပြုကြလိမ့်မည်။ ထိုအရာက ယဲ့ချန်း အလိုမရှိသော အရာပင်။

ဤသည်မှာလည်း နိုင်ငံပေါင်းများစွာက ကမ်းလှမ်းလာသော စျေးကြီးလှသည့် မူပိုင်ခွင့်ကမ်းလှမ်းချက်များကို ယဲ့ချန်းငြင်းပယ်ရသည့် အဓိကအကြောင်းအရင်းပင်။

သူ့အမြင်တွင် အရေးအကြီးဆုံးဖြစ်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ယှဉ်လျှင် နိုဘယ်ဆုက ဘာမှမပြောပလောက်ပေ။

အကြီးအကဲဝေ့က ယဲ့ချန်းကို ဂုဏ်ပြုရန်အတွက် ကျောင်းသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့သည်။

"ညီလေးယဲ့... ဂုဏ်ယူပါတယ်။ မင်းက ဟွားနိုင်ငံအတွက် သမိုင်းသစ်တစ်ခု ဖန်တီးပေးနိုင်ခဲ့ပြီ"

ဤကိစ္စကို အထက်လူကြီးများကလည်း အလွန်အလေးထားနေကြသည်။

ဤဂုဏ်ကျက်သရေသည် ကမ္ဘာကြီးက ယဲ့ချန်းကို အသိအမှတ်ပြုခြင်း သို့မဟုတ် ဟွားနိုင်ငံကို အသိအမှတ်ပြုခြင်းဟုပင် ဆိုနိုင်ပေသည်။

ဤဆုကို ရရှိသူများမှာ တစ်ချိန်က ကမ္ဘာကြီးကို ပြောင်းလဲပေးခဲ့သူများဖြစ်ကြောင်း သိထားရန် အရေးကြီးလှသည်။

ယခုတော့ သူတို့ဟွားနိုင်ငံသားများထဲက ဤသို့သော အမြင့်ဆုံးနေရာကို ရပ်တည်နိုင်သူတစ်ယောက် နောက်ဆုံးတော့ ထွက်ပေါ်လာခဲ့လေပြီ။

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

"ဒါက အပေါ်ယံဂုဏ်ပကာသနသက်သက်ပါ။ ဘာမှအရေးမပါပါဘူး"

ယဲ့ချန်း၏ တည်ငြိမ်နေလေဟန် အမူအရာကို မြင်လိုက်ရသောအခါ အကြီးအကဲဝေ့ ခဏမျှမှင်တက်သွားသည်။

သတင်းရရချင်း သူကိုယ်တိုင် စိတ်လှုပ်ရှားသွားခဲ့ရသော်လည်း ယဲ့ချန်းကမူ ဤကိစ္စကို အေးအေးဆေးဆေးသာ သဘောထားပေသည်။

သို့သော် အကြီးအကဲဝေ့ အမြန်သဘောပေါက်သွားသည်။

ယဲ့ချန်း၏တုံ့ပြန်မှုမှာ အလွန်ပုံမှန်ဆန်လှသည်။

ယဲ့ချန်းအနေနှင့် မည်သူ့ကိုမှ သက်သေပြရန် မလိုတော့ပေ။ သူသည် သူ့စွမ်းရည်သက်သက်ဖြင့် အရာအားလုံးကို သက်သေပြခဲ့ပြီးဖြစ်၏။

သူတို့နှစ်ယောက် ခဏမျှ စကားစမြည်ပြောပြီးနောက် အကြီးအကဲဝေ့ ပြန်သွားခဲ့သည်။

နိုဘယ်ဆုရွေးချယ်ရေးတွင် ယဲ့ချန်းသည် ဆန်ခါတင်စာရင်းတွင် ပါဝင်နေသော်လည်း အပြီးသတ်ဆုရှင်ကို သတ်မှတ်ရန်အတွက် နောက်ဆုံးအကဲဖြတ်မှု လိုအပ်ပေသည်။

တစ်နည်းအားဖြင့်ဆိုရလျှင် ယဲ့ချန်း ဆုရရှိခြင်းမှာ ပထမခြေလှမ်းမျှသာ ရှိသေးသည်။

သို့သော် ယဲ့ချန်း၏ရှာဖွေတွေ့ရှိမှုမှာ စင်စစ်အံ့မခန်းဖွယ်ရာပင်။

သူ့ရှာဖွေတွေ့ရှိမှုက ကမ္ဘာ့စွမ်းအင်ပြဿနာများကို ဖြေရှင်းရန် လုံလောက်သည်ဟုပင် ဆိုနိုင်သည်။

ဤမျှကြီးမားလှသော အကျိုးပြုမှုမျိုးနှင့်ဆိုလျှင် မည်သို့နှယ် ဆုမရဘဲနေမည်နည်း။

လူတိုင်းက ယဲ့ချန်း ဆုရမည့်အချိန်ကို စောင့်မျှော်နေကြသည်။

သို့သော် မကြာခင်မှာပင် စာတစ်စောင် ထပ်ရောက်လာခဲ့သည်။

ယဲ့ချန်းကတော့ ဆုပေးပွဲအခမ်းအနားအတွက် ဖိတ်စာဟု ထင်ခဲ့သော်လည်း စာကို ဖွင့်ကြည့်လိုက်သောအခါ သူ့အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။

အကြောင်းမှာ ဆုရရှိရန်အတွက် ယဲ့ချန်းအနေနှင့် ထိုနည်းပညာကို ကမ္ဘာရှေ့မှောက်တွင် ထုတ်ဖော်ပြသရန် စာထဲတွင် တောင်းဆိုထားသောကြောင့်ပင်။

ယင်းမှာ ယဲ့ချန်းကို ထောင်ချောက်ဆင်လိုက်သည်ဟုပင် ဆိုနိုင်သည်။

သိပ္ပံနယ်ပယ်ရှိ အမြင့်ဆုံးသော ဂုဏ်ထူးဆောင်ဆုကို ရရှိရန်အတွက် နည်းပညာကို ထုတ်ပေးရမည်တဲ့လား။

ယဲ့ချန်း၏အမူအရာကား အလွန်တင်းမာသွားသည်။

ထိုအကြောင်းကြားစာတွင် ကြီးကျယ်ခမ်းနားသော စကားလုံးများဖြင့် ရေးသားထားပြီး လူသားများအတွက် အမှန်တကယ် အကျိုးပြုနိုင်ရန် ယဲ့ချန်းဘက်က နည်းပညာအချက်အလက်များကို ထုတ်ဖော်ပြသမှသာ ဆုရရှိရန် အခွင့်အရေးရှိကြောင်း ဖော်ပြထားသည်။

ဤဆုက ငါးစာသက်သက်ဖြစ်ကြောင်း နောက်ဆုံးတော့ သူ နားလည်လိုက်ချေပြီ။

သူတို့၏ရည်ရွယ်ချက်က ရှင်းသည်။ ထိုဆုကိုအသုံးချ၍ နျူကလီးယားပေါင်းစပ်နည်းပညာကို လွှဲပြောင်းပေးရန် သူ့ကို အတင်းအကျပ် ဖိအားပေးနေခြင်းပင်။

နိုဘယ်ဆုဆိုသည်မှာ သိပ္ပံပညာရှင်တိုင်း၏ အိပ်မက်ဖြစ်သည်။

ယဲ့ချန်းက အခြားနိုင်ငံများ၏ ဝယ်ယူမှုများကို ငြင်းပယ်ခဲ့သောကြောင့် သူတို့က ဤနည်းလမ်းကို ထုတ်သုံးပြီး ယဲ့ချန်းကို အချက်အလက်များ လွှဲပြောင်းပေးရန် အတင်းအကျပ် ဖိအားပေးနေခြင်းသာ။

အကယ်၍ ယဲ့ချန်းကသာ အချက်အလက်များကို ထုတ်ပြခဲ့လျှင် သူ့အနေနှင့် ဆုရရှိနိုင်သော်လည်း အချက်အလက်များကို အခြားနိုင်ငံများရှိ သိပ္ပံပညာရှင်များက ရသွားကြမည်သာ။

နျူကလီးယားပေါင်းစပ်နည်းပညာကို ပိုင်ဆိုင်သွားသည်နှင့် လူသားများကို အကျိုးပြုနိုင်သလို ပျက်စီးစေသည့် ရလဒ်များလည်း ထွက်ပေါ်လာနိုင်သည်။

ဤအဖြစ်ကို ယဲ့ချန်း လုံးဝခွင့်မပြုနိုင်ချေ။

မကြာခင် အကြီးအကဲဝေ့ထံမှ ယဲ့ချန်း ဖုန်းလက်ခံရရှိခဲ့သည်။

"ယဲ့ချန်း... ငါတို့လည်း အကြောင်းကြားစာရတယ်။ ဒီကိစ္စကို မင်း ဘယ်လိုထင်လဲ"

အချက်အလက်များက ယဲ့ချန်း၏လက်ထဲတွင် ရှိနေသည်ဖြစ်ရာ ယဲ့ချန်းဘက်က ထုတ်ပေးမည်ဟု ဆိုလာပါက သူ့အနေနှင့် မတတ်သာသောကြောင့် အကြီးအကဲဝေ့ခမျာ အလွန်စိုးရိမ်နေပေသည်။

သို့သော် ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

"ဒါက ဆုတစ်ခုသက်သက်ပါ။ ဘာမှအရေးမကြီးပါဘူး"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက စတားတက္ကသိုလ်၏ တရားဝင်ဖိုရမ်တွင် ကြေညာချက်တစ်ခုကို တင်လိုက်သည်။

"အခုကစပြီး စတားတက္ကသိုလ်မှ ကျောင်းသားများအနေနှင့် နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းမှုကို လက်ခံတော့မည်မဟုတ်ပါ"

ဤသည်မှာ ယဲ့ချန်း၏တုံ့ပြန်မှုပင်။

ရဲရင့်ပြီး ပြတ်သားလှသည်။

မင်းတို့က ငါ့ကို လာခြိမ်းခြောက်နေတာလား။ ငါ မင်းတို့ရဲ့ကစားပွဲကို ဆက်မကစားတော့ဘူး။ ငါကိုယ်တိုင် ဆန်ခါတင်စာရင်းက ထွက်လိုက်ပြီ။

ယဲ့ချန်း၏ အဓိကရည်ရွယ်ချက်က ကျောင်းသားများအတွက်သာ။ ကျောင်းသားများ ဘွဲ့ရသွားပါက ယဲ့ချန်း ဝင်မစွက်ဖက်တော့ပေ။

မကြာခင်မှာပင် စတားတက္ကသိုလ်၏ တရားဝင်ဝက်ဘ်ဆိုက်က စတားတက္ကသိုလ်ရှိ ကျောင်းသားများအနေနှင့် နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းမှုကို လက်ခံတော့မည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်က စတားတက္ကသိုလ် တစ်ခုလုံးကို ပေါက်ကွဲသွားစေခဲ့သည်။

ဟွားနိုင်ငံတစ်ဝန်းလုံးလည်း ပေါက်ကွဲသွားခဲ့သည်။

ပညာရေးလောကတွင်ပင် ပွက်လောရိုက်သွားလေသည်။

နိုဘယ်ဆုမှာ တစ်ကမ္ဘာလုံးရှိ နယ်ပယ်တိုင်းတွင် အမြင့်ဆုံးဂုဏ်ထူးဆောင်ဆု ဖြစ်ကြောင်း သိထားရပေမည်။

မည်သူမဆို သို့မဟုတ် မည်သည့်အဖွဲ့အစည်းမဆို ဤဂုဏ်သရေကို ရရှိခြင်းမှာ ပညာရေးလောကတွင် နတ်ဘုရားတစ်ပါး ဖြစ်လာသလိုပင်။

သို့သော် စတားတက္ကသိုလ်က အမည်စာရင်းတင်သွင်းမှုများကို လက်ခံတော့မည် မဟုတ်ကြောင်း လူသိရှင်ကြားကြေညာခဲ့သည်။

သိပ်မကြာခင်မှာပင် နိုဘယ်ဆုဘက်က ယဲ့ချန်းအား နျူကလီးယားပေါင်းစပ်နည်းပညာကို ထုတ်ပေးရန် တောင်းဆိုခဲ့သည့် သတင်းလည်း ထွက်ပေါ်လာခဲ့သည်။

မည်သူကမှ ယဲ့ချန်းကို အပြစ်မတင်ကြပေ။ သူတို့က ယဲ့ချန်း၏ ဆုံးဖြတ်ချက်ကိုပင် ထောက်ခံကြသည်။

အထူးသဖြင့် စတားတက္ကသိုလ်ကျောင်းသားများပင်။ မည်သူတစ်ဦးတစ်ယောက်ကမှ မညည်းညူကြပေ။

နိုဘယ်ဆုက ဘာလဲ။

ယဲ့ချန်းက သူတို့၏အိပ်မက်များကို အတောင်ပတပ်ပေးခဲ့သူပင်။ ယဲ့ချန်းကြောင့်သာမဟုတ်လျှင် ယခုအချိန်တွင် သူတို့ တက္ကသိုလ်တက်ဖို့ အခွင့်အရေးပင် ရချင်မှရလိမ့်မည်။

သူတို့ထဲရှိ လူတော်တော်များများက ရွှေ့ပြောင်းအလုပ်သမားများ၊ ပို့ဆောင်ရေးအလုပ်သမားများ၊ စားသောက်ဆိုင်စားပွဲထိုးများပင် ဖြစ်နေလောက်ချေပြီ။

ထို့ကြောင့် ယဲ့ချန်း၏ မည်သည့် ဆုံးဖြတ်ချက်ကိုမဆို သူတို့အနေနှင့် ခြွင်းချက်မရှိ ထောက်ခံအားပေးကြသည်။

••••••••••••••••

အပိုင်း ၅၅၅ : စတားဆု

ဤသတင်းက ဟွားနိုင်ငံတစ်ဝန်း အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

လူတော်တော်များများက ဤကိစ္စနှင့်ပတ်သက်၍ သံသယဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

မည်သို့ပင်ဆိုစေကာမူ ဤအရာမှာ ဟွားနိုင်ငံသားများ ကမ္ဘာပေါ်တွင် ရရှိနိုင်သော အမြင့်ဆုံးဂုဏ်သရေကို ကိုယ်စားပြုနေပေသည်။

"စတားတက္ကသိုလ်က တော်တော်ဘဝင်မြင့်လာပြီ။ နိုဘယ်ဆုကိုတောင် ငြင်းရဲတယ်တဲ့"

"တကယ်စိတ်ပျက်စရာပဲ။ ငါက ယဲ့ချန်း ဟွားနိုင်ငံအတွက် သမိုင်းသစ်ရေးထိုးနိုင်မယ်လို့ ထင်ထားခဲ့တာ"

"ဘာလို့ ငြင်းရတာလဲ။ ယဲ့ချန်းက စိတ်ပျက်ရမှာကို ကြောက်နေတာလား"

"ကိုယ့်ဘာသာကိုယ် သတ္တိမရှိရင်တောင် ကလေးတွေရဲ့အခွင့်အရေးကို ဘာလို့ ပိတ်ပင်ရတာလဲ"

...

ဝဘ်ဆိုက်များအားလုံးတွင်လည်း ဤကိစ္စအကြောင်း ဆွေးနွေးနေကြပြီး မည်သူကမှ ယဲ့ချန်း၏ရွေးချယ်မှုကို နားမလည်နိုင်ကြပေ။

သို့သော် ယဲ့ချန်းကတော့ မရှင်းပြခဲ့ပေ။

ဟွားနိုင်ငံရှိ အဆင့်မြင့်အရာရှိကြီးတစ်ယောက်က ထိုကြေညာချက်ကို မြင်သောအခါ စိတ်သက်သာရာရဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။

"ကောင်းတယ်... ငါတို့လို ယန်နဲ့ဟွမ်မျိုးဆက်တွေက ဒီလိုမာနမျိုး ရှိရမယ်"

ယဲ့ချန်းက ဆုကို စွန့်လွှတ်ခဲ့သော်လည်း ဤလုပ်ရပ်မှာ ဟွားနိုင်ငံတစ်ဝန်းလုံး ပြန်လည် နိုးထလာစေရေးအတွက်ပင်။

အကယ်၍ ယဲ့ချန်းအနေနှင့် ဆုရချင်ဇောဖြင့် တကယ်လက်ခံခဲ့လျှင် စတားတက္ကသိုလ်သည် အစိုးရ၏ထောက်ပံ့မှုအားလုံးကို ဆုံးရှုံးသွားပေလိမ့်မည်။

ယဲ့ချန်းက ဤမျှကြီးမားသည့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပြီဖြစ်ရာ ဤကိစ္စမှာ ယဲ့ချန်းတစ်ယောက်တည်းအပေါ်တွင်သာ မှီခိုနေ၍ မရတော့ပေ။

မကြာခင် နိုဘယ်ကော်မတီ၏ ကြေညာချက်ကို သူတို့၏ တရားဝင်ဝဘ်ဆိုက်ကတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

ကြေညာချက်ကို မြင်လိုက်ရချိန်ဝယ် ဟွားနိုင်ငံသားများ အလွန်ဒေါသထွက်သွားကြသည်။

"ဒါက တော်တော်လွန်လွန်းတယ်။ ငါတို့ ကြိုးကြိုးစားစား သုတေသနလုပ်ထားရတဲ့ဟာကို မင်းတို့ကို ဘာလို့အလကားပေးရမှာလဲ"

"ယဲ့ချန်းကို ထောက်ခံတယ်။ ကျောင်းအုပ်ယဲ့လုပ်တာ မှန်တယ်"

"အသုံးမကျတဲ့ ဆုပါကွာ။ ငါတို့ဟွားနိုင်ငံသားတွေ လက်မခံနိုင်ဘူး"

မကြာခင် ဟွားနိုင်ငံရှိ ပင်မတက္ကသိုလ်များကလည်း ကြေညာချက်များ ထုတ်ပြန်လာကြသည်။

"ဟွားချင်းတက္ကသိုလ်သည် နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းမှုများကို လက်ခံတော့မည်မဟုတ်ပါ"

"မိုတုတက္ကသိုလ်သည် နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းမှုများကို လက်ခံတော့မည်မဟုတ်ပါ"

"ကျန်းတက္ကသိုလ်သည် နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းမှုများကို လက်ခံတော့မည်မဟုတ်ပါ"

ဟွားနိုင်ငံရှိ ပင်မတက္ကသိုလ်ကြီးများအားလုံးကလည်း တစ်ပုံစံတည်းတူညီသော ကြေညာချက်များကို ထုတ်ပြန်ခဲ့ကြသည်။

ဟွားနိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုမှာ ဤအချိန်တွင် အပြည့်အဝပေါင်းစည်းသွားခဲ့သည်။

အွန်လိုင်းပေါ်တွင် နိုဘယ်ကော်မတီကို ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

"ဒါက သက်သက်အနိုင်ကျင့်တာပဲ"

"ငါတို့ဟွားနိုင်ငံသားတွေက အသုံးမကျတဲ့ ဒီဆုကို ဂရုမစိုက်ဘူးကွ"

လူတိုင်းနီးပါးက ယဲ့ချန်း၏ရွေးချယ်မှုကို ထောက်ခံကြသည်။

အစောပိုင်းက ယဲ့ချန်းကို မေးခွန်းထုတ်ခဲ့သူများလည်း သူတို့၏ပို့စ်များကို တိတ်တဆိတ် ဖျက်ပစ်ခဲ့ကြသည်။

ပင်မသတင်းမီဒီယာကြီးများကပင် မားမားမတ်မတ် ရပ်တည်လာကြပြီး နိုဘယ်ကော်မတီ၏ ဗိုလ်ကျစိုးမိုးသည့် အပြုအမူကို ဝေဖန်ခဲ့ကြသည်။

ထိုအချိန်တွင် နိုဘယ်ကော်မတီကလည်း ထိုသတင်းကြောင့် တုန်လှုပ်သွားချေသည်။

အမှန်တော့ သူတို့ဘက်က ကြမ်းတမ်းလှသော ဤဆုံးဖြတ်ချက်ဖြင့် ယဲ့ချန်းကို အချက်အလက်များ ထုတ်ပေးလာစေရန် အတင်းအကျပ်ဖိအားပေးချင်ခဲ့ခြင်းသာ။

ယဲ့ချန်းသည် နိုဘယ်ဆုကိုပင် ငြင်းပယ်ရဲသည်အထိ မာနရှိလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။

ပိုကြောက်စရာကောင်းသည်မှာ ဟွားနိုင်ငံက နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းမှုများကို ဘယ်သောအခါမှ လက်ခံတော့မည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ခြင်းပင်။

နိုဘယ်ဆုသည် ကမ္ဘာပေါ်တွင် သြဇာအညောင်းဆုံးဆုအဖြစ် သတ်မှတ်ခံထားရသည်။ ယခုမူ ဟွားနိုင်ငံက သူတို့နှင့် ဆက်ဆံရေးဖြတ်တောက်လိုက်ချေပြီ။

နိုဘယ်ဆုချီးမြှင့်ရေး အထက်လူကြီးများမှာ တိတ်တဆိတ် နောင်တရနေကြသည်။

သူတို့၏ဆုံးဖြတ်ချက်က ဤမျှကြီးမားသော ဆုံးရှုံးမှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။

သူတို့အမြင်တွင် ယဲ့ချန်းဘက်က သတင်းရသည်နှင့် အချက်အလက်များကို နာခံစွာ လွှဲပြောင်းပေးလိမ့်မည်ဟု ထင်ခဲ့ကြသည်။

သို့သော် ဟွားနိုင်ငံသားများ၏ စိတ်ဓာတ်မာကျောမှုကို သူတို့ လျှော့တွက်ခဲ့မိသည်။

ယခု ဟွားနိုင်ငံသည် သူတို့ အလွယ်တကူ ခြယ်လှယ်နိုင်သည့် ခေတ်နောက်ကျနေသော နိုင်ငံ မဟုတ်တော့ပေ။

ထို့ကြောင့် သူတို့ဘက်က ကြေညာချက်အသစ်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။

"ယဲ့ချန်းသည် သူ့ကိုယ်ကျိုးအတွက် ယိုယွင်းလာသော ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် နည်းပညာကို သိုဝှက်ထားပြီး ကမ္ဘာမြေ၏ စွမ်းအင်ကဏ္ဍအတွက် ပံ့ပိုးကူညီရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူ့နိုဘယ်ဆုအမည်စာရင်းတင်သွင်းမှုကို တရားဝင်ပယ်ဖျက်လိုက်သည်"

ဤသတင်းမှာ ချက်ချင်းဆိုသလို အားမာန်အပြည့်ပျံ့နှံ့သွားလေသည်။

ယဲ့ချန်းက သာနို့စ်ကဲ့သို့ ဗီလိန်တစ်ယောက်နှင့်ပင် တူသွားချေသည်။

ဟွားနိုင်ငံရှိ အချို့လူများပင် သွေးထိုးလှုံ့ဆော်ခံရပြီး အွန်လိုင်းပေါ်တွင် ယဲ့ချန်းကို ဝေဖန်လာကြသည်။

သို့သော် ထိုအချိန်မှာပင် ဟွားနိုင်ငံက အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ရုတ်တရက်ချမှတ်လိုက်သည်။

ဟွားနိုင်ငံတွင် စတားဆုကို တည်ထောင်လိုက်ခြင်းပင်။

ဤဆုကို စတားဟု နာမည်ပေးထားခြင်းမှာ ယဲ့ချန်းတွင် ခိုင်မာသော ကျောထောက်နောက်ခံရှိကြောင်း တစ်ကမ္ဘာလုံးကို အသိပေးရန် ရည်ရွယ်ခြင်းပင်။

ထိုကျောထောက်နောက်ခံမှာ ဟွားနိုင်ငံပင်။

ဤသတင်း ထွက်ပေါ်လာသောအခါ ဟွားနိုင်ငံတစ်ဝန်းလုံး အံ့သြတုန်လှုပ်သွားကြသည်။

သူတို့က ယဲ့ချန်းအတွက် သီးသန့်ဆုတစ်ခုကို အထူးတလည်သတ်မှတ်ပေးလိုက်သည်။

သို့သော် ယဲ့ချန်းက ဤဆုနှင့် ထိုက်တန်ကြောင်း လူတိုင်းယုံကြည်ကြသည်။

တစ်ချိန်က ဟွားနိုင်ငံ ဆင်းရဲမွဲတေပြီး နည်းပညာချို့တဲ့ခဲ့စဉ်က နိုင်ငံခြားတိုင်းပြည်များက သူတို့ကို နည်းပညာတစ်ခုခုများ ပေးဖူးလေသလား။

သူတို့ဘာသာ တဖြည်းဖြည်းကြိုးစားအားထုတ်ရင်း သုတေသနများကတစ်ဆင့် ရလာခဲ့သည်မဟုတ်လော။

ယခု သူတို့တွင် နည်းပညာရှိလာချိန်ဝယ် တစ်ဖက်က အလကားယူချင်ကြသည်။

ဒီလောက်ဘယ်လွယ်ပါ့မလဲ။

ထို့ကြောင့် ဤဆုကို တည်ထောင်ခြင်းမှာ ယဲ့ချန်းအပေါ် နိုင်ငံတော်က ထောက်ခံအားပေးကြောင်း ပြသလိုက်ခြင်းပင်။

ထိုအချိန်တွင် ယဲ့ချန်းလည်း ဤသတင်းကို သိသွားပြီဖြစ်၏။

တစ်ဖက်လူက သူ့အပေါ် အသရေဖျက်ခဲ့သည့်တိုင် ယဲ့ချန်းကတော့ တုံ့ပြန်ရန် စိတ်မဝင်စားပေ။

သူသည် အရာရာကို ပွင့်ပွင့်လင်းလင်းနှင့် ရိုးရိုးသားသား လုပ်ဆောင်သည်။ လူသားများကို အကျိုးပြုခြင်းဆိုသည်ကား ဘာလဲ။

ဤကဲ့သို့သော နည်းပညာသာ နိုင်ငံတချို့၏ လက်ထဲသို့ ကျရောက်သွားပြီး စစ်ရေးနယ်ပယ်တွင် အသုံးပြုလာမည်ဆိုလျှင် ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုကိုရော သူတို့ ထည့်မစဉ်းစားကြဘူးလား။

ထိုအချိန်တွင် ဟွားနိုင်ငံက ပင်လယ်ကူးတံတားတစ်စင်းကို တည်ဆောက်နေသော်လည်း ရေအောက်လိုဏ်ခေါင်းစီမံကိန်းအတွက် နည်းပညာကို အခြားနိုင်ငံတစ်ခုက ပိုင်ဆိုင်ထားကြောင်း သတင်းတစ်ပုဒ်ကို ယဲ့ချန်း တွေ့လိုက်ရသည်။

ဟွားနိုင်ငံက ရိုးသားစွာ ဝယ်ယူလိုသော်လည်း တစ်ဖက်နိုင်ငံကမူ ဈေးနှုန်းကို ငါးဆယ်ဘီလျံအဖြစ် သတ်မှတ်ထားသည်။

ဤသည်မှာ ရိုးသားမှု လုံးဝမရှိပေ။

ဟက်...

မင်းတို့က ငါတို့နည်းပညာကိုကျတော့ အလကားလိုချင်ပြီး ငါတို့ကတော့ မင်းတို့ဆီက မိုးအထိ ခေါင်ခိုက်နေတဲ့ဈေးနှုန်းကို ပေးရမယ်ပေါ့လေ။

ယဲ့ချန်းလည်း ကျွမ်းကျင်ဗိသုကာပညာရှင်တစ်ယောက်၏ စွမ်းရည်များကို ရုတ်တရက် သတိရလိုက်သည်။

ထို့ကြောင့် အသေးစိတ်ပုံကြမ်းတစ်ခုကို ညတွင်းချင်း ရေးဆွဲလိုက်သည်။

နောက်တစ်နေ့တွင် အကြီးအကဲဝေ့ထံသို့ ယဲ့ချန်း ဖုန်းဆက်လိုက်သည်။

"အကြီးအကဲဝေ့... ကျွန်တော်တို့ ပင်လယ်ကူးတံတားတစ်စင်း ဆောက်နေတာမဟုတ်လား"

"ဟုတ်တယ်။ ဆောက်နေတယ်။ ဒါပေမဲ့ အခု ပြဿနာတချို့နဲ့ ကြုံနေရတယ်"

အကြီးအကဲဝေ့လည်း ဤပြဿနာကြောင့် ခေါင်းခဲနေရသည်။

ညှိနှိုင်းမှုများ အဆင်မပြေသောကြောင့် သူတို့၏သုတေသနကိုသာ အားကိုးရမည်ဖြစ်ပြီး သုံးနှစ်အချိန်ယူရမည်ဖြစ်၏။ ဆိုလိုသည်မှာ စီမံကိန်း ပြီးစီးမှုမှာ သုံးနှစ်နှောင့်နှေးသွားမည်ဖြစ်၏။

ယဲ့ချန်းက ပြောလိုက်၏။

"အကြီးအကဲဝေ့... ကျွန်တော့်ဆီမှာ ဖြေရှင်းနည်းတစ်ခု ရှိတယ်။ အဆင်ပြေမပြေ သူတို့ကို ကြည့်ခိုင်းလိုက်ပါ"

ထို့နောက် ယဲ့ချန်းက ထိုစာရွက်စာတမ်းကို အကြီးအကဲဝေ့၏ အီးမေးလ်သို့ ပေးပို့လိုက်သည်။

အကြီးအကဲဝေ့က အီးမေးလ်ဝင်လာသဖြင့် ဖွင့်ကြည့်လိုက်သောအခါ မျက်လုံးများ အရောင်လဲ့သွားသည်။

ပင်လယ်ကူးတံတား ဒီဇိုင်းပုံကြမ်းတဲ့လား။

ယဲ့ချန်းမှာ ဤနည်းပညာ ရှိနေခြင်းများလား။

စက်ရုပ်အကြောင်းနှင့် နျူကလီးယားစွမ်းအင်အကြောင်း စဉ်းစားကြည့်ပြီးနောက် အကြီးအကဲဝေ့လည်း ဤဖြစ်နိုင်ခြေမှာ အလွန်မြင့်မားသည်ဟု ခံစားလိုက်ရသည်။

သူသည် ပင်လယ်ကူးတံတားစီမံကိန်းကို တာဝန်ယူထားသော ချန်းသုန်းထံသို့ အမြန်ဖုန်းခေါ်လိုက်၏။

ချန်းသုန်းခမျာ တစ်ညလုံး မအိပ်ရသေးပေ။

အရာအားလုံး အဆင်သင့်ဖြစ်နေသော်လည်း အရေးကြီးသော နည်းပညာတွင် တစ်နေချေသည်။

အကယ်၍ ဤပြဿနာကို မဖြေရှင်းနိုင်ပါက ပင်လယ်ကူးတံတား၏ တည်ဆောက်ရေးကာလမှာ အချိန်အကန့်အသတ်မရှိ ရှည်ကြာသွားမည်ဖြစ်၏။

"သူတို့နဲ့ နောက်တစ်ခေါက် ထပ်ညှိနှိုင်းကြည့်ကြမလား"

လက်ထောက်ခေါင်းဆောင်က အကြံပြုလိုက်သည်။

ချန်းသုန်းက ခေါင်းခါပြလိုက်၏။

"သူတို့က ငါတို့ကို နည်းပညာမပေးချင်လို့ တမင်သက်သက် ခေါင်ခိုက်နေတဲ့ဈေးနှုန်းကို သတ်မှတ်ထားတာ။ ဒီကောင်တွေက ငါတို့တိုးတက်လာမှာကို မမြင်ချင်ကြဘူး"

ထိုအချိန်မှာပင် ချန်းသုန်း၏ဖုန်းက မြည်လာလေသည်။

"လောင်ချန်း... ငါ့ဆီမှာ ပင်လယ်ကူးတံတားဒီဇိုင်းပုံကြမ်းတစ်ခု ရှိတယ်"

"အာ... မင်း အဲဒါကို ဘယ်ကရလာတာလဲ"

"ငါ့သူငယ်ချင်းတစ်ယောက်ဆီက။ အဆင်ပြေမပြေ တစ်ချက်လောက်ကြည့်ကြည့်ပါဦး"

မကြာခင် ထိုပုံကြမ်းကို ပေးပို့လာချေသည်။

ချန်းသုန်းခမျာ ထိုပုံကြမ်းကို မြင်လိုက်ရချိန်ဝယ် လက်များပင် အနည်းငယ် တုန်ယင်သွားသည်။

"ဘုရားရေ... အံ့မခန်းပဲ။ ငါ ဘာလို့ ဒါကိုမစဉ်းစားခဲ့မိတာလဲ"

အခြားနည်းပညာဝန်ထမ်းတချို့ကလည်း အနားသို့ ဝိုင်းအုံလာကြသည်။

"လောင်ချန်း... ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ"

ချန်းသုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

"ငါတို့ရဲ့ပင်လယ်ကူးတံတားဒီဇိုင်းပြဿနာက အဆင်ပြေသွားပြီ"

"ဘာ... အဆင်ပြေသွားပြီ ဟုတ်လား"

လူတိုင်း မှင်တက်သွားကြသည်။

ဤနည်းပညာကို နိုင်ငံတစ်နိုင်ငံက ငါးဆယ်ဘီလျံဈေးသတ်မှတ်ထားသည်။ ထိုအရာက ဤမျှလွယ်လွယ်ကူကူ အဆင်ပြေသွားပြီတဲ့လား။

ချန်းသုန်းလည်း စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ဖုန်းခေါ်လိုက်၏။

"အကြီးအကဲဝေ့... မြန်မြန်ပြောပြစမ်းပါ။ ဒီဒီဇိုင်းပုံကြမ်းကို ဘယ်ကရလာတာလဲ"

All Chapters