← Chapters

ကြေးမုံမှန်ကဲ့သို့ကြည်လင်သည့်စိတ်ဝိညာဉ်

Vol. 7 Ch. 634

ကြေးမုံမှန်ကဲ့သို့ကြည်လင်သည့်စိတ်ဝိညာဉ်

Vol. 7 Ch. 634

ဆန်းလျန်သည် တောင်တန်းများနှင့် စမ်းချောင်းလေးများ စီးဆင်းနေရာ အဝေးတစ်နေရာသို့ လှမ်းမျှော် ကြည့်လိုက်ရင်း…

"မနက်ဖြန် အရုဏ်တက်မှာ သူ ဒီနေရာကို ရောက်လာလိမ့်မယ်"

ဆန်းလျန်၏ စကားကိုကြားသည်နှင့် အစေခံ၏မျက်နှာမှာ တည်ကြည် လေးနက်သွားလေသည်။

သူသည် သခင်လေးဆီတွင် အမှုထမ်းခဲ့သည်မှာ နှစ်ပေါင်း (၃၀)ကြာခဲ့ပြီ ဖြစ်လေသည်။ သခင်လေး၏ ခန့်မှန်းချက် မှားယွင်းသည်ကို တစ်ခါမှ မကြုံတွေ့ခဲ့ရဘူးပေ။ ယခုတစ်ကြိမ်လည်း မှားယွင်းမည် မဟုတ်ပေ။

သို့သော် ဖြူမည်းညီနောင်၊ ဒြပ်စင်(၅)ဖော်နှင့် စစ်ဗိုလ်ချုပ် (၈)ယောက်မှာ တန်ခိုးစွမ်းအား အလွန်မြင့်မားသူများ ဖြစ်ကြလေသည်။ သူတို့တောင်မှ ထိုအမျိုးသမီးကို မတားဆီးနိုင်လျှင် သူမ၏ တန်ခိုးစွမ်းအားသည် မည်မျှ မြင့်မားလွန်းပါသနည်း။

ဆန်းလျန်သည် တောင်ပေါ်မှ ကြွေကျနေသည့် သစ်ရွက်နီများကို ဆက်ပြီး ကြည့်နေမိလေသည်။

သူသည် တည်ငြိမ်နေလေသည်။ အိပ်မက်ထဲတွင် မတော်တဆမှုအချို့နှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် သူက ကျေနပ် နေမိလေသည်။ သူသည် လွန်ခဲ့သည့်  (၃)ရက်ခန့်က အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေသည်ကို သိရှိလိုက် ရခြင်း ဖြစ်လေသည်။ အိပ်မက်သည် ထူးခြားပြီး အစစ်အမှန်အလားပင် ထင်မှတ်ရလေသည်။ သို့မဟုတ် တကယ့် အစစ်အမှန် နေရာတစ်ခုလည်း ဖြစ်နိုင်လေသည်။ သို့သော် ထိုအိပ်မက်သည် ရော့ရှီနှင့် အိပ်မက် လမ်းကြောင်းခြင်း တိုက်ဆိုင်နေခဲ့လေသည်။

ဖန့်ကျန်းနှင့် ထိုက်စုနတ်သမီး (၂)ယောက်စလုံးသည် ထိုက်စုယွမ်ကျွင်း၏ ဉာဏ်စဉ်များ ဖြစ်ကြလေသည်။ ထို့အတူ ထောင်ဟုန်သည်လည်း ဆန်းလျန်၏ ဉာဏ်စဉ်တစ်ခုသာ ဖြစ်လေသည်။

ဖန့်ကျန်းက ဖြတ်တောက်ခြင်း လမ်းစဉ်ကို ယူဆောင် လာရသည်မှာ ရော့ရှီ၏ ဝိညာဉ်တည်ရှိခြင်းကို သုတ်သင်ပစ်ရန် ဖြစ်လေသည်။ လောကတွင် မည်သူမှ ဝိညာဉ်၏ တည်ရှိမှုကို လက်မခံကြတော့လျှင် ရော့ရှီသည် လုံးဝဥဿုံ သေဆုံးသွားရမည် ဖြစ်လေသည်။

ရော့ရှီနှင့် ထိုက်စုယွမ်ကျွင်း၏ ဉာဏ်စဉ် တိုက်ခိုက်နေသည့် အချိန်တွင် ဆန်းလျန် ဝင်ရောက် စွက်ဖက်လာပြီဟု သိလိုက်ရသည့် အချိန်တွင် ထိုက်စုယွမ်ကျွင်း၏ ဉာဏ်စဉ်ဖြစ်သည့် ထိုက်စုနတ်သမီးက ထိုလှည့်ကွက်ကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။

သို့သော် ဆန်းလျန်သည် အိပ်မက်ထဲသို့ ရောက်ရှိနေပြီကို သတိပြုလိုက်ပြီး နိုးထလာခဲ့သည့် အတွက် အမတ်ကြီး ရှောင်းတောက်ကို ကူညီပြီး ပြောင်းလဲမှုများကို ပြုလုပ် နိုင်ခဲ့လေသည်။ သူက ဖန့်ကျန်း အားနည်းသွားစေရန် အတွက် ဘုရင့်အာဏာကို အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။

ဖန့်ကျန်းသည် အမှန်တကယ်ပင် ကြောက်လန့် တုန်လှုပ်နေခဲ့လေသည်။

ယခုတိုက်ပွဲတွင် သူလုံး၀ အရှုံးမခံနိုင်ပေ။ ထို့ကြောင့် သူက ချက်ချင်းပင် တန်ပြန် တိုက်စစ်ဆင်လိုက်ခြင်း ဖြစ်လေသည်။ ထိုက်စုနတ်သမီးသာ ရော့ရှီကို ဖန့်ကျန်းထံသို့ ခေါ်ဆောင် လာနိုင်ခဲ့လျှင် သူတို့ (၂)ယောက်လုံးသည် အနိုင်ရမည့်ဘက်သို့ ဦးတည်မည် ဖြစ်လေသည်။

ထိုအချိန်သို့ ရောက်လျှင် ဆန်းလျန်သည် ခံစစ်တွင် ပိတ်မိနေမည် ဖြစ်လေသည်။ သို့သော်… ကံကောင်းစွာဖြင့် ဆန်းလျန်သည် (၃)ရက် ကြိုပြီး အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေသည်ကို သိရှိကာ နိုးထ လာနိုင်ခဲ့လေသည်။

ထိုက်စုနတ်သမီးကို သုတ်သင်ပစ်နိုင်လျှင် ဖန့်ကျန်းကို အေးအေးဆေးဆေးပင် အနိုင်ယူနိုင်မည် ဖြစ်လေသည်။ ထိုအခါ ဆန်းလျန်အနေဖြင့် ရော့ရှီးလေးကို အိပ်မက်ကမ္ဘာမှ ခေါ်ထုတ်လာနိုင်မည် ဖြစ်လေသည်။

ထိုအချိန်မှာပင်…

မီးအလင်းလုံးကြီး တစ်လုံး ဆန်းလျန်ရှိရာသို့ ကျဆင်းလာလေသည်။ သို့သော် ဆန်းလျန်က အမူအရာ ပျက်သွားခြင်းမရှိပါ။

သူက သက်ပြင်းတစ်ချက် ချလိုက်ရင်း…

"ချီကျွေးယန်တော့ သေသွားရှာပြီ…"

ချီကျွေးယန်သည် သူ၏ ထိုက်ရွှီးတန်ခိုး စွမ်းအား (၈)ခုမှ ဖြစ်တည်လာသည့် လူတစ်ယောက် ဖြစ်လေသည်။ သူသည် ထိုက်စုနတ်သမီးကို ခဏလေးပင် တားဆီးထားနိုင်ခဲ့ခြင်း မရှိပေ။ ဆန်းလျန်အနေဖြင့် ရန်သူကို သေသေချာချာ အာရုံစိုက်ရမည် ဖြစ်လေသည်။

ဆန်းလျန်၏ စကားကိုကြားသည့် အခါတွင်တော့ အစေခံမှာ ထိတ်လန့် တုန်လှုပ် သွားရလေသည်။

ကြိုတင် ခန့်မှန်းချက်အရ ဆိုလျှင် ချီကျွေးယန်သည် သတ်မှတ်ထားသည့် နေရာသို့ စောစောလေးကပင် ရောက်သွားခဲ့ခြင်း ဖြစ်လေသည်။ တာအိုကျင့်ကြံသူ အမျိုးသမီးက ချီကျွေးယန်ကို သတ်ဖြတ်လိုက်သည်မှာ မြန်ဆန် လွန်းလှလေ၏။

ဆန်းရော့ရှီသည် နားထဲတွင် လေသံများကိုသာ ကြားနေရလေသည်။

ထိုက်စုနတ်သမီးမှာ လျင်မြန်စွာ ပျံသန်းနေသည့်အတွက် ရှေ့တွင် မည်သည့်အရာ ရှိနေသည်ကိုပင် မြင်တွေ့ရခြင်း မရှိတော့ပေ။

***

လေထုကို ထိုးခွင်းနေသည့် အသံသည် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

သူတို့ရှေ့တွင် ထီးတစ်လက် ကိုင်ထားသည့် မိန်းမပျိုတစ်ယောက် ရပ်နေပြီး သူမ၏ ပတ်ဝန်းကျင်တွင် လေပွေတစ်ခုက လှည့်ပတ်နေလေသည်။ သူမက ကောင်းကင်ထက်မှ နေပြီး သူတို့ကို ငုံ့ကြည့်နေလေသည်။

"မင်းက ဖုန်းချင်းယွီ ဖြစ်ရမယ်"

ထိုက်စုနတ်သမီးက သစ်ပင်အမြင့်ကြီး တစ်ပင်ထက်တွင် ရပ်တန့်လိုက်ရင်း ပြောလိုက်လေသည်။

သူမ၏ လက်ထဲတွင် ရော့ရှီကိုလည်း ချီထားဆဲ ဖြစ်လေသည်။

မိန်းမပျိုက ပြုံးလိုက်ပြီး ဆောင်းထားသည့်ထီးကို ပိတ်လိုက်လေသည်။ ထို့နောက် နဂါးဆူးသွားကဲ့သို့ ပြင်းထန်သည့် လေအဟုန်ဖြင့် စတင် တိုက်ခိုက် လိုက်လေတော့သည်။

သို့သော် တာအိုကျင့်ကြံသူ အမျိုးသမီးကတော့ ဖုန်းချင်းယွီ၏ တိုက်ခိုက်မှုကို အထင်သေးစွာဖြင့် ကြည့်နေခဲ့လေသည်။ ထို့နောက် သူမက ဖုန်းချင်းယွီကို ပေါ့ပေါ့ပါးပါးပင် ပြန်လည် တိုက်ခိုက်လိုက်လေသည်။

သို့သော်… နောက်ထပ်ဖြစ်လာသည့် အဖြစ်အပျက်သည် တာအိုကျင့်ကြံသူ အမျိုးသမီး မျှော်လင့်မထားသည့် အဖြစ်အပျက်တစ်ခုပင် ဖြစ်လေသည်။

လေထဲတွင် ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားပြီး သူမရပ်နေသည့် သစ်ပင်ကြီး တစ်ခုလုံးပင် ပျက်စီးသွားလုနီးပါး ဖြစ်သွားရလေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးတွင် ဖုံများသဲများ ဖုံးလွှမ်းသွားလေသည်။ ဖုံများသဲများ အလယ်တွင် ထိုက်စုနတ်သမီး ပေါ်လာပြီး သူမ၏ ဆံပင်များမှာလည်း ရှုပ်ပွလျက် ရှိလေသည်။

ရန်သူက တစ်ချက်ပင် တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ကိုယ်သူ စတေး ခံသွားလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။

မည်သူမဆို ဆန်းလျန်အတွက်ဆိုလျှင် စတေးခံရန် အသင့်ရှိနေကြသည်မှာ ဆန်းလျန်၏ ဆွဲဆောင်မှုများပင်လား။

တာအိုကျင့်ကြံသူ အမျိုးသမီးသည် အစီအစဉ်တကျ ရေးဆွဲထားသည့် ထောင်ချောက်တစ်ခု အတွင်းသို့ ရောက်ရှိနေသည့် အလား ခံစားလိုက်ရလေသည်။

ဆန်းလျန်သည် မုဆိုးတစ်ယောက် ဖြစ်သည်ဆိုလျှင် သူမယခု တိုက်ခိုက်ခဲ့သည့် လူ (၂)ယောက်သည် မုဆိုး၏ အမဲလိုက်ခွေးနှင့် သိန်းငှက်သာလျှင် ဖြစ်လေသည်။

နောက်ထပ် စစ်ဗိုလ်ချုပ် (၆)ယောက်ဖြစ်သည့် မိုးကောင်းကင်၊ မြေကြီး၊ တောင်၊ ရွှံ့နွံ၊ ရေနှင့် လျှပ်စီးတို့ ရောက်ရှိလာဦးမည် ဖြစ်လေသည်။ ထိုသူများကို တိုက်ခိုက်ရင်း သူမ၏ တန်ခိုးစွမ်းအားများကို အလဟဿ အသုံးပြုရပေဦးမည်။

သို့သော် အဓိကအချက်ကတော့ သူတို့သည် ရောက်လာမည်ပဲ ဖြစ်လေသည်။ သူတို့သည် သူမကို နားခွင့်ပေးမည် မဟုတ်ပေ။

သူတို့အားလုံးသည် တိုက်ပွဲတွင် အသက်စွန့်ရန် အသင့်ရှိသူများ ဖြစ်ကြသည်မှာ ခြွင်းချက်မရှိပါ။

သူမမှာ တန်ခိုးစွမ်းအားများ ပြည့်ဝနေသည့်တိုင် သူမ၏ ဝိညာဉ်ကတော့ အနားမယူရသည့် အတွက် ပင်ပန်းနေခဲ့ပြီ ဖြစ်လေသည်။

သို့သော် ရန်သူက သူမကို ယခုကဲ့သို့ ဗျူဟာသုံးပြီး တိုက်ခိုက်နေခြင်းမှာ ရန်သူသည် သူမကို ကြောက်ရွံ့နေသော ကြောင်းလည်း ဖြစ်နိုင်လေသည်။

ဆန်းလျန်သည် မည်မျှ တန်ခိုးစွမ်းအား မြင့်မားသူဖြစ်ပါစေ သူမအနေဖြင့် ဆန်းလျန်ကိုသတ်ပြီး ရော့ရှီကို ဖန့်ကျန်းထံသို့ ပို့ဖြစ်အောင် ပို့ရမည် ဖြစ်လေသည်။

ထိုသို့ဖြင့် စစ်ဗိုလ်ချုပ် (၈) ယောက်ကို တစ်ယောက်ချင်း တိုက်ခိုက် သုတ်သင်ခဲ့ရလေသည်။

ထို့နောက်တွင်တော့ ဒြပ်စင် (၅)ဖော်က တစ်ယောက်ပြီး တစ်ယောက် ထပ်မံ ရောက်ရှိလာခြင်း မရှိတော့ပါ။ သို့သော် ဒြပ်စင် (၅)ဖော်က အတူတကွ ရောက်လာကြခြင်း ဖြစ်လေသည်။ သူတို့နှင့်အတူ ဖြူမည်းညီနောင်သည်ပင် ပါလာခဲ့ကြလေသည်။

သူတို့အားလုံး၏ မျက်ဝန်းများသည် အသေခံတိုက်ခိုက်ရန် ပြင်ဆင်ထားကြကြောင်း သိသာနေလေသည်။

သေခြင်းတရားကို မည်သူမှ မလွန်ဆန်နိုင်ခဲ့ပါ။

နောက်ဆုံးတွင်တော့ တန်ခိုးစွမ်းအား မြင့်မားလှပါသည် ဆိုသည့် သူတို့ (၇)ယောက်စလုံးသည် အသက်စွန့်ခဲ့ကြလေသည်။ အသက်စွန့်ရန် ဆိုသည်မှာ သူတို့အတွက် လွယ်ကူခဲ့ကြခြင်းတော့ မရှိပါ။

ဆန်းရော့ရှီသာ မရှိလျှင် တာအိုကျင့်ကြံသူ အမျိုးသမီးသည် တိုက်ခိုက်ခြင်းမပြုဘဲ ရှောင်ထွက်သွားမည် ဖြစ်လေသည်။ သို့သော် သူမအနေဖြင့် ရော့ရှီကိုလည်း ထားခဲ့ရန် မဖြစ်နိုင်ပါ။

သူတို့ (၇)ယောက်သည် ခုနစ်စင်ကြယ် အရန်အတားကို ယင် နှင့် ယန်၊ ဒြပ်စင်စွမ်းအား (၅)မျိုးဖြင့် ပေါင်းစပ်ကာ တိုက်ခိုက်ကြခြင်း ဖြစ်လေသည်။ ထို့ကြောင့် ထိုက်စုနတ်သမီးက ဖောက်ထွက်ရန် ကြိုးစားလိုက်တိုင်း (၇)ယောက်လုံးက တစ်ပြိုင်တည်း ပိတ်ဆို့ထားမြဲ ဖြစ်လေသည်။

သူတို့၏ ခုနစ်စင်ကြယ် အရန်အတားသည် အမြင့်ဆုံးသော တာအိုကာရံကို ရယူနိုင်ခဲ့ပြီး ထိုက်စုနတ်သမီး၏ နှလုံးသားကို ထိရှစေခဲ့လေသည်။ သူမ၏ တာအိုကျင့်စဉ်သည် ပင်လျှင် ထိုမျှ အကွက်စေ့ပြီး ပိရိသေသပ်ခြင်း မရှိပေ။

သူမသည် လက်ဖဝါးထက်တွင် မိုးကြိုးနှင့်လျှပ်စီးကို ဖန်ဆင်းကာ အပြင်းအထန် တိုက်ခိုက်သည့်တိုင် ခုနစ်စဉ်ကြယ် အရန်အတားကို ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိပေ။

သူမ၏ ငွေရောင်ဖူချန်မှ ငွေကြိုးမျှင်များသည် အကြိမ်ပေါင်းများစွာ ဝေ့ယမ်း တိုက်ခိုက်နေသည့်တိုင် ခုနစ်စင်ကြယ် အရန်အတားကို ဖြိုခွင်းနိုင်ခဲ့ခြင်းမရှိပေ။

အချိန်ကြာလာသည်နှင့် အမျှ…

သူမသည် အစစ်အမှန်နှင့် အစစ်အမှန် မဟုတ်သည်ကို တဖြည်းဖြည်း ခွဲခြား သိမြင်လာရလေသည်။

ထိုအခါ သူမသည် လက်နှစ်ချောင်းကို လေထဲသို့ ထိုးညွှန်လိုက်လေသည်။ သူမ၏ လက်ချောင်းများသည် ရွှေကိုလည်း ဖျက်ဆီးနိုင်သလို ကျောက်စိမ်းကိုလည်း ကွဲကြေအောင် လုပ်နိုင်လေသည်။ ထိုလက်ချောင်းသည် ထိုအခါမှ ဒြပ်စင်(၅)ဖော်ထဲမှ တစ်ယောက်၏ နှလုံးသားကို ထိုးဖောက် သွားခဲ့လေသည်။

ထိုအခါတွင်တော့ မပျက်စီးနိုင်သည့် ခုနစ်စင်ကြယ် အရန်အတားသည် တဖြည်းဖြည်း ပျက်စီးသွားရလေသည်။

ထိုက်စုနတ်သမီးသည် အတားအဆီးများမှ လွတ်မြောက် သွားသည်ကို ခံစား သိရှိလိုက်လေသည်။

ခုနစ်စင်ကြယ် အရန်အတား ပျက်စီးသွားသည်နှင့် ကျန်ရှိသည့် (၆)ယောက်မှာ ထိုက်စုနတ်သမီး၏ လက်ချက်ဖြင့် သေဆုံး သွားကြရလေသည်။

သေဆုံးသွားကြသည့် လူများသည် အလောင်းများ မကျန်ရစ်ပဲ ရောင်စုံအခိုးအငွေ့များ အဖြစ် ပြောင်းလဲသွားကြလေသည်။ ထိုက်စုနတ်သမီးသည် တစ်ခုခုမှားနေပြီ ဖြစ်သည်ကို သူမ ခံစားလိုက်ရလေသည်။

ပထမတိုက်ခိုက်လာသူ (၈)ယောက်၊ ယခု (၇)ယောက် အားလုံးသည် အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ် သွားကြလေသည်။

သူမက ကောင်းကင်ထက်သို့ မော့ကြည့် လိုက်မိလေသည်။ ထိန်ထိန်သာနေသည့် လရောင်သည် အနောက်ဆီသို့ ဝင်တော့မည် ဖြစ်လေသည်။ သူမ၏ နားထဲတွင် စမ်းချောင်းလေး စီးဆင်းသံကို ကြားလိုက်ရလေသည်။

ထိုက်စုနတ်သမီးသည် ရှေ့သို့အနည်းငယ် ဆက်သွားလိုက်သည့် အခါတွင်တော့ နက်ရှိုင်းသည့် မြစ်တစ်စင်းကို မြင်တွေ့လိုက်ရလေသည်။ မြစ်ကမ်းဘေးတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ သူမကို ကျောပေးရပ်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရလေသည်။

ထိုသူကို ကြည့်နေရင်း သူမ၏ဘဝတွင် မထမဆုံးအကြိမ်အဖြစ် ရင်ထဲတွင် လေးလံသွားမိလေသည်။

သူမသည် အလောတကြီး ရှေ့သို့မသွားသေးပဲ တန်ခိုးစွမ်းအားများကို စုစည်း လိုက်လေသည်။ သို့သော်… မြစ်ကမ်းနံဘေးမှ လူ၏တည်ရှိမှုကြောင့် သူမသည် စိတ်မသက်မသာ ခံစားနေရလေသည်။ သူမ၏ တန်ခိုးစွမ်းအားများ ပြန်လည်ပြည့်ဝလာပြီ ဖြစ်သည့်တိုင် သူမ၏ ဝိညာဉ်ကတော့ ပင်ပန်းနွမ်းနယ်နေဆဲ ဖြစ်လေသည်။

ထိုအချိန်မှာပင် အရှေ့ဆီမှ နေဝန်း ထွက်ပေါ်လာလေသည်။

နေမင်းသည် မြစ်ကမ်းဆီမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။ မြစ်ရေထဲမှ အနီရောင် သစ်ရွက်ကြွေများပေါ်သို့ ရောင်နီထွန်းလင်း ဖြာကျလာလေသည်။

ထိုအချိန်မှာပင်…

ကျောခိုင်းထားသည့် လူသည် ဖြည်းညင်းစွာဖြင့် လှည့်လာလေသည်။

သူ၏ပုံသဏ္ဌာန်မှာ လူ့လောကသို့ ဆင်းသက်လာသည့် နတ်ဒေဝါ တစ်ပါးအလား ထင်မှတ်ရလေသည်။

ဆန်းရော့ရှီသည် ထိုသူ လှည့်လာသည်ကို ထိုက်စုနတ်သမီးထက် အရင် သတိပြုမိလိုက်လေသည်။ ထိုသူကို သူမ၏စိတ်ထဲတွင် အလွန်မှ ရင်းနှီးကျွမ်းဝင် နေလေသည်။ သို့သော်… ထိုသူသည် မည်သူဖြစ်သည်ကို စဉ်းစားမရနိုင် ဖြစ်နေရလေသည်။

ထိုက်စုနတ်သမီး၏ မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေပြီး အကြည့်များက စူးရှနေလေသည်။

သူမထံမှ ထွက်ပေါ်နေသည့် ကြီးမားလွန်းသည့် တန်ခိုးစွမ်းအား ဖိအားများသည် ဆန်းလျန်ကို နုပ်နုပ်စဉ်းပစ်တော့မည့် အလား ထင်မှတ်ရလေသည်။ သို့သော် … ဆန်းလျန်အပေါ်တွင် ထိုတန်ခိုးစွမ်းအားများက သက်ရောက်ခဲ့ခြင်း မရှိပေ။

ဆန်းလျန်က ဖြည်းညင်းစွာဖြင့် စကားစပြော လိုက်လေသည်။

"လူတစ်ယောက် မွေးဖွားလာပြီဆိုတာနဲ့ သူ့ရဲ့မူရင်းဝိညာဉ်ဟာ အဆက်မပြတ် ညစ်နွမ်းပြီးတော့ မသန့်စင်တော့ဘူး၊ ကလေးတစ်ယောက် လျှောက်ခြစ်ထားသည့် စာရွက်တစ်ရွက်လိုပါပဲ၊ ဒါပေမဲ့ အဲဒီကလေး ပန်းချီဆရာဖြစ်လာတဲ့ တစ်နေ့ကျရင်တော့ သူငယ်ငယ်က လျှောက်ခြစ်ခဲ့တဲ့ စာရွက်မျိုးကို အသုံးပြုတော့မှာ မဟုတ်ဘူး၊ လူတစ်ယောက်ဟာ ပန်းချီပညာ သင်ယူတဲ့အခါမှာ မရေမတွက်နိုင်တဲ့ စာရွက်တွေ ကုန်ဆုံးရလိမ့်မယ်၊ ဒါပေမဲ့ ဝိညာဉ်ကတော့ လူတစ်ယောက် မွေးကတည်းက ပါလာပြီးသားပဲ၊ အဲဒီဝိညာဉ်ကို သန့်စင်အောင် လုပ်ရမှာ၊  ဒါကြောင့် လူတွေက နည်းလမ်းပေါင်း များစွာကို ကြိုးစားရှာဖွေကြတယ်၊ ကျင့်ကြံခြင်းလိုမျိုးပေါ့၊ အညစ်အကြေးတွေကို သုတ်သင် ပစ်လိုက်တာနဲ့ ဝိညာဉ်ဟာ မူလအတိုင်း သန့်စင်သွားရတယ်၊ ကျုပ်စကားကို နိဂုံးချုပ်ရရင် 'ဗောဓိသစ်ပင်ကဲ့သို့ ရုပ်ခန္ဓာ… ကြေးမုံမှန်ကဲ့သို့ ကြည်လင်သည့် စိတ်ဝိညာဉ်’ လို့ပဲ ပြောရလိမ့်မည်၊ ဒါကြောင့် အညစ်အကြေးတွေ ကင်းစင်အောင် မကြာခဏ သန့်စင်ပေးဖို့လိုတယ်၊ ဒီနေ့အချိန်မှာတော့ ကျုပ်ကြိုးစားခဲ့သမျှ အလကားမဖြစ်ဘူးလို့ ပြောရဲတယ်၊ ကျုပ်ရဲ့နှလုံးသားက အခြားသူတွေထက် တောက်ပနေတယ် ဒါကြောင့် စောပြီး နိုးထလာနိုင်ခဲ့တာပဲ"

****

All Chapters