← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း ၉၁ - ယွီလန်ဘုရားကျောင်း

ဤလေဟာနယ်တံခါးချပ်ကို ယင်ယန်ဂိတ်တံခါးဟုခေါ်ဆိုပြီး ဂမ္ဘီရဝိဇ္ဇာများ၏ ထူးခြားသော နည်းစနစ်တစ်ခုဖြစ်သည်။ ၎င်းသည် မော်တယ်ဘုံရှိ ရုပ်ပိုင်းဆိုင်ရာအဟန့်အတားများကို ရှောင်ကွင်းပြီး ဖြစ်နိုင်သမျှလမ်းကြောင်းကို အသုံးချခြင်းဖြင့် ယင်နှင့်ယန်၏ နယ်ပယ်ကြားက အကြားအလပ်ကနေတစ်ဆင့် ဖြတ်ကျော်ခြင်းပင်။

သို့သော်လည်း ဤနည်းစနစ်မှာ ကြီးမားသော ကန့်သတ်ချက်များရှိနေသည်။ ဤနေရာမှာ ဝင်္ကပါတစ်ခုခုရှိနေမည်ဆိုလျှင် ယင်ယန်ဂိတ်တံခါးက အလုပ်ဖြစ်လိမ့်မည်မဟုတ်ပေ။ ဒါ့အပြင် အကြိတ်အနယ်တိုက်ပွဲတစ်ခုမှာ လေဟာနယ်တံခါးချပ်ကို ဖွင့်လှစ်ခြင်းပေါ် အာရုံစိုက်ရန် ခက်ခဲလေသည်။

ဂမ္ဘီရဝိဇ္ဇာက လေဟာနယ်တံခါးကို ဖွင့်နိုင်မည်ဆိုလျှင်ပင် ပြိုင်ဘက်က သူတို့ကို တားဆီးနိုင်သည်။ အထူးသဖြင့် သူတို့၏ ပြိုင်ဘက်က အနီးကပ်တိုက်ခိုက်ရာမှာ ကျွမ်းကျင်သော ကိုယ်ခံပညာသိုင်းသမားတစ်ဦး ဖြစ်နေမည်ဆိုလျှင်ပင်။ ဂမ္ဘီရဝိဇ္ဇာသည် လေဟာနယ်တံခါးကို မဖွင့်နိုင်ခင်မှာ နေရာမှာတင် သေဆုံးသွားရနိုင်ခြေရှိလေသည်။ ထို့ကြောင့်ပင် ဂမ္ဘီရဝိဇ္ဇာအများစုက ဤနည်းစနစ်ကို တိုက်ပွဲထဲမှာ အသုံးမပြုကြပေ။ အဲဒါကို အရင်က မတွေ့မြင်ဖူးသောသူများကတော့ ၎င်းသည် လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားအံ့မခန်းဖြစ်သည်ဟု ထင်ပေလိမ့်မည်။

ထို့ကြောင့် စာပေပညာရှင်သည် ကျန်းယွဲ့လုကို ယာယီမှင်တက်စေပြီးနောက် ဆုတ်ခွာဖို့အတွက် ယင်ယန်ဂိတ်တံခါးကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ စာပေပညာရှင်သည် ထိုအခွင့်အလမ်းကို ချိန်ဆပြီး ကျန်းယွဲ့လုကို မတိုက်ခိုက်ခဲ့သည်မှာ သူသည် ဤမျှအချိန်တိုအတွင်း သူမကို သတ်ဖြတ်ဖို့ သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရရှိစေဖို့ ယုံကြည်မှုမရှိသောကြောင့်ဖြစ်သည်။

ဒါ့အပြင် ကျန်းယွဲ့လုက သန်မာလွန်းသည်။ သူက တစ်ခုခုလုပ်မည်ဆိုလျှင် လင်းကျန်းယွမ်နှင့်အတူ ဤနေရာမှာ သေသွားရနိုင်ခြေရှိသည်။ ထို့ကြောင့် လောလောဆယ်မှာ အန္တရာယ်ကို ရှောင်ကွင်းကာ ဆုတ်ခွာခြင်းက အကောင်းဆုံးဖြစ်သည်။

ကျန်းယွဲ့လုက သတိပြန်ကပ်လာပြီးနောက် လေဟာနယ်ဂိတ်တံခါးက အမဲရောင်အစက်တစ်စက်အဖြစ် ကျုံ့ဝင်သွားပြီး နောက်ဆုံးမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ သူမ လက်ထဲကနေ ဒုတိယမြောက် ရှေးဟောင်းအင်မော်တယ်ယုံကြည်သူက ထွက်ပြေးလွတ်မြောက်သွားပြန်ပြီဖြစ်သောကြောင့် သူမက အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။

အခြားတစ်ဘက်မှာတော့ ချီရွှမ်းစုက အကြိမ်တိုင်းမှာ အယူဝါဒမိစ္ဆာများကို သတ်ဖြတ်နိုင်ခဲ့သည်။ သူမကိုယ်သူမ သူနှင့်ယှဉ်လျှင် အနည်းငယ်နိမ်ကျနေသည်ဟုပင် ခံစားလာရသည်။

ဤအခိုက်အတန့်မှာ ချီရွှမ်းစု၊ ဝမ်ကျိချန်၊ လောရှောင်နှင့် အခြားသူများကလည်း သူတို့နောက်ကို လိုက်မီလာကြ၏။

ဝမ်ကျိချန်က တည်တံ့သောအမူအရာဖြင့် ပြောလိုက်၏။

“အဲဒီ ဂမ္ဘီရဝိဇ္ဇာက နောက်ဆုံး ကိုယ်ထင်ပြလာပြီလား… ငါ့ကို တိုက်ခိုက်ပြီး ရွက်လှေကို နစ်မြှုပ်ခဲ့တာက သူပဲ ဖြစ်ရမယ်”

လောရှောင်၏ မျက်နှာက တည်တံ့နေ၏။ သူ၏ လက်အောက်ငယ်သားနှင့် အထက်လူကြီး နှစ်ဦးစလုံးက အယူဝါဒမိစ္ဆာဂိုဏ်းဝင်များ ဖြစ်နေသောကြောင့် သူက မအီမသာခံစားနေရသည်။ တောင်ပိုင်းစစ်ဘက်ကွပ်ကဲရေးရုံး၏ သံတမန် ကွပ်ကဲရေးဗိုလ်မှူးက သူ၏ ပိုင်နက်နယ်မြေထဲမှာ အယူဝါဒမိစ္ဆာများ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။ မည်သို့ပင်ဆိုစေ သူ၏ တာဝန်ပျက်ကွက်မှုဟု ဆိုနိုင်သည်။

ချီရွှမ်းစုက ငေးငိုင်နေပြီး မည်သည့်စကားမှ မဆိုပေ။

ပိုင်ယုံကွမ်း၏ ဦးခေါင်းပြတ်က အသက်ပြန်ဝင်လာပြီးနောက် ထိုစကားကိုသာပြော၍ ချက်ချင်းပင် ပြန်လည်သေဆုံးသွားသည်။ သို့သော်လည်း ပိုင်ယုံကွမ်းနှင့် လင်းကျန်းယွမ်၏ စိတ်အားထက်သန်မှုအရ သူနှင့်ပတ်သက်၍ ထူးခြားမှုတစ်စုံတစ်ရာရှိနေသည်ကို သူနားလည်လာသည်။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ သန်မာရုံမျှသာ မဟုတ်လောက်ပေ။

ရလဒ်အနေဖြင့် ချီရွှမ်းစုက ပြဿနာနှစ်ခုနှင့် ရင်ဆိုင်လာရသည်။

ပထမပြဿနာသည် လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းက သူ့ခန္ဓာကိုယ်ကို အတော်လေးသဘောကျနေပုံရပြီး သူ့ကို ပေါင်းကူးခန္ဓာအဖြစ် အသုံးချရန် ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံကို အသုံးချလာနိုင်ခြေရှိသည်။ ထို့ကြောင့် သူတို့လက်ထဲသို့ ကျဆင်းမသွားစေရန် သူ့အနေဖြင့် အချိန်တိုင်း နိုးနိုးကြားကြားရှိနေရပေမည်။

ဒုတိယပြဿနာသည် ကျန်းယွဲ့လု သို့မဟုတ် တာအိုဂိုဏ်းတော်က သူ့လျှို့ဝှက်ချက်ကို ရှာတွေ့သွားနိုင်ခြင်းဖြစ်သည်။ သူသည် ထူးခြားခန္ဓာနှင့် မွေးဖွားလာခြင်းမဟုတ်ကြောင်း ချီရွှမ်းစုက ကောင်းကောင်းသိရှိထားသည်။ သူကိုယ်တိုင်ပင်မသိလိုက်သည့်ပုံစံဖြင့် ချင်းဖျင်အသင်းတော်က သူ့ကို အသွင်ပြောင်းလဲပေးခဲ့ခြင်းဖြစ်၏။ တာအိုဂိုဏ်းတော်က ရှာဖွေတွေ့ရှိမည်ဆိုလျှင် သူ၏ သရုပ်သကန်က ပေါက်ကြားကာ သူက အသက်အန္တရာယ်ရှိလာပေမည်။

ဤအချိန်မှာ ချီရွှမ်းစုသည် သူ၏ သရုပ်သကန်ကို ဘယ်လိုဖုံးကွယ်ရမလဲ စဉ်းစားနေသည်။ မည်သို့ပင်ဆိုစေ ထိုအချိန်တုန်းက ပိုင်ယုံကွမ်း၏ ဦးခေါင်းပြတ် ပြောခဲ့သည့်စကားကို လူတိုင်းကြားခဲ့ရသည်။

ချီရွှမ်းစုသည် သူ့အပေါ် ဖီးနစ်စိမ်းတပ်ဖွဲ့က ဘယ်လိုထင်မြင်မလဲ ဂရုမစိုက်ပေ။ သူဂရုစိုက်သည်မှာ ကျန်းယွဲ့လု၏ ထင်မြင်ချက်ဖြစ်သည်။

ကံကောင်းစွာဖြင့် သူသည် ကျန်းယွဲ့လုနှင့် ကောင်းမွန်သောဆက်ဆံရေးရှိထားပြီး သူမက သူ့ကို ရုတ်တရက် သံသယဝင်လာလိမ့်မည် မဟုတ်ပေ။ ဤအချက်ကြောင့်ပင် ချီရွှမ်းစုက အတော်လေးရှက်ရွံ့ကာ မလုံမလဲခံစားနေရသည်။ ကျန်းယွဲ့လုက သူ့အပေါ် ဤမျှထိ စိတ်ရင်းမှန်ကန်စွာ ဆက်ဆံခဲ့သော်လည်း သူက သိုဝှက်ထားပြီး သူ၏ သရုပ်သကန်ကို သူမထံမှ ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ဖုံးကွယ်ထားမိသည်။ သူသည် ဇနီးမသိအောင် ကာမဖောက်ပြန်ထားသော အမျိုးသားတစ်ယောက်လို ခံစားနေရ၏။

ချီရွှမ်းစုက စဉ်းစားတွေးတောပြီးနောက် အရင်စတင်စကားပြောလိုက်သည်။

“အဲဒီမိစ္ဆာတွေက နတ်ဘုရားဆင်းသက်မှုတစ်ခုအတွက် ပေါင်းကူးခန္ဓာတစ်ခုကို ရှာဖွေနေတဲ့ပုံပဲ… ငါ ချင်းပိုင်ဘုရားကျောင်းမှာ ရှိခဲ့တုန်းက ငါက သူတို့ရဲ့ရည်ရွယ်ချက်အတွက် အကောင်းဆုံးပေါင်းကူးခန္ဓာဖြစ်တယ်လို့ ပိုင်ယုံကွမ်းက တွက်ခဲ့တယ်။”

ကျန်းယွဲ့လုက ဤစကားကိုကြားသောအခါ ချီရွှမ်းစု၏ ကိုယ်ကာယအခြေအနေကို များစွာအာရုံမစိုက်ဘဲ နတ်ဘုရားဆင်းသက်ခြင်းဟူသော စကားကိုသာ စိတ်ဝင်စားနေ၏။

သူမက အံ့အားတသင့်ပြောလိုက်သည်။

“အဲဒီမိစ္ဆာတွေက နတ်ဘုရားဆင်းသက်ခြင်းအတွက် ပြင်ဆင်နေကြတာလား”

ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။

“သူတို့က စိတ်ပိုင်းဆိုင်ရာသန်မာတဲ့ ပေါင်းကူးခန္ဓာတစ်ခုကို လိုအပ်တယ်လို့ ပိုင်ယုံကွမ်းက အမှတ်တမဲ့ ထုတ်ဖော်ပြောဆိုခဲ့တယ်”

သူသည် ကျန်းယွဲ့လုပြောပြခဲ့သည့် ရှေးဟောင်းအင်မော်တယ်ယုံကြည်သူများ၏ အချက်အလက်များအပေါ် အခြေခံ၍ လုပ်ကြံဖန်တီးပြောဆိုလိုက်၏။ မည်သို့ပင်ဆိုစေ ပိုင်ယုံကွမ်းသည် ‘ပေါင်းကူးခန္ဓာ’ဟူသော စကားကိုသာပြောပြီး တခြားဘာမှမပြောခဲ့ပေ။

သူ၏ လုပ်ကြံပြောဆိုမှုက အံဝင်ခွင်ကျဖြစ်သွားလိမ့်မည်ဟု ချီရွှမ်းစု ထင်မှတ်မထားခဲ့ပေ။

ကျန်းယွဲ့လုက ၎င်းနှင့်ပတ်သက်၍ သံသယမဝင်ပေ။

“တကယ်တော့ ရှေးဟောင်းအင်မော်တယ်တွေရဲ့ ပေါင်းကူးခန္ဓာဆိုတာ တာအိုစိတ်ဝိညာဉ်တပ်သားတွေနဲ့ အခြေခံသဘောတရားခြင်းဆင်တူတယ်… ဒါပေမဲ့ တာအိုဂိုဏ်းတော်က စိတ်ဝိညာဉ်တပ်သားတွေရဲ့ အသိဉာဏ်ကို ပိတ်ပင်မထားဘူး… သူတို့ကို ဂမ္ဘီရစွမ်းအားပဲ ပေးထားတယ်… ဒါပေမဲ့ ရှေးဟောင်းအင်မော်တယ်တွေကတော့ ပေါင်းကူးခန္ဓာတွေကို ပူးကပ်သိမ်းပိုက်ပြီး သူတို့ရဲ့ အသိစိတ်ကို တဖြည်းဖြည်းအပိုင်စီးကြလိမ့်မယ်”

သူမက ထပ်ပြောလိုက်သည်။

“ထျန်းယွမ်… နင်နောက်ပိုင်း ပိုပြီးတော့ သတိထားရမယ်… အဲဒီမိစ္ဆာတွေ နင့်ကို အတင်းဖမ်းဆီးမသွားအောင် နင် ငါ့မျက်စိအောက်မှာ ရှိနေရင်အကောင်းဆုံးပဲ”

သူ့ကို ဤမျှအထိ ဂရုစိုက်လာသောအခါ ချီရွှမ်းစုက ဖော်မပြတတ်စွာဖြင့် ရှက်လာမိသည်။ သူက သူမကို အမှန်မပြောနိုင်ဘဲ တိတ်တဆိတ်ဖြင့် ခေါင်းသာညိတ်ပြလိုက်ရ၏။

ဝမ်ကျိချန်က မေးလိုက်သည်။

“အခု.. ဘာဆက်လုပ်ကြမလဲ”

ချီရွှမ်းစုက မှတ်ချက်ပေးလိုက်သည်။

“အယူဝါဒမိစ္ဆာခုနှစ်ဦးထဲ ငါးဦးကတော့ ပေါ်ထွက်လာပြီ… ကျုပ်တို့မသိသေးတာဆိုလို့ အထက်တန်းလွှာအမျိုးသားနဲ့ ဘုန်းကြီးပဲ… ဒီမြို့ထဲမှာ အဲဒီအချက်အလက်တွေနဲ့ ကိုက်ညီတဲ့ ဘုရားကျောင်းတစ်ခု ဒါမှမဟုတ် နာမည်ဂုဏ်သတင်းကြီးမားတဲ့ မိသားစုတစ်ခုရှိလား”

ဝမ်ကျိချန်က လောရှောင်ကို ချက်ချင်းပင်လှည့်ကြည့်လိုက်သည်။

“တပ်မှူးလော… ယီရှန်မြို့က မင်းရဲ့ နယ်မြေပဲ”

လောရှောင်က အလောတကြီးပြန်ဖြေလိုက်သည်။

“မြို့ထဲမှာ ဘုရားကျောင်းတစ်ခု တကယ်ပဲရှိပါတယ်”

ကျန်းယွဲ့လုက ပြောလိုက်၏။

“တပ်မှူးလော… ကျေးဇူးပြုပြီး ကျွန်မတို့ကို အဲဒီဘုရားကျောင်းဆီ ခေါ်သွားပေးပါ… ဒီအချိန်အတွင်းမှာ ဒဏ်ရာတွေကုသဖို့နဲ့ ဟဲနျန်ရဲ့ သဲလွန်စတစ်ခုခုတွေ့မလား ရှာဖို့ ကွပ်ကဲရေးဗိုလ်မှူးဝမ်ကတော့ တပ်မှူးရုံးမှာပဲ နေခဲ့ပေါ့”

ပြင်းထန်သောတိုက်ပွဲများကို တစ်ပွဲပြီးတစ်ပွဲနွဲပြီးနောက် ဝမ်ကျိချန်က ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။ သူက ခေါင်းမာမနေတော့ဘဲ ထိုအကြံကို သဘောတူလိုက်သည်။

“ကျေးဇူးတင်ပါတယ် ပညာရှိကျန်း”

လောရှောင်က ချက်ချင်းပင် ဖီးနစ်စိမ်းတပ်သားခေါင်းဆောင်သုံးဆယ်နှင့် စစ်သည် ၆၀ ကို စုဖွဲ့လိုက်၏။ သူတို့အားလုံးက ဒူးလေးများကို ကိုင်ဆွဲထားပြီး သူတို့သည် စစ်သည်လေးယောက်ထမ်းရသော အမြောက်ငယ်တစ်ခုကိုပင် ယူဆောင်လာကြသည်။ ထို့နောက် သူသည် ကျန်းယွဲ့လုနှင့်ချီရွှမ်းစုကို ဘုရားကျောင်းရှိရာသို့ ခေါ်ဆောင်သွား၏။

သိပ်မကြာခင် သူတို့အုပ်စုက တောင်ပေါ်ဘုရားကျောင်း၏ ဝင်းတံခါးသို့ ရောက်ရှိလာကြသည်။ ဤနေရာက တိတ်ဆိတ်ခြောက်ကပ်နေပြီး လာရောက်ပူဇော်သည့် လူများ၏ အရိပ်အယောင်ကိုပင် မတွေ့မြင်ရပေ။ ဤမြင်ကွင်းသည် ယီရှန်မြို့တော်က ဗုဒ္ဓဘာသာထွန်းကားရာနေရာဖြစ်သည်ဟူသော ကောလာဟလများနှင့် ကွဲလွဲနေ၏။ တကယ်ဆို ဤဘုရားကျောင်သည် ချင်းပိုင်ဘုရားကျောင်းနှင့် များစွာမကွာခြားပေ။

ဆန့်ကျင်ဘက်အနေဖြင့် ချင်းပိုင်ဘုရားကျောင်းသည် မြို့ပြင်ဘက်မှာ တည်ဆောက်ထားသောကြောင့် ပို၍ကျယ်ဝန်းပြီး ပို၍ ခမ်းနားသည့်ပုံပေါ်သည်။

ကျန်းယွဲ့လုက အရင်ဆုံး သူမ၏ နတ်ဘုရားသိမြင်ခြင်းနည်းစနစ်ကို အသုံးပြုကာ အမိန့်ပေးလိုက်သည်။

“တပ်မှူးလော… ရှင်တို့တွေအရင်ဆုံး လူစုခွဲပြီး ဘုရားကျောင်းရဲ့ ဘေးပတ်လည်ကိုဝိုင်းထားကြ… အမှုဆောင်ချီနဲ့ကျွန်မက အထဲကိုသွားပြီး စစ်ဆေးကြည့်မယ်”

ကျန်းယွဲ့လုက လောရှောင်၏ အထက်လူကြီး မဟုတ်သော်လည်း သူမ၏ အမိန့်ကို ကျေကျေနပ်နပ်နာခံလိုက်သည်။

ယီရှန်မြို့ကို တောင်ပေါ်မှာ တည်ဆောက်ထားသောကြောင့် မြို့၏ မြေပြင်အနေအထားက ဆင်ခြေလျှောများစွာဖြင့် ပြည့်နှက်နေ၏။ ဤဘုရားကျောင်းကိုလည်း တောင်ကုန်းတစ်ခုပေါ်မှာ တည်ဆောက်ထားပြီး ဘုရားကျောင်းဆီသို့ ဦးတည်နေသည့် ကျောက်သားလှေခါးထစ်လမ်းတစ်လမ်းရှိသည်။

ဤအချိန်မှာ လောရှောင်နှင့် ဖိးနစ်စိမ်းတပ်သားများက တောင်ခြေမှာ ဝိုင်းပတ်လိုက်ကြသည်။

ကျန်းယွဲ့လုနှင့်ချီရွှမ်းစုက တောင်ခြေဝင်းတံခါးကို ဖြတ်ကျော်ပြီး ကျောက်လှေခါးထစ်လမ်းအတိုင်း ဘုရားကျောင်းရှိရာသို့ လျှောက်လှမ်းသွားကြသည်။

သူမက ပုံသဏ္ဍာန်မဲ့စက္ကူကို ထုတ်ပြီး စက္ကူထီးတစ်လက်အဖြစ် ပြောင်းလဲလိုက်၏။ ဓားတစ်လက်နှင့်ယှဉ်လျှင် ထီး၏ အကြီးမားဆုံးအားသာချက်မှာ ခံစစ်အတွက်အသုံးချနိုင်ခြင်းဖြစ်သည်။ လိုအပ်သည့်အခါ ထီးကို ကြီးမားသော ဒိုင်းကာတစ်ခုအဖြစ် အသုံးချနိုင်သည်။

ကျန်းယွဲ့လုက ပြောလိုက်၏။

“ဒီနေရာက အယူဝါဒမိစ္ဆာတွေရဲ့ ခိုလှုံရာအသိုက်ဖြစ်မယ်ဆိုရင် သူတို့ထဲမှာ တိုက်ခိုက်နိုင်တဲ့သူ အနည်းဆုံးသုံးယောက်ရှိနေမယ်… ပိုင်ယုံကွမ်းနဲ့ ဟဲနျန်က သေသွားပြီ… တခြားနှစ်ယောက်က ဒဏ်ရာအပြင်းအထန်ရထားကြတယ်… အဲဒါကြောင့် သူတို့ လောလောဆယ်တိုက်ခိုက်နိုင်မှာမဟုတ်ဘူး.. ကျန်တဲ့သုံးယောက်ကတော့ စာပေပညာရှင်ရယ်၊ ဘုန်းကြီးရယ်၊ အထက်တန်းလွှာအမျိုးသားရယ်ပဲ”

“သူတို့အားလုံးက ကွေ့ကျန်းအဆင့်မှာရှိနေမယ်လို့ ငါခန့်မှန်းမိတယ်… ပုံသဏ္ဍာန်မဲ့စက္ကူနဲ့ဆိုရင် ငါ သူတို့ထဲကနှစ်ယောက်ကို ထိန်းထားနိုင်တယ်… ဒါပေမဲ့ သူတို့သုံးယောက်နဲ့ရင်ဆိုင်ရမယ်ဆိုရင်တော့ ငါ ယုံကြည်မှုမရှိဘူး… ဘာပဲပြောပြော ငါကလည်း ကောင်းကင်ဘုံသက်ရှိအဆင့်ကို မရောက်သေးဘူး… အဲဒါကြောင့် နင် ဂရုစိုက်ရမယ်”

ချီရွှမ်းစုက ထူးဆန်းသောအမူအရာတစ်ခုဖြင့် သူမကို ကြည့်နေသည်ကို လမ်းတစ်ဝက်မှာ ကျန်းယွဲ့လုက ရုတ်တရက် သတိထားမိသွားသည်။

“ဘာဖြစ်လို့လဲ”

ကျန်ယွဲ့လုက သူမကိုယ်သူမ အလိုလိုငုံ့ကြည့်လိုက်၏။ စောစောက တိုက်ပွဲမှာ သူမရဲ့အဝတ်အစားစုတ်ပြဲသွားသလားဟု တွေးနေ၏။

သို့သော်လည်း သူမကိုယ်မှာ မည်သည်မှားယွင်းမှုကိုမှ မတွေ့ရပေ။ သူမ၏ အဝတ်အစားများက သေသေသပ်သပ်ရှိနေဆဲပင်။

ချီရွှမ်းစုက ခပ်တိုးတိုးပြောလိုက်၏။

“ဘာရယ်မဟုတ်ပါဘူး… ငါ့ကို အခုလိုမျိုး ဂရုစိုက်ပေးမယ့်သူတစ်ယောက်မှမရှိတော့တာ ကြာခဲ့ပြီမို့လို့ပဲ… ငါ အဲဒါနဲ့ အသားမကျသေးလို့”

ကျန်ယွဲ့လုက ရယ်မောလိုက်၏။

“နင်က ငါ့ရဲ့ ပုဂ္ဂိုလ်ရေးပြဿနာကို ဖြေရှင်းပေးဖို့အတွက် တောင်တန်းတွေကို ဖြတ်ကျော်ပြီး ခြေကျင်ခရီးကြမ်းသွားဖို့ သဘောတူခဲ့တယ်… ဒီအချိန်အတွင်း နင်တစ်ခုခုဖြစ်သွားမယ်ဆိုရင် ငါ မလုံမလဲ ခံစားနေရမှာပေါ့”

ချီရွှမ်းစုကသက်ပြင်းချပြီး အနည်းငယ်စိတ်နုသွား၏။

“ပြောရမယ်ဆိုရင် ၇လပိုင်း ၁၅ ရက်နေ့ ကျုံးယွမ်ပွဲတော်မှာ ငါတို့တွေ့ခဲ့ကြတယ်… အဲဒါက သုံးလပဲရှိသေးပေမယ့် ငါတို့ တစ်ယောက်နဲ့တစ်ယောက်သိလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီလို့ ခံစားနေရတယ်”

ကျန်းယွဲ့လုက ဝေဖန်လိုက်၏။

“မှတ်ဉာဏ်တွေက အတွေ့အကြုံပေါ်မှာ အများကြီးမှီခိုတယ်… နေ့ရက်တိုင်းမှာ တူညီတဲ့ပုံစံအတိုင်း တွေ့ကြုံနေရမယ်ဆိုရင် ဆယ်စုနှစ်တွေက ဘာမှမဟုတ်ဘူးလို့ ထင်ရတယ်… ဒါပေမဲ့ နင်က တစ်ရက်တည်းမှာ မှတ်မှတ်ရရ ကိစ္စများစွာနဲ့ ကြုံတွေ့ရမယ်ဆိုရင်တောင် အဲဒီတစ်ရက်ကို တစ်နှစ်တာလို ခံစားနေရလိမ့်မယ်… ငါတို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ရတာ မကြာသေးဘူးဆိုပေမယ့် ငါတို့ အဖြစ်အပျက်တွေအများကြီးကို အတူဖြတ်ကျော်ခဲ့ပြီးပြီ… အဲဒါကြောင့် နင်ဒီလိုခံစားနေရတာဖြစ်မယ်”

“မင်းရော ဘယ်လိုခံစားရလဲ”

ချီရွှမ်းစုက မေးလိုက်သည်။

ကျန်းယွဲ့လုက ခဏမျှရပ်တန့်ပြီးနောက် ပြန်ဖြေလိုက်၏။

“ငါလည်း အဲလိုပဲ ခံစားရပါတယ်”

သူတို့စကားပြောရင်း ဘုရားကျောင်း၏ တံခါးပေါက်သို့ ရောက်ရှိလာကာ အထက်တွင်ချိတ်ဆွဲထားသော မော်ကွန်းကျောက်ပြားကို ဖတ်လိုက်သည်။

“ယွီလန်ဘုရားကျောင်း”

ဤအချိန်မှာ ဘုရားကျောင်းဝင်းတံခါးကို မဝင်နိုင်အောင် သော့ခတ်ထားသည်။

ကျန်းယွဲ့လု၏ မျက်လုံးက ခရမ်းရောင်အလင်းဖြင့် ဖျတ်ခနဲလက်သွား၏။

“ဘုရားကျောင်းကို ဖွဲ့စည်းပုံတစ်ခုနဲ့ ပိတ်ထားတယ်… အဲဒါကြောင့် ငါတို့ အတင်းအကျပ် ချိုးဖျက်ပြီးဝင်မှပဲရလိမ့်မယ်… ဒါပေမဲ့ ငါတို့ အားထုတ်ရသက်သာအောင် တစ်ယောက်ယောက်က လမ်းကြောင်းတစ်ခု ဖောက်ပေးထားခဲ့တဲ့ပုံပဲ”

ထိုသို့ပြောပြီးနောက် ကျန်းယွဲ့လုက ချီရွှမ်းစုကို ယွီလန်ဘုရားကျောင်း၏ အပြင်ဘက်တံတိုင်းအတိုင်း ပတ်ခေါ်သွားသည်။ သိပ်မကြာခင် တံတိုင်း၏ တစ်စိတ်တစ်ပိုင် ပြိုကျနေသည့် နေရာတစ်ခုကို သူတို့ရှာတွေ့လိုက်ပြီး ထိုနေရာကနေတစ်ဆင့် ဘုရားကျောင်းထဲသို့ ဝင်ရောက်လိုက်ကြ၏။

တံတိုင်းကိုဖြတ်ကျော်ပြီးသည်နှင့် အထဲမှာ လေးပေပတ်လည်ခန့်ရှိသော အလွန်တရာကျဉ်းမြောင်းသည့် လေးထောင့်ပုံစံ အမိုးပွင့်ဟင်းလင်းပြင်တစ်ခုကို တွေ့မြင်ရသည်။ ထိုနေရာက ခြောက်သွေ့နေသော ပေါင်းပင်ရိုင်းများဖြင့် ပြည့်နှက်နေပြီး လူသူအရောက်အပေါက်မရှိသည်မှာ အလွန်ကြာခဲ့ပြီကို ညွှန်ပြနေ၏။

သူတို့၏ နောက်ဘက်မှာ သူတို့ဝင်ရောက်လာသည့် အပေါက်ရှိနေသည်။ ညာဘက်မှာ နောက်ထပ်နံရံတစ်ခုရှိပြီး ဘယ်ဘက်မှာပိတ်ဆို့ထားသော ပြတင်းပေါက်တစ်ချပ်ရှိနေသည်။ သူတို့၏ ရှေ့တည့်တည့်မှာ တံခါးငယ်တစ်ချပ်ရှိနေပြီး တစ်ယောက်ယောက် အတင်းအကျပ်ချိုးဖျက်ဝင်ရောက်သွားသည့်အလား တံခါးက တိုးလိုးတန်းလန်းပွင့်ဟနေ၏။

ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက ရှေ့သို့ဆက်တက်သွားပြီး တံခါး၏ အခြားတစ်ဘက်မှာ ဘေးဘက်ခန်းမတစ်ခုကို တွေ့မြင်လိုက်ရသည်။

ခန်းမထဲမှာ တိုက်ပွဲဖြစ်ထားသည့် သဲလွန်စတချို့ရှိနေ၏။ ပြုံးနေသော အရိမေတ္တယျဘုရားရုပ်တုက အောက်ခံခုံပေါ်မှာ ထိုင်တော်မူနေပြီး လက်နှစ်ဖက်ပျောက်နေ၏။ ရုပ်ပွားတော်၏ မျက်နှာပေါ်ကို အရိပ်များကျဆင်းနေပြီး ရုပ်တုကို အနည်းငယ်ချောက်ချားစရာကောင်းသည့်ပုံပေါ်နေစေသည်။

အခန်း ၉၂ - မူမမှန်သောဘုရားကျောင်း

ဗုဒ္ဓနှင့် ဗောဓိသတ္တရုပ်တုများကို ထေကြီးဝါကြီးကိုယ်တော်များက အနေကဇာတင်ပေးရသည်။ ထိုမှသာ ဗုဒ္ဓရုပ်ပွားတော်နှင့် ဗောဓိသတ္တရုပ်ပွားတော်တို့က ပြည်သူလူထုထံမှ ပူဇော်ပသမှုကို လက်ခံပြီး ကောင်းချီးမင်္ဂလာကို ပြန်လည်ဆောင်ကြဉ်းပေးလေသည်။

ရုပ်ပွားတော်များကို အနေကဇာတင်မထားလျှင် ဗုဒ္ဓနှင့် ဗောဓိသတ္တတို့က ကိန်းဝပ်လာလိမ့်မည်မဟုတ်ပေ။

ထိုအစား နတ်ဆိုးစိတ်ဝိညာဉ်များသာ ဤရုပ်တုမျာထဲမှာ ရှင်သန်နေပေလိမ့်မည်။ ထို့ကြောင့် ဝတ်ပြုဆုတောင်းသော နေရာများစွာကို ဗုဒ္ဓနှင့် ဗောဓိသတ္တတို့က ကာကွယ်စောင့်ရှောက်မနေဘဲ ဆိုးယုတ်စိတ်ဝိညာဉ်များနှင့် မိစ္ဆာများက သိမ်းပိုက်ထားတတ်ကြ၏။

ထို့ကြောင့်ပင်လျှင် တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်သည် သတ်မှတ်ချက်များနှင့် မကိုက်ညီသော ဘုရားကျောင်းများကို ဖျက်သိမ်းလာကြခြင်းဖြစ်သည်။

ဤဘုရားကျောင်းထဲရှိ ဘုရားရုပ်တုများက ဘယ်တုန်းကမှ အနေကဇာတင်မခံထားရပေ။

ချီရွှမ်းစုက ဘုရားရုပ်တုကို မော့ကြည့်လိုက်စဉ် ၎င်းက အသက်ဝင်လာပြီး ချီရွှမ်းစုကို ပြန်လည်ငုံ့ကြည့်နေ၏။ ယင်းက မကောင်းဆိုးဝါးဆန်ဆန်ပင်ပြုံး၍ အတော်လေးထူးဆန်းသည့်ပုံပေါ်နေသည်။

ချီရွှမ်းနှင့်ရုပ်တုက အကြည့်ချင်း ဆုံသွားမိသည့်ခဏမှာပင် ကျန်းယွဲ့လုက သူမ၏ ပုံသဏ္ဍာန်မဲ့စက္ကူကျာပွတ်ကို လွှဲယမ်းပြီး ရုပ်တုကို ထက်ပိုင်းဖြတ်ချလိုက်၏။

ချီရွှမ်းစုက အညှို့ခံရလုနီးပါးပင်။ သူက ထိတ်လန့်သွားပြီး ရေရွတ်ပြောဆိုလိုက်၏။

“ဒီနေရာက တကယ့်ကို မူမမှန်တာပဲ”

ကျန်းယွဲ့လုက စက္ကူကျာပွတ်ကို စက္ကူထီးတစ်လက်အဖြစ်ပြောင်းလဲပြီး အချိန်မရွေးတုံ့ပြန်တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားသည်။

သူတို့သည် ဘေးဘက်ခန်းမထဲကနေ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာပြီး ဟောင်းလောင်းဖွင့်ထားသော ပင်မခန်းမထဲသို့ ဝင်ရောက်လာကြ၏။

ထိုအခါမှသာ တိုက်ခိုက်နေသူနှစ်ယောက်ကို သူတို့သတိထားမိသွားသည်။ တစ်ယောက်က လူသားဖြစ်ပြီး အခြားတစ်ယောက်က အသက်ဝင်လာသည့် ဘုရားရုပ်တုဖြစ်သည်။

ဤဘုရားရုပ်တုမှာ ဗုဒ္ဓ၏ မည်သည့်အော်ရာမှ မရှိပေ။ ထိုအစား ယင်းသည် နတ်ဆိုးဆန်ဆန်အော်ရာတစ်ခုကို ထုတ်ဖော်ထားသည်။ ယင်း၏ မျက်လုံးများက သွေးနီရောင်ဖြစ်ပြီး ခန္ဓာကိုယ်ကို ခပ်ဖျော့ဖျော့သွေးနီရောင်အလင်းတောက်တောက်တစ်ခုက လွှမ်းခြုံထား၏။ ရုပ်တုသည် အောက်ခံခုံပေါ်မှာ ထိုင်နေသော်လည်း လက်နှစ်ဖက်က လူသားများလှုပ်ရှားသကဲ့သို့ အလွန်တရာသွက်လက်မြန်ဆန်စွာဖြင့် လှုပ်ရှားနေသည်။

ရုပ်တု၏ ကြီးမားသောလက်ဖဝါးနှစ်ဖက်က ထူးခြားဆန်းကြယ်သော စွမ်းအားတစ်ခုဖြင့် လေပြင်းတစ်ချက်ကို ဝှေ့ယူလိုက်၏။

ဘုရားရုပ်တုနှင့် ပြင်းထန်ကြမ်းတမ်းစွာတိုက်ခိုက်နေသူက မည်သည့်လက်နက်ကိုမှ ကိုင်ဆောင်မထားသည့် ဦးပဉ္စင်းငယ်တစ်ပါးဖြစ်သည်။

သူက လက်ဗလာနှင့်သာဖြစ်၏။ ဦးပဉ္စင်း၏ လက်ဖဝါးနှင့် ဗုဒ္ဓ၏ လက်ဖဝါး ထိတွေ့မိတိုင်း ကျယ်လောင်သော ထိခတ်သံထွက်ပေါ်လာ၏။

ချီရွှမ်းစုက ဘာဖြစ်နေလဲမမေးရခင် ကျန်းယွဲ့လုက ပြောလိုက်သည်။

“ဒီကိုယ်တော်က ရွှေအင်မော်တယ်လမ်းစဉ်က သမားရိုးကျ ဗုဒ္ဓတပည့်ဂိုဏ်းသားဖြစ်လိမ့်မယ်… သူက ကွေ့ကျန်းအဆင့်မှာရှိနေပြီပဲ”

ရွှေအင်မော်တယ်ဆိုသည်မှာ တာအိုအင်မော်တယ်ငါးမျိုးကြားတွင် မပါဝင်ပေ။ ရွှေအင်မော်တယ်သည် တာအိုကောင်းကင်ဘုံအင်မော်တယ်နှင့်တူညီသည်ဟု ဆိုကြသည်။ ဤဘွဲ့သည် တာအိုဝါဒနှင့် ဗုဒ္ဓဝါဒ၏ ဓမ္မစကားထာတစ်ခုကနေ ဆင်းသက်လာခြင်းဖြစ်၏။

ဝေမင်းဆက်နှင့် မဟာရွှမ်မင်းဆက်မတိုင်ခင်က ကျန်းမင်းဆက်သည် တောင်ပိုင်းသို့ ရွှေပြည်သစ်စစ်တပ် ကျူးကျော်ဝင်ရောက်လာည့်အချိန်မှာ ဖျက်ဆီးခံခဲ့ရသည်။ ထိုမတိုင်ခင်က ကျန်းမင်းဆက်အတွင်း ဗုဒ္ဓဝါဒနှင့် တာအိုဝါဒအကြား ငြင်းခုန်မှုက အတော်လေးပြင်းထန်ခဲ့သည်။

တာအိုချွမ်ကျန်းဂိုဏ်းမှ အကြီးအကဲရှန်းရှောင်သည် စိတ်ဝိညာဉ်စွမ်းပကားတိုက်ပွဲတစ်ခုမှာ လင်းလင်စုနှင့်အခြားသော ဗုဒ္ဓကိုယ်တော်များနှင့် ယှဉ်ပြိုင်ခဲ့သည်။ အရင်တုန်းက လင်းလင်စုသည် ကျင်းမင်းဆက်၏ ဧကရာဇ်ကို အကြံပေးခဲ့သည်။

“ဗုဒ္ဓဝါဒက တာအိုဝါဒကို ပျက်စိးထိခိုက်စေတယ်… အဲဒါကို လုံးလုံးလျားလျား ဖယ်ရှားလို့မရပေမဲ့ တချို့အရာတွေကို ပေါင်းစည်းလို့ရနိုင်တယ်… ဗုဒ္ဓဘုရားကျောင်းတွေက တာအိုဘုရားကျောင်းတွေဖြစ်လာမယ်… သကျမုနိတွေက အင်မော်တယ်တွေဖြစ်လာမယ်… ဗောဓိသတ္တက ရိုသေလေးစားထိုက်တဲ့ အကြီးအကဲတွေဖြစ်လာနိုင်တယ်.. ရဟန္တာတွေက ဘိုးဘေးအရှင်မြတ်တွေဖြစ်လာနိုင်တယ်… ဘုန်းကြီးတွေက ခေါင်းမှာသရဖူဆောင်းပြီး တာအိုဆရာတွေ ဖြစ်လာနိုင်တယ်”

ကျင်းမင်းဆက်ဧကရာဇ်က ထိုအဆိုပြုချက်ကိုလက်ခံပြီး ဗုဒ္ဓဝါဒကို တာအိုဝါဒနှင့် အစားထိုးဖို့ အမိန့်ပြန်တမ်းတစ်ခု ထုတ်ပေးခဲ့သည်။ သူသည် ဝတ်စားဆင်ယင်သည့်ပုံစံကို ပြောင်းလဲပြီး အမည်ပေးညီလာခံများကိုပင် ပြုလုပ်ပေးခဲ့၏။ ဗုဒ္ဓကျောင်းတော်များကို တာအိုစာရိတ္တတက္ကသိုလ်ဟု ပြန်လည်အမည်ပေးပြီး သီလရှင်များက စင်ကြယ်အမျိုးသမီးများအဖြစ် လူသိများလာခဲ့သည်။

သို့သော်လည်း အိမ်ရှေ့စံမင်းသားက ဤဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး ဘုန်းကြီးဟူနှင့် အခြားသော ကိုယ်တော်များကို စိတ်ဝိညာဉ်တိုက်ပွဲမှာ လင်းလင်စုနှင့် ယှဉ်ပြိုင်တိုက်ခိုက်စေခဲ့သည်။ ရလဒ်အနေဖြင့် ဘုန်းကြီးများက အကြီးအကျယ်ရှုံးနိမ့်ပြီး တာအိုဝါဒကို လက်ခံလိုက်ရသည်။ ဤသို့ဖြင့် ဗုဒ္ဓဝါဒနှင့် တာအိုဝါဒသည် ကျင်းမင်းဆက်အတွင်း စတင်၍ ပေါင်းစည်းသွားခဲ့၏။

တောင်ပိုင်းဒေသသို့ ရွှေပြည်သစ်က ကျူးကျော်လာသည့်အခါမှသာ ထိုဖြစ်စဉ်က ရပ်တန့်သွားခဲ့သည်။

ဝေမင်းဆက်က လောကကို သိမ်းပိုက်အုပ်စိုးသည့်အချိန်မှာ ဗုဒ္ဓဝါဒနှင့် တာအိုဝါဒသည် ကွန်ဖြူးရှပ်ဝါဒကို ဆန့်ကျင်တိုက်ခိုက်ရန် ပူးပေါင်းခဲ့ကြသည်။ နောက်ဆုံးမှာတော့ ကွန်ဖြူးရှပ်ကျောင်းတော်က တာအိုဂိုဏ်းတော်ထံ အညံ့ခံသွားခဲ့၏။

ကွန်ဖြူးရှပ်မဟာသူတော်စင်များသည် တာအိုဂိုဏ်းတော်၏ မဟာသူတော်စင်များထံ အညံ့ခံဖို့ ငြင်းဆန်လိုကြသော်လည်း သူတို့သည် ရွှမ်အရှင်မြတ်ထံမှာ သစ္စာခံကြောင်း ကြေညာခဲ့ကြသည်။ ထို့ကြောင့် ရွှမ်အရှင်မြတ်သည် ထိုအချိန်တုန်းက ဘာသာသုံးခု၏ လက်တွေ့ကျသော အစစ်အမှန်ခေါင်းဆောင်ဖြစ်လာခဲ့၏။

ထို့ကြောင့်ပင် တာအိုဂိုဏ်းတော်ကနေ မျိုးနွယ်ရှစ်စုခွဲထွက်ပြီး လျှို့ဝှက်အသင်းအဖွဲ့များဖြစ်လာခဲ့ခြင်းပင်။ အရင်တုန်းက ဗုဒ္ဓဝါဒသည် တာအိုဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သေးသောကြောင့် ဗုဒ္ဓဝါဒမှ အဖွဲ့ရှစ်ဖွဲ့ကို အစွဲပြုပြီး သူတို့ကိုယ်သူတို့ မျိုးနွယ်ရှစ်စုဟု အမည်ပေးခဲ့ခြင်းဖြစ်၏။

အရှင်ဗုဒ္ဓဂိုဏ်းချုပ် ပေါ်ထွက်လာပြီးမှသာ ရွှမ်အရှင်မြတ်သည် ဗုဒ္ဓဝါဒကို မထိန်းချုပ်နိုင်တော့ဘဲ အနောက်ဘက်ဒေသတွင် ဗုဒ္ဓဝါဒနှင့် တာအိုဝါဒအကြား စစ်ပွဲတစ်ခုပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ဤကဲ့သို့ ဗုဒ္ဓဝါဒနှင့် တာအိုဝါဒပေါင်းစည်းမှု၏ ရလဒ်များထဲကတစ်ခုသည် အမည်ပေးညီလာခံပေါ်ထွက်ခဲ့ခြင်းပင်။ ဗုဒ္ဓဝါဒသည် တာအိုဂိုဏ်းတော်ကနေ ပြန်လည်ခွဲထွက်ခဲ့သော်လည်း တာအိုဝါဒ၏ အငွေ့အသက်များကို လုံးလုံးလျားလျားမဖျောက်ဖျက်နိုင်တော့ပေ။ ဗုဒ္ဓရွှေအင်မော်တယ်လမ်းစဉ်ကဲ့သို့ အမည်တချို့သည် တာအိုဝါဒကနေ အရင်းခံလာခဲ့ခြင်းဖြစ်၏။

လေလွင့်ကျင့်ကြံသူများကို ထည့်မတွက်ဘူးဆိုလျှင် တာအိုလမ်းစဉ်များအားလုံးသည် ကောင်းကင်၊ မြေကမ္ဘာ၊ လူသား၊ နတ်ဘုရားနှင့် တစ္ဆေဟူသော အင်မော်တယ်ငါးမျိုးထံကနေ ဆင်းသက်လာခြင်းဖြစ်သည်။ ဗုဒ္ဓဝါဒမှာလည်း ရွှေအင်မော်တယ်၊ မဟာယာနဗောဓိသတ္တနှင့် မဟာရဟန္တာဟူ၍ လမ်းစဉ်ကြီးသုံးခုရှိသည်။

နတ်သက်ကြွေအင်မော်တယ်များသည် ကောင်းကင်အင်မော်တယ်လမ်းစဉ်ကနေ ဆင်းသက်လာခဲ့သလို ဗုဒ္ဓဝါဒမှာလည်း ဆင်တူသောအမည်များရှိထားသည်။ ဗုဒ္ဓပုတ္တသည် ရွှေအင်မော်တယ်လမ်းစဉ်ကနေ ဆင်းသက်လာပြီး ဗြဟ္မာသည် မဟာယာနဗောဓိသတ္တလမ်းစဉ်ကနေ ဆင်းသက်လာကာ၊ ဘိက္ခုများကတော့ မဟာရဟန္တာလမ်းစဉ်ကနေ ဆင်းသက်လာခြင်းဖြစ်သည်။

နတ်သက်ကြွေအင်မော်တယ်များက ဦးဆောင်ထားပြီး တာအိုဂိုဏ်းတော်တွင် အင်မော်တယ်လမ်းစဉ်ငါးခုထဲမှာ သိသာထင်ရှားသော ကွာခြားချက်တစ်ခုရှိနေသည်။ ဗုဒ္ဓဝါဒမှာလည်း အတူတူပင်ဖြစ်၏။ မဟာလမ်းစဉ်သုံးခုထဲမှာ အသန်မာဆုံးသည် ဗုဒ္ဓပုတ္တများဖြစ်ပြီး ဗြဟ္မာနှင့် ဘိက္ခုတို့က နောက်ကနေ အစဉ်လိုက်ရပ်တည်နေ၏။

ဒါ့အပြင် တာအိုဝါဒဖြင့် လွှမ်းမိုးခံလိုက်ရသေသာ ဗုဒ္ဓဝါဒမှာလည်း အဆင့်ကိုးဆင့်နှင့် အတွင်းပိုင်း အတန်းအစား ၁၂ မျိုးရှိလေသည်။

ဗုဒ္ဓကိုယ်တော်များသည် တာအိုဆရာများနှင့်တူပြီး သီလရှင်များကတော့ အမျိုးသမီးတာအိုဆရာများနှင့်တူညီသည်။ ချီရှစ်ကိုယ်တော်သည် အဆင့် ၄ ကျိုကျိုးတာအိုအကြီးအကဲတစ်ဦးနှင့်တူညီပြီး ဖိုဟော့ကိုယ်တော်သည် တတိယအဆင့် ယိုယီတာအိုအကြီးအကဲနှင့်တူညီသည်။ ကျင်းချီကိုယ်တော်သည် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲနှင့်တူညီပြီး ပူးမော့ကိုယ်တော်ကတော့ ပထမအဆင့် ထျန်ကျန်းတာအိုအကြီးအကဲနှင့်တူညီလေသည်။

ဘုရားရုပ်တုနှင့် တိုက်ခိုက်နေသော ဦးပဉ္စင်းငယ်သည် ဗုဒ္ဓပုတ္တတစ်ဦးဖြစ်ပြီး နတ်သက်ကြွေအင်မော်တယ်တစ်ဦးနှင့် ဆင်ညီသည်။

သူ၏ တိုက်ခိုက်မှုများက မြန်ဆန်တိကျပြီး သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းတစ်ခုနှင့် အဆက်မပြတ် တောက်ပနေ၏။

ချီရွှမ်းစုက ကျန်းယွဲ့လုကို မေးလိုက်၏။

“ငါ ဗုဒ္ဓပုတ္တ၊ ဗြဟ္မာနဲ့ ဘိက္ခုဆိုတဲ့နာမည်တွေကိုပဲ ကြားဖူးတယ်… သူတို့က ငါတို့ရဲ့ လမ်းစဉ်ငါးခုနဲ့ ဘယ်လိုကွာခြားလဲ”

ကျန်းယွဲ့လုက ဖြေပေးလိုက်သည်။

“နတ်သက်ကြွေအင်မော်တယ်တွေနဲ့ လေလွင့်ကျင်ကြံသူတွေကလွဲရင် တာအိုဂိုဏ်းတော်ရဲ့ တခြားလမ်းစဉ်လေးခုမှာ အထူးပြုမှုတွေရှိတယ်… ဥပမာ ကိုယ်ခံပညာသိုင်းသမားတွေက ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့နဲ့ သွေးကြောဆုံမှတ်တွေစုဖွဲ့ဖို့ကို အာရုံစိုက်ထားပေမဲ့ သူတို့က ပင်ကိုယ်ချီကို မကျင့်ကြံကြဘူး”

“ချီသန့်စင်သူတွေက သူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ လှည့်ပတ်စီးဆင်းနေတဲ့ ပင်ကိုယ်ချီတွေကို စုဆောင်းမှုအပေါ် အာရုံစိုက်ထားတယ်… ဒါပေမဲ့ သူတို့တွေက ကိုယ်ခံပညာသိုင်းသမားတွေကို ကိုယ်ကာယခွန်အားကို အထူးတလည် လေ့ကျင့်မနေကြဘူး”

“ဗုဒ္ဓကိုယ်တော်တွေကတော့ ကွဲပြားခြားနားကြတယ်… သူတို့က နယ်ပယ်တစ်ခုမက လေ့ကျင့်ကြတယ်… ဥပမာ ဗြဟ္မာတွေက ငါတို့ရဲ့ ဂမ္ဘီရဝိဇ္ဇာတွေ၊ နတ်ဆရာတွေနဲ့ ဆင်တူပြီး အစီအရင်မန္တန်တွေနဲ့ ပူဇော်ပသစွမ်းအားတွေကို အသုံးပြုတဲ့နေရာမှာ ကျွမ်းကျင်ပိုင်နိုင်ကြတယ်… သူတို့တွေက စိတ်ဝိညာဉ်ရုပ်တုတွေကို ဆင့်ခေါ်ပြီး ရွှေခန္ဓာကိုယ်တစ်ခုကို ရရှိနိုင်ကြတယ်… ဘိက္ခုတွေကတော့ သူတို့က ကိုယ်ခံပညာသိုင်းသမားတွေ၊ ချီသန့်စင်သူတွေနဲ့ တစ်နည်းတစ်ဖုံအားဖြင့် ဆင်တူတယ်… သူတို့က ကိုယ်ကာယကိုလေ့ကျင့်ပြီး ချီကို စုဆောင်းကြတယ်”

“ဗုဒ္ဓလမ်းစဉ်တွေရဲ့ အားသာချက်ကတော့ ပိုများတဲ့ပညာရပ်တွေကို သင်ယူနိုင်တာပဲ… ဒါပေမဲ့ သူတို့က အဲဒီပညာရပ်တွေမှာ ဆုံးခန်းတိုင်အောင် ကျွမ်းကျင်တတ်မြောက်သွားဖို့တော့ မလွယ်ကြဘူး… ဗုဒ္ဓပုတ္တတွေကတော့ ဗြဟ္မာနဲ့ ဘိက္ခု နှစ်မျိုးစလုံးရဲ့ အတတ်ပညာတွေကို ပေါင်းစပ်ထားတဲ့ အနန္တတန်ခိုးရှင်ဖြစ်တယ်လို့ ဆိုကြတယ်… ငါလည်း သူတို့အကြောင်းကို ကြားပဲကြားဖူးတာ… တစ်ခါမှမမြင်ဖူးဘူး”

“ဒီနေ့က အယူဝါဒမိစ္ဆာတွေကို နှိမ်နှင်းဖို့ အရေးကြီးနေတာ နှမြောစရာပဲ… မဟုတ်ရင် ဗုဒ္ဓပုတ္တတတွေအကြောင်း ငါသင်ယူနိုင်ဦးမှာ”

ချီရွှမ်းစုက ကျန်းယွဲ့လု၏ စိတ်အားထက်သန်မှုကိုတွေ့မြင်ရပြီး ပြောလိုက်၏။

“ဗုဒ္ဓဂိုဏ်းက အဲဒီလျှို့ဝှက်အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး နောက်ကွယ်ကနေ ပံ့ပိုးပေးတယ်လို့တောင်မှ မင်းပြောခဲ့ဖူးတယ်… အဲဒီ ဦးပဉ္စင်းငယ်က ဒီမှာဘာလုပ်နေတာလဲ”

ကျန်းယွဲ့လုက ရှင်းပြလိုက်သည်။

“ချင်းဖျင်အသင်းနဲ့ မျိုးနွယ်ရှစ်စုလို လျှို့ဝှက်အသင်းအဖွဲ့တွေကို တာအိုဂိုဏ်းတော်ကနေ ခွဲထုတ်လို့မရဘူး… အဲဒီလျှို့ဝှက်အသင်းအဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့ သူတော်စင်တချို့နဲ့ မဟာသူတော်စင်တချို့တောင်မှ ရှိနေကြတယ်… ဒါပေမဲ့ အဲဒါက သူတို့ကို တာအိုဂိုဏ်းတော်က မဖိနှိမ်အောင်လို့ မတားဆီးနိုင်ဘူး”

“ထျန်းယွမ်… တာအိုအဖွဲ့အစည်းနဲ့ ဗုဒ္ဓအဖွဲ့အစည်းက ကြီးမားကျယ်ပြန့်တယ်ဆိုတာ နင်သိထားရမယ်… လူတိုင်းက တစ်ဘက်တည်းမှာရပ်တည်နေဖို့ မဖြစ်နိုင်ဘူး၊ ထင်မြင်ချက်အမျိုးမျိုးနဲ့ အသံအမျိုးမျိုးက သေချာပေါက်ထွက်လာမှာပဲ… အဲဒီထဲက အသံတချို့က တစ်ယောက်ကိုတစ်ယောက် ရန်လိုနေကြတယ်… အဲဒါကြောင့် ဗုဒ္ဓဂိုဏ်းရဲ့ ထောက်ပံ့မှုနဲ့ လျှို့ဝှက်အသင်းအဖွဲ့တွေကို ဖိနှိမ်မှုမှာ ဘာကွဲလွဲမှုမှ ရှိမနေဘူး… ရွှမ်အရှင်မြတ်က လျှို့ဝှက်အသင်းအဖွဲ့တွေကို ဖြိုခွဲဖို့ အမိန့်ပြန်တမ်းထုတ်ခဲ့တုန်းက ဘာသာရေးသုံးခုက သဘောတူပြီး ဖိနှိမ်မယ့်အတိုင်းအတာတွေကို ဆွေးနွေးခဲ့ကြတယ်”

ကျန်းယွဲ့လုက ခဏမျှရပ်တန့်ပြီး ဆက်ပြောလိုက်၏။

“နောက်ပြီး ကိစ္စတချို့ကို ပေါ်ပေါ်ထင်ထင် ထုတ်ပြလို့မရဘူး… လျှို့ဝှက်အသင်းအဖွဲ့တွေက လူပေါင်းများစွာကို ပျက်စီးထိခိုက်စေခဲ့တယ်… ဗုဒ္ဓဂိုဏ်းက အဲဒီလျှို့ဝှက်အသင်းအဖွဲ့တွေကို အသုံးချပြီး တာအိုဂိုဏ်းတော်ကို ဖိနှိမ်ချင်တယ်ဆိုရင်တောင် သူတို့က အဲဒါကို သိုသိုဝှက်ဝှက်ပဲလုပ်နိုင်လိမ့်မယ်”

“နောက်ပြီး ဗုဒ္ဓဂိုဏ်းနဲ့ လျှို့ဝှက်အသင်းအဖွဲ့တွေက တာအိုဂိုဏ်းတော်က ဖိနှိမ်ဖို့အတွက် နောက်ဆုံးမတတ်တာတဲ့နည်းလမ်းအရ အတူပူးပေါင်းထားကြရုံပဲ… သူတို့မှာလည်း သူတို့အကြံအစည်နဲ့သူတို့ ရှိနေကြပြီးသားပဲ”

ချီရွှမ်းစုက မှတ်ချက်ပေးလိုက်၏။

“ဒီစကားကိုကြားရတာ ကွန်ဖြူးရှပ်ကျောင်းတော်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် တာအိုဂိုဏ်းတော်နဲ့ ဗုဒ္ဓဂိုဏ်းက ကိုယ့်အကြံနဲ့ကိုယ် ပူးပေါင်းခဲ့ကြတဲ့ပုံစံနဲ့ သွားတူနေတယ်… ကွန်ဖြူးရှပ်ကျောင်းတော်ရှုံးနိမ့်သွားတာနဲ့ တာအိုဂိုဏ်းတော်နဲ့ ဗုဒ္ဓဂိုဏ်းကလည်း ချက်ချင်း တစ်ယောက်နဲ့တစ်ယောက် ထချကြတော့တာပဲ”

ကျန်းယွဲ့လုက သူ့ကို ထူးဆန်းစွာကြည့်လိုက်၏။ သူမက ငြင်းဆန်ခြင်းမရှိသော်လည်း သတိပေးလိုက်သည်။

“အဲဒီအကြောင်းအရာတွေကို နောက်ကွယ်မှာပဲပြော… အများရှေ့မှာ သွားပြီးတော့မပြောနဲ့ ငါတို့ကို မကျေနပ်တဲ့သူတွေက အဲဒီစကားကိုအသုံးချပြီး ဒုက္ခပေးလာနိုင်တယ်”

ကျန်းယွဲ့လုသည် တာအိုဂိုဏ်းတော်ကို ပြန်လည်ဖွဲ့စည်းဖို့ မဟာရည်မှန်းချက်ထားရှိသော်လည်း သူမက ရိုးအသော အမျိုးသမီးငယ်တစ်ဦးမဟုတ်ပေ။ သူမသည် ဘိုးဘေးကျောင်းတော်မှာ အတန်ကြာအောင် နေလာခဲ့ပြီး နိုင်ငံရေးကစားကွက်များနှင့် ရင်းနှီးကျွမ်းဝင်နေခဲ့သည်။

ချီရွှမ်းစုက အစစ်အမှန်အပြင်လောက လည်ပတ်ပုံမှာ ရင်းနှီးကျွမ်းဝင်မှုရှိသလို ကျန်းယွဲ့လုကလည်း ဘိုးဘေးကျောင်းတော်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိထားသည်။ ထို့ကြောင့် သူတို့သည် တစ်ယောက်အားနည်းချက်ကို တစ်ယောက် ဖြည့်ဆည်းပေးနိုင်ကြသည်။

ဤအချိန်မှာ ချီရွှမ်းစုက ရုတ်တရက် ရေရွတ်လိုက်၏။

“သူရဲကောင်းအမျိုးသမီး”

ကျန်းယွဲ့လုက မှင်တက်သွား၏။

“ငါ့ကို ပြောတာလား”

ထိုသို့ခေါ်ဝေါ်ပုံကို သူမသဘောကျကြောင်း ပြောချင်သော်လည်း ချီရွှမ်းစုက ဆိုင်းမဆင့်ဗုံမဆင့် သူမကို မြှောက်ပင့်ပြောဆိုလာသည့်အတွက် နားမလည်နိုင်ဖြစ်နေ၏။

ချီရွှမ်းစုက ခေါင်းခါပြီးပြောလိုက်၏။

“မင်းနောက်မှာ”

ကျန်းယွဲ့လုက ဤအမျိုးသမီးကို ကျောပေးထားသောကြောင့် သူမက သတိမထားမိခဲ့ပေ။ ဤအမျိုးသမီး၏ တည်ရှိမှုကို သတိမထားမိသည့်အတွက် သူမက ထူးဆန်းသည်ဟု ခံစားလိုက်ရ၏။

ချီရွှမ်းစုကတော့ ကျန်းယွဲ့လုနှင့် မျက်နှာချင်းဆိုင်ရပ်နေပြီး သူ၏ မျက်ဝန်းထောင့်ကနေ ဤအမျိုးသမီးကို တွေ့မြင်သွားနိုင်ခဲ့သည်။

အမျိုးသမီးတစ်ဦးက ဝါးခမောက်ဆောင်း၍ ရိုးရှင်းသောအစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ကာ ခါးမှာ ဓားတစ်လက်ချိတ်ဆွဲထားသည်ကို သူတွေ့မြင်လိုက်ရသည်။ သူမမှာ ကြော့ရှင်းသော သွင်ပြင်ရှိပြီး တွေ့မြင်နေကျ သူရဲကောင်းအမျိုးသမီးတစ်ဦးနှင့်တူသည်။

ကျန်းယွဲ့လုက အနည်းငယ် မခံချိမခံသာဖြစ်သွားသည်။ သူမသည် မြှောက်ပင့်ပြောဆိုသည်ကိုမကြိုက်ဟု ယခင်က ပြောဆိုခဲ့သော်လည်း အရာရာတိုင်းမှာ ခြွင်းချက်များရှိလေသည်။

ချီရွှမ်းစုက သူမကို မြှောက်ပင့်ပြောဆိုမည်ဆိုလျှင် သူမသိပ်ပြီး ပျော်ရွှင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ချီရွှမ်းစု ချီးကျူးပြောဆိုနေသည်က အခြားသောအမျိုးသမီးတစ်ယောက်ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည့်အချိန်မှာ သူမက မကျေမနပ်ဖြစ်သွား၏။

ကျန်းယွဲ့လုက ပြောလိုက်သည်။

“သူရဲကောင်းဆိုတဲ့စကားက လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်အပေါ်မှာ အခြေခံပြီး အသုံးပြုရတာ… အဲဒါက ရုပ်ရည်သွင်ပြင်အရ ခေါ်ရတာ မဟုတ်ဘူး”

“အမ်း…”

ချီရွှမ်းစုက ခဏမျှမှင်တက်သွားပြီးနောက် ခေါင်းညိတ်လိုက်၏။

“ဟုတ်ပါတယ်လေ။”

All Chapters