အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း ၉၉ - ဝတ်ရုံနက်များ
ချီရွှမ်းစုက ပြုံးလိုက်သည်။
“ငါဘာလို့မပြောရဲရမှာလဲ… ငါ့မိဘတွေ၊ ဘိုးဘေးတွေက ဘယ်သူလဲဆိုတာ ငါမသိဘူး… ငယ်ငယ်ကတည်းက ငါ့ကို ဝမ်ရှန်းတာအိုနန်းတော်က မွေးစားခဲ့တာပဲ… အဲဒါကြောင့် အတင်းအဖျင်းစကားတွေ၊ တစ်ယောက်ယောက်မျက်နှာပျက်ရမှာတွေကို ငါကြောက်မနေဘူး”
“နင်က ငါ့မိသားစုထဲ လက်ထပ်ပြီးတော့ ဝင်ချင်တာလား… နင်ဝတ္ထုတွေဖတ်တာ များလွန်းနေပြီလို့ ငါထင်တယ်”
ကျန်းယွဲ့လုက သူ့ကို မျက်လုံးစွေကြည့်လိုက်သည်။
သူမက ဆက်ပြောလိုက်၏။
“ကျန်းမိသားစုက အဲဒါကို သဘောကျမှာမဟုတ်ဘူး… လီမိသားစုကတော့ သူတို့ရဲ့ သားသမက်တွေက သူတို့ရဲ့မျိုးရိုးနာမည်ယူတာကို အတော်လေးသဘောကျတယ်… သူတို့က မိသားစုကို ဦးဆောင်မယ့် သားတစ်ယောက် မွေးစားဖို့ ဒါမှမဟုတ် သားမက်တစ်ယောက်ရွေးချယ်ဖို့ကို ဝန်လေးနေမှာမဟုတ်ဘူး… အဲဒါကြောင့်လည်း လီမိသားစုက ဒီနေ့ဒီအချိန်ထိ ထွန်းတောက်နေတာပဲ”
ချီရွှမ်းစုက ဝေဖန်လိုက်သည်။
“အဲဒါကို ငါအရင်က ကြားဖူးတယ်… ကျန်းမိသားစုမှာ မွေးဖွားမလာတဲ့သူတွေကို မဟာကောင်းကင်ဆရာသခင်ရဲ့ ရာထူးကို ဆက်ခံခွင့်မပေးဘူးတဲ့… အဲဒါက မျိုးဆက်အလိုက် ကျန်းမိသားစုရဲ့ ဘိုးဘေးစဉ်လာဆောင်ပုဒ်ဖြစ်လာခဲ့တယ်… ရွှမ်အရှင်မြတ်က အဲဒီစည်းမျဉ်းကို တစ်ခါက ဖျက်သိမ်းချင်ခဲ့ပေမဲ့ ကျန်းမိသားစုက ခေါင်းမာနေဆဲပဲလို့ ပြောကြတယ်”
ကျန်းယွဲ့လုက ရှင်းပြလိုက်သည်။
“တကယ်တော့ အဲဒါက အပြင်လူတွေ ထင်နေကြတာပဲ… တကယ်တော့ အဲဒီစည်းမျဉ်းစည်းကမ်းက ဟန်ပြသက်သက်ပဲ… ကျန်းမိသားစုဝင်တွေကပဲ မဟာကောင်းကင်ဆရာသခင်နေရာကို ဆက်ခံနိုင်မယ်ဆိုတဲ့ အဲလိုမျိုး ဘိုးဘေးစဉ်ဆက် စည်းမျဉ်းတစ်ခုရှိပေမဲ့ အဲဒီဘွဲ့ကနေ မဟာဆိုတဲ့စကားလုံးကို ဖယ်ရှားပြီး ကောင်းကင်ဆရာသခင်ဘွဲ့လို့ အသုံးပြုဖို့ကိုပဲ ရွှမ်အရှင်မြတ်က အမိန့်ထုတ်ပြန်ခဲ့တာ.. အဲဒါကြောင့် ဘိုးဘေးစဉ်လာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဘာကွဲလွဲမှုမှရှိမနေဘူး… နောက်ပိုင်းမှာ ထိုက်ဖျင်ဂိုဏ်းကလည်း မဟာဆရာသခင်ဘွဲ့ကို လွှတ်ချပြီး အင်ပါယာနန်းတော်ကနေ ပေးအပ်တဲ့ လောကီဆရာသခင်ဘွဲ့ကို လက်ခံယူခဲ့တယ်… မြေကမ္ဘာဆရာသခင်နဲ့အတူ သူတို့က ဒီနေ့မှာ ငါတို့သိတဲ့ ဆရာသခင်သုံးဦးဖြစ်လာခဲ့တယ်”
ချီရွှမ်းစုက အံ့အားသင့်နေ၏။
“ဪ… အဲလိုမျိုးလည်း ရှိတာပဲလား”
“ကံကောင်းတာကတော့ ကျန်းမိသားစုဝင်တွေက အခုချိန်ထိ အရည်အချင်းပြည့်မီနေဆဲပဲ… ရွှမ်အရှင်မြတ်က တာအိုဝါဒကို ပြန်လည်ဖွဲ့စည်းပြီးတဲ့နောက် ကောင်းကင်ဆရာသခင် မျိုးဆက်ခြောက်ဆက်ထဲမှာ ငါးဆက်က ကျန်းမိသားစုဝင်တွေဖြစ်ခဲ့တယ်.. မျိုးရိုးနာမည်မတူတဲ့ တစ်ဦးတည်းသော ကောင်းကင်ဆရာသခင်ကိုလည်း ကျန်းမိသားစုကပဲ ပြုစုပျိုးထောင်ပေးခဲ့တာ.. အဲဒါကြောင့် တကယ်တမ်းမှာလည်း အဲဒီဘိုးဘေးစည်လာစည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ခဲ့တာမျိုး မရှိခဲ့ပြန်ဘူး”
ကျန်းယွဲ့လုက ညင်သာစွာသက်ပြင်းချလိုက်သည်။
ချီရွှမ်းစုက ပြုံး၍မေးလိုက်၏။
“ချင်းရှောင်… မင်းက ပထမဆုံး အမျိုးသမီးကောင်းကင်ဆရာသခင်ဖြစ်လာမလား မသိဘူး။”
ကျန်းယွဲ့လုက တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။
“ပြောဖို့ခက်တယ်… ငါက ကောင်းကင်ဆရာသခင်ဖြစ်လာချင်တယ်ဆိုရင် အဲဒီသက်ကျားအိုကြီးတွေက အဲဒီဘွဲ့ကို ကျန်းမိသားစုထဲမှာပဲ ဆက်ထားဖို့အတွက် ငါ့ကို လက်ထပ်ခွင့်ပေးမှာမဟုတ်ဘူး… ငါက လက်ကျန်ဘဝတစ်လျှောက်လုံး တစ်ယောက်တည်းနေရလိမ့်မယ်… ဒါမှမဟုတ် ငါ့ရဲ့မျိုးရိုးနာမည်ကိုယူမယ့် တစ်ယောက်ယောက်ကို လက်ထပ်ရလိမ့်မယ်”
နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်သွားပြီး အိုးတိုးအမ်းတမ်းဖြစ်နေကြ၏။
ချီရွှမ်းစုသည် စောစောက ကျန်းယွဲ့လု၏ စိတ်အာရုံကိုလွှဲပြောင်းဖို့အတွက် စကားလမ်းပြောင်းခဲ့ခြင်းဖြစ်ပြီး ကျန်းမိသားစုထဲသို့ ဝင်လိုခြင်းမဟုတ်ပေ။
လက်ရှိလူမှုအဖွဲ့အစည်းမှာ အမျိုးသားတစ်ယောက်က အမျိုးးသမီးတစ်ဦး၏ မျိုးရိုးနာမည်ယူခြင်းကို အခြားသောအမျိုးသားများက နိမ့်ကျမှုအဖြစ် ရှုမြင်ကြသည်။ သူတို့သည် အခြားသူများ၏ အရိပ်အောက်မှာ ရှင်သန်ရမည်ဖြစ်သောကြောင့် အဲဒါက ဂုဏ်ယူစရာကောင်းသောအရာ မဟုတ်ပေ။
ကျန်းယွဲ့လုက ချီရွှမ်းစုကိုလက်ထပ်ဖို့ သဘောတူမည်ဆိုလျှင်ပင် သူက ဤကဲ့သို့ ချုပ်နှောင်ထားမည့်ပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်ဖို့ စိတ်ဝင်စားလိမ့်မည်မဟုတ်ပေ။
ကျန်းယွဲ့လုက ညင်သာစွာ ချောင်းဟန့်လိုက်သည်။
“အလုပ်ကိစ္စအကြောင်း ပြန်ပြောကြတာပေါ့… ယွီလန်ဘုရားကျောင်းက ထောင်ချောက်တစ်ခုပဲ… အဲဒါက အယူဝါဒမိစ္ဆာတွေရဲ့ ခံတပ်မဟုတ်ဘူးဆိုတာ သိသာနေပြီ… ခရမ်းရောင်ကြယ်တာရာနက္ခတ်ဗေဒင်မှာ မြင်ခဲ့ရတဲ့ မြေအောက်နန်းတော်က ဒီနေရာမဟုတ်ဘူးလို့ ငါထင်တယ်”
ချီရွှမ်းစုကလည်း သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“အခု… ငါတို့ရဲ့ဦးစားပေးက အယူဝါဒမိစ္ဆာတွေကို သတ်ဖြတ်ဖို့မဟုတ်တော့ဘူး… နတ်ဘုရားဆင်းသက်မှုကို တားဆီးဖို့ပဲ… နတ်ဘုရားဆင်းသက်မှု အောင်မြင်သွားမယ်ဆိုရင် ငါတို့က အဲဒီအယူဝါဒမိစ္ဆာတွေအားလုံးကို သတ်ဖြတ်လိုက်မယ်ဆိုရင်တောင် ပြဿနာတွေက ဆက်ပေါ်လာလိမ့်မယ်”
ကျန်းယွဲ့လုက ဝေဖန်ဆန်းစစ်ပြလိုက်သည်။
ချီရွှမ်းစုက မေးလိုက်၏။
“သူတို့ရဲ့ ခံတပ်က ဘယ်နေရာမှာရှိမယ်လို့ မင်းထင်လဲ”
ကျန်းယွဲ့လုက ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်သည်။
“ရှေးဟောင်းအင်မော်တယ်ယုံကြည်သူတွေက ရွှမ်မြို့တော်နဲ့ ခရမ်းရောင်စံအိမ်ထဲကို စိမ့်ဝင်ထိုးဖောက်ခဲ့ပြီးကတည်းက ပေချန်ခန်းမနဲ့ ထျန်ကျိခန်းမက သုံးနှစ်တိုင်းမှာ တိုက်ကြီးတစ်တိုက်လုံးက တာအိုစံအိမ်တွေကို စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ကြတယ်… ဒေသဆိုင်ရာတာအိုစံအိမ်တွေကလည်း နှစ်စဉ်နှစ်တိုင်းမှာ သူတို့ရဲ့ ပိုင်နက်နယ်မြေထဲမှာရှိတဲ့ တာအိုဘုရားကျောင်းတွေကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ကြလိမ့်မယ်”
“အဲဒါကြောင့် တာအိုဆရာတွေက အယူဝါဒမိစ္ဆာတွေအဖြစ် ကူးပြောင်းသွားဖို့ လွယ်ကူပေမဲ့ သူတို့က တာအိုဘုရားကျောင်းတွေကို အယူဝါဒမိစ္ဆာတွေရဲ့ခံတပ်အဖြစ် ပြောင်းလဲပစ်ဖို့ကတော့ တကယ်ကိုမလွယ်ဘူး… အဲဒီရှုထောင့်ကနေကြည့်မယ်ဆိုရင် ငါတို့ ချင်းပိုင်ဘုရားကျောင်းကိုဖယ်ထုတ်ထားလို့ရတယ်… ငါတို့ ယွီလန်ဘုရားကျောင်းကိုလည်း ဖယ်ထုတ်လို့ရတယ်.. အဲဒီတော့ ကျန်နေတာက လူကုံထံအထက်တန်းလွှာအမျိုးသားပဲ။”
ဤအချိန်မှာ လောရှောင်က စိုးရိမ်ပူပန်စွာဖြင့် လူတချို့ကို ဦးဆောင်လာသည်။ ဤဖီးနစ်စိမ်းတပ်မှူးသည် စောစောကမြင်ကွင်းမှာ ကြောက်လန့်သွားခဲ့လေသည်။
“ပညာရှိကျန်း… နောက်ထပ် ကျုပ်တို့ဘာဆက်လုပ်ကြမလဲ ကျေးဇူးပြုပြီးပြောပါဦး”
ကျန်းယွဲ့လုက မေးလိုက်သည်။
“သူတို့ရဲ့အိမ်တွေထဲမှာ မြေအောက်နန်းတော်တွေကို တည်ဆောက်ဖို့ တတ်နိုင်တဲ့ လူကုံထံအထက်တန်းလွှာမိသားစုတစ်ခုခု မြို့ထဲမှာရှိလား”
လောရှောင်က သွေးသောက်ခေါင်းဆောင်နှစ်ဦးကို လက်ယပ်ကာ လှမ်းခေါ်လိုက်သည်။ သူက ရှင်းပြလိုက်၏။
“ပြီးခဲ့တဲ့ဆယ်နှစ်တုန်းက ပိုင်ယုံကွမ်းက ချင်းပိုင်ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဆရာဖြစ်လာတယ်… ကျူးချန်က ယွီလန်ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဆရာဖြစ်လာတယ်… လင်းကျန်းယွမ်ကတော့ ဒုစစ်ကဲအဖြစ် ရာထူးတိုးမြှင့်ပေးခံခဲ့ရတယ်… အဲဒီအချက်တွေအရဆို ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းကမှ အဲဒီအယူဝါဒမိစ္ဆာတွေက ယီရှန်မြို့တော်ကို စတင်စိုးမိုးလာတယ်ဆိုတဲ့သဘောပဲ”
သူက သွေးသေက်ခေါင်းဆောင်နှစ်ဦးကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
“မင်းတို့နှစ်ဦးစလုံးက ဒီနေရာမှာ တာဝန်ထမ်းဆောင်လာတာ ကြာခဲ့ပြီ… ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းတချို့ကို အကြောင်းပြပြီး သူတို့ရဲ့အိမ်ကနေ မြေကြီးတွကို သယ်ထုတ်ခဲ့တာမျိုး မူမမှန်တာ တစ်ခုခုလုပ်ခဲ့တဲ့ လူကုံထံမိသားစုတွေကို စဉ်းစားကြည့်စမ်း”
လောရှောင်သည် ဖီးနစ်စိမ်းတပ်ဖွဲ့မှာ အရည်အချင်းရှိသော တပ်မှူးတစ်ဦးဖြစ်သည်။
သွေးသောက်ခေါင်းဆောင်နှစ်ဦးက အသက်ကြီးသော အကြပ်ခေါင်းဆောင်များနှင့် လက်ထောက်များကို ဝိုင်းကူစဉ်းစားခိုင်းလိုက်ကြသည်။
ခဏနေပြီးနောက် မီးခိုးရောင်မုတ်ဆိတ်နှင့် အကြပ်ခေါင်းဆောင်တစ်ဦးက အော်ပြောလိုက်၏။
“ကျုပ် အခုမှတ်မိပြီ… လွန်ခဲ့တဲ့ငါးနှစ်တုန်းက လူကုံထံမိသားစုတစ်ခုက ဆောက်လုပ်ရေးလုပ်ငန်းတချို့ကို ဖော်ဆောင်ခဲ့တယ်”
“ဘယ်မိသားစုလဲ”
လောရှောင်က စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။
ဖီးနစ်စိမ်းအကြပ်ခေါင်းဆောင်က ဆက်ပြောလိုက်၏။
“သူက ရှချန်လို့အမည်ရတဲ့ မြို့ထဲက နာမည်ကြီးမြေရှင်တစ်ဦးပဲ… ကျောင်းတာယန်နဲ့မတူတာကတော့ သခင်ရှက ပရဟိတအလုပ်တွေအများကြီးလုပ်ခဲ့တယ်… သူက ပရဟိတဒါနရှင်တစ်ဦးအဖြစ်ကျော်ကြားတယ်… လွန်ခဲ့တဲ့ငါးနှစ်လောက်တုန်းက သခင်ရှရဲ့အိမ် မီးလောင်ပြီး အိမ်အတော်များများ မီးထဲပါသွားတယ်… အဲဒီအချိန်တုန်းက သခင်ရှက သူ့အိမ်ဟောင်းရဲ့ အစိတ်အပိုင်းအတော်များများကို ပြန်ပြီးပြုပြင်ခဲ့တယ်… အဲဒီပြင်ဆင်မှုက တစ်နှစ်လောက်ကြာခဲ့မယ်ထင်တယ်။”
ဤအကြောင်းကိုပြောဆိုချိန်မှာ အခြားသောတပ်သားများကလည်း အမှတ်ရသွားပြီး ဝင်ရောက်ထောက်ခံလိုက်ကြသည်။
လောရှောင်က အနည်းငယ်တွေဝေနေ၏။ ရှချန်ကို သူသိလေသည်။ ရှချန်က တကယ်ပဲ အယူဝါဒမိစ္ဆာတစ်ဦးဖြစ်မည်ဆိုလျှင် သူ့ကို သတ်ဖြတ်ရသည်က ကိစ္စရှိလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း မဟုတ်လျှင်တော့ နောက်ဆက်တွဲပြဿနာများ ပေါ်ထွက်လာပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ရှချန်သည် မြေရှင်သခင်တစ်ဦးဖြစ်ပြီး တော်ဝင်မိသားစုနှင့် အဆက်အသွယ်တချို့ရှိထားနိုင်သည်။ ရှေးဟောင်းခေတ်များကတည်းက ချမ်းသာကြွယ်ဝသော မိသားစုတချို့သည် ဒေသဆိုင်ရာဘုရားကျောင်းများသို့ ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ထားတတ်ကြလေသည်။
လောရှောင်က တွေဝေရှုပ်ထွေးစွာဖြင့် ဆုံးဖြတ်ချက်ချရန် ကျန်းယွဲ့လုကို လှည့်ကြည့်လိုက်၏။
ကျန်းယွဲ့လုက ဆုံးဖြတ်ချက်ပြတ်သားလေသည်။
“လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့ အယူဝါဒမိစ္ဆာတွေကို ချေမှုန်းသုတ်သင်တဲ့နေရာမှာ တာအိုဂိုဏ်းတော်ကို အဖွဲ့အစည်းတိုင်းက အပြည့်အဝကူညီထောက်ပံ့ရမယ်လို့ ရွှမ်အရှင်မြတ်က အမိန့်တော်ထုတ်ပြန်ခဲ့တယ်… တပ်မှူးလော… ဒီစစ်ဆင်ရေးအတွက် လူသူအင်အားထောက်ပံ့ပေးဖို့ ကျေးဇူးပြုပြီး ဒေသခံခရိုင်ဝန်နဲ့ တပ်ခွဲမှူးကို သတင်းပို့ပေးပါ… သူတို့က အမြှောက်လက်နက်တွေယူလာနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ… အမြှောက်ကြီးတွေတော့ မလိုပါဘူး.. ရိုးရိုးသာမန်ဆိုရင်ပဲ အလုပ်ဖြစ်လိမ့်မယ်… တစ်ခုခုဖြစ်လာမယ်ဆိုရင် အင်ပါယာနန်းတော်က တာအိုဂိုဏ်းတော်ကို မေးခွန်းထုတ်လိမ့်မယ်… အဲဒီအခါကျရင် ဒီကိစ္စအတွက် ကျွန်မ အပြည့်အဝတာဝန်ယူတယ်”
မဟာရွှမ်မင်းဆက်၏ စစ်ဘက်ဆိုင်ရာဖွဲ့စည်းပုံသည် ယခင် ဝေမင်းဆက်ထံကနေ ဆင်းသက်လာခြင်းဖြစ်သည်။ သူတို့သည် စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းကို အစောင့်တပ်ဖွဲ့ရုံးများနှင့် တပ်စခန်းများဟူ၍ ခွဲခြားထားသည်။ အစောင့်တပ်ဖွဲ့ရုံးမှ စစ်သည်များမှာ မျိုးရိုးစဉ်ဆက် စစ်မှုထမ်းသော အဆင့်အတန်းရှိကြသည်။ သူတို့သည် လယ်ယာစိုက်ခင်းများနှင့် ခံတပ်မြို့များမှာ တာဝန်ထမ်းဆောင်ကြသည်။ တပ်စခန်းများမှ စစ်သည်များမှာ မျိုးရိုးစဉ်ဆက်စစ်မှုထမ်းသော အဆင့်အတန်းမရှိကြဘဲ သူတို့ကို အင်အားဖြည့်ခေါ်ယူစုဆောင်းထားခြင်းဖြစ်သည်။
ဤအချက်ကြောင့် အစောင့်တပ်ဖွဲ့ရုံးများနှင့် တပ်စခန်းများမှာ လုံးဝမတူညီသော ရာထူးအခေါ်အဝေါ်များ ရှိလာလေသည်။
အစောင့်တပ်ဖွဲ့ရုံးကို နေပြည်တော် စစ်သေနာပတိ၊ နေပြည်တော် ဒုစစ်သေနာပတိ၊ နေပြည်တော် တပ်ရေးဗိုလ်မှူး၊ စစ်သေနာပတိ၊ ဒုစစ်သေနာပတိ၊ တပ်ရေးဗိုလ်မှူး၊ ကွပ်ကဲရေးဗိုလ်မှူး၊ ဒုစစ်ကဲ၊ တပ်မှူးကြီး၊ တပ်မှူး၊ လက်ထောက်တပ်မှူး၊ သွေးသောက်ခေါင်းဆောင်နှင့် အကြပ်ခေါင်းဆောင်တို့ဖြင့် ဖွဲ့စည်းထားသည်။
တပ်စခန်းများကိုတော့ မဟာစစ်သေနာပတိချုပ်၊ စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်၊ တိုင်းမှူးဗိုလ်ချုပ်၊ ရွေ့လျားတပ်မဗိုလ်ချုပ်၊ တပ်စခန်းမှူးကြီး၊ တပ်ခွဲမှူး၊ တပ်မဟာမှူး၊ တပ်ရင်းမှူး၊ တပ်စုမှူးနှင့် တပ်စိပ်မှူးတို့ဖြင့် ဖွဲ့စည်းထားသည်။
စစ်ဦးစီးချုပ်များကို တိုက်ပွဲထဲမှာလိုအပ်မည်ဆိုလျှင် အင်ပါယာနန်းတော်သည် စစ်ဆင်ရေးမှာပူးပေါင်းဆောင်ရွက်ရန် အမြင့်ဆုံး ခေါင်းဆောင်တစ်ဦးကို စေလွှတ်ပေလိမ့်မည်။
ကျန်းယွဲ့လုသည် လောရှောင်ကို ဒေသခံဝတ်ရုံနက်များနှင့် ပူးပေါင်းစေချင်သည်။ ဝတ်ရုံနက်များသည် တစ်ယောက်ချင်းတိုက်ခိုက်ရာမှာ သို့မဟုတ် တပ်ဖွဲ့ငယ်ချင်း တိုက်ခိုက်ရာမှာ ဖီးနစ်စိမ်းတပ်သားများကို မယှဉ်နိုင်သော်လည်း အတိုင်းအတာကြီးမားသည့် တိုက်ပွဲများမှာ သို့မဟုတ် ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ရသည့်စစ်ပွဲများမှာ ဝတ်ရုံနက်များက ပိုတော်ကြလေသည်။
တာအိုဂိုဏ်းတော်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ကျန်းယွဲ့လုမှာ ဒေသခံခရိုင်ဝန် သို့မဟုတ် စစ်သည်ရဲမက်များကို ခေါ်ယူစုစည်းဖို့ အခွင့်အာဏာမရှိပေ။ သို့သော်လည်း ဖီးနစ်စိမ်းတပ်ဖွဲ့၏ ကွပ်ကဲရေးဗိုလ်မှူးသည် ထူးခြားသောတာဝန်တစ်ခုနှင့်အတူ ရောက်ရှိလာသည့် အင်ပါယာသံတမန်တစ်ဦးဖြစ်ပြီး သူက ထိုစစ်သည်များကို စုဖွဲ့နိုင်သည်။
လောရှောင်က ဤအချက်ကို နားလည်သဘောပေါက်ပြီး ချက်ချင်းပင် တပ်မှူးရုံးသို့ ပြန်သွားလေသည်။ ထိုအချိန်အတောအတွင်း ကျန်ရှိနေသော ဖီးနစ်စိမ်းတပ်သားများက ကျန်းယွဲ့လု၏ အမိန့်ကိုနာခံဖို့ သူက အမိန့်ပေးသွားခဲ့သည်။
ကျန်းယွဲ့လုက အစောင့်တပ်သားများကို ညွှန်ကြားလိုက်သည်။
“ရှချန်ရဲ့အိမ်ကို ဝိုင်းပတ်ပိတ်ဆို့ကြတာပေါ့… ဘယ်သူ့ကိုမှ အလွတ်မပေးနဲ့”
ဖီးနစ်စိမ်းတပ်သားများစွာက သူမ၏ အမိန့်ကို နာခံလိုက်ကြသည်။
ဤသည်ကိုကြည့်ပြီး ချီရွှမ်းစုက စိတ်ခံစားချက်များဖြင့် သက်ပြင်းချလိုက်၏။
“ငါ အပြင်ဘက်မှာ သွားလာတုန်းက အမြဲတမ်း ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်ခဲ့ရတယ်… တစ်နေ့မှာ ဖီးနစ်စိမ်းတပ်သားတွေနဲ့အတူ စစ်ဆင်ရေးတစ်ခုကို ဖော်ဆောင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး… ဒါပေမဲ့ ဒီခံစားချက်ကို ငါအတော်လေးသဘောကျတယ်”
ကျန်းယွဲ့လုက ပြောလိုက်သည်။
“လောကမှာ ကြောက်စရာအကောင်းဆုံးအရာက ရန်သူက ဘယ်သူလဲဆိုတာကို မခွဲခြားနိုင်တာပဲ… အခု ငါတို့ကြားမှာ ပုန်းကွယ်နေတဲ့ မိစ္ဆာတွေကို ဖော်ထုတ်လိုက်ပြီဆိုတော့ ငါတို့ သူတို့ကို ကောင်းကောင်းခွဲခြားလို့ရသွားပြီ… အခုက သူတို့ကို တစ်ခါတည်းနဲ့ အပြတ်ရှင်းရမယ့်အချိန်ပေါ့”
ချီရွှမ်းစုက ဤစကားကိုကြားသောအခါ သူ့မျက်နှာက မသိမသာတောင့်တင်းသွားပြီး အနည်းငယ်မလုံမလဲခံစားနေရသည်။
အခန်း ၁၀၀ - ခွန်အားကို ငှားရမ်းအသုံးချခြင်း
သိပ်မကြာခင် ဝမ်ကျိချန်၊ ဒေသခံခရိုင်ဝန်နှင့် တပ်ခွဲမှူးတို့က ရှမိသားစုဂေဟာသို့ အပြေးအလွှားရောက်ရှိလာကြသည်။
သူတို့နှင့်အတူ အရာရှိလောင်းများ၊ ရဲမက်အရာရှိများ၊ ဝတ်ရုံနက်များနှင့် ဖီးနစ်စိမ်းတပ်သားများစွာကို ခေါ်ဆောင်လာကြသည်။ ဒေသဆိုင်ရာအုပ်ချုပ်ရေးရုံး၏ လူသူအင်အား အားလုံးနီးပါးကို စုဖွဲ့လာပြီး လူအရေအတွက် စုစုပေါင်း တစ်ထောင်နီးပါးရှိသည်။
တပ်ခွဲမှူးသည် ပကတိအဆင့်-၆ စစ်ဘက်ဆိုင်ရာအရာရှိဖြစ်ပြီး ဖီးနစ်စိမ်းတပ်မှူးနှင့်အဆင့်တူကာ ပကတိအဆင့် ၇ ခရိုင်ဝန်ထက် အဆင့်နှစ်ဆင့်ပိုမြင့်သည်။ ထို့ကြောင့် တပ်ခွဲမှူးသည် ခရိုင်ဝန်၏ လက်အောက်ငယ်သားမဟုတ်ပေ။
တပ်ခွဲမှူးကျောက်သည် ဤတစ်ခေါက်မှာ စစ်သည် ၁၅၀ နှင့် အရံစစ်သည်နှစ်ရာကို ခေါ်ဆောင်လာသည်။ တိုက်ပွဲဝင်စစ်သည်များအားလုံးသည် ခဲယမ်းလက်နက်များနှင့် ချပ်ဝတ်တန်ဆာများကို တပ်ဆင်ထားကြသည်။ သူတို့သည် တာအိုဆရာများ အသုံးပြုလေ့ရှိသည့် ပစ္စတိုများကို အသုံးမပြုကြပေ။ ထိုအစား အဝေးပစ်သေနတ်ရှည်များကို အသုံးပြုကြသည်။ သူတို့၏ကျည်အိမ်ထဲတွင် ကျည်ဆန်များစွာကို ထည့်သွင်းထားနိုင်ပြီး အဆက်မပြတ် ပစ်ခတ်နိုင်ကြသည်။ အရံတပ်ဖွဲ့များကတော့ အဓိကအားဖြင့် အမြောက်လက်နက်လေးမျိုးကို သယ်ဆောင်လာကြသည်။
ဤတစ်ခေါက်မှာ တပ်ခွဲမှူးသည် ပြောင်းဝ ၁၀၂ မမနှင့် ၁၀၉ မမ (ဂ)အဆင့် အမြောက်လေးလက်ကို ယူဆောင်လာကြသည်။ သူတို့မှာ မြို့ရိုးကို တိုက်ခိုက်နိုင်လောက်သည့် ပြင်းအားမရှိသော်လည်း စံအိမ်တစ်လုံးကို ဖျက်ဆီးနိုင်လောက်အောင် စွမ်းအားကြီးမားလေသည်။
ရှေ့ကနေ တိုက်ခိုက်မည့် ဝတ်ရုံနက်များအပြင် တပ်ခွဲမှူးကျောက်သည် ဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိများနှင့် ရဲမက်အရာရှိများစွာကိုလည်း ခေါ်ဆောင်လာခဲ့သည်။ ဤဖွဲ့စည်းပုံက ထျန်ကန်းခန်းမနှင့်ဆင်တူသည်။ ရဲမက်အရာရှိတစ်ဦးမှာ လက်ထောက်နှစ်ဦးရှိပြီး လက်ထောက်တစ်ဦးစီမှာ အကူတစ်ဦးစီရှိကြလေသည်။ အရာရှိလောင်း တပ်စိပ်သုံးစိပ်ကတော့ စုစုပေါင်း လူနှစ်ရာခန့်ရှိသည်။ သူတို့သည် အဓိကအားဖြင့် လမ်းများကိုရှင်းလင်းရှင်း၊ စစ်အုပ်ချုပ်ရေးကို ဖော်ဆောင်ခြင်းနှင့် လူစုခွဲခြင်းတို့ကို အဓိကတာဝန်ယူထားသည်။
ဒါ့အပြင် ဝတ်ရုံနက်များကို ကူညီထောက်ပံ့ရန် တပ်မှူးရုံးမှ ဖီးနစ်စိမ်းတပ်သားများကိုလည်း စုဖွဲ့ထားသည်။
ဖီးနစ်စိမ်းတပ်ဖွဲ့သည် ဧကရာဇ်၏ ကိုယ်ရံတော်တပ်ဖွဲ့ဖြစ်ပြီး အဓိကအားဖြင့် ရာဇဝတ်မှုများ စစ်ဆေးစုံစမ်းခြင်းကို တာဝန်ယူထားသည်။ ရာထူးအဆင့်အတန်းမြင့်မားသော ဝတ်ရုံနက်များစွာကို ဖီးနစ်စိမ်းတပ်ဖွဲ့သို့ ရွှေ့ပြောင်းပေးပြီးနောက် သူတို့သည် တရားစီရင်ရေးဌာနများနှင့် အခြားသော ဌာနများသို့ လွှဲပြောင်းပေးခံရကာ နောက်ဆုံးမှာ ဝန်ကြီးများဖြစ်လာကြသည်။
ဖီးနစ်စိမ်းတပ်သားများသည် ဝတ်ရုံနက်များဖြစ်ခဲ့ဖူးပြီး နှစ်ဦးနှစ်ဖက်က ပူးပေါင်းဆောင်ရွက်ဖို့ အခက်အခဲမရှိပေ။
ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက ရှချန်၏ စံအိမ်အပြင်ဘက်သို့ ရောက်ရှိလာသည့်အချိန်မှာ နေရာတစ်ခုလုံးအား ဝိုင်းပတ်ပိတ်ဆို့ထားသည်ကို သူတို့တွေ့မြင်လိုက်ရသည်။
တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်မှာ မတူညီသောဖွဲ့စည်းပုံများရှိသော်လည်း ထိုက်ဖျင်ဂိုဏ်း၏ မဟာသူတော်စင်သည် ဧကရာဇ်ပေးအပ်ထားသည့် လောကီဆရာသခင်ဘွဲ့ကို ယူထားလေသည်။
ဒေသဆိုင်ရာခရိုင်ဝန်၊ တပ်ခွဲမှူးနှင့် ဖီးနစ်စိမ်းတပ်မှူးတို့အားလုံးက အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲဖြစ်သော ကျန်းယွဲ့လုထက် နိမ့်ကျလေသည်။ ဝမ်ကျိချန်ကသာ ကျန်းယွဲ့လုနှင့် တန်းတူရည်တူဖြစ်ပြီး သူတို့နှစ်ယောက်စလုံးက အမိန့်ပေးစေခိုင်းနိုင်သူများဖြစ်ကြသည်။
ဝမ်ကျိချန်က မေးလိုက်သည်။
“ရှမိသားစုက အပြင်ထွက်ပြီး အညံ့မခံကြသေးဘူးလား”
တပ်ခွဲမှူးကျောက်က ပြန်ဖြေလိုက်သည်။
“ကျုပ်.. ကျုပ်တပ်သားတွေကို အော်မေးခိုင်းပြီးသွားပြီ… သူတို့တွေ တံခါးဖွင့်ပြီး အညံ့ခံလိုတာနဲ့ ကျုပ်တို့က ဒုစရိုက်သမားတွေကိုပဲ နှိမ်နင်းမယ်.. ဒါပေမဲ့ သူတို့က အထဲမှာနေပြီး ခေါင်းမာနေတုန်းပဲဆိုရင်တော့.. ကျုပ်တို့ အဆောက်အအုံကိုဖျက်ဆီးရလိမ့်မယ်… အဲဒါအခါကျရင် နောင်တရဖို့ နောက်ကျသွားလိမ့်မယ်လို့ ပြောထားပြီးပြီ.. ဒါပေမဲ့ အဲလိုပြောထားတာတောင် သူတို့ဘက်က ဘာတုံ့ပြန်မှုမှမရှိသေးဘူး… လူကြီးမင်း… နောက်ထပ် ဘာလုပ်ရမလဲ ကျေးဇူးပြုပြီး ညွှန်ကြားပေးပါ”
ဝမ်ကျိချန်က ကျန်းယွဲ့လုကို ကြည့်လိုက်သည်။
“ပညာရှိကျန်း… ခင်ဗျားဘယ်လိုထင်လဲ”
ကျန်းယွဲ့လုက ပြောလိုက်၏။
“သာမန်မိသားစုတစ်စုက သူတို့ရဲ့ အိမ်ဝင်းအပြင်ဘက်မှာ ဒီလိုမျိုး စစ်သည်ရဲမက်အစုအဝေးကို တွေ့မြင်တဲ့အခါ တံခါးဖွင့်ပေးကြလိမ့်မယ်… ဘယ်သူကမှ မတုံ့ပြန်ဘူးဆိုမှတော့ သူတို့က မဟုတ်တာလုပ်ထားတယ်ဆိုတာကို ညွှန်ပြနေတာပဲ… ဒီလိုဆိုမှတော့ ဘာမှယဉ်ကျေးပြနေစရာမလိုတော့ဘူး… သူတို့ရဲ့ဝင်းတံခါးနဲ့ တံတိုင်းကို ဖောက်ခွဲဖျက်ဆီးပြီး ဝင်ရောက်ရမယ်”
ဝမ်ကျိချန်က ခေါင်းညိတ်လိုက်၏။
“တပ်ခွဲမှူးကျောက်.. ပညာရှိကျန်းရဲ့ အမိန့်အတိုင်း လိုက်နာလိုက်ပါ”
အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် တပ်ခွဲမှူးကျောက်က နာခံလိုက်သည်။ သူက ပေတစ်ထောင်အကွာအဝေးကနေ ရှစံအိမ်၏ ဝင်းတံခါးများကို ချိန်ရွယ်ထားသည့် အမြောက်နှစ်လက်ရှိရာသို့ လျှောက်လှမ်းသွား၏။ အခြားသော အမြောက်နှစ်လက်က ဘေးဘက်တံတိုင်းများကို ချိန်ရွယ်ထား၏။
ချီရွှမ်းစုက အမြောက်များကို စိတ်ဝင်တစားဖြင့် အကဲခတ်ကြည့်နေသည်။
တပ်ခွဲမှူးကျောက်က သူ၏ ညာဘက်လက်ကိုမြှောက်ပြီး အော်ပြောလိုက်သည်။
“အမြောက်ဆန်ဖြည့်ကြ”
အမြောက်လေးလက်ကို တာဝန်ယူထားသည့် စစ်သည်များက တစ်ချိန်တည်းမှာ လှုပ်ရှားလာကြသည်။ ကောင်းကောင်းလေ့ကျင့်ထားသော သေနတ်သမားနှစ်ဦးက သစ်သားသေတ္တာကို အလျင်အမြန်ဖွင့်ပြီး ငှက်ပျောဖူးပုံစံ အမြောက်ဆန်တစ်ခုကို မယူကာ အမြောက်၏ ပြောင်းဝမှာ ဆက်လိုက်သည်။
သေနတ်သမားက အော်ပြောလိုက်သည်။
“အဆင့်သင့်ဖြစ်ပါပြီ”
ခေါင်းဆောင်တပ်မှူးကျောက်က ရုတ်တရက် သူ့လက်ကို အောက်သို့ချလိုက်၏။
“ပစ်…”
ချီရွှမ်းစုသည် သူ့မျက်နှာကိုလာရောက်ရိုက်ခတ်သည့် အပူလှိုင်းတစ်လှိုင်းကို ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူ့အောက်ဘက်ရှိမြေပြင်က မြေငလျင်တစ်ခုလှုပ်သွားသလို တုန်ခါသွားလေသည်။
ရှစံအိမ်၏ ဝင်းစောင့်တဲက လုံးလုံးလျားလျားပျောက်ကွယ်သွားပြီး ခြံဝန်းတံတိုင်း၏ တစ်စိတ်တစ်ပိုင်းကလည်း ပြိုကျသွား၏။ အပျက်အစီးပုံများကြားမှာ မီးတောက်တချို့ရှိနေဆဲပင်။
တပ်ခွဲမှူးကျောက်က သူ့ညာဘက်လက်ကို နောက်တစ်ဖန်မြှောက်လိုက်သည်။
“ထောင့်ချိုးကိုညှိပြီး အမြောက်ဆန်ထပ်ဖြည့်ကြ”
သေနတ်သမားများက ချိန်သားကိုက်မှု၊ ဦးတည်ဘက်နှင့် ထောင့်ချိုးကိုဆွေးနွေးပြီးနောက် အမြောက်များကို လှည့်ကာ မတူညီသောဦးတည်ဘက်များကို ချိန်ရွယ်လိုက်ကြသည်။ ထို့နောက် သေနတ်သမားက ပြောင်းဝကို ရှင်းလင်းပြီး အမြောက်ဆန်ကို ထပ်ဖြည့်လိုက်သည်။
“အဆင်သင့်ဖြစ်ပါပြီ”
သေနတ်သမားလေးဦးက တစ်ယောက်ပြီးတစ်ယောက် အစီရင်ခံလိုက်ကြ၏။
တပ်ခွဲမှူးကျောက်က သူ့လက်ကို နောက်တစ်ဖန်ချလိုက်သည်။
“ပစ်”
(ဂ)အဆင့် အမြောက်လေးလက်က နောက်တစ်ဖန်အော်မြည်သွားပြီး ပြောင်းဝကနေ မီးတောက်များလျှံထွက်လာသည်။
အမြောက်ဆန်လေးခုက လေထဲမှာအော်မြည်ပြီး ရှစံအိမ်မှာပေါက်ကွဲကာ မီးခိုးလုံးများ တထောင်းထောင်းထ၍ ကြီးမားသောတုန်ခါလှိုင်းများနှင့် မီးပြင်ကျယ်တစ်ခု ဖြစ်ပေါ်လာသည်။
ကျောက်တုံးကျောက်ခဲများ၊ သစ်ပင်များနှင့် မြေစိုင်ခဲများ၏ အကျိုးအပဲ့အစအနများက လေထဲကိုကန်တက်လာ၏။
မြေပြင်က နောက်တစ်ဖန်တုန်ခါသွားပြီး ပေါက်ကွဲသံကြောင့် နားထဲမှာ တစီစီမြည်နေသည်ကို ချီရွှမ်းစုခံစားလိုက်ရသည်။
ဤကဲ့သို့သော အဖျက်စွမ်းအားမှာ ရှန်းထျန်သက်ရှိတစ်ဦးပင် ရှင်နိုင်လိမ့်မည်မဟုတ်ပေ။
နှစ်ကြိမ်ဆက်တိုက်တိုက်ခိုက်ပြီးနောက် ရှစံအိမ်က လုံးဝကို ဖွတ်ဖွတ်ညက်ညက်ကြေသွားသည်။ မည်သည့်ကာကွယ်ရေးဝင်္ကပါမဆို ဖျက်ဆီးခံရပေလိမ့်မည်။
ထို့နောက် ဝမ်ကျိချန်က စံအိမ်ကိုတိုက်ခိုက်ရန် စစ်သည်များကို အမိန့်ပေးလိုက်သည်။
ချီရွှမ်းစု၊ ကျန်းယွဲ့လုနှင့် ဝမ်ကျိချန်တို့က နောက်ကနေ လိုက်ဝင်သွား၏။ ခရိုင်ဝန်ကတော့ ဘေးပတ်ဝန်းကျင်ကိုစောင့်ကြည့်ရန် အပြင်ဘက်မှာ နေခဲ့သည်။
ခြံဝန်းထဲမှာ ယမ်းနံ့က မွှန်ထူနေ၏။ ကျန်းယွဲ့လုက မီးခိုးများကို လက်ဖြင့်ခတ်ထုတ်ပြီး ချီရွှမ်းစုကို ခပ်တိုးတိုးပြောလိုက်သည်။
“ရွှမ်အရှင်မြတ်နဲ့ တုံဟွမ်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းတစ်ခု… ငါ နည်းနည်းကြားဖူးထားတာရှိတယ်… မဟာပေါင်အန်ဘုရားကျောင်းက မတော်တဆဖြစ်ရပ်မှာ တုံဟွမ်က အသက်ဘေးကနေ ပွတ်ကာသီကာ လွတ်မြောက်လာပြီးတဲ့နောက် သူ့ကို ရွှမ်အရှင်မြတ်က ဆူပူအော်ငေါက်ခဲ့တယ်လို့ပြောတယ်”
“ဘာလို့လဲဆိုတော့ တုံဟွမ်က သူ့ရဲ့နောက်ခံ၊ ကျင့်ကြံမှုအဆင့်နဲ့၊ အခွင့်အာဏာကို အထင်ကြီးပြီး ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရလို့ပဲ… အဲဒီကောလာဟလတွေက အမှန်ဟုတ်မဟုတ် ငါမသိပေမဲ့ အဲဒီအချိန်ကစပြီး တာအိုဂိုဏ်းတော်က ရှေးဟောင်းအင်မော်တယ်တွေကို နှိမ်နင်းတဲ့အခါ တခြားသူတွေရဲ့ အကူအညီကို ရယူနိုင်မယ်ဆိုရင် တစ်ယောက်တည်း မလှုပ်ရှားကြတော့ဘူး… အခု ငါတို့က သူတို့ရဲ့အင်အားကို ငှားရမ်းအသုံးချလိုက်တဲ့အတွက် ငါတို့ရဲ့စွမ်းအင်ကို ချွေတာနိုင်သွားပြီ”
သိပ်မကြာခင် ဝတ်ရုံနက်များနှင့် ဖီးနစ်စိမ်းတပ်သားများက အစီရင်ခံတင်ပြဖို့အတွက် ပြန်လည်ရောက်ရှိလာကြ၏။ ခြံဝန်းထဲမှာ သေဆုံးနေသော အစေခံတချို့တွေ့ရှိကြောင်း သူတို့က တင်ပြကြသည်။ သို့သော်လည်း ဤအစေခံများသည် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ခြင်း မဟုတ်ပေ။ သူတို့က အဆိပ်မိထားခြင်းဖြစ်၏။ တစ်ယောက်ယောက်က သူတို့ကို နှုတ်ပိတ်ပစ်ခဲ့သည့်ပုံပေါ်သည်။ သေဆုံးနေသော အစေခံများကလွဲလျှင် စံအိမ်ထဲမှာ တခြားမည်သူကိုမှ ရှာမတွေ့ပေ။
ဤနေရာသည် လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်း၏ ခံတပ်ဖြစ်သည်ကို ဝမ်ကျိချန်က ပို၍ပင် သေချာပြောနိုင်သွားသည်။ သူက နေရာတစ်ခုလုံးကို ပိုက်စိပ်တိုက်ရှာဖွေဖို့ အမိန့်ပေးလိုက်၏။
ဖီးနစ်စိမ်းတပ်သားများသည် ဤနေရာမှာ ကျွမ်းကျင်သူများဖြစ်ကြသည်။
လောရှောင်က ရှာဖွေမှုကို ကိုယ်တိုင်ဦးဆောင်ပြီး သိပ်မကြာခင် ကျောက်ပုံတစ်ခု၏ အောက်ဘက်မှာ မြေအောက်နန်းတော်တစ်ခု၏ ဝင်ပေါက်ကို ရှာတွေ့သွား၏။
ဝမ်ကျိချန်က ကျောက်ပုံကိုဖောက်ခွဲပစ်ဖို့ အမိန့်ပေးလိုက်ပြီးနောက် အောက်ဘက်မှာရှိသောမြေအောက်နန်းတော်ဆီ ဦးတည်နေသည့် ဝင်ပေါက်က ပေါ်ထွက်လာသည်။
မြေအောက်နန်းတော်၏ ဝင်ပေါက်က အတော်လေးကျယ်ဝန်းပြီး လူလေးယောက် ဘေးချင်းယှဉ်လျှောက်နိုင်သည်။ ၎င်းက အောက်သို့လျှောဆင်းသွားပြီး လှေခါးထစ်လမ်းသာမက လက်တွန်းလှည်းသွားနိုင်သောလမ်းပင် ပါရှိနေသည်။
တပ်ခွဲမှူးကျောက်က အော်ပြောလိုက်၏။
“ဒိုင်းကာတွေ…”
ကြီးမားသောဒိုင်းကာများနှင့် ချပ်ဝတ်တန်ဆာအပြည့်အဝတပ်ဆင်ထားသော ဝတ်ရုံနက်ဆယ်ဦးကျော်က မြေအောက်နန်းတော်၏ ဝင်ပေါက်ဝသို့ လျှောက်လှမ်းလာကြသည်။
ဤခြေလျင်တပ်သားများက ဟောက်ထျန်သက်ရှိများသာဖြစ်သော်လည်း သူတို့က နွားရိုင်းနဂါးချပ်ဝတ်တန်ဆာများနှင့်အတူ အလွန်တရာသန်မာကြသည်။ ဤချပ်ဝတ်တန်ဆာကို ကလေးလက်သီးဆုပ်အရွယ် ကြေးခွံ ၃၆၀ ဖြင့် ဖွဲ့စည်းထားလေသည်။ ချီတိုက်ခိုက်မှုနှင့် အစီအရင်မန္တန်များကို ခုခံဖို့အတွက် အထူးတလည်ပုံစံဖော်ထားသည်။
ထိုစစ်သည်များသည် နွားရိုင်းနဂါးချပ်ဝတ်တန်ဆာ၏ အပေါ်မှာ ဝါဂွမ်းသတ္တုချပ်ဝတ်ဟု ခေါ်ဆိုသော နောက်ထပ်အလွှာတစ်လွှာကို ဝတ်ဆင်ထားကြသည်။ ထိုဝါဂွမ်းများကို အကြမ်းခံစေရန် ရေစိမ်ခြင်း၊ နေလှန်းခြင်းတို့ဖြင့် အထူးစီမံပြုလုပ်ထားသည်။ အထဲမှာ သတ္တုပြားများကို စီထည့်ထားပြီး ကြေးမှိုများဖြင့် ခိုင်မြဲအောင်ဆွဲထားလေသည်။
ခဲယမ်းလက်နက်များပေါ်ထွက်လာပြီးနောက် ရှေးရိုးစဉ်လာ သတ္တုချပ်ဝတ်တန်ဆာများက ခေတ်အောက်သွားခဲ့သည်။ တာအိုဂိုဏ်းတော်ကနေ အဆင့်မြှင့်တင်ထားသည့် ချပ်ဝတ်တန်ဆာများကလည်း တန်ဖိုးကြီးလွန်းလေသည်။ ထို့ကြောင့် ကျင်းမင်းဆက်ခေတ်အတွင်း သေကွင်းသေကွက်များကိုကာကွယ်ရန် သတ္တုပြားများဖြင့် ပြုလုပ်ထားသည့် အထည်သားချပ်ဝတ်တန်ဆာများ ပေါ်ထွက်လာခဲ့သည်။ နောက်ပိုင်းမှာ သူတို့သည် အဆိပ်ငွေ့များကိုကာနိုင်သည့် မျက်နှာဖုံးများပါသော ချပ်ဝတ်တန်ဆာများအဖြစ် ဆင့်ကဲပြောင်းလဲလာခဲ့သည်။
သူတို့သယ်ဆောင်လာသည့် ကြီးမားသော ဒိုင်းကာများကို ခွေးအဒိုင်းကာဟု ခေါ်ဆိုပြီး ခန္ဓာကိုယ်တစ်ဝက်ကိုကာပေးထားနိုင်သည်။ ၎င်းသည် ကျည်ဆန်များ၊ ချီများနှင့် အစီအရင်တချို့ကို ခုခံနိုင်သည်။
ဒိုင်းကာများကို ကိုင်ဆွဲထားသောစစ်သည်များ၏ နောက်ဘက်မှာ သေနတ်ရှည်များကို ကိုင်ဆွဲထားသည့် နောက်ထပ်စစ်သားများ လိုက်ပါလာပြီး သူတို့က ဒိုင်းကာများကြားကနေ ပစ်ခတ်နိုင်ကြသည်။
စစ်သည်များသည် အယူဝါဒမိစ္ဆာများကို ချေမှုန်းသုတ်သင်ရန် စိတ်ပိုင်းဖြတ်ထားပြီး တစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့ချီတက်သွားကြသည်။