← Chapters

တောင်နှင့်မြစ်ရေကောင်းကင်ဘုံပန်းချီကား

Vol. 7 Ch. 635

တောင်နှင့်မြစ်ရေကောင်းကင်ဘုံပန်းချီကား

Vol. 7 Ch. 635

ဆန်းလျန်၏ စကားများသည် ညနေခင်းဗုံသံလို သာယာသလို နံနက်ခင်း ခေါင်းလောင်းထိုးသံ ကဲ့သို့လည်း ငြိမ့်ညောင်းလှလေသည်။

ဆန်းလျန်ပြောသည့် စကားများ၏ အဓိပ္ပာယ်ကို ထိုက်စုနတ်သမီးသည် နားလည်သလို ရှိသည့်တိုင် လက်တွေ့ကျသည်ဟု မခံစားရပေ။ သူမသည် မြူခိုးများထဲမှ ပန်းမာလ်များကို ကြည့်နေရသကဲ့သို့ မရှင်းမလင်း ဖြစ်နေရလေ သည်။

ရုတ်တရက်…

လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး သူမလက်ထဲမှ ရော့ရှီလေးသည် ပျောက်ကွယ် သွားရလေသည်။ ရော့ရှီလေးသည် ချက်ချင်းပင် ဆန်းလျန်၏ လက်ထဲသို့ ရောက်ရှိသွားခြင်း ဖြစ်လေသည်။

ရော့ရှီသည် စိတ်ရှုပ်ထွေးနေသည့်တိုင် ရှင်းရှင်းလင်းလင်း သိမြင်သွားသည့် အခါတွင်တော့ ပျော်ရွှင်စွာဖြင့် အော်ဟစ် လိုက်လေသည်။

"ဦးဦး ..."

ဆန်းလျန်က သူမ၏ခေါင်းလေးကို အသာပုတ်လိုက်ရင်း ပြုံးလိုက်လေသည်။

ထိုက်စုနတ်သမီး၏ အကြည့်များက ပိုပြီး စူးရှလာပြီး…

"ရှင်ဘယ်သူပဲ ဖြစ်ပါစေ… ဒီနေ့ သေရမယ်"

ဆန်းလျန်က သက်ပြင်း ချလိုက်ရင်း…

"ကျုပ်က နိုးထလာပြီ၊ ဒါပေမဲ့ မင်းကတော့ အိပ်မက်မက်လို့ ကောင်းနေဆဲပဲ၊ ရော့ရှီနဲ့ တိုက်ခိုက်နေခဲ့ရတဲ့ တစ်လျှောက်လုံးမှာ မင်းလည်း ပင်ပန်းနေပြီပဲ၊ မင်းမှာ ကျုပ်ကို နိုင်ခြေမရှိဘူး"

****

ဘုရင့်နေပြည်တော်တွင်… ဖန့်ကျန်းသည် မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့် လိုက်လေသည်။

ထို့နောက် သူသည် သူနေထိုင်ရာ ကျောင်းတော်မှ ထွက်ခွာလာခဲ့လေသည်။

သူက တံခါးအပြင်သို့ ထွက်လိုက်သည်နှင့် သူ့ကိုစောင့်နေသည့် တာအို ဆရာတစ်ယောက်ကို တွေ့လိုက်ရလေသည်။ ထိုတာအိုဆရာသည် စန့်ချင်နန်းတော်မှ လေးစားစရာ ကောင်းသည့် မူလနတ်ဘုရား လင်ပေါင်ထျန်းကျွင်းနှင့် အလွန်ဆင်တူလေသည်။ ထိုတာအိုဆရာသည် ဖန့်ချင်ကို စိုက်ကြည့်နေပြီး လက်ထဲတွင် ကျောက်စိမ်းကျိုင်းတံကို ကိုင်ဆောင်ထားလေသည်။

ဖန့်ကျန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း…

"ဟွန်း… မင်းတို့တွေက လှည့်စားလိုက်တာပဲ၊ ကျုပ် မင်းကိုအရင်သတ်မယ်၊ ပြီးရင် သူ့ကို သွားသတ်မယ်"

ပြောပြီးသည်နှင့် ဖန့်ကျန်းက အင်္ကျီလက်တစ်ဖက်ကို ဝေ့ယမ်းလိုက်လေရာ မိုးမြေစွမ်းအားများ ထွက်ပေါ်လာပြီး ထောင်ဟုန်ကို တိုက်ခိုက်လိုက်လေသည်။ ထောင်ဟုန်ကလည်း သူ၏ လက်နှစ်ဖက်ကို ယှက်လိုက်ပြီး ဝင်ရောက်လာသည့် မိုးမြေစွမ်းအားများကို ကာကွယ်လိုက်လေသည်။

ထောင်ဟုန်သည် စန့်ချင်မူလဝိညာဉ်ခန္ဓာဖြင့် လွတ်လပ်စွာ ဖွဲ့စည်းထားသူ ဖြစ်လေသည်။ သူ၏ ဝိညာဉ်စွမ်းအားများက ခိုင်မာပြီး ဖန့်ကျန်း တိုက်ခိုက်လိုက်သည့် မိုးမြေ စွမ်းအားများကို လွယ်လွယ်ကူကူပင် ထိန်းချုပ် လိုက်နိုင်လေသည်။

ဘုရင့်နေပြည်တော် တစ်ခုလုံးတွင် ဖုံမှုန့်များ လွင့်ပျံကုန်လေသည်။

ရာသီဥတုမှာလည်း ချက်ချင်းပင် ပြောင်းလဲသွားလေသည်။

ထိုသို့သော အဖြစ်မျိုးသည် အမတ်ကြီး ရှောင်းတောက် ထီးနန်းလုစဉ် အခါကသာလျှင် တစ်ကြိမ်ဖြစ်ပေါ် ဖူးလေသည်။

***

ထိုက်စုနတ်သမီးက…

"ရှင်က နတ်ဘုရားလို ဝတ်စားထားပြီးတော့ မိစ္ဆာလို လှည့်ဖြားတတ်တဲ့သူပဲ"

ဆန်းလျန်က ပြုံးလိုက်လေသည်။

ထိုက်စုယွမ်ကျွင်းသည် အမှန်ပင် တန်ခိုးစွမ်းအား ကြီးမားသူတစ်ယောက် ဖြစ်သည်မှာ ပြောစရာမလိုပါ။ သို့သော် လက်ရှိ သူရင်ဆိုင်နေရသည့် ထိုက်စုနတ်သမီးမှာ ထိုက်စုယွမ်ကျွင်း၏ ဉာဏ်စဉ်တစ်ခုမျှသာ ဖြစ်လေသည်။ သူမသည် အပြည့်အဝ နိုးထနေပြီဖြစ်သည့် ဆန်းလျန်ကို အဘယ်မှာ အန်တု ယှဉ်ပြိုင်နိုင်ပါမည်နည်း။

ဆန်းလျန်က ခွဲဖြာထားသည့် သူ၏ ထိုက်ရွှီးတန်ခိုး စွမ်းအားများကို ပြန်လည် စုစည်းလိုက်လေသည်။

ထိုအခါ ဆန်းလျန်၏ တန်ခိုးစွမ်းအားများ ချက်ချင်း မြင့်တက်လာသည်ကို ထိုက်စုနတ်သမီး ခံစားလိုက်ရလေသည်။ လောကတစ်ခုလုံးသည် ဆန်းလျန်ပိုင်ဆိုင်သည့် အလားပင် ထင်မှတ်ရလေသည်။

ထိုက်စုနတ်သမီး၏ ငွေရောင်ဖူချန်သည် ရေတံခွန်အလား ဆန်းလျန်ရှိရာသို့ လွင့်မျော စီးဆင်းသွားလေသည်။ မမြင်ရသည့် စွမ်းအားတစ်ခုမှ ဖူချန်ကို ဆွဲငင်နေသည့် အလားပင် ဖြစ်လေသည်။ ဖူချန်မှ တန်ခိုးစွမ်းအားများကို ထူးဆန်းသည့် စွမ်းအင်တစ်ခုက စုပ်ယူနေပြီး သူမသည် အားနည်းလာသကဲ့သို့ ခံစားလိုက်ရလေသည်။

ဆန်းလျန်၏ တန်ခိုးစွမ်းအားများ ကတော့ အဆက်မပြတ် မြင့်တက်နေလေသည်။

ထိုက်စုနတ်သမီးက ဆန်းလျန်၏ စွမ်းအင်စက်ဝန်းထဲမှ သူမ၏ဖူချန်ကို ဆွဲထုတ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် ဆန်းလျန်သည် မိုးနှင့်မြေကို တွန်းထုတ်လိုက်သည့် အလား သူ၏ လက်ဖဝါးနှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်လေသည်။ တန်ခိုး စွမ်းအားများသည် တောင်နှင့် ပင်လယ်ပြင်ပမာ ထိုက်စုနတ်သမီးဆီသို့ ဖြည်းဖြည်းချင်း ကျရောက်သွားလေသည်။

ထိုက်စုနတ်သမီး၏ မျက်ဝန်းများသည် မယုံကြည်နိုင်ခြင်းများစွာဖြင့်ပြည့်နက်နေပြီး ဖုံမှုန့်အဖြစ်သို့ တဖြည်းဖြည်း လွင့်ပြယ်ကာ ပျောက်ကွယ် သွားလေတော့သည်။

ဆန်းလျန်မှာလည်း သူ၏ တန်ခိုးစွမ်းအားများ ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သူရောက်ရှိနေသည့် လောကသည် သာမန် အိပ်မက်ကမ္ဘာ တစ်ခုလောက် ရိုးရှင်းခြင်း မရှိသည်ကို နားလည် လိုက်ရလေသည်။

ဘုရင့် နေပြည်တော်တွင်တော့ ထောင်ဟုန်သည် ဖန့်ကျန်းကို ထွက်ခွာ မသွားနိုင်အောင် တားဆီးထားလေသည်။

ဖန့်ကျန်း၏ တိုက်ကွက် (၃၀၈) ကွက်ကို ခုခံပြီးမှ ထောင်ဟုန်၏ တန်ခိုးစွမ်းအား တံတိုင်းကြီး ပျက်စီးသွားရလေသည်။ သို့သော် … ဖန့်ကျန်း သွားလေရာရာသို့ ထောင်ဟုန်က နောက်မှ လိုက်နေလေသည်။

သူတို့(၂)ယောက်၏ တန်ခိုး စွမ်းအားများကြောင့် လမ်းပေါ်တွင် ခင်းထားသည့် အပြာရောင် ကျောက်တုံးများ ကွဲကြေကုန်ပြီး အဝါရောင်မြေသားပင် ပေါ်လာပြီ ဖြစ်လေသည်။

နောက်ဆုံးတွင်တော့… ဖန့်ကျန်းက ရပ်တန့်လိုက်လေသည်။

သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း…

"ဒီတစ်ကြိမ်တော့ ကျုပ်ရှုံးတယ်ဆိုတာ ဝန်ခံပါတယ်၊ ဒါပေမဲ့ နောက်ကျရင် မင်း ကျုပ်နဲ့ ထပ်မတွေ့ဖို့သာ ဆုတောင်းပေတော့"

ထို့နောက် ဖန့်ကျန်းသည် မြေမှုန်များအဖြစ် ကူးပြောင်းသွားပြီး သဲလွန်စပင် မကျန်အောင် ပျောက်ကွယ် သွားလေတော့သည်။

ထိုအချိန်မှာပင်… ဆန်းလျန်သည် ဆန်းရော့ရှီလေး၏ လက်ကိုဆွဲကာ လမ်းလျှောက်လာလေသည်။

ဆန်းရော့ရှီက မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်း…

"ခုန ဦးလေးရင်ဆိုင်ခဲ့တဲ့ ထိုက်စုယွမ်ကျွင်းရဲ့ ဉာဏ်စဉ်ဟာ သူ့ရဲ့ မူလရုပ်ခန္ဓာနဲ့ ပေါင်းစည်းသွားတဲ့ အခါကျရင် သမီးတို့အကြောင်းကို ပြောပြမှာပဲ၊ နောင်တစ်ချိန်ကျရင် ပြဿနာ တက်လာနိုင်တယ်"

သဘောတရားအရ ဆိုလျှင် ဆန်းရော့ရှီသည်လည်း ထိုက်စုယွမ်ကျွင်း၏ ဉာဏ်စဉ်တစ်ခုသာ ဖြစ်လေသည်။ သို့သော် … လမင်းကို ဆွတ်ခူးပေးမည် ဆိုလျှင်တောင် သူမသည် ထိုက်စုယွမ်ကျွင်း ဖြစ်လာလိုသည့် ဆန္ဒမရှိခဲ့ပေ။

ဆန်းလျန်က…

"အဲဒီဆိုရင်လည်း ဦးဦးတို့ ဘယ်တတ်နိုင်မှာလဲကွာ…"

ထောင်ဟုန်သည် ဆန်းလျန်ကို တွေ့သည်နှင့် လှမ်းကြည့်လိုက်လေသည်။

ထောင်ဟုန်နှင့် ဆန်းလျန်သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရယ်မောလိုက်လေသည်။ အမှန်တော့ သူတို့(၂)ယောက်သည် တစ်ယောက်တည်းပင် ဖြစ်လေသည်။ သို့သော် … လက်ရှိအချိန်တွင်တော့ သူတို့သည် "မင်းနဲ့ငါ" (၂)ယောက် ကွဲနေလေသည်။

ရုတ်တရက်ပင် ထောင်ဟုန်က စကားစပြောလိုက်သည်။

"ကျုပ်တော့ ဒီလောကမှာ နေချင်တယ်၊ ဒီလောကတစ်ခုလုံးနဲ့ တစ်သားတည်း ကျအောင် ပျော်ဝင် ပေါင်းစပ်လိုက်မယ်"

ဆန်းလျန်က…

"ဘာလဲ… မင်းက လုကျိုးယွမ်ကို အတုခိုးမလို့လား"

ထောင်ဟုန်က ပြုံးလိုက်ရင်း…

"အဲဒါဆိုရင် မင်းလည်း လုကျိုးယွမ်ကို အတုခိုးနေတဲ့သူပဲ ဖြစ်မှာပေါ့၊ ကျုပ်က မင်းပဲလေ…"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ကျုပ်ကလည်း မင်းပါပဲ"

ထို့နောက်တွင်တော့ ဆန်းလျန်နှင့် ဆန်းရော့ရှီတို့သည် ဘုရင့်နေပြည်တော်မှ ပျောက်ကွယ် သွားကြလေတော့သည်။

***

ဆန်းလျန်က မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့် အခါတွင်တော့ ဆရာဘွားဘွား လီချင်းဆွေ၏ ခန်းမဆောင် ရှိရာတွင် ချိတ်ဆွဲထားသည့် အဖြူရောင် ပန်းချီကားသည် သူ့ရှေ့တွင် ရောက်ရှိနေလေသည်။

သို့သော် … ပန်းချီကားထဲတွင် တောင်နှင့်ရေများကို တွေ့မြင်ရမည် ဖြစ်လေသည်။ ပန်းချီကားထဲတွင် သူနှင့်ဆင်တူသည့် တာအိုဆရာ တစ်ယောက်လည်း ရောက်ရှိနေလေသည်။ သူသည် တောင်များကြားတွင် တရားထိုင်လျက် ရှိလေသည်။

ဆန်းလျန်က မွေးဖွားဖြစ်တည်လာခြင်း မရှိသေးသည့် ပန်းချီကားထဲမှ မိုးမြေလောကကို အသုံးပြုကာ အိပ်မက်ကမ္ဘာကို ဖန်တီးခဲ့ခြင်း ဖြစ်လေသည်။ ထိုအချက်သည် အိပ်မက်လိပ်ပြာ ကျင့်စဉ်၏ ရှင်းမပြနိုင်သည့် ထူးခြားဆန်းကြယ်မှု တစ်ခုပင် ဖြစ်လေသည်။

ထို့ပြင် ဆန်းလျန်သည်လည်း မိုးမြေလောက အသစ်ကို ဖွင့်လှစ်နိုင်မည့် သန္ဓေမျိုးစေ့ကို ပိုင်ဆိုင်ထားလေရာ မိုးမြေလောက အသစ်တစ်ခုကို ဖွင့်လှစ်ပြီး သက်ရှိလူသားများကို ဖန်ဆင်းနိုင်ရန်မှာ မည်မျှက ခက်ခဲသည်ကို နားလည်ခဲ့ရလေသည်။

အချိန်ယူရမည် ဖြစ်သလို မည်မျှ အချိန်ကြာမည်ကိုလည်း မသိရှိနိုင်ပေ။

ထို့ပြင် အိပ်မက်မှ နိုးထလာရန်မှာ လက်ဖျောက်တစ်ချက် တီးစာမျှသာ ကြာသည်ဆိုသည့် အချက်ကိုလည်း သူကောင်းကောင်း သိခဲ့လေသည်။

လက်ဖျောက်တစ်ချက် တီးရုံမျှဖြင့် အစစ်အမှန်လောက တစ်ခုကို ဖန်ဆင်းနိုင်သူဆို၍ ဗုဒ္ဓနှင့် တာအို ဆရာသခင်ကြီးသာလျှင် ရှိပေလိမ့်မည်။

ချင်းရွှမ် နတ်တံခါးတွင်တော့ ထိုသို့ပြုလုပ်နိုင်သူဆို၍ တာအိုဆရာသခင်ထိုက်ယီသာလျှင် ရှိပေလိမ့်မည်။ အခြားသူများကတော့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ဆန်းလျန်သည် တာအိုဆရာ သခင်ကြီး၏ ရည်ရွယ်ချက်ကို နားမလည်ခဲ့ပါ။

သူ၏ ထိုက်ယီထျန်းရှန်း အဆင့်နှင့်ပင် မှန်းဆကြည့်နိုင်ခြင်း မရှိပေ။ သေချာနေသည့် အချက်တစ်ချက်တော့ ရှိလေသည်။ ထိုအချက်မှာ တာအို ဆရာသခင် ထိုက်ယီသည် ထိပ်တန်းအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး သူ့ကို ဂရုစိုက်နေသည်ဆိုသည့် အချက်ပင် ဖြစ်လေသည်။

ပန်းချီကားထဲမှ လောကသည် အသက်ဓာတ် စွမ်းအားများ နည်းပါးနေသည့် အတွက် ဆန်းလျန်မှာ စိတ်မကောင်းသလိုပင် ခံစားလိုက်ရလေသည်။ အသက်ဓာတ် စွမ်းအားများ မကောင်းပါက ကျင့်ကြံခြင်းအတွက် သိပ်ပြီး အကျိုးပြုနိုင်မည် မဟုတ်ပေ။

ဆန်းလျန်က ပန်းချီကားကို တစ်ချက်ကြည့်လိုက်ပြီး အလေးအနက် ပြောလိုက်လေသည်။

"အခုချိန်ကစပြီး မင်းကို တောင်နဲ့မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားလို့ အမည်ပေးလိုက်မယ်"

ထိုအခါ ပန်းချီကားသည် သူ၏အမည်ကို တိတ်ဆိတ်စွာ သဘောတူလိုက်သည့် အလား တစ်ချက် တုန်ခါသွားလေသည်။

ပန်းချီကားထဲတွင် ကျန်ရစ်ခဲ့သည့် စန့်ချင် မူလဝိညာဉ်ခန္ဓာသည် တောင်နဲ့မြစ်ရေ ကောင်းကင်ဘုံပန်းချီကားနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားသည်ကို ဆန်းလျန် ခံစားလိုက်ရလေသည်။

ပန်းချီကားသည် ပြင်ပလောကမှ အသက်ဓာတ် စွမ်းအားများကို စတင် စုပ်ယူလေတော့သည်။ ထိုအခါ ပန်းချီကား ထဲမှတောင်နှင့် မြစ်ရေများသည် ပိုပြီး အသက်ဝင်လာ လေတော့သည်။

လုံလောက်သည့် အသက်ဓာတ် စွမ်းအားများကို စုပ်ယူပြီးသွားပါက တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားထဲမှ လောကသည် ကောင်းချီးပေးခံရသည့် လောကတစ်ခုအဖြစ် ဖြစ်တည်လာမည် ဖြစ်လေသည်။

ထိုသို့သာ ဖြစ်လာခဲ့ပါက လက်ရှိလောကသည် ခြောက်သွေ့ သွားရပေလိမ့်မည်။

သို့သော်… ဆန်းလျန်ကတော့ ဒဏ္ဍာရီထဲမှ ဝိညာဉ်စွမ်းအား ရတနာ ပစ္စည်းတစ်ခုကို ရရှိမည် ဖြစ်လေသည်။

ပန်းချီကားသည် လောကသစ် တစ်ခုအဖြစ် ဖြစ်တည်လာနိုင်စွမ်း ရှိမည် ဖြစ်လေသည်။

ကျောက်ဂူထဲမှ ရေခဲများ အရည်ပျော်သွားပြီး ရော့ရှီလေးမှာလည်း အန္တရာယ် ကင်းသွားပြီ ဖြစ်လေသည်။

လုကျိုးယွမ်နှင့် သွားမတွေ့ခင် ဝန်ထုပ်ဝန်ပိုး တစ်ခုတော့ ဖြေရှင်းပြီးသွားပြီဟု ဆန်းလျန် တွေးလိုက်မိလေသည်။ ဆန်းရော့ရှီလေးသည် သူမ၏ ဦးလေးဖြစ်သူကို ပြန်လည် ဆုံတွေ့ရသည့်အတွက် ပျော်ရွှင်လျက်ရှိလေသည်။ အနည်းဆုံးတော့ သူမ၏ဦးလေးသည် ထာဝရ ပျောက်ကွယ်သွားခဲ့ခြင်း မဟုတ်သည်ကို သိခွင့်ရခဲ့သည် မဟုတ်ပါလား။

ဆန်းလျန်က ကူးချိုင်ဝေ့ ကွယ်လွန်သွားပြီဆိုသည့် အကြောင်းကိုတော့ ဆန်းရော့ရှီကို ပြောပြလိုက်လေသည်။ ရော့ရှီသည် တံခါးပိတ် ကျင့်ကြံခြင်းမပြုမီ ထိုသို့ဖြစ်လာမည်ဟု ကြိုတင် သိမြင်ခဲ့သော်လည်း တကယ်တမ်း သတင်းဆိုးကို ကြားရသည့်အခါ စိတ်မကောင်း ဖြစ်ရလေသည်။

ထို့ပြင် လောလောဆယ်တွင် ဦးလေးဖြစ်သူ အဘယ်မျှ စိတ်မကောင်း ဖြစ်နေမည်ကို ရိပ်မိလိုက်ပြီး သူမက စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။

"ဦးဦး… ယန်ရွှီးက အသက်ရှင်နေသေးတယ် ထင်တယ်"

"သမီးက ဘယ်လိုလုပ် သိတာလဲ"

ဆန်းလျန်က ပြန်မေးလိုက်လေသည်။

"ထျန်းမုန့်နတ်သမီး ပြောတာလေ၊ ယန်ရွှီးက ဦးဦးနဲ့ မတိုက်ခိုက်ခင်မှာ ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းကို သွားခဲ့တယ်တဲ့၊ ထျန်းမုန့်နတ်သမီး ပြောတာက ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းက ရဲ့လျိုယွင်ဆိုတဲ့သူက ထူးဆန်းပြီး ကြောက်စရာ ကောင်းတယ်တဲ့၊ ယန်ရွှီး ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းကို သွားတာဟာ ရဲ့လျိုယွင်ကို ဘယ်လိုနည်းနဲ့မှ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူးတဲ့၊ ဒါပေမဲ့ ယန်ရွှီးက ဘာထိခိုက်မှုမှ မရှိဘဲ ပြန်ရောက် လာခဲ့တယ်တဲ့လေ၊ အဲဒီတော့ ယန်ရွှီးနဲ့ ရဲ့လျိုယွင်ကြားမှာ ပြဿနာရှိခဲ့တဲ့ပုံတော့ မရဘူး၊ ပြီးတော့ ထျန်းမုန့်နတ်သမီးရဲ့ နှလုံးသားထဲမှာ ထည့်သွားတဲ့ ယန်ရွှီးရဲ့မိစ္ဆာမျိုးစေ့က ယန်ရွှီးရော ဦးလေးရော ပျောက်သွားတဲ့ အချိန်မှာတောင် ပျောက်ကွယ် မသွားခဲ့ဘူးလေ"

****

All Chapters