← Chapters

ခံစားချက်ပြည့်ဝသည့်နှလုံးသား၊ အကြင်နာတရားမဲ့သည့်လုပ်ရပ်

Vol. 7 Ch. 636

ခံစားချက်ပြည့်ဝသည့်နှလုံးသား၊ အကြင်နာတရားမဲ့သည့်လုပ်ရပ်

Vol. 7 Ch. 636

ရော့ရှီ၏ စကားများကို နားထောင်ပြီးသည်နှင့် ဆန်းလျန်က တစ်ချက် စဉ်းစားလိုက်ပြီး…

"တကယ်တော့ ယန်ရွှီး သေသရှင်ရှင် အရေးမကြီးပါဘူး၊ အတိတ်ဆိုတာ တိမ်ခိုးတွေလိုပါပဲ၊ ဘာလဲ… ရော့ရှီက ဦးဦးရဲ့ အရည်အချင်းကို လျှော့တွက်ထားတာလား"

ရော့ရှီမှာ စိတ်ရှုပ်ထွေး သွားရလေသည်။

ဦးလေးဖြစ်သူသည် သူမ၏လက်ကို ဆွဲကိုင်ထားသည့်တိုင် သူမနှင့် ဝေးကွာနေသကဲ့သို့ ခံစားနေရလေသည်။ ထို့ပြင် ဦးလေးဖြစ်သူကို ခန့်မှန်း၍လည်း မရနိုင် ဖြစ်နေရလေသည်။

ယခုအချိန်တွင် သူမ၏ ကျင့်ကြံခြင်း အဆင့်သည် မြင့်မားနေပြီ ဖြစ်လေသည်။

သေလုနီးပါး အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီးမှ အသက်ရှင်သန် နိုင်ခဲ့သည့်တိုင် သူမ၏ တန်ခိုးစွမ်းအားများမှာ ယခင်ကထက်ပင် အဆင့်မြင့်မားလာလေသည်။ သို့တိုင်အောင် သူမနှင့် ဦးလေးဖြစ်သူကြားတွင် ကြီးမားသည့် ကွာဟမှုကြီး တစ်ခုရှိနေသည်ကို နားလည် လိုက်ရလေသည်။

သူမက ယန်ရွှီး အသက်ရှင်နေ သေးသည်ကို စိုးရိမ်နေရခြင်းမှာ အတိတ်၏ အမြင်များမှတစ်ဆင့် ဦးလေးဖြစ်သူ၏ အခြေအနေကို ရိပ်မိခဲ့သည့်အတွက် ဖြစ်လေသည်။

ရော့ရှီ သေတွင်းမှ လွတ်မြောက်လာခဲ့သည့် အတွက် ဆန်းလျန်က ဂုဏ်းပြုပွဲလေး တစ်ခု ကျင်းပပေးခဲ့လေသည်။

ထို့နောက်တွင်တော့ ဆန်းလျန်သည် ချင်းရွှမ်တောင် (၅)ခုတွင် လှည့်လည် သွားလာနေပြီး တပည့်များနှင့် ဆရာသခင်များကြားတွင် သွားလာနေခဲ့လေသည်။ ဆန်းလျန်၏ အပြုအမူများကို ကြည့်ခြင်းအားဖြင့် တာဆိုဆရာ သခင်ကြီးထိုက်စန့်၏ လွတ်လပ်လွယ်ကူသည့် စိတ်ထားကို သက်သေပြုနိုင်လေသည်။

ထို့ပြင်… ဆန်းလျန်၏ လှုပ်ရှားမှုတိုင်းသည် မိုးနှင့်မြေကို ထူးဆန်းစွာ ဆန့်ကျင် နေတတ်လေသည်။

တပည့်များအနေဖြင့် ကျင့်စဉ်လမ်းနှင့် ပတ်သက်သည့် အခက်အခဲများကို ဆန်းလျန်ကို မေးရန်ပင် မလိုအပ်ခဲ့ပါ။ ဆန်းလျန်ကို မြင်လိုက်သည်နှင့် အခက်အခဲများက ဖြေရှင်းပြီးသား ဖြစ်သွားလေသည်။

တာအို ကျမ်းစာထဲတွင် ဆိုထားသည်မှာ -

"ရှိပြီးသား လမ်းစဉ်သည် မပြောင်းလဲနိုင်သည့် လမ်းစဉ်ပင် ဖြစ်လေသည်။ ပေးထားပြီးသား နာမည်သည် မပြောင်းလဲ နိုင်သည့်နာမည်ပင် ဖြစ်လေသည်။ လျှို့ဝှက် ဆန်းကြယ်မှုများစွာထဲမှ လျှို့ဝှက် ဆန်းကြယ်မှုတစ်ခုမှာ ဝိညာဉ် စွမ်းအားမြှင့်တင်ခြင်းသို့ သွားရောက်နိုင်သည့် လမ်းပင် ဖြစ်တော့၏"

ဟူ၍ ဖြစ်လေသည်။

ထို့ကြောင့် သူတို့၏မျက်လုံးထဲတွင် ဆန်းလျန်ကို မြင်သည်နှင့် မိုး၊ မြေ၊ ပင်လယ်နှင့် အရာအားလုံးကို တွေ့မြင်ရသကဲ့သို့ ခံစားရလေသည်။ ထို့အတူ ‘မရှိမှုတရား’ ကိုလည်း ခံစားရလေသည်။

ချန်ကျင်းချင်မှာလည်း အနည်းငယ် ထူးဆန်းသလို ခံစားနေရလေသည်။

ဆရာဖြစ်သူသည် ကျီဖူတောင်ထိပ်မှ ပြန်လာပြီးနောက်ပိုင်း တန်ခိုးစွမ်းအားများ လျော့နည်းနေသည်ဟု ထင်မှတ်နေမိလေသည်။ သို့သော် တစ်ချိန်းတည်းမှာပင် တန်ခိုးစွမ်းအားများ မြင့်မား နေသည်ကိုလည်း ခံစားရပြန်သည်။

အမှန်တော့ ချန်ကျင်းချင် မှားယွင်းခြင်းမရှိပါ။

အဘယ်ကြောင့်ဆိုသော် ဆန်းလျန်သည် စန့်ချင်မူလဝိညာဉ် ခန္ဓာအမှတ်အသားကို ဖယ်ရှားလိုက်ပြီး တောင်နှင့် မြစ်ရေကောင်းကင်ဘုံ ပန်းချီကားထဲတွင် ချန်ထား ရစ်ခဲ့လေသည်။ ထို့ကြောင့် တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားသည် အဆုံးစွန် ဖြစ်နိုင်ချေများကို ဆောင်ယူထားသည့် ပုံသဏ္ဌာန်အသစ်ဖြင့် မှော်အင်းသင်္ကေတ တစ်ခု ဖြစ်လာခဲ့လေသည်။

တစ်ချိန်တည်းမှာပင်…  ထိပ်တန်းဝိညာဉ် စွမ်းအားမြှင့်တင်သည့် ကျင့်စဉ်တစ်ခု ဖြစ်သည့် စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း ကျင့်စဉ်၏ သဲလွန်စများကို ဖျောက်ဖျက် ပစ်နိုင်ခဲ့လေသည်။

ထို့ကြောင့် ဆန်းလျန်၏ တန်ခိုးစွမ်းအားများသည် အမှန်တကယ်ပင် အားနည်းသွားရခြင်း ဖြစ်လေသည်။ သို့သော်… ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ယောက်၏ လွှမ်းမိုးမှုဆီမှ ရုန်းထွက်နိုင်ခဲ့ပြီ ဖြစ်လေသည်။

သို့သော်… ဆန်းလျန်သည် လုံးဝလွတ်လပ်သွားပြီ ဟူ၍တော့ ပြော၍မရသေးပေ။ မည်သို့ပင်ဖြစ်စေ ဤအဆင့်သည် မလွဲမသွေ ကျော်ဖြတ်ရမည့် အဆင့်တစ်ခု ဖြစ်လေသည်။

ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ယောက်၏ လွှမ်းမိုးမှုသည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ်တိုင်ကိုယ်ပိုင် ဖြစ်ခြင်းလောက်တော့ တန်ဖိုးရှိမည် မဟုတ်ပေ။

တစ်ချိန်တုန်းက ထမင်းစားရန်အတွက် မျှစ်ဟင်းတစ်ခွက်နှင့် သောက်စရာ ဘူးသီးခြောက် တစ်ခုသာရှိသည့် သူတော်စင်တစ်ပါး ရှိခဲ့ဖူးလေသည်။

လူအများက ဘဝအခက်အခဲများဖြင့် ဒုက္ခသုက္ခများကို ခံစားနေရချိန်တွင် ထိုသူတော်စင်ကတော့ ပျော်ရွှင်နေခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတော်စင်သည် ကိုယ်ပိုင်လွတ်လပ်မှုကို ပိုင်ဆိုင်ပြီး ပြင်ပပစ္စည်းများကို တပ်မက်သည့် မှားယွင်းသော တဏှာရာဂများကို ပယ်သတ် နိုင်ခဲ့သောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်သည် ကျေနပ်လျက် ရှိလေသည်။ ထိုအချက်သည် ဟန်ဆောင်ပျော်ရွှင်မှုမျိုး မဟုတ်ခဲ့ပါ။ လွတ်လပ်ခြင်းမှ ရရှိသည့် စိတ်ကျေနပ်မှုသာ ဖြစ်လေသည်။

သေခြင်းတရားနှင့် သီလစင်ကြယ်မှုကို သိရှိ နားလည်ပြီးသည့်နောက် ဆန်းလျန်လည်း ထိုသို့ ခံစားရလေသည်။

သို့သော် သူ့တွင် လုပ်စရာကိစ္စများစွာ ရှိနေသေးလေရာ လုံး၀ လွတ်လပ်သည့် လူတစ်ယောက် ဖြစ်သည်ဟုတော့ မဆိုနိုင်သေးပေ။

လုန်ဟွာပွဲတော် ကျင်းပရန် (၁၀)ရက်အလိုတွင်တော့ ဆန်းလျန်သည် ချင်းရွှမ်တောင်မှ ရုတ်တရက် ပျောက်သွား လေတော့သည်။ ဆန်းလျန် မည်သည့်နေရာသို့ ထွက်ခွာသွားသည်ကို မည်သူမှ မသိကြပါချေ။

****

ကောင်းကင်တံခါး ရေလက်ကြားရှိ မြစ်ရေပြင် လှိုင်းလုံးများထက်တွင် လရောင်က ပက်ဖျန်းလျက်ရှိလေသည်။

နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက် ဆန်းလျန်သည် ရွှမ်ထျန်း နတ်ဘုရားဂိုဏ်း၏ တောင်တံခါးသို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ ပြန်လေပြီ။

အရင်တစ်ချိန် ကတော့… ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းမှ လှေထိုးသမားက သူနှင့် ကျောက်ရှောင်ယွီကို ကြိုဆိုရန်အတွက် လှေတစ်စင်းဖြင့် အသင့်စောင့်ကြို နေခဲ့လေသည်။

ယခုတော့ သူတစ်ယောက်တည်း ဖြစ်လေသည်။

ဆန်းလျန်သည် မြစ်ရေပြင်ကို အကြောင်းမဲ့ ငေးမောနေမိလေသည်။

သူသည် မြစ်ရေပြင်ကို ချက်ချင်းဖြတ်ကူးခြင်း မပြုသေးပါ။ သူက မြစ်ကမ်းနံဘေးတွင် ရပ်နေရင်း ပျံသန်းနေသည့် မီးခိုးငွေ့များအလား လှပစွာ မျောလွင့်နေသည့် လရောင်ကို ငေးကြည့်နေလေသည်။

နောက်ဆုံးတော့ မြစ်ရေပြင်လှိုင်းများကို ဖြတ်သန်းပြီး လှေငယ်လေး တစ်စင်း ထွက်ပေါ်လာလေသည်။ လှေဦးတွင် လူငယ်တစ်ယောက် မတ်တတ်ရပ်နေပြီး ဆန်းလျန်ကို စိုက်ကြည့် နေလေသည်။

လှေငယ်လေးသည် ဆန်းလျန် ရှေ့တည့်တည့်တွင် ရပ်တန့်သွားပြီး လှေထိုးသမား လူငယ်က ဆန်းလျန်ကို လှေပေါ်သို့ ကြွပါရန် လက်ဟန်ခြေဟန်ဖြင့် ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ချင်းယီ… မင်းက ကြောက်စရာ ကောင်းတဲ့ လူတစ်ယောက် ဖြစ်လာမယ်လို့ ကျုပ်ပြောခဲ့သားပဲ၊ အခုတော့ ကျုပ်ပြောတာ မမှားဘူးမဟုတ်လား"

စုန့်ချင်းယီက…

"ကျုပ်က ကြောက်စရာ ကောင်းတယ်လို့ တခြားသူတွေက မှတ်ချက်ပြုရင်တော့ ကျုပ်အလေးအနက် ထားခဲ့မှာပဲ၊ ဒါပေမဲ့ ဆန်းလျန်…၊ မင်းက ဒီလိုစကားမျိုး ပြောတာကတော့ ရယ်စရာ ကောင်းလွန်းပါတယ်"

ဆန်းလျန်က ရယ်မောလိုက်ပြီး လှေငယ်ထက်သို့ တက်လိုက်လေသည်။

လှေငယ်သည် လှေဝမ်းဗိုက်မရှိသလို လှော်တက်များလည်း မရှိပါ။ သို့သော် လေနှင့်လှိုင်းများကို ဖြတ်ကျော်ကာ ခပ်မှန်မှန် သွားနေလေသည်။ လှိုင်းသံများ အလယ်တွင် မြားတစ်စင်းအလား ရွက်လွှင့်လျက် ရှိလေသည်။

မြစ်လယ်တစ်နေရာ အရောက်တွင် လှေငယ်သည် ရပ်တန့်သွားလေသည်။

စုန့်ချင်းယီက လှေငယ်နံဘေး မြစ်လယ်တွင် မှတ်သားထားသည့် အမှတ်အသားကို လက်ညှိုးထိုး ညွှန်ပြလိုက်ရင်း…

"အဲဒီတုန်းက မင်းရဲ့ ဒြပ်စင်ငါးပါး မှော်ဝင်ဓားကို ကျုပ် ဒီရေအောက်မှာ နှစ်မြုပ်ထားခဲ့တယ်၊ ဒီညတော့ ဓားက သူ့ရဲ့ပိုင်ရှင်ဆီ သူပြန်သွားရတော့မယ်"

"ကြည့်ရတာ ချင်းယီက တစ်နေ့ကျရင် ကျုပ်ပြန်လာမယ် ဆိုတာ သိနေတဲ့ပုံပဲ"

ဆန်းလျန်က ပြောလိုက်လေသည်။

စုန့်ချင်းယီက လက်နှစ်ချောင်းဖြင့် ရေပြင်ကို တစ်ချက်ထိုးညွှန် လိုက်လေရာ မှော်ဝင်ဓားသည် ရေထဲမှခုန်ထွက်လာပြီး စုန့်ချင်းယီ၏ လက်ပေါ်သို့ ကျရောက်လာလေသည်။

စုန့်ချင်းယီက သက်ပြင်းတစ်ချက် ချလိုက်ရင်း…

"မင်းပြန်မလာပါ စေနဲ့လို့ပဲ ကျုပ်မျှော်လင့်ခဲ့မိတာပါ၊ ဒါပေမဲ့ တစ်ခါတလေ ကျတော့လည်း မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတာတွေ ရှိတယ် မဟုတ်လား၊ အချို့ သူတွေအတွက်တော့ အစစအရာရာ ချောမွေ့ အဆင်ပြေနိုင်ပေမဲ့ ကျုပ်အတွက်တော့ မဟုတ်ခဲ့ဘူးဗျာ"

ဆန်းလျန်သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း ကောင်းကင်တံခါး ရေလက်ကြားမှ မြစ်ရေများကို စိုက်ကြည့်နေလေသည်။ မြစ်ရေသည် လရောင်အောက်တွင် တောက်ပလျက် ရှိလေ၏။

ဆန်းလျန်က စုန့်ချင်းယီကို စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"အဲဒီစေတီတော်ထဲမှာ ရှောင်ယွီကို ဖမ်းထားပေမဲ့ ရှန်စန်းကျန်းရန်က သူ့ကို ကောင်းကောင်း ဆက်ဆံခဲ့တယ် မဟုတ်လား၊ ဒါပေမဲ့ ရှောင်ယွီက အဲဒီလိုအချုပ်အနှောင် ခံထားရတာကို ကြိုက်မှာမဟုတ်ဘူး၊ လွတ်လပ်ခြင်းကို မြတ်နိုးတဲ့ ရှောင်ယွီအတွက်တော့ အခုလို ချုပ်နှောင်ခံထားရတာ တကယ် နာကျင်ခံစားရမှာပဲ”

စုန့်ချင်းယီက မချိပြုံးတစ်ချက် ပြုံးလိုက်ရင်း…

"ကျုပ်ရဲ့ဆရာက ကျောက်ရှောင်ယွီဟာ မိုးမြေ သတ်မှတ်ထားတဲ့ ကံတရားကို လက်ခံလာတဲ့အထိ စောင့်ကြည့်နေတာပါ၊ ပြီးတော့ သူ စိတ်ရှိတိုင်းသာ လျှောက်လုပ်နေရင် သက်ရှိတွေအားလုံး ဒုက္ခရောက်ကုန်မှာပေါ့”

ဆန်းလျန်က ပြုံးလိုက်ရင်း…

"အဲဒါကြောင့် မိုးကောင်းကင် နိယာမတွေဟာ မပြည့်စုံဘူးလို့ ပြောတာပေါ့၊ တစ်ယောက်ကတော့ အမြဲတမ်း နာကျင်ခံစားရ စမြဲပဲလေ၊ ဒါပေမဲ့ မင်းတို့ ကျုပ်တို့ ကျင့်စဉ်လမ်းကို လိုက်ခဲ့ကြတဲ့ အကြောင်းက အဲဒီလို ဒုက္ခတွေခံစားရတာတွေ နည်းပါးသွားစေဖို့ပဲ မဟုတ်ဘူးလား”

ထိုအချိန်မှာပင် ဒြပ်စင်ငါးပါး မှော်ဝင်ဓားသည် စုန့်ချင်းယီ၏ လက်ထဲမှ ခုန်ထွက်သွားကာ မူလပိုင်ရှင်ထံသို့ ရောက်ရှိ သွားလေသည်။ ဓားခြိမ်းသံတစ်သံကို ရှင်းလင်းစွာ ကြားလိုက်ရလေသည်။

အေးစိမ့်နေသည့် ပတ်ဝန်းကျင်တွင် တေးသွားတစ်ပုဒ် ထွက်ပေါ်လာသည့် အလား ဖြစ်လေသည်။

တေးသွားမှာ လိုက်ကာထက်မှ ပုလဲလုံးလေးများ၏ အသံကဲ့သို့ သာယာသည့်တိုင် နဂါးတစ်ကောင် ဟိန်းဟောက် လိုက်သံနှင့်လည်း တူညီလေသည်။ အမှန်တော့ ထိုအသံသည် သေခြင်းနှင့် ရှင်ခြင်းကို ထိန်းချုပ်နိုင်သည့် ဓားတစ်လက်၏ တန်ခိုးစွမ်းအားသာ ဖြစ်လေသည်။

ဆန်းလျန်က….

"ဓား… သွားစမ်း…"

စုန့်ချင်းယီ မတားဆီးလိုက် နိုင်ခင်မှာပင် ဒြပ်စင်ငါးပါး မှော်ဝင်ဓားသည် နဂါးတစ်ကောင်အလား ရှေးဟောင်း စေတီတော်ရှိရာသို့ ပျံသန်း ထွက်ခွာ သွားလေတော့သည်။

လရောင်သည် အခိုးအငွေ့များအလား ပျောက်ကွယ်သွားလေသည်။

အဝေးတစ်နေရာတွင် …

ရှေးဟောင်းစေတီကို ထိုးခုတ်တိုက်ခိုက်နေသည့် သက်တံရောင်စဉ်များ ဖြာလင်းနေသည့် အလင်းတန်းတစ်ခုကို တွေ့မြင်ရမည် ဖြစ်လေသည်။ ရှေးဟောင်းစေတီ ပြိုကျသံ ကြားလိုက်ရပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် ဖုံမှုန့်သဲမှုန့်များ ပလူပျံသွားရလေသည်။

ဒြပ်စင်ငါးပါး မှော်ဝင်ဓားသည် သူ၏ သက်တမ်း တစ်လျှောက်တွင် အထူးခြားဆုံးခရီးကို ဖြတ်သန်းခဲ့ပြီး ကံတရားကို ဆန့်ကျင်တိုက်ခိုက်ကာ လောကမှ ပျောက်ကွယ် သွားခဲ့လေသည်။

စုန့်ချင်းယီက နှမြောတသသည့် လေသံဖြင့်…

"အဲဒီဓား နှမြောစရာ ကောင်းလိုက်တာ"

ဆန်းလျန်သည် တိတ်ဆိတ် ငြိမ်သက်နေလေသည်။ သို့သော် … ဓားကိုတော့ နှမြောသည့်ပုံမပေါ်ပေ။

လုကျိုးယွမ်၏ သိဒ္ဓိအချုပ်အနှောင်သည် အလွန်မှ စွမ်းအား မြင့်မားလွန်းလေသည်။ ဆန်းလျန်သည် လုကျိုးယွမ်နှင့် ရင်ဆိုင်ရန်အတွက် သူ၏ တန်ခိုးစွမ်းအားများကို နားလည်ထားရမည် ဖြစ်လေသည်။ ထို့ကြောင့်ပင် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက သူတန်ဖိုးထားရသည့် ရတနာဓားကို စတေးခံလိုက်ရခြင်း ဖြစ်လေသည်။ ထိုအချက်က ဒြပ်စင်ငါးပါး မှော်ဝင်ဓားကို အကောင်းဆုံး အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ယနေ့ညတွင် ဆရာဖြစ်သူ ရင်ဆိုင်ရမည့် စိန်ခေါ်မှုသည် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်တော့မည်ကို စုန့်ချင်းယီ ချက်ချင်းပင် နားလည် သဘောပေါက် လိုက်လေသည်။

လုကျိုးယွမ်သည် နှစ်ထောင်ပေါင်းများစွာ ကြာအောင် လောကပထမ နတ်ဘုရား ကျောင်းတော်ကြီးတစ်ခုကို ထိန်းသိမ်း အုပ်ချုပ်နေသည့် ကြောက်မက်ဖွယ်ရာ အရှင်သခင် တစ်ယောက် ဖြစ်လေသည်။ မရေမတွက်နိုင်အောင် များပြားသည့် ကျင့်ကြံသူများသည် မြစ်ကိုဖြတ်ကျော်ပြီး လုကျိုးယွမ်ကို စိန်ခေါ်ရန် ရောက်လာကြစမြဲ ဖြစ်လေသည်။

သို့သော် ထိုကျင့်ကြံသူများ အားလုံးသည် လုကျိုးယွမ်၏ လောက ပထမနေရာကို လုယူနိုင်ခဲ့ခြင်း မရှိကြပါချေ။

ယခုတော့ ဆန်းလျန် ရောက်လာခဲ့ပြီ ဖြစ်လေသည်။

ဆန်းလျန်သည် ကြောက်မက်ဖွယ်ရာ အရှင်သခင်ကြီး တစ်ပါးကို စိန်ခေါ်ရန် ရောက်လာသည့် ကျင့်ကြံသူတစ်ယောက် မဟုတ်ပါ။ ဆန်းလျန် ကိုယ်တိုင်သည်ပင် ကြောက်မက်ဖွယ်ရာ အရှင်သခင်ကြီးတစ်ပါး ဖြစ်လေသည်။

ဆန်းလျန်သည် သူကိုယ်တိုင် ပြုလုပ်ထားခဲ့သည့် ရတနာဓားကို စတေးခံပြီး ရှေးဟောင်းစေတီကို ဖျက်စီးပစ်ခဲ့လေသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်သည် ကြောက်မက်ဖွယ်ရာ လူတစ်ယောက်ကြောင်းကို ငြင်းမရနိုင်ပေ။ သူသည် ခံစားချက် ပြည့်ဝသည့် နှလုံးသားနှင့် အကြင်နာ တရားမဲ့သည့် လုပ်ရပ်ကို လုပ်ခဲ့လေသည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ခံစားချက်များကို အသုံးပြုပြီး ဆန်းလျန်၏ နှလုံးသားကို လှုပ်ရှားစေရန် လုပ်ဆောင်၍ မရသည်ကို တွေ့မြင်ရမည် ဖြစ်လေသည်။

သူတို့ (၂)ယောက်၏ ကာလရှည်ကြာ ခင်မင်ခဲ့မှုကို ဆန်းလျန်ဘက်မှ အလေးထားလိမ့်မည်ဟု စုန့်ချင်းယီယုံကြည်ခဲ့ မိလေသည်။

သို့သော်… ဆန်းလျန်သည်ကား ကောင်းကင်ထက်တွင်သာနေသည့် လပြည့်ဝန်းအလား ပြီးပြည့်စုံလွန်းသူ တစ်ယောက် ဖြစ်နေခဲ့လေသည်။

လှေငယ်လေးသည် ရွှမ်ထျန်းနတ်ဘုရားဂိုဏ်းသို့ ဆက်လက် ရွက်လွှင့်လာခဲ့လေသည်။

ခရီးလမ်းတွင် ဆန်းလျန်ရော စုန့်ချင်းယီပါ တိတ်ဆိတ်ငြိမ်သက် နေကြလေသည်။ စုန့်ချင်းယီသည် မည်သည့်စကား ပြောရမည်ကို မသိသည့်အတွက် စကားမပြောမိခြင်း ဖြစ်လေသည်။ သို့သော် ... ဆန်းလျန်ကတော့ စကားပြောစရာ မလိုသောကြောင့် မပြောခြင်းသာ ဖြစ်ပါလေ၏။

ရုတ်တရက်ပင်…

လှေငယ်လေးသည် စုန့်ချင်းယီ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားလေသည်။

လှေငယ်လေးသည် ရေမျက်နှာပြင်ထက်မှ ကောင်းကင်ဆီသို့ တဖြည်းဖြည်း ပျံတက်သွားလေတော့သည်။

****

All Chapters