အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အခန်း ၈၁ - အိုးယန်၏ ပြောင်းလဲသွားသော စရိုက်
"တစ်ယောက်မှကို အေးအေးဆေးဆေး မနေရဘူး"
မီးဖိုချောင်ထဲသို့ ဝင်သွားသော ချန်ချန်ရှန်းကို ကြည့်ရင်း အိုးယန်က ရေရွတ်လိုက်လေသည်။ ယနေ့ သူ တာအိုဟောပြောပွဲသို့ သွားရန် စီစဉ်ထားပြီး နောက်ကျ၍ မဖြစ်နိုင်ဟု တွေးကာ သူက အကြောဆန့်လိုက်၏။
တာအိုဟောပြောပွဲကို သူ နောက်ဆုံးအကြိမ် နောက်ကျခဲ့သည်မှာ ဘယ်တုန်းကပါလိမ့် လွန်ခဲ့သည့် ခုနစ်နှစ်ကလော သို့မဟုတ် ရှစ်နှစ်ကလော…
အိုးယန်သည် တာအိုဟောပြောပွဲသို့ နောက်ဆုံးအကြိမ် မည်သည့်အချိန်က တက်ရောက်ခဲ့သည်ကို အမှန်တကယ်ပင် ပြန်လည်မမှတ်မိနိုင်တော့ချေ။
"တတိယ ညီလေး... ငါ နေ့လယ်စာ စားဖို့ ပြန်မလာတော့ဘူးနော်... တာအိုဟောပြောပွဲ သွားမလို့"
အိုးယန်သည် ပင်မတံခါးဝဆီသို့ လျှောက်သွားရင်း မီးဖိုချောင်ဘက်သို့ လှမ်းအော်လိုက်လေသည်။
"ခွမ်း..."
အိုးယန်က တာအိုဟောပြောပွဲသို့ သွားမည်ဟု ပြောသည်ကို ကြားလိုက်ရချိန်တွင် ချန်ချန်ရှန်း၏ လက်ထဲရှိ ပန်းကန်ပြားမှာ တုန်ယင်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။ ချန်ချန်ရှန်းသည် သူ၏ နားများပင် ချို့ယွင်းနေသလောဟု သံသယဝင်သွားပေသည်။
စီနီယာအစ်ကိုက တာအိုဟောပြောပွဲ သွားမည်တဲ့လော…
အကယ်၍ သူ မှတ်မိတာ မှန်ကန်ပါက စီနီယာအစ်ကို တာအိုဟောပြောပွဲသို့ နောက်ဆုံး တက်ရောက်ခဲ့သည်မှာ လွန်ခဲ့သော ကိုးနှစ်၊ နှစ်လနှင့် ဆယ့်သုံးရက် ကတည်းက မဟုတ်ပါလော…
ဂိုဏ်းထဲတွင် ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်ပေါ်လာတော့မည်လော…
ချန်ချန်ရှန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်သွားလေ၏။ သူက တံခါးဝသို့ လျှောက်သွားလိုက်ပြီး စိတ်မအေးနိုင်သေးသဖြင့် သူ၏ အင်္ကျီလက်ထဲမှ စက္ကူအရုပ်လေး တစ်ခုကို ဆွဲထုတ်လိုက်သည်။ သူက ၎င်းအပေါ်သို့ လေတစ်ချက် ညင်သာစွာ မှုတ်ထုတ်လိုက်ရာ စက္ကူအရုပ်လေးမှာ ကြည်လင်သော လေပြေတစ်ပြည်အဖြစ် ပြောင်းလဲသွားပြီး မီးဖိုချောင်ထဲမှ လွင့်မျောသွား၏။
"ရွှီး..."
သူ၏ နယ်ပယ်ကို တည်ငြိမ်အောင် ပြုလုပ်နေသော လန်ချင်းဆုန်းသည် အမိုးကို ဖောက်ထွက်လာခဲ့လေသည်။ ဓားတစ်လက်ကို လက်တစ်ဖက်တွင် ကိုင်ဆောင်ထားလျက် သူ၏ မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှု အချို့ ပေါ်လွင်နေပြီး အိုးယန် ထွက်ခွာသွားသော လမ်းကြောင်းဆီသို့ ကြည့်ကာ ပြောဆိုလိုက်၏။
"စီနီယာအစ်ကို သေမျိုးလောကကို သွားခဲ့တုန်းက ပြောမပြနိုင်တဲ့ အခက်အခဲတွေ ရှိနေတုန်းပဲလား..."
ပိုင်ယွီသည် သူ၏ အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ကောင်းကင်ယံတွင် တွဲလောင်းကျနေသော သူ၏ သင်္ချိုင်းဂူကို အတွေးနက်စွာ လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင်လည်း လေးနက်မှု အရိပ်အယောင်တစ်ခု ပေါ်လာလေ၏။
သူတို့ သုံးယောက်လုံးသည် အိုးယန်၏ စရိုက်ကို ကောင်းကောင်းကြီး သိထားကြပေသည်။
အိုးယန်က တာအိုဟောပြောပွဲကို သွားမည်ဆိုသည်မှာ သရဲတောင် ယုံမည် မဟုတ်ချေ။ သူက သူတို့ကို အသိမပေးဘဲ အကြောင်းပြချက် တစ်ခုခုကြောင့် တိတ်တဆိတ် သူရဲကောင်း သွားလုပ်နေခြင်းသာ ဖြစ်ရပေမည်။
ထိုစဉ် ရှောင်ဖုန်းမှာမူ ခြံဝင်းထဲရှိ ထိတ်လန့်ဖွယ် ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေသော စီနီယာအစ်ကို သုံးယောက်ကို လုံးဝ နားမလည်နိုင်စွာဖြင့် တိတ်တဆိတ် စောင့်ကြည့်နေလေ၏။
ယခုလေးတင် စီနီယာအစ်ကိုက တတိယအစ်ကို့ကို ပါးရိုက်ခဲ့သည်။ ၎င်းကို မြင်တွေ့ခဲ့သူမှာ သူ တစ်ယောက်တည်း ဟုတ်ပုံမရပေ။ စီနီယာအစ်ကို ပိုင် နှင့် စီနီယာအစ်ကို လန် တို့သည်လည်း သူတို့၏ အခန်းများထဲမှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်မှာ သေချာလှသည်။
မဟုတ်လျှင် စီနီယာအစ်ကိုက တာအိုဟောပြောပွဲ သွားမည်ဟု ပြောသည်ကို ကြားလိုက်ရချိန်တွင် အဘယ်ကြောင့် သူတို့ အားလုံး တပြိုင်နက်တည်း အခန်းထဲမှ ထွက်လာကြမည်နည်း။
စီနီယာအစ်ကိုက တာအိုဟောပြောပွဲ သွားမည်ဟု ပြောရုံမျှဖြင့် ထိတ်လန့်ဖွယ် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရသကဲ့သို့ သူတို့ ပြုမူနေကြသည်။
တာအိုဟောပြောပွဲသို့ သွားရုံမျှသာ ဖြစ်သော်လည်း စီနီယာအစ်ကို သုံးယောက်၏ မျက်နှာအမူအရာများမှာ စီနီယာအစ်ကိုကြီးက မိစ္ဆာများကို သတ်ဖြတ်ပြီး မကောင်းဆိုးဝါးများကို ချေမှုန်းရန် သွားနေသကဲ့သို့ ဖြစ်နေပေသည်။
ပိုင်ယွီသည် သူ့ကို ပြန်လည်ကြည့်ရှုနေသော လန်ချင်းဆုန်းကို လှမ်းကြည့်လိုက်၏။
သူတို့နှစ်ဦးသည် စိတ်ချင်းဆက်သွယ်ကာ နားလည်မှုဖြင့် ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ ဓားများပေါ်တွင် တပြိုင်နက်တည်း ပျံသန်းထွက်ခွာရန် ပြင်လိုက်ကြသည်။
သို့ရာတွင် ချန်ချန်ရှန်းက လေးနက်သော အသံဖြင့် ပြောဆိုလိုက်လေသည်။
"ဒုတိယ စီနီယာအစ်ကို၊ စတုတ္ထ ဂျူနီယာညီလေး... အတူတူ သွားကြရအောင်... စီနီယာအစ်ကိုကြီး က ဘာကိုမှ ငါတို့ကို မသိစေချင်တာ သေချာတယ်... ငါတို့ရဲ့ အရှိန်အဝါ တွေကို ဖုံးကွယ်ဖို့ အရှိန်အဝါဖုံးကွယ်ခြင်း ပညာရပ် ကို ငါ သုံးပေးမယ်..."
"နေပါဦး စီနီယာအစ်ကို... ကျွန်တော်လည်း လိုက်ချင်တယ်" ရှောင်ဖုန်းက သူ၏ အခန်းတံခါးကို တွန်းဖွင့်ကာ ကျယ်လောင်စွာ ပြောဆိုလိုက်၏။
တောင်ထိပ်ငယ်လေး သို့ ရောက်ရှိလာကတည်းက စီနီယာအစ်ကိုများ၏ အကူအညီများကို သူ ရရှိခဲ့ပေသည်။ ယခုအခါ စီနီယာအစ်ကို ဒုက္ခရောက်နေပြီဖြစ်ရာ သူ၏ စွမ်းအားက နိမ့်ကျနေလျှင်တောင်မှ မည်သို့ပင်ဖြစ်စေ သူ ကူညီရပေမည်။
"ဂျူနီယာညီမလေး နိုးလာရင် မင်း သူ့ကို သေချာ ထိန်းထားပေး... ငါတို့ သုံးယောက်ပဲ သွားမယ်" ချန်ချန်ရှန်းက ရှောင်ဖုန်းကို တစ်ချက်ကြည့်ကာ စိတ်ရှုပ်စွာဖြင့် ပြောဆိုလိုက်လေသည်။
လှည့်ထွက်လိုက်ချိန်တွင် သူ၏ မျက်နှာမှာ အလိုအလျောက် တွန့်လိမ်သွားပေ၏။ ယခုလေးတင် သူ အရိုက်ခံရချိန်တွင် ဤသုံးယောက်သည် တံခါးဝမှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်မှာ သေချာလှသည်။
မဟုတ်လျှင် ဤအချိန်တွင် အဘယ်ကြောင့် သူတို့ အားလုံး ဤမျှ ဟန်ချက်ညီညီ ထွက်လာကြမည်နည်း။
ချန်ချန်ရှန်းသည် အင်္ကျီလက်ထဲမှ အဝါရောင် အဆောင်လက်ဖွဲ့စာရွက် တစ်ရွက်ကို ဆွဲထုတ်လိုက်ပြီး မန္တန်တစ်ခုကို ရွတ်ဆိုကာ အဆောင်လက်ဖွဲ့စာရွက်ကို ပစ်ပေါက်လိုက်လေ၏။ အဆောင်လက်ဖွဲ့စာရွက်မှာ လေနှင့်အတူ ကြီးမားလာပြီး ၎င်း၏ အရောင်မှာ ဖြည်းညင်းစွာ ပွင့်လင်းမြင်သာလာခဲ့သည်။
၎င်းသည် သူတို့ သုံးဦးကို လွှမ်းခြုံထားသော ကြီးမားသည့် ကိုယ်ပျောက် ဝတ်ရုံကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပေ၏။
ကိုယ်ပျောက် ဝတ်ရုံကြီး သူတို့အပေါ် ကျရောက်လာသည်နှင့် တစ်ပြိုင်နက် သုံးဦး၏ အရှိန်အဝါများမှာ ရှောင်ဖုန်း၏ မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားလေသည်။
ချက်ချင်းပင် သူတို့ သုံးဦး၏ ပုံရိပ်များသည် ရှောင်ဖုန်း၏ အမြင်အာရုံမှ ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့ပေသည်။
ရှောင်ဖုန်းက သူ၏ လက်သီးများကို ဆုပ်ထားလိုက်ပြီး သူ၏ စွမ်းအား နိမ့်ကျနေသေး၍ သိပ်မကူညီနိုင်သည်ကို တိတ်တဆိတ် နောင်တရမိလေ၏။ ယနေ့ တားမြစ်နယ်မြေ ထဲတွင် သူ အပြင်းအထန် ကျင့်ကြံရတော့မည်ပုံရပေသည်။
ရှောင်ဖုန်း၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသော တားမြစ်နယ်မြေ အတွင်းရှိ ဝိညာဉ်သားရဲ များ အားလုံးသည် သူတို့၏ မျက်ခွံများ တပြိုင်နက်တည်း လှုပ်ရွလာသည်ကို ခံစားလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တားမြစ်နယ်မြေ ၏ အပြင်ဘက် ပတ်လည်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေ၏။
"နေမင်းကြီးက သာယာတယ်... ပန်းကလေးတွေက ငါ့ကို ပြုံးပြတယ်... ငှက်ကလေးတွေက 'ကျိ ကျိ ကျိ' လို့ အော်တယ်... မင်းက ဘာလို့ နျူကလီးယားဗုံးကို လွယ်ထားရတာလဲ..."
အိုးယန်သည် ကလေးသီချင်း တစ်ပုဒ်ကို ညည်းတွားရင်း ချင်းယွင်တောင်ထိပ် ဆီသို့ တစ်လှမ်းချင်း လျှောက်သွားနေပေသည်။
ယခု သေမျိုးလောကသို့ သွားရောက်ခဲ့သော ခရီးစဉ်က သူ၏ အားနည်းချက်များကို လေးနက်စွာ သဘောပေါက်သွားစေခဲ့၏။
အခြေတည်စဝိညာဉ်အဆင့် အောက်ရှိ ကျင့်ကြံသူများအတွက်မူ သူသည် သူတို့ကို အလွယ်တကူ ရှင်းလင်းပစ်နိုင်ပေသည်။
သို့ရာတွင် အခြေတည်စဝိညာဉ်အဆင့် အထက်ရှိ စိတ်ဝိညာဉ်ထွက်ပေါ်ခြင်း ကို စွမ်းဆောင်နိုင်သော ကျင့်ကြံသူများအတွက်မူ သူတို့၏ ခန္ဓာကိုယ်များကို သူ ဖျက်ဆီးပစ်နိုင်လျှင်တောင်မှ သူတို့၏ နတ်ဘုရားဝိညာဉ် ကို ဖြေရှင်းရန် နည်းလမ်း မရှိသေးချေ။
မူလက နည်းလမ်း တစ်ခုခု ရှိမရှိ တတိယညီငယ်ကို သူ မေးမြန်းချင်ခဲ့သော်လည်း စကားအနည်းငယ်မျှ မပြောရသေးမီမှာပင် တတိယညီငယ်သည် ဂျူနီယာညီမလေး အပေါ် လွန်ကျူးသောအရာ တစ်ခုကို လုပ်ဆောင်လုနီးပါး ဖြစ်သွားခဲ့လေသည်။
ထို့ကြောင့် ဂိုဏ်းချုပ် တုန်းရွှီကျစ် ထံမှ အထူး သင်ကြားမှု အချို့ကို တောင်းခံလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ဂိုဏ်းချုပ်သည် ကျွမ်းကျင်မှု ဆယ်ခုစလုံးကို ပိုင်နိုင်ရန် အလားအလာရှိသော အင်မော်တယ် တစ်ဦး ဖြစ်ပေသည်။ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများ အနေဖြင့် အခြေတည်စဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ နတ်ဘုရားဝိညာဉ် ကို သတ်ဖြတ်နိုင်ရန် လျှို့ဝှက်နည်းလမ်း အချို့ကို သူ သိရှိနေမည်မှာ ပြဿနာ မဟုတ်တန်ရာ။
လေ့လာသင်ယူခြင်း၏ အရေးပါမှုကို ပြန်လည်ရှာဖွေတွေ့ရှိသွားသော အိုးယန်သည် သူ သေချာပေါက် ချင်းယွင်ဂိုဏ်း ၏ အားထားရသူ တစ်ဦး ဖြစ်လာမည်ဟု ယုံကြည်မှု အပြည့်အဝ ခံစားလိုက်ရလေသည်။ ကံကောင်းထောက်မစွာဖြင့် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် အတွက် မျှော်လင့်ချက်ပင် ရှိလာနိုင်သည် မဟုတ်ပါလော။
သူ၏ တောက်ပသော အနာဂတ်ကို တွေးတောရင်း အိုးယန်သည် သူ၏ ရင်ခွင်ထဲမှ 'ဒြပ်စင်ငါးပါး အခြေခံမန္တန်ကျမ်းစာ' ကို ဆွဲထုတ်လိုက်ပြီး လေစီးနင်းခြင်း ပညာရပ် ကို ရှာဖွေကာ သူ၏ အမြန်နှုန်းကို တိုးမြှင့်ရန် အသုံးပြုလိုက်ပေသည်။
ချင်းယွင်တောင်ထိပ် ဆီသို့ ခပ်သုတ်သုတ် ပြေးသွားနေသော အိုးယန်ကို ကြည့်ရင်း သူ၏ အနောက်မှ နောက်လိုက် သုံးဦး၏ မျက်နှာအမူအရာများမှာ ပိုမို လေးနက်လာခဲ့လေ၏။
စီနီယာအစ်ကို က သွားလာဖို့အတွက် မန္တန် ကိုတောင် သုံးခဲ့တယ်….
ဒါက အလွန် အရေးတကြီး ကိစ္စတစ်ခု ဖြစ်ရမယ်…
ဘယ်လိုကိစ္စမျိုးက သူတို့ကိုတောင် မသိစေချင်လောက်အောင် အရေးကြီးနေရတာလဲ။
နောက်လိုက် သုံးဦးသည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အိုးယန်၏ အနောက်မှ ကပ်လျက် လိုက်ပါသွားကြလေသည်။
အိုးယန် မှတ်မိသည်မှာ မှန်ကန်ပေ၏။ ယနေ့သည် ဂိုဏ်းချုပ် တုန်းရွှီကျစ် တာအိုဟောပြောပွဲ ပြုလုပ်မည့်နေ့ ဖြစ်လေသည်။ ချင်းယွင်တောင်ထိပ် ခြေရင်းတွင် တာအိုဟောပြောပွဲ ကို နာယူရန် စောင့်ဆိုင်းနေသော အတွင်းစည်း တပည့်များ စုဝေးနေကြပြီ ဖြစ်သည်။
ကျောက်ခြင်္သေ့ နှစ်ကောင်၏ အားကောင်းသော အရှိန်အဝါကို ဖြတ်ကျော်ပြီး သူတို၏ မေးမြန်းမှုများကို ဖြေကြားပြီးနောက် တပည့်များသည် ချင်းယွင်တောင်ထိပ် ၏ ကျောက်စိမ်းဖြူ လှေကားထစ်များပေါ်သို့ တစ်ဆင့်ချင်း တက်လှမ်းသွားနိုင်ပေမည်။
လေစီးနင်းခြင်းဖြင့် အရှိန်မြှင့်တင်လာသော အိုးယန်သည် ခြေတစ်လှမ်း နောက်ကျသွားခဲ့ဆဲ ဖြစ်သည်။ ကျောက်ခြင်္သေ့ များသည် ကျောက်တိုင်များပေါ်တွင် လှဲလျောင်းကာ အိပ်ပျော်နေကြပြီ ဖြစ်၏။
အိုးယန် တောင်တံခါး ရှေ့သို့ ရောက်ရှိလာချိန်တွင်...
ဘယ်ဘက်ရှိ အကောင်ထက် သိသိသာသာ ပိုကြီးမားသော ညာဘက်မှ ကျောက်ခြင်္သေ့ က မျက်လုံးများကို မှိတ်ထားလျက် ပြောဆိုလိုက်လေသည်။
"တောင်တံခါး ဝင်ရမယ့် အချိန် ကုန်သွားပြီ... တာအိုဟောပြောပွဲ နာယူချင်တဲ့သူတွေ နောက်တစ်ခေါက်မှ..."
"ဖြန်း..."
"ဘယ်သူကများ အတင်းအကျပ် ဝင်ရဲတာလဲ..."
ကျောက်ခြင်္သေ့ ၏ မျက်နှာပေါ်တွင် ကျယ်လောင်သော ပါးရိုက်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ ကျောက်ခြင်္သေ့ သည် ခေါင်းလောင်းသဏ္ဍာန် မျက်လုံးကြီးများကို ဖွင့်လိုက်ပြီး ရဲတင်းလှသော လူသစ်ကို သင်ခန်းစာပေးရန် ပြင်လိုက်လေသည်။
သို့ရာတွင် တောင်တံခါး၏ လက်ရန်းကို ကျော်တက်နေသော အိုးယန်ကို ကျောက်ခြင်္သေ့ မြင်လိုက်ရချိန်တွင် မြင့်မားသော စင်မြင့်ပေါ်မှ ချက်ချင်း ခုန်ဆင်းလာပြီး ၎င်း၏ ခန္ဓာကိုယ်ကို သင့်တော်သော အရွယ်အစားသို့ ကျုံ့သွားစေကာ အိုးယန်၏ ခြေထောက်များကို ထောက်ပံ့ပေးလိုက်လေသည်။ ၎င်းက ဖားယားသော အမူအရာဖြင့် ပြောဆိုလိုက်၏။
"သခင်လေး... ဖြည်းဖြည်း တက်ပါ... မချော်လဲစေနဲ့နော်..."
"ငါ့ကို ဟောပြောပွဲဆီ မြန်မြန် ပို့ပေးစမ်း... ငါ နောက်ကျသွားရင် မင်း ခေါင်းကို လိမ်ချိုးပစ်မယ်"
အိုးယန်က ကျောက်ခြင်္သေ့ ပေါ်သို့ တက်နင်းလိုက်ပြီး သူ၏ ခြေအောက်ရှိ အရူးကောင်ကို ဆဲဆိုလိုက်လေသည်။
သူ လာနေသည်ကို မမြင်ဘူးလော ၎င်းက လက်ရန်းကို မဖွင့်ပေးသေးချေ။ ကျောက်တုံးဖြင့် ပြုလုပ်ထားသော အရာများတွင် အမှန်တကယ်ပင် ဦးနှောက် မရှိကြချေ။
ကျောက်ခြင်္သေ့ သည် အိုးယန်ကို လက်ရန်းပေါ်မှ အလျင်အမြန် သယ်ဆောင်သွားပြီးနောက် မျက်လုံးများကို မှိတ်ထားဟန်ဆောင်ကာ စကားမပြောရဲသော အခြား ကျောက်ခြင်္သေ့ ကို လှည့်ကြည့်၍ စိတ်ထဲမှ လှောင်ပြောင်လိုက်လေ၏။
"မင်းက သခင်လေး ကိုတောင် ဖားယားဖို့ မသိဘူးလား... မင်းက တစ်သက်လုံး တံခါးစောင့်ဖို့ပဲ ထိုက်တန်တယ်"
ကျောက်ခြင်္သေ့ သည် အိုးယန်ကို သယ်ဆောင်ကာ ချင်းယွင်တောင်ထိပ် ဆီသို့ တန်း၍ ပြေးသွားပြီး နောက်လိုက် သုံးဦးသည်လည်း အနောက်မှ အနီးကပ် လိုက်ပါသွားကြလေသည်။
"ဘယ်သူက တောင်တံခါးကို အတင်းအကျပ် ဝင်နေတာလဲ..." အိုးယန်၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသော အခြား ကျောက်ခြင်္သေ့ သည် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်လေ၏။ ၎င်းသည် အရှိန်အဝါဖုံးကွယ်ခြင်း ပညာရပ် အောက်တွင် တောင်တံခါးကို အတင်းအကျပ် ဖြတ်ကျော်ရန် ကြိုးစားနေသော လူရိပ် သုံးခုကိုလည်း ခံစားမိလိုက်ပေသည်။
ကျောက်တုံးမှ ဖြစ်တည်လာသော ဝိညာဉ်သားရဲ တစ်ကောင် အနေဖြင့် ၎င်းသည် အရှိန်အဝါ များကို အလွန် အာရုံခံနိုင်စွမ်း ရှိပေ၏။
ကျောက်ခြင်္သေ့ က လှောင်ပြောင်လိုက်ပြီး ၎င်း၏ ခန္ဓာကိုယ် ကြီးထွားလာကာ သူတို့ သုံးဦး၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်လေသည်။
လန်ချင်းဆုန်း နှင့် အခြားနှစ်ဦးသည် ပုန်းကွယ်နေခြင်းကို ရပ်တန့်လိုက်ကြ၏။ လန်ချင်းဆုန်း က ချင်းယွင်တောင်ထိပ် ဆီသို့ ဦးစွာ ပြေးဝင်သွားပြီး ပိုင်ယွီ က အနီးကပ် လိုက်ပါသွားကာ ချန်ချန်ရှန်း က ထိုနှစ်ဦး၏ အနောက်တွင် အနည်းငယ် ဆုတ်ခွာ၍ လိုက်ပါသွားလေသည်။
ကျောက်ခြင်္သေ့ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် စိတ်တိုနေသော နောက်လိုက် သုံးဦးသည် သူတို့၏ လမ်းကို ပိတ်ဆို့နေသော အရူးကောင်၏ မျက်နှာကို တစ်ယောက်တစ်ချက်စီ ပါးရိုက်လိုက်ကြပေသည်။
"အာ့... အာ့... အာ့.."
ထိုသုံးဦး ပေါ်လာသည်ကို မြင်လိုက်ရသော ကျောက်ခြင်္သေ့ သည် တောင်ထိပ်ငယ်လေး တွင် လပေါင်းများစွာ စောင့်ကြပ်ခဲ့ဖူးသဖြင့် သူတို့ကို မှတ်မိသွားလေ၏။ ပါးသုံးချက် အရိုက်ခံရပြီးနောက် ၎င်းမှာ တအီအီ ညည်းတွားရုံသာ တတ်နိုင်တော့ပြီး နောက်ဆုံးတွင် မတရားခံရသော အမူအရာဖြင့် ကျောက်တိုင်တွင် သွားကပ်နေလေတော့သည်။
အခန်း ၈၂ - တာအိုတရားနာဖို့ နားရှိရင် ရပြီ မဟုတ်လား
ယနေ့သည် ချင်းယွင်တောင်ထိပ် ၏ ဂိုဏ်းချုပ် တာအိုဟောပြောပွဲ ပြုလုပ်မည့်နေ့ ဖြစ်လေသည်။ ဤနေ့ ရောက်လာတိုင်း အခြေတည်စဝိညာဉ်အဆင့် အောက်ရှိ အတွင်းစည်း တပည့်များ အားလုံးသည် တာအိုတရားနာယူရန် ချင်းယွင်တောင်ထိပ် သို့ သွားရောက်လေ့ ရှိကြပေသည်။
တောင်ထိပ် ရင်ပြင်ပေါ်တွင် ရေတွက်၍မရနိုင်သော စားပွဲများကို ပြည့်ကျပ်နေအောင် စီစဉ်ထားပြီး စားပွဲတစ်ခုစီ၏ အနောက်တွင် ကျင့်ကြံသူ တစ်ဦးစီက မျက်လုံးမှိတ်ကာ တရားထိုင်နေကြ၏။
အုတ်မြစ်တည်ဆောက်ခြင်းအဆင့် မှ အခြေတည်စဝိညာဉ်အဆင့် အထိ လူရာပေါင်းများစွာ ရှိနေပြီး အားလုံးသည် မြင့်မားသော စင်မြင့်ပေါ်ရှိ ထိုင်ခုံပေါ်တွင် ဆရာသခင် ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြလေသည်။
ဂိုဏ်းချုပ် ၏ တာအိုဟောပြောပွဲကို အခြေတည်စဝိညာဉ်အဆင့် ရှိသော အတွင်းစည်း တပည့်များ ပင်လျှင် ရံဖန်ရံခါ တက်ရောက်လေ့ရှိပြီး အခြေတည်စဝိညာဉ် ကျင့်ကြံသူများပင်လျှင် တာအိုတရားနာယူတိုင်း ထိုးထွင်းသိမြင်မှု အသစ်များကို ရရှိနိုင်ကြသည်။
သာမန်လူများ၏ အမြင်တွင် ဂိုဏ်းချုပ် တုန်းရွှီကျစ် ၏ ကျင့်ကြံမှုမှာ နက်နဲလှပြီး တာအိုဥပဒေသများကို နားလည်သဘောပေါက်မှုမှာလည်း အံ့မခန်းဖြစ်ကာ ဤအဆင့်နိမ့် ကျင့်ကြံသူ တပည့်များ မျှော်မှန်းနိုင်သည့် အရာမျိုး မဟုတ်ချေ။
ဂိုဏ်းချုပ် တုန်းရွှီကျစ် ကိုယ်တိုင် ပြုလုပ်သော တာအိုဟောပြောပွဲကို နာယူခွင့်ရခြင်းသည် အရည်အသွေးမြင့်မားသော တရားဟောပွဲတစ်ခုကို တက်ရောက်ခြင်းသာမက ဂုဏ်ကျက်သရေကိုလည်း ကိုယ်စားပြုလေသည်။
ဂိုဏ်းချုပ် တုန်းရွှီကျစ် သည် ချင်းယွင်ဂိုဏ်းချုပ် သာမက လက်ရှိ ကျင့်ကြံခြင်း လောကတွင် 'လောကတွင် အတော်ဆုံး' ဟုလည်း ချီးကျူးခံရသူ ဖြစ်ပေသည်။
ဂိုဏ်းချုပ် တုန်းရွှီကျစ် သည် မဟာတာအို တံခါးပေါက် ကိုပင် ထိတွေ့နိုင်ခဲ့ပြီဟု ကောလာဟလများပင် ရှိနေလေ၏။
အင်မော်တယ် များအောက်တွင် သူက ပြိုင်ဘက်ကင်းဖြစ်ပြီး အင်မော်တယ် များအထက်တွင်တော့ သူက လက်ရည်တူ ပြိုင်ဘက်ဖြစ်ပေမည်။
အတွင်းစည်း တပည့်များ အားလုံးသည် ဤမျှ အစွမ်းထက်သော မဟာကျင့်ကြံသူ ၏ တာအိုဟောပြောပွဲကို နာယူခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်နေကြပေသည်။
ဂိုဏ်းချုပ် ၏ တာအိုဟောပြောပွဲကို နာယူခြင်းသည် ဂိုဏ်းချုပ် ၏ စစ်မှန်သော အမွေအနှစ်ကို လက်ခံရရှိခြင်းနှင့် ဆင်တူလေ၏။
ဂုဏ်ယူပြီး ပြောရလျှင် 'ငါက ဂိုဏ်းချုပ်ရဲ့ တပည့်ပဲ' ဟူ၍ ဖြစ်ပေသည်။
တာအိုတရားနာယူရန် လာရောက်သော တပည့်များ အားလုံး စုပြုံရောက်ရှိလာကြရာ ရင်ပြင်တွင် လွတ်နေသော စားပွဲတစ်ခုကို ရှာတွေ့ရန်ပင် ခက်ခဲလှပေသည်။
ကြေးဝါခေါင်းလောင်း သုံးချက်မြည်သံ ထွက်ပေါ်လာပြီးနောက် နူးညံ့သော လေပြေတစ်ရပ်က ရင်ပြင်တစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်သွားကာ မြင့်မားသော စင်မြင့်ပေါ်တွင် လူရိပ်တစ်ခု ဖြည်းညင်းစွာ ပေါ်လာလေ၏။
ထိုလူ ပေါ်လာချိန်တွင် လေနှင့် မိုးကြိုးသံများ ပါ၀င်လာပြီး မွှေးကြိုင်သော ရနံ့တစ်ခုက လေထုထဲတွင် ပျံ့နှံ့သွားကာ သဲ့သဲ့မျှသော အင်မော်တယ် တေးဂီတသံများ ထွက်ပေါ်လာပေသည်။
အင်မော်တယ် တစ်ဦး၏ အသွင်အပြင် လေးနက်သော အမူအရာ နက်ရှိုင်းသော အမည်းရောင် တာအို ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို သစ်သားဆံထုံးဖြင့် ထုံးထားကာ သားမြီးယပ် တစ်ချောင်းကို ကိုင်ဆောင်ထားလေသည်။
လှုပ်ရှားမှုတိုင်းတွင် တာအို ရေစီးကြောင်းများ လည်ပတ်နေပြီး စစ်မှန်သောချီ များ စီးဆင်းနေကာ လုံးဝ လွန်ကဲသော အင်မော်တယ် တစ်ဦး၏ အမူအရာမျိုး ဖြစ်ပေ၏။
တုန်းရွှီကျစ် က လက်ကို မြှောက်ကာ သူ၏ သားမြီးယပ် ကို ဝှေ့ယမ်းလိုက်ရာ ချင်းယွင်တောင်ထိပ် ပေါ်ရှိ စိတ်ဝိညာဉ်စုဆောင်းခြင်း ဝင်္ကပါ ကို သက်ဝင်လာစေပြီး တောင်ထိပ်သည် သိပ်သည်းသော ကောင်းကင်နှင့်မြေပြင် မူလချီ များဖြင့် ချက်ချင်း ဖုံးလွှမ်းသွားလေသည်။
သိပ်သည်းသော ကောင်းကင်နှင့်မြေပြင် မူလချီ များသည် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ချင်းယွင်တောင်ထိပ် တစ်ခုလုံးမှာ အင်မော်တယ်ချီ များဖြင့် ဖုံးလွှမ်းသွားကာ အသက်ရှူလိုက်တိုင်း လန်းဆန်းမှုကို ခံစားရစေ၏။
လူတိုင်း မတ်တတ်ရပ်ကာ တုန်းရွှီကျစ် ကို ဦးညွတ်လျက် တပြိုင်နက်တည်း ပြောဆိုလိုက်ကြလေသည်။
"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"
တုန်းရွှီကျစ် က ခေါင်းညိတ်လိုက်ပြီး အောက်ဘက်ရှိ အတွင်းစည်းတပည့်များ ကို ကျေနပ်စွာ ကြည့်လိုက်လေ၏။ သူတို့သည် ချင်းယွင်ဂိုဏ်း ၏ အနာဂတ် မျှော်လင့်ချက်များ ပင် ဖြစ်ပေသည်။
တုန်းရွှီကျစ် က တည်ငြိမ်သော အသံဖြင့် ပြောဆိုလိုက်၏။
"နေရာယူကြတော့... တာအိုဟောပြောပွဲ စတင်မယ်"
အသံမှာ မကျယ်လောင်သော်လည်း တပည့်များ အားလုံး၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားပေသည်။
တပည့်များ အားလုံး ထပ်မံ ဦးညွတ်လိုက်ကြပြီး သူတို့၏ ထိုင်ခုံများတွင် ထိုင်လိုက်ကာ ဂိုဏ်းချုပ် ၏ ဟောပြောပွဲကို စောင့်ဆိုင်းရင်း နားစွင့်ထားလိုက်ကြလေသည်။
တုန်းရွှီကျစ် က မသိမသာ ခေါင်းညိတ်လိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်ကာ စကားပြောရန် ပါးစပ်ဟလိုက်စဉ်မှာပင် နက်ရှိုင်းသော ခြင်္သေ့ဟောက်သံကြီး တစ်ခုကို ကြားလိုက်ရပေ၏။
"သခင်လေး ရောက်လာပြီ... အားလုံး ဖယ်ကြစမ်း..."
ယခင်က တိတ်ဆိတ်နေသော ရင်ပြင်သည် ဤအော်သံကြောင့် ရုတ်တရက် အနှောင့်အယှက် ဖြစ်သွားပြီး မြင့်မားသော စင်မြင့်ပေါ်ရှိ တုန်းရွှီကျစ် မှာ သူ၏ တံတွေးနှင့်သူ သီးလုနီးပါး ဖြစ်သွားခဲ့လေသည်။
ရွှီး...
လူတိုင်း၏ အကြည့်များမှာ လှေကားထစ်များဆီသို့ လှည့်သွားကြ၏။ တံခါးစောင့်နေသော ကျောက်ခြင်္သေ့ ကြီးက ခုန်တက်လာပြီး ၎င်း၏ အနောက်တွင် အစိမ်းရောင် အဝတ်အစား ဝတ်ဆင်ထားကာ မျက်နှာတွင် စိတ်ရှုပ်ထွေးမှု့များဖြင့် ပြည့်နှက်နေသော လူငယ်တစ်ဦး စီးနင်းလိုက်ပါလာပေသည်။
ကျောက်ခြင်္သေ့ သည် အနည်းငယ် မကျေမနပ်ဖြစ်နေသော တုန်းရွှီကျစ် ၏ အကြည့်နှင့် ဆုံတွေ့လိုက်ရချိန်တွင် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရလေ၏။ ယခုလေးတင် ၎င်း၏ အော်သံမှာ အနည်းငယ် ကျယ်လောင်သွားခဲ့သည်မှာ မှန်သော်လည်း ၎င်း၏ အနောက်ရှိ သခင်လေး ကို သတိရသွားသောအခါ ပြန်လည် မာနထောင်လွှားလာခဲ့ပေသည်။
ဂိုဏ်းချုပ် ၏ အရှေ့တွင် ၎င်း၏ သခင်အား ဂုဏ်တက်စေနိုင်သောကြောင့် ဤမျှ သစ္စာရှိသော အိမ်မွေးခွေး တစ်ကောင်သည် ၎င်း၏ သခင်ထံမှ စစ်မှန်သောချီ နောက်တစ်ကြိမ် ရရှိမည် မဟုတ်ပါလော။
ကြီးကြီးမားမား အနိုင်ရတာပဲ... ဒါက ကြီးမားတဲ့ အောင်ပွဲပဲ...
ဂိုဏ်းချုပ် ၏ မကျေနပ်မှုနှင့် နှိုင်းယှဉ်လျှင် ၎င်း၏ သခင်ထံမှ စစ်မှန်သောချီ တစ်မျှင် ရရှိခြင်းက လုံးဝ ဖော်ပြနေရန်ပင် မလိုတော့ချေ။
ချင်းယွင်ဂိုဏ်းချုပ် က အဲ့ဒီလောက် အထင်ကြီးစရာ ကောင်းနေလို့လား။ ငါက တံခါးစောင့်တဲ့ ကျောက်ခြင်္သေ့ သက်သက်ပဲလေ... ငါနဲ့ ဘာဆိုင်လို့လဲ။
ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသော ကျောက်ခြင်္သေ့ သည် ၎င်း၏ အမြီးကို ပိုမို လျင်မြန်စွာ ခါယမ်းကာ သခင်လေး ၏ ချီးကျူးမှုကို ဂုဏ်ယူဝင့်ကြွားစွာ စောင့်ဆိုင်းနေလေ၏။
အိုးယန်သည် သူ့ကို အရူးတစ်ယောက်လို ကြည့်နေကြသော ပတ်ဝန်းကျင်၏ အကြည့်များကို စိတ်ရှုပ်ထွေးမှု့ အပြည့်ရှိနေသည့် မျက်နှာဖြင့် ကြည့်လိုက်ပေသည်။ သူ၏ အရှက်အကြောက် မရှိသော အသားအရေဖြင့်ပင် အိုးယန် မျက်နှာမပူဘဲ မနေနိုင်တော့ချေ။
ဒီအရူးက ဘာတွေ အော်နေတာလဲ။
ဒီလို ရှက်စရာကောင်းတဲ့ စကားတွေနဲ့ သူ့ကို လူပုံအလယ်မှာ အရှက်ကွဲ သေစေချင်နေတာလား။
အိုးယန်သည် ကျောက်ခြင်္သေ့ ၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး ကျောက်ခြင်္သေ့ ကို ခြေကန်လိုက်ကာ တစ်ချိန်တည်းမှာပင် စစ်မှန်သောချီ တစ်စီးကြောင်းကို ၎င်းထံသို့ သွင်းပေးလိုက်လေသည်။
ကျောက်ခြင်္သေ့ သည် ၎င်း၏ ခန္ဓာကိုယ်ထဲရှိ စစ်မှန်သောမူလချီ များ ထပ်မံ တိုးပွားလာသည်ကို ခံစားလိုက်ရသဖြင့် ပျော်ရွှင်စွာ လူးလှိမ့်ကာ အိုးယန်ကို ဖားယားနေလေ၏။
"သွားစမ်း... သွားစမ်း... သွားစမ်း..." အိုးယန်က ကျောက်ခြင်္သေ့ ကို စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် ဆဲဆိုလိုက်လေသည်။
ကျောက်ခြင်္သေ့ သည် အချိန်ဆွဲမနေတော့ချေ။ သခင်လေး က သူ့ကို သွားခိုင်းလျှင် သူ သွားမည်ဖြစ်သည်။ နောက်တစ်ကြိမ် သခင်လေး လာလျှင် သူ ထပ်ပြီး ဖားယားဦးမည် ဖြစ်၏။
ကျောက်ခြင်္သေ့ သည် မတ်တတ်ရပ်လိုက်ပြီး တောင်တံခါးကို စောင့်ကြပ်နေသည့် ခမ်းနားထည်ဝါသော နတ်ဘုရားသားရဲ တစ်ကောင် ပြန်ဖြစ်သွားသကဲ့သို့ သူ့ကို ကြည့်နေကြသော အတွင်းစည်း တပည့်များ ကို ခမ်းနားစွာ အကဲခတ်လိုက်ကာ လှည့်၍ တောင်အောက်သို့ ပြေးဆင်းသွားလေတော့သည်။
အိုးယန်က ရင်ပြင်ကို အကဲခတ်လိုက်၏။
"ဝိုး... တော်တော် ပြည့်နေတာပဲ... လွတ်တဲ့ နေရာတောင် မရှိဘူး"
"စီနီယာအစ်ကို... စီနီယာအစ်ကို... ဒီမှာ... ဒီမှာ..."
ရုတ်တရက် ရင်ပြင်၏ အရှေ့ဘက်တွင် ကြွက်သားတောင့်တင်းသော ဂျူနီယာ တစ်စုက မတ်တတ်ရပ်ကာ အိုးယန်ကို အရူးအမူး လက်လှမ်းပြနေကြလေသည်။
အိုးယန်က လှမ်းကြည့်လိုက်ရာ သူတို့မှာ ပြစ်ဒဏ်တောင်ထိပ် တပည့်များ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူသည် ပြစ်ဒဏ်တောင်ထိပ် တပည့်များ နှင့် အလွန် ရင်းနှီးပေသည်။ သူ လုပ်စရာမရှိသည့် အချိန်တိုင်း ပြစ်ဒဏ်တောင်ထိပ်သခင် လီရီ က သူ့ကို ပြစ်ဒဏ်တောင်ထိပ် သို့ ဆွဲခေါ်သွားလေ့ရှိသည်။
အကြောင်းပြချက်မှာ 'ဆေးဖော်စပ်ခြင်း ပညာရပ်များ ဆွေးနွေးရန်' ဟူ၍ ဖြစ်၏။
အမှန်တကယ်တွင်မူ ချန်ချန်ရှန်း အသစ်ရေးဆွဲထားသော စာအုပ်များကို ထုတ်ပေးရန် သူ့ကို ခြိမ်းခြောက်ခြင်းသာ ဖြစ်ပေသည်။
အချိန်ကြာလာသည်နှင့်အမျှ သူသည် ပြစ်ဒဏ်တောင်ထိပ် တပည့်များ နှင့် အလွန် ရင်းနှီးလာခဲ့လေ၏။
ဤပြစ်ဒဏ်တောင်ထိပ် တပည့်များ အားလုံးသည် ဦးနှောက်တွင် ကြွက်သားများသာ ရှိသော လူသန်ကြီးများ ဖြစ်ကြပြီး ပြစ်ဒဏ်တောင်ထိပ် တစ်ခုလုံးမှာ 'အပြစ်ပေးခြင်း' အငွေ့အသက်များဖြင့် ပြည့်နှက်နေပေသည်။
တာအို ဝတ်ရုံများကို ဝတ်ဆင်ထားလျှင်တောင်မှ သူတို့၏ ဝတ်ရုံများမှာ သူတို့၏ ဖောင်းကြွနေသော ကြွက်သားများကြောင့် ပုံပျက်နေလေ၏။
ပြစ်ဒဏ်တောင်ထိပ် သည် ချင်းယွင်ဂိုဏ်း ၏ ဥပဒေများကို တာဝန်ယူရသည် မဟုတ်ပါလော အကယ်၍ သူတို့က မတိုက်ခိုက်နိုင်ပါက ဂိုဏ်းအတွင်းရှိ မာနထောင်လွှားသော ပါရမီရှင်များကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း။
ချင်းယွင်ဂိုဏ်း တစ်ခုလုံးတွင် အမြဲတမ်း လောကတွင် အတော်ဆုံး ဟု ပြုမူကာ ကြွားဝါသော အမူအရာ ရှိတတ်သည့် ဓားမေးမြန်းခြင်းတောင်ထိပ် မှ ဓားကျင့်ကြံသူများ အပြင် အကြောက်ရဆုံးမှာ ပြစ်ဒဏ်တောင်ထိပ် မှ ဤကြွက်သားတောင့်တင်းသော လူ တစ်စုပင် ဖြစ်ပေသည်။
အိုးယန်သည် ခပ်သုတ်သုတ် လျှောက်သွားလိုက်ပြီး ဂျူနီယာများထံမှ နွေးထွေးသော နှုတ်ဆက်မှုများကို လက်ခံရရှိလေ၏။
"ဟေ့ မင်း... ထစမ်း... စီနီယာအစ်ကို့ကို နေရာပေးလိုက်..."
"စီနီယာအစ်ကို... ရက်အနည်းငယ်လောက် မတွေ့ရတာ ပိုတောင် ချောလာသလိုပဲ..."
"စီနီယာအစ်ကို... အားရင် ဒီည ဓားပညာအကြောင်း ဆွေးနွေးကြရအောင်..."
.....
အိုးယန်သည် ပတ်ဝန်းကျင်ကို လက်ပြနှုတ်ဆက်လိုက်ပြီး လူသန်ကြီးများကြားတွင် ကျွမ်းကျင်စွာ ရယ်မော နောက်ပြောင်ကာ တောင့်တင်းသော လူသန်ကြီး အချို့ကိုပင် ရှက်သွေးဖြာသွားစေခဲ့ပေသည်။
အိုးယန်သည် သူတို့၏ ဆရာ နှင့် အလွန် ရင်းနှီးကြောင်းကို ပြစ်ဒဏ်တောင်ထိပ် တပည့်များ က ကောင်းကောင်း သိထားကြလေ၏။
တစ်ကြိမ်တွင် သူတို့ အရက်အလွန်အကျွံ သောက်မိရာမှ အဝါရောင် စက္ကူများကို မီးရှို့ကာ သွေးသောက် ညီအစ်ကိုများ အဖြစ်ပင် ကျိန်ဆိုလုနီးပါး ဖြစ်ခဲ့ကြပေသည်။
အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်နေခဲ့သော ရင်ပြင်သည် ဈေးတန်းတစ်ခုကဲ့သို့ ချက်ချင်း ဆူညံသွားလေတော့သည်။
မြင့်မားသော စင်မြင့်ပေါ်မှ တုန်းရွှီကျစ် က ချောင်းဟန့်ကာ ပြောဆိုလိုက်၏။
"တိတ်တိတ်နေကြစမ်း..."
ဂိုဏ်းချုပ် စကားပြောလိုက်ချိန်တွင် ပြစ်ဒဏ်တောင်ထိပ် တပည့်များ သည် သူတို့၏ စိတ်လှုပ်ရှားမှုကို ချက်ချင်း ဖိနှိပ်လိုက်ကြပြီး သူတို့၏ နေရာများတွင် ပြန်ထိုင်လိုက်ကြလေသည်။
တုန်းရွှီကျစ် သည် လူသန်ကြီး တစ်စုကြားတွင် ထိုင်ကာ အနောက်ရှိ စားပွဲကို လက်ဖြင့်ထောက်လျက် ခေါင်းကို မော့ပြီး သူ့ကို ဂရုမစိုက်သော အမူအရာဖြင့် ကြည့်နေသည့် အိုးယန်ကို အံ့ဩဖွယ်ရာ အမူအရာဖြင့် ကြည့်လိုက်ပေသည်။
ဒီကောင်လေးက သူ့ရဲ့ တာအိုဟောပြောပွဲကို လာမနားထောင်တာ ဆယ်နှစ်လောက် ရှိပြီ မဟုတ်ဘူးလား။
ဒီနေ့ နေက အနောက်ဘက်ကများ ထွက်လာလို့လား။ သူက ဟောပြောပွဲကို တကယ် လာနားထောင်တာလား။
တစ်ခုခု လျှို့ဝှက် ကြံစည်ထားတာများ ရှိနေမလား။
တုန်းရွှီကျစ် က ကောင်းကင်ယံတွင် ရှိနေဆဲဖြစ်သော အင်မော်တယ် လျှို့ဝှက်နယ်မြေ ကို မသိမသာ လှမ်းကြည့်လိုက်ပြီးနောက် ချောင်းဟန့်ကာ ပြောဆိုလိုက်လေသည်။
"ဒီနေ့ တာအိုဟောပြောပွဲက နည်းစနစ်တွေ၊ ဥပဒေသတွေနဲ့ တာအိုအကြောင်း ဖြစ်တယ်... နည်းစနစ်ဆိုတာ ကျင့်ကြံခြင်းရဲ့ အစအဦးပဲ... ချီစုဆောင်းခြင်းရဲ့ ကနဦး အဆင့်..."
သူ၏ အသံနှင့်အတူ တာအို ရေစီးကြောင်းများက ရင်ပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပေ၏။
ခြေချိတ်ထိုင်ကာ အနောက်ရှိ စားပွဲကို မှီထားသော အိုးယန်သည် တရားဟောနေသော တုန်းရွှီကျစ် ကို လေးနက်စွာ ကြည့်နေလေသည်။
သူက တုန်းရွှီကျစ် ၏ ပါးစပ် ပွင့်လာလိုက်၊ ပိတ်သွားလိုက် ဖြစ်နေသည်ကို ကြည့်ရင်း သူ့ကို ပါးစပ် ဟလိုက် ပိတ်လိုက် လုပ်ပြနေသော ကုန်းပေါ်ရောက်နေသည့် ငါးတစ်ကောင်နှင့် ပိုပို၍ တူလာသည်ကို မြင်တွေ့နေရပေသည်။
တုန်းရွှီကျစ် ၏ အသံများက သူ၏ ဘယ်ဘက်နားမှ ဝင်ပြီး ညာဘက်နားမှ ပြန်ထွက်သွားကာ ကလေးချော့တေး တစ်ပုဒ်ကဲ့သို့ ဖြစ်နေပြီး အိုးယန်၏ မျက်ခွံများကို ပိုပို၍ လေးလံလာစေ၏။
တစ်စက္ကန့်မျှ သူ တောင့်ခံထားချင်သော်လည်း နောက်တစ်စက္ကန့်တွင်တော့ အိုးယန်သည် ခေါင်းကို အနောက်သို့ လန်ချကာ ပါးစပ်ဟလျက် အိပ်ပျော်သွားလေတော့သည်။
တုန်းရွှီကျစ် စကားဆယ်ခွန်းပင် မပြည့်သေးမီမှာ ကျယ်လောင်သော ဟောက်သံကြီးတစ်ခု ထွက်ပေါ်လာလေတော့၏။