← Chapters

လုကျိုးယွမ်နှင့်ဆုံရပြီ

Vol. 7 Ch. 637

လုကျိုးယွမ်နှင့်ဆုံရပြီ

Vol. 7 Ch. 637

စုန့်ချင်းယီက မချိပြုံးတစ်ချက်သာ ပြုံးလိုက်နိုင်လေသည်။

ထို့နောက် သူသည် လှေငယ်ဆီမှ ထွက်ခွာ သွားလေတော့သည်။ နောက်ပိုင်း ဖြစ်လာမည့် အဖြစ်အပျက်များတွင် သူ့အနေဖြင့် ပါဝင်ပတ်သက်မည် မဟုတ်တော့ပေ။

တစ်ယောက်က သူချစ်ရသည့် သူငယ်ချင်း၊ တစ်ယောက်ကတော့ သူ၏ ဆရာသခင်…။

သူသည် ဆရာသခင်နှင့်ပိုပြီး နီးစပ်သူဖြစ်လေသည်။ သို့သော်… အခြေအနေ ဆိုးရွားလာပြီ ဆိုလျှင်တောင်မှ သူ့အနေဖြင့် ဆန်းလျန်ကို တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် စိတ်အနှောင့်ယှက် အဖြစ်ခံနေမည့်အစား စောစောစီးစီး ထွက်ခွာသွားသည်မှာ အကောင်းဆုံး ဖြစ်လေသည်။

ဆန်းလျန်သည် စုန့်ချင်းယီ ထွက်ခွာသွားသည်ကို ဂရုမစိုက်ပါ။

ပျံသန်းနေသည့် လှေငယ်လေးသည် ရှေးဟောင်းစေတီ အပျက်အစီးများ ရှိရာဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာလေသည်။ သို့သော် … တောအထပ်ထပ် တောင်အသွယ်သွယ် ကာဆီးထားသည့်အလား စေတီရှိရာသို့ မရောက်နိုင် ဖြစ်နေရလေသည်။

လုကျိုးယွမ်နှင့် ဆန်းလျန်၏ ထိပ်တိုက် ရင်ဆိုင်မှုသည် အမှန်တကယ်ပင် စတင်ခဲ့ပြီ ဖြစ်လေသည်။

ဆန်းလျန်သည် တန်ခိုးစွမ်းအား မြင့်မားသူများကို ပထမဆုံးအကြိမ် တွေ့မြင်ဖူခြင်း မဟုတ်ပါ။ အရင်ကနှင့်ယှဉ်လျှင် သူသည် အတွေ့အကြုံများစွာ ရင့်ကျက်ခဲ့ပြီ ဖြစ်လေသည်။ ထို့ပြင် လုကျိုးယွမ်သည် ဟန်အယ်နှင့် ဘုန်းတော်ကြီးရာမလောက် တန်ခိုးစွမ်းအား မြင့်မားသူ မဟုတ်ပေ။

ဆန်းလျန်အနေဖြင့် လုကျိုးယွမ်၏ ဗလာနယ်အရန်အတားကို ဖျက်ဆီးပစ်ရန်အတွက် ခက်ခဲခြင်းမရှိပါ။

ဆန်းလျန်က လေတစ်ချက် ချွန်လိုက်လေရာ သူ၏ ပါးစပ်အတွင်းမှ မဆုံးမရှိသည့် နဂါးငွေ့တန်း ထွက်ပေါ်လာလေသည်။ ရိုးရှင်းသန့်စင်သည့် နဂါးငွေ့တန်း ဓားဝိညာဉ်သည် လျင်မြန်သည့်အရှိန်ဖြင့် ဗလာနယ်အတွင်းသို့ စီးဆင်း ထွက်ခွာ သွားလေတော့သည်။

နဂါးငွေ့တန်း ဓားဝိညာဉ်သည် ဆန်းလျန် ထိန်းချုပ်ထားသည့် ပျံသန်းနေသည့် လှေငယ်လေးကို ခေါ်ဆောင်သွားလေသည်။

ထက်မြက်လွန်းသည့် အဆုံးမရှိသည့် ဓားဝိညာဉ်သည် ဗလာနယ်ကို ထိုးဖောက် သွားလေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးတွင် နေဝင်ချိန်မြူခိုးများ ထွက်ပေါ်လာပြီး နဂါးငွေ့တန်း ဓားဝိညာဉ်ကို ရောင်ပြန်ဟပ်လျက် ရှိလေသည်။ အလွန်မှ လှပသည့် မြင်ကွင်းတစ်ခုပင် ဖြစ်တော့၏။

ထိုဗလာနယ်အတွင်းသို့ အခြားသော ကျင့်ကြံသူများသာ ချိုးဖောက်ဝင်ရောက်မည် ဆိုလျှင် ကျိန်းသေ အမှုန့်ဖြစ်သွားရမည် ဖြစ်လေသည်။ အသက်ရှင်သန်ရန် လမ်းစပင်ရှိမည် မဟုတ်ပေ။

တောက်ပသည့် ပိုးစတစ်ခုအလား နဂါးငွေ့တန်း ဓားဝိညာဉ်သည် ရှေးဟောင်းစေတီပျက် ရှိရာသို့ တဖြည်းဖြည်း ဆင်းသက်လာလေသည်။ နဂါးငွေ့တန်းအဆုံးတွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသည့် ဆံနွယ်များကို ပိုင်ဆိုင်ထားသူ ကျောက်ရှောင်ယွီသည် တိတ်ဆိတ် ငြိမ်သက်စွာဖြင့် မတ်တတ်ရပ်နေလေသည်။

သူမသည် နှစ်ပေါင်းထောင်နှင့် ချီပြီး အချုပ်အနှောင်ခံခဲ့ရပုံ ပေါ်လေသည်။

လှေငယ်လေးသည် ရုတ်တရက် ရပ်တန့်သွားပြီး ညနေခင်း နှင်းပွင့်လေးအလား ဆန်းလျန်သည် သူမကို ပြုံးပြလိုက်လေသည်။ ထို့နောက်တွင်တော့ ဖန်ဆင်းထားသည့် မြူခိုးများ ပျောက်ကွယ်သွားပြီး ဆန်းလျန်သည် လှေငယ်လေး ထက်မှတည်ငြိမ်စွာဖြင့် ပျံသန်း ဆင်းသက်လာလေသည်။

ကျောက်ရှောင်ယွီက နူးညံ့သိမ်မွေ့သည့် လေသံလေးဖြင့်…

"ရှင်ရောက်လာပြီလား… ကျွန်မ အရမ်းဝမ်းသာတာပဲ၊ ပြီးတော့ ရှင်ဖန်ဆင်းထားတဲ့ နေဝင်ချိန်မြူနှင်းတွေ ကောင်းကင်တစ်ခုလုံး ပြည့်နေတာကိုလည်း အရမ်းသဘောကျတယ်"

ဆန်းလျန်က ကျောက်ရှောင်ယွီ၏ လက်လေးများကို ဆုပ်ကိုင်ထားလိုက်ရင်း…

"ကျုပ်ဒီနေ့ မင်းအတွက် လက်စားချေပေးပါ့မယ်"

ကျောက်ရှောင်ယွီက သူမ၏လက်လေးဖြင့် နှုတ်ခမ်းများကို အသာအုပ်ကာ ရယ်မောလိုက်လေသည်။

"အရမ်းလည်း သေချာမနေနဲ့ဦး၊ အဘိုးကြီးလုက တန်ခိုးစွမ်းအား မြင့်မားလွန်းတယ်"

ထိုအချိန်မှာပင် ဝါးကျောင်းဆောင် အတွင်းမှ လုကျိုးယွမ်၏ ရယ်မောသံ ထွက်ပေါ်လာလေသည်။

"လူ့လောကမှာ အပြောင်းအလဲတွေ အမြဲတမ်း ဖြစ်နေတာပဲလေ၊ အချိန်က စီးဆင်းနေသလို အတိတ်နဲ့ ပစ္စုပ္ပန်ဆိုတာ ဆက်စပ်နေတာပဲ၊ ကျုပ်က အခုတောင် ဆန်းကျန်းရန်ရဲ့ ဓားဝိညာဉ်ကို ဘယ်မှာ ခုခံနိုင်ခဲ့လို့လဲ"

ကျောက်ရှောင်ယွီက…

"အဘိုးကြီးလု၊ သူက ကျွန်မအတွက် လက်စားချေပေးမယ် ပြောတော့ ကျွန်မ ဘယ်လိုပျော်မိမှန်း မသိတော့ပါဘူး၊ အခုချိန်ကစပြီး ကျွန်မတို့ နှစ်ဦးနှစ်ဖက် နစ်နာမှုတွေကို ချေလိုက်ကြရအောင်ပါ၊ ရှင်လည်း ကျွန်မကို အကြွေးမတင်သလို ကျွန်မလည်း ရှင့်အပေါ် အကြွေးမတင်ပါဘူး"

လုကျိုးယွမ်က…

"ဒါဖြင့်လည်း ကျေးဇူးတင်ပါတယ် ရှောင်ယွီ…"

စကားသံနှင့်အတူ လုကျိုးယွမ်သည် ဝါးကျောင်းဆောင် အတွင်းမှ ထွက်လာလေသည်။

သူ၏ ဝတ်စား ဆင်ယင်ထားပုံမှာ ပုံမှန်မျှသာ ဖြစ်လေသည်။ ရုပ်ရည်ကတော့ အသက် (၄၀)ပင် မပြည့်သေးသည့် လူတစ်ယောက်အလား နုပျိုနေလေသည်။ သို့သော် … သူ့တွင် (၅)လက်မခန့် ရှည်လျားသော မုတ်ဆိတ်မွေးများကို ပိုင်ဆိုင်ထားလေသည်။

သာမန် လူ့လောကထဲတွင်သာ သူ့ကို တွေ့ရမည်ဆိုလျှင် စာပေ သင်ကြားပေးသည့် သာမန် ဆရာတစ်ယောက်ဟုသာ ထင်မှတ်မိကြမည် ဖြစ်လေသည်။ လောကပထမ နတ်ဘုရားတစ်ပါးဟု လုံးဝထင်မိကြမည် မဟုတ်ပေ။

ရုတ်တရက်ပင်…

ဝါးကျောင်းဆောင်နှင့် ရှေးဟောင်း စေတီပျက်သည် ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးသည် ရှင်းလင်း သွားလေသည်။ ရွှမ်ထျန်းနတ်ဘုရားဂိုဏ်း တစ်ခုလုံးသည်ပင်လျှင် မျက်စိရှေ့မှ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။ စကြဝဠာ အဝေးတစ်နေရာမှ လင်းလက်နေသည့် ကြယ်များကိုသာလျှင် တွေ့မြင်နေရလေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးတွင် ကောင်းကင်အစွန်းထိ တိုင်အောင် မှောင်မိုက်လျက် ရှိပါလေ၏။

လုကျိုးယွမ်သည် မြင့်မားလွန်းသည့် တန်ခိုးစွမ်းအားကို အသုံးပြုပြီး မျက်စိတစ်မှတ် အတွင်းမှာပင် သူတို့အားလုံးကို အာကာသထဲသို့ ခေါ်ဆောင်သွားခြင်း ဖြစ်လေသည်။ ထိုသို့ ရုတ်တရက် ထုတ်ဖော်လိုက်သည့် မြင့်မားသည့် တန်ခိုးစွမ်းအားကို ကြည့်ခြင်းအားဖြင့် လုကျိုးယွမ်မှာ နှစ်ထောင်ပေါင်းများစွာ ကြာအောင် လောက ပထမနေရာကို ရယူခဲ့သည်မှာ ဖြစ်သင့်ပါလေသည်။

ဆန်းလျန်အတွက်တော့ အာကာသထဲသို့ ဒုတိယအကြိမ် ရောက်ဖူးခြင်း ဖြစ်လေသည်။

ထူးခြား ဆန်းကြယ်ပြီး မရေမတွက်နိုင်အောင် များပြားသည့် ကြယ်စင်ရောင် အလင်းတန်းများသည် ဆန်းလျန်ကို ဝန်းရံနေလေသည်။ သူ့အနားသို့ ရောက်ရှိလာသည့် ကြယ်စင်ရောင် အလင်းတန်းများကို သူ၏မျက်ခုံး (၂)ခုကြားမှ လောကသစ်တစ်ခုကို ဖွင့်လှစ်မည့် ပြဒါးရှင် သန္ဓေမျိုးစေ့က စုပ်ယူ ပစ်လိုက်လေသည်။

သို့သော် သန္ဓေမျိုးစေ့သည် ထိုစွမ်းအားများကို သိပ်ပြီး ကျေနပ်နှစ်သက်ပုံ မရပေ။ ထို့ထက်ပိုပြီး ကောင်းမွန်သည့် အရာများကို စုပ်ယူခဲ့ဖူးသည့်အတွက် အဆင့်နိမ့် စွမ်းအားများကို စုပ်ယူရသည်ကို မကျေနပ်သကဲ့သို့ပင် ဖြစ်နေလေသည်။

သို့သော်… ဆန်းလျန်သည် ထိုအချက်ကို အရေးမစိုက်ပါ။

နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက်….

ဆန်းလျန်သည် လောကပထမ ရှန်စန်းကျန်းရန် လုကျိုးယွမ်ကို ဆုံတွေ့ခွင့်ရခဲ့ပြီ ဖြစ်လေသည်။

ဆရာဘွားဘွား ချင်းရှောင်းသည် လုကျိုးယွမ်ကို စိန်ခေါ်ချင်ခဲ့သူ ဖြစ်လေသည်။ သို့သော် နောက်ဆုံးတွင် ဆရာဘွားဘွားသည် သူလုပ်ချင်သည့် အလုပ်ကို လုပ်မသွားခဲ့ရရှာပေ။ ယခုတော့ မြေးတပည့်ဖြစ်သူက ဆရာဘွားဘွား မပြည့်ဝခဲ့သည့် ဆန္ဒကို ဖြည်းဆည်းပေးရမည် ဖြစ်လေသည်။

ထို့ပြင် တိုက်ပွဲကွင်းပြင်သည် အာကာသနေရာ ဖြစ်သည့်အတွက် အံ့သြစရာ ကောင်းလွန်းသည့် အတွေ့အကြုံကို ပေးလေသည်။ အဘယ်ကြောင့်ဆိုသော် အာကာသထဲတွင် ဆရာဘွားဘွား သည်လည်း ကျင့်ကြံခြင်းအဆင့် တက်ရောက်နိုင်ခဲ့သည် မဟုတ်ပါလား။

ဆန်းလျန်က…

"တကယ်တော့ ဆန်းလျန်က ရှန်စန်းကျန်းရန်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက လေးစားနေခဲ့တာပါ၊ အခုတော့ ဆုံတွေ့ခွင့်ရခဲ့ပြီ ဖြစ်လို့ ဆန်းလျန် အရမ်း ဝမ်းသာမိပါတယ်"

လုကျိုးယွမ်၏ လက်များသည် အင်္ကျီလက်ရှည် ဖားဖားထဲတွင် နစ်မြုပ်နေသည့် အတွက် တွေ့မြင်ရခြင်း မရှိပေ။ သူက ဆန်းလျန်ကို စိုက်ကြည့်နေလေသည်။

ထို့နောက် သူက နွေးထွေးသည့် နေရောင်ခြည်အလား ပြုံးလိုက်လေသည်။

"မင်းကို သတိထားမိတာတော့ ကြာပါပြီ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် မိုးနဲ့မြေမှာ မင်းလို ပါရမီရှင် တစ်ယောက် မွေးဖွားလာတာ တကယ့်ကို ကံကောင်းတဲ့ အချက်ပါပဲ၊ ဒါပေမဲ့ မင်းက ဒီလောကမှာ အချိန်အကြာကြီး နေမသွားခဲ့ဘူး၊ အဲဒီလိုဖြစ်ရတာလည်း မင်းရဲ့ ကံတရားပဲထင်ပါရဲ့၊ ဒါကြောင့်လည်း မင်းကိုကျုပ် ဆက်ပြီး အသက်ရှင်ခွင့် ပေးခဲ့တာပေါ့၊ ပြီးတော့ မင်းနဲ့ ချင်းယီနဲ့ကလည်း သူငယ်ချင်းတွေ မဟုတ်လား၊ သူ စိတ်မကောင်းဖြစ်မှာ စိုးလို့ မင်းကို ကျုပ်ဘာမှ မလုပ်ခဲ့တာပါ"

ဆန်းလျန်က …

"ရှန်စန်းကျန်းရန်က တပည့်တွေအပေါ် တကယ် အလေးထားတာပဲ၊ ဒါကြောင့်လည်း ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းဟာ ရှန်စန်းကျန်းရန် လက်ထက်မှာ အရမ်းကို အောင်မြင်ခဲ့တာပဲ"

လုကျိုးယွမ်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်ရင်း ...

"လုကျိုးယွမ်သာ တကယ်ကောင်းတယ် ဆိုရင် သူ အစောကြီး ကတည်းက ထွက်သွားသင့်တာပေါ့၊ အခုတော့ ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းက ကြီးမားတယ်ဆိုပေမဲ့ တံလျှပ်လို အရိပ်သက်သက်ပါပဲ၊ ကျုပ်တစ်ယောက်တည်း ကြောင့်သာ နာမည်ကြီးနေတာလေ၊ ဒါပေမဲ့ ကျုပ်အဘိုးကြီးက ဒီလမ်းကိုလျှောက်ဖို့ ရွေးခဲ့ပြီးမှတော့ နောက်ပြန်လှည့်လို့ မရတော့ဘူးလေ၊ မင်းကိုတွေ့တော့မှ ကျုပ်ဘယ်လောက် မှားယွင်းခဲ့လဲဆိုတာ သိခဲ့ရတယ်"

ဆန်းလျန်က မပီပြင်သည့် အပြုံးတစ်ချက်ကို ပြုံးလိုက်ရင်း …

"အဲဒီလိုဖြစ်ရတာက ရှန်စန်းကျန်းရန် အနေနဲ့ အဲဒီအချိန်တုန်းက ရွေးချယ်စရာ မရှိခဲ့လို့ ဖြစ်မှာပါ၊ ပြီးတော့ တခြားနည်းလမ်းရှိတယ် ဆိုတာကိုလည်း ရှန်စန်းကျန်းရန် မသိခဲ့လို့ ဖြစ်မှာပါ"

လုကျိုးယွမ်က …

"အမှန်ပဲ၊ ကဲ… အပိုတွေ ပြောမနေနဲ့တော့၊ မင်းက ဒီလောကမှာရှိတဲ့ နတ်ဘုရားတွေကို ခေါ်ထုတ်သွားချင်တယ် ဆိုရင် ကျုပ်ကို အရင်နိုင်အောင် တိုက်ရလိမ့်မယ်၊ ဒီနေ့ ကျုပ်က လောကနဲ့ တစ်သားတည်း ကျအောင် ပေါင်းစပ်ထားတဲ့ စွမ်းအားတွေနဲ့ မင်းကို တိုက်ခိုက်မှာ မဟုတ်ဘူး၊ ကျုပ်တို့ရဲ့ စစ်မှန်တဲ့ တန်ခိုးစွမ်းအားတွေနဲ့ပဲ တိုက်ခိုက်ကြမယ်၊ မင်းလျှောက်ခဲ့တဲ့ ကျင့်စဉ်လမ်းက စစ်မှန်တယ်ဆိုရင် ဘယ်လောက်တောင် တန်ခိုးစွမ်းအားရှိမလဲ ကြည့်ကြတာပေါ့"

ဆန်းလျန်က မျက်လုံးများကို အသာမှေးစင်းလိုက်ရင်း …

"ဒါဖြင့် တိုက်ခိုက်ရမှာ အားမနာတော့ဘူးနော် ရှန်စန်းကျန်းရန်…"

ကျောက်ရှောင်ယွီသည် သူမ ဆုပ်ကိုင်ထားသည့် ဆန်းလျန်၏ လက်လေးများကို အသာလွှတ်ပေး လိုက်လေသည်။

ထိုသူ (၂)ယောက်ကြားတွင် အမုန်းတရား မရှိသည်ကို သူမ နားလည်ထားလေသည်။ သို့သော် သူတို့ (၂)ယောက်၏ ဦးတည်ချက်ကတော့ တူညီခြင်းမရှိပေ။ တဖြည်းဖြည်းနှင့် သူတို့(၂)ယောက်အနက် (၁)ယောက်သည် ရှုံးနိမ့်ရမည် ဖြစ်လေသည်။

သို့သော် မည်သူမှ အရှုံးပေးရန် ဆန္ဒရှိကြမည် မဟုတ်ပေ။

သို့သော် ရှန်စန်းကျန်းရန်သည် ဆန်းလျန်၏ နဂါးငွေ့တန်း ဓားသိုင်းကို စိုးရိမ်ပုံရလေသည်။ ထို့ကြောင့် ဆန်းလျန်ကို မျှမျှတတ ယှဉ်ပြိုင်ရန် အခွင့်အရေးပေးခဲ့ခြင်း ဖြစ်လေသည်။ ထိုအခါမှသာ ဆန်းလျန် ရှုံးခဲ့လျှင်လည်း လက်ခံနိုင်ဖွယ် ရာအရှုံးဖြစ်ပေလိမ့်မည်။

ရှန်စန်းကျန်းရန် ရှုံးခဲ့လျှင်တော့ ဆန်းလျန်ကို အခွင့်အရေး(၁)ခု ပေးမည် ဖြစ်လေသည်။ သို့သော် … ထိုအခွင့်အရေးသည် (၁)ကြိမ်သာရရှိမည့် အခွင့်အရေး ဖြစ်လေသည်။

လုကျိုးယွမ်သည် လောကနှင့် တစ်သားတည်းကျနေသည့် အခြေအနေကို မှီခိုထားသူ ဖြစ်လေသည်။

ဆန်းလျန်ကတော့ တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူ့အနေဖြင့် ဆန်းလျန်ကို အာကာသထဲသို့ မောင်းထုတ်ရမည် ဖြစ်လေသည်။

သို့သော်… ဆန်းလျန်ကို အကြောင်းပြချက် မရှိဘဲ တိုက်ရိုက်ကြီး မောင်းထုတ်၍လည်း မရပြန်ပေ။   အဘယ်ကြောင့်ဆိုသော် ရန်ငြိုးမရှိသည့် ကျင့်ကြံသူ(၂)ယောက် ကြားတွင် ထိုသို့ပြုလုပ်ခြင်းသည် ကောင်းသည့် ရွေးချယ်မှုမဟုတ်ပေ။

ထို့ပြင် ဆန်းလျန်သည် အကန့်အသတ်မဲ့ ဖြစ်နိုင်ချေများကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။ သတ်လိုက်လျှင်လည်း ပြန်ရောက်လာမည့် သူပင် ဖြစ်လေသည်။

ဆန်းလျန်သည် တိတ်ဆိတ်နေလေသည်။

သူ့အနေဖြင့်ဆိုလျှင်တော့ ရှုံးနိမ့်ခဲ့လျှင်လည်း လုကျိုးယွမ်နှင့် ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းကို ဒုက္ခပေးမည် မဟုတ်ပါ။

ရှန်စန်းကျန်းရန် လုကျိုးယွမ်သည် သူ့ကို ပန်းချီကားကိုလည်း ပြန်ပေးသည့်အပြင် သူနေထိုင်ရာလောကမှ တန်ခိုးစွမ်းအားများကို အသုံးမပြုဘဲ မျှမျှတတ တိုက်ခိုက်ရန်လည်း အခွင့်အရေး ပေးခဲ့လေသည်။

ကျောက်ရှောင်ယွီ သည်လည်း ယခင်အချိန်များနှင့် မတူတော့ပေ။

ယခုနှစ်များ အတွင်းတွင် သူမသည် လုကျိုးယွမ်ထံမှ တာအိုတရားများကို ကြားနာခဲ့ရသည့် အတွက် တန်ခိုးစွမ်းအားများ တဖြည်းဖြည်း မြင့်တက်လာခဲ့လေသည်။ သူမသည် ထိပ်တန်းအဆင့် မိုးကောင်းကင် နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရောက်နိုင်ခဲ့ပြီ ဖြစ်လေသည်။

ထို့ကြောင့် သူမသည် လောက၏ အတော်ဆုံး ကျင့်ကြံသူ (၂)ယောက်၏ တိုက်ပွဲကို ကြည့်ရှုရန်အတွက် အရည်အချင်း ပြည့်မီသူတစ်ယောက် ဖြစ်လေသည်။

ကျောက်ရှောင်ယွီသည် ဆန်းလျန်နှင့် ပတ်သက်လျှင်တော့ ဝေဖန်စရာမရှိခဲ့ပါ။ အတိတ်တစ်ချိန်က ကဲ့သို့ပင် ဆန်းလျန်ကို သူမအနေဖြင့် နားလည်နိုင်စွမ်း မရှိသေးပါ။

လုကျိုးယွမ်သည် သူနေထိုင်ရာလောကမှ တန်ခိုးစွမ်းအားများကို မီခိုနေခြင်း မရှိတော့သည့် လုကျိုးယွမ်ထံမှ ကျယ်ပြန့်သည့် တန်ခိုးစွမ်းအားများကို ကျောက်ရှောင်ယွီ ခံစားရခြင်း မရှိတော့ပေ။ လုကျိုးယွမ်သည် သိသိသာသာကြီး ပြောင်းလဲသွားလေသည်။

လှောင်အိမ်ထဲတွင် အချိန်ကြာမြင့်စွာ ပိတ်လှောင် ခံထားရသည့် ကျားတစ်ကောင်သည် လှောင်အိမ်ထဲမှ လွတ်မြောက် သွားသည်နှင့် မာန်မာနကြီးစွာဖြင့် ဟိန်းဟောက်လိုက်သည့် အလားပင် ဖြစ်လေတော့သည်။

****

All Chapters