← Chapters

တန်ခိုးစွမ်းအားပြိုင်ကြရာဝယ်

Vol. 7 Ch. 638

တန်ခိုးစွမ်းအားပြိုင်ကြရာဝယ်

Vol. 7 Ch. 638

ကျောက်ရှောင်ယွီ ခပ်ဝေးဝေး တစ်နေရာသို့ ထွက်ခွာသွားသည်နှင့် လုကျိုးယွမ်နှင့် ဆန်းလျန်က သူတို့၏တန်ခိုး စွမ်းအားများကို စတင်ထုတ်လွှတ် လိုက်ကြလေတော့သည်။

သူတို့၏အဆင့်တွင် ဝိညာဉ်စွမ်းအား ထိပ်တိုက် ရင်ဆိုင်ရမှုသည် မထင်ရှားတော့ပါ။

ယခုရင်ဆိုင်ရခြင်းသည် တာ့ယန်ဂဏန်း အရေအတွက်ဖြစ်သည့် (၄၉) ကဲ့သို့ပင် ဖြစ်လေသည်။ ပျောက်ဆုံးနေသည့် ဟာကွက်တစ်ချက်ကို ရှာတွေ့သူ မည်သူမဆို အနိုင်ရသူအဖြစ် ကြေညာနိုင်မည် ဖြစ်လေသည်။

ထိုသို့မဟုတ်လျှင်တော့ တိုက်ပွဲသည် ရေရှည်ရုန်းကန်ရသည့် တိုက်ပွဲတစ်ခု ဖြစ်သွားပြီး လွတ်လမ်းရှိမည် မဟုတ်ပေ။

ထို့ကြောင့်  ရှေးယခင် အချိန်ကတည်းကပင် ထိုက်ယီထျန်းရှန်း အဆင့် နတ်ဘုရားများ၏ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လျှင် အကွက်ချ စီစဉ်ထားတတ်ကြစမြဲ ဖြစ်လေသည်။ ထို့ကြောင့် ရလဒ် မြန်ဆန်ပြီး အဆုံးအဖြတ်လည်း တိကျလေသည်။

ဆန်းလျန်နှင့် လုကျိုးယွမ်တို့ကတော့ တစ်ယောက်နှင့် တစ်ယောက် သိပ်ပြီး တွက်ချက်ထားခြင်း မရှိပေ။ ထို့ပြင် ဆန်းလျန်နှင့် လုကျိုးယွမ်တို့သည် မတူညီသောလမ်းကို လျှောက်လှမ်းခဲ့ကြသည့် ထိုက်ယီထျန်းရှန်းအဆင့် နတ်ဘုရားများ ဖြစ်ကြလေသည်။

လုကျိုးယွမ်သည် လောကတစ်ခု၏ မိုးမြေနှင့်တစ်သားတည်း ပေါင်းစပ်ထားသူ ဖြစ်လေသည်။

ရှင်းရှင်းလင်းလင်း ပြောရမည်ဆိုလျှင် ချင်းရွှမ်နတ်တံခါး တည်ရှိရာ လောကတွင် လုကျိုးယွမ်သည် အဓိကကျသူ တစ်ယောက် ဖြစ်လေသည်။ ဆန်းလျန်သည် စန့်ချင်မူလဝိညာဉ် အမှတ်အသားကို တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားထဲတွင် တံဆိပ်ခတ်နှိပ်ပြီး ထားရစ်ခဲ့သကဲ့သို့ပင် ဖြစ်လေသည်။

ချင်းရွှမ်နတ်တံခါး တည်ရှိရာလောကနှင့် လုကျိုးယွမ်သည် ခွဲခြား၍ မရနိုင်ပေ။ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ပေါင်းစပ်နေရမည်ပဲ ဖြစ်လေသည်။

ဆန်းလျန်ကတော့ သူကိုယ်ပိုင် အုပ်ချုပ်ရမည့် လောကတစ်ခုကို ပိုင်ဆိုင်ထားလေသည်။ ထိုလောကမှာ သူ၏ မျက်ခုံးနှစ်ခုကြားမှ လောကအသစ်ကို ဖွင့်လှစ်မည့် သန္ဓေမျိုးစေ့ ဖြစ်လေသည်။ ထိုသန္ဓေမျိုးစေ့သည် ဆန်းလျန်အတွက် အလွန်အရေးပါလေသည်။

သို့သော်… ဆန်းလျန်နှင့် ထိုသန္ဓေမျိုးစေ့သည် အဆင့်အတန်းလည်း မတူသလို တစ်သားတည်းလည်း မဟုတ်ပါ။

ဆန်းလျန် လျှောက်လှမ်းသည့် လမ်းစဉ်ဖြင့် ထိုက်ယီထျန်းရှန်း အဆင့် တက်ရောက် နိုင်ခြင်းသည် ကျင့်စဉ်လမ်းတွင် လမ်းမှန်ကို လျှောက်လှမ်းခြင်း ဖြစ်သည်ဟု ပြောဆိုနိုင်လေသည်။ ထိုနည်းလမ်းသည် မိုးနှင့်မြေကို ပျက်စီးစေမည့် အခြေခံအချက်များမှ ကင်းလွတ်လေသည်။ လောကကိုလည်း ဝန်ထုပ်ဝန်ပိုးများမှ ကင်းစင်စေလေသည်။

စတင် တိုက်ခိုက်လိုက်သူမှာ လုကျိုးယွမ် ဖြစ်လေသည်။ သူသည် လက်နှစ်ဖက်စလုံးကို အသုံးပြုကာ သင်္ကေတတစ်ခုကို ဖော်ထုတ်လိုက်လေသည်။ သူ၏လက်ဟန်သည် တရုတ်မယ် ဒလင်တစ်လက်ကို တီးခတ်နေ သည့်ဟန်ဖြစ်လေသည်။

ချက်ချင်းပင် အာကာသထဲတွင် ကြည်လင်သည့် ကြိုးများဖြင့် ပြုလုပ်ထားသည့် ပိုက်ကွန်တစ်ခု ပေါ်လာလေသည်။ ထိုပညာမှာ ရွှမ်ထျန်းကွန်ရက် တန်ခိုးစွမ်းအား ဖြစ်လေသည်။ လွတ်လမ်းမရှိသည့် ပိုက်ကွန်တစ်ခုနှင့် ဆင်တူပြီး တန်ခိုးစွမ်းအားက အဆမတန်မြင့်မားလေသည်။

လုကျိုးယွမ်၏ လျင်မြန်သည့် တိုက်ခိုက်မှုသည် မည်မျှလျင်မြန်သည်လည်း ဆိုလျှင် အချိန် တစ်စက္ကန့်ထက်ပင် မပိုခဲ့ပေ။ အခြားသော နတ်ဘုရားများသာ ဆိုလျှင် ချက်ချင်းပင် ပိုက်ကွန်အတွင်းသို့ ကျရောက်သွားရမည် ဖြစ်လေသည်။

သို့သော်… ဆန်းလျန်ကဲ့သို့သော နတ်ဘုရား တစ်ပါးမှာတော့ လောကတွင် ဖြစ်ပျက်သမျှကို သိမြင်နိုင်စွမ်းရှိသူ ဖြစ်သည့်အပြင် ဖြစ်လာမည့် အကြောင်းအရာများ ကိုလည်း ခန့်မှန်းနိုင်လေသည်။ ထို့ကြောင့် လုကျိုးယွမ်၏ တိုက်ခိုက်မှု သည် အရာမထင်ခဲ့ပေ။

ဆန်းလျန် စိတ်အာရုံတစ်ချက် ညွှတ်လိုက်သည်နှင့် အသူရာချောက်တွင် ပြုလုပ်ခဲ့သည့် မရဏဓား ထွက်ပေါ်လာပြီး ရာနှင့်ထောင်နှင့်ချီသည့် ဓားဝိညာဉ် အလင်းတန်းများ ထွက်ပေါ်လာလေသည်။

မရဏဓားသည် ရွှမ်ထျန်းကွန်ရက် တစ်ခုလုံးကို ဖြတ်တောက်ပစ်လိုက်ပြီး စကြဝဠာ တစ်ခုလုံးသည် အဆုံးမရှိ လင်းလက်သွားလေသည်။

အာကာသထဲတွင် လေလည်းမရှိသလို ရေလည်းမရှိပေ။

ဓားဝိညာဉ်သည် အလင်းအလျှင်ဖြင့် အတားအဆီးမရှိ ရွေ့လျားနေလေသည်။ ဓား၏အလျှင်သည် စိတ်ထက်ပင် လျင်မြန်နေပြီး တန်ခိုးစွမ်းအား သိပ်သည်းမှုကလည်း အမြင့်ဆုံးတွင် ရောက်ရှိနေလေသည်။

ရွှမ်ထျန်းကွန်ရက်မှာ လုကျိုးယွမ် စုစည်းထားသည့် မိုးမြေမီးစွမ်းအား အနှစ်သာရဖြင့် ဖန်ဆင်းထားခြင်း ဖြစ်လေသည်။ ထိုအရာသည် စွမ်းအား ဖွဲ့စည်းမှုတစ်ခုကို ဆောင်ယူထားခြင်း ဖြစ်ပြီး ပြင်းထန်သည့် အင်းသင်္ကေတနှင့် မှော်ဝင်ပစ္စည်း တူရိယာတစ်ခုကဲ့သို့ ကောင်းမွန် မာကျောလေသည်။

သို့သော် ဆန်းလျန်၏ ထိုက်ယီထျန်းရှန်း တန်ခိုးစွမ်းအားများဖြင့် ပြည့်နေသည့် မရဏဓားနှင့် ရင်ဆိုင်လိုက်ရသည့် အခါ မလွှဲမရှောင်သာ ရှုံးနိမ့်သွားခဲ့ရလေသည်။

ရွှမ်ထျန်းကွန်ရက် ပျက်စီးသွားသည်နှင့် ပိုက်ကွန် အပိုင်းအစများသည် ပြိုကျလာသည့် နဂါးငွေ့တန်းကဲ့သို့ပင် အဆုံးမသတ်နိုင်တော့ပေ။

သတ်ဖြတ်လိုသည့် အငွေ့အသက်များသည် လုကျိုးယွမ်ဆီသို့ ဦးတည်နေလေသည်။ ပိုက်ကွန် အပိုင်းအစများသည် လုကျိုးယွမ်၏ မူလဝိညာဉ်ခန္ဓာကိုသာ ထိခိုက်နိုင်မည်ဆိုလျှင် သူ၏ ရုပ်နှင့်ဝိညာဉ်နှစ်ခုစလုံး ပြိုကျ ပျက်စီးသွားရမည် ဖြစ်လေသည်။

မရဏဓား၏ ထက်မြက်မှုသည် ချင်းရွှမ်နတ်တံခါး တည်ရှိရာလောကမှ မည်သည့်နတ်ဘုရားကို မဆို ဖျက်ဆီးပစ်နိုင်လေသည်။ သူတို့အားလုံးကို သံသရာလည်ခြင်းဘုံသို့ ပို့ဆောင် ပေးနိုင်လေသည်။

သို့သော်… လုကျိုးယွမ်၏ ဝိညာဉ်စွမ်းအားသည် နတ်ဘုရား တစ်ပါးကိုပင် ကျော်လွန်နေလေသည်။ ဆန်းလျန် တိုက်ခိုက်မှု မပြုခင်ကပင် သူသည် စိတ်အာရုံဖြင့် သိရှိခဲ့ပြီး ဖြစ်လေသည်။

ထိုခဏမှာပင်… လုကျိုးယွမ်ဆီမှ ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာလေသည်။ ဓားဝိညာဉ်သည် တိမ်နှင့်ရေများကဲ့သို့ အခိုးအငွေ့များ ဖြစ်နေလေသည်။ ဓားဝိညာဉ်လှိုင်းများက အကာအကွယ် စည်းတစ်ခုအလား ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားလေသည်။

ဓားဝိညာဉ် (၂)ခု ထိခတ်မိသံ ထွက်ပေါ်လာလေသည်။

အာကာသထဲတွင် လှိုင်းများ ထသွားလေသည်။ ကောင်းကင်ကို ဖြတ်သန်းသွားသည့် ဉက္ကာပျံအလား ဓားရောင်များလည်း လင်းလက် တောက်ပသွားလေသည်။

လုကျိုးယွမ်၏ ဓားသိုင်းသည် အဆုံးမရှိသည့် ထိပ်တန်းဓားသိုင်းတစ်ခု ဖြစ်လေသည်။ ဆန်းလျန်နှင့် ရင်ဆိုင်ခဲ့ဖူး သည့် ဓားတန်ခိုးရှင်များထက် အဆင့်နိမ့်ခြင်းမရှိပေ။

လုကျိုးယွမ်၏ ဓားသိုင်းထက် အဆင့်မြင့်သည့် ဓားသိုင်းဆို၍ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေ၏ အနတ္တဓားသာလျှင် ရှိနိုင်လေသည်။

သို့သော် … ဆန်းလျန်သည် စိတ်အာရုံ ပျံ့လွင့်မသွားခဲ့ပါ။

လောကပထမ ကျင့်ကြံသူအား အနိုင်ယူရန်အတွက်  စိတ်အာရုံ စူးစိုက်ထားလေသည်။ သူ၏ မရဏဓားသည် အနတ္တဓားလောက် ထက်မြက်ခြင်း မရှိသော်လည်း ထိပ်တန်းဓားတစ်လက် ဖြစ်လေသည်။ ဆန်းလျန်၏ စိတ်ဆန္ဒအတိုင်း လိုသလို စေခိုင်းနိုင်သည့် ဓားတစ်လက် ဖြစ်လေသည်။

ထိုသို့ဖြင့်… လုကျိုးယွမ်၏ ဓားသိုင်းက ကောင်းမွန်သည့်တိုင် တဖြည်းဖြည်း နောက်ဆုတ် ပေးလာရလေသည်။

သူတို့(၂)ဦးသည် အာကာသထဲတွင် သူတို့၏ ဓားသိုင်းများကို အစွမ်းကုန်ထုတ်ကာ တိုက်ခိုက် နေခဲ့ကြလေသည်။

ဓားသိုင်းဖြန့်ကြက်ဟန်၊ ဓားသိုင်း လှည့်ပတ်ဟန်၊ ဓားသိုင်း ထိုးခုတ်ဟန်များသည် ကျင့်စဉ်လမ်းအဆင့် (၉)ဆင့် တက်လှမ်းမည့် သူများအတွက် လုံလောက်သည့် အတွေ့အကြုံများကို ရရှိစေမည် ဖြစ်လေသည်။

သိပ်မကြာမီ အချိန်တွင် သူတို့သည် တိုက်ခိုက်ရင်းဖြင့် ကြီးမားသည့် ဥက္ကာခဲအစုအဝေးကြီး အတွင်းသို့ ချိုးဖျက် ဝင်ရောက် လာကြလေသည်။ ဥက္ကာခဲကြီးများမှာ တောင်များအလား ကြီးမား လွန်းလှလေသည်။ သေးငယ်သည်ဟု ပြောနိုင်သည့် ဥက္ကာခဲများသည်ပင်လျှင် ပေ (၃၀၀)ကျော် ရှည်လျားလေသည်။

သူတို့ (၂)ယောက်သည် ဥက္ကာခဲများကြားတွင် ဟိုမှဒီမှ သွားလာတိုက်ခိုက် နေကြလေသည်။ နှစ်ယောက်စလုံး၏ ဓားသိုင်းမှာ စံနမူနာယူစရာ ကောင်းလောက်အောင် ထက်မြက်လှပြီး ပြိုင်ဘက်ရန်သူ၏ ဟာကွက်ရှိရာ နေရာကို အပြန်အလှန် ထိုးနှက် တိုက်ခိုက်နေကြလေသည်။

ဥက္ကာခဲ အစုအဝေးကြီးကို ဖြတ်သန်းသွားပြီးသည့် အခါတွင်တော့ ဥက္ကာခဲ အစုအဝေးတစ်ခုလုံးမှာ အပိုင်းအစများ အဖြစ် ပေါက်ကွဲထွက်သွား ကြလေတော့သည်။

ဥက္ကာခဲ အပိုင်းအစများသည် လျင်မြန်စွာ လွင့်မျော သွားကြလေသည်။

ကျောက်ရှောင်ယွီ ကလည်း ဥက္ကာခဲ အပိုင်းအစများ ကြားထဲတွင် ပျံသန်းရင်း သူတို့ (၂)ယောက်၏ တိုက်ပွဲကို လိုက်ပါ ကြည့်ရှုနေလေသည်။

ဆန်းလျန်သည် လုကျိုးယွမ်ထက် ဓားရေး သာလွန်သည့်တိုင် လုကျိုးယွမ်ကို အနိုင်ရရန်မှာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။

ရုတ်တရက်ပင် ကျောက်ရှောင်ယွီသည် အလွန် အံ့အားသင့်သွားပြီး မျက်လုံးများကိုပင် မှိတ်လိုက်မိလေသည်။

သွေးနီရောင် မရဏဓားတစ်လက်သည် ဆန်းလျန်၏ လက်ထဲတွင် ထွက်ပေါ် လာလေသည်။ ထိုဓားသည် ချန်ကျန့်မေ ထားရစ်ခဲ့သည့် အနတ္တဓား ဖြစ်လေသည်။

ဓားရှည်သည် ဗလာနယ်ကို ထိုးဖောက်နေပြီး မြင့်မားသည့် တန်ခိုး စွမ်းအားများလည်း ထွက်ပေါ်လျက် ရှိလေသည်။ ဓားမှ အနက်ရောင်နှင့် အဖြူရောင် ရောင်ခြည် (၂)ခုလည်း ထွက်ပေါ်နေလေသည်။

လုကျိုးယွမ်ကို သတ်ဖြတ်ပစ်ရန် အတွက် တန်ခိုးစွမ်းအားများ လှည့်ပတ်နေပြီး ထိုဓားကို မည်သူကမှ တားဆီးနိုင်မည် မဟုတ်ပေ။

လုကျိုးယွမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေသည်။

သွေးနီရောင်ဓားသည် ပညာသားပါပြီး ပြီးပြည့်စုံနေသလို အခြေခံကျသည့် ဓားတစ်လက်လည်း ဖြစ်လေသည်။ အကယ်၍ ထိုဓားကိုသာ ဓားသိုင်းကျင့်စဉ် တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်မည် ဆိုလျှင် နတ်ဘုရားဂိုဏ်း တစ်ဂိုဏ်းကိုပင် တည်ထောင်နိုင်သည့် အဖိုးအတန်ဆုံး တာအိုကျမ်းစာတစ်ခု ဖြစ်လာနိုင်လေသည်။ ထိုဓားသည် မိုးကောင်းကင် နတ်ဘုရားတစ်ပါးနှင့် အဆင့်ညီမျှလေသည်။

သို့သော် ... လုကျိုးယွမ်သည် လုကျိုးယွမ်သာ ဖြစ်လေသည်။

နောက်ဆုံးတော့ လောကပထမဆိုသည့် တန်ခိုးစွမ်းအား အစစ်အမှန်ကို ထုတ်ဖော် ပြသခဲ့လေသည်။ သူ၏ဦးခေါင်းထက်မှ ရောင်စဉ်(၅)မျိုး ဖြာလင်းနေသည့် တိမ်တိုက်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုတိမ်တိုက်သည် အသက်ဓာတ်စွမ်းအား ပြည့်ဝနေပြီး ထူးဆန်းသည့် အင်းသင်္ကေတ တစ်ခုနှင့် ဆင်တူလေသည်။

ထောင်နှင့် သောင်းနှင့်ချီသည့် နတ်ဘုရား အလင်းတန်းများ ဖြာထွက်လာပြီး လုကျိုးယွမ်ကို ဖုံးလွှမ်းသွားလေသည်။ အလင်းတန်းများနှင့် ထိမိသည့် အာကာသထဲမှ မည်သည့် ဥက္ကာပျံကိုမဆို ချက်ချင်း ပြိုကွဲပျက်စီးစေပြီး အမှုန့်အဖြစ်သို့ ပြောင်းလဲ ပစ်လိုက်လေသည်။

အင်းသင်္ကေတသည် သူ၏ တစ်ကိုယ်လုံးကို ကာကွယ်ပေးထားသည့် အတွက် ဆန်းလျန်၏ မရဏဓားသည် ထိုးဖောက်မရ ဖြစ်နေရလေသည်။

ထိုအင်းသင်္ကေတ များသည် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်နေသည့် သင်္ကေတများဖြစ်ပြီး အချို့ဆိုလျှင် နှစ်ပေါင်း သောင်းနှင့်ပင် ချီနိုင်လေသည်။

ချင်းရွှမ်တည်ရှိရာ ကမ္ဘာလောကကြီးမှ အကောင်းဆုံးသော အင်းသင်္ကေတများကို လုကျိုးယွမ် တစ်ယောက်တည်း စုဆောင်းထားသည်ဟု ထင်မှတ်စရာပင် ဖြစ်လေသည်။

ဆန်းလျန်က တစ်ချက် ရယ်မောလိုက်ရင်း စိတ်စွမ်းအားဖြင့် လုကျိုးယွမ်ကို ဆက်သွယ် စကားပြောလိုက်လေသည်။

“လုဘိုးဘိုးက မရှုံးနိုင်တဲ့မြေပြင်ကို တည်ဆောက်ပြီး ဆန်းလျန်ကို အနိုင်ယူဖို့ ကြံစည်နေတာလား၊ ဆန်းလျန် သဘောမတူနိုင်တာ ခွင့်လွှတ်ပေးပါ”

ထိုစကားကို ကြားလိုက်သည်နှင့် လုကျိုးယွမ်၏ စိတ်ဝိညာဉ်သည် တစ်ချက် လှုပ်ရှား သွားလေသည်။

ထိုခဏအတွင်းမှာပင် ဆန်းလျန်ဆီမှ ပန်းချီကား အလိပ်တစ်လိပ်သည် လုကျိုးယွမ်ရှိရာသို့ နဂါးငွေ့တန်းအလား ပျံသန်း ထွက်ခွာသွားလေသည်။ ပန်းချီကားကို အနီးကပ်ကြည့်မည် ဆိုလျှင် နဂါးငွေ့တန်းကဲ့သို့ တောက်ပနေပြီး ပန်းချီကားထဲတွင် မြစ်ရေနှင့်တောင်များကို တွေ့မြင်ရလေသည်။ အခြားသော မိုးမြေလောကသစ် တစ်ခု ဖြစ်တည်လာသည့် အလား ထင်မှတ်ရလေသည်။

စကားတစ်ခွန်းမှ မဆိုဘဲ ဆန်းလျန်သည် လုကျိုးယွမ်ကို တိုက်ခိုက်ရန်အတွက် တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားကို အသုံးပြုလိုက်ပြီး ဖြစ်လေသည်။ ပန်းချီကားသည် လုကျိုးယွမ်ဆီသို့ ရောက်ရှိသွားလေသည်။ လုကျိုးယွမ်၏ အင်းသင်္ကေတများသည် မည်မျှပင် တန်ခိုးစွမ်းအား မြင့်မားပါစေ တောင်နှင့်မြစ်ရေ ပန်းချီကားလောက်တော့ တန်ခိုးစွမ်းအား မြင့်မားနိုင်မည် မဟုတ်ပေ။

ပန်းချီကား ထွက်ပေါ်လာသည်နှင့် လုကျိုးယွမ်၏ အင်းသင်္ကေတများသည် ချက်ချင်းပင် အမှုန့်ဖြစ်သွား ရလေတော့သည်။

****

All Chapters