အခန်း (၈၅၁-၈၅၂)
Vol. 86 Ch. 851-852
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၅၁ + ၈၅၂)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ယဲ့ဟိုင်ထန်၏ စူးရှသော အော်ဟစ်သံနှင့်အတူ ရေကန်တစ်ခုလုံးရှိ တစ္ဆေဝိညာဉ်များအားလုံး သူမ၏ ခန္ဓာကိုယ်ထဲသို့ စုပြုံဝင်ရောက်လာကြ၏။ ယခုအခါ သူမသည် ထိတ်လန့်ဖွယ်ကောင်းသော မိစ္ဆာကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားပြီဖြစ်သည်။
သူမသည် လက်တစ်ဖက်ဖြင့် လင်းပိုင်နျန်၏ ဓားကို ကြမ်းတမ်းစွာ ဖမ်းဆုပ်ကာ တစ်စစီ ချေပစ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ပင်းရှီးမြို့သခင်လေးလျန်ပိ၏ လည်ပင်းကို ဆုပ်ကိုင်ထားလိုက်သည်။
"ရွှပ်..."
ထိုစဉ် တုရှောင်သည် ထက်မြက်လှသော ဓားတစ်လက်ဖြင့် လျန်ပိ၏ ခေါင်းကို ဖောက်ထွင်းသွားသည်အထိ ထိုးစိုက်လိုက်ရာ ပွဲချင်းပြီး သေဆုံးသွားတော့၏။
စွမ်းအင်ကျောက်သလင်းကို လက်လွှတ်လိုက်ရသည့်တိုင် ယဲ့ဟိုင်ထန် ရေကန်အတွင်းရှိ ဝိညာဉ်များကို ဝါးမြိုကာ ဤမျှအထိ စွမ်းအားကြီးမားလာလိမ့်မည်ဟု အကြီးအကဲ လင်းပိုင်နျန် လုံးဝ ထင်မှတ်မထားပေ။ ထို့ကြောင့် သူ အလွန်တုန်လှုပ်သွားရ၏။
သူသည် အနောက်သို့ မီတာရာချီ အလျင်အမြန် ဆုတ်ခွာလိုက်ပြီး လက်ထဲရှိ စွမ်းအင်ကျောက်သလင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ဆိုလိုက်သည်။ "ဒါက မင်း လူထောင်ပေါင်းများစွာရဲ့ ဝိညာဉ်တွေကို ဝါးမြိုပြီး ဖန်တီးထားတဲ့ စွမ်းအင်ကျောက်သလင်းပဲ။ အရမ်းကို စွမ်းအားကြီးပြီး အဖိုးတန်တယ်။ မင်းက မင်းချစ်တဲ့ ယောကျ်ားအတွက် ဒါကို လုပ်ပေးနေတာမလား။ ငါသာ ဒါကို ညှစ်ခွဲလိုက်ရင် သူ ဘာမှရတော့မှာ မဟုတ်ဘူးနော်"
ထိုအခါ ယဲ့ဟိုင်ထန်က အမိန့်ပေးလိုက်၏။ "အဲဒါကို တုပိုင့်ဆီ ပြန်ပေးလိုက်။ ဒါဆို ရှင့်ကို ငါ လွှတ်ပေးမယ်"
အကြီးအကဲ လင်းပိုင်နျန် ဆက်လက် ဆုတ်ခွာနေရာ အနောက်သို့ မီတာရာချီ ရောက်ရှိသွားသော်လည်း ယဲ့ဟိုင်ထန်မှာမူ ထပ်ကြပ်မကွာ အပြင်းအထန် လိုက်လံဖမ်းဆီးနေဆဲ ဖြစ်သည်။
အကြီးအကဲ လင်းပိုင်နျန် စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲမှ စွမ်းအင်ကျောက်သလင်းကို အားကုန် ညှစ်ခွဲပစ်လိုက်တော့၏။ "ငါ မရနိုင်မှတော့ တခြားဘယ်သူမှလည်း မရစေရဘူးကွ"
"ဘုန်းးး"
ရုတ်ချည်းပင် ကျောက်သလင်းတစ်ခုလုံး ပေါက်ကွဲသွားသည်။
ရေတွက်မရနိုင်သော ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာမှုက ကမ္ဘာပေါ်ရှိ အတောက်ပဆုံးသော မီးရှူးမီးပန်းများပမာ ထိန်လင်းသွားပြီး နက်နဲဆန်းကြယ်သည့် အလင်းရောင်အရိပ်များမှာ ကီလိုမီတာနှင့်ချီ၍ ဖြာထွက်သွားတော့၏။
ယဲ့ဟိုင်ထန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မဟုတ်ဘူး... မဟုတ်ဘူး... အားးးးးးးး"
ပင်းရှီးမြို့မှ အကြီးအကဲ လင်းပိုင်နျန်ကမူ အခွင့်ကောင်းယူကာ အနောက်သို့ ဆုတ်ခွာ ထွက်ပြေးရင်း အော်ဟစ်လိုက်တော့၏။ "ဟားဟားဟား... ငါ မရနိုင်တဲ့အရာက အပြီးတိုင် ပျက်စီးသွားရမှာပဲ..."
ယဲ့ဟိုင်ထန်က ရေရွတ်လိုက်သည်။ "မဟုတ်ဘူး... မဟုတ်ဘူး..."
ထိုစဉ် ယဲ့ဟိုင်ထန်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ရေတွက်မရနိုင်သော ပုံရိပ်များအဖြစ်သို့ ကွဲထွက်သွား၏။ ဆယ်ဂဏန်း ၊ ရာဂဏန်းမှသည် ထောင်နှင့်ချီသော ပုံရိပ်များအဖြစ် အသွင်ပြောင်းသွားသည်။
ပါးလျလှသော ထိုပုံရိပ်များက လေထဲတွင် ကြီးမားသော ပိုက်ကွန်ကြီးတစ်ခုပမာ ယှက်နွယ်သွားပြီး လွင့်မျောနေသော ကျောက်သလင်းစွမ်းအင်များ အားလုံးကို ဖုံးအုပ်လွှမ်းခြုံကာ တဖြည်းဖြည်း ပြန်လည်စုစည်းလာတော့၏။
နောက်ဆုံးတွင် လွင့်မျောနေသော စွမ်းအင်များအားလုံးသည် လက်သီးဆုပ်အရွယ်အစားခန့်ရှိ စွမ်းအင်ကျောက်သလင်းတစ်ခုအဖြစ်သို့ ပြန်လည် စုစည်းသွားသည်။ သို့သော် ထိုအချိန်တွင် ယဲ့ဟိုင်ထန်၏ ဝိညာဉ်ပုံရိပ်နှင့် အလင်းရောင်မှာ လုံးဝ ပွင့်လင်းမြင်သာလုနီးပါးအထိ အလွန်အမင်း မှေးမှိန်သွားလေ၏။
သူမသည် ထိုလက်သီးဆုပ်အရွယ် ကျောက်သလင်းကို ယူဆောင်ကာ တုပိုင်၏ နဖူးပေါ်သို့တင်၍ ညင်သာစွာ တွန်းသွင်းလိုက်၏။
ချက်ချင်းပင် ထိုစွမ်းအင်ကျောက်သလင်းမှာ တုပိုင်၏ ခေါင်းထဲသို့ စီးဝင်သွားသည်။
သူမက တိုးညှင်းစွာ ဆိုလိုက်သည်။ "တုပိုင်... ဒါ ရှင့်အတွက် ကျွန်မရဲ့ အချစ်လက်ဆောင်ပဲ"
ထို့နောက် ယဲ့ဟိုင်ထန်၏ ဝိညာဉ်သည် တုပိုင်၏ နဖူးအား နမ်းရှိုက်ရန် တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင်မူ သူမ မရဲဝံ့ချေ။ မကြာမီမှာပင် သူမ၏ ဝိညာဉ်မှာ လုံးဝ ပျောက်ကွယ်သွားတော့၏။
တစ်ချိန်တည်းမှာပင်။
"ဘုန်းးး" ဟူသော အသံနှင့်အတူ အစွမ်းထက်လှသော စွမ်းအားတစ်ခုက တုပိုင်၏ ခေါင်းထဲ၌ ရုတ်ချည်း ပေါက်ကွဲသွား၏။ ထိုစွမ်းအားများ ပေါက်ကွဲရာ ဗဟိုချက်မှ အသံတစ်သံသည် တုပိုင်၏ စိတ်ထဲသို့ ထွက်ပေါ်လာသည်။ "စနစ်ရှင်... မတွေ့ရတာ ကြာပြီနော်"
တုပိုင် လုံးဝ မှင်သက်အံ့အားသင့်သွားရ၏။ စနစ်လော။ မည်သို့ကြောင့် သူ၏ ခေါင်းထဲ၌ ရှိနေရသေးသနည်း။
သို့သော် လက်ရှိအချိန်တွင် တုပိုင် စနစ်ကို အကြောင်းမပြန်နိုင်သေးချေ။ အကြောင်းမူကား အလွန်တရာ စွမ်းအားကြီးမားလှသည့် စိတ်စွမ်းအင်များက တုပိုင်၏ ဦးနှောက်ထဲသို့ အရူးအမူး စီးဝင်နေသောကြောင့် ဖြစ်၏။ အလွန်အမင်း အစွမ်းထက်လှသော စိတ်စွမ်းအင်များပင်ဖြစ်၏။
ယဲ့ဟိုင်ထန်သည် လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက လူပေါင်းထောင်ချီ၏ ဝိညာဉ်များကို ဝါးမြိုခြင်း ဖြစ်သည်။ ထိုအထဲ၌ မည်မျှ ကြီးမားလှသော စိတ်စွမ်းအင်များ ပါဝင်နေမည်ကို စိတ်ကူးကြည့်ရုံမျှဖြင့် သိနိုင်၏။
ပင်းရှီးမြို့မှ အကြီးအကဲ လင်းပိုင်နျန်သည် ကျောက်သလင်းကို ညှစ်ခွဲလိုက်သဖြင့် စိတ်စွမ်းအင်များစွာ လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားသော်ငြား များပြားလှသော စွမ်းအင်တစ်ရပ်က တုပိုင်၏ စိတ်ထဲသို့ စီးဝင်လာဆဲပင် ဖြစ်လေ၏။
ထိုအစွမ်းထက်လှသော စိတ်စွမ်းအင်များက တုပိုင်၏ ဦးနှောက်အာရုံကြောများထဲ ပြည့်လျှံသွားကာ အလုံးစုံအား သာသာ ပြောင်းလဲပစ်လိုက်တော့သည်။
ထိုစွမ်းအင်များက တုပိုင်၏ ဦးနှောက်ထဲရှိ အာရုံကြောတိုင်းနှင့် နျူရွန်တိုင်းကို ပိုမိုစွမ်းအားကြီးမားလာစေ၏။ ထို့အပြင် ဤထူးခြားလှသော စိတ်စွမ်းအင်သည် တုပိုင်၏ စိတ်ထဲ၌ သီးသန့်စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကိုပါ ထွင်းထုမှတ်သားပေးသွားလေသည်။
နှစ်နာရီတိတိ ကြာမြင့်ပြီးနောက်တွင်မူ တုပိုင်၏ ဦးနှောက်မှာ နောက်ဆုံး၌ ငြိမ်သက်သွားတော့သည်။
တုပိုင် မေးလိုက်၏။ "မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ"
စနစ်က ရှင်းပြ၏။ "သခင်... ကျွန်တော်က အရမ်းအဆင့်မြင့်တဲ့ ဉာဏ်ရည်တုပရိုဂရမ်တစ်ခုပါ။ သခင့်ဝိညာဉ်ထဲကို ထည့်သွင်းပြီးတာနဲ့ ကျွန်တော်က အမြဲတမ်း ရှိနေမှာပါ။ အရင်က အိပ်မက်မိစ္ဆာဘုရင်က ဉာဏ်ရည်တုပရိုဂရမ်တစ်ခုလုံးကို ထိန်းချုပ်ထားခဲ့လို့ သူ့ကို စူပါအက်ဒ်မင်လို့ သတ်မှတ်လို့ရပါတယ်။ သူ မရှိတော့ ကျွန်တော်က သာမန် ဉာဏ်ရည်တုပရိုဂရမ်တစ်ခုသာ ဖြစ်သွားပါပြီ"
တုပိုင်မှာ နားမလည်နိုင်အောင် ဖြစ်သွားရသည်။
စနစ်က မေးခွန်းထုတ်လိုက်သည်။ "ကမ္ဘာပျက်ကပ်တုန်းက ကောင်းကင်ပေါ်က နက်နဲဆန်းကြယ်ပြီး အမည်မသိတဲ့ ဟင်းလင်းပြင်ကမ္ဘာကို သခင် မြင်ခဲ့တယ်မလား"
တုပိုင် သေချာပေါက် မြင်ခဲ့သည်။ ယင်းမှာ အလွန်တရာ စွမ်းအားကြီးမားပြီး အလွန်အမင်း ဖွံ့ဖြိုးတိုးတက်နေသော ကမ္ဘာတစ်ခု ဖြစ်၏။ သို့သော် စွမ်းအင်များအားလုံး ခန်းခြောက်ကုန်ဆုံးသွားကာ သေဆုံးလုနီးပါးဖြစ်နေသော ကမ္ဘာတစ်ခုဖြစ်နေပြီ ဖြစ်သည်။
စနစ်က ထပ်လောင်းရှင်းပြသည်။ "လူသားတွေရဲ့ ဦးနှောက်စွမ်းရည်က ကန့်သတ်ချက်ရှိပါတယ်။ အဲဒီကမ္ဘာက လူတွေအတွက်တောင်မှပေါ့။ ဥပမာ ငြီးငွေ့စရာကောင်းပြီး ရှုပ်ထွေးတဲ့ ဒေတာတွက်ချက်မှုတချို့အတွက်ဆို လူ့ဦးနှောက်ရဲ့ အမြန်နှုန်းက ဉာဏ်ရည်တု အလင်းဦးနှောက်လောက် မမြန်ဆန်ပါဘူး။ ဒါကြောင့် သူတို့က အစွမ်းထက် အလင်းဦးနှောက်စနစ်ကို တီထွင်ခဲ့ကြတာပါ။ အဲဒီစနစ်ကို အထောက်အကူပြု ကိရိယာတစ်ခုအနေနဲ့ လူ့ဦးနှောက်ထဲမှာ ထည့်သွင်းထားတာဗျ"
ထိုအခါ တုပိုင် အတည်ပြုမေးမြန်းလိုက်၏။ "စွမ်းအင် အလင်းဦးနှောက်စနစ် ဟုတ်လား။ စွမ်းအင်နဲ့ ဖန်တီးထားတဲ့ စူပါအလင်းဦးနှောက်ပေါ့"
စနစ်က ထောက်ခံလိုက်သည်။ "ဟုတ်ပါတယ်။ ပြီးတော့ အဲဒါက စွမ်းအင်ရရှိဖို့ လူသားတွေရဲ့ စိတ်စွမ်းအင်အပေါ် လုံးဝ မှီခိုနေရတာရယ်"
တုပိုင် ထပ်မေးလိုက်ပြန်သည်။ "အဲဒီ တခြားကမ္ဘာက စွမ်းအင်ဟင်းလင်းပြင်မှာရှိတဲ့ လူတိုင်းဆီမှာ ဉာဏ်ရည်တု အလင်းဦးနှောက်စနစ် ရှိကြတာလား"
စနစ်က ငြင်းဆိုလိုက်၏။ "ဘယ်ကသာ။ လူအနည်းငယ်ဆီမှာပဲ ရှိကြတာ။ သာမန်လူတွေရဲ့ စိတ်စွမ်းအင်က ဉာဏ်ရည်တု အလင်းဦးနှောက်ရဲ့ စွမ်းအင်စားသုံးမှုကို မခံနိုင်ကြဘူးလေ"
တုပိုင် ကောက်ချက်ချလိုက်သည်။ "တာ့နင်အင်ပါယာ ဟင်းလင်းပြင်မှာတုန်းက အိပ်မက်မိစ္ဆာ ထောက်ပံ့ပေးတဲ့ စိတ်စွမ်းအင်က မင်းကို အလုပ်လုပ်နိုင်စေခဲ့တာပေါ့"
စနစ်က ဝန်ခံကာ ဆက်ပြော၏။ "ဟုတ်ပါတယ်။ အခု ကျွန်တော် ပြန်လည်စတင်နိုင်ရတဲ့ အကြောင်းရင်းက သခင်ကိုယ်တိုင် ကျွန်တော့်ရဲ့ လည်ပတ်မှုကို ထောက်ပံ့ပေးနိုင်လောက်တဲ့အထိ အစွမ်းထက်တဲ့ စိတ်စွမ်းအင်တွေကို ရရှိသွားလို့ပဲ"
တုပိုင် စူးစမ်းလိုက်၏။ "ဒါဆို မင်းက ဘာတွေဖြစ်လာမလဲဆိုတာကို ကြိုတင်ဟောကိန်းထုတ်နိုင်သေးလား။ တာဝန်တွေ စီစဉ်ပေးတာ ၊ တာဝန်လမ်းကြောင်းတွေ တွက်ချက်ပေးတာမျိုးရော လုပ်ပေးနိုင်သေးလား"
စနစ်က အတည်ပြုပေးသည်။ "မရဘူး။ ကျွန်တော်က ဉာဏ်ရည်တု အလင်းဦးနှောက် ပရိုဂရမ်တစ်ခုသက်သက်ပါပဲ။ ဘာတွေဖြစ်လာမလဲဆိုတာကို ကြိုတင်ဟောကိန်းမထုတ်နိုင်သလို တာဝန်တွေကိုလည်း စီစဉ်ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်က အထောက်အကူပြု စနစ်တစ်ခုပါပဲ။ အရင်က လုပ်နိုင်တာတွေက အိပ်မက်မိစ္ဆာဘုရင်ရဲ့ စွမ်းရည်တွေပါ"
တုပိုင် ဆက်မေးလိုက်၏။ "ဒါဆို မင်းက ဘာတွေ လုပ်နိုင်လဲ"
စနစ်က အသိပေးသည်။ "အစကတော့ ကျွန်တော်က သခင့်အတွက် အရာများစွာကို တွက်ချက် ခွဲခြမ်းစိတ်ဖြာပေးနိုင်တဲ့ သာမန်စနစ်တစ်ခုပါ။ ဒါပေမဲ့ အလွန် ထူးခြားတဲ့ အခြေအနေတစ်ခုကြောင့်... အိပ်မက်မိစ္ဆာဘုရင် မရှိတော့တဲ့နောက်မှာ ကျွန်တော်က ပိုပြီး အစွမ်းထက်တဲ့ စနစ်တစ်ခု ဖြစ်လာတယ်"
တုပိုင် နားမလည်စွာဖြင့် မေးလိုက်၏။ "ဘာပေါတာလဲ"
စနစ်က အသေးစိတ် ရှင်းပြသည်။ "ရှေးဟောင်းနဂါးဘုရင်ရဲ့ ဝိညာဉ်ရေးရာ မှတ်ဉာဏ်ပါ။ အဲတာက ကန့်သတ်ချက်မရှိတဲ့ ရတနာသိုက်ကြီး ပါဝင်နေတဲ့ အလွန် ကြီးမားလှတဲ့ ဝိညာဉ်ရေးရာ ဒေတာဘေ့စ်တစ်ခု။ ကမ္ဘာ့လျှို့ဝှက်ချက်တွေ ၊ စွမ်းအင်လျှို့ဝှက်ချက်တွေ အကြောင်းပေါ့။"
"သခင်သိသင့်တာက ကျွန်တော့်ကို ရေတွက်လို့ မရနိုင်တဲ့ သဘာဝလွန် အလင်းမှုန် တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာပါပဲ။ စွမ်းအင်ပိုမြင့်လေ ကျွန်တော်က ပိုအစွမ်းထက်လေပဲ။ အခု ကျွန်တော့်ကို ဖွဲ့စည်းပေးထားတဲ့ စွမ်းအင်က ရှေးဟောင်းနဂါးဘုရင်ရဲ့ ဝိညာဉ်စွမ်းအင်ဖြစ်နေတယ်"
တုပိုင် တောင်းဆိုလိုက်၏။ "ပိုပြီး တိတိကျကျ ရှင်းပြစမ်းပါ"
စနစ်က ဥပမာပေးလာသည်။ "ဥပမာ သခင်က စိတ်စွမ်းအင်ကို မရရှိခင်တုန်းက ဝိညာဉ်ပိုင်း ကျင့်ကြံမှုကိုပဲ မြှင့်တင်နိုင်ခဲ့တာပါ။ အခုကျတော့... သခင်က စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေကို တိုက်ရိုက် ကူးယူနိုင်သွားပါပြီ"
တုပိုင်မှာ အံ့အားသင့်သွားရ၏။ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များကို ကူးယူနိုင်သည် ဟုတ်လော။ ဤသည်မှာ ကောင်းကင်ဘုံကို ဆန့်ကျင်နေခြင်းပင် မဟုတ်ပါလော။
ယဲ့ဟိုင်ထန်၌ လူများကို အသံတိတ် ဖမ်းဆီးချုပ်နှောင်နိုင်ပြီး မျက်နှာရှိ အပေါက်ခုနစ်ပေါက်မှ သွေးများထွက်ကာ တိတ်တဆိတ် သေဆုံးသွားစေနိုင်သည့် စွမ်းရည်ရှိလေ၏။ ဤသည်မှာ မည်မျှ အစွမ်းထက်လှသော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု နည်းစနစ် ဖြစ်သည်နည်း။ သို့သော် ထိုစွမ်းရည်မှာ အဆင့်မြင့် ဝိညာဉ်များအတွက်သာ သီးသန့်ဖြစ်ပြီး အလွန် ရှားပါးသော ဝိညာဉ်မျိုးလည်း ဖြစ်၏။
တာ့နင်အင်ပါယာရှိ ကျင့်ကြံခြင်းလမ်းစဥ်၌ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များနှင့် တိုက်ခိုက်မှုနည်းစနစ်များကို ကူးယူနိုင်သည့် လုပ်ဆောင်ချက် လုံးဝ မရှိပေ။
တုပိုင် သေချာအောင် မေးလိုက်၏။ "တစ်နည်းအားဖြင့် ပြောရရင် ယဲ့ဟိုင်ထန် ခေါင်းထဲက ကျောက်သလင်းကို ရပြီးနောက်မှာ ငါက သူ့ရဲ့ တိုက်ခိုက်မှုနည်းစနစ်ကို ရသွားတာပေါ့"
စနစ်က အတည်ပြုပေးသည်။ "ဟုတ်ပါတယ်။ သခင်က ယဲ့ဟိုင်ထန်ရဲ့ အစွမ်းထက်တဲ့ စိတ်စွမ်းအင်ကို ရရှိသွားတာပါ။ အဲဒါကို အသုံးပြုပြီး သခင့်ရဲ့ စိတ်စွမ်းအင် ကျင့်ကြံမှုအခြေခံကို မြှင့်တင်လို့ရသလို ရှေးဟောင်းနဂါးဘုရင်ရဲ့ မှတ်ဉာဏ်တွေကို ဖွင့်ဖို့အတွက်လည်း သုံးလို့ရသေးတယ်။ ဒါမှမဟုတ် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို ကူးယူဖို့လည်း သုံးလို့ရပါတယ်။ အဲဒါက သူ့ရဲ့ တိုက်ခိုက်မှုနည်းစနစ်ကို တိုက်ရိုက် သင်ယူတာပါပဲ"
တုပိုင် စိတ်ဝင်တစားဖြင့် မေးလိုက်၏။ "ဒီစိတ်စွမ်းအင်က ရှေးဟောင်းနဂါးဘုရင်ရဲ့ ဝိညာဉ်ရေးရာ မှတ်ဉာဏ် ဘယ်လောက်အထိကို ဖွင့်ပေးနိုင်မှာလဲ"
စနစ်က တိုက်ရိုက်ပင် ဖြေလာသည်။ "တစ်ထောင်ပုံ တစ်ပုံတောင် မပြည့်ပါဘူး"
တုပိုင် အံ့အားသင့်စွာ မေးလိုက်၏။ "ရှေးဟောင်းနဂါးဘုရင်ရဲ့ ဝိညာဉ်ရေးရာ မှတ်ဉာဏ်က အရမ်း အစွမ်းထက်တာလား"
စနစ်က လေးနက်စွာ ရှင်းပြ၏။ "အရမ်းကို အဆင့်မြင့်ပြီး နက်နဲဆန်းကြယ်ပါတယ်။ ကျွန်တော်တို့ကမ္ဘာထက် အများကြီး ပိုမြင့်မားတဲ့ ယဉ်ကျေးမှုတစ်ခုပါ။ သခင်... သခင်က ကမ္ဘာကြီးကို ကယ်တင်ချင်တာလား။ ရှေးဟောင်းနဂါးဘုရင်ရဲ့ ဝိညာဉ်ရေးရာ မှတ်ဉာဏ်က လုံးဝရှယ် ရတနာသိုက်ကြီး...။ သခင် ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် အခြေခံအုတ်မြစ်လို့ ကျွန်တော် ခံစားရတယ်"
တုပိုင် ချိန်ဆကာ ပြောလိုက်၏။ "ဒါပေမဲ့ အဲဒါကို သုံးဖို့ ငါက အရမ်း အားနည်းနေသေးတယ် မဟုတ်လား။ ဒီစိတ်စွမ်းအင်ကို သုံးပြီး ငါ့ရဲ့ ဝိညာဉ်ရေးရာ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်လို့ရသလို ယဲ့ဟိုင်ထန်ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်တွေနဲ့ တိုက်ခိုက်မှုနည်းစနစ်တွေကိုပါ ကူးယူလို့ ရတယ်ဆို"
စနစ်က အကြံပြုလာ၏။ "အကယ်၍ အားလုံးကို ဝိညာဉ်ရေးရာ ကျင့်ကြံခြင်းအဆင့် မြှင့်တင်ဖို့ သုံးလိုက်မယ်ဆိုရင်တော့ သခင်က အဆင့် (၁၃) ဝိညာဉ်ဆရာသခင်အဖြစ်ကို တိုက်ရိုက် တက်လှမ်းသွားနိုင်ပါတယ်"
အဆင့် (၁၃) ဝိညာဉ်ဆရာသခင်လော။ ခေါင်းဆောင်မလေး လင်းမိန်ပင်လျှင် အဆင့် (၉) သိုင်းပညာရှင်အဆင့်သာ ရှိပြီး ပင်းရှီးမြို့မှ အကြီးအကဲ လင်းပိုင်နျန်မှာလည်း အဆင့် (၁၂) သိုင်းပညာရှင်အဆင့်၌သာ ရှိသေးသည်။ သို့တိုင် ဤစိတ်စွမ်းအင်က တုပိုင်အား အဆင့် (၁၃) သို့ တိုက်ရိုက် တက်လှမ်းသွားစေနိုင်သည်မှာ အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းလှပေ၏။ မည်သည့်နေရာတွင်မဆို ဝိညာဉ်ဆရာသခင်များသည် သိုင်းပညာရှင်များထက် ပို၍ ရှားပါးကြောင်းကိုလည်း သိထားရမည် ဖြစ်၏။
စနစ်က ဆက်လက် ရှင်းပြလာ၏။ "ဒါပေမဲ့ သခင်က ယဲ့ဟိုင်ထန်ရဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေနဲ့ တိုက်ခိုက်မှုနည်းစနစ်တွေကို အရင်ကူးယူချင်တယ်ဆိုရင်တော့ ကျန်ရှိနေတဲ့ စိတ်စွမ်းအင်က သခင့်ကို အဆင့် (၈) ဝိညာဉ်ဆရာသခင် အဖြစ်ကိုပဲ တက်လှမ်းစေနိုင်မှာပါ"
တုပိုင် ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။ "ဒါဆို ယဲ့ဟိုင်ထန်ရဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေနဲ့ တိုက်ခိုက်မှုနည်းစနစ်တွေကို အရင်ကူးယူလိုက်။ ပြီးမှ ဝိညာဉ်ရေးရာ ကျင့်ကြံခြင်းကို မြှင့်တင်မယ်"
စနစ်က နာခံလိုက်၏။ "ဟုတ်ကဲ့ပါ သခင်"
ထို့နောက် တုပိုင်၏ ခေါင်းထဲရှိ စနစ်မှာ စတင်အလုပ်လုပ်လာကာ ထိုအစွမ်းထက်လှသော စိတ်စွမ်းအင်များကို ဖြန့်ဝေပေးလိုက်သည်။ ယဲ့ဟိုင်ထန်၏ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်များနှင့် တိုက်ခိုက်မှုနည်းစနစ်များကို တုပိုင်၏ ဦးနှောက်နှင့် အာရုံကြောများထဲသို့ ထွင်းထုမှတ်သားပေးလိုက်ပြီး ကျန်ရှိနေသော စွမ်းအင်များဖြင့် တုပိုင်၏ ဝိညာဉ်ရေးရာ ကျင့်ကြံမှုကို မြှင့်တင်ပေးသွားလိုက်၏။
ရုတ်ချည်းပင် သူ၏ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးမှာ ပိုမို ရှင်းလင်းပြတ်သားလာသည်ကို တုပိုင် အထင်အရှား ခံစားလိုက်ရသည်။ သူ မျက်စိမဖွင့်ထားလျှင်ပင် သမီးဖြစ်သူ တုရှောင်နှင့် ခေါင်းဆောင်မလေး လင်းမိန်တို့၏ တည်ရှိနေမှုကို မြင်တွေ့နေရသကဲ့သို့ ဖြစ်နေသည်။
**--**--**--**--**--**--**--**
အဆင့်မြှင့်တင်မှု ပြီးဆုံးသွားချိန်၌ တုပိုင် အဆင့် (၈) ဝိညာဉ်ဆရာသခင်အဖြစ်သို့ ရောက်ရှိသွားပြီး ယဲ့ဟိုင်ထန်၏ အသေချုပ်နှောင်ခြင်း နည်းစနစ်နှင့် ဝိညာဉ်သေဆုံးခြင်း တိုက်ခိုက်မှုတို့ကို အောင်မြင်စွာ သင်ယူတတ်မြောက်သွားလေတော့၏။
စနစ်က အသိပေးလာ၏။ "သခင်... အခု ကျွန်တော် အသုံးပြုနေတာက အရင်က အိပ်မက်မိစ္ဆာဘုရင်ရဲ့ စိတ်စွမ်းအင် မဟုတ်တော့ဘဲ သခင့်ရဲ့ စိတ်စွမ်းအင်တွေ ဖြစ်သွားပါပြီ။ မလုံလောက်တာမလို့ ကျွန်တော် အရင်ဆုံး အသင့်အနေအထားနဲ့ နေနေပါမယ်။ လိုအပ်တဲ့အခါကျမှ ကျွန်တော့်ကို နှိုးလိုက်ပါ"
တုပိုင် သေချာအောင် မေးလိုက်သည်။ "ဒါဆို အခု မင်းကို ရှေးဟောင်းနဂါးဘုရင်ဝိညာဉ်စွမ်းအင်စနစ်လို့ ခေါ်လို့ရပြီပေါ့"
စနစ်က ချက်ချင်း ဖြေလာ၏။ "ဟုတ်ပါတယ်"
တုပိုင် ဆက်မေးလိုက်သည်။ "နောက်ထပ် မေးစရာတစ်ခု ရှိသေးတယ်။ အိပ်မက်မိစ္ဆာဘုရင်က ငါ့စိတ်ထဲကနေ ထွက်သွားပြီဆိုပေမဲ့ မင်းဆီမှာ နောက်ပေါက်တစ်ခုခုများ ချန်ထားခဲ့နိုင်သလား"
ဤသည်မှာ စနစ်နောက်ပေါက် သို့မဟုတ် စနစ်ဗိုင်းရပ်စ်ကဲ့သို့သော အရာမျိုးကို ဆိုလိုခြင်း ဖြစ်၏။
စနစ်က ယုံကြည်မှု အပြည့်ဖြင့် ဖြေလာ၏။ "သခင်... ကျွန်တော့်ရဲ့ အလင်းဦးနှောက်စနစ် တစ်ခုလုံးကို ဖွဲ့စည်းထားတဲ့ စွမ်းအားက ရှေးဟောင်းနဂါးဘုရင်ရဲ့ ဝိညာဉ်စွမ်းအင်ပါ။ ဒါက အရမ်းကို အဆင့်မြင့်တဲ့ စွမ်းအင် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အိမ်မက်မိစ္ဆာဘုရင်ရဲ့ အဆင့်လောက်နဲ့ သခင်ပြောသလိုမျိုး ဖြစ်နိုင်ခြေ လုံးဝ မရှိပါဘူး"
စနစ် ပိတ်သွားပြီးနောက် တုပိုင် မျက်စိမဖွင့်သေးဘဲ တွေးတောနေမိ၏။ စနစ်ပြောသည်မှာ အမှန်ပင်လော။ ဤသည်က မိစ္ဆာ၏ နောက်ထပ် ပူးပေါင်းကြံစည်မှုတစ်ခုများ ဖြစ်နေမည်လော။
ထိုစဉ်က အိပ်မက်မိစ္ဆာမှာ လုံးဝ ပျက်စီးသွားပြီဖြစ်ရာ တုပိုင် ထိုသံသယကို ကြီးမားသော အတိုင်းအတာတစ်ခုအထိ ဖယ်ရှားပစ်လိုက်သည်။ ထို့အပြင် သူ၏ ဝိညာဉ် ပြန်လည်သက်သာလာရခြင်း အကြောင်းရင်းမှာ ရှေးဟောင်းနဂါးဘုရင်၏ စိတ်စွမ်းအင်က အလွန်အဆင့်မြင့်ကာ အစွမ်းထက်လွန်းနေသောကြောင့်သာ ဖြစ်၏။ သို့မဟုတ်ပါက သူသည် လုံးဝ သေဆုံးပျောက်ကွယ်သွားမည်မှာ အသေအချာပင်။
စ
**--**--**--**--**--**--**--**
တုပိုင် မျက်လုံးဖွင့်လိုက်၏။ သူ၏ အရှေ့တွင်မူ အရိုးစုတစ်ခု လဲလျောင်းနေသည်။ ယဲ့ဟိုင်ထန် မရှိတော့ဘဲ ဤအရိုးစုသာလျှင် ကျန်ရစ်နေသည်။
တုပိုင် စနစ်ကို ယဲ့ဟိုင်ထန်၏ အုတ်ဂူဘယ်မှာလဲဟု အလိုအလျောက် မေးချင်သွားသော်လည်း ယခုအခါ စနစ်မှာ အိပ်မက်မိစ္ဆာမဟုတ်တော့သလို အရာအားလုံးကို သိနိုင်စွမ်းလည်း မရှိတော့ကြောင်း သူ ပြန်လည်သတိရသွား၏။
တုရှောင် ဖျောင်းဖျပြောဆိုလာရာ တုပိုင် ခေါင်းညိတ်လိုက်၏။ "အဖေ... အရမ်း ဝမ်းနည်းမနေပါနဲ့။ အနည်းဆုံးတော့ အန်တီ ယဲ့ဟိုင်ထန် လွတ်မြောက်သွားပြီပဲ။ သူ့ကို အတူတူ သင်္ဂြိုဟ်ပေးလိုက်ကြရအောင်"
ထို့နောက် သမီးဖြစ်သူနှင့်အတူ ယဲ့ဟိုင်ထန်၏ ရုပ်အလောင်းကို သင်္ဂြိုဟ်လိုက်ပြီး "ယဲ့ဟိုင်ထန်၏ အုတ်ဂူ" ဟူ၍ အုတ်ဂူမှတ်တိုင်တစ်ခုကို စိုက်ထူပေးလိုက်သည်။ တုပိုင် သူမ၏ အုတ်ဂူမှတ်တိုင်အား တိတ်ဆိတ်စွာ ကြည့်ရင်း ကတိပေးလိုက်၏။ "ငါ့ကို... ချစ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းအတွက် ငါ လက်စားချေပေးပါ့မယ်"
**--**--**--**--**--**--**--**
လင်းမိန် ဆိုင်ကယ်ကို တစ်ဖန် ပြန်လည်မောင်းနှင်ကာ တုပိုင်နှင့် တုရှောင်တို့အား မေပယ်ရွက်နယ်မြေ စခန်းဆီသို့ ခေါ်ဆောင်သွားလိုက်သည်။
တုပိုင် မေးမြန်းလိုက်သည်။ "လင်းမိန်... ဧကရာဇ်ထိုက်ခန်က တဖြည်းဖြည်းချင်း အင်အားကြီးလာတာလား။ ဒါမှမဟုတ် ချက်ချင်းပဲ အစွမ်းထက်လာခဲ့တာလား"
လင်းမိန် အသေးစိတ် ဖြေကြားပေးလာ၏။ "ချက်ချင်း အင်အားကြီးလာတာပါ။ ကမ္ဘာပျက်ကပ် စတင်ပြီး တစ်နှစ်အတွင်းမှာတင် ကမ္ဘာပေါ်က နိုင်ငံအားလုံး ပျက်စီးသွားခဲ့တယ်။ ပြီးတော့ သုံးနှစ်အတွင်းမှာ လူဦးရေရဲ့ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ သေဆုံးသွားခဲ့တယ်။"
"ဘာမျှော်လင့်ချက်မှလည်း မရှိတော့ဘူး။ သိုလှောင်ထားတဲ့ အစားအစာတွေ အားလုံးလည်း စားသုံးပြီးသွားပြီ။ မသေမျိုးတွေက နေရာတိုင်းနီးပါးကို သိမ်းပိုက်ထားခဲ့တာ။ အဲဒီအချိန်မှာ ဧကရာဇ်ထိုက်ခန် ပေါ်လာပြီး မျိုးဗီဇပြောင်း သစ်သီးတွေကို ယူဆောင်လာခဲ့တယ်။ သူက ခိုလှုံရာစခန်းတစ်ခုကို တည်ထောင်ပြီး မသေမျိုးတွေရဲ့ တိုက်ခိုက်မှုကို အစွမ်းထက်တဲ့ စွမ်းအားတွေနဲ့ တားဆီးပေးခဲ့တယ်။ အဲဒီနောက်တော့ အသက်ရှင်ကျန်ရစ်သူတွေက သူ့လက်အောက်မှာ တဖြည်းဖြည်း စုစည်းလာကြပြီး နှစ်နှစ်အတွင်းမှာတင် ထိုက်ခန်အင်ပါယာကို တည်ထောင်နိုင်ခဲ့တာပဲ"
တုပိုင် ထပ်မံမေးမြန်းလိုက်သည်။ "ထိုက်ခန်အင်ပါယာက ဘယ်လောက် ကြီးမားလဲ"
လင်းမိန် ချက်ချင်း ဖြေလာ၏။ "စတုရန်းကီလိုမီတာ ၂၃၀,၀၀၀ ခန့် ရှိပါတယ်"
တုပိုင် စိတ်ဝင်တစား ထပ်မေးလိုက်၏။ "သူ အရမ်း အစွမ်းထက်တာလား"
လင်းမိန် အလေးအနက်ထား ဖြေလာသည်။ "အရမ်းကို အစွမ်းထက်တာ။ သူ့ရဲ့ အဆင့်က ဘယ်လောက်ရှိလဲဆိုတာကို ကျွန်မတို့တောင် မသိကြဘူး။ ဘာလို့လဲဆိုတော့ သူက တစ်ကွက်ထက်ပိုပြီး ဘယ်တော့မှ မသုံးဖူးသလို အမြဲတမ်း ပွဲချင်းပြီးသတ်ပစ်နိုင်လို့ပဲ။ လူသားတွေထဲက အားကောင်းတဲ့သူနဲ့ ရင်ဆိုင်ရတာဖြစ်ဖြစ် ၊ မသေမျိုးတွေထဲက အစွမ်းထက်တဲ့ မိစ္ဆာကြီးတွေနဲ့ ရင်ဆိုင်ရတာဖြစ်ဖြစ်ပေါ့"
လင်းမိန် ဆိုင်ကယ်ကို အလွန် လျင်မြန်စွာ မောင်းနှင်နေသည်။ အကြောင်းမူကား မေပယ်ရွက် မျိုးနွယ်စုတစ်ခုလုံးသည် ကြီးမားသော အန္တရာယ်နှင့် ဒုက္ခများကို ရင်ဆိုင်ရတော့မည် ဖြစ်သောကြောင့်ပင်။
ပင်းရှီးမြို့စား၏ သားဖြစ်သူ လျန်ပိ သေဆုံးသွားပြီ ဖြစ်၏။ ယဲ့ဟိုင်ထန် သူ၏ လည်ပင်းကို ဆုပ်ကိုင်ထားသဖြင့် သူ မလှုပ်ရှားနိုင်သော်ငြား တုရှောင် သူ့ကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခြင်း ဖြစ်သည်။
အရေးကြီးဆုံးဖြစ်သည့် အကြီးအကဲ လင်းပိုင်နျန် ထွက်ပြေးလွတ်မြောက်သွားရာ သူသည် ပင်းရှီးမြို့စားထံသို့ အမြန်ဆုံး သွားရောက် သတင်းပို့မည်မှာ သေချာလှပေသည်။
ပင်းရှီးမြို့စား လျန်ကျင်း ဒေါသတကြီးဖြင့် မေပယ်ရွက် မျိုးနွယ်စုကို လာရောက် သတ်ဖြတ်နိုင်သောကြောင့် သူမအနေဖြင့် အမြန်ဆုံး အပြေးအလွှား ပြန်သွားရမည် ဖြစ်၏။
**--**--**--**--**--**--**--**
ခေါင်းဆောင်မလေး လင်းမိန် အလျင်အမြန် ပြန်လာသော်ငြားလည်း... နောက်ကျသွားသည်။
ပင်းရှီးမြို့မှ စစ်သည်ငါးရာသည် လင်းမိန်၏ မေပယ်ရွက်နယ်မြေ စခန်းကို ဝိုင်းရံထားကြ၏။ ဆိုင်ကယ်ရာပေါင်းများစွာ ၊ သံချပ်ကာကား ဆယ်ဂဏန်းခန့် ၊ ဂေါက်စ် ရိုင်ဖယ် ဆယ်လက်ကျော်နှင့် အဆင့်မြင့် သိုင်းပညာရှင် တစ်ရာကျော် ပါဝင်နေသည်။ ထိုအင်အားသည် သေးငယ်လှသော မေပယ်ရွက်နယ်မြေ စခန်းလေးကို အကြိမ်ပေါင်းများစွာ သုတ်သင်ရှင်းလင်းပစ်ရန် လုံလောက်နေသည်။
ဦးဆောင်လာသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ကားရှိပါလျက်နှင့် ကားမစီးဘဲ မြင်းတစ်ကောင်ကို စီးနင်းလာသည်။ ထိုမြင်းသည်လည်း မျိုးဗီဇပြောင်းလဲထားပြီး သာမန်မြင်းများထက် များစွာ ပို၍ အရပ်မြင့်မားနေလျက်ရှိ၏။
သူသည် ပိန်ပါးသော မျက်နှာ ၊ ချိုင့်ဝင်နေသော မျက်လုံးများနှင့် စွန်နှုတ်သီးပုံစံ နှာခေါင်းတစ်ခုကို ပိုင်ဆိုင်ထားသော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာမူ အစွမ်းထက်လှသော အရှိန်အဝါများဖြင့် ပြည့်နှက်နေ၏။ သူကား အနီးအနားရှိ စခန်းဆယ်ခုကျော်၏ ပူးတွဲပိုင်ရှင်နှင့် စခန်းဆယ်ခုကျော်တွင် နံပါတ်တစ် အစွမ်းထက်ဆုံးသူ ဖြစ်သည့် ပင်းရှီးမြို့စား လျန်ကျင်းပင် ဖြစ်သည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း (၈၅၁ + ၈၅၂) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
Mtl ကနေပြန်နေရတာဆိုတော့ အတော်လေး စိတ်ညစ်တယ်။ မူရင်း စာကြောင်းတွေက တစ်ကြောင်းနဲ့ တစ်ကြောင်း အချိတ်အဆက်က ရှိမနေဘူး။ ကျုပ်ဘာသာကျုပ် လိုက်ညှိနေရတာ။ ဒီကြားထဲ စာကြောင်းလိုက်ကြီးတွေ ပျောက်နေရင်လည်း အသွားအလာကို ကြည့်ပြီးတော့ မှန်းထည့်ပေးရသေးတယ်။ ဖတ်ရတာ အဆင်ပြေအောင်တော့ အကောင်းဆုံး လိုက်လုပ်ပေးနေပါတယ်ဗျ။ အဆင်မပြေတာတွေရှိရင် တောင်းပန်ပါတယ်ဗျာ။ သည်းခံပြီး ဆက်ဖတ်ပေးပါဦးဗျ။ 😉
ပြီးတော့ ဒီတစ်လောအရမ်း ပင်ပန်းနေလို့ note တွေ မရေးမိတာ တောင်းပန်ပါတယ်ဗျ။ Game Of Thrones, Lord of the rings ဘာညာတွေက ဇာတ်ကားတွေဖြစ်ပါတယ်။ စာဖတ်သူတွေလည်း ကြည့်ဖူးလောက်ကြမာပါဗျ။ မကြည့်ရသေးရင် ကြည့်ဖို့ညွှန်းပါတယ်။ တကယ်ကောင်းတဲ့ ဇာတ်ကားတွေပါပဲရယ်။
လက်ရှိအထိ အားပေးလာလို့ ကျေးဇူးအများကြီး တင်ပါတယ်ဗျ။ ^^