အခန်း (၈၅၃-၈၅၄)
Vol. 86 Ch. 853-854
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၅၃ + ၈၅၄)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ယဲ့ဟိုင်ထန်အား တိုက်ခိုက်ကာ ကျောက်သလင်းကို လုယူညှစ်ခွဲခဲ့သည့် အကြီးအကဲ လင်းပိုင်နျန်သည် မြို့စားလျန်ကျင်း၏ ဘေးတွင် ရပ်နေလျက် တုပိုင်ရှိရာသို့ လက်ညှိုးထိုးပြကာ တီးတိုး တိုင်တန်းနေ၏။
လင်းပိုင်နျန်က လျှောက်တင်လိုက်သည်။ "မြို့စားမင်း... ဟိုမိစ္ဆာဝိညာဉ်နဲ့ ပူးပေါင်းကြံစည်ခဲ့တာ ဒီလူမမာပါပဲ။ သူ့ဘေးက သမီးဖြစ်သူက မြို့စားမင်းရဲ့ သားတော်ကို သတ်ဖြတ်ခဲ့တာပါ"
မြို့စားလျန်ကျင်း သူ၏စစ်မြင်းကို ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားစေလိုက်ပြီး တုရှောင်အား ကြည့်ကာ မေးလိုက်သည်။ "ကောင်မလေး... ငါ့သား လျန်ပိကို မင်း သတ်ခဲ့တာလား"
တုရှောင်က မကြောက်မရွံ့ ပြန်ဖြေ၏။ "ဟုတ်တယ်... သူက သမီးအဖေကို အရင်လာတိုက်ခိုက်လို့ သမီး သူ့ကို သတ်လိုက်တာ"
ဘေးရှိ အကြီးအကဲ လင်းပိုင်နျန် ဝင်ပြောလိုက်သည်။ "ဒါတင်မကသေးဘူး။ သူ့အဖေက အဲဒီဝိညာဉ်မိစ္ဆာမနဲ့ ပူးပေါင်းပြီး ငါတို့လူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သေးတယ်"
မြို့စားလျန်ကျင်းက ခက်ထန်သောအသံဖြင့် ဆိုလိုက်သည်။ "လင်းမိန်... မင်းတို့ မျိုးနွယ်စုတစ်ခုလုံးကို ငါ အလွယ်တကူ သတ်ပစ်လို့ရတယ်။ မင်းတို့ဘက်က ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိဘူးနော်"
ထိုသည်မှာ ငြင်းမရသော အမှန်တရားပင် ဖြစ်၏။
မေပယ်ရွက် မျိုးနွယ်စုတစ်ခုလုံးတွင် ဂေါက်စ်ရိုင်ဖယ် နှစ်လက်သာ ရှိပြီး တစ်လက်မှာလည်း အသုံးမဝင်တော့ချေ။ ထို့အပြင် စခန်းတစ်ခုလုံး၌ စစ်သား ငါးဆယ်ပင် မပြည့်ပေ။ မြို့စားလျန်ကျင်း ခေါ်ဆောင်လာသည့် လူရာပေါင်းများစွာနှင့် ရင်ဆိုင်ရချိန်တွင် ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိသည်မှာ အမှန်ပင်ဖြစ်၏။
မြို့စားလျန်ကျင်းက ကြိမ်းဝါးလိုက်သည်။ "လင်းမိန်... သူတို့ သားအဖနှစ်ယောက်ကို အပ်လိုက်စမ်း။ ဒီကိစ္စက မင်းတို့ မေပယ်ရွက်နယ်မြေစခန်းနဲ့ ဘာမှမဆိုင်ဘူး။ ငါ့အမိန့်ကို ဖီဆန်ရဲရင်တော့ သေဖို့သာ ပြင်ထားလိုက်"
ခေါင်းဆောင်မလေး လင်းမိန်က ရှေ့သို့ တစ်လှမ်းတိုးကာ ရှင်းပြလိုက်သည်။ "မြို့စားမင်း... ကျွန်မပြောတာကို နားထောင်ပါဦး။ လျန်ပိနဲ့ လင်းပိုင်နျန်တို့က အရင်ဆုံး စတင်တိုက်ခိုက်ခဲ့ကြတာပါ..."
မြို့စားလျန်ကျင်းက ဖြတ်ပြောလိုက်သည်။ "မင်းရဲ့ ရှင်းပြချက်တွေကို ငါ နားမထောင်ချင်ဘူး" ထို့နောက် ခြိမ်းခြောက်လိုက်၏။ "ငါ မေးတာကိုပဲ ဖြေ။ ဒီနှစ်ယောက်ကို မင်း အပ်မှာလား ၊ မအပ်ဘူးလား။ မအပ်ရင်တော့ အကုန်သတ်ပစ်မယ်"
ခေါင်းဆောင်မလေး လင်းမိန်၏ မျက်နှာမှာ ရှုံ့မဲ့သွားရ၏။ သူမအနေဖြင့် လက်ရှိအခြေအနေသည် အမှန်တကယ်ပင် ရွေးချယ်ရခက်နေသည်။
သူမသည် တုရှောင်နှင့် တုပိုင်တို့အား စွန့်လွှတ်၍ မရသကဲ့သို့ သူမ၏ စခန်းရှိ လူများ အသတ်ခံရမည်ကိုလည်း လက်ပိုက်ကြည့်မနေနိုင်ပေ။
အကျပ်ရိုက်သွားသောကြောင့် သူမ ရှေ့သို့ ထွက်လာကာ ဆိုလိုက်၏။ "သူတို့ သားအဖကို အပ်ပါ့မယ်။ ဒါပေမဲ့ ကျွန်မကိုယ်တိုင်လည်း အဖမ်းခံပါ့မယ်။ ဘာလို့လဲဆိုတော့ လျန်ပိနဲ့ လင်းပိုင်နျန်ကို တိုက်ခိုက်တဲ့အထဲမှာ ကျွန်မလည်း ပါဝင်ခဲ့လို့ပါပဲ။ မြို့စားမင်းရဲ့သားကို သတ်တဲ့အထဲမှာ ကျွန်မလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်"
တုပိုင် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ထွက်လာကာ ပြောလိုက်သည်။ "ခေါင်းဆောင်လင်းမိန်ကို အကျပ်ကိုင်နေစရာ မလိုပါဘူး။ ကျွန်တော်တို့ဘာသာ ထွက်လာခဲ့ပါ့မယ်"
ထို့နောက် တုပိုင် သူ၏ သမီးဖြစ်သူ တုရှောင်၏ အရှေ့မှနေ၍ ကာကွယ်ရပ်တန့်လိုက်ပြန်၏။ သမီးလေး တုရှောင်သည်လည်း ရှေ့သို့ တိုးထွက်လာပြီး သူမ၏ ဖခင်နှင့် ယှဉ်တွဲ၍ ရပ်လိုက်၏။
မြို့စားလျန်ကျင်းက တုပိုင်အား စိုက်ကြည့်ကာ မေးလိုက်သည်။ "မင်းနာမည် ဘယ်လိုခေါ်လဲ"
တုပိုင် ဖြေလိုက်၏။ "တုယဲ့ပါ"
သူသည် နာမည်အစစ်ကို မပြောဘဲ ယဲ့ဟိုင်ထန်၏ နာမည်ထဲမှ စာလုံးတစ်လုံးကို ယူသုံးလိုက်ခြင်း ဖြစ်၏။
ဤမြို့စားလျန်ကျင်း၏ အစွမ်းထက်လှသော စွမ်းအင်အရှိန်အဝါကို တုပိုင် အာရုံခံလိုက်၏။ မည်မျှအထိ အစွမ်းထက်သနည်းဆိုသော်... တာ့နင်အင်ပါယာရှိ မဟာဆရာသခင် တစ်ဦးနှင့် ရင်ဘောင်တန်းနိုင်သည့်အဆင့်ပင် ဖြစ်၏။
မှန်ပေ၏။ မဟာဆရာသခင် အဆင့်ပင် ဖြစ်သည်။
ကမ္ဘာပျက်ကပ် စတင်သည်မှာ ဆယ့်ငါးနှစ်သာ ကြာမြင့်သေးသော်လည်း ၊ အခြားကမ္ဘာမှ စွမ်းအင်များသည် ဆယ့်ငါးနှစ်တိုင်တိုင် အလုံးအရင်းဖြင့် စီးဝင်နေခဲ့၏။ ထို့ကြောင့် ခေတ်သစ်ကမ္ဘာမြေရှိ လူသားများ၏ သိုင်းပညာမှာ ဤမျှအထိ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းပင် ဖြစ်၏။
ဤသည်မှာလည်း ပုံမှန်ပင် ဖြစ်ပေသည်။ အကြောင်းမူကား ဤနေရာရှိ ရွှမ်းချီအတွင်းအား သိပ်သည်းဆမှာ တာ့နင်အင်ပါယာထက် ဆယ်ဆမက ပိုမိုများပြားနေသောကြောင့် ဖြစ်၏။
ထို့အပြင် အခြားကမ္ဘာများမှ များပြားလှသော စွမ်းအင်များ စီးဝင်လာမှုနှင့် ရေတွက်မရနိုင်သော မိစ္ဆာများ ကျူးကျော်ဝင်ရောက်လာမှုတို့ကြောင့် ဤကမ္ဘာပေါ်ရှိ လူအနည်းငယ်မျှမှာ သွေးကြောမျိုးဗီဇ ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီး အလွန်မြင့်မားသော သိုင်းပညာပါရမီများကို ပိုင်ဆိုင်လာကြသည်။ ရလာဒ်အနေဖြင့် မဟာဆရာသခင်အဆင့် သိုင်းပညာရှင်များ ပေါများစွာ ထွက်ပေါ်လာတော့သည်။
မြို့စားလျန်ကျင်းက မေးသည်။ "တုယဲ့... ငါ့ရဲ့ အကြီးအကဲ လင်းပိုင်နျန်က မင်းကို အဲဒီဝိညာဉ်မိစ္ဆာနဲ့ ပူးပေါင်းကြံစည်နေတယ်လို့ ပြောတယ်။ အဲဒီအတွက် မင်း ဘာပြောစရာရှိလဲ"
တုပိုင် ရှင်းပြလိုက်သည်။ "မရှိပါဘူး။ ဒါပေမဲ့ သူ အသက်ရှင်နေတုန်းက ကျွန်တော့်ရဲ့ အတန်းဖော် ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။ ပြီးတော့ သေဆုံးသွားပြီးနောက် ဝိညာဉ်အဖြစ်နဲ့ ကျွန်တော့်ဆီ ရောက်လာခဲ့တာ"
ဤသည်မှာ လျှို့ဝှက်ချက် တစ်ခုမဟုတ်ပေ။ မေပယ်ရွက်နယ်မြေ စခန်းမှ လူအများအပြား ဤအကြောင်းကို ကြားသိထားပြီး ဖြစ်၏။
မြို့စားလျန်ကျင်းက ကောက်ချက်ချလိုက်သည်။ "အဲဒီတော့ မင်းကို ရှာဖို့အတွက် အဲဒီဝိညာဉ်က ငါ့ပိုင်နက်ထဲက လူတစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သဘောပေါ့"
တုပိုင် မျက်မှောင်ကြုတ်သွားရ၏။ ဤသည်မှာ လူထောင်ပေါင်းများစွာကို သတ်ဖြတ်သည့် ပြစ်မှုကြီးအား သူ၏ ခေါင်းပေါ်သို့ လွှဲချရန် ကြိုးစားနေခြင်းလော။
မြို့စားလျန်ကျင်းက ဆက်ပြောလိုက်သည်။ "မစ္စတာ တုယဲ့... မင်းက ဖခင်တစ်ယောက်ဖြစ်သလို ငါကလည်း ဖခင်တစ်ယောက်ပဲ။ မင်းရဲ့သမီးက ငါ့သားကို သတ်ခဲ့တယ်။ ပြီးတော့ အဲဒီဝိညာဉ်က မင်းကို ရှာဖို့အတွက် ငါ့ပိုင်နက်ထဲက လူတစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့တယ်။ ဒီစာရင်းကိုတော့ ရှင်းရလိမ့်မယ်"
တုပိုင် မေးလိုက်သည်။ "ဒါဆို မြို့စားမင်းက ဒီစာရင်းကို ဘယ်လိုမျိုး ရှင်းချင်တာလဲ"
မြို့စားလျန်ကျင်း အမိန့်ပေးလိုက်သည်။ "ပထမအချက်အနေနဲ့... အသတ်ခံလိုက်ရတဲ့ နယ်မြေနှစ်ခုက လူတစ်ထောင်ရှိတဲ့ စခန်းတစ်ခုပဲ။ အဲဒီအတွက် မင်း ပြန်လျော်ပေးရမယ်"
မြို့စားလျန်ကျင်း ပြောဆိုလိုက်သည်။ "ဒါကြောင့် မင်းကို လန်ဟူနယ်မြေရဲ့ နယ်စားသစ်အဖြစ် ခန့်အပ်လိုက်တယ်။ အခုလောလောဆယ် မင်းလက်အောက်က ပြည်သူဆိုလို့ မင်းသမီးပဲ ရှိသေးတယ်။ သုံးလအတွင်းမှာ ဒီစခန်းကို လူတစ်ထောင်ပြည့်အောင် မင်း စုဆောင်းရမယ်။ ခြောက်လအတွင်းမှာမှ မလုပ်နိုင်ရင်ပဲဖြစ်ဖြစ် ၊ မင်း ထွက်ပြေးသွားရင်ပဲဖြစ်ဖြစ်... လင်းမိန်ရဲ့ မေပယ်ရွက် မျိုးနွယ်စုတစ်ခုလုံးကို ငါ သတ်ပစ်မယ်"
ယင်းကို ကြားလိုက်ရချိန်တွင် တုပိုင် အလွန်တရာ တုန်လှုပ်အံ့အားသင့်သွားရ၏။ သူ့ကို သတ်ဖြတ်မည့်အစား နယ်စားသစ်အဖြစ် ခန့်အပ်လိုက်သည်လော။
လန်ဟူနယ်မြေ စခန်းဆိုသည်မှာ ယဲ့ဟိုင်ထန်၏ သုတ်သင်ရှင်းလင်းမှုကြောင့် လုံးဝ ပျက်စီးသွားခဲ့ရသည့် စခန်းပျက်ကြီးတစ်ခုသာ ဖြစ်၏။
ထို့နောက် မြို့စားလျန်ကျင်း သူ၏ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး သူ၏ဘေးရှိ အကြီးအကဲ လင်းပိုင်နျန်အား ပိုင်းချလိုက်၏။
"ရွှပ်..."
လင်းပိုင်နျန်မှာ မည်သို့မျှပင် တုံ့ပြန်နိုင်စွမ်း မရှိလိုက်ဘဲ သူ၏ ဦးခေါင်းမှာ ကောင်းကင်ထက်သို့ လွင့်စင်သွားရတော့၏။
မြို့စားလျန်ကျင်းက ကျယ်လောင်စွာ ကြေညာလိုက်သည်။ "အခုအချိန်က လူသားတွေရဲ့ ယဉ်ကျေးမှု မျိုးတုံးပျောက်ကွယ်လုနီးပါး အန္တရာယ်ကြုံနေရတဲ့အချိန်ဖြစ်တယ်။ ဒါကိုတောင်မှ လင်းပိုင်နျန်က အမှားအမှန်ကို လိုရာဆွဲပြီး လုပ်ကြံဖန်တီးနေတုန်းပဲ။ မြို့စားနဲ့ စခန်းတွေကြားက ဆက်ဆံရေးကို ဖျက်ဆီးတဲ့အတွက် သူ့ကို သေဒဏ်ပေးလိုက်တာပဲ"
ချက်ချင်းပင် လူအများမှာ မြို့စားလျန်ကျင်းအား အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်မိကြပြီး နောက်တွင်မူ လေးစားကြည်ညိုစိတ်များ ဖြစ်ပေါ်လာကြတော့၏။
ဤလူအပေါ် တုပိုင်၏ အမြင်မှာလည်း များစွာ ပြောင်းလဲသွားရ၏။ ဤသူသည် အမှားနှင့် အမှန်ကို ပြတ်ပြတ်သားသား ခွဲခြားတတ်သူတစ်ဦး ဖြစ်၏။ အကြီးအကဲ လင်းပိုင်နျန်အား အမှန်တကယ်ပင် ကွပ်မျက်လိုက်လိမ့်မည်ဟု တုပိုင် လုံးဝ ထင်မှတ်မထားခဲ့ချေ။
ထို့နောက် မြို့စားလျန်ကျင်းက တုပိုင်အား လှမ်းကြည့်ကာ ဆက်ပြောလိုက်သည်။ "ဒုတိယအချက်အနေနဲ့... မင်းရဲ့သမီးက ငါ့သားကို သတ်ခဲ့တယ်။ ဒီနေရာမှာ ဘယ်သူမှားတယ် ၊ ဘယ်သူမှန်တယ်ဆိုတာကို ငါ သိပါတယ်။ ငါ့သားဘက်က မှားတာ ဖြစ်နိုင်ပေမဲ့ ၊ အမှန်တရားကတော့ အမှန်တရားပါပဲ။ ငါ့သား အသတ်ခံလိုက်ရပြီ။ ဒါကြောင့် ဖခင်တစ်ယောက်အနေနဲ့ မင်းနဲ့ငါ တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရမယ်။ အကယ်၍ ငါရှုံးခဲ့ရင် မင်းက ပင်းရှီးမြို့ရဲ့ မြို့စားသစ်ပဲ။ ငါနိုင်ခဲ့ရင်တော့ မင်း သေရမယ်"
မြို့စားလျန်ကျင်းက ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ အခုချက်ချင်း မင်းနဲ့ငါ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ဆိုတာက လုံးဝ တရားမျှတမှု မရှိဘူးလေ။ ခြောက်လပြည့်တဲ့အခါ မင်းနဲ့ငါ တိုက်ခိုက်ကြမယ်။ နိုင်တဲ့သူ ရှင်ပြီး ရှုံးတဲ့သူ သေရမယ်"
သုံးလအတွင်း လူတစ်ထောင်ပြည့်အောင် စခန်းတစ်ခုကို တိုးချဲ့ရမည်။ ခြောက်လပြည့်လျှင် တုပိုင်နှင့် လျန်ကျင်းတို့ ယှဉ်ပြိုင်တိုက်ခိုက်ရမည်။.ဤသည်မှာ မြို့စားလျန်ကျင်းက လုံးဝမဖြစ်နိုင်သော တာဝန်နှစ်ရပ်ကို ပေးအပ်လိုက်ခြင်းပင် ဖြစ်၏။
ကမ္ဘာပျက်ကပ်ကာလဖြစ်ရာ စခန်းသစ်တစ်ခု၌ နှစ်အနည်းငယ်အတွင်း လူရာဂဏန်းအထိ တိုးပွားလာရန်ပင် အလွန်ခက်ခဲလှပေသည်။ ထို့ထက်ပို၍ စိတ်ပျက်ဖွယ်ကောင်းသည်မှာ ကမ္ဘာပျက်ကပ်စတင်သည်မှာ ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ရာ လူအများစုမှာ သေဆုံးကုန်ကြပြီဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများမှာလည်း အစွမ်းထက်သည့် အဖွဲ့အစည်းအသီးသီးထံ၌ ဝင်ရောက်ခိုလှုံနေကြပြီ ဖြစ်၏။
မြို့စားလျန်ကျင်းက ဆက်ပြောလိုက်သည်။ "အဲဒီဝိညာဉ်က မင်းနဲ့ ဘယ်လိုပတ်သက်နေလဲဆိုတာ အရေးမကြီးသလို ၊ သူ ဘယ်လိုသေသွားခဲ့လဲဆိုတာလည်း အရေးမကြီးဘူး။ ဘာပဲဖြစ်ဖြစ် သူ သေသွားခဲ့ပြီလေ။ ဒါကြောင့် မင်းသမီးကိုလည်း သေဒဏ်ကနေ ကင်းလွတ်ခွင့် ပေးလိုက်မယ်။ အခု ချက်ချင်း လန်ဟူနယ်မြေ စခန်းကို ထွက်သွားတော့။ အခုချက်ချင်း သွား"
မေပယ်ရွက်စခန်းမှ ခေါင်းဆောင်မလေးလင်းမိန်က ဆိုင်ကယ်ကို ချက်ချင်း စက်နှိုးလိုက်ပြီး တုပိုင်နှင့် တုရှောင်တို့အား မိုင်လေးဆယ်ကျော် ကွာဝေးသော လန်ဟူနယ်မြေ စခန်းသို့ လိုက်ပို့ရန် ပြင်ဆင်လိုက်၏။
မြို့စားလျန်ကျင်းက တားမြစ်လိုက်သည်။ "လိုက်ပို့စရာမလိုဘူး။ သူတို့ သားအဖနှစ်ယောက်တည်း သွားရမယ်။ မေပယ်ရွက် မျိုးနွယ်စုအနေနဲ့ လူတစ်ယောက် ၊ မျိုးဗီဇပြောင်း သစ်သီးတစ်လုံး ဒါမှမဟုတ် လက်နက်တစ်ခုကိုမှ ထောက်ပံ့ပေးခွင့် မရှိဘူး"
တုပိုင် ခေါင်းညိတ်လိုက်၏။
သို့သော် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သူ မေးလိုက်ဆဲပင်။ "ဘာဖြစ်လို့လဲ"
မြို့စားလျန်ကျင်းကက ရှင်းပြ၏။ "လူသူကင်းမဲ့နေတဲ့ နယ်မြေတစ်ခုကို သုံးလအတွင်း လူတစ်ထောင်ပြည့်အောင် တိုးချဲ့ရမယ်။ မင်းက လူမမာဘဝကနေ လွတ်မြောက်လာကာစပဲ ရှိသေးတယ်။ ခြောက်လအတွင်း ငါ့ကို ယှဉ်ပြိုင်တိုက်ခိုက်ပြီး အနိုင်ယူချင်တယ်ဆိုတာက လုံးဝ စိတ်ကူးယဉ်ဆန်လွန်းတယ်။ ဒါပေမဲ့ ငါက ဘာလို့ ဒီလို စည်းကမ်းချက်တွေကို သတ်မှတ်လိုက်ရတာလဲဆိုတာကို မင်း သိချင်နေတာမလား"
တုပိုင် ခေါင်းညိတ်လိုက်၏။
မြို့စားလျန်ကျင်း ဆက်ပြောလိုက်သည်။ "ငါ အတည်ပြောနေတာ။ အကယ်၍ မင်းသာ မလုပ်နိုင်ခဲ့ရင် မေပယ်ရွက်နယ်မြေ စခန်းကို ငါ သေချာပေါက် ဖျက်ဆီးပစ်မယ်။ ယှဉ်ပြိုင်တိုက်ခိုက်တဲ့အခါမှာလည်း ငါ လုံးဝ သနားညှာတာနေမှာ မဟုတ်ဘူး။ မင်း သေချင်စိတ်မရှိဘူးဆိုရင်တော့ မင်းကိုယ်မင်း အစွမ်းကုန် မြှင့်တင်ဖို့ပဲ ရှိတော့တယ်"
တုပိုင် ဆက်မေးလိုက်သည်။ "ဘာလို့လဲ"
မြို့စားလျန်ကျင်း ဆို၏။ "မင်းက ထူးခြားတယ်။ ဒါပေမဲ့ ဒီလောက်ကိုမှ မလုပ်နိုင်ဘူးဆိုရင်တော့ မင်းမှာ ဘာထူးခြားမှုမှ မရှိဘူးလို့ပဲ သတ်မှတ်ရလိမ့်မယ်။ အဲဒီအတွက် သေသွားရင်တောင် နှမြောစရာမကောင်းဘူး"
ထို့နောက် သူ မြင်းကို ချက်ချင်း လှည့်ကာ ထွက်သွားရန် ပြင်လိုက်၏။
"ငါ တကယ်ပြောနေတာ။ မင်း မလုပ်နိုင်ရင် မင်းကို ငါ တကယ်သတ်မှာ... တုပိုင်"
ထို့နောက် မြို့စားလျန်ကျင်း မြင်းကိုဒုန်းစိုင်းကာ သူ၏ စစ်သည်ငါးရာနှင့်အတူ ထွက်ခွာသွားတော့၏။
ချက်ချင်းပင် တုပိုင်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများပင် ထသွားရ၏။
အကြောင်းမူကား နောက်ဆုံးတွင် မြို့စားလျန်ကျင်းက သူ၏ နာမည်ရင်းကို ခေါ်ဝေါ်သွားသောကြောင့်ပင်။ ဤသည်က မြို့စားလျန်ကျင်းသည် သူ၏အကြောင်းကို သိရှိနေကြောင်း သက်သေပြနေ၏။ ဤအရာ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်ကား မည်သည်နည်း။
**--**--**--**--**--**--**--**
ခေါင်းဆောင်လင်းမိန်က ပြောလာသည်။ "မစ္စတာတု... ရှောင်ရှောင်... ရှင်တို့ကို ကျွန်မ တကယ် ကူညီပေးချင်ပါတယ်။ ဒါပေမဲ့... တောင်းပန်ပါတယ်"
တုပိုင် မေးလိုက်သည်။ "ကျွန်တော် နားလည်ပါတယ်။ ခေါင်းဆောင်မလေး သိသလောက်ဆိုရင် မြို့စားလျန်ကျင်းက ဘယ်လိုလူမျိုးလဲ"
လင်းမိန် ဖြေလိုက်သည်။ "သူက အရမ်း အစွမ်းထက်တယ်။ ဧကရာဇ်ထိုက်ခန်ရဲ့ သက်တော်စောင့်တပ်ကနေ လာခဲ့တာ။ သူက အမြဲတမ်း စိတ်ကူးပေါက်ရာ လုပ်တတ်တဲ့သူမျိုးပဲ"
ဤအချက်က မည်သည့်အရာကို ကိုယ်စားပြုနေသနည်း။
ဧကရာဇ်ထိုက်ခန်က တုပိုင်၏ တည်ရှိမှုကို သိရှိနေပြီလော။ အကယ်၍ ထိုသို့ဆိုလျှင် သူက မည်သည်ကိုလုပ်ချင်နေခြင်းသည်နည်း။
လင်းမိန် သတိပေးလိုက်သည်။ "ဒီကနေ လန်ဟူနယ်မြေ စခန်းကို မိုင် ၄၀ ကျော် ဝေးတယ်။ မှောင်မသွားခင် အမြန်ဆုံး သွားကြပါ။ မှောင်သွားရင် လမ်းမှာ မသေမျိုးဖုတ်ကောင်တွေ ပိုများလာလိမ့်မယ်"
တုရှောင် ရှေ့သို့ တိုးသွားကာ လင်းမိန်အား ညင်သာစွာ ဖက်လိုက်ရင်း နှုတ်ဆက်လိုက်သည်။ "ဆရာမ... နှုတ်ဆက်ပါတယ်"
လင်းမိန်သည်လည်း သူမ အချစ်ရဆုံး တပည့်လေးအား တင်းကျပ်စွာ ပြန်လည်ဖက်တွယ်လိုက်ပြီး တိုးညှင်းစွာ ဆိုလိုက်၏။ "ဂရုစိုက်သွားပါ ရှောင်ရှောင်... မင်းအဖေကိုလည်း ကာကွယ်ပေးလိုက်ပါ။ သူက အရမ်းကို ထူးခြားတဲ့သူ ဖြစ်ရမယ်"
ထို့နောက် တုရှောင်က ဆက်လက်ပြီး မေပယ်ရွက်နယ်မြေ စခန်းရှိ စစ်သားများအား နှုတ်ဆက်လိုက်သည်။ "အားလုံးပဲ... နှုတ်ဆက်ခဲ့ပါတယ်"
စစ်သားများ၏ မျက်လုံးများမှာ အနည်းငယ် နီရဲနေကြပြီး နှမြောတသဖြစ်မှုများဖြင့် ပြည့်နှက်နေကြ၏။ အထူးသဖြင့် လူငယ်စစ်သားအချို့၏ မျက်လုံးများတွင် အချစ်များဖြင့် ပြည့်နှက်နေသော်လည်း သူတို့အနေဖြင့် လုံးဝ ဖွင့်ပြောရဲခြင်း မရှိကြချေ။
ရှောင်ရှောင်သည် အလွန်လှပရုံသာမက အလွန်အမင်း အစွမ်းထက်လှသော ပါရမီကိုပါ ပြသထားနိုင်ခဲ့ရာ ဤလူငယ်စစ်သည်များမှာ ရင်ထဲ၌ တိတ်တခိုး ချစ်မြတ်နိုးရုံသာ တတ်နိုင်ကြ၏။
တုရှောင်က တောက်ပစွာ ပြုံးလိုက်၏။ "အဖေ... သွားကြရအောင်"
ထို့နောက် မေပယ်ရွက် မျိုးနွယ်စုမှ လူအားလုံး၏ အကြည့်များအောက်တွင် တုရှောင်နှင့် တုပိုင်တို့ ထွက်ခွာသွားကြပြီး မိုင် ၄၀ ကျော် ကွာဝေးသော လန်ဟူနယ်မြေဆီသို့ ဦးတည်သွားကြလိုက်ကြတာ့သည်။
**--**--**--**--**--**--**--**
မိုင်အနည်းငယ်မျှ လမ်းလျှောက်ပြီးနောက် တုပိုင်၏ စစ်မှန်သောချီစွမ်းအင်များ ခန်းခြောက်သွားတော့၏။ သူသည် နှစ် ၂၀ တိုင်တိုင် လူမမာဘဝဖြင့် နေထိုင်ခဲ့ရသဖြင့် သူ၏ ခြေလက်အင်္ဂါများမှာ လုံးဝ သိမ်ငယ်နေပြီ ဖြစ်၏။ သူ၏ အတွင်းအားများ ကုန်ခမ်းသွားသည်နှင့် တစ်ပြိုင်နက် သူ၏ ခြေလက်များမှာ လုံးဝ အားနည်းပျော့ခွေသွားတော့၏။
တုရှောင် ပြောလိုက်သည်။ "အဖေ... သမီး ကုန်းပိုးသွားမယ်"
တုပိုင် တုံ့ဆိုင်းသွား၏။
တုရှောင် ဆက်ပြောလာသည်။ "အရင်ကလည်း သမီး အဖေ့ကို နေ့တိုင်းနီးပါး ကုန်းပိုးထားခဲ့တာပဲလေ"
ထို့နောက် သမီးဖြစ်သူသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ တုပိုင်အား သူမ၏ ကျောပေါ်သို့ တင်ကာ ရှေ့သို့ ပြေးထွက်သွားတော့၏။
ရှောင်ရှောင်သည် အရပ်ရှည်ကာ သွယ်လျသော်လည်း အမှန်တကယ်ပင် ခွန်အားကြီးမားလှပေရာ တုပိုင်အား ကုန်းပိုးထားလျက်နှင့် လျင်မြန်စွာ ပြေးလွှားနိုင်ပေ၏။
တုပိုင်၏ ရင်ထဲတွင်မူ နာကျင်ကြေကွဲမှုနှင့်အတူ ဂုဏ်ယူမှုများလည်း ပြည့်နှက်နေ၏။
'သမီးလေးက ကြီးပြင်းလာပြီး သန်မာလာပြီပဲ...'
တုပိုင်အား ကုန်းပိုးထားရင်းဖြင့် ရှောင်ရှောင်သည် လန်ဟူနယ်မြေ စခန်းဆီသို့ အပြေးအလွှား သွားရောက်ရာ အမှောင်မကျမီမှာပင် လန်ဟူနယ်မြေ စခန်းအနီးသို့ ရောက်ရှိလာတော့၏။
ကမ္ဘာပျက်ကပ်ကာလ၏ အမှောင်ညများမှာ အလွန် အန္တရာယ်များလှသည်။ အကြောင်းမူကား ညဘက်တွင် မြေအောက်မှနေ၍ အစွမ်းထက်လှသော မသေမျိုးများစွာ ထွက်ပေါ်လာတတ်သောကြောင့်ပင် ဖြစ်၏။
နှစ်နာရီကျော် အဆက်မပြတ် ပြေးလွှားလာပြီးနောက်တွင်မူ.သူတို့နှစ်ဦးသည် တုပိုင် ပိုင်ဆိုင်သည့် နယ်မြေဖြစ်သော လန်ဟူနယ်မြေဆီသို့ ရောက်လာကြပြီ ဖြစ်၏။
ရှောင်ရှောင်သည် သူမ၏ ဖခင်ကို ကုန်းပိုးထားရင်း အရှေ့ဘက်ရှိ မြင့်မားသော တံတိုင်းတံခါးကြီးအား ကြည့်လိုက်၏။ အထဲမှမူ မည်သည့်အသံမျှ ထွက်ပေါ်မလာချေ။
ဤနေရာကား သေဆုံးနေသော အပျက်အဆီးနယ်မြေတစ်ခုပင် ဖြစ်တော့၏။
**--**--**--**--**--**--**--**
လန်ဟူနယ်မြေစခန်းသည် မူလကမ္ဘာပျက်ကပ်မတိုင်မီ၌ လူတစ်သောင်းနီးပါး နေထိုင်ခဲ့ကြသော မြို့ငယ်လေးတစ်မြို့ ဖြစ်၏။
မြို့ထဲတွင် စူပါမားကတ်အချို့ရှိပြီး အများစုမှာ လေးထပ် သို့မဟုတ် ငါးထပ် အဆောက်အအုံများ ဖြစ်ကြသာ်။ လူသွားလမ်းမတစ်ခုလည်း ရှိသေးသည်။ ရှုခင်းလှပသော ဒေသနှင့် နီးကပ်သည့်အတွက်ကြောင့် ဟိုတယ်အချို့နှင့် ဆယ်ထပ် အဆောက်အအုံ နှစ်ခုလည်း ရှိသေး၏။ တရုတ်ပြည် အရှေ့ပိုင်းရှိ အခြားမြို့များနှင့် မည်သို့မျှ ကွာခြားမှုမရှိချေ။ ကမ်းရိုးတန်းမြို့များလောက် မစည်ကားသော်ငြား အလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ မြို့များထက်မူ များစွာ သာလွန်ကောင်းမွန်လှ၏။
ဤမြို့လေးတွင် အိမ်များ ၊ သန့်ရှင်းသော ရေနှင့် စိုက်ပျိုးမြေများ ရှိသောကြောင့် ထိုက်ခန်အင်ပါယာမှ ရှင်းလင်းကာ စခန်းတစ်ခုအဖြစ် ဖန်တီးခဲ့ခြင်း ဖြစ်လေသည်။
မြို့စားလျန်ကျင်းသည် ကိုယ်တိုင်ဦးစီးကာ လူထောင်ပေါင်းများစွာကို အသုံးပြု၍ မြို့၌ ပတ်လည် လေးကီလိုမီတာရှိသော တံတိုင်းမြင့်ကြီးကို တစ်နှစ်တိုင်တိုင် အချိန်ယူ တည်ဆောက်ခဲ့ရ၏။
လန်ဟူနယ်မြေ စခန်းတွင် အများဆုံးအနေဖြင့် လူ ၇၀၀ သို့မဟုတ် ၈၀၀ ခန့် နေထိုင်ခဲ့ကြဖူး၏။ သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်က လေလွှင့်မဟာမိတ်အဖွဲ့နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် လူနှစ်ရာ ၊ သုံးရာခန့် သေဆုံးသွားခဲ့ရာ လူငါးရာခန့်သာ ကျန်ရှိတော့သည်။
ထို့ပြင် လွန်ခဲ့သော လဝက်ခန့် ယဲ့ဟိုင်ထန်သည် မည်သူမျှ သတိမပြုမိနိုင်သော နည်းလမ်းများဖြင့် တစ်ညတည်းနှင့် စခန်းတစ်ခုလုံးရှိ လူငါးရာစလုံးကို သတ်ဖြတ်ပစ်ခဲ့ရာ ဤနေရာသည် တစ္ဆေမြို့ပျက်ကြီး ဖြစ်သွားရတော့သည်။
ယခုအခါ ဤတစ္ဆေမြို့ပျက်ကြီးသည် တုပိုင်နှင့် သူ၏သမီးတို့ ပိုင်ဆိုင်သော နယ်မြေ ဖြစ်လာပြီဖြစ်၏။
တုရှောင် ရှေ့သို့တိုးကာ တံခါးကို ဖွင့်လိုက်၏။
"အားးးး ဟားးးးးးး"
ရုတ်တရက်ပင် အမှောင်ရိပ် ဆယ်ခုကျော်ခန့်က လျင်မြန်စွာ ပြေးထွက်လာကြ၏။ မသေမျိုးဖုတ်ကောင်များ ဖြစ်ကြသည်။ သူတို့၏ အမြန်နှုန်းမှာ အလွန် လျင်မြန်လှရာ မျက်စိတစ်မှိတ်အတွင်းမှာပင် တုပိုင်တို့ သားအဖဆီသို့ ပြေးဝင်လာကြ၏။
ဤမသေမျိုးများသည် အလွန် ရွံရှာဖွယ်ကောင်းပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ သဘာဝကပ်ဘေး ဗိုင်းရပ်စ်များဖြင့် ပြည့်နှက်နေ၏။ အကုတ်ခံရသည်ဖြစ်စေ ၊ အကိုက်ခံရသည်ဖြစ်စေ... သူတို့ကဲ့သို့ပင် သွေးရိုင်းဖုတ်ကောင်များ ဖြစ်သွားကြမည် ဖြစ်၏။
ထို့ကြောင့် ဤနေရာရှိ လူများ သေဆုံးသွားပြီးနောက် ဖုတ်ကောင်အဖြစ် ပြောင်းလဲမသွားစေရန် အလောင်းများကို မီးရှို့ပစ်ကြရ၏။
ရှောင်ရှောင် ဓားကို ရုတ်ချည်း ဆွဲထုတ်လိုက်သော်လည်း ရုတ်တရက် စိုးရိမ်ထိတ်လန့်သွားရ၏။
သူမ တစ်ယောက်တည်းဆိုလျှင် ဤသွေးရိုင်းဖုတ်ကောင် ဆယ်ကောင်ကျော်ကို ကြောက်ရွံ့နေမည် မဟုတ်ပေ။ သို့သော် သူမ၏ ဖခင်ကို ကုန်းပိုးထားရသဖြင့် လှုပ်ရှားရ အဆင်မပြေဖြစ်နေပြီး ဤသွေးရိုင်းဖုတ်ကောင်များကို ရှောင်တိမ်းရန် ခက်ခဲနေ၏။
သို့သော် နောက်တစ်စက္ကန့်တွင်မူ အလွန်လျင်မြန်လှသော သွေးရိုင်းဖုတ်ကောင်များအားလုံးမှာ နေရာမှာပင် အေးခဲရပ်တန့်သွားကြလေ၏။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၅၃ + ၈၅၄) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team