အခန်း (၈၅၇-၈၅၈)
Vol. 86 Ch. 857-858
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၅၇ + ၈၅၈)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ထိုလေလွင့်ဗိုလ်ချုပ်သည် အလွန်အစွမ်းထက်လွန်းသောကြောင့် ကျန်းရှောင်မန် မည်သို့မျှ မခုခံနိုင်ခဲ့ချေ။ ယခုအခါတွင်မူ ကျန်းရှောင်မန်၏ ရင်တွင်း၌ ယောက်ျားသားများအပေါ် ရွံရှာမုန်းတီးမှုတို့ အမြစ်တွယ်နေပြီဖြစ်ကာ ယောက်ျားသားများ၏ အထိအတွေ့ကိုပင် အလွန်အမင်း စက်ဆုပ်ရွံရှာနေမိသည်။
ဤသို့ဖြစ်ရခြင်း၏ အဓိကဇစ်မြစ်မှာ အထက်တန်းကျောင်းသူဘဝက ကြုံတွေ့ခဲ့ရသော ကျန်းရှောင်မန်၏ ပထမဆုံးအချစ်ဦးကြောင့်ပင် ဖြစ်၏။ ထိုစဉ်က ကျန်းရှောင်မန်သည် မီတာ ၈၀၀ နှင့် ၁၀၀၀ အပြေးပြိုင်ပွဲများတွင် ထူးချွန်သော အားကစားမယ်လေးတစ်ဦး ဖြစ်သည်။
အရွယ်နှင့်မလိုက်အောင် ခန္ဓာကိုယ်အချိုးအစား ပြေပြစ်ကျနကာ ရုပ်ရည်ချောမောလှပလွန်းလှသဖြင့် ကျန်းရှောင်မန်ကို ကျောင်း၏ အလှဘုရင်မလေးအဖြစ်ပင် တင်စားခဲ့ကြ၏။
အရွယ်ရောက်စ မိန်းမပျိုလေးပီပီ ကျန်းရှောင်မန်လည်း အခြားသူများနည်းတူ သူမထက် အတန်းငယ်ပြီး ရုပ်ရည်ချောမောခန့်ညားသည့် ကောင်လေးတစ်ယောက်အပေါ် စိတ်ဝင်စားမိသွားခဲ့သည်။ ထိုကောင်လေးမှာ ရုပ်ရည်ချောမောရုံသာမက ဆွေးရိပ်သန်းနေသော မျက်နှာသွင်ပြင်လေးရှိပြီး ပါရမီလည်း အလွန်ထူးချွန်လှ၏။
စာမကျက်ဘဲနှင့်ပင် အတန်းထဲ၌ ပထမအဆင့်ကို အလွယ်တကူရနိုင်စွမ်းရှိသလို ၊ လစဉ် ဆောင်းပါးများရေးသား၍လည်း ယွမ်ငွေထောင်ချီ ရှာဖွေနိုင်သည့်အပြင် စန္ဒရားကိုလည်း ကျွမ်းကျင်စွာ တီးခတ်နိုင်သေးသည်။
အတိုချုပ်ဆိုရလျှင် မိန်းကလေးတိုင်း၏ အိပ်မက်မင်းသားလေးပင် ဖြစ်ပေသည်။ ထိုကောင်လေးက သူမထံ ချဉ်းကပ်လာကာ ချစ်ခွင့်ပန်လာသောအခါတွင်မူ ကျန်းရှောင်မန်တစ်ယောက် အလွန်အမင်း ရင်ခုန်လှုပ်ရှားသွားခဲ့ရတော့၏။
ပထမဆုံးအကြိမ် နှစ်ယောက်တည်း ချိန်းတွေ့ရမည်ဖြစ်သဖြင့် ကျန်းရှောင်မန်မှာ လွန်စွာ ရင်ခုန်စိတ်လှုပ်ရှားနေကာ မျှော်လင့်ချက်များစွာလည်း ထားရှိခဲ့၏။ ကျန်းရှောင်မန်ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မိတ်ကပ်လိမ်းခြယ်ခဲ့ကာ မိခင်ဖြစ်သူ၏ ရေမွှေးကိုပင် ခိုးဆွတ်သွားခဲ့သေးသည်။ သို့သော် ထိုချိန်းတွေ့မှုသည် ကျန်းရှောင်မန်အတွက် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်လာခဲ့တော့၏။
ချိန်းတွေ့သည့်အခါ ကျန်းရှောင်မန်၏ အိပ်မက်မင်းသားလေးထံမှ သာယာနာပျော်ဖွယ် စကားတစ်ခွန်းမျှ ထွက်မလာခဲ့သလို ၊ အနမ်းများ ၊ ကြင်နာယုယမှုများလည်း လုံးဝ မရှိခဲ့ချေ။ ထို့အစား ထိုကောင်လေးက ကျန်းရှောင်မန်အား ဘောင်းဘီချွတ်ပြရန် အတင်းအဓမ္မ စေခိုင်းတော့၏။
ထိုကောင်လေး၏ လေသံမှာ အလွန်အာဏာရှင်ဆန်လွန်းလှပြီး ကျန်းရှောင်မန်အား လုံးဝ ငြင်းဆန်ခွင့် မပေးခဲ့ချေ။ လောကတွင် မည်သူကများ ဤကဲ့သို့ ချိန်းတွေ့ကြမည်နည်း။ ကျန်းရှောင်မန်မှာ ရုတ်တရက် အံ့အားသင့်မှင်သက်သွားကာ မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ဘဲ အလိုအလျောက် နောက်ဆုတ်ကာ ခုခံလိုက်မိ၏။
ထိုအခါ ထိုကောင်လေးက ကျန်းရှောင်မန်အား တစ်ချက်ကြည့်ကာ ရွံရှာစက်ဆုပ်ဟန်ဖြင့် ပြောလာသည်။
"အမရဲ့ တင်ပါးက ဘာလို့ ဒီလောက် မည်းနေတာလဲ။ ပြီးတော့ အဖုအပိမ့်တွေလည်း ရှိနေပါလား"
ထို့နောက် ထိုကောင်လေးသည် ချက်ချင်းပင် လှည့်ထွက်သွားတော့၏။
ထိုအခါက ကျန်းရှောင်မန် ဝမ်းနည်းပက်လက် ငိုကြွေးရင်း အော်ဟစ်လိုက်ခဲ့သည်။ "နင် ရူးနေတာလား"
လူတစ်ယောက်၏ တင်ပါးမှာ အဘယ်ကြောင့်များ မည်းနေရမည်နည်း။ နေ့စဉ်နေ့တိုင်း ထိုင်ခုံပေါ်၌ အချိန်ကြာမြင့်စွာ ထိုင်နေရသောကြောင့် အရာအနည်းငယ် ထင်နေခြင်းသာ ဖြစ်၏။ ထို့အပြင် မည်သည့် အဖုအပိမ့်မျှ မရှိခဲ့ဘဲ ပေါင်ခြံတစ်ဝိုက်၌ ကြက်သီးထနေခြင်းသာ ဖြစ်သည်။ ဤသည်ကား ကျန်းရှောင်မန်ဘဝတွင် အမျိုးသားတစ်ဦးနှင့် ပတ်သက်၍ ပထမဆုံး ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံပင် ဖြစ်သည်။
ထို့နောက် တက္ကသိုလ်ရောက်ချိန်တွင် ဒုတိယမြောက် စိတ်ဖောက်ပြန်နေသူအဖြစ် ကျန်းရှောင်မန်၏ နည်းပြဖြစ်သူနှင့် ကြုံတွေ့ခဲ့ရပြန်၏။ လေလွင့်မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ပြီးနောက်တွင်လည်း ကျန်းရှောင်မန်ဘဝ၏ တတိယမြောက် စိတ်ဖောက်ပြန်နေသူအဖြစ် ကျန်းရှောင်မန်၏ ကိုယ်ပိုင်ဆရာရင်းနှင့် ထပ်မံဆုံတွေ့ခဲ့ရပြန်သည်။
ထိုကဲ့သို့ သောက်ကျိုးနည်း အမျိုးသားသုံးဦးနှင့် ကြုံတွေ့ပြီးနောက်တွင်မူ ကျန်းရှောင်မန် ယောက်ျားများအပေါ်၌ လုံးဝ စိတ်ပျက်အားငယ်သွားခဲ့ကာ ရွံရှာမုန်းတီးမှုများနှင့် တွန်းလှန်ငြင်းပယ်လိုစိတ်များသာ ပြည့်နှက်နေခဲ့တော့သည်။ ထို့ကြောင့် ကျန်းရှောင်မန် နေ့စဉ်နှင့်အမျှ သိုင်းပညာကျင့်ကြံခြင်းနှင့် စွန့်စားသွားလာခြင်းများတွင်သာ မိမိကိုယ်ကိုယ် နစ်မြုပ်ထားလိုက်တော့၏။
ကျန်းရှောင်မန်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
"သွားမယ်... ဒီည လန်ဟူစခန်းကို သွားကြမယ်"
ထို့နောက် မလှမ်းမကမ်းရှိ လန်ဟူနယ်မြေဆီသို့ လေလွင့်အဖွဲ့ဝင် သိုင်းသမား ရှစ်ဆယ်ခန့်နှင့်အတူ အလျင်အမြန် ချီတက်သွားတော့၏။
ညဉ့်အချိန်သို့ ရောက်သောအခါ တုပိုင် သမီးဖြစ်သူအား ပုံပြင်ပြောသိပ်လိုက်ရာ မကြာမီမှာပင် ကောင်မလေး အိပ်မောကျသွားတော့သည်။ သို့သော် တုပိုင်မှာမူ မျက်စိကြောင်ကာ အိပ်မပျော်နိုင်ဘဲ ဖြစ်နေ၏။ ဆယ်ရက်တိုင်တိုင် ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း တုပိုင်၏ နယ်မြေအတွင်းသို့ လူတစ်ဦးတစ်ယောက်ကိုမျှ စုဆောင်းနိုင်ခြင်း မရှိသေးချေ။ ထို့အပြင် မျှော်မှန်းထားသည့် သားရဲဆန်းများကိုလည်း မတွေ့ရသဖြင့် တုပိုင်၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် လိုအပ်သော စွမ်းအင်ကျောက်သလင်းများကိုပင် ရှာဖွေနိုင်ခြင်း မရှိပေ။
"ငါ ပိုသန်မာလာဖို့ လိုတယ်။ ဒီထက်ပိုပြီး သန်မာလာဖို့ လိုအပ်တယ်"
'လူတစ်စုပဲဖြစ်ဖြစ် ၊ အစွမ်းထက်တဲ့ သားရဲဆန်းတစ်ကောင်ပဲဖြစ်ဖြစ် ရောက်လာစမ်းပါ'
ထိုခဏ၌ပင်... လူတစ်စု လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို တုပိုင် အာရုံခံမိလိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် တုပိုင်တို့သားအဖနှစ်ဦးမှာ လူရှစ်ဆယ်ကျော်၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီး သေနတ်ဆယ်လက်ကျော်ဖြင့်လည်း ချိန်ရွယ်ခံထားရသည်။ ထိုစဉ် အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။
"ဒီနယ်မြေကို လေလွင့်မဟာမိတ်အဖွဲ့က သိမ်းလိုက်ပြီ။ ပစ္စည်းတွေ အကုန်ထားခဲ့ပြီး မင်းတို့နှစ်ယောက် ထွက်သွား... မဟုတ်ရင် သေဖို့သာ ပြင်ထား။ ဖယောင်းတိုင် ထွန်းလိုက်စမ်း။ သူတို့ဆီမှာ ဘာရှိလဲရှာပြီး အကုန်သိမ်းခဲ့"
ဖယောင်းတိုင်မီး ထွန်းလိုက်သည်နှင့် အခန်းတစ်ခုလုံး လင်းထိန်သွား၏။ အလွန်အစွမ်းထက်သော လေလွင့်ဗိုလ်မှူး ကျန်းရှောင်မန်သည် တုပိုင်၏ မျက်နှာကို မြင်လိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားပြီး မယုံနိုင်လွန်းသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တုန်ယင်သွားတော့သည်။
တုပိုင်မှာ ကျန်းရှောင်မန်အား ဘဝတစ်လျှောက်လုံး မေ့မရနိုင်သော စိတ်ဒဏ်ရာများ ရရှိစေခဲ့သည့် အချစ်ဦးဆိုသော မိစ္ဆာကောင်ပင် ဖြစ်နေ၏။ တုပိုင် မသေသေးဘဲ ရန်သူဟောင်းနှင့် လမ်းကျဉ်း၌ ဤကဲ့သို့ ထိပ်တိုက်တိုးရလိမ့်မည်ဟု ကျန်းရှောင်မန် လုံးဝ ထင်မှတ်မထားခဲ့ချေ။
"တုပိုင်... လူယုတ်မာ ၊ စိတ်ဖောက်ပြန်နေတဲ့ကောင်... နင် ဖြစ်နေတာကိုး။ သေလိုက်စမ်း"
တစ်ချိန်တည်းမှာပင် ပြိုင်ဘက်ကင်းသော ပုံရိပ်ယောင်သားရဲဆန်းကြီးတစ်ကောင်သည် ကျန်းရှောင်မန်တို့အဖွဲ့၏ သွေးနံ့ကို အာရုံခံမိသွားပြီး လန်ဟူနယ်မြေ စခန်းဆီသို့ လျင်မြန်စွာ ပြေးဝင်လာ၏။ ပုံရိပ်ယောင်သားရဲဆန်းကြီး၏ အဟုန်မှာ လျှပ်စီးလက်သကဲ့သို့ပင် လျင်မြန်လွန်းလှသည်။
--------------
ပင်းရှီးမြို့စား၏ ရဲတိုက်ကြီး။
ကမ္ဘာပျက်ကပ်ကြီး မတိုင်မီက ဤရဲတိုက်ကြီးမှာ မရှိခဲ့ဘဲ ယခုမှ အသစ်တည်ဆောက်ထားခြင်း ဖြစ်၏။ ရဲတိုက် တည်ဆောက်ရာတွင် အသုံးပြုထားသော အထူးကျောက်တုံးများမှာ အခြားကမ္ဘာမှ စွမ်းအင်များဖြင့် ခိုင်ခံ့အောင် စီမံထားသောကြောင့် အလွန်တရာ မာကျောလှကာ အမြောက်ဒဏ်ကိုပင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိသည်။
အနက်ရောင် ရဲတိုက်ကြီး၏ အမြင့်ဆုံး ထိပ်ပိုင်း၌မူ... မြို့စားလျန်ကျင်းက ကြမ်းပြင်ထက်၌ ငြိမ်သက်စွာ ထိုင်နေ၏။
မြို့စားလျန်ကျင်း၏ ဘေးနားတွင်မူ လှပသော အမျိုးသမီးတစ်ဦးက ဒေါသတကြီး အော်ဟစ်နေလျက်ရှိသည်။
"ရှင် ဘာလို့ တုပိုင်တို့ကို မသတ်ပစ်ခဲ့တာလဲ။ ဘာလို့ အရှင်လွှတ်ပေးခဲ့တာလဲ။ အဲဒီခွေးမက ကျွန်မတို့သားကို သတ်ခဲ့တာလေ။ သားအတွက် ကလဲ့စားချေဖို့ အဲဒီခွေးမကို ဘာလို့ မသတ်ရတာလဲ။ ရှင် အလွယ်လေး လုပ်နိုင်ရက်သားနဲ့ ဘာလို့ လွှတ်ပေးခဲ့ရတာလဲ"
မြို့စားလျန်ကျင်းကမူ မျက်လုံးများကို မှိတ်ထားလျက် မည်သို့မျှ တုံ့ပြန်ခြင်း မရှိချေ။
ထိုအမျိုးသမီးက ဆက်လက် အော်ဟစ်တောင်းဆိုနေ၏။
"အခုချက်ချင်း သွားပြီး အဲဒီ ခွေးသားအဖ နှစ်ယောက်လုံးကို သတ်ပစ်လိုက်စမ်းပါ"
ထိုအခါ မြို့စားလျန်ကျင်း မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ကာ ခပ်ပြတ်ပြတ် ပြောလိုက်၏။
"ထွက်သွားစမ်း"
ထိုစကားကြောင့် အမျိုးသမီးမှာ အလွန်အမင်း ဒေါသထွက်သွားသော်လည်း မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားကာ အပြင်သို့ ခပ်သုတ်သုတ် ထွက်သွားပြီး တံခါးကို ဆောင့်ပိတ်လိုက်တော့၏။ ထိုအမျိုးသမီး ထွက်သွားသည်နှင့် တစ်ပြိုင်နက် မြို့စားလျန်ကျင်း ချက်ချင်း ဒူးထောက်ချလိုက်ကာ ကြမ်းပြင်ပေါ် နဖူးအပ်ကာ ဝပ်တွား၍ အရိုအသေပေးလိုက်၏။
ချက်ချင်းဆိုသလိုပင် ရဲတိုက်ထိပ်ရှိ လေဟာပြင်မှာ တွန့်လိမ်သွားတော့၏။ ထို့နောက် အခန်းထဲ၌ ဧရာမ ပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်မှာ ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင် သံချပ်ကာဝတ်စုံဖြင့် ဖုံးလွှမ်းထားကာ အမှောင်လောကဘုရင်ကြီးတစ်ပါးနှင့်ပင် တူနေ၏။ ပုံရိပ်ယောင်မျှသာ ဖြစ်သော်ငြား လူများကို အသက်ရှူကျပ်သွားစေနိုင်လောက်အောင် ဖိနှိပ်လွှမ်းမိုးနိုင်သော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
"ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်"
ဤပုံရိပ်ပိုင်ရှင်ကား လူသားမျိုးနွယ်၏ အမြင့်ဆုံးသော စွမ်းအားရှင် ၊ လူသန်းပေါင်းများစွာ၏ အရှင်သခင်နှင့် လူသားမျိုးနွယ်တို့၏ နောက်ဆုံးကျန်ရှိနေသော ကာကွယ်စောင့်ရှောက်သူ ဧကရာဇ်ထိုက်ခန်ပင် ဖြစ်လေ၏။
"မြို့စားလျန်ကျင်းဆီက သတင်းလွှာကို ကိုယ်တော် ရခဲ့တယ်။ တုပိုင် နိုးလာပြီပေါ့လေ" ထိုက်ခန် ပြောလိုက်၏။ ထိုက်ခန်၏ အသံမှာ ထူးခြားနေပြီး သတ္တုနှစ်ခု ပွတ်တိုက်သံကဲ့သို့ အေးစက်မာကျောနေသည်။
မြို့စားလျန်ကျင်းက ပြန်လည် လျှောက်တင်လိုက်၏။
"မှန်လှပါ ဧကရာဇ်မင်းမြတ်။ ကျွန်တော်မျိုး တုပိုင်ကို သုံးလအတွင်း လူတစ်ထောင်ပါတဲ့ စခန်းတစ်ခု တည်ဆောက်ဖို့ ခိုင်းစေထားပါတယ်။ ပြီးရင် နှစ်ဝက်အကြာမှာ တုပိုင်ကို စတင်တိုက်ခိုက်ပါ့မယ်"
ဧကရာဇ်ထိုက်ခန် မေးလိုက်သည်။ "မြို့စားလျန်ကျင်းက ဒီလို မဖြစ်နိုင်တဲ့ စည်းကမ်းချက်မျိုးကို ဘာလို့ တောင်းဆိုခဲ့တာလဲ။ ထူးဆန်းမနေဘူးလား"
"မှန်လှပါ ဧကရာဇ်မင်းမြတ်" မြို့စားလျန်ကျင်း ဆက်လက် လျှောက်တင်လိုက်၏။ "တုပိုင် တကယ်ပဲ ကံကောင်းခြင်းတွေ ပိုင်ဆိုင်ထားသလား ဆိုတာကို ကျွန်တော်မျိုး စမ်းသပ်ကြည့်ချင်လို့ပါ"
ထို့နောက် ဧကရာဇ်ထိုက်ခန်၏ အသံမှာ အနည်းငယ် စိတ်လှုပ်ရှားလာဟန်ဖြင့် ထွက်ပေါ်လာ၏။
"ဒါပေမဲ့ ကိုယ်တော် နှစ်ဝက်အထိ မစောင့်နိုင်တော့ဘူး။ မကြာခင် တုပိုင်ကို သွားတွေ့မယ်။ အဲဒီလောက် အချိန်အကြာကြီး ကိုယ်တော် ဆက်မစောင့်နိုင်တော့ဘူး"
--------------
ကမ္ဘာပျက်ကပ်ကြီး အပြီးတွင် ကျန်းရှောင်မန်သည် ကံကောင်းသူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်လာခဲ့ကာ မျိုးဗီဇပြောင်းလဲ နိုးထလာခဲ့ပြီး အစွမ်းထက်သော စွမ်းရည်များကို ရရှိခဲ့သည်။ ထို့ကြောင့် စိတ်ဖောက်ပြန်နေသော ကျန်းရှောင်မန်၏ အချစ်ဦးသာ ရှေ့မှောက်သို့ ရောက်လာခဲ့ပါက ထိုကောင်စုတ်လေးကို အရှင်လတ်လတ် ဆွဲဖြဲပစ်မည်ဟု အကြိမ်ရေ မရေမတွက်နိုင်အောင်ပင် တွေးတောခဲ့ဖူး၏။
လေလွင့်အဖွဲ့ဝင်တစ်ဦးအနေဖြင့် လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း ကျန်းရှောင်မန် လူများစွာကို သတ်ဖြတ်ခဲ့ပြီး သူမ၏ ဆရာရင်းကိုပင် သတ်ဖြတ်ခဲ့ပြီး ဖြစ်၏။ သူမ၏ ဆန္ဒများ တကယ်ဖြစ်လာမည်ဟု ကျန်းရှောင်မန် လုံးဝ ထင်မှတ်မထားခဲ့သော်လည်း တုပိုင်ဆိုသည့် ထိုလူယုတ်မာက သူမရှေ့၌ အမှန်တကယ်ပင် ပေါ်လာသည်။
ကျန်းရှောင်မန် သူမ၏ သေနတ်ဖြင့် တုပိုင်၏ နဖူးတည့်တည့်သို့ ချိန်ရွယ်ကာ အေးစက်စွာ ပြောလိုက်၏။
"လူယုတ်မာ... သေပေတော့"
ထိုစဉ် တုရှောင် အပြေးအလွှား ရောက်လာပြီး လက်ထဲရှိ ဓားမြှောင်ဖြင့် ကျန်းရှောင်မန်ထံသို့ တည့်တည့် လှမ်းထိုးလိုက်၏။
"ဝှစ်"
ကျန်းရှောင်မန် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး တုရှောင်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်၏။ ထို့နောက် ကျန်းရှောင်မန် တုရှောင်၏ မျက်နှာကို စူးစိုက်ကြည့်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။
"လူယုတ်မာ တုပိုင်... နင်က ဒီလို ကောင်မလေးငယ်ငယ်လေးကိုတောင် မရှောင်ဘူးပေါ့"
ထိုအခါ တုရှောင်က ကျယ်လောင်စွာ ပြန်လည်အော်ဟစ်လိုက်၏။
"ဘာတွေ လာရူးနေတာလဲ။ သူက သမီးရဲ့အဖေ"
ကျန်းရှောင်မန်မှာ အံ့သြမှင်သက်သွားရ၏။
တုပိုင်က သူမ၏ မျက်နှာကို သေချာ ကြည့်လိုက်၏။ သူမမှာ အလွန်တရာ လှပလွန်းလှပြီး အထူးသဖြင့် သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ မိစ္ဆာမလေးတစ်ပါးကဲ့သို့ ညှို့အားပြင်းလှကာ ခွန်အားများဖြင့် ပြည့်နှက်နေပုံရသည်။
သို့သော် သူမ မည်သူနည်း။
ချက်ချင်းဆိုသလိုပင် သူ မှတ်မိသွား၏။
အထက်တန်းကျောင်းတက်စဉ်က ပြေးခုန်ပစ် အားကစားမယ်လေးဖြစ်ခဲ့ပြီး အရွယ်နှင့်မလိုက်အောင် ခန္ဓာကိုယ် ပြေပြစ်ကျနကာ ကျောင်း၏အလှဘုရင်မလေးဟု တင်စားခံခဲ့ရသော စီနီယာအစ်မပင် ဖြစ်သည်။
ထိုအချိန်က သူသည် ဗီဒီယိုရုံများသို့ သွားကာ ဇာတ်ကားအချို့ကို ကြည့်ရှုလေ့ရှိ၏။ အမျိုးသမီးများ၏ ခန္ဓာကိုယ်နှင့် ပတ်သက်၍ အလွန်အမင်း သိချင်စိတ်ပြင်းပြနေသည့် အရွယ်ဖြစ်ရာ ခန္ဓာကိုယ် အချိုးအစား အပြည့်စုံဆုံးဖြစ်သော သူမအား အလိုအလျောက်ပင် စိတ်ဝင်စားသွားခဲ့ခြင်း ဖြစ်သည်။ သေချာသည်မှာ နောက်ပိုင်းဖြစ်ပျက်ခဲ့သည်များကို ဆက်ပြောနေရန်ပင် မလိုအပ်တော့ချေ။
သူက သူမအား ဘောင်းဘီချွတ်ခိုင်းလိုက်ပြီးနောက် အလွန်တရာ စိတ်ပျက်ဖွယ်ကောင်းသည့် စကားတစ်ခွန်းကို ပြောဆိုခဲ့မိ၏။
"အစ်မရဲ့ တင်ပါးက ဘာလို့ ဒီလောက် မည်းနေတာလဲ။ ပြီးတော့ အဖုအပိမ့်တွေလည်း အများကြီး ရှိနေပါလား"
ရိုးရိုးသားသား ဆိုရလျှင် အထက်တန်းကျောင်းသား အရွယ်ကောင်လေးများစွာမှာ အလွန်တရာ မျက်စိနောက်ဖွယ် ကောင်းလှပြီး အထူးသဖြင့် ပါရမီအနည်းငယ် ပါလာသူများမှာ မိမိကိုယ်ကိုယ် အလွန်တော်သည်ဟု ထင်မှတ်နေတတ်ကြ၏။
မိမိကိုယ်ကိုယ် အထင်ကြီးကာ ခေါင်းမာတတ်ကြပြီး ထိုကောင်လေးများ၏ ကိုယ်ပိုင်ဟန်ကိုပင် အလွန်မိုက်သည်ဟု ယူဆနေတတ်ကြသည်။ ထိုအချိန်က သူသည်လည်း ထိုကဲ့သို့သော လူစားမျိုးဖြစ်ပြီး လုံးဝကို ဆယ်ကျော်သက်သဘာဝ ဆရာကြီးအထာဖမ်းချင်သည့် ရောဂါမျိုး စွဲကပ်နေသူပင် ဖြစ်၏။
သို့သော် သူက သူမ၏ မျက်နှာကို မှတ်မိသော်လည်း သူမ၏ နာမည်ကိုမူ ရုတ်တရက် ပြန်စဉ်းစား၍ မရနိုင်ဖြစ်နေ၏။ 'ကျန်း... ဘယ်သူပါလိမ့်။'
ကျန်းရှောင်မန်မှာ ဒေါသပေါက်ကွဲမတတ် ဖြစ်သွားရ၏။
"နင် ငါ့ကိုတောင် မမှတ်မိဘူးလား"
တုပိုင်က ရိုးသားစွာပင် ဆိုလိုက်၏။ "အထက်တန်းကျောင်းက စီနီယာအစ်မ... ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်။ ငယ်ရွယ်ခါက မိုက်မဲမှုကြောင့် အစ်မကို နာကျင်စေခဲ့မိတယ်ဗျာ"
သူမက ဒေါသတကြီးဖြင့် ဟစ်အော်လိုက်၏။ "အခုမှ လာတောင်းပန်နေတာလား။ နောက်ကျသွားပြီ... သေလိုက်တော့"
ထို့နောက် သူမသည် တုပိုင်၏ ခေါင်းကို ပစ်ခွဲပစ်ရန် သေနတ်ခလုတ်ကို ဆွဲညှစ်လိုက်၏။
သို့သော် သူမသည် စိတ်ကို ကြိမ်ဖန်များစွာ တင်းထားခဲ့သော်လည်း သေနတ်ခလုတ်ကို လုံးဝ ဆွဲမညှစ်နိုင်ခဲ့ချေ။ အဘယ်ကြောင့် ဤသို့ ဖြစ်ရပါသနည်း။ သူမသည် မျက်တောင်တစ်ချက်မခတ်ဘဲ လူများကို အမြဲတစေ သတ်ဖြတ်ခဲ့သူ ဖြစ်၏။
ထို့အပြင် ကျန်းရှောင်မန်သည် တုပိုင်၏ အရိုးများကို အရှင်လတ်လတ် ဆွဲထုတ်ကာ ခေါင်းကို သေနတ်ဖြင့် ပစ်ခွဲပစ်မည်ဟု စိတ်ကူးထဲ၌ အကြိမ်မည်မျှပင် တွေးတောခဲ့ဖူးသနည်း။ ယခု သူ့အား တစ်ချက်တည်း ပစ်သတ်လိုက်ခြင်းကပင် သူ့အပေါ် အလွန် သက်ညှာရာ ကျနေပြီ ဖြစ်သည်။
တုပိုင်က တည်ငြိမ်စွာ မှတ်ချက်ချလိုက်၏။
"အရပ်နည်းနည်း ပိုရှည်လာပြီး ပိုရင့်ကျက်လာတာကလွဲရင် အစ်မက တကယ်ကို သိပ်မပြောင်းလဲသွားပါဘူး"
တကယ်တမ်းတွင်မူ ကျန်းရှောင်မန်၌ ကြီးမားသော ပြောင်းလဲမှုများ ရှိနေပေသည်။ ဥပမာဆိုရလျှင် ခန္ဓာကိုယ်အချိုးအစားမှာ အထက်တန်းကျောင်းသူဘဝကထက် များစွာ ပိုမိုဆွဲဆောင်မှုရှိလာကာ လှပတင့်တယ်လာသည်။ သို့တိုင် သူမ၏ ရုပ်ဆင်းသွင်ပြင်မှာ အလွန်နုပျိုနေဆဲဖြစ်ပြီး ကြည့်ရသည်မှာ အလွန်ဆုံးမှ အသက် နှစ်ဆယ့်ခုနစ် ၊ နှစ်ဆယ့်ရှစ်နှစ် အရွယ်ခန့်သာ ရှိသေးပုံရ၏။
ကျန်းရှောင်မန်သည်လည်း တုပိုင်ကို အကဲခတ်ကြည့်လိုက်ရာ သူ အတော်လေး ပြောင်းလဲသွားကြောင်း သတိပြုမိလိုက်၏။ အရပ် ၆ ပေနီးပါးခန့်ရှိသူတစ်ယောက်အတွက် ကိုယ်အလေးချိန်မှာ ပေါင်တစ်ရာပင် ပြည့်ပါ့မလားဟု ထင်ရလောက်အောင် အလွန်အမင်း ပိန်ချုံးနေသည်။ လေတစ်ချက်တိုက်လိုက်သည်နှင့်ပင် လွင့်ပါသွားမည့်အလား ထင်မှတ်ရ၏။
ထိုမျှမက သူသည် အထက်တန်းကျောင်းတုန်းကထက် ပို၍ ဆွေးရိပ်သန်းနေသော ဟန်ပန်မျိုး ရှိနေသော်လည်း မျက်လုံးများမှာမူ များစွာ ပိုမိုနူးညံ့ကာ နက်ရှိုင်းနေ၏။ သို့သော် ယခင်ကလောက် လုံးဝ မချောမောတော့ဘဲ အလွန်အမင်း ပိန်ချုံးကာ အင်မတန် သနားစရာ ကောင်းနေလျက်ရှိသည်။
ကျန်းရှောင်မန်က အမိန့်ပေးလိုက်၏။ "နင့်ကို ဒီလောက် သနားစရာကောင်းတဲ့ ပုံစံမျိုးနဲ့ မြင်လိုက်ရတော့ ငါ့စိတ်ထဲ တော်တော်လေး ကျေနပ်သွားတယ်။ နင်က ဒီလောက်တောင် သနားစရာကောင်းနေမှတော့ နင့်ကို အသက်ချမ်းသာပေးလိုက်မယ်။ ဒါပေမဲ့ အခုချက်ချင်း ငါ့ရှေ့ကနေ ထွက်သွားစမ်း... ဒီစခန်းကို ငါတို့ လေလွင့်အဖွဲ့က သိမ်းပိုက်လိုက်ပြီ"
ထိုစဉ် တုရှောင်က ဝင်မေးလိုက်၏။ "အန်တီ... အန်တီက သမီးအဖေကို သိလို့လားဟင်"
အန်တီဟု အခေါ်ခံရသောကြောင့် ကျန်းရှောင်မန်မှာ ကျိန်ဆဲပစ်လိုက်ချင်စိတ် ပေါက်သွားသော်လည်း ကလေးမလေး၏ လှပသော မျက်နှာလေးနှင့် တောက်ပသော မျက်ဝန်းများကို မြင်လိုက်ရသောအခါ ဒေါသမထွက်ရက်တော့ချေ။
အလွန်ချစ်စရာကောင်းပြီး အပြစ်ကင်းစင်လှသော ကောင်မလေးပင် ဖြစ်၏။ တုပိုင်ကဲ့သို့ လူယုတ်မာကောင်ဆီတွင် ဤမျှ သန့်စင်သော သမီးမျိုး မည်သို့လုပ်၍ ရှိနေနိုင်ရသနည်း။
သူမက နှာခေါင်းတစ်ချက်ရှုံ့ကာ ပြန်ဖြေလိုက်၏။ "ဟွန့်... သိတာပေါ့။ ငါက သူ့ကို အရိုးဆွေးသွားရင်တောင် မှတ်မိသေးတယ်"
တုရှောင်က တောင်းပန်စကား ဆို၏။
"အန်တီ... အရင်တုန်းက အဖေက အန်တီ့အပေါ် ဘာတွေများ အမှားလုပ်ခဲ့မိလို့လဲဟင်။ သမီးက အဖေ့ကိုယ်စား အန်တီ့ကို တောင်းပန်ပေးလို့ ရမလား"
"မလိုပါဘူး။ အခု သူ့ကို ဒီလောက် သနားစရာကောင်းနေတဲ့ ပုံစံနဲ့ မြင်လိုက်ရတော့ ငါ အရမ်းကို စိတ်သက်သာရာ ရသွားတယ်။ ဒါကြောင့် သူ့ကို အသက်ရှင်ခွင့် ပေးလိုက်တာ"
ထိုအခါ တုရှောင်က ချွဲနွဲ့ကာ ဆက်ပြောလိုက်၏။
"ဒါပေမဲ့ ဒါက သမီးတို့အိမ်လေ။ အန်တီက သမီးတို့ကို မောင်းထုတ်လိုက်ရင် သမီးနဲ့ အဖေ့မှာ နေစရာအိမ် မရှိဘဲ ဖြစ်သွားမှာပေါ့"
တုရှောင်၏ မျက်လုံးလေးများမှာ ဝိုင်းစက်နေပြီး ဖြူစင်ရိုးသားမှုများဖြင့် ပြည့်နှက်နေ၏။ စင်စစ် သူမသည် သူတို့ မောင်းထုတ်မခံရရန် ဆန္ဒရှိရုံသာမက ကျန်းရှောင်မန်၏ လူစုကိုပါ ဤနေရာ၌ ဆက်လက်နေထိုင်စေလိုခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ တုပိုင်သည် ဤစခန်းကို သုံးလအတွင်း လူတစ်ထောင်အထိ တိုးတက်လာစေရန် ရည်ရွယ်ထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူမရှေ့ရှိ ဤလူ ဒါဇင်ပေါင်းများစွာကို အချည်းနှီး လက်လွတ်ခံ၍ မဖြစ်နိုင်ချေ။
'သူ နေစရာအိမ်မရှိတာ ငါနဲ့ဆိုင်လို့လား'
ကျန်းရှောင်မန်မှာ ထိုသို့ ဒေါသတကြီး အော်ဟစ်ပစ်လိုက်ချင်သော်လည်း ကလေးမလေး၏ အပြစ်ကင်းစင်သော မျက်လုံးလေးများကို မြင်လိုက်ရချိန်တွင် စကားများ လည်ချောင်းဝတွင် တစ်ဆို့သွားရပြန်၏။ ထို့ကြောင့် သူမက ခပ်မာမာသာ နှင်ထုတ်လိုက်သည်။
"တုပိုင်... နင် ဒီအခန်းထဲက ထွက်သွားစမ်း။ နင့်လို လူယုတ်မာကောင်နဲ့ တစ်မိုးတည်းအောက်မှာ အတူတူ မနေချင်ဘူး"
သမီးဖြစ်သူက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း တုပိုင်က ပြုံးလိုက်ကာ မတ်တပ်ရပ်ပြီး အပြင်သို့ ထွက်သွား၏။ မည်သို့ပင်ဆိုစေ ဤစခန်း၌ အခန်းများစွာ ရှိနေသေးရာ လောလောဆယ်တွင် ထိပ်တိုက်ရင်ဆိုင် ပြဿနာရှာရန် မလိုအပ်သေးချေ။ ထို့အပြင် သူသည် ကျန်းရှောင်မန်အပေါ်၌ အပြစ်ရှိသလို ခံစားနေရဆဲပင် ဖြစ်၏။
--------------
ထို့နောက် ကျန်းရှောင်မန်နှင့် သူမ၏ လူများသည် မီးဖိုကာ အသားများကို ကင်စားနေကြ၏။ တုပိုင်နှင့် သူ၏ သမီးဖြစ်သူတို့မှာမူ ဘေးခန်းတွင် တီးတိုး စကားပြောနေကြသည်။
တုရှောင်၏ မျက်ဝန်းများတွင် သိချင်စိတ်များ ပြည့်နှက်နေပြီး မေးလိုက်၏။
"အဖေ... အဖေက အန်တီ့ကို စိတ်နာအောင် လုပ်ခဲ့ဖူးလို့လားဟင်"
တုပိုင်က ခပ်တိုတိုသာ ဖြေလိုက်၏။ "အဖေ ငယ်ငယ်တုန်းက မိုက်မဲခဲ့လို့ပါ"
"အဖေ... သမီးကို ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ပြောပြပါလား"
သူက သတိပေးလိုက်၏။ "ကလေးက လူကြီးကိစ္စတွေကို ဘာလို့ ဒီလောက်တောင် သိချင်နေရတာလဲ။ အတိုချုပ်ပြောရရင် သမီးသာ ဆရာကြီးအထာဖမ်းပြီး မိုက်ချင်ယောင်ဆောင်နေတဲ့ ရုပ်ချောချောကောင်လေးမျိုးတွေနဲ့ တွေ့ရင် ခပ်ဝေးဝေးကသာ ရှောင်သွား။ ဒါမှမဟုတ်ရင်လည်း မြေကြီးပေါ် လဲကျသွားတဲ့အထိသာ ပါးရိုက်ပစ်လိုက်။ အဲဒီလို လူယုတ်မာမျိုးတွေကို သွားမကြိုက်နဲ့"
တုရှောင်က မှတ်ချက်ချလိုက်၏။ "အမေနဲ့ တွေ့ပြီးမှ အဖေက လူကောင်းတစ်ယောက် ဖြစ်လာတာ သေချာတယ်"
တုပိုင်က ဝန်ခံလိုက်၏။ "သမီးအမေနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်းမှာတောင် အဖေက လူကောင်းတစ်ယောက် မဟုတ်ခဲ့ပါဘူး"
တုရှောင်က ဆက်ပြောလိုက်၏။ "အဖေက အကောင်းဆုံး ယောကျ်ားပါပဲ။ အမေက သမီးကို ဒီလိုပဲ ပြောခဲ့တာ။ သမီး အရမ်းငယ်ငယ်တုန်းကဆို အမေက သမီးကို အဖေ့အကြောင်း မကြာခဏ ပြောပြတတ်တယ်။ အဖေက ဘယ်လောက်တောင် ကြင်နာယုယတတ်ပြီး နူးညံ့သိမ်မွေ့လဲဆိုတာတွေရော ၊ အဖေက ဒီကမ္ဘာမှာ အကောင်းဆုံး အမျိုးသားတစ်ယောက်ဆိုတာတွေရောပေါ့"
ရန်ယဲ့ရှောင်သည် တုပိုင်၏ အတိတ်က ရှုပ်ပွေခဲ့မှုများအကြောင်းကို အစမှအဆုံး ရှောင်ရှောင်အား တစ်ခွန်းမျှ မပြောပြခဲ့ချေ။ သူမသည် သူ့အား ရှောင်ရှောင်၏ ရင်ထဲ၌ ပြီးပြည့်စုံသော ဖခင်တစ်ဦး၏ ပုံရိပ်အဖြစ်သာ ကျန်ရစ်စေချင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် တုရှောင်၏ မျက်လုံးလေးများ အရောင်လက်သွားကာ ဆိုလိုက်၏။ "အဖေ... အပြင်က အန်တီက အရမ်းကို အစွမ်းထက်တာပဲနော်။ ပြီးတော့ သူ့လက်အောက်က လူစုကလည်း အရမ်းကို အစွမ်းထက်ကြတယ်။ အဖေက အဲဒီလူစုကို ဆက်ထားချင်လို့လားဟင်"
ထိုလူစုမှာ လေလွင့်အဖွဲ့ဝင်များဖြစ်ကြပြီး ထိုလေလွင့်အဖွဲ့ဝင်များ၏ လက်များမှာ သွေးစွန်းခဲ့ဖူးကာ မည်သူတစ်ဦးတစ်ယောက်ကမျှ အလွယ်တကူ ကိုင်တွယ်နိုင်မည့်သူများ မဟုတ်ကြချေ။ သို့သော် ကျန်းရှောင်မန်၏ ဦးဆောင်မှုအောက်တွင်မူ သူတို့၌ အတိုင်းအတာ တစ်ခုအထိ စည်းမျဉ်းစည်းကမ်း ရှိနေပုံရ၏။
အနည်းဆုံးတော့ အမျိုးသား လေလွင့်အဖွဲ့ဝင်များမှာ တုရှောင်၏ အလှအပအပေါ် အလွန်အမင်း အံ့သြချီးကျူးသွားခဲ့ကြသော်လည်း ရိုင်းစိုင်းသော စကားတစ်ခွန်းမျှ မဆိုခဲ့ကြချေ။ ထို့ကြောင့် ဤလူစုကို လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်လျှင် ကြီးမားသော တိုက်ခိုက်ရေးစွမ်းအားကို ရရှိစေနိုင်သည်။
တုရှောင်က ယုံကြည်မှုရှိစွာ ဆိုလိုက်၏။ "အဖေ... သမီးလုပ်တာကိုသာ ကြည့်နေ"
ထို့နောက် သူမ အပြင်သို့ထွက်သွားကာ ကျန်းရှောင်မန်တို့၏ မီးပုံဘေးသို့ သွားရပ်လိုက်ပြီး တောင်းဆိုလိုက်၏။
"အန်တီ... သမီး ဗိုက်အရမ်းဆာနေလို့။ ဒီမျိုးဗီဇပြောင်း သစ်သီးတွေနဲ့ အန်တီတို့ဆီက အသားကင် တစ်တုံးလောက်နဲ့ လဲလို့ရမလားဟင်"
ကျန်းရှောင်မန်၏ လှပသော မျက်နှာလေးမှာ အနည်းငယ် မဲ့သွားပြီးနောက် အေးစက်သော မျက်နှာထားဖြင့် ကင်ထားသော အသားတစ်တုံးကို ကမ်းပေးလိုက်၏။
ထိုအချိန်လေးမှာပင်...
"အားးး"
ရုတ်တရက် အမှောင်ထုထဲမှ အသည်းခိုက်မတတ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။
"ပုံရိပ်ယောင်သားရဲဆန်း ရောက်လာပြီ။ ပုံရိပ်ယောင်သားရဲဆန်း ရောက်လာပြီဟေ့"
ထို့နောက် ချက်ချင်းပင် မိစ္ဆာတစ်ကောင်၏ အမည်းရောင် အရိပ်တစ်ခုသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ပြေးဝင်လာကာ ရက်ရက်စက်စက် သတ်ဖြတ်တော့၏။ ကျန်းရှောင်မန်၏ လူရှစ်ဆယ်ကျော်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် အသတ်ခံလိုက်ရတော့၏။
မိစ္ဆာကောင်မှာ အလွန်တရာ လျင်မြန်လွန်းလှပြီး ခွန်အားမှာလည်း အလွန် ကြီးမားလှ၏။ လေလွင့်အဖွဲ့ဝင် သိုင်းသမားများမှာ ထိုအကောင်ကို ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိကြချေ။
"ဒိုင်းးး ဒိုင်းးး ဒိုင်းးး"
ကျန်းရှောင်မန် ဂေါက်စ်ရိုင်ဖယ်တစ်လက်ကို ကောက်ကိုင်လိုက်ကာ ပုံရိပ်ယောင် တံစဉ်သားရဲဆန်းထံသို့ မရပ်မနား ပစ်ခတ်တော့၏။
သို့သော် လုံးဝ အသုံးမဝင်ခဲ့ချေ။ ပထမအချက်အနေဖြင့် မိစ္ဆာကောင်မှာ အလွန်လျင်မြန်လွန်းလှသဖြင့် ချိန်ရွယ်၍ မရနိုင်ချေ။ ဒုတိယအချက်မှာ ထိုအကောင်၏ အရေခွံမှာ သံချပ်ကာကဲ့သို့ အလွန်တရာ မာကျောလွန်းလှရာ ဂေါက်စ်ရိုင်ဖယ်မှ ကျည်ဆန်များက ဖောက်ထွင်း၍ မရနိုင်ခြင်းပင် ဖြစ်၏။
ထို့အပြင် သူမ၏ ပစ်ခတ်မှုက ထိုမိစ္ဆာကောင်ကို အလွန်အမင်း ဒေါသထွက်သွားစေ၏။ ထိုမိစ္ဆာကောင်သည် အခြားသူများအား သတ်ဖြတ်နေခြင်းကို ရပ်တန့်လိုက်ကာ သူမထံသို့ ရူးသွပ်စွာ ပြေးဝင်လာတော့၏။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၅၇ + ၈၅၈) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။