← Chapters

အခန်း (၈၅၉-၈၆၀)

Vol. 86 Ch. 859-869

အခန်း (၈၅၉-၈၆၀)

Vol. 86 Ch. 859-869

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၅၉ + ၈၆၀)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ချက်ချင်းဆိုသလိုပင် ထိုမိစ္ဆာက ကျန်းရှောင်မန်ရှေ့သို့ အရှိန်အဟုန်ဖြင့် ခုန်ဝင်လာ၏။ ထို့နောက် အလွန်တရာ ထက်မြက်လှသော သူ၏ လက်သည်းရှည်ကြီးများကို လေထဲတွင် ရက်စက်စွာ ဝှေ့ယမ်းကာ သူမ၏ ခေါင်းအား တိုက်ရိုက် ခုတ်ပိုင်းချလိုက်တော့သည်။

ထိုအခိုက်အတန့်တွင် ကျန်းရှောင်မန်၏ ရင်ထဲ၌ မျှော်လင့်ချက်ဟူသမျှ လုံးဝ ကင်းမဲ့သွားရပြီဖြစ်ကာ ရောက်ရှိလာတော့မည့် သေမင်းတမန်အား တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်တော့၏။ သူမ၏ လှပသော မျက်နှာလေး ပျက်စီးသွားမည့် မြင်ကွင်းကို မကြည့်ရက်နိုင်တော့သဖြင့် မျက်လုံးအစုံကို စုံမှိတ်ထားလိုက်သည်။ သေချာသည်ကတော့ ယခုအချိန်မှစ၍ သူမ မည်သည့်အရာကိုမျှ ထပ်မြင်ရတော့မည် မဟုတ်ပေ။

သို့သော် အချိန်အတော်ကြာ မျက်စိမှိတ်ထားခဲ့သော်လည်း မျှော်လင့်ထားသည့် သေခြင်းတရားက သူမထံ ရောက်ရှိမလာခဲ့ချေ။

ထို့ကြောင့် စူးစမ်းလိုစိတ်များက ကြောက်ရွံ့မှုကို လွှမ်းမိုးသွားကာ ကျန်းရှောင်မန်တစ်ယောက် သူမ၏ မျက်လုံးများကို တဖြည်းဖြည်းချင်း ပြန်ဖွင့်ကြည့်လိုက်မိတော့၏။

ရုတ်တရက်ဆိုသလိုပင် မိစ္ဆာကောင်ကြီး၏ ကြောက်မက်ဖွယ်ကောင်းလှသော မျက်နှာကြီးအား အနီးကပ် မြင်တွေ့လိုက်ရသည်။ ဤသတ္တဝါမျိုးကား ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သော အရာဖြစ်လေပြီး ကျန်းရှောင်မန်အတွက်လည်း ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်လေ၏။

သို့သော် အံ့အားသင့်ဖွယ်ကောင်းလှစွာပင် ယခုအခါတွင် ထိုမိစ္ဆာကြီးသည် လုံးဝကို အေးခဲတောင့်တင်းနေခဲ့ပြီး အနည်းငယ်မျှပင် လှုပ်ရှား၍ မရတော့ချေ။ အကောင်၏ ထက်ရှလှသော လက်သည်းကြီးများသည် ကျန်းရှောင်မန်၏ လှပသော မျက်နှာနှင့် နှစ်လက်မမျှသာ ကွာဝေးတော့သည့် နေရာ၌ ရပ်တန့်နေ၏။

သို့တိုင်အောင် မိစ္ဆာကြီး၏ ကြောက်မက်ဖွယ်ကောင်းလှသော မျက်လုံးများထဲတွင်တော့ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လိုသည့် သွေးဆာနေသော အရိပ်အယောင်များက အပြည့်အနှက် နေရာယူထားဆဲပင် ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ လူအားလုံးမှာလည်း အံ့အားသင့် မှင်သက်သွားကြလေပြီး ဤဖြစ်ရပ်ကို မယုံကြည်နိုင်စွာဖြင့်သာ ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြမိသည်။

ထိုအချိန်တွင် တုပိုင် ဘေးနားရှိ လေလွင့်စစ်သည်တစ်ဦးထံမှ သေနတ်တစ်လက်ကို လျင်မြန်စွာ ဆွဲယူလိုက်၏။ ထို့နောက် ထိုပုံရိပ်ယောင်ဓားသွားမိစ္ဆာကြီး၏ ပါးစပ်ထဲသို့ သေနတ်ပြောင်းဝကို အတင်းအဓမ္မ ထိုးထည့်လိုက်ကာ လည်ချောင်းအနက်ပိုင်းအထိ တိုက်ရိုက်ရောက်ရှိသွားစေပြီးနောက် မဆိုင်းမတွပင် ခလုတ်ဆွဲလိုက်တော့သည်။

“ဒိုင်းးးး”

နားကွဲမတတ် ကျယ်လောင်လှသော သေနတ်သံနှင့်အတူ အလွန်တရာ အစွမ်းထက်လှပါသည်ဆိုသော ပုံရိပ်ယောင်ဓားသွားမိစ္ဆာကြီးသည် အလွယ်တကူပင် အသက်ပျောက်သွားရလေတော့၏။

ပုံရိပ်ယောင်ဓားသွားမိစ္ဆာကြီးသည် အလွန်အစွမ်းထက်ကာ အံ့မခန်း လျင်မြန်လှသည်။ သူ၏ အပြင်ဘက် အရေခွံများကလည်း အလွန်တရာ မာကလှသော်ငြား ၊ အတွင်းကလီစာများကတော့ သာမန်အတိုင်း နူးညံ့အားနည်းနေဆဲဖြစ်လေရာ ယခုကဲ့သို့ အလွယ်တကူ ဖျက်ဆီးခံလိုက်ရခြင်းပင် ဖြစ်တော့သည်။

**--**--**--**--**--**--**--**

ကျန်းရှောင်မန်၏ လှပသော မျက်လုံးအစုံကား အဆုံးစွန်အထိ ပြူးကျယ်သွားရလေ၏။ ခုနက အရာအားလုံး မည်သို့မည်ပုံ ဖြစ်ပျက်သွားရသနည်း။ တုပိုင်ကရော မည်သို့ လုပ်ဆောင်လိုက်သနည်း။ သေမင်းတမန်နှင့် တစ်ထေရာတည်းတူသော ပုံရိပ်ယောင်ဓားသွားမိစ္ဆာကြီးက တကယ်ကြီး လှုပ်မရအောင် ချုပ်နှောင်ခံလိုက်ရသည်လား။ တုပိုင်က သူမကို တကယ်ကြီး ကယ်တင်လိုက်သည်လား။

ဤကဲ့သို့ ခန္ဓာကိုယ်ကို လုံးဝလှုပ်ရှားမရအောင် ချုပ်နှောင်နိုင်သည့် နည်းစနစ်ကား တကယ်ကိုပင် အံ့မခန်း အစွမ်းထက်လွန်းလှပေသည်။

“ဒီနေ့ နင် ငါ့အသက်ကို ကယ်ခဲ့တယ်။ အခုကစပြီး ငါတို့ကြားက အကြွေးတွေ ကျေသွားပြီ”

ကျန်းရှောင်မန်က ဆက်လက်၍ ပြောလိုက်၏။

“ဒီည ငါတို့ ဒီမှာပဲ နားကြမယ်။ မနက်ဖြန်ကျတာနဲ့ ထွက်သွားကြမယ်”

ထိုသို့ပြောပြီးသည်နှင့် သူမက အေးစက်ခက်ထန်သော မျက်နှာထားဖြင့် လှည့်ထွက်သွားလေတော့၏။

“အလောင်းတွေ ထပ်ပြီး ဖုတ်မဝင်လာအောင် အားလုံးကို မီးရှို့ပစ်လိုက်ကြ”

ကျန်းရှောင်မန်က အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်၏။ ထို့နောက် သူမ၏ အခန်းဆီသို့ တန်းတန်းမတ်မတ် ပြန်ဝင်သွားကာ တံခါးကို ဆွဲပိတ်လိုက်လေပြီး တစ်ခန်းလုံးကို သူမတစ်ယောက်တည်း အပိုင်ယူထားလိုက်တော့သည်။

အခန်းထဲသို့ ရောက်သွားပြီးနောက်တွင်မူ သူမက အပြင်ဘက်ကဲ့သို့ ဟန်ဆောင်နေခြင်း မရှိတော့ဘဲ သူမ၏ အမှန်တကယ် ခံစားချက် မျက်နှာအမူအရာများကို လုံးဝ ဖုံးကွယ်မထားတော့ချေ။

တုပိုင်ကို သနားစရာကောင်းလောက်အောင် အားနည်းလှသည့် သူတစ်ယောက်ဟု သူမက ထင်ထားခဲ့သော်လည်း ၊ သူ့ထံ၌ ဤမျှ အစွမ်းထက်လှသော နည်းစနစ်တစ်ခု ရှိနေလိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မတွေးထင်ထားခဲ့ပေ။ ထို့အပြင် ရက်စက်လှသော ပုံရိပ်ယောင်ဓားသွားမိစ္ဆာကြီး၏ လက်ထဲမှ သူမကို ကယ်တင်ပေးလိမ့်မည်ဟုလည်း လုံးဝ မထင်ထားခဲ့ချေ။

သူမ အမုန်းဆုံးလူက သူမ၏ အသက်သခင်ကျေးဇူးရှင် ဖြစ်လာခဲ့ပြီဖြစ်သည်။ သူတို့ နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ဘယ်တော့မှ ပြန်တွေ့ကြမည် မဟုတ်ချေ။ မနက်ဖြန် မနက်လင်းသည်နှင့် တစ်ပြိုင်နက် သူမ ဤနေရာမှ ချက်ချင်း ထွက်သွားမည်ဟု ဆုံးဖြတ်လိုက်လေ၏။

--------------

အခြား အခန်းတစ်ခန်း၌ တုပိုင် ပုံရိပ်ယောင်ဓားသွားမိစ္ဆာကြီး၏ အလောင်းကို အချိန်အတော်ကြာအောင် မွှေနှောက်ရှာဖွေပြီးနောက် နောက်ဆုံးတွင်တော့ နှလုံးထဲမှနေ၍ စွမ်းအင်ကျောက်သလင်းတစ်ခုကို တွေ့လိုက်ရ၏။

ထိုအရာသည် သာမန် ကျောက်မျက်ရတနာတစ်ခုနှင့် လုံးဝ မတူညီလေဘဲ ခဲယဉ်းတောင့်တင်းနေသော စွမ်းအင်ခဲကြီးတစ်ခုနှင့်သာ ပို၍တူလေ၏။ ထို့အပြင် အတွင်း၌ စွမ်းအင်များက အနည်းငယ် စီးဆင်းလှုပ်ရှားနေသယောင်ပင် ရှိနေသေးသည်။

တုပိုင်က ထိုစွမ်းအင်ကျောက်သလင်းကို သူ၏ လက်ဖဝါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး မျက်စိကို မှိတ်ကာ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်ကို စတင် အသုံးပြုလိုက်၏။

ချက်ချင်းဆိုသလိုပင် အလွန်တရာ အစွမ်းထက်လှသော စွမ်းအားလှိုင်းလုံးကြီးတစ်ရပ်က တုပိုင်၏ ခန္ဓာကိုယ်ထဲသို့ ရေကာတာကျိုးပေါက်သွားသည့်အလား အဟုန်ပြင်းစွာဖြင့် တိုးဝင်လာလေတော့၏။

ဤစွမ်းအားသည် အလွန်တရာ ထူးဆန်းဆန်းကြယ်လှပေသည်။ ယခင်က တုပိုင် စုပ်ယူခဲ့ဖူးသမျှသော ရွှမ်းချီအတွင်းအားများနှင့် လုံးဝမတူညီလေဘဲ အဆပေါင်းများစွာ ပို၍ သန့်စင်သော စွမ်းအားတစ်ရပ်ပင် ဖြစ်၏။

ထိုစွမ်းအားများက တုပိုင်၏ ခန္ဓာကိုယ်တွင်းသို့ လျှပ်စီးအလား စီးဆင်းဝင်ရောက်သွားပြီးနောက် ကိုယ်လက်အင်္ဂါ အစိတ်အပိုင်း အားလုံးဆီသို့ အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားတော့သည်။ ထို့နောက် တုပိုင်၏ အရိုးများ ၊ အရွတ်များနှင့် ကြွက်သားများကို ရူးသွပ်ကြမ်းတမ်းသော အရှိန်အဟုန်ဖြင့် အသွင်ပြောင်းလဲပေးလိုက်၏။ ရုတ်တရက်ဆိုသလိုပင် တုပိုင်၏ အရိုးများနှင့် သွေးကြောများမှာ သံမဏိအလား မာကျောခိုင်ခံ့လာတော့သည်။

သူ၏ ခွန်အားများက မီးတောင်ပေါက်ကွဲမတတ် အဟုန်ဖြင့် တဟုန်ထိုး တိုးတက်လာသလို ၊ လျင်မြန်ဖျတ်လတ်မှုများကလည်း အံ့မခန်း အဆင့်အထိ ရောက်ရှိသွားလေတော့၏။ တစ်ချိန်တည်းမှာပင် သူ၏ လက်ဖဝါးထဲရှိ စွမ်းအင်ကျောက်သလင်းမှာ တဖြည်းဖြည်း သေးငယ်၍ လာနေသည်။

“ဖောက်… ဖောက်… ဖောက်…”

အရွတ်များ ၊ အရိုးအဆစ်များထံမှ အဆက်မပြတ် ထွက်ပေါ်လာသော အသံများနှင့်အတူ မူလက ပိန်ချုံးနေခဲ့သော တုပိုင်၏ ခန္ဓာကိုယ်နှင့် ကြုံလှီနေသော ကြွက်သားများက တဖြည်းဖြည်း ပြည့်ဖြိုးတောင့်တင်းလာသည်။ ချိုင့်ဝင်နေခဲ့သော သူ၏ မျက်နှာပြင်သည်လည်း ပြန်လည်ပြည့်ဖြိုးလာကာ အရေပြားများမှာလည်း တင်းရင်းလာလေ၏။

အလွန်အမင်း ပိန်လှီနေခဲ့သော သူ၏ ခန္ဓာကိုယ်ကြီးမှာ မျက်စိရှေ့တွင်ပင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ နာတာရှည် ဖျားနာနေသူ တစ်ဦးဘဝမှ အားအင်အပြည့်ဖြင့် တက်ကြွနေသည့် အသက်ဝင်မှုများကို ပြန်လည်ရရှိလာပြီးနောက် အလွန်တရာ ချောမောခံ့ညားကာ ဆွဲဆောင်မှုရှိလှသော အမျိုးသားတစ်ဦးအဖြစ်သို့ အပြီးတိုင် ပြန်လည်ပြောင်းလဲသွားလေတော့၏။

ထိုမျှမကသေးဘဲ သူ၏ အရိုးများ ၊ ကြွက်သားများနှင့် သွေးကြောများထံမှ ပဲလှော်နေသကဲ့သို့ တဖောက်ဖောက် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး သူ၏ သိုင်းပညာကျင့်ကြံခြင်းအဆင့်သည်လည်း ရူးသွပ်ဖွယ်ကောင်းလှသော အရှိန်အဟုန်ဖြင့် ဆက်လက် တိုးတက်လာလေ၏။

--------------

နောက်တစ်နေ့ နံနက်စောစော၌ ကျန်းရှောင်မန်သည် အသက်ရှင်ကျန်ရစ်ခဲ့သော လူခုနစ်ဆယ်ခန့်နှင့်အတူ နေရာမှ ထွက်ခွာရန် ပြင်ဆင်နေလျက်ရှိသည်

“အန်တီ… မသွားဘဲ ဒီမှာပဲ ဆက်နေပါလားဟင်…” တုရှောင်လေးက ကျန်းရှောင်မန်၏ လက်ကို ဆုပ်ကိုင်ကာ တောင်းဆိုလိုက်သည်။ “သမီးတို့ရဲ့ နယ်မြေက အရမ်းကို ကျယ်တာ။ အန်တီတို့အားလုံး အေးအေးချမ်းချမ်း နေထိုင်ဖို့အတွက် လုံလောက်ပါတယ်…”

ကျန်းရှောင်မန်က တုရှောင်၏ လှပပြီး ချစ်စရာကောင်းသော မျက်နှာလေးကို ငုံ့ကြည့်ကာ ခေါင်းခါပြလိုက်၏။ သူမက တိုးညင်းစွာ ပြောလိုက်သည်။

“အန်တီ ဒီမှာ ဆက်နေလို့ မဖြစ်ဘူးလေ…”

ထို့နောက် သူမ အနောက်သို့ တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ ခပ်သွက်သွက် လျှောက်သွားလေတော့၏။

တုရှောင်လေးက ထွက်သွားသော ကျန်းရှောင်မန်၏ ကျောပြင်ကို ကြည့်ကာ မနေနိုင်တော့ဘဲ အသံကုန် အော်ဟစ်လိုက်တော့သည်။

“ဖေဖေ… မြန်မြန် ထွက်လာခဲ့ပါဦး။ အန်တီ ကျန်းရှောင်မန် ထွက်သွားတော့မယ်။ ဖေဖေ သူ့ကို မြန်မြန် သွားတားလိုက်ပါဦး…”

သမီးဖြစ်သူ၏ အော်သံကြောင့် တုပိုင်က အခန်းတံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာလိုက်သည်။

သို့သော် သူ၏ လက်ရှိပုံစံကို မြင်လိုက်ရသောအခါ တုရှောင်လေး၏ မျက်လုံးအစုံက အံ့ဩမှုကြောင့် ပြူးကျယ်သွားရလေပြီး သူမ၏ ဖခင်ကို မယုံကြည်နိုင်စွာဖြင့်သာ စိုက်ကြည့်နေမိသည်။

အသံကြားရာသို့ လှည့်ကြည့်လိုက်သော ကျန်းရှောင်မန်သည်လည်း တုပိုင်၏ အသစ်တစ်ဖန် မွေးဖွားလာသည့်အလား ပြောင်းလဲသွားသော ပုံစံကို မြင်လိုက်ရချိန်တွင် သူမ၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် အပြင်းအထန် ခုန်ပေါက်သွားရလေတော့၏။

မနေ့ကပင် တုပိုင်မှာ သနားစရာကောင်းလောက်အောင် ပိန်ချုံးစုတ်ပြတ်နေခဲ့သေးသည် မဟုတ်ပါလော။ ယနေ့တွင်မူ အဘယ်ကြောင့် ဤမျှတိုင် ချောမောသွားရသနည်း။ ယခုပုံစံသည် သူတို့ အထက်တန်းကျောင်းတက်ခဲ့စဉ်ကထက်ပင် များစွာ ပို၍ ဆွဲဆောင်မှု ရှိနေသေး၏။

သို့သော်ငြားလည်း ကျန်းရှောင်မန်သည် သူမ၏ ခြေလှမ်းများကို ရပ်တန့်မသွားခဲ့ဘဲ ဆက်လက်၍သာ ထွက်ခွာသွားလိုက်သည်။

သို့နှင့် မီတာဆယ်ဂဏန်းခန့် အကွာအဝေးသို့ ရောက်ရှိသွားပြီးနောက် သူမသည် ရုတ်တရက် အနောက်သို့ လှည့်ကာ တုရှောင်လေးအား လှမ်းကြည့်လိုက်ပြီး တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးတောနေသည့် အမူအရာဖြင့် ပြောလိုက်၏။

“ကောင်မလေး… ငါ မှတ်မိတာသာ မမှားဘူးဆိုရင်… နင့်ရဲ့ အမေကို ငါ မြင်ဖူးခဲ့သလိုပဲ…”

ထိုစကားဆုံးသည့် အချိန်တွင်ပင် ကမ္ဘာမြေကြီး တစ်ခုလုံးသည် ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသည့်အလား ရုတ်တရက် ပြင်းထန်စွာ စတင် တုန်ခါလာတော့၏။ မိုးကုတ်စက်ဝိုင်းအဆုံးမှ ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော အရိပ်အမည်းကြီးများသည် တုပိုင်တို့ ရှိနေသည့် လန်ဟူနယ်မြေဆီသို့ အင်အားကြီးမားလှသော မိစ္ဆာစစ်တပ်ကြီးတစ်ခုအလား ဒီရေလှိုင်းများပမာ အဟုန်ပြင်းစွာဖြင့် ပြေးဝင်လာကြတော့သည်။

**--**--**--**--**--**--**--**

လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်… ဟန်ကျိုးမြို့။

ကျန်းရှောင်မန်သည် နိုင်ငံတော် ပြေးခုန်ပစ်အသင်း၏ ထိပ်တန်း အားကစားသမားတစ်ဦးပင် ဖြစ်ခဲ့သေးသည်။ သူမ၏ ပင်ကိုယ်စွမ်းရည်သည် အခြားသူများနှင့်မတူဘဲ အလွန်တရာ ကောင်းမွန်လှ၏။ ဆယ်နှစ်ကျော်ကြာ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုများ ၊ အခက်အခဲများနှင့် ချွေးနှဲစာများစွာ ရင်းနှီးခဲ့ပြီးနောက်ဆုံးတွင် သူမ၏ ဘဝ၌ အမြင့်ဆုံးသော အောင်မြင်မှု ထိပ်တန်းသို့ ရောက်ရှိခဲ့လေပြီး ၂၀၂၀ ခုနှစ် တိုကျိုအိုလံပစ်ပွဲတော်တွင် နိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

ထိုအချိန်၌ သူမသည် ဟန်ကျိုးမြို့တွင် ကျင်းပသော အခမ်းအနားပွဲတစ်ခုသို့ ရက်အနည်းငယ်ကြာ တက်ရောက်နေခဲ့ခြင်း ဖြစ်၏။

သို့သော် ကြောက်မက်ဖွယ် ကမ္ဘာပျက်ကပ်ကြီး စတင်ဖြစ်ပွားလာချိန်တွင်မူ သူမသည် ဘတ်စ်ကားတစ်စီးပေါ်တွင် အမှတ်မထင် ရောက်ရှိနေခဲ့သည်။ မျက်စိရှေ့မှောက်တွင် ဖြစ်ပျက်သွားခဲ့သော ထိုငရဲခန်းအလား မြင်ကွင်းကြီးကိုမူ သူမ၏ တစ်သက်တာတွင် လုံးဝ မေ့ပစ်နိုင်လိမ့်မည် မဟုတ်တော့ပေ။

စိမ်းသက်သက် အရောင်အဆင်းရှိသော ကမ္ဘာကြီးတစ်ခုသည် ကမ္ဘာမြေပြင်တစ်ခုလုံးကို ရုတ်တရက် ဖုံးလွှမ်းသွားလေရာ လူတိုင်း၏ အမြင်အာရုံများသည်လည်း ချက်ချင်းဆိုသလို ကွယ်ပျောက်သွားရလေတော့၏။

ထို့နောက်တွင်မူ ကောင်းကင်ယံထက်၌ ဧရာမ အက်ကွဲကြောင်းကြီးတစ်ခုသည် ထိတ်လန့်ဖွယ်ကောင်းစွာ ပေါ်လာခဲ့သည်။ ထိုအက်ကွဲကြောင်းကြီးထဲမှနေ၍ ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော မီးလုံးကြီးများသည် မိုးသည်းထန်စွာ ရွာသွန်းချနေသည့်အလား အဆက်မပြတ် ကျဆင်းလာတော့၏။

ထိုမီးလုံးများထဲတွင် အပြာရောင်မီးတောက်များ ၊ အဖြူရောင်မီးတောက်များနှင့် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်မီးတောက်များပင် ပါဝင်နေလေသည်။ သန်းပေါင်းများစွာ ၊ ကုဋေပေါင်းများစွာသော ဥက္ကာပျံမိုးစက်များသည် ကမ္ဘာမြေကြီးအား အညှာအတာကင်းမဲ့စွာဖြင့် ဝင်ရောက်ရိုက်ခတ်လာကြသည်။

ချက်ချင်းဆိုသလိုပင် လမ်းမကြီးများပေါ်ရှိ ယာဉ်ကြောများအားလုံး လုံးဝ ရပ်တန့်သွားခဲ့ရ၏။ ရှောင်တခင် ဖြစ်ပေါ်လာသော အခြေအနေကြောင့် ယာဉ်တိုက်မှုများ အများအပြား ဆက်တိုက် ဖြစ်ပွားခဲ့လေ၏။ ကားများအားလုံးမှာ လမ်းမထက်တွင် လုံးဝ ပိတ်မိနေခဲ့ကြပြီး ထိုအထဲတွင် ကျန်းရှောင်မန် စီးနင်းလိုက်ပါလာသော ခရီးသည်တင် ဘတ်စ်ကားကြီးသည်လည်း အပါအဝင်ပင် ဖြစ်သည်။

ထိုစဉ်အတွင်း ကျန်းရှောင်မန်သည် လမ်းမထက်၌ ခြေဗလာဖြင့် အပြင်းအထန် ပြေးလွှားနေသော ကျော့ရှင်းလှပသည့် အမျိုးသမီးတစ်ဦးကို အမှတ်မထင် လှမ်းမြင်လိုက်ရ၏။ သူမ၏ ကျော့ရှင်းလှပသော ကျောက်စိမ်းခြေဖဝါးနုနုလေးများထံမှ သွေးများ တသွင်သွင် ယိုစီးကျနေလျက်ရှိသည်။

ထိုအမျိုးသမီး၏ မျက်နှာထက်ရှိ အမူအရာများသည် မည်မျှတိုင်အောင် အကြောက်အလန့် ကင်းမဲ့နေခဲ့သနည်း ဆိုသည်ကို ကျန်းရှောင်မန်သည် ယခုအချိန်အထိ ဝိုးတဝါး မှတ်မိနေဆဲပင် ဖြစ်၏။ သူမသည် ဤကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ် မြင်ကွင်းကြီးကို အနည်းငယ်မျှ ကြောက်ရွံ့နေပုံမပေါ်လေဘဲ ၊ သူမ သတ်မှတ်ထားသော ဦးတည်ရာ တစ်နေရာတည်းဆီသို့သာ အရောက်သွားချင်နေပုံ ရသည်။

“ဒီအမျိုးသမီးက သေချာပေါက် မိခင်တစ်ယောက် ဖြစ်ရမယ်…”

ထိုအချိန်၌ ကျန်းရှောင်မန် သူမ၏ ရင်တွင်း၌ တိတ်တဆိတ် ရေရွတ်လိုက်မိခဲ့၏။

ကမ္ဘာပျက်မည့် အကြောက်တရားကိုပင် ဖုံးလွှမ်းကျော်လွှားနိုင်သည့် အရာကား မည်သည့်အရာ ဖြစ်မည်နည်း။ သေချာသည်မှာ အချစ်ပင် ဖြစ်ပေလိမ့်မည်။ သူမအနေဖြင့် အိမ်သို့ အပြင်းအထန် ပြေးပြန်သွားနေခြင်းမှာ သူမ၏ သားသမီးများနှင့် မိသားစုကို ကယ်တင်နိုင်မည်ဟု ယုံကြည်နေ၍တော့ မဟုတ်နိုင်ချေ။

အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်သည်လည်း ခွန်အားကြီးမားသော သူတစ်ဦး မဟုတ်သောကြောင့်ပင် ဖြစ်သည်။ သူမအနေဖြင့် အိမ်ပြန်ကာ မိသားစုနှင့်အတူ တစ်စုတစ်စည်းတည်း သေဆုံးချင်ရုံသာ ဖြစ်နိုင်၏။

ထိုအချိန်၌ ကျန်းရှောင်မန်ကိုယ်တိုင်သည်လည်း အိမ်သို့ ပြေးပြန်ကာ သူမ၏ မိဘများနှင့်အတူ အတူတကွ သေဆုံးလိုသည့် စိတ်ဆန္ဒများ ပြင်းပြစွာ ဖြစ်ပေါ်လာခဲ့သော်ငြား ၊ သူမ၏ အိမ်မှာမူ ထိုနေရာမှနေ၍ မိုင်ပေါင်းရာနှင့်ချီ ကွာဝေးသော နေရာတွင် ရှိနေခဲ့သည်။

သေချာသည်မှာမူ ဤမျှ သာမန်အကြောင်းပြချက်လေး တစ်ခုတည်းကြောင့်နှင့် ဆယ့်ငါးနှစ်ကျော်ကြာသည်အထိ ထိုအမျိုးသမီးကို သူမ မှတ်မိနေမည်မူ မဟုတ်ချေ။

“ဝုန်းးးးးးးးး”

ထိုအခါက ဧရာမ မီးတောက်ကြီးတစ်ခုသည် ကောင်းကင်ယံမှနေ၍ အလွန်ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့လေ၏။

နားကွဲမတတ် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် တစ်ကီလိုမီတာ ပတ်လည်အတွင်းရှိ အရာအားလုံးမှာ ချက်ချင်းဆိုသလို ပျက်စီးကြေမွသွားကြရသည်။ ခိုင်ခံ့လှပါသည်ဆိုသော ခုံးကျော်တံတားကြီးသည်လည်း လုံးဝ ပြိုကျပျက်စီးသွားကာ အဆောက်အအုံများအားလုံးသည်လည်း ပေါက်ကွဲထွက်သွားတော့၏။

ကီလိုမီတာ အနည်းငယ် အကွာအဝေးအတွင်းရှိ ကားများအားလုံးသည်လည်း ပေါက်ကွဲမှုအရှိန်ကြောင့် လေထဲသို့ လန်ထွက်သွားကြရ၏။ မြေပြင်ပေါ်၌မူ အချင်း မီတာတစ်ရာခန့် ကျယ်ဝန်းသော ဧရာမ တွင်းနက်ကြီးတစ်ခုသည်လည်း ကြောက်မက်ဖွယ်ကောင်းစွာ ထွက်ပေါ်လာခဲ့သည်။

ကျန်းရှောင်မန် စီးနင်းလိုက်ပါလာသော ဘတ်စ်ကားကြီးသည်လည်း မြေပြင်ပေါ်၌ တိုက်ရိုက် လိမ့်ကာ လန်ထွက်သွားခဲ့လေ၏။ ကံကောင်းထောက်မစွာဖြင့် ထိုင်ခုံခါးပတ်ကို သေချာစွာ ပတ်ထားခဲ့သောကြောင့် ကျန်းရှောင်မန်သည် ပြင်းထန်သော ဒဏ်ရာကြီးကြီးမားမား မရခဲ့ချေ။

သို့သော်ငြားလည်း အလွန်ပြင်းထန်လှသော တုန်ခါမှုလှိုင်းအဟုန်ကြောင့် သူမ၏ ခေါင်းတစ်ခုလုံး မူးဝေနောက်ကျိသွားကာ ဦးနှောက်တုန်ခါသွားသည့် ဒဏ်ကိုမူ အလူးအလဲ ခံစားလိုက်ရလေသည်။

ထို့နောက်တွင်မူ ယခင်က ခြေဗလာဖြင့် ပြေးလွှားနေခဲ့သော ထိုအမျိုးသမီးသည် သူမနှင့် အလွန်နီးကပ်လှသော မြေပြင်ပေါ်တွင် သေလုမျောပါး လဲကျနေသည်ကို ကွဲအက်နေသော ကားပြတင်းပေါက်မှတစ်ဆင့် သူမ ရှင်းလင်းစွာ လှမ်းမြင်လိုက်ရ၏။ ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦး၏ မျက်လုံးများသည် အမှတ်မထင် ဆုံတွေ့သွားကြလေသည်။

ထိုအချိန်၌ ကျန်းရှောင်မန်သည် ထိုအမျိုးသမီး၏ မျက်နှာကို အလွန် ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရသည်။ ထိုအမျိုးသမီးကား အခြားမိန်းကလေးများပင် မနာလိုဖြစ်ရလောက်အောင် အလွန်တရာ လှပလွန်းလှသည်။

သို့သော် ထိုအခါတွင်မူ သူမ၏ ပါးစပ်ထောင့် ၊ နှာခေါင်းနှင့် နားရွက်များထံမှ သွေးများ တသွင်သွင် စီးကျနေခဲ့ပြီ ဖြစ်၏။ ထို့အပြင် ပွင့်ဟနေသော ပါးစပ်ထဲမှလည်း သွေးများ အဆက်မပြတ် အန်ထွက်နေခဲ့သည်။

“သူ... အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး...”

ကျန်းရှောင်မန် သူမ၏ ရင်တွင်း၌ အလွန် စိတ်မကောင်းဖြစ်စွာဖြင့် ကောက်ချက်ချလိုက်မိ၏။ သို့သော် သေလုမျောပါး ဖြစ်နေသော ထိုအမျိုးသမီးသည် ကျန်းရှောင်မန်အား ခက်ခဲပင်ပန်းစွာဖြင့် ပြုံးပြလိုက်လေကာ သူမ၏ လက်တစ်ဖက်ကို အပေါ်သို့ မြှောက်ရန် ကြိုးစားလိုက်သော်လည်း အားအင်ကုန်ခမ်းနေပြီဖြစ်ရာ မအောင်မြင်ခဲ့ချေ။

ထိုအချိန်၌ပင် မြေပြင်ကြီးတစ်ခုလုံးသည် ငလျင်လှုပ်ခတ်သွားသည့်အလား ပြင်းထန်စွာ စတင် တုန်ခါလာတော့၏။ ထို့နောက် ဧရာမ တွင်းနက်ကြီးထဲမှနေ၍ ဧရာမ ပုံရိပ်ကြီးတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

ထိုအရာကား ကမ္ဘာမြေပေါ်ရှိ သာမန် လူသားတစ်ဦး လုံးဝ မဟုတ်လေဘဲ ခြောက်မီတာကျော်ခန့် မြင့်မားသည့် ဧရာမ လူဘီလူးကြီး တစ်ကောင်နှင့် တူညီနေသည်။ သူသည် တောက်ပနေသော ငွေရောင် သံချပ်ကာကို ဝတ်ဆင်ထားလေကာ အလွန်တရာ မြင့်မြတ်ကာ ခွန်အားကြီးမားသည့် ပုံစံပေါက်နေလေ၏။

သူ၏ သွင်ပြင်သည် ကမ္ဘာမြေပေါ်ရှိ လူသားများနှင့် လုံးဝ မတူညီလေဘဲ အလွန် သိသာထင်ရှားသော မျက်နှာကျရှိကာ ၊ ဖြောင့်တန်းသော မေးရိုးထောင့်စွန်းများနှင့် ချွန်ထက်နေသော နားရွက်ရှည်များလည်း ရှိနေသည်။

အလွန်မြင့်မားသော ကောင်းကင်ယံမှ ပြင်းထန်စွာ ကျဆင်းလာခြင်းသည် တစ်ကီလိုမီတာ ပတ်လည်အတွင်းရှိ အရာအားလုံးကို တစ်စစီ ဖျက်ဆီးပစ်လိုက်နိုင်သော်ငြား ၊ ထိုဧရာမ သတ္တဝါကြီးမှာမူ လုံးဝ ဘေးကင်းလုံခြုံနေဆဲဖြစ်ကာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ငွေရောင် သံချပ်ကာထက်၌ အစွန်းအထင်း အခြစ်ရာတစ်ခုမျှပင် ရှိမနေခဲ့ချေ။

သူသည် ပတ်ဝန်းကျင်အား တစ်ချက်မျှပင် ဂရုမစိုက်ဘဲ အေးအေးဆေးဆေးပင် လျှောက်လှမ်းသွားလေ၏။ ပတ်ဝန်းကျင် တစ်ခွင်လုံးမှ ထွက်ပေါ်နေသော ရေတွက်၍မရနိုင်သည့် လူသားများ၏ ငိုကြွေးသံများ ၊ အော်ဟစ်သံများကိုလည်း သူ လုံးဝကို လျစ်လျူရှုထားခဲ့သည်။

ထိုစဉ် မြေပြင်ပေါ်တွင် သေလုမျောပါးဖြစ်နေသော ထိုအမျိုးသမီးသည် သွေးများ ပေကျံနေသည့် သူမ၏ လက်တစ်ဖက်ဖြင့် ထိုဧရာမ သတ္တဝါကြီး၏ ငွေရောင်ဖိနပ်ကြီးကို အားတင်းကာ လှမ်းကိုင်လိုက်၏။

ခြောက်မီတာအမြင့်ရှိသော ထိုဧရာမ ဂြိုဟ်သားကြီးသည် အမျိုးသမီးအား တိုက်ရိုက် နင်းခြေ သတ်ဖြတ်ပစ်တော့မည် ဖြစ်သည်။

သို့သော်ငြားလည်း… ထိုဧရာမ သတ္တဝါကြီး၏ ခြေလှမ်းသည် တစ်စက္ကန့်ခန့် အမှတ်မထင် တုံ့ဆိုင်းသွားခဲ့လေကာ ထိုအမျိုးသမီးအား နင်းခြေသတ်ဖြတ်ခြင်း မပြုခဲ့ချေ။

ထိုဧရာမ သတ္တဝါကြီးသည် သူ၏ လက်တစ်ဖက်အား အပေါ်သို့ အသာအယာ မြှောက်တင်လိုက်ရာ ရုတ်တရက်ဆိုသလိုပင် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်လေးသည် လေဟာပြင်ထဲသို့ မြောက်တက်သွားလေကာ သူ၏ လက်ဝါးပြင်ထက်၌ တွဲလောင်းလေး ပါသွားလေတော့၏။

ထိုနည်းဖြင့်ပင် အခြားသူများ မနာလိုဖြစ်ရလောက်အောင် အလွန်တရာ လှပလွန်းလှသော်ငြား သေလုမျောပါး ဖြစ်နေခဲ့ပြီဖြစ်သော ထိုအမျိုးသမီးအား သူသည် အဝေးသို့ ခေါ်ဆောင်သွားခဲ့လေ၏။

ထိုကြောက်မက်ဖွယ် ဖြစ်ရပ်ဆန်းကြီးကြောင့်ပင် ကျန်းရှောင်မန်၏ မှတ်ဉာဏ်ထဲ၌ တစ်သက်တာလုံး မေ့ဖျောက်၍ မရနိုင်လောက်အောင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်နေခဲ့ခြင်းပင် ဖြစ်၏။

ယမန်နေ့ညက အလွန်အမင်း မှောင်မိုက်နေခဲ့ကာ ဖယောင်းတိုင်အလင်းရောင် အနည်းငယ်မျှသာ ရှိနေခဲ့ရာ မျက်နှာအား ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်ရန် အလွန်ပင် ခက်ခဲလှသည်။ ထို့အပြင် တုရှောင်လေး၏ မျက်နှာသွင်ပြင်သည် သူမ၏ ဖခင်နှင့် တစ်ဝက် ၊ မိခင်နှင့် တစ်ဝက်ခန့်စီ ဆင်တူနေသောကြောင့် ကျန်းရှောင်မန် ချက်ချင်း သတိမထားမိခဲ့ခြင်း ပင်ဖြစ်၏။

သို့သော်ငြားလည်း ယမန်နေ့ညက သူမ အိပ်ရာဝင်ချိန်တွင် ထူးဆန်းသော အိပ်မက်နှစ်ခုကို ဆက်တိုက် မက်ခဲ့လေ၏။

ပထမ အိပ်မက်ထဲတွင်မူ သူမသည် အထက်တန်း တတိယနှစ် ကျောင်းသူဘဝ၌ တုပိုင်နှင့် ပထမဆုံးအကြိမ် ချိန်းတွေ့ခဲ့သည့် အချိန်ကာလဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သေချာသည်မှာမူ ဤအိပ်မက်ကို သူမ အကြိမ်ကြိမ် မက်ဖူးလေကာ ၊ မက်တိုင်းလည်း သူမ ဒေါသထွက်ခဲ့ရသည်သာ ဖြစ်၏။ ဒုတိယ အိပ်မက်မှာမူ ကြောက်မက်ဖွယ် ကမ္ဘာပျက်ကပ်ကြီး စတင်ဖြစ်ပွားစဉ်၌ သူမ မျက်စိရှေ့မှောက်၌ တိုက်ရိုက် မြင်တွေ့ခဲ့ရသော ထိုမြင်ကွင်းကြီးပင် ဖြစ်သည်။

အိပ်ရာမှ နိုးလာပြီးနောက်တွင် သူမ၏ စိတ်ထဲ၌ တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရကာ ၊ ထို့နောက်တွင်မှ တုရှောင်လေး၏ မျက်နှာသွင်ပြင်သည် သူမ မှတ်မိနေသော ထိုအမျိုးသမီးနှင့် အလွန်တရာ တူညီနေကြောင်းကို ရုတ်တရက် သတိထားမိသွားတော့၏။ အထူးသဖြင့် သူမ၏ မျက်ခုံးနှင့် မျက်လုံးအစုံသည် ထိုအမျိုးသမီးနှင့် တစ်ပုံစံတည်း ထပ်တူကျနေသည်။

ကောင်မလေးသည် မိဘနှစ်ပါး၏ အားသာချက်များကို အပြည့်အဝ အမွေဆက်ခံထားလေရာ ကြီးပြင်းလာပါက ထိပ်တန်း အလှပိုင်ရှင်လေး တစ်ဦး ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်တော့၏။

လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က သူမ ကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့ရသည်များကို ကျန်းရှောင်မန် အသေးစိတ် ပြောပြပြီးနောက်တွင် တုရှောင်လေးသည် ဖခင်ဖြစ်သူ တုပိုင်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ဝမ်းနည်းမှု ၊ ဝမ်းသာမှုများ ရောယှက်နေသည့် ခံစားချက်အပြည့်ဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။

တုပိုင်သည်လည်း လေးလံသော သက်ပြင်းရှည်ကြီးတစ်ခုအား ချလိုက်ပြီးနောက်တွင် ၊ သမီးဖြစ်သူ၏ ကျောပြင်လေးအား ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။

ထိုအချိန်၌ သူ၏ ချစ်လှစွာသော စေ့စပ်ထားသူ ရန်ယဲ့ရှောင် တစ်ယောက် မည်မျှတိုင်အောင် နာကျင်ကာ မျှော်လင့်ချက်မဲ့နေခဲ့မည်ကို သူ တွေးကြည့်၍ပင် မရနိုင်တော့ချေ။ သူမသည် တုပိုင်နှင့် သမီးဖြစ်သူတို့ ရှိနေမည့် အိမ်ဆီသို့ ခြေဗလာဖြင့် အပြင်းအထန် ပြေးပြန်လာခဲ့ကာ မိသားစုလိုက် အတူတကွ သေဆုံးလိုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် ရလဒ်အနေဖြင့် ကောင်းကင်ယံမှ ပြင်းထန်စွာ ကျဆင်းလာသော အခြားကမ္ဘာမှ ဥက္ကာပျံ မီးတောက်ကြီးသည် သူမ၏ အတွင်းကလီစာများကို တိုက်ရိုက် ကြေမွသွားစေခဲ့လေ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ ပါးစပ်မှ အန်ထွက်လာသည်များသည် သွေးရည်များ မဟုတ်ဘဲ ပျစ်ချွဲနေသော သွေးခဲကြီးများ ဖြစ်နေသောကြောင့်ပင်။

“ကလေးလေး… မငိုနဲ့တော့နော်။ တိတ်တော့…” တုပိုင် သမီးဖြစ်သူအား ညင်သာစွာ ချော့မြူလိုက်သည်။

“မေမေ ဘာမှမဖြစ်လောက်ပါဘူး။ သူက အရမ်းကို လှတာပဲလေ။ ကောင်းကင်တမန်ပဲဖြစ်ဖြစ် ၊ မိစ္ဆာပဲဖြစ်ဖြစ် သူ့ရဲ့ အလှကို သနားကြင်နာပြီး သေချာပေါက် ကယ်တင်သွားလိမ့်မယ်” ကျန်းရှောင်မန်သည်လည်း နှစ်သိမ့်ပေးလိုက်၏။ “ငါက နင့်သမီးလေးရဲ့ ပုံစံက အဲဒီအမျိုးသမီးနဲ့ နည်းနည်းဆင်တယ်လို့ ထင်လို့ ပြောပြလိုက်တာပါ။ တကယ်တမ်းကျတော့ ငါပြောတဲ့လူက နင့်ရဲ့… စေ့စပ်ထားသူ မဟုတ်လောက်ပါဘူးလေ…”

သို့သော်ငြားလည်း တုရှောင်လေးမှာမူ ထိုအမျိုးသမီးသည် သူမ၏ မိခင်အရင်း ဖြစ်ကြောင်း အကြွင်းမဲ့ ယုံကြည်သွားလေတော့၏။ ထို့အပြင် ထိုနေ့မနက်၌ အလုပ်သွားချိန်တွင် မိခင်ဖြစ်သူ ဝတ်ဆင်သွားခဲ့သော အဝတ်အစားများကို သူမ ယခုထိတိုင် ရှင်းလင်းစွာ မှတ်မိနေဆဲပင် ဖြစ်၏။

“တုပိုင်… နင် သူ့ကို ချစ်လားဟင်…” ကျန်းရှောင်မန် တုပိုင်၏ မျက်လုံးများအား စိုက်ကြည့်ကာ မေးလိုက်သည်။

“အရမ်းချစ်တာပေါ့…” တုပိုင် ခပ်တိုးတိုး ဖြေလိုက်၏။

“ဒါဆိုရင်လည်း နင့်မိန်းမကို အမြန်ဆုံး ပြန်ရှာတွေ့ပါစေလို့ ငါ ဆုတောင်းပေးပါတယ်။ ငါ သွားတော့မယ်… နှုတ်ဆက်ပါတယ်…”

ကျန်းရှောင်မန် ပြတ်သားစွာ ပြောလိုက်၏။ ထို့နောက် သူမ အသက်ရှင်ကျန်ရစ်သော လူခုနစ်ဆယ်ခန့်နှင့်အတူ ထွက်ခွာသွားရန် ပြင်ဆင်လိုက်သည်။

လက်ရှိအချိန်တွင် တုပိုင်၏ ရင်တွင်း၌ တုရှောင်လေး၏ မိခင်အကြောင်းများသာ ပြည့်နှက်နေလေရာ ကျန်းရှောင်မန် ထွက်သွားမည့်အပေါ် သူ ဆက်လက်၍ မတားဆီးနိုင်တော့ချေ။

သို့သော်ငြားလည်း ကျန်းရှောင်မန် ထွက်သွား၍ မရနိုင်တော့ပေ။

“ဝုန်းးးး ဝုန်းးးး ဝုန်းးးး”

လူတစ်ထောင်ကျော်ခန့် ပါဝင်သော အလွန်အစွမ်းထက်သည့် လေလွင့်စစ်သည်အဖွဲ့ကြီးသည် တုပိုင်၏ လန်ဟူနယ်မြေ တစ်ခုလုံးအား ရုတ်တရက် ဝိုင်းရံပိတ်ဆို့ထားလိုက်ကြ၏။ ထိုအဖွဲ့ကြီးထဲတွင် ရေတွက်၍မရနိုင်လောက်အောင် များပြားလှသော ဆိုင်ကယ်များ ၊ ခေတ်မီ အစစ်အမှန် သံချပ်ကာယာဉ်များနှင့်အတူ ဂေါက်စ်ရိုင်ဖယ် သေနတ် ဒါဇင်ပေါင်းများစွာအား ကိုင်ဆောင်ထားသည့် လက်နက်ကိုင် စစ်သည်ရာပေါင်းများစွာလည်း ပါဝင်နေလေ၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၅၉ + ၈၆၀) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters