← Chapters

ဘယ်အရာကမှ ရှင်နဲ့နှိုင်းယှဉ်လို့မရပါဘူး

Vol. 7 Ch. 639

ဘယ်အရာကမှ ရှင်နဲ့နှိုင်းယှဉ်လို့မရပါဘူး

Vol. 7 Ch. 639

တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားမှ တန်ခိုး စွမ်းအားများသည် လုကျိုးယွမ် မျှော်လင့်ထားသည်ထက် ကျော်လွန်နေလေသည်။ ဆန်းလျန်သည် တာအိုဆရာသခင် ထိုက်ယီ၏ အာရုံစိုက်ခံရမှုကို ရရှိလိမ့်မည်ဟု လုကျိုးယွမ် လုံးဝ တွေးမထားခဲ့မိပေ။ ဆန်းလျန်သည် ဖြစ်တည် မလာသေးသည့် ပန်းချီကားထဲမှ လောကကို ပြီးပြည့်စုံ စေခဲ့လေသည်။

အင်းသင်္ကေတများသည် အလင်းတန်းများ ဖြာလင်းနေပြီး တစ်ခုပြီးတစ်ခု ပျက်စီး ကုန်ကြလေသည်။ အင်းသင်္ကေတ စက်ဝန်းသည် လုကျိုးယွမ်၏ ပတ်ပတ်လည်တွင် ဝန်းရံလျက်ရှိလေသည်။

ဆန်းလျန်က ရပ်တန့်ခြင်း မရှိသရွေ့ သူသည် အင်းသင်္ကေတများသည် ဖျက်ဆီးခံနေရမည် ဖြစ်လေသည်။ ထိုအချိန် သို့သာရောက်လာလျှင် ဂုဏ်သိက္ခာအားလုံး အမှန်ပင် ဆုံးရှုံးရမည် ဖြစ်လေသည်။

သူနေထိုင်ရာ လောကသို့ ပြန်ရောက်လျှင်တော့ သူ၏ တန်ခိုးစွမ်းအားများသည် ဆန်းလျန်ကို အနိုင်ယူနိုင်မည် ဖြစ်လေသည်။ သူနေထိုင်ရာ လောကတစ်ခုလုံး သုတ်သင်ရှင်းလင်းခြင်း မခံရသရွေ့ သူ့ကိုလည်း မည်သူမှ အနိုင်ယူနိုင်မည် မဟုတ်ပေ။

သို့သော် … လုကျိုးယွမ်သည် ထိုသို့ မပြုလုပ်ခဲ့ပါ။

သူက စိတ်စွမ်းအင်ကို အသုံးပြုပြီး ဆန်းလျန်ကို ဆက်သွယ်စကား ပြောလိုက်လေသည်။

“ဆန်းကျန်းရန်၊ ကျုပ်ရှုံးတယ်ဆိုတာ ဝန်ခံပါတယ်”

ထိုစကားကို ကြားသည်နှင့် ဆန်းလျန်က ပြုံးလိုက်ရင်း…

“ရှန်စန်းကျန်းရန်က အရှုံးပေးလိုက်ပြီပေါ့…”

ဆန်းလျန်သည် ပန်းချီကားကို ချက်ချင်း ရုပ်သိမ်းလိုက်လေသည်။

တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားကို ထိန်းချုပ်ရသည်မှာ မည်မျှခက်ခဲသည်ကို ဆန်းလျန်တစ်ယောက်သာ နားလည်လေသည်။ ထိုပန်းချီကားကို ခဏတာ အသုံးပြုခြင်းကပင် သူ၏ မူလဝိညာဉ်ခန္ဓာတွင် သိုမှီးထားသည့် တန်ခိုးစွမ်းအား အနည်းငယ် ကုန်ဆုံး သွားခဲ့ရလေသည်။

သို့သော် … ထိုကိစ္စသည် ဖြစ်လာရမည့်ကိစ္စသာ ဖြစ်လေသည်။

တောင်နှင့်မြစ်ရေ ကောင်းကင်ဘုံ ပန်းချီကားသည် လောကငယ်တစ်ခု ဖြစ်လေသည်။ ပန်းချီကား၏ အလေးချိန်သည် ကျော်ကြားသည့် တောင်များနှင့် မြစ်များကိုပင် ဖိနှိပ်နိုင်စွမ်း ရှိလေသည်။

ထိုကဲ့သို့သော ပန်းချီကားမျိုးကို ဆန်းလျန်က လွယ်လွယ်နှင့် ထိန်းချုပ်ရန်မှာ မည်သို့မှ မဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်လေသည်။

လုကျိုးယွမ်သည်လည်း ထိုအချက်ကို တွေးမိမည်ပဲ ဖြစ်လေသည်။

သို့သော်… သူက ဆန်းလျန် တန်ခိုးစွမ်းအားများ ကုန်ဆုံးသည်အထိ တောင့်ခံထားနိုင်မည် မဟုတ်ပေ။

ထို့ပြင် ဆန်းလျန်ကလည်း သူ၏ အရန်အတား အင်းသင်္ကေတများကို ဖျက်ဆီးပစ်ခဲ့လေသည်။ သူ့အနေဖြင့် အသက်အသေခံပြီး ဆန်းလျန်ကို အနိုင်ယူ တိုက်ခိုက်စရာ အကြောင်းမရှိပေ။

အမှန်တော့ ဆန်းလျန်သည် အခြားလောကတစ်ခုကို တိုက်ခိုက်ရန်အတွက် သူနေထိုင်ရာ လောကမှ နတ်ဘုရား အချို့ကို ခေါ်ဆောင်သွားလိုခြင်းသာ ဖြစ်လေသည်။ ဆန်းလျန်က သူနေထိုင်ရာ လောကကို ဖျက်ဆီးပစ်လိုစိတ်မရှိ သရွေ့ သူက ဆန်းလျန်ကို ရန်သူအဖြစ် မသတ်မှတ်နိုင်ပါ။

သူ ရှုံးနိမ့်ခဲ့ရသည့်တိုင် ထိုအရှုံးကို လက်မခံနိုင်စရာ မရှိခဲ့ပါ။

ထို့ကြောင့် နတ်ဘုရားတစ်ပါး ပီသစွာဖြင့် အချိန်တိုလေး အတွင်းမှာပင် အရှုံးပေးရန် ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်လေသည်။

ချင်းရွှမ်နတ်တံခါး တည်ရှိရာ လောကသို့သာ ပြန်ရောက်သွားလျှင် ဆန်းလျန်အနေဖြင့် လုကျိုးယွမ်ကို အနိုင်ရနိုင်တော့မည် မဟုတ်ပေ။ သို့သော်… သူတို့အဆင့် နတ်ဘုရားများသည် အကြောင်းမရှိဘဲ သူသေကိုယ်သေ တိုက်ခိုက်ရန် မလိုအပ်လှပါချေ။

လုကျိုးယွမ်သည် နတ်ဘုရား အလင်းတန်းများဖြင့် သူ့ကိုယ်သူ ကာကွယ်ထားဆဲ ဖြစ်လေသည်။ အင်းသင်္ကေတများမှာ ပျက်စီးသွားပြီ ဖြစ်သော်လည်း စစ်မှန်သည့် အင်းပညာ သဘော သဘာဝကတော့ ကျန်ရစ်နေဆဲ ဖြစ်လေသည်။ သူနေထိုင်ရာ လောကသို့ ပြန်ရောက်မှသာ အချိန်ယူပြီး ပြန်လည် ပြင်ဆင်ရမည် ဖြစ်လေသည်။ ထို့ကြောင့် သူက ပျက်စီးသွားသည့် အင်းသင်္ကေတများကို နတ်ဘုရား အလင်းတန်းအဖြစ် ဖန်ဆင်းကာ အကာအကွယ် ယူထားခြင်း ဖြစ်လေသည်။

လုကျိုးယွမ်က သက်ပြင်းတစ်ချက် ချလိုက်ရင်း…

“ကျင့်စဉ်လမ်း အောင်မြင်ပြီးကတည်းက ကျုပ်ဘဝမှာ ပထမဆုံးအကြိမ် ရှုံးနိမ့်ဖူးတာပဲ၊ တကယ့်ကို အတွေ့အကြုံကောင်း တစ်ခုပါပဲ၊ ကျုပ်သာ အဲဒီလောကထဲက လွတ်မြောက်တဲ့ တစ်နေ့ကျရင် ဆန်းကျန်းရန်ကို တကယ်ပဲ ကျေးဇူးတင်မိမှာပါ”

ဆန်းလျန်က ပြုံးလိုကရင်း…

“ရှန်စန်းကျန်းရန်သာ အဲဒီလိုလုပ်နိုင်မယ် ဆိုရင် ဆန်းလျန် ဘယ်နေရာမှာပဲ ရောက်နေပါစေ အကြောင်းကြား ဖြစ်အောင် ကြားလိုက်ပါ၊ ရှန်စန်းကျန်းရန်ကို ဆန်းလျန် လာရောက် ဂါရဝပြုပါ့မယ်”

လုကျိုးယွမ်က ရယ်မောလိုက်ရင်း…

“အဲဒီအချိန်ကျရင်တော့ မင်းကို ရှုံးနိမ့်ရတဲ့ အရသာလေး မြည်းခိုင်းရတာပေါ့”

ဆန်းလျန်က…

“အဲဒီလိုဖြစ်လာခွင့် မကြုံမှာပဲ ဆန်းလျန် စိတ်ပူမိပါတယ်”

လုကျိုးယွမ်က ပြုံးလိုက်ပြီး ဆန်းလျန်ရှေ့မှ ပျောက်ကွယ် သွားလေသည်။

ထိုအချိန်မှာပင် ကျောက်ရှောင်ယွီသည် ဆန်းလျန်ရှေ့တွင် ပေါ်လာလေသည်။

သူမက ဆန်းလျန်အနားသို့ ရောက်လာပြီး…

“ကျွန်မ ရှင့်ကိုစတွေ့တဲ့ အချိန်တုန်းက ရှင်ဟာ တစ်နေ့မှာ လုကျိုးယွမ်ကို အနိုင်ယူလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး၊ ကျွန်မရဲ့ ဂိုဏ်းတူအစ်မသာ လောကမှာရှိသေးရင် ဒီသတင်းကြားရင် အရမ်းဝမ်းသာမှာပဲ”

ကျောက်ရှောင်ယွီ၏ ဂိုဏ်းတူအစ်မသည် လုကျိုးယွမ်ကို အလွန်မုန်းတီးသူ ဖြစ်လေသည်။ သို့သော် သူမသည် နောက်ဆုံးအချိန်ထိ လုကျိုးယွမ်ကို လက်စား မချေခဲ့နိုင်ရှာပေ။ လုကျိုးယွမ်ကို မပြောပါနှင့်။ လုကျိုးယွမ်၏ တပည့်ကိုပင် အနိုင်ရအောင် မတိုက်ခိုက်နိုင်ခဲ့ပေ။

ဆန်းလျန်က…

“ရှန်စန်းကျန်းရန်က သိပ်ရုပ်မပျက်ချင်လို့ ကျုပ်ကို အလျှော့ပေးလိုက်တာပါ၊ ဒါပေမဲ့ သူနေထိုင်တဲ့ လောကထဲမှာသာ သူနဲ့ကျုပ်နဲ့ တိုက်ခိုက်ခဲ့ရင် တိုက်ပွဲရလဒ်က တစ်မျိုး ပြောင်းသွားနိုင်တယ်”

ကျောက်ရှောင်ယွီက…

“ဒါပေမဲ့ ကျွန်မဆိုရင်လည်း ကိုယ့်အိမ်မှာတော့ တိုက်ခိုက်မှာ မဟုတ်ဘူးလေ၊ ကိုယ့်အိမ်ပျက်စီးမှာတော့ ဘယ်သူက အရေးမထားဘဲ နေမှာလဲ …”

ဆန်းလျန်က ရယ်မောလိုက်ရင်း…

“အမှန်ပါပဲဗျာ…”

ထို့နောက်… သူတို့ (၂)ယောက်သည် ခေတ္တခဏ တိတ်ဆိတ် သွားကြလေသည်။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် လက်ချင်းတွဲလိုက်ပြီး အဝေးဆီမှ ကြယ်စင်များကို ငေးကြည့် နေကြလေသည်။ နက်ရှိုင်းသည့် စကြဝဠာထဲတွင် ကြယ်စင်များသည် လှပလွန်းလှလေသည်။ ဤကဲ့သို့သော အချိန်မျိုးသည် အလွန်မှ အဖိုးတန်လှပါလေ၏။

ရုတ်တရက် ကျောက်ရှောင်ယွီက စကားပြောလိုက်လေသည်။

“ဒီအချိန်လေးကိုပဲ အမြဲထာဝရ ပိုင်ဆိုင်ရရင် အရမ်းကောင်းမှာပဲ”

ထို့နောက် ဆန်းလျန် စကားပြန်မပြောခင်မှာပင် ကျောက်ရှောင်ယွီက ထပ်ပြောလိုက်လေသည်။

“အရင်တုန်းကဆိုရင် ရှင် ကျွန်မကို မကူညီခဲ့ဘူးနော်၊ အခုတော့ ကျွန်မကို ကယ်တင်ပေးခဲ့တယ်၊ ကျွန်မ အရမ်းပျော်တာပဲ၊ ဒါပေမဲ့လေ … ရှောင်ယွီ နောက်ထပ် အကူအညီ တစ်ခုလောက် တောင်းပါရစေဦး”

ဆန်းလျန်က…

“ကျုပ်က မင်းကို ဘယ်တုန်းက ငြင်းရက်နိုင်ခဲ့လို့လဲဗျာ…”

ကျောက်ရှောင်ယွီက…

“ဒါပေမဲ့ ရှင်က ကျွန်မကို မတတ်သာလို့ လိုက်လျောနေခဲ့ရတယ် ဆိုတာ ကျွန်မသိပါတယ်”

ဆန်းလျန်သည် တိတ်ဆိတ် ငြိမ်သက်နေလေသည်။

အမှန်တော့ ကျောက်ရှောင်ယွီသည် အခြားသူများထက် သူ့ကို နားလည်နိုင်သူ တစ်ယောက် ဖြစ်လေသည်။

ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…

“ဒါပေမဲ့ အကူအညီမတောင်းခင် ကျွန်မပြောချင်တာ တစ်ခုက အခု ကျွန်မ သေရမယ်ဆိုရင်တောင် သေပျော်ပါပြီရှင်၊ ဘာလို့လဲဆိုတော့ ရှင်အခု ကျွန်မကို ပြောနေတဲ့ စကားတွေက အမှန်တွေမဟုတ်ဘူး ဆိုရင်တောင် တခြားသူတွေကို ပြောလေ့မရှိတဲ့ စကားမျိုးတွေ ဖြစ်နေလို့လေ၊ အဲဒါကြောင့် ဆန်းလျန်ရဲ့ ရင်ထဲမှာ ကျောက်ရှောင်ယွီအတွက် နေရာတစ်နေရာ ရှိနေခဲ့တယ်ဆိုတာ သိခဲ့ရပါပြီ”

ဆန်းလျန်က စကားပြောရန် ပြင်လိုက်ပြီးမှ မပြောဖြစ်တော့ပေ။ အချို့သော အကြာင်းအရာများက မပြောလိုက်ရသည်ကပင် ပိုကောင်းသည် မဟုတ်ပါလား။

ကျောက်ရှောင်ယွီက…

“ဟုတ်ပါပြီ၊ ကျွန်မတောင်းချင်တဲ့ အကူအညီက ကျွန်မတို့နေတဲ့ လောကကို ပြန်ရောက်ရင် ကျွန်မကို နည်းနည်းလောက် အဖော်ပြုပေးဖို့ပါ၊ ဘာလို့လဲဆိုတော့ အချိန်အကြာကြီး တစ်ယောက်တည်း ချုပ်နှောင်ခံထားရတာ အရမ်းပျင်းနေပြီ”

သူမ၏စကားကို ဆန်းလျန်က ခေါင်းညိတ် သဘောတူလိုက်လေသည်။

ထို့နောက် သူတို့ (၂)ယောက်သည် ရေစီးကြောင်းများ အဖြစ်သို့ ကူးပြောင်းသွားပြီး အာကာသထဲတွင် လွင့်မျောသွားကာ သူတို့နေထိုင်ရာ လောကသို့ ပြန်လည်ရောက်ရှိ လာကြလေတော့သည်။

လောကကြီး မည်မျှ ပြောင်းလဲသွားပါစေ တောတောင်ရေမြေ သဘာဝတရားကြီးကတော့ သိပ်ပြီး ပြောင်းလဲခြင်း မရှိပါချေ။

အကယ်၍ ပင်လယ်ပြင်ကြီးသည် လယ်ကွင်းကြီးအဖြစ် ပြောင်းလဲသွားပြီဆိုပါက အချိန်ကာလသည် အလွန့်အလွန် ကြာခဲ့ပြီဟု မှတ်ယူနိုင်လေသည်။ သို့သော် … ထောင်စုနှစ်တစ်စုလောက် အတွင်းတွင်တော့ ပင်လယ်ပြင်သည် လယ်ကွင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားရန် မလွယ်ကူနိုင်ပါ။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် တစ်ယောက်နှင့် တစ်ယောက် နားလည်စွာဖြင့်ပင် ယခင်အချိန်များတုန်းက အတူတူသွားခဲ့ကြဖူးသည့် နေရာများသို့ သွားရောက်လည်ပတ် ခဲ့ကြလေသည်။ သူတို့သည် တောတောင်ရေမြေများကို ဖြတ်သန်းပြီး အတူတူ လမ်းလျှောက် လာခဲ့ကြလေသည်။

နောက်ဆုံးတော့ သူတို့သည် ချင်းစွေမြစ်ကမ်းသို့ ရောက်ရှိ လာကြလေသည်။

ချင်းစွေမြစ်စောင့် နတ်သမီးဖြစ်သည့် ဘုရင်မသည် ထိုနေရာတွင် ရှိမနေတော့ပါ။

ဘုရင်မသည် မြစ်စောင့် နတ်သမီးဘဝကို လွန်ခဲ့သည့် နှစ်ပေါင်း (၂၀၀)ခန့်ကပင် စွန့်လွှတ်လိုက်ပြီး လူပြန်ဝင်စားသွားပြီ ဖြစ်လေသည်။ သူမသည် မြစ်စောင့် နတ်သမီးဘဝကို ကျေနပ်ခြင်း မရှိတော့ပဲ ပိုပြီးမြင့်မားသည့် နတ်ဘုရားတစ်ပါး ဖြစ်လိုသောကြောင့် ဖြစ်လေသည်။

မြစ်စောင့်နတ်သမီး မရှိတော့သည့်နောက် မြစ်စောင့်နတ်သမီး ဝတ်ကျောင်းတော် သည်လည်း စွန့်ပစ်ခံ နေရာတစ်ခု ဖြစ်သွားခဲ့ရလေသည်။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီတို့သည် မြစ်စောင့်နတ်သမီး ဝတ်ကျောင်းတော်၏ ခေါင်မိုးထက်တွင် ထိုင်နေကြလေသည်။ လေများက တိုက်ခတ်နေပြီး သူတို့ (၂)ယောက်လုံး၏ နဖူးဆံစထက်မှ ဆံပင်များသည် လေထဲတွင် လွင့်နေကြလေသည်။

သူတို့ (၂)ယောက်သည် ချစ်သူစုံတွဲအလားပင် ထင်မှတ်ရလေသည်။

သူတို့ (၂)ယောက်သည် အပြန်အလှန် နားလည်မှု ရှိထားကြသည်။ အချစ်နှင့် ရမ္မက်ဆန္ဒကိုလည်း အတူတူခံစားခဲ့ကြသည်။ သူတို့၏ နှလုံးသားများကိုလည်း တာအိုတရားများနှင့် ဖြည့်ခဲ့ကြသည်။

ကျောက်ရှောင်ယွီသည် အနည်းငယ် ပုံမှန်ပြန်ဖြစ်လာလေသည်။

သူမထံမှ ယခင်အချိန်ကကဲ့သို့ ထူးခြား အရှိန်အဝါများ ပျောက်ကွယ်နေပြီး သူမသည် သာမန်မိန်းကလေး တစ်ယောက်နှင့် ပိုတူနေလေသည်။

သူမသည် ဟန်ဆောင်ခြင်း လုံးဝမရှိတော့ပဲ ဆန်းလျန်နှင့် အချစ်ဇာတ်လမ်းလေးတွင် ဘဝတစ်ခုလုံး မြှုပ်နှံထားလိုက်လေသည်။

ချင်းစွေမြစ် တစ်ဖက်ကမ်းတွင်တော့ တောင်ပေါ်သား တစ်စုသည် မီးပုံပွဲ ကျင်းပ နေကြလေသည်။

သူတို့သည် မီးပုံနံဘေးတွင် သီဆိုကခုန် နေကြလေသည်။ ဟောင်းနွမ်းစုတ်ပြဲသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း နှလုံးသားမှ ဖြစ်တည်လာသည့် အပြုံးများကိုတော့ ဖုံးကွယ်မထားနိုင်ကြပေ။

ကျောက်ရှောင်ယွီက …

“ကျွန်မတို့လည်း သွားကကြရအောင်…”

ဆန်းလျန်က ခဏတာမျှ တုံ့ဆိုင်းနေပြီးမှ…

“မလုပ်စမ်းပါနဲ့…”

သို့သော် … ကျောက်ရှောင်ယွီက ဆန်းလျန်ကို အတင်းဆွဲခေါ်ကာ မြစ်ကို ဖြတ်ကူး လာခဲ့လေသည်။ သူတို့(၂)ယောက်လုံး ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး မီးပုံပွဲကျင်းပနေသူများ အနားသို့ ရောက်ရှိ လာကြလေသည်။

တောင်ပေါ်သူ တောင်ပေါ်သားများသည် လက်များကို လွှဲယမ်းကာ စိတ်အား ထက်သန်စွာဖြင့် ကခုန်နေကြလေသည်။

ကျောက်ရှောင်ယွီက ပျော်ရွှင်စွာဖြင့် ဆန်းလျန်ကို ဆွဲခေါ်လိုက်ပြီး သူ၏လက်များကို ဆွဲလှည့်လိုက်လေသည်။ သူမ၏ ရယ်မောသံလေးများသည် ငွေရောင် ဆည်းလည်းသံလေး အလားပင် ဖြစ်လေသည်။ သူမသည် တေးသွား စည်းချက်အတိုင်း ကခုန်နေလေတော့သည်။

ဆန်းလျန်မှာလည်း ကျောက်ရှောင်ယွီကသည့် အတိုင်း အလိုက်သင့် လိုက်က ပေးနေရလေသည်။ တဖြည်းဖြည်းနှင့် ဆန်းလျန်လည်း စိတ်ပါလာပြီး နတ်ဘုရားများနှင့် သေမျိုး လူသားများကြားမှ မတူညီမှုကိုပင် မေ့လျော့သွားခဲ့လေသည်။

ဆန်းလျန်၏ နှလုံးသားထဲတွင် မည်သည့်အရာမှ ရှိမနေတော့ပေ။

ကျောက်ရှောင်ယွီနှင့် ဆန်းလျန်မှာ သာမန်လူသားများ မဟုတ်ကြပါ။ ထို့ကြောင့် သူတို့ (၂)ယောက်၏ ကခုန်ဟန်သည် အလွန်မှလှပပြီး ဆွဲဆောင်မှုရှိကြလေရာ တောင်ပေါ်သူ တောင်ပေါ်သားများက သဘောကျစွာဖြင့် အော်ဟစ် အားပေးနေကြလေသည်။

မီးပုံမှမီးများ ငြိမ်းသွားပြီး မီးပုံပွဲပြီးဆုံးသွားသည့် အခါတွင်တော့ ဆန်းလျန်နှင့် ကျောက်ရှောင်ယွီလည်း တိတ်ဆိတ်စွာဖြင့် ထွက်ခွာလာခဲ့ကြလေသည်။

ကျင့်စဉ်လမ်းကို စတင် လျှောက်လှမ်းသည့် အချိန်မှစပြီး ဆန်းလျန်သည် အိပ်လေ့အိပ်ထ သိပ်မရှိခဲ့ပေ။

သို့သော် ... ထိုညတွင်တော့ ဆန်းလျန်သည် အပူအပင်ကင်းမဲ့စွာဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။

သူ နိုးလာသည့် အခါတွင်တော့ ကျောက်ရှောင်ယွီသည် ထွက်ခွာသွားပြီ ဖြစ်လေသည်။

သူ့ရှေ့တွင် သစ်ရွက်လေးတစ်ရွက် ရှိနေပြီး သစ်ရွက်လေးထက်တွင် စာကြောင်းလေး (၂)ကြောင်း ရေးသားထားလေသည်။

“တန်ခိုးစွမ်းအားတွေ အားလုံး၊ တာအိုတရားတွေ အားလုံး … ဘယ်အရာကမှ ရှင်နဲ့နှိုင်းယှဉ်လို့ မရပါဘူး….၊

ကျွန်မကို မေ့မသွားနဲ့နော်….”

****

All Chapters