← Chapters

အခန်း (၁၀၃၃-၁၀၃၄)

Vol. 87 Ch. 1033-1034

အခန်း (၁၀၃၃-၁၀၃၄)

Vol. 87 Ch. 1033-1034

အခန်း ၁၀၃၃ –

စကြာဝဠာတံဆိပ် ... ။

အဝေးတစ်နေရာမှ လီကျုံးသည် မိန်းကလေးဟုန်ယွင်၏ ပြတ်သားလှသော နည်းလမ်းများကို လှမ်းမြင်လိုက်ရသည့်အခါ သက်ပြင်းတစ်ချက်ခိုးချလိုက်မိသည်။

အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ရပ်ကို ဆုံးရှုံးလိုက်ရကြောင်း နားလည်လာ၏။

“ ဒါပေမဲ့ ငါ့ကိုယ်ငါလည်း အပြစ်တင်လို့ မရပါဘူး အမြဲတမ်းသီးခြားနေပြီး လောကီကို စိတ်မဝင်စားတတ်တဲ့ မိန်းကလေးတစ်ယောက် နတ်မိစ္ဆာပင်လယ်ကနေ ထွက်လာမယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ”

လီကျုံး၏ မျက်လုံးများ ရှုပ်ထွေးနေသည်။ ဤမိန်းကလေးသည် ထူးခြားဆန်းကြယ်သော အင်မော်တယ်တစ်ဦး၏ သားစဉ်မြေးဆက် ဖြစ်ချေ၏။

သို့သော် သူမမျိုးရိုးသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်မျှစွာသော သန်မာကြောင်းကိုမူ အလွန်ပင် လျှို့ဝှက် လွန်းလှလေသည်။

ကောလာဟလများအရ သူမသည် ထိပ်တန်းအင်မော်တယ် မျိုးရိုးစုကြီးတစ်ခုမှ သခင်မလေးဖြစ်ပြီး အလွန်အမင်း မြင့်မြတ်လွန်း သဖြင့် စစ်မှန်သောအင်မော်တယ်များပင် ဦးညွှတ်ရိုသေကြရသည် ဟု ဆိုသည်။

အခြားသော ကောလာဟလတစ်ခုမှာမူ သူမသည် အင်မော်တယ်မြေမှ အင်မော်တယ် တစ်ပါး၏ အမွေခံတပည့်ဖြစ်သည် ဟုလည်း ဆိုကြပြန်သည်။

မည်သို့ပင်ဖြစ်စေ အမျိုးမျိုးသော ပြောဆိုချက်များရှိနေကြသည်။ သေချာသည်မှာ ဓမ္မအဆုံးခေတ် အင်မော်တယ်မျိုးရိုးများအားလုံး သူမအမည် ပြောဆိုကြသည့်အခါ အလွန်ပင် သတိထားကြခြင်းဖြစ်၏။

“ မိန်းကလေးမုချင်းချောင်သာ ဒီမိန်းကလေးဟုန်ယွင်ရဲ့ အတွင်းအကြောင်းကို သိထားလိမ့်မယ် ...

... တကယ်လို့သူမသာ မိန်းကလေးဟုန်ယွင်က ဒီဝင်စားသူအတွက် ကိုယ်တိုင်ကိုယ်ကျ ထွက်လာပြီး ကူညီပေးတယ် ဆိုတာကိုသိသွားရင် ဘယ်လိုမျိုး တုံ့ပြန်မလဲ ဆိုတာ မသိနိုင်ဘူး။ ”

ဤအချက်ကို တွေးမိသည့်အခါ လီကျုံးတစ်ယောက်ခေါင်းခါလိုက်ပြီး လှည့်၍ ထွက်ခွာသွားတော့သည်။ ယနေ့ ဖြစ်ပျက်သမျှ ကိစ္စရပ်များကို မုချင်းချောင်ထံသို့သတင်းပို့ရ ဦးမည် ဖြစ်လေသည်။

စုရီထံမှ သက်ပြင်းချသံကို ကြားလိုက်ရသည့်အခါ ခွေးဝါကြီးဟုခေါ်သော မင်ချွဲသည်အမြီးလှုပ်ယမ်းလျက် လျှောက်လှမ်း လာပြီး မကျေမနပ် ပြောဆိုလိုက်သည်။

“ ငါတို့ရဲ့သခင်မက မင်းရဲ့အသက်ကို ကယ်ပေးရုံတင်မကဘဲ .. အသစ်ဖော်စပ်ထားတဲ့ သေရည်ကိုတောင် မြည်းစမ်းဖို့ပေးတာကို ... မင်းဘာဖြစ်လို့ သက်ပြင်းချနေရတာလဲ။ ”

စုရီက ပြုံးလိုက်ပြီး မင်းချွဲခေါင်းကို အသာအယာပုတ်လျက်၊

“ မင်း နားမလည်ပါဘူး။ ”

-ဟု တုန့်ပြန်လိုက်သည်။ မင်ချွဲခမျာ ဒေါသ ထွက်လွန်းသဖြင့် ခြေသလုံးကိုက်ခဲချင်စိတ်များ ဝင်ရောက်လာသည်။ ဤလူယုတ်မာသည် သူ၏ ခေါင်းကိုထပ်မံ၍ ပွတ်သပ်နေပြန်ချေပြီ။ အလွန်ပင် ရိုင်းပြလွန်းလှ၏။

စုရီက သေရည်အိုးကို ဖွင့်လိုက်ပြီး တစ်ငုံသောက်ကြည့်ရာ ချိုမြိန်သင်းပျံ့လှသည့် ရနံ့မှာ လျှာဖျားတွင် ပျံ့နှံ့သွားခဲ့တော့၏။

နူးညံ့လှသော မိုးကြိုးမီးတောက် စွမ်းအင်ကြိုးမျှဉ်လေးပမာ လည်မျိုအတွင်းသို့ စီးဝင်သွားပြီး အကြောအခြင်များအတွင်းထံ ပြန့်နှံ့သွားချေပြီ။

ထိုအခိုက်တွင် စုရီခန္ဓာကိုယ်ရှိ ချွေးပေါက်များပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး စိတ်ရောကိုယ်ပါ လွင့်မျောသွားလျက် ဖော်ပြ၍ မရနိုင်လောက်အောင် သက်သောင့်သက်သာ ဖြစ်သွားခဲ့ရလေသည်။

စောစောက တိုက်ပွဲအတွင်း ရရှိခဲ့သော ဒဏ်ရာများသည်လည်း မျက်ဝါးထင်ထင်ပင် လျင်မြန်စွာ သက်သာလာခဲ့သည်။

“ ဒီသေရည်က ... တကယ်ကို ထူးကဲလွန်းပါတယ်။ ”

စုရီမှ မနေနိုင်ဘဲ နောက်တစ်ငုံ ထပ်သောက်လိုက်ပြန်သည်။ ခွေးဝါလေးသည် သွားရည်များပင် ကျဆင်းလာခဲ့ပြီး မနာလိုစွာ၊

“ အဲ့ဒါကို ပြောနေစရာမလိုပါဘူး ... နတ်ဝိညာဉ်အဆင့် ဆေးဘက်ဝင်တစ်ရာကျော် ပေါင်းစပ်ထားတဲ့ သေရည်ပဲ။ ”

-ဟု အော်ဟစ်လိုက်သည်။

စုရီမှ စကားမပြောဘဲ သူ့ခေါင်းကို ထပ်မံပွတ်သပ်မည်ကို စိုးရိမ်နေသဖြင့် ချက်ချင်း ဆုတ်ခွာလိုက်လေသည်။

“ အမှန်အတိုင်း ပြောရရင် စောစောက မင်းသာ ပေါ်မလာခဲ့ရင်တောင် ... သူတို့ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ”

မိန်းကလေးဟုန်ယွင်သည် ခေါင်းညိတ်လိုက်ပြီးနောက် သဘောတူဟန် ပြသလိုက်လေသည်။ သို့သော် သူမ ဆက်ပြော လိုက်သည်မှာ၊

“ စောစောက တိုက်ပွဲမှာ မင်းရဲ့ ဝှက်ဖဲတွေက ပေါ်သွားခဲ့ပြီ ရန်သူတွေကို မင်းရဲ့ အစွမ်းအစ အကန့်အသတ်ကို သိသွားအောင် ထပ်ပြီး ခွင့်ပြုလို့မရတော့ဘူး မဟုတ်ရင် ...

... နောက်တစ်ခါ သူတို့ပြန်လာတဲ့အခါ မင်းကိုသေချာပေါက်သတ်မယ့် နည်းလမ်းတွေ ပြင်ဆင်လာလိမ့်မယ် ဒါကကောင်းကျိုးထက် ဆိုးကျိုးတွေပိုများစေတယ်။ ”

... ဒါတင်မကဘူး ပြင်ပအင်အားကို အသုံးပြုပြီး ရန်သူကိုသတ်တာက ခဏတော့ အားရစရာ ကောင်းပေမယ့် ...

... ကျင့်ကြံမှုလမ်းမှာ မင်းအတွက် အလွန်ကောင်းမွန်လှတဲ့ ဓားသွေးကျောက်ကို ပြင်ပအင်အားနဲ့ သတ်ပစ်လိုက်ရတာ နှမြောစရာ ကောင်းလွန်းပါတယ်။ ”

-ဟူ၍ဖြစ်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ စုရီတစ်ယောက် ခေါင်းညိတ်ပြလိုက်လေသည်။ ဤအခိုက်တွင် တာအိုမိတ်ဆွေတစ်ဦးကို တွေ့ရှိလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

သူမ၏ အမြင်နှင့် အတွေးအခေါ်မှာ ဖူတာ့လီကဲ့သို့သော ရတနာများစွာဖြင့် အသက် ဆက်နေကြသည့် ဒုတိယမျိုးဆက်များနှင့် လုံးဝ မနှိုင်းယှဉ်နိုင်အောင် မြင့်မားလှသည်။

“ မကြာခင်မှာ ငါအင်မော်တယ်တစ်ပါး ချန်ရစ်ခဲ့တဲ့ လျှို့ဝှက်နယ်မြေတစ်ခုကို သွားဖို့ ရှိတယ် ဖြစ်နိုင်မယ်ဆိုရင် မင်းကိုလည်း ငါနဲ့အတူလိုက်စေချင်တယ်။ ”

မိန်းကလေးဟုန်ယွင်မှ ရုတ်ချည်း ပြောကြားလိုက်သည်။ စုယီခမျာ အနည်းငယ်မျှ အံ့အားသင့်သွား၏။ မိန်းကလေးဟုန်ယွင်က၊

“ အဲ့ဒီနေရာက အင်မော်တယ်မြေရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်နဲ့ သက်ဆိုင် နေပါတယ် အခုအချိန်မှာတော့ အခွင့်အရေးက မသာသေးဘူး အထဲကို ဝင်သွားရင်သေဖို့ပဲ ရှိတယ် ...

... ငါ့ရဲ့တွက်ချက်မှုအရ နောက်ထပ် ခြောက်လအတွင်း အပြောင်းအလဲတွေနဲ့အတူ ဒီလောကကြီးရဲ့စည်းမျဉ်းတွေ တစ်ဝက်လောက် လျော့ကျသွားလိမ့်မယ် ဒီအတွက် မင်းဆီကနေ အခွင့်အရေး အလကားယူမှာ မဟုတ်ဘူး။ ”

-ဟု ဆိုလိုက်တော့သည်။ စုရီက သူ့လက်ထဲမှ သေရည်အိုးကို မြှောက်ပြလိုက်ပြီး၊

“ ဒီသေရည်အိုး ရှိနေတာနဲ့တင် လုံလောက်ပါပြီ။ ”

- ဟု ဆိုလိုက်သည်။ မိန်းကလေးဟုန်ယွင် တစ်ယောက် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် ပေါ်ထွက်လာခဲ့၏။

“ မင်းသာ ... ကြိုက်တယ်ဆိုရင် နောက်တစ်ခါကျရင် ငါအများကြီး ပိုယူလာ ပေးပါ့မယ်။ ”

“ ဟားဟားဟား ... ဒါဆိုရင်တော့ ငါကြိုတင်ပြီး ကျေးဇူးတင်ထားပါရစေ။ ”

သူ့ဘေးနားရှိ ခွေးဝါလေးမှာမူ တိတ်ဆိတ်စွာဖြင့် နှာခေါင်းရှုံလိုက်တော့သည်။ တစ်ဖက်လူသည် အရေထူလွန်းချေ၏။

မိန်းကလေးဟုန်ယွင်က သုံးလက်မခန့် ရှိသော အပြာရောင်ကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်ယူကာ စုရီထံပေးအပ်လိုက်သည်။

“ ဒီကျောက်စိမ်းတံဆိပ်ကို ယူထားပါ၊ ငါအဲ့ဒီအင်မော်တယ် ဝှက်နယ်မြေကိုသွားမယ့် အချိန်ကျရင် ဆက်သွယ်လိုက်မယ်။ ”

ဤကျောက်စိမ်းပြားသည် သာမန်မဟုတ်ချေ။ ရှုပ်ထွေးပြီး နက်နဲသော သင်္ကေတများ ထွင်းထုထားသည်။

၎င်းထံမှ ထွက်ပေါ်သောရောင်ဝါသည် တောင်ကြီးတစ်လုံးပမာလေးလံကာ သမုဒ္ဒရာ အလား နက်ရှိုင်းလှသည်။ နောက်၌ စကြာဝဠာ တိမ်တိုက် ပုံစံတစ်ခုထွင်းထုထား၏။

“ ဒါက အသက်ကယ်ဖို့အတွက်လည်း အသုံးပြုလို့ရတယ် ဒါပေမယ့် ငါ့အမြင်အရတော့ တိမ်ပေါ်ပျံသန်းခြင်းအဆင့် သေလွန်ဝိညာဉ်တွေ မပေါ်လာသရွေ့တော့ မင်းအတွက် မလိုအပ်ပါဘူး။ ”

ထို့နောက် မိန်းကလေးဟုန်ယွင်မှ စကားထပ်မဆိုတော့ဘဲ နှုတ်ဆက်၍ ထွက်ခွာ သွားတော့သည်။ မထွက်ခွာမီ ခွေးဝါကြီးသည် စုရီထံ အသံလွှင့်၍ သတိပေးလိုက်၏။

“ ကောင်လေး ... မင်းသတိထားပါ ... သေရေးရှင်ရေး အခြေအနေ မဟုတ်ရင် ... အဲဒီ တံဆိပ်ကို လုံးဝမသုံးနဲ့၊ ဒီရတနာက ... ။ ”

သို့သော် စကားမဆုံးခင်မှာတင် မိန်းကလေးဟုန်ယွင်သည် သူ့လည်ပင်းမွေးကို ဆွဲလျက် မယူလိုက်ပြီး၊

“ သွားကြစို့ ... ။ ”

-ဟုဆိုကာ ထွက်ခွာသွားတော့၏။

ခြေလှမ်း တစ်လှမ်းတည်းဖြင့်ပင် ဝေးသို့ရောက်ရှိသွားကာ မြင်ကွင်းမှချက်ချင်း ကွယ်ပျောက်သွားလေသည်။

ဤနေရာရှိ တောင်နှင့် မြစ်များသည် ပျက်စီးနေပြီး မြေပြင်သည်လည်း ပြိုကျနေကာ ပျက်စီးယိုယွင်းနေသည်။

ခရမ်းရောင်တိမ်တောင်ထိပ်မှာမူ အစောပိုင်းတိုက်ပွဲကြောင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးသွားခဲ့ပြီဖြစ်သည်။

ယနေ့တိုက်ပွဲသည် အရှေးပိုင်း ကြယ်လွင်ပြင်၏ အခြေအနေ အရပ်ရပ်အပေါ် သေချာပေါက် ပြောင်းလဲသွားမည်ဖြစ်၏။

“ သခင် ... စကြာဝဠာတိမ်တိုက်ကို ဘာလို့ပေးလိုက်တာလဲ။ ”

လမ်းခရီးသည် ခွေးဝါကြီးသည် နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။ မိန်းကလေးဟုန်ယွင်မှ ခေါင်းငုံ့ကြည့်ပြီး၊

“ ဘာလို့ မပေးဘဲနေရမှာလဲ။ ”

-ဟု တုန့်ပြန်၏။ ခွေးဝါကြီးခမျာ တိတ်ဆိတ်သွားပြီး ခဏအကြာတွင် သူသည် လေသံတိုးတိုးဖြင့်၊

“ သခင်ရဲ့ရည်ရွယ်ချက်ကို နားမလည်ပေမယ့် အဲ့ဒီတံဆိပ်သာ ပျောက်ဆုံး သွားခဲ့ရင် ... ။ ”

“ ပျောက်သွားရင်လား ... ဒါက ပျောက်သွားတယ်ပဲပေါ့ ... အင်မော်တယ်မြေမှာ ကပ်ဘေးကြီး ဖြစ်ပွားခဲ့တုန်းက စစ်မှန်တဲ့ အင်မော်တယ်တွေ ...

... မိုးရေစက်ပမာ သေဆုံးခဲ့ရတယ်၊ ပြီးတော့အင်အားစုတွေလည်း ဘယ်လောက် ပျက်စီးသွားခဲ့ကြလဲဆိုတာ မရေတွက်နိုင်ခဲ့ဘူး အခုတောင် ငါတို့တွေ သေမျိုးကမ္ဘာကြီးမှာ ပိတ်မိနေကြတုန်းပဲမဟုတ်လား ...

... အနာဂါတ်မှာ အင်မော်တယ်မြေကို ပြန်သွားခွင့်ရခဲ့ရင်တောင် အရင်လိုဖြစ်ဖို့ဆိုတာ ခက်ခဲသွားလိမ့်မယ် ဒီလိုဆိုမှတော့ တံဆိပ်လေး တစ်ခုကို ဘာလို့ဂရုစိုက်နေဦးမှာလဲ။ ”

အဆိုပါစကားကြောင့် ခွေးဝါကြီးခမျာ မျက်ဝန်းများမှေးစင်းလျက် တိတ်ဆိတ်သွား တော့သည်။

ထိုစဉ်က သူတို့သည် အင်မော်တယ်မြေမှ သေမျိုးလောကသို့ ဘေးအန္တရာယ် ရှောင်ရှားရန် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

သို့သော် သေမျိုး ကမ္ဘာတွင်လည်း ကပ်ဘေးကြီးတစ်ခု ထပ်မံကျဆင်းလာမည်ဟု မည်သူမျှ ထင်မထားချေ။ ယခုအခါ သူတို့သည် လူလည်းမကျ၊ တစ္ဆေလည်းမဟုတ်သည့် အခြေအနေသို့ ကျရောက်သွားခဲ့သည်။

“ သခင် ... ငါတို့တွေတကယ်ပဲ အိမ်ပြန်ခွင့်ရဦးမှာလား။ ”

“ သေချာပေါက်ရလိမ့်မယ် ။ ”

မိန်းကလေးဟုန်ယွင်မှ တုန့်ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေသည်။

ထိုနေ့မှာပင် ခရမ်းရောင်တိမ်တောင် တိုက်ပွဲသတင်းပြန့်နှံ့သွားခဲ့ရာ လောကကြီး တစ်ခုလုံး တုန်လှုပ်သွားလေသည်။

တံငါသည်၊ ပန်းချီဆရာ၊ တျန်ကျောက်နှင့် ရန်တာ့လင်တို့သည် ကြယ်လွင်ပြင်ကြီးအတွင်း ထိပ်တန်း ကြယ်ဘီလူးကြီးများဖြစ်သည်။

နယ်ပယ်ဘုရင် တစ်ပါးတည်းဖြင့် နတ်ဝိညာဉ်တစ်ရာကျော်ကို အပြတ်အသတ် ချေမှုန်းလိုက်နိုင်ခြင်းသည် ယုံနိုင်စရာမရှိချေ။

ဤကဲ့သို့သော တိုက်ပွဲရလဒ်သည် အလွန်ပင်ခမ်းနားသဖြင့် လူအများကို ဒဏ္ဍာရီ အလား ခံစားရစေသည်။

ကျန့်ထျန်းချွမ်နှင့် နတ်ဝိညာဉ်အဆင့် အကြီးအကဲများအားလုံး သေဆုံးသွားခဲ့ရသည် ဟူသော သတင်းသည် ရှမျိုးနွယ်စုတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ကျိုးမိသားစုသည်လည်း ထိုနည်းလည်းကောင်းပေပင်။ နာကျည်းမှုများ ပြည့်လျှံလျက်၊

“ ဒီရန်ကြွေးကို မဆပ်နိုင်ရင် ငါတို့မျိုးနွယ်စုက ဒီကြယ်လွင်ပြင်လောကမှာ ဘယ်လိုများရပ်တည်တော့မှာလဲ။ ”

-ဟု ညည်းတွားလိုက်ကြသည်။

“ စောင့်ကြည့်နေလိုက်ပါ ... အဲဒီစုရီက ဒီတစ်ခေါက်နိုင်သွားတယ်ဆိုပေမယ့် သူဟာ အင်အားစုအားလုံးနဲ့ ရန်သူဖြစ်သွားခဲ့ပြီ သူ သေချာပေါက် ပြန်ပေးဆပ်ရလိမ့်မယ်။ ”

ကျန်းမိသားစုသည် အလွန်ပင် ကြီးမားလှသော ရိုက်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ နတ်ဝိညာဉ်အဆင့် ဘိုးဘေးကိုဆုံးရှုံးခဲ့ရရုံတင် မကဘဲ ဂုဏ်သိက္ခာသည်လည်း အကြီးအကျယ်ထိခိုက်သွားချေပြီ။

သည့်ပြင် သေလွန်ဝိညာဉ် အင်အားစုများသည်လည်း အရှက်ရစရာများဖြင့် ရှုံးနိမ့်သွားသည်။

ရှေးဟောင်းဂိုဏ်းကြီးများအတွက် ဤတိုက်ပွဲသည် သူတို့၏မျက်နှာကိုဖြတ်ရိုက် သကဲ့သို့ပေပင်။ အရှက်ရစရာ ဖြစ်ချေ၏။ အလွန်ပင် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ခြင်းပေပင်။

နတ်ဝိညာဉ်အဆင့် အယောက်တစ်ရာကျော်မှာ တစ်ယောက်မျှပင် အသက်မရှင်ဘဲ သေဆုံးသွားခဲ့ရသည်။

၎င်းမှာ အလွန်ပင် ကြီးမားလှသော အရှက်ရမှုကြီးဖြစ်သဖြင့် မည်သူမျှ ဤအတိုင်း လက်လျှော့ထားမည် မဟုတ်ချေ။

သို့သော် မည်သူမဆို စုရီကိုထပ်မံ၍ တိုက်ခိုက်လိုသော် အကျိုးဆက်ကို ခံနိုင်ရည် ရှိ-မရှိ သေချာပေါက် ထည့်သွင်း စဉ်းစားရ ပေတော့မည်။

***

အခန်း ၁၀၃၄ –

ရှန့်မူနှင့် ပေါင်းစပ်ခြင်း။

စုရီသည် နှင်းပွင့်ပမာ ဖြူစင်လှသော ဝတ်စုံဖြင့် နတ်ဘုရားတစ်ပါးပမာခန့်ညားသည့် ရှန့်မူကို ကြည့်ကာတွေးတောနေခဲ့သည်။

ထိုနတ်သမီးရွှယ်လျူသည် မည်မျှ ဆွဲဆောင်မှုရှိနေသောကြောင့် ဤပါရမီရှင်ကို ရူးသွပ်စေခဲ့သည်ကို နားမလည်တော့ချေ။ ယုတ္တိမတန်ဟု ခံစားရသည်။

ရှန့်မူသည် စုရီ၏သဘောထားမှာ အေးစက်နေသည်ကို သတိပြုမိလာခဲ့သဖြင့် အနေခက်စွာ၊

“ အရင်တုန်းက မင်းရဲ့ အခြေအနေကို ငါကောင်းကောင်း မသိခဲ့လို့ပါ ဒါကြောင့် ... ။ ”

“ မင်းရှင်းပြနေဖို့ မလိုပါဘူး ... မင်းနဲ့ငါ တစ်ယောက်တည်းပဲ အတိတ်ဘဝနဲ့လက်ရှိဘဝ တွေဟာ ဆက်နွယ်‌မှုရှိတာသဘာဝပါပဲ ... ။ ”

“ ဒါလည်း ဟုတ်ပါတယ် ... ဒါပေမဲ့ ... မင်းကငါနဲ့မတူဘူး ... ငါ့လိုမျိုးသက်တမ်းတိုမှာ မဟုတ်တာတော့ သေချာတယ်။ ”

“ ငါ အဲ့ဒီ နတ်သမီးရွှယ်လျူရဲ့ ဝိညာဉ်အစိတ်အပိုင်းတစ်ခုနဲ့ တွေ့ခဲ့ဖူးတယ်။ ”

ထို့နောက် လေဟာနယ်အတွင်း လက်ညှိုးဖြင့် အသာအယာတို့ပြလိုက်ရာ သူ၏ အသိစိတ်ပင်လယ်အတွင်း၌ မှတ်ဉာဏ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျီးကန်းတောင်ကြား အင်မော်တယ် နတ်မင်းနန်းတော်အတွင်းမှ အဖြစ်အပျက်များ ပြန်ပေါ်လာသည်။

ထိုစဉ်က အမျိုးသမီးသည် ထျန်းချီခန္ဓာကိုယ်အတွင်း၌ ပုန်းအောင်းနေပြီး ရှန့်မူ၏မှတ်ဉာဏ်များကို နှိုးဆွလျက် သူ့ကို ဖျက်ဆီးရန်ကြိုးစားခဲ့သေး၏။

ဤမြင်ကွင်းများမှာ ရှန့်မူမျက်စိရှေ့တွင် တစ်ခုပြီးတစ်ခု ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ရှန့်မူတစ်ယောက် ပို၍ တိတ်ဆိတ်စွာ ကြေကွဲ သွားတော့၏။

“ ငါ မင်းကို ချစ်မိသွားတဲ့ အချိန်မှာ ... အရာအားလုံးကို စွန့်လွှတ်နိုင်ခဲ့တယ် ... ဒါပေမဲ့ မင်း ငါ့အပေါ်မှာ ရုန်းမထွက်နိုင်လောက်အောင် နစ်မွန်းသွားတဲ့ အချိန်ဟာ ငါ့သံယောဇဉ်တွေကို ဖြတ်တောက်ရမယ့် အချိန်ပဲ ...

... မင်းကို ငါ့လက်နဲ့ ကိုယ်တိုင် သတ်ပစ်လိုက်တာကသာ အကောင်းဆုံးအဖြေပဲ အဲ့ဒီလိုမှသာ ငါ့တာအိုမှာအတားအဆီး ပျောက်ကွယ်သွားလိမ့်မယ်။ ”

စုရီသည် ရှန့်မူတစ်ယောက် တစ်ကိုယ်လုံး တုန်ယင်နေပြီး လက်သီးများကို တိတ်တဆိတ် ဆုပ်ထားသည်ကို သတိပြုမိလိုက်၏။

ထို့ကြောင့် စုရီမှ လက်ဝှေ့ယမ်းကာ မြင်ကွင်းများကို ကွယ်ပျောက်သွားစေခဲ့သည်။ သို့မှသာ ရှန့်မူသည် အိပ်မက်မှနိုးလာသကဲ့သို့ ဝမ်းနည်းရိပ် သန်းလာပြီး မော့ကြည့်၏။

“ သူမ ပြောသလိုပဲ ... မင်းက သူမရဲ့ တာအိုအတွက် မင်းကိုယ်မင်း အနစ်နာခံလိုက်ဖို့ လိုလိုလားလားရှိခဲ့တယ်ဆိုတာ တကယ်လား။ ”

စုရီမှ မေးမြန်းလိုက်သည်။ ရှန့်မူသည် ခေါင်းညိတ်ပြ၏။ စုရီမှ ခဏမျှ တိတ်ဆိတ်သွား ပြီးနောက် ထပ်မေးသည်။

“ အခုကော နောင်တရသလား။ ”

ရှန့်မူမှ ချက်ချင်း ခေါင်းခါပြ၏။

“ ငါ သူမအတွက် အသေခံရဲပါတယ်လို့ ကတိပေးခဲ့ဖူးတယ် အသက်ရှင်စဉ်တုန်းလည်း နောင်တမရခဲ့သလို အခုလည်းမရပါဘူး။ ”

“ ..... ။ ”

ထိုအခိုက်တွင် စုရီသည် ကမ္ဘာပေါ်တွင် အမိုက်မဲဆုံး လူတစ်ယောက်ကို မြင်လိုက်ရ၏။ ဤမျှအထိ သူသည် နုံအခဲ့သည်လော။

“ ဒါကို မင်းနားလည်ဖို့ ... ခက်ခဲနေ လိမ့်မယ်ဆိုတာ ငါသိတယ် အဲ့ဒီတုန်းက လူတွေ ဘယ်လောက်တောင် ငါ့ကို ရယ်စရာ ကောင်းလဲဆိုတာ ငါစိတ်မဝင်စားခဲ့ဘူး။ ”

ရှန့်မူမှ သူ့ကိုယ်သူ လှောင်ပြုံးဖြင့် ရှင်းပြလာ၏။

“ ငါနှလုံးသားက ဓားတစ်လက်လိုပဲ စစ်မှန်ပြီးဖြူစင်ပါတယ် ဒါကြောင့် အချိန်ကာလ တိုတောင်းလှတဲ့ (၂၃)နှစ်အတွင်းမှာ သူတပါး လိုက်မမှီနိုင်တဲ့ အောင်မြင်မှုတွေကို ရရှိခဲ့တာ ...

... ရွှယ်လျူအပေါ် ငါ့ရဲ့ချစ်ခြစ်ကလည်း အဲ့ဒီလိုပဲ စစ်မှန်ပြီး ဖြူစင်တယ် ငါသေဝံ့တယ် ဆိုရင် တကယ်သေဝံ့တယ် ... မင်းရဲ့အမြင်မှာ ငါ သူမအတွက် သေပေးတာက အသုံးမကျတဲ့ လူဖျင်းတစ်ယောက်လို မြင်ရလိမ့်မယ် ...

... ဒါပေမဲ့ ငါ့အမြင်မှာတော့ သူမက ငါ့ရဲ့နှလုံးသားလေးပဲ သူ့ဆန္ဒတိုင်းငါ့နှလုံးသားရဲ့ ဆန္ဒပါ ဘဝလေးတစ်ခုပေးလိုက်ရတာ ဘာများ အရေးကြီးနေလို့လဲ ...

... ဒါပေမယ့် မင်းအပေါ် ဒီလောက်အထိ သက်ရောက်လိမ့်မယ်လို့ မထင်ထားတာတော့ တကယ်ပါပဲ ဘာပဲဖြစ်ဖြစ် မင်းမှာ ရွေးချယ်ခွင့် ရှိပါတယ် ငါ့တာအိုနဲ့ပေါင်းစပ်တဲ့ အချိန်မှာ ...

... ဒီလိုခံစားချက်နဲ့ မှတ်ဉာဏ်တွေကို မင်းကိုယ်တိုင် ဖျက်ဆီးနိုင်တယ် အဲ့ဒီလိုဆိုရင် မင်း ငါ့ဆီကနေ ဘယ်လိုသက်ရောက်မှုမှ ခံရတော့မှာ မဟုတ်ပါဘူး။ ”

ထိုအခါမှသာ စုရီတစ်ယောက် ရှန့်မူအပေါ်ထားသော အမြင်အချို့ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး၊

“ မင်းရဲ့အတိတ်ကို ဝေဖန်ဖို့ ငါ့မှာ အခွင့်အရေး မရှိပါဘူး။ ”

- ဟု ပြောကြားလိုက်တော့သည်။

“ မင်းနဲ့ငါက တစ်ယောက်တည်းမို့ အတိတ်ကရန်ငြိုးတွေကို ဘာမှမဖြစ်ခဲ့သလိုမျိုး ငါဘယ်လိုလုပ်နေနိုင်ပါ့မလဲ။ ”

စုရီ၏အသံတွင် အေးစက်လှသော လူသတ်ငွေ့များ ပါဝင်ချေပြီ။ နတ်ဆိုးခေတ်မှ လာခဲ့သော ထိုအမျိုးသမီးက အပ်ချုပ်သမားနှင့် ပူးပေါင်း၍ ကျီးကန်းတောင်ကြားတွင် သူ့ကို သတ်ရန်ကြိုးစားခဲ့သည်။

ယခုဒုတိယအကြိမ်ဖြစ်သည်။ ဤကဲ့သို့သောရန်ငြိုးကို မည်သို့မျှ လွှတ်ပေး နိုင်မည် မဟုတ်ချေ။

“ မင်းဘာဆက်လုပ်မယ် စိတ်ကူးထားလဲ။ ”

ရှန့်မူမှ မေးလိုက်သည်။ စုရီက တည်ငြိမ်စွာဖြင့်၊

“ ဒါရိုးရှင်းပါတယ် မင်းရဲ့ဘဝ မှတ်ဉာဏ်တွေကို ဖျက်ဆီးပစ်ဖို့ မလိုတော့ဘူး ငါမင်းနဲ့ ပေါင်းစပ်ပြီးရင် အဲ့ဒီအမျိုးသမီးကို ဖြေရှင်းပေးမယ်။ ”

ဤစကားကို ကြားပြီးနောက် ရှန့်မူ၏ အမူအရာမှာ အမျိုးမျိုး ပြောင်းလဲနေခဲ့သည်။ အတော်ကြာမှ သူသည် သက်ပြင်းချကာ၊

“ ငါ့ရဲ့မှတ်ဉာဏ်တွေနဲ့ ခံစားချက်ကို မင်းနဲ့ပေါင်းစပ်လိုက်ရင် သူနဲ့တွေ့တဲ့အခါမှာ မင်းအန္တရာယ်များလိမ့်မယ် ... အဲ့ဒီတုန်းက ငါတောင် ဘာမှမစဉ်းစားဘဲ အသေခံခဲ့တာ။ ”

“ မင်းနားမလည်ဘူး ဒါကိုနှလုံးသား စမ်းသပ်မှုလို့ခေါ်တယ် အကယ်၍ အမျိုးသမီးရဲ့ လွှမ်းမိုးမှုကိုတောင် မကျော်လွှားနိုင်ရင် ဘာလို့ ကျန်တဲ့အကြောင်း ဆက်ပြောနေဦးမှာလဲ။ ”

တစ်ဆက်တည်းမှာပင် စုရီ မျက်ဝန်းများအတွင်း မောက်မာကြီးစိုးလှသော ပြိုင်ဘက်ကင်း အရှိန်အဝါများ ပေါ်လာပြီး၊

“ မင်းက ငါ့ရဲ့အတိတ်ပဲ မင်းကို ဖျက်ဆီးခဲ့တဲ့လူတိုင်း ငါ့ရန်သူပါ ဒီကံကြမ္မာကို အမြစ်ပြတ်အောင် ငါဖြေရှင်းရမယ်။ ”

-ဟု ပြောကြားလိုက်သည်။

ရှန့်မူတစ်ယောက် စုရီကို ငေးကြည့်နေခဲ့သည်။ ဤသည်မှာ သူ့အနာဂါတ် ဖြစ်လေသည်။ ရဲရင့်ကြီး မောက်မာလှ၏။ အတော်ကြာမှ သူက သက်ပြင်းချကာ၊

“ တစ်ခါတစ်လေ ငရဲဘုံကိုးပါးဓားကို ငါမရခဲ့ရင် ကောင်းမှာပဲလို့တွေးမိတယ်၊ အဲ့ဒီလို ဆိုရင် ဒီဓားရဲ့ ကံကြမ္မာကို ငါထမ်းပိုးနေစရာ မလိုတော့ဘဲ အခြားသူတစ်ယောက်ကို ဒုက္ခပေးမိမှာလည်း မဟုတ်ဘူး ... ။ ”

ဤသို့ပြောပြီးနောက် ရှန့်မူက လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး အရာ အားလုံးကို စွန့်လွှတ်လိုက်ဟန်ဖြင့်၊

“ သံယောဇဉ်က နက်ရှိုင်းလွန်းရင် သက်ဆိုးမရှည်တတ်ဘူး အသိဉာဏ် အရမ်းကြီး မြင့်လွန်းရင်လည်း ပျက်စီးလွယ်တယ် ...

... ငါ့ဘဝတစ်ခုလုံးဟာ ဒီစကားလုံး ရှစ်လုံးအောက်မှာ ရှုံးနိမ့်ခဲ့ရတယ် ... မျှော်လင့် ပါတယ် ... ဒီဘဝ မင်းလည်း ငါ့လိုအမှားမျိုး ထပ်မကျူးလွန်စေဖို့။ ”

သည့်နောက်တွင် ရှန့်မူ ပုံရိပ်သည် အလင်းစက်များအဖြစ် ပြောင်းလဲသွားခဲ့ကာ ငရဲဘုံကိုးပါးဓား၏ သတ္တမမြောက် သံကြိုး အတွင်းသို့ စီးဝင်သွားတော့သည်။

“ ခရစ် ... ။ ”

များမကြာခင် နတ်သံကြိုးသည် တစ်လက်မချင်းစီ ပြိုကွဲပျက်စီးသွားခဲ့ချေပြီ။ တစ်ချိန်တည်းမှာပင် ကြီးမားလှသော မှတ်ဉာဏ်များ လှိုင်းလုံးကြီးသဖွယ် ဝင်ရောက်လာ၏။

အချိန်အတော်ကြာမှ စုရီတစ်ယောက် သတိပြန်ဝင်လာတော့သည်။ ရှန့်မူအတိတ်ဘဝ အတွေ့အကြုံအားလုံးကို သိရှိသွားသည့်အခါ သူ့နှလုံးသားထဲ ထူးဆန်းသွားခဲ့ရ၏။

“ တကယ့်ကို လောကကြီးရဲ့ လှိုင်းတံပိုးတွေရိုက်နှက်တာကို တစ်ခါမှမခံဖူးတဲ့ အဖြူထည်ကောင်လေးတစ်ယောက်ပဲ ... ။ ”

စုရွှမ်ကြွယ်ဘဝ ရှစ်ယောက်မြောက် တပည့်ဖြစ်သော ပိုင်ရီကိုသတိရသွားမိသည်။ နှိုင်းယှဉ်ကြည့်သော် ရှန်မူသည် ပိုင်ရီကဲ့သို့ စာရွက်ဖြူတစ်ရွက်ပမာပေပင်။

ရှန့်မူကို မဟာနတ်မိစ္ဆာကြယ်စု၏ ရှေးအကျဆုံးသော မျိုးနွယ်စုကြီးတစ်ခုတွင် မွေးဖွားလာခဲ့ခြင်းဖြစ်၏။

သူသည် မွေးရာပါ ကျင့်ကြံသူ တစ်ယောက်ဖြစ်ကာ အလွန်ပင် ထူးကဲလှသည်။ သူ့ဘိုးဘေးသည် ထိုကြယ်စုကြီး၏ထိပ်တန်း သခင်ကြီးများ ဖြစ်ကြ၏။

သူ့ဆရာသည် ထိုကြယ်စု၏ နံပါတ်တစ် ဓားသမားကြီးပေပင်။ ထိုအရာများအားလုံးသည် သူ့ကိုငယ်စဉ်ကတည်းက ကံကောင်းမှုများစွာ ရရှိစေချေပြီ။

တစ်နေ့တွင် သူသည် ကမ္ဘာပေါ်ရှိ ဓားသမားများ၏ နတ်ဘုရားတစ်ပါးဖြစ်လာနိုင် သည်ဟု တညီတညွတ်တည်း ယုံကြည်ခဲ့ကြသည်။

ကြီးကျယ်သော နောက်ခံနှင့် ဤသို့ ပြိုင်ဘက်ကင်းပါရမီသည် ရှန့်မူကိုသေစေသည် အထိ ဖြစ်စေခဲ့ခြင်းပေပင်။

အသက် (၂၁)နှစ်အရွယ်တွင် မိသားစုမှ ခိုးထွက်ကာ ဓားတစ်လက်ဖြင့် တစ်ကမ္ဘာလုံးကို လှည့်လည်ရန်စိတ်ကူးခဲ့သည်။

လမ်းခရီးတွင် အခက်အခဲများနှင့် ပြဿနာများစွာကြုံတွေ့ခဲ့ရ၏။ အမျိုးမျိုးသော ကိစ္စကြီးငယ်များလည်း ဖြစ်ပျက်ခဲ့သည်။

သို့သော် သူ့အတွက် အားလုံးသည် ဆန်းသစ်နေပြီး စိတ်ဝင်စားစရာ ကောင်းနေ သဖြင့် ဆက်၍ခရီးနှင်ဆဲပေပင်။

အဆုံးတွင် ရမ္မက်ခြောက်ပါးမိစ္ဆာဂိုဏ်းမှ အမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။ သူမသည် အလွန်ပင် ချစ်စရာကောင်းပြီး ရိုးသားကာ နတ်သမီးကဲ့သို့ ဖြူစင်ချေပြီ။

နှစ်ဦးသား တာအိုအဖော်များ ဖြစ်လာသည်အထိ ရင်းနှီးသွား၏။ ရလဒ်သည် အဆုံး၌ တာအိုအတွက် ရှန့်မူအသက်ကို ပေးဆပ်စေလိုက်သည်။

ဤမှတ်ဉာဏ်များအရ အမျိုးသမီးသည် ရှန့်မူမိသားစုနှင့် လက်လှမ်းမမီသော အရပ်ထံ ခေါ်ဆောင်ကာ လှည့်လည်သွားလာခဲ့သည်ကို သတိထားမိတော့၏။

“ ဒီအမျိုးသမီးက ရှန့်မူအနားကို သေချာပေါက် ရည်ရွယ်ချက်ရှိရှိ ရောက်လာတာ ဖြစ်ရမယ်။ ”

သို့သော် ထူးဆန်းစွာပင် စုရီရင်ထဲ သူမအပေါ်မုန်းတီးမှုမရှိဘဲ တွေ့ချင်စိတ်များသာ ဖြစ်ပေါ်လာခဲ့ချေပြီ။

***

All Chapters