အခန်း (၁၀၃၇-၁၀၃၈)
Vol. 87 Ch. 1037-1038
အခန်း ၁၀၃၇ -
ကောင်းကင် အင်မော်တယ်ဓားအစီရင်။
စုရီသည် လီကျုံး၏စိတ်ထဲတွင် မည်သည့်အရာများ တွေးနေသည်ကို တစ်ချက် ကြည့်ရုံနှင့်သိနိုင်သည်။ ထို့ကြောင့် သူက၊
“ ငါ ... ယွင်မျိုးနွယ်စုနဲ့ စာရင်းရှင်းစရာ ရှိနေတယ် ... မင်းက အကြောင်းစုံကို မသိဘူး ဒါကြောင့် ... ။ ”
သို့သော် လီကျုံးမှ အလျင်အမြန်ပင်၊
“ စိတ်ချပါ တာအိုမိတ်ဆွေ ... ဒီအဖိုးကြီးက အခြေအနေကို ခွဲခြားသိမြင်နိုင်ပါတယ် စိတ်တိုင်းကျ ဆက်လုပ်ပါ။ ”
-ဟု အမြန်စကားဖြတ်ပြောလိုက်သည်။
ဤစကားကြောင့် ယွင်ချန်ဟုန်နှင့် ယွင်မျိုးနွယ်ဝင်များမှာနှလုံးများ လေးလံကုန် တော့၏။ ဤလီကျုံးဆိုသူသည် သူတို့အပေါ် ကူညီတော့မည် မဟုတ်ကြောင်း သေချာချေပြီ။
ထိုအချိန်တွင် စုရီ၏အကြည့်က လော့ရှောင်ယွမ်ထံသို့ ရောက်ရှိသွားလေသည်။ လော့ရှောင်ယွမ်ခမျာ ကျောရိုးတလျှောက် စိမ့်တက်လာပြီး၊
“ မင်း ... မင်း ဘာလုပ်မလို့လဲ။ ”
-ဟု တုန်တုန်ယင်ယင် မေးမြန်းလိုက်၏။
“ မင်းကို အရင်ဆုံး ငရဲပို့ပေးမလို့။ ”
စုရီက တည်ငြိမ်စွာ ပြန်ဖြေသည်။ တစ်ဆက်တည်းမှာပင် ဓားအလင်းတစ်ချက် လျှပ်ခနဲပေါ်လာပြီး ကောင်းကင်ပေါ် ပျံတက် သွားလေသည်။
ထိုနောက်ဓားအလင်းသည် ရေတံခွန်ကြီးအလား လော့ရှောင်ယွမ်ပေါ်သို့ ပြန်လည်ပြိုကျသွားတော့၏။
ဤဓားရောင်ဝါ ရေတံခွန်တွင် နက်မှောင်ပြီးဆန်းကြယ်လှသော ဝင်စားခြင်း ဥပဒေ အပြည့်အစုံ ပါရှိနေသည်။
လော့ရှောင်ယွမ် တစ်ယောက် ထိတ်လန့်သွားကာ သူ့လက်နက်ကို ချက်ချင်း ထုတ်ယူလိုက်တော့၏။
“ အသက်ဝင် ... ။ ”
ကိုးထပ် မျှော်စင်တစ်ခု ပေါ်လာပြီး နတ်ဘုရားအလင်းတန်းများ ဖြာကျလာကာ သူ့ ပတ်ပတ်လည်တွင် ကမ္ဘာငယ်လေးများသကဲ့သို့ အလင်းတံတိုင်းများပေါ်လာခဲ့သည်။
ဤသည်မှာ ကမ္ဘာကိုးလွှာမျှော်စင်ပင် ဖြစ်၏။ ကြည့်နေသူများအဖို့ လော့ရှောင်ယွမ် ဟူသည် ကမ္ဘာကိုးခုခြားနေသကဲ့သို့ပေပင်။
သို့သော် စုရီ၏ခွန်အားသည် သာမန် မဟုတ်ချေ။ ခရမ်းရောင်တိမ်တောင် တိုက်ပွဲ၌ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကို သူ တစ်ဦးတည်း အနိုင်ယူခဲ့၏။
“ ဝုန်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲ သံကြီးများနှင့်အတူ သံသရာအလင်းတန်းများ ပါဝင်သည့် ဓားမိုးရေစက်များက တံတိုင်းကြီးကို အမှုန့်ကြိတ်ပစ်လိုက်တော့သည်။
“ မလုပ်နဲ့ ... ။ ”
တစ်ဆက်တည်းမှာပင် ကမ္ဘာကိုးလွှာ မျှော်စင်သည်လည်း အပိုင်းပိုင်းကွဲအက်သွားပြီး ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ဝိညာဉ်ပါ မကျန် ချေမှုန်းခံလိုက်ရ၏။ အနီးအနားရှိ အခြားသော ရှေးဟောင်းအင်အားစုမှ ကျင့်ကြံသူများခမျာ ချက်ချင်း အမြန်ဆုတ်ခွာကုန်ကြသည်။
အေးစိမ့်သောချွေးစေးများ ထွက်ပေါ်ပြီး သူတို့ကဲ့သို့ သေလွန်ဝိညာဉ်အိုကြီးများအတွက် ဝင်စားခြင်းဥပဒေသည် အကြောက်ဆုံး စွမ်းအားပေပင်။
သဘာဝတရားကြီး၏ ရန်သူဖြစ်ကာ မည်သို့မျှ ခုခံနိုင်စွမ်းပင် မရှိချေ။ အထူးသဖြင့် ယဲ့ယွင်ယွမ်မှာ တစ်ကိုယ်လုံး တုန်ရင်နေပြီး ကြောက်လန့်နေခဲ့၏။
သူသည်သာ စောစောက စကားဝင်ပြောခဲ့သော် လော့ရှောင်ယွမ်ကဲ့သို့ပင် အသတ်ခံရမည်ကို သိရှိလိုက်သည်။
“ ဝင်စားသူ ... မင်း ငါ့ယွင်မျိုးနွယ်စုကို ဘာထင်နေလဲ။ ”
ထိုမြင်ကွင်းကြောင့် ယွင်ချန်ဟုန်ခမျာ ဒေါသများထွက်လာခဲ့ပြီး မျက်နှာတစ်ပြင်လုံး မည်းမှောင်သွားချေပြီ။
တစ်စုံတစ်ဦးသည် သူ့ရှေ့၌ ယွင်မိသားစုဧည့်သည်ကို သတ်ဖြတ်ခြင်းမှာ လူပုံအလယ်တွင် ပါးရိုက်လိုက်ခြင်းမည်၏။ သို့သော် စုရီသည် ထိုအရာကို ဂရုမစိုက်ဘဲ သူ့ထံကြည့်လျက် တည်ငြိမ်စွာဖြင့်၊
“ တခြားလူတွေအတွက်တော့ ... ဒီနေရာကနဂါးခံတွင်း၊ ကျားအသိုက်ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ငါ့အတွက်တော့ လူသူမရှိတဲ့ ကွင်းပြင်ကြီးပါပဲ။ ”
-ဟု တုန့်ပြန်ပြောကြားလိုက်သည်။
လူတိုင်း မှင်သပ်သွားကြ၏။ ဤသည်မှာ လူသူဆိတ်သုဉ်းသော ကွင်းပြင်ကြီးပင်လော။ သူတို့အားလုံးသည် လူများ မဟုတ်၍လော။
“ လူသူမရှိတဲ့ ကွင်းပြင်တဲ့လား ... ဟားဟားဟား ... ကောင်းတယ် ကောင်းတယ် အရမ်းကောင်းတယ် ... မင်းက ငါမျိုးရိုးကို တကယ်ပဲ အထင်သေးနေတာကိုး။ ”
ထိုစဉ်အဝေးမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာ၏။ ထိတ်လန့်ဖွယ်ကောင်းသော ရောင်ဝါများဖြန့်လျက် လူအချို့လျင်မြန်စွာ ပျံသန်းလာနေကြသည်။
အရေအတွက်အားဖြင့် လူပေါင်း(၂၀) ကျော်ရှိပြီး အားလုံးမှာ ကောင်းကင်ဘုံနယ်ပယ် အဆင့် ကျင့်ကြံသူများပေပင်။
ဦးဆောင်လာသူသည် ငွေရောင်ဝတ်စုံ ဆင်မြန်းထားပြီး ဆံပင်ဖြူဖြူနှင့် လူငယ်အသွင် အဖိုးကြီးဖြစ်လေသည်။
“ တတိယ ဘိုးဘေး ... ။ ”
ထိုသူကိုမြင်သည်နှင့် ယွင်ချန်ဟုန်က ရွှင်မြူးသွား၏။ ဤသည်မှာ ယွင်မျိုးနွယ်စု၏ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ပါးပေပင်။ သူ့ အမည်မှာ ယွင်ဟွမ်ထျန်းဖြစ်၏။
တစ်ချိန်တည်းမှာပင် ယဲ့ယွင်ယွမ် သည်လည်း စိတ်သက်သာရရသွားတော့သည်။ အဘယ့်ကြောင့်ဆိုသော် ယွင်ဟွမ်ထျန်းဘေး၌ သူတို့ဂိုဏ်းမှ စီနီယာကြီးနှစ်ဦးဖြစ်သည့် ဝေချန်ဖူနှင့် ရွမ်ချိုင်ကျိတို့ကို မြင်တွေ့ လိုက်ရသောကြောင့်ပေပင်။
ဤသို့ ယွင်မျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူများနှင့်အတူ အင်မော်တယ်ဓားခန်းမ အဖွဲ့ဝင်အချို့ ရောက်ရှိလာသဖြင့် လေထုသည် ချက်ချင်းပြောင်းလဲသွားချေပြီ။
ဧည့်သည်တော်များအားလုံးသည် ကြောက်လန့်တုန်ရီနေပြီး မခန့်မှန်းနိုင်သော တိုက်ပွဲကြီးဖြစ်လာတော့မည်ကို သိရှိလာ၏။
စုရီမှာမူ ထိုရောက်ရှိလာသူအားလုံးကို လုံးဝအရေးမစိုက်တော့ဘဲ ယွမ်ချန်ဟုန်ထံသာ စိုက်ကြည့်လျက်၊
“ ငါစကားကို သုံးကြိမ်ထက် ပိုမပြောဘူး ... ဒါနောက်ဆုံးအကြိမ်ပဲ ... ပြောပါ အဖိုးကြီးဝေ ဘယ်မှာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
ရုတ်တရက် လေထုသည် လေးလံလာသောကြောင့် ဧည့်သည်တစ်ဦးက တုန်တုန်ရင်ရင်ဖြင့်၊
“ လောကသခင် ငါတို့ကို အရင် ထွက်ခွာခွင့်ပြုနိုင်မလား။ ”
-ဟု မေးမြန်းလာ၏။ စုရီက ခေါင်းညိတ်ပြကာ၊
“ မသက်ဆိုင်တဲ့ လူတွေ ထွက်သွားနိုင်တယ်။ ”
-ဟု ခွင့်ပြုလိုက်သည်။
ဤသည်ကို ကြည့်ပြီး ယွင်မျိုးနွယ်စုဝင်များသည် ပို၍ဒေါသထွက်သွား တော့၏။ ထိုဧည့်သည်တော်များသည် မိမိတို့ နယ်မြေတွင် စုရီထံမှ ခွင့်ပြုချက် တောင်းခံ နေခြင်းမှာ အရှက်ရစရာဖြစ်သည်။
ဤသတင်းသည်သာ ပြင်ပသို့ ပျံ့နှံ့သွားခဲ့သော် ယွင်မျိုးနွယ်စုသိက္ခာသည် လုံးဝကျဆင်းသွားပေမည်။
“ အားလုံးပဲ မလောကြပါနဲ့ ... တိုက်ပွဲထဲပါဝင်မှာ စိုးရိမ်နေရင် အဝေးကနေ စောင့်ကြည့်နေလို့လည်းရပါတယ် ပြဿနာတွေ ပြီးရင် ငါတို့မင်္ဂလာပွဲကို ပြန်စပါ့မယ်။ ”
လူငယ်အသွင်ဖြင့် ယွင်ဟွမ်ထျန်းက နှစ်သိမ့်အားပေးလိုက်သည်။ ထို့နောက် သူက လီကျုံးထံလှည့်ကြည့်ကာ၊
“ မိတ်ဆွေလီ ... မင်းရဲ့ ရပ်တည်ချက်က နတ်သမီးမိုချင်းချောင်သဘောထားကို တကယ် ကိုယ်စားပြုလား။ ”
-ဟု အတည်ပြုချက် ရယူလိုက်၏။ လီကျုံးမှသက်ပြင်းချလိုက်ကာ၊
“ အားလုံးပဲ ... ကျုပ် စကားတစ်ခွန်း ပြောပါရစေ ... အဲဒီအဖိုးကြီးဝေဆိုတဲ့လူကသာ တကယ်ပဲ ခင်ဗျားတို့လက်ထဲမှာ ရှိနေရင် လွှတ်ပေးလိုက်တာ အကောင်းဆုံးပါပဲ။ ”
“ ဟမ့် ... အဖိုးကြီးလီကျုံး ... မင်းရဲ့သဘောထားက ဒီလိုဆိုနေမှတော့ ဒီနေ့ မင်းဘာမှပြောနေစရာ မလိုတော့ဘူး ပါးစပ်ပိတ်ထားပါ။ ”
ဝေချန်ဖူက ဝင်ရောက် အော်ငေါက် လိုက်သည်။ လီကျုံးမှ စကားဆက်မပြောဘဲ နှုတ်ဆိတ်သွား၏။ စုရီနှင့် ထိပ်တိုက်တွေ့ခြင်း ဟူသည် ဦးခေါင်းနှင့် ကျောက်ဆောင်ကို ဝင်ဆောင့်နေသကဲ့သို့ ဖြစ်ချေမည်။
“ ဟားဟားဟား ... ။ ”
ယွင်မိသားစုခေါင်းဆောင် ယွင်ချန်ဟုန်က ရုတ်ချည်း အေးစက်စွာ ရယ်မောလိုက်ပြီး၊
“ ကောင်းပြီ ... အဲဒီအဖိုးကြီးဝေဆိုတဲ့ ခြေကျိုးကြီး ငါတို့လက်ထဲမှာရှိတာမှန်ပါတယ် သူ့ကိုလိုချင်ရင် ဝင်စားခြင်းလျှို့ဝှက်ချက်ပေးပါ ငါတို့အခုချက်ချင်း လွှတ်ပေးမယ်။ ”
-ဟု ဝန်ခံလိုက်တော့၏။ ဘိုးဘေးနှင့် အကူအညီများ ရောက်ရှိလာပြီဖြစ်သောကြောင့် ဆက်လက်ဖုံးကွယ်ထားရန် ဆန္ဒမရှိချေ။
သူ့စကားသည် ပတ်ဝန်းကျင်ကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေ၏။ အမှန်တရားမှာ ပေါ်ထွက်လာချေပြီ။ စုရီက ဝိုင်အိုးထဲမှ လက်ကျန်ကို မော့သောက်လျက်၊
“ ကောင်းပြီ ... အချိန်စေ့ပြီ ... ဒီနေ့ယွင်မျိုးနွယ်စုဆိုတာ ကမ္ဘာကြီးပေါ်ကနေ လုံးဝပျောက်ကွယ်ရလိမ့်မယ်။ ”
-ဟု ဆိုကာ ကောင်းကင်ပေါ် ပျံတက်လိုက်တော့သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ဓားရောင်ဝါများ ချက်ချင်းထွက်ပေါ်လာ၏။
“ ဟားဟားဟား ... မင်း တကယ် သေချင်နေတာပဲ ... မင်းပြန်ရောက်လာပြီလို့ သတင်းကြားတည်းက ငါတို့တွေ ဒီအတိုင်းပဲ မပြင်ဆင်ထားဘူးလို့ ထင်နေတာလား ... ။”
ယွင်ဟွမ်းထျန်းက အားရပါးရ ရယ်မောလျက် ညာလက်ကို လေထဲသို့ မြောက်ပြကာ၊
“ အသက်ဝင် ... ။ ”
-ဟု အမိန့်ပေးလိုက်သည်။
“ ဝူး ... ။ ”
ရုတ်တရက် ရွှေရောင်နတ်တောင်ကြီး တစ်ခုလုံးတုန်ခါသွားပြီး နတ်အလင်းများ ကောင်းကင်ပေါ် ပျံတက်လာချေပြီ။
“ ချွင် ... ချွင် ... ။ ”
တဆက်တည်းမှာပင် လေထုအလယ် ဓား(၃၆)လက်ဖြစ်ပေါ်လာပြီး သတ်ဖြတ်ခြင်း ရောင်ဝါများ ထုတ်ဖော်လာ၏။ ဤသည်မှာ တိုက်ပွဲဝင် ဓားအစီရင်တစ်ခုပေပင်။
စုရီကိုဗဟိုပြုကာ လေဟာနယ်ကို ချက်ချင်းပိတ်ဆို့ပစ်လိုက်သည်။ လီကျုံးပင်လျှင် ထိုမြင်ကွင်းကြောင့် စိုးရိပ်သွားခဲ့၏။
“ ကောင်းကင် အင်မော်တယ်ဓားအစီရင်လား ... ။ ”
ဤသည်မှာ အင်မော်တယ်ဓားခန်းမ၏ အစွမ်းထက်သော အစီအရင်များအနက် တစ်ခု ဖြစ်သည်။ အထဲတွင်ပိတ်မိသော် မည်သည့် နယ်ပယ်ဘုရင်မဆို ရှင်ရန် လမ်းစမရှိချေ။ နတ်ဝိညာဉ်အတွက်ပင် အန္တရာယ်ရှိချေ၏။
***
အခန်း ၁၀၃၈ –
ဓားကောင်းတစ်လက်ပဲ ... ။
“ ဝမ် ... ။ ”
တစ်ချိန်တည်းမှာပင် ဓားအစီအရင်သည် ဝုန်းခနဲလည်ပတ်သွားပြီး နတ်အလင်းတန်းများ ကောင်းကင်တခွင် ဖုံးလွှမ်းလျက် စုရီကို တိုက်ခိုက်လာတော့သည်။
အဝေးမှ ကြည့်နေသူအားလုံး ကျောချမ်းသွားကြပြီး မျက်နှာများ ဖြူလျော့ ကုန်လေသည်။
တာအို ရှေးဟောင်း ကာကွယ်သူ မျိုးနွယ်စုတစ်ခုအနေဖြင့် အခြေခံအုတ်မြစ်မှာ နက်ရှိုင်းလွန်းကြောင်း သိရှိထား၏။ သို့သော် ဤမျှသော အစွမ်းထက်သည့် အစီရင်မျိုး ရှိနေလိမ့်မည်ဟု မထင်ထားချေ။
“ လွန်ခဲ့တဲ့ နှစ်တွေမှာ ငါတို့ ယွင်မျိုးနွယ်စုက လောကီရေးရာကိုဝင်မပါဘဲ တံခါးပိတ်နေခဲ့တယ် ဒါကတကယ့်ကို ...
... လူအထင်သေးစရာ ဖြစ်သွားပုံပဲ ဒီနေ့တော့ ... တာအိုကွမ်ကျူးရဲ့ အသက်နဲ့ ငါတို့ ဂုဏ်သတင်းတွေကို ပြန်ရယူရအောင်။ ”
ယွင်ဟွမ်းထျန်းက မောက်မာဝင့်ကြွားစွာ ပြောကြားလိုက်လေသည်။ ထို့နောက် သူ့ဘေးရှိ လူနှစ်ယောက်ထံ လှည့်ကြည့်ပြီး၊
“ ဒါနဲ့ ... ဒီနေ့ဓားအစီအရင်နဲ့ ယွင်မိသားစုရန်သူကို သတ်ဖြတ်နိုင်အောင် ကူညီပေးတဲ့ မိတ်ဆွေတို့ နှစ်ယောက်ကိုလည်း ကျေးဇူးတင်ပါတယ် ဝင်စားခြင်းဥပဒေကို ထုတ်ယူပြီးရင် ဝေစုရပါလိမ့်မယ်။ ”
-ဟု ပြုံးလျက်ပြောကြားလိုက်၏။
ဝေချန်ဖူနှင့် ရွမ်ချိုင်ကျိတို့သည် အချင်းချင်းပြန်ကြည့်ပြီး ကျေနပ်စွာခေါင်းညိတ် ပြုံးရယ်ကုန်ကြသည်။ ဤယွင်မျိုးနွယ်သည် အလွန်ပင်ယဉ်ကျေးချေပြီ။
“ တာအိုကွမ်ကျူး မင်းဘယ်လောက်ပဲ သန်မာပါစေ ... ဒီနေ့တော့ ငါတို့မျိုးနွယ်စုရှေ့မှာ ခွေးတစ်ကောင်လို သေရလိမ့်မယ်။ ”
“ ခရမ်းရောင်တိမ်တောင်တိုက်ပွဲမှာ နာမည်ကြီးခဲ့ပေမယ့် ဒီနေ့မှာတော့ မင်းအတွက် နေဝင်ချိန်ပဲ ဟားဟားဟား။ ”
“ မာနကြီးတဲ့ လူတွေအတွက် အဆုံးမှာ ကျရှုံးခြင်းပဲ တာအိုကွမ်ကျူး ... မင်း လူမှားပြီး ငါတို့ယွင်မိသားစုကို ပြဿနာရှာမိပြီ။ ”
ယွင်မျိုးနွယ်စုဝင်များသည် အော်ဟစ် လှောင်ပြောင်ကုန်၏။ သတို့သားဖြစ်သော ယွမ်ချောင်ဖုန်းပင်လျှင် ကောင်းကင်ပေါ် မော့ကြည့်ကာ၊
“ ဟမ့် ... လောကသခင်ဟုတ်လား ထွီ ... ငါတို့ယွင်မိသားစုရှေ့မှာတော့ အသတ်ခံရဖို့ကို စောင့်နေတဲ့ ကြက်ကလေးတစ်ကောင်ပဲ။ ”
-ဟု ကျိန်ဆဲလိုက်တော့၏။
အဝေးက ဧည့်သည်များသည် ဓားအစီရင်အတွင်း ရုန်းကန်နေရသော စုရီထံ တိတ်ဆိတ်စွာ ကြည့်နေမိကြသည်။
ယွင်မိသားစုသည် ယနေ့အတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ချေပြီ။ စုရီခမျာ မည်မျှပင် သန်မာစေကာမူ လှောင်အိမ်ထဲမှ သားရဲတစ်ကောင်ပမာ ဖြစ်နေရ၏။
“ မင်းတို့ ဘာတွေ အလျင်လိုနေတာလဲ တာအိုစုက ... မသေသေးပါဘူး။ ”
လီကျုံးက နှာခေါင်းရှုံ့လျက် သတိပေးလိုက်သည်။ ကောင်းကင်နတ်ဓား အစီအရင်အတွင်း၌ စုရီသည် ဒဏ်ရာကင်းနေဆဲ ဖြစ်လေသည်။
နတ်ဝိညာဉ်အဆင့် ဓား(၃၆)လက်သည် လျှပ်စီးများပမာအဆက်မပြတ် ခုတ်ပိုင်းသော်မှ စိုးထိတ်ခြင်းမရှိချေ။
သေမျိုးနယ်ပယ်ဓားကို ကိုင်ဆွဲလျက် ကောင်းစွာကာကွယ်နေချေပြီ။ ကြည့်ရှုသူများ အတွက် အသည်းအသန် ရှောင်ရှားနေရသည်ဟု ထင်စေရသော်လည်း အမှန်တွင် အန္တရာယ် ကင်းနေချေပြီ။
ထိုအချင်းအရာကို သတိထားမိသောအခါ ယွင်ချန်ဟုန်နှင့်ယွင်ဟွမ်ထျန်းမှာ မျက်ဝန်းများ မှေးစင်းသွား၏။ ဤဓားအစီရင်ကို ခင်းကျင်းရန် သူတို့မျိုးနွယ်စုသည် အဖိုးတန်ကျင့်ကြံခြင်း အရင်းအမြစ်များကို အသုံးပြုခဲ့ရသည်။
၎င်းအစီအရင်သည် စစ်မှန်သော အင်မော်တယ်တစ်ပါးကို ထိန်းချုပ်နိုင်ခြင်း မရှိသော်လည်း တိမ်ပေါ်ပျံသန်းခြင်းအဆင့်ကို ကောင်းစွာ သတ်နိုင်သေးသည်။
သို့သော် ယခုမူ စုရီကို ဒဏ်ရာမပေးနိုင်ဖြစ်နေ၏။ အင်မော်တယ် ဓားခန်းမမှ အဖိုးကြီးများက ထိုမြင်ကွင်းကို ကြည့်ကာ လေးနက်လာခဲ့သည်။
“ မအံ့ဩနဲ့ ... ခရမ်းရောင် တိမ်တောင် တိုက်ပွဲမှာတုန်းက ပေါင်းစည်းခြင်းအဆင့် (၁၀) ယောက်ကျော်နဲ့ ဖူတာ့လီပူးပေါင်းတာတောင် အနိုင်မယူနိုင်ခဲ့ဘူး။ ”
“ မှန်တယ် ... ဒီလိုမပြည့်စုံနဲ့ ဓားအစီအရင်တစ်ခုတည်းနဲ့တော့ သူ့လိုလူကို မသတ်နိုင်တာ သဘာဝပါပဲ။ ”
ဝေချန်ဖူနှင့် ရွမ်ချိုင်ကျိတို့သည် ပေါ့ပေါ့ပါးပါးပင် မှတ်ချက်ပေး၏။ ထို့နောက် ဝေချန်ဖူက လှမ်းထွက်လာပြီး၊
“ ဒါပမေယ့် တကယ်ပဲ သူက သတ်ရခက်လားဆိုတာ ငါလည်းသိချင်တယ် ဒီနေ့တော့ ... ငါတို့ဓားခန်းမရဲ့ အထွတ်အမြတ် နတ်ဘုရားလက်နက်ရဲ့ စမ်းကြည့်ရအောင်။ ”
-ဟုဆိုကာ ဓားတစ်လက်ကို ဆင့်ခေါ်လိုက်တော့၏။
ဤသည်မှာ ခရမ်းရောင် အလင်းများ တောက်ပနေသော ဓားတစ်လက်ဖြစ်လေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးကို ခရမ်းရောင် သန်းသွားတော့၏။
သည့်နောက် ကောင်းကင်ပေါ် ပျံတက်သွားခဲ့သည်။ ထိုခဏတွင် လူတိုင်းသည် ခရမ်းရောင်နေမင်းကြီး တစ်စင်း မြေပြင်မှ ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရ၏။
ထိတ်လန့်ဖွယ် ကောင်းလှသော ဓားရောင်ဝါသည် ကောင်းကင်ကိုဖိနှိပ်ထားပြီး တောင်တန်းများကို တုန်ခါစေသည်။ ရွှေရောင် နတ်တောင်ပင်လျှင် ချွင်းချက်မရှိချေ။
“ ဒါ အင်မော်တယ် ဓားခန်းမရဲ့ ခရမ်းရောင်ကောင်းကင်ဓားလား။ ”
လီကျုံးမှ မျက်မှောင်ကြုတ်လိုက်၏။ တစ်ဖက်လူ ပျံသန်းသွားရာ လမ်းတလျှောက်၌ ခရမ်းရောင်ဓားတစ်လက်ပုံရိပ် လွင့်မျော လိုက်ပါသွားချေပြီ။
၎င်းဓားသည် အင်မော်တယ် ဓားခန်းမ၏ အထွတ်အမြတ် ဓားများထဲမှ တစ်လက်မျှဖြစ်ပြီး အင်မော်တယ်အဆင့် ပုဂ္ဂိုလ်တစ်ဦးမှ သွန်းလုပ် ထားခြင်းဖြစ်သည်ဟု ကောလဟာလ ပေါ်ထွက်နေခဲ့သည်။
ထို့ကြောင့် ဤဓားသည် အင်မော်တယ်အောက်ရှိ မည်သည့်ရန်သူကိုမဆို သတ်ဖြတ်နိုင်ချေသည်။
“ ဝှစ် ... ။ ”
ဝေချန်ဖူသည် လူတိုင်း၏ ထိတ်လန့်နေခဲ့သော အကြည့်များအောက်၌ ဝင့်ကြွားစွာဖြင့် ဝင်္ကပါအစီရင်အတွင်းသို့ ဝင်ရောက်လိုက်တော့၏။
“ ငါမင်းကို အကြံပေးပါရစေ ... အဲဒီဓားကိုပြန်သိမ်းလိုက်ပါ အသုံးမပြုပါနဲ့။ ”
ရုတ်တရက် နတ်ဓား(၃၆)လက်ဖြင့် တိုက်ခိုက်ခံနေရသော စုရီသည် ထူးခြားသည့် ရောင်ဝါကြောင့် လှည့်ကြည့်ကာ သတိပေး လိုက်သည်။
“ ဟားဟားဟား ... ။ ”
ဝေချန်ဖူမှ လှောင်ပြောင် ရယ်မောလျက်၊
“ မင်း ကြောက်နေတာလား၊ ငါမင်းကိုသေရမှာ မကြောက်တတ်ဘူးလို့ ငါ ထင်နေတာ။ ”
- ဟု ဆိုလိုက်၏။
“ ဓားက တကယ်ကောင်းပါတယ် ... ဒါပေမဲ့ဓားကိုင်တဲ့လူကတော့ အသုံးမကျဘူး မင်းအဲဒီဓားကို မထိန်းနိုင်ဘဲ ပျက်စီးသွားမှာ စိုးရိမ်မိလို့ ... ငါသတိပေးနေတာ။ ”
စုရီမှ ခေါင်းရမ်းလျက် ရှင်းပြလိုက်သည်။ ထိုမောက်မာကြီးစိုးသော အသွင်အပြင်ကြောင့် ဝေချန်ဖူတစ်ယောက် မျက်ခုံးပင့်မိ၏။
“ ကောင်းပြီ ... ဒါဆို မင်းငါ့ဓားကို ဘယ်လိုပျက်စီးအောင် လုပ်ပြမလဲဆိုတာ ကြည့်ရအောင်။ ”
“ ဒါဆို မင်းဆန္ဒအတိုင်းပဲ။ ”
စကားဆုံးသည်နှင့် စုရီ၏ မျက်ခုံးနှစ်ဖက်ကြားမှ ထူးဆန်းသောရောင်ဝါ တစ်ခုတိုးထွက်လာခဲ့သည်။
“ အဲဒါ ဘာလဲ ... ။ ”
ရုတ်ချည်း လေထုအတွင်း ပြင်းပျသော ခံစားချက်များ ရရှိလာခဲ့သဖြင့် ဝေချန်ဖူခမျာ အနည်းငယ်ထိတ်လန့်သွား၏။
“ သေလိုက်တော့ ... ။ ”
သတိကြီးစွာဖြင့် ခရမ်းရောင် ကောင်းကင်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး စုရီထံ ခုတ်ပိုင်းချလိုက်တော့သည်။
“ ဝုန်း ... ။ ”
ထိုစဉ် ပြင်းစွာသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ဝိုင်းရံတိုက်ခိုက်နေခဲ့သော နတ်ဓား(၃၆)လက်သည် လေထုအလယ် ပေါက်ကွဲပျက်စီးသွားတော့၏။
တစ်ဆက်တည်းမှာပင် ဝေချန်ဖူ၏ ခရမ်းရောင်ဓားအလင်းသည်လည်း ဘန်းခနဲ ပြိုလဲပျက်ပြယ်သွားချေပြီ။
“ ဒါက ... ။ ”
ပေါက်ကွဲမှုအတွင်းမှ အဖျက်စွမ်းအားများသည် ရွှေရောင်နတ်တောင် တစ်ခုလုံးကိုရိုက်ခတ်လျက် အဆောက်အဦးများ ပြိုကျသွားစေတော့၏။
ယွင်မျိုးနွယ်စုဝင်များ၊ အစေခံများနှင့် ကျင့်ကြံမှုနိမ့်ကျသော လူအချို့မှာထွက်ပြေးရန် အချိန်မရတော့ဘဲ ထိုစွမ်းအားများအောက်တွင် အသက်ပျောက်ကုန်ကြလေသည်။
“ အရမ်းပြင်းတယ် ... ။ ”
ဓားတစ်ချက်တည်းဖြင့် ယွင်မိသားစုအုတ်မြစ်ကို ဖျက်ဆီးနိုင်လုနီးပါး ဖြစ်ချေ၏။
“ ဘရူး ... ။ ”
စုရီနှင့် မျက်နှာချင်းဆိုင်နေရသော ဝေချန်ဖူမှာမူ ခရမ်းရောင်ကောင်းကင်ဓားထံမှ ရုတ်ချည်း ထူးခြားစွာပြုမူပြလာနေသဖြင့် ချင်ချင်းဆုတ်ခွာလိုက်သည်။
“ ဘာတွေဖြစ်နေတာလဲ ... ။ ”
ဤအထွတ်အမြတ် နတ်ဓားသည် ကြောင်နှင့်တွေ့သောကြွက်ပမာ ကြောက်လန့် တုန်ရီနေချေပြီ။ သူ့လက်ထဲမှပင် ရုန်းထွက်ကာ ထွက်ပြေးရန် ကြိုးစားနေတော့သည်။
သံသယဖြင့် မော့ကြည့်လိုက်သောအခါ လေထုအလယ်တွင် လွင့်မျောနေသည့်ဓားကြီး တစ်လက်ကို မြင်လိုက်ရ၏။
“ အဲဒီဓား ... ။ ”
၎င်းကိုယ်ထည်တွင် နတ်သံကြိုးများ ရစ်သိုင်းလျက် ရောင်ဝါသည် မီးလျှံများအလား လေထုကို တဖျစ်ဖျစ်လောင်မြိုက်နေသည်။
“ ဘရူး ... ။ ”
“ ခရစ် ... ။ ”
ဓားများအားလုံးအတွက် စစ်မှန်သော ဘိုးဘေးတစ်ပါးကိုမြင်နေရသကဲ့သို့ ခရမ်းရောင် ကောင်းကင်ဓားမှာ နာကျင်စွာငိုကြွေးလျက် အပိုင်းအစများအဖြစ် ပဲ့ကြွေသွားတော့၏။
“ ဝူး ... ။ ”
ဝေချန်ဖူ သတိမထားနိုင်ခင်မှာပင် ထိုဓားအပိုင်းအစများသည် လေထဲရှိဓားကြီး၏ စုပ်ယူဝါးမျိုခြင်းခံလိုက်ရချေပြီ။
“ မလုပ်နဲ့ ... ။ ”
ဝေချန်ဖူတစ်ယောက် သတိဝင်လာချိန်၌ ခရမ်းရောင် ကောင်းကင်ဓားတစ်လက်လုံး ဝါးမျို ခံလိုက်ရပြီဖြစ်၏။ စုရီသာလျှင် ထိုမြင်ကွင်းကို နှမျောတသစွာ ငေးကြည့်နေခဲ့သည်။
“ အဟွတ် ... အဟွတ် ... ဝေါ့ ... ။ ”
ဝေချန်ဖူက သွေးတစ်လုတ်အန်ပြီး နားမလည်နိုင်စွာဖြင့် စုရီထံမော့ကြည့်လိုက်၏။ ခရမ်းရောင်ကောင်းကင်ဖြင့် စိတ်ဝိညာဉ်ကို ဆက်သွယ်ထားသဖြင့် ပြင်းထန်သော ဒဏ်ရာများ ရရှိသွားချေသည်။
“ ငါ မင်းကို သတိပေးခဲ့ပါတယ် ... မင်းဓားကိုပြန်သိမ်းထားလို့ မင်းငါ့စကားကို နားမထောင်ခဲ့ဘူး ... ။ ”
“ ဝေါ့ ... မင်း ။ ”
စုရီအသံတွင် နှမျောတသမှုများ ပါရှိနေသဖြင့် ဓားပိုင်ရှင်ဖြစ်သည့်ဝေချန်ဖူခမျာ ပို၍သွေးအန်သွားတော့သည်။
“ ဝှစ် ... ။ ”
သည့်စဉ် စုရီသည် သူ့ရှေ့ ရုတ်ချည်းရောက်ရှိလာကာ ဓားကိုမြှောက်ကာ ခုတ်ပိုင်းလာတော့၏။
ဝင်စားခြင်းဥပဒေသည် ရေစီးကြောင်း တစ်ခုလို လွင့်ထွက်လာချေပြီ။ ၎င်းအတွင်း၌ ငရဲဘုံကိုးပါးဓားသည်လည်း ပါရှိ၏။
အင်မော်တယ်အဆင့် ရတနာတစ်ပါးကို စားသုံးပြီးနောက် ဤအတိုင်း ပြန်လည်လှည့်ဝင် သွား၍ မရချေ။ ရန်သူကို သတ်ရန် ကူညီပေး ရပေလိမ့်မည်။
“ ရွှပ် ... ။ ”
“ အသက်ဝင် ... ။ ”
မရဏကမ္ဘာကြီးတစ်ခုလုံး ကျဆင်းလာသကဲ့သို့ ဝေချန်ဖူတစ်ယောက် အသက်ရှူကြပ်လာခဲ့သည်။ ထို့ကြောင့် တံဆိပ် တစ်ခုကိုထုတ်ယူကာ ခုခံရန်ပြင်လိုက်၏။
ထိုခဏမှာပင် ဝင်စားခြင်း ဥပဒေ စက်ဝန်းကြီးသည် ပတ်ဝန်းကျင်တစ်ခုလုံးကို တစ်စစီဝါးမျိုးလိုက်တော့သည်။
“ ခရစ် ... ။ ”
“ ဘောင်း ... ။ ”
မျက်စိတမှိတ်အတွင်း လေထုထဲရှိ အင်မော်တယ်တံဆိပ်သည် အပိုင်းအပိုင်းကွဲကာ ဝေချန်ဖူခန္ဓာကိုယ်ကြီးသည်လည်း အမှုန်အဖြစ် ပြောင်းလဲသွားတော့၏။
ကောင်းကင်နတ်ဓားအစီအရင် ပျက်စီးသွားချိန်မှစကာ ဝေချန်ဖူတစ်ယောက် အသတ်ခံရသည့်အချိန်အထိ အသက်ရှူကြာချိန် ငါးကြိမ်အတွင်းသာ ကြာညောင်းခဲ့သည်။
လူတိုင်းသတိဝင်လာချိန်၌ စုရီသည် လေထုအလယ် တစ်ယောက်တည်းရပ်လျက် ကျန်ရှိနေတော့၏။
အင်မော်တယ်ဓားခန်းမ၏ အဆင့်မြင့် အကြီးအကဲတစ်ယောက်ဖြစ်သော ဝေချန်ဖူနှင့် ကောင်းကင်နတ်ဓားအစီရင်သည် အစတည်းက ဤနေရာ၌ မရှိခဲ့သလိုပေပင်။
လူတိုင်း၏ စိတ်နှလုံးထဲသို့ မိုးကြိုးအစင်းစင်း ပစ်ချလိုက်သည့်အလားပင် ခံစားလိုက်ရတော့၏။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
တတိယဘိုးဘေး ယွင်ယွမ်ထျန်းက ထိတ်လန့်တကြားအော်ဟစ်သည်။ သူ့ဘေးရှိ သေလွန်ဝိညာဉ်များမှာ အံ့အားသင့်ကုန်၏။
“ ခရမ်းရောင်ကောင်းကင် ဓားတောင်မှ ပျက်စီးသွားတာလား။ ”
ထိုအချိန်တွင် စုရီသည် သူတို့ကို အချိန်မပေးတော့ချေ။ သေမျိုးနယ်ပယ် ဓားဖြင့် ယွင်မိသားစုဝင်တိုင်းကို လိုက်လံသတ်ဖြတ်၏။
“ တတိယ ဘိုးဘေး ငါ့ကိုကယ်ပါ။ ”
“ အား ... ။ ”
သွေးမိုးများနေရာအနှံ့ ပြန့်ကျဲနေပြီး ကမ္ဘာပျက်သည့်အလား ယွင်မိသားစုဝင်များမှာ ကောက်နှံပင်များလို နုပ်နုပ်စင်းခံနေရ၏။
သတ်ဖြတ်လိုသော အရှိန်အဝါများက ရွှေရောင်နတ်တော်ကြီးတစ်ခုလုံးအပေါ် ဖုံးလွှမ်း ပစ်ကာ အမှောင်ထုများ သယ်ဆောင်လာ၏။
ရပ်ကြည့်နေသော လူအုပ်ကြီးခမျာ ထိုဖိအားအောက်တွင် အသက်ပင်ရဲရဲမရှူဝံ့ချေ။ အထူးသဖြင့် သွေးလွှမ်းသောမြင်ကွင်းကြီးသည် သူတို့၏စိတ်ဝိညာဉ်ကို အသက်မဲ့စေသည်။
ဤလောက၌ နတ်ဝိညာဉ်အဆင့်မဆိုနှင့် နယ်ပယ်ဘုရင်တစ်ပါးဖြစ်ရန် နှစ်ပေါင်းများစွာ လေနှင့်မိုးကို ဖြတ်ကျော်ခဲ့ရ၏။
ယခုမူ စက္ကူချပ်များပမာ အမှုန်အဖြစ် ခုတ်ပိုင်းသတ်ဖြတ်ခြင်း ခံနေရချေပြီ။ မည်မျှပင် ထိတ်လန့်စရာကောင်းသနည်း။
***